← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 8 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 8 Ch. 111-112

အပိုင်း(၁၁၁)

မစ်ရှင်တစ်ခု ပွင့်လာသောကြောင့် ကျန်းလျို၏ စိတ်ထဲတွင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားလေသည်။ သူ၏ အဆင့်မှာ ၂၀ သို့ ရောက်ရှိလာပြီး မစ်ရှင်လုပ်ဆောင်ချက် ပွင့်လာခဲ့သော်လည်း မစ်ရှင်များ ပွင့်လာပုံမှာ အတော်လေး သာမန်ဆန်နေသည်ဟု ထင်ရသည်။ သို့သော် ဤမစ်ရှင်လုပ်ဆောင်ချက် ပွင့်လာရန် မည်သို့သော အခြေအနေများ လိုအပ်ပါသနည်း။

အချို့သော ဖြစ်ရပ်များနှင့် ကြုံတွေ့ရချိန်တွင် အလိုအလျောက် ပွင့်လာခြင်းလော။ သို့တည်းမဟုတ် တိကျသော သတ်မှတ်ချက်များ လိုအပ်သလောဆိုသည်ကို သူ မသိပေ။

ဂိမ်းစနစ်ကို ရရှိခဲ့သည်မှာ အချိန်အတန်ကြာပြီ ဖြစ်သော်လည်း ပစ္စည်းများကောက်ယူခြင်း ကဲ့သို့သော အချို့အရာများကို ကျန်းလျို ကိုယ်တိုင် လေ့လာရှာဖွေခဲ့ရသည်။ ပစ္စည်းသိုလှောင်ခန်းကို မဖွင့်ခင်က ကျလာသော ပစ္စည်းများသည် အလောင်း၏အောက်တွင် ရောက်နေတတ်ပြီး သူကိုယ်တိုင် လိုက်လံရှာဖွေရလေ့ရှိသည်။

ဥပမာအားဖြင့် အဖွဲ့ဖွဲ့ခြင်းမျိုးတွင်လည်း သူ့ထက် အဆင့် ၁၀ ထက် ပိုမြင့်သော ကစားသမားများနှင့် အဖွဲ့ဖွဲ့၍ မရကြောင်းကို ကျန်းလျို ကိုယ်တိုင်ပင် သိရှိလာခဲ့ရသည်။

သို့သော် ဤသည်မှာ မစ်ရှင်တစ်ခု ပထမဆုံးအကြိမ် ပွင့်လာခြင်းဖြစ်သည်။ နောင်တွင် မစ်ရှင်အချို့ ထပ်မံပွင့်လာသောအခါ ပုံစံများကို လေ့လာစောင့်ကြည့်မည်ဟု သူ စိတ်ထဲမှ မှတ်သားထားလိုက်သည်။ ထို့ပြင် ဤမစ်ရှင်၌ ကျရှုံးမှုပြစ်ဒဏ် မရှိကြောင်းကိုလည်း ဖော်ပြထားလေသည်။

သို့ဖြစ်လေရာ နောင်တွင် ကျရှုံးပါက ပြစ်ဒဏ်ရှိမည့် မစ်ရှင်များလည်း ရှိလာနိုင်သည်ဟူသော အဓိပ္ပာယ်လော။

ယေဘုယျအားဖြင့် အနောက်ဘက်သို့ ခရီးသွား မှတ်တမ်း လောကအတွင်းသို့ ဂိမ်းစနစ်တစ်ခု သယ်ဆောင်လာနိုင်ခြင်းသည် သူ၏ အထူးစွမ်းရည်တစ်ခု ဖြစ်သည်။သို့သော်လည်း ဤစနစ်သည် ဂိမ်းကစားရသည်ထက်ပင် ပို၍ စိန်ခေါ်မှုများပြားနေသည်ဟု ကျန်းလျို ခံစားနေရသည်။

မစ်ရှင်များ ပွင့်လာပုံကို ဆိုဖွယ်ရာ မရှိတော့ပေ။ အခြေအနေများကို သူ လုံးဝ နားမလည်ခဲ့ဘဲ သူ့ဘာသာသူ အဖြေရှာနေရဆဲ ဖြစ်သည်။

အကယ်၍ ဤသည်မှာ ဂိမ်းတစ်ခုထဲတွင်သာဆိုလျှင် ဂိမ်းဇာတ်ကောင်များ၏ ခေါင်းပေါ်၌ အာမေဍိတ်သင်္ကေတကြီးတစ်ခု ပေါ်နေပြီး ဤနေရာ၌ မစ်ရှင်ရယူနိုင်ကြောင်း ရှင်းလင်းစွာ အော်ဟစ်ပြနေမည် ဖြစ်သည်။

ကျန်းလျိုသည် ခေါင်းကိုခါယမ်းလျက် သူ၏ စိတ်ထဲမှ ရှုပ်ထွေးနေသော အတွေးများကို ရှင်းထုတ်ပစ်လိုက်သည်။ သူနှင့် စွန်ဝူခုန်းတို့သည် ရွာငယ်လေးထဲမှ ထွက်ခွာလာခဲ့ကြပြီ ဖြစ်သည်။

"ဝူခုန်း... ခုနက ငါ တို့တွေ့ခဲ့တဲ့ အဘိုးကြီးက မိစ္ဆာအုပ်စု တိုက်ခိုက်တာခံရတယ်လို့ ပြောသွားတယ်… ဒီအနီးအနားမှာ စနစ်တကျ ဖွဲ့စည်းထားတဲ့ မိစ္ဆာအုပ်စုတစ်စု ရှိနေပုံရတယ်… အခြေအနေကို အရင်သွားစုံစမ်းကြည့်ကြမလား..."

