အခန်း (၁၇၅၁-၁၇၅၂)
Vol. 176 Ch. 1751-1752
အခန်း (၁၇၅၁) - ငါ့ရဲ့ စေတနာကို နင်တို့ မမြင်ကြဘူးလား
ရွှပ်... ရွှပ်... ရွှပ်
လူတိုင်း၏ အကြည့်များက ဝမ်ယဲ့ဆီသို့ ပြိုင်တူ ကျရောက်သွားကြသည်။
ရှန်ယွဲ့ကွမ်းနှင့် အခြားသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာထားများမှာ ယခင်ကထက်ပင် ပိုမို လေးနက်လာကြသည်။ ယွမ်ရှူးရွှယ်၏ နောက်ကွယ်ရှိ ရှေးဟောင်းမသေမျိုး နှစ်ပါးမှာမူ ထိုအခိုက်အတန့်တွင် သူတို့၏ ခန္ဓာကိုယ်အတွင်းမှ မသေမျိုးစွမ်းအင် များကို စတင် နိုးဆွနေကြပြီ ဖြစ်သည်။
လူတိုင်းမှာ မဖော်ပြနိုင်သော ဖိအားတစ်ခု ရင်ထဲတွင် လေးလံစွာ ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ ကမ္ဘာမြေကြီး တစ်ခုလုံး မှောင်အတိကျနေသော ကောင်းကင်အောက်တွင် မကြာမီ ကျရောက်တော့မည့် မုန်တိုင်းကြီးကို စောင့်ဆိုင်းနေရသကဲ့သို့ပင်။
"နင်က ဝမ်ယဲ့ပဲလား"
ယွမ်ရှူးရွှယ်က ဝမ်ယဲ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။
"နင်က ကုတိန်ကြယ်တာရာကို မသွားခဲ့ဖူးဘူးလို့ ပြောတယ်ပေါ့... ဒါဆို ငါ့မောင်လေးက ဘယ်သူ့လက်ချက်နဲ့ သေသွားတာလဲ"
"ငါ ဘယ်မေးခွန်းကို အရင်ဖြေရမလဲ"
ဝမ်ယဲ့က သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။
"ငါ့ရဲ့ အမှတ်အသားကိုတော့ ငါကိုယ်တိုင် သက်သေပြနေဖို့ မလိုတော့ပါဘူး၊ သူတို့ကိုသာ မေးကြည့်လိုက်"
သူက ရှန်ယွဲ့ကွမ်းတို့ အုပ်စုကို လက်ညှိုးထိုးပြလိုက်သည်။
"နင့်မောင်လေး ဘယ်သူ့လက်မှာ သေလဲဆိုတာကိုတော့ ငါ ဘယ်လိုလုပ် သိမှာလဲ။ အဲဒီအချိန်မှာ ငါ ဘာလုပ်နေလဲဆိုတာကို နင့်ဘက်က လူတွေကိုပဲ မေးကြည့်လိုက်တာ ပိုမကောင်းဘူးလား"
ဝမ်ယဲ့က ရုတ်တရက် လက်ကို ဝေ့ယမ်းလိုက်ရာ ဦးခေါင်းပေါင်း တစ်ရာကျော်မှာ လေထဲမှ ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။ ထိုဦးခေါင်းများမှာ သက်ရှိထင်ရှား ရှိနေစဉ်ကအတိုင်း ပုံရိပ်များ ပေါ်လွင်နေပြီး ခုလေးတင် ဖြတ်တောက်ထားသကဲ့သို့ လတ်ဆတ်နေဆဲ ဖြစ်သည်။ ဦးခေါင်းတိုင်း၏ မျက်နှာတွင် မကျေနပ်မှု၊ ဒေါသနှင့် အာဃာတ အငွေ့အသက်များ ထင်ဟပ်နေကြ၏။
"ဒီလူတွေက နင်တို့ မိစ္ဆာဝင်နေသူတွေ မဟုတ်လား။ သူတို့ ဘယ်နေရာမှာ အသတ်ခံရလဲဆိုတာကိုသာ စုံစမ်းကြည့်လိုက်ရင် အဲဒီအချိန်မှာ ငါ ဘယ်နေရာမှာ ရှိနေလဲဆိုတာကို နင် သိပါလိမ့်မယ်"
ဝမ်ယဲ့က အေးစက်စွာ ဆိုသည်
"ငါကိုယ်တိုင်လည်း သိချင်နေတာ... ဘယ်သူက ငါ့နာမည်ကို အသုံးချပြီး အပြင်မှာ မိစ္ဆာဝင်နေသူတွေကို လိုက်သတ်နေလဲဆိုတာပဲ"
"ဟူး..."
