← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇) မိုးသည်းထန်စွာ ရွာသွန်းခြင်း

စာမျက်နှာပေါ်တွင် ရှပ်အင်္ကျီအဖြူရောင်ကို ဝတ်ဆင်ထားသော၊ ဆံပင်ရှည်များကို ချထားသည့် မိန်းက လေး တစ်ဦးသည် တောက်ပစွာ ပြုံးနေပြီး သူမ၏ ဝိုင်းစက်သော မျက်လုံးများက ရှေ့သို့ စိုက်ကြည့် နေချေ၏။

၎င်းမှာ နှစ်လက်မအရွယ် ဓာတ်ပုံတစ်ပုံမျှသာ ဖြစ်သော်လည်း ရွှီပေါ်အန်းမှာမူ အံ့အားသင့်သွားရလေ သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူမှာ ပျောက်ဆုံးသွားသော စာအိတ်ထဲရှိ ဓာတ်ပုံထဲမှ လူနှင့် တထေရာတည်း တူနေသောကြောင့်ပင် ဖြစ်၏။

အထူးသဖြင့် သူမ၏ ကြည်လင်တောက်ပသော မျက်လုံးများထဲမှ အသက်ဝင်လှသော အမူအရာမှာ တကယ့်ကိုပင် ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။

ရွှီပေါ်အန်းသည် ချက်ချင်းပင် ကောက်ချက်ချလိုက်၏။

*ဒါက သေချာပေါက် တစ်ယောက်တည်းပဲ...။*

ထိုသို့ တွေးမိသည်နှင့် ရွှီပေါ်အန်း၏ အကြည့်မှာ ဘေးဘက်ရှိ ကိုယ်ရေးရာဇဝင်ဆီသို့ ရောက်သွား ခဲ့လေသည်။

အမည် - ထျန်ရှောင်ထုန်။ ရာထူး - ရုံးစာရေး။

အုပ်ထိန်းသူ - အစ်မဖြစ်သူ ထျန်ရှောင်ရို့ (ဝမ်တန်း အိမ်ခြံမြေ ကုမ္ပဏီမှ အရောင်းမန်နေဂျာ)။

ရွှီပေါ်အန်းသည် ရုတ်တရက် အရာအားလုံးကို သဘောပေါက်သွားတော့သည်။ သူ အိမ်ဝယ်စဉ်က မန်နေဂျာထျန်၏ ညီမဖြစ်သူမှာ သူ၏ ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။

ထို့ကြောင့် ထိုညီအစ်မနှစ်ဦးက သူ့ကို စမ်းသပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အလုပ်ခွင်တွင် အထူးအခွင့် အရေးများ ရရှိရန်အတွက် ဖြစ်နိုင်ခြေ အလွန်များပေသည်။

*အင်း...၊ ဒါက ကျိုးကြောင်းဆီလျော်မှု ရှိတာပဲ...။*

ရွှီပေါ်အန်းသည် သူ၏ ပါးနပ်မှုကိုပင် ကျေနပ်ကာ ကိုယ့်ကိုယ်ကိုယ် ချီးကျူးမိနေတော့၏။

“အင်ဂျင်နီယာချုပ်...၊ ဘာကို စုံစမ်းခိုင်းချင်လို့ပါလဲရှင်...။”

လျှိုဝေသည် ရွှီပေါ်အန်း၏ စကားများကို သူမ၏ မှတ်စုစာအုပ်ထဲတွင် လျင်မြန်စွာ မှတ်သားနေရင်း မေးလိုက်၏။ ရွှီပေါ်အန်း စကားပြောရင်း ရုတ်တရက် ရပ်တန့်သွားသည်ကို မြင်သောအခါ သူမက မသိစိတ်အရ မေးမြန်းလိုက်ခြင်း ဖြစ်လေသည်။

ရွှီပေါ်အန်းက လက်ကို ခါယမ်းလိုက်ပြီး တည်ငြိမ်စွာပင် ပြောလိုက်လေ၏။

“ရပါတယ်... အခုတော့ မလိုတော့ဘူး...။ ဒါနဲ့... ဒီ ထျန်ရှောင်ထုန် ဆိုတာ ဘယ်သူလဲ...။ ငါ တစ်ခါမှ မမြင်ဖူးသလိုပဲ...။”

လျှိုဝေ၏ မျက်နှာပေါ်တွင် သံသယအရိပ်အယောင်များ တစ်ချက် ဖြတ်ပြေးသွားပြီးနောက် မနာလိုမှု၊ ငြူစူမှုနှင့် မကျေနပ်မှုတို့ ရောပြွမ်းနေသော အကြည့်ဖြင့် ပြန်လည် ရှင်းပြလိုက်လေသည်။

“မဖြစ်နိုင်တာ အင်ဂျင်နီယာချုပ်ရယ်...၊ ထန်လေးက ခုနတင် အင်ဂျင်နီယာချုပ်ရဲ့ ရုံးခန်းကို သန့်ရှင်း ရေး လုပ်ပေးနေတာလေ...။ ကျွန်မ သူ့ကို မေးကြည့်တော့ အင်ဂျင်နီယာချုပ်က သူ့ကို ထွက်သွားခိုင်း လိုက်တယ်လို့တောင်ပြောပါသေးတယ်...။”

ရွှီပေါ်အန်း၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားရလေသည်။

*ထန်လေးလား...။ သူက ထျန်ရှောင်ထုန်ပေါ့...။*

တစ်ဦးမှာ ကုမ္ပဏီ၏ သာမန် ဝန်ထမ်းဝတ်စုံကို ဝတ်ဆင်ထားသော လမ်းသွားလမ်းလာ တစ်ယောက်နှင့် တူလှသည်။ အခြားတစ်ဦးမှာမူ စတိုင်ကျလှသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဂရုတစိုက် ရိုက်ကူးထားသည့် အလှဓာတ်ပုံထဲမှ လူတစ်ယောက် ဖြစ်နေချေ၏။ ထို့အပြင် ဆံပင်စတိုင် ပြောင်းလဲမှု နှင့် မျက်လုံးများကို ဖုံးအုပ်ထားသော မျက်မှန်အမည်းကြောင့် ခေတ္တမျှ တစ်ယောက်တည်းဟု မထင် မှတ်မိခဲ့ခြင်း ဖြစ်သည်။

