အခန်း(၇၄၉-၇၅၀)
Vol. 75 Ch. 749-750
အခန်း (၇၄၉) -အေးချမ်းစွာ ထွက်ခွာသွားရခြင်း ၊လှည့်ကွက်ပေါင်းစုံနှင့် လှိုင်းထန်သောည
"မင်း ဘာလုပ်တာလဲ ဘာလို့ ငါ့ညီအစ်ကိုကို လုပ်ကြံရတာလဲ "
ထိုမြက်ဖိနပ်စီးပြီး ဓားကိုင်ထားသော လူလတ်ပိုင်းအမျိုးသားက ဟိန်းဟောက်မေးမြန်းလိုက်သည်။ သူ၏ မျက်လုံးအစုံမှာ သွေးကြောများ ယှက်သန်းနေပြီး အသံမှာလည်း နာကျည်းကြေကွဲမှုတို့ဖြင့် ပြည့်နှက်နေသည်။
"ဖြောင့်မတ်တဲ့ အရှိန်အဝါရှိတဲ့ သိုင်းလောကသားတစ်စု၊ မဆင်မခြင်နဲ့ အရက်ကြိုက်တတ်တဲ့ ညီအစ်ကိုတစ်ယောက်၊ ပြီးတော့ အတွေ့အကြုံရင့်ကျက်ပြီး မိစ္ဆာနှိမ်နင်းတတ်တဲ့ အစ်ကိုကြီးတစ်ယောက်... အင်း... ဒီဖွဲ့စည်းပုံက တကယ်ကို လိုက်ဖက်တာပဲ"
လီယန်ချူးက ပြုံးလျက် ဆိုသည်။
"ဒီမိန်းကလေးက ငါ့ကိုညာပြီး ယုံကြည်မှုနဲ့ သနားစိတ်ကို ရယူမယ်၊ ဒါမှမဟုတ် မင်းတို့က ငါ့ကိုညာပြီး ဒီမိန်းကလေးကို သတ်ပြပြီးမှ ငါနဲ့အတူ အရက်သောက်ရင်း ပျော်ပါးကြမယ်... မင်းတို့ရဲ့ သရုပ်ဆောင်ချက်တွေက တကယ်ကို ပညာသားပါပါပဲ"
လီယန်ချူးက အေးစက်စွာ ပြုံးလိုက်ပြီး လက်ခုပ်ထပ်တီးလိုက်ပြန်သည်။
ဖြောင်း ဖြောင်း ဖြောင်း
ဖူဝမ်ကြင်ယာတော်၏ ကျောပြင်တွင် စိမ့်ခနဲ အေးသွားရသည်။ လီတာအိုဆရာ ပြောလိုသည်မှာ ထိုမိန်းမပျိုနှင့် ဤသိုင်းလောကသားတစ်စုမှာ တစ်ယောက်ကိုတစ်ယောက် သိနေကြသည်၊ တစ်ဖွဲ့တည်း ဖြစ်နေကြသည်ဟု မဟုတ်ပါလား သူမသည် နီမြန်းသော နှုတ်ခမ်းလွှာကို တင်းတင်းစေ့ကာ အခြေအနေအားလုံးကို တုန်တုန်ယင်ယင်နှင့် စောင့်ကြည့်နေတော့သည်။
တိတ်ဆိတ်သွားလိုက်သည်မှာ သေလူများကဲ့သို့ပင်
မိုးလေသံများကြားတွင် မီးပုံထဲမှ ထင်းစများ ပေါက်ကွဲသံ ဖြောက်ဖြောက် ဆိုသည်သာ ကြားနေရသည်။
သိုင်းလောကသား နှစ်ဦးမှာ ဒေါသတကြီး ဖြစ်နေကြပြီး ဓားကိုင်ထားသော အဖွဲ့ခေါင်းဆောင်၏ မျက်နှာတွင်လည်း အမျက်ဒေါသများ ဖုံးလွှမ်းနေသည်။
ရုတ်တရက်
ထိုလူလတ်ပိုင်းအမျိုးသားက ရုတ်ခြည်း ပြုံးလိုက်သည်။
"ငါတို့လူတွေကို မင်း ဘာလို့ အများကြီး သတ်နိုင်ခဲ့သလဲဆိုတာ အံ့သြစရာ မရှိတော့ဘူးပဲ"
အမျိုးသား၏ စကားအဆုံးတွင် တင်းမာနေသော အခြေအနေမှာ တစ်ဖန် ပြောင်းလဲသွားပြန်သည်။ ဓားနှင့် လှံများ ကိုင်ဆောင်ထားသော သိုင်းလောကသား နှစ်ဦးနှင့် ဝိုင်းဝန်းတိုက်ခိုက်ခံနေရသော မိန်းမပျိုတို့သည် တစ်ပြိုင်နက်တည်း လှည့်ကြည့်ကာ လီယန်ချူးနှင့် သူ၏ဘေးက ကြင်ယာတော်ကို စိုက်ကြည့်လာကြသည်။
မီးရောင်အောက်တွင် ထိုသူတို့၏ မျက်နှာများမှာ မှောင်တစ်လှည့် လင်းတစ်လှည့်နှင့် ကြောက်မက်ဖွယ် ကောင်းလှသည်။ ဖူဝမ်ကြင်ယာတော်မှာ ကြောက်စိတ်ကြောင့် ကျောပြင်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲသွားတော့သည်။
"မင်း ဘယ်လိုမျိုး ရိပ်မိသွားတာလဲ"
ထိုအမျိုးသားက လေးနက်သော အသံဖြင့် မေးသည်။ ယခုအခါ သူ၏ ပုံစံမှာ အရှိန်အဝါ ကြီးမားလာပြီး အရပ်မရှည်သော်လည်း တောင်ကြီးတစ်လုံးကဲ့သို့ လေးလံထွားကျိုင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည်။
