အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
အခန်း (၅၁) ကြွယ်ဝချမ်းသာမှုတို့ လျှံပယ်နေခြင်း
“ဟဲ့ ကောင်လေး... ဒါက ဘယ်သူလဲ...” ဟု ထန်ရုံကျီက မေးလိုက်လေ၏။
ရွှီပေါ်အန်းက ခပ်ယဲ့ယဲ့ အပြုံးဖြင့် ပြန်လည် ရှင်းပြလိုက်လေသည်။
“အမေ... ဒါက လွန်ခဲ့တဲ့ နှစ်ရက်လောက်က အမေ ကျွန်တော့်ကို မိတ်ဆက်ပေးခဲ့တဲ့ အောင်သွယ်ပေး တဲ့ပွဲက မိန်းကလေးလေ...။”
“အို... ဒါ ချန်အဒေါ် ပြောနေတဲ့ ဖိန်ဖိန်လား...။ သူ ပြောတာ မမှားဘူးပဲ...၊ ဒီမိန်းကလေးက တကယ့်ကို အလှလေးပဲ...။ ကြည့်ရတာ ‘မြွေဖြူမလေး ဒဏ္ဍာရီ’ ထဲက မြွေဖြူမလေးနဲ့တောင် ဆင်သလိုပဲ... ။ တကယ့်ကို ရှားပါးတဲ့ အလှလေးပါလား...။ မင်းတို့နှစ်ယောက်က... ချစ်သူတွေ ဖြစ်နေကြပြီလား...”
လူကြီးသူမများမှာ ဤကဲ့သို့သော ရုပ်ရည်သွင်ပြင်ရှိသည့် ချွေးမမျိုးကို ပို၍ သဘောကျတတ်ကြ သည်မှာ ငြင်းမရသော အချက်ပင် ဖြစ်လေ၏။
ရွှီပေါ်အန်း တစ်စုံတစ်ရာ မရှင်းပြနိုင်မီမှာပင် သားအမိနှစ်ယောက်၏ တီးတိုးစကားသံကြောင့် ဆိုဖာပေါ် တွင် မှေးခနဲ အိပ်ပျော်နေခဲ့သော ချန်ဖိန်ဖိန် နိုးလာခဲ့လေသည်။ သူမသည် မျက်လုံးကို ပွတ်သပ်ရင်း လူအုပ်ကို မြင်သည်နှင့် အမြန် ထရပ်ကာ နှုတ်ဆက်လိုက်လေသည်။
“ဒါက ရွှီပေါ်အန်းရဲ့ ဖေဖေနဲ့ မေမေ ဖြစ်မှာပဲနော်...။ တောင်းပန်ပါတယ်...။ အစားအသောက်တွေ ချက်ပြုတ်ပြီးတော့ ဆိုဖာပေါ်မှာ ခဏထိုင်စောင့်ရင်း ဘယ်လိုကနေ ဘယ်လို အိပ်ပျော်သွားမှန်း မသိလိုက်လို့ပါ...။”
ထိုစကားကို ကြားသောအခါ ရွှီပေါ်အန်းသည် ထမင်းစားခန်းဘက်သို့ မသိမသာ လှမ်းကြည့်လိုက်မိပြီး အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရလေသည်။
အမှန်တကယ်ပင် ထမင်းစားပွဲပေါ်တွင် ဟင်းလျာများနှင့် စွပ်ပြုတ်ပေါင်း ဆယ်မျိုးကျော်ကို သေသပ်စွာ ခင်းကျင်းထားပြီး ပန်းကန်၊ ခွက်၊ သောက်စရာများနှင့် တူများကိုပင် စနစ်တကျ ပြင်ဆင်ထားချေ၏။ ထို့အပြင် အိမ်၏ အချို့နေရာများတွင် ပန်းပွင့်များ ဝေဆာနေသော ပန်းအိုးများကိုပါ လှပစွာ စီစဉ် ထားသည်ကို တွေ့လိုက်ရလေသည်။
ထန်ရုံကျီသည် ပို၍ပင် ဝမ်းသာအားရ ဖြစ်သွားကာ ‘တကယ့်ကို လိမ္မာပါးနပ်ပြီး အိမ်မှုကိစ္စ နိုင်နင်းတဲ့ မိန်းကလေးပဲ’ ဟု တွေးတောမိနေတော့၏။
ထန်ရုံကျီက ရွှီပေါ်အန်းကို စနောက်သည့်အနေဖြင့် ခပ်ဖွဖွ ပုတ်လိုက်လေသည်။
“မင်းကတော့လေ...၊ တို့တွေ အပြင်မှာ စားကြမယ်ဆိုတာကို ဖိန်ဖိန်ကို ဘာလို့ ကြိုမပြောထားရတာ လဲ...။”
ရွှီပေါ်အန်းမှာလည်း အခက်တွေ့နေရ၏။ ချန်ဖိန်ဖိန်က အိမ်တွင် နေရစ်ကာ ဟင်းချက်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ရွှီပေါ်အန်း မိခင်၏ စကားကို ကြားသောအခါ ချန်ဖိန်ဖိန်၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အရိပ် အယောင်လေး တစ်ချက် ဖြတ်ပြေးသွားသော်လည်း သူမက ချက်ချင်းပင် ပြန်လည် ပြုံးလိုက်ကာ ပြော လိုက်လေသည်။
“ဦးလေးနဲ့ အဒေါ်... ဒါ ကျွန်မရဲ့ အမှားပါ...။ ရွှီပေါ်အန်းကို ကြိုမမေးမိတာ ကျွန်မ သေချာ မစဉ်းစားမိ လိုက်လို့ပါ...။”
“ဒီကောင်လေးကို ကာကွယ်ပေးမနေနဲ့လေ...။” ဟု ပြောဆိုရင်း သူတို့အားလုံး အိမ်ထဲသို့ ဝင်လာကြ၏။
စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်ရင်း ထန်ရုံကျီက နှမြောတသစွာ ပြောလိုက်သည်။
“အိုး... ဟင်းတွေက တကယ့်ကို ကောင်းမွှေးနေတာပဲ...။ စားသောက်ဆိုင်ကြီးတွေက ဟင်းတွေနဲ့တောင် ယှဉ်လို့ရတယ်...။ ဒီလိုမှန်း သိရင် ဟိုတယ်ကို လုံးဝ သွားမှာ မဟုတ်ဘူး...။”
ချန်ဖိန်ဖိန်က သူမ၏ အေဗရွန်ကို ချွတ်လိုက်ရင်း ပြုံးကာ ပြောလိုက်လေ၏။
“အဒေါ် စားချင်တယ်ဆိုရင် နောက်တစ်ခါ ကျွန်မ ထပ်ချက်ပေးပါ့မယ်...။ ကဲ...၊ အဒေါ်တို့ ခရီးပန်းလာ မှာဆိုတော့ ခဏလောက် အနားယူလိုက်ပါဦး...။ ကျွန်မ ဆိုင်ကို ခဏသွားကြည့်လိုက်ဦးမယ်...။ နောက် မှပဲ အဒေါ်တို့ကို လာနှောင့်ယှက်တော့မယ်နော်...။”
“အေးပါ... အေးပါ...။ သမီးလည်း အလုပ်ရှိရင် သွားလေ...။ ဟဲ့ ကောင်လေး...၊ ဖိန်ဖိန်ကို လိုက်ပို့လိုက် ဦး...။”
ရွှီပေါ်အန်းသည် ချန်ဖိန်ဖိန်ကို ဗီလာအပြင်ဘက်အထိ လိုက်ပို့ပေးကာ အားနာစွာဖြင့် ပြောလိုက်လေ သည်။
“ဒီနေ့ ဖြစ်သွားတဲ့ ကိစ္စအတွက် တကယ်ပဲ တောင်းပန်ပါတယ်...။”
ချန်ဖိန်ဖိန်က ရယ်မောရင်း ပြန်ပြောလိုက်လေ၏။
“ဒါက ဘာကိစ္စရှိလို့လဲ...၊ အကူအညီ အနည်းနည်းပေးရုံနဲ့ ကျွန်မက ဒီအိမ်ကြီးမှာ အမြတ်တွေ အများ ကြီး ရခဲ့တာပဲ...။ ကျွန်မကသာ ပိုပြီး အားနာရမှာပါ...”
