အခန်း (၁၀၅-၁၀၆)
Vol. 8 Ch. 105-106
အပိုင်း(၁၀၅)
မိနစ် အနည်းငယ် ကြာမြင့်ပြီးနာက်...
စွန်ဝူခုန်း သည် ခါးအောက်ပိုင်းမှစ၍ ဒြပ်စင်ငါးပါးတောင် ၏အောက်တွင် ဖိနှိပ်ခံထားရပြီး မြေပြင်ပေါ်၌ မှောက်လျက်သား လဲလျောင်းနေသော်လည်း သူ၏ ရှေ့တွင်တော့ ပန်းကန်လုံးကြီး တစ်လုံးကို ချထားလေသည်။
ထမင်းတစ်ဝက်နှင့် ဟင်းတစ်ဝက်၊ အသားနှင့် ဟင်းသီးဟင်းရွက်များ ရောနှောကာ ဟင်းရည်ရွှဲရွှဲဆမ်းထားသော ထမင်းကို စွန်ဝူခုန်း သည် ပါးစပ်မှ ဆီများ ပေကျံနေသည့်တိုင်အောင် အားရပါးရ စားသောက်နေလေသည်။
ဘေးရှိ ကျန်းလျို သည် စွန်ဝူခုန်း တစ်ယောက် ဆာလောင်မွတ်သိပ်နေသော တစ္ဆေကြီး ဝင်ပူးနေသည့်အလား အငမ်းမရ စားသောက်နေသည်ကို ကြည့်ရင်း နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားလေသည်။
သူသည် နှစ်ပေါင်းရာချီ၍ မစားခဲ့ရသည့်အလားပင် ဖြစ်နေတော့သည်။
သူက အလွန် ဗိုက်ဆာလွန်းနေလို့လား သို့မဟုတ်... သူ ချက်ထားသည့် ဟင်းကပင် အလွန် အရသာ ရှိနေလေသလား မသိနိုင်ပေ။
"အင်း... အရသာရှိလိုက်တာ… ဟေ့ ဘုန်းကြီး... မင်းချက်တဲ့ ထမင်းက တကယ်ကို စားလို့ကောင်းတာပဲ..."
ပါးစပ်ထဲတွင် အစားအစာများ ပြည့်နှက်နေသော စွန်ဝူခုန်းက အသံတောင် သိပ်မထွက်နိုင်ဘဲ ပြောလိုက်သည်။
စွန်ဝူခုန်း တစ်ယောက် အစားအစာအပေါ်တွင်သာ အာရုံစိုက်ကာ မြိန်ယှက်စွာ စားသောက်နေသည်ကို မြင်သောအခါ ကျန်းလျို သည် သူ၏ ပန်းကန်နှင့် တူကို ချထားလိုက်ပြီး ထိုသတ္တဝါ စားနေသည်ကိုသာ ထိုင်ကြည့်နေလိုက်လေသည်။
ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သူသည် သူ၏ သင်္ကန်းအတွင်းသို့ လက်နှိုက်လိုက်ရာ ခေါင်းစွပ်ကျဉ်း ကို အေးစက်စွာ စမ်းသပ်မိလိုက်လေသည်။
"ဟေ့ ဘုန်းကြီး… မင်းက ငါမြင်ဖူးတဲ့ တခြားဘုန်းကြီးတွေနဲ့ မတူဘူးနော်..."
စားသောက်နေရင်းမှ စွန်ဝူခုန်း သည် ရုတ်တရက် ကျန်းလျို အား မော့ကြည့်ကာ ပြောလိုက်သည်။
"မတူဘူး ဟုတ်လား... ဘာကို ဆိုလိုချင်တာလဲ..."
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဒြပ်စင်ငါးပါးတောင် ၏ ခြေရင်းတွင် လဝက်ခန့် အတူရှိနေခဲ့ကြပြီဖြစ်ရာ အတော်လေး ရင်းနှီးကျွမ်းဝင်နေကြပြီ ဖြစ်သည်။ စွန်ဝူခုန်း သည် သူ၏ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ပေါက်ကွဲထွက်လာချိန်တွင် ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ပုံမှန်အချိန်များတွင်မူ အလွန်ပင် တည်ငြိမ်လှပေသည်။
"တခြားဘုန်းကြီးတွေကတော့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြတယ်…ရှုပ်ယှက်ခတ်နေတဲ့ စည်းကမ်းတွေ အများကြီးပဲ... ဒါပေမယ့် မင်းကိုကြည့်ရတာ အဲဒီလို မဟုတ်ဘူး..."
စွန်ဝူခုန်း က ပြောလိုက်သည်။
ကျန်းလျိုမှာ ခေတ္တမျှ တိတ်ဆိတ်သွား၏။ ပြီးနောက် သူက တိုးညင်းလေးနက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။
"အစကတည်းက ငါက ဘုန်းကြီးဝတ်ဖို့ လုံးဝ မတွေးခဲ့ဖူးလို့များလား..."
ထိုစကားကြောင့် အငမ်းမရ စားသောက်နေသော မျောက်၏ လှုပ်ရှားမှုမှာ ခေတ္တမျှ နှေးကွေးသွားလေသည်။
သူက ကျန်းလျို အား မော့ကြည့်လိုက်ကာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်
"ဒါဆိုရင် ဘာလို့ အနောက်အရပ် ကို သွားပြီး ပိဋကတ်တော် သွားပင့်ချင်ရတာလဲ... မြတ်စွာဘုရား က မင်းကို ရွှေခန္ဓာကိုယ် နဲ့ စစ်မှန်တဲ့ အသီးအပွင့်တွေ ပေးမယ်လို့ ကတိပေးထားလို့လား..."