အရပ်ရပ်မှ ကျင့်ကြံသူများမှာ ထိုဦးခေါင်းများကို မြင်သောအခါ ရင်တုန်သွားကြသည်။ မိစ္ဆာဝင်နေသူတွေကို သတ်ဖြတ်တာက ပုံမှန်ကိစ္စဖြစ်သော်လည်း၊ မိစ္ဆာဝင်နေသူတွေရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေရှေ့မှာ ဒီဦးခေါင်းတွေကို ထုတ်ပြပြီး 'နင့်မောင်လေးကို ငါမသတ်ခဲ့ဘူး' လို့ သက်သေပြနေတာကတော့ လုံးဝကို မပုံမှန်တဲ့ ကိစ္စပင်။
လူအတော်များများမှာ ဝမ်ယဲ့၏ စကားကို စတင် ယုံကြည်လာကြသည်။ ဒီလောက် လူအများကြီးကို သတ်ထားတဲ့သူက ယွမ်ရှူးကျဲ တစ်ယောက်တည်းကို သတ်တာကို ဝန်မခံဘဲ နေစရာ အကြောင်းမရှိဟု သူတို့ တွေးမိကြ၏။
ယွမ်ရှူးရွှယ်သည် မြေပြင်ပေါ်ရှိ သွေးအလိမ်းလိမ်းနှင့် ဦးခေါင်းတစ်ရာကျော်ကို ကြည့်ရင်း ရင်းနှီးသော မျက်နှာအချို့ကို မှတ်မိသွားသည်။ ထိုလူများ အသတ်ခံရချိန်တွင် သူတို့ရှိနေသည့် နေရာမှာ ကုတိန်ကြယ်တာရာနှင့် အလွန်ပင် ဝေးကွာလှသည်။ တစ်ဖက်လူတွင် ခန္ဓာခွဲအတတ် ရှိလျှင်ပင် ခန္ဓာခွဲတစ်ခုက မသေမျိုးလှေအစီရင် ကို ဖော်ဆောင်နိုင်စွမ်း မရှိချေ။
သူမ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။ သူမနောက်မှ အဘွားကြီးကမူ ရုတ်တရက် အေးဆေးစွာ ပြုံးလိုက်ပြီး
"ဒါကလည်း ရှူးကျဲကို မင်းမသတ်ဘူးဆိုတာ သက်သေမပြနိုင်သေးပါဘူး။ ငါ သိရသလောက်တော့ မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ တစ်နေရာကို သွားနိုင်တဲ့ မျက်နှာဖုံးတစ်ခု ရှိနေတယ် မဟုတ်လား။ အဲဒီနေရာမှာဆိုရင် တည်နေရာကူးပြောင်းမှု လုပ်ဖို့က အလွန်ပဲ လွယ်ကူသွားမှာပဲ"
ရှန်ယွဲ့ကွမ်းတို့၏ အမူအရာမှာ လှုပ်ရှားသွားသည်။ အချို့က နားမလည်သော်လည်း အချို့ကမူ အဘွားကြီး ဆိုလိုသည့် နေရာမှာ ဘယ်နေရာလဲဆိုသည်ကို ကောင်းကောင်း သိနေကြသည်။
"စီနီယာ ပြောတာ ရှဲ့ကျစ်ဌာန ကို ပြောတာ ထင်တယ်။ ရှဲ့ကျစ်ဌာန တည်ရှိမှုက လျှို့ဝှက်ချက်မှ မဟုတ်တော့တာ။ နင်တို့ထဲမှာလည်း အဲဒီထဲမှာ ပါနေတဲ့သူတွေ ရှိတာပဲ မဟုတ်လား။ အဲဒီအချိန်တုန်းက ကုတိန်ကြယ်တာရာကို ဘယ်သူသွားခဲ့လဲဆိုတာကို ငါ့ထက် ယွမ်မိန်းကလေးက ပိုသိမှာပါ"
ဝမ်ယဲ့က တည်ငြိမ်စွာ ဆိုသည်
"ယနေ့ ငါတို့ရဲ့ အမှတ်အသားတွေ ပေါက်ကြားသွားတာဟာလည်း ရှဲ့ကျစ်ဌာနမှာ ပြဿနာ တစ်ခုခု ရှိနေလို့ ဖြစ်မှာပါ"
အဘွားကြီးသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။ အဘိုးအိုကမူ ဦးခေါင်းပေါင်း တစ်ရာကျော်ရှေ့သို့ ပျံဆင်းသွားပြီး ထိုသူတို့၏ အမည်များကို တစ်ခုချင်းစီ ထုတ်ဖော် ပြောဆိုနေသည်။
လူအများမှာ နားထောင်ရင်း ရင်ထိတ်သွားကြသည်။ ဤဦးခေါင်းရှင်များထဲတွင် အမာခံတပည့်များ မဟုတ်လျှင်ပင် မျိုးနွယ်စုကြီးများမှ အာဏာရှိသူများ ပါဝင်နေသောကြောင့် ဖြစ်၏။
"ယွမ်မိန်းကလေး... ဘာတွေ စဉ်းစားနေတာလဲ။ တကယ်လို့ ဒီအကျိုးအကြောင်းတွေကို နင် နားမလည်နိုင်ဘူးဆိုရင်လည်း ငါပဲ ယွမ်ရှူးကျဲကို သတ်လိုက်တယ်လို့ပဲ သဘောထားလိုက်ပါ။"
