အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အခန်း (၄၇) စုန့်ချန်ကျိုးက သူတစ်ပါး၏ ဂုဏ်ပုဒ်ကို ခိုးယူခြင်း
နန်းတွင်းအရာရှိကြီးငယ်အပေါင်းတို့သည် ဧကရာဇ်ဝမ်ရွှမ်း၏ ဟိန်းဟောက်သံကြောင့် ထိတ်လန့်တကြားဖြစ်ကာ ချက်ချင်းပင် ဒူးထောက်လိုက်ကြသည်။
ယွင်ဟွားသည် သူမ၏ ရင်ဘတ်ကို ဖိထားရင်း လန့်ဖျပ်သွားခဲ့သည်။
သူမက မနေနိုင်ဘဲ ထပ်မံ ညည်းတွားလိုက်မိသည်။
"ရှောင်... ရှူးရှူး... အရှင်မင်းကြီးက ဘာဖြစ်ပြန်တာလဲ... သူ့ရဲ့ စိတ်က မတ်လက ရာသီဥတုလိုပဲ... ချက်ချင်းကို ပြောင်းလဲသွားတာပဲ..."
အားလုံး : ......
ယွင်ဟွား၏ အသံကို ကြားလိုက်ရသောအခါ ဧကရာဇ်ဝမ်ရွှမ်း၏ နှုတ်ခမ်းများမှာ တွန့်ကနဲ ဖြစ်သွားပြီး သူ၏ စိတ်ကို ချက်ချင်း ပြန်ထိန်းလိုက်သည်။ ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော စုန့်ချန်ကျိုးကို မြင်လိုက်ရသောအခါ သူ၏ ဒေါသကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ရသည်။
သူ၏ မျက်စိအောက်တွင်ပင် တစ်စုံတစ်ယောက်က သူတစ်ပါး၏ ဂုဏ်ပုဒ်ကို ခိုးယူသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
*ကောင်းတယ်..တကယ့်ကို ကောင်းတယ်…*
ဧကရာဇ်ဝမ်ရွှမ်းသည် ညီလာခံအောက်တွင် ဒူးထောက်နေဆဲဖြစ်သော အရာရှိများကို တစ်ချက်ကြည့်လိုက်ပြီး နားထင်ကို ပွတ်ကာ ပြောလိုက်သည်။
“ထကြတော့... ငါကိုယ်တော် ရုတ်တရက် ကိစ္စတစ်ခုကို သတိရသွားလို့... နည်းနည်း ဒေါသထွက်သွားတာပါ..."
သူ ဒေါသထွက်လွန်း၍ လူပင် သတ်ချင်စိတ် ပေါက်နေလေပြီ။
သို့သော်လည်း စကားအဆုံးတွင် မော့ကြည့်လိုက်ရာ စုန့်ချန်ကျိုးဆိုသည့် အကောင်ကို မြင်လိုက်ရပြန်သည်။
သူ၏ ရင်ထဲမှ ဒေါသများက တဖန်ပြန်လည် မြင့်တက်လာပြန်သဖြင့် လေသံကို ပြောင်းကာ အေးစက်စွာ ပြောလိုက်သည်။
"စစ်သူကြီးစုန့်... မင်းကတော့ ဆက်ပြီး ဒူးထောက်နေတာ ပိုကောင်းမယ်... အခု ငါကိုယ်တော် မင်းကို ကြည့်မရဘူး..."
အားလုံး : ???
"အရှင်မင်းကြီး..."
စောစောကမှ ကျေနပ်ပီတိ ဖြစ်နေသော စုန့်ချန်ကျိုးမှာ ချက်ချင်းပင် အေးခဲသွားပြီး ဒူးများက အလိုအလျောက် ပြန်လည် ကျဆင်းသွားကာ ကြောက်လန့်တကြား မေးလိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး ဘာ... ဘာများ အမှားလုပ်မိလို့ပါလဲ..."
သို့မဟုတ်လျှင် အဘယ်ကြောင့် သူတစ်ယောက်တည်းသာ ဒူးထောက်နေရမည်နည်း။
"ဟွန့်..."
ဧကရာဇ်ဝမ်ရွှမ်းက နှာခေါင်းရှုံ့လိုက်ပြီး လူသတ်ချင်စိတ်ကို ဖိနှိပ်ထားကာ ပြောလိုက်သည်။
"ငါကိုယ်တော် သတိရလိုက်တဲ့ကိစ္စက မင်းနဲ့ ဆက်စပ်နေတယ်... မနေ့ညက အိပ်မက်ထဲမှာ မင်းက တစ်ယောက်ယောက်ရဲ့ ကြက်ပေါင်ကို ခိုးစားနေတာ မြင်လိုက်ရလို့ ငါကိုယ်တော် အရမ်းမကျေမနပ်ဖြစ်နေတာ..."
အကြောင်းစုံ မသိသော အရာရှိများမှာ ဆွံ့အသွားကြသည်။
သို့သော်လည်း သူက ဧကရာဇ်ဖြစ်နေတော့ မည်သူက အပြစ်တင်ရဲမည်နည်း။
စုန့်ချန်ကျိုး : "......"
*ကြက်ပေါင်ကို... ခိုးစားတယ် ဟုတ်လား…*
စုန့်ချန်ကျိုး၏ လည်စလုပ်မှာ နှစ်ကြိမ်မျှ လှုပ်ရှားသွားသည်။ အိပ်မက်တစ်ခုတည်းကြောင့် သူက ဆက်ပြီး ဒူးထောက်နေရမည်လော။
သူ၏ မျက်နှာမှာ အနည်းငယ် ဖြူလျော့သွားပြီး ခေါင်းကို ပြင်းထန်စွာ တိုက်ကာ လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး..."
"ပါးစပ်ပိတ်ထား..."
စုန့်ချန်ကျိုးက တစ်ခုခု ထပ်ပြောရန် ကြိုးစားသော်လည်း ဧကရာဇ်ဝမ်ရွှမ်းက ပြတ်သားစွာ ဟန့်တားလိုက်သည်။
"သေချာ ဒူးထောက်ထားစမ်း... ငါကိုယ်တော် စိတ်ပြေသွားမှ မင်း ထလို့ရမယ်..."
ဤစကားကို ကြားသောအခါ စုန့်ချန်ကျိုး၏ မျက်နှာမှာ ပို၍ မှောင်ကျသွားလေတော့သည်။
ချွေ့ရှီယန်က သူ့ကို အေးစက်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ရင်ခွင်ထဲမှ စာအုပ်ကို ထိတွေ့ကာ နှုတ်ခမ်းထောင့်လေးများ အနည်းငယ် ကွေးညွှတ်သွားသည်။
“ဟားဟား... ကြက်ပေါင်လုတာတဲ့... အရှင်မင်းကြီးရဲ့ အိပ်မက်က တကယ် ရယ်ရတာပဲ..”
