အခန်း (၉၉-၁၀၀)
Vol. 8 Ch. 99-100
အပိုင်း(၉၉)
"နောင်တော်… ရှေ့မှာ တောင်တန်းတွေနဲ့ မြစ်တွေ ထောင်ပေါင်းများစွာ ရှိနေတယ်… သူစိမ်းပြည်က ရွှေတွေထက် ကိုယ့်မွေးရပ်မြေက မြေကြီးကိုပဲ ပိုချစ်မြတ်နိုးပါ..."
ချန်အန်းမြို့တော်၏ မြို့ရိုးပြင်ပတွင် မရေမတွက်နိုင်သော လူအုပ်ကြီးသည် အနောက်အရပ်သို့ ပိဋကတ်တော်ပင့်ဆောင်သည့် ခရီးစဉ် ကို သွားရောက်မည့် သူတော်စင်ဆရာတော် ရွှမ်ကျန်း အား နှုတ်ဆက်ရန် စုရုံးနေကြလေသည်။ လီရှီမင် သည် ကြည်လင်သော စပျစ်ရည်ခွက်ကို ကိုင်ဆောင်ထားပြီး မြေပြင်မှ ကျောက်စရစ်ခဲ အနည်းငယ်ကို ကောက်ယူကာ ခွက်ထဲသို့ ဖြူးထည့်လိုက်ပြီးနောက် ကျန်းလျို အား ပြောလိုက်ခြင်းဖြစ်သည်။
ကျန်းလျို သည် လီရှီမင် ၏ လက်ထဲမှ စပျစ်ရည်ခွက်ကို ယူလိုက်ပြီး အလွန်တရာ လေးနက်တည်ကြည်စွာဖြင့် တစ်ကျိုက်တည်း မော့သောက်လိုက်ကာ သူ့ထံသို့ ပြန်ပေးရင်း...
"အရှင်မင်းကြီး …စိတ်ချပါ နောင်တော် နားလည်ပါတယ်… ဒီနေ့ထားရှိတဲ့ မူလရည်ရွယ်ချက်ကို သေချာပေါက် မေ့ပျောက်သွားမှာ မဟုတ်ပါဘူး..."
ခွက်ကို ပြန်လည်လက်ခံရယူရင်း လီရှီမင်သည် ကျန်းလျို ၏ တုံ့ပြန်မှုကို ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
ယနေ့အချိန်တွင် လီရှီမင် သည် ဗုဒ္ဓဘာသာဂိုဏ်း ၏ အစီအစဉ်များကို အပြည့်အဝ နားလည်သဘောပေါက်လာခဲ့ပြီ ဖြစ်သည်။
ကျန်းလျိုသည် အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း အတွက် ရတနာများကို ပိုင်ဆိုင်ထားသောကြောင့် မည်သည့် မိစ္ဆာ များနှင့် သရဲတစ္ဆေများကို ရင်ဆိုင်ရစေကာမူ ဗုဒ္ဓဘာသာဂိုဏ်း က သူ့ကို သေချာပေါက် စောင့်ရှောက်ပေးမည်ဖြစ်ပြီး သူ၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်မည် မဟုတ်ကြောင်းကို သူ ယုံကြည်ထားလေသည်။
လီရှီမင် စိုးရိမ်ပူပန်နေသည်မှာ တစ်ခုတည်းသာ။ ဤ အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း သည် ရွှမ်ကျန်း ဆရာတော်၏ စိတ်နေသဘောထားကို ပြောင်းလဲသွားစေမည်လား ဆိုသည်ကိုပင်။ သို့သော်လည်း ယခုမူကား သူသည် ကိုယ့်စိတ်ကိုယ် အပြည့်အဝ နားလည်နေပုံရသည်။
လီရှီမင် အား နှုတ်ဆက်ပြီးနောက် ကျန်းလျို သည် လှည့်ကြည့်လိုက်ရာ မရေမတွက်နိုင်သော သာမန်ပြည်သူများနှင့် ရဟန်းတော်များက သူ့အား နှုတ်ဆက်နေကြသည်ကို မြင်တွေ့လိုက်ရသည်။ လွန်ခဲ့သောရက်အနည်းငယ်က ရေမြေပူဇော်ပွဲ အခမ်းအနား တွင် ကွမ်ယင်ဗောဓိသတ် လူ့ပြည်သို့ ဆင်းသက်လာကာ အနောက်အရပ် သို့ ပိဋကတ်တော်ပင့်ဆောင်ရန် တာဝန်ကြီးကို သူ့အား ပေးအပ်ခဲ့ကြောင်း သတင်းမှာ တိုင်းပြည်အနှံ့ ပြန့်နှံ့သွားခဲ့သည်။ ထို့နောက် လူအများအား အလိုအလျောက် လာရောက်ပို့ဆောင်နှုတ်ဆက်စေခဲ့သည်မှာ ထင်ရှားလှပေသည်။
မဟာထန် ဧကရာဇ် လီရှီမင် နောက်သို့ ဆုတ်သွားပြီးနောက် လုံဟိုင်ဆရာတော် က ရှေ့သို့ လျှောက်လာခဲ့သည်။
"အောမိတော်ဖော… ရှေ့မှာ အခက်အခဲတွေ အများကြီးရှိပေမယ့် အောင်မြင်သွားရင်တော့ ဗောဓိဉာဏ် ကို ရရှိနိုင်တာမို့ တကယ်ကို အားကျစရာကောင်းလှပါတယ်..."
