အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
အခန်း (၅၅) ဒီမှာပဲ သေချာ ထားခဲ့တာပါ...
အလယ်ဗဟိုဝင်းရှိ ရွှီပေါ်အန်း၏ ဗီလာ။
ချန်ဖိန်ဖိန်ကို လိုက်ပို့ပြီးနောက် ရွှီပေါ်အန်းသည် သူ၏ မိဘများကို အိပ်ခန်းထဲ၌ ခေတ္တအနားယူစေပြီးမှ ကုမ္ပဏီသို့ ကားမောင်းထွက်လာခဲ့လေသည်။
ရွှီပေါ်အန်းသည် ယခုအခါ ကုမ္ပဏီ၏ အရေးပါသော ပုဂ္ဂိုလ်သုံးဦးထဲမှ တစ်ဦး ဖြစ်နေချေပြီဖြစ်၏။ အရင်ကဲ့သို့ ဘာမှ အရေးတယူမရှိဘဲ ဟိုဒီလွင့်မျောနေ၍ မဖြစ်တော့ပေ။
ရွှီပေါ်အန်းသည် သူ၏ ဖို့ဒ် ရက်ပ်တာ ပစ်ကပ်ကားကို တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ၏ ဝင်းအတွင်းသို့ မောင်းဝင်လာစဉ် ထူးခြားသော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။ လူတိုင်းက သူ့ကို ကြည့်သည့် အကြည့်များမှာ အရင်ကနှင့် မတူဘဲ ပြောင်းလဲသွားချေပြီ။
ထိုကြောက်ရွံ့ရိုသေမှု၊ ထိုဖားယားလိုမှု၊ ထိုဂရုတစိုက်နှင့် တုန်တုန်ယင်ယင် ရှိလှသော အကြည့်နှင့် အမူ အရာများ...။ ရွှီပေါ်အန်းသည် ဤကဲ့သို့သော အခြေအနေမျိုးကို ဆောက်လုပ်ရေးဆိုဒ်တွင် တာဝန်ခံ ပရောဂျက်မန်နေဂျာအဖြစ် လုပ်ကိုင်စဉ်ကသာ ကြုံတွေ့ခဲ့ဖူးလေသည်။
ယနေ့နံနက်က ရွှီပေါ်အန်း ရောက်လာချိန်တွင် သူ့အပေါ် ထားရှိသော အကြည့်များမှာ အေးစက်နေခဲ့ရုံ သာမက အချို့ကဆိုလျှင် အဖက်ပင် မလုပ်ခဲ့ကြပေ။ နံနက်ပိုင်းတွင် ရွှီပေါ်အန်း ပြန်ထွက်သွားချိန်၌ပင် အချို့လူများမှာ သူ့ကို လျစ်လျူရှုထားကြပြီး နှုတ်ပင်မဆက်ဘဲ ဖြတ်သွားခဲ့ကြသေး၏။
အမှန်တကယ်တော့ ယနေ့နံနက်က ပြုလုပ်ခဲ့သော ခန့်အပ်မှုနှင့် အမိန့်စာများ ထုတ်ပြန်သည့် အစည်း အဝေးသို့ ကုမ္ပဏီ၏ အလယ်အလတ်နှင့် အထက်တန်းအဆင့် ခေါင်းဆောင်များသာ တက်ရောက်ခဲ့ခြင်း ဖြစ်လေသည်။
ဌာနအကြီးအကဲ အဆင့်အောက်ရှိ ဝန်ထမ်းအများစုမှာမူ အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် နောက်ဆုံးရ သတင်းများကို မသိရှိကြသေးပေ။
သို့သော် နာရီအနည်းငယ်အတွင်းမှာပင် ရွှီပေါ်အန်းအား တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ၏ အင်ဂျင်နီယာချုပ်အဖြစ် ရာထူးတိုးမြှင့်လိုက်သည့် သတင်းမှာ အစည်းအဝေးတက်ရောက်ခဲ့သည့် ခေါင်းဆောင်များ၏ ပါးစပ်မှတစ်ဆင့် ပျံ့နှံ့သွားခဲ့လေပြီဖြစ်၏။
ထို့နောက် အမျိုးမျိုးသော လမ်းကြောင်းများမှတစ်ဆင့် ကုမ္ပဏီရှိ ဌာနတိုင်း၊ ရုံးခွဲတိုင်းနှင့် ပရောဂျက် ဌာနတိုင်းရှိ လူအများစု၏ နားထဲသို့ ရောက်ရှိသွားတော့လေသည်။
အကဲခတ်တတ်သူများ၏ မျက်စိထဲတွင်မူ တုန်းကျန်း ဆောက်လုပ်ရေးအုပ်စု၏ ဥက္ကဋ္ဌ စူး၏ ထောက်ခံ မှုကို ရရှိထားသော ရွှီပေါ်အန်းသည် တုန်းကျန်း ဆောက်လုပ်ရေးအုပ်စုအတွင်း ဩဇာအာဏာကြီးမား သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရုံသာမက တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ၏ အငြင်းပွားဖွယ် မရှိသော ခေါင်းဆောင်တစ်ဦး ဖြစ်လာချေပြီပင်။
မကြာမီ တာဝန်ယူတော့မည့် အထွေထွေမန်နေဂျာရွှီနှင့် ပတ်သက်၍မူ...။
လူအများစု၏ အမြင်တွင်မူ နောက်ထပ် လအနည်းငယ်အတွင်း အနားယူတော့မည့် ဤရဲဘော်ဟောင်း ကြီးမှာ ရွှီပေါ်အန်းအတွက် ထိပ်တန်းရာထူးကို ခေတ္တထိန်းသိမ်းပေးထားသည့် တရားဝင် ရုပ်သေးရုပ် တစ်ရုပ်မျှသာ ဖြစ်လေသည်။ ဤသည်မှာ ရက်စက်ပြီး ကြေကွဲဖွယ် ကောင်းလှသော်လည်း လက်တွေ့ ဘဝ၏ အမှန်တရားပင် ဖြစ်ချေ၏။