ကျန်လျိုက မေးလိုက်၏။

"ဆရာတော်... ဘာလို့ ဒီလောက် အလုပ်ရှုပ်ခံနေမှာလဲ..."

စွန်ဝူခုန်းသည် စိတ်မရှည်တော့ဘဲ သူ၏ ရွှေတုတ်ကိုပင် ထုတ်ယူထားပြီး ဖြစ်လေသည်။ ဒြပ်စင်ငါးပါးတောင်မှ ထွက်လာကတည်းက မျောက်မှာ လက်ယား နေခဲ့ခြင်း ဖြစ်သည်။ ယခု မိစ္ဆာအုပ်စုတစ်စုအကြောင်း ကြားလိုက်ရသောအခါ သူသည် ယခင်ကထက်ပင် ပို၍ စိတ်အားထက်သန်နေတော့သည်။

ဘုန်း...

မျောက်သည် ရွှေတုတ်ကို မြေကြီးပေါ်သို့ ဆောင့်ချလိုက်ရင်း တိုးတိတ်စွာ ရေရွတ်လိုက်သည်။

"မြေစောင့်နတ်... ဘယ်မှာလဲကွ..."

ဟူး... ဟူး...

ချက်ချင်းပင် အသက် ငါးဆယ်၊ ခြောက်ဆယ်ခန့်အရွယ်ရှိ ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦး မြေကြီးထဲမှ မီးခိုးများနှင့် အတူ ထွက်ပေါ်လာရာ ၎င်းသည် မြေစောင့်နတ်ဖြစ်ကြောင်း ထင်ရှားလှပေသည်။

မတ်တတ်ရပ်ပြီးနောက် ထိုအဘိုးအိုသည် ကျန်းလျိုနှင့် စွန်ဝူခုန်း နှစ်ဦးစလုံးကို အရိုအသေပေးလိုက်သည်။

"မြေစောင့်နတ်က ဆရာတော်နဲ့ မဟာသူတော်စင်ကြီးတို့ကို ဂါရဝပြုပါတယ်... မဟာသူတော်စင်ကြီးအနေနဲ့ ဒီနတ်ငယ်ကို ဘာကိစ္စများ ရှိလို့ ခေါ်တော်မူတာပါလဲ..."

"မြေစောင့်နတ်... ဘိုးဘိုးစွန်း မေးမယ်… ဒီအနီးအနားမှာ မိစ္ဆာတွေရှိသလား… ခုနက ရွာလေးက မိစ္ဆာတွေရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတယ်… အဲဒီကိစ္စကို မင်းသိလား..."

စွန်ဝူခုန်းသည် အလွန် သေးငယ်ကာ ခုနစ်နှစ်သား၊ ရှစ်နှစ်သား ကလေးငယ် အရွယ်ခန့်သာ ရှိသော်လည်း ခေါင်းတညိတ်ညိတ်နှင့် အရိုအသေပေးနေသော မြေစောင့်နတ်မှာမူ သူ၏ ဩဇာအရှိန်အဝါကို လုံးဝ ယှဉ်နိုင်စွမ်း မရှိပေ။

"မဟာသူတော်စင်ကြီးကို လျှောက်တင်ပါရစေ... ဒီအနီးအနားက ရှောင်ထျန်းရွာမှာ အစက သိပ်အစွမ်းထက်တဲ့ မိစ္ဆာတွေ မရှိပါဘူး… ဒါပေမဲ့ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ကျားမိစ္ဆာတစ်ကောင် ရောက်လာပါတယ်... သူက မိစ္ဆာငယ်တစ်စုကို ဦးဆောင်ပြီး မိုင်သုံးဆယ်လောက်ဝေးတဲ့ လေပြန်တောင်မှာ ဘုရင်တစ်ပါးလို စိုးစံနေခဲ့ပါတယ်… အဲဒီ ကျားမိစ္ဆာက အတော်လေး အစွမ်းထက်တဲ့ ကျင့်ကြံခြင်းအဆင့် ရှိပါတယ်..."

မြေစောင့်နတ်က အနီးအနားရှိ အစွမ်းအထက်ဆုံး မိစ္ဆာအကြောင်း ရှင်းပြလေသည်။

"ဟီးဟီး... အစွမ်းထက်တဲ့ ကျင့်ကြံခြင်းအဆင့် ရှိတယ် ဟုတ်လား... ပိုတောင်ကောင်းသေးတယ်… ဘိုးဘိုးစွန်း လက်ယားနေတာနဲ့ အတော်ပဲ..."

