← Chapters

အခန်း (၇၄၅-၇၄၆)

Vol. 75 Ch. 745-746

အခန်း (၇၄၅-၇၄၆)

Vol. 75 Ch. 745-746

အခန်း (၇၄၅) - တာအိုဂိုဏ်း၏ အပြင်းထန်ဆုံး မီးလျှံ ၊ ဟဲဟဲ ၊ ကောင်းပုရွာ၏ သဲလွန်စအသစ်

လီယန်ချူးသည် သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သော်လည်း ဒေါသထွက်ခြင်း မရှိပေ။

နတ်ဘုရားတု၊ နတ်ဘုရားတု အပါးပေါင်းများစွာကို မွေးမြူပြီး ကိုးကွယ်မှု အမွှေးတိုင်နံ့သာများကို ရိတ်သိမ်းနေသည့် တည်ရှိမှုတစ်ခု၊ မိမိကိုယ်ကို နတ်ဘုရားဟု အမည်တပ်ထားသူတစ်ဦး... အကယ်၍ သူသည် တကယ်ပင် မဟာရှခေတ်ကတည်းက ယခုထက်ထိ အသက်ရှင်နေပြီး သူပြောသလို သေပြီးတိုင်း ပြန်လည်ရှင်သန်နေသည်ဆိုလျှင် စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်ဘဲ ရူးသွပ်သွားခြင်းမှာလည်း နားလည်ပေး၍ ရနိုင်ပေသည်။

လီယန်ချူး၏ လက်ဖဝါးထဲတွင် ခရမ်းရောင်မီးလျှံတစ်စု ပေါ်ထွက်လာသည်။ ထိုမီးလျှံ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာပင် အနည်းငယ် တွန့်လိမ်သွားတော့သည်။ ထိုမီးလျှံထံမှ ထွက်ပေါ်လာသော မောက်မာပြင်းထန်လှသည့် အရှိန်အဝါကြောင့် ချင်းဖန်း၏ မျက်နှာမှာ ရုတ်တရက် ပျက်သွားရသည်။

"ငါ မင်းကို သတ်လို့မရဘူး ဟုတ်လား "

လီယန်ချူးက အေးစက်စွာ ပြုံးလိုက်သည်။ ရွှမ်းကျီ ကောင်းကင်မီးလျှံ သည် တစ်ခဏချင်းအတွင်း ချင်းဖန်းကို ဝါးမျိုသွားတော့သည်။ တာအိုဂိုဏ်း၏ အပြင်းထန်ဆုံး မီးလျှံဟု ကျော်ကြားသော ဤကောင်းကင်မီးလျှံသည် မှော်လက်နက် ပစ္စည်းများကို ဖျက်ဆီးရာတွင် အကောင်းဆုံးပင် မည်မျှပင် အစွမ်းထက်သော မှော်လက်နက် ဖြစ်ပါစေ ရွှမ်းကျီ ကောင်းကင်မီးလျှံ၏ လောင်ကျွမ်းမှုကို မခံနိုင်ချေ။

လီယန်ချူးသည် နဂါးချုပ်တိုင်ကို ပြန်သိမ်းလိုက်သည်။ ထိုအချိန်တွင် ချင်းဖန်း၏ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်အလင်းတစ်ခုသည် အပြင်သို့ ထွက်ပြေးရန် ကြိုးစားပြန်သည်။

သို့သော် ၎င်းမှာ ရွှမ်းကျီ ကောင်းကင်မီးလျှံ၏ လွှမ်းခြုံမှုအတွင်းမှာပင် ရှိနေဆဲ ဖြစ်သည်။ ထိုဝိညာဉ်အလင်းမှာ ရှေးဦးက ကျောက်စိမ်းအဆောင်ပင် ဖြစ်ပြီး ၎င်းပေါ်တွင် ပြင်းထန်သော မန္တန်အက္ခရာများ စီးဆင်းနေကာ ထွက်ပေါ်လာသော အရှိန်အဝါမှာ လီယန်ချူးကိုပင် ထိတ်လန့်သွားစေသည်။

ချင်းဖန်း၏ အရှိန်အဝါ အမျှင်တန်းတစ်ခုသည် ကျောက်စိမ်းအဆောင် အထက်တွင် ဖြည်းဖြည်းချင်း ပေါ်လာပြီး သူ၏ ရုပ်သွင်ကို ဖန်တီးရန် ကြိုးစားသော်လည်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပြန်လည်လောင်ကျွမ်းခံရသည်။ ဤသို့ဖြင့် အကြိမ်အနည်းငယ် ဖြစ်ပျက်သွားပြီးနောက် စနစ်တစ်ခုလုံး ကမောက်ကမ ဖြစ်သွားသကဲ့သို့ပင်...။

ဝူး

ရွှမ်းကျီ ကောင်းကင်မီးလျှံ၏ လောင်ကျွမ်းမှုအောက်တွင် ထိုကျောက်စိမ်းအဆောင်သည် ခဏမျှသာ ခံနိုင်ပြီးနောက် လုံးဝ ဥဿုံ ပျက်စီးသွားတော့သည်။

ကုသိုလ်မှတ် ၆၀,၀၀၀

လီယန်ချူး၏ ဦးနှောက်ထဲတွင် ခမ်းနားကြီးကျယ်လှသော မဟာတာအိုအသံ ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ ချင်းဖန်း တစ်ယောက် လုံးဝ ဥဿုံ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သက်သေပင်။

"တောက်ယန် က မင်းထက် အများကြီး ပိုကြွားနိုင်တယ် "

"မဟာရှ ဝူကျုံးခေတ်က ကျင့်ကြံသူ အချင်းချင်းတောင် ကျာချွမ်းဖန်း က မင်းထက် အများကြီး ပိုတိုက်နိုင်သေးတယ်"

"ဟဲဟဲ"

