အခန်း (၉၁၇-၉၁၈)
Vol. 90 Ch. 917-918
အခန်း (၉၁၇) လောင်းကြေး
"အပေါ်ထပ်ကို ကြွပါခင်ဗျာ။ အဲဒီမှာ လူကြီးမင်းတို့အတွက် ပိုကောင်းတဲ့ နေရာပြင်ဆင်ပေးထားပါတယ်။ ဒီလို သာမန်လူတွေကြားမှာ ထိုင်နေဖို့ မလိုပါဘူး" ဆိုင်ပိုင်ရှင်က ကလေးများအနားတွင် ရပ်နေသော လုံချန်းကို ကြည့်ကာ ပြောလိုက်၏။ သူသည် လုံချန်း အသွင်ယူထားသော စစ်သည်မှာ မည်သူမည်ဝါ ဖြစ်သည်ကို သိရှိထားပုံရပေသည်။
'ဒီလူက တော်ဝင်စစ်တပ်ထဲမှာ ရာထူးတော်တော်ကြီးတဲ့သူ ဖြစ်ရမယ်' လုံချန်းက တွေးလိုက်မိ၏။
ဆိုင်ပိုင်ရှင်သည် ထိုလူငယ်များနှင့် အုပ်ထိန်းသူကိုလည်း လျစ်လျူမရှုခဲ့ချေ။
"မလိုပါဘူး။ ကျွန်မတို့က ပစ္စည်းဝယ်ဖို့ လာတာမဟုတ်ဘူး။ ဒီမှာ လူတစ်ယောက်ကို စောင့်နေတာ။ သူ့ကို စောင့်ဖို့ဆိုရင် ဒီနေရာက အကောင်းဆုံးပဲ။ သာမန်လူတွေ ကိစ္စကတော့ ရှင့်သဘောပဲ၊ သူတို့ကို ဒီကနေ ထွက်သွားခိုင်းချင်ရင်လည်း လုပ်လို့ရတာပဲလေ" ထိုမိန်းကလေးက ဆိုင်ပိုင်ရှင်ကို ပြောလိုက်၏။
ထိုမိန်းကလေးသည် အလွန်ပင် မာနကြီးစွာ ပြောဆိုပြီး ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်သော်လည်း သူမနှင့်အတူ ပါလာသောသူများမှာ မျက်တောင်တစ်ချက်ပင် မခတ်ကြချေ။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဤအဖွဲ့၏ အဓိက ခေါင်းဆောင်မှာ ဤမိန်းကလေးပင် ဖြစ်ကြောင်း ထင်ရှားလှပေသည်။ သို့မဟုတ်လျှင်လည်း ကျန်ရှိနေသောသူများမှာ ဤကဲ့သို့သော ကိစ္စရပ်များကို ဂရုမစိုက်ကြဘဲ သူမ အလိုရှိသလို လုပ်ခွင့်ပေးထားခြင်းလည်း ဖြစ်နိုင်၏။ မည်သို့ပင်ဖြစ်စေ ဆိုင်ပိုင်ရှင်မှာတော့ သူမ ပြောသလိုသာ လုပ်ဆောင်ရတော့မည် ဖြစ်သည်။
"ဪ... ဟုတ်ကဲ့ပါခင်ဗျာ။ ကျွန်တော် တွေးခေါ်မှု အားနည်းသွားတဲ့အတွက် တောင်းပန်ပါတယ်" ဆိုင်ပိုင်ရှင်က သူ၏ အမှားမဟုတ်သော်လည်း အနူးအညွတ် တောင်းပန်လိုက်ရ၏။
"ဟေ့... အားလုံးကို အပြင်ထွက်ခိုင်းလိုက်စမ်း။ ဒီမှာ အလွန် အရေးကြီးတဲ့ ဧည့်သည်တော်တွေ ရောက်နေတယ်။ တခြား ဈေးဝယ်သူတွေကို နောက်မှ ပြန်လာခဲ့ဖို့ ပြောလိုက်" သူက သူ၏ တပည့်များကို အမိန့်ပေးလိုက်သည်။
မကြာမီမှာပင် ဆိုင်အတွင်းရှိ ပစ္စည်းဝယ်ယူနေသူ အားလုံးကို အပြင်သို့ ထုတ်လိုက်သဖြင့် ဆိုင်အတွင်း၌ ဆိုင်ဝန်ထမ်းများ၊ စစ်သည်များနှင့် လျှပ်စီးကမ္ဘာမှ အဖွဲ့သားများသာ ကျန်ရှိတော့ပေသည်။
