← Chapters

အခန်း (၉၂၁-၉၂၂)

Vol. 90 Ch. 921-922

အခန်း (၉၂၁-၉၂၂)

Vol. 90 Ch. 921-922

​အခန်း (၉၂၁) ထိုတစ်ယောက်

ထိုအခါမှသာ လုံချန်းသည် ကုတင်ပေါ်မှ ထရပ်လိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ပြီးနောက် နိုးထလာသည့်အလား လက်တန်းများကို ဆန့်ကာ အညောင်းအညာ ပြေအောင် လုပ်လိုက်၏။

​"မင်းကလည်း စောစောစီးစီး နိုးနေတာပဲလား။ ဟားဟား... မင်းလည်း ပြိုင်ပွဲအတွက် စိတ်လှုပ်ရှားနေပုံရတယ်နော်။ ဒီညပဲ စတော့မှာဆိုတော့ ပျော်စရာကောင်းမှာပါ။ ငါလည်း ရင်ခုန်နေမိတယ်။ ဒီနေ့တော့ အဖွဲ့တွေအားလုံးက ညကျရင် ပိုပြီး စွမ်းဆောင်နိုင်အောင် တစ်နေကုန် လေ့ကျင့်ကြလိမ့်မယ်။ ငါတို့လည်း သူတို့ကို လိုက်ပို့နေစရာ မလိုတော့ဘူး။ ပိုပြီး အရေးကြီးတဲ့ ကိစ္စတွေကိုပဲ အာရုံစိုက်လို့ ရပြီပေါ့" သက်လတ်ပိုင်း လူကြီးက ဆိုလိုက်၏။

​လုံချန်းသည်လည်း ထိုသူ၏ စကားကို ခေါင်းညိတ်လျက် ထောက်ခံလိုက်ပေသည်။

​တစ်နေ့ခင်းလုံးတွင် သူသည် မိမိကိုယ်မိမိ သံသယဖြစ်ဖွယ်ရာ မည်သည့်အမှုကိစ္စကိုမျှ မပြုလုပ်ခဲ့ချေ။ သူသည် ပတ်ဝန်းကျင်ရှိ အခြားသူများ လုပ်ဆောင်နေသည့်အတိုင်း နန်းတော်အတွင်း လုံခြုံရေး အစီအစဉ်များ စနစ်တကျ ရှိ မရှိကိုသာ လိုက်လံ ကြည့်ရှုစစ်ဆေးနေခဲ့၏။

​၎င်းတို့၏ လုံခြုံရေးအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုဖြစ်သည့် ရန်သူ့ပစ်မှတ်ကိုယ်တိုင်က လုံခြုံရေး စနစ်တကျ ရှိစေရန် လုပ်ဆောင်ပေးနေသည်ကို မည်သူက သိနိုင်ပါအံ့နည်း။

​သူသည် ဟန်ပြအလုပ်အချို့ကို လုပ်ဆောင်ပြီးနောက် နန်းတော်၏ အခြားတစ်ဖက်သို့ လျှောက်လှမ်းလာခဲ့၏။ ထိုစဉ်မှာပင် ယခင်က သူ တစ်ခါမျှ မတွေ့ဖူးသေးသော လူတစ်စုကို တွေ့လိုက်ရလေသည်။

​ထိုအဖွဲ့ကို အစောင့်နှစ်ဦးက လိုက်လံ ပို့ဆောင်ပေးနေခြင်း ဖြစ်၏။ အဖွဲ့အတွင်း၌ လူငယ် သုံးဦးနှင့် ယခင်က မတွေ့ဖူးသည့် အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ပါဝင်ပေသည်။ ၎င်းတို့သည် သူ ယခင်က တွေ့ဖူးသည့် လူများ မဟုတ်သဖြင့် ရောက်ရှိရန် ကျန်ရှိနေသေးသော အခြားကမ္ဘာမှ အဖွဲ့များ ဖြစ်ရန်မှာ အလွန်ပင် သေချာလှ၏။

​ထို့ပြင် ထိုအဖွဲ့သည် သူ ပစ်မှတ်ထားလိုသည့် ကမ္ဘာမှ အဖွဲ့ ဖြစ်နေရန်လည်း ဖြစ်နိုင်ချေ ရှိနေပေသည်။

​လူငယ် သုံးဦးအနက် တစ်ဦးမှာ မိန်းကလေးဖြစ်ရာ သူမသည် ချန်တီမင်းသမီး ဖြစ်နိုင်ပေသည်။ ကျန်လူငယ် နှစ်ဦးအနက် တစ်ဦးမှာမူ မင်ယု ပြောပြခဲ့ဖူးသည့် သုံးလောက မင်းသား၏ ပုံပန်းသဏ္ဌာန်နှင့် တူညီနေ၏။