ယွင်ဟွား၏ ပုခုံးပေါ်တွင် ပျော်ရွှင်စွာ လူးလိမ့်နေသော အရှက်မရှိသူလေးမှာ ဤကဲ့သို့ အပြစ်ပေးခံရခြင်းနှင့် ထိုက်တန်လှပေသည်။
ယွင်ဟွားသည် ရှင်ခြင်းသေခြင်းစာအုပ်လေး ရယ်မောပြီးသည်အထိ စောင့်ကာ ပြောလိုက်သည်။
“မြန်မြန်ပြောပါဦး... သူက စစ်သူကြီးဘွဲ့ကို ဘယ်လိုများ ခိုးယူခဲ့တာလဲ…”
အားလုံးက နားကို စွင့်ထားကြသည်။
ရှင်ခြင်းသေခြင်းစာအုပ်လေးက ဒူးထောက်နေသော စုန့်ချန်ကျိုးကို တံတွေးနှင့် ထွေးလိုက်ပြီးနောက် အသေးစိတ် ပြန်လည်ပြောပြလိုက်သည်။
“လွန်ခဲ့တဲ့ သုံးနှစ်က အရှင်မင်းကြီးက မြစ်ဓားပြတွေကို နှိမ်နင်းဖို့ စစ်သည်တွေ စေလွှတ်ခဲ့တယ်... အဲဒီအချိန်တုန်းက နိုင်ငံတော်စစ်သူကြီးချုပ်က တာဝန်ယူခဲ့ပြီး ရှေ့တန်းစစ်သူကြီး နှစ်ယောက် ပါဝင်ခဲ့တယ်... တစ်ယောက်က စုန့်ချန်ကျိုးဖြစ်ပြီး နောက်တစ်ယောက်ကတော့ ရွှယ်တယုံပဲ..”
“ရွှယ်တယုံက အရပ်ရှည်ပြီး သန်မာတယ်... ခွန်အားလည်း အလွန်ကြီးပြီး သစ္စာရှိတယ်... ဒါပေမယ့် သူကတော့ စဉ်းစားဆင်ခြင်ဉာဏ် နည်းတဲ့ လူအမျိုးအစားပေါ့... စုန့်ချန်ကျိုးကတော့ သိုင်းပညာက အညံ့စားပဲ... ဒါပေမယ့် သူက အကွက်ချတတ်တဲ့လူပဲ... ရွှယ်တယုံရဲ့ ခွန်အားကို အသုံးချပြီး သူက ရှေ့တန်းတပ်ဖွဲ့ရဲ့ ရာထူးတစ်ခုကို ရယူနိုင်ခဲ့တာ…”
ယွင်ဟွားက တစ်ခုခု လွဲချော်နေသည်ကို သတိထားမိလိုက်ပြီး ပြောလိုက်သည်။
“သူက ရွှယ်တယုံဆီကနေ ခိုးယူခဲ့တာ မဟုတ်ဘူးလား..”
“ဟုတ်တာပေါ့…”
“ရွှယ်တယုံက အခု ဘယ်ရောက်နေတာလဲ…”
ယွင်ဟွား၏ စိတ်ထဲတွင် ထိုသူ၏ ကံကြမ္မာမှာ မကောင်းနိုင်ကြောင်း ခံစားလိုက်ရချိန်တွင် ရှင်ခြင်းသေခြင်းစာအုပ်လေး၏ သက်ပြင်းချသံကို ကြားလိုက်ရသည်။
“သူ သေသွားပြီ... သူ အယုံကြည်ရဆုံးဖြစ်တဲ့ စုန့်ချန်ကျိုးရဲ့ လက်ချက်နဲ့ သေသွားရတာပဲ..”
ဤစကားကို ကြားလိုက်ရသောအခါ အားလုံးပင် ထိတ်လန့်တကြား အသက်ရှူမှားသွားကြသည်။
ယွင်ဟွားနှင့် မလှမ်းမကမ်းတွင် ရှိနေသော နိုင်ငံတော်စစ်သူကြီးချုပ်မှာ ရုတ်တရက် ယိုင်နဲ့သွားသည်။ သူသည် ယွင်ဟွား၏ အနီးသို့ ကပ်ကာ အဖြစ်မှန်ကို စုံစမ်းချင်သော်လည်း အိမ်ရှေ့စံမင်းသားနှင့် ဒုတိယမင်းသားတို့က သူ့ကို မြဲမြံစွာ ဆွဲထားကြသည်။
"စစ်သူကြီးချုပ်... ခဏလောက် သည်းခံပါဦး..."
အိမ်ရှေ့စံမင်းသားက နိုင်ငံတော်စစ်သူကြီးချုပ်၏ မျက်နှာအမူအရာ မကောင်းသည်ကို သတိထားမိသဖြင့် တိုးတိုးလေး ပြောလိုက်သည်။
နိုင်ငံတော်စစ်သူကြီးချုပ်သည် သူ့ကို အတင်းဆွဲထားကြသော အိမ်ရှေ့စံမင်းသားနှင့် ဒုတိယမင်းသားကို ကြည့်ရင်း နောက်ဆုံးတွင် နာကျင်စွာဖြင့် ညည်းတွားလိုက်သည်။
"ငါ... ငါ... ငါ မှားသွားခဲ့ပြီ ထင်တယ်..."
ဤအချိန်၌ နိုင်ငံတော်စစ်သူကြီးချုပ်၏ အခြေအနေကို မည်သူမျှ သတိမထားမိကြပေ။ အားလုံး၏ အာရုံမှာ ယွင်ဟွားထံတွင်သာ ရှိနေသည်။
“အဲဒီအချိန်က တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ..”