ဝိညာဥ်မျက်စိအတတ် ဆိုတာဘာလည်း သိထားသင့်တယ်... လီယန်ချူးက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
"မင်းတို့ရဲ့ ပြဇာတ်က နည်းနည်း လွန်သွားတယ်။ တောတောင်ထဲက ဘုရားပျက်မှာ ဒီလောက် အရည်အသွေးမြင့်တဲ့ သိုင်းလောက သူရဲကောင်းတွေနဲ့ ဆုံဖို့ဆိုတာ ဒီလောက်တောင် တိုက်ဆိုင်ပါ့မလား "
သာမန် အကဲခတ်ရုံဖြင့်လည်း သူ အတော်များများ သိနိုင်သော်လည်း တကယ်တမ်း ဆုံးဖြတ်ချက်ချပေးခဲ့သည်မှာ သူ၏ ဝိညာဥ်မျက်စိအတတ် ပင် ဖြစ်သည်။ သို့သော် ဤကဲ့သို့ ခွဲခြမ်းစိတ်ဖြာပြခြင်းက သူ့ကိုယ်သူ ပို၍ပင် အထင်ကြီးစရာ ကောင်းသွားစေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဘေးနားရှိ ဖူဝမ်ကြင်ယာတော်က လီယန်ချူးအား အံ့သြချီးကျူးသော မျက်လုံးများဖြင့် ကြည့်လာသလို၊ ထိုအဖွဲ့ခေါင်းဆောင်၏ မျက်လုံးထဲတွင်လည်း ချီးကျူးရိပ်များ ဖြတ်ပြေးသွားသည်။
"တော်တယ်"
တစ်ခဏချင်းအတွင်း ဘုရားပျက်တစ်ခုလုံး မှောင်အတိ ကျသွားကာ အရာအားလုံး ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားပြီး နားထဲတွင် မိုးလေသံများသာ ကျန်ရစ်သည်။
ဒေါင် ဒေါင် ဒေါင်
လောကကြီးတစ်ခုလုံးတွင် ခေါင်းလောင်းကြီး တစ်လုံးကို တီးလိုက်သကဲ့သို့ အသံကြီး ထွက်ပေါ်လာသည်။ မီးလျှံထဲမှ သံချောင်းပူကို တူဖြင့် အားရပါးရ ထုရိုက်လိုက်သကဲ့သို့ မီးပွားများ လွင့်စင်လာသည်။
ရှပ်ခနဲ
ဓားအလင်းတစ်ချက် လျှပ်ခနဲ ပေါ်လာသည်။ ဖူဝမ်ကြင်ယာတော် အလင်းပြန်ရလာချိန်တွင် ထိုဓားချက်မှာ အဆုံးမရှိသော ညအမှောင်ထုကို ခွင်းလိုက်သကဲ့သို့ပင်။
ဘုရားပျက်အတွင်း၌...
သိုင်းလောကသား သုံးဦးမှာ လက်ကိုချလျက် မတ်တပ်ရပ်နေကြသည်။ သူတို့၏ မျက်လုံးအစုံမှာ အေးစက်သော အလင်းရောင်များ ထွက်ပေါ်နေကာ ပါးစပ်တွင် အစွယ်များ ထွက်လာပြီး လက်သည်းများမှာလည်း ချွန်ထက်လာသည်။ အရေပြားပေါ်တွင် ငွေရောင်အဆင်းများ လွှမ်းမိုးနေသည်။
ဖုတ်ကောင်
သာမန်ဖုတ်ကောင် မဟုတ်ဘဲ အလွန်အမင်း အစွမ်းထက်သည့် ငွေရောင်ဖုတ်ကောင် များပင်
တစ်လောကလုံးရှိ ဖုတ်ကောင်လောကတွင်လည်း ဤအဆင့်မှာ တုန်လှုပ်ဖွယ်ရာ အဆင့်အတန်းပင် ဖြစ်သည်။ ဤနေရာတွင် တစ်ပြိုင်နက်တည်း သုံးကောင်တောင် ပေါ်လာလိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။
စောစောက သူတို့သည် လီယန်ချူးကို အသည်းအသန် တိုက်ခိုက်ခဲ့ကြသော်လည်း လီယန်ချူး၏ ကာကွယ်ရေးဓာတ်ကြောင့် တားဆီးခြင်း ခံခဲ့ရသည်။ ထိုမီးပွားများမှာ သူတို့၏ လက်သည်းများနှင့် လီယန်ချူး၏ ကာကွယ်ရေးဓာတ်တို့ ထိတွေ့ရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဖူဝမ်ကြင်ယာတော် သေချာကြည့်လိုက်ရာ မြေပြင်တွင် မြေခွေးတစ်ကောင်မှာ သွေးအိုင်ထဲ၌ ခေါင်းနှင့် ကိုယ် တခြားစီ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ စောစောက လီယန်ချူးသည် ဓားတစ်ချက်တည်းဖြင့် ဤမြေခွေးမိစ္ဆာကို သတ်ဖြတ်ကာ သူမ၏ ဖန်တီးထားသော အမြင်မှားများကို ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။
"သူ့ကို သတ်ကြစမ်း "