ထိုသို့ လုပ်ဆောင်ပြီးနောက်တွင် ၎င်းတို့သည် ဧည့်သည်တော်များအား ပစ္စည်းအချို့ ရောင်းချနိုင်ရန် မျှော်လင့်ချက်ဖြင့် ၎င်းတို့ဆိုင်ရှိ အဈေးကြီးဆုံးနှင့် အဖိုးတန်ဆုံးသော အဆောင်များကို ထုတ်ပြကြတော့၏။ ဘယ်သူ သိနိုင်မည်နည်း၊ အပြန်အလှန်အားဖြင့် ၎င်းတို့ကမ္ဘာမှ အဖိုးတန် ရတနာအချို့ကိုပင် ရရှိနိုင်သည် မဟုတ်လော။
အချိန်အတော်ကြာပြီးနောက်တွင် လျှပ်စီးကမ္ဘာအဖွဲ့သည် ဝယ်ယူရန်အတွက် အဆောင် တစ်ဆယ့်နှစ်ခုအား ရွေးချယ်လိုက်သော်လည်း ငွေကိုမူ မပေးချေရသေးပေ။
ဆံပင်နီနှင့် လူငယ်က ငွေချေရန် ပြင်လိုက်သော်လည်း အပြာရောင်ဆံပင် မင်းသမီးလေးက သူ့ကို တားလိုက်၏။ ဆိုင်၏ ရည်ရွယ်ချက်မှာ မရိုးသားဟု သူမက ခံစားနေရသောကြောင့်ပင်။
"အချိန်တွေ အများကြီး ကုန်သွားပြီ။ အဲဒီလူက ဘာဖြစ်လို့ အခုထိ ရောက်မလာသေးတာလဲ။ ရှင့်ရဲ့ အသုံးမကျတဲ့ ပစ္စည်းတွေ ရောင်းရအောင် ကျွန်မတို့ကို ဒီမှာ ထိုင်စောင့်ခိုင်းပြီး လိမ်ပြောနေတာလား" မိန်းကလေးက ဆိုင်ပိုင်ရှင်ကို မေးလိုက်၏။
"ဗျာ... လိမ်တယ် ဟုတ်လား။ ဘာကို ပြောတာလဲခင်ဗျ" ဆိုင်ပိုင်ရှင်မှာ သိသိသာသာပင် ဇဝေဇဝါ ဖြစ်သွားရ၏။ ဆိုင်အကူကတော့ သူတို့သည် လူတစ်ယောက်ကို စောင့်နေကြသည်ဟူသော အကြောင်းစုံကို သိရှိသော်လည်း ဆိုင်ပိုင်ရှင်မှာမူ ထိုအကြောင်းကို မသိရှိသေးချေ။
ဆိုင်ပိုင်ရှင်သည် ဤသူများမှာ သူတို့၏ သူငယ်ချင်းတစ်ဦးကို စောင့်နေကြခြင်း ဖြစ်သည်ဟုသာ ထင်မှတ်နေခဲ့ခြင်း ဖြစ်၏။ မိမိ၏ တပည့်ဖြစ်သူက ထိုလူ ပြန်လာလိမ့်မည်ဟု ပြောခဲ့သောကြောင့် စောင့်နေကြခြင်း ဖြစ်သည်ကို သူ မသိရှာပေ။
လုံချန်းကမူ ထိုမိန်းကလေးသည် သူ ပြန်မလာတော့မှန်း သိသွားသောအခါ မုန်တိုင်းတစ်ခု စတင်တော့မည်ကို ကြိုတင် သိရှိလျက် နောက်ဘက်တွင် ငြိမ်သက်စွာ ရပ်နေ၏။ ယခုလည်း ထိုအတိုင်းပင် ဖြစ်လာတော့သည်။
ထိုမိန်းကလေးသည် ဆိုင်အကူက သူမကို လိမ်ညာခဲ့သည်ဟု ထင်မှတ်နေပေသည်။
လုံချန်းသည် ၎င်းတို့၏ အစောင့်အရှောက်အသွင် ယူထားသူ ဖြစ်သဖြင့် ယခုအခါတွင် ဝင်ရောက် စွက်ဖက်ရမည့် တာဝန် ရှိလာပေသည်။
သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို ဆိုင်ပိုင်ရှင်အား ပြောပြလိုက်၏။
"မင်း ငါတို့ရဲ့ ဧည့်သည်တော်တွေကို လိမ်ညာခဲ့တာလား" အကြောင်းစုံကို နားလည်သွားသောအခါ ဆိုင်ပိုင်ရှင်က သူ၏ တပည့်ကို မေးလိုက်တော့သည်။