မြေစောင့်နတ်၏ စကားကို ကြားသောအခါ စွန်ဝူခုန်းက ပို၍ပင် သဘောကျသွားတော့သည်။

"ဒါနဲ့ နေပါဦး မြေစောင့်နတ်... အဲဒီ မိစ္ဆာကို ဘယ်လို ခေါ်ကြသလဲ..."

ထိုစဉ် ကျန်းလျိုကလည်း ဝင်ရောက်မေးမြန်းလိုက်၏။ သူ၏ မျက်လုံးများမှာ အရောင် တဖျပ်ဖျပ် လင်းလက် နေခဲ့ပြီ ဖြစ်သည်။

ထိုမိစ္ဆာများမှာ သူ၏ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်နေနိုင်သော်လည်း မည်သို့ပင် ဆိုစေ... သူလိုအပ်နေသော အတွေ့အကြုံမှတ်များ မဟုတ်ပါလော။

စွန်ဝူခုန်း၏ တိုက်ခိုက်လိုသော အမူအရာကို မြင်ရခြင်းက မြေစောင့်နတ်အတွက် အံ့သြစရာ မဟုတ်ပေ။ သို့သော်လည်း ကျန်းလျို၏ မျက်လုံးများပါ အရောင်လက်နေသည်ကို မြင်လိုက်ရသောအခါ မြေစောင့်နတ်မှာ အနည်းငယ် မှင်သက်သွားလေသည်။ သို့သော် သူသည် ယခုထက် ပို၍ မမေးရဲတော့ဘဲ ပြန်လည်ဖြေကြားလေသည်။

"ဆရာတော်ကို လျှောက်တင်ပါရစေ... လေပြန်တောင်ပေါ်က ကျားမိစ္ဆာရဲ့ နာမည်က သွေးကျားဘုရင်လို့ ခေါ်ပါတယ်..."

"သွေးကျားဘုရင်..."

ဤအမည်ကို ကြားလိုက်ရသောအခါ ကျန်းလျိုသည် အနည်းငယ် တုံ့ဆိုင်းသွားလေသည်။ သူသည် ဤအမည်ကို ယခင်က ကြားဖူးခဲ့ပြီး ဖြစ်သည်။

ထိုနေ့က ဖူထူတောင်တွင် သွေးကျားဘုရင်သည် ရှုံးနိမ့်ပြီး ထွက်ပြေးသွားခဲ့ရာ ယခု သူသည် မဟာထန်နယ်စပ် အပြင်ဘက်သို့ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်နေသလော။

‘အဲဒီနေ့တုန်းက ငါ သူ့ လက်ချက်နဲ့ သေလုနီးပါး ဖြစ်ခဲ့ရတယ်... သူ့ကြောင့်ပဲ ငါ့အသားကို စားရင် အသက်ရှည်နိုင်တယ် ဆိုတဲ့ သတင်းတွေ ပျံ့သွားခဲ့ရတာ... နောက်ပြီး မိစ္ဆာဘုရင် သုံးကောင် ဝိုင်းတိုက်ခိုက်ကြတဲ့ အခြေအနေ အထိပဲ...”

ကျန်လျို တိတ်တဆိတ် တွေးနေမိခဲ့၏။

"ကောင်းပြီ မြေစောင့်နတ်... မင်း သွားလို့ရပြီ..."

အခြေအနေများကို ရှင်းလင်းစွာ သိရှိသွားပြီးနောက် စွန်ဝူခုန်းသည် မော့ကြည့်လိုက်ပြီး ကျန်းလျိုကို ကြည့်ကာ ပြောလိုက်သည်။

"ဆရာတော်... အဲဒီ မိစ္ဆာတွေ ဘယ်မှာရှိလဲဆိုတာ သိရပြီဆိုတော့ သွားကြမလား... မိစ္ဆာငယ်လေး တစ်စုလောက်ကတော့ စိုးရိမ်စရာ မရှိပါဘူး... ဆရာတော်သာ ကောင်းကောင်း အနားယူနေပါ… ဘိုးဘိုးစွန်း တစ်ယောက်တည်း ရှင်းလိုက်လို့ရတယ်..."

"မလုပ်နဲ့ ဝူခုန်း... ဒီကိစ္စကို ငါပဲ ရှင်းမယ်… မင်းက ငါ့ဘေးနားကနေပြီးတော့ ကူညီပံ့ပိုးပေးရုံပဲနေ..."

စွန်ဝူခုန်း၏ စကားကို ကြားသောအခါ ကျန်းလျိုသည် ကြားဖြတ်၍ ပြောလိုက်သည်။

ထိုမျောက်က လာနောက်နေသည်လား...။

သူ အဆင့်ပြောင်းမစ်ရှင်အတွက် ခေါင်းခဲနေရချိန်တွင် လေပြန်တောင်မှ မိစ္ဆာအုပ်စုသည် စားရကံကြုံလို မုတ်ဆိတ်ပျားစွဲ ဆိုသလို အံကိုက်ဖြစ်နေသည် မဟုတ်ပါလော။

သွေးကျားဘုရင်ကိုမူ စွန်ဝူခုန်းအား လွှဲထားပေးမည် ဖြစ်သော်လည်း ထိုမိစ္ဆာငယ်များသည်ကား သူ၏ အတွေ့အကြုံမှတ်များသာ ဖြစ်လေသည်။

"ဆရာတော်ကလည်း..."