သူက မေးလိုက်သည်။
"ဘာလို့လဲ ဟုတ်လား..."
ကျန်းလျို သည် အနောက်အရပ် ရှိရာဘက်သို့ အနည်းငယ် မော့ကြည့်လိုက်၏။ ခဏတာ တိတ်ဆိတ်သွားပြီးမှ...
"ထမင်းတစ်နပ် စားဖို့အတွက် ထင်တာပဲ..."
"ထမင်းတစ်နပ်အတွက်လေးများ... အနောက်အရပ် ကိုရောက်ဖို့ မိုင်ပေါင်းများစွာ ခရီးသွားပြီး ဒုက္ခခံရမှာကို မင်းက ဝန်မလေးဘူးပေါ့..."
"အင်း ဒီထမင်းတစ်နပ် အတွက်ပါပဲ..."
"ဟီးဟီးဟီး... စိတ်ဝင်စားစရာပဲ..."
စွန်ဝူခုန်း သည် သွားဖြီးလိုက်ပြီး တူကို ခပ်သွက်သွက် လှုပ်ရှားကာ နောက်ဆုံးကျန်နေသော အစားအစာများကို ပါးစပ်ထဲသို့ သွင်းလိုက်သည်။ ထို့နောက် ပန်းကန်နှင့် တူကို ဘေးသို့ ချထားလိုက်ပြီး လက်နှစ်ဖက်ဖြင့် ခေါင်းကို ထောက်ကာ ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှုနေသည့်ဟန်ဖြင့် ကျန်းလျိုအား ကြည့်ကာပြောလိုက်သည်။
"မင်းကို ကြည့်ရတာ ကိုရင်လေး သာ ဆိုတယ်… ဇာတ်လမ်းတွေ အများကြီး ရှိနေတဲ့ပုံပဲ... ငါ စွန်ဝူခုန်း ကို ပြောပြပါလား..."
"အစကတော့ ဟောင်းနွမ်းပျက်စီးနေတဲ့ ကျင်းဆန်းကျောင်းတော် ကနေ စတင်ခဲ့တာပါပဲ..."
ကျန်းလျို သည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်၏။ အတိတ်ကို ပြန်လည်လွမ်းဆွတ်နေသည့်အလား သူ၏ အကြည့်များမှာ အဝေးသို့ ရောက်ရှိသွားလေသည်။
ကျင်းဆန်းကျောင်းတော် မှ ကိုရင်လေး တစ်ပါးဖြစ်ခဲ့ပုံ ထို့နောက် ကောင်းယန် နှင့် ဆုံတွေ့ခဲ့ပုံ၊ နံ့သာတိုင်ပူဇော်ပွဲ အကြောင်း စသည်ဖြင့် လွန်ခဲ့သော နှစ်ဝက်အတွင်း ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို စွန်ဝူခုန်း အား အကျဉ်းချုံး၍ ပြန်လည်ပြောပြလေသည်။
ချန်အန်းမြို့တော်မှ ထွက်ခွာလာပြီးနောက် စကားပြောဖော်မရှိဘဲ နှစ်လတိုင်တိုင် တစ်ယောက်တည်း လမ်းလျှောက်လာခဲ့ရသောကြောင့်လောမသိ ကျန်းလျို သည် စကားအတော်လေး များနေခဲ့လေသည်။
စွန်ဝူခုန်း အနေဖြင့်လည်း ဒြပ်စင်ငါးပါးတောင် အောက်တွင် အချိန်ကြာမြင့်စွာ တစ်ယောက်တည်း နေလာခဲ့ရသောကြောင့် ယခုကဲ့သို့ စကားလာပြောပြီး ပုံပြင်များ လာရောက်ပြောပြမည့်သူမျိုး ရှိလာခြင်းမှာ ရှားပါးလှပြီး အတော်လေး ကောင်းမွန်သည့် ကိစ္စတစ်ခု ဖြစ်နေပုံရသည်။
"အဲဒီလိုနဲ့ပဲ ဘုန်းကြီးက အနောက်အရပ် ဆီကို နှစ်လလောက် ခရီးဆက်လာခဲ့ပြီး နောက်ဆုံးတော့ နှစ်ဘုံနယ်ခြားတောင် ကို ရောက်လာခဲ့တာပေါ့..."
လွန်ခဲ့သော နှစ်ဝက်အတွင်း ဖြစ်ရပ်များစွာ ရှိခဲ့ရာ သူ၏ ပြောပြမှု ပြီးဆုံးသွားချိန်တွင် နာရီအတော်ကြာ ကုန်လွန်သွားခဲ့ပြီဖြစ်သည်။
"ဂါး…ဟားဟား... ရယ်ရလွန်းလို့ပါကွာ... ဂီးဂီး..."
သို့သော်လည်း ကျန်းလျို ၏ အတွေ့အကြုံများကို ကြားသောအခါ စွန်ဝူခုန်း သည် ရုတ်တရက် ထူးဆန်းစွာ ကျယ်လောင်စွာ ရယ်မောလိုက်လေတော့သည်။
တောင်ကြီးကသာ ဖိနှိပ်မထားဘူးဆိုလျှင် သူသည် ယခုအချိန်လောက်ဆို လေထဲတွင် ကျွမ်းဘားများ အကြိမ်ကြိမ် ထိုးနေလောက်ပြီ ဖြစ်သည်။
"မျောက်... မင်း ဘာကို ရယ်နေတာလဲ..."