သူက လက်အုပ်ချီကာ အရိုအသေပေးရင်း ပြောလိုက်သည်။ လုံဟိုင်ဆရာတော်သည် ကျန်းလျို အား ငယ်ရွယ်သူတစ်ဦးကဲ့သို့ မဆက်ဆံဘဲ သူ့ကိုယ်သူနှင့် တန်းတူရည်တူပင် သဘောထားဆက်ဆံလေသည်။
"ဒီရက်ပိုင်းအတွင်း ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် သူတော်စင်ဆရာတော်..."
ကျန်းလျိုက လုံဟိုင်ဆရာတော် အား ပြန်လည်အရိုအသေပေးရင်း တုံ့ပြန်လိုက်သည်။
သို့သော်လည်း လုံဟိုင်ဆရာတော် ၏ အားကျဖွယ်ကောင်းသည်ဟူသော စကားကိုမူ သူ မည်သို့မျှ တုံ့ပြန်ခြင်းမပြုခဲ့ပေ။
အမှန်တကယ်ပင် လောကရှိ ရဟန်းတော်အားလုံး၏ အမြင်တွင် အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း သည် ဝေးကွာလှသော တောင်တန်းများနှင့် ရှည်လျားသော လမ်းမကြီးများကို ဖြတ်သန်းရကာ မိုင်တစ်သိန်းရှစ်သောင်းကျော်တိုင်အောင် ရှည်လျားသော်လည်း၊ စစ်မှန်သော ဗုဒ္ဓမြတ်စွာဘုရားကို ဖူးတွေ့ခွင့်ရရှိမည့် အခွင့်အရေးနှင့် အောင်မြင်လျှင် ရွှေရောင်ခန္ဓာကိုယ် ရရှိမည်ဟူသော ကွမ်ယင်ဗောဓိသတ် ၏ ကတိစကားမှာ ရဟန်းတော်အားလုံး အားကျရသည့် အရာပင်ဖြစ်သည်။
သို့ရာတွင်... ရွေးချယ်ခွင့်ရှိမည်ဆိုပါက ကျန်းလျိုသည် လုံးဝ သွားရန် ဆန္ဒရှိမည်မဟုတ်ချေ။ သို့သော်... ဤအချိန်၌ ဤသို့သော ခံစားချက်များကို ထုတ်ဖော်ပြောဆိုရန် မသင့်လျော်ပေ။
မဟာထန် ဧကရာဇ် နှင့် လုံဟိုင်ဆရာတော်တို့အား နှုတ်ဆက်ပြီးနောက် ကျန်းလျို၏ အကြည့်များသည် အဝေးရှိ ရဟန်းတော်များနှင့် ပြည်သူများဆီသို့ ရောက်ရှိသွားကာ သူတို့အား လက်လှမ်းပြလိုက်သည်။
သူ့အား လာရောက်နှုတ်ဆက်ရန် ဆန္ဒအလျောက် ရောက်ရှိလာကြသော ဤလူများကို သူ မည်သို့ လျစ်လျူရှုနိုင်မည်နည်း။
"သူတော်စင်ဆရာတော် ကို နှုတ်ဆက်ပါတယ်… ပိဋကတ်တော် စစ်စစ်တွေကို ရယူနိုင်မယ့် ခရီးစဉ်ကြီး အောင်မြင်ပြီး ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ပါစေ..."
ကျန်းလျို က လက်လှမ်းပြသည်ကို မြင်သောအခါ လာရောက်နှုတ်ဆက်ကြသော သာမန်ပြည်သူများနှင့် ရဟန်းတော်များသည် အနည်းငယ် စိတ်လှုပ်ရှားသွားကြပြီး တစ်ခဲနက် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
ကျန်းလျို သည် ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး မည်သို့မျှ ပြန်လည်မပြောဆိုတော့ဘဲ သူ၏ မြင်းဖြူလေးကို ဘေးသို့ ဆွဲခေါ်သွားလေသည်။ သူသည် လိုအပ်သော ပစ္စည်းကိရိယာများ အားလုံးကို သူ၏ သိုလှောင်ခန်း နေရာလွတ်အတွင်းသို့ ထည့်သွင်းလိုက်ရာ အလွန်ပေါ့ပါးသွက်လက်သော အသွင်အပြင်ကို ရရှိသွားသည်။ ထို့နောက် သူသည် အလွန်ခန့်ညားသော ဟန်ပန်ဖြင့် မြင်းပေါ်သို့ လျင်မြန်စွာ တက်ခွလိုက်လေသည်။
"ဟေး..."
တက်ကြွသော ဟန်ပန်ဖြင့် ကျန်းလျို သည် မြင်း၏ တင်ပါးကို ပုတ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ မြင်းဖြူလေးသည် ခွာများကိုမြှောက်ကာ မြားတစ်စင်းကဲ့သို့ ရှေ့သို့ လျင်မြန်စွာ ပြေးထွက်သွားလေသည်။ မဟာထန် ဧကရာဇ် လီရှီမင် အနေဖြင့် သူ၏ ပိဋကတ်တော်ပင့်ဆောင်သည့် ခရီးစဉ်အတွက် အကောင်းဆုံးသော မြင်းတစ်ကောင်ကို ပေးအပ်ထားခဲ့သည် မဟုတ်ပါလော။
“အ... မေ... ရေ...”