သတ်ဖြတ်ခြင်းအငွေ့အသက် အပြင်းဆုံးဖြစ်သော အဖွဲ့ခေါင်းဆောင်က ဟိန်းဟောက်လိုက်သည်။ သုံးယောက်သား လီယန်ချူးရှိရာသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြတော့သည်။
ဖုတ်ကောင်များမှာ ကိုယ်ခန္ဓာ အလွန်သန်မာပြီး လေဟုန်စီးသကဲ့သို့ မြန်ဆန်လှသည်။ ချွန်ထက်သော လက်သည်းများမှာ သံမဏိကိုပင် ရွှံ့နွံကဲ့သို့ ဖြတ်တောက်နိုင်သည်။
အထူးသဖြင့် ငွေရောင်ဖုတ်ကောင် အဆင့်တွင် မှော်အတတ်များစွာကို ခုခံနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ တာအိုဆရာများ အသုံးများသည့် အဆောင်များ သို့မဟုတ် သစ်သားဓားများမှာ သူတို့အပေါ်တွင် အလုပ်မဖြစ်တော့ပေ။ သူတို့နှင့် တိုးလျှင် "သေခြင်း" ဟူသော စကားတစ်လုံးသာ ရှိသည်။
သို့သော် သာမန်ဖုတ်ကောင် များတွင် အသိဉာဏ်မရှိသော်လည်း ဤအကောင်များမှာမူ အသိစိတ် ရှိနေကြသေးသည်။ လီယန်ချူးက သူ၏ ရှေ့ရှိ ကာကွယ်ရေးဓာတ်ကို ရုပ်သိမ်းလိုက်ရာ သူ့အနားသို့ ရောက်လုနီးနီး ဖြစ်နေသော ငွေရောင်ဖုတ်ကောင်တစ်ကောင်မှာ ချက်ချင်းပင် ခုန်အုပ်လာတော့သည်။
ဒုန်း ဒုန်း ဒုန်း
သူ၏ လှုပ်ရှားမှုနှင့်အတူ ကြမ်းပြင်ပေါ်ရှိ အုတ်ချပ်များမှာ ကွဲအက်ကုန်ကာ ပြင်းထန်သော လေလှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ လီယန်ချူးက လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ မည်သည့် အပိုအလုပ်မှ မပါဘဲ ရိုးရှင်းသော လက်သီးတစ်ချက်သာ ဖြစ်သည်။
ဝုန်းခနဲ
ချက်ချင်းပင် ထိုငွေရောင်ဖုတ်ကောင်မှာ ပေါက်ကွဲထွက်သွားတော့သည်။
သူက လက်တစ်ဖက်ဖြင့် ထပ်မံ ဝေ့ယမ်းလိုက်ရာ လူတစ်ရပ်စာရှိသော ကြီးမားသော လက်ဝါးရိပ်ကြီးတစ်ခု ပေါ်ထွက်လာပြီး နောက်ထပ် ဖုတ်ကောင်တစ်ကောင်ကို လွှမ်းခြုံသွားသည်။ ငွေရောင်ဖုတ်ကောင်များသည် အဆောင်များ၊ သစ်သားဓားများ၊ ခေါင်းလောင်းများကို ခုခံနိုင်သော်လည်း လီယန်ချူး၏ သိုင်းပညာ ကိုမူ မခုခံနိုင်ပေ။
ဝုန်းခနဲ
ဘုရားပျက်ကြီး တစ်ခုလုံး လှုပ်ခါသွားပြီး နောက်ထပ် ငွေရောင်ဖုတ်ကောင် တစ်ကောင်မှာလည်း အစအနမကျန် ပျောက်ကွယ်သွားရပြန်သည်။
အဖွဲ့ခေါင်းဆောင် ဖြစ်သော ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာကာ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ ကိုယ်ပေါ်မှ သတ်ဖြတ်ခြင်းအရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။
ညီအစ်ကို နှစ်ဦးမှာ အသတ်ခံလိုက်ရသော်လည်း သူက အော်ဟစ်လိုက်သည်နှင့် လေထုထဲမှ အမည်းရောင်အငွေ့အချို့မှာ သူ၏ဆီသို့ စီးဝင်လာတော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ ကြွက်သားများမှာ ဖောင်းကြွလာကာ အမွေးအမျှင်များလည်း ရှည်ထွက်လာပြီး တစ်ကိုယ်လုံးတွင် အဖြူရောင် အမွေးများ ဖုံးလွှမ်းသွားသည်။ ကြည့်ရသည်မှာ ဖုတ်ကောင်နှင့် မတူဘဲ အဖြူရောင် ဂေါ်ရီလာကြီးတစ်ကောင်နှင့် တူနေတော့သည်။
သို့သော် ဤအဖြူရောင် သတ္တဝါကြီး၏ အရှိန်အဝါမှာ ရင်တုန်စရာ ကောင်းလှသည်။ မျက်လုံးများမှာ အနီရောင်မဟုတ်ဘဲ နက်မှောင်သော အမည်းရောင်အလင်းများ တောက်ပနေသည်။ ထိုဖုတ်ကောင်မှာ လေထဲတွင် အရိပ်တစ်ခုအလား လီယန်ချူးရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး လက်ချောင်း ဆယ်ချောင်းလုံးကို ဆွဲထုတ်ကာ တိုက်ခိုက်လာသည်။