ရွှီပေါ်အန်း သက်ပြင်းချလိုက်မိသည်။ ဤလောကကြီးမှာ အေးစက်ပြီး လျစ်လျူရှုတတ်လှပေ၏။ မည်သူကမှ သင်၏ အရင်က အောင်မြင်မှုများကို ဂရုမစိုက်ကြပေ။ လက်ရှိ အခိုက်အတန့်သည်သာ လူတိုင်း၏ အာရုံစိုက်ရာ ဖြစ်လေသည်။
ရှေးယခင်ကတည်းက လူသားများသည် အခြေအနေကောင်းနေသူကို ပို၍ မြှောက်ပေးတတ်ကြ သော်လည်း အခက်အခဲနှင့် ရင်ဆိုင်နေရသူကိုမူ ကူညီရန် ဝန်လေးတတ်ကြသည် မဟုတ်ပါလော။
လမ်းတစ်လျှောက်တွင် ရွှီပေါ်အန်းသည် သူ့ကို ဦးစားပေး နှုတ်ဆက်ကြသူအားလုံးကို ပြန်လည် တုံ့ပြန် နေခဲ့ရလေသည်။ ၎င်းမှာ ရိုးရှင်းသော အပြုံးနှင့် ခေါင်းညိတ်ပြခြင်း သို့မဟုတ် နွေးထွေးသော တုံ့ပြန် မှုမျိုး ဖြစ်နိုင်လေသည်။
ရွှီပေါ်အန်း၏ တုံ့ပြန်မှုမှာ အေးစက်သော ဘေးစောင်းအကြည့်မျှသာ ဖြစ်လျှင်ပင် တစ်ဖက်လူ၏ မျက်လုံးထဲ၌ မကျေနပ်သည့် အရိပ်အယောင်ကို မြင်တွေ့ရမည် မဟုတ်ပေ။ ရုတ်တရက်ဆိုသလို နှိမ့်ချမှု၊ နူးညံ့သိမ်မွေ့မှု၊ ယဉ်ကျေးပျူငှာမှုနှင့် တက်ကြွမှု အစရှိသော စကားလုံးများမှာ ကုမ္ပဏီ၏ အဓိက လေထုကြီး ဖြစ်လာပုံရချေ၏။
ပုံမှန်ဆိုလျှင် လူပြည့်နေတတ်သော ဓာတ်လှေကားမှာ ယခုအခါ လုံးဝ လွတ်နေလေသည်။ အနားတွင် အခြားလူများ စောင့်ဆိုင်းနေကြသော်လည်း ရွှီပေါ်အန်း အနားသို့ ရောက်လာသည်ကို မြင်သောအခါ သူတို့သည် ဓာတ်လှေကားတံခါးကို ရိုသေစွာဖြင့် ထိန်းပေးထားကြပြီး သူ ဖြေးဖြေးချင်း ဝင်သွားသည် အထိ စောင့်ဆိုင်းပေးကြလေသည်။
ရွှီပေါ်အန်းသည် သူ၏ အနည်းငယ် နာကျင်နေသော လည်ပင်းကို လှည့်ရင်း တီးတိုးရေရွတ်လိုက်၏။ လမ်းတစ်လျှောက် ထိုနှုတ်ဆက်မှုများကို ပြန်လည် တုံ့ပြန်နေရသည်မှာ တကယ့်ကို ပင်ပန်းလှပေသည်။
သူသည် အောက်ခြေ ပရောဂျက်ဌာန၏ ခေါင်းဆောင်ဖြစ်စဉ်က လူများ၏ တက်ကြွလှသော နှုတ်ဆက် မှုများကို တုံ့ပြန်ခဲ့ရသော်လည်း ထိုဌာနတွင် လူအနည်းငယ်သာ ရှိသည် မဟုတ်ပါလော။ အောက်ခြေ ကန်ထရိုက်တာများဆီသို့ ရောက်လျှင်မူ ကောင်းကင်ဘုံက မင်းကြီးကိုယ်တိုင် လာလျှင်ပင် သူတို့က ဂရုစိုက်ကြမည် မဟုတ်ပေ။
သို့သော် ကုမ္ပဏီဌာနချုပ်မှာမူ မတူညီပေ။ အထက်မှ အောက်အထိ လူတိုင်းသည် “ဟန်ဆောင်ကောင်း ခြင်း” ပညာရပ်ကို အထူး ကျွမ်းကျင်ကြလေသည်။ သင် ၏ ဘိုးဘွားများကို နောက်ကွယ်၌ ဆဲဆိုနေကြ လျှင်ပင် သင် နှင့် တွေ့သည့်အခါ၌မူ ညီအစ်ကိုအရင်းအချာကဲ့သို့ ဆက်ဆံကြပေလိမ့်မည်။
အခြား ဥပမာများကို ထားလိုက်ဦးတော့... လျှိုဝေသည်ပင် အကောင်းဆုံး ဥပမာတစ်ခု ဖြစ်လေ၏။
အရင်က သူမသည် သူ့ကို တိုက်ခိုက်ရန်အတွက် ရှေ့တန်းမှနေ၍ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ယခုအခါ အခြေအနေများ ပြောင်းလဲသွားချိန်တွင်မူ သူမ၏ သဘောထား ပြောင်းလဲသွားပုံ မှာ လေပွေကဲ့သို့ပင် လျင်မြန်လှပေသည်။
ရွှီပေါ်အန်း သူ၏ ကားကို ဝင်းထဲ၌ ရပ်လိုက်သောအခါ လျှိုဝေသည် သူမ၏ ရုံးခန်းထဲမှ အပြေးအလွှား ထွက်လာပြီး သူ့အတွက် ကားတံခါးကို ကိုယ်တိုင် ဖွင့်ပေးကာ ကျွမ်းကျင်သော လက်ပါးစေတစ်ဦးကဲ့သို့ ပြုမူနေသည်ကို တွေ့လိုက်ရလေ၏။
သူမ၏ အနုစိတ် ပြင်ဆင်ထားသော မိတ်ကပ်များအောက်မှ အပြုံးမှာ ပို၍ပင် ဆွဲဆောင်မှုရှိနေခဲ့ပြီး တောက်ပနေခဲ့သည်။ သူမသည် “ပြုံးနေတဲ့ မျက်နှာကို ဘယ်သူမှ မရိုက်ရက်ဘူး” ဆိုသည့် မူဝါဒကို အပြည့်အဝ အသုံးချနေခြင်း ဖြစ်လေသည်။
...