ကျန်းလျို မြင်းပေါ်တက်သည့် ဟန်ပန်မှာ အလွန်စတိုင်ကျပြီး သူ မြင်းစီးသည့် ကိုယ်နေဟန်ထားမှာလည်း ချီးကျူးဖွယ်ရာပင် ဖြစ်သည်။ သို့သော်လည်း... မြင်းကြီး ရှေ့သို့ ခုန်ထွက်လိုက်သည်နှင့်တပြိုင်နက် ကျန်းလျိုသည် မမျှော်လင့်ဘဲ အော်ဟစ်လိုက်ပြီးနောက် မြင်း၏ လည်ပင်းကို အမြန်ဖက်တွယ်ထားလိုက်ကာ သူ၏ အော်ဟစ်သံများမှာ အဝေးသို့ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ် သွားလေတော့သည်။
ချန်အန်းမြို့တော် တံခါးဝတွင် လီရှီမင် နှင့် လုံဟိုင်ဆရာတော် တို့သည် တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီး ကြည့်လိုက်မိကြသည်။
ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက်...
"နောင်တော်က မြင်းစီးတာ သိပ်ကျွမ်းကျင်ပုံမရဘူး..."
လီရှီမင်က ပြောလိုက်သည်။
"အဟွတ် အဟွတ်… ဦးပဉ္စင်း သိထားသလောက်တော့ ကျင်းဆန်းကျောင်းတော် က ဘဏ္ဍာရေးအရ အမြဲတမ်း အတော်လေး ကြပ်တည်းတယ်… ပြီးတော့ ရွှမ်ကျန်း က အဲဒီမှာပဲ ကြီးပြင်းလာခဲ့တာလေ… သူ အရင်က မြင်းတစ်ခါမှ စီးဖူးမှာ မဟုတ်ဘူး..."
လုံဟိုင်ဆရာတော် သည် အနည်းငယ် အနေရခက်စွာဖြင့် တိုးညင်းသောအသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
…
အတွေ့အကြုံမှတ် +၂
အတွေ့အကြုံမှတ် +၂
အတွေ့အကြုံမှတ် +၂
...
အချိန်ဆွဲနေရင်းဖြင့်၊ နှစ်လဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့လေသည်။
အရုဏ်တက်လာပြီး ကောင်းကင်ယံတွင် ရောင်ခြည်သမ်းလာသောအခါ ကျန်းလျို သည် ကျင့်ကြံနေရာမှ ရပ်တန့်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။
ချန်အန်းမြို့တော် မှ ထွက်ခွာလာခဲ့သည်မှာ နှစ်လတိုင်တိုင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဤနှစ်လတာ ကာလအတွင်း သူငယ်ချင်းအပေါင်းအသင်းမရှိဘဲ တစ်ကိုယ်တည်း ခရီးသွားရခြင်း၏ အထီးကျန်မှုမှာ သူ၏ တစ်သက်တွင် တစ်ခါမျှ မကြုံဖူးသဖြင့် ကျန်းလျို အား အလွန်တရာ နေရခက်စေခဲ့သည်။
မူလကတည်းက ကျန်းလျို အတွက် အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း သည် မြတ်စွာဘုရား နှင့် ကစားရမည့် ဂိမ်းတစ်ခုသာဖြစ်ပြီး သူနှင့် ကောင်းယန် တို့၏ အသက်များမှာ လောင်းကြေးများ ဖြစ်နေခဲ့သည်။ ထို့ကြောင့် အနောက်အရပ် လင်းရှန်းတောင်တော် သို့ မရောက်မီ ကျန်းလျို အနေဖြင့် သူ၏ စွမ်းအားကို တတ်နိုင်သမျှ တိုးမြှင့်ထားရန် အလွန်ပင် အရေးကြီးလှပေသည်။
ထို့ကြောင့် ကျန်းလျို သည် အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း ကို အမြန်ဆုံး ပြီးမြောက်ရန် လုံးဝ အလျင်မလိုခဲ့ပေ။ ပြောင်းပြန်အားဖြင့် သူ၏ ခရီးသွားနှုန်း နှေးကွေးလေလေ ပိုကောင်းလေလေပင် ဖြစ်သည်။
သူ၏ မြင်းစီးကျွမ်းကျင်မှုမှာ အလွန်ညံ့ဖျင်းလှသောကြောင့် အနည်းငယ် ပေါ့ဆလိုက်သည်နှင့် လျင်မြန်စွာ ပြေးနေသော မြင်းပေါ်မှ ပြုတ်ကျသွားနိုင်ခြေရှိသည်။ ထို့အပြင် ခရီးကို အလျင်စလို သွားရန်လည်း မလိုအပ်သောကြောင့် ကျန်းလျို သည် အစောပိုင်းကတည်းကပင် မြင်းကို လွှတ်ပေးလိုက်ပြီး ခြေလျင်ဖြင့်သာ ခရီးဆက်ခဲ့လေသည်။
လမ်းလျှောက်လိုက် ရပ်နားလိုက်ဖြင့် လမ်းတစ်လျှောက်ရှိ ကြမ်းတမ်းသော သားရဲတိရစ္ဆာန်များနှင့် ရင်ဆိုင်တိုက်ခိုက်ရင်း အားလပ်ချိန်များတွင် ထိုင်၍အနားယူကာ ကောင်းကင်နဂါး ဓမ္မတေးသံ ကို ကျင့်ကြံအားထုတ်နေခဲ့ရာ မသိမသာဖြင့်ပင် နှစ်လတာ အချိန်ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ကျန်းလျို သည် မဟာထန် ၏ နယ်နိမိတ်ထဲမှ မထွက်ခွာနိုင်သေးပေ။