လီယန်ချူးက အေးစက်စွာ ရယ်မောလိုက်ပြီး မင်္ဂလာတိမ်တိုက်ကို စီးနင်းကာ ကောင်းကင်ယံသို့ ပျံသန်းသွားတော့သည်။ အလောင်းတစ်ခုကို စကားပြောနေခြင်းမှာ လက်တွေ့တွင် ထူးခြားမှု မရှိသော်လည်း ဤသည်မှာ လုံလောက်သော ဘေးကင်းမှုကို ပေးသည်။ တစ်ဖက်လူက မိမိစကားပြောနေစဉ်အတွင်း တစ်ခုခုသော လှည့်ကွက် များ လုပ်ဆောင်သွားမည်ကို ကာကွယ်ရန် ဖြစ်သည်။

ချင်းဖန်း၏ တစ်ခုတည်းသော ဂုဏ်ယူစရာ အချက်မှာ တတိယအဆင့် အစောပိုင်း အစွမ်းဖြင့် ကုသိုလ်မှတ် ၆၀,၀၀၀ ထွက်ပေါ်လာခြင်းပင်။ ဖြစ်နိုင်သည်မှာ ကျောက်စိမ်းအဆောင်၏ အာနိသင်လည်း ပါဝင်ပေလိမ့်မည်။

လီယန်ချူးသည် ယခုတစ်ခေါက်တွင် စုစုပေါင်း ကုသိုလ်မှတ် ၁၂၃,၈၀၀ ရရှိခဲ့သဖြင့် စိတ်အခြေအနေမှာ အလွန်ပင် ကြည်နူးနေတော့သည်။ ချင်းဖန်းက သူ့ကို အမြင်ကတ်အောင် လုပ်သည့်အနေဖြင့် ကျင့်ကြံသူများအကြောင်း မပြောပြသွားခြင်းကိုလည်း လီယန်ချူး ဂရုမစိုက်ပေ။

သူသည် ထူးဆန်းသော တည်ရှိမှုပေါင်းများစွာနှင့် တွေ့ကြုံခဲ့ဖူးရာ ချင်းဖန်းထက် ပို၍ ဆန်းကြယ်သူများမှာလည်း မနည်းလှချေ။

ဥပမာ - ဝိညာဉ်သုံးခုကို ပိုင်းဖြတ်ခဲ့သော်လည်း မိမိကိုယ်တိုင် မြေခွေးနတ်ဘုရားကျောင်းတွင် ပိတ်မိနေသည့် ချင်းချူး မြေခွေးနတ်ဘုရားမ၊ သို့မဟုတ် လင်းရွှီ နတ်မြေအတွင်း မည်သူက မည်သည့် ရည်ရွယ်ချက်ဖြင့် ထားခဲ့မှန်းမသိသော ကျိုရှောင် နတ်ဘုရားကျမ်းစာ စသည်တို့ပင်။

လီယန်ချူး ကြုံတွေ့ခဲ့ရသည်များက များလွန်းလှသဖြင့် သူ ယခု အသိချင်ဆုံးမှာ ကောင်းပုရွာ ၏ တည်နေရာပင် ဖြစ်သည်။ ချင်းဖန်းသည် တကယ်ပင် မဟာရှ ဝူကျုံးခေတ်က ကျင့်ကြံသူ ဖြစ်နေပါစေဦး၊ သူ အံ့သြမည်မဟုတ်ချေ။ ဤလောကတွင် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များက များလွန်းလှသည်။ ချင်းဖန်းက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ချင်သည်ဆိုလျှင် တကယ်ကို မှားသွားလေပြီ။

"ပြဿနာက ဒီကျောက်စိမ်းအဆောင်မှာ ရှိနေတာ အမှန်ပဲ"

လီယန်ချူး စိတ်ထဲမှ ရေရွတ်လိုက်သည်။ မည်သို့သော နောက်ကွယ်မှ အစီအစဉ်များ ရှိနေပါစေ၊ အကုန်လုံးကို ပြာဖြစ်အောင် ရှို့ပစ်လိုက်ရုံဖြင့် အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်သည်။

သူသည် တိမ်စီးအတတ်ကို သုံးကာ မကြာမီမှာပင် ရွာ သို့ ရောက်ရှိလာခဲ့သည်။ ရှန်းကျိတောင်အတွင်း သူပြုလုပ်ခဲ့သော ကောင်းကင်လှုပ် မြေဟီး တိုက်ပွဲအရှိန်အဝါများကြောင့် ရွာသားများသည် သူ့ကို အလွန်ပင် ကြောက်ရွံ့ရိုသေနေကြသည်။ သူ့ကို မြင်သည်နှင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဝိုင်းဝန်း ဦးချကြတော့သည်။

"နတ်မင်းကြီး"

"ဆရာတော်"

"ရှင်ထွက်"

"ငါက နတ်ဘုရား မဟုတ်ပါဘူး၊ ငါက သာမန် တာအိုဆရာ တစ်ယောက်ပါ"

လီယန်ချူးက ပြုံး၍ ပြောလိုက်သည်။

လင်းယားလန်၏ လှပသော မျက်ဝန်းအစုံမှာ တစ်စုံတစ်ခုကို တွေးတောနေသကဲ့သို့ လီယန်ချူးကို ကြည့်နေပြီး စကားပြောရန် ပြင်လိုက်သော်လည်း ပြန်မြိုချလိုက်ရသည်။

လီယန်ချူးသည် ရွာအတွင်း ကောင်းပုရွာအကြောင်းကို စုံစမ်းလိုက်သည်။ အစကတော့ ဘာမှ သိရမည်မဟုတ်ဟု ထင်ထားသော်လည်း ရွာထဲမှ အသက်ကြီးပြီး အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေသော အဖိုးအို တစ်ဦးသည် 'ကောင်းပုရွာ' ဆိုသည့် အမည်ကို ကြားလိုက်ရချိန်တွင် စိတ်လှုပ်ရှားလာတော့သည်။

"ကောင်းပုရွာ ကောင်းပုရွာကို ငါသိတယ် "

