အခန်း (၁၀၉-၁၁၀)
Vol. 8 Ch. 109-110
အပိုင်း(၁၀၉)
စွန်ဝူခုန်း သူ၏ ရွှေတုတ်ကောက် ကို ထုတ်လိုက်သည်နှင့်တပြိုင်နက် ကျန်းလျို က အလျင်စလို ပြောလိုက်ကာ သူ့ကို တားဆီးလိုက်သည်။
ကျား မိစ္ဆာ အဆင့်လောက်ရှိသော မိစ္ဆာ သည်လည်း အတွေ့အကြုံမှတ် များပင် ဖြစ်သည်။ အကယ်၍ စွန်ဝူခုန်း ကသာ သတ်လိုက်မည်ဆိုပါက အခိုးခံရ သကဲ့သို့ ဖြစ်သွားပြီး နှမြောစရာကောင်းမည် မဟုတ်ပါလော။
အကယ်၍ အဆင့် ကွာဟချက် ၁၀ ထက် ကျော်လွန်သွားပါက သူတို့သည် အဖွဲ့ဖွဲ့၍ မရနိုင်တော့ဘဲ ပါဝင်ကူညီမှုအပေါ် မူတည်၍ အတွေ့အကြုံမှတ် များကို ခွဲဝေပေးမည်ဖြစ်ရာ သူ့အတွက် ဘာမျှကျန်တော့မည် မဟုတ်ပေ။
"ဘာဖြစ်လို့လဲ ဆရာတော်..."
လေထဲတွင် တုတ်ကောက်ကို ရွယ်ထားလျက်ပင် စွန်ဝူခုန်း က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"နောက်ဆုတ်နေလိုက်… ဒါကို ငါပဲ ကိုင်တွယ်လိုက်မယ်..."
ကျန်းလျိုကပြောရင်း သူ့ မိစ္ဆာနှင် တောင်ဝှေး ကို ထုတ်ယူလိုက်၏။ ထို့နောက်... မိမိကိုယ်ကို မိစ္ဆာနှိမ်နင်းရေး ဂါထာ နှင့် ရဟန္တာလက်သီး အထောက်အပံ့စွမ်းရည် တို့ကို သုံးစွဲလိုက်ရာ ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ စီးဆင်းလာသည်ဟု ခံစားလိုက်ရလေသည်။
စွန်ဝူခုန်း က လက်ဦးမှုရယူသွားမည်ကို စိုးရိမ်သောကြောင့် ကျန်းလျို သည် လက်ကိုမြှောက်ကာ ပြင်းထန်သော မီးတောက်များဖြင့် လျင်မြန်သော မီးပုတီး ကို ပစ်လွှတ်လိုက်လေသည်။
ဘုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ မီးလုံးသည် ကျား မိစ္ဆာ ကို ထိမှန်သွားကာ ၎င်းသည် အော်ဟစ်လျက် လွင့်စဉ်သွားလေတော့သည်။
ကျန်းလျို ၏ မျက်လုံးထဲတွင် ကျား မိစ္ဆာ ၏ ခေါင်းပေါ်ရှိ သွေးတန်း သည် ချက်ချင်းပင် ပမာဏများစွာ လျော့ကျသွားသည်ကို သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
သစ်နီလက်စွပ် ၏ နှစ်ဆထိခိုက်မှု အထူးအကျိုးသက်ရောက်မှု၊ ပြီးပြည့်စုံခြင်း အဆင့် သို့ ရောက်ရှိနေသော လျှပ်စီး မီးပုတီး တို့အပြင် ရဟန္တာလက်သီး နှင့် မိစ္ဆာနှိမ်နင်းရေး ဂါထာ တို့မှ ပေါင်းထည့်ထားသော အထောက်အပံ့စွမ်းရည် တို့ကြောင့် ကျား မိစ္ဆာ သည် တစ်ချက်တည်းနှင့်ပင် သေလုနီးပါး ဖြစ်သွားခဲ့လေသည်။
ကျား မိစ္ဆာ ကို တိုက်ခိုက်လွှင့်ပစ်ပြီးနောက် ကျန်းလျို သည် ရှေ့သို့ ခုန်ထွက်ကာ မိစ္ဆာနှင် တောင်ဝှေး ကို မြင့်မြင့်မြှောက်လျက် ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
လျင်မြန်သော မီးပုတီး ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရထားပြီးဖြစ်သော ကျား မိစ္ဆာ သည် ထိတ်လန့်တုန်လှုပ်သွားကာ ကျန်းလျို အား ရင်ဆိုင်ရန်ပင် မဝံ့မရဲဖြစ်ပြီး ၎င်း၏ ကြီးမားသော ဒဏ်ရာများကို တရွတ်တိုက်ဆွဲကာ ထွက်ပြေးရန် ကြိုးစားတော့သည်။
