← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅) သူတို့က ကောလာဟလတွေနဲ့ စွပ်စွဲချက်တွေ ဖြန့်နေကြတာပဲ…

"တခြားဘာမှမရှိရင် ကောင်းကောင်း အနားယူလိုက်ပါ..."

အမတ်လင်းသည် သူ၏ နားထင်ကို ပွတ်လိုက်သည်။ သူမ အပြင်ဘက်၌ အဓိပ္ပာယ်မရှိသော စကားများ ပြောဆိုကာ လင်းမိသားစုကိုပါ ဆွဲသွင်းမည်ကို စိုးရိမ်သဖြင့် မနက်ဖြန်တွင် ဦးနှောက်ရောဂါ အထူးကုသမားတော်တစ်ဦးကို ရှာဖွေ၍ သူမကို ထပ်မံစစ်ဆေးရန် လိုအပ်မည်ဟု ထင်လိုက်သည်။

"အဖေ... အဖေ... ဘယ်သူလဲ... ဒီသတင်းကို ဘယ်သူက ဖွင့်ချလိုက်တာလဲ..."

လင်းဝမ်ယွဲ့က အမတ်လင်း၏ လက်မောင်းကို ဆွဲကိုင်ကာ အရေးတကြီး မေးလိုက်သည်။

သူမ တွေးနေမိသည်။

သူမကဲ့သို့ ပြန်လည်မွေးဖွားလာသူ အခြားတစ်ယောက်များ ရှိနေသေးသလား။

အမတ်လင်းသည် သူမ အမှန်တကယ် ရူးသွားပြီဟုသာ ထင်လိုက်မိသည်။

" 'ဖွင့်ချလိုက်တာ' ဆိုတာက ဘာကို ဆိုလိုတာလဲ... အဲ့ဒါက တရားရေးဝန်ကြီးဌာနက သူတို့ စုံစမ်းစစ်ဆေးမှုလုပ်ရင်း တွေ့ရှိသွားတာလေ..."

"နင် တစ်ခါလောက်ပဲဖြစ်ဖြစ် လိမ္မာရေးခြားရှိအောင် မနေနိုင်ဘူးလား..."

သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဤသမီးသည် တရားမဝင်သော သမီးများလောက်ပင် လိမ္မာရေးခြားမရှိဟု သူ ခံစားလိုက်ရသည်။

"ဒီနေ့ နင် ဘာမှမကြားခဲ့ဘူးလို့ပဲ ဟန်ဆောင်လိုက်... ပြီးတော့ ဒီအကြောင်း ထပ်မပြောနဲ့တော့... နားလည်လား..."

ဤသို့ပြောပြီးနောက် အမတ်လင်းက လှည့်ထွက်သွားသည်။

လင်းဝမ်ယွဲ့က ယိမ်းယိုင်သွားပြီး ထပ်မံ သတိလစ်မတတ် ဖြစ်သွားသည်။

သူမက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး နေမကောင်းဖြစ်နေသော်လည်း မိမိကိုယ်ကို တည်ငြိမ်အောင် ဖိအားပေးလိုက်လေသည်။

သူမသည် ကုတင်ခေါင်းရင်းကို မှီလိုက်ပြီး သူမ၏ အတွေးများ တဖြည်းဖြည်း ရှင်းလင်းလာသည်။

ဘဝနှစ်ခုမှ မှတ်ဉာဏ်များက ရောထွေးနေသည်။ တူညီသော ခေါင်းဖြတ်သတ်ခြင်း၊ တူညီသော အိမ်တော်ကို ဝင်ရောက်စီးနင်းခြင်း စသည့် မြင်ကွင်းများက အတိအကျ ပြန်လည်ပေါ်ပေါက်လာကာ ၎င်းတို့မှာ သူမ၏ အတိတ်ဘဝမှ မှတ်ဉာဏ်များဖြစ်သည်ဟု သူမ၏ စိတ်ထဲတွင် အလိုအလျောက် ယုံကြည်သွားစေခဲ့သည်။

“သေစမ်း… သေစမ်း..."

"တရားရေးဝန်ကြီးဌာနက ဘယ်သူက ငါ့အစီအစဉ်တွေကို ဖျက်ဆီးလိုက်တာလဲ..."

လင်းဝမ်ယွဲ့၏ မျက်ဝန်းများတွင် နာကြည်းမှုများ ဖြတ်ပြေးသွားသည်။

သူမသည် အရင်က အနည်းငယ် လောလောဆယ်ဆယ် ပြုမူခဲ့ပြီး အခြေအနေကို အပြည့်အဝ နားလည်သဘောပေါက်ခြင်း မရှိသေးဘဲ လုပ်ဆောင်ခဲ့မိသည်။

ကံကောင်းထောက်မစွာဖြင့် သူမတွင် အခွင့်အရေး ရှိနေသေးသည်။

ယွင်အိမ်တော်။

ချွေ့ဝမ်ရှင်းသည် သူမ၏ သမီးငယ်လေး အချိန်အကြာကြီး ဒူးထောက်ထားရသဖြင့် ဒူးများ နာကျင်နေမည်ကို စိုးရိမ်ကာ တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပေ။

သူမသည် ညီလာခံမစမီ ပူနွေးသော အဝတ်စတစ်ခုနှင့် အရာရှိဝတ်စုံအသစ်တစ်စုံကို အထူးပြင်ဆင်ထားခဲ့ပြီး သမီးလေး အကြိုက်ဆုံး အစားအစာများကိုလည်း ယူဆောင်လာခဲ့သည်။

ဘိုးဘေးခန်းမ၏ တံခါးက ပွင့်သွားသည်။

ချွေ့ဝမ်ရှင်း၏ မျက်ခုံးများ ပြင်းထန်စွာ

တွန့်လိမ်သွား၏။

သူမက တစ်ညလုံး စိတ်ပူနေခဲ့သော်လည်း ထိုကောင်မလေးသည် စောင်အောက်တွင် သက်သောင့်သက်သာ လှဲလျောင်းကာ အိပ်မောကျနေ၏။