ကျန်းလျို၏ စကားကို ကြားပြီး တိုက်ခိုက်ခွင့် ပိတ်ပင်ခံလိုက်ရသောကြောင့် စွန်ဝူခုန်းမှာ ကသိကအောက် ဖြစ်သွားတော့သည်။

"ဝူခုန်း... ဆရာ့မှာ သံသယလေးတစ်ခု ရှိနေတယ်… မေးသင့် မမေးသင့် မသေချာဘူးဖြစ်နေလို့..."

စွန်ဝူခုန်း တစ်ယောက် အလွန်အမင်း စိတ်မရှည်ဖြစ်ကာ ပေါက်ကွဲထွက်တော့မည့်ပုံ ပေါ်နေသည်ကို မြင်သောအခါ ကျန်းလျိုက လေးနက်တည်ကြည်ပြီး သတိထားသောဟန်ဖြင့် စတင်ပြောဆိုလိုက်သည်။

"ဆရာတော်... မေးပါ..."

စွန်ဝူခုန်းသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ပြောလာမည့် စကားသည် နားထောင်လို့ကောင်းမည့်အရာ ဖြစ်မည်မဟုတ်ဟု ခံစားရသဖြင့် ကျန်းလျိုကို သံသယမျက်လုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။

"မျောက်ကလေး... မင်းက အားနည်းတဲ့သူကို အနိုင်ကျင့်ပြီး အားကြီးတဲ့သူကို ကြောက်တဲ့ အမျိုးအစားလား..."

ကျန်းလျိုက လက်ချိုးရေတွက်ရင်း ဆက်ပြောလိုက်သည်။

"မင်း ကောင်းကင်ဘုံကို ကသောင်းကနင်းလုပ်တုန်းက နတ်စစ်သည် တစ်သိန်းတောင် မင်းကို မဖမ်းနိုင်လောက်အောင် အစွမ်းထက်ခဲ့တယ်လို့ အမြဲပြောတယ်... ဒါပေမဲ့ သူတို့တွေက နတ်စစ်သည်တွေပဲလေ… တကယ် အစွမ်းထက်တဲ့ နတ်ဘုရား တစ်ပါးပါးကို မင်း အနိုင်ယူနိုင်ခဲ့တယ်လို့ တစ်ခါမှ မကြားဖူးဘူး... အားလန်နတ်မင်းကော... သူ့ကိုရော မင်းနိုင်ခဲ့လား... ထိုက်ရှန်းလောင်ကျွင်းကော... တထာဂတကိုကော..."

ဤနေရာသို့ ရောက်သောအခါ ကျန်းလျိုသည် အနည်းငယ် ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလေသည်။

"အစက မင်းလိုမျောက်က သိပ်ကို အစွမ်းထက်တယ်ဆိုတော့… လေပြန်တောင်ပေါ်က သွေးကျားဘုရင်ကို မင်းနဲ့ လွှဲထားပေးမလို့ တွေးထားတာ... ဒါပေမဲ့ မင်းက ဟိုမိစ္ဆာငယ်လေးတွေကိုပဲ အမြဲ ကိုင်တွယ်ဖို့ စဉ်းစားနေတော့..."

ကျွီ... ကျွီ... ကျွီ...

ကျန်းလျို၏ ဤစကားများကြောင့် စွန်ဝူခုန်းမှာ ဆွံ့အသွားပြီး ဒေါသတကြီးဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။

"ဆရာတော်... ခင်ဗျား နားမလည်ပါဘူး... ထိုက်ရှန်းလောင်ကျွင်းရဲ့ သမာဓိ မီးတောက်က အရမ်းအစွမ်းထက်လွန်းတယ်… ပြီးတော့ အားလန်နတ်မင်းကရော... ဘိုးဘိုးစွန်းက သူ့ကို မကြောက်ပေမယ့် သူက ခွေးတစ်ကောင်ကို ကြိုးနဲ့ဆွဲထားတယ်လေ… ဟို တထာဂတ အဖိုးကြီးကျတော့..."

"ရှင်းပြမနေပါနဲ့... ရှင်းပြတာက ဖုံးကွယ်တာပဲ… ဖုံးကွယ်တာက အမှန်တရားပဲ... အဲဒီတော့ မင်း ကောင်းကင်ဘုံကို တက်သောင်းကျန်းတုန်းက နတ်ဘုရား အသေးအမွှားလေးတွေကိုပဲ နိုင်ခဲ့တာပေါ့… တကယ် အစွမ်းထက်တဲ့ သူတွေကိုတော့ မနိုင်ဘူးဆိုတဲ့ သဘောလား..."

