အခန်း (၇၄၁-၇၄၂)
Vol. 75 Ch. 741-742
အခန်း (၇၄၁) - မင်းလည်း ထပ်မမေးတော့ဘူးလား ၊ မီးခိုးအချက်ပြ ၊ ကျောင်းစောင့်နတ်များ ခမ်းနားစွာ ရောက်ရှိလာခြင်း
လီယန်ချူးသည် ဆောင့်ကြောင့်ထိုင်လျက် ထိုနွားခေါင်း၊ လူကိုယ်နှင့် နတ်ဘုရား၏ အမူအရာကို အနီးကပ် လေ့လာနေမိသည်။ သူ စိတ်ထဲမှ ရေရွတ်လိုက်သည်။
"ဇာတ်ကားတွေထဲက လူယုတ်မာတွေ မကောင်းမှုလုပ်ရင် ခေါင်းငုံ့ပြီး ဒီလိုမျက်နှာမျိုး လုပ်တတ်ကြတာ၊ တကယ်ပဲ အပြင်မှာလည်း ဒီလိုပါလား "
ထိုစဉ် ခါးတွင် ရွှေပတ်တီး ပတ်ထားသည့် ဓားလွယ်ထားသော လူမိုက်က အေးစက်စွာ မေးလိုက်သည်။
"ငါ့တပည့်တွေကို သတ်လိုက်တာ မင်းလား"
လီယန်ချူးက ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး ဘေးနားတွင် ကလေးကို ပိုက်ထားသော လင်းယားလန်ကို လက်ညှိုးထိုးပြကာ
"မင်းက ဒီအမျိုးသမီးကို လာရှာတာဆိုရင်တော့... ဟုတ်တယ်၊ ငါသတ်တာ ဖြစ်လိမ့်မယ်"
လူမိုက်က ရက်စက်စွာ ပြုံးလိုက်သည်
"ကောင်းပြီ... ဒါဆိုရင် မင်းရဲ့ ခေါင်းနဲ့ပဲ ငါ့တပည့်တွေကို ယဇ်ပူဇော်ရတော့မှာပေါ့ "
ချွန်း
သူသည် ခါးမှဓားကို ဆွဲထုတ်လိုက်သည်။ အရှိန်အဝါမှာ ထွားကျိုင်းလှပြီး အလွန်ပင် မောက်မာရိုင်းစိုင်းလှ၏။
ရုတ်တရက်
သူ့တစ်ကိုယ်လုံး ခါးလယ်ကနေ တိခနဲ ပြတ်ထွက်သွားသည်။
သွေးများ ပန်းထွက်လာ၏
သူ့ခန္ဓာကိုယ် နှစ်ပိုင်းကွဲသွားပြီးမှသာ သွေးများက ဒလဟော ပန်းထွက်လာခြင်း ဖြစ်သည်။ ဘေးနားရှိ လူသုံးယောက်မှာ တုန်လှုပ်ခြောက်ခြားသွားကြသည်။ ၎င်းတို့တင်မကဘဲ ရှစွေရွာသားများပါ မှင်တက်သွားကြရ၏။
"ဒါ... ဒါက ဘယ်လို ရက်စက်တဲ့ ဓားသိုင်းလဲ"
"အရမ်း ကြောက်စရာကောင်းတာပဲ "
ရှစွေရွာသားများသည် လူတစ်ယောက်ကို ခါးလယ်ကနေ တစ်ချက်တည်း တိခနဲ ဖြတ်ပစ်သည့် ထိုသို့သော ရက်စက်အေးစက်သည့် ဓားကွက်မျိုးကို တစ်ခါမှ မမြင်ဖူးကြချေ။ သူတို့ ကြောက်လန့်နေကြသော်လည်း အသက်ပင်မရှူဝံ့ဘဲ ထိုလူမိုက် ပြန်ထလာမလားဟု စောင့်ကြည့်နေမိကြသည်။
သို့သော် ထိုလူမိုက်မှာ လီယန်ချူး၏ ဓားအလင်း တစ်ချက်ဝင်းခနဲ ဖြစ်သွားချိန်ကတည်းက အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ ယခုအခါ သူသည် အသက်ပျောက်နေလေပြီ...။
မြန်လွန်းလှသဖြင့် ထိုလူသည် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသလားဟုပင် ထင်မှတ်ရပေသည်။
"ထက်မြက်လှတဲ့ ဓားစွမ်းအားပဲ။ မင်းကို တာအိုဂိုဏ်းက တပည့်လို့ ထင်ထားတာ၊ မထင်မှတ်ဘဲ သိုင်းလောကက လူဖြစ်နေတာကိုး"
ဆံပင်ဖြူ အဘိုးအိုက အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။ စကားပြောနေရင်းမှာပင် သူ၏ ပုံရိပ်မှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီး လီယန်ချူး၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။
ရုပ်ပြောင်းကိုယ်ခွဲ အတတ်
ဤသူ၏ အရှိန်အဝါမှာ ကိုယ်တွင်း၌ ငုပ်လျှိုးနေသော်လည်း မျက်ဝန်းအစုံမှာမူ စူးရှလှသည်။ သူ၏ သွေးစွမ်းအင်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သိုင်းပညာရှင်အဆင့် နှင့်ပင် မလှမ်းမကမ်းတွင် ရှိနေသည်။
သာမန် ဗုဒ္ဓဘာသာ သို့မဟုတ် တာအိုကျင့်ကြံသူများသာဆိုလျှင် သတိမထားမိပါက သူ့ကို အနီးကပ် အချဉ်ခံရပြီး လက်ဖဝါးရိုက်ချက်အောက်တွင် အသက်ပျောက်သွားနိုင်ပေသည်။
သူသည် လီယန်ချူးရှေ့သို့ ရောက်လာသော်လည်း ထိုလူငယ် တာအိုဆရာ၏ တည်ငြိမ်လှသော မျက်ဝန်းများကို မြင်လိုက်ရသည့်အခါ ရင်ထဲတွင် အနည်းငယ် လေးလံသွားသည်။
ဆံပင်ဖြူအဘိုးအိုက ဟောက်လိုက်ရင်း သူ၏ ကိုယ်တွင်းမှ ပြင်းထန်လှသော အတွင်းအား များကို လှုံ့ဆော်ကာ လက်ဖဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ လက်ဖဝါးရိုက်ချက်၏ ဖိအားမှာ သမုဒ္ဒရာလှိုင်းလုံးကြီးများအလား ပြင်းထန်လှသဖြင့် အသက်ရှူပင် ကျပ်သွားစေသည်။
"ဒီအဘိုးကြီး သိုင်းလောကမှာ ကျင်လည်ခဲ့တာ နှစ်ပေါင်း ၆၀ ရှိပြီ၊ မင်းလို လူငယ်ထူးချွန်တပည့်မျိုး တစ်ခါမှ..."