အစားအစာ အကြွင်းအကျန်များမှာ သူတို့၏ ပတ်ပတ်လည်တွင် ပြန့်ကျဲနေပြီး ယဇ်ပလ္လင်ပေါ်ရှိ ဘိုးဘေးများကို ပူဇော်ရန် အစားအစာများပင် ချန်မထားခဲ့ပေ။

မည်သူက စောင်များနှင့် အစားအစာများ လာပို့ခဲ့သည်ကို သူမ ခန့်မှန်းစရာပင် မလိုဘဲ သိနေလေသည်။

သူတို့အားလုံးက လူကောင်းများကဲ့သို့ ဟန်ဆောင်နေကြပြီး သူမကသာ လူဆိုးဖြစ်လာရသည်။

ချွေ့ဝမ်ရှင်းမှာ စိတ်ဆိုးနေဆဲ ဖြစ်သည်။

လူအနည်းငယ်သည် ဘိုးဘေးခန်းမ အပြင်ဘက်၌ သံသယဖြစ်ဖွယ်ကောင်းအောင် ဝပ်နေကြလေသည်။

"အဖေ... ဘာလို့ အမေက ဒီလောက်စောစော ရောက်နေတာလဲ..."

ယွင်ချင်းမော့သည် စောင်များကို အစောကြီးလာသိမ်းရန် တွေးတောနေစဉ် ဘိုးဘေးခန်းမအတွင်းသို့ လည်ပင်းဆန့်ကာ ကြည့်နေကြသော ခေါင်းတန်းကြီးကို မြင်လိုက်ရသည်။

လူတိုင်းက ထိုကဲ့သို့ တူညီသော အမြင်ရှိကြမည်ဟု သူ ခန့်မှန်းမိသည်။

"မနေ့ညက ငါ စာကြည့်ဆောင်မှာ ရုံးလုပ်ငန်းတွေနဲ့ အလုပ်များနေလို့ အခန်းကို မပြန်ဖြစ်တာပါ..."

ယွင်ရှောင်ထျန်းက ခေါင်းမလှည့်ဘဲ ပြန်ဖြေလိုက်သည်။

"အဖေက အမေ နှင်ထုတ်တာ ခံလိုက်ရတာနေမှာပါ..."

ယွင်ဝေက ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်သည်။

"ညီမလေးက အမှားလုပ်သရွေ့တော့ အဖေလည်း အမေ့ရဲ့ ပြစ်ဒဏ်ပေးမှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... ဒါကို ကလေးကို မဆုံးမဘဲ ကြီးပြင်းစေတာလို့ခေါ်ပြီး ဒါက အဖေ့ရဲ့ အပြစ်ပဲလေ..."

ယွင်ရှောင်ထျန်းက သူမကို စူးရဲစွာ ကြည့်လိုက်သည်။

"နင့်ကိုယ်နင် အရမ်းထက်မြက်တယ်လို့ ထင်နေတာလား..."

"ကဲပါ... အသံတိုးတိုးလုပ်ကြပါ... ဒါမှမဟုတ် အမေ သိသွားလိမ့်မယ်..."

ယွင်ဝေက ယွင်ယာ၏ ပခုံးကို ပုတ်ကာ တိုးတိုးလေး သတိပေးလိုက်သည်။

"ငါ သိသွားတာ ကြာပြီ..."

ချွေ့ဝမ်ရှင်းသည် ကျောက်တောင်တု၏ အနောက်ရှိ ခေါင်းလေးလုံးကို စိုက်ကြည့်လိုက်ပြီးနောက် ဒေါသထွက်လွန်း၍ ရယ်မောလိုက်မိသည်။

သူတို့သည် အခြားသူများကို လန့်သွားစေမည်ကိုပင် မကြောက်ကြပေ။

အားလုံး….

သူတို့လေးဦးစလုံးသည် ခြေဖျားထောက်ကာ အပြင်သို့ ထွက်လာကြပြီး လိမ္မာရေးခြားရှိစွာဖြင့် အတူတကွ ရပ်နေကြသည်။

ယွင်ဟွား နိုးလာခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူမ၏ မိခင်မှာ ထပ်မံ ဒေါသထွက်နေသည်။

သူမသည် လည်ပင်းကိုကျုံ့ကာ သူမ၏ မိခင်၏ နှာခေါင်းရှေ့မှ ခြေဖျားထောက်၍ ဖြတ်သွားပြီး အမြင့်ဆုံးမှ အနိမ့်ဆုံးသို့ တန်းစီကာ အားလုံးတညီတညွတ်တည်း ခေါင်းငုံ့ထားကြသော တတိယအစ်မ၏ ဘေးတွင် ရပ်လိုက်သည်။

ချွေ့ဝမ်ရှင်း…..

သူတို့သည် အမှားများကို အလွန် မြန်ဆန်စွာ ဝန်ခံတတ်ကြသည်။

အနီးဆုံးတွင်ရှိသော ယွင်ဝေက ယွင်ဟွား၏ အင်္ကျီလက်ကို ဆွဲလိုက်လေသည်။ ယွင်ဟွားသည် ချက်ချင်း ပြေးသွားကာ ချွေ့ဝမ်ရှင်း၏ လက်မောင်းကို ဖက်၍ လှုပ်ရမ်းလိုက်လေသည်။

"အမေ... အဖေနဲ့ အစ်ကိုကြီးကို စိတ်မဆိုးပါနဲ့... သမီး ဘိုးဘေးနဲ့ စကားပြောနေတာပါ... သူက သမီးဆီကို ပစ္စည်းတွေ လာပို့ပေးဖို့ အဖေတို့ကို အိပ်မက်ပေးခဲ့တာပါ..."

အားလုံးက ယွင်ဟွားကို လှမ်းကြည့်လိုက်ကြသည်။

"ဟုတ်လား..."

ချွေ့ဝမ်ရှင်းက ယွင်ဟွားကို စူးရဲစွာ ကြည့်လိုက်ပြီးနောက် တစ်တန်းတည်း ရပ်နေသော လူအုပ်ကြီးကို ကြည့်ကာ မျက်ခုံးပင့်လိုက်လေသည်။

"ရှင်တို့က ကျွန်မရဲ့ အိပ်မက်ထဲမှာ ပေါ်လာတာလား..."