ရွှီပေါ်အန်းက ပြုံး၍ ခေါင်းကို ခပ်ယဲ့ယဲ့ ခါလိုက်ရင်း ပြောလိုက်သည်။
“ဒါက တစ်ကဏ္ဍစီပါ...၊ အရင်ကိစ္စတွေက ပြီးသွားပါပြီ...။ ဒီနေ့ တစ်နေ့လုံး အိမ်သန့်ရှင်းရေး လုပ်ပေး တာရော၊ ဟင်းချက်ပေးတာရောအတွက် ကျေးဇူးတင်ပါတယ်...။ မင်း တကယ် ပင်ပန်းသွားပြီ...။”
ချန်ဖိန်ဖိန်က စနောက်သည့်လေသံဖြင့် ပြောလိုက်လေ၏။
“သူဌေးရွှီက ဒီလောက် ချမ်းသာကြွယ်ဝပြီး အာဏာရှိတာဆိုတော့ အရင်ကိစ္စတွေ ပြီးသွားပြီလို့ ခံစားရမှာပေါ့...။ ဒါပေမဲ့ ကျွန်မတို့လို သာမန်မိသားစုကတော့ ဘယ်လိုလုပ် စိတ်အေးနိုင်ပါ့မလဲ...။ အိမ်မှုကိစ္စလေးတွေ ကူညီပေးနိုင်မှပဲ ကျွန်မတို့ စိတ်ထဲမှာ နည်းနည်း နေသာထိုင်သာ ရှိမှာလေ...။”
ထိုစကားကို ကြားသောအခါ ရွှီပေါ်အန်းသည် ရုတ်တရက် စိတ်ကူးတစ်ခု ရသွား၏။ ဤဗီလာကြီး၏ အိမ်မှုကိစ္စများကို ကူညီပေးမည့်သူ တစ်ဦး အမှန်တကယ် လိုအပ်နေသည် မဟုတ်ပါလော။
မည်သို့ပင်ဆိုစေ သူ၏ထံတွင် ငွေကြေး ချို့တဲ့ခြင်း မရှိတော့ရာ ဤအိမ်မှုကိစ္စ အဝဝကို သူကိုယ်တိုင် လုပ်နေရန် မလိုအပ်တော့ပေ။ တိုက်ဆိုင်စွာပင် သူ၏ မိခင်ကလည်း ချန်ဖိန်ဖိန်ကို သဘောကျနေ၏။ ချန်ဖိန်ဖိန်နှင့် သူသည် လက်ထပ်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ သူ့ကို ဂရုစိုက်ပေးမည့်သူ တစ်ဦး တော့ လိုအပ်ပေသည်။ ထိုသူမှာ ချန်ဖိန်ဖိန် ဖြစ်လာပါကလည်း မဆိုးလှပေ။
အရေးအကြီးဆုံးအချက်မှာ ဤသို့ ပြုလုပ်ခြင်းဖြင့် သူ၏မိခင်က သူ့ကို အိမ်ထောင်ပြုရန် ဖိအားပေးနေ ခြင်းကို ရပ်တန့်သွားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရွှီပေါ်အန်းအနေဖြင့် လက်ရှိတွင် အိမ်ထောင် ရေးကိစ္စက အနှောင့်အယှက် ပေးနေခြင်း သောကြောင့် ဖြစ်၏။
မှန်ပေသည်...။ လက်ရှိတွင် လုပ်ငန်းကိုသာ အာရုံစိုက်ရမည်...။ ဘွန်ဆိုင်းကမ္ဘာကို ဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်ခြင်းကိုသာ အာရုံစိုက်ရပေမည်...။
ထို့အပြင် ဤအရွယ်ရှိသော မိန်းကလေးများသည် ကျောင်းပြီးခါစ မိန်းကလေးငယ်များကဲ့သို့ ဟန်ဆောင်မှု များပြားခြင်း မရှိပေ။
ဒုတိယအချက်မှာ ချန်ဖိန်ဖိန်သည် အသေးစိတ် ဂရုစိုက်တတ်ပြီး နူးညံ့သိမ်မွေ့သော စရိုက်ရှိကာ ရုပ်ရည် မှာလည်း တင့်တယ်လှပပေသည်။ အရေးကြီးဆုံးအချက်မှာ ရွှီပေါ်အန်း ယခင်က ငှားရမ်းခဲ့ဖူးသော အိမ်ဖော်များနှင့် ကလေးထိန်းများမှာ ဤမျှ စိတ်ကျေနပ်မှု မပေးနိုင်ခဲ့ခြင်းပင် ဖြစ်၏။
သေချာသည်မှာ ချန်ဖိန်ဖိန်ကဲ့သို့သော အမျိုးသမီးတစ်ဦးကို ဤအလုပ်မျိုး စိတ်ပါလက်ပါ လုပ်ဆောင် လာစေရန်အတွက် ပေးရမည့် ကုန်ကျစရိတ်မှာ သာမန် အိမ်မှုကိစ္စ လုပ်ဆောင်သူများထက် များစွာ ပိုမိုမြင့်မားရပေလိမ့်မည်။
ရွှီပေါ်အန်းသည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြတ်သားစွာ ပြောလိုက်၏။
“အိမ်မှုကိစ္စတွေနဲ့ ပတ်သက်ရင်တော့ ကျွန်တော်က တကယ်ကို မကျွမ်းကျင်ပါဘူး...။ မင်းအတွက် အဆင်ပြေမယ်ဆိုရင် တစ်ခါတလေ အိမ်ကိုလာပြီးတော့ သန့်ရှင်းရေးနဲ့ ဟင်းချက်တာလေးတွေ ကူညီပေးနိုင်မလား...။ ဒါကို အလကား ခိုင်းမှာ မဟုတ်ပါဘူး...၊ တစ်လကို ငါးသောင်း ပေးပါမယ်...။ မင်း ဒါကို လက်ခံပေးနိုင်မလား...။”
“ငါးသောင်းလား...၊”
ချန်ဖိန်ဖိန်၏ နှလုံးခုန်သံများ မြန်ဆန်လာကာ သူမ၏ မျက်လုံးများ ပြူးကျယ်သွားရလေသည်။
သူမ၏ အဝတ်အထည်ဆိုင်မှာပင် တစ်နှစ်လုံးမှ အမြတ်ငွေ နှစ်သိန်းခန့်သာ ရရှိခြင်း ဖြစ်သော်လည်း ရွှီပေါ်အန်းက စတင်ကမ်းလှမ်းသည်နှင့် ငါးသောင်းဟု ဆိုလိုက်ချေပြီ။
မည်သူကများ ဤသို့သော ကမ်းလှမ်းမှုကို ငြင်းဆန်နိုင်ပါမည်နည်း...။
ချန်ဖိန်ဖိန်သည် စိတ်ကို အတည်ငြိမ်ဆုံး ထားလိုက်ပြီးမှ လေးနက်စွာ ပြန်ပြောလိုက်၏။