ဓားအလင်း တစ်ချက် ဝင်းခနဲ
ဆံပင်ဖြူအဘိုးအို သေဆုံးသွားလေပြီ
သူသည် အလွန်အေးချမ်းစွာ ထွက်ခွာသွားရရှာသည်။ သူ၏ နာမည်ကိုပင် မပြောလိုက်ရသလို၊ သူ၏ ကြီးကျယ်ခမ်းနားလှသော အတိတ်ကြောင်းများကိုလည်း ကြွားလုံးထုတ်ခွင့် မရလိုက်ပေ...။
ထိုစဉ် အနက်ရောင်ဝတ်စုံဝတ် လူနှစ်ယောက်မှာ လေပေါ်တွင် ရောက်နေကြဆဲ ဖြစ်သည်။ သူတို့သည် ထိုအဘိုးအိုနှင့် ပူးပေါင်း၍ လီယန်ချူးကို တစ်ချက်တည်းဖြင့် ဖမ်းဆီးရန် ကြံစည်ထားကြခြင်း ဖြစ်သည်။ လေပေါ်တွင် ရှိနေစဉ် သူတို့၏ ကြွက်သားများမှာ ဖောင်းကြွလာပြီး တစ်လံကျော်မျှ မြင့်မားသော သတ္တဝါကြီးများအဖြစ် ပြောင်းလဲသွားကြသည်။ သူတို့၏ နားထင်တွင် ဝါဂွမ်းရောင်အဆောင်များ ကပ်ထားကြသည်။
နတ်ဝင်သည်အတတ်
သို့သော် ဓားအလင်း တစ်ချက်အတွင်းမှာပင် အတွင်းအား အထွတ်အထိပ် ရောက်နေသော ပညာရှင်ကြီး အသတ်ခံလိုက်ရသဖြင့် လေပေါ်မှ ထိုနှစ်ယောက်မှာ ရှေ့ဆက်ရမလို၊ နောက်ဆုတ်ရမလိုဖြင့် ခက်ခဲသွားကြသည်။
ချွန်း
လီယန်ချူး၏ ခါးမှ ကျန့်ကျောင်ဓား သည် နှစ်လက်မခန့် အိမ်ထဲမှ ထွက်လာသည်။ ဓားအလင်း တစ်ချက် ဝင်းခနဲ ဖြစ်သွားပြန်ရာ အနက်ရောင်ဝတ်စုံဝတ် နှစ်ယောက်စလုံး၏ ဒူးနှစ်ဖက်မှာ တိခနဲ ပြတ်ထွက်သွားပြီး သွေးများ ဒလဟော စီးကျလာတော့သည်။ သူတို့ နားထင်မှ အဆောင်စာရွက်များမှာလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားလေပြီ။
"ဒီနေရာမှာ မိစ္ဆာတွေ မရှိတော့ဘူးလို့ ထင်နေတာ၊ ဘာလို့ သိုင်းလောကသားတွေပဲ ဖြစ်နေရတာလဲ"
လီယန်ချူးက သက်ပြင်းချရင်း ဆိုသည်။
"အား... အား... အား"
အနက်ရောင်ဝတ်စုံဝတ်များမှာ နာကျင်လွန်းသဖြင့် အသည်းခိုက်အောင် အော်ဟစ်နေကြသည်။ မိမိတို့၏ နတ်ဝင်ပူးအတတ်မှာ ခဏချင်းအတွင်း ခြေဖျက်ခံလိုက်ရလိမ့်မည်ဟု သူတို့ အိမ်မက်ထဲတောင် ထည့်မမက်ဖူးချေ။
"ငါ တစ်ခါပဲ မေးမယ်... မင်းတို့က ဘယ်သူတွေလဲ၊ သူ့ကို ဘာလို့ ဖမ်းချင်တာလဲ"
လီယန်ချူးက အနက်ရောင်ဝတ်စုံဝတ် တစ်ဦး၏ ရှေ့သို့ ရောက်လာသည်။
"ငါ့ဆီက ဘာသတင်းမှ ရမယ် မမှတ်နဲ့"
တစ်ဦးက လည်ပင်းကို ဆန့်ကာ လီယန်ချူးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ဝုန်း
လီယန်ချူးက ခြေတစ်ချက်ဖြင့် နင်းချလိုက်ရာ ထိုသူ၏ ခေါင်းမှာ ပေါက်ကွက်သွားတော့သည်။ ဦးနှောက်များ မြေပြင်အနှံ့ လွင့်စင်သွားပြီး မြေကြီးမှာပင် အက်ကြောင်းများ ထင်ကျန်ရစ်သည်။
ကျန်ရှိနေသော အနက်ရောင်ဝတ်စုံဝတ်မှာ
"............"