သို့သော်လည်း ဒဏ်ရာရနေသော သားရဲသည် မြန်မြန် မပြေးနိုင်တော့ဘဲ ကျန်းလျို က လျင်မြန်စွာ အမီလိုက်လာကာ တောင်ဝှေးဖြင့် အချက်အနည်းငယ်မျှ ခပ်သွက်သွက် ရိုက်နှက်၍ ကျား မိစ္ဆာ ကို အဆုံးသတ်ပေးလိုက်လေသည်။
ဒင် - အတွေ့အကြုံမှတ် ၈၈၀ ရရှိပါသည်၊ ရွှေဒင်္ဂါး ၂၀၀ ကို ရရှိပါသည်
ဒင် - အဆင့် ၁ ဆင့် မြင့်တက်သွားပါသည်၊ လက်ရှိ အဆင့် ၂၀ ဖြစ်ပါသည်
ဒင် - တာဝန်ပေးစနစ် လုပ်ဆောင်ချက် ပွင့်သွားပါသည်၊ ဖွင့်ရန်အတွက် "တာဝန်စာရင်း" ဟု စိတ်ထဲမှ တိတ်ဆိတ်စွာ တွေးတောပါ
ဒင် - လိုအပ်သော အဆင့်သို့ ရောက်ရှိသွားပါပြီ၊ အလုပ်အကိုင်ပြောင်းလဲခြင်း တာဝန် ကို ရရှိနိုင်ပြီဖြစ်ရာ ကိုယ်တိုင် စစ်ဆေးကြည့်ရှုပါ
ကျား မိစ္ဆာ သေဆုံးသွားသည်နှင့်တပြိုင်နက် ရုတ်တရက် စနစ်၏ အသိပေးချက်များသည် တစ်ခုပြီးတစ်ခု အဆက်မပြတ် ပေါ်ထွက်လာရာ ကျန်းလျို အတွက် အံ့အားသင့်ဖွယ်ရာများကို ယူဆောင်လာပေးလေသည်။
အမှန်တကယ်ပင် သူ အဆင့် ၁၀ သို့ ရောက်ရှိခဲ့စဉ်က သူ၏ သိုလှောင် နေရာလွတ် ကို တိုးချဲ့နိုင်မည့် လုပ်ဆောင်ချက်တစ်ခု ပွင့်လာခဲ့သည်။ယခု အဆင့် ၂၀ သို့ ရောက်ရှိသောအခါတွင်လည်း လုပ်ဆောင်ချက်အသစ်များ ထပ်မံပွင့်လာခဲ့လေသည်။
တာဝန်ပေးစနစ်၏ လုပ်ဆောင်ချက်သည် ကျန်းလျို အတွက် ဝမ်းသာဖွယ် အံ့အားသင့်စရာတစ်ခု ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တာဝန်များဟူသည် အတွေ့အကြုံမှတ် များ သို့မဟုတ် လက်နက်ကိရိယာများနှင့် ပစ္စည်းများ ကဲ့သို့သော ဆုလာဘ်များကို ဆိုလိုခြင်းဖြစ်ပြီး ၎င်းက သူ၏ တိုးတက်မှုနှုန်းကို အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တကယ့်ကို သတင်းကောင်းတစ်ခုပင် ဖြစ်ပေသည်။
အဆင့် ၂၀ သို့ ရောက်ရှိကာ အလုပ်အကိုင် ပြောင်းလဲခြင်းအတွက် လိုအပ်ချက်များနှင့် ပြည့်စုံသွားခြင်းက ကျန်းလျို အတွက် အလွန်ပင် ဝမ်းမြောက်ဖွယ်ရာ ဖြစ်လာခဲ့သည်။ သို့ရာတွင် ထိုသို့ပြောင်းလဲရန် လိုအပ်သော အလုပ်အကိုင် ပြောင်းလဲခြင်း တာဝန် သည် သူ၏ စပ်စုချင်စိတ်ကို များစွာ နှိုးဆွပေးနေလေသည်။
သူသည် စိတ်ထဲမှ "တာဝန်စာရင်း" ဟု တိတ်ဆိတ်စွာ ရွတ်ဆိုလိုက်ရာ၊ အမှန်တကယ်ပင် တာဝန်စာရင်း ပြတင်းပေါက် ပွင့်လာခဲ့လေသည်။
သို့သော်လည်း စာရင်းထဲတွင် တစ်ခုတည်းသော အလုပ်အကိုင် ပြောင်းလဲခြင်း တာဝန် သာ ရှိနေလေသည်။
အလုပ်အကိုင် ပြောင်းလဲခြင်း တာဝန် (၁/၃) - ပိုမို အစွမ်းထက်သော အလုပ်အကိုင်သို့ ကူးပြောင်းရန် မိမိ၏ စွမ်းရည်ကို သက်သေပြရန်အတွက် အဆင့် ၁၀ အထက်ရှိ မိစ္ဆာ အကောင် ၁၀၀ ကို တစ်ကိုယ်တော် သတ်ဖြတ်ပါ၊ လက်ရှိ သတ်ဖြတ်ပြီးသော မိစ္ဆာ အရေအတွက် ၀/၁၀၀။
"ဒီ အလုပ်အကိုင် ပြောင်းလဲခြင်း တာဝန် က ဆက်တိုက် တာဝန်သုံးခုများလား..."