ဝမ်ယဲ့က ခပ်ဖွဖွ ပြုံးလိုက်သည်
"နင့်ရဲ့ အစောပိုင်း ကတိအတိုင်း သူတို့ကို သွားခွင့်ပြုလိုက်ပါတော့"
"ငါ သူတို့ကို ဒီနေရာကနေ သွားခွင့်ပြုလိုက်ရင်တောင် အခြားတစ်ဖက်မှာ သူတို့ကို သတ်ဖို့ စောင့်နေတဲ့သူတွေ ရှိနေတယ်"
ယွမ်ရှူးရွှယ်က ပြုံးလျက် ဆိုသည်
"သူတို့ရဲ့ နိဂုံးက သတ်မှတ်ပြီးသားပဲ"
လူတိုင်းမှာ ထိတ်လန့်သွားကြသည်။ ပိုင်ကျယ်မသေမျိုးဂိုဏ်းမှ စီကျန့်ကျုန်းက သတ္တိမွေး၍ လက်အုပ်ချီ မေးလိုက်သည်။
"ယွမ်မိန်းကလေး...မင်းပြောတဲ့ သူတို့ ထဲမှာ ကျုပ်တို့ပါ ပါနေတာလား"
"ရှင်တို့ မပါပါဘူး။ တကယ်တော့ ရှင်တို့ရဲ့ အမှတ်အသားတွေကို ကျွန်မတို့ အကြမ်းဖျင်း သိထားပြီးသားပါ။ ဒီတစ်ခါ သူတို့တွေက ဒီကူးပြောင်းရေးအစီရင်ကို အဆင်ပြေပြေ ဖြတ်သွားနိုင်ဖို့ စီစဉ်ထားတာ။ သူတို့ကို နှိမ်နင်းမယ့်သူက ငါ မဟုတ်ဘူး။ ငါက ဒီသတင်းကို ကြားရလို့ ကြိုပြီး ရောက်လာတာ၊ ငါ့မောင်လေးအတွက် ငါ့လက်နဲ့ကိုယ်တိုင် ကဲ့စားချင်လို့ပဲ"
ဟု ယွမ်ရှူးရွှယ်က ဆိုလိုက်သည်။
လူအများမှာ ထိုအခါမှ သဘောပေါက်သွားကြသည်။ ယွမ်ရှူးရွှယ် ဘာကြောင့် အချိန်ကိုက် ရောက်လာသလဲ၊ သူတို့ထဲမှာ သူလျှိုတွေ ပါနေတာကို ဘာလို့ ဒီလောက် သေချာနေသလဲ ဆိုတာကိုပေါ့။ တစ်လျှောက်လုံး မိစ္ဆာမဟာမိတ်အဖွဲ့က အကွက်ချ စီစဉ်ထားပြီးသား ဖြစ်ပြီး၊ သူတို့ အစီရင်ကို ဖြတ်သွားပြီးမှသာ မိစ္ဆာတွေရဲ့ သတ်ကွင်းထဲကို ရောက်သွားကြမှာ ဖြစ်သည်။
"ဒါဆိုရင် နင်က ကတိဖျက်တော့မှာပေါ့ ဟုတ်လား"
ရှန်ယွဲ့ကွမ်းက ရုတ်တရက် မေးလိုက်သည်။
ယဲ့ချင်းချူးကလည်း နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး
"စစ်ဘုရင်ရဲ့ သမီးဆိုတာလည်း ဒီလောက်ပါပဲလား"
"ငါ ကတိဖျက်တာ မဟုတ်ဘူး၊ ငါက နင်တို့ကို အသက်ရှင်နိုင်မယ့် လမ်းတစ်ခု ပေးချင်လို့ပါ။ ဒီအတွက် ငါ့ဘက်က အဖိုးအခ တစ်ခုခု ပေးဆပ်ရမယ် ဆိုရင်တောင် ကိစ္စမရှိပါဘူး"
ယွမ်ရှူးရွှယ်က လူတိုင်း မထင်မှတ်ထားသော စကားကို ဆိုလိုက်သည်။
လူအများမှာ မျက်မှောင်ကြုတ်သွားကြသည်။ ဤအမျိုးသမီးက ဘာတွေ ကြံစည်နေတာလဲ။
"နင့်ရဲ့ အခြေအနေကို ပြောပါ" ဝမ်ယဲ့က ခပ်ဖွဖွ ပြုံးလျက် ဆိုသည်။
"ရှူးကျဲရဲ့ ဝိညာဥ်"
ယွမ်ရှူးရွှယ်က ဝမ်ယဲ့ကို စိုက်ကြည့်လိုက်သည်
"သူ့ကို သတ်ခဲ့တဲ့သူက နင်ပဲဖြစ်ဖြစ်၊ ကျွယ်မင်နန်းတော်က အခြား အမာခံတပည့်ပဲဖြစ်ဖြစ်... ငါက သူ့ရဲ့ ဝိညာဥ်ကိုပဲ လိုချင်တာ။ သူ့ဝိညာဥ်ကို ငါ့လက်ထဲ အပ်လိုက်ပါ။ ဒါဆိုရင် နင်တို့အားလုံး ဒီနေရာကနေ ထွက်သွားနိုင်မယ်၊ သေတွင်းထဲကို ဆက်သွားနေစရာ မလိုတော့ဘူး"
"နင်က ကတိဖျက်ထားတဲ့သူပဲ၊ ငါ နင်ကို ဘယ်လို ယုံရမှာလဲ"
ဝမ်ယဲ့က ရယ်မောလိုက်သည်။
ယွမ်ရှူးရွှယ်က တည်ငြိမ်စွာ ဆိုသည်
"အထက်က စီစဉ်ထားတဲ့ အစီအစဉ်ကို ငါ ပြောပြလိုက်တာနဲ့တင်၊ နင်တို့ကို ဒီမှာ တားထားတာက နင်တို့ကို တစ်ကြိမ် ကယ်လိုက်တာပဲ။ ငါ့ရဲ့ စေတနာကို မမြင်ကြဘူးလား"