ဒီလောက် ပြတ်သားတာလား တကယ်ပဲ တစ်ခါတည်း မေးတာလား နောက်တစ်ခါ၊ နှစ်ခါလောက် ထပ်မေးရင် ပြောပြမှာပေါ့ ဒါက စည်းကမ်းနဲ့ မညီဘူးလေ။
"မင်းကော မပြောဘူးလား"
လီယန်ချူးက ကျန်တစ်ယောက်ကို ကြည့်လိုက်သည်။
ဒူးနှစ်ဖက် ပြတ်နေသဖြင့် မျက်နှာမှာ နာကျင်မှုကြောင့် ပုံပျက်နေသော ထိုသူသည် ချွေးစေးများ ပြန်နေရင်းမှပင် အတင်းအကျပ် ပြုံးပြလိုက်ကာ
"ကျွန်တော်မျိုးက ပိုင်ကျီမိစ္ဆာနိုင်ငံတော်ရဲ့ လောကီကိုယ်စားလှယ်ပါ။ ကျွန်တော်တို့လည်း အထက်က အမိန့်အရ ဒီအမျိုးသမီးကို လာဖမ်းတာပါ၊ အကြောင်းအရင်းကိုတော့ ကျွန်တော် တကယ်ပဲ မသိပါဘူး"
ပိုင်ကျီ မိစ္ဆာနိုင်ငံတော်... လီယန်ချူး အံ့အားသင့်သွားသည်။ ပိုင်ကျီ မိစ္ဆာနိုင်ငံတော်က မိစ္ဆာမျိုးနွယ်တွေကိုပဲ စုဆောင်းတာ မဟုတ်ဘူးလား အခုတော့ လူသားတွေကိုပါ စုဆောင်းပြီး 'လောကီကိုယ်စားလှယ်' ဆိုတဲ့ နာမည်တပ်ထားတာလား။ အလုပ်တွေ အရမ်းများလာတာလား၊ ဒါမှမဟုတ်... လူအင်အား မလောက်တော့တာလား။
သူ ထိုသူကို ထပ်မံ စစ်မေးရန် ပြင်လိုက်စဉ်မှာပင် မထင်မှတ်ဘဲ ထိုသူ၏ မျက်လုံး၊ ပါးစပ်နှင့် နှာခေါင်းပေါက်များအတွင်းမှ အနက်ရောင် မီးလျှံများ ပေါက်ကွဲထွက်လာသည်။ တစ်ခဏအတွင်းမှာပင် သူသည် ပြာပုံဘဝသို့ ရောက်ရှိသွားပြီး မြေပြင်ပေါ်တွင် လူပုံသဏ္ဌာန် ပြာစများသာ ကျန်ရစ်တော့သည်။
"ချုပ်နှောင်မှော်အတတ် ပဲ..."
လီယန်ချူး မျက်မှောင်ကြုတ်မိသည်။
ထိုစဉ် နွားခေါင်း၊ လူကိုယ်နှင့် သစ်သားနတ်ဘုရားမှာ မြေပြင်ပေါ်တွင် ဝပ်စုံနေဆဲပင်။ ခုနက အနက်ရောင်ဝတ်စုံဝတ် နှစ်ယောက်မှာ သူ့ထက် ဆယ်ဆမျှ အစွမ်းထက်သော်လည်း ဤလူငယ် တာအိုဆရာ၏ လက်ထဲတွင် အလွယ်တကူ အသတ်ခံလိုက်ရသည်ကို မြင်သည့်အခါ သူ၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်။
ဒီလောက်အစွမ်းထက်တဲ့သူကို ငါလူခေါ်ထားတာ တကယ်ပဲ အလုပ်ဖြစ်ပါ့မလား။
ကံဆိုးတာက သူကိုင်ထားတဲ့ သတင်းပို့နည်းလမ်းက အခြေခံအကျဆုံးဖြစ်လို့ လူခေါ်ရုံပဲ ရတာဖြစ်သည်။ အသေးစိတ် အချက်အလက်တွေကို မပို့နိုင်ပေ။ မီးခိုးအချက်ပြ လိုပဲ၊ မင်းက မီးထွန်းလိုက်ရင် တခြားသူတွေက လာကြလိမ့်မယ်။
"ရန်သူက အရမ်းကြမ်းတယ်၊ မလာကြနဲ့ " လို့ စာရေးပို့လို့ မရဘူးလေ။
"နွားကလေး... မင်း တော်တော် တုန်လှုပ်နေပါလား"
လီယန်ချူး၏ မျက်နှာမှာ နွားခေါင်းနတ်ဘုရား၏ ရှေ့မှောက်သို့ ထပ်မံ ရောက်ရှိလာပြန်သည်။
"..." နွားခေါင်းနတ်ဘုရား။
မင်းက ဘာလို့ အမြဲတမ်း ဒီလောက် ခြေရာလက်ရာမပြဘဲ ပေါ်လာရတာလဲ။
"တာအိုဆရာက တကယ်ပဲ တရားမျှတမှုကို မြတ်နိုးပြီး မကောင်းမှုကို နှိမ်နင်းတာပဲ၊ ကျွန်တော်တို့ ရွာသားတွေအတွက် ကံကောင်းခြင်းပါပဲ "
ထိုအမျိုးသားကြီး (လျို) က ဖားကာ ပြောလိုက်သည်။
လီယန်ချူးက သူ့ကို အေးစက်စွာ ကြည့်လိုက်သည်
"တစ်ကိုယ်လုံး သွေးညှီနံ့တွေနဲ့၊ ဝိညာဉ်ဆိုးတွေ ကိုယ် ကပ်ငြိ နေတာပဲ။ မင်းလက်ထဲမှာ သေခဲ့တဲ့ လူအသက် အနည်းဆုံး ၁၀ ယောက်မက ရှိတယ်။ နတ်ဘုရားကို ကိုးကွယ်ပြီး ဒီလောက်အထိ ယုတ်မာနေတဲ့ မင်းလိုကောင်မျိုးဟာ သေသင့်တယ် "
အမျိုးသားကြီး၏ မျက်နှာမှာ ချက်ချင်း ပျက်သွားသည်။
"တာအိုဆရာ ဘာတွေပြောနေတာလဲ၊ ကျွန်တော် နားမလည်ပါဘူး "
လီယန်ချူးက ခနဲ့သလို ပြုံးလိုက်ပြီး နွားခေါင်းနတ်ဘုရားဘက်သို့ လှည့်ကာ