ယွင်ရှောင်ထျန်း၏ ဒူးများမှာ ခွေကျသွားပြီး လျင်မြန်စွာ ဒူးထောက်လိုက်သည်။

"ငါ... ငါ ယူခဲ့တာပါ..."

ညီအစ်မနှစ်ဦးဖြစ်သော ယွင်ချင်းမော့နှင့် ယွင်ယာတို့သည်လည်း ချက်ချင်း ဒူးထောက်လိုက်ကြပြီး "ဒါက သေချာပေါက် အကွက်ဆင်ခံရတာပါ..." ဟု အခိုင်အမာ ပြောလိုက်ကြသည်။

မည်သို့ပင်ဖြစ်စေ ဖခင်က ပို့ခိုင်းလျှင် သူမတို့လည်း ပို့ရမည်သာဖြစ်သည်။

ထို့ပြင် သူမ၏ ညီမငယ်လေး၏ ထူးခြားသော ကိုယ်ပိုင်လက္ခဏာကြောင့် မိခင်ဖြစ်သူမှာ မယုံဘဲ မနေနိုင်အောင် ဖြစ်ရလေသည်။

ကျွန်ုပ်တို့၏ ဘိုးဘေးများ... 'သူတို့က ကောလာဟလတွေနဲ့ စွပ်စွဲချက်တွေ ဖြန့်နေကြတာပဲ...'

ချွေ့ဝမ်ရှင်းသည် တစ်ခဏမျှ ဆူပူရမည်လား သို့မဟုတ် ရယ်မောရမည်လား မသိဖြစ်ကာ စကားဆို့သွားသည်။

"ထွက်သွားကြ... အားလုံး ဒီကနေ ထွက်သွားကြစမ်း..."

ချွေ့ဝမ်ရှင်းက သူမ၏ နားထင်ကို ပွတ်လိုက်ပြီး သူမ၏ သမီးငယ်လေး၏ လက်ထဲမှ လက်မောင်းကို ပြန်ရုပ်သိမ်းလိုက်သည်။

"နင်လည်း အတူတူပဲ... ဒီကနေ ထွက်သွားစမ်း..."

*မျက်စိအောက်က ပျောက်သွားတာ အကောင်းဆုံးပဲ... သူတို့ နှစ်ယောက်စလုံးက ကိုင်တွယ်ရ မလွယ်ဘူး…*

အာဏာအရှိဆုံးသူက စကားပြောပြီးပြီ ဖြစ်သည်။

ယွင်ဟွားနှင့် အခြားသူများမှာ လျင်မြန်စွာပင် ထွက်ပြေးလွတ်မြောက်သွားကြသည်။

သခင်များ ယုန်များထက်ပင် မြန်ဆန်စွာ ပြေးထွက်သွားသည်ကို မြင်သောအခါ အထိန်းတော်ကူက ပြုံးကာ ရှေ့သို့ တိုးလာသည်။

“သခင်မက အခုထိ စိတ်နှလုံး နူးညံ့နေတုန်းပဲ..."

ချွေ့ဝမ်ရှင်းက သက်ပြင်းချလိုက်မိသည်။ သူမ၏ သမီးငယ်လေးသည် မိသားစု၏ ငြင်းဆိုဖွယ်မရှိသော အချစ်တော်လေး ဖြစ်သည်။ အကယ်၍ သူမသာ သမီးလေးကို အနည်းငယ်မျှ ပြစ်ဒဏ်ပေးလိုက်ပါက အခြားသူများက သူမထက်ပင် ပို၍ ပြင်းထန်စွာ ကာကွယ်ပေးကြမည် ဖြစ်သည်။

"အထိန်းတော်ကူ... အိမ်တော်ထိန်းကို မန်ဟွားဥယျာဉ်ကို ပြန်ဆောက်ဖို့ လူရှာခိုင်းလိုက်ပါ... ဟွားအာက နောက်ရက်အနည်းငယ်လောက် ငါ့ခြံဝင်းထဲမှာပဲ နေလိမ့်မယ်..."

"အိုး... ဟုတ်သားပဲ... ခဏနေရင် ဟွားအာအတွက် လှပတဲ့ ဝတ်စုံလေး တစ်စုံလောက် ကြိုပြီး ရွေးထားပေးပါ... သူမ ညီလာခံက ပြန်လာရင် ငါ သူမကို အပြင်ခေါ်သွားပြီး ကြွားရဦးမယ်..."

ချွေ့ဝမ်ရှင်းက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"မနေ့က မင်ယွမ်နယ်စားအိမ်တော်က ပို့လိုက်တဲ့ ဖိတ်စာကို မှတ်မိလား..."

"အဲ့မိန်းမမက သူမရဲ့သား အစောကြီး အိမ်ထောင်ကျပြီး ကလေးရသွားတာကို ငါ့ကို လာကြွားနေတာ ဖြစ်ရမယ်..."

ချွေ့ဝမ်ရှင်းက မျက်လုံးလှန်ပြလိုက်လေသည်။ သူမသည် ငယ်စဉ်ကတည်းက သခင်မကျိုးနှင့် အဆင်မပြေခဲ့ရာ သခင်မကျိုး ဘာတွေ တွေးနေသည်ကို သူမ မသိပေ။ နောက်ပိုင်းတွင် သူမသည် ယာအာကိုပင် ပစ်မှတ်ထားလာခဲ့လေသည်။

ဟမ့်... သူမ၏သားသည် ယာအာ၏ ဖိနပ်ကို သယ်ပေးရန်ပင် မတန်ဘဲလျက် လက်ထပ်ရန် ကမ်းလှမ်းရဲသေးသည်တဲ့လား။

အထိန်းတော်ကူက ပြုံးကာ ပြောလိုက်လေသည်။

“စိတ်မပူပါနဲ့ သခင်မ... သခင်လေးက နန်းတွင်းစာမေးပွဲ အောင်ဖို့ကိုပဲ အာရုံစိုက်နေပါတယ်... နောက်နှစ်မှာ သူ စာမေးပွဲအောင်သွားရင် သခင်မ ရွေးချယ်ဖို့အတွက် ထင်ရှားတဲ့ မိသားစုတွေက သခင်မလေးတွေ အများကြီး ရှိလာမှာပါ... ဒုတိယသခင်မလေးနဲ့ တတိယသခင်မလေးကိုကော ခေါ်သွားချင်သေးလား..."