ကျန်းလျို သည် စွန်ဝူခုန်း အား အံ့သြစွာ ကြည့်ရင်း မေးလိုက်သည်။
" မင်းက အရင်တုန်းက ငါ့ထက်တောင် ပိုပြီး အ, တာကို ရယ်နေတာပါ… ပြီးတော့ အဲဒီ ကောင်းကင်ဘုံက နတ်ဒေဝါတွေက တခြားသူတွေကို အကွက်ဆင်ရုံတင် မကဘူး… ကိုယ့်လူကိုပါ ရက်ရက်စက်စက် အကွက်ဆင်တာကိုပါ ရယ်နေတာ..."
စွန်ဝူခုန်း က ထူးဆန်းစွာ ရယ်မောလျက် ကျန်းလျို အား လူအ တစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်ကာ ပြောလိုက်သည်။
"အောမိတော်ဖော ... ဒါဆို မင်းအထင် ငါ့နေရာမှာဆိုရင် ကောင်းယန် ကို ကယ်ဖို့ ဘာလုပ်သင့်တယ်လို့ ထင်လဲ..."
စွန်ဝူခုန်း ၏ လှောင်ပြောင်မှုကို စိတ်မဆိုးဘဲ ကျန်းလျို က ရိုးရှင်းစွာ ပြန်လည်မေးခွန်းထုတ်လိုက်သည်။
"...."
ကျန်းလျို ၏ စကားများကြောင့် စွန်ဝူခုန်း မှာ မည်သို့ ပြန်ဖြေရမည်ကို မသိတော့ဘဲ ဆွံ့အသွားခဲ့ရသည်။
အမှန်တကယ်ပင် ကျန်းလျို ၏ အခြေအနေအရ ကောင်းယန် ကို ကယ်တင်လိုသောအခါ သူ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ မြတ်စွာဘုရား ထံသို့ အသနားခံရန်သာ ရှိပုံရပေသည်။
"မျောက်... အခု မင်း ငါ့ဇာတ်လမ်းကို ကြားပြီးပြီဆိုတော့ မင်းရဲ့ ဇာတ်လမ်းကရော ဘယ်လိုလဲ... ပြောပြချင်လား..."
စွန်ဝူခုန်း၏ တုံ့ဆိုင်းမှုနှင့် ပြန်လည်မဖြေဆိုနိုင်မှုကို သတိပြုမိသောကြောင့် ကျန်းလျို က ပြောလိုက်သည်။ သူသည် သူ၏ မေးခွန်းကို အတင်းအကျပ် ဆက်မမေးတော့ဘဲ စကားလမ်းကြောင်းကို စွန်ဝူခုန်း ထံသို့ ပြောင်းလဲလိုက်သည်။
"ငါ့ဇာတ်လမ်းထဲက…အဖြစ်အပျက်တွေက… အချိန် အကြာကြီးကတည်းက ဖြစ်ခဲ့တာတွေမို့လို့ ပြောပြစရာ ဘာမှမရှိပါဘူး… ပြီးတော့ ငါလည်း မေ့နေပြီ..."
စွန်ဝူခုန်းသည် လက်ကာပြလိုက်ပြီး သူ့အပေါ် ဖြစ်ပျက်ခဲ့သည့် အရာများကို ပြောပြရန် ဆန္ဒမရှိကြောင်း သိသာထင်ရှားစွာ ပြသလိုက်သည်။
ဗိုက်ဝအောင် စားသောက်ပြီး စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ်ကို နားထောင်ပြီးနောက် စွန်ဝူခုန်း သည် မြေပြင်ပေါ်တွင် ကျေနပ်စွာ လဲလျောင်းနေလိုက်သည်။ မကြာမီမှာပင် သူ၏ ဟောက်သံများ လေထုထဲသို့ ပျံ့နှံ့လာကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားလေတော့သည်။
အပြုံးလေးတစ်ခုနှင့်အတူ ကျန်းလျို သည် မည်သည့်စကားမျှ ဆက်မပြောတော့ချေ။ သူသည် ပန်းကန်များကို ရှင်းလင်းဆေးကြောလိုက်ပြီး အနီးရှိ မက်မွန်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်နေလေသည်။
ဒင် - အတွေ့အကြုံမှတ် +၂
ဒင် - အတွေ့အကြုံမှတ် +၂
ဒင် - အတွေ့အကြုံမှတ် +၂
...
ကျင့်ကြံခြင်း၌ စိတ်ကို နှစ်မြှုပ်ထားရင်း အတွေ့အကြုံမှတ် များကို နည်းနည်းချင်းစီ စုဆောင်းလာရာ၊ ကျန်းလျို သည် အဆင့် ၂၀ သို့ တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်သည်။
မသိမသာဖြင့်ပင် အချိန်များ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး ညဉ့်နက်ပိုင်းသို့ပင် ရောက်ရှိနေပြီဖြစ်သည်။
ညဉ့်နက်ပိုင်းတွင် စွန်ဝူခုန်းသည် မျက်လုံးများကို ဖွင့်လိုက်၏။ သူ၏ အကြည့်များမှာ အနီးတွင် ထိုင်နေသော ကျန်းလျို ထံသို့ ရောက်ရှိသွားကာ သူ့အား စူးစိုက်ကြည့်နေလေသည်။
ကျန်းလျိုက သူ့ကို လှည့်စားနေသည်လား။ သူ့ကို တောင်အောက်ကနေ ထွက်လာစေပြီး ပိဋကတ်တော် ပင့်မည့် ခရီးစဉ်တွင် ကာကွယ်ပေးဖို့များ လှည့်စားနေသည်လား။ ဤသို့ မဖြစ်နိုင်ဟု စွန်ဝူခုန်း တွေးလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ... ထိုကိုရင်လေး၏ ကိစ္စများနှင့် ပတ်သက်၍ မဟာထန် သို့ တစ်ခုန်တည်း ခုန်သွားကာ မည်သူ့ကိုမေးမေး အမှန်တရားကို သိနိုင်မည်ဖြစ်ရာ သူ့ကို လှည့်စားရန် အကြောင်းမရှိပေ။
"ဟေ့... ကိုရင်လေး… မင်းက ငါ စွန်ဝူခုန်း ရဲ့ ဇာတ်လမ်းကို သိချင်နေတာမလား... ငါတို့တွေလည်း အားနေတာဆိုတော့… ငါ စွန်ဝူခုန်း မင်းကို ပြောပြမယ်..."