ယွင်ဟွားက ဆက်၍ မေးလိုက်သည်။
ရှင်ခြင်းသေခြင်းစာအုပ်လေးက ညင်သာစွာ သက်ပြင်းချလိုက်ပြန်သည်။
“စုန့်ချန်ကျိုးနဲ့ ရွှယ်တယုံတို့က ရန်သူ့သတင်းကို စုံစမ်းဖို့ ကျွန်းပေါ်ကို အရင်သွားဖို့ တာဝန်ပေးခံရတယ်... ဒါပေမယ့် စုန့်ဆိုတဲ့အကောင်က တကယ့်ကို အသုံးမကျတဲ့ အကောင်ပဲ... ကျွန်းပေါ်ရောက်တာနဲ့ ဓားပြတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်... ဖမ်းခံရတာနဲ့တင် သူက ငါတို့တပ်ဖွဲ့တွေရဲ့ အရေအတွက်နဲ့ တည်နေရာတွေကို အကုန် ပြောပြပစ်လိုက်တာ... ရွှယ်တယုံလည်း သူ့ကြောင့်ပဲ အတူတူ အဖမ်းခံလိုက်ရတယ်…”
“နောက်တော့ ဓားပြတွေက သူတို့နှစ်ယောက်လုံးကို ချုပ်နှောင်ထားပြီး နိုင်ငံတော်စစ်သူကြီးချုပ်နဲ့ သူ့ရဲ့ စစ်သည်တွေကို ဝိုင်းရံတိုက်ခိုက်ဖို့ တပ်သားအင်အား အမြောက်အမြားကို စေလွှတ်လိုက်တယ်... ဓားပြတွေက ငါတို့တပ်ရဲ့ ကာကွယ်ရေး အစီအစဉ်တွေကို အကုန်သိနေတဲ့အတွက် ငါတို့တပ်မတော်က တကယ်ကို ခက်ခဲတဲ့ တိုက်ပွဲတစ်ခုကို တိုက်ခဲ့ရတာ…”
နိုင်ငံတော်စစ်သူကြီးချုပ်သည် ရှောင်ရှူးရှူးက ထိုတိုက်ပွဲအကြောင်း ပြောသည်ကို ကြားလိုက်ရသောအခါ ထိုစဉ်က မြင်ကွင်းများမှာ သူ၏ မျက်စိရှေ့တွင် တဖန်ပြန်လည် ပေါ်လာသည်။
ရေပြင်တစ်ခုလုံး သွေးရောင်လွှမ်းသွားသည်အထိ သူ၏ ရှေ့မှောက်တွင် ကျဆုံးခဲ့ရသော စစ်သည်တော်များစွာရှိ၏။
သူသည် ရန်သူများကို ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် အင်အားကုန်ခမ်းသွားခဲ့သည်။ ဓားပြ၏ ဓားရှည်က သူ၏ ရင်ဘတ်ကို ထိုးဖောက်တော့မည့် ဆဲဆဲတွင် တစ်စုံတစ်ယောက်က ပြေးလာပြီး သူ့ကိုယ်စား ထိုသေစေလောက်သော ဓားချက်ကို ခံယူကာ ကာကွယ်ပေးခဲ့သည်ကို သူ မြင်ခဲ့ရပြီးနောက် သတိလစ်သွားခဲ့သည်။
သူ ပြန်လည်သတိရလာချိန်တွင် စုန့်ချန်ကျိုးသာ သူ၏ ဘေးတွင် ရှိနေခဲ့သည်။ သူက ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး ပုခုံးပေါ်မှ ဓားရာမှာ မြင်ရက်စရာ မရှိအောင် နာကျင်ဖွယ် ကောင်းလှပေသည်။ ထူးချွန်သော စစ်သည်တော် ငါးထောင်ထဲမှ တစ်ရာကျော်ခန့်သာ အသက်ရှင် ကျန်ရစ်တော့သည်။
ရွှယ်တယုံမှာမူ သစ္စာဖောက်အဖြစ် သတ်မှတ်ခံလိုက်ရသည်။
နိုင်ငံတော်စစ်သူကြီးချုပ်သည် မျက်လုံးများကို မှိတ်ထားရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် စုန့်ချန်ကျိုးကို ကြည့်သည့် အကြည့်မှာ ဓားတစ်စင်းကဲ့သို့ အေးစက်လှလေပြီ။
ထိုနေ့က သူ့ကို တကယ် ကယ်တင်ခဲ့သူမှာ ရွှယ်တယုံ ဖြစ်နိုင်ပေသည်။
ယွင်ဟွားက သက်ပြင်းချလိုက်သည်။ အကယ်၍ စုန့်ချန်ကျိုး၏ သစ္စာဖောက်မှုသာ မရှိခဲ့လျှင် ထိုတိုက်ပွဲမှာ အလွန်ပင် လွယ်ကူစွာ အနိုင်ရနိုင်ခဲ့ပေမည်။
“အဲဒီနောက် ဘာဖြစ်သွားသေးလဲ..”
ယွင်ဟွားက မေးလိုက်သည်။
“အဲဒီအချိန်တုန်းက မြစ်ဓားပြအများစုက နိုင်ငံတော်စစ်သူကြီးချုပ်နဲ့ သူ့ရဲ့ စစ်သည်တွေကို ဝိုင်းဖို့ သွားကြတာ... ရွှယ်တယုံက အရမ်းသန်မာတဲ့သူပဲ... အကျဉ်းထောင်ကနေ ထွက်ပြေးနိုင်ခဲ့ပြီး စုန့်ချန်ကျိုးကိုလည်း ကယ်ထုတ်ခဲ့သေးတယ်... စုန့်ချန်ကျိုးကို သတင်းသွားပို့ဖို့ အရင်လွှတ်လိုက်ပြီး သူကတော့ ကျန်နေတဲ့ မြစ်ဓားပြတွေကို ရှင်းလင်းဖို့ နေရစ်ခဲ့တာ…”
“ဒါပေမယ့် စုန့်ချန်ကျိုးက သေမှာကြောက်တဲ့အတွက် အဝေးတစ်နေရာမှာ ပုန်းနေခဲ့တယ်... ရွှယ်တယုံက နိုင်ငံတော်စစ်သူကြီးချုပ်ကို ကယ်တင်ဖို့ အချိန်မီ ပြန်ရောက်လာတဲ့အထိ သူက ပုန်းနေခဲ့တာ... အဲဒီနောက်မှာမှ သူက ထွက်လာခဲ့တယ်... သူ သစ္စာဖောက်ခဲ့တာ ပေါ်သွားမှာကို ကြောက်တဲ့အတွက် ရွှယ်တယုံ ဒဏ်ရာပြင်းထန်နေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ကာ ပင်လယ်ထဲကို ပစ်ချလိုက်တယ်... ပြီးတော့ သူ့ကိုယ်သူလည်း ဓားနဲ့ ပြန်ထိုးခဲ့တာ..”