ချွေ့ဝမ်ရှင်းက လက်ဝှေ့ယမ်းလိုက်လေသည်။

"သခင်မကျိုးက အရင်က ယာအာကို ပစ်မှတ်ထားခဲ့ဖူးတော့ သူမ သွားမှာ မဟုတ်ဘူး... ဝေအာအတွက်တော့ နောက်မှ သူမရဲ့ သဘောထားကို မေးကြည့်လိုက်ပါ..."

ထိုကလေးမလေးသည် ပန်းထိုးခြင်းကို အလွန် နှစ်သက်ပြီး အပြင်ထွက်ရသည်ကို သိပ်မကြိုက်လှပေ။

တော်ဝင်ညီလာခံခန်းမ၌။

ယွင်ဟွားသည် သူမ၏ ဘယ်ဘက်ရှိ ဖခင်ဖြစ်သူကို လှမ်းကြည့်လိုက်ပြီးနောက် သူမကို 'ရက်စက်သော' အပြုံးဖြင့် ပြုံးပြနေသည့် ညာဘက်ရှိ ချန်ကျဲဟန်ကို ကြည့်လိုက်ရာ ငိုချင်စိတ်ပင် ပေါက်သွားသည်။

သူမ၏ ရှေ့တွင်ရပ်နေသော အိမ်ရှေ့စံနှင့် ဒုတိယမင်းသားတို့ အကြောင်းကိုမူ ပြောစရာပင် မလိုတော့ပေ။

ဤနေ့ရက်များသည် ပို၍ပင် သည်းခံရန် ခက်ခဲလာသည်ဟု သူမ ခံစားလိုက်ရသည်။

“ရှောင်ရှူးရှူး... ငါ တကယ်ကို ခံစားရ ခက်နေပြီ..”

မသက်မသာ ဖြစ်နေလျှင်တောင်မှ သည်းခံထားရမည်သာ ဖြစ်လေသည်။

နံနက်ခင်းတစ်ခုလုံး လူတိုင်းက အတင်းအဖျင်း တစ်ခုခုရရန် ယားယံနေကြပြီး သူတို့ မည်မျှပင် အရိပ်အမြွက်ပေး သို့မဟုတ် အမည်များ ခေါ်နေစေကာမူ ဤအမတ်ယွင်သည် ဆက်လက် ညည်းတွားနေရုံမှလွဲ၍ ပါဝင်ရန် ငြင်းဆန်နေခဲ့သည်။

နံနက်ပိုင်း ညီလာခံ ပြီးဆုံးခါနီးအချိန်တွင် သူတို့သည် သူတို့၏ ကံကြမ္မာကို လက်ခံလိုက်ကြသည်။

"အရှင်မင်းကြီး... တင်ပြစရာ အရေးကြီးကိစ္စတစ်ခု ရှိပါတယ်..."

ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး ယွင်ဟွား၏ အာရုံကို အဓိကအကြောင်းအရာဆီသို့ ပြန်လည်ရောက်ရှိသွားစေသည်။

ဧကရာဇ်ဝမ်ရွှမ်းက အရှေ့သို့ အနည်းငယ် ကိုင်းညွတ်လိုက်ပြီး သူ၏ အကြည့်များက စစ်သူကြီး ရှောင်ချန်ဆီသို့ ကျရောက်သွားသည်။

*ငါ့နှလုံးသားလေးတောင် ခုန်သွားတာပဲ…*

*နောက်ထပ် အကြွေးလာတောင်းတဲ့သူ တစ်ယောက်ပဲ…*

"အရှင်မင်းကြီး... ဒုတိယနှစ်ဝက်အတွက် စစ်တပ်ရိက္ခာငွေ..."

ရှောင်ချန် စကားမဆုံးမီ ဧကရာဇ်ဝမ်ရွှမ်းက ခေါင်းကိုက်စွာဖြင့် သူ့ကို ဖြတ်ပြောလိုက်သည်။

"ငါ နားလည်ပါတယ်... ငါ နားလည်ပါတယ်..."

ရှောင်ချန် ပါးစပ်ဟလိုက်တိုင်း သူ လိုချင်သည်မှာ ငွေကြေးသာ ဖြစ်သော်လည်း သူသည် စစ်တပ်၏ ကုန်ကျစရိတ်များကို ပေးချေရန် ငြင်းဆို၍ မရနိုင်ပေ။

"အမတ်ချွေ့... သူ့ကို ဘဏ္ဍာရေးဝန်ကြီးဌာနကနေ ငွေငါးသိန်း ခွဲဝေပေးလိုက်ပါ..."

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်…

ဘဏ္ဍာရေးဝန်ကြီး ချွေ့ရှီယန်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

ဆန့်ကျင်ဘက်အနေဖြင့် ဧကရာဇ်၏ ကတိကို ရရှိပြီးနောက် ရှောင်ချန်က ချွေ့ရှီယန်ကို ရန်စသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

သူ၏ စစ်တပ် ရိက္ခာငွေကို အကြိမ်ကြိမ် ဆိုင်းငံ့ထားရန် ချွေ့ရှီယန်ကို မည်သူက ပြောခဲ့သနည်း။

ယခုအခါ ဧကရာဇ်က သဘောတူလိုက်ပြီဖြစ်ရာ သူ ဘာများ ပြောဦးမည်ကို ကြည့်ကြသေးသည်ပေါ့။

"အရှင်မင်းကြီး... စစ်တပ်ရိက္ခာငွေနဲ့ ပတ်သက်ပြီးတော့..."

"အမတ်ချွေ့က ငါတို့ စစ်တပ်ရဲ့ ရိက္ခာငွေကို ထပ်ပြီး ဖိနှိပ်ထားဖို့ ကြိုးစားနေတာလား..."