လီယန်ချူး၏ ကိုယ်ပေါ်မှ သွေးချီ မှာ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။ တစ်ဖက်လူက အသွင်ပြောင်းပြီး တိုက်ခိုက်လာပြီ ဖြစ်ရာ သူကလည်း ထိုက်တန်သော လေးစားမှုကို ပေးရမည် မဟုတ်ပါလား။
ကြီးမားလှသော သွေးအရှိန်အဝါများမှာ ကမ္ဘာမြေကို လွှမ်းခြုံသွားသည်။
ဒုန်း ဒုန်း ဒုန်း
လီယန်ချူး၏ နှလုံးခုန်သံမှာ နတ်ဘုရားများ စည်တီးနေသကဲ့သို့ပင်
လောကကြီးရှိ မိုးရေများမှာ တစ်ခဏချင်းအတွင်း အငွေ့ပျံကုန်ကာ သွေးအရှိန်အဝါများမှာ ပွက်ပွက်ဆူနေသော သမုဒ္ဒရာကြီးအလား ဖြစ်သွားသည်။
"............" ငွေရောင်ဖုတ်ကောင်။
ဘာဖြစ်သွားတာလဲ ငါက ယန်ဝိညာဥ်အဆင့် တစ်ပါးကို လိုက်သတ်နေတာလား အမလေး... ငါကတော့ တကယ်ကို အစွမ်းထက်နေတာပဲ။
ငွေရောင်ဖုတ်ကောင်မှာ အေးချမ်းစွာ ထွက်ခွာသွားရပါသည်။ ဤလောကတွင် သူနှင့် ပတ်သက်သည့် အရာတစ်ခုမျှ မကျန်ရစ်ဘဲ အစအနမကျန် ပျောက်ကွယ်သွားခဲ့ရသည်။
အနီရောင်အလင်းတန်းများ ပြန်လည် ပျောက်ကွယ်သွားပြီး ကောင်းကင်မှ မိုးရေများ ပြန်လည် ကျဆင်းလာသော်လည်း စောစောကကဲ့သို့ အေးစက်ခြင်း မရှိတော့ပေ။ လီယန်ချူးသည် ပျက်စီးခြင်းမရှိဘဲ ကျန်ရစ်နေသေးသော ဘုရားပျက်ကို ကြည့်ကာ စိတ်ကျေနပ်သွားသည်။
"အခုဆို ကိုယ်ခန္ဓာရဲ့ အားအင်ကို ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်လာပြီပဲ"
သူသည် နဂါးအစစ်သွေးကို သောက်သုံးပြီးနောက် ကိုယ်ခန္ဓာမှာ သုံးဆမျှ ပိုမို သန်မာလာခဲ့သည်။ သူ၏ မူလ အရှိန်အဝါပေါ်တွင် သုံးဆ ထပ်တိုးလာခြင်းဖြစ်ရာ သူ၏ ကိုယ်ခန္ဓာမှာ ကြောက်စရာကောင်းလောက်အောင် သန်မာနေလေပြီ။ လက်သီးတစ်ချက်မှာပင် ဖျက်ဆီးအား အလွန်ကြီးမားလှသည်။
ယခင်ကဆိုလျှင် ဤဘုရားပျက်ကို ဖျက်ဆီးဖို့ နေနေသာသာ တောင်တစ်လုံးကိုပင် မှုန့်မှုန့်ညက်ညက် ဖြစ်အောင် လုပ်နိုင်စွမ်း ရှိသည်။ ယခုမူ အားအင်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့သဖြင့် အသွင်ပြောင်းနေသော ဖုတ်ကောင်ကိုသာ အသေသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
တောတောင်ထဲက ဘုရားပျက်၊ မိုးသက်လေပြင်း... အရာအားလုံးမှာ ယခင်အတိုင်း မပြောင်းလဲဘဲ ကျန်ရစ်နေသကဲ့သို့ပင်။ ဘေးနားရှိ ဖူဝမ်ကြင်ယာတော်မှာမူ အံ့သြလွန်းသဖြင့် မှင်တက်နေတော့သည်။
စောစောက ထွက်ပေါ်လာသော အရှိန်အဝါမှာ သူမ၏ ခြေထောက်များကို ပျော့ခွေသွားစေခဲ့သည်။ လီယန်ချူးက ထိန်းချုပ်ပေးထားသဖြင့် သူမမှာ တိုက်ရိုက် မခံစားခဲ့ရသော်လည်း ထိုမြင်ကွင်းမှာပင် ကြောက်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။
လီယန်ချူးသည် ရှေ့သို့ တိုးသွားကာ ထိုင်ချလိုက်ပြီး မားစန်း၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။
"အစ်ကိုကြီး... ဟန်ဆောင်မနေပါနဲ့တော့ မင်းက ဒီအဖွဲ့ရဲ့ ခေါင်းဆောင် မဟုတ်ဘူးလား ထုံးစံအတိုင်းဆိုရင် မင်းက ဒီအချိန်မှာ ရုတ်တရက် အစွမ်းပြပြီး ငါ့ကို လုပ်ကြံရမှာလေ"
ဖူဝမ်ကြင်ယာတော် - ".........."