စာရင်းထဲရှိ တာဝန် ဖော်ပြချက်ကို ကြည့်ရင်း ကျန်းလျို သည် စိတ်ထဲမှ တွေးတောလိုက်သည်။
‘အဆင့် ၁၀ အထက် မိစ္ဆာ တွေ ဟုတ်လား... ဒါဆို မိစ္ဆာ တွေကို ရင်ဆိုင်ရမယ်ဆိုတဲ့ သဘောပဲ မဟုတ်ဘူးလား... အဲဒီလောက် အဆင့်ရှိတဲ့ မိစ္ဆာ တွေကို သတ်ဖို့ဆိုတာ မလွယ်ကူဘူးပဲ...’
‘အဓိက ပြဿနာက မိစ္ဆာ အကောင် ၁၀၀ ကို ရှာဖို့ပဲ…ဒါက လွယ်ကူတဲ့ အလုပ် မဟုတ်နိုင်ဘူး မဟုတ်လား... ပထမဆုံး အလုပ်အကိုင် ပြောင်းလဲခြင်း တာဝန် က ဒီလောက်တောင် ခက်ခဲနေတာလား...’
ကျန်းလျို အတွေးနက် နေစဉ်မှာပင် စွန်းဝူခုန်းမှာ ရွှေရောင် တုတ်ကို ဆုပ်ကိုင်ရင်း အနားသို့ ရောက်ရှိလာ၏။
"ဆရာတော်ကို ကြည့်ရတာ ကျုပ် စွန်ဝူခုန်း ထက်တောင် တိုက်ခိုက်ရတာကို ပိုနှစ်သက်နေတဲ့ပုံပဲ..."
ကျန်းလျိုက ဝူခုန်းကို လှည့်ကြည့်လိုက်၏။
"ဝါသနာပါတာရယ်တော့ ဘယ်ဟုတ်မလဲ မျောက်ရယ် … ဒါပေမယ့် ဒီလို အသေးအဖွဲ မိစ္ဆာ တွေနဲ့ သတ္တဝါလေးတွေကို ကောင်းကင်နဲ့တန်းတူ မဟာသူတော်စင် ဖြစ်တဲ့ မင်းကိုယ်တိုင် ဝင်ပါရတာ မရှက်ဘူးလား... အစွမ်းထက်တဲ့ မိစ္ဆာ တစ်ကောင်နဲ့ တွေ့တဲ့အခါကျမှ မင်း ဝင်တိုက်လည်း နောက်မကျသေးပါဘူး..."
ကျန်းလျိုက သူ့အား မြှောက်ပင့်ကာ ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ သိုလှောင် နေရာလွတ် ကို ဖွင့်ကြည့်လိုက်လေသည်။ အမှန်တကယ်ပင် ၎င်းမှာ သာမန် မိစ္ဆာ တစ်ကောင်သာ ဖြစ်ပြီး သူ၏ အဆင့် ထက်ပင် နိမ့်နေနိုင်ပေသည်။ ငွေကြေးမှလွဲ၍ ဆေးရည် တစ်ပုလင်းမျှပင် ကျမလာခဲ့ချေ။
ဂိမ်းစနစ် ကို အချိန်ကြာမြင့်စွာ ပိုင်ဆိုင်ထားခဲ့သောကြောင့် ကျန်းလျို သည် စည်းမျဉ်းတစ်ခုကို ကောက်ချက်ချနိုင်ခဲ့လေသည်။ သူ သတ်ဖြတ်သော မိစ္ဆာ များ၏ အဆင့် သည် သူ၏ အဆင့် ထက် မြင့်မားလေလေ၊ ပစ္စည်းကျလာနိုင်သည့် နှုန်းထား ပိုများလေလေဖြစ်ပြီး ပစ္စည်းကောင်းများ ရရှိနိုင်ခြေ ပို၍ မြင့်မားလေလေ ဖြစ်ပေသည်။
"ဟီးဟီးဟီး… ဆရာတော်... ဒီလို မြှောက်ပင့်ပြောနေလည်း… ကျုပ် စွန်ဝူခုန်း က သဘောကျသွားမှာ မဟုတ်ဘူးနော်..."
စွန်ဝူခုန်းသည် မျက်နှာအပြည့် ပြုံးဖြီးကာ ပြောလိုက်သည်။ ပျော်ရွှင်မှုကြောင့် အမြီးလေးမှာ လှုပ်ခါနေသော်လည်း ပါးစပ်ကမူ ဝန်ခံရန် ငြင်းဆန်နေလေသည်။
စွန်ဝူခုန်း ၏ ဟန်ပန်ကို မြင်သောအခါ ကျန်းလျို သည် အရာအားလုံးကို သဘောပေါက်စွာဖြင့် ပြုံးလိုက်လေသည်။
မူရင်းဇာတ်လမ်းထဲတွင် သူသည် ကောင်းကင်ဘုံကို ပရမ်းပတာလုပ်ခဲ့ သည့် ကောင်းကင်နှင့်တန်းတူ မဟာသူတော်စင် ဖြစ်ကြောင်း မကြာခဏ မိမိကိုယ်ကို ကြွေးကြော်လေ့ရှိသည်။ သို့သော်လည်း သူ၏ မြင်းထိန်း ဘဝအကြောင်းကို ဟလိုက်ရုံဖြင့် သူ့ကို အကြီးအကျယ် ဒေါသထွက်သွားစေနိုင်ကြောင်း သိရှိထားရသဖြင့် စွန်ဝူခုန်း ၏ အတ္တမာနသည် အတော်လေး ကြီးမားကြောင်း ထင်ရှားလှပေသည်။
ထို့ကြောင့် ချီးမွမ်းစကားများနှင့် မြှောက်ပင့်မှုများကို အပုံလိုက်အပင်လိုက် ပြောဆိုခြင်းက သူနှင့် အဆင်ပြေပြေ ပေါင်းသင်းနိုင်မည့် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်ပုံရလေသည်။
တခြားသူတွေက ကြောင်ကို အလိုလိုက်အကြိုက်ဆောင်တတ်ကြသည် ဆိုလျှင် သူကရော အဘယ်ကြောင့် မျောက်ကို အလိုလိုက်အကြိုက်မဆောင်နိုင်ရမည်နည်း။
"ကဲ… အချိန်လည်း လင့်နေပြီ... ဒီညတော့ ကျားသားကြော် စားကြတာပေါ့..."