"ဝမ်စီနီယာ... တကယ်လို့ ဒီအမျိုးသမီးရဲ့ မောင်လေးက စီနီယာ့လက်ထဲမှာ သေတာဆိုရင်လည်း ဝိညာဥ်ကို ပြန်ပေးလိုက်ပါတော့"
ယဲ့ချင်းချူးက ရုတ်တရက် ဝင်ပြောသည်။
"ယွမ်ရှူးကျဲက ငါ့လက်ထဲမှာ သေခဲ့ရင်တောင် သူ့ရဲ့ ဝိညာဥ်ကို ယူထားနိုင်တဲ့ အရည်အချင်း ငါ့မှာ ရှိပါ့မလား"
ဝမ်ယဲ့က ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်ပြီး ယွမ်ရှူးရွှယ်ကို ကြည့်လိုက်သည်။
"နင် ငါ့ဆီမှာ လာရှာနေတာထက် သူသေခဲ့တဲ့ နေရာမှာ သွားရှာတာက ပိုကောင်းလိမ့်မယ်။ တကယ်လို့ ဝိညာဥ်က ချင်းမင် လေဟာနယ်ထဲမှာ လမ်းပျောက်သွားပြီဆိုရင်တော့ ဘာမှလုပ်လို့ ရတော့မှာ မဟုတ်ဘူး"
"လက်ရှိ ငရဲမင်း က ရှင်တို့ ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်ပဲလေ။ ရှင်က ဝိညာဥ်ကို မမြင်နိုင်ပေမယ့် ငရဲမင်းက ဝိညာဥ်ကို မမြင်နိုင်စရာ အကြောင်းရှိသလား"
ယွမ်ရှူးရွှယ်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အေးဆေးစွာ ဆိုလိုက်သည်။
'ဒါက ငါ့ဆီကို ဦးတည်လာတာပဲ၊ သူက ယွမ်ရှူးကျဲဟာ ဝမ်ယဲ့လက်ချက်နဲ့ သေတာ မဟုတ်မှန်း အစကတည်းက သိနေတာပဲ'
ဖန့်ချန်သည် ယွမ်ရှူးရွှယ်ကို အေးစက်စွာ ကြည့်နေမိသည်။
ဝမ်ယဲ့ စတင် ထွက်လာကတည်းက မိယွီက သူ့ကို ယန်ဘူးထဲမှ အပြင်သို့ ထုတ်ပေးထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အစအဆုံး အခြေအနေအားလုံးကို ဖန့်ချန် မြင်တွေ့နေရသည်။
တစ်ဖက်လူသည် ဝမ်ယဲ့ မပေါ်လာသေးခင်က သူ့အပေါ်တွင် နာကျည်းချက် အပြည့်ရှိသယောင်၊ မသတ်ရလျှင် မကျေနပ်သယောင် ပြသခဲ့သော်လည်း၊ ဝမ်ယဲ့ ပေါ်လာပြီးနောက်တွင်မူ သူမသည် အေးအေးဆေးဆေးပင် ဖြစ်နေသည်။ ထိုနာကျည်းချက်များမှာ ဟန်ဆောင်မှုသက်သက်သာ ဖြစ်ပြီး သူမသည် ယွမ်ရှူးကျဲကို ဘယ်သူ သတ်ခဲ့သလဲဆိုသည်ကို အစကတည်းက သိရှိထားပုံရသည်။
'လန်တောက်ချွန်း ပြောတာ တကယ် မှန်တာပဲ။ စိတ်ဝိညာဥ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေက ဒီစစ်ပွဲမှာ နိုင်ဖို့ တကယ့်ကို ခက်ခဲလိမ့်မယ်။ အခွင့်အရေး၊ နေရာဒေသနဲ့ လူအင်အား အားလုံးကို မိစ္ဆာတွေက ရယူထားတာပဲ။
တကယ်လို့ စီနီယာကြီးတို့မှာ နောက်ထပ် အကွက်တွေ မရှိဘူးဆိုရင် ဒီတစ်ခါ မိစ္ဆာတွေရဲ့ အကွက်က စိတ်ဝိညာဥ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေက အမာခံတပည့် အတော်များများကို ဆုံးရှုံးစေလိမ့်မယ်။
ဝမ်ယဲ့နဲ့ ရှန်ယွဲ့ကွမ်းတို့ရဲ့ တည်နေရာကို အတိအကျ သိနေတာက... အဲဒီ 'ကောင်းကင်ဘုံနိယာမ လူဝင်စား' ရဲ့ လက်ချက်လား၊ ဒါမှမဟုတ် တခြား အရာတစ်ခုခုရဲ့ နည်းလမ်းလား။ မူလကတော့ ဒီအစီအစဉ်က လုံးဝ အမှားအယွင်း ရှိမှာ မဟုတ်ပေမယ့် ယွမ်ရှူးရွှယ်က သူမရဲ့ မောင်လေးအပေါ် ထားတဲ့ သံယောဇဥ်ကိုတော့ ထည့်မတွက်ထားမိဘူး ထင်တယ်...'
'နေဦး...'