စွန်ဝူခုန်းသည် ရုတ်တရက် စကားပြောလိုက်ကာ တိတ်ဆိတ်ငြိမ်သက်နေမှုကို ဖြတ်တောက်လိုက်သည်။
မျက်လုံးများကို ဖွင့်လိုက်ပြီး ကျန်းလျို သည် သူ၏ ကျင့်ကြံခြင်းကို ရပ်တန့်ကာ စွန်ဝူခုန်း ၏ဘေးတွင် ဝင်ထိုင်လိုက်လေသည်။
"ပြောပြပါဦး..."
"ငါ စွန်ဝူခုန်း ရဲ့ ဇာတ်လမ်းက အများကြီး ပိုရှည်တယ်ကွ... အရင်တုန်းက ငါ စွန်ဝူခုန်း က ပန်းသစ်သီးတောင် ပေါ်က ကျောက်တုံးလေး တစ်လုံးပဲ... ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရတွေကနေ မွေးဖွားလာတာ ဆိုပါတော့လေ..."
***
အပိုင်း(၁၀၆)
အတိတ်အကြောင်းကို ပြောပြနေစဉ် စွန်ဝူခုန်း ၏ မျက်လုံးများမှာ ဝေးလွင့်သွားကာ သူ၏ ခံစားချက်များလည်း အတက်အကျ ဖြစ်နေလေသည်။
ပန်းသစ်သီးတောင် ပေါ်ရှိ နေ့ရက်များက သူ့ကို ပျော်ရွှင်မှုများ ပေးစွမ်းခဲ့သည်။ ဗောဓိဘိုးဘိုး ၏ အောက်တွင် ကျင့်ကြံခဲ့ရမှုက သူ့ကို လွမ်းဆွတ်တမ်းတမှုများဖြင့် ပြည့်နှက်စေခဲ့သည်။
ငရဲပြည်တွင် ပရမ်းပတာလုပ်ခဲ့ခြင်း၊ သေစာရှင်စာ စာရင်းကို ဆုတ်ဖြဲခဲ့ခြင်း၊ နဂါးနန်းတော် ထဲသို့ ဝင်ရောက်ကာ သမုဒ္ဒရာငြိမ်အပ် ကို ခိုးယူခဲ့ခြင်း၊ ကောင်းကင်ဘုံသို့ တက်၍ သောင်းကြမ်းခဲ့ခြင်း၊ ထို့အပြင် မြောက်မြားစွာသော ကောင်းကင်နတ်မင်းများ၊ မြတ်စွာဘုရားတို့နှင့် တိုက်ခိုက်ခဲ့ခြင်းတို့က သူ့ကို တက်ကြွရဲရင့်စေခဲ့သည်။
"ဒါပေမယ့် နောက်ဆုံးတော့လည်း... ငါ စွန်ဝူခုန်း လှည့်စားခံလိုက်ရတယ်… အဲဒီ ဗုဒ္ဓအိုကြီးရဲ့ လှည့်စားမှုကို ခံလိုက်ရတာပဲ..."
စကားဆုံးသွားသောအခါ စွန်ဝူခုန်း ၏ စိတ်ခံစားချက်မှာ ကျဆင်းသွားလေသည်။
"လှည့်စားခံရတယ် ဟုတ်လား... ဘယ်လိုဖြစ်တာလဲ..."
စွန်ဝူခုန်း ဤသို့ပြောဆိုခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သောကြောင့် ကျန်းလျို သည် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"အဲဒီတုန်းက... ငါက ဗုဒ္ဓနဲ့ လောင်းကြေးထပ်ခဲ့တယ်… သူ့ရဲ့ လက်ဝါးတော် ထဲကနေ ငါ ပျံထွက်သွားနိုင်ရင် ငါနိုင်မယ်… မထွက်နိုင်ရင် ငါရှုံးမယ်ပေါ့... ငါ စွန်ဝူခုန်း က ဘာလို့ ဒီလို အန္တရာယ်များတဲ့အလုပ်ကို လုပ်ရမှာလဲ... ငါ နိုင်ရင် ကြီးမြတ်တဲ့ ကျောက်စိမ်းဧကရာဇ် က သူ့နေရာကို ငါ စွန်ဝူခုန်း ကို လွှဲပေးရမယ်လို့ အကျပ်ကိုင်လိုက်တာပေါ့..."
သူက ရှင်းပြလေသည်။
"ဒါပေမယ့် အဲဒီ ဗုဒ္ဓအိုကြီးက ငါ့ကို လှည့်စားခဲ့တယ်… သူက သဘောတူတယ်… ငါ ကျောက်စိမ်းဧကရာဇ် အဖြစ် အုပ်ချုပ်ခွင့်ရမယ်ဆိုပြီး… ငါ စွန်ဝူခုန်း ကို ကတိတည်အောင် အတင်းအကျပ် လုပ်ခဲ့တာပဲ..."