သို့သော်လည်း ဤနှစ်လတာ ကြိုးစားပမ်းစား ကျင့်ကြံခြင်းနှင့် အဆိပ်ပြင်းသော သားရဲများနှင့် မိစ္ဆာ အချို့ကို သုတ်သင်ရှင်းလင်းနိူင်ခဲ့သည်။ ထိုမှတစ်ဆင့် အတွေ့အကြုံမှတ် အတော်များများကို ရရှိခဲ့ပြီး သူ၏ အဆင့်မှာ ၁၆ မှ ၁၉ သို့ တက်လှမ်းသွားခဲ့သည်ကိုတော့ ဝန်ခံရမည်ဖြစ်သည်။
အဆင့် ၁၉ အခြေအနေနှင့်အတူ သူ၏ လက်နက်ကိရိယာများမှ အထောက်အပံ့များ ပေါင်းစပ်လိုက်သောအခါ မတ်တတ်ရပ် လမ်းလျှောက်နိုင်သော မိစ္ဆာစစ်သည် တစ်ကောင်နှင့် ရင်ဆိုင်ရလျှင်ပင် ကျန်းလျို သည် တိုက်ပွဲ၌ မိမိကိုယ်ကို ကောင်းစွာ ကာကွယ်ခုခံနိုင်စွမ်း ရှိနေပြီဖြစ်သည်။
အစပိုင်းတုန်းက ဒဏ်ရာရနေသော ဝံပုလွေ မိစ္ဆာ တစ်ကောင်တည်းနှင့်ပင် သူနှင့် ကောင်းယန် တို့၏ အသက်ကိုပါ နီးပါးဆုံးရှုံးခဲ့ရသည့် အခြေအနေမျိုးနှင့်တော့ လုံးဝ မတူတော့ပေ။
နောက်တစ်နေ့ နံနက်ခင်းတွင် တစ်ညလုံး တရားထိုင်ပြီးနောက် မျက်နှာသစ် ကိုယ်လက်သန့်စင်ကာ သေသေချာချာ ပြင်ဆင်ပြီးသည်နှင့်တပြိုင်နက် ကျန်းလျို သည် အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း သို့ ဆက်လက်ထွက်ခွာခဲ့သည်။ နေ့ဝက်ခန့် လမ်းလျှောက်ပြီးနောက် အလွန်အမင်း ဗိုက်ဆာလာချိန်တွင် အဝေးမှ ဧရာမ လက်ဝါးကြီးတစ်ဖက်နှင့် ဆင်တူသော တောင်ကြီးတစ်လုံးကို သူ ရုတ်တရက် သတိပြုမိလိုက်သည်။
"လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက ငါ စုံစမ်းကြည့်ထားတာ… ရှေ့ကို မိုင်အနည်းငယ်လောက် ဆက်လျှောက်သွားရင် မဟာထန် ရဲ့ နယ်နိမိတ်ထဲကနေ ထွက်သွားရတော့မယ်တဲ့… အဲဒါကများ နှစ်ဘုံနယ်ခြားတောင် ဖြစ်နေမလား..."
လက်ငါးချောင်း ပုံသဏ္ဍာန်ရှိသော အဝေးမှ တောင်ကြီးကို ကြည့်ရင်း ကျန်းလျို သည် စိတ်ထဲမှ တွေးတောလိုက်သည်။
***
အပိုင်း(၁၀၀)
မဟာဗုဒ္ဓကျောင်းတော် တွင် ရှိနေစဉ်ကတည်းက စွန်ဝူခုန်း နှင့် ပတ်သက်၍ လုံဟိုင်ဆရာတော် ထံတွင် သူ စုံစမ်းမေးမြန်းခဲ့ပြီး ဖြစ်သည်။
စွန်ဝူခုန်း ကို ဖိနှိပ်ထားသောတောင်ကို မူလက ဒြပ်စင်ငါးပါးတောင်၊ လက်ငါးချောင်းတောင် စသည်ဖြင့် ခေါ်ဆိုခဲ့သော်လည်း မဟာထန် ဧကရာဇ် လီရှီမင် သည် တိုင်းပြည်တည်ငြိမ်အေးချမ်းစေရန် အနောက်အရပ်သို့ စစ်ချီစဉ်အတွင်း ၎င်းကို မဟာထန် ၏ နယ်နိမိတ်အဖြစ် သတ်မှတ်ကာ နှစ်ဘုံနယ်ခြားတောင် ဟု အမည်ပြောင်းလဲခဲ့သည်။ ဤတောင်ကို ဖြတ်ကျော်ခြင်းသည် မဟာထန် ၏ နယ်မြေထဲမှ ထွက်ခွာသွားခြင်းကို ဆိုလိုပေသည်။
စွန်ဝူခုန်း ကို ဖိနှိပ်ထားသော ဒြပ်စင်ငါးပါးတောင်က သူ၏ မျက်မှောက်တွင် ရှိနေပြီဖြစ်ကြောင်း တွေးမိသောအခါ ကျန်းလျို သည် သူ၏ ခြေလှမ်းများကို အရှိန်တင်လိုက်ပြီး ထိုတောင်ဆီသို့ လျင်မြန်စွာ လျှောက်သွားလေတော့သည်။
အနောက်အရပ်သို့ ခရီးသွား မှတ်တမ်းသည် အချိန်ဆွဲရန်သာ တိုက်တွန်းထားသော်လည်း ခေတ်သစ်မှ ကူးပြောင်းလာသူ တစ်ယောက်အနေဖြင့် စွန်ဝူခုန်း ၏ ကျော်ကြားလှသော နာမည်ကို လူတိုင်းက သိရှိပြီး လေးစားအားကျရသည် မဟုတ်ပါလော။
ယခုအချိန်၌ စွန်ဝူခုန်း က သူ၏ မျက်မှောက်တွင် ရှိနေရုံသာမက သူ၏ တပည့်ပင် ဖြစ်လာနိုင်ခြေရှိသောကြောင့် ကျန်းလျို သည် အလွန်အမင်း စိတ်လှုပ်ရှားတက်ကြွစွာဖြင့် အမြန်လျှောက်သွားလေသည်။
"ဆရာတော်… ဖြည်းဖြည်းကြွပါဘုရား... တပည့်တော်က လျိုပေါ်ချင် ပါ… တောင်စောင့်စစ်သူကြီး လို့ လူသိများပါတယ်... ဆုံတွေ့ရတာဆိုတော့ ရေစက်ပါလို့ပဲ ဖြစ်မှာပါ... တပည့်တော်ရဲ့ တဲအိမ်လေးမှာ ခဏလောက် အနားယူဖို့ ဖိတ်ခေါ်ပါရစေ..."
