အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
အခန်း (၅၉) နည်းပညာသည် ဘွန်ဆိုင်းအတွင်းရှိ ဘဝကို ပြောင်းလဲစေခြင်း
ရွှီပေါ်အန်းသည် ထိုလူများ၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်နေရာမှ လာသည်ကို တွေးတော နေစဉ် လူအုပ်ကြား၌ ဝန်းရံခြင်းခံထားရသော မျက်လုံးတစ်ဖက်လပ် လူတစ်ယောက်က စတင် စကား ပြောလိုက်လေသည်။
“ဒီနေရာက တကယ်ကို ထူးဆန်းလွန်းလှတယ်...။ မိုးနည်းနည်း ပါးသွားတာနဲ့ ဒီကနေ မြန်မြန် ထွက်သွား ကြဖို့ ညီအစ်ကိုတွေကို အကြောင်းကြားလိုက်ကြ...။”
“ဒါပေမဲ့ ခေါင်းဆောင်...၊ ဟိုဘက်က အဘိုးကြီးတွေမှာ အစားအသောက်တွေ ဒီလောက် အများကြီး ရှိနေတာကို ဒီအတိုင်း ထားခဲ့ရမှာလား...။”
“ဟုတ်တယ် ခေါင်းဆောင်...၊ တို့တွေ ဒီအတိုင်း ပြန်သွားရင်တော့ ခရီးပန်းတာပဲ အဖတ်တင်မှာပေါ့...။ ရှေးလူကြီးတွေ ပြောသလိုပဲ သူခိုးဆိုတာ လက်ဗလာနဲ့ ဘယ်တော့မှ မပြန်ဘူးလေ...။”
“ဟွန်း... ‘အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိသေးတယ်’ ဆိုတဲ့ စကားကိုရော မကြားဖူးဘူးလား...။ တို့တွေ ဒီမှာ ဆက်နေရင် တစ်ခုခု ဒုက္ခရောက်ကုန်ရင် ဘယ်လိုလုပ်မလဲ...။”
“ဒုတိယအစ်ကို ပြောတာ မှန်တယ်...။ လျှောက်မပြောကြနဲ့တော့...။ မိုးတိတ်တာနဲ့ ချက်ချင်း ထွက်ကြ မယ်...။”
ရွှီပေါ်အန်းသည် ထိုဓားပြများ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေစဉ်မှာပင် တောင်စောင့်နတ်မင်း နတ်ကွန်း ခြေရင်းရှိ ခေါင်ရှန်းရွာသားများ၏ အံ့အားသင့်စွာ အော်ဟစ်သံများကို ကြားလိုက်ရလေသည်။ ရှေးဦးစွာ ထွက်ပေါ်လာသော အသံမှာ ရွာလူကြီး လီခန့်ရှန်း၏ အသံပင် ဖြစ်လေ၏။
“ရွာသူရွာသားတို့ရေ...၊ အိမ်တွေကို ပြန်ပြီး စောင့်ရှောက်ကြပါဦး...။ လေပြင်းတွေကြောင့် တို့အိမ်တွေ
လွင့်ကုန်တော့မယ်...။”
“ရွာလူကြီး...၊ ဆန်နဲ့ ဂျုံမှုန့်တွေ ထည့်ထားတဲ့ အဲဒီစပါးကျီ နှစ်ခုကို ဒီအတိုင်း ပစ်ထားလို့ မရဘူးလေ...။ အကုန်လုံး မိုးစိုကုန်တော့မယ်...။”
“ဒုက္ခပါပဲ...၊ တို့တွေ ဘယ်လိုလုပ်ကြမလဲ...။”
“ကျောက်တုံးလေးသာ ဒီမှာ ရှိရင် သိပ်ကောင်းမှာပဲ...။ သူက တကယ်ကို ခွန်အားကြီးတာလေ...။”
“လျှောက်ပြောမနေနဲ့တော့...။ အရင်ဆုံး အိမ်တွေကို မြဲအောင် အရင် ထိန်းထားကြစမ်း...။”
“မဟုတ်ဘူး...၊ အရင်ဆုံး စပါးကျီကို ကာကွယ်ရမယ်...။ အိမ်တွေ ပျက်သွားရင် ပြန်ပြင်လို့ ရပေမဲ့ အစားအသောက်တွေ ဆုံးရှုံးသွားရင်တော့ တို့တွေ သေကုန်ကြလိမ့်မယ်...။”
“ဘုရားရေ... ကြည့်စမ်း...။ အသစ်ဆောက်ထားတဲ့ သက်ငယ်မိုး တဲအိမ်လေးတွေ လွင့်ထွက်သွားပြီ...။ အဲဒီအောက်က ဝံပုလွေတွေလည်း မိုးမိကုန်ပြီ...။”
“သူတို့ကို ဂရုမစိုက်နိုင်တော့ဘူး...။ လူတွေတောင် အနိုင်နိုင် ဖြစ်နေတာကို...။ တိရစ္ဆာန်တွေကို ဘယ်သူ က ကြည့်နေနိုင်မှာလဲ...။ ဝူးဖူ... မင်း ဘယ်ကို သွားနေတာလဲ...၊ အန္တရာယ်ရှိတယ်...။ မြန်မြန် ပြန်လာခဲ့ စမ်း...။”
အစောပိုင်းက ပျော်ရွှင်စိုပြည်နေသော လေထုကြီးမှာ ယခုအခါ စိုးရိမ်ပူပန်မှုနှင့် အကျပ်အတည်းများ ဖြင့် ပြည့်နှက်သွားခဲ့ချေပြီ။ တောင်စောင်းတွင် ဆောက်လုပ်ထားသော ယာယီတဲအိမ်လေးများအတွင်း ချည်နှောင်ခံထားရသည့် ဝံပုလွေများမှာလည်း စတင် ဂနာမငြိမ် ဖြစ်လာကြတော့သည်။
လီဝူးဖူသည် တိုက်ခတ်နေသော လေပြင်းနှင့် သည်းထန်စွာ ရွာသွန်းနေသော မိုးဒဏ်ကို အံတုရင်း ပင်အပ်ကြီးတစ်ချောင်းကို တောင်ဝှေးသဖွယ် အားပြုကာ ဝံပုလွေများရှိရာသို့ ခက်ခဲစွာ ခြေလှမ်းလှမ်း နေခဲ့လေ၏။
