အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
အခန်း (၄၉) ပန်းကလေး... ဒီနေရာက လူ့ပြည်ဖြစ်ပြီး ငရဲပြည်မဟုတ်ပါ…
စုန့်ချန်ကျိုးသည် ကျိန်ဆဲတော့မည့်ဆဲဆဲပင် ဖြစ်လေသည်။ သူသည် ဤကြက်ပေါင်လုသည့် ကိစ္စတွင် အဘယ်ကြောင့် ဤမျှ ပါဝင်ပတ်သက်ရန် ခက်ခဲနေရသနည်းဟု တွေးမိလေသည်။
ယွင်ဟွားက ရှေ့သို့ တက်လာကာ သနားစရာကောင်းသော အခြေအနေဖြစ်နေသည့် စုန့်ချန်ကျိုးကို ဖြတ်ကျော်သွားပြီး သူမ၏ ခြေဖျားဖြင့် သူ၏ လက်ကို ပြင်းထန်စွာ နင်းခြေပစ်လိုက်သည်။ သူသည် သူတစ်ပါးပစ္စည်းကို ခိုးယူလိုစိတ် ပြင်းပြနေသဖြင့် သူမအနေဖြင့် သူ၏ လက်ကို လွှင့်ပစ်လိုက်ခြင်းပင် ဖြစ်သည်။
သူမသည် အလွန်တရားမျှတပြီး မကောင်းမှုကို မုန်းတီးသူ ဖြစ်သည်။
ပြင်းထန်လှသော နာကျင်မှုကြောင့် စုန့်ချန်ကျိုးမှာ သတိလစ်မတတ် ဖြစ်သွားခဲ့၏။ သူ၏ မျက်နှာသည် ရက်စက်သော ဒေါသများဖြင့် တွန့်လိမ်သွားပြီး သွားကို ကြိတ်ကာ ကျိန်ဆဲလိုက်သည်။
"ခွေးမ..."
သူ စကားပြော၍ မဆုံးမီပင် အိမ်ရှေ့စံမင်းသားသည် စုန့်ချန်ကျိုး၏ မေးရိုးကို ပြတ်သားစွာ ဖြုတ်ချပစ်လိုက်သည်။
ယွင်ဟွားသည် အိမ်ရှေ့စံမင်းသားကို ပြုံး၍ ကြည့်လိုက်ကာ လက်မထောင်ပြလိုက်သည်။
"အရှင်မင်းကြီး... ဒီလူက လွန်ခဲ့သော သုံးနှစ်က မြစ်ဓားပြများရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ကျွန်တော်မျိုးမ တွက်ချက်ရရှိပါတယ်... သူက ကျွန်တော်မျိုးမတို့စစ်တပ်ရဲ့ သတင်းအချက်အလက်များကို ပေါက်ကြားစေခဲ့ပြီး ကြီးမားတဲ့ ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ပါတယ်... ဒါ့အပြင် သူက အခြားသူများထံမှ စစ်ရေးစွမ်းဆောင်မှုများကို လုယူကာ သစ္စာရှိပြီး မွန်မြတ်သော သူများကို လုပ်ကြံစွပ်စွဲခဲ့သဖြင့် သူတို့အား မတရားသော စွပ်စွဲမှုများကို ခံစားရစေခဲ့ပါတယ်..."
"ဒီဆိုးသွမ်းကောက်ကျစ်ပြီး သစ္စာဖောက်တတ်သော သူအား ကွပ်မျက်ရန် အရှင်မင်းကြီးမှ ဧကရာဇ်အမိန့်တော် ထုတ်ပြန်ပေးပါရန် ကျွန်တော်မျိုးက နှိမ့်ချစွာ တောင်းဆိုအပ်ပါတယ်... သစ္စာရှိတဲ့ ရွှယ်တယုံရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဖော်ဆောင်ပေးကာ သူ့အား ငြိမ်းချမ်းစွာ အနားယူခွင့် ပြုပါရန် တောင်းဆိုအပ်ပါတယ်..."
သူ၏ နာမည်ကို ရှင်းလင်းပေးခြင်းသည် ယွင်ဟွား သူ့အတွက် လုပ်ပေးနိုင်သည့် တစ်ခုတည်းသောအရာပင် ဖြစ်လေသည်။
ဤစကားများကို ပြောကြားခဲ့သည်။
မူလက ဒေါသထွက်နေခဲ့သော စုန့်ချန်ကျိုးသည် အလွန်တရာ ကြောက်လန့်သွားခဲ့သည်။ သူက ပြုံးနေသော ယွင်ဟွားကို ကြောက်ရွံ့ထိတ်လန့်နေသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
သူမ... သူမက တကယ်ပဲ ဗေဒင်ဟောတတ်သည်လား... သူ၏ အတိတ်က လုပ်ရပ်များကိုပင် ပြန်လည်ခြေရာခံနိုင်သည်တကား...။
"အား... အား..."
"ဝါး..."
စုန့်ချန်ကျိုးသည် မိမိကိုယ်ကို ကာကွယ်ပြောဆိုချင်သော်လည်း သူ စကားပြော၍ မရတော့သည်ကို သိလိုက်ရသဖြင့် အလွန်တရာ ထိတ်လန့်သွားခဲ့သည်။ သူ၏ မျက်နှာမှာ သေသူတစ်ယောက်ကဲ့သို့ ဖြူလျော့သွားပြီး ခန္ဓာကိုယ်မှာလည်း စတင် တုန်ယင်လာသည်။
*မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... သူ မသေချင်ဘူး... သူ မသေချင်သေးဘူး…*
"အရှင်မင်းကြီး... ကျွန်တော်မျိုးမှာ တင်ပြစရာတစ်ခု ရှိပါတယခ..."
နိုင်ငံတော်ကာကွယ်ရေးစစ်သူကြီးချုပ်သည် စုန့်ချန်ကျိုးအား အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ ဒူးထောက်ကာ ပြင်းထန်စွာ ဦးညွှတ်လိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စုန့်ချန်ကျိုးမှာ အလွန်တရာ ဝမ်းမြောက်သွားခဲ့သည်။
သူသည် စစ်သူကြီးချုပ်၏ အသက်သခင်ကျေးဇူးရှင် ဖြစ်သည်။ ယခုလေးတင် သူက မိမိကို တိုက်ခိုက်ခဲ့သော်လည်း အနည်းဆုံးတော့ မိမိကို ယုံကြည်နေဆဲပင် ဖြစ်သည်။ သူ ကယ်တင်ခံရပြီ...။
သို့သော်လည်း သူ၏ အပြုံးများ မျက်ဝန်းဆီသို့ မရောက်မီမှာပင် နိုင်ငံတော်ကာကွယ်ရေးစစ်သူကြီးချုပ် ပြောလိုက်သော စကားများက သူ့အား မျှော်လင့်ချက်မဲ့ခြင်း ချောက်ကမ်းပါးထဲသို့ တွန်းချလိုက်သည်။
"အရှင်မင်းကြီး... ဒီအမတ်အိုကြီးမှာ အပြစ်ရှိပါတယ်..."