ရွှီပေါ်အန်း သူ၏ ရုံးခန်းတံခါးဝသို့ ရောက်သောအခါ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရ၏။ အတွင်း၌ လူတစ်ယောက် ရှိနေချေပြီ...။
ရွှီပေါ်အန်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီးနောက် တံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်ရာ အမျိုးသမီးတစ်ဦး သူ၏ စားပွဲနောက်မှ မော့ကြည့်လာသည်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးသည် လက်ထဲတွင် အဝတ်စုတ်တစ်ခုကို ကိုင်ထား၏။
သူမသည် သူ့ကို မြင်သည်နှင့် လျှောကျနေသော မျက်မှန်ကို ပြန်တင်လိုက်ပြီး အနေရခက်သော အပြုံး ဖြင့် နှုတ်ဆက်လိုက်လေသည်။
“မင်္ဂလာပါ အင်ဂျင်နီယာချုပ်...၊ ကျွန်မ အင်ဂျင်နီယာချုပ်ရဲ့ ရုံးခန်းကို သန့်ရှင်းရေး လုပ်ပေးနေတာပါ..။”
ရွှီပေါ်အန်း အတော်လေး စိတ်လှုပ်ရှားသွားရ၏။ လွန်ခဲ့သော သုံးလအတွင်း သူ၏ ရုံးခန်းကို တစ်စုံတစ် ယောက်က သန့်ရှင်းရေး လုပ်ပေးသည်မှာ ဤသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။
ရွှီပေါ်အန်းသည် ထိုအမျိုးသမီးမှာ ကုမ္ပဏီရုံးခန်းရှိ ဝန်ထမ်းအသစ်လေး ဖြစ်သည်ကို သေချာစွာ မှတ်မိ နေ၏။ သူမသည် သူ့ကို ရုံးခန်းပြောင်းရန် လာရောက် ပြောဆိုစဉ်က သူသည် ရုံးခန်းထဲ၌ ကိုယ့်ကိုယ် ကိုယ် အဆုံးစီရင်ရန် ကြံစည်နေသည်ဟု သူမက အူကြောင်ကြောင်ဖြင့် ထင်မှတ်ခဲ့ဖူးသေးသည်။
ဤကလေးမလေးသည် လူကို မြှောက်ပေးသည့် နေရာတွင် တကယ်ကို လျင်မြန်လှပေသည်။ မဟုတ် သေး... သူတို့သည် အခြေအနေကို ကောင်းစွာ အကဲခတ်တတ်ကြသည်ဟု ဆိုရပေမည်။ ၎င်းမှာ ချီးကျူး ထိုက်သည့် အချက်ပင် ဖြစ်၏။
ရွှီပေါ်အန်းက ကျေနပ်သည့် အမူအရာဖြင့် ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။
“မင်း တကယ် ပင်ပန်းသွားပြီ...၊ ကျေးဇူးတင်ပါတယ်...။”
ထိုအတွင်းရေးမှူးမလေး၏ မျက်မှန်မှာ အဆင်မပြေလှပုံရ၏။ စကားအနည်းငယ် ပြောပြီးသည်နှင့် မျက်မှန်မှာ ထပ်မံ၍ အနည်းငယ် လျှောကျသွားပြန်သည်။ သူမသည် မျက်မှန်ကို ပြန်တင်လိုက်ရင်း အနည်းငယ် တုန်လှုပ်နေသော အပြုံးဖြင့် ပြောလိုက်လေသည်။
“ဘာမှ မပင်ပန်းပါဘူးရှင်...။ ဒါ ကျွန်မအတွက် ဂုဏ်ယူစရာပါ...။”
ရွှီပေါ်အန်းသည် ထိုအတွင်းရေးမှူးမလေး၏ တုန်လှုပ်နေမှုကို သတိပြုမိလိုက်ပြီး ဤသည်မှာ “ဝန်ထမ်း အသစ် ခေါင်းဆောင်နှင့် တွေ့သည့်ရောဂါ” ဖြစ်မည်ဟု တွေးလိုက်မိ၏။ သူ ဤနေရာတွင် ရှိနေခြင်းက သူမကို ဖိအားပေးနေသကဲ့သို့ ဖြစ်နေပုံရသည်။
ရွှီပေါ်အန်းက ဝန်ထမ်းများ၏ အကျိုးကို ရှေ့ရှုကာ ညင်သာစွာ ပြောလိုက်လေသည်။
“ကောင်းပါပြီ...၊ ဒီနေရာက တကယ့်ကို သန့်ရှင်းသေသပ်သွားပါပြီ...။ မင်း အခု သွားပြီး မင်းရဲ့ အလုပ် တွေကို ဆက်လုပ်လို့ ရပါပြီ...။”
ထိုအတွင်းရေးမှူးမလေးက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ပြောလေ၏။
“ဟုတ်ကဲ့ အင်ဂျင်နီယာချုပ်...။ အင်ဂျင်နီယာချုပ် အလုပ်များနေမှာဆိုတော့ ကျွန်မ မနှောင့်ယှက်တော့ ပါဘူးရှင်...။”
ပြောရင်းဆိုရင်းပင် သူမသည် တုန်လှုပ်နေသော ခြေလှမ်းလေးများဖြင့် အပြင်သို့ ထွက်သွားလေသည်။