“ရွာလူကြီး... ဒီဝံပုလွေပေါက်လေးတွေကို ပစ်ထားလို့ မရဘူးလေ...။ အခုက သူတို့ကို ယဉ်ပါးအောင် လုပ်ဖို့ အကောင်းဆုံး အချိန်ပဲ...။”
လီခန့်ရှန်းက ဒေါသတကြီး ကြိမ်းမောင်းလိုက်လေ၏။
“လျှောက်ပြီး မစွန့်စားနဲ့လေ...။ အဲဒီ ဝံပုလွေပေါက်တွေက အခုလေးတင် ဆန်ပြုတ်တွေ သောက်ထား တာ...။ သူတို့မှာ ခွန်အားတွေ ကျန်နေဦးမှာပဲ...။”
“ဘာမှ မဖြစ်ပါဘူး ရွာလူကြီး...။ ကျွန်တော့်အတွက် စိတ်မပူပါနဲ့...။”
လီဝူးဖူ စကားပြောပြီးသည်နှင့် တပြိုင်နက် တောင်ပေါ်ရှိ ကျောက်တုံးကြီးတစ်တုံးမှာ မိုးလေဒဏ် ကြောင့် လျော့ရဲလာပြီး အောက်သို့ လိမ့်ကျတော့မည့် အခြေအနေသို့ ရောက်ရှိသွားလေသည်။
“ဝူးဖူ... လမ်းဖယ်စမ်း...။” ဟု ရွာသားတစ်ယောက်က မြင်သည်နှင့် အော်ဟစ်လိုက်၏။
သို့သော် နောက်ကျသွားချေပြီ။ လူတစ်ရပ်စာခန့်ရှိသော ထိုကျောက်တုံးကြီးမှာ ခဏချင်းမှာပင် တောင်ပေါ်မှ တည့်တည့် လိမ့်ကျလာတော့သည်။ လိမ့်ကျလာသော ကျောက်တုံးမှာ အရှိန်အဟုန်ဖြင့် လီဝူးဖူကို ထိမှန်တော့မည့်အလား ရှိနေလေ၏။
လီဝူးဖူ မော့ကြည့်လိုက်ချိန်တွင် ကျောက်တုံးကြီးမှာ သူ၏ ဦးခေါင်းအထက်တွင် ရောက်ရှိနေချေပြီ။ ရှောင်တိမ်းရန်လည်း အချိန်မရတော့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် လီဝူးဖူသည် ‘ငါတော့ သေရချေပြီ’ ဟု တွေးတောကာ သေခြင်းတရားကို လက်ခံရန် မျက်လုံးကို မှိတ်လိုက်ရုံသာ တတ်နိုင်တော့သည်။
သို့သော်လည်း နောက်တစ်ခဏ၌ မည်သည့်အရာမှ ဖြစ်မလာခဲ့ပေ။ ခံစားရမည်ဟု ထင်ထားသော နာကျင်မှုကြီးမှာလည်း ပေါ်ပေါက်မလာခဲ့ချေ။
လီဝူးဖူသည် တုန်ရီစွာဖြင့် မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ ကျောက်တုံးကြီးမှာ သူ၏ ဦးခေါင်းအထက် လူတစ်ရပ်စာခန့် အကွာအဝေးတွင် ငြိမ်သက်စွာ ရပ်တန့်နေသည်ကို တွေ့လိုက်ရလေ၏။
ဤသည်မှာ...
လီဝူးဖူ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီမှာပင် ထိုကျောက်တုံးကြီးသည် လေထဲသို့ မြင့်တက်သွားပြီး ၎င်း ကျဆင်းလာသည့် လမ်းကြောင်းအတိုင်း တောင်ပေါ်သို့ ပြန်လည် ရောက်ရှိသွားခဲ့လေသည်။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက ကျွန်တော်မျိုးကို ကယ်တင် လိုက်တာပဲ...။”
လီဝူးဖူသည် ဖြစ်ပျက်သွားသော အခြေအနေကို ချက်ချင်း သဘောပေါက်သွားတော့သည်။ သူသည် မြေကြီးထဲတွင် စိုက်နေသော ပင်အပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ဒူးထောက်လိုက်လေ၏။
“ကျွန်တော်မျိုးရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်လှပါတယ် တောင်စောင့်နတ်မင်း ဘိုးဘိုးကြီး...။”
ဤသည်မှာ ရွှီပေါ်အန်း လုပ်ဆောင်လိုက်ခြင်းပင် ဖြစ်၏။ သူသည် ဘွန်ဆိုင်းအတွင်းရှိ သေးငယ်လှသော ပုံရိပ်လေးများ တစ်စုံတစ်ရာ ဖြစ်သွားမည်ကို မကြည့်ရက်နိုင်ပေ။
ထို့ကြောင့် ရွှီပေါ်အန်းသည် ပြောင်းဖူးစေ့ခန့်သာရှိသော ထိုကျောက်တုံးကို အလျင်အမြန်ပင် ကောက်ယူ ဖယ်ရှားပေးကာ လီဝူးဖူ၏ အသက်ကို ကယ်တင်လိုက်ခြင်း ဖြစ်ပေသည်။
ဤအန္တရာယ်ရှိသော မြင်ကွင်းကို မြင်တွေ့လိုက်ရသည့် ရွာသားများစွာမှာလည်း ချက်ချင်းပင် ဒူးထောက် လိုက်ကြတော့သည်။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက တကယ့်ကို ကရုဏာကြီးမားလှပါတယ်...။”
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက တန်ခိုးအင်အား ကြီးမားလှပါတယ်...။”
