အခန်း (၁၀၇-၁၀၈)
Vol. 8 Ch. 107-108
အပိုင်း(၁၀၇)
ကျန်းလျိုသည် မတ်တပ်ရပ်လိုက်ပြီး လရောင်၏ အကူအညီဖြင့် လှည့်ကာ ဒြပ်စင်ငါးပါးတောင် ပေါ်သို့ တက်သွားပြီးနောက် ဗုဒ္ဓတံဆိပ်တော် ရှိရာသို့ ဦးတည်သွားလေသည်။
စွန်ဝူခုန်းသည် မြေပြင်ပေါ်တွင် လဲလျောင်းနေကာ နားရွက်တိုင်အောင် ပြုံးဖြီးနေပြီး အံတုလိုသော အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကောင်းကင်ယံသို့ မော့ကြည့်နေလေသည်။
အနောက်အရပ်က ရူလိုင်ဗုဒ္ဓ ရဲ့ လက်ပါးစေ ခွေးတစ်ကောင် ဖြစ်ရမယ် ဟုတ်လား...
သူ ဘယ်တော့မှ လက်ခံမည် မဟုတ်ချေ။ သို့သော် အနောက်အရပ် ရှိ ကောင်းကင်နတ်မင်းများနှင့် ဗုဒ္ဓတွေ ကို မှောက်လှန်ပစ်ရန် ဆိုပါက ထိုအရာမှာ လုံးဝ တခြားကိစ္စ တစ်ခုဖြစ်သွားလေပြီ။
နောက်ဆုံး ရလဒ်အတွက်လား...။
အဆိုးဆုံးက သူ သေသွားပြီး သူ၏ ကျင့်ကြံခြင်းများ ပျက်စီးသွားခြင်းသာ ဖြစ်မည်။ ၎င်းသည် ဒြပ်စင်ငါးပါးတောင် အောက်တွင် ဖိနှိပ်ခံရပြီး အကြိမ်ကြိမ် သေလိုက်ရှင်လိုက် ဖြစ်နေရသည်ထက်တော့ ပိုကောင်းသေးသည် မဟုတ်ပါလော။
ကျန်းလျိုသည် ဒြပ်စင်ငါးပါးတောင် ပေါ်သို့ အရင်ကတည်းက တက်ခဲ့ဖူးသည်။ ထို့ကြောင့် ဗုဒ္ဓတံဆိပ်တော် ရှိရာ နေရာကို သိရှိထားလေသည်။ လရောင်၏ လမ်းပြမှုဖြင့် နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် ဗုဒ္ဓတံဆိပ်တော် ထံသို့ ရောက်ရှိသွားလေသည်။
အနည်းငယ် ဝါကျင့်ကျင့်ဖြစ်နေသော ဗုဒ္ဓတံဆိပ်တော် ကို ကြည့်ရင်း ကျန်းလျို သည် လက်လှမ်းကာ ခွာယူလိုက်လေသည်။
၎င်းမှာ လုံးဝ မခက်ခဲလှဘဲ သာမန် စက္ကူတစ်ရွက်ကို ခွာလိုက်ရသကဲ့သို့ပင် ဖြစ်လေသည်။
သို့ရာတွင် ကျန်းလျို က ဗုဒ္ဓတံဆိပ်တော် ကို ခွာယူလိုက်သည်နှင့်တပြိုင်နက် ၎င်းသည် အသက်ဝင်လာသည့်အလား ကျန်းလျို ၏ လက်ထဲမှ လွတ်ထွက်သွားပြီး တောက်ပသော ရွှေရောင်အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ အနောက်အရပ် ဆီသို့ ပျံသန်းသွားလေတော့သည်။
"ဆရာတော်… မြန်မြန် ဆင်းလာခဲ့တော့..."
ဗုဒ္ဓတံဆိပ်တော် ကို ဖယ်ရှားလိုက်သည်နှင့် စွန်ဝူခုန်း သည် ထိုအရာကို သိသာစွာ ခံစားလိုက်ရပြီး စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်လေသည်။
သူ၏ အော်ဟစ်သံနှင့်အတူ ဒြပ်စင်ငါးပါးတောင် သည် မြေငလျင်လှုပ်ခတ်သွားသည့်အလား စတင်တုန်ခါလာလေသည်။
"အရမ်းကို စိတ်လောလွန်းတယ်… သိပ်ကို စိတ်မရှည်တာပဲ… မျောက်တွေဆိုတာ တကယ့်ကို အလျင်စလိုနိုင်တဲ့ ကောင်တွေပဲ..."