​ဤသို့ စောစီးစွာ ဆုံးဖြတ်ချက် ချရန်မှာ စောလွန်းသေးသည်ဟု သူ သိသော်လည်း ဤသူများသည် သူ ရှာနေသည့်သူများ ဖြစ်လိမ့်မည်ဟု သူ၏ စိတ်ထဲ၌ ခံစားနေမိသည်။

​သူသည် ထိုသူများအပေါ် ကြိုတင် အထင်အမြင် တစ်ခု ရှိနေ၍လား သို့မဟုတ် အမှန်တကယ်ပင်လား မသိသော်လည်း သုံးလောက မင်းသားနှင့် တူသော ထိုသူကို ကြည့်ရသည်မှာ ပရိယာယ် များမည့်သူတစ်ဦးအသွင် ရှိနေသည်ဟု သူ မြင်နေမိ၏။

​"နေပါဦး... ဒီလူတွေက ဘယ်သူတွေလဲ" လိုက်ပါ ပို့ဆောင်နေသည့် အစောင့်နှစ်ဦးအား သူက လှမ်း၍ မေးမြန်းလိုက်၏။

​"ဪ... သူတို့လား၊ သူတို့ကတော့ စမ်းသပ်ပွဲမှာ ပါဝင်မယ့် ဧည့်သည်တော်တွေပေါ့။ သူတို့က..."

​အစောင့်က ပြန်လည် ဖြေကြားရန် ပြင်လိုက်သော်လည်း ထိုလူစုကမူ စကားကို ဆုံးအောင် မပြောခိုင်းတော့ချေ။

​"နင့်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နောက်မှ ပြော။ ငါတို့က နင်တို့ အချင်းချင်း စကားပြောနေတာကို နားထောင်ဖို့ လာတာ မဟုတ်ဘူး။ ငါတို့ကို အခုချက်ချင်း အရှင်မင်းကြီးဆီ ခေါ်သွားပေး" ထိုလူငယ် သုံးဦး၏ အုပ်ထိန်းသူဟု ယူဆရသည့် အမျိုးသမီးကြီးက ခက်ထန်သော လေသံဖြင့် ဆိုလိုက်၏။ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် လုံချန်းပင်လျှင် အနည်းငယ် တုန်လှုပ်သွားရ၏။

​ထိုအမျိုးသမီးမှာ အားနည်းသူတစ်ဦး မဟုတ်သည်မှာတော့ ကျိန်းသေလှပေသည်။ သူမသည် အနည်းဆုံး ကောင်းကင်ဘုံ အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ဦး ဖြစ်လိမ့်မည်ဟု သူ တွေးလိုက်မိ၏။

​"တောင်းပန်ပါတယ် အရှင်မ။ ကျွန်တော်တို့ အခုချက်ချင်း လိုက်ပို့ပေးပါ့မယ်" အစောင့်များသည် သူမ၏ အရှိန်အဝါကြောင့် ချက်ချင်းပင် ထိတ်လန့်သွားကြ၏။ ၎င်းတို့သည် မိမိတို့၏ အသက်အား ဘေးကင်းစေရန်အတွက် လုံချန်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထိုနေရာမှ ချက်ချင်း ထွက်ခွာသွားကြတော့သည်။

​လုံချန်းသည် ကျန်ရစ်ခဲ့ပြီး ထိုသူတို့ ထွက်ခွာသွားသည်ကို ကြည့်နေမိ၏။

​သူသည်လည်း လှည့်ပြန်လာခဲ့ပြီး မိမိ၏ အခန်းအတွင်းသို့သာ ဝင်လာခဲ့တော့သည်။

​သူနှင့် တစ်ခန်းတည်းနေသူမှာ အပြင်တွင် အလုပ်ရှုပ်နေသဖြင့် အခန်းအတွင်း၌ သူ တစ်ယောက်တည်းသာ ရှိပေသည်။ အခန်းထဲသို့ ရောက်လျှင် ရောက်ချင်း သူသည် တံခါးကို ချက်ချင်း ဂျတ်ထိုးလိုက်ပြီးနောက် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ စုတ်တံနှင့် စက္ကူကို ထုတ်ယူလိုက်၏။ သူသည် ကုတင်ပေါ်တွင် ထိုင်ကာ ပုံစံတူ ပန်းချီကား တစ်ချပ်ကို စတင် ရေးဆွဲတော့သည်။ သူသည် မကြာသေးမီက မြင်တွေ့ခဲ့ရသည့် သုံးလောက မင်းသားနှင့် ပုံပန်းသဏ္ဌာန် တူညီသော ထိုလူငယ်၏ ပုံတူကို ရေးဆွဲလိုက်ခြင်း ဖြစ်၏။