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ကျေးဇူးပြုပြီး ကူညီပေးတော်မူပါ...။ လေဒဏ်မိုးဒဏ်က ပြင်းထန်လွန်းလို့ တို့အိမ်တွေ လွင့်ကုန်ပါတော့မယ်...။”
“ဟုတ်ပါတယ် တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။ အရှင် ပေးသနားထားတဲ့ စပါးကျီ နှစ်ခုလည်း မိုးစိုကုန်ပါတော့မယ်...။”
ရွှီပေါ်အန်းသည် စားပွဲပေါ်ရှိ မောက်စ်ပတ် ကို ယူကာ ရွာသားများအတွက် မိုးကာပေးရန် ပြင်လိုက်၏။ သို့သော်လည်း သည်းထန်စွာ ရွာသွန်းနေသော ဤမိုးမှာ မည်မျှကြာမည်ကို သူ မသိပေ။ အမြဲတမ်း ကိုင်ထားပေးရန်မှာလည်း လက်ညောင်းလှမည် ဖြစ်သလို တစ်နေရာသို့ သွားရန်ရှိပါကလည်း အခက် တွေ့ပေလိမ့်မည်။
မိုးရွာခြင်းမှာ တိမ်တိုက်များပေါ်တွင် မူတည်သည် မဟုတ်ပါလော။ သို့ဖြစ်လျှင် ထိုတိမ်တိုက်များကို ဖယ်ရှားလိုက်လျှင် မပြီးပေဘူးလား။ ရွှီပေါ်အန်းသည် ဘွန်ဆိုင်းအတွင်းသို့ လက်လှမ်းလိုက်သည့်အခါ သူ၏ လှုပ်ရှားမှုကြောင့် ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ တိမ်တိုက်များမှာ လွင့်စင်ပျောက်ကွယ်သွားနိုင်သည် ကို သတိပြုမိလိုက်လေ၏။
ခေတ္တမျှ တွေးတောပြီးနောက် ရွှီပေါ်အန်းသည် စားပွဲဘေးတွင် ရှိနေသော လက်ကိုင် လျှပ်စစ်ပန်ကာ ငယ်လေးကို လှမ်းယူလိုက်လေသည်။ ထို့နောက် သူသည် ထိုပန်ကာငယ်ကို ဘွန်ဆိုင်းကမ္ဘာအား ဖုံးလွှမ်းထားသော တိမ်တိုက်များဆီသို့ ညင်သာစွာ ချိန်ရွယ်ကာ ဖွင့်လိုက်တော့၏။ ပန်ကာရွက်များမှာ နှေးရာမှ မြန်လာပြီး ပြင်းထန်သော လေများကို မှုတ်ထုတ်လိုက်လေသည်။
မကြာမီမှာပင် ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ မှောင်မည်းနေသော တိမ်တိုက်ကြီးများမှာ ပန်ကာလေကြောင့် လွင့်စင်သွားပြီး ဘေးဘက်သို့ တဖြည်းဖြည်း ရွေ့လျားသွားလေတော့၏။ တိမ်တိုက်များ ပျောက်ကွယ် သွားသည်နှင့်အမျှ နေရောင်ခြည်မှာ တောက်ပစွာ ထွက်ပေါ်လာခဲ့လေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ကြီးမှာ ကြည်လင်သွားပြီး မိုးတိတ်သွားခဲ့ချေပြီ။
“ဝါး... တောင်စောင့်နတ်မင်းကြီးက တကယ့်ကို အံ့ဩစရာပဲ...။ တောင်ပေါ်က ကိစ္စတွေကိုတင် မကဘူး...။ မိုးလေဝသကိုပါ ထိန်းချုပ်နိုင်တာပဲ...။”
“ဒါမျိုးတော့ တစ်ခါမှ မကြားဖူး၊ မမြင်ဖူးပါဘူး...။ အခုမှပဲ မျက်စိနဲ့ တပ်အပ် မြင်ဖူးတော့တယ်...။”
“တောင်စောင့်နတ်မင်းကြီးက တန်ခိုးနဲ့ တို့တွေကို မိုးကာပေးမယ်လို့ပဲ ထင်ထားတာ...။ တကယ့်တ ကယ်ကျတော့ မိုးကိုပါ တိတ်အောင် လုပ်ပေးလိုက်တာပါလား...။”
“ဟုတ်တယ်... ကျွန်မလည်း အဲဒီလိုပဲ ထင်ထားတာ...။ တောင်စောင့်နတ်မင်းကြီးက တကယ်ကို တန်ခိုး ကြီးမားလှပါပေတယ်...။”
“ဒါပေမဲ့ မိုးမရွာရင် တို့တွေ ရေပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲ...။”
“ဟဲ့... အဘွားကြီး... နင် ဘာတွေ စိုးရိမ်နေတာလဲ...။ တို့တွေကို တောင်စောင့်နတ်မင်းကြီးက စောင့်ရှောက်ပေးနေတာပဲကို...။ ဒီလောက် ကိစ္စလေးကို စိတ်ပူနေစရာ လိုလို့လား...။”
“ဒါလည်း ဟုတ်တာပဲ...။ တောင်စောင့်နတ်မင်းကြီး ပေးတဲ့ရေက သာမန်ရေထက်တောင် ပိုပြီး ချို သေးတယ်...။”
“တို့တွေ တောင်စောင့်နတ်မင်းကြီးကို သေသေချာချာ ပူဇော်ရမယ်...။ ဒီလောက် ကောင်းတဲ့ နတ်မင်း မျိုးက တကယ်ကို ရှားပါးပါတယ်...။”
“ရှားပါးတာ မဟုတ်ဘူး...။ လုံးဝ မရှိတာလို့ ပြောရမှာ...။”
“တို့တွေ တောင်စောင့်နတ်မင်းကြီးရဲ့ ရုပ်ထုကို အသစ်သွန်းလုပ်ပြီးတော့ နတ်ကွန်းကိုလည်း မြန်မြန် ပြန်ပြင်ရမယ်လို့ ကျွန်တော် အကြံပြုပါတယ်...။”