ဒြပ်စင်ငါးပါးတောင် တုန်ခါနေရခြင်းမှာ စွန်ဝူခုန်း အနေဖြင့် တောင်ကြီးကို မှောက်လှန်ကာ ပေါက်ကွဲထွက်လာရန် မစောင့်ဆိုင်းနိုင်တော့ခြင်းကြောင့် ဖြစ်သည်မှာ ထင်ရှားလှသည်။ ကျန်းလျို သည် အမြန်လှည့်ကာ တောင်အောက်သို့ ကမန်းကတမ်း ဆင်းပြေးလေတော့သည်။
ဒြပ်စင်ငါးပါးတောင် အောက်သို့ ရောက်ရှိသွားသောအခါ ကျန်းလျို သည် ပို၍ပင် မြန်ဆန်စွာ ပြေးလွှားလိုက်ပြီး အော်ပြောလိုက်သည်။
"နေဦး… မျောက်... ငါ နည်းနည်းလောက် ဝေးဝေးရောက်တဲ့အထိ စောင့်ပါဦး... ငါက မင်းရဲ့ ဆရာတော် ပဲ … ငါ့စကားကို နားထောင်ရမယ်… ခဏလောက် စောင့်ပါဦး..."
ထိုအခိုက်တွင်ပင် ဒြပ်စင်ငါးပါးတောင် ကြီးသည် တိုက်ရိုက်ပင် ပင့်မတင်ခံလိုက်ရ၏။ ကျန်တစ်ရာ မြင့်မားသော ဧရာမ မျောက်ဝံကြီး တစ်ကောင်သည် မြေကြီးထဲမှ ထွက်ပေါ်လာကာ ဒြပ်စင်ငါးပါးတောင် ကို မတင်ထားလျက် မတ်မတ်ရပ်နေလေသည်။
ဂီး...
ကြမ်းတမ်းသော ဟိန်းဟောက်သံကြီးသည် ဘုံသုံးပါးနှင့် လမ်းကြောင်းခြောက်သွယ် အနှံ့ ပဲ့တင်ထပ်သွားရာ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေတော့သည်။
“ငါ စွန်ဝူခုန်း ပြန်လာပြီဟေ့….”
"ဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမ ဆိုတဲ့ နတ်စွမ်းရည်လား… တကယ့်ကို အံ့မခန်းပါပဲလား..."
ကျန်တစ်ရာအမြင့်အထိ ကြီးထွားလာသော ဧရာမမျောက်ဝံကြီးကို ကြည့်ရင်း ကျန်းလျို သည် စိတ်ထဲမှ အံ့သြချီးကျူးမိလေသည်။
ဤမျှလောက် ထူးကဲသော နတ်စွမ်းရည်များနှင့်ဆိုလျှင် ဤမျောက်သည် မည်မျှအထိ အစွမ်းထက်နေမည်ကို မှန်းဆရန်ပင် ခက်ခဲလှပေသည်။
သို့ရာတွင် ဤမျှ အစွမ်းထက်လှသော မျောက်ပင်လျှင် ဖိနှိပ်ခံခဲ့ရသေးသည်ဆိုတော့ အနောက်အရပ် လင်းရှန်းတောင်တော် ရှိ ရူလိုင်ဗုဒ္ဓ နှင့် ရင်ဆိုင်ရခြင်းမှာ သူ တွေးထင်ထားခဲ့သည်ထက် များစွာပို၍ ခက်ခဲလိမ့်မည်ဟု ထင်ရပေသည်။
နှစ်ငါးရာတိုင်တိုင် ဖိနှိပ်ခံခဲ့ရသောကြောင့် စွန်ဝူခုန်း သည် နာကြည်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် ဒြပ်စင်ငါးပါးတောင် ကို အလွန်အမင်း မုန်းတီးရွံရှာနေခဲ့သည်။ ၎င်းကို ပင့်မတင်ပြီးနောက် သူသည် တောင်ကြီးပေါ်သို့ ပြင်းထန်သော လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ကျောက်တုံးကျောက်ခဲများ လွင့်စဉ်သွားပြီး မိုးကြိုးပစ်ချလိုက်သည့်အလား အသံကြီး ထွက်ပေါ်လာလေသည်။ သူ လှုပ်ရှားလိုက်သည်နှင့်အမျှ တောင်ကြီး၏ အစိတ်အပိုင်းများသည် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး လေထဲသို့ လွင့်စဉ်ပျံ့နှံ့သွားလေတော့သည်။
ဘုန်း... ဘုန်း... ဘုန်း...