စွန်ဝူခုန်း က ဆက်ပြောလေသည်။
"ဒါကတော့..."
စွန်ဝူခုန်း ၏ စကားများက ကျန်းလျို ၏ ရင်ထဲသို့ ထိမှန်သွားစေသည်။ အမှန်တကယ်ပင် ထိုသို့ဖြစ်ခဲ့သည်မဟုတ်ပါလော။
ဗုဒ္ဓကိုယ်တော်သည် လက်ဝါးတော် ကို ဖြန့်ကျက်ပြီး စွန်ဝူခုန်း ကို ကိုယ်တိုင် ခုန်ဝင်ခိုင်းခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ထောင်ချောက်ထဲသို့ တိုက်ရိုက် လမ်းလျှောက်ဝင်သွားခြင်းမျိုး မဟုတ်ပါလော။ စွန်ဝူခုန်း က ဝန်လေးနေခဲ့သည်။ ထို့ကြောင့် သူ နိုင်လျှင် ကျောက်စိမ်းဧကရာဇ် ၏ နေရာကို ယူမည်ဟု တောင်းဆိုလိုက်ခြင်းမှာ မြတ်စွာဘုရား အား ငြင်းဆန်လာစေရန် မျှော်လင့်ချက်ဖြင့် ထောင့်ပိတ် အကျပ်ကိုင်လိုက်ခြင်းပင် ဖြစ်သည်။
သို့ရာတွင် ဗုဒ္သည် သူ့အား ကျောက်စိမ်းဧကရာဇ် အဖြစ် အုပ်ချုပ်ရန် အမှန်တကယ် ခွင့်မပြုနိုင်သော်ငြားလည်း သဘောတူလိုက်ပြီး စွန်ဝူခုန်း ကို အတင်းအကျပ် ခုန်ချစေခဲ့သည်။... ဤသည်က လှည့်စားခြင်း မဟုတ်ပါလော။
"နောက်ပြီးတော့..."
စွန်ဝူခုန်း သည် ခေတ္တမျှ ရပ်တန့်သွား၏။ သူ၏ လေသံမှာ ပို၍ပင် နာကြည်းနေလေသည်။
"အဲဒီအချိန်တုန်းက အဲဒီ ဗုဒ္ဓအိုကြီးက ပြောသေးတယ်… ငါ စွန်ဝူခုန်း သာ သူ့လက်ဝါးထဲကနေ မခုန်ထွက်နိုင်ခဲ့ရင်… ငါ့ကို အောက်ဘုံကို ပြန်လွှတ်ပေးမယ်… ပြီးတော့ ကောင်းကင်ဘုံ ကို ပြဿနာမရှာဖို့ တောင်းဆိုခဲ့တယ်... ငါ စွန်ဝူခုန်း ကလည်း သဘောတူခဲ့ပါတယ်..."
စွန်ဝူခုန်း က ထပ်လောင်းပြောဆိုလိုက်သည်။
"ဒါပေမယ့် နောက်ဆုံးကျတော့ ဘာဖြစ်သွားလဲ... ငါ စွန်ဝူခုန်း ရှုံးသွားခဲ့တယ်… ဒါပေမယ့် သူက ကတိဖျက်ပြီး ငါ့ကို ပြန်မလွှတ်ပေးခဲ့ဘူး... အဲဒီအစား ငါ့ကို ဒီ ဒြပ်စင်ငါးပါးတောင် ရဲ့ အောက်မှာ ဖိနှိပ်ထားလိုက်တာပဲ..."
"အနိုင်အရှုံး ဘယ်လိုပဲဖြစ်ဖြစ်… သူက ကတိဖျက်ပြီး ငါ စွန်ဝူခုန်း ကို လှည့်စားခဲ့တာပဲ... ဗုဒ္ဓဘာသာဂိုဏ်း ရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့တောင်မှ သူက ဒီလောက် လှည့်စားတတ်ပြီး ယုံကြည်ရမရဘူး ဆိုတော့… မင်းတို့ ဗုဒ္ဓဘာသာဂိုဏ်း က လူတွေ တစ်ယောက်မှ မကောင်းကြဘူးဆိုတာ ပြသနေတာပဲ..."
စွန်ဝူခုန်းသည် ခါးသီးစွာဖြင့် အဆုံးသတ်လိုက်လေသည်။ ရူလိုင် ဗုဒ္ဓ၏ ထိုလှည့်စားမှုကြောင့်ပင် စွန်ဝူခုန်း သည် တောင်အောက်တွင် နှစ်ငါးရာတိုင်တိုင် ဖိနှိပ်ခံခဲ့ရသည်။ သူ၏ နာကြည်းမှုများသည် လျော့ပါးသွားခြင်းမရှိသည့်အပြင် အချိန်ကာလနှင့်အမျှ နှစ်ချို့ဝိုင်ကဲ့သို့ ပို၍ပင် ပြင်းပြထက်မြက်လာခဲ့လေသည်။
နှစ်ငါးရာ ကြာပြီးနောက်တွင် အခြေအနေများ မည်မျှအထိ ဆိုးရွားနေမည်ကို တွေးကြည့်၍ ရနိုင်ပေသည်။
"ဟီး ဟီး ဟီး..."