“ရုပ်ထုအသစ် သွန်းလုပ်မယ်...၊ နတ်ကွန်းကို ပြန်ပြင်မယ်...။”
“ရွှေရောင်ရုပ်ထု သွန်းလုပ်မယ်...။ နတ်ကွန်းကို ပြန်ပြင်မယ်...။”
ခဏချင်းမှာပင် ထိုကြွေးကြော်သံများမှာ ဘွန်ဆိုင်းအတွင်း၌ ဟိန်းထွက်သွားတော့သည်။
ထိုတောင်စောင့်နတ်မင်း နတ်ကွန်းမှာ အမှန်တကယ်တော့ အိုမင်းပျက်စီးနေခြင်း မဟုတ်ပေ။ အနည်း ဆုံးတော့ ရွှီပေါ်အန်း၏ အမြင်တွင် ထိုသို့ မြင်ရသည်။ သို့သော်လည်း ရွှီပေါ်အန်းသည် ရွာသားများ၏ စေတနာကိုမူ ငြင်းပယ်မည် မဟုတ်ပေ။
*အရာအားလုံးကို သဘာဝအတိုင်းသာ ဖြစ်ပါစေတော့...။*
သို့သော် ရွာသားများ၏ ချီးကျူးစကားများကို ကြားရသောအခါ ရွှီပေါ်အန်း အနည်းငယ်တော့ အားနာ သွားမိလေ၏။
*ဘုရားရေ... ငါ့မှာ ဘာတန်ခိုးမှ မရှိပါဘူး...။ မိုးလေဝသကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားလည်း မရှိပါဘူး...။ ဒီအရာတွေ အားလုံးက နည်းပညာကြောင့် ဖြစ်လာတာပါ...။ အမှန်တကယ်ပဲ... နည်းပညာက ဘဝကို ပြောင်းလဲစေတာပဲ...။*
သူ ပေးသနားထားသော ရေများ ချိုမြိန်နေခြင်းမှာလည်း သူ၏ လက်ရာ မဟုတ်ပေ။ ထိုရေမှာ မူလက တည်းက ချိုမြိန်နေခြင်းသာ ဖြစ်၏။ ဤကဲ့သို့သော ချီးကျူးမှုများကို ခံယူရန်မှာ သူနှင့် မထိုက်တန်လှ ပေ။
ရာထူးအာဏာရှိသူ တစ်ဦးအနေဖြင့် မိမိနယ်မြေရှိ လူသားများအတွက် အကျိုးကျေးဇူး ဆောင်ကြဉ်း ပေးသင့်သည် မဟုတ်ပါလော။ သူသည် အစစ်အမှန် မြေစောင့်နတ် မဟုတ်သော်လည်း ထိုပုံရိပ်လေး များက ပေးသော စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုနှင့် ဤကမ္ဘာငယ်လေးက သူ့အား ပေးအပ်ခဲ့သော ကြီးမား လှသော ပြောင်းလဲမှုများကြောင့် တစ်စုံတစ်ခု လုပ်ဆောင်ပေးရန် တာဝန်ရှိသည်ဟု သူ ခံစားရလေ သည်။
ကိုယ်ကျိုးအတွက် မဟုတ်ဘဲ မိမိ၏ စိတ်ဆန္ဒအတိုင်းသာ လုပ်ဆောင်ရပေမည်။ လူလတ်ပိုင်းအရွယ် သည် အလွန်ပင် ပင်ပန်းလှသော အချိန်ကာလ ဖြစ်လေသည်။ အထူးသဖြင့် အမျိုးမျိုးသော စိတ်ပိုင်း ဆိုင်ရာ ဖိအားများက တစ်ခုပြီးတစ်ခု ရောက်ရှိလာတတ်သည် မဟုတ်ပါလော။ လူအများစုမှာ စိတ်ပိုင်း ဆိုင်ရာ ကျေနပ်မှု တစ်ခုခုကို အစဉ်အမြဲ ရှာဖွေနေတတ်ကြပေသည်။
၎င်းမှာ အခြားသူများအတွက်သာမက မိမိကိုယ်ကိုယ်အတွက်လည်း ဖြစ်ပေသည်။
လေဒဏ်မိုးဒဏ်ကြောင့် ရုပ်ဆိုးအကျည်းတန်သွားသော အသင့်စား ခေါက်ဆွဲဗူးခွံကြီးများကို ကြည့်ရင်း ရွှီပေါ်အန်းသည် သူတို့အတွက် ခိုင်ခံ့သော နေအိမ်အသစ်တစ်ခု စီစဉ်ပေးရန် လိုအပ်သည်ဟု တွေးတော မိလိုက်၏။
ရွှီပေါ်အန်းသည် သူ၏ဖုန်းကို ထုတ်ယူကာ အွန်လိုင်းတွင် အချိန်အတော်ကြာ ရှာဖွေနေမိလိုက်သည်။ နောက်ဆုံးတွင်မူ မည်သို့သော အိမ်မျိုး ဆောက်လုပ်ပေးမည်ကို သူ ဆုံးဖြတ်လိုက်ချေပြီဖြစ်၏။
ဤအရာသည် ယခုခေတ် ရွာသားများအတွက် အမှန်တကယ်ပင် အသုံးဝင်ပေလိမ့်မည်...။
အခန်း (၆၀) တစ်ယောက်မှ လွတ်မြောက်စေရမည် မဟုတ်
တူလို (မြေနံရံအိမ်ရာ) ...။
ဤအရာသည် အထူးကာလနှင့် အထူးအခြေအနေများအောက်၌ ပေါ်ထွက်လာသည့် ပညာဉာဏ်၏ ရလဒ်တစ်ခုပင် ဖြစ်ချေ၏။
လွန်ခဲ့သော ကာလကြာမြင့်စွာက စစ်မက်များ နှစ်ရှည်လများ ဖြစ်ပွားခဲ့ရာ ပြည်သူလူထုမှာ ဆင်းရဲဒုက္ခ အလီလီ ကြုံတွေ့ခဲ့ရလေသည်။ ထိုစဉ်က လူအများအပြားသည် စစ်ဘေးစစ်ဒဏ်မှ လွတ်မြောက်ရန် အတွက် တစ်မျိုးနွယ်စုလုံး အစုလိုက်အပြုံလိုက် ပြောင်းရွှေ့အခြေချခဲ့ကြလေ၏။
ဘေးကင်းလုံခြုံသော နေရာကို ရှာဖွေရင်း ထိုလူများသည် လူသူအရောက်အပေါက် နည်းပါးလှသည့် ဝေးလံခေါင်သီသော တောင်တန်းကြီးများအတွင်း၌ ခိုလှုံရန် ရွေးချယ်ခဲ့ကြလေသည်။