နှစ်ငါးရာစာ နာကြည်းခါးသီးမှုများ အားလုံးကို တစ်ပြိုင်နက်တည်း ပေါက်ကွဲထုတ်ပစ်လိုက်သည့်အလား ဒြပ်စင်ငါးပါးတောင် ပေါ်သို့ လက်သီးချက်များ တစ်ချက်ပြီးတစ်ချက် အဆက်မပြတ် ကျရောက်သွားလေသည်။
ကျန်းလျို ၏ အံ့သြမှင်တက်နေသော အကြည့်များအောက်တွင် စွန်ဝူခုန်း၏ ရှေ့မှ ဒြပ်စင်ငါးပါးတောင် ကြီး တစ်ခုလုံးမှာ အလွန်အမင်း ကျိုးပဲ့လွယ်နေပုံပေါ်လေသည်။ အချိန်တိုအတွင်းမှာပင် ၎င်းသည် အရွယ်အစား အမျိုးမျိုးရှိသော မရေမတွက်နိုင်သည့် ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားကာ အရပ်မျက်နှာအနှံ့ လွင့်စဉ်သွားလေတော့သည်။
ခေတ္တမျှ ဒေါသများ ဖြေဖျောက်လိုက်ပြီးနောက် စွန်ဝူခုန်းသည် စိတ်ထဲတွင် များစွာ ပေါ့ပါးသွားလေသည်။ သူ၏ ကိုယ်ဟန်ကို ပြောင်းလဲလိုက်ပြီး သူ၏ 'ကောင်းကင်နှင့် မြေကြီး၏ နိယာမ' နတ်စွမ်းရည်ကို ပြန်လည်ရုပ်သိမ်းလိုက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းလျို ၏ ရှေ့သို့ ရောက်ရှိလာပြီး သူ့အား မော့ကြည့်ကာ...
"ဆရာတော်… တပည့်တော်ကို လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော်မျိုး တပည့်သားကြီး စွန်ဝူခုန်း… ဆရာတော် နဲ့အတူ အနောက်အရပ်ကို သေအတူရှင်မကွာ လိုက်ပါ့မယ်..."
"မျောက်… ကမြင်းကြောထမနေနဲ့… သေချာပြောစမ်းပါ..."
ကျန်းလျို၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားလေသည်။
"ဟီးဟီးဟီး… ငါ စွန်ဝူခုန်း ပြောလိုက်တာ တော်တော်လေး နားထောင်လို့ ကောင်းတယ် မဟုတ်လား... ငါ စွန်ဝူခုန်းကို မင်းနဲ့အတူ မလိုက်စေချင်ဘူးလား..."
စွန်ဝူခုန်း သည် သူ၏ နားရွက်များနှင့် ပါးပြင်များကို ကုတ်ဖဲ့ရင်း ရယ်မောကာ မေးလိုက်သည်။
ယခုအခါ လွတ်လပ်သွားပြီဖြစ်၍ စိတ်ကြည်လင်တက်ကြွနေပုံရသော စွန်ဝူခုန်း ၏ အမူအရာကို မြင်သောအခါ ကျန်းလျို သည် ထိုအကြောင်းအရာပေါ်တွင် ဆက်လက်၍ အချိန်မဆွဲတော့ချေ။
"ကောင်းပြီလေ… မျက်နှာပြောင်တိုက်တဲ့ မျောက်လေး…သွားကြစို့..."
ခြေချစရာ နေရာပင် မကျန်တော့လောက်အောင် ကျောက်တုံးကျောက်ခဲများ ပြန့်ကျဲနေသော ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုလိုက်ကာ သူက ပြောလိုက်လေသည်။
မျောက်သည် မူလကတည်းက အရပ် တစ်မီတာခွဲခန့်သာ ရှိပြီး ယခုအခါ ခြေထောက်များကို ကွေးကာ လမ်းလျှောက်နေသောကြောင့် ပို၍ပင် ပုနေကာ၊ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးတစ်ယောက်နှင့်ပင် တူနေလေသည်။
"ဆရာတော်… 'မျက်နှာပြောင်တိုက်တဲ့ မျောက်လေး' ဆိုတာ ဘယ်လိုနာမည်ကြီးလဲ... မင်း ငါ့ကို ဆဲနေတယ်လို့ အမြဲခံစားနေရတယ်..."
