← Chapters

အခန်း (၃၂၇၆-၃၂၈၀)

Vol. 143 Ch. 3276-3280

အခန်း (၃၂၇၆-၃၂၈၀)

Vol. 143 Ch. 3276-3280

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၇၆)

ဘာသာပြန်သူ_တိမ်တိုက်

ယခုတစ်ကြိမ် ရှေးဟောင်းကျောင်းတော်မတော်တဆအဖြစ်အပျက်မှ မည်သူ အကျိုးအမြတ်အများဆုံးရသွားသလဲဟု မေးလာမည်ဆိုပါက ရန်ကိုင်သာဖြစ်သည်ဟု ပြောရပေလိမ့်မည်။ ရန်ကိုင်ကြောင့်ပင်လျှင် တောင်ဘက်နယ်မြေမှ လူပေါင်းများစွာ အသက်ရှင်နိုင်ခဲ့ရခြင်း ဖြစ်လေရာ တောင်ဘက်နယ်မြေထဲ၌ ရှိနေသော ဂိုဏ်းများအားလုံး ရန်ကိုင်အပေါ် အကြွေးတင်သွားခဲ့လေသည်။ ရန်ကိုင်၏ဂုဏ်သတင်းမှာလည်း တဟုန်ထိုး မြင့်တက်လာခဲ့ရသည်။

ဂိုဏ်းချုပ်များနှင့် မိသားစုခေါင်းဆောင်များသည် ရန်ကိုင်အား လာရောက်ကျေးဇူးတင်စကား ဆိုကြလေသည်။ လူတိုင်းသည် နောက်ပိုင်း အကူအညီလိုလျှင်ပြောပါ ကျုပ်တို့ဘက်မှ အတတ်နိုင်ဆုံး ကူညီပေးပါမည်ဟူသော စကားမျိုးကိုတော့ ပြောသွားခဲ့လေသည်။ သူတို့ တကယ်ပြောလိုခြင်းဟုတ်မဟုတ် မသိရသေးပါသော်ငြား ထိုကတိများကြောင့် နောက်ပိုင်း တောင်ဘက်နယ်မြေထဲ ရန်ကိုင်အနေဖြင့် လှုပ်ရှားမည်ဆိုလျှင် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပေတော့မည်။

လဝက်ကြာအောင် ပျားပန်းခတ်မျှ အလုပ်များနေပြီးသည့်နောက်တွင် ရှေးဟောင်းကျောင်းတော်ကြီးမှာ တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားတော့လေသည်။ ထွက်သွားရမည့်လူများမှာ ထွက်သွားကုန်ကြလေပြီ။ ဤဂိုဏ်းကြီးမှာမူ လူသူကင်းမဲ့စွာ ကျန်ရစ်ခဲ့သည်။ တစ်ချိန်က ဤနေရာကြီးသည် တောင်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်း၌ တစ်ဂိုဏ်းအပါအဝင်ဖြစ်ခဲ့သည်ဟု ပြောလာလျှင် အမှန်တကယ်ကို ယုံရခက်ပေတော့မည်။

လက်ရှိအချိန်တွင် ရန်ကိုင်မှာ ချင်ဖေးနှင့် အခြားသောတပည့်များနှင့်အတူ လော့ရှာဂိုဏ်းသို့ သွားနေခဲ့လေသည်။ တောင်ဘက်နယ်မြေထဲ ရောက်တုန်းရောက်ခိုက် ရန်ကိုင်မှာ ဤကိစ္စကို တစ်ခါတည်း ရှင်းအောင်လုပ်သွားရပေလိမ့်မည်။ မူလက ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ အဆင့်မြင့်ဧည့်အကြီးအကဲဖြစ်ခဲ့သည်။ ယခုဆိုလျှင် အခြားသောဂိုဏ်းတစ်ဂိုဏ်း၏ ဧည့်အကြီးအကဲရာထူးကိုပါ ထပ်မံတာဝန်ယူပေတော့မည်။ ရှင်းရှင်းပြောရသော် ရန်ကိုင်၏လုပ်ရပ်မှာ သိပ်၍ မသင့်တော်လှပေ။

ယခင်က ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးမှ ဂိုဏ်းနှစ်ဂိုဏ်း၏ ဧည့်အကြီးအကဲလုပ်ခဲ့သည်ဟူသော သာဓကမျိုး မရှိခဲ့ပေ။

သို့ရာတွင် ဝမ်ကျိရှန်းမှာလည်း ထိုကိစ္စနှင့်ပတ်သက်၍ ဂရုစိုက်မနေခဲ့။ မည်သည့်နေရာမှ ကြားလာသလဲတော့မသိ ရန်ကိုင်အား အကူအညီတစ်ခုခုလိုလျှင် တုံ့ဆိုင်းခြင်းမရှိ ပြောရန် ပြောခဲ့လေသည်။

နေမင်းပြာကျောင်းတော်ကဲ့သို့သော ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းနှင့်ယှဉ်လိုက်သော် လော့ရှာဂိုဏ်းမှာ ဒုတိယတန်းစား သို့မဟုတ် တတိယတန်းစားဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်ဟုသာ ပြောရပေလိမ့်မည်။ သို့ပင်ဖြစ်လင့်ကစား ထိုဂိုဏ်းအား စောင့်ကြပ်ကာကွယ်ပေးနေသော ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ရှိနေသည့် အတွက်ကြောင့် ငှက်မွေးပြာဂိုဏ်း သို့မဟုတ် ရွက်တစ်ထောင်ဂိုဏ်းထက် ပို၍အားကောင်းသည်ဟုတော့ ပြော၍ရပေသည်။ သို့ပင်ဖြစ်လင့်ကစား တာအိုသခင်အဆင့်တွင်ရှိနေသော လက်ရွေးစင်တပည့်ပေါင်းများစွာ အသတ်ခံလိုက်ရပြီး ဂိုဏ်းချုပ်မှာလည်း သေဆုံးသွားသည့်နောက်တွင်တော့ လော့ရှာဂိုဏ်း၏အခြေအနေမှာ တစ်မျိုးတစ်မည် ပြောင်းလဲသွားရတော့လေသည်။ ရန်ကိုင်သည်သာ ဝင်မပါက လော့ရှာဂိုဏ်းအနေဖြင့် နှစ်ဝက်လောက်သာ တောင့်ခံနိုင်လိမ့်မည်ဖြစ်ပြီး အခြားသောအင်အားစုတစ်ခု၏ ဝါးမျိုခြင်း ခံသွားရပေလိမ့််မည်။

ဤအဖွဲ့ထဲတွင် ပါဝင်ကြသည့် အမျိုးသမီးများ၏ ကျင့်ကြံခြင်းမှာ တူညီခြင်းမရှိကြချေ။ ထို့အတွက်ကြောင့် ဤအတိုင်းသာ ပျံသန်းနေမည်ဆိုလျှင် ခရီးမှာ နှောင့်နှေးနိုင်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှာ အချိန်မဖြုန်းလိုလေရာ သူ၏ ပန်းတိမ်တိုက်လွန်းပျံကိုထုတ်၍ အကုန်လုံးကို ထိုထဲသို့တင်ကာ လော့ရှာဂိုဏ်းဆီသို့ ဦးတည်ထွက်လာခဲ့သည်။ ပန်းတိမ်တိုက်လွန်းပျံမှာ ဧကရာဇ်အဆင့်ပျံသန်းရေးမှော်ရတနာတစ်ခု ဖြစ်သည့်အတွက်ကြောင့် ၎င်းမည်မျှမြန်သလဲဆိုသည်နှင့်ပတ်သက်၍ မေးနေစရာပင်မလို။