သို့သော်လည်း ဝေးလံလှသော တောင်တန်းတိုင်းသည် 'မက်မွန်ပွင့်စမ်းရေကြည် တောအုပ်' ကဲ့သို့ အေးချမ်းသာယာလှသည့် နိဗ္ဗာန်ဘုံများ မဟုတ်ကြပေ။ ထိုနေရာအများစုမှာ လူသူမနီးဘဲ တောရိုင်း သားရဲများ ကျက်စားရာ ဖြစ်နေတတ်သည့်အပြင် ဓားပြနှင့် သူခိုးများပါ ပေါများလှသော နေရာများ ဖြစ်နေတတ်၏။
ထို့ကြောင့်ပင် မျိုးနွယ်၏ စုစည်းနေထိုင်လိုသော စိတ်ဓာတ်နှင့် ဘေးအန္တရာယ်ကြား၌ ရုန်းကန်ရသည့် အခြေအနေတို့ ပေါင်းစပ်လိုက်သောအခါ တောင်တန်းကို အမှီပြု၍ အသက်မွေးရသည့် နည်းလမ်းများ ကို ရှာဖွေရင်း ထူးခြားလှသော နေထိုင်မှုစနစ်နှင့် ဗိသုကာအနုပညာတစ်ခုကို ဖန်တီးခဲ့ကြလေသည် ...။
၎င်းမှာ 'တူလို' ပင် ဖြစ်ချေ၏။
တူလို (မြေနံရံအိမ်ရာ) များသည် ခံစစ်စွမ်းရည် အလွန်မြင့်မားပြီး အပြင်အဆင်ထက် လက်တွေ့အသုံး ဝင်မှုကိုသာ အဓိကထားကာ ရိုးရှင်းလှသော တည်ဆောက်ပုံများ ရှိကြလေသည်။ ဘွန်ဆိုင်းကမ္ဘာ အတွင်းရှိ ခေါင်ရှန်းရွာသားများ၏ လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် တူလိုသည် နေထိုင်ရန်အတွက် အသင့်တော်ဆုံး ရွေးချယ်မှုပင် ဖြစ်ရပေမည်။
ဤကိစ္စကို ကိုင်တွယ်ရန်အတွက် ထျန်ရှောင်ဟူကို ခေါ်ယူရပေမည်။ ထိုကောင်လေးသည် အင်ဂျင်နီယာ နည်းပညာရှင်အဖြစ် လေ့ကျင့်သင်ကြားထားသူ ဖြစ်ရုံသာမက စီအေဒီ ပုံကြမ်းဆွဲခြင်း၌လည်း အလွန် ကျွမ်းကျင်သူ ဖြစ်လေ၏။
ထို့အပြင် သူသည် လက်ရှိတွင် ကုမ္ပဏီ၏ ဗဟိုဓာတ်ခွဲခန်း၌ ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူ ထားသဖြင့် ကုန်ကြမ်းပစ္စည်းများနှင့် ထိန်းသိမ်းရေးဆိုင်ရာ ပတ်ဝန်းကျင် လိုအပ်ချက်များအတွက် လည်း အပြည့်အဝ ကိုက်ညီသူ ဖြစ်ပေသည်။
စကားပုံတစ်ခု ရှိသည် မဟုတ်ပါလော ...။ ‘ကုမ္ပဏီတွင် ရှိသမျှအရာသည် ငါ့တွင်လည်း ရှိရမည် ...။ အကယ်၍ သူတို့တွင် မရှိလျှင် ကုမ္ပဏီသို့ သွား၍ ယူရုံသာ ရှိတော့သည် ...။’
လွန်ခဲ့သော ကာလ၌ လီယွန်းလုံသည် အဝတ်အထည်စက်ရုံ၏ ညွှန်ကြားရေးမှူး ဖြစ်စဉ်က သူ ထွက်ခွာ သွားသည့်အခါ အိပ်ရာခင်း အသစ် အစုံပေါင်း နှစ်ရာကို တစ်ပါတည်း ယူဆောင်သွားခဲ့သည် မဟုတ်ပါ လော။ ကျွမ်းကျင် အင်ဂျင်နီယာများနှင့် အရည်အသွေး စစ်ဆေးရေးမှူးများကို အသုံးမပြုဘဲ ထားရှိခြင်း မှာ ပါရမီရှင်များကို ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။
ရွှီပေါ်အန်းသည် ခပ်တိုးတိုး ရယ်မောလိုက်ရင်း ထျန်ရှောင်ဟူ၏ ဖုန်းနံပါတ်ကို နှိပ်လိုက်လေသည်။
“ဟဲဟဲ ... အစ်ကိုကြီး ...၊ ဘာကိစ္စရှိလို့လဲဗျာ ...။”
ထျန်ရှောင်ဟူက အားနာသလိုလိုနှင့် ရယ်မောကာ ပြန်ထူးလာလေ၏။
“လျှောက်မပြောနဲ့ဦး ...။ မင်းဘက်မှာရော ဘာတွေဖြစ်နေတာလဲ ...။”
ရွှီပေါ်အန်းသည် ထျန်ရှောင်ဟူနှင့် အမျိုးသမီးတစ်ဦးကြားက ပြောမကုန်နိုင်သော ဇာတ်လမ်းကို စဉ်းစား နေမိဆဲ ဖြစ်သည်။
ထျန်ရှောင်ဟူက သက်ပြင်းတစ်ချက်ကို အကူအညီမဲ့စွာ ချလိုက်ရင်း ပြောလိုက်လေ၏။
“အစ်ကိုကြီးရယ် ...၊ ကျွန်တော့်ဘဝကတော့ ပျက်ပါပြီဗျာ ...။ ကြည့်ရတာ ကျွန်တော့်ရဲ့ သာယာလှတဲ့ လူပျိုကြီးဘဝကတော့ အဆုံးသတ်တော့မယ် ထင်ပါရဲ့ ...။”
“လက်ထပ်တယ်ဆိုတာ ကောင်းတဲ့ကိစ္စပဲလေ ...။”
ရွှီပေါ်အန်းသည် ထျန်ရှောင်ဟူကို အားပေးစကား အချို့ ပြောရန် ပြင်လိုက်သော်လည်း သူ၏ ကိုယ်ပိုင် အိမ်ထောင်ရေး ကျရှုံးခဲ့သည်ကို ရုတ်တရက် သတိရသွားကာ စိတ်ပျက်သလို ခံစားလိုက်ရလေ၏။