"အရှင်မင်းကြီး... အဲ့တုန်က ကျွန်တော်မျိုးအတွက် သေစေနိုင်သော တိုက်ခိုက်မှုကို ဝင်ရောက်ခံယူပေးခဲ့သူမှာ ဒီသစ္စာဖောက်လူယုတ်မာ မဟုတ်ဘဲ ရွှယ်တယုံဖြစ်ကြောင်း ကျွန်တော်မျိူ ယခုမှ အပြည့်အဝ မှတ်မိသွားပါပြီ..."
နိုင်ငံတော်ကာကွယ်ရေးစစ်သူကြီးချုပ်၏ မျက်ဝန်းများမှာ နီရဲလာပြီး သူ ကျူးလွန်ခဲ့မိသော အမှားများကို တွေးမိကာ လက်ကို မြှောက်၍ မိမိကိုယ်ကို ပြင်းထန်စွာ အကြိမ်ကြိမ် ရိုက်ချလိုက်သည်။
"စစ်သူကြီး..."
ဧကရာဇ်ဝမ်ရွှမ်းက သူ့အား ကမန်းကတန်း လှမ်းခေါ်လိုက်ပြီး အိမ်ရှေ့စံမင်းသားက သူ မိမိကိုယ်ကို ဆက်လက် ရိုက်နှက်နေခြင်းမှ တားဆီးကာ ပြောလိုက်သည်။
"စစ်သူကြီး... ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး အပြစ်မတင်ပါနဲ့..."
"ကျွန်တော်မျိုး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလုပ် အပြစ်မတင်ဘဲ နေနိုင်မှာလဲ..."
နိုင်ငံတော်ကာကွယ်ရေးစစ်သူကြီးချုပ်က ဝမ်းနည်းပူဆွေးမှုများ လွှမ်းမိုးလာပြီး သူ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသည်။
"အဲ့နှစ်က ကျွန်တော်မျိုး သတိရလာချိန်မှာ စုန့်ချန်ကျိုးက ကျွန်တော်မျိုးကို ကယ်တင်ခဲ့တာလို့ ထင်မှတ်ခဲ့မိတယ်... ကျွန်တော်မျိုး သူ့စကားများကို အတော်အတန် ယုံကြည်ခဲ့ပြီး ရွှယ်တယုံအား သစ္စာဖောက်အဖြစ် တိုက်ရိုက် စွပ်စွဲခဲ့ပါတယ်... မြို့တော်သို့ ပြန်ရောက်ပြီးနောက် စုန့်ချန်ကျိုးကို ကျွန်တော်မျိုး အပြင်းအထန် ထောက်ခံပေးခဲ့ပြီး သူ့ကို မြင်းတပ်စစ်သူကြီး ရာထူးအထိပင် တွန်းတင်ပေးခဲ့မိပါတယ်..."
"ဒီအအမတ်အိုကြီးက ရွှယ်တယုံအပေါ် သစ္စာမဲ့ခဲ့ပြီး အရှင်မင်းကြီး ကျွန်တော်မျိုး အပေါ်ထားရှိတဲ့ ယုံကြည်မှုကိုလည်း ပို၍ပင် သစ္စာမဲ့ခဲ့ပါပြီ..."
စစ်သူကြီးချုပ်က သူ၏ မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်မိသည်။ သူ တကယ့်ကို နောင်တရမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
ထိုစဉ်က သူ အဘယ်ကြောင့် နှစ်ခါမတွေးဘဲ စုံစမ်းစစ်ဆေးရန် လူမလွှတ်ခဲ့ရသနည်း။
ထို့ပြင် ထိုစာအုပ်လေးက သူ၏ စစ်ရေးရန်ပုံငွေများ အလွဲသုံးစားလုပ်မှုကိုလည်း ဖော်ပြခဲ့သေးသည်။
သူ တကယ်ကို ရှုပ်ထွေးနေခဲ့ပြီ ဖြစ်သည်။
သူ အိုမင်းမစွမ်း ဖြစ်လာပြီပင်။
သူတို့သည် အမှန်တကယ်ပင် ဤမျှကြီးမားသော ပြဿနာကြီးကို ဖန်တီးခဲ့ကြပြီ ဖြစ်လေသည်။
“ငါ တကယ့်ကို စိတ်မကောင်းဖြစ်ရတယ်”
ယွင်ဟွားက နိုင်ငံတော်ကာကွယ်ရေးစစ်သူကြီးချုပ်အား အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
အကယ်၍ စစ်တပ်တစ်ခု၏ တပ်မှူးတစ်ဦးသည် အခြေခံအကျဆုံးသော ဆုံးဖြတ်နိုင်စွမ်းပင်မရှိပါက သူသည် စစ်တပ်ကို မည်သို့ ဦးဆောင်၍ တိုက်ပွဲဝင်နိုင်မည်နည်း။
“ရှောင်ရှူးရှူး... ရွှယ်တယုံရဲ့ ဆွေမျိုးတွေအားလုံး တကယ်ပဲ သေဆုံးသွားကြပြီလား…”
သူမသည် ရှောင်ရှူးရှူး ယခုလေးတင် ပြောခဲ့သည်ကို မှတ်မိနေသည်။
ယွင်ဟွား၏ အတွင်းစိတ်အသံ ထွက်ပေါ်လာရာ နိုင်ငံတော်ကာကွယ်ရေးစစ်သူကြီးချုပ်မှာ လန့်ဖြန့်သွားခဲ့သည်။
“တစ်ယောက် ကျန်ပါသေးတယ်... ရွှယ်တယုံရဲ့ တူလေးပါ... ရွှယ်တယုံ ပြစ်မှုကျူးလွန်ကြောင်းသတင်းက သူတို့ရဲ့ ဇာတိရွာကို ရောက်လာတဲ့အခါ သူ့ရဲ့ မိဘတွေက သူတို့ရဲ့ သားဖြစ်သူ အဲ့လိုလုပ်ရပ်မျိုး လုပ်လိမ့်မယ်ဆိုတာကို မယုံကြည်နိုင်ခဲ့ကြဘူး... သူတို့က တရားမျှတမှုကို ရှာဖွေဖို့ မြို့တော်ဆီ ခရီးဝေးကြီး နှင်လာခဲ့ပေမယ့် စုန့်ချန်ကျိုးက သူတို့ရဲ့ အစီအစဉ်ကို သိရှိသွားပြီး သတ်ပစ်ဖို့ လူလွှတ်ခဲ့ပါတယ်…”
“သူ့ရဲ့ အစ်ကိုကြီးနဲ့ မရီးဖြစ်သူတို့ကလည်း ရွာထဲက အတင်းအဖျင်းတွေကို မခံမရပ်နိုင်ဖြစ်ပြီး ပစ္စည်းတွေကို သိမ်းဆည်းကာ မြို့တော်ကိုလာပြီး သူတို့ရဲ့ မိဘတွေကို ရှာဖွေဖို့ စီစဉ်ခဲ့ကြပါတယ်... ဒါပေမယ့်လည်း လမ်းခရီးမှာ ဓားပြတိုက်ခံရပြီး သေဆုံးသွားခဲ့ကြရာ ဒဏ်ရာရပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် သားလေးတစ်ယောက်သာ ကျန်ရစ်ခဲ့တယ်…”
စစ်သူကြီးချုပ်မှာ တုန်လှုပ်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ အလိုအလျောက် နောက်သို့ ဆုတ်သွားသည်။
"စစ်သူကြီး..."