"တပည့်တော်ရဲ့ ဗုဒ္ဓဘာသာအပေါ် ကြည်ညိုလေးစားမှုကို ပြသတဲ့အနေနဲ့ သက်သတ်လွတ် ဆွမ်းဟင်းလျာတွေနဲ့ ဆက်ကပ်ပါရစေ..."
ကျောတွင် လေးနှင့် မြားများကို လွယ်ထားသော တောင့်တင်းကြံ့ခိုင်သည့် အမျိုးသားတစ်ဦးသည် နှစ်ဘုံနယ်ခြားတောင် ဆီသို့ အလျင်စလို လျှောက်သွားနေသော ကျန်းလျို အား မြင်သောအခါ ရင်းနှီးဖော်ရွေသော ဟန်ပန်ဖြင့် အနီးသို့ ချဉ်းကပ်လာကာ လျှောက်ထားလိုက်သည်။
"ဒကာကြီး… ကျေးဇူးတင်ပါတယ်... ဒါပေမယ့် ဘုန်းကြီးမှာ အရေးတကြီး လုပ်စရာလေးတွေ ရှိနေလို့ပါ... နောက်တစ်ကြိမ်မှပဲ ပေါ့လေ..."
ထိုအမျိုးသားက သူ့အား တားဆီးလိုက်သောကြောင့် ကျန်းလျို သည် သူ၏ ခြေလှမ်းများကို အနည်းငယ် ရပ်တန့်လိုက်ပြီး ပြန်လည်ဖြေကြားလိုက်သည်။
ထိုစကားများနှင့်အတူ ကျန်းလျို သည် ထိုအမျိုးသား၏ ဘေးမှ ဖြတ်ကျော်ကာ သူ၏ ခရီးကို ဆက်လက်ထွက်ခွာသွားလေသည်။
အမျိုးသားသည် ကျန်းလျို ၏ နောက်သို့ ခြေလှမ်းအနည်းငယ် အကွာမှ လိုက်သွားကာ လှမ်းအော်ပြောလိုက်သည်။
"ဆရာတော်… တပည့်တော်က လူဆိုးမဟုတ်ပါဘူးဘုရား... ဆရာတော် ခရီးပန်းလာတာ မြင်လို့ တပည့်တော်က..."