ဖန့်ချန်၏ စိတ်အာရုံမှာ လှုပ်ရှားသွားသည်။
သူသည် အစောပိုင်းက ယွမ်ရှူးရွှယ် ပြောလိုက်သော စကားတစ်ခွန်းကို ရုတ်တရက် ပြန်သတိရလိုက်မိသည်။
"ငါ့ရဲ့ စေတနာကို နင်တို့ မမြင်ကြဘူးလား"
အခန်း (၁၇၅၂) - မိုက်မဲစွာ ဇွတ်တရိုးလုပ်ခြင်း
'ဒီအမျိုးသမီးက... လန်တောက်ချွန်း လွှတ်လိုက်တာလား'
ဖန့်ချန်သည် ယွမ်ရှူးရွှယ်ကို ကြည့်နေသည့် အကြည့်များမှာ အနည်းငယ် ထူးဆန်းနေသည်။
တကယ်လို့ ဤအရာအားလုံးကို လန်တောက်ချွန်းကသာ စီစဉ်ထားခြင်း ဖြစ်ပါက၊ သူမအနေဖြင့် 'မိစ္ဆာမဟာမိတ်အဖွဲ့' ၏ အကွက်ကောင်းကြီးကို ဘာကြောင့် ဤမျှ တိကျသေချာစွာ ဖျက်ဆီးပစ်နိုင်ခဲ့သည်ကို သူ နားလည်နိုင်ပေသည်။
ထို့အပြင် သူမပေးသော အကြောင်းပြချက်မှာလည်း အပြစ်ပြောစရာမရှိအောင် ခိုင်လုံလှသည်။ နောက်ပိုင်းတွင် အပြစ်တင်ခံရလျှင်ပင် သူမသည် တကယ်တမ်း 'သစ္စာဖောက်' ခဲ့ခြင်း မဟုတ်သရွေ့ သူမ၏ဖခင်ဖြစ်သူ အဆင့် ၉ မသေမျိုး က သူမဘက်မှ မဖြစ်မနေ ရပ်တည်ပေးလိမ့်မည် ဖြစ်သည်။ နောက်ဆုံးရရှိမည့် အပြစ်ဒဏ်မှာလည်း အလွန်အမင်း ပြင်းထန်လိမ့်မည် မဟုတ်ချေ။
အခြားသူများမှာမူ ထိုအချက်ကို မတွေးမိကြသေးပေ။ သူတို့သည် ယွမ်ရှူးရွှယ်၏ စကားကို ကြားပြီးနောက် လွန်ခဲ့သော ရက်ပိုင်းက ကောင်းကင်တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် ဖြစ်ရပ်ဆန်းများကို ပြန်လည် သတိရသွားကြသည်။
ရှန်ယွဲ့ကွမ်းတို့အုပ်စုမှာလည်း စိတ်ထဲတွင် အလွန်ပင် သိချင်နေကြသော်လည်း ယနေ့ကဲ့သို့ အခြေအနေမျိုးတွင် မမေးမြန်းဝံ့ကြချေ။ ယခု ယွမ်ရှူးရွှယ်က ထုတ်ဖော်ပြောဆိုလာသဖြင့် သူတို့သည်လည်း ဝမ်ယဲ့ မည်သို့ ပြန်လည်ဖြေကြားမည်ကို သိလိုသဖြင့် ဝမ်ယဲ့ဆီသို့ ပြိုင်တူ ကြည့်လိုက်ကြသည်။
"နင် ဘာကို ဆိုလိုတာလဲဆိုတာ ငါ နားမလည်ဘူး"
ဝမ်ယဲ့က တည်ငြိမ်စွာ ဆိုလိုက်သည်။
'ဟန်ဆောင်နေပြန်ပြီ'
ရှန်ယွဲ့ကွမ်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ စိတ်ထဲမှ တိတ်တဆိတ် ကဲ့ရဲ့လိုက်ကြသည်။
"တကယ်လို့ နင်ပြောတာက လွန်ခဲ့တဲ့ရက်ပိုင်းက ကောင်းကင်မှာ ဖြစ်ခဲ့တဲ့ ထူးခြားတဲ့ ဖြစ်ရပ်ကို ဆိုလိုတာဆိုရင်တော့... ငါ ရှင်းရှင်းလင်းလင်း ပြောပြမယ်။ အဲဒါက နင်တို့ အထက်လူကြီးတွေ ကစားနေတဲ့ လှည့်ကွက်တစ်ခုပဲ။
ကျွယ်မင်နန်းတော်ကို စိတ်ဝိညာဥ်နယ်မြေက တခြားအင်အားစုတွေက ဝိုင်းကျဉ်အောင်၊ စိတ်ဝိညာဥ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေတို့ အချင်းချင်း တိုက်ခိုက်အောင်၊ အဲဒီကနေတစ်ဆင့် နင်တို့ မိစ္ဆာမဟာမိတ်အဖွဲ့က အောင်ပွဲခံပြီး ထိုက်ချန်းနယ်မြေကို လုံးဝ သိမ်းပိုက်နိုင်အောင် လုပ်တဲ့ လုပ်ရပ်ပဲ"
ဝမ်ယဲ့က ခပ်ဖွဖွ ပြုံးလိုက်ပြီး
"ဒီလို ကလေးကလား လှည့်ကွက်မျိုးကို မင်းတို့တွေ နားမလည်ကြဘူးလား။ လက်ရှိ ငရဲမင်း ဆိုတာတွေကလည်း အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ။ အခုအချိန်မှာ ငရဲပြည် မှာ ဘယ်မှာ ငရဲမင်း ရှိဦးမှာလဲ"