မှန်ကန်သော အဝတ်အစား၊ မိတ်ကပ်နှင့် ဒဏ္ဍာရီလာ မကောင်းဆိုးဝါး ပညာရပ်ကြီး လေးခုထဲမှ တစ်ခု ဖြစ်သော ဓာတ်ပုံပြုပြင်သည့် ပညာရပ်တို့ ပေါင်းစပ်လိုက်သောအခါ လူတစ်ယောက်ကို လုံးဝ ပြောင်း လဲသွားစေနိုင်သည်မှာ အမှန်ပင်။ ရွှီပေါ်အန်းသည် သူ၏ မျက်နှာမှတ်သားမှု အားနည်းသည့် ဝေဒနာ ကြောင့် အခက်တွေ့ရသည်ကို မကျေမနပ် ဖြစ်နေမိလေ၏။

ယခုအခါ ထျန်ရှောင်ထုန်က ထိုဓာတ်ပုံကို ယူသွားခြင်း ဖြစ်ကြောင်း သူ အတော်လေး သေချာသွားချေ ပြီ။ ဤကိစ္စကို စုံစမ်းနေရန်လည်း အကြောင်းမရှိတော့ပေ။ သူမ၏ ကိုယ်ပိုင်ဓာတ်ပုံကို သူမ ပြန်ယူသွား ခြင်းမှာ အမှားမှ မဟုတ်သည်မှာ သေချာလှသည် မဟုတ်ပါလော။ ကောင်းကင်ဘုံက မင်းကြီးကိုယ်တိုင် လာလျှင်ပင် ဘာမှ ပြောနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ဤမိန်းကလေးနှင့် သူမ၏ အစ်မမှာ အမှန်တကယ် ဘာကို တွေးနေကြသနည်း။ ဓာတ်ပုံများ ပေးပြီးမှ ဘာကြောင့် ပြန်ယူသွားရပါသနည်း။

*နောင်တရသွားတာများလား... ။*

*ငါ ရွှီပေါ်အန်းက သူတို့ကို လေဒဏ်မိုးဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ သစ်ပင်ကြီးတစ်ပင် မဟုတ်ဘူး လို့ ထင်နေတာလား...။*

*ဟင်း... ရယ်စရာပဲ... ငါက မလုံလောက်ဘူး ထင်တယ်လား...။ ဘယ်သူကများ ငါ ရွှီပေါ်အန်းကို မလုံလောကက်ဘူးလို့ ပြောရဲမှာလဲ...။*

ထိုသို့ တွေးမိရင်း ရွှီပေါ်အန်း အနည်းငယ်ပင် ဒေါသထွက်လာရလေသည်။ သူသည် သူ၏ တုန်လှုပ်မှုကို ဖုံးကွယ်ရန်အတွက် ထျန်ရှောင်ထုန်၏ စာမျက်နှာကို ပေါ့ပေါ့ပါးပါးပင် လှန်လိုက်ပြီး မိမိကိုယ်ကို လှောင်ရယ်သံဖြင့် ပြောလိုက်လေသည်။

“ဟင်း... မျက်နှာမှတ်သားရတာ တကယ်ကို အားနည်းတာပဲ...။ ဒါက ထန်လေးဆိုတာကိုတောင် ငါ မမှတ်မိဘူး ဖြစ်နေတယ်...။”

လျှိုဝေက အလျင်အမြန်ပင် ထောက်ခံပြောဆိုလိုက်လေသည်။

“အင်ဂျင်နီယာချုပ်ကလည်း နှိမ့်ချလွန်းနေပါပြီ...။ အင်ဂျင်နီယာချုပ်က ဒီလောက်တောင် အလုပ်တွေ များနေတာပဲ...။ ဒီလို သေးငယ်တဲ့ ကိစ္စတွေကို ဘယ်မှာ အချိန်ပေးနိုင်ပါ့မလဲ...။ ပြီးတော့ ဒီနေ့ခေတ် မိန်းကလေးငယ်တွေက မိတ်ကပ်လိမ်းတာ အရမ်းတော်ကြတာလေ...။ ကြည့်ရတာ ခွဲစိတ်ပြုပြင်ထား သလိုပဲ...။ ခွဲခြားရတာ တကယ်ကို ခက်ပါတယ်...။”

ရွှီပေါ်အန်း ပြန်မပြောသော်လည်း စိတ်ထဲတွင် တစ်စုံတစ်ခုကို ခံစားလိုက်ရလေ၏။ ယခုအခါ လျှိုဝေ၏ စကားများမှာ အဘယ်ကြောင့် ဤမျှ နားဝင်ချိုနေရပါသနည်း။ အရင်က သူမသည် သူ့ကို အတော်လေး ရိုသေပြခဲ့သည် မဟုတ်ပါလော။

*သူမ ပြောင်းလဲသွားတာလား...။*

မဟုတ်ပေ။

၎င်းမှာ သူ ပို၍ အင်အားကြီးမားလာပြီး ရာထူးတက်လာသောကြောင့် ဖြစ်သည်။ တစ်ဖက်လူက လုံလောက်သော ရိုသေမှုကို ပြသပြီး နားဝင်ချိုသော စကားများကို ပြောဆိုနေသရွေ့ ၎င်းမှာ လုံလောက် နေချေပြီ။ တစ်ဖက်လူ၏ စိတ်ရင်းမှန်မှုကိုမူ မည်သူက ဂရုစိုက်နေမည်နည်း။

လူတစ်ယောက်သည် လုံလောက်သော စွမ်းအားရှိလာလျှင် တစ်ဖက်လူ၏ မရိုးသားမှုကို သိနေလျှင်ပင် ဂရုစိုက်နေမည် မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက မည်သည့် ပြဿနာမှ မရှာ နိုင်ဟု မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်ရှိနေသောကြောင့် ဖြစ်ချေ၏။

အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့် ခံစားချက်မှာ တကယ့်ကို ကောင်းမွန်လှပေသည်။