ရှောင်ချန်၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။ သူ၏ အနက်ရောင် သံမဏိသံချပ်ကာသည် နေရောင်အောက်တွင် အေးစက်စွာ တောက်ပနေပြီး သူသည် ချွေ့ရှီယန်ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။

"အမတ်ချွေ့... ငါတို့ရဲ့ စစ်သားတွေက နိုင်ငံတော်ကို ကာကွယ်ဖို့နဲ့ နယ်မြေကို စောင့်ရှောက်ဖို့ ရှေ့တန်းမှာ သူတို့ရဲ့ အသက်တွေကို စတေးနေကြတာပါ…ခင်ဗျား အခု လုပ်နေတဲ့အရာက ငါတို့ရဲ့ စစ်သူကြီးတွေကို စိတ်ပျက်အားငယ်စေရုံပဲ ရှိလိမ့်မယ်..."

"အကယ်၍ အခြေခံအကျဆုံး စစ်တပ် ရိက္ခာငွေကိုတောင် အာမခံချက် မပေးနိုင်ဘူးဆိုရင် ရန်သူကို ကာကွယ်တဲ့နေရာမှာ သူတို့ စိတ်အေးချမ်းသာစွာရှိဖို့ ငါတို့ ဘယ်လို မျှော်လင့်နိုင်မှာလဲ..."

ရှောင်ချန်၏ စကားများက ညီလာခံအတွင်းရှိ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ၏ နှလုံးသားထဲရှိ ဒေါသများကို ချက်ချင်း လောင်ကျွမ်းစေခဲ့သည်။

အခန်း (၄၆) စစ်သူကြီးက ယွင်ဟွား၏ ဦးလေးကို ပြစ်တင်လျှောက်ထားခြင်း

တော်ဝင်ညီလာခံအတွင်း၌ စာပေဘက်ဆိုင်ရာ အရာရှိများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများမှာ တစ်ဝက်စီမျှ ရှိကြသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနက သူတို့၏ စစ်စရိတ်များကို ဆိုင်းငံ့ထားသည်ဟု ကြားလိုက်ရသောအခါ စစ်ဘက်အရာရှိများ၏ မျက်နှာမှာ အလွန်ပင် ခက်ထန်သွားကြလေတော့သည်။

"အမတ်မင်းချွေ့... ငါတို့ စစ်ဘက်အရာရှိတွေက အမတ်မင်းကို ဘယ်လောက်တောင် စော်ကားမိလို့များ ဝဝလင်လင်တောင် မစားရအောင် လုပ်ရက်ရတာလဲ..."

"အမတ်မင်းချွေ့... မမေ့ပါနဲ့ဦး... ငါတို့ စစ်သည်တော်တွေ ရှေ့တန်းမှာ အသက်ပေး တိုက်ပွဲဝင်နေလို့သာ အမတ်မင်းတို့ ဒီလို စည်းစိမ်ခံနေရတာပါ... အသုံးချပြီးတာနဲ့ နှင်ထုတ်တာမျိုးတော့ မလုပ်သင့်ဘူးလေ..."

"ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ငွေပြတ်နေတာလား... အခု တိုက်ပွဲတွေ မရှိတော့လို့ စစ်စရိတ်ကို ဖြတ်တောက်လိုက်တာလား... နယ်စပ်ကို စောင့်ရှောက်နေတဲ့ စစ်သည်တွေကိုတော့ ထည့်တွက်သင့်တာပေါ့..."

"ငွေမရှိစရာ အကြောင်းမရှိပါဘူး... လွန်ခဲ့တဲ့ ရက်ပိုင်းကတင် အမတ်ဟယ်ဆီကနေ ရတနာတွေ အများကြီး သိမ်းဆည်းရမိထားတာပဲကို..."

"ဟုတ်တယ်... တစ်ယောက်ယောက်ကများ ကြားဖြတ်ခိုးယူထားတာလား..."

"အရှင်မင်းကြီး... အမတ်မင်းချွေ့က နိုင်ငံတော်ဘဏ္ဍာကို အလွဲသုံးစားလုပ်ထားခြင်း ရှိ၊ မရှိ သေချာပေါက် စုံစမ်းစစ်ဆေးပေးဖို့ ကျွန်တော်မျိုး အသနားခံပါတယ်..."

"ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်ဘုရား..."

......

စစ်သူကြီးများ၏ ပြစ်တင်ဝေဖန်သံများမှာ ညီလာခံခန်းမကြီးတစ်ခုလုံး ပွင့်ထွက်သွားမတတ် ဆူညံလှသည်။

စုန့်ချန်ကျိုးက အနည်းငယ် ပြုံးလိုက်ပြီး သူ၏ နက်မှောင်သော မျက်ဝန်းများထဲတွင် ဖုံးကွယ်မထားနိုင်သော ကျေနပ်မှုများ အရောင်ဟပ်နေသည်။ ဤအခြေအနေမှာ သူ အလိုရှိသော ရလဒ်ပင် ဖြစ်သည်။

ချွေ့ရှီယန်သည် စစ်သူကြီးများ၏ စွပ်စွဲချက်များကို ဂရုမစိုက်ဘဲ သူတို့ ဒေါသပေါက်ကွဲတော့မည့် အခြေအနေကို အေးဆေးစွာ ကြည့်နေရင်း နားကိုပင် ကလော်နေလိုက်သေးသည်။

သူသည် လောလောလောလောလည်း မဖြစ်သလို စိုးရိမ်ပူပန်နေခြင်းလည်း မရှိပေ။

အဘယ်ကြောင့်ဆိုသော် သူ့တွင် လျှို့ဝှက်ကုဒ်များနှင့် သူ့ကိုယ်စား ပြောပေးမည့်သူ ရှိနေသောကြောင့်ပင်။

ချွေ့ရှီယန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ စစ်ဘက်အရာရှိများသည် သူတို့၏ သံသယမှာ မှန်ကန်သည်ဟု ပို၍ ယုံကြည်သွားကြပြီး အမတ်မင်းချွေ့ကို စုံစမ်းစစ်ဆေးရန် အမိန့်တော်ထုတ်ပြန်ပေးဖို့ ရှေ့သို့ တိုးလာကြသည်။

ဧကရာဇ်ဝမ်ရွှမ်းမှာ ထိုဆူညံသံများကြောင့် နားများ အောင့်လာပြီး မျက်နှာမှာလည်း ပြာနှမ်းနေလေပြီ။

"အားလုံးပါးစပ်ပိတ်ထားကြစမ်း..."