“ရွှီပေါ်အန်း...၊ အခု ဈေးကွက်ထဲမှာ ကျွမ်းကျင်တဲ့ သန့်ရှင်းရေး ကုမ္ပဏီကို ငှားမယ်ဆိုရင်တောင် တစ်လကို ငွေအနည်းငယ်ပဲ ကုန်မှာပါ...။ အိမ်မှာနေပြီး ကူညီပေးမယ့် ကလေးထိန်းဆိုရင်တောင် တစ်သောင်းဆိုရင် အရမ်း ကောင်းနေပြီလေ...။”
ရွှီပေါ်အန်းက တည်ငြိမ်စွာ ပြောလိုက်လေသည်။
“ကျွန်တော် သိပါတယ်...။ ဒါပေမဲ့ မင်းမြင်တဲ့အတိုင်းပါပဲ...၊ ကျွန်တော့်အမေက မင်းကို သဘောကျနေ တယ်...။ အမေကလည်း အသက်ကြီးလာပြီဆိုတော့ အမေ ပျော်ရွှင်မယ်ဆိုရင် ကျွန်တော် ကျေနပ်ပါ တယ်...။ ပိုက်ဆံဆိုတာက သေးငယ်တဲ့ ကိစ္စပါ...။ တကယ်လို့ ဒါက မင်းရဲ့ လုပ်ငန်းကို အနှောင့်အယှက် ဖြစ်စေမယ်ဆိုရင် ကျွန်တော် ပိုပေးပါ့မယ်... တစ်လကို ရှစ်သောင်းဆိုရင်ရော ဘယ်လိုလဲ...။”
“ရှစ်သောင်း...။”
ချန်ဖိန်ဖိန်မှာ စကားပင် မဆိုနိုင်တော့ပေ။ ဤမျှသော ငွေကြေးပမာဏဆိုလျှင် ငယ်ရွယ်လှပသော မိန်းကလေးများစွာပင် ဆွဲဆောင်ခံရပေလိမ့်မည်...။
ချန်ဖိန်ဖိန်၏ ဘဝတွင် လိုက်ဖက်သူများစွာ ရှိခဲ့သော်လည်း ရွှီပေါ်အန်းကဲ့သို့သော ချမ်းသာကြွယ်ဝပြီး၊ ရုပ်ရည်၊ စရိုက်နှင့် အလုပ်အကိုင် ကောင်းမွန်သူမှာမူ အကောင်းဆုံးထဲတွင် ပါဝင်ပေသည်။ အရေးကြီး ဆုံးမှာ ရွှီပေါ်အန်းနှင့်ဆိုလျှင် သူမအနေဖြင့် ချမ်းသာကြွယ်ဝသော အမျိုးသမီးတစ်ဦး ဖြစ်လာနိုင်သည့် အခွင့်အလမ်း အမှန်တကယ် ရှိနေခြင်းပင် ဖြစ်၏။
ဤအချက်တွင် ရွှီပေါ်အန်းသည် အခြားသူများထက် များစွာ ရှေ့သို့ ရောက်ရှိနေသည်မှာ ငြင်းဖွယ်မ ရှိပေ...။
ထို့အပြင် ချန်ဖိန်ဖိန်၏ မိခင်နှင့် ဖခင်မှာလည်း အသက်ကြီးလာပြီဖြစ်ကာ အငြိမ်းစားပင်စင်လည်း မရှိ ကြရာ ၎င်းတို့ကို ဂရုစိုက်ရန် ခိုင်မာသော ငွေကြေး အထောက်အပံ့ လိုအပ်နေပေသည်။ ဝမ်တန်း ပလာဇာရှိ သူမ၏ ဆိုင်မှာ ဝင်ငွေ အသင့်အတင့် ရှိသော်လည်း နှစ်လ၊ သုံးလအတွင်း တစ်နှစ်စာ ဝင်ငွေကို ရရှိနိုင်ခြင်းနှင့်တော့ မယှဉ်နိုင်ပေ။
ထို့အပြင် ဆိုင်ကို ဦးစီးရန်အတွက်လည်း တစ်စုံတစ်ဦးကို အလွယ်တကူ ငှားရမ်းထားနိုင်သည် မဟုတ်ပါလော။
ချန်ဖိန်ဖိန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ ငွေမက် သူတစ်ဦးကဲ့သို့ မပေါ်လွင်စေရန် ကြိုးစားရင်း ပြောလိုက်လေသည်။
“ရွှီပေါ်အန်း...၊ ရှင် ဒီလောက်ထိ မိဘကို သိတတ်တဲ့သူ ဖြစ်လိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားခဲ့ဘူး...။ ဒီအကြောင်းပြချက်တစ်ခုတည်းနဲ့တင် ဒီအလုပ်ကို ကျွန်မ လက်ခံပါ့မယ်...။”
ရွှီပေါ်အန်းက ပြုံးရွှင်သွားကာ ဝမ်းသာအားရပြောလိုက်လေသည်။
“ကောင်းပြီလေ...၊ ဒါဆို အလုပ်သဘောတူညီချက် ရသွားပြီပေါ့...။ ဒီနေ့ မင်းရဲ့ ဈေးဝယ်ချိန်တွေလည်း အများကြီး ကုန်သွားပြီဆိုတော့...၊ ရှစ်သောင်း မဟုတ်ဘဲ တစ်သိန်းပဲ ထားလိုက်ရအောင်...။ နောင်ကျ ရင်လည်း ဒီအတိုင်းပဲ သတ်မှတ်ထားလိုက်မယ်...။”
ရွှီပေါ်အန်းက ပြောရင်းဆိုရင်းပင် သူ၏ဖုန်းကို နှိပ်ကာ ချန်ဖိန်ဖိန်၏ အကောင့်ထဲသို့ ငွေများ တိုက်ရိုက် လွှဲပြောင်းပေးလိုက်လေတော့သည်။
[တိန်း... ဝီချက်မှ ငွေပေးချေမှု တစ်သိန်း လက်ခံရရှိပါသည်...။]
ရွှီပေါ်အန်းသည် ဝမ်တန်း ပလာဇာရှိ ချန်ဖိန်ဖိန်၏ ဆိုင်တွင် အဝတ်အစားများ ဝယ်ယူစဉ်က ငွေပေး ချေရန်အတွက် ချန်ဖိန်ဖိန်၏ ကုဒ်ကို ဓာတ်ပုံရိုက်ထားခဲ့ဖူးလေသည်။
ငွေလွှဲဝင်လာသည့် အသံကို ကြားသောအခါ ချန်ဖိန်ဖိန်မှာ အမှန်တကယ်ပင် အံ့အားသင့်သွားရတော့၏။ ဤသည်မှာ မည်သို့သော ဆုံးဖြတ်ချက်မျိုးပါနည်း...။ ဈေးနှုန်းကို ဤမျှ လွယ်ကူစွာ တိုးမြှင့်လိုက်ရုံ သာမက ဆယ်သိန်း၊ ရာသိန်းချီသော ငွေများကို ချက်ချင်း လွှဲပေးလိုက်ခြင်းမှာ အလွန်ပင် ပေါ့ပေါ့ပါးပါး နိုင်လွန်းသည် မဟုတ်ပါလော။