အိမ်ရှေ့စံမင်းသားသည် နိုင်ငံတော်ကာကွယ်ရေးစစ်သူကြီးချုပ်၏ လက်မောင်းကို အလျင်အမြန် ဖမ်းကိုင်လိုက်သည်။
"ဒီအမတ်အိုကြီး... ဒီအမတ်အိုကြီးက အပြစ်သားပါ..."
သူ့ကြောင့်သာ ရွှယ်တယုံ၏ မိသားစုတစ်စုလုံး ပျက်စီးပြုန်းတီးသွားခဲ့ရခြင်း ဖြစ်သည်။
ယွင်ဟွားသည် ထိုဆူညံမှုဆီသို့ အာရုံရောက်သွားပြီး သူ၏ စကားများကို သဘာဝကျကျပင် ကြားလိုက်ရသည်။ သူမ၏ အကြည့်များမှာ မှုန်မှိုင်းသွားသည်။
အစစ်အမှန် တရားခံမှာ စုန့်ချန်ကျိုး ဖြစ်သော်လည်း နိုင်ငံတော်ကာကွယ်ရေးစစ်သူကြီးချုပ်တွင်ကော အပြစ်မကင်းဘဲ နေမည်လား။
အသက်ကယ်တင်ခဲ့သည့် ဖြစ်ရပ်ကြောင့် သူသည် ရှေးဦးစွာ လူမှားခဲ့ပြီးနောက် အခြားသူများ၏ စကားကို ယုံကြည်ကာ အမှန်တရားကို စုံစမ်းစစ်ဆေးခြင်း မရှိဘဲ ရွှယ်တယုံအား ပြစ်ဒဏ်ချမှတ်ခဲ့သဖြင့် ကံကြမ္မာ၏ အမည်းစက် စွန်းထင်းနေပြီပင် ဖြစ်လေသည်။
လောကကြီးသည် မျှတမှုရှိသည်။ အကြောင်းတရားတိုင်းတွင် အကျိုးတရားရှိစမြဲပင် ဖြစ်သည်။ တစ်နေ့တွင် သူသည် ထိုကံကြမ္မာ၏ အကြွေးကို ပြန်လည်ပေးဆပ်ရဦးမည် ဖြစ်သည်။
“ဒါနဲ့ နေပါဦး ရှောင်ရှူးရှူး... အဲ့ကလေးလေး အခု ဘယ်လိုနေလဲ..”
ရှင်ခြင်းသေခြင်းစာအုပ်က တစ်ချက်ကြည့်လိုက်ပြီး တုံ့ပြန်လာသည်။
“သူ့ကို ကူညီမယ့် ကျေးဇူးရှင်တစ်ယောက် ရှိနေတယ်... စိတ်ပူစရာ မလိုပါဘူး..”
ဤစကားကို ကြားသောအခါ ယွင်ဟွားက ထိုကလေးအတွက် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ အနည်းဆုံးတော့ ရွှယ်မိသားစုတွင် မျိုးဆက်ကျန်ရှိနေသေးသည် မဟုတ်ပါလား။
သူမက လှည့်ကြည့်လိုက်သည်။
မြေပြင်ပေါ်တွင် ပိုးတုံးအုံးတစ်ကောင်လို လဲကျနေသော စုန့်ချန်ကျိုးကို မြင်လိုက်ရချိန်တွင် သူမအတွက် ရယ်စရာကောင်းနေသည်ဟု ခံစားလိုက်ရသည်။ ဤမျှလောက် အခြေအနေရောက်နေသည်တိုင်အောင် သူသည် ရုန်းကန်ရန် တွေးတောနေဆဲပင် ဖြစ်သည်။
ယွင်ဟွား၏ မျက်ဝန်းများ တဖျပ်ဖျပ် လင်းလက်သွားပြီး သူ၏ရှေ့တွင် ပြန်လည် ထိုင်ချလိုက်သည်။
"အမတ်စုန့်... ကျွန်မ တွက်ချက်လို့ မပြီးသေးပါဘူး..."
"အရင်က စစ်ဘက်အရာရှိများကို သွေးထိုးလှုံ့ဆော်တာက ရှင် ဘာကို ရရှိဖို့ ကြိုးစားနေခဲ့သလဲဆိုတာကို ကျွန်မ မှတ်မိသေးတယ်..."
"ဪ... ကျွန်မရဲ့ ဦးလေးတော်စပ်သူ အမတ်ချွေ့ကို စွပ်စွဲပြစ်တင်ဖို့ ကိစ္စရောပါတယ်..."
ယွင်ဟွာက အေးစက်စွာ ပြောလိုက်ရာ စုန့်ချန်ကျိုးမှာ အင်အားကြီးမားသော ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
"ဝါး..."
"ဝါး..."
*စကားမပြောနဲ့... လုံးဝ ပါးစပ်ပိတ်ထားလိုက်စမ်း…*
စုန့်ချန်ကျိုးသည် မည်သူ့ကိုမျှ ဤမျှလောက် မကြောက်ရွံ့ခဲ့ဖူးပေ။ သူ၏ရှေ့မှ ပြုံးနေသော မိန်းကလေးမှာ လူသားတစ်ဦးမဟုတ်ဘဲ လက်စားချေလိုသော တစ္ဆေတစ်ကောင်နှင့် ပို၍တူနေသည်ဟု သူ ခံစားလိုက်ရသည်။
သူ နောင်တရနေခဲ့ပြီ ဖြစ်သည်။
သူ အလွန်တရာ နောင်တရနေမိသည်။
ဤသို့ဖြစ်လာမည်မှန်း ကြိုသိခဲ့လျှင် ယနေ့တွင် စစ်ရေးရန်ပုံငွေကို သူ တောင်းဆိုခဲ့သင့်သည် မဟုတ်ပေ။
"ရှင် အရမ်းတုန်ယင်နေပါလား... ရှင် ကြောက်နေတာလား... ရှင့်ရဲ့ ခေါင်း မြေပြင်ပေါ်ကို ကျသွားမှာကို ကြောက်နေတာလား... ဒါမှမဟုတ်... ကျွန်မကို ကြောက်နေတာလား... ဟီးဟီးဟီး..."