စကားအနည်းငယ် ပြောဆိုပြီးနောက် လျှိုဝေကို ပြန်လွှတ်လိုက်ပြီး မကြာမီမှာပင် တစ်စုံတစ်ဦးက ဖန် ပုလင်းငယ်များကို ယူဆောင်လာပေးခဲ့လေသည်။ ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကမ္ဘာမှ ရရှိသော ချဉ်စူးစူး အရည်များကို ရေနွေးအိုးထဲမှ လက်မအရွယ် ဖန်ပုလင်းငယ်ထဲသို့ ဂရုတစိုက် ပြောင်းထည့် လိုက်ပြီး အဖုံးကို တင်းကျပ်စွာ သေချာပိတ်လိုက်လေသည်။

*အင်း... စူးထိုက်ရဲ့ လင်းရှန်းနဲ့ တော်ဝင်ဟိုတယ်ကို အချို့တဝက်ကို ပေးလိုက်ရမယ်...။ ဒါမှ ဆက်ဆံ ရေးက ပိုပြီး ရင်းနှီးလာမှာ...။*

ရွှီပေါ်အန်းသည် လူမှုဆက်ဆံရေး တိုးတက်စေရန် နည်းလမ်းများကို ဤနေရာတွင် လေ့လာနေခဲ့ခြင်း ဖြစ်ပေသည်။

တစ်ဖက်တွင်မူ ထျန်ရှောင်ထုန်မှာ စိတ်မသက်မသာ ဖြစ်နေသော မျက်နှာထားဖြင့် အားလပ်နေသော အစည်းအဝေးခန်းထဲတွင် ပုန်းအောင်းကာ သူမ၏ အစ်မ ထျန်ရှောင်ရို့နှင့် ဖုန်းပြောနေလေသည်။

“ဘာ... ဓာတ်ပုံတွေကိုပဲ ပြန်ယူလာခဲ့တာလား...။ ပိုက်ဆံကိုတော့ မပေးခဲ့ဘူးပေါ့လေ...။” ဟု ထျန်ရှောင်ရို့က အလောတကြီး မေးလိုက်လေ၏။

“နောက်ကျသွားပြီ အစ်မရယ်...။ ဓာတ်ပုံပါတဲ့ စာအိတ်ကို အဝတ်ထဲ ထည့်လိုက်ရုံပဲ ရှိသေးတယ်... သူ အပြင်ကနေ ဝင်လာတာနဲ့ တိုးတော့တာပဲ...။”

ထျန်ရှောင်ထုန်သည် ထိုအကြောင်းကို ပြောရင်း အနည်းငယ်ပင် တုန်လှုပ်နေဆဲ ဖြစ်ချေသည်။

ဖုန်း၏ အခြားတစ်ဖက်မှ အမျိုးသမီးက စိုးရိမ်တကြီး ပြောလိုက်လေသည်။

“အို... နင်တို့နှစ်ယောက် တွေ့သွားကြပြီလား...။ အဲဒါဆိုရင် နင့်ရဲ့ အထက်လူကြီးက ဓာတ်ပုံထဲကလူဟာ နင်ပဲဆိုတာကို သိသွားတော့မှာပေါ့...။”

ထျန်ရှောင်ထုန် ခေတ္တမျှ စဉ်းစားပြီးမှ ပြောလိုက်လေ၏။

“မသိလောက်ပါဘူး အစ်မရယ်...။ သူ ဘာမှ တုံ့ပြန်တာမျိုး မရှိဘူးလေ...။ ပြီးတော့ ဓာတ်ပုံတွေက လည်း အများကြီး ပြင်ထားတာကိုး...။ ဒီနေ့ ကျွန်မက ကုမ္ပဏီရဲ့ အရုပ်ဆိုးလှတဲ့ ဝတ်စုံကို ဝတ်ထား တာလေ...။ ပြီးတော့ ဒီရက်ပိုင်း မျက်မှန်လည်း တပ်ထားတယ်...။ ဆံပင်စတိုင်ကလည်း မတူဘူးဆို တော့ ကျွန်မကို သေချာ မသိတဲ့သူက မှတ်မိဖို့ ခက်မှာပါ...။”

ထျန်ရှောင်ရို့ အနည်းငယ် စိတ်အေးသွားဟန်ဖြင့် ပြောလိုက်လေသည်။

“ဟင်း... ဘာပဲဖြစ်ဖြစ် ဒီပိုက်ဆံကိုတော့ မြန်မြန် ပေးလိုက်မှ ဖြစ်မယ်...။ တို့တွေမှာ အားကိုးစရာလည်း မရှိ၊ နောက်ခံလည်း မရှိဘူးလေ... ။ အခုမှ အလုပ်အကိုင် အတည်တကျ ရတာဆိုတော့ အထက်လူကြီး ရဲ့ အငြိုးအတေး အထားခံရတာ မကောင်းဘူး...၊ နင့်ရဲ့ အထက်လူကြီးက အခုမှ ရာထူးတက်ခါစဆို တော့ လူယုံတွေ လိုအပ်နေမှာပဲ...၊ ဒါက အခွင့်အရေးကောင်း တစ်ခုပဲလေ...။”

ထျန်ရှောင်ထုန် ခေတ္တမျှ တွေဝေသွားပြီးမှ တိုးညင်းစွာ ပြောလိုက်လေ၏။

“အစ်မ... ကျွန်မ ကြောက်နေသေးတယ်...။ ဒါက ကောင်းတဲ့ နည်းလမ်း ဟုတ်ရဲ့လား...။ တကယ်လို့ များ...။”

ထျန်ရှောင်ရို့က သူမ၏ ညီမဖြစ်သူကို အားပေးသည့်အနေဖြင့် ပြောလိုက်လေသည်။

“တကယ်လို့ဆိုတာ မရှိပါဘူး...။ လူ့အဖွဲ့အစည်းဆိုတာ ဒီလိုပါပဲ...။ စီးကရက်က လမ်းခင်းပေးတယ်၊ အရက်က လမ်းရှင်းပေးတယ်၊ မိန်းမလှလေးက ပျော်ရွှင်မှု ပေးတယ်၊ ပိုက်ဆံက ဘေးဒုက္ခကို ကာကွယ် ပေးတယ်၊ ပြီးတော့ လက်ဆောင်ကောင်းတွေက တံခါးတွေကို ဖွင့်ပေးတာပဲလေ...။ ဒါက ငါတို့ သူဌေး ပြောခဲ့တဲ့ စကားတွေပဲ...။ သူက ဒီလောက်အထိ အောင်မြင်နေတာပဲ...။ သူပြောတဲ့ စကားတွေက ဘယ် မှားနိုင်ပါ့မလဲ...။”