“မဟုတ်ဘူး... မဟုတ်ဘူး... ဒါက အရမ်းများလွန်းတယ်...။ ရွှီပေါ်အန်း...၊ ရှင် တကယ်ကို ပေါ့ပေါ့တန် တန်လုပ်လွန်းနေပြီ...။”
ချန်ဖိန်ဖိန်မှာ အနည်းငယ် ပျာယာခတ်သွားရလေသည်။
ရွှီပေါ်အန်းက လေးနက်သော လေသံဖြင့် ပြောလိုက်လေ၏။
“ကျွန်တော်က ပေါ့ပေါ့တန်တန် လုပ်တတ်တဲ့သူ မဟုတ်ပါဘူး...။ ဒါကို သေချာ စဉ်းစားပြီး လေးလေး နက်နက် လုပ်ဆောင်လိုက်တာပါ...။ မင်းက ဒီနေရာကို ကိုယ့်အိမ်လို သဘောထားပြီး သေသပ်အောင် လုပ်ပေးနိုင်တာက ဈေးကွက်ထဲက ကျွမ်းကျင်ကုမ္ပဏီတွေ လုံးဝ မလုပ်ပေးနိုင်တဲ့ အရာပါ...။”
‘ပေါ့ပေါ့တန်တန် မဟုတ်ဘူး...။ လေးလေးနက်နက်...။ ကိုယ့်အိမ်လို သဘောထားတယ်...။’
ထိုစကားများကို ကြားရသောအခါ ချန်ဖိန်ဖိန်၏ မျက်နှာမှာ နီမြန်းသွားပြီး နှလုံးခုန်သံများ မြန်လာ ရလေသည်။ ရွှီပေါ်အန်း၏ စကားများတွင် တစ်စုံတစ်ခုသော အနက်အဓိပ္ပာယ် ပါဝင်နေသကဲ့သို့ သူမ ခံစားလိုက်ရ၏။
ရွှီပေါ်အန်းက ဆက်ပြောလိုက်ပြန်သည်။
“အော်... ဟုတ်သားပဲ...။ မင်း ဖို့ဒ် ကားကို ဝယ်ဖို့ အချိန်မရသေးဘူး မဟုတ်လား...။ အဲဒါကို မေ့လိုက် ပါတော့...။ ကြည့်ရတာ ဘီအမ်ဒဗလျူ ကားက မင်းနဲ့ ပိုလိုက်ဖက်မယ် ထင်တယ်... ။ ဈေးဝယ်ထွက်ဖို့ အတွက် ဘီအမ်ဒဗလျူ တစ်စီးကို ငါ စီစဉ်ပေးပါ့မယ်...။ ငါးသိန်းဆိုရင် မင်းရဲ့ အသုံးစရိတ်အတွက် လောက်ငှပါ့မလား...။”
ထိုစကားကို ကြားသောအခါ ချန်ဖိန်ဖိန်မှာ ထပ်မံ ထိတ်လန့်သွားရပြန်ပြီး လေးနက်စွာ ပြောလိုက်လေ သည်။
“ရှင် ဘာတွေ လုပ်နေတာလဲ...။ တကယ်ပဲ ဒီလောက်အထိ လုပ်ဖို့ မလိုပါဘူး...။ ကျွန်မက ရှင့်ရဲ့ မိဘကို သိတတ်တဲ့ စိတ်ကို ကူညီဖြည့်ဆည်းပေးရုံတင်ပါ...။”
“မင်းရဲ့ စေတနာကို ကျွန်တော် သိပါတယ်...။ တို့တွေ သိကျွမ်းခဲ့တာ မကြာသေးပေမဲ့ မင်းက နူးညံ့ သိမ်မွေ့ပြီး၊ လိမ္မာယဉ်ကျေးပြီးတော့ စိတ်ရင်းမှန်တဲ့ အမျိုးသမီးတစ်ဦးဆိုတာကို ကျွန်တော် ခံစား မိပါတယ်....။”
ရွှီပေါ်အန်းက ချန်ဖိန်ဖိန်၏ စကားကို ဖြတ်ပြောလိုက်လေ၏။
ထို့နောက် သူသည် မော့မကြည့်ဘဲ ဖုန်းကို ဆက်လက် နှိပ်ရင်း ပြောလိုက်လေသည်။
“အဓိက ပြဿနာက ဒီဗီလာ ဧရိယာက တော်တော် ကျယ်ဝန်းတာလေ...။ ကားမရှိဘဲနဲ့ ဈေးဝယ်ထွက်ဖို့ ဆိုတာ အဆင်မပြေဘူး...။ နောက်ပြီး ကျွန်တော့် မိဘတွေ ဒီမှာ နေနေတဲ့ အချိန်အတွင်းမှာ ကျွန်တော်က ကုမ္ပဏီမှာ အလုပ်လုပ်နေရင် အိမ်မှာ ကားတစ်စီး မရှိတာက တကယ်ကို အဆင်မပြေလို့ပါ...။”
[တိန်း... ဝီချက်မှ ငွေပေးချေမှု ငါးသိန်း လက်ခံရရှိပါသည်...။]
ချန်ဖိန်ဖိန်သည် သူမ၏ အကောင့်ထဲသို့ အမှန်တကယ် ရောက်ရှိလာသော ငွေပမာဏကြီးကို ကြည့်ရင်း ဝေခွဲမရ ဖြစ်သွားကာ ရွှီပေါ်အန်းကို မော့ကြည့်လိုက်လေ၏။
“ရွှီပေါ်အန်း...၊ ရှင် ဘာတွေ လုပ်နေတာလဲ...။ တကယ်ပဲ ဒီလောက် တန်ဖိုးကြီးတဲ့ ကားကို ဝယ်ဖို့ မလို ပါဘူး...။ ဈေးဝယ်ဖို့ဆိုရင် သောင်းဂဏန်းလောက်ပဲ တန်တဲ့ လျှပ်စစ်စကူတာလေး ရှိရင်တောင် တော် တော်လေး အဆင်ပြေနေပါပြီ...။”
ရွှီပေါ်အန်းက ဖုန်းကို သိမ်းလိုက်ရင်း ပြုံးကာ ပြောလိုက်လေသည်။
“မင်း တခြား ကြိုက်တဲ့ ကားရှိရင်ဖြစ်ဖြစ်၊ ကားပါကင် အဆင်ပြေဖို့ စဉ်းစားတာပဲဖြစ်ဖြစ် မင်း ကြိုက်တာကိုသာ ဝယ်လိုက်ပါ...။ အားလုံးက မင်းရဲ့ စိတ်ကြိုက်ပါပဲ...။ ဘာပဲဖြစ်ဖြစ် အသုံးစရိတ် လောက်ငှအောင်တော့ ကျွန်တော် သေချာ လုပ်ပေးပါ့မယ်...။ မင်းက ဒီအရာတွေနဲ့ ထိုက်တန်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်...။”