ခုနှစ်ရက်ခန့် ပျံသန်းနေပြီးသည့်နောက် ရန်ကိုင်တို့၏မြင်ကွင်းထဲ တောင်တစ်လုံး ပေါ်လာခဲ့လေသည်။ ချင်ဖေးသည် ထိုတောင်ကိုညွှန်ပြ၍ ပြောလိုက်သည်။ “ကျွန်မတို့ရောက်ပြီ…”

ရန်ကိုင်လည်း လှမ်း၍ကြည့်လိုက်ရာ လော့ရှာဂိုဏ်းတည်ထောင်ထားသော နေရာကို တွေ့လိုက်ရလေသည်။ ထိုနေရာမှာ မဆိုးလှပေ။ သို့သော်ငြား ရှေးဟောင်းကျောင်းတော် သို့မဟုတ် ထက်ကောင်းကင်နန်းတော်နှင့်တော့ မယှဉ်နိုင်ပေ။ သို့ပင်ဖြစ်လင့်ကစား ထိုကဲ့သို့သောနေရာမျိုးသည် လော့ရှာဂိုဏ်းကဲ့သို့သော ဂိုဏ်းငယ်လေးအတွက် လုံလောက်သည်ထက်ပငိ ပိုနေလေပြီ။

အကုန်လုံး ပန်းတိမ်တိုက်လွန်းပျံပေါ်မှ ဆင်းပြီးသည့်နောက်တွင် ရန်ကိုင်သည် ပန်းတိမ်တိုက်လွန်းပျံကို ပြန်သိမ်းလိုက်လေ၏။

ရင်းနှီးနေသည့်မြင်ကွင်းများနှင့် အိမ်၏အငွေ့အသက်တို့ကို ပြန်ရလိုက်သော် အမျိုးသမီးများ စိတ်အေးလက်အေး ဖြစ်သွားကုန်ကြသည်။ သို့သော်ငြား မကြာမီ သူတို့၏ သေဆုံးသွားသောညီအစ်မများအကြောင်းကို ပြန်စဉ်းစားမိလိုက်သော် အကုန်လုံးမှာ ဝမ်းနည်းစိတ်ဓာတ်ကျကုန်လေရာ အချို့ဆိုလျှင် ငိုချလုမတတ်ပင် ဖြစ်ကုန်လေသည်။

ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်မှာ အတော်လေးကိုမှ ပြဿနာတက်သွားရတော့သည်။ အမျိုးသမီးတစ်ဦး ငိုနေသည်ကို သူ့အနေဖြင့် ဘာဆိုဘာမျှ သွားလုပ်မပေးနိုင်ပေ။ ထို့အတွက်ကြောင့် အလျင်စလို ခေါင်းစဉ်ပြောင်းလိုက်လေ၏။ “ကြည့်ရတာ ခင်ဗျားတို့ဂိုဏ်းချုပ် သေသွားတဲ့သတင်း ပြန့်သွားပြီနဲ့တူတယ်…”

ထိုစကားကြောင့် ချင်ဖေးမှာ အံ့အားသင့်သွားခဲ့လေသည်။ သို့သော်ငြား ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်ပြောလိုသည့်အကြောင်းအရာကို ချက်ချင်းသဘောပေါက်သွားခဲ့သည်။ လက်ရှိအချိန်တွင် လော့ရှာဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို အသက်သွင်းထားခဲ့လေသည်။ ထို့အပြင် ခိုးကြောင်ခိုးဝှက်နှင့် ပုန်းနေသော ပုံရိပ်များစွာကိုလည်း အစီအရင်အပြင်ဘက်တွင် မြင်တွေ့နေရသည်။ ထိုလူများကြား တာအိုသခင်အဆင့်သို့ရောက်နေသော ပညာရှင်ပေါင်းများစွာ၏ အရှိန်အဝါကို ချင်ဖေး ခံစားမိနေလေသည်။

ထိုအခါမှသာလျှင် ရန်ကိုင်ပြောသည်မှာ မှန်ကန်နေကြောင်း ချင်ဖေး သဘောပေါက်သွားခဲ့သည်။ သူမတို့၏ဂိုဏ်းချုပ် သေသွားသည့်သတင်းမှာ ပြန့်နှံ့သွားခဲ့လေရာ အနီးအနားတစ်ဝိုက်တွင် ရှိနေကြသော အင်အားစုများသည် လော့ရှာဂိုဏ်းအပေါ် မျက်စိကျလာကြလေသည်။ ထိုသို့သာမဟုတ်ပါက ဤတောင်များကြားထဲ ပုန်းအောင်းနေသည့် ပညာရှင်ပေါင်းများစွာ ဘာကြောင့်များ ရှိနေရပါမည်နည်း။

ထိုအချင်းအရာကိုမြင်လိုက်သော် ချင်ဖေးစိတ်ထဲ ထိုလူများအပေါ် ရွံရှာစက်ဆုပ်မိသွားခဲ့လေသည်။ ယခင်က လော့ရှာဂိုဏ်းမှ အမျိုးသမီးတပည့်တော်တော်များများသည် ထိုအင်အားစုများနှင့် မဟာမိတ်ဖွဲ့ရန်အတွက် ထိုအင်အားစုများထဲသို့ လက်ထပ်ဝင်သွားကြလေသည်။ ဂိုဏ်းချုပ်အသက်ရှင်စဉ်က သူတို့အင်အားစုများသည် တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် ကူညီခဲ့ကြသည်။ သို့သော်ငြား ဂိုဏ်းချုပ်သေသွားသည်နှင့်တစ်ပြိုင်နက် ထိုလူများ၏ ရွံစရာမျက်နှာများမှာ ရုပ်လုံးပီပြင်လာခဲ့လေသည်။

သူမဘာသာသူမ အတွေးထဲ နစ်မြောနေစဉ်မှာပင် ရန်ကိုင်ဆီမှ အားကောင်းလှသည့် အရှိန်အဝါတစ်ရပ် ရုတ်တရက် ဖြာထွက်လာသည်ကို ချက်ချင်း သတိထားမိသွားခဲ့သည်။ ထိုမမြင်နိုင်သည့်အရှိန်အဝါသည် ပတ်ဝန်းကျင်တစ်ခုလုံးကို တမုဟုတ်ချည်း လွှမ်းခြုံသွားခဲ့လေ၏။ ထိုအရှိန်အဝါမှာ အလွန်တရာကိုမှ အားကောင်းလှသလို လူတစ်ဦးအား ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေနိုင်သော ခြောက်ခြားဖွယ်ကောင်းလှသည့် သတ်ဖြတ်လိုစိတ်တို့နှင့်လည်း ပြည့်နေခဲ့လေသည်။ ထိုအရှိန်အဝါ၏ လွှမ်းခြုံခြင်း ခံလိုက်ရသည့်အခိုက်တွင် အမျိုးသမီးငယ်လေးများအားလုံး တုန်တုန်ရီရီဖြစ်သွားကြပြီး ရန်ကိုင်အား ကြောက်ကြောက်လန့်လန့်ဖြင့် လှမ်း၍ ကြည့်လိုက်ကြသည်။