“ကျွန်မ နားလည်ပါပြီ အစ်မ...။ နောက်တစ်ခါ အခွင့်အရေးရရင် ထပ်ကြိုးစားကြည့်ပါ့မယ်...။”

ဟု ထျန်ရှောင်ထုန်က တိုးညင်းစွာ ပြန်ပြောလိုက်လေ၏။

“အေးပါ...၊ အရမ်းကြီး စိုးရိမ်မနေပါနဲ့...။ တို့တွေက အငြိုးအတေး မခံရဘဲ အေးအေးဆေးဆေး အလုပ် လုပ်ချင်ရုံတင်ပါ...။ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး...။”

ညီအစ်မနှစ်ဦး အတန်ကြာ စကားပြောပြီးနောက် ထျန်ရှောင်ထုန်၏ တုန်လှုပ်နေသော စိတ်မှာ အနည်း ငယ် တည်ငြိမ်သွားခဲ့လေသည်။ သူမသည် အစည်းအဝေးခန်းထဲမှ ထွက်လာသည်နှင့် ဓာတ်လှေကား ထဲမှ ထွက်လာသော သူမ၏ အထက်လူကြီး လျှိုဝေကို တွေ့လိုက်ရလေသည်။

လျှိုဝေသည်လည်း ထျန်ရှောင်ထုန်ကို မြင်လိုက်ရသဖြင့် လက်ကို မြှောက်ကာ ညင်သာစွာ နှုတ်ဆက် လိုက်လေသည်။ ထျန်ရှောင်ထုန်၏ မျက်လုံးထဲတွင် စိုးရိမ်ရိပ်မျာေ ဖြတ်ပြေးသွားသော်လည်း သူမ အနေဖြင့် အပြေးအလွှား သွားရောက် နှုတ်ဆက်ရန်မှအပ အခြားရွေးချယ်စရာ မရှိပေ။

“မင်္ဂလာပါ ညွှန်ကြားရေးမှူးလျှို...၊ ဘာများ ခိုင်းစရာ ရှိလို့လဲရှင်...။”

ထျန်ရှောင်ရို့က အပြုံးတစ်ခုကို မနည်း ဖန်တီးကာ မေးလိုက်လေ၏။

လျှိုဝေသည် ရွှီပေါ်အန်း၏ ရုံးခန်းတွင် ပြသခဲ့သော ဖားယားသည့် အပြုံးများကို ဖယ်ရှားလိုက်ပြီး မာန်ပါ ပါဖြင့် ပြောလိုက်လေသည်။

“ထန်လေး... ငါ မှတ်မိသလောက်တော့ နင် ကုမ္ပဏီကို စဝင်တုန်းက အရမ်းကို ငယ်ရွယ်နုပျိုပြီး လှပနေ တာလေ...။ အဲဒီတုန်းက တို့ကုမ္ပဏီရဲ့ စီအီးအို သခင်ကြီးဟယ်ကတောင် နင်က ကုမ္ပဏီမှာ အလှဆုံးလို့ တောင်ပြောခဲ့သေးတယ်...။ အခုကျမှ ဘာလို့ အဝတ်အစားတွေကို သေသေချာချာ မဝတ်တော့တာလဲ.။ ပြီးတော့ အဲဒီ မျက်မှန်ကရော ဘယ်ကနေ ရလာတာလဲ...။ နင့်ရဲ့ မျက်နှာနဲ့ လုံးဝ မလိုက်ဖက်ဘူး...။”

ထျန်ရှောင်ရို့သည် ထိုအဘွားကြီးကို စိတ်ထဲမှနေ၍ ဆဲဆိုနေသော်လည်း အပြင်ပန်းတွင်မူ လျှိုဝေ၏ အမူအရာကို အတုယူကာ ပြုံးပြလိုက်ရလေသည်။

“ညွှန်ကြားရေးမှူးလျှိုကလည်း နောက်နေပြန်ပြီ...။ ကုမ္ပဏီမှာ ညွှန်ကြားရေးမှူးက အလှဆုံးဆိုတာ လူ တိုင်း သိနေတာပဲလေ...။ ကျွန်မက ဘေးကနေ ဝိုင်းကူပေးရုံတင်ပါ...။ အရင်က ဝတ်စုံကတော့ ကျွန်မ အပြင်ထွက်လည်တုန်းက မိတ်ကပ်ဆရာက ပြင်ပေးထားတာပါ...။ နောက်ပိုင်းကျတော့ အဲဒီစတိုင်က ပျက်သွားရော...။ ကျွန်မလည်း ဘယ်လို ပြန်ပြင်ရမှန်း မသိသလို မိတ်ကပ်ဆရာ ငှားဖို့လည်း ပိုက်ဆံ မရှိတော့တာနဲ့ အရင်အတိုင်းပဲ ပြန်ဝတ်လိုက်တာပါ...။”

လျှိုဝေ၏ နှုတ်ခမ်းထောင့်တွင် ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာခဲ့လေ၏။

*ဟင်း... ကလေးမလေး...၊ ဒီလိုမှပေါ့... ။*

*ကုမ္ပဏီရဲ့ အလှပဂေး ဆိုတာ တစ်ယောက်တည်းပဲ ရှိရမယ်...။ “ဒုတိယကုမ္ပဏီက အဲဒီအလှလေး” ဆိုတဲ့ နာမည်ကို ကြားတာနဲ့ လူတိုင်းက ငါ လျှိုဝေကိုပဲ ပြေးမြင်စေရမယ်...။*

*ဟယ်အိုကြီး ရှိစဉ်တုန်းက နင့်လို အမျိုးအစားကို သဘောကျခဲ့တာလေ...။ အခု အသစ်တက်လာတဲ့ ရွှီကျန်းကလည်း နင့်ရဲ့ ရုပ်ရည်ကို စိတ်ဝင်စားနေပုံရတယ်...။*