ရွှီပေါ်အန်းသည် သူမကို ကြည့်ရင်း တစ်စုံတစ်ယောက်က သူ၏ ရုံးခန်းကို ဤမျှ စိတ်အားထက်သန်စွာ သန့်ရှင်းရေး လုပ်ပေးနေသော်လည်း ထိုသူ၏ အမည်ကိုပင် သူ မသိသေးခြင်းမှာ မသင့်တော်ဟု တွေးမိ လိုက်၏။ ထိုသို့ တွေးမိသည်နှင့် ရွှီပေါ်အန်းက တားလိုက်လေသည်။
“ဟေ့... ခဏလေး နေဦး...။”
ထိုဝန်ထမ်းအသစ်မလေးသည် ရုတ်တရက် တောင့်ခဲသွားပြီး ဖြေးဖြေးချင်း ပြန်လှည့်လာ၏။ သူမ၏ မျက်နှာတွင် သိသာလှသော တုန်လှုပ်မှုများ ပေါ်ပေါက်နေပြီး သူမ၏ နှာခေါင်းနှင့် နဖူးပေါ်တွင် ချွေးစက် လေးများပင် ပေါ်နေသည်ကို ရွှီပေါ်အန်း တွေ့လိုက်ရလေသည်။
*ဘုရားရေ... ခုနကတော့ ချွေးတွေကို မတွေ့မိပါဘူး...။ ကလေးမလေးက တကယ်ကြောက်နေတာပဲ...။ ငါက ကျားမှ မဟုတ်တာ...၊ ဘာလို့ ဒီလောက်တောင် တုန်လှုပ်နေရတာလဲ...။*
ရွှီပေါ်အန်းသည် နွေးထွေးပျူငှာသော အမူအရာကို ပြသလိုက်ပြီး ပြောလိုက်လေသည်။
“ကလေးမလေး...၊ မကြောက်ပါနဲ့...။ ငါက မင်းရဲ့ နာမည်ကို သိချင်လို့ မေးမလို့ပါ...။”
ထိုအမျိုးသမီးမှာ သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်ပုံရ၏။ ရွှီပေါ်အန်းသည် သူမ၏ စိတ်လှုပ်ရှားမှုများ လျော့ကျသွားသည်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရပေသည်။
“ဟုတ်ကဲ့ အင်ဂျင်နီယာချုပ်...၊ ကျွန်မကို ရှောင်ထုန် လို့ပဲ ခေါ်နိုင်ပါတယ်ရှင်...။”
ရွှီပေါ်အန်းသည် ရင်းနှီးဖော်ရွေသော အမူအရာဖြင့် သူမ၏ ပခုံးကို ခပ်ဖွဖွ ပုတ်လိုက်၏။
“ကောင်းပြီ... ကောင်းပြီ...။ ရှောင်ထုန်...၊ ဒီနေ့ မင်း တကယ်ပဲ ကောင်းကောင်း လုပ်ပေးခဲ့ပါတယ်... သွားတော့လေ...။ မင်းရဲ့ အလုပ်တွေကို ဆက်လုပ်လိုက်ပါဦး...။”
ထိုအတွင်းရေးမှူးမလေးသည် အလျင်အမြန်ပင် ထွက်သွားလေတော့သည်။
ရွှီပေါ်အန်း သူ၏ ရုံးခန်းကုလားထိုင်တွင် ပြန်ထိုင်လိုက်ရင်း ဘာလုပ်ရမည်ကို စဉ်းစားနေမိ၏။ သူ၏ မျက်လုံးများက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်စဉ် ဘေးဘက်ရှိ အံဆွဲအချို့ ပွင့်နေသည်ကို မြင်လိုက်ရ သဖြင့် ရွှီပေါ်အန်း ထိတ်လန့်သွားရလေသည်။
*ဘုရားရေ...၊ ဓာတ်ပုံပါတဲ့ အဲဒီစာအိတ်က အံဆွဲထဲမှာ ရှိနေသေးတာပဲ...။*
*ထန်လေး သန့်ရှင်းရေး လုပ်ရင်းနဲ့ အဲဒီလျှို့ဝှက်ချက်ကို ရှာတွေ့သွားသလား မသိဘူး...။ အဲဒါဆိုရင် တော့ အသစ်ခန့်အပ်ခံထားရတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါ့ရဲ့ပုံရိပ်ကတော့...။*
ရွှီပေါ်အန်းသည် မသိစိတ်အရ လက်လှမ်းကာ အံဆွဲကို ဆွဲဖွင့်လိုက်ရာ အံ့အားသင့်မှုကြောင့် သူ၏ မျက်လုံးများ ပြူးကျယ်သွားရလေတော့သည်။
ထိုနေရာတွင် ဘာမှ မရှိတော့ပေ...။
*ငါ ဒါကို ဒီမှာပဲ သေချာ ထားခဲ့တာပါ...။*
အခန်း (၅၆) တူညီလွန်းနေခြင်း
ဗလာကျင်းနေသော အံဆွဲကို ကြည့်ရင်း ရွှီပေါ်အန်းသည် မိမိကိုယ်ကိုပင် ပြန်လည် သံသယဝင်လာမိ လေသည်။
*ငါ မှတ်ဉာဏ်များ မှားယွင်းသွားခဲ့တာလား...။*
ဤသို့ တွေးတောရင်း ရွှီပေါ်အန်းသည် စာရွက်စာတမ်းများ ထည့်ထားတတ်သည့် သူ၏ စားပွဲရှိ အခြားသော အံဆွဲများနှင့် ဖိုင်တွဲများအားလုံးကို အလျင်အမြန်ပင် ရှာဖွေကြည့်လိုက်ပြန်သည်။ သို့သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရှိရချေ။