ကျန်းလျိုသည် အထင်အမြင်သေးသော အကြည့်ဖြင့် စွန်ဝူခုန်း၏ ရှင်းပြချက်ကို ဖြတ်ပြောလိုက်သည်။

"ကောင်းပြီ... အဲဒီ မိစ္ဆာငယ်လေးတွေကို ကျွန်တော် မထိဘူး… အားလုံး ဆရာတော့်အတွက် ချန်ထားခဲ့မယ်... ဒါပေမဲ့ အဲဒီ သွေးကျားဘုရင်ကိုတော့ ကျွန်တော့်အတွက် ချန်ထားပေးရမယ်… ဘိုးဘိုးစွန်း ဘာလုပ်နိုင်သလဲဆိုတာ ပြပေးမယ်..."

ကျန်းလျို၏ ထောင့်ချောင်ပိတ်ဖမ်းမှုကြောင့် စွန်းဝူခုန်း တစ်ကောင် ဘာမျှ ဆက်မပြောနိုင်တော့ဘဲ နောက်ဆုံးတွင် ကတိပေးလိုက်ရလေတော့သည်။

‘ဒီမျောက်ကို အရမ်းအလိုလိုက်ထားလို့ မဖြစ်ဘူး... ချီးကျူးသင့်တဲ့အချိန် ချီးကျူးရပေမယ့်… အရေးကြီးတဲ့ အချိန်ကျရင်တော့ သူ့ကို ဖိနှိပ်ထားဖို့လည်း လိုတယ်...’

မိမိ၏ ရိုးရှင်းသော ရန်စမြှောက်ပင့်မှုလေးက အလွန်အလုပ်ဖြစ်သွားသည်ကို မြင်သောအခါ ကျန်းလျိုသည် စိတ်ထဲမှ တိတ်တခိုး ရယ်မောလိုက်လေတော့သည်။

***

အပိုင်း(၁၁၂)

ကျန်းလျိုနှင့် ဝူခုန်းတို့ ဆရာတပည့် နှစ်ယောက် စကားတပြောပြောဖြင့် လျှောက်လာခဲ့ကြရာ မကြာမီမှာပင် လေပြန်တောင်၏ ပုံသဏ္ဌာန်သည် ထင်ရှားစွာ ပေါ်လာတော့သည်။

နဂါးက တိမ်တိုက်ကို လိုက်သလို ကျားကလည်း လေထန်ရာကို လိုက်တတ်စမြဲပင်...။

ကျန်းလျိုနှင့် စွန်ဝူခုန်းတို့သည် လေပြန်တောင်ခြေသို့ ရောက်ရှိလာကြပြီး သူတို့ရှေ့မှောက်ရှိ ရှည်လျားကျယ်ပြန့်သော တောင်တန်းကြီးကို မော့ကြည့်လိုက်ကြသည်။ တိုက်ခတ်လာသောလေက အရိုးခိုက်မတတ် အေးစိမ့်နေပြီး ကျားမျိုးနွယ်များ ရှင်သန်နေထိုင်ရန် အလွန်သင့်တော်လှသော နေရာပင် ဖြစ်တော့သည်။

သို့သော် သူတို့ တောင်ခြေသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ကြီးမားလှသော ကျားကြီးနှစ်ကောင်သည် အတူတကွ ခုန်ထွက်လာကြသည်။ မည်သည့်စကားမှ မဆိုဘဲ ကျန်းလျိုနှင့် စွန်ဝူခုန်းတို့ထံသို့ တန်းတန်းမတ်မတ် ခုန်အုပ်လာကြလေသည်။

ဘုန်း...

မိစ္ဆာနှင် တောင်ဝှေးကြီး ရိုက်ချလိုက်သည်နှင့် သွေးတန်းမှာ ချက်ချင်း ကုန်ခမ်းသွားလေသည်။ တစ်ချိန်တည်းမှာပင် သူသည် လက်ကိုမြှောက်ကာ လျှပ်စီး မီးပုတီးတစ်လုံးကို ပစ်လွှတ်လိုက်ရာ အခြားကျားတစ်ကောင်၏ ခေါင်းပေါ်၌ ပေါက်ကွဲသွားပြီး ထိုကျားမှာ အော်ဟစ်ကာ သွေးတန်း ကုန်ခမ်းသွားပြန်သည်။

တစ်ချက်တည်းနှင့် ပွဲချင်းပြီးသွားခြင်း ဖြစ်သည်။

"စကားတောင် မပြောတတ်သေးဘူး... အဆင့် ၁၀ တောင် မရှိတဲ့ ကျားမိစ္ဆာတွေလား..."

ကြီးမားသော ကျားကြီးနှစ်ကောင်ကို အလွယ်တကူ သတ်ဖြတ်လိုက်ရသော်လည်း အတွေ့အကြုံမှတ် ၁၅၀ သာ စုစုပေါင်း ရရှိလိုက်သောကြောင့် ကျန်းလျိုသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။

‘ခြင်ကောင်တွေက သေးငယ်ပေမယ့် အသားတော့ အသားပဲ’ ဟု ဆိုနိုင်သော်လည်း သူ၏ လက်ရှိအဆင့်ဖြင့် ဤအဆင့် ၁၀ နှင့်အောက် မိစ္ဆာများကို သတ်ဖြတ်ရခြင်းမှ ရရှိသော အတွေ့အကြုံမှတ်များမှာ ခြင်ခြေထောက်လောက်သာ ရှိပြီး တကယ်ကို ပြောပလောက်စရာ မရှိပေ။

"ဝူခုန်း... သိပ်အမြန်ကြီး မသွားကြရအောင်... လေပြန်တောင်ပေါ်က မိစ္ဆာကောင်တွေ အကုန်လုံးကို ရှင်းပစ်ဖို့ ပစ်မှတ်ထားကြတာပေါ့..."