အဖိုးအို၏ အသံမှာ တုန်ယင် စိတ်လှုပ်ရှားနေသည်။

"ဦးလေးကလည်း... လျှောက်မပြောပါနဲ့၊ ကျွန်တော်တို့တောင် ဒီနေရာအကြောင်း မကြားဖူးဘူး"

ခုနက သတို့သမီးလောင်း၏ ဖခင်က အဖိုးအိုကို တွဲရင်း ပြောလိုက်သည်။ သူ၏ ဒဏ်ရာများကို လီယန်ချူးက ကုသပေးထားပြီး ဖြစ်သည်။ တာအိုကျင့်စဉ်၏ ဝိညာဉ်စွမ်းအားမှာ ကြီးမားလှသော သက်စောင့်စွမ်းအားများ ပါရှိရာ သူ၏ ဒဏ်ရာများကို လီယန်ချူးက ခဏချင်းအတွင်း ပြန်လည် ကောင်းမွန်အောင် လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

"ကောင်းပုရွာ... နတ်သမီးလေး ရှိတယ်... နတ်သမီးလေး..."

ထိုဝေဝေဝါးဝါး ဖြစ်နေသော ဒုတိယအဖိုးအို က စိတ်လှုပ်ရှားစွာ ပြောနေပြီး မျက်နှာတွင်လည်း အပျော်များ လွှမ်းနေသည်။

ဒါ... ယောက်ျားတွေက သေခါနီးအထိ လူငယ်လေးတွေလိုပဲ ဆိုတာလား... လီယန်ချူး၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားပြီး ထပ်မံ မေးမြန်းလိုက်သည်။

"အဖိုး... ကောင်းပုရွာအကြောင်း တခြား ဘာတွေ မှတ်မိသေးလဲ "

ထိုအဖိုးအိုက လီယန်ချူးကို စိုက်ကြည့်ကာ

"ငါက မင်းရဲ့ အဖိုး မဟုတ်ဘူး၊ ငါက မင်းရဲ့ ဒုတိယအဖိုး (ဦးလေးကြီး) ကွ "

လီယန်ချူး: "............"

ဘေးမှ ဖခင်ဖြစ်သူ၏ မျက်နှာတွင် အားနာစရာ အပြုံးတစ်ခု ပေါ်လာသည်။

"ဒုတိယအဖိုးက ခေါင်းနည်းနည်း မကြည်တော့ဘူး၊ ဆရာတော်... စိတ်မရှိပါနဲ့"

လီယန်ချူးက ပြုံးလျက် ကိစ္စမရှိကြောင်း ပြန်ပြောကာ ထိုအဖိုးအိုကို ထပ်အော်မေးလိုက်သည်။

"ဒုတိယအဖိုး... ကောင်းပုရွာအကြောင်း ဘာမှတ်မိသေးလဲ "

ထိုအဖိုးအိုသည် 'ကောင်းပုရွာ' ဆိုသည့် အမည်ကို ကြားရုံနှင့် အလွန်ပင် တက်ကြွနေသည်။

"နတ်သမီးလေးက ဖြူနေတာပဲ လှလိုက်တာ ခြေတံတွေက ရှည်လို့ တကယ် လှတာ "

"............" လီယန်ချူး။

ဤလူသည် ကောင်းကင်လျှို့ဝှက်ချက်၏ ပိတ်ပင်မှုကို မခံရဘဲ မှတ်မိနေသည်ဆိုလျှင်... ဖြစ်နိုင်သည်မှာ ထိုနတ်သမီးက အလွန်လှလွန်းသဖြင့် သူ့စိတ်ထဲ စွဲထင်ကျန်ရစ်နေခြင်းကြောင့်လား သူသည် အဖိုးအိုကို သံသယဖြင့် တစ်ချက်ကြည့်ပြီး ထိုလူလတ်ပိုင်း အမျိုးသားကို မေးလိုက်သည်။

"ဒီလူက ခင်ဗျားရဲ့ ဒုတိယအဖိုး အစစ်ပဲ မဟုတ်လား သေချာ ပြန်စဉ်းစားကြည့်ဦး... ခင်ဗျားမှာ တကယ်ပဲ ဒုတိယအဖိုး တစ်ယောက် ရှိတာလား၊ ပြီးတော့ အဲဒီလူက တကယ်ပဲ သူလား "

ဤစကားမှာ အနည်းငယ် ရှုပ်ထွေးနေသဖြင့် ထိုလူလတ်ပိုင်း အမျိုးသားမှာ ခဏမျှ ကြောင်သွားပြီးမှ

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဆရာတော်... ကျွန်တော် သေချာပေါက် အာမခံနိုင်ပါတယ်၊ သူက ကျွန်တော့်ရဲ့ ဒုတိယအဖိုးပါ။ ကိုယ့်အမျိုးကိုတောင် ကျွန်တော် မှားမှတ်ပါ့မလား"

သူက ပြတ်ပြတ်သားသား ပြောလိုက်သည်။

လီယန်ချူး၏ မျက်ဝန်းထဲတွင် မှော်အလင်းတန်းများ ဝင်းလက်သွားပြီး သူ၏ ကိုယ်တွင်းမှ စိတ်ကြည်လင်ကျောက်စိမ်းအဆောင်၏ စွမ်းအားကို လှုံ့ဆော်လိုက်သည်။ သူသည် ဝိညာဥ်မျက်စိအတတ် နှင့် အရှိန်အဝါ ကြည့်သည့်အတတ် တို့ကို အသုံးပြု၍ ထိုအဖိုးအိုကို ကြည့်လိုက်သော်လည်း ထူးခြားသော ပြဿနာ တစ်စုံတစ်ရာ မတွေ့ရပေ။