အခန်း (၇၅၀) - မားစန်းဆိုတာ တကယ်တော့ ဒီလိုလူမျိုးကိုး ၊ ကျည်ဆန်လေး ခဏလောက် ပျံပါစေဦး ၊ ဘုရားကျောင်းစောင့်အိုကြီး
ဖူဝမ်ကြင်ယာတော်မှာ အံ့အားသင့်လွန်းသဖြင့် မျက်နှာပျက်သွားရသည်။ ဤမားစန်းကမှ ဤလူစု၏ ခေါင်းဆောင်အစစ် ဖြစ်နေပါသလား သူမကတော့ ဤလူကို အရေးမပါသည့် လူငယ်လေးတစ်ဦးဟုသာ ထင်မှတ်ထားခဲ့မိသည်။
"ဒီလူတွေရဲ့ အကွက်တွေက တော်တော်လေးကို များလွန်းတာပဲ"
ဖူဝမ်ကြင်ယာတော်၏ စိတ်ထဲတွင် စိမ့်ခနဲ အေးသွားကာ ကျောပြင်တစ်ခုလုံး ချမ်းစိမ့်သွားတော့သည်။
"ဟေး ကြားလား ထစမ်း လာပြီး ငါ့ကို တစ်ချက်လောက် နှိုက်ကြည့်စမ်းပါဦး"
လီယန်ချူးက မြေပြင်ပေါ်တွင် မှောက်လျက်လဲနေသော မားစန်းကို လှမ်းပြောလိုက်သည်။
မားစန်းမှာ မြေပြင်ပေါ်တွင် သေလူကဲ့သို့ ငြိမ်သက်နေပြီး မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။ လီယန်ချူးက သူ့ကို ခြေထောက်ဖြင့် အချက်အနည်းငယ် ကန်ကြည့်သော်လည်း လုံးဝ မလှုပ်ရှားပေ။
"ဪ... ဒီလူက တကယ် သေသွားတာကိုး။ ဒါဆိုရင်လည်း တန်းပြီး မီးရှို့လိုက်ရုံပေါ့ "
လီယန်ချူးက သက်ပြင်းတစ်ချက်ချရင်း ဆိုလိုက်သည်။
ထိုစဉ် မြေပြင်ပေါ်ရှိ မားစန်း၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ခါသွားသည်ကို ဖူဝမ်ကြင်ယာတော်က စူးစိုက်ကြည့်ရင်း သတိပြုမိလိုက်သည်။ လီယန်ချူး၏ စကားအဆုံးတွင်ပင် မားစန်းမှာ ချက်ချင်းပင် ထထိုင်လိုက်ပြီး လီယန်ချူး၏ ရှေ့တွင် ဝပ်စင်းကာ ဦးတိုက်တော့သည်။
ဂုန်း ဂုန်း ဂုန်း
ခဏအတွင်းမှာပင် သူ၏ နဖူးမှ သွေးများပင် ထွက်လာတော့သည်။
ဤလူက တကယ်ပင် မသေဘဲ ရှိနေခဲ့သည် သူသည် မြေပြင်ပေါ်တွင် သေချင်ယောင်ဆောင်ကာ အခြေအနေကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
"ဆရာကြီး... ကျွန်တော်မျိုး အောက်တန်းစားက အမြင်မရှိလို့၊ မျက်စိထဲ ချီးဝင်နေလို့ ဆရာကြီးကို လာရောက် စော်ကားမိတာပါ။ ဆရာကြီးအနေနဲ့ လက်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်ခင်ဗျာ "
မားစန်း၏ နဖူးမှ သွေးများမှာ တောက်လျှောက် စီးကျနေသည်။ မီးရောင်အောက်တွင် သူ၏ မျက်နှာမှာ ငရဲသားတစ်ဦးကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။
တစ်ဖက်တွင်မူ လီယန်ချူးမှာ စိမ်းပြာရောင် တာအိုဝတ်စုံကို ဆင်မြန်းကာ ဆံပင်ကို သစ်သားဆံထိုးဖြင့် သေသေသပ်သပ် ထုံးထားသည်။ သူ၏ ပုံစံမှာ သန့်ရှင်းသပ်ရပ်ပြီး ခန့်ညားထည်ဝါလှသလို အရှိန်အဝါမှာလည်း တည်ကြည်လှသည်။ သို့သော် ငရဲသားကဲ့သို့ ကြောက်စရာကောင်းသော မားစန်းမှာမူ ဤလူငယ်တာအိုဆရာကို ကျားတစ်ကောင်ကဲ့သို့ အလွန်အမင်း ကြောက်ရွံ့နေရှာသည်။
"မင်းတို့အဖွဲ့ရဲ့ ခန္ဓာကိုယ်ထဲမှာ တားမြစ်ချက် တွေ ရှိနေကြတာပဲ။ ငါလည်း မမေးတော့ဘူး၊ မင်းပဲ သေလိုက်တော့ "
မားစန်း - "............"
ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်တွင် အရိပ်တစ်ခုအလား ပြောင်းလဲသွားကာ ဘုရားကျောင်းတံခါးဝသို့ လျှပ်ခနဲ လွတ်မြောက်သွားတော့သည်။
"သူခိုးတာအို မင်း တော်တော် ရက်စက်တာပဲ "
ဒူးထောက်နေသော လူတစ်ယောက်သည် မည်သို့သော နည်းလမ်းဖြင့် အရိပ်တစ်ခုကဲ့သို့ လျင်မြန်စွာ ထွက်ပြေးနိုင်သည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
လီယန်ချူးသည် မားစန်း၏ ထွက်ပြေးသွားသော ကျောပြင်ကို ကြည့်ရင်း နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။ ဖူဝမ်ကြင်ယာတော်က လီယန်ချူး၏ ခန့်ညားသော ဘေးတိုက်မျက်နှာကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
"တာအိုဆရာ... မလိုက်တော့ဘူးလား"
အခြားသူဆိုလျှင် ဖူဝမ်ကြင်ယာတော် ဤသို့ မေးမည်မဟုတ်ပေ။ သို့သော် လီယန်ချူး၏ နဂါးနှင့် ကျားကိုပင် နှိမ်နင်းနိုင်သော စွမ်းအားကို သူမ သိရှိထားသဖြင့် ဘာမှမစိုးရိမ်သလို၊ လီယန်ချူးအနေဖြင့် ထိုမားစန်းကို မမီနိုင်ဟုလည်း သူမ မယုံကြည်ပေ။
လီယန်ချူးက မားစန်း၏ ကျောပြင်ကို စိုက်ကြည့်ရင်း အေးဆေးစွာ ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး... ကျည်ဆန်လေး ခဏလောက် ပျံပါစေဦး"
ရုတ်တရက်
သူ၏ ခန္ဓာကိုယ်ထဲမှ ကိုယ်ပွား တစ်ခု ထွက်လာသည်။ ခန့်ညားသော လူငယ်တာအိုဆရာတစ်ဦးသည် ဖူဝမ်ကြင်ယာတော်၏ ဘေးတွင် ဝင်ထိုင်ကာ တည်ငြိမ်သော အမူအရာဖြင့် တရားမှတ်နေတော့သည်။
အသက်ရှူသံ အနည်းငယ်မျှ ကြာပြီးနောက်မှသာ လီယန်ချူးသည် ဘုရားကျောင်းတံခါးပြင်ပသို့ ခြေလှမ်းလိုက်ပြီး ပျောက်ကွယ်သွားတော့သည်။
ဤကဲ့သို့ သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် ရေရှောင်အတတ် ကို အသုံးပြုရန် အကောင်းဆုံး မဟုတ်ပါလား။
ဓာတ်ငါးပါး မြေလျှိုးအတတ် အောက်တွင် မားစန်းသာ လွတ်သွားမည်ဆိုလျှင် လီယန်ချူးသည် ဤဘုရားပျက်ကြီးထဲမှာပင် ခေါင်းနှင့်တိုက်၍ သေလိုက်တော့မည်။
ဖူဝမ်ကြင်ယာတော်မှာ ကြောင်သွားပြီး ဘေးနားတွင် တရားမှတ်နေသော လီတာအိုဆရာကို ကြည့်နေမိသည်။
"ကျားကို တောထဲ ပြန်လွှတ်တယ်ဆိုတာ... ဒီလို အကြံမျိုး ရှိလို့ကိုး"
သူမ ဘာမှ ထပ်မပြောတော့ဘဲ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။ ဒီညတွင် လီယန်ချူး၏ လုပ်ဆောင်ချက်များမှာ သူမကို အံ့အားသင့်လွန်းသဖြင့် ဆံပင်ဖျားတိုင်အောင် ထုံကျင်သွားစေခဲ့သည်။
လီယန်ချူး၏ ခန့်ညားလွန်းသော ရုပ်ရည်ကို ခဏဖယ်ထားဦးတော့၊ မြင့်မြတ်သော အမျိုးသမီးတစ်ဦးသည် ကြီးစွာသော ဘေးဒုက္ခနှင့် ကြုံတွေ့နေရစဉ်၊ အားကိုးရာမဲ့နေချိန်တွင် ဤကဲ့သို့ အကွက်စေ့ပြီး လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသော လူငယ်တစ်ဦးနှင့် တွေ့ဆုံရခြင်းက စိတ်ပိုင်းဆိုင်ရာအရ အားကိုးလိုစိတ် မဖြစ်ပေါ်ဘဲ မနေနိုင်ပေ။
ဖူဝမ်ကြင်ယာတော်သည် မီးပုံဘေးတွင် ထိုင်ရင်း လီယန်ချူး၏ ဘေးတိုက်မျက်နှာကို စိုက်ကြည့်နေမိသည်။ ထိုမျက်နှာမှာ အလွန်ပင် သန့်ရှင်းစင်ကြယ်ပြီး စိတ်ကို အေးချမ်းစေသော အငွေ့အသက်များ ရှိနေသည်။ သူမ ခဏမျှ မိန်းမောသွားပြီး သူမ၏ နူးညံ့သော လက်ချောင်းလေးများဖြင့် လီယန်ချူး၏ ခန့်ညားသော ပါးပြင်ကို မသိမသာ ထိတွေ့ချင်စိတ် ပေါ်လာမိသည်။
"အဟမ်း...ငါ မှာ အသိစိတ် ရှိပါသေးတယ်"
လီယန်ချူးက မနေနိုင်ဘဲ ပြောလိုက်သည်။
ဖူဝမ်ကြင်ယာတော် - ".........."