ကျန်းလျို သည် ကောင်းကင်ကို အကဲခတ်ကြည့်လိုက်ကာ ခရီးဆက်ရန် အလျင်မလိုဘဲ ပြောလိုက်သည်။
"ကောင်းပြီ… ကောင်းပြီ..."
အစားအစာ ရှိသည်ဟု ကြားသောအခါ စွန်ဝူခုန်း သည် ဝမ်းသာအားရ ခေါင်းညိတ်လိုက်လေသည်။ ကျန်းလျို ၏ ဟင်းချက်လက်ရာက သူ၏ အစာအိမ်ကို သိမ်းပိုက်ထားခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထိုအတောအတွင်း စွန်ဝူခုန်းသည် ကျား၏ အရေခွံကို ခွာရန်နှင့် ဧရာမ ကျားကြီး၏ အတွင်းကလီစာများကို သန့်စင်ရန် မိမိသဘောဆန္ဒအလျောက် တာဝန်ယူလုပ်ဆောင်လေသည်။
ကျန်ရှိနေသော ကျားသားများ အားလုံးကို သိုလှောင် နေရာလွတ် ထဲတွင် သိမ်းဆည်းလိုက်၏။ စွန်ဝူခုန်း က ကျားသားရေခွံကို ခေါက်နေသည်ကို မြင်သောအခါ သူ ဘာလုပ်ရန် ရည်ရွယ်ထားကြောင်းကို ကျန်းလျို သိရှိသွားလေသည်။
"မျောက်... မင်း ခုနက ကိုယ့်အတွက် ကျားသားရေ စကတ် တစ်ထည် လုပ်မလို့ စီစဉ်နေတယ်လို့ ပြောလိုက်တာလား..."
ကျန်းလျိုက ကျားသားကြော်နေရာမှ ခေါင်းလှည့်ကာ မေးလိုက်သည်။
"ဟုတ်တယ်… ဒီမျောက်မင်းကြီးမှာ အဝတ်အစားမှ မရှိတာ..."
စွန်ဝူခုန်း က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
ကျန်းလျို သည် စကားမပြောမီ ခေတ္တမျှ တုံ့ဆိုင်းသွားလေသည်။
"အင်း... ဝူခုန်း... ငါ့မှာ ရိုးအလွန်းတဲ့ မေးခွန်းလေးတစ်ခု ရှိတယ်… မေးသင့်မမေးသင့်တော့ မသေချာဘူး..."
"ဆရာတော်... မေးစရာရှိတာ မေးပါ..."
"ဝူခုန်း... မင်းက မျောက်ထီး တစ်ကောင် မဟုတ်ဘူးလား... ဘာလို့ စကတ် ဝတ်ရတာကို သဘောကျနေတာလဲ..."
"မင်းက အဲဒီလို မျောက်မျိုးဖြစ်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး...”
***
အပိုင်း(၁၁၀)
ငါးရက်ကြာပြီးနောက်...
"ဟေ့ မျောက်... ရပ်လိုက်စမ်း..."
ကျန်းလျိုသည် အော်ဟစ်လိုက်ပြီး စွန်ဝူခုန်းအား တားဆီးကာ သူ၏ မိစ္ဆာနှင် တောင်ဝှေးကို ကိုင်ဆောင်၍ ရှေ့သို့ ပြေးဝင်သွားလေသည်။
တစ်ချက်တည်း ရိုက်ချလိုက်သည်နှင့် ကျားမိစ္ဆာတစ်ကောင်သည် နာကျင်စွာ အော်ဟစ်လျက် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ဒင် - အတွေ့အကြုံမှတ် ၂၆၀ နှင့် ဒင်္ဂါးပြား ၃၀ ရရှိသည်။
ဒင် - လက်ရှိ မစ်ရှင်ပြီးမြောက်မှု ၉/၁၀၀ ရှိသည်။
"အဆင့်ပြောင်းမစ်ရှင်ကို လက်ခံပြီးတာ ငါးရက်ပဲ ရှိသေးတယ်… မိစ္ဆာကောင်တွေ အများကြီးနဲ့ ဆုံနေရပြီပဲ… မဟာထန်နယ်စပ် အပြင်ဘက်မှာ မိစ္ဆာတွေ သိသိသာသာ ပိုများနေပုံရတယ်..."