“စုံစမ်းစစ်ဆေးရမယ် ဟုတ်လား... ဘာကို စုံစမ်းရမှာလဲ…”

ယွင်ဟွားက မျက်လုံးလေး ပြူးကြည့်ကာ စိတ်ထဲမှ ရေရွတ်လိုက်သည်။

ရုတ်တရက်ဆိုသလိုပင် ညီလာခံခန်းမကြီးတစ်ခုလုံးမှာ ငုံးကလေးများပမာ တိတ်ဆိတ်သွားတော့သည်။

ချွေ့ရှီယန်သည် သူ၏ တူမလေး ဒေါသထွက်လာသည်ကို မြင်သောအခါ အလွန် ဝမ်းသာသွားသည်။

ဧကရာဇ်ဝမ်ရွှမ်း၏ အကြည့်မှာ ယွင်ဟွားထံသို့ ကျရောက်သွားပြီး သူမ၏ အံကြိတ်ထားသော အမူအရာကို မြင်လိုက်ရုံဖြင့် ကောင်းခန်းတော့ လာတော့မည်ကို သူ သိလိုက်သည်။

သူက ချောင်းတစ်ချက် ဟန့်လိုက်ပြီး…

"ငါကိုယ်တော် အမတ်မင်းချွေ့ရဲ့ စရိုက်ကို ယုံကြည်တယ်... သူကတော့ ဒီလို အကျင့်ပျက်ခြစားတဲ့ အလုပ်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး... ဒီကိစ္စကို ထပ်ပြီး ဆွေးနွေးစရာ မလိုတော့ဘူး..."

ဧကရာဇ်ဝမ်ရွှမ်း စကားပြောပြီးသည်နှင့် စုန့်ချန်ကျိုး၏ မျက်ဝန်းနက်များထဲတွင် နာကျည်းမှုရိပ်များ ဖြတ်ပြေးသွားသည်။

*ဘယ်လိုအကြောင်းပြချက်နဲ့လဲ…*

*ဘာလို့ ယုံကြည်မှုတစ်ခုတည်းနဲ့တင် တစ်ဖက်လူကို လွှတ်ပေးလိုက်ရတာလဲ…*

*ယုံကြည်မှုဆိုတာ ဘယ်လောက်တန်လို့လဲ…*

သို့သော်လည်း သူ၏ မျက်နှာပေါ်တွင် မကျေနပ်သည့် အမူအရာကို အနည်းငယ်မျှပင် မပြဝံ့ဘဲ လက်အုပ်ချီကာ ပြန်လည်လျှောက်တင်လိုက်သည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးလည်း အမတ်မင်းချွေ့ရဲ့ စရိုက်ကို ယုံကြည်ပါတယ်... ဒါပေမယ့် အမတ်မင်းချွေ့က စစ်စရိတ်တွေကို လဝက်လောက် ဆိုင်းငံ့ထားတာပါ... ဒီနေ့ ကျွန်တော်မျိုးသာ အရှင်မင်းကြီးကို မလျှောက်တင်ခဲ့ရင် အဲဒီစစ်စရိတ်တွေ ဘယ်တော့မှ ရလာမလဲဆိုတာ မသိနိုင်ပါဘူး... အမတ်မင်းချွေ့အနေနဲ့ ဒီကိစ္စကို ရှင်းပြသင့်တယ် မဟုတ်ပါလား..."

ဤကိစ္စက နန်းတွင်းရှိ ချွေ့မိသားစု၏ အခြေခံအုတ်မြစ်ကို မလှုပ်ခါနိုင်မှန်း သူ သိသော်လည်း သူတို့ကို ပြဿနာရှာပေးရလျှင်ပင် သူ ကျေနပ်နေလေပြီ။

အမှန်စင်စစ် စစ်စရိတ်တောင်းခံသည့် အခါတိုင်းတွင် ချွေ့ရှီယန်က မေးခွန်းအမျိုးမျိုး မေးမြန်းလေ့ရှိသဖြင့် သူ အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်ရသည်။

"စစ်သူကြီးစုန့် ပြောတာ မှန်ပါတယ်... စစ်ဘက်အရာရှိတွေ စိတ်အေးရအောင် အမတ်မင်းချွေ့ကို စုံစမ်းစစ်ဆေးပေးဖို့ အရှင်မင်းကြီးကို အသနားခံပါတယ်..."

"ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်..."

"ကျွန်တော်မျိုးတို့လည်း သဘောတူပါတယ်... အရှင်မင်းကြီး စုံစမ်းစစ်ဆေးပေးပါ..."

စစ်ဘက်အရာရှိ အုပ်စုကြီးမှာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ အမိန့်တော်ထုတ်ပြန်ရန် တောင်းဆိုနေကြသဖြင့် ဧကရာဇ်ဝမ်ရွှမ်းမှာ အလွန်ဒေါသထွက်သွားသည်။

အချို့သော စစ်ဘက်အရာရှိများမှာမူ ငြိမ်သက်စွာ ရပ်နေကြပြီး မည်သည့်မှတ်ချက်မျှ မပေးဘဲ ဒူးထောက်နေကြသော လုပ်ဖော်ကိုင်ဖက်များကို ကြည့်ကာ ပြုံးစိစိ လုပ်နေကြသည်။

*ဟဲဟဲ... မင်းတို့တော့ မကြာခင် ဒုက္ခတွေ့တော့မှာပဲ…*

*ဘယ်သူ့ကိုမှ မထိဘဲ အမတ်ငယ်ယွင်ရဲ့ ဦးလေးကိုမှ သွားထိရတယ်လို့... သူမရဲ့ မျက်နှာထား ဘယ်လောက်ဆိုးနေလဲ မမြင်ကြဘူးလား…*

“ရှောင်ရှူးရှူး... ထွက်လာပြီး အလုပ်လုပ်တော့…

ယွင်ဟွား၏ ခေါ်သံကို ကြားလိုက်ရသည်နှင့် ကောင်းခန်း စတော့မည်ကို အားလုံး သိလိုက်ကြသည်။

“လာပြီ... လာပြီ…”

ရှင်ခြင်းသေခြင်းစာအုပ်လေးမှာ ပျံသန်းထွက်ပေါ်လာပြီး ယွင်ဟွား၏ ပုခုံးပေါ်တွင် နားလိုက်ကာ ပြုံးစစဖြင့် ပြောလိုက်သည်။

“ပန်းကလေး... နင် ဒီတစ်ခါ ဘယ်သူ့ရဲ့ မှတ်တမ်းကို ဆွဲထုတ်ချင်လို့လဲ..”