သူ့အပေါ် ဖြစ်ပျက်ခဲ့သည့် အရာများကို ကျန်းလျို အား ပြောပြပြီးနောက် စွန်ဝူခုန်း သည် သွားဖြီးကာ လှောင်ပြောင်ရယ်မောလိုက်လေသည်။
"အဲဒီ ကွမ်ယင်က ငါ စွန်ဝူခုန်း ဆီလာပြီး ငါ့ရဲ့ ဘေးဒုက္ခကာလ ကုန်ဆုံးပြီလို့ ပြောရဲတယ်… အဲဒီ ဘေးဒုက္ခကာလ ကုန်ဆုံးတယ် ဆိုတာက သူတို့ရဲ့ လက်ပါးစေ လုပ်ဖို့လား… ငါ စွန်ဝူခုန်း က ငြင်းလိုက်ရင် ဒီတောင်အောက်မှာ ထာဝရ ဖိနှိပ်ခံရဦးမယ်…မဟုတ်ဘူးလား..."
"ဗုဒ္ဓအိုကြီးက ငါ့ကို လှည့်စားနိုင်ခဲ့ပေမယ့်… ငါ စွန်ဝူခုန်း ကရော သူတို့ကို ပြန်မလှည့်စားနိုင်ဘူးလို့ ထင်နေလား... ဟား ဟား ဟား… ရွှေခန္ဓာကိုယ် နဲ့ စစ်မှန်တဲ့ အသီးအပွင့် ဟုတ်လား... ငါ စွန်ဝူခုန်း က ကောင်းကင်နဲ့တန်းတူ မဟာသူတော်စင် ဖြစ်နေပြီပဲ... အဲဒါတွေကို ငါက ဘာလုပ်ရမှာလဲ... ငါ့ကို နှစ်ငါးရာတိုင်တိုင် ဖိနှိပ်ထားလိုက်ရင် ငါ့ရဲ့ စိတ်ဓာတ်တွေ ကျိုးပဲ့သွားပြီး… ဗုဒ္ဓဘာသာဂိုဏ်း ရဲ့ ခွေးတစ်ကောင်အဖြစ် ခစားဖို့ သနားစရာကောင်းလောက်အောင် တောင်းပန်လာလိမ့်မယ်လို့ သူတို့က ထင်နေကြတာလား..."
"ကယောင်ချောက်ချားတွေပါကွာ..."
ကျန်းလျို သည် စွန်ဝူခုန်း ၏ ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး သူ၏ မျိုသိပ်ထားသော နာကြည်းမှုများ ပေါက်ကွဲထွက်လာသည်ကို ကြားဖြတ်မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေလေသည်။
သို့သော်လည်း သူတို့နှစ်ဦးကြားရှိ အခန်းကဏ္ဍများမှာ ပြောင်းပြန်ဖြစ်သွားပုံရသည်။ အစပိုင်းတွင် ကျန်းလျို က အဆက်မပြတ် စကားပြောနေပြီး စွန်ဝူခုန်း က တိတ်ဆိတ်နေခဲ့သော်လည်း ယခုအခါတွင်မူ စွန်ဝူခုန်း က အဆက်မပြတ် စကားပြောနေပြီး ကျန်းလျို က တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။
သူ၏ နှစ်ငါးရာတိုင်တိုင် စုဆောင်းလာခဲ့သော နာကြည်းမှုများ ပေါက်ကွဲထွက်လာရာ စွန်ဝူခုန်း ၏ နှလုံးသားထဲရှိ မုန်းတီးမှုကို ကျန်းလျို က ရှင်းလင်းစွာ ခံစားသိရှိနိုင်လေသည်။
ဤကဲ့သို့သော စိတ်နေသဘောထားမျိုးဖြင့်ဆိုလျှင် သူသည် တောင်အောက်မှ ထွက်လာပြီး ကျန်းလျို ကို အနောက်အရပ် သို့ ငြိမ်းချမ်းစွာ ကာကွယ်ပို့ဆောင်ပေးမည် ဟူသော အကြံအစည်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။
သို့ရာတွင် စိတ်ပျက်ရမည့်အစား ကျန်းလျို သည် ပို၍ပင် ဝမ်းသာအားရ ဖြစ်နေခဲ့လေသည်။
စွန်ဝူခုန်း တစ်ယောက် သူ၏ နာကြည်းမှုများကို အပြည့်အဝ ဖောက်သည်ချပြီးနောက် ပြန်လည်တိတ်ဆိတ်သွားသည့် အခါရောက်မှသာ ကျန်းလျိုက စကားကို ပြန်စလိုက်လေသည်။
"မျောက်... နတ်မင်းတွေက မင်းကို အမြဲတမ်း စောင့်ကြည့်နေတာလား..."
"စောင့်ကြည့်တာ... အမ်... နှစ်ငါးရာလုံးလုံး သူတို့က ငါ့ကို စောင့်ကြည့်ပြီး ဘာလုပ်ရမှာလဲ... နေ့တိုင်း သံလုံးတွေနဲ့ ကြေးရည် နည်းနည်းပါးပါး ပို့ပေးဖို့ နယ်မြေစောင့်နတ် ကို လွှတ်တာကလွဲပြီး ဘာမှမရှိပါဘူး..."
မြေပြင်ပေါ်ရှိ မျောက်သည် ခေါင်းမော့ကာ ကျန်းလျို ကို တစ်ချက်ကြည့်ပြီး ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
“မင်း သေချာလို့လား... မျောက်...”
ကျန်းလျို၏ လေသံမှာ ပို၍ လေးနက်လာ၏။
"အခု ပတ်ဝန်းကျင်ကို ကြည့်လိုက်စမ်းပါ… ဘယ်နတ်မင်း ဒါမှမဟုတ် ဗုဒ္ဓကများ ငါတို့ကို ဂရုစိုက်ကြည့်နေလို့လဲ..."