ရန်ကိုင်နှင့် ရက်ပေါင်းများစွာကြာအောင် စကားစမြည်ပြောကာ ဆက်ဆံပြီးသည့်နောက်တွင် ရန်ကိုင်သည် သူမတို့သိထားသော ဧကရာဇ်အဆင့်ပညာရှင်များနှင့် အလွန်ကိုမှကွာခြားသည်ဟု အမျိုးသမီးများ ထင်သွားခဲ့ကြသည်။ ရန်ကိုင်သည် စကားပြောရဆိုရ လွယ်ကူသည့် လူတစ်ဦးဖြစ်ပေသည်။ အချို့သောမိန်းကလေးများဆိုလျှင် ရန်ကိုင်အား သူမတို့၏ကျင့်ကြံခြင်းနှင့်ပတ်သက်၍ ကြုံနေရသည့်အခက်အခဲများကို မေးမြန်းခဲ့သည်။ ရန်ကိုင်ကလည်း စိတ်ရှည်ရှည်နှင့် ပြန်လည်ဖြေကြားပေးခဲ့လေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်နှင့်စကားပြောရုံဖြင့်ပင်လျှင် ထိုမိန်းကလေးများ အကျိုးကျေးဇဓးများစွာ ရရှိခဲ့ရသည်။ ရန်ကိုင် အေးအးဆေးဆေးမနားရမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ချင်ဖေးမှာ အဆုံးတွင် ထိုတပည့်များအား ရန်ကိုင်အား သွားရောက်မနှောင့်ယှက်ရန် အမိန့်ထုတ်ရတော့လေသည်။ ထိုအကြောင်းကြောင့်မဟုတ်လျှင် ရန်ကိုင်အနေဖြင့် လာရာလမ်းခရီးတစ်လျှောက်လုံး တစ်ခဏလေးပင် နားခွင့်ရခဲ့လိမ့်မည်မဟုတ်ပေ။

သို့သော်ငြား လက်ရှိအခိုက်အတန့်တွင်တော့ ထိုဖော်ရွေသောလူငယ်လေးသည် သွေးဆာပြီး ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးတစ်ကောင်နှင့် ဆင်တူသည့် တည့်ရှိမှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ့ဆီမှ ဖြာထွက်နေသော အရှိန်အဝါသည်ပင်လျှင် သူမတို့အား မွန်းကြပ်အောင် လုပ်နေခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း ကြောက်ရွံ့မှုကြောင့် သူမတို့၏ ခြေဖျားလက်ဖျားများ အေးစက်လာခဲ့ရသည်။ ထိုအခါမှသာလျှင် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးသည် မည်မျှပင်ဖော်ရွေနေစေကာမူ ဧကရာဇ်အဆင့်ပညာရှင်သာဖြစ်ကြောင်းကို မိန်းကလေးများ သဘောပေါက်သွားကြတော့သည်။ သူတို့သည် သူမတို့အနေဖြင့် မော်ကြည့်ရုံသာ တတ်နိုင်ကြသည့်လူများ ဖြစ်ကြပေသည်။

တောအုပ်ထဲတွင်ရှိနေသော ငှက်များအားလုံး အလန့်တကြား ထပျံပြေးရန် ကြိုးစားလိုက်ကြသည်။ သို့သော်ငြား သူတို့၏တောင်ပံများကို မည်သို့ပင် ခတ်နေစေကာမူ ပျံသန်းနိုင်ခြင်းမရှိကြချေ။ မမြင်နိုင်သည့် အင်အားတစ်ရပ်သည် သူတို့အား လှုပ်မရအောင် ချုပ်ထားသည့်အလား ငှက်များအားလုံးမှာ ကောင်းကင်ပေါ်သို့ ပျံမတက်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ကြလေသည်။

တစ်ချိန်တည်းတွင် တောအုပ်ထဲ၌ ပုန်းအောင်းနေကြသော လူများသည်လည်း ရန်သူကြီးတစ်ဦးနှင့် ရင်ဆိုင်နေရသည့်ပမာ တစ်ယောက်ပြီးတစ်ယောက် ပြန်ဆုတ်သွားကုန်ကြလေသည်။ တစ်ခဏလေးပင် ဆက်၍ ပုန်းမနေရဲတော့ပဲ လှုပ်ရှားမှုပညာရပ်အသီးသီးကိုသုံး၍ ထွက်ပြေးကြတော့လေ၏။

လော့ရှာဂိုဏ်း၏ဂိုဏ်းချုပ် ရှေးဟောင်းကျောင်းတော်ထဲ၌ သေသွားခဲ့သည့်သတင်းမှာ ဤအနီးတစ်ဝိုက်အနှံ့ ပြန့်နေခဲ့လေပြီ။ ထို့အတွက်ကြောင့် ထိုသတင်းကို ဖုံးကွယ်ထားဖို့ရာ မဖြစ်နိုင်တော့။ ထို့အပြင် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးသည် လော့ရှာဂိုဏ်း၏ အဆင့်မြင့်ဧည့်အကြီးအကဲလုပ်ရန် သဘောတူခဲ့သည်ဟူသော သတင်းကိုလည်း လူပေါင်းများစွာ ကြားလိုက်ကြရသည်။ ထို့အပြင် ထိုဧကရာဇ်အဆင့်ပညာရှင်မှာ ရှေးဟောင်းကျောင်းတော်၌ နာမည်ကျော်ကြားလာခဲ့သော ဧကရာဇ်ဒုတိယအဆင့်ပညာရှင် ရန်ကိုင် ဖြစ်သည့်ပုံပင်။

သို့သော်ငြား ထိုသတင်း တကယ်ဟုတ်မဟုတ်ကို မည်သူမျှ အတည်မပြုနိုင်ကြပေ။ ထိုသတင်းမှာ လော့ရှာဂိုဏ်းဆီမှ လာခြင်းဖြစ်သည့်အလျောက် ယုံကြည်ဖို့ရာ သိပ်မဖြစ်နိုင်လှ။ လော့ရှာဂိုဏ်းမှ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ရန်အတွက် တမင်သက်သက် ကောလဟာလများ ဖြန့်နေသည်မှာလည်း ဖြစ်နိုင်ပေသည်။ ထိုအကြောင်းကြောင့် ထိုလူများသည် ထိုသတင်းမှန်မမှန် လာရောက်အတည်ပြုစစ်ဆေးကြခြင်းဖြစ်လေသည်။ ထိုသတင်းသာ မှန်နေမည်ဆိုလျှင်တော့ သူတို့၏အစီအစဉ်များကို ပြန်ပြင်လိုက်၍လည်း နောက်မကျသေးပေ။ ထိုသတင်းသာ အမှားဖြစ်နေမည်ဆိုလျှင် လော့ရှာဂိုဏ်းသည် လူတိုင်းမြည်းစမ်းချင်နေသည့် အသားတုံးကြီးတစ်တုံး ဖြစ်သွားပေလိမ့်မည်။ လော့ရှာဂိုဏ်း၏သမိုင်းကြောင်းမှာ ထိုမျှမရှည်လျားပါသော်ငြား အနည်းဆုံး နှစ်တစ်ထောင်နီးပါးခန့်တော့ ရှည်လျားပေသည်။ ဂိုဏ်းထဲ၌ ထောင်နှင့်ချီသော အမျိုးသမီးတပည့်လေးများလည်း ရှိနေကြပေသေးသည်။