“ဒါနဲ့ ထန်လေး...။ တို့ရဲ့ ဝန်ထမ်းအင်အားစာရင်းထဲမှာ နင့်ရဲ့ နှစ်လက်မ ဓာတ်ပုံ ပျောက်နေတယ်...။ မြန် မြန်လေး ဖုန်းနဲ့ ရိုက်ပြီးတော့ ထုတ်ပေးလိုက်ဦး...။ ကုမ္ပဏီ ဝတ်စုံနဲ့ပဲ ရိုက်လိုက်နော်...။”

“ဟုတ်ကဲ့ ညွှန်ကြားရေးမှူးလျှို...၊ ကျွန်မ အခုပဲ သွားလုပ်လိုက်ပါ့မယ်...။”

ထျန်ရှောင်ထုန် ထွက်ခွာသွားသည်ကို ကြည့်ရင်း လျှိုဝေက နှာခေါင်းရှုံ့လိုက်၏။ သူမသည် ဝန်ထမ်း အင်အားစာရင်းထဲမှ ရွှီပေါ်အန်း၏ အကြည့်ကို ဆွဲဆောင်ခဲ့သော ထျန်ရှောင်ထုန်၏ ဓာတ်ပုံကို ဆွဲဖြဲ လိုက်ပြီး ဘေးရှိ အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်လေတော့သည်။

ရုတ်တရက် ကောင်းကင်ယံထက်မှ ထစ်ချုန်းသံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။ လျှိုဝေသည် ထိတ်လန့် တုန်ရင်သွားရလေသည်။ ဤသည်မှာ သူမ မကောင်းမှု လုပ်ဆောင်လိုက်သဖြင့် ကောင်းကင်ဘုံက ပေးလိုက်သော သတိပေးချက်များပေလော။

ရွှီပေါ်အန်းသည်လည်း သူ၏ ရုံးခန်းအတွင်း၌ အံ့အားသင့်သွားရ၏။ သူသည် အပြင်ဘက်မှ မိုးခြိမ်းသံ ကြောင့် လန့်သွားခြင်း မဟုတ်ပေ။ မိုးခြိမ်းသံနှင့် တစ်ပြိုင်နက်တည်းမှာပင် ဘွန်ဆိုင်းကမ္ဘာအတွင်း၌ လည်း ထစ်ချုန်းသံတစ်ခု ပေါ်ပေါက်လာသည်ကို ရွှီပေါ်အန်း ခံစားလိုက်ရခြင်းကြောင့် ဖြစ်လေသည်။

ထို့နောက်တွင်မူ မိုးသည်းထန်စွာ ရွာသွန်းခြင်းမှာ စတင်တော့လေ၏။

ဘွန်ဆိုင်းကမ္ဘာထဲမှ မိုးခေါင်ရေရှားမှုက ပြီးဆုံးသွားခဲ့ပြီလော...။

အခန်း (၅၈) ဘွန်ဆိုင်း၏ အမြင်အာရုံကို ချဲ့ထွင်ခြင်း

ရွှီပေါ်အန်းသည် ခြေလှမ်းကျဲကြီးများဖြင့် သွားကာ ရုံးခန်းတံခါးကို အတွင်းမှ လော့ချ ထိုးလိုက်ပြီး နောက် ဘွန်ဆိုင်းကို အနီးကပ် လေ့လာရန် ထုတ်ယူလိုက်လေသည်။

ဘွန်ဆိုင်းကမ္ဘာအတွင်း၌ မြူခိုးဆိုင်းသော မိုးပြေးလေးများ ရွာသွန်းနေချေပြီ။ မြူခိုးများကြားတွင် ရွာသားများ၏ ပုံရိပ်များကို ဝေဝေဝါးဝါး မြင်တွေ့နေရလေ၏။

ဖုန်တောထနေသော မြေပြင်သည် ချက်ချင်းပင် စိုစွတ်သွားကာ တောင်တန်းများပေါ်မှ စမ်းချောင်းလေး များ စီးဆင်းလာပြီး ဝါကျင့်ကျင့် ရွှံ့နွံစီးကြောင်းများအဖြစ် အထင်အသား မြင်တွေ့နေရတော့သည်။

ရွာသားများသည် အလွန်အမင်း ဝမ်းသာအားရ ဖြစ်နေကြပြီး တစ်ဦးကိုတစ်ဦး အော်ဟစ်အသိ ပေးနေ ကြလေ၏။ လူတိုင်း မိုးရွာနေသည်ကို သိရှိပြီးသား ဖြစ်သော်လည်း တစ်ဦးနှင့်တစ်ဦး ပြောဆိုနေကြ သည့် သူတို့၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုများကိုမူ ဖုံးကွယ်၍ မရနိုင်ပေ။ ဤနေရာသည် မိုးခေါင် ရေရှားမှုဒဏ်ကို ခံစားနေရသည်မှာ ကြာမြင့်လှပြီ ဖြစ်လေသည်။

ရွာသားများ၊ သစ်ပင်တောအုပ်များနှင့် မြေကမ္ဘာကြီးသည်ပင် ဤကဲ့သို့သော မိုးရေစက်များကို အငမ်း မရ လိုအပ်နေခဲ့ခြင်းသာ ဖြစ်လေ၏။

ရွှီပေါ်အန်းသည် ဘွန်ဆိုင်းအတွင်းရှိ ကမ္ဘာငယ်လေးကို စပ်စုလိုစိတ်ဖြင့် ကြည့်နေမိသည်။ ပုံမှန်ဆိုလျှင် ရှင်းလင်းစွာ မြင်တွေ့ရသော ဘွန်ဆိုင်းအတွင်း၌ ထူထပ်သော မြူခိုးများ ဖုံးလွှမ်းနေပုံရချေ၏။

ရွှီပေါ်အန်းသည် ထိုမြူခိုးများကို ဖြတ်ကျော်၍ ကြည့်လိုက်သောအခါ ဘွန်ဆိုင်းအတွင်းရှိ သစ်ပင်တစ် ပင်၊ မြက်တစ်ပင်ချင်းစီကို မြင်တွေ့ရရုံသာမက ရွာသားများ၏ လှုပ်ရှားမှုတိုင်းကိုပါ ရှင်းလင်းစွာ မြင် နေရဆဲပင် ဖြစ်လေသည်။