"မ... မဟုတ်ပါဘူး ဆရာ။ နတ်ဘုရားကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်။ အဲဒီလူက ပိုက်ဆံယူပြီး ပြန်လာခဲ့မယ်လို့ တကယ် ပြောသွားတာပါ။ သူ လမ်းမှာ ရောက်နေလောက်ပါပြီ" ဆိုင်အကူက ပြန်ဖြေ၏။ သူကိုယ်တိုင်ပင် ချွေးပြန်နေရပြီ ဖြစ်သည်။ တကယ်တမ်းလည်း အချိန်အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း ထိုလူမှာ ရောက်မလာသေးပေ။
သူ အလိမ်ခံလိုက်ရပြီလားဟု သူ တွေးတောနေမိ၏။ အကယ်၍ ထိုလူ ရောက်မလာခဲ့လျှင် သူ ဒုက္ခကြီးစွာ ရောက်ပေလိမ့်မည်။
"ကောင်းပြီလေ။ ကျွန်မ နောက်ထပ် တစ်နာရီပဲ စောင့်မယ်။ တကယ်လို့ သူ ရောက်မလာဘူးဆိုရင်တော့ ရှင့်ရဲ့ တပည့်က ဆိုင်ရဲ့ အရောင်းမြှင့်တင်ဖို့အတွက် ကျွန်မတို့ကို လိမ်ညာခဲ့တာပဲလို့ သတ်မှတ်လိုက်မယ်။ အဲဒါသာ အမှန်ဖြစ်ခဲ့ရင်တော့ သူ့ရဲ့ လက်တစ်ဖက်ကို လင်ဗန်းထဲထည့်ပြီး ကျွန်မရှေ့ကို ယူလာပေးရလိမ့်မယ်" အပြာရောင်ဆံပင် မင်းသမီးလေးက ဆိုလိုက်ရင်း သူမ၏ ညာဘက်ခြေထောက်ကို ဘယ်ဘက်ခြေထောက်ပေါ် တင်ကာ မာနတခွဲသားဖြင့် ထိုင်လိုက်၏။
ဆိုင်ပိုင်ရှင်သည် သူ၏ တပည့်ကို နောက်တစ်ကြိမ် စိုက်ကြည့်လိုက်ရာ တပည့်ဖြစ်သူက သူ လုံးဝ လိမ်မပြောကြောင်း အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ပေသည်။
"တကယ်လို့ သူ လိမ်မပြောခဲ့ဘူးဆိုရင်ရော" ဆိုင်ပိုင်ရှင်က ခပ်တည်တည်ဖြင့် မေးလိုက်၏။ သူသည် မိမိ၏ တပည့်အပေါ် အတိုင်းအတာတစ်ခုအထိ ယုံကြည်မှု ရှိနေပေသည်။ ထို့ပြင် ဤမိန်းကလေး၏ မာနကြီးလှသော အမူအရာကြောင့်လည်း သူ ဒေါသထွက်နေမိ၏။ ဤအခွင့်အရေးကို အသုံးချကာ သူမအား သင်ခန်းစာတစ်ခု ပေးလိုနေမိသည်။
"တကယ်လို့ သူ လိမ်မပြောဘဲ ကျွန်မက မှားခဲ့တယ်ဆိုရင်တော့ အဲဒါအတွက် ကျွန်မ ပြန်ပြီး ပေးဆပ်ပါ့မယ်" အပြာရောင်ဆံပင် မင်းသမီးလေးက ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်၏။
သူမ၏ စကားကို စိတ်ဝင်စားသွားသဖြင့် ဆိုင်ပိုင်ရှင်က မေးလိုက်သည်။ "ဪ... ဘယ်လိုမျိုး ပေးဆပ်မှာလဲ"
"ရိုးရိုးလေးပါပဲ။ ရှင့်ဆိုင်မှာရှိတဲ့ ပစ္စည်းအားလုံးကို နှစ်ဆပေးပြီး ဝယ်သွားမယ်" မိန်းကလေးက ဖြေလိုက်၏။
"မင်း တကယ်ပဲ တတ်နိုင်ရဲ့လား" ဆိုင်ပိုင်ရှင်က ပြတ်သားစွာ မေးလိုက်၏။ အကယ်၍ ထိုမိန်းကလေးသာ ဤမျှ မာနမကြီးခဲ့လျှင် သူ ဤကဲ့သို့ ပြုမူမည် မဟုတ်သော်လည်း အခုတော့ သူ လျှော့ပေးရန် အစီအစဉ် မရှိတော့ပေ။ "ကျွန်တော့်ဆိုင်က ဘယ်သူမဆို လွယ်လွယ်နဲ့ ဝယ်နိုင်တဲ့ ဈေးပေါတဲ့ ကစားစရာဆိုင် မဟုတ်ဘူးနော်"
"ဟားဟားဟားဟား..."