ကံမကောင်းစွာဖြင့် ရန်ကိုင်၏ဧကရာဇ်အရှိန်အဝါကို ခံစားမိလိုက်သည့်နောက် သူတို့အားလုံး၏ စိတ်ကူးယဉ်အထင်သက်သက်အားလုံး ပျက်စီးသွားကုန်ကြရလေသည်။ လော့ရှာဂိုဏ်းမှ ထွက်ပေါ်လာသည့်သတင်းများမှာ မှန်နေပြီး သူတို့ရှေ့တွင်ရှိနေသည့်လူမှာ ရှေးဟောင်းကျောင်းတော်အဖြစ်အပျက်၌ နာမည်ကျော်ကြားလာသည့် ရန်ကိုင်ဆိုသည့်လူ ဖြစ်မှန်းလည်း လာရောက်စူးစမ်းသူများ သိသွားကြလေသည်။ ဤရန်ကိုင်ဆိုသည့်လူ လော့ရှာဂိုဏ်း၏ အဆင့်မြင့်ဧည့်အကြီးအကဲလုပ်ရန် ဤနေရာသို့လာရောက်ခြင်း ဟုတ်ဟုတ်မဟုတ်ဟုတ် ရန်ကိုင်သာရှိနေသရွေ့ မည်သူမျှ လော့ရှာဂိုဏ်းအား မျက်စိကျရဲလိမ့်မည်မဟုတ်ပေ။

ထိုလူများမှာလည်း ရန်ကိုင်အပေါ် အနည်းငယ် မနာလိုအားကျနေမိကြလေသည်။ လော့ရှာဂိုဏ်းတစ်ဂိုဏ်းလုံးသည် အမျိုးသမီးများသာရှိသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပေသည်။ ရန်ကိုင်သည် ထိုဂိုဏ်းထဲသို့ ပထမဦးဆုံးဝင်ရောက်ခွင့်ရခဲ့သော အမျိုးသားတစ်ဦးဖြစ်သည်။ ထို့အတွက်ကြောင့် မည်သည့်ယောက်ျားသားမဆို ရန်ကိုင်အား အားကျမိကြပေလိမ့်မည်။

ခွေးလေခွေးလွင့်များနှယ် အမြီးကုပ်ကာ ထွက်ပြေးသွားကြသည့်လူများကိုကြည့်ရင်း ချင်ဖေး၏အမူအယာမှာ ဒွိဟဖြစ်နေခဲ့လေသည်။ ထိုလူများထဲ သူမရင်းနှီးနေသော လူပေါင်းများစွာကို တွေ့လိုက်ရသည်။ ထိုလူများ၏နာမည် မည်သူဖြစ်သလဲ ထိုလူများ မည်သည့်အင်အားစုမှလာသလဲဆိုသည်ကိုလည်း သူမသိပေသည်။ သူမတို့၏ဂိုဏ်းချုပ် အသက်ရှင်စဉ်က ထိုသူများသည် သူမတို့ဂိုဏ်းနှင့် အပြန်အလှန် တရင်းတနှီး ဆက်ဆံခဲ့ကြသည်။ သို့ပင်ဖြစ်လင့်ကစား သူမတို့၏လော့ရှာဂိုဏ်း ဒုက္ခရောက်နေချိန်တွင်တော့ သူမတို့ဂိုဏ်းကို ပစ်မှတ်ထားလာသည့်လူများမှာ ထိုမိတ်ဆွေများသာ ဖြစ်နေကြလေသည်။ လက်သီးကိုတင်းတင်းဆုပ်ရင်းမှ ချင်ဖေးမှာ တစ်ခုခု သဘောပေါက်သွားခဲ့ရသည်။ အားကောင်းနေမှသာလျှင် ဤလောကကြီး၌ အသက်ရှင်နိုင်လိမ့်မည်ဟူသော အချက်ပင်။

“သွားရအောင်…” ရန်ကိုင်၏အသံ ထွက်လာခဲ့လေသည်။ ရန်ကိုင်ဆီမှ ဖြာထွက်နေသော ကြောက်မက်ဖွယ်ရာအရှိန်အဝါမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်ကိုယ်တိုင်သည် ယခင်ကကဲ့သို့ ရင်းနှီးဖော်ရွေသည့် လူတစ်ဦးအသွင်သို့ ပြန်ပြောင်းသွားခဲ့သည်။

ကျင့်ကြံခြင်းအဆင့်နိမ့်သည့် အမျိုးသမီးတပည့်များမှာတော့ ရင်ဘတ်ကို လက်ဖြင့်ဖိရင်းမှ သက်ပြင်းအမောကြီးချလိုက်ကြလေသည်။ ထို့နောက် တစ်ဦးကိုတစ်ဦးကြည့်ရင်းမှ လျှာလေးတစ်လစ်တစ်လစ်ထုတ်လျက် ရန်ကိုင်၏ကျောပြင်ကို အံ့ဩတကြီးဖြင့် လှမ်း၍ကြည့်လိုက်ကြသည်။

“ဆရာ… ခဏနေပါဦး… ကျွန်မ အကြီးအကဲချုပ်ကို အစီအရင်ကို ဖွင့်ပေးဖို့ ပြောလိုက်ပါဦးမယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ချင်ဖေးသည် ဆက်သွယ်ရေးမှော်ရတနာတစ်ခုကိုထုတ်၍ အကြောင်းကြားလိုက်လေသည်။

မကြာမီ ဂိုဏ်းကာကွယ်ရေးအစီအရင် ပျောက်ကွယ်သွားခဲ့ပြီး ချင်ဖေးသည် အဖွဲ့ကိုဦးဆောင်၍ တောင်ပေါ်တွင်ရှိနေသော မြေကွက်လပ်နေရာဆီသို့ ခေါ်သွားပေးလေသည်။

အသက်သုံးဆယ်အရွယ်လောက်ရှိမည့် နှစ်လိုဖွယ်ကောင်းသော အမျိုးသမီးတစ်ဦးသည် စင်မြင့်ပေါ်တွင် ရပ်နေခဲ့သည်။ သူမပုံစံသည် တော်ဝင်အမျိုးသမီးတစ်ဦး ရှိသင့်ရှိထိုက်သည့် ပုံစံမျိုးပင် ဖြစ်လေသည်။ သူမဝတ်ဆင်ထားသော မိုးပြာရောင်အဝတ်အစားမှာ အလွန်ကိုမှ ရိုးရှင်းလှပါသော်ငြား ထိုအဝတ်အစားကသည်ပင်လျှင် သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းကို ပို၍ အထင်းသားပေါ်လွင်နေစေခဲ့သည်။ သူမဆီမှ ထွက်ပေါ်နေသည့်အရှိန်အဝါမှာတော့ တာအိုသခင်တတိယအဆင့်ပညာရှင်တစ်ဦး၏ အရှိန်အဝါပင် ဖြစ်လေသည်။

သူမမှာ အခြားမဟုတ် လော့ရှာဂိုဏ်း၏ အကြီးအကဲချုပ်ဖြစ်သော တောက်ယင်ရို့ ဖြစ်ပေသည်။ အနောက်တွင်မူ ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးပေါင်း ရာနှင့်ချီကာ ရပ်နေကြလေသည်။ ထိုအမျိုးသမီးများသည် လူတန်းနှစ်တန်းခွဲကာ ဘေးတစ်ဖက်တစ်ချက်စီ၌ ရပ်နေကြခြင်းဖြစ်ပြီး တစ်ဦးချင်းစီတိုင်းမှာလည်း ချောမောလှပကြပေသည်။ သို့ပင်ဖြစ်လင့်ကစား လက်ရှိအချိန်တွင် အကုန်လုံးမှာ ငြိမ်သက်တိတ်ဆိတ်နေကြပြီး ကောင်းကင်ပေါ်သို့ မျှော်လင့်တကြီးအမူအယာများဖြင့် လှမ်းကြည့်နေကြလေသည်။