"အချိန်မရှိဘူး…”
ရှုပ်ရှုပ်ယှက်ယှက် လျိုပေါ်ချင် ကို ခါချခဲ့ပြီးနောက် ကျန်းလျို သည် ဒြပ်စင်ငါးပါးတောင် ဆီသို့ လျင်မြန်စွာ လျှောက်သွားလေသည်။
ဒဏ္ဍာရီများအရ ၎င်းသည် မြတ်စွာဘုရား ၏ လက်ဝါးတော်မှ အသွင်ပြောင်းလာခဲ့ခြင်းဖြစ်ပြီး သတ္တု၊ သစ်သား၊ ရေ၊ မီး နှင့် မြေကြီး ဟူသော ဒြပ်စင်ငါးပါး၏ စွမ်းအားများကို ကွယ်ဝှက်ထားလေသည်။ ၎င်းကို ဒြပ်စင်ငါးပါးတောင် ဟု ခေါ်ဆိုသော်လည်း ၎င်း၏ ပုံသဏ္ဌာန်မှာ လက်တစ်ဖက်နှင့် ဆင်တူသောကြောင့် လက်ငါးချောင်းတောင် ဟုလည်း လူသိများပေသည်။
ခရီးစဉ်မှာ ရှင်းလင်းနေသော လမ်းကြောင်းမရှိသည့် တောရိုင်းများအကြားမှ ဖြတ်သန်းသွားလာရလေရ လီနှစ်ဆယ်ခန့် ကွာဝေးလေသည်။ ထို့ကြောင့် ကျန်းလျို ၏ သွက်လက်သော ခြေလှမ်းများဖြင့်ပင် ဒြပ်စင်ငါးပါးတောင် ခြေရင်းသို့ ရောက်ရန် တစ်နာရီနီးပါးမျှ အချိန်ယူခဲ့ရသည်။
မူရင်းဝတ္ထုထဲတွင် ဖော်ပြထားသည့်အတိုင်း ဆိုလျှင် စွန်ဝူခုန်းသည် တောင်အောက်တွင် ဖိနှိပ်ခံထားရသည်။ ကျန်းလျို သည် ထိုအကြောင်းကို တွေးတောလိုက်ပြီးနောက် ဒြပ်စင်ငါးပါးတောင် ကို ပတ်ကာ ရှာဖွေကြည့်ရန် ဆုံးဖြတ်လိုက်သည်။
လက်ဝါးတစ်ဖက်နှင့် ဆင်တူသောကြောင့် ဒြပ်စင်ငါးပါးတောင် သည် အလွန်မတ်စောက်ပုံပေါ်သော်လည်း ၎င်း၏ ဧရိယာမှာ အလွန်အမင်း ကျယ်ဝန်းလှသည်တော့ မဟုတ်ပေ။ ၎င်းကို တစ်ပတ်ပတ်ရန် လီ တစ်ဆယ်ကျော်မျှသာ ရှိလေသည်။ ထို့ကြောင့် တရုတ်နာရီ ဝက်ခန့် ကြာပြီးနောက် ကျန်းလျို သည် တောင်ကို တစ်ပတ် အပြည့်အဝ ပတ်လျှောက်ပြီးသွားခဲ့ပြီဖြစ်သည်။
သို့သော်လည်း မည်သည့်အရာကိုမျှ သူ မတွေ့ရှိခဲ့ပေ။
"ဘာတွေဖြစ်နေတာလဲ..."
စွန်ဝူခုန်း၏ အရိပ်အယောင်ကိုမျှ မတွေ့ရဘဲ စက်ဝိုင်းသဏ္ဌာန် လမ်းလျှောက်ခြင်း၏ အစမှတ်သို့ ပြန်ရောက်လာသောအခါ၊ ကျန်းလျို သည် ဘာတွေဖြစ်နေမှန်း လုံးဝမသိတော့ဘဲ လွန်စွာ ဇဝေဇဝါ ဖြစ်သွားတော့သည်။
ခေတ်သစ်ကမ္ဘာတွင် 'အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း' ၏ ရုပ်ရှင်နှင့် တီဗီဇာတ်လမ်းတွဲများစွာ ရှိသည်။ ဇာတ်လမ်းပုံစံတိုင်းလိုလိုတွင် စွန်ဝူခုန်း သည် ဒြပ်စင်ငါးပါးတောင် အောက်၌ ထန်ဆရာတော် ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေလေ့ရှိသည်။ လူတစ်ယောက်၏ အရိပ်အယောင်ကို အာရုံခံမိသည်နှင့်တပြိုင်နက် စွန်ဝူခုန်း သည် သူ့ကို တောင်အောက်မှ မြန်မြန်ကယ်တင်ရန် တန်ဆရာတော် အား ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်တောင်းဆိုလေ့ရှိသည်။
သို့သော် ယခု သူ ဤနေရာသို့ ရောက်နေသည့်တိုင်အောင် စွန်ဝူခုန်း ထံမှ အော်ဟစ်သံ ထွက်မလာသည့်အပြင်၊ ကျန်းလျို သည် ဒြပ်စင်ငါးပါးတောင် ကို တစ်ပတ်အပြည့် ပတ်လျှောက်ခဲ့သော်လည်း သူ၏ အရိပ်အယောင်ကိုမျှ မတွေ့မြင်ခဲ့ရပေ။
သို့တည်းမဟုတ်... သူက 'အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း' အတုကြီးထဲများ ရောက်နေသည်လား။
စွန်ဝူခုန်း ကို ဒြပ်စင်ငါးပါးတောင် အောက်တွင် ဖိနှိပ်ထားသည်ဟု ဆိုသော်လည်း သူက တောင်ခြေတွင် မဟုတ်ဘဲ တောင်ခါးပန်းလောက်တွင်များ ရှိနေတာလား။