ယွင်ဟွားသည် ငရဲပြည်နှင့်သာ သက်ဆိုင်ဟန်ရှိသော ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကို ထုတ်လွှတ်နေပြီး သူမ၏ ရယ်မောသံမှာ ငွေခေါင်းလောင်းလေးများကဲ့သို့ သာယာနာပျော်ဖွယ် ကောင်းနေသည်။ ဤထူးဆန်းသော ရယ်မောသံက စုန့်ချန်ကျိုးအား အလွန်အမင်း ထိတ်လန့်သွားစေသဖြင့် နေရာတွင်ပင် သေးထွက်ကျသွားခဲ့သည်။
ဤအရာက ထိုနေရာရှိ လူအားလုံး၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့သည်။
“ပန်းကလေး... ပန်းကလေး... ဒီနေရာက လူ့ပြည်ဖြစ်ပြီး ငရဲပြည်မဟုတ်ပါ... ငရဲပြည်က လှည့်ကွက်တွေကို အသုံးမပြုပါနဲ့... နင်က အခု အစွမ်းတွေ ဆုံးရှုံးသွားခဲ့ပြီ ဆိုပေမယ့် နင်သယ်ဆောင်လာတဲ့ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တွေက နင့်ရဲ့ ဘဝကူးပြောင်းခြင်းနဲ့အတူ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး…”
“အမြန်ပြန်ရုပ်သိမ်းလိုက်ပါ... နင် သတိမထားမိဘူးလား... ဒီအမတ်တွေက အရမ်းကြောက်လန့်သွားကြလို့ နင်နဲ့ ခပ်ခွာခွာ နေနေကြပြီ…”
ရှင်ခြင်းသေခြင်းစာအုပ်က အထိတ်တလန့်ဖြင့် ချက်ချင်းပင် ခုန်ထွက်လာခဲ့သည်။
ယွင်ဟွားလည်း ရုတ်တရက် လန့်ဖြန့်သွားခဲ့သည်။
“အိုး... အိုး... ငါ သင့်တော်တဲ့ အလုပ်တစ်ခု မလုပ်ဖြစ်တာ အရမ်းကြာနေပြီဆိုတော့ အဲ့အတိုင်း ပြန်စလုပ်မိသွားတာပါ…”
ယွင်ဟွားသည် မကောင်းသော အတွေးများကို ဖိနှိပ်ကာ သူမ၏ ပါးပြင်ကို ပုတ်လိုက်သည်။
ယွင်ဟွားသည် 'လူ့လောက' သို့ ပြန်လည်ရောက်ရှိလာသည်ကို မြင်လိုက်ရချိန်တွင် လူတိုင်း သက်ပြင်းချနိုင်သွားခဲ့သည်။
*အိုး ဘုရားရေ…*
*ဒီအမတ်ငယ်ယွင်က တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှသည်တကား…*
ယွင်ဟွားသည် ရုတ်တရက် အနံ့ဆိုးတစ်ခုကို ရလိုက်သဖြင့် သူမ၏ မျက်ဝန်းများထဲတွင် ရွံရှာမှုများ ပြည့်နှက်သွားသည်။
ဤမျှလောက် သတ္တိနည်းပါးလှသဖြင့် သေဆုံးပြီးနောက် ငရဲပြည်ရှိ ငရဲရှစ်ထပ်ကို ရင်ဆိုင်ရမည်ဆိုပါက ပို၍ပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ
ယွင်ဟွားက လည်ချောင်းကို ရှင်းလိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးမမှာတင်ပြစရာ အခြားကိစ္စတစ်ခု ရှိပါသေးတယ်... စုန့်ချန်ကျိုးက စစ်ရေးရန်ပုံငွေများကို အလွဲသုံးစား လုပ်ခဲ့ပါတယ်... ကျွန်ုမရဲ့ဦးလေး... အမတ်ချွေ့က စစ်ရေးရန်ပုံငွေများကို ထိန်းချုပ်ထားရတဲ့ အကြောင်းရင်းမှာ အဲ့အရာကြောင့်ပါ... ဒါ့အပြင် အမတ်ချွေ့က သက်သေအထောက်အထားများကို ရရှိပြီးဖြစ်ပါတယ်... အရှင်မင်းကြီး အသေးစိတ် စုံစမ်းစစ်ဆေးပေးပါရန် မျှော်လင့်ပါတယ်..."
ယွင်ဟွား၏ စကားများမှာ ရေကန်ထဲသို့ ခဲလုံးတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်ရိုက်ခတ်သွားစေခဲ့သည်။ သူမသည် သူမ၏ ဦးလေးတော်စပ်သူ ချွေ့ရှီယန်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
ယခုတော့ ဦးလေး၏ အလှည့်ရောက်ပြီပင် ဖြစ်သည်။
ချွေ့ရှီယန်က အလိုလိုက်သော အပြုံးဖြင့် ပြုံးလိုက်သည်။ သူ၏ တူမလေးက ဇာတ်ခုံကို ပြင်ဆင်ပေးပြီးဖြစ်သဖြင့် သဘာဝကျကျပင် သူက တာဝန်လွှဲပြောင်းယူရမည် ဖြစ်သည်။
သူသည် လွန်ခဲ့သော ခြောက်လအတွင်း စုဆောင်းထားခဲ့သော သက်သေအထောက်အထားများကို ထုတ်ယူကာ လွှဲပြောင်းပေးလိုက်သည်။
"အရှင်မင်းကြီး... စုန့်ချန်ကျိုးက မြင်းတပ်စစ်သူကြီးတစ်ဦးဖြစ်သော်လည်း လောဘရဲ့ ဖုံးကွယ်မှုကို ခံခဲ့ရပြီး ပြီးခဲ့တဲ့နှစ်မှစပြီး စစ်ရေးရန်ပုံငွေများကို အလွဲသုံးစားလုပ်ခဲ့သဖြင့် နယ်စပ်ရှိ စစ်သည်များမှာ ဆာလောင်မွတ်သိပ်မှုနဲ့ အအေးဒဏ်ကို ခံစားခဲ့ရကာ ဆောင်းရာသီ ဝတ်စုံအပါးလေးများဖြင့် အေးခဲပြီး သေဆုံးဒဏ်ရာရသူများ မရေမတွက်နိုင်အောင် ရှိခဲ့ပါတယ်..."
"ရရှိသင့်တဲ့ စပါး ၅၀၀၀၀ ရှီအနက် ၃၀ ရာခိုင်နှုန်းအောက်သာ အမှန်တကယ် မှတ်တမ်းတင်ထားပြီး ကျန်ရှိတဲ့ ငွေကြေးများကို ခြံများနဲ့အိမ်များ ဝယ်ယူရန် အသုံးပြုခဲ့ကြောင်းကိုလည်း စာရင်းစာအုပ်တွင် မှတ်တမ်းတင်ထားပါတယ်..."