ထိုသူ၏ စကားကို ကြားသောအခါ ဆံပင်နီနှင့် လူငယ်က ဟားတိုက် ရယ်မောလိုက်တော့သည်။ နောက်ဘက်ရှိ ဆံပင်နက်နှင့် လူငယ်မှာလည်း လိုက်၍ ရယ်မောနေ၏။ သူတို့၏ အုပ်ထိန်းသူပင်လျှင် ခေါင်းခါရင်း ပြုံးနေပေသည်။
ဆိုင်ပိုင်ရှင်သည် သူတို့၏ တုံ့ပြန်မှုကို ထူးဆန်းသည်ဟု ထင်နေမိ၏။ လုံချန်းပင်လျှင် ထူးဆန်းသည်ဟု ထင်နေမိသည်။ သူသည် ထိုမိန်းကလေး၏ စစ်မှန်သော အထောက်အထားကို မသိရှိသဖြင့် သူတို့၏ တုံ့ပြန်မှုအား နားမလည်နိုင်ခြင်း ဖြစ်၏။
"ခင်ဗျားကတော့ ငတုံးပဲဗျာ။ သူက ဘယ်သူလဲဆိုတာ ခင်ဗျား သိလို့လား။ သူမက ကျွန်တော်တို့ လျှပ်စီးကမ္ဘာက ရှီးယား အင်ပါယာရဲ့ နန်းမွေခံ မင်းသမီးပဲဗျ။ ခင်ဗျားတို့ ကမ္ဘာနဲ့ နှိုင်းယှဉ်ရရင်တော့ ခင်ဗျားတို့ရဲ့ အိမ်ရှေ့စံ မင်းသားနဲ့ အဆင့်တူပဲပေါ့" ဆံပင်နီနှင့် လူငယ်က ရယ်သံကို ထိန်းရင်း ပြောလိုက်၏။
'သူက မင်းသမီးလား။ ပြီးတော့ လျှပ်စီးကမ္ဘာတဲ့လား။ ကံမကောင်းတာကတော့ ငါ ရှာနေတဲ့ ကမ္ဘာ မဟုတ်တာပဲ' လုံချန်းက ထိုသူ၏ စကားကို ကြားသောအခါ တွေးလိုက်မိ၏။
"မ... မင်းသမီး ဟုတ်လား" ဆိုင်ပိုင်ရှင်မှာ မှင်တက်လျက် ရေရွတ်လိုက်မိ၏။
"အခုရော သူက ခင်ဗျားဆိုင်ကို မဝယ်နိုင်ဘူးလို့ ထင်နေသေးလား" ဆံပင်နီနှင့် လူငယ်က လှောင်ပြုံးလေးဖြင့် မေးလိုက်သည်။
"ဟင့်အင်း... မထင်တော့ပါဘူး။ ကျွန်တော် သဘောတူပါတယ်။ ဒီလောင်းကြေးကို ကျွန်တော် သဘောတူတယ်။ တကယ်လို့ ကျွန်တော့်တပည့် ပြောသလို အဲဒီလူ ရောက်မလာခဲ့ရင် သူ သေရလိမ့်မယ်။ တကယ်လို့ သူ ရောက်လာခဲ့ရင်တော့ လူကြီးမင်းမင်းသမီးက ကျွန်တော့်ဆိုင်က ပစ္စည်းအားလုံးကို နှစ်ဆပေးပြီး ဝယ်ရပါလိမ့်မယ်" ဆိုင်ပိုင်ရှင်က ပြုံးလျက် ပြန်ဖြေလိုက်၏။
"ကောင်းပြီလေ"
"ဒါပေမဲ့ ဆရာ... ဆရာက ဘယ်လိုလုပ်ပြီး..." မိမိအသက်ကို လောင်းကြေးအဖြစ် အသုံးချခံလိုက်ရသော ဆိုင်အကူက တိုးတိုးလေး ကန့်ကွက်သော်လည်း သူ၏ စကားပင် မဆုံးလိုက်ချေ။
"ပါးစပ်ပိတ်စမ်း၊ မင်း လိမ်မပြောဘူးဆိုရင် ဘာမှ စိတ်ပူစရာ မလိုဘူး မဟုတ်လား။ စိတ်မပူပါနဲ့။ ငါ ဒီပစ္စည်းတွေအားလုံး ရောင်းရပြီးရင် ဆယ်ရာခိုင်နှုန်းကို မင်းအတွက် ဆုကြေးအနေနဲ့ ပေးမယ်။ တကယ်လို့ မင်းက တကယ်ပဲ လိမ်ပြောခဲ့တာဆိုရင်တော့ ဒီလိုလူမျိုးတွေရဲ့ အချိန်ကို ဖြုန်းတီးခဲ့တဲ့အတွက် မင်း သေထိုက်ပါတယ်" ဆိုင်ပိုင်ရှင်က သရော်သလို ပြန်ဖြေလိုက်၏။
ဆိုင်ပိုင်ရှင်က ကတိပေးလိုက်သဖြင့် ဆိုင်အကူမှာ ပါးစပ်ပိတ်နေရုံမှအပါး အခြားမရှိတော့ချေ။