ချန်ဖိန်ဖိန်၏ မျက်နှာပေါ်မှ ပြောင်းလဲနေသော အမူအရာများကို ကြည့်ရင်း ရွှီပေါ်အန်းသည် စိတ်ကျေ နပ်မှုကို ခံစားလိုက်ရ၏။ လူတွေ ဘာကြောင့် ငွေရှိတာကို သဘောကျကြသလဲ ဆိုသည်မှာ မဆန်း တော့ပေ။ ငွေကြေးသည် လူတစ်ဦးကို တကယ့်ကို စိတ်ကျေနပ်မှု ရရှိစေသည် မဟုတ်ပါလော။
ရွှီပေါ်အန်းသည် ဤနေရာတွင် သူ၏ ကြွယ်ဝချမ်းသာမှုနှင့် အရှိန်အဝါကို ထုတ်ဖော်ပြသနေခြင်း ဖြစ် လေသည်။ သို့သော် ဘွန်ဆိုင်းကမ္ဘာထဲတွင်မူ လီချိန်းရှီသည် သူ၏ ကြီးမားလှသော ကြွယ်ဝမှုများဖြင့် ရွှီပေါ်အန်းထက်ပင် ပိုမို၍ ခမ်းနားစွာ လုပ်ဆောင်နေသည်ကိုမူ မည်သူမျှ မသိရှိနိုင်ခဲ့ကြပေ။
အခန်း (၅၂) ဒါအကုန်ပဲလား...
သူ၏ ကိုယ်ပေါ်တွင် ရွှေတုံးတစ်တုံးကို ဆောင်ထားပြီး အိမ်တွင်လည်း ရွှေကြိတ်ဆုံတစ်ခု ရှိနေပေ သည်...။ ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သူမဆို ဈေးဝယ်ထွက်သည့်အခါ ဘဝင်မြင့်ကာ စိတ်ကြိုက် ခြယ်လှယ်နိုင်သည်မှာ သဘာဝပင် ဖြစ်လေ၏...။
ကျိုးကြောင်းဆီလျော်စွာ စဉ်းစားလျှင် လီချိန်းရှီသည်လည်း ထိုကဲ့သို့သော ခံစားချက်မျိုး ရှိနေသင့် ပေသည်...။
သို့သော် ထိုကောင်လေးမှာ တကယ်ကိုပင် အောက်ခြေကျလွန်းလှ၏...။ လီချိန်းရှီသည် မြင်းလှည်းဖြင့် နှစ်နာရီ၊ သုံးနာရီခန့် ခရီးနှင်လာခဲ့ရသဖြင့် အလွန်အမင်း ဗိုက်ဆာနေသော်လည်း ဝမ်းဖြည့်ရန်အတွက် စားသောက်ဆိုင်သို့ သွားရန် အကြံပြုခြင်းပင် မရှိခဲ့ပေ...။
ကံကောင်းထောက်မစွာဖြင့် စွန်းဝေဝေမှာ အလွန်ပင် အလိုက်သိတတ်လှပေသည်...။ သူမသည် ခရိုင်မြို့ထဲသို့ ရောက်သည်နှင့် လီချိန်းရှီအတွက် အစားအစာအချို့ ပြင်ဆင်ပေးရန် စွန်းမိသားစု ငွေပန်းထိမ်ဆိုင်၏ စားဖိုဆောင်ဝန်ထမ်းများကို ချက်ချင်း ညွှန်ကြားလိုက်လေ၏...။
သို့သော် စွန်းဝေဝေသည် လီချိန်းရှီနှင့်အတူ ထမင်းစားခွင့် မရရှိခဲ့ပေ...။ လာရာလမ်းတစ်လျှောက်လုံး တွင်ပင် လီချိန်းရှီသည် လှည်းမောင်းသူ ဦးလေးလင်းနှင့်အတူ မြင်းလှည်းအပြင်ဘက်၌သာ တစ်ချိန်လုံး ထိုင်လိုက်ပါခဲ့သည်...။
မဟာကျင့်မင်းဆက်တွင် လက်မထပ်ရသေးသော အမျိုးသားနှင့် အမျိုးသမီးများ တစ်ခန်းတည်း အတူ ရှိနေခြင်း သို့မဟုတ် ဘေးချင်းယှဉ်၍ လမ်းလျှောက်ခြင်းကိုပင် မလျော်ကန်သော အပြုအမူအဖြစ် သတ်မှတ်ကြပြီး သုံးပါးသော မဏ္ဍိုင်နှင့် ငါးပါးသော ကျင့်ဝတ်များကို ချိုးဖောက်ခြင်းဟု ယူဆကြလေ သည်...။
အမှန်အတိုင်း ပြောရလျှင် ဤကဲ့သို့သော တားမြစ်ချက်များသည် ဝမ်းဝရုံပင် မနည်းကြိုးစားနေရသည့် ဆင်းရဲသားများအတွက်မူ ရယ်စရာတစ်ခုသာ ဖြစ်ပေ၏...။ သို့သော် မြို့ပြရှိ အထက်တန်းလွှာ အမျိုး သမီးများမှာမူ သူတို့၏ ဂုဏ်သိက္ခာနှင့် အသွင်အပြင်ကို ပို၍ အလေးထားကြလေသည်...။
ဤသည်မှာ ချမ်းသာသော အမျိုးသမီးငယ်များ အပြင်ထွက်သည့်အခါ အစေခံမိန်းကလေးများကို ခေါ်ဆောင်သွားရခြင်း၏ အကြောင်းရင်းလည်း ဖြစ်ပေသည်...။ ၎င်းမှာ ကိုယ်ရေးကိုယ်တာ ကိစ္စများ အတွက် အဆင်ပြေစေရန်သာမက အခြားသူများ၏ သံသယကို ရှောင်လွှဲရန်အတွက်လည်း ဖြစ်၏...။
စွန်းဝေဝေ၏ မိသားစုမှာ အတော်အတန် ချမ်းသာသော်လည်း သူမမှာမူ မယားငယ်မှ မွေးဖွားလာသည့် သမီးတစ်ဦး ဖြစ်သဖြင့် ထိုကဲ့သို့သော ဆက်ဆံမှုကို မရရှိခဲ့ပေ...။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ပထမ အချက်မှာ သူမသည် မယားကြီးမှ မွေးဖွားသည့် သားသမီးများလောက် တန်ဖိုးထားခြင်း မခံရခြင်း ကြောင့်ဖြစ်ပြီး၊ ဒုတိယအချက်မှာ အဆုံးစွန်၌ သူတို့မိသားစုမှာ ထိုမျှအထိ မချမ်းသာသေးခြင်းကြောင့် ပင် ဖြစ်လေသည်...။