"ခုနက မင်းပြောတော့ မင်းက မကောင်းတာ မလုပ်ဘူးဆို၊ မင်းကိုယ်ပေါ်က နာကျည်းနေတဲ့ ဝိညာဉ်တွေက ဘာလဲ မင်းတို့တွေ အားလုံးက တစ်အုပ်စုတည်းပဲ "
"နတ်မင်းကြီး... ကျွန်တော် လုပ်တာ မဟုတ်ပါဘူး ဒါတွေအကုန်လုံးက ဒီ လျို ဆိုတဲ့ကောင်က ကျွန်တော့်နာမည်ကို သုံးပြီး လုပ်ခဲ့တာပါ၊ ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး"
နွားခေါင်းနတ်ဘုရားက အမြန် ဆင်ခြေပေးသည်။
"..." လျို။
လီယန်ချူးသည် ခုနက ဘေးနားမှ အားလုံးကို မြင်တွေ့ခဲ့ပြီးဖြစ်သည်။ အကယ်၍ သူသာ ရောက်မလာလျှင် ထိုလင်မယားမှာ ရိုက်သတ်ခံရနိုင်ခြေ ရှိသည်။ အရှိန်အဝါကြည့်အတတ် မသုံးဘဲကြည့်လျှင်ပင် ဤသူများ မည်မျှ ရက်စက်ယုတ်မာသည်ကို သိနိုင်သည်။
သူ ဝိညာဉ်အမြင်ဖြင့် ကြည့်လိုက်သည့်အခါ ဝဋ်ကြွေးနှင့် ဝိညာဉ်ဆိုးများက သူတို့ကို ရစ်ပတ်နေပြီး ယုတ်မာမှုများစွာ ပြုလုပ်ထားကြောင်း အထင်အရှား မြင်ရသည်။
ရုတ်တရက် လီယန်ချူးသည် ပတ်ဝန်းကျင်မှ အရှိန်အဝါ ဒါဇင်ဝက်ခန့် ဤနေရာသို့ ဦးတည်လာနေသည်ကို အာရုံရလိုက်သည်။ သူက အေးစက်စွာ ပြုံးရင်း
"ရောက်လာကြပြီလား"
ရှပ် ရှပ် ရှပ်
ဓားအလင်းများ ဝင်းခနဲ
ထို လျို နှင့် သူ၏ ရက်စက်လှသော လူမိုက်နှစ်ယောက်၊ ထို့ပြင် ထိုနွားခေါင်းနတ်ဘုရားပါ တစ်ပြိုင်နက်တည်း အသတ်ခံလိုက်ရသည်။
ဤကဲ့သို့ ပြတ်သားလှသော သတ်ဖြတ်မှုကြောင့် လင်းယားလန်မှာ အသက်ရှူပင် ကျပ်သွားရသည်။ ရွာသားများမှာမူ စိတ်ထဲတွင် ကျေနပ်သွားကြသော်လည်း မျက်နှာတွင်မူ ကြောက်ရွံ့မှုများ ရှိနေဆဲပင်။
"တာအိုဆရာ... အမြန်ပြေးပါတော့။ ခင်ဗျားက ဒီနတ်ဆရာနဲ့ ငါတို့ရွာက နတ်ဘုရားကို သတ်လိုက်ပြီဆိုတော့ ဘေးနားက ရွာတွေက ကျောင်းစောင့်နတ်တွေ အကုန်လုံး ရောက်လာကြတော့မယ်။ အခု ပြေးရင် အချိန်မီပါသေးတယ် "
သမီးကို ကာကွယ်ရင်း သွေးအန်နေအောင် အရိုက်ခံထားရသည့် ဖခင်ဖြစ်သူက ပြောရှာသည်။
"ဟုတ်ပါတယ် တာအိုဆရာ၊ အမြန်သွားပါတော့။ ခင်ဗျားက ငါတို့ရွာအတွက် အန္တရာယ်ကြီးတစ်ခုကို ဖယ်ရှားပေးခဲ့တာမို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီမှာ ဆက်နေရင် ဘေးသင့်ပါလိမ့်မယ် "
"အဲဒီ ကျောင်းစောင့်နတ်တွေက အရမ်းရက်စက်တာ၊ နှစ်တိုင်း လူသားတွေကို စားသောက်ပြီး ပူဇော်ခိုင်းတာ။ တာအိုဆရာ တစ်ယောက်တည်းနဲ့ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး "
ဘေးနားမှ စိတ်ကောင်းရှိသော ရွာသားအချို့ကလည်း စိုးရိမ်တကြီး သတိပေးကြသည်။
ရုတ်တရက်
လေထုကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
သစ်သားဖြင့် ထုလုပ်ထားသော၊ မြေဖြင့် ပြုလုပ်ထားသော ကျောင်းစောင့်နတ်ပေါင်း ဆယ်ဂဏန်းခန့်မှာ ကွင်းပြင်တွင် တစ်ပြိုင်နက်တည်း ပေါ်လာကြလေပြီ။
အခန်း (၇၄၂) - ပြင်းထန်လှသော ယန်မီးလျှံ ၊ မင်းက တကယ်တော့ ဘယ်သူလဲ ၊ကျောက်စိမ်းအဆောင်
လီယန်ချူးသည် တည်ငြိမ်စွာ ဝေ့ကြည့်လိုက်ရာ ၎င်းတို့အားလုံးမှာ ဝိညာဉ်သရဲများသာ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
သို့သော် ၎င်းတို့သည် လူသားတို့၏ ကိုးကွယ်ပူဇော်မှု အမွှေးတိုင်မီးခိုး ကို ခံယူထားကြသဖြင့် တရားဝင် ဓမ္မကိုယ်ထည် များ ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။