အဓိကမှာ ယခင်တစ်ခေါက် ကောင်းပုရွာအကြောင်း ပြောပြခဲ့သော အဖိုးအို၏ မည်သူမည်ဝါဖြစ်ကြောင်းမှာ သံသယဖြစ်ဖွယ် ကောင်းခဲ့သဖြင့် ယခုတစ်ခေါက် သတင်းပေးသူကိုလည်း သူ သေချာ သတိထားနေခြင်း ဖြစ်သည်။

သို့သော် အတော်ကြာအောင် ကြည့်သော်လည်း အဖိုးအိုထံတွင် ဘာမှ မတွေ့ရပေ။ အသက်ကြီး၍ ဇရာထောင်းလာခြင်းကြောင့်သာ ဝေဝေဝါးဝါး ဖြစ်နေခြင်း ဖြစ်သည်။

ဤသည်မှာ လူသားတို့၏ ဆုတ်ယုတ်ခြင်း ဖြစ်စဉ်တစ်ခုပင်။ နတ်ဘုရားများတွင်ပင် ဆုတ်ယုတ်ခြင်း ငါးပါး ရှိသေးသည်ဆိုလျှင် သာမန်လူသားများ ဆိုလျှင် ပြောနေစရာ မလိုတော့ချေ။ လီယန်ချူးသည် သူ၏ တာအိုစွမ်းအားများဖြင့် အဖိုးအို၏ ကိုယ်တွင်း စွမ်းအားများကို အနည်းငယ် ပြုပြင်ပေးလိုက်သည်။

သို့သော် မည်မျှပင် မေးမေး ထိုအဖိုးအိုမှာ ကောင်းပုရွာ၏ တည်နေရာကို မသိဘဲ

"နတ်သမီးလေးက ဖြူတယ်၊ ခြေတံရှည်တယ်၊ လှတယ်" ဆိုသည့် စကားကိုသာ ထပ်ခါတလဲလဲ ပြောနေသဖြင့် ဘေးမှ လူလတ်ပိုင်း အမျိုးသားမှာ အလွန်ပင် မျက်နှာပူနေတော့သည်။ လင်းယားလန်မှာမူ ကလေးကို ပွေ့လျက် ဘာတွေ ဖြစ်နေမှန်း မသိဘဲ ကြောင်တောင်တောင် ဖြစ်နေရှာသည်။

ဘယ်က ဒုတိယအဖိုးလဲ ဘယ်က ကောင်းပုရွာလဲ ဘယ်က ခြေတံရှည်တဲ့ နတ်သမီးလဲ လင်းယားလန်မှာ နားမလည်နိုင်အောင် ဖြစ်နေရသည်။

"ကဲ... သွားကြစို့၊ နောက်တစ်ရွာကို ဆက်သွားကြည့်မယ်"

လီယန်ချူးက လင်းယားလန်ကို ပြောလိုက်သည်။

ဤအဖိုးအိုမှာ ဝေဝေဝါးဝါး ဖြစ်နေသော်လည်း ကောင်းပုရွာ၏ သတင်းအစအန အချို့ကိုတော့ မှတ်မိနေသည်။ ဤအနီးအနားတွင် ရွာများစွာ ရှိနေသဖြင့် အခြားသော ဝေဝေဝါးဝါး အဖိုးအိုများလည်း ကောင်းပုရွာအကြောင်း မှတ်မိနေနိုင်သေးသည်။

လီယန်ချူးသည် သူ၏ အိပ်မက်ထဲသို့ ရုတ်တရက် ရောက်လာသော အကူအညီတောင်းသံကို အလွန်ပင် ဂရုစိုက်မိသည်။ ယခုရွာတွင် ကောင်းပုရွာ၏ သတင်းအစအနလေး တစ်ခု တွေ့လိုက်ရသဖြင့် သူ အလွန် ဝမ်းသာသွားသည်။

"ကျန်းနန် ဘက်ကို လျှောက်သွားကြည့်လိုက်ရင် ထူးခြားတဲ့ ရလဒ်တွေ ရနိုင်တယ်"

ဆိုသည့် ဆိုင်ရှင်မ၏ စကားမှာ တကယ်ပင် မှန်ကန်လှသည်။

လင်းယားလန်မှာ မူလက မြို့တော်သို့ အမြန်ပြန်ချင်နေသော်လည်း မိမိကို ကယ်တင်ထားသူမှာ လီတာအိုဆရာ ဖြစ်နေသဖြင့် ဘာမှ ကန့်ကွက်စရာ မရှိချေ။ သူမသည် ကလေးကို ပွေ့ချီကာ လီယန်ချူး၏ ဘေးမှ တိတ်တဆိတ် လိုက်ပါသွားတော့သည်။

ဘာမှ မသိသူများအဖို့မူ လီယန်ချူးနှင့် သူမမှာ လင်မယားများကဲ့သို့ပင်။ ဤခေတ်တွင် တာအိုဆရာများ အိမ်ထောင်ပြုခြင်းမှာ ပုံမှန်ပင် ဖြစ်သော်လည်း မိန်းမနှင့် ကလေးကို ခေါ်ကာ ရွာစဉ်ပတ် လှည့်လည်နေသည့် တာအိုဆရာမျိုးမှာမူ တွေ့ရခဲလှသည်။

"လီတာအိုဆရာက တကယ့်ကို ဖခင်ကောင်း တစ်ယောက်ပဲဗျာ"

လီယန်ချူး၏ ကျေးဇူးကြောင့် သမီးဖြစ်သူကို ပြန်ရခဲ့သည့် လူလတ်ပိုင်း အမျိုးသားက သက်ပြင်းချရင်း ပြောလိုက်သည်။

ထိုအချိန်တွင် လီယန်ချူးနှင့် လင်းယားလန်မှာ အနည်းငယ် ဝေးရာသို့ ရောက်နေပြီ ဖြစ်သော်လည်း လီယန်ချူး၏ အာရုံငါးပါးမှာ ထက်မြက်လှသဖြင့် ထိုစကားကို ကြားလိုက်ရချိန်တွင် သူ၏ ကိုယ်မှာ အနည်းငယ် တောင့်တင်းသွားပြီး ရွာဘက်သို့ အံ့သြတကြီး လှည့်ကြည့်လိုက်မိသည်။