စွန်ဝူခုန်း က ပြောလိုက်သည်။
"မဟုတ်ပါဘူး… အဲဒါက နားလည်မှုလွဲနေတာပါ..."
ကျန်းလျို က ပြန်ဖြေလိုက်သည်။
"ဒါဆို ပြောင်းလို့မရဘူးလား..."
"ရတာပေါ့… တစ်နေ့တာ ဆရာတင်ဖူးရင် တစ်သက်လုံး အဖေလို သဘောထားရမယ် ဆိုတာ မင်း ကြားဖူးတယ် မဟုတ်လား... အဲဒီတော့ ငါ့ကို အဖေ လို့ ခေါ်လိုက်လေ... ငါက မင်းကို သားလေးလို့ ခေါ်မယ်"
"...."
စွန်ဝူခုန်း နှင့် ကျန်းလျို တို့သည် လရောင်အောက်တွင် စကားတပြောပြောဖြင့် အနောက်အရပ် သို့ ခရီးဆက်လာခဲ့ကြလေသည်။
ထိုအချိန်၌ အနောက်အရပ် လင်းရှန်းတောင်တော် တွင် ကြာပလ္လင် ထက်တွင် ထိုင်နေသော ရူလိုင်ဗုဒ္ဓ သည် တစ်စုံတစ်ရာကို ရုတ်တရက် အာရုံခံမိသွားလေသည်။ သူသည် လက်ဝါးကို မြှောက်လိုက်ရာ ရွှေရောင် ဗုဒ္ဓတံဆိပ်တော် တစ်ခုသည် သူ၏ လက်ထဲသို့ ကျရောက်လာလေသည်။
"အောမိတော်ဖော… အဲဒီမျောက် ထွက်လာခဲ့ပြီပဲ..."
ဗုဒ္ဓတံဆိပ်တော် ကို သိမ်းဆည်းလိုက်ပြီးနောက် ရူလိုင်ဗုဒ္ဓ သည် အချိန်နှင့် ဟင်းလင်းပြင် ကန့်သတ်ချက်များကို ဖြတ်ကျော်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။ ဒြပ်စင်ငါးပါးတောင် ကို ဒေါသတကြီးဖြင့် ရိုက်ချိုးဖျက်ဆီးနေသော စွန်ဝူခုန်း ကို မြင်တွေ့လိုက်ရသော်လည်း သူသည် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။
လူ့ပြည် လူ့ဘုံတွင် ညဉ့်နက်နေပြီ ဖြစ်သော်လည်း အနောက်အရပ် လင်းရှန်းတောင်တော် တွင်မူ နေ့အလင်းရောင် ရနေဆဲပင် ဖြစ်လေသည်။
"အောမိတော်ဖော… အဲဒါ ကောင်းတာပေါ့..."
ရူလိုင်ဗုဒ္ဓ ၏ စကားကို ကြားသောအခါ ထိုင်ခုံအောက်ရှိ ကွမ်ယင်ဗောဓိသတ် သည်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်မိလေသည်။
စွန်ဝူခုန်း ၏ လှည့်စားခြင်းကို ခံလိုက်ရမှုက သူမ၏ တာဝန်ကို သေချာစွာ မထမ်းဆောင်နိုင်ခဲ့သကဲ့သို့ ခံစားရစေပြီး အနည်းငယ် ရှက်ရွံ့သွားစေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အနှောင့်အယှက်လေး တစ်ခု ရှိခဲ့သော်ငြားလည်း နောက်ဆုံးရလဒ်မှာမူ ကောင်းမွန်စွာ ထွက်ပေါ်လာခဲ့လေသည်။
အခြားတစ်နေရာ ကောင်းကင်ဘုံ တွင်မူ ကျောက်စိမ်းဧကရာဇ် သည် တိတ်ဆိတ်စွာ ထိုင်နေသည်။ လန့်ဖျပ်သွားသော ငန်းပျိုလေးများအလား ပေါ့ပါးလွင့်ပျံစွာ ကပြဖျော်ဖြေနေကြသော ကျက်သရေရှိလှသည့် နတ်သမီးများ ကို ကြည့်ရှုနေလေသည်။
သူသည် လက်ကိုလှမ်း၍ တောက်ပနေသော စပျစ်သီးတစ်လုံးကို ဆွတ်ခူးကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။
"ဟင်..."