“စုန့်ချန်ကျိုး ပြန်နိုးလာတော့ ရွှယ်တယုံက သူ့အသက်ကို ကယ်ဖို့အတွက် ငါတို့တပ်ရဲ့ သတင်းတွေကို ပေးခဲ့တယ်... ဒါပေမယ့် နောက်ဆုံးမှာ မြစ်ဓားပြတွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်လို့ ပြောခဲ့တယ်... သူ့အနေနဲ့ကတော့ လျှို့ဝှက်စွာ ထွက်ပြေးလာပြီး ကျန်တဲ့ မြစ်ဓားပြတွေကို ဆေးခတ်ဖို့ အခွင့်အရေး စောင့်ကာ အပြတ်ရှင်းခဲ့တယ်လို့ လိမ်ညာခဲ့တာ…”
“နိုင်ငံတော်စစ်သူကြီးချုပ်ကလည်း သူ့ရဲ့ အတိတ်က ကောင်းမှုတွေနဲ့ သူ့အသက်ကို ကယ်ခဲ့တယ်ဆိုတဲ့ အချက်ကြောင့် နောက်ပိုင်းမှာ သူ့ကို မြင်းတပ်စစ်သူကြီးဘွဲ့ ရအောင် ထောက်ခံပေးခဲ့တာပေါ့…”
ရှောင်ရှူးရှူး၏ စကားအဆုံးတွင် နိုင်ငံတော်စစ်သူကြီးချုပ်မှာ တစ်ကိုယ်လုံး တုန်ယင်လာသည်အထိ ဒေါသထွက်နေလေပြီ။
လူတိုင်းက စုန့်ချန်ကျိုးကို ကြည့်သည့် အကြည့်မှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် လူ့အသက်ကို သတ်ခဲ့ရုံသာမက သူတစ်ပါး၏ ဂုဏ်ပုဒ်ကိုလည်း ခိုးယူခဲ့သေးသည်။ သူက ဘယ်လိုမျက်နှာမျိုးနဲ့ နန်းတွင်းမှာ ရပ်နေနိုင်ရတာလဲ။
"ငါ အခုပဲ ဒီတိရစ္ဆာန်ကို သတ်ပစ်မယ်..."
စစ်သူကြီးတစ်ယောက်က စကားပြောထွက်လာသည်နှင့်တစ်ပြိုင်နက် ဘေးနားရှိလူက သူ၏ ပါးစပ်ကို မြဲမြံစွာ ပိတ်လိုက်သည်။
သူ၏ မျက်ဝန်းများမှာ နီမြန်းနေတော့သည်။ သူသည်လည်း ထိုဓားပြနှိမ်နင်းရေးတိုက်ပွဲမှ အသက်ရှင် ကျန်ရစ်သူတစ်ဦး
ဖြစ်သည်။ ထိုစဉ်က ရွှယ်တယုံအပေါ် ထားရှိခဲ့သော အမုန်းတရားများမှာ ယခုအခါ စုန့်ချန်ကျိုးထံသို့ ကူးပြောင်းသွားလေပြီ။
မဟုတ်ဘူး... ဒါက အရိုးထဲထိ နာကျည်းရတဲ့ အမုန်းတရားမျိုး ဖြစ်သည်။
သူ၏ အစ်ကိုအရင်းမှာလည်း ထိုတိုက်ပွဲတွင် ကျဆုံးခဲ့ရသည် မဟုတ်ပါလား။
"စိတ်အေးအေးထားပါ... အရှင်မင်းကြီးက သူ့အစီအစဉ်နဲ့သူ ရှိမှာပါ... အမတ်ငယ်ယွင်လည်း သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး..."
ပါးစပ်ကို ပိတ်ထားသော စစ်သူကြီးက အမတ်ငယ်ယွင်ကို လှမ်းကြည့်လိုက်ပြီး သူမ၏ အာရုံက သူတို့ဆီ ရောက်မလာသည်ကိုမြင်မှ စိတ်အေးသွားသည်။
"မင်းကများ မဆင်မခြင် ထွက်ပြောဖို့ ကြံနေတာလား... အမတ်ငယ်ယွင်က မင်းရဲ့ အဝတ်အစားတွေကို အကုန်ချွတ်ပစ်မှာ မကြောက်ဘူးလား..."
ပါးစပ် အပိတ်ခံထားရသော စစ်သူကြီး : ......
သူ အဲဒီလို အဖြစ်မခံနိုင်ဘူးလေ။
အခန်း (၄၈) ယွင်ဟွား၏ ဗေဒင်ဟောကိန်းအရ သူသည် ကြက်ပေါင်ကြီးတစ်ချောင်းကို အမှန်တကယ် လုယူခဲ့ကြောင်း ဖော်ထုတ်လိုက်ခြင်း
စစ်သူကြီး ပြောသည့်အတိုင်းပင် အရာအားလုံးကို သိရှိထားသော ယွင်ဟွားသည် သူမ၏ လှုပ်ရှားမှုများကို စတင်ရန် စိတ်အားထက်သန်နေခဲ့သည်။
တော်ဝင်ညီလာခံခန်းမကြီးကို အေးစက်ပြီး မာကျောသော စကျင်ကျောက်ဖြူအုတ်ချပ်များဖြင့် ခင်းကျင်းထားသည်။
စုန့်ချန်ကျိုးသည် ဒူးထောက်နေရသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်ရာ သူ၏ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ထွက်ပေါ်နေသည်။ သူ၏ ဒူးများမှာလည်း အလွန်နာကျင်နေသဖြင့် ခံနိုင်ရည်မရှိတော့လုနီးပါး ဖြစ်နေသည်။
သူသည် လက်နှစ်ဖက်ကို မြေကြီးပေါ်သို့ အနည်းငယ် ထောက်လိုက်ပြီး ဧကရာဇ်ဝမ်ရွှမ်းကို ပြင်းထန်စွာ ဦးညွှတ်ခစားရင်း ပြောလိုက်၏။
‘အရှင်မင်းကြီး... အရှင့်၏ အမျက်တော် ပြေပါပြီလား…”
အကယ်၍ သူသာ ဆက်လက် ဒူးထောက်နေရပါက သူ၏ ခြေထောက်များ ပျက်စီးသွားပေလိမ့်မည်။
ဧကရာဇ်ဝမ်ရွှမ်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြန်လည်ဖြေကြားလိုက်သည်။