ခုန်အုပ်လာသော ကျားမိစ္ဆာနှစ်ကောင်ကို အနိုင်ယူပြီးနောက် ကျန်းလျိုက စွန်ဝူခုန်းအား အကြံပြုလိုက်သည်။

"ဆရာတော်... ဒီလောက် မိစ္ဆာငယ်လေးတွေက အရေးလုပ်နေစရာ မလိုပါဘူး... မိစ္ဆာခေါင်းဆောင်ရှိတဲ့ နေရာကို တိုက်ရိုက်ဝင်စီးပြီး သွေးကျားဘုရင်ကို သတ်ပစ်လိုက်ကြရအောင်... အဲဒီ မိစ္ဆာငယ်လေးတွေက သဘာဝအတိုင်း လူစုကွဲပြီး ထွက်ပြေးသွားကြမှာပါ… ကျုပ်တို့ ဂရုစိုက်နေစရာ မလိုပါဘူး..."

စွန်ဝူခုန်းသည် ကျန်းလျို၏ အကြံပြုချက်ကို သူ၏ သဘောထားဖြင့် ပြန်လည်ချေပလိုက်သည်။

ဤမိစ္ဆာငယ်များကို မတိုက်ခိုက်ရန် ကျန်းလျို၏ ဖြားယောင်းသွေးဆောင်မှုကို ခံထားရသည့် စွန်ဝူခုန်းသည် စိတ်မရှည်စွာဖြင့် သွေးကျားဘုရင်ကိုသာ အမြန်ရင်ဆိုင်ချင်နေလေသည်။

ထို့ပြင် ခေါင်းဆောင်ကို ဖမ်းဆီးခြင်းသည် အထိရောက်ဆုံးသော နည်းဗျူဟာ မဟုတ်ပါလော။

"ဝူခုန်း... သေချာစဉ်းစားကြည့်စမ်းပါ… ဒီမိစ္ဆာတွေက လူတွေကို သတ်ဖြတ်ပြီး ဒုက္ခပေးနေကြတာလေ... တကယ်လို့ သူတို့ အကုန်လုံး လူစုကွဲသွားရင် သာမန်ပြည်သူတွေပဲ ထပ်ပြီး ဒုက္ခရောက်ကြမှာ မဟုတ်ဘူးလား... အဲဒီလိုဆိုရင် ငါတို့ ဒီကိုလာပြီး မိစ္ဆာနှိမ်နင်းရတဲ့ အားထုတ်မှုက အလကားဖြစ်သွားမှာပေါ့... မင်းက တိုက်ချင်ခိုက်ချင်ရုံ သက်သက်နဲ့ မိစ္ဆာတွေကို နှိမ်နင်းနေတာလား..."

ကျန်းလျိုသည် ကရုဏာကြီးမားသော အမူအရာဖြင့် စွန်ဝူခုန်းအား ပြောလိုက်သည်။

"မဟုတ်ပါဘူး... မဟုတ်ပါဘူး... ကျွန်တော် အရမ်းနှေးကွေးနေတယ်လို့ ထင်လို့ပါ… ဆရာတော် တွေးနေသလို လုံးဝမဟုတ်ရပါဘူး..."

မိမိ၏ စစ်မှန်သော ရည်ရွယ်ချက်ကို ကျန်းလျိုက ဖော်ထုတ်လိုက်သော်လည်း စွန်ဝူခုန်းသည် ဝန်ခံမည် မဟုတ်ပေ။ သူက ခေါင်းမာမာဖြင့် ပြန်လည်ငြင်းခုံလိုက်သည်။

"အင်း... ကောင်းကင်နဲ့တန်းတူ မဟာသူတော်စင်ကြီး စွန်ဝူခုန်းက ဒီလောက် အတ္တဆန်မှာ မဟုတ်ဘူးလို့ ငါလည်း ထင်ပါတယ်… သူက သေချာပေါက် ကိုယ်ချင်းစာတရား ကြီးမားပြီး တရားမျှတတဲ့သူ တစ်ယောက် ဖြစ်ရမယ်လေ..."

ကျန်းလျိုက ခေါင်းညိတ်ကာ စွန်ဝူခုန်းကို ထပ်မံ၍ မြှောက်ပင့်လိုက်ပြန်သည်။

အချို့လူများသည် ကြောင်များကို လက်ဖြင့် သပ်ပေးရာတွင် အမွေးအစုန်အတိုင်း သပ်ပေးလေ့ရှိကြသည်။ ကျန်းလျိုကလည်း စွန်ဝူခုန်းအား မြှောက်ပင့်သော စကားလုံးများဖြင့် သပ်ပေးနေခြင်းဖြစ်ပြီး ဤနည်းဗျူဟာမှာ အလွန်ထိရောက်မှု ရှိလေသည်။

...