​မကြာမီမှာပင် သူသည် ပုံတူကို ရေးဆွဲပြီးစီးသွားခဲ့သည်။ ၎င်းမှာ အပြည့်အစုံ ကွက်တိ မမှန်သော်လည်း ထိုသူ၏ ထူးခြားသည့် ရုပ်သွင်များကိုမူ အတော်များများ ဖော်ပြနိုင်ခဲ့ပေသည်။ သူ မြင်တွေ့ခဲ့ရသည့် သူနှင့်တော့ တူညီမှု ရှိပေသည်။

​ပုံတူကို ဆွဲပြီးနောက်တွင် သူသည် သူ၏ စိတ်အာရုံကို ကမ္ဘာတု အတွင်းသို့ ပို့လွှတ်လိုက်၏။

​ကမ္ဘာတုအတွင်း၌ မင်ယုသည် အခြားသော မိန်းကလေးများနှင့်အတူ လေ့ကျင့်နေသည်ကို သူ တွေ့လိုက်ရ၏။ သူမ၏ လှုပ်ရှားမှုများတွင် ဟင်းလင်းပြင် နိယာမ၏ အနှစ်သာရအချို့ ပါဝင်နေသည်ကိုလည်း သူ မြင်တွေ့လိုက်ရပေသည်။

​'စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ငါ ဟင်းလင်းပြင် နိယာမအကြောင်း နည်းနည်း ပြောပြထားတယ် ဆိုပေမဲ့လည်း ဟင်းလင်းပြင်ရဲ့ သဘောတရားကို ခံစားမိဖို့ အချိန်အတော်ကြာလိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ။ ဒါဟာ အဆင့်မြင့် နိယာမတစ်ခုပဲလေ။ သဘာဝအတိုင်း နားလည်ဖို့ဆိုတာ မလွယ်ကူလှဘူး၊ ဒါပေမဲ့ သူကတော့ အတော်လေးကို နီးစပ်နေပြီပဲ'

​"သူ့ရဲ့ လှုပ်ရှားမှုတွေမှာ ဟင်းလင်းပြင်ရဲ့ အနှစ်သာရတွေ ပါနေပြီ။ ဒီအရှိန်အတိုင်းသာ သူရဲ့ နားလည်နိုင်စွမ်း တိုးတက်နေမယ်ဆိုရင် မကြာခင်မှာ ဟင်းလင်းပြင် အနှစ်သာရကို နားလည်သွားလိမ့်မယ်။ အဲဒီနောက်မှာတော့ ဟင်းလင်းပြင် နိယာမကို ရဖို့က သိပ်မဝေးတော့ဘူး" မင်ယု၏ လှုပ်ရှားမှုများကို စက္ကန့်အနည်းငယ်ကြာ စောင့်ကြည့်ရင်း လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်၏။

​လုံလုံလောက်လောက် ကြည့်ပြီးပြီဟု ခံစားရသောအခါမှသာ သူသည် ကြားဝင်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် သူ၏ စိတ်ဆန္ဒကို အသုံးပြုကာ မင်ယုအား ကမ္ဘာတုအတွင်းမှ ခေါ်ထုတ်လိုက်၏။

​မင်ယု၏ ဓားမှာ မင်လန်၏ ဓားနှင့် ထိတွေ့ကာ လေ့ကျင့်တိုက်ခိုက်ရန် ပြင်နေစဉ်မှာပင် မင်ယုမှာ ပျောက်ကွယ်သွားခဲ့တော့သည်။

​မင်ယု၏ တိုက်ကွက်ကို တန်ပြန်ရန် ပြင်ဆင်နေသည့် မင်လန်မှာမူ မင်ယု ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် ဟန်ချက်ပျက်ကာ လဲကျသွားရှာ၏။

​"ဒီလူကတော့... အခုမှ လာပြီး ခေါ်သွားရလား။ စက္ကန့်ပိုင်းလောက်တောင် စောင့်မပေးနိုင်ဘူး" မင်လန်က မျက်စောင်းထိုးရင်း တိုးတိုးလေး ညည်းတွားလိုက်၏။ သူမသည် အဝတ်အစားပေါ်ရှိ ဖုန်များကို ခါထုတ်လိုက်ပြီးနောက် ပြန်၍ ထရပ်လိုက်သည်။