“မပြေသေးဘူး... ဒါက ကြက်ပေါင်များကို ခိုးယူတဲ့အပြင် ပြစ်မှုကို ဖုံးကွယ်ဖို့အတွက် အရိုးစတွေကိုတောင် ဖျက်ဆီးပစ်ခဲ့တာကို ငါကိုယ်တော် အခုလေးတင် သတိရလိုက်တယ်... ဒါ့ကြောင့် မင်း ဆက်ပြီး ဒူးထောက်နေစမ်း…”
“ဟွန့်…”
သူတစ်ပါး၏ ဂုဏ်ကျေးဇူးကို ခိုးယူကာ သူတို့ကို သတ်ဖြတ်ပြီး ငါးစာကျွေးခဲ့သဖြင့် ရုပ်အလောင်းပင် ကောင်းစွာမကျန်ရစ်ခဲ့ပေ။ ဤသို့သောသူက ဒူးမထောက်လျှင် မည်သူက ဒူးထောက်ရမည်နည်း။
စုန့်ချန်ကျိုး၏ မျက်နှာမှာ ဖြူလျော့သွားပြီး သူ၏ ခန္ဓာကိုယ်မှာ ပို၍ပင် ပြင်းထန်စွာ ယိမ်းယိုင်သွားသည်။
“ဟားဟားဟား... ဟွားဟွားလေး... ဒီဧကရာဇ်အိုကြီးက တဖြည်းဖြည်းနဲ့ ပိုချစ်ဖို့ကောင်းလာတယ်…”
သူမက မျက်ရည်ထွက်မတတ် ရယ်မောလိုက်မိလေသည်။
ခန်းမဆောင်အတွင်းရှိ အခြားသော စစ်ဘက်ဆိုင်ရာ အရာရှိများသည် ဧကရာဇ်ဝမ်ရွှမ်းက အမတ်ချွေ့၏ ကိစ္စကို အချိန်အတော်ကြာသည်အထိ မဟတော့ဘဲ သူတို့ကိုယ်စား စစ်စရိတ်ရရှိရန် ကြိုးပမ်းပေးနေသော အမတ်စုန့်ကိုသာ ဆက်တိုက် အခက်တွေ့အောင် လုပ်နေသည်ကို မြင်တွေ့လိုက်ကြသည်။
သူတို့အထဲမှတစ်ဦးက သက်ပြင်းရှည်ကြီးကို ရှူသွင်းလိုက်ပြီး ရဲဝံ့စွာ ရှေ့သို့ ထွက်လာခဲ့သည်။
“အရှင်မင်းကြီး... အမတ်ချွေ့ရဲ့ အမှုကိစ္စကို အသေအချာ စုံစမ်းစစ်ဆေးမည့် တာဝန်ခံအား အမြန်ဆုံး သတ်မှတ်ပေးပါရန် ကျွန်တော်မျိုး ရိုသေစွာ တောင်းဆိုအပ်ပါသည်…”
ကျယ်လောင်သော အသံတစ်သံက ညီလာခံခန်းမအတွင်း ထွက်ပေါ်လာရာ ဧကရာဇ်ဝမ်ရွှမ်းကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
သူက ထိုစစ်ဘက်ဆိုင်ရာ အရာရှိကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
“မင်းလည်း ဒူးထောက်နေလိုက်... မင်းက သူ့ကို ကြက်ပေါင်တွေ ခိုးဖို့ ကူညီပေးခဲ့တယ်လို့ ငါကိုယ်တော် ထပ်ပြီး အိပ်မက်မက်တယ်…”
လူတိုင်း…..
စစ်သူကြီး…..
“ဟွားဟွားလေး... သွားကြစို့... ငါတို့အလှည့် ရောက်ပြီ…”
“နင့်ကို ငါပြောပြမယ်... အဲ့ခွေးသူတောင်းစားက သူများရဲ့ ဂုဏ်ကျေးဇူးကို ခိုးယူရုံသာမက စစ်စရိတ်တွေကိုပါ အလွဲသုံးစားလုပ်ခဲ့တယ်… နင့်ဦးလေးက တစ်ခုခု မှားယွင်းနေမှန်း သိလိုက်လို့သာ ရန်ပုံငွေပို့တာကို ရပ်တန့်လိုက်တာ…”
ရှင်ခြင်းသေခြင်းစာအုပ်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။
“နင့်ဦးလေးက သက်သေအထောက်အထား အားလုံးကို စုဆောင်းထားပြီးပြီ... အားလုံးက သူ့ရဲ့ ရင်ခွင်ထဲမှာ ရှိတယ်... ဒီနေ့တော့ ငါတို့ အဲ့ခွေးသူတောင်းစားကို ချေမှုန်းပစ်ကြမယ်…”
ဧကရာဇ်ဝမ်ရွှမ်း၏ ဒေါသအမျက်မှာ ထပ်မံ၍ မြင့်တက်သွားသည်။
“ငါ့ဦးလေးပီသပါပေတယ်... သူက ငါ့လိုပဲ ဉာဏ်ကောင်းတာပဲ…”
ချွေ့ရှီယန်…..
ယွင်ဟွားက ကျေနပ်ဂုဏ်ယူနေလေသည်။ သူမ၏ ဦးလေးက စစ်စရိတ်ကို တားဆီးထားရခြင်းမှာ အကြောင်းပြချက်တစ်ခုခု ရှိရမည်ဟု သူမ အမြဲတမ်း တွေးထင်ထားခဲ့သည်။
သူမက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး ရှေ့သို့ လှမ်းထားသော ခြေထောက်ကို ချက်ချင်း ပြန်ဆွဲယူလိုက်ကာ ခဏစောင့်ပြီးနောက် နောက်တစ်ကြိမ် ထပ်မံ၍ စမ်းသပ်လှမ်းကြည့်လိုက်သည်။
“ဟွားဟွားလေး... နင် ဘာလုပ်နေတာလဲ…”
ရှင်ခြင်းသေခြင်းစာအုပ်သည် ယွင်ဟွား၏ လုပ်ရပ်များကို အလွန်အမင်း ရှုပ်ထွေးစွာဖြင့် ကြည့်နေသည်။
“ဒါက စမ်းသပ်မှုတစ်ခုပဲ... အရင်က အကြိမ် အနည်းငယ်လောက်က ငါ လှုပ်ရှားလိုက်တိုင်း တစ်ယောက်ယောက်က အမြဲတမ်း ကြားဖြတ်ဝင်လာခဲ့တာကို နင် မေ့သွားပြီလား... ဒီတစ်ကြိမ်ရော တစ်ယောက်ယောက်က ထပ်ပြီး ကြိုးစားလာဦးမလားဆိုတာ ကြည့်ရအောင်…”
ဤသို့ပြောပြီးနောက် ယွင်ဟွားက အကြိမ်ပေါင်းများစွာ စမ်းသပ်ကြည့်လိုက်လေသည်။
“မကြောက်ပါနဲ့ ဟွားဟွားလေး... ငါ ရှိတယ်... ခဏနေရင် ပိုကောင်းတဲ့ အရာတချို့ကို ငါ ထပ်ရှာပေးမယ်…”