ထိုရွှံ့ရုပ်၊ သစ်သားရုပ်တုများထဲတွင် အစွမ်းအထက်ဆုံး သုံးလေးဦး ပါဝင်သည်။ ၎င်းတို့အနက် တစ်ဦးမှာ မြွေကိုယ်ထည်နှင့် လှပသော အမျိုးသမီးဦးခေါင်းရှိသည့် ရွှံ့ရုပ်ကျောင်းစောင့်နတ်ဖြစ်ပြီး အေးစက်သော အရှိန်အဝါများ ထွက်ပေါ်နေကာ ပါးစပ်မှ မြွေလျှာကို တထုတ်ထုတ် လုပ်နေသည်။
နောက်တစ်ဦးမှာမူ ထူးဆန်းသော ကြေးတူကြီးကို ကိုင်ဆောင်ထားပြီး ရှေးဟောင်းချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် အရပ်မြင့်မြင့် လူ့ဘီလူးကြီး ဖြစ်သည်။
"ဒီ ဆရာသခင်ချန် ဆိုတဲ့လူကတော့ စိတ်ဝင်စားစရာပဲ၊ ဒီလောက်များပြားလှတဲ့ ရွှံ့ရုပ်၊ သစ်သားရုပ်တွေကို ဘယ်ကနေများ စီစဉ်ထားတာပါလိမ့် "
ဟု လီယန်ချူး စိတ်ထဲမှ တွေးလိုက်သည်။
"မင်းက နွားခေါင်းကို သတ်လိုက်တာလား "
ထိုမြွေလှမင်းသမီးက အေးစက်စွာ မေးလိုက်ရာ သူမ၏ မြွေလျှာမှာလည်း မတည်မငြိမ် ထွက်ပေါ်နေသည်။ ထိုရွှံ့ရုပ်၊ သစ်သားရုပ်တုများထံမှ ပြင်းထန်လှသော အရှိန်အဝါများ ထွက်ပေါ်လာပြီး လီယန်ချူးကို ဖိနှိပ်ရန်အတွက် ကောင်းကင်ယံမှ လွှမ်းခြုံလာတော့သည်။
"သာမန် လူသားတစ်ယောက်က နတ်ဘုရားကို စော်ကားတယ်ပေါ့ သေဒဏ်ပေးရမယ် "
"နတ်ဘုရား"
"မင်းတို့လို ကောင်တွေနဲ့ တန်သလား"
လီယန်ချူး၏ အသံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းထွက်သွားသည်။ ဤရွှံ့ရုပ်၊ သစ်သားရုပ်တုများ၏ ကိုယ်ပေါ်တွင် နာကျည်းမှု ဝဋ်ကြွေးများ ရစ်ပတ်နေကြရာ ၎င်းတို့မှာ မကောင်းမှုပြုနေသည့် မိစ္ဆာနတ်ဆိုးများသာ ဖြစ်ကြောင်း ထင်ရှားလှသည်။
ဝူး
သူ၏ ပါးစပ်အတွင်းမှ ယန်မီးလျှံတစ်ချက် မှုတ်ထုတ်လိုက်ရာ ပြင်းထန်လှသော မီးတောက်ကြီးမှာ ထိုကျောင်းစောင့်နတ်နှင့် မိစ္ဆာနတ်များဆီသို့ ကောင်းကင်တစ်ခွင် လွှမ်းခြုံကာ ပြေးဝင်သွားတော့သည်။
မဟာနေမင်း ကောင်းကင်လောင်ကျွမ်းခြင်း
တစ်ခဏအတွင်းမှာပင် မီးခိုးများ ကောင်းကင်သို့ ထိုးတက်သွားပြီး တလိမ့်လိမ့် တက်လာသော ယန်မီးလျှံ ရေလှိုင်းကြီးများမှာ ထိုရွှံ့ရုပ်၊ သစ်သားရုပ် မိစ္ဆာနတ်အုပ်စုကို ဝါးမျိုသွားတော့သည်။
မီးလျှံများ ပျောက်ကွယ်သွားသည့်အခါ မြေကမ္ဘာမှာ သန့်ရှင်းသွားပြီး လေထုပင် လန်းဆန်းလာတော့သည်။ အနီးနားရှိ ရွှံ့ရုပ်မိစ္ဆာနတ်အားလုံးမှာ လီယန်ချူး၏ ပြင်းထန်လှသော ယန်မီးလျှံတစ်ချက်တည်းဖြင့် ပြာကျသွားခဲ့လေပြီ။
တိတ်ဆိတ်သွားသည်
သေခြင်းတရားကဲ့သို့ တိတ်ဆိတ်သွားသည်။
ရှစွေရွာသားများမှာ ထိုလူငယ် တာအိုဆရာကို အံ့အားသင့်တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။ ထိုစဉ် ကောင်းကင်ယံမှ မိုးခြိမ်းသံကြီး တစ်ချက် ကြားလိုက်ရပြီး လူတစ်ယောက်သည် မင်္ဂလာတိမ်တိုက်ကို စီးနင်းလျက် ရောက်ရှိလာသည်။
ထိုသူမှာ အရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားတစ်လက် လွယ်ထားသည်။ သူ၏ ကိုယ်ပေါ်တွင် ကိုးကွယ်မှုအရှိန်အဝါ များဖြင့် ပြုလုပ်ထားသော ပိုးဝတ်ရုံစများ လွင့်ပျံနေ၏။
"ဒေါသကလည်း ကြီးလှချည်လား၊ လက်ကလည်း အရမ်း ရက်စက်တာပဲ မင်း ဒီဒေသက နတ်ဘုရားတွေကို အကုန်သတ်လိုက်တာ၊ ကောင်းကင်ဘေးသင့်ပြီး မိုးကြိုးအချက် ၁၀၀ ပစ်ခံရမှာ မကြောက်ဘူးလား "
ထိုသူသည် မင်္ဂလာတိမ်တိုက်ပေါ်မှ ဆင်းသက်လာကာ စကားတစ်ခွန်း ပြောလိုက်သည်နှင့် ရှစွေရွာသားများမှာ မြေပြင်ပေါ်တွင် ဝပ်စုံ၍ ဒူးထောက်လိုက်ကြရသည်။ ပြင်းထန်လှသော ဖိအားကြောင့် သူတို့မှာ ခေါင်းပင် မဖော်ဝံ့ကြချေ။