ချင်းမူစီရင်စုတစ်ခုလုံးမှာ ဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာခဲ့ရသဖြင့် လူဦးရေမှာလည်း သိသိသာ သာ လျော့နည်းသွားကာ စီးပွားရေးမှာလည်း ဆက်တိုက် ဆုတ်ယုတ်နေခဲ့လေသည်...။ စွန်းမိသားစု ငွေပန်းထိမ်ဆိုင်ကဲ့သို့သော စားသောက်ကုန်မဟုတ်သည့် လူသုံးကုန်ပစ္စည်းများကို ရောင်းချသည့် လုပ်ငန်းများအတွက်မူ စီးပွားရေးကျဆင်းမှု၏ ရိုက်ခတ်မှုက ပို၍ပင် ကြီးမားလှပေသည်...။
အထူးသဖြင့် မကြာသေးမီကပင် စွန်းမိသားစု ငွေပန်းထိမ်ဆိုင်သို့ ပို့ဆောင်ရန် လက်ခံရရှိထားသည့် ရွှေနှင့် ငွေထည်ပစ္စည်းအချို့မှာ အပြန်လမ်းတွင် ဓားပြတိုက်ခြင်းကို ခံလိုက်ရလေသည်...။ ဤသည်မှာ စွန်းမိသားစု၏ ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်လိုက်သလို ဖြစ်သွားရုံသာမက အဓိကဖောက်သည် ကြီးများ၏ အမှာစာများကိုလည်း ကြန့်ကြာသွားစေခဲ့ပေသည်...။ ၎င်းမှာ တကယ့်ကိုပင် ကံဆိုးမိုးမှောင် ကျခြင်းပင် ဖြစ်တော့၏...။
ပစ္စည်းပေးအပ်ရန် ရက်ပေါင်း (၁၅) ရက်သာ ကျန်တော့သဖြင့် စွန်းဝေဝေ၏ ဖခင် စွန်းတာ့ဖူးမှာ ဤကိစ္စအတွက် အလွန်စိုးရိမ်ကာ ညပေါင်းများစွာ အိပ်မပျော်နိုင်ဘဲ ဖြစ်နေခဲ့ရသည်...။ အမှာစာ တင်ထားသော ဖောက်သည်မှာ ခရိုင်အတွင်းရှိ နာမည်ကြီးလှသော ဟူမန် အစောင့်အရှောက်အဖွဲ့ပင် ဖြစ်၏...။
ထို့ပြင် ဟူမန် အစောင့်အရှောက်အဖွဲ့၏ ပိုင်ရှင်မှာ ခရိုင်မင်းကြီး၏ ညီအရင်း ခေါက်ခေါက် ဖြစ်လေ သည်...။
ဟူမန် အစောင့်အရှောက်အဖွဲ့၏ သခင်လေးမှာ မကြာခင် လက်ထပ်တော့မည် ဖြစ်သဖြင့် စွန်းမိသားစု ငွေပန်းထိမ်ဆိုင်မှ တန်ဖိုးကြီးမားလှသော ရွှေ၊ ငွေ လက်ဝတ်ရတနာနှင့် အသုံးအဆောင် ပစ္စည်းပေါင်း တစ်ရာကျော်ကို အမှာစာ တင်ထားခြင်း ဖြစ်လေသည်...။
စွန်းမိသားစု ငွေပန်းထိမ်ဆိုင်သည် မူလက ဤအမှာစာကြီးဖြင့် ယခုနှစ် အရောင်းမြှင့်တင်ရန်နှင့် ဆောင်းရာသီအပြီးတွင် ကောင်းမွန်သော နှစ်သစ်တစ်ခုကို ပိုင်ဆိုင်နိုင်ရန် မျှော်လင့်ထားခဲ့ခြင်း ဖြစ် လေသည်...။
ဤမျှ ဆိုးရွားလှသော ပြဿနာကြီးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း...။ ချင်းမူ စီရင်စုသို့ ကုန်ပစ္စည်း ပို့ဆောင်သည့် လမ်းကြောင်းမှာလည်း ဓားပြများကြောင့် ပြတ်တောက်နေခဲ့ပြီ ဖြစ်သည်...။
စွန်းမိသားစု ငွေပန်းထိမ်ဆိုင်အနေဖြင့် ရန်ပုံငွေအချို့ကို ထပ်မံစုဆောင်းနိုင်ခဲ့လျှင်ပင် ကုန်ပစ္စည်းအသစ် များကို ထပ်မံမှာယူရန် လုံးဝ ဝံ့ရဲတော့မည် မဟုတ်ပေ...။ ထိုအကြောင်းကို တွေးမိရင်း စွန်းတာ့ဖူးမှာ သူရဲကောင်းတစ်ဦး အိုမင်းသွားသည့်အလား သက်ပြင်းကိုသာ ခပ်ပြင်းပြင်း ချမိနေတော့သည်...။
“အစ်ကိုကြီး... အစ်ကိုကြီး...၊ သတင်းသိလာရပြီ...။” ဟု စွန်းတာ့ဖူးနှင့် ရုပ်ချင်းဆင်သော လူတစ်ယောက် က အော်ဟစ်ကာ ပြေးဝင်လာခဲ့လေသည်...။
စွန်းတာ့ဖူးသည် စိတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်၏။
“လျို့ဖူ... ဟိုဘက်က ဘာပြောလိုက်လဲ...။”
ရောက်လာသူမှာ စွန်းတာ့ဖူး၏ ညီငယ် စွန်းလျို့ဖူ ဖြစ်သည်...။ စွန်းလျို့ဖူမှာ ခန္ဓာကိုယ်ဝဖြိုးသဖြင့် လမ်းအနည်းငယ် ပြေးလိုက်ရုံနှင့်ပင် အမောတကော ဖြစ်နေချေ၏...။ သူသည် အခန်းထဲသို့ ဝင်လာပြီး နောက် စွန်းတာ့ဖူး၏ လက်ဖက်ရည်ခွက်ကို ယူကာ အငမ်းမရ မော့သောက်လိုက်ပြီးမှ ထူးဆန်းသော မျက်နှာပေးဖြင့် ပြောလိုက်လေသည်...။
“အိမ်နီးချင်းခရိုင်က ကျင့်မိသားစုက တို့တွေကို ရွှေနဲ့ ငွေအချို့ ချေးပေးဖို့ သဘောတူလိုက်ပြီ...။ ဒါပေမဲ့...။”
“ဒါပေမဲ့ ဘာဖြစ်လဲ...၊ မြန်မြန် ပြောစမ်းပါဦး...။” ဟု စွန်းတာ့ဖူးက စိတ်မရှည်စွာဖြင့် တိုက်တွန်းလိုက် လေ၏...။
စွန်းလျို့ဖူက လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်လေသည်...။