ကျန်းလျိုသည် နောက်ထပ် ကျားမိစ္ဆာတစ်ကောင်ကို သတ်ဖြတ်ပြီးနောက် သူ၏ဘာသာ ရေရွတ်လိုက်သည်။
သေချာစဉ်းစားကြည့်လျှင် မဟာထန်နယ်နိမိတ်အပြင်ဘက်၌ မိစ္ဆာများ ပိုမိုပေါများနေခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။
သို့ရာတွင် အခြားဖြစ်နိုင်ခြေတစ်ခုမှာ မဟာထန် နန်းတွင်းမှ အရပ်မျက်နှာအနှံ့ရှိ မိစ္ဆာဘုရင်များကို နှိမ်နင်းထားခဲ့သဖြင့် ထိုမိစ္ဆာများ လူ့လောကကို ဒုက္ခမပေးဝံ့တော့ဘဲ နည်းပါးသွားသယောင် ထင်ရခြင်းလည်း ဖြစ်နိုင်သည်။
သေချာသည်မှာ ကျန်းလျိုအတွက်တော့ မိစ္ဆာများ တိုးပွားလာခြင်းသည် သတင်းဆိုးမဟုတ်ပေ။ တိုက်ခိုက်စရာ ပစ်မှတ်များ များပြားလာသည်နှင့်အမျှ အတွေ့အကြုံမှတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ရာ ဤသည်ကား ကောင်းသောအရာပင် ဖြစ်လေသည်။
သို့သော် သူ စိတ်ထင်၍များလားတော့ မပြောတတ်ပေ။ လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူကြုံတွေ့ခဲ့ရသော မိစ္ဆာအများစုမှာ ကျားများဖြစ်နေကြောင်းကို ကျန်းလျို သတိပြုမိလေသည်။
"ဆရာတော်... တပည့်တော် မေးသင့် မမေးသင့် မသေချာပေမယ့် မေးစရာတစ်ခု ရှိနေတယ်..."
စွန်ဝူခုန်းသည် သူ၏ ရွှေတုတ်ကို မှီလျက် ပြောလိုက်သည်။
"ဘာများလဲ..."
ကျန်းလျိုသည် သူ၏ ပစ္စည်းသိုလှောင်ခန်းကို စစ်ဆေးပြီးနောက် မည်သည့်အထူးပစ္စည်းမှ ကျမလာသည်ကို တွေ့ရသဖြင့် စွန်ဝူခုန်းဘက်သို့ လှည့်ကြည့်ကာ ပြန်ဖြေလိုက်သည်။
"ဒီခရီးစဉ်တစ်လျှောက်မှာ တပည့်တော်က ဆရာတော့်ကို ကာကွယ်ပေးနေရတာမဟုတ်ဘဲ ဆရာတော်ကသာ တပည့်တော်ကို ကာကွယ်ပေးနေသလို ခံစားနေရတယ်..."
ယခုရက်ပိုင်းအတွင်း ကျန်းလျို၏ အဆက်မပြတ် မြှောက်ပင့် ဖျောင်းဖျမှုများကြောင့် စိတ်သက်သာရာ ရခဲ့သော်လည်း ဒြပ်စင်ငါးပါးတောင်မှ ထွက်လာကတည်းက စွန်ဝူခုန်းသည် သေချာပေါက် တိုက်ခိုက်ရခြင်းမျိုး မရှိခဲ့သဖြင့် သူ၏စိတ်ထဲတွင် ဂနာမငြိမ် ဖြစ်နေခဲ့သည်။
မိစ္ဆာတစ်ကောင်နှင့် ဆုံတိုင်း ဆရာဖြစ်သူက သူ့အား တိုက်ခိုက်ခွင့် မပေးဘဲ တားဆီးလေ့ရှိရာ စွန်ဝူခုန်းမှာ အကြီးအကျယ် စိတ်ပျက်အားငယ်နေရလေသည်။
"မိုင်ပေါင်း ရှစ်သောင်းတစ်ထောင် ဝေးကွာတဲ့ အနောက်ဘက်ကောင်းကင်ဘုံ ခရီးစဉ်ကြီးမှာ လမ်းတစ်လျှောက် အစွမ်းထက်တဲ့ မိစ္ဆာတွေ မရေမတွက်နိုင်အောင် ရှိသေးတယ်… မင်းရဲ့အစွမ်းကို ပြသဖို့ အခွင့်အရေးတွေ အများကြီး ရှိလာဦးမှာပါ..."