"ဒီလောက်များတဲ့ မိစ္ဆာနတ်တွေကို စီစဉ်ပြီး ကိုးကွယ်မှုစွမ်းအားတွေ စုဆောင်းတယ်၊ လူသတ်ပြီး အသက်တွေကို ရယူနေတယ်၊ ဒါတောင် ငါ့ကို မိုးကြိုးပစ်မယ်လို့ ပြောရဲသေးတာလား "
လီယန်ချူးက အေးစက်စွာ ပြုံးလိုက်သည်။
"ရဲတင်းလှချည်လား "
"နတ်ဘုရားအကြောင်းကို မိုက်မိုက်ရိုင်းရိုင်း ပြောဝံ့တယ်ပေါ့ "
ထိုအရာရှိဝတ်စုံဝတ်၊ တိမ်တိုက်စီး နတ်ဘုရားက အော်ဟစ်လိုက်သည်။
"နတ်ဘုရား အယောင်ဆောင်နေတာ "
လီယန်ချူး၏ အသံမှာ မိုးခြိမ်းသံအလား ဟိန်းထွက်သွား၏။
"ယန်စွမ်းအား မိုးကြိုးငါးသွယ်၊ လောကရဲ့ တရားဥပဒေ သတ်စမ်း "
ဝုန်း... ဝုန်း
ကောင်းကင်မှ မိုးကြိုးများ ဝုန်းခနဲ ပစ်ချလိုက်သည်။ ထိုတိမ်တိုက်စီး ဓားလွယ်နတ်ဘုရားမှာ လီယန်ချူးက ပြောပြောဆိုဆိုနှင့် ချက်ချင်း တိုက်ခိုက်လိမ့်မည်ဟု မထင်ထားသလို၊ ထုတ်ဖော်လိုက်သည့် မိုးကြိုးမှော်အတတ်မှာလည်း ဤမျှ ကြီးကျယ်ခမ်းနားလိမ့်မည်ဟု မမျှော်လင့်ထားပေ။
မိုးကြိုးအတတ်မှာ လောကတွင် အပြုသဘောဆောင်သော အစွမ်းအထက်ဆုံးဖြစ်ရာ မိစ္ဆာများနှင့် အမှောင်ထုများကို သတ်ဖြတ်ရန် သီးသန့်ဖြစ်ပေသည်။
ရွာသားများမှာ မျက်စိရှေ့တွင် အဖြူရောင်အလင်းတန်းကြီး လွှမ်းသွားသဖြင့် ဘာမှ မမြင်ရတော့ပေ။ အလင်းများ ပျောက်ကွယ်သွားပြီး မြင်ကွင်းပြန်လည် ရှင်းလင်းလာသည့်အခါတွင်မူ ထိုတိမ်တိုက်စီး ဓားလွယ်နတ်ဘုရားမှာ ပျောက်ကွယ်သွားလေပြီ။ မိုးကြိုးငါးသွယ်၏ ဒဏ်ကြောင့် လုံးဝ ခြေမှုန်းခံလိုက်ရခြင်း ဖြစ်သည်။
လီယန်ချူးသည် တောင်တန်းကြီးဆီသို့ လှမ်းကြည့်ကာ မိုးခြိမ်းသံကဲ့သို့ အော်ဟစ်လိုက်သည်။
"ခေါင်းမြီးခြုံပြီး ပုန်းမနေနဲ့ ကိုယ်ပွားတစ်ခုကို လွှတ်ပြီး ငါ့ကို လှည့်စားလို့ရမယ် ထင်နေတာလား ငါ့ရှေ့ကို အခုချက်ချင်း ထွက်လာစမ်း "
လောကအနှံ့ မိုးခြိမ်းသံများ တလိမ့်လိမ့် မြည်ဟီးသွားသကဲ့သို့ လီယန်ချူး၏ အသံမှာ မိုင်ပေါင်းများစွာအထိ ပျံ့နှံ့သွားသည်။
ဝုန်း... ဝုန်း
ရှန်းကျိတောင် အတွင်းရှိ ဂူဗိမာန်တစ်ခုထဲတွင် ရှေးဟောင်းဝတ်စုံဝတ် ကျင့်ကြံသူတစ်ဦးမှာ တစ်ကိုယ်လုံး တုန်တက်သွားသည်။ သူသည် လီယန်ချူးထံမှ ကြီးမားလှသော အရှိန်အဝါကို အာရုံခံမိလိုက်ပြီး မော့ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာသည်။
"ဘယ်လောက်တောင် အားကောင်းတဲ့ ဝိညာဉ် ပါလိမ့် "
သူ၏ ကိုယ်ပွားမှာ လီယန်ချူး၏ မိုးကြိုးငါးသွယ်ဖြင့် တိုက်ရိုက်အသတ်ခံလိုက်ရသဖြင့် သူ၏ စိတ်နှလုံး တွင် အက်ကြောင်းတစ်ခု ပေါ်သွားသည်။
လီယန်ချူးသည် ယခုအခါ နှစ်ပေါင်း ၂၀၀၀ ကျော် ကျင့်စဉ်သက်တမ်း ရှိထားရာ ဝိညာဉ်စွမ်းအားမှာ အလွန်တရာ ကြီးမားလှသည်။ ခုနက ဝိညာဉ်စွမ်းအားဖြင့် တစ်ချက် ဝေ့ကြည့်လိုက်ရုံနှင့် ရှန်းကျိတောင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ထို့နောက်တွင်မူ ထူးခြားသော အရှိန်အဝါတစ်ခုကို သူ တွေ့ရှိလိုက်ရသည်။
"မင်းကို တွေ့ပြီ "
လီယန်ချူး၏ မျက်ဝန်းတွင် အေးစက်လှသော လူသတ်ငွေ့များ ဖြတ်ပြေးသွားပြီး ခြေတစ်လှမ်း လှမ်းလိုက်ကာ ကောင်းကင်သို့ ပျံတက်သွားတော့သည်။ သူ၏ ပတ်ဝန်းကျင်တွင် နတ်ဆိုးကင်းစင်သော အရှိန်အဝါများ ရစ်ပတ်နေပြီး ကောင်းကင်ယံတွင် အလင်းတန်းတစ်ခုအလား ပျံသန်းသွားသည်။
လင်းယားလန် - "..."