​"ကဲ... သူက သူ့ကို ခေါ်သွားတယ်ဆိုတော့ သူ ဘေးကင်းနေပြီလို့ ဆိုရမှာပေါ့" ကျိချင်းက ဆိုလိုက်၏။ သူမသည် အနောက်ဘက်တွင် ရပ်ကာ မင်လန်နှင့် မင်ယုတို့၏ တိုက်ပွဲကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပေသည်။

​"အဲဒါတော့ ဟုတ်ပါတယ်။ ငါ ထင်တာကတော့ သူ ရက်နည်းနည်း ကြာမှပဲ ငါတို့ကို ခေါ်လိမ့်မယ်လို့ ထင်ထားတာ။ အခု အလှည့်ကျနေတဲ့ ငါ့အမေကိုလည်း ခေါ်မသွားဘူးဆိုတော့ သူ လုံးဝကြီး ဘေးကင်းတဲ့ နေရာကို ရောက်နေတာတော့ မဟုတ်ဘူး ထင်တယ်။ မင်ယုကို တစ်ခြားကိစ္စတစ်ခုအတွက် လိုအပ်လို့ ခေါ်သွားတာ ဖြစ်လိမ့်မယ်" မင်လန်က ကျိချင်းကို ပြန်ပြောလိုက်၏။ သူမသည် လုံချန်းကို ကောင်းစွာ နားလည်ထားသူ ဖြစ်ရာ ဤသို့ ခေါ်ယူခြင်းမှာ သူ လုံးဝကြီး ဘေးကင်းသွားပြီဟု မဆိုလိုကြောင်း သိရှိထားပေသည်။ သူသည် အတန်အသင့် ဘေးကင်းသော်လည်း အန္တရာယ်ဇုန်အတွင်းမှ လုံးဝ ထွက်ခွာနိုင်ခြင်း မရှိသေးဟု သူမက ယူဆထား၏။

​မင်ယုသည် လက်တွေ့ကမ္ဘာတွင် လုံချန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့၏။ သူမ၏ လက်ထဲတွင် ဓားမှာ ရှိနေဆဲ ဖြစ်ရာ သူမသည် ထိုဓားကို သိုလှောင်လက်စွပ် အတွင်းသို့ ချက်ချင်းပင် ပြန်သိမ်းလိုက်သည်။

​သူမသည် လှည့်စားခြင်း မျက်နှာဖုံးကို ချွတ်ထားသည့် လုံချန်းအား မြင်လိုက်ရ၏။ သူမသည် လုံချန်းတွင် ဒဏ်ရာရရှိထားခြင်း သို့မဟုတ် အန္တရာယ်ရှိနေခြင်း ရှိ မရှိကို ချက်ချင်းပင် လှည့်ပတ် ကြည့်ရှုလိုက်သည်။ အန္တရာယ် တစ်စုံတစ်ရာ မရှိကြောင်း သေချာမှသာ သူမ စိတ်အေးသွားတော့၏။

​"ငါတို့ ဘယ်နေရာ ရောက်နေတာလဲ" သူမက လုံချန်းကို မေးလိုက်၏။

​"ငါ အခု နန်းတော်ထဲမှာ ရောက်နေတာ။ စိတ်မပူပါနဲ့၊ ငါ အန္တရာယ် မရှိပါဘူး။ ဒီမျက်နှာဖုံးလေးရဲ့ အကူအညီနဲ့ သူတို့ရဲ့ အစောင့်တစ်ယောက်အသွင် ဟန်ဆောင်နေတာ" လုံချန်းက မျက်နှာဖုံးကို ပြရင်း ဆိုလိုက်သည်။

​"ဒါနဲ့... ငါ နင့်ကို ဘာလို့ ဒီကို ခေါ်လိုက်ရလဲဆိုတဲ့ အဓိက အချက်ကို ပြောရအောင်" သူက စကားကို လိုရင်းသို့ ဆွဲလိုက်ပြီး သူ ရေးဆွဲထားသည့် ပုံတူပန်းချီကားကို ပြလိုက်၏။ ထို့နောက် သူက ဤသို့ မေးလိုက်သည်။

​"ဒီလူကို နင် မှတ်မိလား"