ထန်လေး သူ၏ ရုံးခန်းကို သန့်ရှင်းရေး လုပ်ပေးနေစဉ် သေသပ်လှပစေရန်အတွက် ဗီဒိုထဲသို့ သိမ်းဆည်းထားလိုက်ခြင်းလော။
ရွှီပေါ်အန်းသည် ထိုင်နေရာမှ ထရပ်လိုက်ပြီး ရုံးခန်းအတွင်းရှိ မှန်ဗီဒိုများကို အထက်မှ အောက်အထိ စေ့စေ့စပ်စပ် ရှာဖွေပြန်လေသည်။ သို့သော်လည်း ဘာမျှ ရှာမတွေ့ခဲ့ပေ။
ဓာတ်ပုံပါသော စာအိတ်သည် သူ နေရာမှားမှတ်မိသဖြင့် ပျောက်ဆုံးနေခြင်း မဟုတ်ဘဲ အမှန်တကယ် ပင် တစ်စုံတစ်ဦးက ယူဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း ရွှီပေါ်အန်း နောက်ဆုံး၌ နားလည်လိုက်ရတော့ သည်။
သံသယဖြစ်ဖွယ် အကောင်းဆုံးမှာ သူ၏ ရုံးခန်းကို အခုလေးတင် သန့်ရှင်းရေး လုပ်ပေးသွားသည့် ထန်လေးပင် ဖြစ်ချေ၏။ သို့သော် ထိုသို့လည်း မသေချာနိုင်ပေ။ ထန်လေး မလာမီ အခြားသူများ ရောက်ရှိလာခြင်းလည်း ဖြစ်နိုင်ပေသည်။
ထိုဓာတ်ပုံကို ယူဆောင်သွားသူမှာ အဘယ်အရာကို ကြံစည်နေသနည်းဟု ရွှီပေါ်အန်း စဉ်းစား၍ မရနိုင်အောင် ဖြစ်နေမိသည်။
အကောင်းဆုံးသော ရှင်းပြချက်မှာ တစ်စုံတစ်ဦးက ဤ “အလှပရိယာယ်” ကို အသုံးပြု၍ ခန့်အပ်ခံရခါ စ ခေါင်းဆောင်ဖြစ်သော သူ့ကို စမ်းသပ်လိုခြင်းပင် ဖြစ်ရပေမည်။ သို့သော် ၎င်းကို ပြန်လည် ယူဆောင် သွားခြင်းမှာမူ ကျိုးကြောင်းဆီလျော်မှုတော့ မရှိလှပေ။
*တစ်ယောက်ယောက်က ငါ့ရဲ့ အားနည်းချက်ကို စုဆောင်းဖို့ ကြိုးစားနေတာလား...။*
မဖြစ်နိုင်ပေ။ ယခုခေတ်ကာလသည် ရှေးဟောင်းပဒေသရာဇ် လူ့အဖွဲ့အစည်း မဟုတ်တော့ချေ။ ဆွဲဆောင်မှုရှိသော ဓာတ်ပုံအချို့ကို ကြည့်ရှုခြင်းမှာ အမှားတစ်ခု မဟုတ်သည်မှာ သေချာလှသည် မဟုတ်ပါလော။
သို့မဟုတ် ဤအစီအစဉ်ကို ရေးဆွဲခဲ့သူက ရွှီပေါ်အန်းသည် စိတ်ဓာတ်ခိုင်မာသူဖြစ်ပြီး ဖျားယောင်း၍ မရနိုင်ဟု တွေးတောကာ “အလှပရိယာယ်” ကို မသုံးရန် ဆုံးဖြတ်လိုက်ခြင်းလော။ သို့သော် ထိုသို့လည်း မဖြစ်နိုင်ပေ။ သေချာစွာ မစမ်းသပ်ဘဲ ထိုမျှလောက်သော ကောက်ချက်ကို အလျင်စလို ချနိုင်ပါမည် လော။ ၎င်းမှာ အလွန်ပင် တာဝန်မဲ့လှပေသည်။
ထို့အပြင် ၎င်းမှာ ဓာတ်ပုံအနည်းငယ်မျှသာ ဖြစ်ရာ ဤကဲ့သို့သော နည်းလမ်းဖြင့် ပြန်လည် ယူဆောင် သွားရန် မလိုအပ်ချေ။
ခေတ္တမျှ စဉ်းစားသော်လည်း အဖြေရှာမတွေ့သဖြင့် ရွှီပေါ်အန်း ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက် တော့သည်။ ဤသည်မှာ ကြီးကျယ်သော ကိစ္စမဟုတ်ရာ ဦးနှောက်ခြောက်ခံနေရန် မလိုအပ်ပေ။
ကုမ္ပဏီရုံးချုပ် အဆောက်အအုံ၏ အလွှာတိုင်းတွင် လုံခြုံရေးကင်မရာများ ရှိပေသည်။ နောက်ပိုင်းတွင် စောင့်ကြည့်ရေး ဗီဒီယိုများကို တစ်စုံတစ်ဦးအား စစ်ဆေးခိုင်းပြီး မည်သူ ရောက်ရှိလာခဲ့သနည်း ဆိုသည်ကို ခွဲခြမ်းစိတ်ဖြာနိုင်ပေသည်။
ရွှီပေါ်အန်း စောင့်ကြည့်ရေး ဗီဒီယို စစ်ဆေးရန် စဉ်းစားနေစဉ်မှာပင် သူ၏ ရုံးခန်းဖုန်း မြည်လာခဲ့လေ သည်။ ရွှီပေါ်အန်း အနည်းငယ် ထူးဆန်းသွားရပေသည်။ လွန်ခဲ့သော သုံးလအတွင်း ဤဖုန်းအကြောင်း သူ သိပ်မတွေးမိခဲ့ပေ။