ထိုလူလတ်ပိုင်း အမျိုးသားမှာမူ လီယန်ချူး လှည့်ကြည့်သည်ကို မြင်သောအခါ ပို၍ပင် စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်း ပြလိုက်ပြီး

"လီတာအိုဆရာ... လမ်းခရီးမှာ ဘေးကင်းပါစေဗျာ"

ရွာသား ရာပေါင်းများစွာကလည်း တညီတညွတ်တည်း အော်ဟစ် နှုတ်ဆက်လိုက်ကြတော့သည်။

"............" လီယန်ချူး။

အခန်း (၇၄၆) - လင်းယားလန်၏ မည်သူမည်ဝါဖြစ်ကြောင်း ၊ မင်းအတွက် ဘာမဆိုလုပ်ပေးဖို့ အဆင်သင့်ပဲ ၊ တကယ်ဖြူတာပဲ

လီယန်ချူးသည် ဒုတိယမြောက်ရွာသို့ ရောက်ရှိလာခဲ့သည်။ ဤရွာတွင် ရှတွဲရွာထက် အိမ်ခြေ ဆယ်အိမ်ကျော်ခန့် ပိုများသည်။

အစောပိုင်းက ဤရွာတွင် ကိုးကွယ်ထားသည့် နတ်ဘုရားတုတစ်ပါးသည် ရုတ်တရက် အသက်ဝင်လာပြီး ရှတွဲရွာဘက်သို့ ဦးတည်သွားခဲ့သဖြင့် ရွာသားများမှာ အတော်ပင် ထိတ်လန့်နေကြသည်။

ဤအနီးအနားရွာများတွင် ထိုနတ်ဘုရားတု ၂၈ ပါးမှာ အဆင့်အတန်း မြင့်မားလှပြီး ကိုးကွယ်မှုအမွှေးတိုင်နံ့သာများ စုဆောင်းခြင်း၊ လူဖြင့် ယဇ်ပူဇော်ခြင်းများကို ပြုလုပ်သော်လည်း မည်သူမျှ မတော်လှန်ဝံ့ကြချေ။

လီယန်ချူးသည် ရွာထဲသို့ ရောက်သည်နှင့် ရှေးဦးက လျိုဆရာကဲ့သို့သော နတ်ဆရာတစ်ဦးကို ရှာတွေ့လိုက်သည်။ အရှိန်အဝါကြည့်အတတ်ဖြင့် တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုနတ်ဆရာ၏ စွမ်းအားများကို တိုက်ရိုက် ပိတ်ဆို့လိုက်တော့သည်။

သူသည် တားမြစ်ချက်အတတ်ကို အသေးစိတ် မသိသော်လည်း ပြင်းထန်လှသော ကျင့်စဉ်စွမ်းအား အချို့ကို ထည့်သွင်းလိုက်ရုံနှင့် ထိုနတ်ဆရာမှာ ပြန်မခုခံနိုင်တော့ပေ။ မိစ္ဆာနတ်ဘုရားကို ကိုးကွယ်သူမျှသာ ဖြစ်သဖြင့် မကြာမီမှာပင် ခြေကုန်လက်ပန်းကျကာ အင်အားချည့်နဲ့သွားတော့သည်။

နတ်ဆရာ၏ လက်ပါးစေ လူမိုက်အချို့ကိုလည်း သူ ဆွဲထုတ်ကာ တူညီသော စွမ်းအားဖြင့် ချုပ်နှောင်လိုက်သည်။ ဤကဲ့သို့သော လူစားမျိုးမှာ ရက်စက်ကြမ်းကြုတ်ပြီး တစ်ကိုယ်လုံးတွင် နာကျည်းနေသော ဝိညာဉ်ဆိုးများ၏ အငွေ့အသက်များ ဖုံးလွှမ်းနေကာ သာမန်ပြည်သူများမှာ သူတို့၏ ပြိုင်ဘက် မဟုတ်ချေ။

သို့သော် ဤရွာတွင်မူ သူသည် ဝေဝေဝါးဝါးဖြစ်နေသော အဖိုးအိုမျိုးကို ရှာမတွေ့ခဲ့ပေ။ ဒုတိယအဖိုး (ဒုတိယအဖိုးအို) ကဲ့သို့သော တည်ရှိမှုမျိုးမှာ အမှန်တကယ်ပင် ရှားပါးလှပေသည်။

"ငါ ထင်သားပဲ... ကောင်းကင်လျှို့ဝှက်ချက်ရဲ့ ပိတ်ပင်မှုက ဒီလို ဝေဝေဝါးဝါး အဖိုးအိုတွေအပေါ် ဘယ်လိုလုပ်ပြီး အာနိသင်မရှိဘဲ နေမှာလဲ"

ဟု လီယန်ချူး စိတ်ထဲမှ ရေရွတ်လိုက်သည်။

သူ၏ ကိုယ်ထဲမှ ကိုယ်ပွား တစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာလည်း အစိမ်းရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် ခန့်ညားသော လူငယ်တာအိုဆရာပင်။ လင်းယားလန်မှာ ရုတ်တရက် လန့်သွားရသည်။ ထိုကိုယ်ပွားသည် ဓာတ်ငါးပါးမြေလျှိုးအတတ် ကို အသုံးပြုကာ ရှတွဲရွာဘက်သို့ ဦးတည်သွားတော့သည်။

"လီတာအိုဆရာ... ဒါက ဘာလုပ်တာလဲ "

လင်းယားလန်က နားမလည်နိုင်ဘဲ မေးလိုက်သည်။

"ဟိုက ဒုတိယအဖိုး ရှိနေသေးလားလို့ သွားကြည့်တာပါ"