ဤအရာကို ကြားသောအခါ လူတိုင်း အသက်ရှုမှားသွားခဲ့ကြသည်။
အခန်း (၅၀) စစ်သူကြီးများ အတူတကွ တောင်းပန်ကြခြင်းနှင့် ယွင်ဟွား ပွဲတော်သို့ တက်ရောက်ခြင်း
ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ လက်ထဲရှိ သက်သေအထောက်အထားများကို စစ်ဆေးကြည့်ရှုလိုက်ရာ ဖတ်ရှုလေလေ သူ၏ မျက်နှာအမူအရာမှာ ပို၍ မှောင်မိုက်လာလေလေ ဖြစ်သည်။
အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ဧကရာဇ်ဝမ်ရွှမ်းသည် စာရင်းစာအုပ်ကို စုန့်ချန်ကျိုး၏ ရှေ့သို့ ပစ်ချလိုက်သည်။
"စုန့်ချန်ကျိုး မင်း သတ္တိမသေးလှချည်လား... သစ္စာရှိ အရာရှိများကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲတယ်.. စစ်ဘက်ဆိုင်ရာ အောင်မြင်မှု တွေကို လိမ်လည်တောင်းခံတယ်... စစ်စရိတ်တွေကိုလည်း အလွဲသုံးစားလုပ်ပြီး နိုင်ငံတော်ရဲ့ လုံခြုံရေးကို လျစ်လျူရှုခဲ့တယ်... အစောင့်တို့ သူ့ကို အပြင်သို့ ဆွဲထုတ်သွားပြီး ချက်ချင်း ကွပ်မျက်လိုက်စမ်း... သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းပြီး သူ့ရဲ့ ဆွေမျိုးစုတစ်ခုလုံးကို လီသုံးထောင်အဝေးသို့ နယ်နှင်ဒဏ်ပေးလိုက်စမ်း..."
ထိုစကားကို ကြားသောအခါ…
စုန့်ချန်ကျိုး၏ မျက်နှာမှာ ပြာနှမ်းသွားပြီး သူ၏ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာသည်။ သူသည် ပါးစပ်ကို ဟထားပြီး အာ အာ ဟူသော အသံများကိုသာ ဆက်တိုက် ပြုလုပ်နေရသည်။
သူ ကရုဏာသက်ခံရရန် တောင်းပန်နေကြောင်းကို ယွင်ဟွား ခန့်မှန်းကြည့်စရာပင် မလိုဘဲ သိရှိနေသည်။
မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော လူမျိုးသည် သေရမည်ကို အလွန် ကြောက်ရွံ့တတ်ကြသည်။
အစောင့်များ ရှေ့သို့ တက်လာသည်နှင့်အမျှ စုန့်ချန်ကျိုးသည် နန်းတော်ထဲမှ ခွေးတစ်ကောင်ကဲ့သို့ ဆွဲထုတ်ခြင်း ခံလိုက်ရသည်။
စုန့်ချန်ကျိုး၏ ကိစ္စမှာ ယခုအခါ ဖြေရှင်းပြီးစီးသွားပြီ ဖြစ်သည်။
သို့သော်လည်း…
ယွင်ဟွား၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ရွေ့လျားနေသည်။
သူမ၏ အကြည့်များသည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေဆဲဖြစ်သော စစ်ဘက်ဆိုင်ရာ အရာရှိများအပေါ်သို့ ရောက်ရှိသွားလေသည်။ သူမသည် မိမိ၏ လူများကို ကာကွယ်ပေးရာတွင် အလွန် ထူးချွန်လှသည်။
ယွင်ဟွားသည် ခါးထောက်လျက် ခြေထောက်များကို လှုပ်ရမ်းကာ ရပ်နေလေသည်။ သူမသည် အထက်စီးမှ ဆက်ဆံသော အမူအရာ ရှိနေလေသည်။
ဧကရာဇ်ဝမ်ရွှမ်း၏ မျက်ခွံများ တုန်လှုပ်သွားပြီး ဤမိန်းကလေး ဘာလုပ်မည်ကို သူ သိရှိနေလေသည်။ သူသည် တိတ်ဆိတ်စွာနေပြီး သူ၏ ထိုင်ဟန်ကို တိတ်တဆိတ် ပြင်ဆင်လိုက်သည်။
လုပ်သင့်သည်။ ဤလူများကို သင်ခန်းစာပေးရန် လိုအပ်လေသည်။ သူတို့သည် အမြဲတမ်း ဒူးထောက်ကာ ဧကရာဇ်၏ အမိန့်တော်များကို တောင်းခံနေတတ်ကြရာ အလွန် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှလေသည်။
ယွင်ဟွားသည် အရှေ့ဆုံးတွင် ရပ်ကာ သူမ၏ လက်သေးသေးလေးဖြင့် ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်လေသည်။
"အရင်က ကျွန်မရဲ့ ဦးလေးကို သေချာ စုံစမ်းစစ်ဆေးရမယ်လို့ အော်ဟစ်နေခဲ့တာ ဘယ်သူလဲ..."
"သတ္တိရှိရင် ရှေ့ထွက်လာပြီး စကားပြောကြတာပေါ့..."
"ကဲ မြန်မြန် ရှေ့ထွက်ခဲ့ကြပါ..."
"သူ့အတွက် ကျွန်မ ဗေဒင်တွက်ပေးလို့ ရမရ ကြည့်ကြတာပေါ့..."
ယွင်ဟွားသည် မိမိအတွက် တရားမျှတမှုကို ကျေနပ်ဂုဏ်ယူစွာ ရှာဖွေနေသည်ကို မြင်သောအခါ ချွေ့ရှီယန်သည် ရယ်မောခြင်းကို မထိန်းနိုင်ခဲ့ပေ။ ဤမိန်းကလေးသည် အလကားသက်သက် အလိုလိုက်ခံထားရခြင်း မဟုတ်ပေ။
စောစောက ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုခဲ့ကြသော ထိုစစ်သူကြီးများ၏ မျက်နှာများမှာ အလွန်မှောင်မိုက်နေပြီး တန်းစီရာတွင် တိတ်ဆိတ်စွာ ရပ်နေကြကာ အပြင်သို့ ထွက်လာရန် ငြင်းဆန်နေကြသည်။
ယွင်ဟွားက ထိုနေရာတစ်ဝိုက်ကို အကဲခတ်လိုက်လေသည်။
“ဟွန့်…”
ယခုမူကား သူတို့သည် အသံတစ်သံမျှ မထွက်ဘဲ ဆွံ့အဟန်ဆောင်ရန် သင်ယူတတ်နေကြပြီ ဖြစ်သည်။
သူမ၏ အကြည့်သည် စောစောက အတင်းအကျပ် ဒူးထောက်ခိုင်းခံရသော စစ်အရာရှိအပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် သူမသည် သူ၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး တောက်ပစွာ ပြုံးလျက် မေးလိုက်သည်။
"ကျွန်မ ရှင့်အတွက် ဗေဒင်တွက်ပေးရင် ဘယ်လိုလဲ..."
စစ်သူကြီးက တုန်လှုပ်သွားပြီး သူ၏ မျက်နှာပေါ်တွင် ချွေးပေါက်ကြီးများ စီးကျလာလေသည်။ သူသည် ယွင်ဟွားကို ဖားယားသော အပြုံးဖြင့် ပြုံးပြလိုက်သည်။
"မလိုပါဘူး... မလိုပါဘူး... ကျွန်တော်က မျက်စိကန်းပြီး မိုက်မဲလွန်းလို့ပါ... အမတ်ချွေ့ကို အခုချက်ချင်း တောင်းပန်ပါ့မယ်..."