ရှစွေရွာသားများ - "..."
သူတို့မှာ မည်သို့မျှ မထင်ထားခဲ့ကြပေ။ ဤလူငယ် တာအိုဆရာမှာ တိမ်တိုက်စီးပြီး ပျံသန်းနိုင်သည့် လူသားနတ်ဘုရား တစ်ဦး ဖြစ်နေလိမ့်မည်ဟု။
"ဒီလောက် ငယ်ငယ်လေးနဲ့ နတ်ဘုရားဖြစ်နေတာလား "
လင်းယားလန်သည် လီယန်ချူး ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း အသက်ရှူများ မြန်လာကာ မျက်ဝန်းထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ပေါ်လာသည်။
ရှန်းကျိတောင်မှာ ပြောရလျှင် သိပ်မကြီးလှပေ။ လီယန်ချူးသည် ဝိညာဉ်အသိဖြင့် ထိုထူးခြားသော အရှိန်အဝါကို တွေ့ရှိပြီးနောက် တိမ်တိုက်စီးအတတ်ကို သုံးကာ စက္ကန့်ပိုင်းအတွင်း ဂူဗိမာန်ရှေ့သို့ ရောက်ရှိသွားသည်။
ထိုဂူဗိမာန်၏ အပြင်ဘက်မှာ ကျောက်တောင်နံရံတစ်ခုဟု ထင်ရသော်လည်း ၎င်းမှာ သာမန်လူသားများ မမြင်နိုင်စေရန် ဖုံးကွယ်ထားသော မှော်အတတ် သာ ဖြစ်သည်။
ထို့ကြောင့်လည်း ရှန်းကျိတောင်တွင် နတ်အလင်းများ ထွက်ပေါ်နေသော်လည်း နတ်ဘုရားများ၏ ခြေရာလက်ရာကို မည်သူမျှ မတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ လူသားတို့၏ သာမန်မျက်စိဖြင့် ဤဖုံးကွယ်ထားသော မှော်အတတ်ကို မခွဲခြားနိုင်သောကြောင့်ပင်။
ဝုန်း
လီယန်ချူးက လက်ဖဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ပြင်းထန်လှသော ချီ စွမ်းအား များက ထိုဂူဗိမာန်ကို တစ်ခဏချင်းအတွင်း ဖြိုချလိုက်သည်။
နတ်အရှိန်အဝါများ တလက်လက် တောက်ပနေပြီး ဓားလွယ်ထားသော နတ်ဘုရားတစ်ဦးသည် လီယန်ချူးကို အေးစက်စွာ စိုက်ကြည့်နေသည်။
"မင်းက တကယ်တော့ ဘယ်သူလဲ ဘာလို့ ဒီကိစ္စတွေကို လာဝင်ရှုပ်နေတာလဲ "
"ငါက မင်းအဖေပဲ"
လီယန်ချူးက အေးစက်စွာ အော်ဟစ်လိုက်ပြီး ကိုယ်ရောင်ဖျောက်ကာ ပျောက်ကွယ်သွားသည်။
"..." ဓားလွယ်နတ်ဘုရား
လီယန်ချူး ပြန်လည်ပေါ်လာသည့်အခါ ထိုဓားလွယ်နတ်ဘုရား၏ ရှေ့တည့်တည့်သို့ ရောက်နေပြီး လက်သီးဖြင့် ထိုးနှက်လိုက်သည်။ သူ၏ ကျောပြင်တွင် ကြီးမားလှသော ပုံရိပ်ယောင်ကြီးတစ်ခု ထွက်ပေါ်လာသည်။
သိုင်းပညာ အပြင်ပန်းပုံရိပ်
ဝုန်း
တောင်ထိပ်ကြီးမှာ တိုက်ရိုက် ဖြိုချခံလိုက်ရသည်။
ဓားလွယ်နတ်ဘုရား၏ မျက်ဝန်းများမှာ အေးစက်သွားပြီး ဓားစွမ်းအင်များ ထွက်ပေါ်လာကာ ဓားကို ဆွဲထုတ်၍ လီယန်ချူးဆီသို့ ခုတ်ပိုင်းလိုက်သည်။ အဆင့်အတန်းရှိတဲ့ လူတွေပဲလေ၊ အရင် ဆွေးနွေးလို့ မရဘူးလား။
လီယန်ချူး၏ ရိုင်းစိုင်းပြီး ကျိုးကြောင်းမဆင်ခြင်သည့် ပုံစံကြောင့် သူ အလွန် ဒေါသထွက်သွားသည်။
သာမန်လူသား အနည်းငယ်ကို သတ်တာလောက်နဲ့ ဒီလောက်အထိ ဒေါသကြီးစရာ လိုသလား။
လီယန်ချူးက နောက်ထပ် လက်သီးတစ်ချက် ထပ်ထိုးလိုက်ပြန်သည်။ သူ၏ ကိုယ်ပေါ်တွင် ယန်မီးလျှံ သုံးခု တောက်လောင်လာပြီး ဦးခေါင်းထက်တွင် တောက်ပလှသော နေမင်းကြီးတစ်စင်း တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ပြင်းထန်လှသော သွေးစွမ်းအင်များက လောကတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
အနီရောင်အလင်းတန်းများက ရှန်းကျိတောင် တစ်ခုလုံးကို ချက်ချင်း လင်းထိန်သွားစေသည်။
ဝုန်း
လက်သီးချက်ကြောင့် ကောင်းကင်ယံမှ ဓားစွမ်းအင်များ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။ ထိုနတ်ဘုရား၏ လက်ထဲမှ ဓားရှည်မှာလည်း ပျောက်ကွယ်သွားပြီး ကိုယ်ပေါ်မှ ကိုးကွယ်မှုစွမ်းအား ပိုးဝတ်ရုံစများမှာလည်း ပြတ်တောက်ကုန်သည်။ သူသည် တောင်ကုန်းများကြားတွင် လဲကျသွားပြီး လက်ခြေများ ပြတ်တောက်ကာ အရိုးများပင် အမှုန့်ဖြစ်သွားလေပြီ။