“ဟင်း... သူတို့က တို့တွေ လိုအပ်သမျှ ရွှေနဲ့ ငွေ အားလုံးကို ချေးပေးမယ်လို့ ပြောတယ်...။ ဒါပေမဲ့ ဝေဝေလေးကို ကျင့်မိသားစုရဲ့ တစ်ဦးတည်းသော သားဆီကို ဒုတိယမယားအဖြစ် ပေးစားရမယ်တဲ့...။”
“မင်း ဘာပြောလိုက်တယ်...။” ဟု စွန်းတာ့ဖူးက မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်...။
“ဟင်း... အစ်ကိုကြီး ခက်ခဲနေမယ်ဆိုတာ ကျွန်တော် သိပါတယ်...။ အားလုံးက ကျင့်မိသားစုက အဲဒီ ကောင်က သူ့မိန်းမတွေကို ကံဆိုးစေမယ့်သူလို့ ပြောနေကြတာပဲလေ...။ ဒါပေမဲ့ အစ်ကိုကြီး... တကယ် လို့ ဒီအလုပ်သာ ပျက်သွားရင် တို့စွန်းမိသားစုကတော့...၊ ဟင်း...။ ကျွန်တော်လည်း အများကြီး မပြော ချင်တော့ပါဘူး...။ အစ်ကိုကြီးပဲ ဆုံးဖြတ်လိုက်ပါတော့...။”
စွန်းတာ့ဖူးသည် ရှစ်မြှောင့်စားပွဲတွင် တိတ်ဆိတ်စွာ ထိုင်နေမိသည်...။ ခဏတာ ငြိမ်သက်သွားပြီးနောက် သူက သက်ပြင်းချကာ အကူအညီမဲ့စွာဖြင့် ပြောလိုက်လေ၏။
“ဒီနည်းလမ်းပဲ ရှိတော့တာပဲလေ...။”
စွန်းမိသားစု နေအိမ်၏ ရှေ့တွင် သစ်ပင်နှစ်ပင် ရှိပေသည်...။ တစ်ပင်မှာ ဂင်းကိုးပင် ဖြစ်ပြီး နောက်တစ် ပင်မှာလည်း ဂင်းကိုးပင် ပင် ဖြစ်၏...။ လီချိန်းရှီသည် စွန်းမိသားစု ငွေပန်းထိမ်ဆိုင်၏ စားဖိုဆောင်တွင် ခေါက်ဆွဲတစ်ပန်းကန် စားခဲ့သော်လည်း စွန်းဝေဝေကို ရှာရန် စွန်းမိသားစုဆီသို့ ရောက်လာသောအခါ တံခါးဝမှပင် အဝင်မခံခြင်းကို ခံလိုက်ရလေသည်...။
“ကျွန်တော်က တကယ့်ကို ဝေဝေရဲ့ သူငယ်ချင်းပါ...။ ကျေးဇူးပြုပြီး အထဲကို ပေးဝင်ပါဗျာ...။”
“ဒါတော့ အဆင်မပြေဘူး...။ သခင်ကြီးက အခုလေးတင် ညွှန်ကြားထားတာ...။ သမီးပျို ဝေဝေက ဒီတစ်ခါ ပြန်လာပြီးရင် အပြင်ထွက်ခွင့်ရော၊ ဘယ်သူနဲ့မှ အဆက်အသွယ် လုပ်ခွင့်ရော မရှိဘူးတဲ့...။”
လီချိန်းရှီက လေးနက်စွာ ရှင်းပြလိုက်လေသည်...။
“ကျွန်တော်က စီးပွားရေးကိစ္စ ပြောဖို့ လာတာပါ...။ နှင်းဆီပြာကျောက်တွေ အများကြီး ဝယ်ချင်လို့ပါ...။ ဒါက အကြီးစား အရောင်းအဝယ်ပါဗျာ...။”
“စီးပွားရေးအကြောင်း ပြောချင်ရင် စွန်းမိသားစု ငွေပန်းထိမ်ဆိုင်ကိုပဲ သွားပါ... ။ ဒီမှာတော့ ခွင့်မပြုနိုင် တာကို စိတ်မကောင်းစွာနဲ့ အသိပေးပါရစေ...။”
လီချိန်းရှီသည် စွန်းမိသားစုနေအိမ်၏ ခေါင်းမာလှသော အိမ်စေကို ဘာမှ မတတ်နိုင်တော့ပေ...။ ထို့ကြောင့် သူသည် အိမ်ဘေးဘက်သို့ ပတ်သွားကာ မည်သူမျှ သတိမထားမိသည့် တံတိုင်းထောင့် တစ်ခုကို ရှာတွေ့ပြီး လျင်မြန်သော လှုပ်ရှားမှုဖြင့် ခုန်တက်လိုက်လေသည်...။
လီချိန်းရှီမှာ ငယ်စဉ်ကတည်းက ခွန်အားကြီးမားသူ ဖြစ်သဖြင့် ရွာသားများအားလုံးက သူ့ကို လူစွမ်းကောင်းတစ်ဦးအဖြစ် တင်စားခဲ့ကြလေသည်...။ သူသည် နှစ်ပေါင်းများစွာ လယ်ကွင်းများနှင့် တောင်တန်းများပေါ်တွင် အလုပ်လုပ်ခဲ့သဖြင့် လှုပ်ရှားမှုများမှာလည်း မျောက်တစ်ကောင်ကဲ့သို့ အလွန် ပင် လျင်မြန်ဖျတ်လတ်လှပေသည်...။ လူနှစ်ရပ်စာ မြင့်သော တံတိုင်းကို ကျော်တက်ရန်မှာ သူ့အတွက် ဘာမှ မဟုတ်ပေ...။
စွန်းမိသားစုနေအိမ်မှာ အဝင်အထွက် တံခါး ငါးခုရှိသော ဝင်းကျယ်ကြီး ဖြစ်လေသည်...။ လီချိန်းရှီသည် ခေတ္တမျှ တိတ်တဆိတ် ပတ်ကြည့်နေပြီးနောက် နောက်ဆုံးတွင် ဝင်းတံခါးတစ်ခု၏ အပြင်ဘက်မှ စွန်းဝေဝေ၏ အသံကို ကြားလိုက်ရလေသည်...။
ထိုအသံထဲတွင် မကျေနပ်မှုအချို့ ပါဝင်နေပုံရ၏...။
“ဖေဖေ... သမီး သူ့ကို လက်မထပ်နိုင်ဘူး...။ ကျင့်မိသားစုရဲ့ တစ်ဦးတည်းသော သားက မိန်းမလိုက်စား ပြီး အကျင့်စာရိတ္တ မကောင်းဘူးဆိုတာ လူတိုင်း သိနေတာပဲလေ...။”