ယွင်ဟွားက မေးစေ့ကို အနည်းငယ် မြှောက်လိုက်ပြီး ခန်းမအလယ်ရှိ တစ်နေရာကို ညွှန်ပြလိုက်သည်။

“စစ်သူကြီးလို ဝတ်ထားပြီး မိန်းကလေးနဲ့ တူနေတဲ့ လူကို မြင်လား... ငါ့ဦးလေးက စစ်စရိတ်ပေးတာကို ခဏလေး ဆိုင်းငံ့ထားတာကို သူက အထိတ်တလန့်နဲ့ ခုန်ထွက်လာပြီးတော့ ဦးနှောက်မရှိတဲ့ လူတွေကိုပါ မြှောက်ပင့်ပြီး ငါ့ဦးလေးကို အပြစ်ရှာနေတာ..”

ယွင်ဟွား ညွှန်ပြရာသို့ ကြည့်လိုက်ပြီး ရှင်ခြင်းသေခြင်းစာအုပ်ထဲမှ အသံက အံ့အားသင့်စွာ ထွက်ပေါ်လာသည်။

“သူက စစ်သူကြီးလား... ကြည့်ရတာတော့ ချောချောလှလှ သခင်လေးတစ်ယောက်လိုပဲ... သူက ဓားကိုင်ပြီး တိုက်ပွဲဝင်နိုင်လို့လား..”

*မအံ့သြပါနဲ့ဦး... ကြည့်ရတာ အားနည်းပုံပေါ်ပေမယ့် အတောင်ပံတစ်ချက် ခတ်လိုက်ရင် သူ နှစ်မိုင်လောက် လွင့်သွားနိုင်တယ်…*

ယွင်ဟွားက ပုခုံးတွန့်လိုက်သည်။

“သူ့ရဲ့ ကိုယ်ရေးရာဇဝင်ကို သွားစစ်ကြည့်စမ်း... ဒီနေ့က ငါ စပြီး အလုပ်ဝင်တဲ့နေ့ပဲ... ငါ့ရဲ့ ဗေဒင်ဆရာမစွမ်းရည်ကို ပြရမယ့်အချိန် ရောက်ပြီ..”

ယွင်ဟွားက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း စိတ်လှုပ်ရှားနေပုံရသည်။

“ကောင်းပြီ... စောင့်ကြည့်နေလိုက်တော့..”

ရှင်ခြင်းသေခြင်းစာအုပ်လေးက စာအုပ်ထဲသို့ ပြန်လည်ဝင်ရောက်သွားပြီး ဧကရာဇ်ဝမ်ရွှမ်းမှာမူ 'နုနယ်ချောမောသော လူငယ်' နှင့် တူနေသည့် စုန့်ချန်ကျိုးကို အသေအချာ ကြည့်နေမိသည်။

*ဒီကောင်လေးက တခြားစစ်သူကြီးတွေထက် အများကြီး ပိုပြီး အားနည်းနေတာကို သူ ဘာလို့ အရင်က သတိမထားမိခဲ့တာလဲ…*

ဧကရာဇ်ဝမ်ရွှမ်းက လူရွေးချယ်မှုအပေါ် မိမိကိုယ်မိမိပင် သံသယဝင်လာတော့သည်။

"အရှင်မင်းကြီး... စစ်သည်တော်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ဖို့အတွက် အမတ်မင်းချွေ့ကို သေချာပေါက် စုံစမ်းစစ်ဆေးပေးဖို့ အသနားခံပါတယ်..."

စစ်သူကြီးများ၏ အသံမှာ ညီလာခံခန်းမအတွင်း ထပ်မံ ဟိန်းထွက်သွားပြန်သည်။ ဧကရာဇ်ဝမ်ရွှမ်းမှာ ထိုအသံများကြောင့် သတိပြန်ဝင်လာပြီး သူတို့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"စုံစမ်းမယ်... အခုပဲ စုံစမ်းမယ်..."

*ခေါင်းမာတဲ့ လူအုပ်ကြီး... စုံစမ်းပြီးသွားရင်တော့ မင်းတို့အားလုံး ပါးစပ်ပိတ်သွားကြမှာပဲ…”

ဧကရာဇ်ဝမ်ရွှမ်းက ချွေ့ရှီယန်ကို စုံစမ်းစစ်ဆေးရန် သဘောတူလိုက်သည်ကို မြင်သောအခါ စုန့်ချန်ကျိုး၏ မျက်နှာပေါ်တွင် ကျေနပ်သော အမူအရာတစ်ခု ချက်ချင်း ပေါ်လာလေသည်။ သူက ဝတ်ရုံကို သပ်ရပ်အောင် ပြင်လိုက်ပြီး ရှေ့သို့ တိုးလာသည်။

"အရှင်မင်းကြီး... ဒီကိစ္စကို ကျွန်တော်မျိုးကိုသာ တာဝန်ပေးအပ်သင့်ပါတယ်... ကျွန်တော်မျိုးက အမတ်မင်းချွေ့နဲ့ နန်းတွင်းမှာ အတူတူ အလုပ်လုပ်လာတာ နှစ်ပေါင်းများစွာ ရှိပြီဆိုတော့ သူ့ရဲ့ အကျင့်စရိုက်ကိုလည်း ကောင်းကောင်း သိပါတယ်... ကျွန်တော်မျိုး မျှမျှတတ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်..."