ရွှီပေါ်အန်းသည် သူ ထည့်ပေးထားသော ချည်လက်အိတ်များထဲမှ ချည်မျှင်များကို ထုတ်ယူနေသည့် အမျိုးသမီးအချို့ကို တွေ့လိုက်ရလေ၏။ ထို့ပြင် အနီးနားရှိ မြေကမူလေးတစ်ခု၏ အနောက်တွင် ပုန်း အောင်းကာ မိုးရေဖြင့် ပျော်ရွှင်စွာ ရေချိုးနေကြသော အလယ်အလတ်အရွယ် အမျိုးသားအချို့ကိုလည်း တွေ့လိုက်ရလေသည်။ သူတို့သည် ရေမချိုးရသည်မှာ ကြာမြင့်လှပြီ ဖြစ်ကြောင်း သိသာလှပေသည်။

အနီးနားရှိ တောင်ကျစမ်းချောင်းတွင်မူ ရွှီပေါ်အန်း အကြိမ်ကြိမ် တွေ့ဖူးသော မျောက်များမှာ သူတို့၏ အမွှေးအမျှင်များ စိုရွှဲနေသည်ကိုပင် ဂရုမစိုက်ဘဲ ပျော်ရွှင်စွာ ခုန်ပေါက်နေကြ၏။ အဝေးရှိ တောင်တန်း များနှင့် တောအုပ်များထဲတွင်မူ သူ တစ်ခါမှ မမြင်ဖူးသော တိရစ္ဆာန်လေးများပင် ရုတ်တရက် ပေါ်လာ ပြီး မိုးရေများကို လျှာဖြင့် သောက်သုံးနေကြသည်ကို တွေ့လိုက်ရလေသည်။

“ဟိုမှာ ယုန်ကလေးတစ်ကောင်၊ ဟိုဘက်မှာ တောကြက်တစ်ကောင်၊ ပြီးတော့ တောဝက်တစ်ကောင်...။ ဘုရားရေ...၊ ဇီးကွက်တစ်ကောင်တောင် ဘယ်ကနေ ပျံဝင်လာတာလဲ...။”

သို့သော် ထိုဇီးကွက်မှာ မိုးစိုနေသဖြင့် သစ်ပင်ကြီးတစ်ပင်ပေါ်တွင် အူကြောင်ကြောင်ဖြင့် ရပ်နေရှာ၏။ ကောင်းကင်ဘုံက အချိန်မီ မိုးရွာသွန်းပေးလိုက်သဖြင့် မြေကမ္ဘာကြီးမှာ ပြန်လည် သက်ဝင်လာခဲ့ချေပြီ။

ဘွန်ဆိုင်းအတွင်းရှိ ကမ္ဘာငယ်လေးမှာ ရုတ်တရက် ပို၍ပင် စိုပြည်သွားပုံရပေသည်။ ၎င်းမှာ တကယ့်ကို ကောင်းမွန်လှပေ၏။ သက်ဝင်လှုပ်ရှားနေသော ကမ္ဘာ...

ဤသည်မှာ ကမ္ဘာတစ်ခုတွင် ရှိသင့်သည့် ပုံစံပင် ဖြစ်ချေသည်။

ရွှီပေါ်အန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီးနောက် ရုံးခန်းပြတင်းပေါက်မှတစ်ဆင့် အပြင် ဘက်သို့ လှမ်းကြည့်လိုက်ရာ မိုးစက်ကြီးများ စတင် ရွာသွန်းနေသည်ကို တွေ့လိုက်ရလေသည်။ ခဏ ချင်းမှာပင် ကုမ္ပဏီဝင်းအတွင်းရှိ လူများမှာ မိုးခိုရန်အတွက် အဆောက်အအုံများအတွင်းသို့ အသီးသီး ပြေးဝင်သွားကြလေတော့သည်။

ရွှီပေါ်အန်းသည် လက်ဖက်ရည်စားပွဲသို့ သွားကာ လက်ဖက်ရည်တစ်ခွက် ဖျော်လိုက်လေ၏။ လက်ဖက် ရည် သောက်ရင်း ဘွန်ဆိုင်းအတွင်းရှိ ကမ္ဘာငယ်လေးကို လေ့လာရသည်မှာ အရသာရှိလှပေသည်။

မိုးရွာနေလျှင်ပင် မြို့ပြ၏ ကွန်ကရစ်တောအုပ် လမ်းမများမှာမူ ကြည့်စရာ ဘာမှမရှိပေ။ သို့သော် ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ မြင့်မားလှသော တောင်တန်းများနှင့် တောင်စွယ်များမှာမူ ပန်းချီကားတစ်ချပ် ကဲ့သို့ အနုပညာရသ မြောက်လှပေသည်။

ရွှီပေါ်အန်းသည် သူ၏ နယ်မြေကို စစ်ဆေးနေသော ဧကရာဇ်တစ်ပါးကဲ့သို့ ဘွန်ဆိုင်းအတွင်းရှိ မြက်ပင် တိုင်း၊ သစ်ပင်တိုင်းနှင့် မီးခိုးငွေ့တိုင်းကို ဖြေးဖြေးချင်း ကြည့်ရှုနေမိလေသည်။ တစ်ခါတရံတွင် တိရစ္ဆာန် အသစ်များကို တွေ့ရှိရသဖြင့် သူ ပျော်ရွှင်နေမိ၏။

အခြားတစ်ဖက်တွင်မူ မိုးရေခံရန်အတွက် အိုးခွက်ပန်းကန်များ ရှာဖွေနေကြသော ရွာသားများကိုလည်း သူက ချီးကျူးမိနေပြန်သည်။

ရွှီပေါ်အန်းသည် တောင်စောင့်နတ်မင်း နတ်ကွန်းနှင့် မလှမ်းမကမ်းရှိ နောက်ဘက်တောင်ကုန်းပေါ်တွင် လင်းဇီးမှိုနှင့် တူသော အပင်တစ်ပင်ကို တွေ့လိုက်ရ၏။