​အခန်း (၉၂၂) မျက်နှာဖုံး မပါဘဲ

မင်ယုသည် ထိုလူ၏ ပုံတူကို မြင်လိုက်ရသောအခါ အကြီးအကျယ် တုန်လှုပ်သွားရ၏။ သူမသည် ဝိညာဉ်တစ်ခုကို မြင်လိုက်ရသည့်အလား ထိုပုံတူအား စိုက်ကြည့်ရင်း နေရာတွင်ပင် တောင့်တင်းသွားခဲ့သည်။

​"ဒါ... ဒါကို နင် ဘယ်လိုလုပ်ပြီး ရတာလဲ" သူမက မေးမြန်းရင်း လုံချန်း၏ လက်ထဲမှ ပုံတူကို အလောတကြီး ဆွဲယူလိုက်၏။

​"ဒါဆို ငါ ထင်တာ မှန်တာပေါ့။ သူက နင့်အစ်ကိုကို သတ်ခဲ့တဲ့ သုံးလောက မင်းသားလား" မင်ယု၏ တုံ့ပြန်မှုက အရာအားလုံးကို ရှင်းလင်းသွားစေခဲ့ပြီ ဖြစ်သော်လည်း လုံချန်းက အတည်ပြုလိုသဖြင့် ထပ်မံ မေးမြန်းလိုက်ခြင်း ဖြစ်ပေသည်။

​မင်ယု၏ မျက်နှာမှာ ဖြူလျော့သွားပြီး သူမအစ်ကိုနှင့် ပတ်သက်သည့် အတိတ်က ပုံရိပ်များမှာ ခေါင်းထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာတော့၏။ သေဆုံးနေသော အစ်ကိုဖြစ်သူ၏ ရုပ်အလောင်းကို မြင်ယောင်ရင်း သူမ၏ စိတ်ဝိညာဉ်မှာ နာကျင်စွာ ခံစားနေရပေသည်။ သူမသည် ထိုပုံရိပ်များကို ဖျောက်ဖျက်ရန် ကြိုးစားသော်လည်း မရချေ။ သူမ၏ မျက်ဝန်းအစုံမှာလည်း မျက်ရည်များဖြင့် ဝေ့သီလာခဲ့တော့၏။

​လုံချန်းသည် ဤကိစ္စကို ဤသို့ တိုက်ရိုက် မလုပ်ဆောင်သင့်ခဲ့ဟု မိမိကိုယ်မိမိ နောင်တရမိသွားသည်။ သူသည် ပို၍ ပါးနပ်စွာ လုပ်ဆောင်ခဲ့သင့်ပေသည်။ သူ၏ လုပ်ရပ်ကြောင့် မင်ယုမှာ သူမ မေ့ပျောက်ရန် ခက်ခဲစွာ ကြိုးစားထားခဲ့ရသည့် အတိတ်ဆိုးများကို ပြန်လည် မြင်ယောင်လာရခြင်း ဖြစ်ပေသည်။

​သူသည် မင်ယု၏ အနားသို့ တိုးသွားပြီး သူမ၏ လက်ထဲမှ ပုံတူကို ပြန်ယူကာ ရှေးဟောင်းလက်စွပ် အတွင်းသို့ ပို့လွှတ်လိုက်၏။ ထို့နောက် သူမကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။

​"စိတ်မပူပါနဲ့။ အားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ။ အဲဒီအကြောင်းတွေကို ထပ်မတွေးနဲ့တော့။ အနာဂတ်အကြောင်းနဲ့ အဲဒီလူကို နင်ကိုယ်တိုင် ဘယ်လို သတ်ပစ်မလဲဆိုတာကိုပဲ စဉ်းစားလိုက်ပါ" သူသည် သူမ၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပေးရင်း သူမ၏ နားနားတွင် တိုးတိုးလေး ဆိုလိုက်၏။

​မင်ယုသည် လုံချန်း၏ ရင်ခွင်အတွင်းမှ နွေးထွေးမှုကို ခံစားလိုက်ရသောအခါမှ အနည်းငယ် စိတ်အေးသွားရသည်။ သူမသည် မျက်စိကို မှိတ်ကာ မမှန်မကန် ဖြစ်နေသော နှလုံးခုန်သံများကို ထိန်းချုပ်ရန် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူမသည် အတိတ်အား မေ့ဖျောက်ကာ အနာဂတ်တွင် သူမ မည်သို့လုပ်ရမည်ကိုသာ အာရုံပြောင်းရန် ကြိုးစားလိုက်တော့သည်။