“အခု ပန်းထိမ်ဆိုင်ရဲ့ စီးပွားရေးက တကယ်ကို ဆိုးရွားနေတာ...။ တို့တွေအားလုံးက ကျင့်မိသားစုရဲ့ အကူအညီကိုပဲ မျှော်ကိုးနေရတာလေ...။ တကယ်လို့ သူတို့ကို စိတ်ဆိုးအောင် လုပ်လိုက်ရင် တို့မိသားစု ရဲ့ စီးပွားရေးက ပျက်စီးသွားမှာပဲ...။ ဘိုးဘွားပိုင် စီးပွားရေးကို မင်းအဖေလက်ထက်မှာ ပျက်စီးသွား တာမျိုးကို မင်း မမြင်ချင်ဘူး မဟုတ်လား...။” ဟု စွန်းတာ့ဖူးက လေးနက်စွာဖြင့် ဖျောင်းဖျလိုက် လေသည်...။
“သမီး သူ့ကို လက်မထပ်ချင်ဘူးလေ...။” ဟု စွန်းဝေဝေက အသံတုန်တုန်ယင်ယင်ဖြင့် ထပ်မံ ပြောလိုက် ပြန်လေသည်...။
“ဒါက စီစဉ်ထားတဲ့ အိမ်ထောင်ရေးပဲ...။ မိဘရဲ့ ခွင့်ပြုချက်နဲ့ အောင်သွယ်ရဲ့ စကားက အတည်ပဲလေ...။ မင်း လက်ထပ်ရမှာပဲ...။” ဟု စွန်းဝေဝေ၏ အစ်ကိုဖြစ်သူက စိတ်မရှည်စွာဖြင့် ဝင်ပြောလိုက်လေ သည်...။
စွန်းတာ့ဖူးတွင် ဇနီးကြီးအပြင် မယားငယ် နှစ်ဦး ရှိသေးပြီး စွန်းဝေဝေ၏ မိခင်မှာ အငယ်ဆုံး ဖြစ်ပေ သည်...။ ဤအစ်ကိုမှာမူ စွန်းမိသားစု၏ သားအကြီးဆုံး ဖြစ်လေသည်...။
“ညီမလေး သုံး... ဒီကလေးကို ဖျောင်းဖျပေးပါဦး...။ တကယ်လို့ ဒီအတိုင်းသာ ဆက်ဖြစ်နေရင် တို့ မိသားစုရဲ့ စည်းစိမ်တွေအားလုံး ပျက်စီးသွားနိုင်တယ်လေ...။”
“သမီးလေး...။ မင်းအဖေမှာလည်း တခြားရွေးချယ်စရာ မရှိလို့ပါ...။ သဘောတူလိုက်ပါတော့နော်...”။ ဟု အလယ်အလတ်အရွယ် အမျိုးသမီးတစ်ဦးက ငိုသံဖြင့် ပြောလိုက်လေသည်...။
စွန်းဝေဝေသည် ခြေဆောင့်ကာ ပြောလိုက်လေ၏။
“မေမေ... ၊ သမီး သူ့ကို လက်မထပ်နိုင်ဘူး...။
ကျင့်မိသားစုက အဲဒီသားရဲ့ မကောင်းသတင်းတွေက အိမ်နီးချင်းခရိုင်ကနေ ဒီအထိတောင် ပျံ့နေတာ လေ...။ သမီးကို မီးတွင်းထဲကို တွန်းပို့ဖို့ မေမေတို့ တကယ်ပဲ ရက်စက်နိုင်ကြတာလား...။”
စွန်းဝေဝေ၏ အစ်ကိုက ဒေါသတကြီး ကြိမ်းမောင်းလိုက်လေသည်...။
“မင်းကို တို့တွေ အလိုလိုက်ထားတာ များသွားပြီ ထင်တယ်...။ မိဘစကားကိုတောင် နားမထောင် တော့ဘူး...။ ဒါ ဘယ်လို အပြုအမူမျိုးလဲ...။”
စွန်းဝေဝေ၏ မျက်လုံးများ နီမြန်းလာပြီး နောက်ဆုံးတွင် မျက်ရည်များကို ဆက်မထိန်းနိုင်တော့ဘဲ ပိုးပိုးပေါက်ပေါက် ကျလာလေတော့သည်...။
စွန်းဝေဝေ၏ အစ်ကိုက ဆက်လက်၍ ဒေါသတကြီး ပြောလိုက်ပြန်လေသည်...။
“ငိုနေလို့ ဘာထူးမှာလဲ...၊ အခု တို့မိသားစုက ဘယ်လောက်တောင် ခက်ခဲနေလဲဆိုတာ မင်း သိရဲ့လား...။ တကယ်လို့ မင်းက ဒီမီးတွင်းထဲကို မဆင်းရင် တို့မိသားစုဝင် အားလုံးလည်း ကျဆင်းကုန်မှာပဲ...။ မင်း လည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး...။”
စွန်းတာ့ဖူးက သက်ပြင်းချကာ ပြောလိုက်လေသည်...။
“ဝေဝေ... မင်းအဖေမှာလည်း တခြား နည်းလမ်း မရှိလို့ပါ...။ အမှန်အတိုင်း ပြောရရင် တို့မိသားစုက အခု ဘေးဒုက္ခကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတာလေ...။ တို့တွေ အခုလေးတင် လက်ခံရရှိထားတဲ့ ရွှေ၊ ငွေ ပစ္စည်း ရာပေါင်းများစွာကို ဓားပြတွေ တိုက်သွားကြပြီ...။”
“မင်းသိတဲ့အတိုင်း တို့တွေဆီမှာ ဟူမန် အစောင့်အရှောက်အဖွဲ့က ရွှေ၊ ငွေ လက်ဝတ်ရတနာ အမှာ စာကြီး ရှိနေတယ်လေ...။ ပစ္စည်းပေးရမယ့် ရက်ကလည်း နီးကပ်နေပြီဆိုတော့...၊ တကယ်လို့ ကျင့် မိသားစုနဲ့ တို့တွေ မြန်မြန် မဆက်သွယ်နိုင်ရင် တို့တွေ ဒီအခက်အခဲကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး...။”
စွန်းဝေဝေသည် ထိုစကားကို နားထောင်ရင်း ငိုနေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်လေသည်...။ စွန်းတာ့ဖူး၏ စိတ်ပျက်အားလျော့နေသော စကားများကို ကြားပြီးနောက် စွန်းဝေဝေက မျက်တောင် ခတ်ကာ အပြစ်ကင်းစင်စွာဖြင့် မေးလိုက်လေ၏...။
“ဖေဖေ... ဒါအကုန်ပဲလား...။”
စွန်းဝေဝေက ထိုသို့ ပြောလိုက်သည်နှင့် ထိုနေရာရှိ လူအားလုံး ဆွံ့အသွားကြရလေသည်...။
*ဒါ ဘယ်လိုစကားမျိုးလဲ...။ ဒီကလေး တစ်ခုခုများ ပူးကပ်နေတာလား...။*