ထိုအပင်ပေါ်ရှိ ဖုန်မှုန့်များကို မိုးရေက ဆေးကြော ပေးလိုက်သဖြင့် ၎င်း၏ မူလပုံသဏ္ဌာန်မှာ ပေါ်လာ ခဲ့ချေပြီ။ ထိုလင်းဇီးမှိုမှာ ရွှီပေါ်အန်းအတွက် နှမ်းစေ့ခန့်သာ ရှိသော်လည်း အပြင်သို့ ထုတ်ယူလိုက်ပါက လက်ဝါးနှစ်ဖက်စာခန့် ကြီးမားပေလိမ့်မည်။ ဤတောင်တန်းများနှင့် တောအုပ်များထဲတွင် ရတနာများ စွာ ရှိနေသည်မှာ အမှန်ပင် ဖြစ်၏။

ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကမ္ဘာကို အသေးစိတ် ဆက်လက် လေ့လာနေခဲ့သည်။ ဘယ်မှ ညာ၊ အထက်မှ အောက်၊ မြို့ရိုးအတွင်းမှ မြို့ရိုးအပြင်ဘက်အထိ...။ ရွှီပေါ်အန်း၏ မျက်လုံးများ ခေတ္တမျှ ပြူးကျယ်သွား ရလေသည်။

တွက်ချက်မှု မှားယွင်းသွားခဲ့ချေပြီ။ မြို့ရိုးများကို စိပ်လွန်းသော နေရာများတွင် ထားမိသွားခြင်းပင်။ တောင်တန်းနှင့် တောအုပ်များရှိ လမ်းကြောင်းအသီးသီးမှ စီးဆင်းလာသော မိုးရေများသည် မြို့ရိုးများ ကြောင့် ပိတ်ဆို့သွားကာ ခဏချင်းမှာပင် ရေအိုင်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

ဤအတိုင်းသာ ဆက်ဖြစ်နေပါက ၎င်းသည် မြေပြိုဆည် သို့မဟုတ် ဆည်ကြီးတစ်ခုကဲ့သို့ ဖြစ်လာပေ လိမ့်မည်။ ဤသည်မှာ အန္တရာယ်ရှိသော အခြေအနေဖြစ်သဖြင့် ရေလမ်းကြောင်း ရှင်းပေးရပေမည်။

ထိုသို့ တွက်ဆရင်း ရွှီပေါ်အန်းသည် ပိတ်ဆို့နေသော ရေများ စီးဆင်းနိုင်စေရန်အတွက် မြို့ရိုးကို အနည်း ငယ် ရွှေ့ရန် လက်လှမ်းလိုက်၏။ ရွှီပေါ်အန်း မြို့ရိုးတစ်ပိုင်းကို မလိုက်ရုံရှိသေး... ရုတ်တရက် ထူးဆန်း သော အော်ဟစ်သံအချို့ သူ၏ နားထဲသို့ တိုးဝင်လာခဲ့လေသည်။

“ဟေး... ဟိုမှာ ကြည့်စမ်း...၊ အဲဒါ ဘာကြီးလဲ...။”

“အဲဒီမြို့ရိုးကြီးက ဘယ်လိုလုပ်ပြီး အလိုလို ပျံတက်သွားရတာလဲ...။”

ရွှီပေါ်အန်း ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားပြီး လက်များ ခေတ္တ တန့်သွားရလေသည်။ ထို့နောက် အသံများ ပိုမို ထွက်ပေါ်လာပြန်၏။

“ဘုရားရေ...၊ တကယ်ကြီးပဲ...။ ကြည့်စမ်း... မြို့ရိုးကြီးက ကောင်းကင်ပေါ်ကို ပျံတက်သွားပြီ...။”

“ဘာလို့ ဒီလို ဖြစ်ရတာလဲ...။ တစ်ယောက်ယောက် ရှင်းပြပေးကြပါဦး...။”

“ခေါင်းဆောင်...၊ ဒီမြို့ရိုးတွေက တခြားနေရာကနေ ပျံဝင်လာပြီးတော့ အခု ပြန်ပျံထွက်သွားတာ ဖြစ်နိုင်မလား...။”

“အင်း... ဒါ ကျိုးကြောင်းဆီလျော်တယ်...။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က တို့တွေ ဒီရွာသားတွေကို ရှာတွေ့တုန်းက ဒီမြို့ရိုးတွေ မရှိသေးဘူးလေ...။ ကြည့်ရတာ ဒါက တခြားနေရာကနေ ရောက်လာပြီး တော့ အခု ပြန်သွားတော့မှာ ထင်တယ်...။”

“လျှောက်မပြောနဲ့စမ်း...။ မင်း ဘာတွေ ပြောနေတာလဲဆိုတာရော သိရဲ့လား...။ တံတိုင်းကြီးက ပျံနိုင် တယ် ဟုတ်လား...။ ငါက မင်းကို အဲဒီလို ပျံအောင် လုပ်ပေးလိုက်ရမလား...။”

“ဒါပေမဲ့ ခေါင်းဆောင်...၊ အခု ဖြစ်နေတာကို တခြား ဘယ်လို ရှင်းပြရမလဲ...။”

“ဟေး... ပင်လယ်နားမှာ ခဏခဏ ပေါ်တတ်တဲ့ ‘သရဲစျေး’ လို့ ခေါ်တဲ့ အယောင်ပြဖြစ်စဉ်အကြောင်း ငါ ကြားဖူးတယ်... အခု တို့တွေ မြင်နေရတာက မရှိတဲ့ သရဲစျေးကြီးများလား...။”

ထိုအချိန်တိုအတွင်းမှာပင် ရွှီပေါ်အန်း မြို့ရိုးကို မလိုက်သဖြင့် ပိတ်ဆို့နေသော ရေများသည် အသစ်ပွင့် သွားသော လမ်းကြောင်းအတိုင်း စီးထွက်သွားလေသည်။ ရွှီပေါ်အန်းသည် လက်ထဲမှ မြို့ရိုးကို ညင်သာ စွာ ပြန်ချလိုက်ပြီး အသံလာရာဘက်သို့ သေချာစွာ ကြည့်ရှုရန် ခေါင်းကို စောင်းလိုက်မိလေ၏။