အချိန်တွေက တဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့၏။ လုံချန်း ပြန်လာသည်အား မတွေ့ရသဖြင့် စက္ကန့်တိုင်းမှာ လူများအတွက် စိတ်ဖိစီးမှုများကိုသာ သယ်ဆောင်လာခဲ့ပေသည်။ ဆိုင်အကူမှာ မိနစ်တိုင်းလိုလို အပြင်သို့ လှမ်းကြည့်နေသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ ရောက်မလာခဲ့ပေ။
အခန်း (၉၁၈) အကျိုးကျေးဇူးများ
တစ်ဆိုင်လုံးတွင် သင်္ချိုင်းကုန်းတစ်ခုပမာ တိတ်ဆိတ်ငြိမ်သက်ခြင်းက လွှမ်းမိုးလျက် ရှိ၏။ ထိုတိတ်ဆိတ်မှု ကြားဝယ် လူတို့၏ တုန်ရီမောဟိုက်နေသော အသက်ရှူသံများကိုသာ သဲ့သဲ့မျှ ကြားနေရပေသည်။
မကြာမီမှာပင် နာရီဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီး ဆိုင်အတွင်းရှိ လေထုမှာ ပိုမို၍ တင်းမာလာခဲ့၏။
အပြာရောင်ဆံပင်နှင့် အမျိုးသမီး ပင်းလွီကမူ လုံချန်းတစ်ယောက် ပြန်မလာတော့သည်မှာ သေချာသလောက် ရှိပြီဟု ဆုံးဖြတ်လိုက်ပြီ ဖြစ်၏။ သူမ၏ အခြွေအရံများမှာလည်း ထိုနည်းအတိုင်းပင် ထင်မှတ်နေကြပေသည်။ အကယ်၍ လုံချန်းသာ အမှန်တကယ် ပြန်လာမည်ဆိုပါက ဤမျှ ကြာမြင့်စရာ အကြောင်းမရှိချေ။ မြို့တစ်ဖက်မှ တစ်ဖက်သို့ လမ်းလျှောက်သွားလျှင်ပင် ဤမျှသော အချိန်အတိုင်းအတာသည် လုံလောက်လှပေသည်။ အိမ်သို့ပြန်ကာ ငွေကြေးယူရုံမျှနှင့် ဤမျှ ကြာမြင့်နေခြင်းမှာ ဖြစ်နိုင်ခြေ မရှိသော ကိစ္စရပ်ပင် ဖြစ်တော့သည်။
ဆိုင်ပိုင်ရှင် ကိုယ်တိုင်ပင်လျှင် မိမိ အမှားကျူးလွန်မိပြီ ဖြစ်ကြောင်း သိမြင်လိုက်ရ၏။ အစောပိုင်းက သူ၏ တပည့်ဖြစ်သူ၏ ယုံကြည်ချက် အပြည့်ရှိသော အမူအရာကို ကြည့်ကာ ယုံကြည်မိသော်လည်း ယခုအခါတွင်မူ သူ နောင်တကြီးစွာ ရနေမိလေပြီ။
အကယ်၍ လုံချန်းသာ ကတိအတိုင်း ရောက်မလာခဲ့ပါက သူ၏ တပည့်ကို သတ်ပစ်လိုက်ရုံမျှဖြင့် ပြဿနာအားလုံး ပြီးဆုံးသွားမည် မဟုတ်ချေ။ မိမိ၏ တပည့်ကို သတ်ဖြတ်လိုက်ရပါက ထိုသူ၏ မိသားစုအား လျော်ကြေးငွေ အမြောက်အမြား ပေးဆောင်ရဦးမည် ဖြစ်ရာ မည်သို့ပင် ဆိုစေကာမူ သူသည် အရှုံးနှင့်သာ ရင်ဆိုင်ရတော့မည် ဖြစ်၏။
သူသည် ဆိုင်အတွင်း၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း သက်လတ်ပိုင်း ဆိုင်အကူအား ဒေါသတကြီး စိုက်ကြည့်လိုက်၏။ "ဟေ့ကောင်... ငတုံးရဲ့။ အဲဒီလူသာ ရောက်မလာခဲ့ရင် မင်းကို ငါ အသေဆိုးနဲ့ သေစေရမယ်လို့ ကတိပေးတယ်။ မင်းဟာ သတင်းအချက်အလက်ရဲ့ အကောင်းအဆိုးကိုတောင် ခွဲခြားမသိတဲ့ ကောင်ပဲ။ ဒါဟာ သတင်းအမှားသာ ဖြစ်ခဲ့ရင် အကျိုးဆက် အားလုံးကို မင်းတစ်ယောက်တည်း ခံရလိမ့်မယ်"