ရုတ်တရက်... ကျောက်စိမ်းဧကရာဇ်၏ မျက်နှာထားသည် ပြောင်းလဲသွား၏။ မကြာမီမှာပင် သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားလေသည်။
"အဲဒီမျောက်ဆိုးလေး ထွက်လာပြီလား..."
တိတ်ဆိတ်စွာ တီးတိုးရေရွတ်လိုက်ပြီးနောက် ကျောက်စိမ်းဧကရာဇ် သည် ဆက်လက်၍ အာရုံစိုက်မနေတော့ဘဲ သူ၏ရှေ့မှ နတ်သမီး ၏ ဆွဲဆောင်မှုရှိလှသော ကပွဲကိုသာ ဆက်လက်ကြည့်ရှုနေလေတော့သည်။
အရာအားလုံးသည် အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး ပူပန်နေရန် မလိုအပ်ပေ။
သို့သော်လည်း အောက်ဘက်တွင် ထိုင်နေသော ကျောက်စိမ်းဖြင့် ထုဆစ်ထားသကဲ့သို့ ဖြူစင်နုနယ်သော ကလေးငယ်တစ်ဦးသည် ရုတ်တရက် ပြုံးလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ ပြည့်လျှံနေလေတော့သည်။
***
အပိုင်း(၁၀၈)
ကောင်းကင်ဘုံရှိ နတ်မင်းများနှင့် ဗုဒ္ဓများက စွန်ဝူခုန်း ဒြပ်စင်ငါးပါးတောင် မှ ထွက်ခွာသွားခြင်းအပေါ် မည်သို့ပင် တွေးတောနေစေကာမူ လူ့ပြည်တွင်မူ မိုးလင်းလာခဲ့ပြီဖြစ်သည်။ လျိုပေါ်ချင် သည် ထုံးစံအတိုင်း အိပ်ရာမှထကာ အဝတ်အစားလဲပြီး အမဲလိုက်ထွက်ရန် ပြင်ဆင်နေလေသည်။
သို့ရာတွင် အိမ်ထဲမှ ထွက်လိုက်သည်နှင့် တစ်စုံတစ်ခု လွဲမှားနေသကဲ့သို့ သူ ရုတ်တရက် ခံစားလိုက်ရသည်။ ခြေလှမ်းအနည်းငယ်မျှ ထပ်လျှောက်ပြီးနောက် သူသည် ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် မယုံနိုင်မှုများ ပြည့်နှက်သွားလေသည်။
‘နှစ်ဘုံနယ်ခြားတောင်ကြီး... ပျောက်သွားပြီလား…’
ထိတ်လန့်တုန်လှုပ်စွာဖြင့် လျိုပေါ်ချင်သည် ထိုနေရာဆီသို့ ကမန်းကတမ်း ပြေးသွားခဲ့ရာ များပြားလှသော ကျောက်တုံးကျောက်ခဲများဖြင့် ပြည့်နှက်နေသည့် မြေပြင်ကိုသာ မြင်တွေ့လိုက်ရ၏။ နှစ်ဘုံနယ်ခြားတောင် ကြီးမှာမူ အမှန်တကယ်ပင် ပျောက်ကွယ်သွားခဲ့လေပြီ။
သူ သစ်သားရုပ်တစ်ရုပ်လို မှင်တက်သွား၏။ ဤနေရာတွင် မည်သည့် အရာများ ဖြစ်ပျက်သွားခဲ့သနည်း။ သူတော်စင်ဆရာတော် ရွှမ်ကျန်း နှင့် တောင်အောက်တွင် ဖိနှိပ်ခံထားရသော မျောက်တို့သည်လည်း အရိပ်အယောင်မျှပင် မတွေ့ရတော့ချေ။
...