မိမိဘာသာ တွေးတောရင်း သူသည် ယမမင်း၏ နေရာလွတ်သိုလှောင်လက်စွပ်ကို ချိုးဖောက်နိုင်ခြင်းရှိမရှိ သိနိုင်ရန် ငရဲလကျောက်နှင့် နောက်မှ ထပ်မံ စကားပြောရန် ဆုံးဖြတ်လိုက်သည်။
ဤစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်ကို ခံစားလိုက်ကြရသည်။
*စိတ်မပူပါနဲ့ အမတ်ငယ်ယွင်... အခုကစပြီး မင်းရဲ့ အခွင့်အရေးကို ဘယ်သူမှ လုယူရဲမှာ မဟုတ်တော့ပါဘူး…*
ဧကရာဇ်ဝမ်ရွှမ်းသည် ဆက်လက်၍ ကြည့်မနေနိုင်တော့ဘဲ တိုက်ရိုက်ပင် ခေါ်လိုက်သည်။
“အမတ်ငယ်ယွင်…”
“ရှိ…”
ယွင်ဟွားက အလိုအလျောက် လက်ကို မြှောက်လိုက်ပြီး ကျယ်လောင်စွာ ဖြေကြားလိုက်သည်။ သူမ သတိပြန်ဝင်လာချိန်တွင် အမတ်များအားလုံး၏ အကြည့်များက သူမထံသို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။
'ဝုန်း' ခနဲ အသံနှင့်အတူ ယွင်ဟွား၏ မျက်နှာမှာ ရဲရဲနီသွားသည်။
“ကျွန်တော်မျိုးမ ရှိပါတယ်…”
ယွင်ဟွားက လျင်မြန်စွာ ရှေ့သို့ ထွက်လာပြီး လက်ကို ဆုပ်ကာ ပြောလိုက်လေသည်။
“အရှင်မင်းကြီး... ဘာမိန့်များ ချမှတ်စရာ ရှိလို့ပါလဲ…”
ဧကရာဇ်ဝမ်ရွှမ်းသည် စုန့်ချန်ကျိုးနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“မင်းက ငါကိုယ်တော် အသိအမှတ်ပြုထားတဲ့ နက္ခတ်တာရာ လေ့လာရေးဌာနရဲ့ အရာရှိတစ်ယောက်ပဲ... အမတ်စုန့်က ဘယ်လိုလူမျိုးလဲဆိုတာ ငါကိုယ်တော့်ကို ကူညီပြီး ကြည့်ပေးစမ်းပါ…”
ယွင်ဟွား၏ မျက်လုံးများက ချက်ချင်းပင် လင်းလက်သွားလေသည်။
စုန့်ချန်ကျိုးသည် ထိတ်လန့်တကြား ခေါင်းမော့ကြည့်လိုက်ရာ ဧကရာဇ်ဝမ်ရွှမ်း၏ နက်ရှိုင်းသော မျက်ဝန်းများနှင့် ဆုံတွေ့သွားပြီး အကြောင်းပြချက် မရှိဘဲ ကြောက်ရွံ့မှုတစ်ခုက သူ၏ အတွင်းစိတ်၌ ထွက်ပေါ်လာခဲ့သည်။
“အရှင်မင်းကြီး... ကျွန်တော်မျိုး တစ်ခုခု အမှားလုပ်မိပါသလား…”
“အင်း…”
ဧကရာဇ်ဝမ်ရွှမ်းသည် တည်ငြိမ်စွာပင် သူ၏ ယခင်စကားကို ပြန်လည်ပြောဆိုလိုက်လေသည်။
“မင်း ကြက်ပေါင်ကို ခိုးခဲ့တယ်လေ…”
“ဖူး…”
ယွင်ဟွားလည်း ရယ်ရလွန်း၍ သေမတတ်ပင် ဖြစ်သွားခဲ့သည်။
ဧကရာဇ်ဝမ်ရွှမ်း၏ ကြက်ပေါင်ဟူသော စကားကြောင့် စုန့်ချန်ကျိုး အံ့အားသင့်သွားသည်ကို မြင်သောအခါ သူမသည် ချက်ချင်းပင် လိမ်လည်သူလေးတစ်ယောက်ကဲ့သို့ ဟန်ဆောင်လိုက်ပြီး စုန့်ချန်ကျိုး၏ မျက်နှာကို စစ်ဆေးရန် သူ၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။
စုန့်ချန်ကျိုးသည် ယွင်ဟွား၏ အကြည့်အောက်တွင် သူ၏ ဦးရေပြား ကျိန်းစက်သွားသည်ကို ခံစားလိုက်ရပြီး သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“နင် ငါ့ကို ထပ်ပြီး စိုက်ကြည့်နေမယ်ဆိုရင် နင့်မျက်လုံးတွေကို ငါ ကလော်ထုတ်ပစ်မယ်…”
ယွင်ဟွားက ရက်စက်သော မျက်လုံးကလော်ထုတ်မည့် ဟန်ပန်ကို ပြုလုပ်လိုက်သည်။ သူမသည် မကောင်းဆိုးဝါး လူယုတ်မာများအပေါ် မည်သည့်အခါမျှ သနားညှာတာမှု မပြတတ်ပေ။
သူသည် အထူးသဖြင့် ဆိုးရွားလှသော ပြစ်မှုများကို ကျူးလွန်ခဲ့သူဖြစ်ပြီး သူတစ်ဦးတည်း သတင်းအချက်အလက်များကို ပေါက်ကြားစေခဲ့သဖြင့် လူထောင်ပေါင်းများစွာ၏ အသက်ကို သေဆုံးစေခဲ့သည်။
ထို့နောက်တွင် တောက်ပသော အနာဂတ် ရှိသင့်သည့် ရွှယ်တယုံလည်း ရှိနေသေးပြီး နောက်ဆုံးတွင် သူ၏ ရုပ်အလောင်း အစအနပင် မကျန်ရစ်ခဲ့ပေ။
ယွင်ဟွားသည် ဧကရာဇ်ဝမ်ရွှမ်းကို လက်ဆုပ်ကာ အရိုအသေပေးလိုက်ပြီး ပြောလိုက်သည်။
“အရှင်မင်းကြီး... ဗုဒ္ဓစကားအရ လူတစ်ယောက်ရဲ့ အသွင်အပြင်က သူရဲ့စိတ်နှလုံးကို ရောင်ပြန်ဟပ်တယ်လို့ ဆိုပါတယ်... ကျွန်တော်မျိုးမ အခုလေးတင် အမတ်စုန့်ရဲ့ မျက်နှာနဲ့ တန်ဖိုးထားမှုများကို စစ်ဆေးကြည့်ခဲ့ပါတယ်..”