လီယန်ချူးက လေးနက်သော အဓိပ္ပာယ်ဖြင့် ပြန်ပြောလိုက်သည်။

လင်းယားလန်မှာ လီယန်ချူး၏ နတ်ဘုရားကဲ့သို့သော အစွမ်းအစများကို မြင်ပြီး မှင်တက်နေရသည်။

"ဒါနဲ့... မင်းကို အရင်ဆုံး မြို့တော်ကို ပို့ပေးရမလား၊ ငါက ဒီမှာ အချိန်နည်းနည်း ထပ်ပေးရဦးမှာမလို့"

လီယန်ချူးက ရုတ်တရက် မေးလိုက်သည်။

လင်းယားလန်က ခေါင်းခါပြကာ

"မလိုပါဘူး၊ ဆရာတော် အလုပ်ရှုပ်ရင် ရှုပ်သလိုသာ လုပ်ပါ၊ ကျွန်မ ဆရာတော့်နောက်ကပဲ လိုက်ခဲ့ပါ့မယ်" ဟု ဆိုသည်။

လီယန်ချူးက သူမကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်သည်။

"ငါ့အနားမှာနေရင် မင်းကို လိုက်သတ်နေတဲ့သူတွေကို ငါက ကာကွယ်ပေးနိုင်မယ်လို့ တွေးနေတာမလား "

လင်းယားလန်၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွားပြီး ခေါင်းညိတ်ဝန်ခံလိုက်သည်။

"မင်းက သာမန် ပိုးထည်တိုက်က သခင်မလေး မဟုတ်တာတော့ သေချာတယ်။ ဒုတိယအသုတ် လိုက်လာတဲ့သူတွေထဲမှာ အဆင့်မြင့် သိုင်းပညာရှင်တွေတင်မကဘူး၊ ယင်ဝိညာဥ် ကျင့်ကြံသူတွေတောင် ပါတယ်။ ပိုးထည်တိုက်က သခင်မလေးတစ်ယောက်ကို ဒီလောက် လူအများကြီး လိုက်ဖမ်းနေတာကတော့ တော်တော်လေး အဓိပ္ပာယ်မရှိလွန်းဘူး"

လီယန်ချူးက တည်ငြိမ်စွာ ပြောလိုက်သည်။

လင်းယားလန် ထိတ်လန့်သွားကာ

"လီတာအိုဆရာ... ကျွန်မက..."

"ငါက မင်းကို ကြုံလို့ ကယ်ခဲ့တာပဲ။ မင်းမှာ ဘယ်လိုလျှို့ဝှက်ချက်ရှိရှိ ငါ စိတ်မဝင်စားဘူး။ အခု မင်းပြောတဲ့နေရာကို ပို့ပေးမယ်"

လီယန်ချူးက ညင်သာစွာ ပြောလိုက်သည်။

သူ့တွင် တိမ်စီးအတတ် ရှိသဖြင့် မြို့တော်သို့ သွားရန်မှာ အချိန်အများကြီး မပေးရချေ။ ဤအမျိုးသမီးကို သူ့ဘေးတွင် အမြဲ ခေါ်ထားရန် မလိုပေ။

လင်းယားလန်မှာ ရုတ်တရက် "ဘုတ်ခနဲ" ဒူးထောက်လိုက်ပြီး

"ကျွန်မ ဆရာတော့်ကို တမင်သက်သက် လိမ်ခဲ့တာ မဟုတ်ပါဘူး၊ ဘေးဒုက္ခတွေကြား ရောက်နေလို့ ပြောရခက်တဲ့ အခြေအနေကြောင့်ပါ"

"ရပါတယ်၊ ပြောရခက်ရင်လည်း မပြောပါနဲ့၊ အခုပဲ ပို့ပေးမယ်"

လီယန်ချူးက ဆိုသည်။

"..." လင်းယားလန်။

လီယန်ချူးတွင် ခံစားချက်တစ်ခု ရှိနေသည်၊ ဤအမျိုးသမီး ပြောမည့် စကားများမှာ ဒုက္ခများသာ ဖြစ်ပေလိမ့်မည်။

"ကျွန်မက တကယ်တော့ ပိုးထည်တိုက်က မဟုတ်ပါဘူး၊ ကျွန်မက ဖူဝမ် မင်းသားရဲ့ ကြင်ယာတော် ပါ။ ရင်ခွင်ထဲက ကလေးကတော့ ဖူဝမ်မင်းသားရဲ့ သွေးသားပါပဲ"

ဟု လင်းယားလန်က ရုတ်တရက် ပြောလိုက်သည်။

"မင်းသားကြင်ယာတော်"

လီယန်ချူး မျက်မှောင်ကြုတ်သွားသည်။

"ဟုတ်ပါတယ်။ ဖူဝမ်မင်းသားက ကျန်းနန်ကို အုပ်ချုပ်နေတာပါ။ ကျွန်မက သူ့ရဲ့ ကြင်ယာတော်ပါ။ ဒါပေမဲ့ မင်းသားနန်းတော်မှာ အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်၊ ဒါကြောင့် ကလေးကို ခေါ်ပြီး ထွက်ပြေးလာတာပါ။ လိုက်ပါလာတဲ့ အစောင့်တွေလည်း အကုန် သေကုန်ကြပြီ"

"ဘယ်လို အပြောင်းအလဲလဲ"

"ဖူဝမ်မင်းသား အသတ်ခံလိုက်ရတယ်။ အဲဒီလူက မင်းသားရဲ့ ခေါင်းကို ဖြတ်ချလိုက်တာကို ကျွန်မ ကိုယ်တိုင် မြင်လိုက်ရတာ။ ပြီးတော့ အဲဒီခေါင်းကို အပ်နဲ့ ပြန်ချုပ်ပေးလိုက်တော့ ဖူဝမ်မင်းသားက ပြန်ထလာတယ်"

လင်းယားလန်က ထိတ်လန့်တုန်လှုပ်စွာ ပြောပြသည်။

"မင်းသားတစ်ပါးကို သတ်လိုက်တာလား"