တစ်ခဏအကြာ၌ ရန်ကိုင်သည် ချင်ဖေးနှင့်အတူ ထိုနေရာဆီသို့ ရောက်လာခဲ့ပြီး လူအုပ်ကြီးကို ဝေ့ကြည့်ပြီးသည့်နောက် ပြုံးလိုက်လေသည်။ (လော့ရှာဂိုဏ်းက ငါ့ကို တကယ်အထင်ကြီးနေတာပဲ… ငါ့ကိုလာကြိုဖို့အတွက် ဂိုဏ်းသားတစ်ထောင်မှာ ခုနှစ်ဆယ်ရာခိုင်နှုန်းလောက်ကိုတောင် ဒီနေရာထိခေါ်လာတယ်ဆိုတော့… ကြည့်ရတာ တံခါးပိတ်ကျင့်စဉ်ဝင်နေတဲ့သူတွေနဲ့ တာဝန်ကျနေတဲ့လူတွေကလွဲရင် ကျန်တဲ့လူတွေအကုန်လုံး ဒီမှာရှိနေတာနဲ့တူတယ်…)

ရန်ကိုင်မှ ရှေးဟောင်းကျောင်းတော်ထဲရှိ ကိစ္စများနှင့် အလုပ်ရှုပ်နေစဉ် တာအိုသခင်အဆင့်တွင်ရှိနေသော တပည့်တစ်ဦးသ် ရန်ကိုင်မှာ လော့ရှာဂိုဏ်း၏ အဆင့်မြင့်ဧည့်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်မည့်ဆိုသည့်အကြောင်းကို လော့ရှာဂိုဏ်းသို့ပြန်လာပြီး အစီအရင်ခံလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် လော့ရှာဂိုဏ်းမှ ယခုကဲ့သို့ ကြိုတင်ပြင်ဆင်ထားနိုင်ခြင်း ဖြစ်၏။

ချင်ဖေးသည် ရှေ့သို့တက်၍ တောက်ယင်ရို့အား တိုးတိုးလေးပြောလိုက်လေသည်။ ထိုအခါ တောက်ယင်ရို့သည် ရှေ့သို့တက်လာပြီး ဦးညွှတ်၍ နှုတ်ဆက်လိုက်လေသည်။ “လော့ရှာဂိုဏ်းရဲ့ တောက်ယင်ရို့ စီနီယာကို နှုတ်ဆက်ပါတယ်… ဒီနေ့ ကြွလာပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်…”

ရန်ကိုင်က သူ့လက်ကိုမြှောက်၍ ပြုံးကာ ပြန်ပြောလိုက်သည်။ “အခုလိုမျိုးတွေလုပ်နေစရာမလိုပါဘူး အကြီးအကဲ… နောက်ပိုင်းကျရင် ကျုပ်တို့က တစ်မိသားစုတည်းတွေဖြစ်ကြတော့မှာပဲဟာကို…”

ထိုစကားကိုကြားသည့်အခါမှသာလျှင် တောက်ယင်ရို့ သက်ပြင်းချနိုင်တော့လေသည်။ ရန်ကိုင်မှ သူမတို့လော့ရှာဂိုဏ်း၏ အဆင့်မြင့်ဧည့်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်လိုကြောင်းကို ကြားခဲ့ရပါသော်ငြား သူမမှာ သိပ်၍မယုံနိုင်ခဲ့ပေ။ ရန်ကိုင်သည် တောင်ဘက်နယ်မြေအနှံ့ နာမည်ကျော်ကြားနေသော ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးပင် မဟုတ်လေလော။ ယုကျိုးကြောင့်ဆိုလျှင် ရန်ကိုင်အနေဖြင့် လော့ရှာဂိုဏ်းကို ဤမျှ လုပ်ပေးစရာမလိုပေ။ ထိုအကြောင်း‌ကြောင့် ရန်ကိုင်နှင့် လူချင်းမတွေ့ရသေးခင်အထိ တောက်ယင်ရို့မှာ သိပ်၍ မသေချာခဲ့ပေ။

ရန်ကိုင်မှာ ထိုကဲ့သို့ပြောရသည်နှင့်ပတ်သက်၍ လော့ရှာဂိုဏ်းအပေါ် အခြားသောရည်ရွယ်ချက်များ ရှိနေသေးသလားဆိုသည်ကိုလည်း သူမစိတ်ထဲ မယုံသင်္ကာ ဖြစ်မိပေသည်။ မျက်လုံးများစွာသည် လော့ရှာဂိုဏ်းအပေါ်သို့ ရောက်နေလေရာ ရန်ကိုင်သည်လည်း လော့ရှာဂိုဏ်းအပေါ် တစ်ခုခုမကောင်းကြံနေမည်ဆိုလျှင် သူမတို့အနေဖြင့် မည်သို့မျှ ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

ယခု ရန်ကိုင်၏ ဖော်ရွေပျူငှာသည့်ပုံစံကို မြင်ပြီးသည့်နောက် တောက်ယင်ရို့စိတ်ထဲ အနည်းနှင့်အများဆိုသလိုတော့ စိတ်သက်သာရာ ရသွားခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၇၇)

ဘာသာပြန်သူ_တိမ်တိုက်

“ကျုပ် ဘာလို့လာရလဲ ခင်ဗျားသိမှာပေါ့…” ရန်ကိုင်က လိုရင်းကိုတန်းပြောလိုက်လေသည်။

တောက်ယင်ရို့က ခေါင်းညိတ်လိုက်၏။ “ဂိုဏ်းချုပ်က မမျှော်လင့်ဘဲသေသွားတော့ လော့ရှာဂိုဏ်းမှာ အခု ခေါင်းဆောင်မဲ့နေပါတယ်… ဒီလိုအချိန်မျိုးမှာ ကျွန်မတို့ဂိုဏ်းဆီကို အဆင့်မြင့်ဧည့်အကြီးအကဲရာထူးနဲ့ ရောက်လာပြီးတော့ ကာကွယ်ပေးဖို့ လုပ်ပေးခဲ့တဲ့အတွက် ဆရာ့ကို ကျေးဇူးအများကြီးတင်ပါတယ်… ကျွန်မနဲ့ လော့ရှာဂိုဏ်းသားတွေအကုန်လုံး ဆရာ့အပေါ် အမြဲတမ်း ကျေးဇူးတင်နေမှာပါ… ဆရာ့အမိန့်ကိုလည်း ကျိန်းသေ နာခံပါ့မယ်…”

ထိုသို့ပြောပြီးသည့်နောက် နောက်တစ်ကြိမ် ဦးညွှတ်လိုက်လေသည်။

ရန်ကိုင်ကမူ လက်ဝှေ့ယမ်း၍ “အဲ့လိုမျိုးတွေ လုပ်နေစရာမလိုဘူး… အခုကနေစပြီးတော့ ခင်ဗျားတို့ဘာသာခင်ဗျားတို့ပဲ လော့ရှာဂိုဏ်းကို ကိုင်တွယ်လိုက်… ကျုပ်က ကျုပ်နာမည်ကို ငှားသုံးပေးရုံပဲ…”

တောက်ယင်ရို့မှာ ရန်ကိုင်အား ပြန်မော့ကြည့်လာ၍ ပြန်ပြောတော့မည်အပြု ရန်ကိုင်က ဖြတ်ပြောလိုက်လေသည်။ “လော့ရှာဂိုဏ်း အခု ဘယ်လိုအခြေအနေမျိုးနဲ့ ရင်ဆိုင်နေရလဲ ကျုပ်သိတယ်… ဒါပေမယ့် လော့ရှာဂိုဏ်းရဲ့ အတွင်းပိုင်းလည်ပတ်ပုံတွေကို ကျုပ်သိတာမဟုတ်ဘူး… ဒီတော့ ကျုပ်ဘာသာ ရုတ်တရက်ကြီး ခေါင်းဆောင်တက်လုပ်ပြီး လော့ရှာဂိုဏ်းကို စီမံဖို့က သိပ်အဆင်မပြေဘူး… အကြီးအကဲချုပ်ပဲ လော့ရှာဂိုဏ်းကို အရင်အတိုင်းပဲ ဆက်ပြီးတော့ ကိုင်တွယ်နေလိုက်…”