"နင် ဝန်မခံချင်ဘူး ဆိုရင်လည်း ကိစ္စမရှိပါဘူး။ အခု ငါလိုချင်တာက ရှင်းလင်းတဲ့ အဖြေတစ်ခုပဲ။ ငါ့မောင်လေးရဲ့ ဝိညာဉ်ကို နင်တို့ ကျွယ်မင်နန်းတော်က မဖြစ်မနေ ပြန်ပေးရမယ်"
ယွမ်ရှူးရွှယ်က တည်ငြိမ်စွာ ဆိုသည်
"တကယ်လို့ ဒါလေးကိုတောင် ရှင်တို့ မလုပ်ပေးနိုင်ဘူးဆိုရင် ဒီနေ့ ဘယ်သူမှ ထွက်သွားဖို့ မစဉ်းစားနဲ့တော့"
ဖန့်ချန်သည် ဤမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။ သူ စပ်စုချင်သည်မှာ သူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ဤအမျိုးသမီးသည် သူတို့ကို မည်သို့ သဲလွန်စ မကျန်အောင် လွှတ်ပေးမည်နည်း ဆိုသည်ကို ဖြစ်သည်။
တကယ်လို့ သူ ခန့်မှန်းတာ မှားခဲ့လျှင်ပင် ကိစ္စမရှိချေ။ ယွမ်ရှူးရွှယ် ခေါ်လာသော အဆင့် ၇ ရှေးဟောင်းမသေမျိုး နှစ်ပါးကို ဝိညာဉ်ကလေးငယ်တစ်ယောက်တည်းဖြင့်ပင် လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်ပြီး ချင်းဟယ် သီလရှင်ကိုပင် ထွက်လာခိုင်းရန် မလိုပေ။
ဝမ်ယဲ့တို့အုပ်စု စကားမပြောရသေးခင်မှာပင် ရုတ်တရက် ပုံရိပ်အချို့ လေဟာနယ်ကို ဖြတ်၍ ရောက်ရှိလာကြပြီး ယွမ်ရှူးရွှယ်ကို ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
"ယွမ်ရှူးရွှယ် နင် ဘာတွေ လုပ်နေတာလဲ"
"နင်က ငါတို့မျိုးနွယ်စုရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်ရဲတယ်ပေါ့ ဟုတ်လား နင့်အဖေက အဆင့် ၉ မသေမျိုး ဖြစ်နေရင်တောင် ဒီအပြစ်ကို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး "
"မြန်မြန်... သူတို့ကို သတ်ပစ်ဖို့ အမိန့်ပေးစမ်း "
လူအများမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြောင်အသွားကြသည်။ ရောက်လာသော ကျင့်ကြံသူများသည် ရှေးဟောင်းမသေမျိုးများ မဟုတ်ဘဲ သူတို့၏ အငွေ့အသက်မှာ အဆင့် ၅ နှင့် အဆင့် ၆ ကြားတွင်သာ ရှိသည်။
သူတို့ထဲမှ တစ်ယောက်၏ အငွေ့အသက်မှာ ယွမ်ရှူးရွှယ်ထက် မနိမ့်လှပေ။ ထိုသူသည် ယွမ်ရှူးရွှယ်ကို ရင်ဆိုင်ရာတွင် သူမ၏ နောက်ခံကို ကြောက်ရွံ့ပုံမရဘဲ သူ၏ မျက်နှာပေါ်မှ ဒေါသမှာလည်း ဟန်ဆောင်နေခြင်း မဟုတ်ချေ။
သူတို့ ပေါ်လာသည်နှင့် ယွမ်ရှူးရွှယ်၏ နောက်မှ ရှေးဟောင်းမသေမျိုး နှစ်ပါးမှာ ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ကြပြီး အေးစက်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
"ဒီနေ့ ကိစ္စက နင်တို့နဲ့ မဆိုင်ဘူး၊ ဝင်မပါနဲ့"
ယွမ်ရှူးရွှယ်က တည်ငြိမ်စွာ ဆိုသည်။
"မဆိုင်ဘူး ဟုတ်လား"
ထို အဆင့် ၆ နိုးကြားပြီးသား မိစ္ဆာမျိုးနွယ် မှာ ဒေါသတကြီး ရယ်မောလိုက်ပြီး