​"သူ့ကို နင် သတ်ချင်တယ် မဟုတ်လား" သူက တိုးတိုးလေး မေးလိုက်၏။

​"ဟုတ်တယ်... သူ့ကို ဘယ်တော့မှ ပြန်မလာနိုင်မယ့် ငရဲပြည်ကို ငါကိုယ်တိုင် ပို့ပေးချင်တာ" မင်ယုက လုံချန်းကို ပြန်လည် ဖက်တွယ်ရင်း အားနည်းသော လေသံဖြင့် ပြန်ဖြေလိုက်၏။

​"ကောင်းပြီ... အဲဒီနေ့ ရောက်ဖို့ သိပ်မဝေးတော့ပါဘူး" လုံချန်းက ဆိုလိုက်သည်။

​"အဲဒီပုံကို နင် ဘယ်က ရတာလဲ" မင်ယုက ညင်သာစွာ မေးလိုက်၏။

​"ငါကိုယ်တိုင် ဆွဲထားတာပါ" လုံချန်းက ပြန်ဖြေသည်။

​မင်ယုမှာ လုံချန်း မည်သို့ ရေးဆွဲနိုင်သည်ကို အံ့ဩသွားရ၏။ ၎င်းမှာ မဖြစ်နိုင်ဟုပင် သူမ ထင်မိသည်။ "နင်ကိုယ်တိုင် ဆွဲတာလား။ ဘယ်လိုလုပ်ပြီး ဆွဲနိုင်တာလဲ။ ငါက သူ့ပုံစံကို ပြောပြခဲ့ဖူးတယ် ဆိုပေမဲ့လည်း ဒီလောက်အထိ ပြည့်စုံအောင် ဆွဲနိုင်ဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါက... ဒါက..."

​"ငါကိုယ်တိုင် သူ့ကို မြင်ခဲ့ရသလို ဖြစ်နေလို့လား" လုံချန်းက သူမ ပြောမည့် စကားကို ကြို၍ ပြောလိုက်၏။

​"ဘာ... နင် သူ့ကို မြင်ခဲ့တယ် ဟုတ်လား။ ငါတို့ အခု ဘယ်မှာ ရောက်နေတာလဲ။ သုံးလောက အင်ပါယာထဲကို ရောက်နေတာလား။ ငါတို့ ကမ္ဘာကို သွားမယ့် လမ်းကြောင်းကို နင် တွေ့သွားပြီလား" မင်ယုသည် စိတ်လှုပ်ရှားစွာဖြင့် မေးခွန်းများကို တသီတတန်းကြီး မေးမြန်းတော့၏။

​"မဟုတ်ပါဘူး။ ငါတို့ သုံးလောက အင်ပါယာမှာ ရှိနေတာ မဟုတ်ဘူး၊ ဒါပေမဲ့ သူ့ကိုတော့ ငါ မြင်ခဲ့ရတယ်" လုံချန်းက ဖြေလိုက်သည်။

​မင်ယုသည် လုံချန်း၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ အနောက်သို့ အနည်းငယ် ဆုတ်လိုက်၏။ "ဘယ်လို ဖြစ်နိုင်မှာလဲ။ သူက ဒီမှာ ရှိနေတာလား"

​"ဟုတ်တယ်။ ကမ္ဘာအသီးသီးက အဆင့်သတ်မှတ်ချက်တွေ သတ်မှတ်ဖို့ ပြိုင်ပွဲတစ်ပွဲ လုပ်ဖို့ ရှိတယ်လေ။ နင်တို့ ကမ္ဘာက အဖွဲ့လည်း ဒီကို ရောက်နေပုံရတယ်" လုံချန်းက ရှင်းပြလိုက်သည်။

​"ငါ သိသလောက်ဆိုရင် ချန်တီမင်းသမီးနဲ့ သုံးလောက မင်းသားတို့ ဒီကို ရောက်နေကြပြီ။ အဖွဲ့ထဲမှာ ငါ မသိတဲ့ နောက်ထပ် လူငယ် တစ်ယောက်လည်း ပါသေးတယ်" သူက ဆက်လက် ပြောပြ၏။

​"ဘယ်မှာလဲ... သူတို့ ဘယ်မှာလဲဆိုတာ ငါ့ကို ပြောပါ" မင်ယုက ပြင်းပြစွာ ဆိုလိုက်သည်။

​"အရမ်း မလောပါနဲ့ဦး။ ငါတို့ စိတ်မလောသင့်ဘူး။ သူကတော့ သေချာပေါက် သေရမှာပါ၊ ဒါပေမဲ့ အခုချက်ချင်းတော့ မဟုတ်သေးဘူး။ ဒါက ငါတို့ရဲ့ အခက်အခဲ တော်တော်များများကို ဖြေရှင်းနိုင်မယ့် အခွင့်အရေးကောင်းပဲ။ ငါတို့ ဒါကို အလဟဿ အဖြစ်မခံနိုင်ဘူး"