ထိုစကားကိုကြားသော် ရန်ကိုင်မှာ လော့ရှာဂိုဏ်း၏ အတွင်းရေးကိစ္စများနှင့်ပတ်သက်၍ ဝင်ရောက်ပတ်သက်လိုစိတ် မရှိကြောင်းကို တောက်ယင်ရို့ နားလည်သွားခဲ့သည်။ ယုကျိုးအပေါ် အပြစ်မကင်းသလို ခံစားရသည့် အတွက်ကြောင့်သာလျှင် သူမတို့အား ယခုကဲ့သို့ လာရောက်ကာကွယ်ပေးနေခြင်း ဖြစ်လေသည်။

တောက်ယင်ရို့မှာ ရန်ကိုင်အပေါ် အလွန်ကိုမှ ကျေးဇူးတင်သွားခဲ့ပြီး သူမစိတ်ထဲ တွေးပူနေရသည့် ကိစ္စများမှာလည်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။ ရန်ကိုင်မှာ သူမတို့၏ယုံကြည်မှုကို အရင်ဦးစွာရအောင် လုပ်ပြီးမှ သူမတို့အပေါ် တစ်ခုခု အကွက်ချကြံစည်လာမည်ကို တောက်ယင်ရို့ ကြောက်နေရခြင်းဖြစ်လေသည်။ တကယ်တော့ ရန်ကိုင်၏ကျင့်ကြံခြင်းမှာ လူတိုင်းသိထားသည့်အရာပင် မဟုတ်လေလော။ ရန်ကိုင်သည်သာ သူမတို့ဆီမှ တစ်ခုခုလိုချင်ပါက လော့ရှာဂိုဏ်းထဲရှိ မည်သူမျှ ခုခံနိုင်လိမ့်မည်မဟုတ်ပေ။ လက်ရှိ ရန်ကိုင်၏ ဂုဏ်သတင်းနှင့်ပါ ပေါင်းလိုက်သော် ရန်ကိုင်မှ သူမတို့အား တစ်ခုခု လွန်လွန်ကျူးကျူးလုပ်လာမည်ဆိုလျှင်ပင် မည်သူမျှ သူမတို့ဘက်မှ ရပ်တည်ပေးကြလိမ့်မည်မဟုတ်။

(ဒီလောကကြီးမှာ ဒီလိုလူမျိုးလည်း ရှိနေသေးတာလား…)

တောက်ယင်ရို့မှာ ထူးထူးဆန်းဆန်းအမူအယာဖြင့် ရန်ကိုင်အား အကဲခတ်ကြည့်နေခဲ့လေသည်။ အစောပိုင်းက အကြံပေးလိုဟန်ဖြင့် စကားပြောရင်းမှ ရန်ကိုင်၏ရည်ရွယ်ချက်ကို စူးစမ်းကြည့်လိုက်ခြင်း ဖြစ်ပေသည်။ သို့သော်ငြား တကယ့်ရလဒ်မှာတော့ သူမအား အတော်လေးကိုမှ အံ့အားသင့်သွားစေခဲ့လေသည်။

ထိုအခိုက်အတန့်တွင် ချင်ဖေးက ရုတ်တရက်ဝင်ပြောလိုက်လေသည်။ “အကြီးအကဲချုပ်… ဆရာ့ကို နားဖို့ အထဲခေါ်လိုက်ပါဦး… ဆရာ အဝေးကြီးကနေ လာခဲ့ရတာ…”

ထိုအခါမှသာလျှင် တောက်ယင်ရို့ ရှက်သွားခဲ့ပြီး ပြန်၍ပြောလိုက်လေသည်။ “အာ… ကျေးဇူးပြုပြီး အထဲဝင်လာခဲ့ပါဆရာ…” ပြောပြီးသည့်နောက် ကျေးဇူးပြုပြီး လမ်းဖယ်ပေးလိုက်လေသည်။

ရန်ကိုင်လည်း ခေါင်းညိတ်ပြီးသည့်နောက် ရှေ့သို့ လျှောက်သွားလိုက်လေသည်။ ဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေကြသော ရာနှင့်ချီသည့် အမျိုးသမီးတပည့်များသည် ရန်ကိုင်အား သိလိုစိတ်ပြင်းပြသည့် အကြည့်များဖြင့် ကြည့်လာကြလေသည်။ တောက်ယင်ရို့မှာတော့ သွားနေရင်းမှ ရန်ကိုင်ကို အဆက်မပြတ် အကဲခတ်နေခဲ့လေသည်။ ရန်ကိုင်ပုံစံမှာတော့ တကယ့်ကို ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးဆိုသည့်အတိုင်း ဟိတ်ဟန်အပြည့်ဖြင့် ဖြစ်နေခဲ့သည်။ အဓိကအချက်မှာ ရန်ကိုင်သည် ရှေ့သို့သွားနေစဉ်အတောအတွင်း ဘေးတစ်ဖက်တစ်ချက်တွင် ရှိနေသော မိန်းကလေးများအား ကြည့်ပင် မကြည့်သွားခဲ့ပေ။ သူ့မျက်နှာထက် မောက်မာဝံ့ကြွားသည့် အရိပ်အယောင်များကိုလည်း မတွေ့ရ။ ရန်ကိုင်မှာ သာမန်ပုံစံအတိုင်း အေးအေးဆေးဆေး လျှောက်သွားနေခြင်းသာ ဖြစ်လေသည်။ ရန်ကိုင်အား စကားပြောရန်အလို့ငှာ နန်းတော်ထဲသို့ ဖိတ်ခေါ်ပြီးသည့်နောက်တွင် တောက်ယင်ရို့သည် ရန်ကိုင်အတွက် လက်ဖက်ရည်ငှဲ့ပေးလေသည်။ တာအိုသခင်အဆင့်တွင်ရှိနေသော လက်ကျန်တပည့်များသည်လည်း တစ်ဦးနှင့်တစ်ဦး သိကျွမ်းခွင့်ရရန်အလို့ငှာ ရန်ကိုင်တို့နောက်သို့ လိုက်လာခဲ့ကြသည်။ ယခင်က လော့ရှာဂိုဏ်း၌ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးနှင့် တာအိုသခင်အဆင့်ပညာရှင် ဆယ့်သုံးဦး ရှိခဲ့သည်။ သို့သော်ငြား ရှေးဟောင်းကျောင်းတော်အဖြစ်အပျက်ကြောင့် သူတို့၏ဂိုဏ်းချုပ်ကို ဆုံးရှုံးလိုက်ရသလို တာအိုသခင်အဆင့်ကျင့်ကြံသူ တစ်ဝက်လောက်ကိုလည်း ဆုံးရှုံးလိုက်ရပေသည်။