"ဒီနယ်မြေနှစ်ခုက အဆင့်မြင့် အမာခံတပည့်တွေကို လက်ရဖမ်းဖို့ ငါတို့ အထက်လူကြီးတွေ ဘယ်လောက်တောင် အကွက်ချခဲ့ရလဲဆိုတာ နင် သိလား။ ဒါကို နင်က ငါတို့နဲ့ မဆိုင်ဘူးလို့ ပြောတယ်ပေါ့။ ဒီအစီအစဉ် အောင်မြင်ဖို့အတွက် ငါတို့ ကျင့်ကြံသူ ဘယ်လောက်ကို ဗဟိုနယ်မြေထဲ လွှတ်ပေးခဲ့ရလဲ၊ သူတို့ကြောင့် ငါတို့ လူမျိုး ဘယ်လောက်တောင် သေပေးခဲ့ရလဲဆိုတာ နင် သိလား "
ရှန်ယွဲ့ကွမ်းတို့မှာ ခဏမျှ မှင်သက်သွားပြီးနောက် တစ်ဦးကိုတစ်ဦး ပြန်လည် ကြည့်လိုက်ကြရာ သူတို့၏ မျက်နှာထားများမှာ တဖြည်းဖြည်း လေးနက်လာကြသည်။
ပထမဆုံး ကျွယ်မင်နန်းတော်မှ ဝမ်ယဲ့၊ ထို့နောက် သွေးသားနန်းတော်မှ ယဲ့ချင်းချူး၊ ပြီးလျှင် ထိုက်ယီမသေမျိုးဂိုဏ်းမှ ရှန်ယွဲ့ကွမ်း။ ဤအမာခံတပည့် အသီးသီးမှာ အရည်အသွေး အလွန်မြင့်မားကြပြီး ကိုးပုံတစ်ပုံမှာ မသေမျိုးလှေအစီရင် ကို နားလည်ထားသူများ ဖြစ်ကြသည်။
ဒါဆို တစ်ဖက်လူက ဒီအခိုက်အတန့်ကို ရောက်ဖို့ အချိန်အကြာကြီး စောင့်နေခဲ့တာလား။ သူတို့မတိုင်ခင်က အမာခံတပည့်တွေကိုတော့ မျက်စိမှိတ်ပြီး တမင်လွှတ်ပေးခဲ့တာလား။ ဤလမ်းကြောင်းက အန္တရာယ်မရှိဘူးဆိုတဲ့ အထင်မှားကို ဖန်တီးခဲ့တာလား။ တကယ်တမ်းကျတော့ တစ်ဖက်လူက နောက်ကွယ်ကနေ အချိန်အကြာကြီး စောင့်ကြည့်နေခဲ့တာပေါ့။
"နင့်ရဲ့ တကယ့် အမှတ်အသားကို နင် မှတ်ထားသင့်တယ်"
အဆင့် ၆ မိစ္ဆာမျိုးနွယ်က ယွမ်ရှူးရွှယ်ကို စိုက်ကြည့်ရင်း သတိပေးစကား ပြောလိုက်သည်။
"ငါကတော့ ငါ့စိတ်အလိုအတိုင်း လုပ်ရတာကိုပဲ ကြိုက်တယ်။ ဒါကြောင့် ဒီနေ့ ကိစ္စရဲ့ နောက်ဆက်တွဲတွေကို ငါတစ်ယောက်တည်း တာဝန်ယူမယ်"
ယွမ်ရှူးရွှယ်က အေးဆေးစွာ ဆိုသည်
"ငါ့ကို နင်တို့အပေါ် လက်ပါအောင် မလုပ်နဲ့။ ကျီလင်တုန်း... ငါ့မျက်လုံးထဲမှာ နင်တို့ဟာလည်း မသတ်ရဲတဲ့သူတွေ မဟုတ်ဘူး"
ရှေးဟောင်းမသေမျိုး နှစ်ပါးမှာ နောက်ထပ် ခြေတစ်လှမ်း ရှေ့သို့ တိုးလာကြသည်။
အဘွားကြီးက ခပ်ဖွဖွ ပြုံးလျက်
"ငါတို့ သခင်မလေး ပြောတဲ့စကားကို ကြားတယ်မလား။ နင်တို့တွေ ဆုတ်ခွာသွားကြတာ ပိုကောင်းလိမ့်မယ်"
မိစ္ဆာမျိုးနွယ် ကျင့်ကြံသူများမှာ ဒေါသကြောင့် ပေါက်ကွဲမတတ် ဖြစ်နေကြသည်။
"ကျီလင်တုန်းလား ရှေးဟောင်းနတ်ဘုရားဂိုဏ်း က ကျီလင်တုန်းလား"
ရှန်ယွဲ့ကွမ်းတို့၏ အမူအရာမှာ လှုပ်ရှားသွားသည်။
ဤသူသည် ရှေးဟောင်းနတ်ဘုရားဂိုဏ်းတွင် အဆင့် ၅ ရှိသော အမာခံတပည့်ဖြစ်ပြီး ထိုက်ချန်းနယ်မြေ တိုက်ပွဲများတွင် အရေးပါသော ကိစ္စကြီး အတော်များများကို လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ ထူးခြားသော တိုက်ပွဲများစွာတွင် သူ၏ ပုံရိပ်ကို တွေ့ရတတ်သည်။
ကျီလင်တုန်းသည် ထိုအဘွားကြီးကို အေးစက်စွာ ကြည့်လိုက်သည်။
"ခင်ဗျားက စစ်ဘုရင်ရဲ့ အိမ်စေ တစ်ယောက်ပဲ။ မဟုတ်ရင် ရှေးဟောင်းမသေမျိုး စာရင်းထဲတောင် ခင်ဗျား နာမည် ပါမှာ မဟုတ်ဘူး။ အိမ်စေတစ်ယောက် ဖြစ်ပြီး သခင်ရဲ့ အနာဂတ်ကို မတွေးပေးဘူးဆိုတာ ယွမ်ရှူးရွှယ်ကို ဖျက်ဆီးနေတာပဲ"
"ရှေးဟောင်းမသေမျိုး အိမ်စေ... စစ်ဘုရင် ဆိုတာ တကယ်ပဲ..."