“သူရဲ့မျက်လုံးတွေကို ကြည့်လိုက်တဲ့အခါ မျက်တွင်းများ ချိုင့်ဝင်နေတာကို တွေ့ရတဲ့အတွက် သူက မကောင်းသော ရည်ရွယ်ချက်ရှိသူ ဖြစ်ကြောင်း ဖော်ပြနေပါတယ်”
“ဒုတိယအချက်အနေဖြင့် သူ့နှာခေါင်းကို လေ့လာကြည့်ပါ... သူ့နှာခေါင်းထိပ်မှာ အောက်ကို စိုက်ကျနေပြီး အဲ့တာက သူက အလွန်ရည်မှန်းချက်ကြီးကြောင်း၊ အငြိုးအတေးကြီးကြောင်း၊ ရက်စက်ကြမ်းကြုတ်ပြီး သနားညှာတာမှုအတွက် မည်သည့်နေရာမှ ချန်မထားကြောင်း ဖော်ပြနေပါတယ်”
“သူ့ပါးစပ်မှာ ရွဲ့စောင်းနေသဖြင့် သူက လူလိမ်တစ်ယောက် ဖြစ်ကြောင်း ဆိုလိုပါတယ်... သူ ပြောဆိုသော စကားဆယ်ခွန်းမှာ ကိုးခွန်းမက အလိမ်အညာများ ဖြစ်ပါတယ်”
“ဟွားဟွားလေး... နင် ပြောလိုက်တာ တကယ့်ကို အံ့သြစရာကောင်းလွန်းတယ်”
ယွင်ဟွားသည် သူမ၏ ခေါင်းကို ဂုဏ်ယူဝင့်ကြွားစွာ မော့လိုက်လေသည်။ ယခုအချိန်တွင် သူမ၌ စွမ်းရည် မရှိသော်လည်း မျက်နှာဖတ်ခြင်း အနုပညာကို သူမ အလွတ်ကျက်မှတ်ထားခဲ့ပြီး ဖြစ်လေသည်။
“မင်း... မင်း အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတယ်…”
ယွင်ဟွား၏ စကားများကို ကြားသောအခါ စုန့်ချန်ကျိုးသည် အလွန်တရာ ထိတ်လန့်သွားသဖြင့် သူ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ သွေးများမှာ ရူးသွပ်မတတ်ပင် ဖြစ်သွားခဲ့သည်။
ယွင်ဟွားက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး လက်ကို နောက်ပစ်ကာ သူ၏ ပတ်လည်တွင် လမ်းလျှောက်ရင်း စုန့်ချန်ကျိုးကို ကန်လိုက်သည်။
သူ၏ ခြေထောက်များ ခွေကျသွားပြီး မြေကြီးပေါ်သို့ ဒူးထောက်လျက် ပြိုလဲကျသွားသည်။
“ငါက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတယ်လို့ နင်က ပြောရဲတယ်ပေါ့…”
ယွင်ဟွားက သူ့ကို စူးစိုက်ကြည့်လိုက်ပြီးနောက် စူးရှစွာ အော်ဟစ်လိုက်လေသည်။
“ငါရဲ့ဗေဒင်တွက်ချက်နိုင်စွမ်းနဲ့ အနာဂတ်ကို ဟောကိန်းထုတ်နိုင်စွမ်းကို အရှင်မင်းကြီး ကိုယ်တိုင်က အသိအမှတ်ပြုထားတာ... နင်က အရှင်မင်းကြီးရဲ့ လူကဲခတ်နိုင်စွမ်းကို မေးခွန်းထုတ်နေတာများလား…”
စုန့်ချန်ကျိုးက အလွန်အမင်း ထိတ်လန့်သွားသဖြင့် အမြန်ပင် ပြန်လည်ဒူးထောက်ကာ သူ၏ အမှားကို ဝန်ခံရန် ဦးညွှတ်ခစားလိုက်သည်။
“ကျွန်တော်မျိုး မဝံ့ရဲပါ…”
“နင် ရဲတယ်လို့ ငါ လောင်းရဲတယ်... ဒါမှမဟုတ်ရင် နင့်မျက်နှာက ဘာလို့ ဒီလောက်တောင် ရှုံ့မဲ့နေရတာလဲ... ငါ့ကို အရှင်လတ်လတ် ဝါးစားတော့မယ့်အတိုင်းပဲ…”
ယွင်ဟွားသည် ခါးကို ကိုင်းကာ ခေါင်းကို ငုံ့လိုက်ပြီး သူ၏ မျက်နှာပေါ်ရှိ အမူအရာ အသေးစိတ်တိုင်းကို တစ်ခုမကျန် အသေအချာ ကြည့်ရှုလိုက်သည်။
“ဟေး... ဘာလို့ အံကြိတ်ထားရသေးတာလဲ..”