သူမ၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားကာ ပူထူးသွားတော့သည်။ သူခိုးတစ်ယောက်ကဲ့သို့ သူမ၏ လက်ကို ချက်ချင်း ပြန်ရုပ်လိုက်ပြီး လီယန်ချူး၏ ဘေးတွင် ငြိမ်ငြိမ်လေး ထိုင်နေတော့သည်။
...
မိုးကာကာအောက်တွင်...
လူရုပ်မပေါ်တော့သော အရိပ်တစ်ခုသည် အသည်းအသန် ထွက်ပြေးနေသည်။ မှောင်မိုက်သော ညထဲတွင် သူ၏ အရိပ်မှာ အလွန်ပင် လျင်မြန်လှသည်။
စောစောက ဘုရားပျက်ထဲမှ ထွက်ပြေးလာသော မားစန်းမှာ သိုင်းလောကရှိ ဘေးထွက်ကျင့်စဉ် ကို ကျင့်ကြံသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
အလောင်းမောင်းအတတ်
သူသည် အလောင်းမောင်းသည့် ပညာရပ်တွင် တစ်မူထူးခြားသူဖြစ်ပြီး ရှေးဟောင်းကျင့်စဉ်များထဲမှ နည်းလမ်းသစ်များကို ရှာဖွေဖော်ထုတ်ထားသူ ဖြစ်သည်။ ထို့ပြင် သူသည် အလောင်းများကို တကယ်ပင် မြတ်နိုးသူလည်း ဖြစ်သည်။ ဥပမာအားဖြင့် သူ၏ အိမ်က ပန်းလိုလှသော ဇနီးသည်မှာ အေးစက်စက်နိုင်သော်လည်း ကောင်းကွက်မှာ အလွယ်တကူ ပုပ်သိုးမသွားခြင်းပင်။
မားစန်းဆိုသည်မှာ သူ၏ နာမည်ဝှက်သာ ဖြစ်ပြီး သူ၏ အမည်ရင်းမှာ လူကျိုးယွင် ဖြစ်သည်။ အလောင်းများနှင့် အဖော်လုပ်နေသော ကျင့်ကြံသူတစ်ဦးအတွက် ဤကဲ့သို့ နူးညံ့သော နာမည်မျိုး ရှိနေခြင်းမှာ ထူးဆန်းလှသည်။
လူကျိုးယွင်သည် တောအုပ်ထဲတွင် အရှိန်ဖြင့် ပြေးလွှားနေပြီး တောင်ပေါ်မျောက်အိုကြီးများထက်ပင် ပို၍ လျင်မြန်နေသည်။ ဆယ်မိုင်ခန့် အဆက်မပြတ် ပြေးလာပြီးနောက်တွင် မြို့စောင့်နတ်ကျောင်း တစ်ခုသို့ ရောက်ရှိလာသည်။
ဤနေရာတွင် မိုးမှာ သိပ်မသည်းတော့ပေ။ လူကျိုးယွင် ကျောင်းထဲသို့ ရောက်သွားသည်နှင့် အိုမင်းနေသော ဘုရားကျောင်းစောင့် တစ်ဦးက ကြိုဆိုလိုက်သည်။ ကျောင်းစောင့်အိုကြီးသည် လူကျိုးယွင်ကို သိနေသည့်ပုံပင်။
"အခြေအနေ ဘယ်လိုလဲ "
လူကျိုးယွင်က သက်ပြင်းချလိုက်သည်
"သတင်းပြန်ပို့လိုက်... ဖူဝမ်ကြင်ယာတော်ရဲ့ ဘေးမှာ ယန်ဝိညာဥ် အဆင့် ကျွမ်းကျင်သူတစ်ယောက် ရှိနေတယ်၊ ဒီကိစ္စက လုပ်ရကိုင်ရ ခက်သွားပြီ"
ကျောင်းစောင့်အိုကြီး၏ မျက်နှာ ပျက်သွားကာ ပျာပျာသလဲ ဖြစ်သွားသည်။
"ယန်ဝိညာဥ်အဆင့်"
ဒါက ဘယ်လိုဖြစ်တာလဲ ဘယ်ကနေ ယန်ဝိညာဥ်ပေါ်လာတာလဲ ဤကျောင်းစောင့်အိုကြီးမှာ ပုံမှန်ဆိုလျှင် လူကောင်းတစ်ယောက်ကဲ့သို့ ရှိသော်လည်း ယခုမူ ပါးစပ်ချွန်ချွန်နှင့် မျောက်အိုကြီးတစ်ကောင်နှင့် တူနေတော့သည်။
"ယန်ဝိညာဥ်အဆင့်တင်မကဘူး၊ ကြည့်ရတာ သိုင်းပညာ ကို ကျင့်ကြံတဲ့သူပဲ၊ ဖြစ်နိုင်တာက လူသားလောကရဲ့ သိုင်းနတ်ဘုရား တောင် ဖြစ်နေမလားပဲ"
လူကျိုးယွင်က စိတ်ပျက်လက်ပျက် ပြုံးရင်း ဆိုသည်။
"မဖြစ်နိုင်တာ "
"ချန်နိုင်ငံ မှာ သိုင်းနတ်ဘုရား တစ်ပါးပဲ ရှိတာ၊ ဒုတိယတစ်ပါး ထွက်ပေါ်လာဖို့ ကံတရားက ဘယ်ကလာမှာလဲ "