ကျန်းလျို ၏ သဘောထားကြောင့် စွန်ဝူခုန်း သည် မျက်ခုံးတစ်ဖက်ကို ပင့်ကာ မေးခွန်းထုတ်သည့်ဟန်ဖြင့် ကြည့်လိုက်သည်။
ကျန်းလျို တိတ်ဆိတ်နေသည်ကို မြင်သော အခါ သူက မျက်လုံးများကို မှိတ်ကာ ပတ်ဝန်းကျင်ကို အထပ်ထပ်အခါခါ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ခေါင်းခါယမ်းလိုက်ရင်း...
"ဘယ်သူမှ ငါတို့ကို စောင့်မကြည့်နေဘူး... အဲဒါ မင်းနဲ့ ဘာဆိုင်လို့လဲ... ကိုရင်လေး ကြည့်ရတာ မင်းမှာ ငါ စွန်ဝူခုန်း ကို ပြောပြစရာ လျှို့ဝှက်ချက် တစ်ခုခု ရှိနေပုံရတယ်နော်..."
စွန်းဝူခုန်းက ပြောလိုက်သည်။
ကျန်းလျို သည် စွန်ဝူခုန်း၏ မေးခွန်းကို တိုက်ရိုက် ပြန်မဖြေဘဲ အနီးရှိ တောင်နံရံကို မှီကာ ထိုင်လိုက်၏။
"မျောက်... ငါ့ရဲ့ အခြေအနေကို မင်းလည်း သိပါတယ်... ငါ လင်ရှန်းတောင်တော် ကို ရောက်သွားတဲ့အခါ ဘာတွေ ဖြစ်လာမယ်လို့ မင်းထင်လဲ..."
"ဟီး ဟီး ဟီး… လင်းရှန်းတောင်တော် ကို ရောက်သွားရင်လား... မင်း သေမယ်…အဲဒီ ကောင်မလေးလည်း သေမယ် … အားလုံး သေကုန်ကြမှာပဲ... ဒါကြောင့် ကိုရင်လေးကို ငါ အကြံပေးချင်တာက… လိမ်လိမ်မာမာနဲ့ ပြန်သွားပြီး ဧကရာဇ် နောင်တော် အဖြစ်နဲ့ပဲ ဆက်နေလိုက်ပါ..."
ခြိမ်းခြောက်သည့် လေသံဖြင့် စွန်ဝူခုန်း က သွားဖြီးကာ ပြောလိုက်သည်။
"တကယ်တော့ လင်ရှန်းတောင်တော် ကို ရောက်သွားတာဟာ ငါ့ရဲ့ သေဆုံးခြင်းကို ဆိုလိုတာပဲ…”
ကျန်းလျို သည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး စွန်ဝူခုန်း ဘက်သို့ လှည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“အဲဒါကြောင့် ငါ့အတွက်ငါ ပြန်လည်ခုခံရမယ်... မျောက်... မင်း အပြင်ထွက်လာပြီး ဒီ ကောင်းကင်နတ်မင်းတွေနဲ့ မြတ်စွာဘုရားတွေ ကို မှောက်လှန်ပစ်ဖို့ ငါနဲ့အတူ ပူးပေါင်းမလား..."
စကားလုံးများမှာ တည်ငြိမ်နေသော်လည်း စွန်ဝူခုန်း အတွက်မူ ထိုစကားများသည် မိုးကြိုးပစ်ချလိုက်သည့်အလား ဖြစ်သွားသည်။ မျက်လုံးများ ပြူးကျယ်ကာ ထိတ်လန့်သွားပြီး ကျန်းလျို ကို မယုံနိုင်လောက်အောင် စိုက်ကြည့်နေမိတော့သည်။
ဤစကားများသည် စွန်ဝူခုန်း ကို အမှန်တကယ်ပင် အံ့အားသင့်သွားစေခဲ့သည်မှာ ထင်ရှားလှပေသည်။
ခေတ္တမျှ မှင်တက်စွာ စိုက်ကြည့်ပြီးနောက် စွန်ဝူခုန်းက ခေါင်းခါယမ်းလိုက်၏။
"ဟီးဟီးဟီး… ဒါက မင်းရဲ့ ရည်ရွယ်ချက်လား... ဒီမှာ လဝက်လောက် ထိုင်နေပြီးမှ နောက်ဆုံးတော့ မင်း စကားစလာပြီပေါ့... ဒီလို နည်းလမ်းကို သုံးပြီး ငါ့ကို တောင်အောက်က ထွက်လာအောင် လှည့်စားလို့ရမယ်လို့ ထင်နေတာလား... ငါက လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းကလို အလွယ်တကူ ယုံတတ်တဲ့သူ မဟုတ်တော့ဘူးကွ..."
စွန်ဝူခုန်းက မိမိ၏ စကားများကို မေးခွန်းထုတ် သံသယဝင်နေသော်လည်း ကျန်းလျို ကမူ ဒေါသထွက်ခြင်းမရှိပေ။
ရူလိုင်ဗုဒ္ဓ၏ လှည့်စားမှုကို ခံခဲ့ရပြီး နှစ်ငါးရာတိုင်တိုင် တောင်အောက်တွင် ပိတ်မိနေခဲ့သော စွန်ဝူခုန်း အနေဖြင့် မည်သူ့ကိုမျှ အလွယ်တကူ မယုံကြည်လိုခြင်းမှာ သဘာဝပင် ဖြစ်လေသည်။
"တကယ်လို့ လိမ်တာဆိုရင်လည်း… ဘာလို့ ကိုယ်တိုင် ထွက်မကြည့်တာလဲ... ငါ မင်းကို လှည့်စားနေတယ်ဆိုတာ တွေ့ရရင်… မင်း ကျယ်ပြောလှတဲ့ လောကကြီးထဲကို လွတ်လွတ်လပ်လပ် သွားလို့ရပြီလေ... မင်းသာ ပိဋကတ်တော်ပင့်ဆောင်တဲ့ ခရီးစဉ် ဆိုတဲ့ ကြီးမားတဲ့ အလုပ်ကြီးကို စွန့်ပစ်ပြီး ထွက်သွားမယ်ဆိုရင်… ဗုဒ္ဓဘာသာဂိုဏ်း ကို အရူးလုပ်သလို ဖြစ်သွားမှာမို့ ဒါက ပိုပြီး ကြီးမားတဲ့ လက်စားချေမှု မဖြစ်သွားဘူးလား..."