စကားမဆုံးခင်မှာပင် သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

အကယ်၍ သူသာ တာဝန်ရခဲ့လျှင် သူ လှည့်စားနိုင်မည့် နည်းလမ်းများစွာ ရှိနေသည်။

သူ့ဖခင်အရင်းက နင်းအန်းနယ်စား ဖြစ်နေရင်တောင်မှ ချွေ့ရှီယန်ကို အလဲထိုးနိုင်မည့် နည်းလမ်းကို သူ ရှာဖွေသွားမည်သာ ဖြစ်သည်။

ဧကရာဇ်ဝမ်ရွှမ်းသည် နဂါးပလ္လင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေပြီး စုန့်ချန်ကျိုး၏ တောင်းဆိုမှုကို လျစ်လျူရှုထားလိုက်သည်။

*မင်းက စုံစမ်းမယ် ဟုတ်လား... ဘာကို စုံစမ်းမှာလဲ…*

*ရှောင်ရှူးရှူးက အခု မင်းကို စုံစမ်းနေတာ…*

"မလောပါနဲ့ဦး... ငါကိုယ်တော့်မှာ ကိုယ်ပိုင်အစီအစဉ် ရှိပါတယ်..."

ဧကရာဇ်ဝမ်ရွှမ်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ အာရုံအားလုံးမှာ အံကြိတ်နေသော ယွင်ဟွားထံသို့သာ ရောက်ရှိနေသည်။

*ဟဲဟဲ... ဒီမိန်းကလေးကတော့ ရန်ငြိုးထားတတ်တာပဲ…*

*အဲဒီစူးရှတဲ့ အကြည့်တွေက စုန့်ချန်ကျိုးကို ဖောက်ထွက်သွားတော့မယ့်အတိုင်းပဲ…*

"အမိန့်တော်အတိုင်းပါ အရှင်..."

စုန့်ချန်ကျိုးသည် သူ အလိုရှိသည့်အတိုင်း ဖြစ်မလာသဖြင့် မျက်နှာမှာ အနည်းငယ် ပျက်သွားသည်။

သူသည် ချွေ့ရှီယန်နှင့် အရင်ကတည်းက ပဋိပက္ခ ရှိခဲ့ဖူးသည်။ တစ်ခါက လယ်သူမတစ်ဦးက လှည်းတွန်းရင်း သူ၏ အဝတ်သစ်ကို ပေကျံသွားစေသဖြင့် သူက သင်ခန်းစာပေးရန် ကြံစည်ခဲ့သော်လည်း ချွေ့ရှီယန်က တားဆီးခဲ့သဖြင့် သူ၏ လက်အောက်ငယ်သားများရှေ့တွင် အရှက်ရခဲ့ဖူးသည်။

*သူသာ အဲ့ဒါကို လက်စားမချေနိုင်ရင် စုန့် မဟုတ်တော့ဘူး…*

ရှောင်ရှူးရှူးထံမှ သတင်းကို စောင့်နေစဉ်အတွင်း ယွင်ဟွားက စုန့်ချန်ကျိုး၏ မျက်နှာအမူအရာကို အမြဲ စောင့်ကြည့်နေခဲ့သည်။

သူက သူမ၏ ဦးလေးကို နာကျည်းမှုနှင့် မကျေနပ်မှုများဖြင့် ကြည့်နေသည်ကို မြင်ရသောအခါ ဤလူသည် လူကောင်းမဟုတ်ကြောင်း သူမ သိလိုက်သည်။ သူမ၏ ဦးလေး စစ်စရိတ်ကို ဆိုင်းငံ့ထားရခြင်းမှာလည်း တစ်ခုခု ထူးခြားနေရမည်သာ ဖြစ်သည်။

“ရှောင်ရှူးရှူး... ဘာတွေ တွေ့ပြီလဲ..”

ယွင်ဟွားက ဓားသွေးနေသလိုမျိုး လူယုတ်မာတွေကို နှိမ်နင်းရန် အသင့်ပြင်လိုက်သည်။

“ငါ တကယ် ဒေါသထွက်တယ်... ငါ တကယ်ကို ဒေါသထွက်နေပြီ... ကမ္ဘာပေါ်မှာ ဒီလောက်အရှက်မရှိတဲ့ တိရစ္ဆာန်လို လူမျိုး ရှိနိုင်ပါ့မလား..”

ရှင်ခြင်းသေခြင်းစာအုပ်ထဲတွင် စုန့်ချန်ကျိုး၏ အတိတ်ကို ကြည့်ပြီးနောက် စာအုပ်လေး၏ မျက်လုံးများထဲမှ မီးတောက်များ ထွက်လာတော့မတတ် ဖြစ်နေသည်။

“ဒီဧကရာဇ်ကလည်း ဒီလောက်ကြီးမားတဲ့ အမှားအယွင်းကို ဘယ်လိုများ သတိမထားမိဘဲ နေနိုင်ရတာလဲ..”

ဧကရာဇ်ဝမ်ရွှမ်း : ......

*သေချာပါတယ်... ဘာကိစ္စပဲဖြစ်ဖြစ် ရှောင်ရှူးရှူးကတော့ သူ့ကို အပြစ်တင်ဖို့ မမေ့ဘူး…*

ယွင်ဟွားက မျက်ခုံးပင့်လိုက်သည်။

*ဒါကတော့ ဗုံးအကြီးစားပဲ... သူမ နာမည်ကြီးလာမယ့် အခွင့်အရေးရောက်ပြီ…*

“မြန်မြန်ပြော... ငါ မစောင့်နိုင်တော့ဘူး..”

ယွင်ဟွားက ကိုယ်လက်လှုပ်ရှားရင်း မတ်မတ်ရပ်နေသော စုန့်ချန်ကျိုးကို စိုက်ကြည့်နေသည်။ ခဏနေရင်ရော သူ ဒီလို အေးဆေး ရပ်နေနိုင်ဦးမလားဆိုတာကို သိချင်နေပြီ။

ရှင်ခြင်းသေခြင်းစာအုပ်လေးက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး…

“ပန်းကလေး... သူက သူ့ရဲ့ စစ်သူကြီးဘွဲ့ကို တခြားလူဆီကနေ ခိုးယူထားတာ..”

အားလုံး : !!!......

"ဘာပြောလိုက်တာလဲ..."

ဧကရာဇ်ဝမ်ရွှမ်းမှာ နဂါးပလ္လင်ပေါ်မှ ထိတ်လန့်တကြား ထရပ်လိုက်ပြီး သူ၏ အသံမှာလည်း စူးရှသွားလေတော့သတည်း။

All Chapters