သို့တည်းမဟုတ်... စွန်ဝူခုန်းက အိပ်ပျော်နေပြီး သူရောက်လာတာကို သတိမထားမိတာများလော။
သူ အမှန်တကယ်ပင် ဒြပ်စင်ငါးပါးတောင် ၌ ရောက်ရှိနေခြင်းဖြစ်ကြောင်းကို တွေးတောဆင်ခြင်ပြီးနောက် ကျန်းလျို က ကောက်ချက်ချလိုက်သည်။ ဆက်လက်၍ သူသည် တောင်ပေါ်သို့ တက်ကာ တောင်ခါးပန်းတစ်ဝိုက်တွင် လိုက်လံရှာဖွေလေတော့သည်။
စွန်ဝူခုန်း၏ အာရုံစိုက်မှုကို ရရှိရန် သို့မဟုတ် အိပ်ပျော်နေပါက အနည်းဆုံးတော့ သူ့ကို နှိုးနိုင်ရန် မျှော်လင့်ချက်ဖြင့် အကြိမ်ပေါင်းများစွာ အော်ဟစ်ခေါ်ဝေါ်ခဲ့လေသည်။
မျောက်မွှေးတစ်ပင်ကိုမျှပင် မတွေ့ရဘဲ တစ်နာရီခန့် ကြာအောင် ရှာဖွေပြီးနောက် အခြားအရာတစ်ခုကို မြင်လိုက်ရသောအခါ ကျန်းလျို သည် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။
ဒြပ်စင်ငါးပါးတောင် ၏ တောင်စောင်းတွင် ဟောင်းနွမ်းပြီး အနည်းငယ် ဝါကျင့်ကျင့်ဖြစ်နေသော ဗုဒ္ဓတံဆိပ်တော် တစ်ခုကို ကပ်ထားလေသည်။ နှစ်ပေါင်းများစွာ နေပူမိုးရွာဒဏ်ကို ခံခဲ့ရသော်လည်း ဗုဒ္ဓတံဆိပ်တော် ပေါ်ရှိ “ ဥုံ မဏိ ပဒ္မေ ဟုံ ” ဟူသော ဂါထာ၏ စာလုံးခြောက်လုံးကို ရှင်းလင်းစွာ မြင်တွေ့နေရဆဲပင် ဖြစ်သည်။
သာမန် တောင်တစ်လုံးက စွန်ဝူခုန်းကို မဖိနှိပ်နိုင်သည်မှာ အလွန်သိသာလှသည်။ သူ့ကို အမှန်တကယ် ထိန်းချုပ်ထားနိုင်သည်မှာ မြတ်စွာဘုရား ၏ ဗုဒ္ဓတံဆိပ်တော် ပင် ဖြစ်လေသည်။
"ဗုဒ္ဓတံဆိပ်တော် က ဒီမှာရှိနေမှတော့ စွန်ဝူခုန်း က ဒြပ်စင်ငါးပါးတောင် ရဲ့အောက်မှာ ရှိနေရမှာပေါ့… ဒါဆို သူက ဘာလို့ ဒီမှာမရှိနေရတာလဲ..."
မြတ်စွာဘုရား ၏ ဗုဒ္ဓတံဆိပ်တော် ကို ကြည့်ရင်း စွန်ဝူခုန်း ဘာကြောင့် ပျောက်ကွယ်နေရသနည်းဆိုသည်ကို နားမလည်နိုင်ဖြစ်ကာ ကျန်းလျို အံ့သြနေမိသည်။
ဂွီ...
တစ်နာရီခန့် လမ်းလျှောက်ပြီး နှစ်နာရီနီးပါးမျှ ရှာဖွေပြီးသောအခါ နေမင်းကြီးသည် ကောင်းကင်ယံတွင် မြင့်တက်နေပြီဖြစ်သည်။ ခြောက်နာရီကြာမြင့်ခဲ့ပြီဖြစ်ရာ သူ၏ ဗိုက်မှာလည်း ဆာလောင်လွန်း၍ မြည်ဟည်းနေတော့သည်။ ကျန်းလျို သည် သူ၏ ဗိုက်ကို ပွတ်သပ်လိုက်ပြီး မြက်ခင်းပြင်ပေါ်ရှိ အတော်လေး သန့်ရှင်းသော နေရာတစ်ခုကို ရှာ၍ ထိုင်ချလိုက်သည်။
သူသည် သူ၏ သိုလှောင် နေရာလွတ်ကို ဖွင့်လိုက်သည်။ ဟင်းချက်ချင်စိတ် မရှိသောကြောင့် မုန့်ပေါင်းအချို့နှင့် ရေကို ထုတ်ယူလိုက်သည်။ မုန့်ပေါင်းကို ကိုက်စားကာ ရေကို သောက်ရင်းဖြင့် စွန်ဝူခုန်း ဘယ်ရောက်နေမည်နည်း ဟူသည်ကို သူ စဉ်းစားခန်း ဝင်နေလေသည်။
ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင် စွန်ဝူခုန်း သည် ဤ ဒြပ်စင်ငါးပါးတောင် အောက်တွင် ဖိနှိပ်ခံထားရမည် မဟုတ်ပါလော။ သူက ကိုယ့်ဘာသာကိုယ် ထွက်သွားနိုင်ခဲ့တာများလော။
"နေပါဦး… ငါ ငယ်ငယ်တုန်းက ရှေးခေတ် ရုပ်ရှင်ကားတစ်ကားကို ကြည့်ခဲ့ဖူးတယ်…စွန်ဝူခုန်း က လက်ချောင်းငါးချောင်းတောင် ကနေ သူ့သဘောအတိုင်း ထွက်သွားလို့ရနေတာ ဖြစ်နိုင်မလား… အဲဒီရုပ်ရှင်ထဲကလိုများ ဖြစ်နေမလား..."