ထိုသို့ပြောပြီးနောက် သူက ချွေ့ရှီယန်ဘက်သို့ လှည့်လိုက်ရာ သူ၏ မျက်နှာတွင် ဖားယားသော အပြုံးများ ပြည့်နှက်နေသည်။
"အမတ်ချွေ့... အတိတ်က ကျွန်တော် ခင်ဗျားကို စော်ကားမိခဲ့တယ်... ခင်ဗျားအနေနဲ့ သဘောထားကြီးကြီးထားပြီး သာမန်လူမိုက်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အပေါ် အငြိုးမထားဘူးလို့ မျှော်လင့်ပါတယ်..."
သူသည် ခါးကို ညွှတ်ကာ ရိုသေသည့် အမူအရာဖြင့် လက်ကို ယှက်လိုက်ရာ သူ၏ စောစောက ဝင့်ကြွားနေသော ဟန်ပန်နှင့် လုံးဝ ကွဲပြားသွားသည်။ ခေါင်းကို မည်သည့်အချိန်တွင် ညွှတ်ရမည်ကို သူ သိလေသည်... မည်သို့ပင်ဖြစ်စေ အမတ်ငယ်ယွင်၏ ဗေဒင်တွက်ပေးခြင်းကို သူ မခံချင်ပေ။
ထိုအခါ ယွင်ဟွားက ကျေနပ်စွာဖြင့် အသံပြုလိုက်သည်။
ထို့နောက် သူမ၏ ဝိုင်းစက်နေသော မျက်လုံးများသည် ငုံးငှက်များကဲ့သို့ ဟန်ဆောင်နေကြသော စစ်အရာရှိများအပေါ်သို့ ရောက်ရှိသွားပြီး သူမ၏ မျက်နှာလေးပေါ်တွင် အံ့အားသင့်သည့် အမူအရာများ ပြည့်နှက်နေသည်။
"ကောင်းပြီလေ... ကျွန်မ... ရှင်တို့အတွက် ဝန်လေးစွာနဲ့ပဲ ဗေဒင်တွက်ပေးပါ့မယ်..."
ထိုသို့ပြောပြီးနောက် သူမသည် သူတို့ဆီသို့ ခုန်ဆွခုန်ဆွဖြင့် သွားသည်။ သူမ၏ စိတ်လှုပ်ရှားနေသော အမူအရာသည် စစ်အရာရှိများကို ကြောက်မက်ဖွယ်ကောင်းသော ရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားရစေသည်။
"အမတ်ချွေ့... ကျွန်တော့်ရဲ့ အရင်က မဆင်မခြင် လုပ်ရပ်တွေအတွက် တောင်းပန်ပါတယ်..."
"ဟုတ်ပါတယ်... ဟုတ်ပါတယ်... ကျွန်တော်က သိုင်းပညာရှင်တစ်ယောက်ပါ... မှားယွင်းတဲ့ ကောလာဟလတွေကို ယုံကြည်ပြီး ခင်ဗျားကို အထင်လွဲမိတယ်... ခင်ဗျားအနေနဲ့ ကျွန်တော့်အပေါ် အငြိုးမထားဘူးလို့ မျှော်လင့်ပါတယ်..."
"ကျွန်တော်လည်း အတူတူပါပဲ... ရွှီက မျက်စိကန်းပြီး အမှန်တရားကို မရှာဖွေခင် ခင်ဗျားကို မသင်္ကာမဖြစ်သင့်ပါဘူး..."
"အမတ်ချွေ့..."
"..."
စစ်အရာရှိများသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ အပြေးအလွှား ထွက်လာကြပြီး တောင်းပန်ကြရာ နောက်ကျသွားပါက အမတ်ငယ်ယွင်၏ ဖမ်းဆီးခြင်းကို ခံရမည်ကို ကြောက်ရွံ့နေကြသည်။
ချွေ့ရှီယန်၏ မျက်နှာမှာ ဝမ်းမြောက်မှုများဖြင့် တောက်ပနေလေသည်။ ဤမိန်းကလေးသည် မိမိ၏ မိသားစုအကြောင်း အတင်းအဖျင်း မပြောသရွေ့ အလွန် ချစ်စရာကောင်းလှသည်။
ဝါး...
သူ၏ ဇနီးသည်က သူ့ကို ချစ်စရာကောင်းသော သမီးလေးတစ်ယောက် ဘာကြောင့် မမွေးပေးခဲ့သနည်း။
ဧကရာဇ်ဝမ်ရွှမ်းသည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေစဉ် ရယ်မောခြင်းကို မထိန်းနိုင်လုနီးပါး ဖြစ်နေလေသည်။ မဆိုးပေ... မဆိုးပေ... ဤမိန်းကလေးသည် သူ၏ အကြိုက်နှင့် အလွန်ကိုက်ညီလေသည်။
သူသည် အထိန်းတော်ချောင်ကို လက်ယပ်ခေါ်ကာ ညွှန်ကြားလိုက်သည်။
"ဒီနေ့မှစပြီး ဒီမိန်းကလေးရဲ့ ကုသိုလ်ကောင်းမှုအားလုံးကို ငါကိုယ်တော် မှတ်တမ်းတင်မယ်..."
သူမသည် မင်းသမီးတစ်ပါးဖြစ်ချင်ကြောင်း အမြဲတမ်း ပြောဆိုနေခဲ့သည် မဟုတ်ပါလော။ သူမ၏ ကုသိုလ်ကောင်းမှုများ လုံလောက်စွာ စုဆောင်းမိသည်နှင့်တစ်ပြိုင်နက် သူသည် သူမအား ဘွဲ့တစ်ခု ချီးမြှင့်ပေမည်။
ဟားဟား... သူသည် ယနေ့ အလွန် ပျော်ရွှင်နေလေသည်။ နန်းတွင်းမှ အဂတိလိုက်စားသော အရာရှိတစ်ဦးကို ထပ်မံ ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်လေသည်။
သူက လည်ချောင်းတစ်ချက် ဟန့်လိုက်၏။
ရွှယ်တယုံအား လုံရှန်စစ်သူကြီး ဘွဲ့ကို သေလွန်ပြီးမှ ချီးမြှင့်ခဲ့ပြီး သူ၏ အောင်မြင်မှုများကို အပြာရောင် ကျောက်တုံးပေါ်တွင် ထွင်းထုကာ နောင်လာနောက်သားများထံ လက်ဆင့်ကမ်းရန် မှတ်တမ်းတင်ခဲ့သည်။
"တုံလင်နိုင်ငံရဲ့ ပြည်သူအားလုံးက လုံရှန်စစ်သူကြီးကို စံပြအဖြစ် သတ်မှတ်ကာ ဧကရာဇ်အပေါ် သစ္စာရှိပြီး နိုင်ငံတော်ကို ချစ်မြတ်နိုးကာ နယ်မြေကို ကာကွယ်ရမည်... သစ္စာရှိသော အရာရှိများကို မဟုတ်မမှန် စွပ်စွဲသူ သို့မဟုတ် ဧကရာဇ်ကို လှည့်စားသူ မည်သူ့ကိုမဆို ချွင်းချက်မရှိ ပြင်းထန်စွာ အပြစ်ပေးမယ်..."