လီယန်ချူး မျက်မှောင်ကြုတ်မိသည်။

မင်းစိုးရာဇာများမှာ ကောင်းကင်နှင့် ဆက်စပ်နေသဖြင့် မင်းသားတစ်ပါးကို သတ်ခြင်းမှာ ဝဋ်ကြွေး ကြီးလှသည်။ ကျင့်ကြံသူဖြစ်ပါစေ၊ သာမန်လူဖြစ်ပါစေ ဤကဲ့သို့သော အာဏာရှိသူများကို အလွယ်တကူ မထိဝံ့ကြချေ။

"ဘယ်သူက သတ်တာလဲ၊ သိလား" လီယန်ချူးက မေးသည်။

"မင်းသားနန်းတော်က ပညာရှိ အကြံပေး နာလန် ဆရာကြီးပဲ"

"သူက ဘာလို့ ဖူဝမ်မင်းသားကို သတ်တာလဲ"

"မသိဘူး။ နန်းတော်က ကျင့်ကြံသူ တုန်းဆရာတော် နဲ့ အစောင့်တွေက ကျွန်မကို ထွက်ပြေးဖို့ ပို့ပေးခဲ့တာ။ ကျင့်ကြံသူတွေ အများကြီးက ကျွန်မတို့ကို ကောင်းကင်အနှံ့ လိုက်ဖမ်းကြသလို သိုင်းသမားတွေလည်း ပါဝင်နေကြတယ်"

ဖူဝမ်မင်းသား၏ ကြင်ယာတော်က ထိတ်လန့်စွာ ပြောပြနေသည်။

"ဒါကြောင့်မို့လို့ သူ့ဆီမှာ ဒီလောက်အထိ ချမ်းသာကြွယ်ဝတဲ့ အရှိန်အဝါတွေ ရှိနေတာကိုး"

လီယန်ချူး စိတ်ထဲမှ တွေးလိုက်မိသည်။

အစောပိုင်းက သူ အနည်းငယ် နားမလည်နိုင် ဖြစ်ခဲ့ရသည်။ ကျန်းနန်ဒေသက တကယ်ကို ချမ်းသာကြွယ်ဝတာပဲ၊ ပိုးထည်တိုက်က သခင်မလေးတစ်ယောက်တောင် ဒီလောက် အရှိန်အဝါ ကြီးမားနေတာလားလို့ သူ ထင်ခဲ့မိသည်။ အခုတော့ သူမက တကယ့် မင်းသားကြင်ယာတော် ဖြစ်နေလေပြီ။

"ဒါဆို မင်းက ဘာလို့ မြို့တော်က ပိုးထည်တိုက်ကို ပို့ခိုင်းတာလဲ "

"အဲဒါက မင်းသားနန်းတော်ရဲ့ လျှို့ဝှက်ဆက်သွယ်ရေးစခန်း ပါ။ နန်းတော်အစောင့်ခေါင်းဆောင် ဝမ်ကျန့် မသေခင်က ကျွန်မကို ပြောသွားခဲ့တာ"

ဟု ကြင်ယာတော်က ဆိုသည်။

"ငါ မင်းကို မြို့စောင့်မင်းဆီ ပို့ပေးနိုင်တယ်၊ အဲဒီမှာ ဖူဝမ်မင်းသားနန်းတော် အကြောင်းကို အကုန်ပြောပြလိုက်ပေါ့"

လီယန်ချူးက အကြံပေးသည်။

"သူတို့က ဖူဝမ်မင်းသားကို သတ်ပြီး နောက်တစ်ယောက်နဲ့ အစားထိုးနိုင်တယ်ဆိုတော့ မြို့စောင့်မင်းဆီမှာရော သူတို့လူတွေ ရှိမနေဘူးလို့ ဘယ်သူပြောနိုင်မှာလဲ ကျွန်မကတော့ လီတာအိုဆရာ့အနားမှာပဲ နေချင်ပါတယ်"

ဟု သူမက တောင်းပန်တိုးလျှိုးလိုက်သည်။

"အဲဒီ လျှို့ဝှက်စခန်းကိုတော့ အစက မင်း ယုံကြည်ခဲ့တာ မဟုတ်လား "

လီယန်ချူးက မျက်မှောင်ကြုတ်ကာ မေးသည်။

"အဲဒါက တခြားလမ်းမရှိလို့ ရွေးခဲ့ရတာပါ။ အခုတော့ လီတာအိုဆရာ့အနားထက် ဘေးကင်းတဲ့နေရာ ဘယ်မှာ ရှိတော့မှာလဲ"

သူမက ညင်သာစွာ ပြောသည်။

"ငါ့အနားမှာ ထားပေးလို့တော့ ရပါတယ်။ ဒါပေမဲ့ သူတို့က ဘာလို့ မင်းကို လိုက်ဖမ်းနေရတာလဲ "

"ဒီကလေးအတွက်ပါ။ ဒီကလေး မွေးလာတုန်းက အခန်းထဲမှာ ရွှေနဂါး တစ်ကောင် ပေါ်လာခဲ့တယ်။ နာလန်ဆရာကြီးက မင်းသားကို ပြောနေတာ ကျွန်မ ကြားလိုက်မိတာက... ဒီကလေးမှာ စစ်မှန်သောနဂါး ကံကြမ္မာ ပါလာတယ်၊ အနာဂတ်မှာ တိုင်းပြည်ကို အုပ်စိုးနိုင်မယ့်သူတဲ့ "

ကြင်ယာတော်သည် ဘာမှ ဖုံးကွယ်မထားဘဲ အကုန်ပြောပြလိုက်သည်။

လီယန်ချူး၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားပြီး သူမရင်ခွင်ထဲက ကလေးကို ကြည့်လိုက်သည်။

"စစ်မှန်တဲ့နဂါး ကံကြမ္မာ ဆိုလိုတာက ဒီကောင်လေးက နောင်ကျရင် ဧကရာဇ် ဖြစ်လာနိုင်တယ် ပေါ့ "