ကျန်းလျိုသည် သေးသွယ်ပိန်လှီသော မျောက်ကလေး၏ ပခုံးကို ဖခင်တစ်ယောက်ကဲ့သို့ လေးနက်သောဟန်ဖြင့် ပုတ်ရင်း ပြောလိုက်သည်။
ဆရာနှင့်တပည့်နှစ်ဦးသည် အနောက်အရပ်သို့ ဆက်လက်ခရီးဆက်ခဲ့ရာ မကြာမီတွင် အိမ်ခြေ နှစ်ဆယ်၊ သုံးဆယ်ခန့်ရှိသော ရွာငယ်လေးတစ်ရွာကို အဝေးမှ လှမ်းမြင်လိုက်ရသည်။
ကျန်းလျိုက ပြောလိုက်သည်။
"ကဲ... ရှေ့မှာ ရွာတစ်ရွာရှိတယ်… ဆန်တို့၊ ဂျုံတို့နဲ့ ဟင်းခတ်အမွှေးအကြိုင်တချို့ သွားဝယ်ကြတာပေါ့… ပြီးတော့ မင်းရဲ့ ကျားသားရေ စကတ်ကို ချုပ်ဖို့ အပ်နဲ့ ချည်ကြိုးလေး ဘာလေးလည်း သွားငှားရမယ်..."
"ဆရာတော်... တပည့်တော် ပြောထားတယ်လေ… စကတ်မဟုတ်ဘူး ကျားသားရေဘောင်းဘီတိုလေးပဲ လိုချင်တာပါဆို..."
စွန်ဝူခုန်းသည် ကျန်းလျို၏ဘေးမှ လိုက်ပါလျှောက်လှမ်းရင်း ငြင်းခုံလိုက်သည်။
"မဟုတ်ပါဘူး... မင်း စကတ်ပဲ လိုချင်တာပါ... ငါ နားနဲ့ ဆတ်ဆတ် ကြားလိုက်တာ"
...
ကျန်းလျိုနှင့် စွန်ဝူခုန်းတို့သည် အချေအတင် ပြောရင်း မကြာမီမှာပင် ရွာအဝင်ဝသို့ ရောက်ရှိသွားကြသည်။
သို့သော် ထိုနေရာ၌ ရပ်လိုက်ချိန်တွင် ကျန်းလျို၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားလေသည်။
"ဘာဖြစ်လို့လဲ..."
ကျန်းလျို ရှေ့ဆက်မလျှောက်တော့ဘဲ ရွာထဲသို့ ဝင်မည့်အရိပ်အယောင် မပြသည်ကို သတိပြုမိသွားသော စွန်ဝူခုန်းက မေးလိုက်သည်။
ကျန်းလျို၏ မျက်နှာအမူအရာမှာ ပိုမိုလေးနက်တည်ကြည်သွားသည်။
"ဝူခုန်း... ဒီရွာက တစ်ခုခု ထူးဆန်းနေတယ်လို့ မထင်ဘူးလား..."
ကျန်းလျိုနှင့် ကောင်းယန်တို့သည် ရွာတစ်ရွာ၌ နှစ်လခန့် အတူတကွ နေထိုင်ခဲ့ဖူးသည်။ ရွာသူရွာသားတို့၏ နေထိုင်မှုဘဝကို ရင်းနှီးကျွမ်းဝင်နေခဲ့သောကြောင့် ဤရွာ၏ ထူးခြားနေမှုကို ကျန်းလျို ချက်ချင်း သတိထားမိလိုက်ခြင်း ဖြစ်သည်။
"ထူးဆန်းနေတယ် ဟုတ်လား..."
ထိုသို့ကြားသည်နှင့် စွန်ဝူခုန်းသည် ရွာလယ်ခေါင်သို့ လှမ်းကြည့်လိုက်ရာ သူ၏မျက်လုံးများထဲ၌ ရွှေရောင်အလင်းတန်းများ လင်းလက်သွားသည်။ ထို့နောက် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီးနောက် စွန်ဝူခုန်းက ခေါင်းခါလျက် ဆိုလိုက်သည်။
"ဒီရွာထဲမှာ မိစ္ဆာတွေ တစ်ကောင်မှမရှိပါဘူး… ထူးဆန်းတဲ့ပုံလည်း မပေါ်ပါဘူး..."
"အရမ်းတိတ်ဆိတ်လွန်းနေတယ်လို့ မထင်ဘူးလား… ကလေးတွေရဲ့ အသံတွေမရှိတာက ထားပါတော့... ခွေးဟောင်သံတို့၊ ကြက်တွန်သံတို့တောင် မကြားရဘူး..."
ကျန်းလျိုသည် ခေါင်းခါလျက် ပြောဆိုရင်း ရွာထဲသို့ ဆက်လက် လျှောက်ဝင်သွားသည်။ တကယ်ပင် ရွာကြီးမှာ ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဖြတ်သန်းထားရသည့်အလား ဖရိုဖရဲ ဖြစ်နေသည်။ မြေပြင်ပေါ်၌ သွေးစွန်းနေသော အရာများကို မြင်တွေ့နေရဆဲဖြစ်သော်လည်း လူသူတစ်ယောက်မျှ မရှိသလို ကျွဲ၊ နွား၊ သိုး၊ ကြက် သို့မဟုတ် ခွေး တစ်ကောင်တစ်မြီးမှပင် မရှိချေ။
"ဒီရွာက မိစ္ဆာတွေရဲ့ တိုက်ခိုက်တာကို ခံထားရတာပဲ..."