ဆိုင်အကူမှာမူ ဘဝကို အရှုံးပေးလိုက်သည့် အမူအရာဖြင့် သူ၏ ဆရာအား ငေးကြည့်နေမိရှာ၏။
ဤကိစ္စမှာ အဘယ်ကြောင့် မိမိ၏ အမှားဖြစ်ရသနည်းဟု သူ မေးခွန်းထုတ်ချင်နေမိသည်။ သူသည် ထိုလူ ပြောသမျှကိုသာ ပြန်လည် တင်ပြခဲ့ခြင်း ဖြစ်၏။ မိမိ၏ အသက်ကို လောင်းကြေးအဖြစ် အသုံးချခဲ့သူမှာလည်း သူ မဟုတ်ပေ။ သို့သော်လည်း သူ၏ အသက်မှာ ယခုအခါ သေမင်း၏ လက်တွင်းသို့ ကျရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်ရာ သူ မည်သို့မျှ မတတ်နိုင်တော့ချေ။
ဤအခြေအနေမှာ အလွန်ပင် မသက်မသာ ဖြစ်နေသဖြင့် လုံချန်းပင်လျှင် ဆက်လက်၍ နှုတ်ဆိတ်မနေနိုင်တော့ပေ။
"ကျွန်တော်တို့ ဒီမှာ အချိန်ဖြုန်းနေတာပဲ ရှိပါတယ်။ အဲဒီလူ ပြန်မလာတော့ဘူးဆိုတာ ထင်ရှားနေတာပဲ။ သူဟာ ဈေးနှုန်းတွေကို ကြားလိုက်ရတဲ့အခါ လန့်ဖျန့်သွားတဲ့ လူဆင်းရဲတစ်ယောက်ပဲ ဖြစ်ပါလိမ့်မယ်" လုံချန်းက ဝင်ရောက် ပြောဆိုလိုက်၏။
"သူဟာ ဆိုင်အတွင်းမှာရှိတဲ့ လူတွေရှေ့မှာ အရှက်မရအောင် ပိုက်ဆံ သွားယူမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထွက်သွားခဲ့တာ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ပြန်လာဖို့ ရည်ရွယ်ချက် ရှိမှာ မဟုတ်ဘူး။ ဒီလူကတော့ ကျွန်တော်တို့ကို အမှန်အတိုင်း ပြောပြခဲ့တာ ဖြစ်မှာပါ။ သူဟာ ကျွန်တော်တို့ကို လိမ်ညာမှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်။ ဒါကြောင့် သူ့ကို အပြစ်မပေးပါနဲ့။ ကျွန်တော်တို့ မြို့ထဲမှာပဲ လိုက်ရှာကြရအောင်။ အဲဒါမှ ဟိုလူကို ပိုမြန်မြန် တွေ့နိုင်မှာ" သူက အခြေအနေကို အကဲခတ်ရင်း ဆက်လက် ပြောဆိုလိုက်၏။
"ဟွန့်... သူ လိမ်တာ မလိမ်တာက အရေးမကြီးဘူး။ ငါတို့ ဒီမှာ စောင့်နေရတာက အဲဒီလူရဲ့ အလိမ်အညာကြောင့် မဟုတ်ဘူး။ ဒီလူက သူ ပြန်လာလိမ့်မယ်လို့ ကတိပေးခဲ့လို့ စောင့်နေတာ" ပင်းလွီက ဆိုင်အကူကို လက်ညှိုးထိုးပြရင်း ပြန်လည် ချေပလိုက်၏။
"ဒီလူ့ကြောင့်ပဲ ငါတို့ရဲ့ အဖိုးတန်လှတဲ့ အချိန်တွေ ကုန်ဆုံးသွားခဲ့ရတာ။ ငါတို့ရဲ့ အချိန်ဟာ ဒီလို အညတရတွေရဲ့ အသက်ထက် အဆပေါင်းမနည်း ပိုပြီး တန်ဖိုးရှိတယ်။ ပြီးတော့ သူတို့ကို လောင်းကြေးထပ်ဖို့ ငါတို့က အတင်းအကျပ် ခိုင်းစေခဲ့တာ မဟုတ်ဘူး။ သူတို့ရဲ့ စကားပေါ်မှာ သူတို့ကိုယ်တိုင် ယုံကြည်မှု ရှိလို့ ဆုလာဘ်နဲ့ စွန့်စားမှုကို ယှဉ်ပြီး လုပ်ခဲ့ကြတာပဲ။ အဲဒီ ယုံကြည်မှုကြောင့်ပဲ ငါတို့ရဲ့ အချိန်တစ်နာရီ ထပ်ပြီး ကုန်ဆုံးသွားရတာ။ အဲဒါအတွက် ဘာဆင်ခြေမှ ပေးနေစရာ မလိုဘူး" သူမက လုံချန်း၏ စကားကို ခါးခါးသီးသီး ပယ်ချလိုက်၏။