လက်ရှိအချိန်တွင် လော့ရှာဂိုဏ်းတွင် တာအိုသခင်အဆင့်ကျင့်ကြံသူဆို၍ ငါးဦးသာ ရှိတော့သည်။ ထိုထဲ၌ တာအိုသခင်တတိယအဆင့်ပညာရှင်ဖြစ်သော တောက်ယင်ရို့မှာ အားအကောင်းဆုံးဖြစ်ပြီး ဒုတိယနေရာတွင်တော့ တာအိုသခင်ဒုတိယအဆင့်၌ ရှိ‌နေသော ချင်ဖေးရှိနေခဲ့လေသည်။ ကျန်လူများမှာ တာအိုသခင်ပထမအဆင့်ပညာရှင်များသာ ဖြစ်ကြသည်။ လော့ရှာဂိုဏ်း၏ လက်ရှိခွန်အားအရ လော့ရှာဂိုဏ်းသည် ယခင်က ငှက်မွေးပြာဂိုဏ်းနှင့်ပင် မယှဉ်နိုင်တော့ပေ။ ထိုအကြောင်းကြောင့် အနီးအနားတွင် ရှိနေကြသော အင်အားစုများမှ လော့ရှာဂိုဏ်းအား ဝါးမျိုရန် ကြိုးစားလာကြခြင်း ဖြစ်လေသည်။

ချင်ဖေးပြောပြသွားသည့်အကြောင်းအရာများမှလွဲ၍ ရန်ကိုင်မှာ လော့ရှာဂိုဏ်းနှင့်ပတ်သက်ပြီး ဘာဆိုဘာမှမသိပေ။ လော့ရှာဂိုဏ်း၏ သမိုင်းကြောင်းမှာ ထိုမျှရှည်လျားခြင်းမရှိဘဲ ဂိုဏ်းကိုတည်ထောင်သည့်လူမှာ ယခင်ဂိုဏ်းချုပ်ဖြစ်သူ ယုလော့ရှာဖြစ်ပေသည်။

တပည့်အများစုမှာ အပြင်ဘက်တွင် အတွေ့အကြုံရရန်အလို့ငှာ ခြေဆန့်နေကြသော တပည့်များမှ ပြန်ခေါ်လာကြသည့် မိဘမဲ့များ ဖြစ်ကြပေသည်။ ဂိုဏ်းထဲရှိ စီနီယာအစ်မများနှင့် ဂျူနီယာညီမတို့မှာလည်း တစ်ဦးအပေါ်တစ်ဦး ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေ ရှိကြပေသည်။ တစ်ခါတစ်ရံ အချင်းများကြသည်ဆိုလျှင်ပင် ဆိုးဆိုးရွားရွားတော့ ဖြစ်လေ့မရှိပေ။ ထို့အပြင် လော့ရှာဂိုဏ်းသည် အနီးအနားတွင်ရှိနေသော မြို့တစ်မြို့ကို ထိန်းချုပ်ထားပြီး ဂိုဏ်း၏ဝင်ငွေအများစုမှာ ထိုမြို့ဆီမှလာသည့် ဝင်ငွေနှင့် သတ္တုတွင်းမှလာသည့်ဝင်ငွေအပေါ် အဓိကအားကိုးနေရခြင်း ဖြစ်ပေသည်။

ရန်ကိုင်မှာ လော့ရှာဂိုဏ်း၏ အဆင့်မြင့်ဧည့်အကြီးအကဲတစ်ဦး ဖြစ်လာတော့မည် ဖြစ်သည့်အတွက်ကြောင့် တောက်ယင်ရို့မှာ ရန်ကိုင်အား လော့ရှာဂိုဏ်းအကြောင်းကို ပိုမိုသိစေလိုပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် လော့ရှာဂိုဏ်းအကြောင်း သေသေချာချာကို စာရင်းပြုစုထားခဲ့ပြီး ရန်ကိုင်အား တစ်ခုချင်းကို ရှင်းပြခဲ့လေသည်။ သာမန်အခြေအနေမျိုးတွင် အဆင့်မြင့်ဧည့်အကြီးအကဲတစ်ဦး၏ ရာထူးသည် အစစ်အမှန်အကြီးအကဲတစ်ဦးထက် နိမ့်ပေသည်။ သို့သော်ငြား ရန်ကိုင်၏ကျင့်ကြံခြင်းမှာ သူမထက် အများကြီး ပိုမိုမြင့်မားသည့်အပြင် လော့ရှာဂိုဏ်းသည် ဆက်လက်တည်ရှိနိုင်ရန်အတွက် ရန်ကိုင်အား အားကိုးရလိမ့်မည် ဖြစ်သည့်အတွက်ကြောင့် သူမ၏အဆင့်အတန်းကို မသိမသာလေး နှိမ့်ချထားခဲ့လေသည်။ ရန်ကိုင်သည်သာ အမျိုးသားတစ်ဦးမဟုတ်လျှင် ရန်ကိုင်အား ဂိုဏ်းချုပ်ရာထူးကို ယူလိုက်ပါဟုပင် တောင်းဆိုမိပေလိမ့်မည်။

တောက်ယင်ရို့တင်ပြနေသည်မှာ အများကြီးဖြစ်နေသည့်အတွက်ကြောင့် သူမရှင်းပြသည်ကိုနားထောင်ရင်း ရန်ကိုင်မှာ တဖြည်းဖြည်းချင်း အိပ်ချင်လာတော့သည်။ ထိုအချင်းအရာကိုမြင်လိုက်သည့်အခါ တောက်ယင်ရို့ စိတ်ထဲမှနေ၍ ကြိတ်ကာ သက်ပြင်းချလိုက်လေသည်။ သူမ အလွန်ကိုမှ မယုံသင်္ကာ ဖြစ်လွန်းနေမှန်းကိုလည်း သဘောပေါက်သွားခဲ့ရသည်။ ရန်ကိုင်၏ပုံစံကို ကြည့်ရသလောက် ရန်ကိုင်မှာ လော့ရှာဂိုဏ်းအား ထိန်းချုပ်လိုစိတ် လုံးဝမရှိပေ။

ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်နှင့် ဆက်ဆံနေရသည့်အပေါ် တောက်ယင်ရို့မှာ ပိုပို၍ အေးအေးဆေးဆေး ဖြစ်လာခဲ့ရလေသည်။ သူတို့ဆီမှ ဘာမှအလိုမရှိသော ရန်ကိုင်ကဲ့သို့သောလူတစ်ဦးမှ လော့ရှာဂိုဏ်းကို ကာကွယ်ပေးနေမည် ဖြစ်သည့်အလျောက် သူတို့အနေဖြင့် အချိန်သာရလျှင် လော့ရှာဂိုဏ်းအား ကျိန်းသေ ထူထူထောင်ထောင်ဖြစ်အောင် ပြန်လုပ်နိုင်ပေလိမ့်မည်။ ရန်ကိုင်မှ ဤအစီအစဉ်များကို စိတ်မဝင်စားသည့်အတွက်ကြောင့် တောက်ယင်ရို့မှာလည်း ဆက်၍ရှင်းပြမနေတော့ဘဲ ရန်ကိုင်အား တရားဝင်အကြီးအကဲတစ်ဦး ဖြစ်လိုသလားဟု မေးမြန်းခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်မှ အလျင်စလို ပြန်လည်ငြင်းဆန်လာသဖြင့် တောက်ယင်ရို့ မှာလည်း ထိုအကြံအစည်ကို လက်လျှော့လိုက်လေ၏။

“အကြီးအကဲခန့်အပ်ပွဲကိုတော့ လုပ်ဖို့ပြင်ဆင်ထားတယ်… လဝက်လောက်နေရင်တော့ ကျင်းပပါမယ်… အဲ့လောက်ထိစောင့်ပေးလို့ရလား အကြီးအကဲရန်…” တောက်ယင်ရို့က မေးလိုက်သည်။

ရန်ကိုင်မှာ တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက် ခေါင်းညိတ်လိုက်လေသည်။