ထို့နောက် သူက ဆက်ပြောလိုက်လေသည်။
“မင်းက တစ်ခုခု စလိုက်ရင် လမ်းခုလတ်မှာတင် ပစ်ထားတတ်တဲ့သူ မဟုတ်ဘူးလား ...။ အခုကျမှ ဘာလို့ ဒီလောက် မြန်မြန်ဆန်ဆန် လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာလဲ ...။ မင်းရဲ့ စာရေးသားတဲ့ ပုံစံ ပြဿနာကြောင့် မင်းကို အပြစ်ပေးဖို့တောင် ငါ စဉ်းစားနေတာ ...။ အခုတော့ မင်းက ငါ့ကို ဘာမှ လုပ်လို့မရအောင် လုပ်လိုက်တာပဲ ...။”
“ကျွန်တော့်ရဲ့ အချစ်တော် အင်ဂျင်နီယာချုပ်ကြီးရယ်...။ အစ်ကိုကြီးက ကျွန်တော့်အတွက်တော့ အစ်ကို အရင်း တစ်ယောက်လိုပါပဲ ...။ ကျွန်တော့်ကို မနောက်ပါနဲ့ဗျာ...။ ကြည့်ရတာ ကျွန်တော်လည်း ထိုက်လို့ ခံရတာ ထင်ပါရဲ့ ...။ မြစ်ကမ်းနားမှာ အမြဲ လမ်းလျှောက်နေတဲ့သူက ခြေထောက် မစိုဘဲ ဘယ်နေပါ့မလဲ ...။ အခုတော့ အဲဒီမိန်းကလေးမှာ ကိုယ်ဝန်ရှိနေပြီလေ...။ ကျွန်တော်လည်း တာဝန်မယူလို့ မရတော့ဘူး ပေါ့ ...။”
ရွှီပေါ်အန်းက မျက်ခုံးတစ်ချက် ပင့်လိုက်မိလေ၏။
“ဘုရားရေ ...၊ မင်းရဲ့ လေသံကို ကြားရတာ တကယ်ကို မကျေမနပ် ဖြစ်နေတဲ့ ပုံပဲနော်...။”
“တကယ်ကို မတရားဘူးလို့ ခံစားရတာပါ အစ်ကိုကြီးရယ်...။ ဒီနှစ်တွေမှာ ကျွန်တော် ဆောက်လုပ်ရေး ဆိုဒ်တွေမှာပဲ တစ်ချိန်လုံး အလုပ်လုပ်ခဲ့ရတာလေ...။အလုပ်ကိုပဲ အာရုံစိုက်နေခဲ့ရလို့ ဒီလောကကြီးရဲ့ အလှအပတွေကို ခံစားဖို့ အခွင့်အရေးတောင် မရှိခဲ့ပါဘူး ...။”
“အခုမှ အချစ်စစ်ကို ရှာတွေ့တယ် ဆိုရုံရှိသေးတယ်...။ ဒါကလည်း ပထမဆုံးအကြိမ် ကြိုးစားတာနဲ့တင် အချစ်နဲ့ တိုးတော့တာပဲ ...။ လောကကြီးကိုတောင် ကောင်းကောင်း မတွေ့ရသေးခင်မှာတင် အချစ်ရဲ့ ဂူသင်္ချိုင်းထဲကို ဝင်ရတော့မှာလေ ...။”
ထျန်ရှောင်ဟူသည် ရွှီပေါ်အန်းနောက်သို့ လိုက်ပါရင်း ရာထူးများ လျင်မြန်စွာ တိုးတက်ခဲ့သော်လည်း ၎င်းအတွက် သူ ပေးဆပ်ခဲ့ရသော ကြိုးစားအားထုတ်မှုနှင့် ကိုယ်ကျိုးစွန့်မှုများမှာလည်း အလွန်ပင် ကြီးမားလှပေသည်။
အခြားသူများ အပျော်အပါး မက်နေချိန်တွင် သူသည် ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့၏။ အခြားသူများ အလုပ်ဆင်းချိန်တွင် သူသည် အချိန်ပို ဆက်လုပ်ခဲ့သည်။ အခြားသူများ အိပ်စက်နေချိန်တွင် သူသည် လေ့လာသင်ယူရင်း စာမေးပွဲများ ဖြေဆိုခဲ့ရလေသည်။
လမ်းတစ်လျှောက်တွင် ရွှီပေါ်အန်းသည် ထျန်ရှောင်ဟူထံ၌ မိမိကိုယ်မိမိ ပြန်လည် မြင်တွေ့နေရသကဲ့သို့ ခံစားရသဖြင့် ထျန်ရှောင်ဟူအပေါ် အထူးပင် ကရုဏာသက်ကာ ရိုသေလေးစားမှု ရှိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထျန်ရှောင်ဟူသည် ပရောဂျက်၏ အင်ဂျင်နီယာချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက် လူမှုဆက်ဆံရေး နယ်ပယ်သို့ ဝင်ရောက်ရန် အခွင့်အရေး ရခဲ့ရုံသာ ရှိသေး၏။ သူသည် ကြိုးစားပမ်းစား အလုပ်လုပ်ရသည့် ဘဝမှ ခေတ္တခဏ ရုန်းထွက်ပြီး လောကကြီးကို မြင်တွေ့နိုင်မည့် အခွင့်အရေး ရခဲ့ ခြင်း ဖြစ်လေသည်။
သို့ရာတွင် ထိုအခွင့်အရေးကို ကောင်းကောင်း မခံစားရသေးမီမှာပင် ရွှီပေါ်အန်း အာဏာလက်လွတ် ဖြစ် သွားခဲ့သဖြင့် သူလည်း နယ်နှင်ဒဏ် ပေးခြင်း ခံခဲ့ရလေသည်။ ဤသည်မှာ တကယ်ကို ကြေကွဲဖွယ် ကောင်းလှပေ၏။
“ဟေ့ ကောင်လေး ...၊ စဉ်းစားကြည့်စမ်းပါဦး ...။ မင်းမှာ ဂူသင်္ချိုင်း ရှိနေတာကိုက ကံကောင်းတာပဲ ...။ တကယ်လို့ မင်း လက်မထပ်ရင် မင်းသေတဲ့အခါ မြေမြှုပ်ဖို့ နေရာတောင် ရှိမှာ မဟုတ်ဘူး ...။”