အသိပေးချက် - အတွေ့အကြုံမှတ် ၃၈ နှင့် ရွှေဒင်္ဂါး ၁၁ ပြား ရရှိသည်။

အသိပေးချက် - အတွေ့အကြုံမှတ် ၁၅၂၊ ရွှေဒင်္ဂါး ၁၅ ပြား ရရှိပြီး အဆင့်ပြောင်းမစ်ရှင် တိုးတက်မှု ၁၂/၁၀၀ ရှိသည်။

အသိပေးချက် - အတွေ့အကြုံမှတ် ၄၄၀၊ ရွှေဒင်္ဂါး ၂၈ ပြား ရရှိပြီး အဆင့်ပြောင်းမစ်ရှင် တိုးတက်မှု ၇၂/၁၀၀ ရှိသည်။

...

ကျန်းလျိုနှင့် စွန်ဝူခုန်းတို့သည် လေပြန်တောင်ပေါ်သို့ သတိကြီးစွာဖြင့် တက်လာခဲ့ကြပြီး မိစ္ဆာများကို တစ်ကောင်ချင်းစီ စနစ်တကျ ဖြားယောင်းသွေးဆောင်ကာ သတ်ဖြတ်ခဲ့ကြသည်။ ထို့ကြောင့် ကျန်းလျို၏ အတွေ့အကြုံမှတ် ရိတ်သိမ်းမှုမှာလည်း အဆက်မပြတ် တိုးပွားလာခဲ့သည်။ အဆင့်ပြောင်းမစ်ရှင် ပြီးမြောက်မှုမှာလည်း တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး မိစ္ဆာအကောင်တစ်ရာ မစ်ရှင်ပြည့်ရန် နီးကပ်လာခဲ့လေပြီ။

ရွှေတုတ်ကို ပခုံးပေါ်တင်လျက် စွန်ဝူခုန်းသည် ကျန်းလျို၏ နောက်မှ လိုက်ပါလာခဲ့သည်။ ဤကဲ့သို့ မိစ္ဆာများကို တစ်ကောင်ချင်းစီ မျှားခေါ်သော နည်းလမ်းသည် အချိန်ဖြုန်းရာရောက်သည်ဟု သူခံစားရသော်လည်း ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။

ဤတိတ်ဆိတ်သော တိုက်ပွဲသည် ညနက်သည်အထိ အဆုံးမသတ်သေးဘဲ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

ဤကဲ့သို့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သော နည်းလမ်းကိုမူ စွန်ဝူခုန်းက သဘောမတူပေ။ တိုက်ပွဲတစ်ခု ဖြစ်လာပြီဆိုလျှင် မိမိ၏ စွမ်းရည်ကို ထုတ်ဖော်ပြသသင့်သည်ဟု သူက တွေးတောမိသည်။ တိတ်တဆိတ် ပုန်းကွယ်တိုက်ခိုက်ရခြင်း၌ မည်သည့်စွမ်းရည်မျိုး ရှိနေပါသနည်း။

သို့သော် လေပြန်တောင်ပေါ်ရှိ မိစ္ဆာကောင်များသည် အရူးများ မဟုတ်ကြပေ။ မိစ္ဆာအကောင်တစ်ရာကျော်ခန့်မှာ ကျန်းလျို၏ တိတ်တဆိတ် သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ဖြစ်သဖြင့် ၎င်းတို့၏ အရေအတွက် လျော့နည်းလာမှုကြောင့် ကျန်ရစ်သော မိစ္ဆာများမှာ သံသယ ဝင်လာကြတော့သည်။

မကြာမီမှာပင် မိစ္ဆာအလောင်းမြောက်မြားစွာကို တွေ့ရှိသွားကြပြီး ဤသတင်းသည် သွေးကျားဘုရင်ထံသို့ ချက်ချင်း ရောက်ရှိသွားလေသည်။

"တောက်..."

ထိုအချိန်တွင် အသက် လေးဆယ်၊ ငါးဆယ်ခန့်အရွယ် တောင့်တင်းခိုင်မာသော လူကြီးတစ်ဦး၏ အသွင်အပြင်ရှိနေသော သွေးကျားဘုရင်သည်၊ တောင်ပေါ်ရှိ မိစ္ဆာအများအပြား သေဆုံးသွားကြောင်း ကြားလိုက်ရလေသည်။

ဤသည်မှာ ကျားပါးစပ်မှ အမွေးကို လာနှုတ်ခြင်းပင် မဟုတ်ပါလော။ သူသည် အရက်သောက်နေရင်းမှ ရုတ်တရက် မတ်တတ်ရပ်ကာ ခွက်ကို လွှင့်ပစ်လိုက်ပြီး အော်ဟစ်လိုက်သည်။

"ရှောင်ကမန်း... မင်းတို့ ဘုရင်အတွက် လှုပ်ရှားကြစမ်း... အမှောင်ထဲမှာ ပုန်းနေတဲ့ ကြွက်တွေကို ဆွဲထုတ်ခဲ့ကြ... ငါတို့အပေါ် ဘယ်ကောင်ကများ လက်ရဲဇာတ်ရဲ ရှိနေသလဲဆိုတာ ကြည့်ရသေးတာပေါ့..."