​လုံချန်းက ဖြေကြားရန် ငြင်းဆိုလိုက်၏။ အကယ်၍ သူ ဖြေလိုက်လျှင် မင်ယုသည် ထိုသူကို သတ်ရန် ယခုချက်ချင်း သွားလိမ့်မည်ကို သူ သိပေသည်။ ၎င်းမှာ လက်ရှိအချိန်တွင် မဖြစ်နိုင်ရုံသာမက ကောင်းမွန်သော အစီအစဉ်လည်း မဟုတ်ချေ။ ၎င်းတို့သည် ဤကမ္ဘာ၌ အင်အားအကြီးဆုံး ပုဂ္ဂိုလ်၏ နန်းတော်အတွင်း ရောက်ရှိနေခြင်း ဖြစ်၏။ အကယ်၍ အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်သွားပါက ၎င်းတို့ မည်သို့ သေဆုံးသွားသည်ကိုပင် သိလိုက်ရမည် မဟုတ်ချေ။ ခြေလှမ်းတိုင်းကို သေချာစွာ စဉ်းစား၍ ဂရုတစိုက် လှမ်းရန် လိုအပ်ပေသည်။

​သူသည် မင်ယု၏ အနားသို့ တိုးသွားလိုက်၏။

​သူ၏ လက်ကို ဆန့်ကာ သူမ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ရင်း ဆိုလိုက်သည်။ "ငါ ကတိပေးပါတယ်။ နောက်နှစ်ရက်နေရင် အဲဒီလူဟာ နင့်ရဲ့ ခြေရင်းမှာ ဒူးထောက်နေရစေမယ်။ နှစ်ရက်လောက်ပဲ စောင့်ပါ။ အဲဒီအချိန်အထိ ဘာမှ မမေးပါနဲ့ဦး။ ပြီးတော့မှ အားလုံးကို ငါ ပြောပြပါ့မယ်"

​မင်ယုသည် လုံချန်း၏ တည်ငြိမ်သော မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။ သူမသည် စိတ်ပိုင်းဖြတ်မှုနှင့် ယုံကြည်မှုများ ပြည့်နှက်နေသော ဤမျက်ဝန်းများကို မည်သည့်အခါမျှ သံသယ မဖြစ်နိုင်ချေ။ သူ ပြောလျှင် ပြောသည့်အတိုင်း ကြီးမားသော အပြောင်းအလဲ တစ်စုံတစ်ရာ မရှိခဲ့ပါက သူ လုပ်ဆောင်လိမ့်မည်ကို သူမ သိပေသည်။

​"ငါ စောင့်ပါ့မယ်" မင်ယုက သဘောတူလိုက်၏။

​"လိမ္မာတယ် ငါ့မိန်းကလေး။ သူဟာ ငါ ရှာနေတဲ့သူ ဟုတ် မဟုတ် အတည်ပြုချင်ရုံ သက်သက်ပါပဲ။ အခု ငါ သိသွားပြီဆိုတော့ နင် ပြန်သွားလို့ ရပါပြီ။ ကျန်တာကို ငါ့ကိုပဲ လွှဲထားလိုက်ပါ။ အားလုံးကို ငါ စီစဉ်ပါ့မယ်"

​မင်ယုက ခေါင်းငြိမ့်ပြပြီး လုံချန်းကို ဖက်လိုက်၏။ "နင် ဘေးကင်းအောင် နေပါနော်။ ဒီကလဲ့စားချေမှုမှာ နင့်ကို ငါ အဆုံးရှုံးမခံနိုင်ဘူး။ တကယ်လို့ ဘေးမကင်းဘူးဆိုရင် နောက်ဆုတ်လိုက်ပါ။ နင့်ကိုယ်နင် အန္တရာယ်ထဲ မပို့ပါနဲ့"

​"မဖြစ်စေရပါဘူး။ ငါက သိလျက်နဲ့တော့ သေတွင်းထဲကို ခုန်မဆင်းပါဘူး။ အဲဒါကိုတော့ နင် စိတ်ချနိုင်တယ်" လုံချန်းက ပြုံးလျက် ညင်သာစွာ ဆိုလိုက်၏။