ပေါ့ပေါ့ပါးပါးပင် အကြံပေးလိုက်ပြီးနောက် ရွှီပေါ်အန်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။
“အဲဒီ မိန်းကလေးက ဘယ်သူလဲ ...။ မင်းတို့နှစ်ယောက် ဘယ်လို သိကျွမ်းခဲ့ကြတာလဲ ...။”
ထျန်ရှောင်ဟူက ပြန်လည် ပြောပြလေသည်။
“တစ်ခါက ကျွန်တော် စူပါမားကတ်တစ်ခုမှာ ဈေးဝယ်နေတာဗျ ...။ ကျွန်တော့်ရှေ့မှာ ဘုန်းကြီးနှစ်ပါး ရှိနေတယ် ...။ သူတို့ရဲ့ ဈေးဝယ်လှည်းထဲမှာလည်း ပစ္စည်းတွေ အပြည့်ပဲ ...။ အဲဒါနဲ့ ကျွန်တော်လည်း ဒီရဟန်းတွေ တကယ် ချမ်းသာတာပဲ လို့ တွေးနေမိတာပေါ့ ...။”
“ဒါပေမဲ့ ဘာဖြစ်လဲ သိလား ...။ သူတို့ ပိုက်ဆံရှင်းတဲ့အခါကျတော့ ငွေကိုင်က သူတို့ကို ဝီချက်နဲ့ ပေးမှာ လား ဒါမှမဟုတ် အလီပေးနဲ့ ပေးမှာလားလို့ မေးလိုက်တယ် ...။ အဲဒီမှာတင် အဲဒီဘုန်းကြီးနှစ်ပါးက တို့ တွေက ဆွမ်းခံဖို့ လာတာပါလို့ ပြောလိုက်တာဗျာ...။ ဘုရားရေ ... ကျွန်တော်ဖြင့် တဟားဟားနဲ့ အော် ရယ်မိတော့တာပါပဲ ...။”
ရွှီပေါ်အန်းလည်း ခဏတာ အော်ရယ်လိုက်ပြီးမှ ဇဝေဇဝါဖြင့် မေးလိုက်လေ၏။
“နေဦး ... ဒီဇာတ်လမ်းက မင်းရဲ့ အချစ်ဇာတ်လမ်းနဲ့ ဘာဆိုင်လို့လဲ ...။”
ထျန်ရှောင်ဟူက အနေရခက်စွာ ပြောလိုက်လေသည်။
“အခုနက ပြောသလိုပေါ့ ...၊ ကျွန်တော် အော်ရယ်မိတဲ့အချိန်မှာ ရယ်ချလိုက်တာက သူမရဲ့ မျက်နှာကို သွားစင်ကုန်တာလေ ...။ သူမက အဲဒီ စူပါမားကတ်က ငွေကိုင်လေးပါ...။ အဲဒီနေ့က ကျွန်တော်ကလည်း ဘီယာနည်းနည်း သောက်ထားတော့ ...။ ဟင်း ... ကျွန်တော် တကယ်ကို အရှက်ကွဲခဲ့တာဗျာ ...။”
ရွှီပေါ်အန်း အံ့အားသင့်သွားရ၏။
*ငွေကိုင်လေး တစ်ယောက် ဟုတ်လား ...။ ပြီးတော့ ရှုတိုင်ကိုလည်း သူမရဲ့ ဂေါ့ဖားသားလို့ ခေါ်တယ် ဟုတ်လား ...။*
နာမည်ကျော် တုန်းကျန်း ဆောက်လုပ်ရေးအုပ်စု၏ ဥက္ကဋ္ဌနှင့် စူပါမားကတ် ငွေကိုင်လေး တစ်ဦးကြားရှိ ဆက်ဆံရေးကို 'ဂေါ့ဖားသား' ဟု သုံးနှုန်းခြင်းမှာ တစ်မျိုးကြီး ဖြစ်နေပုံရချေ၏။
“သူမက တကယ်ပဲ ငွေကိုင်လေး တစ်ယောက်လား ...။”
ရွှီပေါ်အန်းက မယုံနိုင်သကဲ့သို့ မေးလိုက်လေသည်။
“ဟုတ်တယ် အစ်ကိုကြီး ...။ သူမက အရင်က စားသောက်ဆိုင်မှာ စားပွဲထိုး လုပ်ခဲ့ဖူးတယ်တဲ့လေ...။ ကျွန်တော်ကတော့ သူမရဲ့ အလုပ် ဒါမှမဟုတ် မိသားစု နောက်ခံကို အထင်မသေးပါဘူး...။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကိုယ်တိုင်လည်း ကျေးလက်က လာတဲ့သူပဲ ဥစ္စာ...။”
ရွှီပေါ်အန်းသည် ရုတ်တရက် ခေါင်းကိုက်သလို ခံစားလိုက်ရလေ၏။ မည်သူကများ ထိုအချက်ကို ဂရုစိုက်နေပါမည်နည်း။
အကယ်၍ မိန်းကလေးငယ် တစ်ဦးက လူလတ်ပိုင်း အမျိုးသား တစ်ဦးကို သူမ၏ 'ဂေါ့ဖားသား' ဟု ခေါ်ဆိုပါက ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိပေသည်။
ပထမတစ်ခုမှာ ထိုလူနှစ်ဦးသည် တူညီသော နောက်ခံနှင့် မိသားစု ဆက်နွှယ်မှုများ ရှိနေကြပြီး စစ်မှန် သော ဦးလေးနှင့် တူမ ဆက်ဆံရေးမှတစ်ဆင့် မိသားစုသံယောဇဉ် ဖြစ်တည်လာခြင်းပင်။
သို့မဟုတ်ပါက 'ဂေါ့ဖားသား' ဟူသော စကားလုံးမှာ အခြားသော ဆက်ဆံရေးမျိုး ... ဆိုလိုသည်မှာ လူအများ လက်ခံရန် ခက်ခဲလှသည့် ငွေကြေးနှင့် အပေးအယူ ဆက်ဆံရေးမျိုးကို ကိုယ်စားပြုနေခြင်း ဖြစ်ရပေမည်။
ထျန်ရှောင်ဟူ ပြောခဲ့သည်များကို ပြန်လည် စဉ်းစားကြည့်သောအခါ ဒုတိယ ဖြစ်နိုင်ခြေက ပို၍ များနေ သဖြင့် ရွှီပေါ်အန်း၏ မျက်နှာမှာ အမှန်တကယ်ပင် ညိုမှောင်သွားရလေသည်။ သူသည် သူ၏ ညီငယ် လေးအား ထောင်ချောက်တစ်ခုအတွင်းသို့ ကျဆင်းသွားစေရန် အလိုမရှိသည်မှာ အသေအချာပင်။