စွန်ဝူခုန်းသည် ပျက်စီးနေသော ရွာ၏ အခြေအနေကို ကြည့်ရှုအကဲခတ်လိုက်ရာ သူ၏မျက်နှာအမူအရာမှာ များစွာ လေးနက်သွားတော့သည်။
"တကယ်လို့ ဓားပြတွေသာဆိုရင် အလောင်းတွေကို သယ်သွားစရာ အကြောင်းမရှိဘူး… ဒါ မိစ္ဆာတွေ တိုက်ခိုက်သွားတာ အသေအချာပဲ..."
ကျန်းလျိုသည် ခေါင်းညိတ်လိုက်ပြီး သူ၏ ရင်ထဲ၌ စိမ့်ကနဲ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။
ဤခြောက်ကပ်နေသော လောကကြီး၌ မိစ္ဆာကောင်များ သောင်းကျန်းလျက်ရှိပြီး လူသားများကြားတွင် ၎င်းတို့ကို ခုခံကာကွယ်မည့် ကျင့်ကြံသူများ ရှိနေသည်။သို့သော်ငြားလည်း သာမန်လူများအတွက်မူ အသက်သည် မြက်ပင်လေးတစ်ပင်ပမာ နုနယ်လွန်းလှရာ မိစ္ဆာများ၏ တိုက်ခိုက်ခြင်းကို မကြာခဏ ခံရတတ်ပြီး ရွာတစ်ရွာလုံး အသက်ရှင်ကျန်ရစ်သူ မရှိသည်အထိ ကြုံတွေ့ရလေ့ရှိပေသည်။
"ဝူခုန်း... အသက်ရှင်နေသေးတဲ့သူ ရှိ၊ မရှိ သွားရှာကြည့်စမ်း..."
ကျန်းလျိုသည် အသက်ရှင်ကျန်ရစ်သူ တွေ့နိုင်ခြေ အလွန်နည်းပါးသည်ဟု ခံစားရသော်လည်း ဆက်လက်ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
"နားလည်ပါပြီ ဆရာတော်..."
စွန်ဝူခုန်းသည် ခေါင်းညိတ်လိုက်လေသည်။ သူသည် သာမန်လူများကဲ့သို့ ရမ်းသန်းရှာဖွေနေမည် မဟုတ်ဘဲ သူ၏ တန်ခိုးစွမ်းရည်ကို အသုံးပြု၍ သေချာစွာ နားစွင့်လိုက်လေသည်။
မကြာမီမှာပင် စွန်ဝူခုန်းက ပြောလိုက်သည်။
"ဆရာတော်... အသက်ရှင်နေတဲ့သူ ရှိသေးတယ်..."
စကားပြောနေစဉ်မှာပင် မျောက်မင်းသည် ရှေ့သို့ ခုန်ထွက်သွားရာ ကျန်းလျိုလည်း အလျင်အမြန် လိုက်သွားခဲ့ပြီး မကြာမီ ရေတွင်းတစ်တွင်းအနီးသို့ ရောက်ရှိသွားကြသည်။ မျောက်မင်းသည် ရေတွင်းထဲမှ အသက် ခြောက်ဆယ်၊ ခုနစ်ဆယ်ခန့်အရွယ် အဘိုးအိုတစ်ဦးကို ဆွဲတင်လိုက်လေသည်။
ရေများရွှဲရွှဲစိုနေကာ သေလုမျောပါး ဖြစ်နေသော အဘိုးအိုကို ကြည့်လိုက်ရာ ကျန်းလျိုသည် အဘိုးအို၏ သွေးတန်း၌ သွေးအနည်းငယ်သာ ကျန်တော့သည်ကို မြင်တွေ့လိုက်ရသည်။
သူသည် လက်ဝါးကို မြှောက်ကာ ကွမ်းယင် ဂါထာ စွမ်းရည်ကို အသက်သွင်းလိုက်ရာ အစိမ်းရောင် အလင်းတန်းတစ်ခုသည် အဘိုးအို၏ ကိုယ်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်သွားပြီး သူ၏ သွေးတန်း တစ်စိတ်တစ်ပိုင်းကို ပြန်လည်ပြည့်ဝလာစေသည်။
တဖြည်းဖြည်းနှင့် အဘိုးအို သတိရလာပြီး စွန်ဝူခုန်းကို မြင်လိုက်ရသောအခါ ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။
"အာ... မိစ္ဆာ... မိစ္ဆာ..."
"ကဲ ကဲ... အဘိုးမကြောက်ပါနဲ့… ဒီမျောက်က ကျုပ်ရဲ့ တပည့်ပါ… ကျုပ်တို့တွေက မိစ္ဆာတွေ မဟုတ်ပါဘူး..."
ကျန်းလျိုသည် ရှေ့သို့လှမ်းသွားကာ ညင်သာစွာ ပြောလိုက်သည်။
စွန်ဝူခုန်း၏ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ဆင်းသွင်ပြင်နှင့် မိုးကြိုးပမာ ကျယ်လောင်သောအသံတို့ကြောင့် တကယ်ပင် ကြောက်စရာကောင်းလှသည်။ သို့သော်လည်း ကျန်းလျို၏ သန့်ရှင်းသပ်ရပ်ကာ ယဉ်ကျေးပျူငှာသော အသွင်အပြင်ကို မြင်သောအခါ အဘိုးအိုသည် များစွာ တည်ငြိမ်သွားလေသည်။ ထို့နောက် သူသည် အဖြစ်ဆိုးများနှင့် ပြည့်နှက်နေသည့် ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုရင်း ငိုကြွေးလေတော့သည်။
"အဘိုး... လောလောဆယ် မငိုပါနဲ့ဦး… ကျုပ်ကို ပြောစမ်းပါ… ခင်ဗျားတို့ ဒီမှာ ဘယ်လို မိစ္ဆာမျိုးနဲ့ ကြုံခဲ့ရတာလဲ..."