စုန့်ချန်ကျိုးသည် အလွန်အမင်း ဒေါသထွက်သွားသဖြင့် နောက်သို့ပင် လန်ကျမတတ် ဖြစ်သွားခဲ့သည်။
*ဒီကျိန်စာသင့်မယ့် ခွေးမလေး…”
ဟွန့်... အကယ်၍ နင်က ငါ့ကို မယုံဘူးဆိုရင် နင့်အတွက် ငါ ဗေဒင်တွက်ပေးတာကို ကြည့်နေလိုက်…”
သူမကို သူ၏ စိတ်ထဲတွင် ကျိန်ဆဲနေသည်ဖြစ်စေ၊ မကျိန်ဆဲနေသည်ဖြစ်စေ ယွင်ဟွားက ဂရုမစိုက်ပေ။ သူ၏ရှေ့တွင် သူမက တည်ငြိမ်စွာဖြင့် လက်ချောင်းများပေါ်တွင် စတင်ရေတွက်လိုက်လေသည်။
လူတိုင်း…
ဧကရာဇ်ဝမ်ရွှမ်းသည် ဤရင်းနှီးနေသော လက်ဟန်အမူအရာကို မြင်သောအခါ ဖောက်ပြန်သူကို ဖမ်းမိခဲ့စဉ်က မြင်ကွင်းကို ပြန်လည်သတိရသွားပြီး သူ၏ မျက်ခွံများမှာ ပြင်းထန်စွာ တုန်လှုပ်သွားသည်။
“ဟီးဟီးဟီး…”
ယွင်ရှောင်ထျန်းက အရူးတစ်ယောက်ကဲ့သို့ ပျော်ရွှင်နေပြီး သူ၏ဘေးရှိ ချန်ကျဲဟန်ကို လက်ဖြင့် တံတောင်ဆစ်နှင့် တွတ်လိုက်ကာ ဂုဏ်ယူဝင့်ကြွားသော မျက်နှာအမူအရာဖြင့် ကြွားလုံးထုတ်လိုက်သည်။
“ဟိုမာနကြီးတဲ့ ကောင်မလေးကို ကြည့်လိုက်စမ်း... အဲဒါ ငါ့သမီးပဲ... အခုကစပြီး တစ်ယောက်ယောက်ကများ သရော်လှောင်ပြောင်တဲ့ စကားတွေ လာပြောနေတာကို ငါ မြင်တာနဲ့ ငါ့သမီးကို သူတို့အတွက် ဗေဒင်တွက်ခိုင်းပြီး အဝတ်အစားတွေ ချွတ်ချပစ်လိုက်မယ်…”
သူ မသိဘူးလို့ မတွေးလိုက်ပါနှင့်။ ထိုလူများသည် အပေါ်ယံတွင် ဂုဏ်ပြုစကားများ ပြောဆိုကောင်း ပြောဆိုကြမည် ဖြစ်သော်လည်း အမှန်တကယ်တွင်မူ သူတို့၏ စိတ်နှလုံးထဲ၌ သူ့ကို ဆိုးရွားစွာ ကျိန်ဆဲနေကြခြင်းပင် ဖြစ်သည်။
ချန်ကျဲဟန်က မျက်လုံးများကို လှန်ပြလိုက်ပြီး သူနှင့် အဝေးသို့ ရွှေ့သွားသည်။
“ဟွန့်...ခင်ဗျားပြောပုံက လူတိုင်းမှာ သမီးတစ်ယောက် ရှိနေတဲ့အတိုင်းပဲ…”
စုန့်ချန်ကျိုး၏ ရင်ထဲတွင် အလွန်အမင်း တုန်လှုပ်သွားသည်။ ယွင်ဟွားက သူ၏ မျက်မှောက်တွင်ပင် တကယ် တွက်ချက်မှုများကို ပြုလုပ်နေသည်ကို သူ စောင့်ကြည့်နေခဲ့သည်။
“ငါ... ငါ့အတွက် မင်း တွက်ချက်ပေးစရာ မလိုဘူး…”
စုန့်ချန်ကျိုးက အံကြိတ်ကာ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ယွင်ဟွား၏ လည်ချောင်းကို တိုက်ခိုက်လိုက်သည်။
“သူ့ကို ငါကိုယ်တော့်အတွက် ဖမ်းစမ်း…”
ဧကရာဇ်ဝမ်ရွှမ်းက ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။
“ခွေးမသား... အဆောင်လက်ဖွဲ့လေးအပေါ်ကို မင်းကများ လက်ရဲဇက်ရဲ လုပ်ရဲတယ်ပေါ့... မင်းက ပြဿနာရှာနေတာပဲ…”
အိမ်ရှေ့စံမင်းသားနှင့် စစ်သူကြီးချုပ်တို့က သူ၏အပေါ်သို့ အာရုံစိုက်ထားခဲ့ကြပြီး သူ့ကို လျင်မြန်စွာ ဖယ်ရှားလိုက်သည်။
နိုင်ငံတော်ကာကွယ်ရေးစစ်သူကြီးချုပ်က သူ့ကို အရိုးထဲထိတိုင်အောင် မုန်းတီးနေခဲ့ပြီ ဖြစ်သည်။
သူသည် မည်သည့် သနားညှာတာမှုမျှ မပြဘဲ လက်မောင်းနှစ်ဖက်စလုံးကို အဆစ်ဖြုတ်ပစ်လိုက်ကာ လက်သီးတစ်ချက်တည်းဖြင့် သွားများစွာကို ကျွတ်ထွက်သွားစေခဲ့သည်။
အိမ်ရှေ့စံမင်းသား၏ မျက်နှာမှာ အေးခဲသွား၏။
“အမတ်စုန့်… ခင်ဗျား ညီလာခံခန်းမကြီးထဲမှာ လူတစ်ယောက်ကို အန္တရာယ်ပြုဖို့ ကြံစည်နေတာလား…”
အကယ်၍ တစ်ယောက်ယောက်က ဘေးလူတစ်ဦးကို အန္တရာယ်ပြုရန် ရဲဝံ့မည်ဆိုပါက သူတို့က ခွင့်ပြုမည်လားဆိုတာ စောင့်ကြည့်ရမည် ဖြစ်လေသည်။
စုန့်ချန်ကျိုးသည် မြေကြီးပေါ်တွင် လဲလျောင်းနေပြီး သူ၏ မျက်လုံးများမှာ သွေးကြောများ နီရဲနေကာ သူ၏ ခန္ဓာကိုယ်မှာ ဒေါသကြောင့် အနည်းငယ် တုန်ယင်နေသည်။
ချွေ့ရှီယန်သာလျှင် စီရင်ခံရမည့်သူ ဖြစ်သင့်သော်လည်း နောက်ဆုံးတွင် အဘယ်ကြောင့် သူကသာ နာကျင်မှုကို ခံစားရသူ ဖြစ်နေရသနည်းဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
ပြီးတော့ နိုင်ငံတော်ကာကွယ်ရေးစစ်သူကြီးချုပ်က အဘယ်ကြောင့် ငါ့အပေါ် ဤမျှလောက် ရက်စက်စွာ ဆက်ဆံရသနည်း။ သူက ငါ့အပေါ် အမြဲတမ်း မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိခဲ့သည် မဟုတ်ပါလား။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ တက်ရောက်လာကြသော နန်းတွင်းအမတ်များနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများသည် အသက်ရှူရန်ပင် မဝံ့ရဲကြတော့ပေ။ အမတ်ငယ်ယွင်နှင့် သက်ဆိုင်လာသမျှ ကာလပတ်လုံး ဧကရာဇ်သည် သူ၏ စိတ်ကူးကို စာအုပ်စာမျက်နှာများကို လှန်သည်ထက်ပင် ပိုမိုလျင်မြန်စွာ ပြောင်းလဲနိုင်သည်။
ထိုအချိန်တွင် ယွင်ဟွားက သူမ၏ မျက်လုံးများကို ပြူးလိုက်မိသည်။
သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
“အရှင်မင်းကြီး... သူက ကြက်ပေါင်ကြီးတစ်ချောင်းကို အမှန်တကယ် လုယူခဲ့တာပါ…”
လူတိုင်း…..
ဧကရာဇ်ဝမ်ရွှမ်း…..