ရွှီပေါ်အန်းက ညင်သာစွာ ကိုင်တွယ်ခဲ့သော်လည်း ဘွန်ဆိုင်းကမ္ဘာအတွင်း၌မူ ကြီးမားသော လှုပ်ခတ်မှု ကြီး ဖြစ်သွားခဲ့လေသည်။ မြို့ရိုးအပိုင်းသည် ကောင်းကင်ထက်မှ “ဒုန်း” ခနဲ မြည်သံနှင့်အတူ ကျလာ သဖြင့် တောအုပ်အတွင်းရှိ တိရစ္ဆာန်လေးများမှာ ထိတ်လန့်တကြား ထွက်ပြေးကုန်ကြ၏။ ထိုလူများ၏ အသံမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။

“သရဲစျေးဆိုရင် အသံမထွက်ရဘူး မဟုတ်လား...။”

“မထင်ပါဘူး...၊ ငါတော့ အဲဒီလို မကြားဖူးဘူး...။”

“ဒါဆိုရင် ဒီမြို့ရိုးကြီးက အစစ်ပေါ့...။ ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတဲ့ ပုံရိပ်ကြီးကလည်း အစစ် ပဲပေါ့...။”

“ဒါပေမဲ့ ခေါင်းဆောင်...၊ ဒါက ရှင်းပြရ တကယ် ခက်တာပဲ...။”

“ဘာကို ရှင်းပြနေမှာလဲ...။ တို့တွေ မျက်စိနဲ့ တပ်အပ် မြင်နေရတာပဲကို...။”

“ခေါင်းဆောင်... ဒါက ကြောက်စရာကြီးဗျ...။ တို့တွေ... တို့တွေ ပြေးမှ ဖြစ်မယ်...။”

ရွှီပေါ်အန်းသည် ထိုအသံများမှာ မြို့ရိုးအပြင်ဘက် မလှမ်းမကမ်းမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ရှင်းလင်းစွာ ကြားလိုက်ရလေသည်။ ကံမကောင်းစွာဖြင့် ရွှီပေါ်အန်းသည် ဘွန်ဆိုင်းအတွင်းပိုင်းအထိ ခေါင်းငုံ့၍ ကြည့်သော်လည်း ဘွန်ဆိုင်းအပြင်ဘက်မှ မည်သည့်အရာကိုမျှ မမြင်ရချေ။ ဘွန်ဆိုင်းအိုး၏ အနားသတ်ကသာ သူ၏ အမြင်အာရုံကို ရက်စက်စွာ ပိတ်ဆို့ထားခဲ့လေသည်။

ထိုအသံများသည် မြို့ရိုးအပြင်ဘက်မှ ထွက်လာခြင်း ဖြစ်ရပေမည်။ သို့မဟုတ်ပါက သူ ဤမျှ ရှင်းလင်း စွာ ကြားနိုင်လိမ့်မည် မဟုတ်ပေ။

*င့ါရဲ့ အမြင်အာရုံကို ချဲ့ထွင်နိုင်မည့် နည်းလမ်းများ ရှိနေမလား...။*

ရွှီပေါ်အန်းသည် ရုတ်တရက် စိတ်ကူးတစ်ခု ရသွားခဲ့လေ၏။ ဆုတောင်းပတ္ထနာပြုရမည်ဆိုလျှင် အမွှေးတိုင် ပူဇော်မှုမှ ရရှိသော စွမ်းအားက မည်မျှ ထိရောက်မှု ရှိသနည်းဆိုသည်ကို စမ်းသပ်ရန် အချိန်ကျပြီ မဟုတ်ပါလော။

ရွှီပေါ်အန်းသည် ဘွန်ဆိုင်းမြို့ရိုး၏ အပြင်ဘက်သို့ တတ်နိုင်သမျှ ဝေးဝေး မြင်တွေ့နိုင်ရန် စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းလိုက်လေသည်။

နောက်တစ်ခဏ၌ ရွှီပေါ်အန်းသည် သူ၏ နောက်ဆုံးကျန်ရှိနေသော အမွှေးတိုင်စွမ်းအား တစ်စလေး ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရလေ၏။ ထို့နောက် ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ မြင်ကွင်းမှာ အမှန်တကယ်ပင် ပို၍ ကျယ်ပြန့်လာသည်ကို သူ ကိုယ်တိုင် မြင်တွေ့လိုက်ရတော့သည်။

စားပွဲပေါ်ရှိ ဘွန်ဆိုင်းအလှပင်၏ အရွယ်အစားမှာ ပြောင်းလဲခြင်း မရှိသော်လည်း သူ၏ အာရုံခံစားမှု အတိုင်းအတာမှာ သိသိသာသာ ကျယ်ပြန့်သွားခဲ့ချေပြီဖြစ်လေ၏။

သူ၏ အမြင်အာရုံအတွင်း၌ မြို့ရိုးအပြင်ဘက် မလှမ်းမကမ်းရှိ ကျောက်ဆောင်ကြီးတစ်ခုအောက်တွင် မိုးခိုနေကြသော သေးငယ်လှသည့် ပုံရိပ်စုကြီးကို တွေ့လိုက်ရလေသည်။ ထိုပုံရိပ်လေးများမှာ အားလုံး အမျိုးသားများ ဖြစ်ကြပြီး အသက်အရွယ်စုံသော်လည်း အများစုမှာ လူငယ်နှင့် လူလတ်ပိုင်းများ ဖြစ် ကြလေသည်။

သူတို့၏ အဝတ်အစားများမှာ အမျိုးမျိုး အစားစား ဖြစ်နေပြီး ဓား၊ လှံ၊ ဒုတ်၊ ခွ အစရှိသော လက်နက် မျိုးစုံကို ကိုင်ဆောင်ထားကြ၏။ ထူးခြားချက်မှာ လူတိုင်း၏ ဦးခေါင်းပေါ်တွင် မြက်နှင့် သစ်သားများဖြင့် ပြုလုပ်ထားသော ဦးထုပ်များကို ဆောင်းထားကြခြင်းပင် ဖြစ်ချေသည်။

ထိုလူများ၏ ဝတ်စားဆင်ယင်မှုနှင့် သူတို့လက်ထဲရှိ လက်နက်များကို မြင်သောအခါ ရွှီပေါ်အန်း ချက် ချင်းပင် မျက်မှောင်ကြုတ်လိုက်မိလေ၏။

*ဒီကောင်တွေက လူကောင်းတွေတော့ မဟုတ်တာ သေချာတယ်... ။*

All Chapters