"မှန်လိုက်တာ။ အခုတော့ ဒီလို ပျင်းစရာကောင်းတဲ့ နေရာမှာ အချိန်တွေ အများကြီး ကုန်သွားပြီဆိုတော့ လူတစ်ယောက်ရဲ့ ခေါင်းပြတ်ကျတာကို မမြင်ရဘဲနဲ့တော့ ငါတို့ ဒီကနေ ထွက်မသွားနိုင်ဘူး။ ဒီလူက ကတိအတိုင်း အရှုံးကို လက်ခံပြီး သူ့တပည့်ကို သတ်မလား ဒါမှမဟုတ် ငါတို့ကပဲ ကိုယ့်လက်နဲ့ကိုယ် အဆုံးစီရင်ပေးရမလား။ ဒီရန်ပွဲရဲ့ အဆုံးသတ်မှာ ဖျော်ဖြေမှုလေး တစ်ခုတော့ ရှိသင့်တာပေါ့" ပင်းလွီ၏ အဖော် ဆံပင်နီနှင့် လူငယ်က ဆိုလိုက်၏။
"ငါ ပြောတာ ဟုတ်တယ် မဟုတ်လား" သူက သူ၏ အဖော် ဆံပင်နက်နှင့် လူငယ်ကို မေးလိုက်ရာ ထိုသူကလည်း ခေါင်းညိတ်လျက် ထောက်ခံလိုက်ပေသည်။
'ကောင်းပြီလေ... ငါ တတ်နိုင်သလောက်တော့ ကြိုးစားပေးပြီးပြီ။ ငါ သူ့ကို လိမ်ခဲ့တာ မှန်ပေမဲ့ သူ့ကို လောင်းကြေးထပ်ဖို့ ငါ ခိုင်းခဲ့တာ မဟုတ်ဘူး။ ရှေ့လျှောက် ဘာတွေပဲ ဖြစ်လာဖြစ်လာ ငါနဲ့ မဆိုင်တော့ဘူး' လုံချန်းက တွေးတောရင်း ဝင်ရောက် စွက်ဖက်ခြင်းကို ရပ်တန့်လိုက်တော့၏။
သူသည် ဆိုင်အပြင်ဘက်သို့ ထွက်လာပြီး လမ်းမပေါ်သို့ စိုက်ကြည့်နေမိ၏။
မကြာမီမှာပင် ကျန်ရှိနေသော မိနစ်သုံးဆယ်မှာလည်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ လုံချန်းကမူ ရောက်မလာခဲ့ချေ။ အနည်းဆုံးတော့ ယခင်က ရုပ်သွင်နှင့်တော့ ရောက်မလာခဲ့ပေ။ သူသည် ဤနေရာမှာပင် ရှိနေသော်လည်း အခြားတစ်ယောက်အသွင်နှင့် ဖြစ်နေပေသည်။
"အချိန်ကုန်ပြီ။ ကဲ... နင့် ကတိအတိုင်း လုပ်ဆောင်တော့လေ" အချိန်စေ့သွားသောအခါ ပင်းလွီက အမိန့်ပေးလိုက်၏။
ဆိုင်ပိုင်ရှင်သည် ဆိုင်အတွင်းရှိ တင်းမာလှသော လေထုကို ရှူသွင်းလိုက်ပြီးနောက် သက်ပြင်းတစ်ချက်နှင့်အတူ ပြန်လည် ထုတ်လိုက်၏။
သူသည် တကယ်တမ်း မလုပ်ချင်သော်လည်း ခေါင်းကို အသာအယာ ခါလိုက်ရင်း တစ်ချိန်တည်းမှာပင် အဆောင် တစ်ခုကို ထုတ်ယူလိုက်၏။
"ငါ့မှာ အခြား ရွေးချယ်စရာ မရှိတော့ဘူး။ စိတ်မပူပါနဲ့... မင်းရဲ့ မိသားစုကိုတော့ ငါ လုံလုံလောက်လောက် ထောက်ပံ့ပေးပါ့မယ်။ သူတို့တွေ အရင်ကလိုပဲ အဆင်ပြေပြေ နေထိုင်နိုင်ဖို့ ငွေကြေး ချို့တဲ့မှာ မဟုတ်ဘူး" သူက သူ၏ တပည့်ကို ပြောလိုက်၏။
ထိုစကားကို ကြားလိုက်ရသောအခါ ဆိုင်အကူ၏ နှလုံးသားဝယ် ကြောက်စိတ်များ ဖုံးလွှမ်းသွားတော့သည်။ သူသည် ကြောက်လန့်တကြားဖြင့် နေရာတွင်ပင် ကျောက်ရုပ်ပမာ မှင်တက်နေမိ၏။