လက်အောက်ငယ်သားများ လာရောက်သည့်အခါ အမြဲတမ်း တံခါးဝသို့ လာရောက် သတင်းပို့ကြသည် မဟုတ်ပါလော။ အထက်လူကြီးများက ဖုန်းဆက်နိုင်သော်လည်း လွန်ခဲ့သော သုံးလအတွင်း ဒုတိယ အင်ဂျင်နီယာချုပ်အဖြစ် အနေရခက်သော နေရာတွင် ရှိနေခဲ့သည့် ရွှီပေါ်အန်းအား မည်သူမျှ ဆက်သွယ် ခြင်း မရှိခဲ့ပေ။ ရုံးချုပ်မှ ဖုန်းနံပါတ်များမှာလည်း သက်ဆိုင်ရာ လုပ်ငန်းဌာနများ တာဝန်ယူသည့် အခါမှ သာ ဆက်သွယ်လေ့ ရှိကြခြင်း ဖြစ်ပေသည်။
ထို့ကြောင့် ဖုန်းမြည်လာသောအခါ ရွှီပေါ်အန်း အံ့အားသင့်သွားရခြင်း ဖြစ်၏။ ခေါ်ဆိုသူ၏ အိုင်ဒီကို ကြည့်လိုက်ရာ ၎င်းမှာ အုပ်စုကုမ္ပဏီအတွင်းရှိ အတွင်းလိုင်းနံပါတ်တိုတစ်ခု ဖြစ်သော်လည်း (၀၀၁) သို့မဟုတ် (၀၀၂) ကဲ့သို့သော ဂဏန်းများဖြင့် ဆုံးခြင်း မရှိပေ။
ဖုန်းကို ဖြေကြားလိုက်ပြီးနောက် ရွှီပေါ်အန်းက ဖုန်းလက်ခံရရှိကြောင်း အသိပေးသည့်အနေဖြင့် “အင်း” ဟုသာ တုံ့ပြန်လိုက်လေသည်။
ဖုန်း၏ အခြားတစ်ဖက်မှ အားရပါးရ ရယ်မောသံတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် တုန်းကျန်းဒေသ သုံး လေယူလေသိမ်း ပါဝင်နေသော မန်ဒရင်းစကားသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
“ပေါ်အန်း...၊ ငါ ပထမကုမ္ပဏီက ရွှီအိုကြီးပါ...။”
ယေဘုယျအားဖြင့် တရားဝင် နေရာများတွင် တစ်စုံတစ်ဦးက မိမိကိုယ်မိမိ မိတ်ဆက်သည့်အခါ...၊ အကယ်၍ မိမိ၏ လုပ်ငန်းခွင်နှင့် ရာထူးကို အသေးစိတ် ဖော်ပြနေပါက ထိုသူသည် မိမိထက် ရာထူး နိမ့်သူ သို့မဟုတ် အဆင့်အတန်း နိမ့်သူ ဖြစ်ရပေမည်။
သို့သော် အကယ်၍ တစ်ဖက်လူက ကုမ္ပဏီ သို့မဟုတ် ဌာနအမည်၏ နောက်တွင် သူ၏ အမည် သို့မဟုတ် ဘွဲ့အမည်ကိုသာ အလွန်တိုတိုတုတ်တုတ် ထည့်သွင်းပြောဆိုပါက သတိထားရပေမည်။ ထိုသူသည် ဤယူနစ် သို့မဟုတ် ဌာန၏ တာဝန်ခံ ဖြစ်နိုင်ခြေ အလွန်များပေသည်။
ရွှီပေါ်အန်းသည် တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်းပင် သိရှိလိုက်လေ၏။ “ကုမ္ပဏီ အမှတ် (၁)” ဆိုသည်မှာ တုန်းကျန်း ဆောက်လုပ်ရေးအုပ်စု၏ လက်အောက်ခံဖြစ်သော တုန်းကျန်း ပထမဆောက်လုပ်ရေးကုမ္ပဏီကို အုပ်စုအတွင်း ခေါ်ဆိုသော အတိုကောက် အမည် ဖြစ်လေသည်။
“ရွှီအိုကြီးလား...။”
ကုမ္ပဏီအတွင်း မိမိကိုယ်မိမိ ဤသို့ မိတ်ဆက်မည့်သူမှာ အထွေထွေမန်နေဂျာ ရွှီကျန်း တစ်ဦးတည်းသာ ရှိပေသည်။
တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိပြီးနောက် ရွှီပေါ်အန်းသည် သူ၏ အေးစက်သော သဘော ထားကို ပြောင်းလဲလိုက်ပြီး ချက်ချင်းပင် ရယ်မောကာ နွေးထွေးစွာ ဆိုလိုက်သည်။
“မင်္ဂလာပါ အထွေထွေမန်နေဂျာရွှီ...။ အခုတော့ အထွေထွေမန်နေဂျာရွှီ က တို့ရဲ့ ဒုတိယကုမ္ပဏီကို ဦးဆောင် မယ့်သူပဲလေ...၊ ပထမကုမ္ပဏီကလို့ ပြောလို့ မရတော့ဘူးပေါ့...။ မဟုတ်ရင် ညီအစ်ကို တွေက အထွေထွေမန်နေဂျာရွှီ မျက်နှာလိုက်တယ်လို့ ထင်ကုန်ကြပါဦးမယ်...။”
ရွှီကျန်းက နှိမ့်ချစွာ ပြန်ပြောလိုက်လေသည်။