*ရှုတိုင် ... ရှုတိုင် ...၊ မင်းက မျက်ခုံးထူထူ၊ မျက်လုံးအိမ်ကြီးကြီးနဲ့ တည်ကြည်ဖြောင့်မတ်တဲ့ ရုပ်ရည်မျိုး ရှိပြီးတော့မှ ဒီလိုမျိုး ကစားကွက်တွေ ကစားနေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး ...။*
*ဝါး ... တကယ်ကို ဆန်းပြားတဲ့ ကစားနည်းတွေပဲ ...။*
ရွှီပေါ်အန်းက စိတ်ထဲမှနေ၍ မကျေမနပ် ရေရွတ်နေမိလေ၏။
ရွှီပေါ်အန်း အချိန်အတော်ကြာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ထျန်ရှောင်ဟူက မမေးဘဲ မနေနိုင် တော့ပေ။
“အစ်ကိုကြီး...။ ဘာကိစ္စရှိလို့ ဖုန်းဆက်တာလဲဗျ...၊ ကျွန်တော့်အကြောင်း စပ်စုဖို့ သက်သက်တော့ မဟုတ်လောက်ဘူး မဟုတ်လား...။”
ထိုစကားကို ကြားသောအခါ ရွှီပေါ်အန်းသည် တူလို မြေနံရံအိမ်ရာ ကိစ္စကို ဆက်လက် ပြောဆိုလိုစိတ် မရှိတော့ပေ။ သူ၏ လက်ရှိ အရေးအကြီးဆုံး တာဝန်မှာ ထျန်ရှောင်ဟူ၏ ချစ်သူမိန်းကလေးအကြောင်း အမှန်တရားကို ဖော်ထုတ်ရန်ပင် ဖြစ်ချေ၏။
မင်းကိုယ်တိုင် မိုးမိခဲ့ဖူးတယ်ဆိုရင် မင်းရဲ့ ညီငယ်လေးလည်း အဲဒီလို မီးလောင်ရာလေပင့်တဲ့ မိုးဒဏ်ကို မခံရအောင် အနည်းဆုံးတော့ ထီးတစ်လက်တော့ မိုးပေးသင့်သည် မဟုတ်ပါလော။
“အရေးကြီးတာတော့ မရှိပါဘူး...။ မင်း ပြန်ရောက်မှပဲ တို့တွေ ဆက်ပြောကြတာပေါ့ ...။ အခုတော့ ဖုန်းချလိုက်ဦးမယ် ...။”
ရွှီပေါ်အန်းသည် ဖုန်းကို ချလိုက်ပြီးနောက် ရှုတိုင်နှင့် ထိုအမျိုးသမီးကြားက စစ်မှန်သော ဆက်ဆံရေးကို မည်သို့ ရှာဖွေရမည်နည်းဟု စဉ်းစားနေမိသည်။
ထိုစဉ် သူ၏ မျက်လုံးထောင့်မှတစ်ဆင့် ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ မြို့ရိုးအပြင်ဘက် ကျောက်ဆောင် အောက်တွင် မိုးခိုနေကြသော ပုံရိပ်လေးများ စတင် လှုပ်ရှားလာသည်ကို တွေ့လိုက်ရ၏။ သူတို့၏ အမူအရာကို ကြည့်ရသည်မှာ အမှန်တကယ်ပင် ထွက်ခွာရန် ပြင်ဆင်နေကြပုံရလေသည်။
ထိုလူအုပ်စုတွင် မည်သည့် စည်းကမ်း သို့မဟုတ် ပုံစံမျှ မရှိပေ။ သူတို့သည် ပျင်းရိပျင်းတွဲနှင့်ပင် သူတို့၏ ပစ္စည်းများကို သိမ်းဆည်းကာ စကားပြောဆိုရင်း အတူတကွ လမ်းလျှောက် ထွက်ခွာလာကြ ချေ၏။
“ခေါင်းဆောင် ...၊ ခုနက ဟိုလူတွေ ဘာတွေ အော်ဟစ်နေကြတာလဲ ...။”
ခေါင်ရှန်းရွာသားများမှာ လှိုင်းလုံးကြီးများကဲ့သို့ အော်ဟစ်ခဲ့ကြစဉ် မြို့ရိုးအပြင်ဘက်ရှိ ထိုလူပုံရိပ်လေး များလည်း ကြားလိုက်ရခြင်း ဖြစ်ချေသည်။
“ဘယ်သူ သိမှာလဲ ...၊ ငါလည်း သေသေချာချာ မကြားလိုက်ရဘူး ...။ ကြည့်ရတာ ရွှေရောင်ရုပ်ထုတို့၊ နတ်ကွန်းတို့အကြောင်း ပြောနေသလိုပဲ ...။ ဒီနေရာက နည်းနည်းတော့ ထူးဆန်းတယ်ဗျ ...။”
“ထူးဆန်းတာပေါ့ ...။ မဟုတ်ရင် ဒီလို ငတ်မွတ်ခေါင်းပါးတဲ့ နှစ်မှာ သူတို့တွေက ဘယ်လိုလုပ်ပြီး အစား အသောက်တွေ ဒီလောက် ပေါပေါများများ စားသောက်နေနိုင်မှာလဲ ...။ ညီအစ်ကိုတွေကို မြန်မြန် ထွက် ကြဖို့ ပြောလိုက်စမ်း ...။”
ထိုလူများသည် ဘွန်ဆိုင်းနယ်မြေအတွင်းမှ ထွက်ခွာတော့မည့်အရေးကို ကြည့်ရင်း ရွှီပေါ်အန်းသည် အသုံးပြုရန်အတွက် သင့်တော်သော ကိရိယာ ရှိ၊ မရှိ ရုံးခန်းအတွင်းသို့ လျင်မြန်စွာ ဝေ့ကြည့်လိုက်၏။
ရုတ်တရက် သူ၏ အကြည့်မှာ စူးရှသွားပြီး အရာဝတ္ထုတစ်ခုကို ကြည့်ကာ သွားများ ပေါ်သည်အထိ ပြုံးလိုက်မိလေသည်။
*ရှာတွေ့ပြီ ...၊ သိပ်ကောင်းတဲ့ အရာတစ်ခုပဲ ...။*
*ကောင်လေးတို့ ...၊ မင်းတို့အားလုံးထဲက တစ်ယောက်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ...။*