အခြားတစ်နေရာတွင်မူ ညတစ်ဝက်ခန့် ခရီးသွားပြီးနောက် ကျန်းလျို သည် ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်နေသည်။ မီးဖိုပေါ်တွင် ချိတ်ဆွဲထားသော အိုးတစ်လုံးဖြင့် နှပ်ထားသော အသားများ၊ ဟင်းရွက်များနှင့် ဆားအနည်းငယ် ပါဝင်ကာ မွှေးပျံ့နေသော ဆန်ပြုတ်ကို ချက်ပြုတ်နေလေသည်။
ကျန်းလျို နှင့် စွန်ဝူခုန်း တို့အတွက် ပန်းကန်လုံးကြီး နှစ်လုံးဖြစ်ပြီး တစ်ယောက်တစ်ဖက်စီ ထိုင်ကာ ကိုယ်ပိုင်ပန်းကန်များဖြင့် စားသောက်နေကြလေသည်။
"အင်း… ဆရာတော်ရဲ့ ဟင်းချက်စွမ်းရည်က တကယ်ကို အံ့မခန်းပဲ... ငါ စွန်ဝူခုန်း က နဂါးအသည်းတွေ ဖီးနစ်ရိုးတွင်းခြင်ဆီတွေနဲ့ တန်ဖိုးကြီး ထာဝရရှင်သန်ခြင်း ဆေးလုံးတွေကို မြည်းစမ်းဖူးပေမယ့်… ဆရာတော် ချက်တဲ့ ဟင်းက တကယ့်ကို ထူးခြားတဲ့ အရသာရှိတယ်..."
ပါးစပ်ပူလောင်မည်ကိုပင် မကြောက်ဘဲ အလောတကြီး ဟပ်မျိုလိုက်ပြီး နှုတ်ခမ်းသပ်ကာ စွန်ဝူခုန်း က ချီးကျူးစကား ပြောလိုက်သည်။
စွန်ဝူခုန်း၏ စကားကို ကျန်းလျို က ပြုံးရုံသာ ပြုံးလိုက်ပြီး စကားအများကြီး မပြောတော့ဘဲ အတွေးတစ်ခုနှင့်အတူ စွန်ဝူခုန်း အား မေးလိုက်သည်။
"ဒါနဲ့ မျောက်... မင်းမှာ အဲဒီလောက် ကြီးမားတဲ့ နတ်စွမ်းရည်တွေနဲ့ အစွမ်းအစတွေ အများကြီးရှိတာဆိုတော့… မင်းရဲ့ ဆရာတော်ကို သင်ပေးနိုင်လောက်မယ့် အထင်ကြီးစရာ သိုင်းပညာတွေများ မရှိဘူးလား..."
အမှန်တကယ်ပင် စွန်ဝူခုန်း ထံတွင် သူ့အား သင်ကြားပေးရန် အထင်ကြီးဖွယ်ရာ နတ်စွမ်းရည်များ ရှိနေပါက သူသည် ၎င်းတို့ကို အလွယ်တကူ ကူးယူမှတ်တမ်းတင်လိုက်ရုံသာ မဟုတ်ပါလော။ ထိုအခါ ကျွမ်းကျင်မှုစာအုပ် တစ်အုပ် ဖြစ်လာပေလိမ့်မည်။
ကျွမ်းကျင်မှတ် အနည်းငယ် ထည့်လိုက်ရုံဖြင့် သူသည် ၎င်းကို မျက်စိတစ်မှိတ်အတွင်း တတ်မြောက်သွားမည် မဟုတ်ပါလော။
"မရဘူး မရဘူး... ငါ စွန်ဝူခုန်း ရဲ့ သိုင်းပညာတွေ အားလုံးက ငါ့ဆရာ ဆီကနေ လက်ဆင့်ကမ်း သင်ယူခဲ့တာတွေမို့… တခြားသူတွေကို လုံးဝ လက်ဆင့်ကမ်း သင်ပေးလို့ မရဘူး..."
စွန်ဝူခုန်းက ခေါင်းကို ပြင်းထန်စွာ ခါယမ်းရင်း ပြောလိုက်သည်။
"ဒီဗောဓိဘိုးဘိုး က တကယ်ကို ကပ်စေးနှဲလွန်းတာပဲ..."
စွန်ဝူခုန်း ၏ အဖြေကို ကြားသောအခါ ကျန်းလျို သည် အနည်းငယ် စိတ်ပျက်သွားကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ခွမ်း....