မျောက်အိုကြီးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"နာလန် သခင်ကြီးဆီကို မြန်မြန် သတင်းပို့လိုက်ဦး၊ အခြားနည်းလမ်း စဉ်းစားခိုင်းပါ၊ မဟုတ်ရင် မင်းသားငယ်ကို ပြန်လုဖို့ အခွင့်အရေး မရှိတော့ဘူး"
လူကျိုးယွင်က တိုက်တွန်းလိုက်သည်။
"ကောင်းပြီ... ငါ အခုပဲ သွားလိုက်မယ် "
ကျောင်းစောင့်အိုကြီးက မြို့စောင့်နတ်ရုပ်ရှေ့သို့ အမြန်သွားကာ အမွှေးတိုင်ကြီးတစ်တိုင်ကို ထွန်းလိုက်သည်။ ပါးစပ်မှလည်း မန္တန်များကို တတွတ်တွတ် ရွတ်ဖတ်နေပြီးနောက် အဆောင်တစ်ခုကို မီးရှို့လိုက်သည်။
ချက်ချင်းပင် အအေးဓာတ်ပါသော လေပြင်းများ တိုက်ခတ်လာပြီး ထိုမြို့စောင့်နတ်ရုပ်ကြီးမှာ အသက်ဝင်လာကာ မျက်လုံးများကို ဖွင့်လိုက်သည်။
"ငါ့ကို ဘာကိစ္စ ခေါ်တာလဲ "
ကျောင်းစောင့်အိုကြီးက အလောတကြီး ပြောလိုက်သည်။
"အခြေအနေ ပြောင်းသွားပြီ၊ ဖူဝမ်ကြင်ယာတော် ဘေးမှာ ယန်ဝိညာဥ်အဆင့် ကျွမ်းကျင်သူ ရှိနေတယ်၊ နာလန်သခင်ကြီးကို အမြန် သတင်းပို့ပေးပါ"
မြို့စောင့်နတ်မင်းကြီး၏ မျက်လုံးများ ပြောင်းလဲသွားကာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက်
"ကောင်းပြီ"
ဟု ပြောလိုက်သည်။ ထို့နောက်တွင် နတ်ရုပ်ကြီးမှာ ရွှံ့ရုပ်အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားတော့သည်။
ကျောင်းစောင့်အိုကြီးက သက်ပြင်းချရင်း
"ဘာလို့ ဒီလို ဖြစ်ရတာလဲ ယန်ဝိညာဥ်အဆင့် ကျွမ်းကျင်သူဆိုတာ အရမ်းကို ရှားပါးတာလေ၊ ဘာလို့ ဒီလိုအချိန်မျိုးမှာမှ ဖူဝမ်ကြင်ယာတော်နဲ့ သွားတိုးရတာလဲ "
လူကျိုးယွင်၏ အသံမှာ လေးလံနေသည်
"မူလကတော့ အဲဒီလူကို ယင်ဝိညာဉ်အထွတ်အထိပ်လို့ပဲ ထင်ခဲ့တာ၊ ဒါကြောင့် ဟူလျန်အာ နဲ့ ငွေရောင်ဖုတ်ကောင် သုံးကောင်ကို ခေါ်သွားခဲ့တာပဲ။ ဒါပေမဲ့ အဲဒီလူက အကုန်လုံးကို ရိပ်မိသွားတယ်၊ ဟူလျန်အာလည်း အသတ်ခံလိုက်ရပြီး ငွေရောင်ဖုတ်ကောင် သုံးကောင်လုံးကိုလည်း အဲဒီ တာအိုဆရာငယ်က ရိုက်ချိုးပစ်လိုက်တယ် "
ကျောင်းစောင့်အိုကြီး၏ မျက်နှာမှာ လေးနက်နေသည်။
"မြို့တော် ဘက်က ကိစ္စတွေက အခုမှ စနေတာ၊ ဒီလူကြောင့် အနှောင့်အယှက် မဖြစ်ပါစေနဲ့"
လူကျိုးယွင်က ခေါင်းယမ်းလိုက်သည်
"မြို့တော်ဘက်ကတော့ ပြဿနာ မရှိနိုင်ပါဘူး၊ နိုင်ငံတော်အရှင် နဲ့ မော့ အကြီးအကဲတို့ ကိုယ်တိုင် ကြီးကြပ်နေတာပဲ။ နောက်ပြီး မှောင်မိုက်တောင်တန်း ကလည်း ယန်ဝိညာဥ်တစ်ပါး ဆင်းလာပြီဆိုတော့ ဒီတာအိုဆရာ တစ်ယောက်တည်းနဲ့ ဒီကိစ္စကြီးကို မပြောင်းလဲနိုင်ပါဘူး"
"ဒီ ကျန်းနန်မြို့တော် ဟာ လူသားလောကထဲက မိစ္ဆာနိုင်ငံတော် တစ်ခု တကယ် ဖြစ်လာတော့မှာပဲ "
လူကျိုးယွင်၏ မျက်လုံးထဲတွင် ရူးသွပ်သော အလင်းရောင်များ တောက်ပနေတော့သည်။