​"ကမ္ဘာတုထဲမှာပဲ စိတ်အေးလက်အေး နေပါ။ နောက်တစ်ရက်၊ နှစ်ရက်နေရင် နင့်အတွက် လက်ဆောင်ကြီးတစ်ခု ရလိမ့်မယ်" ထိုသို့ ပြောရင်း သူသည် သူမ၏ နှုတ်ခမ်းကို ညင်သာစွာ နမ်းလိုက်၏။ ကြာမြင့်စွာ နမ်းရှိုက်ပြီးမှသာ သူသည် မင်ယုကို ပြန်လည် ပို့လွှတ်လိုက်တော့သည်။

​မင်ယုကို ကမ္ဘာတု အတွင်းသို့ ပြန်လည် ပို့လွှတ်ပြီးနောက် သူသည် အခန်းအတွင်း၌ တစ်ယောက်တည်း ကျန်ရစ်ခဲ့၏။

​သူသည် သူ၏ ရှေးဟောင်း လက်စွပ်အတွင်းမှ ပုံတူကို ပြန်ထုတ်ကာ ထိုပုံပေါ်ရှိ မျက်နှာကို စိုက်ကြည့်လိုက်သည်။

​"ကောင်လေး... မင်းက မင်းတို့ကမ္ဘာကို သွားဖို့ သော့ချက်နဲ့အတူ ငါ့ရှေ့ကို ရောက်လာတာပဲ။ အဲဒါအတွက်တော့ ငါ မင်းကို ကျေးဇူးတင်ရမယ်၊ ဒါပေမဲ့ မင်းက ငါ့မိန်းကလေးကို ဝမ်းနည်းအောင် လုပ်ခဲ့တဲ့သူလည်း ဖြစ်နေတယ်။ အဲဒါကတင် မင်းကို အကြိမ်ပေါင်း ထောင်ချီ သေသင့်စေတဲ့ ပြစ်မှုပဲ။ နန်းတော်ထဲမှာ မင်း ကျန်ရှိနေတဲ့ အချိန်လေးတွေကို အပျော်ကြီး ပျော်ထားလိုက်ပါ။ ဘာလို့လဲဆိုတော့ မင်း အသက်ရှင်လျက် ပြန်ရတော့မှာ မဟုတ်လို့ပဲ" လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်၏။

​သူသည် ပုံတူကို သိုလှောင်လက်စွပ် အတွင်းသို့ ပြန်ထည့်ကာ အခန်းအတွင်းမှ ထွက်ခွာလာခဲ့သည်။

​သူ သတ်ဖြတ်လိုသည့် လူအကြောင်းကိုသာ အာရုံရောက်နေသဖြင့် အခန်းအတွင်းမှ မထွက်ခွာမီ အရေးကြီးသော အရာတစ်ခုကို မေ့လျော့ခဲ့လေသည်။ လှည့်စားခြင်း မျက်နှာဖုံးမှာ သူ၏ ကုတင်ပေါ်၌ပင် ကျန်ရစ်ခဲ့ခြင်း ဖြစ်၏။ လက်ရှိအချိန်တွင် သူသည် ရုပ်ဖျက်ထားခြင်း မရှိတော့ချေ။ သူသည် သူ၏ မူလရုပ်သွင်အတိုင်း အခန်းအတွင်းမှ ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။

​သူသည် ထိုသို့ ဖြစ်နေသည်ကို မသိရှိသေးချေ။ ဝတ်ဆင်ထားသော အဝတ်အစားများမှာ တော်ဝင်အစောင့် အဝတ်အစားများ ဖြစ်နေသဖြင့် မိမိကိုယ်မိမိ တော်ဝင်အစောင့်တစ်ဦးအသွင် ရှိနေဆဲဟု သူ ထင်မှတ်နေဆဲ ဖြစ်၏။ မျက်နှာမှာ မူလရုပ်သွင် ဖြစ်နေသော်လည်း သူ့တွင် ကြည့်ရန် မှန်မရှိချေ။ အကယ်၍ သူသည် အတွေးထဲ၌ နစ်မျောမနေခဲ့လျှင် သူ မည်မျှ ကြီးမားသော အမှားကို လုပ်မိလိုက်သည်ကို သိရှိသွားပေလိမ့်မည်။

​သူသည် အခန်းအတွင်းမှ ထွက်လာခဲ့ပြီး နန်းတော်၏ အနက်ရှိုင်းဆုံးသော နေရာများသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားလိုက်၏။ စမ်းသပ်ပွဲများမှာ မကြာမီ စတင်တော့မည် ဖြစ်ပေတော့သည်။

All Chapters