“အို... ငါ့ကို အထွေထွေမန်နေဂျာရွှီလို့ မခေါ်ပါနဲ့...။ ညီအစ်ကိုတွေကြားမှာ ဒီလောက်အထိ ယဉ်ကျေးနေ ဖို့ မလိုပါဘူး...။ ငါ့ရဲ့ ခြေလက်တွေကလည်း အိုမင်းလာပြီဆိုတော့ အနားယူဖို့ပဲ ပြင်နေပါပြီ...။ အခု ငါ ဘာတွေ လုပ်နိုင်အုန်းမှာလဲ...။ ငါ့ရဲ့ အဓိက တာဝန်က တို့ရဲ့ ဒုတိယကုမ္ပဏီ မိသားစုကြီး ချောချောမွေ့မွေ့ လည်ပတ်နိုင်အောင် လုပ်ပေးဖို့ပါပဲ...။ ဒါမှ ညီလေးရဲ့ ဦးဆောင်မှုအောက်မှာ တို့တွေ ပိုပြီး အောင်မြင်မှု တွေ ရမှာလေ...။”
ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
“အစ်ကိုကြီးကလည်း နှိမ့်ချလွန်းနေပါပြီ...။ အစ်ကိုကြီးက တို့အုပ်စုအတွက် တကယ့်ကို တန်ဖိုးရှိတဲ့ လူသားတစ်ယောက်ပါ...။ အစ်ကိုကြီးရဲ့ ဦးဆောင်မှုအောက်မှာ တို့ညီအစ်ကိုတွေ ပိုပြီး ယုံကြည်ချက်ရှိ ရှိ အလုပ်လုပ်နိုင်တာပေါ့...။”
“အို... ညီလေးကလည်း မြှောက်လွန်းနေပါပြီ...။ ပေါ်အန်း... ငါ အခု ဖုန်းဆက်တာက ညီလေးကို တောင်းပန်ဖို့ပါ...။”
ရွှီကျန်းသည် ရွှီပေါ်အန်းနှင့် လျှောက်ပြောနေခြင်းကို ရပ်တန့်ကာ အဓိက ကိစ္စကို ပြောရန် ပြင်လိုက်၏။ ရွှီပေါ်အန်းက အရေးကြီးသော အချက်များကို မှတ်သားရန်အတွက် ဘောပင်နှင့် စာရွက်ကို လှမ်းယူ လိုက်ပြီးမှ ပြောလိုက်လေသည်။
“မဟုတ်တာ အစ်ကိုကြီးရယ်...။ အစ်ကိုကြီး တစ်ခုခု လိုအပ်ရင်သာ ပြောပါ...။ ညီလေးကို ဒီလောက် အထိ အားနာနေစရာ မလိုပါဘူး...။”
ရွှီကျန်းက သက်ပြင်းချကာ အကူအညီမဲ့စွာ ပြောလိုက်လေသည်။
“ဒီလိုပါ ညီလေးရယ်...။ အခုတလော ငါ့မိသားစုထဲမှာ ပြဿနာတချို့ ကြုံနေရလို့ အခြေအနေတွေက တော်တော်လေးကို ရှုပ်ထွေးနေတယ်... ငါ ခေတ္တလောက် တာဝန်မယူနိုင်သေးဘူး ထင်တယ်...။ ကုမ္ပဏီ ကိစ္စတွေကို အာရုံစိုက်ဖို့လည်း ငါ့မှာ အင်အားမရှိတော့ဘူး...။ ဒီဝန်ထုပ်ဝန်ပိုးကို ညီလေးပဲ တာဝန်ယူ ပေးပါဦးကွာ...။”
ရွှီကျန်းသည် အကြောင်းစုံကို ရွှီပေါ်အန်းအား အမြန် ရှင်းပြလိုက်လေ၏။
ရွှီကျန်း၏ သားဖြစ်သူသည် လွန်ခဲ့သော ရက်အနည်းငယ်က အသစ်တွေ့ရှိထားသော တောတွင်း ရေကန်တစ်ခုတွင် ငါးဖမ်းနေစဉ် မတော်တဆ ဓာတ်လိုက်ကာ ရေထဲသို့ ခေါင်းစိုက်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရလေသည်။
ကံကောင်းထောက်မစွာဖြင့် လမ်းသွားလမ်းလာတစ်ဦးက အချိန်မီ တွေ့ရှိခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရပေသည်။
ထိုသတင်းကို ကြားရသောအခါ ရွှီကျန်း၏ ဇနီးမှာ ထိတ်လန့်သွားကာ သွေးတိုးတက်ပြီး မေ့လဲသွားခဲ့ရ ပြန်သည်။ မိသားစု သုံးဦးအနက် နှစ်ဦးမှာ ရုတ်တရက် ဆေးရုံတက်လိုက်ရခြင်း ဖြစ်လေ၏။
ရွှီကျန်း ဤမျှ ဝမ်းနည်းကြေကွဲဖွယ် ကိစ္စနှင့် ကြုံတွေ့နေရကြောင်း ကြားရသောအခါ ရွှီပေါ်အန်း အနည်း ငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရလေသည်။ အစပိုင်းတွင် ရွှီကျန်းသည် သူ့အပေါ် တမင် ယဉ်ကျေး ပြနေခြင်း သို့မဟုတ် ဤနေရာတွင် ရုပ်သေးရုပ် တစ်ရုပ်အဖြစ် မနေလိုသဖြင့် တာဝန်ယူရန် ဝန်လေး နေခြင်းဟု သူ ထင်မှတ်ခဲ့ခြင်း ဖြစ်လေသည်။
ရွှီကျန်း၏ အသံမှာ ဝမ်းနည်းမှုကြောင့် တုန်ယင်နေသည်ကို ကြားရသောအခါမှ သူပြောသမျှမှာ အမှန်တကယ် ဖြစ်ကြောင်း ရွှီပေါ်အန်း နားလည်လိုက်ရတော့သည်။
ထို့ကြောင့် တိုက်ဆိုင်စွာပင် သူသည် ခေါင်းဆောင် အစစ်အမှန် ဖြစ်သွားခဲ့ရလေသလော...။