မင်းသားကြင်ယာတော်က ခေါင်းညိတ်ပြသည်။ သူမသည် လီယန်ချူး၏ အနားသို့ အနည်းငယ် တိုးကပ်လာကာ ရနံ့သင်းပျံ့သော လေသံလေးဖြင့်

"လီတာအိုဆရာသာ ကျွန်မကို ဒီဘေးဒုက္ခကနေ ကယ်တင်ပေးမယ်ဆိုရင် ကျွန်မ ဆရာတော့်အတွက် ဘာမဆို လုပ်ပေးဖို့ အသင့်ပါပဲ"

သူမသည် ရင့်ကျက်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။ အသက် ၂၀ အရွယ်နှင့် ဖူဝမ်မင်းသားနန်းတော်တွင် ကြင်ယာတော်နေရာကို ရရှိထားသူ ဖြစ်ရာ စိတ်ထားမဆိုးနိုင်သော်လည်း လောကအတွေ့အကြုံ မရှိသည့် မိန်းကလေးငယ်တစ်ဦး မဟုတ်ချေ။

အစောပိုင်းက ဝတ်ထားသည့် စုတ်ပြတ်နေသော အဝတ်အစားများကို ရှတွဲရွာတွင် အသစ်လဲလှယ်ထားသဖြင့် ရွာသူလေးကဲ့သို့ ဝတ်ဆင်ထားသော်လည်း သူမ၏ ကျော့ရှင်းသော ကိုယ်ဟန်နှင့် မြင့်မြတ်သော အရှိန်အဝါကို ဖုံးကွယ်၍ မရချေ။

သူမ၏ ကိုယ်ဟန်မှာ အချိုးအစား ပြေပြစ်လှပနေပြီး ယခုအချိန်တွင် ဆွဲဆောင်မှုအပြည့် ရှိနေသည်။ အိမ်ထောင်သည်၊ မင်းသားကြင်ယာတော်၊ မုဆိုးမ...။

လီယန်ချူး၏ မျက်ဝန်းများမှာ ကြည်လင်နေဆဲ ဖြစ်ပြီး နောက်သို့ တစ်လှမ်းဆုတ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ကောင်းပြီ၊ မင်း လိုက်ချင်ရင်လည်း လိုက်ခဲ့ပေါ့"

ကြင်ယာတော်၏ မျက်နှာတွင် အပျော်များ ပေါ်လာကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ သူမသည် ယခင်က သူမ၏ ဆွဲဆောင်မှုကို တမင်ဖုံးကွယ်ထားသော်လည်း ယခုမူ ကျန်းနန်အမျိုးသမီးတို့၏ နူးညံ့သိမ်မွေ့သော အလှတရားများမှာ အထင်အရှား ပေါ်ထွက်နေသည်။ ဆွဲဆောင်မှုရှိသော်လည်း အမူအရာမှာ တည်ကြည်လှသည်။

လီယန်ချူးသည် ရွာသားများကို ဆက်လက်စုံစမ်းရန် လှည့်ထွက်သွားသော်လည်း ရုတ်တရက် ခြေလှမ်းရပ်ကာ ကြင်ယာတော်ကို လှည့်ကြည့်ပြီး ပြုံးလိုက်သည်။

"အလှပြပြီး မြှူဆွယ်စရာ မလိုပါဘူး၊ ပြီးတော့ မင်းက ကလေးတောင် ပွေ့ထားတာပဲလေ"

ကြင်ယာတော်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး ကိုယ်နေဟန်ထားမှာ အနည်းငယ် တောင့်တင်းသွားသည်။ လီယန်ချူးက ခေါင်းခါရင်း သက်ပြင်းချလိုက်မိသည်။ မလွယ်ပါလား အမျိုးသမီးတစ်ဦးသည် အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် အားကိုးရဆုံးသော လက်နက်မှာ မိမိ၏ ခန္ဓာကိုယ်ပင် မဟုတ်လား။

"ဆရာတော်... ကျွန်မက အရှက်မရှိတဲ့သူ မဟုတ်ပါဘူး၊ ဆရာတော့်စကားကို ကျွန်မ မှတ်ထားပါ့မယ်"

သူမသည် နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်သည်။ စိတ်ထဲတွင် ဘာကြောင့်မှန်းမသိဘဲ စိတ်အေးသွားသလို ခံစားရသော်လည်း အနည်းငယ် နှမျောတသ ဖြစ်မှုလေးတော့ ရှိနေသည်။

သူမသည် ဤကဲ့သို့သော အမူအရာမျိုးကို ပထမဆုံးအကြိမ် ပြုလုပ်ဖူးခြင်း ဖြစ်သည်။ ယခင်က သေရန်သာ ပြင်ထားခဲ့သော်လည်း အခု အသက်ရှင်ဖို့ မျှော်လင့်ချက်နှင့် အခြေအနေကို ပြန်လှန်နိုင်မည့် အခွင့်အရေးကို တွေ့လိုက်ရသဖြင့် အနည်းငယ် စိတ်လွတ်သွားမိခြင်း ဖြစ်သည်။

လီယန်ချူးသည် တတိယမြောက်ရွာသို့ ရောက်ရှိလာခဲ့ရာတွင် မမျှော်လင့်ဘဲ အဖိုးအိုတစ်ဦးကို ထပ်မံတွေ့ရှိခဲ့သည်။ သို့သော် ရရှိသည့် သတင်းမှာ စကားလုံး သုံးလုံးတည်းသာ ရှိသည်။

"နတ်သမီးလေး၊ ဖြူတယ် "

လီယန်ချူး အတော်ကြာအောင် မေးမြန်းမှသာ ထိုအဖိုးအိုက ပျော်ရွှင်စွာဖြင့် နောက်ထပ် စကားလုံး နှစ်လုံးကို ပြောနိုင်တော့သည်။

"လှတယ်"

"..." လီယန်ချူး။

All Chapters