ကျန်းလျိုသည် မုန့်ပေါင်း စားနေရင်းမှ ခေတ္တရပ်တန့်သွားပြီးနောက် ဤကဲ့သို့ ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်ဟု တွေးကာ ခေါင်းခါယမ်းလိုက်သည်။
ထို့နောက် စောစောက သူ့ကို အတင်းဆွဲထားခဲ့သော လျိုပေါ်ချင် ကို သူ သတိရသွားသည်။ မူရင်းဇာတ်လမ်းထဲတွင် ထိုသူသည်လည်း အတော်လေး အရေးပါသော ဇာတ်ပို့ဇာတ်ကောင်တစ်ဦး ဖြစ်ပြီး တစ်ချိန်က ထန်ဆရာတော်ကိုပင် ကယ်တင်ခဲ့ဖူးသည်။
ဤသို့ဆိုလျှင်... သူက လျိုပေါ်ချင် နှင့်အတူ မနေဘဲ တိုက်ရိုက် ဖြတ်လျှောက်လာခဲ့သောကြောင့်များ စွန်ဝူခုန်း ကို မတွေ့ရခြင်းများလော။
ဗီဒီယိုဂိမ်း ကစားသလိုမျိုး ရှေ့အဆင့်တွေကို မကျော်ဖြတ်ဘဲ နောက်အဆင့်တွေကို အလျင်စလို သွားလိုက်လျှင်တောင်မှ နောက်ဆုံးခေါင်းဆောင်ကြီး ကို မတွေ့ရဘူး ဆိုသလိုမျိုးများလော။
စူပါမာရီယို ဂိမ်းကိုပဲ ဥပမာထားကြည့်ကြပါစို့...။ အလံတိုင်ကို အောက်မချဘဲ ကျော်ခုန်လိုက်မည် ဆိုလျှင် ရဲတိုက်ထဲကို ဝင်လို့ မရတော့ချေ။ ထိုကဲ့သို့ များလော။
"နောက်နေတာလား... ငါ ပိုင်ဆိုင်ထားတဲ့ ရွှေလက်ချောင်းက ဂိမ်းစနစ်တစ်ခု ဖြစ်နေရင်တောင်မှ… ဒါက တကယ့် လက်တွေ့ကမ္ဘာကြီးလေ... ပြီးတော့ စွန်ဝူခုန်း ဒီမှာ ရှိမရှိ ဆိုတာကို သာမန် လျိုပေါ်ချင် တစ်ယောက်က ဘယ်လိုလုပ် ဆုံးဖြတ်ပိုင်ခွင့် ရှိမှာလဲ..."
ကျန်းလျိုသည် ခေါင်းယမ်းလိုက်ပြီး သူ၏ စိတ်ထဲမှ ရှုပ်ထွေးနေသော အတွေးများအားလုံးကို ဖယ်ရှားပစ်လိုက်သည်။
စွန်ဝူခုန်း ကို ရှာမတွေ့သောကြောင့် သူသည် စိတ်ကူးယဉ်လွန်ပြီး တွေးချင်ရာတွေ တွေးနေမိခြင်း ဖြစ်ပုံရသည်။
သူ စိတ်ထဲမှ ရှုပ်ထွေးနေသော အတွေးများအားလုံးကို ဖိနှိပ်လိုက်သည်။ ထို့နောက် မုန့်ပေါင်းအနည်းငယ်ကို ပေါ့ပေါ့ပါးပါး စားသောက်ကာ ရေသောက်လိုက်ပြီး၊ ဒြပ်စင်ငါးပါးတောင် ပေါ်တွင် ဆက်လက်ရှာဖွေသင့်သည်ဟု ကျန်းလျို ခံစားလိုက်ရသည်။
အကယ်၍ တကယ်တမ်း ရှာမတွေ့ခဲ့ပါက သူသည် လှည့်ပြန်၍ လျိုပေါ်ချင် ကို သွားရှာရပေမည်။ ဘယ်သူသိနိုင်မည်နည်း။ ထိုသူက တစ်ခုခုကို အမှန်တကယ် သိနေနိုင်သည် မဟုတ်ပါလော။
သူ့ကို တောင်စောင့်စစ်သူကြီး ဟု နာမည်ပြောင် ပေးထားမှတော့ သူသည် ဤဒေသကို အလွန်ရင်းနှီးကျွမ်းဝင်သူဖြစ်ရမည်ဖြစ်ပြီး စွန်ဝူခုန်း ဘယ်မှာရှိသည်ကို အမှန်တကယ် သိရှိနိုင်ပေသည်။
ကျန်းလျိုသည် နေ့လည်ခင်းအချိန်ကို ဒြပ်စင်ငါးပါးတောင် ပေါ်တွင် ရည်ရွယ်ချက်မရှိ လှည့်လည်သွားလာရင်း ကုန်ဆုံးစေခဲ့သည်။ နေဝင်ဆည်းဆာအချိန် ကောင်းကင်ယံ နီရဲလာသည်အထိ စောင့်ဆိုင်းခဲ့သော်လည်း ဘာမျှ ရှာမတွေ့ခဲ့ချေ။ ထို့ကြောင့် သူသည် ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်ပြီး ဒြပ်စင်ငါးပါးတောင် မှ ထွက်ခွာကာ သူလာခဲ့သော လမ်းအတိုင်း ပြန်လှည့်လာခဲ့လေသည်။
အကြောင်းရင်းကို မသိရသော်ငြားလည်း စွန်ဝူခုန်း သည် အမှန်တကယ်ပင် ပျောက်ကွယ်သွားပုံရပြီး နောက်ဆုံးတွင်မူ သူသည် လျိုပေါ်ချင် ထံသို့ သွားရောက်မေးမြန်းရတော့မည် ဖြစ်သည်။
စွန်ဝူခုန်း ၏ တည်နေရာနှင့် ပတ်သက်၍ သဲလွန်စတစ်ခုခု ရှာတွေ့နိုင်မည်ဆိုပါက ထိုသဲလွန်စသည် သူ၏ထံမှသာ ဖြစ်ရပေမည်။
***