စွန်းဝူခုန်း ၏ လက်ထဲမှ ပန်းကန်လုံးသည် လွတ်ကျသွားပြီး မြေပြင်ပေါ်သို့ ကျကွဲသွားလေသည်။
"ဆ... ဆရာတော်က ဗောဓိဘိုးဘိုး အကြောင်းကို ဘယ်လိုလုပ် သိနေတာလဲ..."
စွန်ဝူခုန်း သည် ကျန်းလျို ကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်ကာ အံ့အားသင့်သွားလေသည်။ သူ ပညာသင်ယူပြီးမြောက်၍ စတုရန်းလက်မတောင် မှ ထွက်ခွာလာခဲ့စဉ်က ဗောဓိဘိုးဘိုးက ဝူခုန်း အနေဖြင့် မည်သို့သော ပြဿနာကြီးမျိုးကိုပင် ဖန်တီးစေကာမူ သူ၏ နာမည်ကို ဘယ်တော့မှ ထုတ်မပြောရန် မှာကြားခဲ့လေသည်။ ထို့ကြောင့် စွန်ဝူခုန်း သည် ဗောဓိဘိုးဘိုး ၏ တည်ရှိမှုအကြောင်းကို မည်သူ့ကိုမျှ မပြောခဲ့ဖူးချေ။ ကျောက်စိမ်းဧကရာဇ် သို့မဟုတ် ရူလိုင်ဗုဒ္ဓ ပင်လျှင် ဤအကြောင်းကို သိရှိထားခြင်း မရှိပေ။ သူက မည်ကဲ့သို့ သိရှိသွားသနည်း။
"ဟင်... မနေ့ညက မင်းရဲ့ အတွေ့အကြုံတွေအကြောင်း ငါတို့ စကားပြောကြတုန်းက မင်း ပြောခဲ့တယ် မဟုတ်ဘူးလား... မျောက်ရဲ့"
ကျန်းလျိုက တန်ပြန် မေးခွန်းဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"ငါလား... မနေ့ညက ငါ ပြောခဲ့မိလို့လား..."
ဇဝေဇဝါဖြစ်သွားသော စွန်ဝူခုန်းသည် သူ၏ မှတ်ဉာဏ်များကို ပြန်လည်ရှာဖွေလိုက်သည်။ မနေ့ညက သူ၏ ဘဝအတွေ့အကြုံများအကြောင်း ပြောပြခဲ့သော်ငြားလည်း သူသည် ပန်းသစ်သီးတောင် မှ ထွက်ခွာလာပြီး နာမည်ကျော် ဆရာတစ်ဦးကို ရှာဖွေတွေ့ရှိကာ၊ နှစ်အနည်းငယ်အတွင်း ကမ္ဘာမြေကို တုန်လှုပ်စေနိုင်သော နတ်စွမ်းရည်များ ရရှိခဲ့ကြောင်းကိုသာ ပြောခဲ့ပြီး ဗောဓိဘိုးဘိုး ၏ နာမည်ကို တစ်ခွန်းမျှ ထုတ်မပြောခဲ့ဘူး မဟုတ်ပါလော။
"ကောင်းပါပြီ ကောင်းပါပြီ... ဒါတွေက အသေးအဖွဲ ကိစ္စလေးတွေပါ… ပူပန်နေစရာ မလိုပါဘူး..."
မိမိ စကားမှားသွားကြောင်း သတိပြုမိသော ကျန်းလျို သည် လက်ကာပြလိုက်သည်။ ထို့နောက် သူ၏ သိုလှောင် နေရာလွတ်ကို ဖွင့်လိုက်ပြီး လက်ဖဝါးတစ်ချက် ဝှေ့ယမ်းကာ နောက်ထပ် ပန်းကန်လုံးတစ်လုံးကို စွန်ဝူခုန်း ၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။
ကျန်းလျို ၏ လုပ်ဆောင်ချက်များကို အကဲခတ်ကြည့်ရှုရင်း စွန်ဝူခုန်း ၏ မျက်လုံးများမှာ သိမ်မွေ့စွာ တလက်လက် တောက်ပသွားလေသည်။
"ဒီဘုန်းကြီးက ကျင့်ကြံခြင်းအဆင့် နိမ့်ပေမယ့် အတော်လေး ထူးကဲတဲ့ပုံပဲ... ခုနက လုပ်သွားတာ လက်ဝတ် စကြဝဠာ နတ်စွမ်းရည်များလား...”