"အရှင်မင်းကြီး ဉာဏ်ပညာ ကြီးမားလှပါတယ်..."
ယွင်ဟွားသည် ဗေဒင်တွက်ခြင်းဖြင့် စုန့်ချန်ကျိုး၏ ဆိုးရွားလှသော ပြစ်မှုများကို ဖော်ထုတ်ပေးခဲ့သောကြောင့် နာမည်ကြီးလာခဲ့သည်။ ဤအရာက အချို့သော လူများကိုလည်း နှုတ်ဆိတ်သွားစေခဲ့သည်။
သူမသည် ခေါင်းကို မော့ကာ ရင်ကိုကော့လျက် တော်ဝင်ညီလာခံခန်းမထဲမှ ထွက်ခွာလာခဲ့သည်။ နက္ခတ်တာရာ လေ့လာရေးဌာနရှိ သူမ၏ ရာထူးမှာ လုံခြုံသွားပြီ ဖြစ်သည်။
ယွင်ဟွားသည် ဝန်ကြီးချုပ်အိမ်တော်သို့ ပြန်ရောက်ရောက်ချင်း အိပ်ရာပေါ်တွင် လှဲလျောင်းကာ တစ်ရေးအိပ်ရန် ပြင်ဆင်နေစဉ် သူမ၏ တတိယအစ်မ ယွင်ဝေက အိပ်ရာထဲမှ ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်။
"တတိယအစ်မ... အစ်မ... အစ်မ ဝေးဝေးနေစမ်းပါ..."
ယွင်ဟွားသည် အနိုင်ကျင့်ခံရသော ဇနီးငယ်လေးတစ်ဦးကဲ့သို့ ထိတ်လန့်နေသော အမူအရာဖြင့် ယွင်ဝေကို ကြည့်ကာ သူမ၏ ကော်လာကို ဆုပ်ကိုင်ထားသည်။
ယွင်ဝေသည် နှုတ်ခမ်းကို တွန့်လိုက်ပြီး ယွင်ဟွားကို လျင်မြန်သော လှုပ်ရှားမှုအနည်းငယ်ဖြင့် ဖမ်းဆွဲကာ အဝတ်အစားများ လဲလှယ်ပေးလိုက်သည်။ ဘေးမှ ကြည့်နေသော ထောင်ကျီသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။ တတိယသခင်မလေးသည် အလွန် ကြမ်းတမ်းလှသည်။
"တတိယအစ်မ..."
ယွင်ဟွားသည် လုံးဝ မျှော်လင့်ချက် မဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ မိခင်သည် အိမ်တော်အသီးသီးရှိ ဧည့်ခံပွဲများသို့ သူမကို ခေါ်ဆောင်သွားရန် အမြဲတမ်း ပြတ်သားစွာ ငြင်းဆန်ခဲ့သော်လည်း ယနေ့တွင် အဘယ်ကြောင့် သဘောတူခဲ့ရသနည်း။
"တတိယအစ်မ… ညီမ ပွဲတော်ကို မသွားချင်ဘူး..."
ယွင်ဟွားသည် တံခါးဘောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး လွှတ်ပေးရန် ငြင်းဆန်နေလေသည်။
"ပါးစပ်ပိတ်ထားစမ်း..."
မင်ယွမ်နယ်စားအိမ်တော်သို့ ဇာတ်လမ်းသွားကြည့်ချင်သောကြောင့်သာ မဟုတ်ပါက သူမကိုယ်တိုင်လည်း အပြင်ထွက်ရန် ဝန်လေးနေမည် ဖြစ်ရာ ယွင်ဝေသည် ယွင်ဟွား၏ လက်ကို တံခါးမှ ခွာချရန် ကြိုးစားသည်။
ယွင်ဝေက သူမကို စိုက်ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
“အမေက နင့်ကို ဘယ်အိမ်တော်ကို ခေါ်သွားမယ်ဆိုတာ နင် သိရဲ့လား..."
"ဘယ်အိမ်တော်လဲ..."
"မင်ယွမ်နယ်စားအိမ်တော်..."
ထိုစကားလုံးများကို ကြားသည်နှင့်တစ်ပြိုင်နက် ယွင်ဟွားက တံခါးဘောင်ကို ဆုပ်ကိုင်ထားရာမှ ချက်ချင်း လွှတ်လိုက်ပြီး ခုန်ထလိုက်သည်။
"ကျစ်... အဲ့မိန်းမပဲ..."
ယွင်ဟွား၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပင် လှည့်ကာ အခန်းထဲသို့ ပြေးဝင်သွားလေသည်။
"ဒီတစ်ကြိမ် ဘယ်သွားမလို့လဲ..."
ယွင်ဝေသည် ယွင်ဟွားနောက်မှ အခန်းထဲသို့ လိုက်ဝင်သွားရာ သူမ အဝတ်အစားများ ချွတ်နေသည်ကို မြင်လိုက်ရသည်။ သူမသည် အလန့်တကြားဖြစ်သွားပြီး တားဆီးရန် အမြန် ရှေ့တိုးလာကာ မေးလိုက်သည်။
"နင်... နင် တကယ် မသွားချင်လို့လား..."
"ညီမ မသွားချင်ဘူးလို့ ဘယ်သူပြောလဲ..."
ယွင်ဟွားသည် သူမ လုပ်နေသည့်အရာကို ဆက်လုပ်နေပြီး လဲလှယ်ထားသော အရာရှိဝတ်စုံကို ထုတ်ယူကာ လှောင်ပြောင်လိုက်သည်။
"မင်ယွမ်နယ်စားအိမ်တော်က အဲ့မိန်းမက ငါတို့ရဲ့အမေကို သူမ မိသားစုရဲ့ သာယာမှုတွေကို ပြသဖို့ ကြိုးစားနေတာ ရှင်းနေတာပဲ... ညီမက ဒီအရာရှိဝတ်စုံကို ဝတ်ပြီး သွားမယ်... အမေ့ရဲ့ မျက်နှာကို ကယ်တင်ဖို့အတွက် သူမကို မျက်နှာဖြတ်ရိုက်ပစ်မယ်..."
ထို့နောက် သူမက စိတ်ထဲမှ ရေရွတ်လိုက်သည်။
“ပြီးတော့ အဲ့နေရာကိုရောက်ရင် ဗေဒင်တွက်ပေးဦးမယ်... ဟီးဟီး…”
သခင်မကျိုးတွင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိကြောင်း ရှောင်ရှူးရှူးက အရင်က သူမကို ပြောပြခဲ့သည်ကို သူမ မှတ်မိနေသည်။ ဤမိန်းမသည် သူမ၏ မိခင်ကို အမြဲတမ်း အနှောင့်အယှက်ပေးနေခြင်းမှ ရပ်တန့်သွားစေရန် သူမ တစ်ခုခု လုပ်ရမည့်ပုံ ပေါ်လေသည်။
အရင်က သူမတို့ အပြင်မထွက်နိုင်သဖြင့် အခွင့်အရေး မရှိခဲ့ပေ။ ယခုမူကား... ဟီးဟီး…
ယွင်ဝေ……
ညီမလေး၏ အပြုံးက အဘယ်ကြောင့် ဤမျှ ထူးဆန်းနေသနည်း။
ချွေ့ဝမ်ရှင်းသည် အရာရှိဝတ်စုံနှင့် ယွင်ဟွားကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိသွားပြီး သူမ၏ နှာခေါင်းကို ချစ်ခင်ကြင်နာစွာ ပုတ်လိုက်လေသည်။
"ငါ့သမီးက အရမ်းလိမ္မာပါးနပ်တယ်..."