ကျန်းလျိုသည် သူ့အား နှစ်သိမ့်ပေးရင်း မေးလိုက်သည်။
"တကယ်တော့ ကျုပ်တို့ ရှောင်ထျန်းရွာလေးက အမြဲတမ်း အေးချမ်းပြီး ကိုယ်ပိုင် ပရဒိသုဘုံလေးလိုပါပဲ… ဒါပေမဲ့ မနေ့ညက မိစ္ဆာအုပ်ကြီး ရွာကို ဝင်တိုက်ခိုက်ကြတယ်… အဲဒီ မိစ္ဆာတွေက လူတွေကို စားကြတယ်… ကျုပ်တွေးလိုက်တယ်... သေသွားရင်တောင် ဒီမိစ္ဆာတွေ အနိုင်ရသွားတာကို အဖြစ်မခံဘူးလို့ ဆုံးဖြတ်ပြီး ရေတွင်းထဲ ခုန်ချလိုက်တာ… အခုလို အသက်ရှင်ကျန်ရစ်လိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး..."
အဘိုးအိုသည် ရွာလေး ကြုံတွေ့ခဲ့ရသော အဖြစ်ဆိုးကို မျက်ရည်စက်လက်ဖြင့် ပြန်လည်ပြောပြလေသည်။
"မိစ္ဆာအုပ်ကြီး ဟုတ်လား..."
ဤသည်ကို ကြားသောအခါ ကျန်းလျို၏ မျက်လုံးများ အရောင်လက်သွားလေသည်။
ဤမိစ္ဆာများ၏ ရက်စက်ကြမ်းကြုတ်မှုကို အသာထား လူအများအတွက် အကျိုးပြုရန် ဤမိစ္ဆာများကို နှိမ်နင်းရမည်။ ထို့အပြင် မိစ္ဆာ များကို သတ်ဖြတ်၍ အဆင့်မြှင့်တင်ရန်နှင့် သူ၏ အဆင့်ပြောင်းမစ်ရှင်ကို ပြီးမြောက်စေရန်အတွက်ပင် ကျန်းလျိုသည် လက်ပိုက်ကြည့်နေ၍ မရနိုင်တော့ပေ။
"စိတ်မပူပါနဲ့ အဘိုး... ရွာထဲမှာ တစ်ယောက်မှ မကျန်တော့တာကို ကြည့်ရရင် ရွာသူရွာသားတွေ အားလုံး သေသွားတာ မဟုတ်ဘဲ မိစ္ဆာတွေ ဖမ်းသွားတာလည်း ဖြစ်နိုင်တယ်… ကျုပ်နဲ့ ကျုပ်ရဲ့ တပည့်မှာ မိစ္ဆာတွေကို နှိမ်နင်းပြီး အဆိုးအယုတ်တွေကို ဖယ်ရှားနိုင်တဲ့ စွမ်းရည်အချို့ ရှိပါတယ်… ရွာသားတွေကို ကယ်တင်နိုင်မလားဆိုတာ ကျုပ်တို့ သွားကြည့်ပေးရမလား..."
ကျန်းလျိုသည် ခေတ္တမျှ စဉ်းစားပြီးနောက် နှစ်သိမ့်ပေးရန် ကြိုးစားရင်း ပြောလိုက်သည်။
"တကယ်လား..."
လုံးဝ မျှော်လင့်ချက်မဲ့နေချိန်တွင် ကျန်းလျို၏ စကားများသည် မျှော်လင့်ချက်ရောင်ခြည် တစ်စပမာ ဖြစ်စေပြီး အဘိုးအို၏ မျက်လုံးများ အရောင်လင်းလာလေသည်။ သူသည် ချက်ချင်းပင် ကျန်းလျိုကို အဆက်မပြတ် ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလေတော့သည်။
"ကျေးဇူးတင်ပါတယ် ဆရာတော်... ကျေးဇူးတင်ပါတယ် ဆရာတော်..."
အသိပေးချက် - "မိစ္ဆာအုပ်စုအား နှိမ်နင်းခြင်း" မစ်ရှင် ပွင့်သွားပါပြီ။
မစ်ရှင် လိုအပ်ချက် - ရှောင်ထျန်းရွာကို တိုက်ခိုက်ခဲ့သော မိစ္ဆာအုပ်စုကို နှိမ်နင်းရန်။
မစ်ရှင် အောင်မြင်ပါက - အတွေ့အကြုံမှတ် ၁၂,၀၀၀ နှင့် ကြာပန်းစိမ်း တောင်ဝှေးကို ဆုချီးမြှင့်မည်။
ကျရှုံးမှု ပြစ်ဒဏ် - မရှိပါ။
***