သူ၏ ကိုယ်ပေါ်ရှိ ကိုးကွယ်မှုစွမ်းအား များမှာ ရေလှိုင်းများကဲ့သို့ လျင်မြန်စွာ စီးဆင်းလာပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ပြုပြင်ပေးသည်။
သူသည် အသားဖြင့် ပြုလုပ်ထားသော ခန္ဓာကိုယ် မရှိပေ၊ ကိုးကွယ်မှုစွမ်းအားများဖြင့် ဓမ္မကိုယ်ထည် အဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
မဟုတ်ပါက ခုနက တိုက်ခိုက်မှုဖြင့် လီယန်ချူးသည် သူ၏ ခန္ဓာကိုယ်ကို အပြီးအပိုင် ခြေမှုန်းပစ်လိုက်ပြီ ဖြစ်သည်။ ပြင်ပမှ ပြန်လည် ပြုပြင်နိုင်သည်ဟု ထင်ရသော်လည်း လီယန်ချူး၏ ပြင်းထန်လှသော သွေးစွမ်းအင်က သူ၏ ဓမ္မကိုယ်ထည်အပေါ် ပေးလိုက်သော ထိခိုက်မှုကိုမူ ပြန်လည် မပြုပြင်နိုင်ပေ။
"မင်းက တကယ်တော့ ဘယ်သူလဲ ဘာလို့ ဒါတွေကို လာဝင်ရှုပ်တာလဲ "
ထိုဓားလွယ်နတ်ဘုရားက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ၏ ကျင့်စဉ်အဆင့်မှာ တတိယအဆင့် အလယ်ပိုင်းတွင် ရှိနေပြီဖြစ်သော်လည်း ဘာကြောင့် ဤလူငယ် တာအိုဆရာကို လုံးဝ မယှဉ်နိုင်ရသနည်းဟု သူ နားမလည်နိုင် ဖြစ်နေသည်။
ထို့အပြင် ဤလူငယ်၏ ပြင်းထန်လှသော သွေးစွမ်းအင်မှာ ဘယ်က ရောက်လာသနည်း ယခုခေတ်တွင် သိုင်းပညာနတ်ဘုရား အမွေအနှစ်များ ကျန်ရှိနေသေးတာလား။
"မိစ္ဆာမှန်သမျှ လူတိုင်းက သတ်ပိုင်ခွင့် ရှိတယ် "
လီယန်ချူး၏ လေသံမှာ အေးစက်ပြီး အသံမှာ ကြီးကျယ်ခမ်းနားလှသည်။ သူ၏ ကျောပြင်မှ သိုင်းပညာပုံရိပ်ယောင်ကြီးသည်လည်း သူနှင့် တစ်သားတည်း လှုပ်ရှားကာ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
ဓားအလင်းမှာ ပိုးသားလွှာကဲ့သို့ပင်
ဓားလွယ်နတ်ဘုရားသည် ဖော်ပြမရနိုင်သော အန္တရာယ်တစ်ခုကို အာရုံရလိုက်သဖြင့် ကိုယ်တွင်းမှ ကြီးမားလှသော ကိုးကွယ်မှုစွမ်းအားများကို ချက်ချင်း လှုံ့ဆော်လိုက်သည်။
ရွှေရောင်အလင်းများ ဝင်းခနဲ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးကို ရွှေရောင်အလင်းတန်းများ လွှမ်းခြုံသွားကာ ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ ဆယ်လံခန့်ရှိသော ဓားကြီးကို လက်တွင် ဆုပ်ကိုင်လျက် ပြန်လည် တိုက်ခိုက်လိုက်သည်။
ဝုန်း... ဝုန်း
လီယန်ချူး၏ ဓားအလင်းမှာ အလွန်ပင် မောက်မာပြင်းထန်လှပြီး ကိုးကွယ်မှုစွမ်းအားဖြင့် ဖွဲ့စည်းထားသော ရွှေရောင်ဓားကြီးကို တိုက်ရိုက် ခြေမှုန်းပစ်လိုက်သည်။ ဓားလွယ်နတ်ဘုရား၏ ဓမ္မကိုယ်ထည်မှာလည်း လုံးဝ ပျောက်ကွယ်သွားတော့သည်။
ထိုစဉ် သူ၏ ကိုယ်တွင်းမှ နတ်အလင်းတန်းတစ်ခု ပျံထွက်သွားသည်။ ထိုအလင်းတန်းမှာ လီယန်ချူး၏ ကျန့်ကျောင်ဓား အောက်တွင်ပင် ပျက်စီးမသွားဘဲ ကျန်ရှိနေသဖြင့် သာမန်အရာ မဟုတ်ကြောင်း သိသာလှသည်။
အလင်းတန်းမှာ အလွန်ပင် မြန်ဆန်လှပြီး ကောင်းကင်စွန်းသို့ ပျံသန်းသွားရာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်တော့မည့်ဆဲဆဲ ဖြစ်သည်။
လီယန်ချူး၏ ကိုယ်ပေါ်မှ ငါးရောင်ခြည် အလင်းတန်း ထွက်ပေါ်လာပြီး ထိုအလင်းတန်းကို တိုက်ရိုက် ဖမ်းချလိုက်သည်။
သူသည် အဝေးမှ ပစ္စည်းလှမ်းယူသော အတတ် ကို သုံး၍ ထိုအလင်းတန်းကို လက်ထဲသို့ ဖမ်းဆုပ်လိုက်ရာ ၎င်းမှာ ကျောက်စိမ်းအဆောင် တစ်ခု ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ ကျောက်စိမ်းအဆောင်ပေါ်ရှိ မှော်စာသားများမှာ ကြီးကျယ်ခမ်းနားပြီး လျှို့ဝှက်ဆန်းပြားလှသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် လီယန်ချူး၏ ရင်ထဲတွင် တုန်လှုပ်ချောက်ခြားသွားစေသည်။
"ဒါက တကယ်တော့ ဘာပစ္စည်းပါလိမ့် "
လီယန်ချူး မျက်မှောင်ကြုတ်လျက် တွေးတောနေမိတော့သည်။