ဤစကားများက အမှန်တကယ်ပင် စွန်ဝူခုန်း ၏ မျက်မှောင်များကြားတွင် စဉ်းစားတွေးတောဟန် တစ်ခုကို ဖြတ်ပြေးသွားစေခဲ့သည်။ ယုတ္တိတန်ပေသည်။
သို့သော်လည်း ခေတ္တမျှ စဉ်းစားတွေးတောပြီးနောက်
"မင်းပြောတာ ယုတ္တိရှိပေမယ့်… မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က သိပ်ကို အားနည်းလွန်းနေတယ်... သာမန် ကောင်းကင်စစ်သည်တော် တစ်ယောက်ကတောင် မင်းကို ခြေမွသတ်ပစ်နိုင်တယ်... မင်းက ကောင်းကင်နတ်မင်းတွေနဲ့ ဗုဒ္ဓတွေကို မှောက်လှန်ချင်နေတာ ရဲရင့်ပြတ်သားပေမယ့် မင်းမှာ အင်အားမရှိဘူးဖြစ်နေတယ်..."
“ဆိုရိုးစကားတစ်ခု ရှိတယ်လေ… မျောက်... ပြာပုံထဲကနေ ပြန်လည်မွေးဖွားလာဖို့ဆိုရင် အရင်ဆုံး အသေအလဲ အကျပ်အတည်းတစ်ခုထဲကို ရောက်ရမယ် တဲ့... မင်းတောင်မှ နှစ်နည်းနည်းလေးနဲ့ ကမ္ဘာမြေကို တုန်လှုပ်စေနိုင်တဲ့ ကျင့်ကြံခြင်းအဆင့်တွေကို ရရှိနိုင်သေးတာပဲ… ငါကရော ဘာလို့ မရနိုင်ရမှာလဲ..."
"စိတ်ဝင်စားစရာပဲ ကိုရင်လေး… မင်းက သိပ်မစွမ်းပေမယ့် မင်းရဲ့ စိတ်နေသဘောထားက ငါ စွန်ဝူခုန်း ရဲ့ အကြိုက်နဲ့ တော်တော်လေးကို ထပ်တူကျနေတယ်..."
ထိုစကားများက စွန်ဝူခုန်း အား ရယ်မောစေခဲ့ပြီး ကျန်းလျို ကို ကြည့်ရသည်မှာ ပို၍ အမြင်ကြည်လင်လာသည်။ အတိတ်က ကြောက်ရွံ့ခြင်းကင်းမဲ့ပြီး မဆုတ်မနစ် ကြိုးစားခဲ့သည့် သူ၏ ကိုယ်ပိုင်အရိပ်အယောင်များကို ကျန်းလျို ထံတွင် မြင်တွေ့နေရလေသည်။
"ငါ မေးပါရစေ… အနောက်အရပ် ကို သွားပြီး အဲဒီ ကောင်းကင်နတ်မင်းတွေနဲ့ ဗုဒ္ဓတွေကို မှောက်လှန်ပစ်နိုင်မယ်လို့ မင်းမှာ ယုံကြည်ချက်ရှိရဲ့လား..."
"မရှိဘူး..."
"ဟားဟားဟား… ယုံကြည်ချက်လည်း မရှိဘဲနဲ့ ငါ စွန်ဝူခုန်း ကို သေချာပေါက် သေရမယ့်လမ်းကို လိုက်ခဲ့ဖို့ ခေါ်နေတာလား..."
"ဟုတ်တယ်… ငါနဲ့အတူ လိုက်မှာလား… မလိုက်ဘူးလား..."
"လိုက်မယ်..."
***
ဘာသာပြန် မှတ်ချက် ။ ဒီဝတ္ထုထဲက မြတ်စွာဘုရားနဲ့ ဗုဒ္ဓတွေ ဆိုတာက ကျွန်တော်တို့ ထေရဝါဒ ဗုဒ္ဓဘာသာက မြတ်စွာဘုရားရှင် ဂေါတမကို ရည်ညွှန်းခြင်း မဟုတ်ပါဘူး။ ရူလိုင်ဗုဒ္ဓ၊ တထာဂတ လို့ သိကြတဲ့ မဟာယန ဗုဒ္ဓဘာသာက စိတ်ကူးယဉ် တန်ခိုးရှင်ကြီးပါ။ သူက ထာဝရ အသက်ရှင် နေထိုင်ပြီး အနောက်ဘုံက မိုးကြိုးကျောင်းတော်မှာ စံမြန်းတော်မူတဲ့သူပါ။ အခုလက်ရှိထိ လင်ရှန်းတောင်တော်မှာ နေထိုင်နေတယ်လို့ အယူရှိကြပါတယ်။ ဒါပေမဲ့ အထင်လွဲမှားမှုတွေ မဖြစ်စေဖို့ နောက်ပိုင်းမှာ ရူလိုင်ဗုဒ္ဓဆိုပြီး ပြောင်းလဲ အသုံးပြုသွားပါမယ်။
***