ဝူး... ဝူး... ဝူး...

သွေးကျားဘုရင်၏ အမိန့်ပေးသံနှင့်အတူ လေပြန်တောင်တစ်ခွင်၌ ဦးချိုမှုတ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။ တိတ်ဆိတ်နေသော ညချမ်းအချိန်ကာလကို ချက်ချင်းပင် လှုပ်နှိုးလိုက်လေသည်။

တစ်ခဏအတွင်းမှာပင် မိစ္ဆာလေရိုင်းများ တိုက်ခတ်လာပြီး၊ တစ္ဆေများ၏ ငိုကြွေးသံနှင့် နတ်ဆိုးများ၏ အူသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

အသိပေးချက် - အတွေ့အကြုံမှတ် ၅၂၀ နှင့် ဒင်္ဂါးပြား ၅၀ ရရှိပြီး၊ အဆင့်ပြောင်းမစ်ရှင် ပြီးမြောက်မှု ၉၈/၁၀၀ ရှိသည်။

နောက်ထပ် မိစ္ဆာတစ်ကောင်ကို သတ်ဖြတ်ပြီးနောက် ကျန်းလျိုသည်လည်း ဦးချိုမှုတ်သံများကို ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ ပိုမို လေးနက်တည်ကြည်သွားလေသည်။

"ဟဲဟဲဟဲ... ဒီတောင်ပေါ်က မိစ္ဆာတွေက တော်တော်တုံးတာပဲ… အခုမှပဲ သတိထားမိကြတော့တယ်..."

ကျန်းလျို၏ လေးနက်သော အမူအရာနှင့် ခြားနားစွာပင် စွန်ဝူခုန်းသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ တိုက်ခိုက်ချင်စိတ် ပြင်းပြလွန်းလှသဖြင့် ဝမ်းသာလုံးဆို့ကာ မျက်ရည်များပင် ကျလာမတတ် ခံစားနေရလေသည်။

ဒြပ်စင်ငါးပါးတောင်မှ ထွက်လာပြီးကတည်းက ရက်ပေါင်းများစွာ အောင့်အည်းသည်းခံနေခဲ့ရသမျှ ယခုမှပင် ဘိုးဘိုးစွန်း လက်စွမ်းပြဖို့ အခွင့်အရေး ရတော့မည် ဖြစ်သည်။

"ကောင်းပြီ... အဆင့်ပြောင်းမစ်ရှင်ရဲ့ ပထမပိုင်း မပြီးသေးပေမယ့် ပြီးဖို့ နီးစပ်နေပါပြီလေ..."

ကျန်းလျိုသည် မစ်ရှင်စာရင်းရှိ တိုးတက်မှုအခြေအနေကို စစ်ဆေးကြည့်ပြီးနောက် သူ့ ဘာသာ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

ကျားမိစ္ဆာများနှင့် အခြားသော မိစ္ဆာ အမြောက်အမြားကို သတ်ဖြတ်ခဲ့ပြီးဖြစ်ရာ အားလုံးပေါင်းလိုက်လျှင် သူသည် အတွေ့အကြုံမှတ် ၂၀,၀၀၀ နီးပါးခန့် ရရှိခဲ့ပြီဖြစ်သည်။ ဤသည်မှာ အတော်လေး ကျေနပ်ဖွယ်ကောင်းသော ရိတ်သိမ်းမှုပင် ဖြစ်လေသည်။

လေပြန်တောင်ပေါ်ရှိ မိစ္ဆာအားလုံးနီးပါး စတင်လှုပ်ရှားလာကြပြီး တောင်တစ်ခုလုံးကို နေရာလပ်မချန် ရှာဖွေကြရာ မကြာမီမှာပင် မိစ္ဆာတစ်ကောင်သည် ကျန်းလျို၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိသွားလေသည်။

အနီးအနားရှိ သစ်ပင်ထိပ်ဖျား၌ နားနေသော ငှက်တစ်ကောင်သည် လူစကားပြောကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"တွေ့ပြီ... ကျူးကျော်လာတဲ့သူတွေကို တွေ့ပြီ..."

လျှပ်စီး မီးပုတီး

ဘုန်း...

လေထဲတွင် ငှက်က အော်ဟစ်နေစဉ်မှာပင် ကျန်းလျိုက လက်ကိုမြှောက်လိုက်ရာ မီးလုံးတစ်လုံးသည် သူ၏လက်ဟန်အတိုင်း တွန်းထွက်သွားပြီး ငှက်၏ကိုယ်ပေါ်သို့ တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။

ဂီး...

စူးရှသောအော်သံနှင့်အတူ သစ်နီ လက်စွပ် ၏ အလိုအလျောက် စွမ်းရည် သက်ရောက်သွားပြီး လေထဲမှ ငှက်မှာ သွေးတန်းကုန်ခမ်းကာ အောက်သို့ ထိုးကျသွားလေတော့သည်။

***

All Chapters