လူအများမှာ စိတ်ထဲမှ မချီးကျူးဘဲ မနေနိုင်ကြချေ။
ရှေးဟောင်းမသေမျိုးဆိုသည်မှာ မည်သည့်နေရာတွင်မဆို အဆင့်အတန်း အလွန်မြင့်မားသော တည်ရှိမှုများ ဖြစ်သည်။ သူတို့သည် 'အိမ်စေ' ဆိုသော စကားလုံးအပေါ် အာရုံမရောက်ဘဲ ထိုရှေးဟောင်းမသေမျိုး နှစ်ပါးသည် အလွန်တရာ နက်ရှိုင်းသော အင်အားများ ရှိကြမည်ကို ခန့်မှန်းမိကြသည်။
အဆင့် ၉ မသေမျိုး မဟုတ်လျှင် ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးများကို မည်သူက ခိုင်းစေနိုင်မည်နည်း။
"ကျီလင်တုန်း... အဖိုးမင်းက အိမ်စေဆိုပေမယ့် နင့်လိုကောင်က ငေါက်ငမ်းလို့ ရတဲ့သူ မဟုတ်ဘူး။ ငါ့ရဲ့သခင်က စစ်ဘုရင်၊ သခင်မလေးက ယွမ်မိန်းကလေးပဲ။ သခင်မလေး ဒီနေ့ ဘာပဲလုပ်လုပ် ငါက ထောက်ခံမယ်၊ လိုက်လုပ်ပေးမယ်။ မင်းမှာ ကန့်ကွက်စရာ ရှိနေလို့ သခင်မလေးက မင်းကို သတ်ခိုင်းမယ်ဆိုရင်လည်း ငါ ဝန်လေးမှာ မဟုတ်ဘူး"
အဘွားကြီးက ပြုံးလျက် ဆိုသည်။
အဘိုးအိုကလည်း ခေါင်းညိတ်ကာ
"မယုံရင် စမ်းကြည့်လို့ ရပါတယ်"
ကျီလင်တုန်းသည် ချက်ချင်းပင် ပါးစပ်ပိတ်သွားပြီး သူ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်ကိုမှ မပြတော့ပေ။
"နင်တို့ အချင်းချင်း အရင်တိုက်ကြည့်ကြပါလား။ ဘယ်သူနိုင်လဲဆိုတာ ကြည့်ပြီးမှ ငါတို့ကို ကြိုက်သလို စီရင်ပေါ့"
ရှန်ယွဲ့ကွမ်းက ဝင်၍ အကြံပေးလိုက်သည်။
"ရှန်ယွဲ့ကွမ်း... ဒီနေ့ နင် မသေဘူးလို့ တကယ် ထင်နေတာလား။စိတ်ဝိညာဥ်နယ်မြေက ရှန်လန့်ကျင်းထောင်ဟိုင် ရဲ့ နာမည်ကို ငါ ကြားဖူးတာ ကြာပြီ။ နောင်တစ်ချိန်ကျရင် ငါကိုယ်တိုင် မင်းဆီကို အရောက်လာခဲ့မယ်"
ကျီလင်တုန်းက ရှန်ယွဲ့ကွမ်းကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"ငါ့ရဲ့ နောက်ခံကိုတောင် စုံစမ်းထားပြီးပြီလား"
ရှန်ယွဲ့ကွမ်းမှာ အနည်းငယ် လန့်သွားပြီး ယဲ့ချင်းချူးတို့ကို ကြည့်လိုက်သည်။
"ဒီကောင့်တွေက သတင်းအချက်အလက်ပိုင်းမှာ ငါတို့ထက် မနိမ့်ဘူးပဲ"
"နင်ကလည်း အခုမှ ပြောနေရသလား၊ မဟုတ်ရင် ငါတို့ ဒီနေ့ ဒီလို အကွက်ထဲ တိုးပါ့မလား"
ယဲ့ချင်းချူးက မျက်စောင်းထိုးလိုက်သည်။
"ယွမ်ရှူးရွှယ်... နင့်မှာ အခွင့်အရေး ရှိသေးတယ်။ သူတို့ကို ဖမ်းလိုက်စမ်း၊ သူတို့ ကာကွယ်ပေးထားတဲ့သူကို ရှာထုတ်လိုက်။ နင်လုပ်တဲ့ လုပ်ရပ်က စည်းကမ်းနဲ့ မညီပေမယ့် အထက်က နင့်ကို ခွင့်လွှတ်ပေးမှာပါ။ မိုက်မဲစွာ ဇွတ်တရိုး မလုပ်ပါနဲ့တော့၊ နင့်မောင်လေး တစ်ယောက်တည်း အတွက်နဲ့ ငါတို့မျိုးနွယ်စုရဲ့ အရေးကြီးတဲ့ အလုပ်ကို မဖျက်ဆီးပါနဲ့"
ကျီလင်တုန်းက ယွမ်ရှူးရွှယ်ကို နောက်ဆုံးအကြိမ်အဖြစ် နားချရန် ကြိုးစားလိုက်သည်။
"သူတို့ကို သတ်ပစ်လိုက်"
ယွမ်ရှူးရွှယ်က ရုတ်တရက် အမိန့်ပေးလိုက်သည်။
နောက်တစ်စက္ကန့်တွင် အဆင့် ၇ ရှေးဟောင်းမသေမျိုး နှစ်ပါးမှာ ချက်ချင်းပင် လက်ပါလိုက်ကြသည်။
ကျီလင်တုန်းနှင့် အခြားသူများမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ အရှင်လတ်လတ် ရိုက်သတ်ခြင်း ခံလိုက်ရတော့သည်။
ဖန့်ချန်၏ မျက်လုံးထဲတွင်မူ ကျီလင်တုန်းတို့ သုံးယောက်အနီးတွင် ပုန်းအောင်းနေသော မော်ထျန်းဌာန မှ ယင်မသေမျိုး များမှာ အဆုံးအထိ ထွက်မလာဘဲ ကာကွယ်ပေးခြင်း မရှိခဲ့ချေ။
အဓိက အကြောင်းရင်းမှာ သူတို့သည် ရှေးဟောင်းမသေမျိုးများကို မယှဉ်နိုင်ခြင်းအပြင် ယွမ်ရှူးရွှယ်သည်လည်း နိုးကြားပြီးသား မိစ္ဆာမျိုးနွယ် ဖြစ်နေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
ကျီလင်တုန်းတို့ သေဆုံးသွားပြီးမှသာ ထိုယင်မသေမျိုးများက သူတို့၏ ဝိညာဉ်များကို သိမ်းဆည်းကာ အမြန်ဆုံး ထွက်ခွာသွားကြတော့သည်။
"ငါ့ရဲ့ စေတနာကို နင် မြင်ပြီလား"
ယွမ်ရှူးရွှယ်က ဝမ်ယဲ့ကို ကြည့်ကာ အေးဆေးစွာ မေးလိုက်သည်။