…
"ဟီးဟီးဟီး… ဖြူဖြူနုနု ကိုရင်လေးပါလား..."
အနောက်အရပ်သို့ ခရီးဆက်လာရာ နေ့ဝက်ခန့် ကြာမြင့်သွားသောအခါ ရုတ်တရက် ခန့်ညားလှသော ကျားရိုင်းကြီးတစ်ကောင် ခုန်ထွက်လာသည်။ ၎င်း၏ မျက်လုံးများက ကျန်းလျို ထံသို့ လောဘတကြီး စိုက်ကြည့်ကာ မြေပြင်ပေါ်သို့ သွားရည်များ ကျလာရင်း လူစကားပြောလာလေသည်။
"စကားပြောတတ်တဲ့ မိစ္ဆာ လား… ဒါဆို အဆင့် ၂၀ အောက်က မိစ္ဆာ တစ်ကောင်ပေါ့လေ..."
လမ်းပိတ်ရပ်နေသော ကျား မိစ္ဆာ ကို မြင်သောအခါ ကျန်းလျို သည် စိတ်ထဲမှ တွေးတောလိုက်ပြီး ကျား မိစ္ဆာ ၏ စွမ်းအားကို အကဲခတ်လိုက်လေသည်။
သူ၏ ကိုယ်ပိုင် အဆင့် မှာ ၁၉ တွင် ရပ်တန့်နေသည်မှာ ရက်အတော်ကြာပြီ ဖြစ်သည်။ ကျွမ်းကျင်မှုစွမ်းရည်များနှင့် လက်နက်ကိရိယာများ၏ မြှင့်တင်မှု မပါဝင်လျှင်တောင်မှ သူသည် ဤကျားရိုင်းထက် အားနည်းမည်မဟုတ်ပေ။
ကျန်းလျို အတွက်မူ ယခု ခုန်ထွက်လာသော ဤ ကျား မိစ္ဆာ သည် အတွေ့အကြုံမှတ် များ လာရောက်ပို့ဆောင်ပေးခြင်း သက်သက်သာ ဖြစ်လေသည်။
"ဟီးဟီးဟီး… မိစ္ဆာလေးပဲ… ငါ စွန်ဝူခုန်း လည်း အဝတ်အစား လိုချင်နေတာနဲ့ အတော်ပဲ... မင်း သားရေကို စကတ် လုပ်ဝတ်ပစ်မယ်ကွ"
နှစ်ငါးရာတိုင်တိုင် မည်သူနှင့်မျှ မတိုက်ခိုက်ခဲ့ရသဖြင့် လက်ယားနေသော စွန်ဝူခုန်း က ပြောလိုက်သည်။ ဤ အဆင့်နိမ့် မိစ္ဆာ လေးမှာ အရေးပါလှသည် မဟုတ်သော်လည်း သူ၏ လမ်းကို ရဲဝံ့စွာ ပိတ်ဆို့ရဲသောကြောင့် စွန်ဝူခုန်း သည် ကိုယ်တိုင်ဝင်ပါရန် ဝန်မလေးခဲ့ပေ။
"ဟွန့်… အသားတောင် သိပ်မရှိတဲ့ ပိန်ခြောက်ခြောက် မျောက်ပါလား..."
စွန်ဝူခုန်း ၏ စကားကို ကျား မိစ္ဆာ က စိတ်မဝင်စားဟန်ဖြင့် လှောင်ပြောင်လိုက်သည်။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဖြူဖြူနုနု လူသားဖြစ်သော ကျန်းလျို က ပို၍ အရသာရှိမည်ဟု ကျားက ခံစားလိုက်ရသည်။
"သေချင်နေတဲ့ မိစ္ဆာကြီး..."
ကျား မိစ္ဆာ ၏ စကားကို ကြားသောအခါ စွန်ဝူခုန်း သည် သူ၏ နားထဲသို့ လက်နှိုက်လိုက်ရာ ရွှေတုတ်ကောက်သည် လေနှင့်အတူ ကြီးထွားလာလေသည်။ သူသည် ရိုက်နှက်ရန် တုတ်ကောက်ကို မြှောက်လိုက်လေသည်။
"ဝူခုန်း… ခဏနေဦး..."
***