“အစ်ကိုကြီး... ကုမ္ပဏီအတွက် မစိုးရိမ်ပါနဲ့...။ နေ့စဉ်အလုပ်တွေကို ညီလေး ကိုင်တွယ်ပါ့မယ်...။ ဒါပေ မဲ့ ကြီးမားတဲ့ ကိစ္စတွေ ရှိလာရင်တော့ အစ်ကိုကြီးကို သေချာပေါက် တိုင်ပင်ပါ့မယ်...။ အစ်ကိုကြီးရဲ့ မိသားစုကိုပဲ သေချာ ဂရုစိုက်လိုက်ပါဦး...။ ညီလေးဖြစ်စေ၊ ကုမ္ပဏီကဖြစ်စေ ကူညီပေးနိုင်တာ ရှိရင် လည်း အချိန်မရွေး ပြောပါနော်...။”
ရွှီကျန်းသည် ရွှီပေါ်အန်းနှင့် ဆက်လက် စကားပြောလိုစိတ် မရှိတော့သဖြင့် စကားအနည်းငယ် ပြောပြီး နောက် ဖုန်းချလိုက်လေသည်။
*ငါ ဘာလုပ်ဖို့ ပြင်နေတာပါလိမ့်...။*
ရွှီပေါ်အန်း ဖုန်းကို ချလိုက်ပြီးနောက် ခေတ္တမျှ ငိုင်နေမိ၏။ သူတို့သည် “တစ်စုံတစ်ခုကို ရှာဖွေနေကြပုံရ သည်” ဟု တွေးမိစဉ်မှာပင် တံခါးခေါက်သံကို ကြားလိုက်ရလေသည်။
“အင်ဂျင်နီယာချုပ်...။ လျှိုလေးပါရှင်...။ အင်ဂျင်နီယာချုပ်ကို မေးစရာ ကိစ္စနှစ်ခု ရှိလို့ပါ...။ အခု အချိန် ပေးနိုင်မလားရှင်...။”
အလုပ်ချိန်အတွင်း ဖြစ်ရုံသာမက ကုမ္ပဏီ၏ လက်တွေ့ခေါင်းဆောင်လည်း ဖြစ်နေသဖြင့် ရွှီပေါ်အန်း သည် လျှိုဝေကို မနှစ်သက်သော်လည်း အလုပ်ကိုတော့ ရပ်တန့်ထား၍ မရချေ။
“ဝင်ခဲ့လေ...။”
လျှိုဝေသည် အခန်းထဲသို့ လှုပ်လီလှုပ်လဲ့ဖြင့် ဝင်လာပြီးနောက် စားပွဲပေါ်သို့ မှတ်စုစာအုပ်တစ်အုပ်ကို တင်လိုက်လေ၏။
“အင်ဂျင်နီယာချုပ်...။ ဒါက တို့ကုမ္ပဏီရဲ့ နောက်ဆုံးရ ဝန်ထမ်းအင်အားစာရင်းပါ...။ အင်ဂျင်နီယာချုပ် တစ်ချက်လောက် ကြည့်ပေးပါဦး...။”
ဝန်ထမ်းအင်အားစာရင်း ဆိုသည်မှာ မှတ်ပုံတင်ထားသော ဝန်ထမ်းများ၏ အသေးစိတ် အချက်အလက် များကို ဆိုလိုခြင်း ဖြစ်ပေသည်။ ရွှီပေါ်အန်း၏ ရုံးခွဲတွင် သီးသန့် လူ့စွမ်းအားအရင်းအမြစ်ဌာန မရှိသဖြင့် ဆက်စပ်လုပ်ငန်းများကို ရုံးခန်းမှပင် ပူးတွဲ လုပ်ဆောင်နေခြင်း ဖြစ်လေ၏။
ရွှီပေါ်အန်းသည် ထိုစာအုပ်ကို ပေါ့ပေါ့ပါးပါးပင် လှန်လှောကြည့်ရှုရင်း ဘာမှမပြောဘဲ အချက်အလက် များကို မသိစိတ်အရ ဖတ်ရှုနေမိလေသည်။
လျှိုဝေက ဆက်လက်၍ ပြောလိုက်လေသည်။
“ပြီးတော့...၊ အင်ဂျင်နီယာချုပ် ဝယ်ခိုင်းထားတဲ့ အဖုံးပါတဲ့ ဖန်ပုလင်းငယ်လေးတွေလည်း ရောက်လာ ပါပြီ...။ အပေါ်ကို ယူလာပေးရမလား ဒါမှမဟုတ် အင်ဂျင်နီယာချုပ်ရဲ့ ကားထဲမှာပဲ ထည့်ထားပေး ရမလားရှင်...။”
အချို့သော ပစ္စည်းများကို ကုမ္ပဏီဝယ်ယူမှုအဖြစ် အကြောင်းပြကာ ဝယ်ယူနိုင်သော်လည်း အမှန်တ ကယ်တွင် ကုမ္ပဏီအတွက် အသုံးမပြုခြင်းမျိုးလည်း ရှိနိုင်ရာ ဤကဲ့သို့ မေးမြန်းခြင်းမှာ မလိုအပ်ဘဲ မေးခြင်း မဟုတ်ပေ။
ရွှီပေါ်အန်းက ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေ၏။
“အားလုံးကို အပေါ်ကိုပဲ ယူလာပေးလိုက်ပါ...။ အော်... ပြီးတော့... တစ်ယောက်ယောက်ကို ကူညီပြီး စုံစမ်းခိုင်းပေးပါဦး...။”
ရွှီပေါ်အန်း စကားမဆုံးသေးမီမှာပင် သူ၏ အကြည့်မှာ ပွင့်နေသော ဝန်ထမ်းကိုယ်ရေးရာဇဝင်တစ်ခု ပေါ်သို့ ရုတ်တရက် ကျရောက်သွားလေသည်။
*တူလွန်းတယ်... တကယ့်ကို အံ့ဩဖွယ်ကောင်းလောက်အောင် တူလွန်းနေတယ်...။*
*သူမပဲ...။*