ဤမိန်းကလေးသည် သူမ ပြင်ဆင်ပေးထားသော အဝတ်အစားများကို မဝတ်ဆင်ဘဲ အရာရှိဝတ်စုံကို ဝတ်ဆင်ထားသည်။ ဤသည်မှာ သူမအား မျက်နှာသာပေးရန် ရှင်းလင်းစွာ ပြသနေခြင်း မဟုတ်ပါလော။
ယွင်ဟွားသည် ချွေ့ဝမ်ရှင်းကို ချစ်ခင်စွာ ဖက်တွယ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"သေချာတာပေါ့... သမီးက အမေ့ဆီက မွေးဖွားလာတာဆိုတော့ အဖေနဲ့မတူဘဲ အမေနဲ့ ပိုတူတာပေါ့..."
ယွင်ဟွား၏ မျက်လုံးများ ဟိုဟိုဒီဒီ ရွေ့လျားသွားသည်။ ဖခင် မရှိခိုက် သူမသည် မိခင်ကို ပျော်ရွှင်စေရန် အစွမ်းကုန် ကြိုးစားရမည် ဖြစ်သည်။
"စကားကချိုလိုက်တာ..."
ယွင်ယာသည် မိခင်နှင့် ညီမများ ထွက်ခွာသွားသည်ကို မနာလိုသော အကြည့်ဖြင့် ကြည့်နေသည်။ အကယ်၍ ထိုစဉ်က သူမကို သခင်မကျိုးက ပစ်မှတ်ထားခြင်း မခံရပါက ဇာတ်လမ်းသွားကြည့်ရန် သူမတို့နှင့်အတူ လိုက်သွားချင်မိမည် ဖြစ်သည်။
မြင်းလှည်းသည် တကျွိကျွိ မြည်သံများဖြင့် ရှေ့သို့ ရွေ့လျားသွားသည်။
ယွင်ဟွားကဲ့သို့ပင် ရှင်ခြင်းသေခြင်းစာအုပ်သည်လည်း အိမ်ပြင်သို့ ထွက်ခဲလှလေသည်။ သူသည် မြင်းလှည်းကုလားကာ၏ ထောင့်တစ်နေရာကို မကာ အပြင်ဘက်ရှိ စည်ကားနေသော လမ်းမကို စူးစမ်းလိုစိတ်ဖြင့် ချောင်းကြည့်နေမိသည်။
ရုတ်တရက်...
မလှမ်းမကမ်းတွင် သာမန် မြင်းလှည်းတစ်စီးသည် လက်ဖက်ရည်ဆိုင်ရှေ့၌ ရပ်တန့်သွားပြီး လင်းဝမ်ယွဲ့၏ ပုံရိပ်ကို ရှင်ခြင်းသေခြင်းစာအုပ်ထဲတွင် မသဲမကွဲ မြင်တွေ့လိုက်ရသည်။
၎င်းမှာ အလွန်ထိတ်လန့်သွားပြီး အော်ဟစ်လုနီးပါး ဖြစ်သွားလေသည်။ သူမ ဤနေရာသို့ ဘယ်လိုလုပ် ရောက်လာတာလဲ... သူမကို ဧကရာဇ်က အကျယ်ချုပ် ချထားသည် မဟုတ်ပါလော။
ရှင်ခြင်းသေခြင်းစာအုပ်၏ မျက်နှာထားက တင်းမာသွားသည်။ အိမ်ပြန်ရောက်သည်နှင့် ငရဲလကျောက်နှင့် သေချာပေါက် စကားပြောရမည် ဖြစ်လေသည်။ သူတို့သည် ထိုရေကြေးမုံကို မဖြစ်မနေ ရယူရမည် ဖြစ်လေသည်။
မင်ယွမ်နယ်စားအိမ်တော်...
ချွေ့ဝမ်ရှင်းသည် ယွင်ဟွားနှင့် ယွင်ဝေ ညီအစ်မနှစ်ဦးနှင့်အတူ နယ်စားအိမ်တော်သို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် လူအများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့လေသည်။ အချို့က တုန်လှုပ်သွားကြပြီး အချို့က အံ့အားသင့်သွားကြသည်။
အထူးသဖြင့် ယွင်ဟွားသည် ပဉ္စမအဆင့်အရာရှိကို ကိုယ်စားပြုသော အရာရှိဝတ်စုံကို ဝတ်ဆင်ထားသည်ကို မြင်သောအခါ ဤသခင်မလေးများမှာ အလွန် မနာလိုဖြစ်ကာ ဒေါသထွက်လုနီးပါး ဖြစ်သွားကြသည်။
"ကျစ်... သာမန် ဧည့်ခံပွဲလေးတစ်ခုပဲလေ... ဘာလို့ သာမန်အဝတ်အစား မဝတ်ဘဲ အရာရှိဝတ်စုံကို ဝတ်လာရတာလဲ... အဲ့တာ ကြွားဝါနေတာပဲ မဟုတ်ဘူးလား…”
ဝါဂွမ်းဝတ်စုံနှင့် မိန်းကလေးက သူမ၏ လက်ကိုင်ပဝါကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မနာလိုမှုကြောင့် မျက်လုံးများ နီရဲလျက် ပြောလိုက်သည်။
အသံမှာ မကျယ်လောင်သော်လည်း ပတ်ဝန်းကျင်ရှိ လူတိုင်း ရှင်းလင်းစွာ ကြားနိုင်သည်။
"စကားနည်းနည်း ပြောဖို့ အကြံပေးချင်ပါတယ်..."
ပြီးခဲ့သည့် နန်းတွင်းပွဲတော်တွင် ဖြစ်ပျက်ခဲ့သည့် အရာများသည် သူမ၏ အမြင်ကို အမှန်တကယ် ကျယ်ပြန့်စေခဲ့သောကြောင့် ယွင်ဟွား၏ အကြည့်များ သူမတို့အပေါ် ကျရောက်လာသည်ကို မြင်သောအခါ ယွင်ဟွား၏ အတွင်းစိတ်အသံကို ကြားနိုင်သော မိန်းကလေးတစ်ဦးက သူမအား ကြင်နာစွာ သတိပေးလိုက်သည်။
"သူမသည် ဧကရာဇ်နှင့် မယ်တော်ကြီးပင် အလိုလိုက်ထားသူဖြစ်ရာ နင့်ကို ဘာလို့ ကြောက်ရမှာလဲ..."