ကြောက်ရွံ့ခြင်းသည် သက်ရှိထင်ရှားရှိသော အင်အားတစ်ရပ်အဖြစ် သူ့အပေါ်သို့ ဆာလောင်မွတ်သိပ်နေသော သားရဲတစ်ကောင်ကဲ့သို့ ကျရောက်လာပြီး သူ၏ ခန္ဓာကိုယ်နှင့် ဦးနှောက်ကို အစွမ်းမဲ့သွားစေကာ သူ့အား အကျဉ်းချထားလိုက်သကဲ့သို့ ခံစားလိုက်ရပေသည်။
"ဟင့်အင်း... ဆရာ... ကျေးဇူးပြုပြီး မလုပ်ပါနဲ့။ ကျွန်တော့် အမေရဲ့ အသက်နဲ့ ကျိန်ဆိုရဲပါတယ်။ ကျွန်တော် လိမ်မပြောခဲ့ပါဘူး။ ကျွန်တော်က အဲဒီလူ ပြောသွားတာကို ပြန်ပြောပြခဲ့တာပါ၊ မင်းသမီးလေး မေးတာကိုလည်း အမှန်အတိုင်းပဲ ဖြေခဲ့တာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့။ ကျွန်တော် ဘာမဆို လုပ်ပါ့မယ်။ ဆရာ့ဆီမှာ တစ်သက်လုံး အခမဲ့ အလုပ်အကျွေး ပြုပါ့မယ်။ ကျေးဇူးပြုပြီး မသတ်ပါနဲ့... ကျွန်တော် မသေချင်သေးဘူးဗျာ" သူသည် ဒူးထောက်လျက် အတင်းအကျပ် အသနားခံ တောင်းပန်တော့၏။
ဆိုင်ပိုင်ရှင်၏ ပါးစပ်ဖျားမှ နောက်ထပ် သက်ပြင်းတစ်ချက် ထွက်ပေါ်လာပြန်သည်။ "ငါ မင်းကို ယုံပါတယ်။ စိတ်မပူပါနဲ့... မင်း ကြောက်နေဖို့ မလိုပါဘူး။ ငါ မင်းကို မသတ်ပါဘူး။ ထစမ်းပါ" ထိုသို့ ပြောရင်း သူသည် ထိုသူ၏ ပုခုံးပေါ်သို့ လက်တင်လိုက်၏။
ထိုသူမှာ သတိမထားမိသော်လည်း လုံချန်းနှင့် အခြားသူများကတော့ သူ မည်သို့လုပ်လိုက်သည်ကို အထင်အသား မြင်တွေ့လိုက်ရပေသည်။ သူသည် လက်တင်လိုက်သော ထိုသူ၏ ပုခုံးပေါ်တွင် အဆောင် တစ်ခုကို မသိမသာ ကပ်လိုက်ခြင်း ဖြစ်၏။
ဆိုင်ပိုင်ရှင်၏ စကားကို ယုံကြည်ကာ ထိုသူ ထရပ်လိုက်စဉ်မှာပင် သူ၏ ပုခုံးပေါ်မှ ပြင်းထန်သော နာကျင်မှုကို စတင် ခံစားလိုက်ရတော့သည်။ သူ၏ ဘယ်ဘက်ပုခုံးကို ငုံ့ကြည့်လိုက်သောအခါ အဆောင် မှာ စတင် တောက်ပနေသည်ကို တွေ့လိုက်ရ၏။
"ဆ... ဆရာ..."
သူသည် ဖြူဖျော့နေသော မျက်နှာဖြင့် တစ်စုံတစ်ခုကို ပြောရန် ပါးစပ်ဟလိုက်သော်လည်း စကားတစ်လုံးပင် မဆုံးလိုက်ခင်မှာပင် သူ၏ ခန္ဓာကိုယ်မှာ မီးတောက်များအတွင်းသို့ ကျရောက်သွားတော့သည်။
"အား..."
တစ်ဆိုင်လုံးကို လွှမ်းမိုးသွားသော စူးရှလှသည့် အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။ ထိုအသံသည် ဆိုင်အပြင်ဘက်သို့ပင် လွင့်ပျံသွားပြီး လမ်းပေါ်တွင် လျှောက်လှမ်းနေသော လူများ၏ နားထဲသို့ တိုးဝင်သွားတော့သည်။
ပင်းလွီ နှင့် အခြားသူများမှာ ထိုသူ ပြာအဖြစ်သို့ ပြောင်းလဲသွားပြီးမှသာ နေရာမှ ထရပ်လိုက်ကြပေသည်။
"ကဲ... ကျွန်တော့်ဘက်က လောင်းကြေးအတိုင်း လုပ်ဆောင်ပြီးပါပြီ" ဆိုင်ပိုင်ရှင်က မကြာသေးမီကအထိ သူ၏ တပည့်ဖြစ်ခဲ့သူ၏ ပြာများကို ကြည့်ကာ တိုးတိုးလေး ဆိုလိုက်လေတော့သည်။