တောက်ယင်ရို့ ဘာကြံနေသလဲဆိုသည်ကို ရန်ကိုင်သိပေသည်။ အကြီးအကဲခန့်အပ်ပွဲနှင့်အတူ ရန်ကိုင်သည် လော့ရှာဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်လာပြီဆိုသည့်အကြောင်းကို ပတ်ဝန်းကျင်အနှံ့ သိအောင် ကြေညာလိုခြင်း ဖြစ်ပေသည်။ လော့ရှာဂိုဏ်း၏ အဆင့်မြင့်ဧည့်အကြီးအကဲတစ်ဦးအဖြစ် ရန်ကိုင်တာဝန်ထမ်းဆောင်မည်ဆိုသောအကြောင်းကို တောက်ယင်ရို့ဖြင့် သူမလူများအား သတင်းဖြန့်ခိုင်းထားပြီးလေပြီ။ ကံမကောင်းစွာဖြင့် ထိုသတင်းမှာ ယုံရမယုံရ မေးစရာရှိနေပေသေးသည်။ သို့သော်ငြား အကြီးအကဲခန့်အပ်ပွဲကိုသာ ကျင်းပလိုက်မည်ဆိုလျှင်တော့ ရန်ကိုင်ကိုယ်တိုင်သည်လည်း လော့ရှာဂိုဏ်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်ကို လူသိရှင်ကြား ကြေညာလိုက်သလို ဖြစ်သွားပေလိမ့်မည်။

တောက်ယင်ရို့သည် အကြီးအကဲခန့်အပ်ပွဲဖိတ်စာပေါင်းများစွာကို လူပေါင်းများစွာဆီသို့ ပို့မည်မှန်း ရန်ကိုင်သိနေခဲ့လေသည်။ ဤသည်မှာ သူ့အတွက်တော့ ကိစ္စမရှိပေ။ ထို့အတွက်ကြောင့် တောက်ယင်ရို့ကိုသာ စိတ်ကြိုက်လုပ်ခိုင်းထားလိုက်သည်။ တကယ်တော့ တောက်ယင်ရို့၏လုပ်ရပ်များသည် သူ့အပေါ် မကောင်းကြံလိုစိတ်မှ မရှိလေပဲ။ သူမ၏လော့ရှာဂိုဏ်းကို ကာကွယ်ရန်အလို့ငှာ ထိုကဲ့သို့လုပ်နေခြင်း ဖြစ်လေသည်။

ရန်ကိုင်မကန့်ကွက်သည်ကိုမြင်သော် တောက်ယင်ရို့က ပြုံးရင်း မတ်တပ်ရပ်လိုက်သည်။ “ဒါဆိုရင် ဒီမှာခဏလောက်နားနေပေးပါဦး အကြီးအကဲရန်…”

ထိုသို့ပြောပြီးသည့်နောက် ချင်ဖေးအား မျက်စပစ်ပြလိုက်သည်။

ချင်ဖေးလည်း ချက်ချင်းမတ်တပ်ရပ်၍ ပြောလိုက်လေသည်။ “အကြီးအကဲရန်… ကျေးဇူးပြုပြီး ကျွန်မနောက်ကို လိုက်ခဲ့ပေးပါနော်…”

ရန်ကိုင်လည်း ခေါင်းညိတ်၍ မတ်တပ်ရပ်ပြီးသည့်နောက် အခြားသူများကိုနှုတ်ဆက်ကာ ချင်ဖေးနှင့်အတူ နန်းတော်ထဲမှ ထွက်လာခဲ့လိုက်သည်။

လော့ရှာဂိုဏ်းပိုင်ဆိုင်ထားသည့် မြေနေရာအကျယ်အဝန်းမှာ မကျယ်လွန်းလှပါသော်ငြား ကျဉ်းလည်းမကျဉ်းလှပေ။ ပုံမှန်အားဖြင့် တောင်အလုံးတစ်ရာကျော်လောက်ရှိနေသော ထက်ကောင်းကင်နန်းတော်လောက် ကြီးကျယ်ခမ်းနားခြင်း မရှိပါသော်ငြား လော့ရှာဂိုဏ်း၌ တောင် အလုံးနှစ်ဆယ် သုံးဆယ်လေက်တော့ ရှိနေပေသေးသည်။

ချင်ဖေးသည် ရန်ကိုင်အား မိုးမြေစွမ်းအင်အသိပ်သည်းဆုံးနှင့် အမြင့်ဆုံးတောင်တစ်လုံးဆီသို့ ခေါ်သွားပေလေသည်။ တောင်ပေါ်သို့ ရောက်လာပြီးသည့်နောက်တွင် အမျိုးသမီးတပည့်ဆယ်ဦးကျော် ချက်ချင်း ရှေ့ထွက်လာခဲ့ပြီး ရန်ကိုင်တို့အား လာရောက်နှုတ်ဆက်လေ၏။

ချင်ဖေးမှာမူ အေးအေးဆေးဆေးသာနေရန် အချက်ပြလိုက်ပြီးသည့်နောက် ရန်ကိုင်ကိုလက်ညှိုးထိုး၍ “ဒါ ငါတို့လော့ရှာဂိုဏ်းရဲ့ အဆင့်မြင့်ဧည့်အကြီးအကဲ အကြီးအကဲရန်ပဲ…သူ့ကို သေသေချာချာ ဂရုစိုက်ပေးနော်…”

“ဟုတ်ကဲ့…” တပည့်များက တလေးတစားပြန်ပြောလိုက်ပြီးသည့်နောက် တပည့်များအနက် တစ်ဦးသည် ရန်ကိုင်အား မသိမသာလေး ချောင်းကြည့်လာခဲ့ပြီး ချက်ချင်း မျက်လွှာပြန်ချသွားခဲ့လေသည်။

ထိုအခါမှသာလျှင် ချင်ဖေးသည် ရန်ကိုင်ဘက်သို့လှည့်၍ “ဒီနေရာက အရင်ဂိုဏ်းချုပ် နေခဲ့တဲ့နေရာ… အကြီးအကဲရန်လာမယ်လို့ သတင်းလည်းကြားလည်းကြားရော စီနီယာအစ်မတောက်က ဒီနေရာကို သန့်ရှင်းထားခိုင်းလိုက်တာ… ဒီတော့ အကြီးအကဲရန် သိပ်ပြီးအဆင်မပြေတာတွေ့ရင် ချက်ချင်းပြောလိုက်ပါနော်… ကျွန်မ အတတ်နိုင်ဆုံး ပြင်ပေးပါမယ်…”

ရန်ကိုင်က အံ့အားသင့်နေဟန်ဖြင့် ပြန်မေးလိုက်လေသည်။ “ဒီနေရာက အရင်ဂိုဏ်းချုပ်နေခဲ့တဲ့နေရာလား… ဒါဆို ငါနေလို့ ဘယ်အဆင်ပြေပါ့မလဲ…”

ဤနေရာသည် ဂိုဏ်းချုပ်နေသည့်နေရာဖြစ်လေရာ အဆင့်မြင့်ဧည့်အကြီးအကဲတစ်ဦးနေဖို့ရာ မည်ကဲ့သို့များ သင့်တော်ပါမည်နည်း။ လော့ရှာဂိုဏ်းချုပ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါသော်ငြား နောက်ပိုင်းတွင် ဂိုဏ်းချုပ်အသစ်တစ်ဦး ကျိန်းသေ တင်မြှောက်ပေလိမ့်မည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင်၏လုပ်ရပ်သည် အခြားသူတစ်ဦးနေသည့်နေရာကို ပိုင်စိုးပိုင်နင်းဖြင့် ဝင်နေခြင်းဖြစ်နေသည် မဟုတ်ပေလော။

ချင်ဖေးကမူ ပြုံး၍သာ ပြန်ပြောလိုက်သည်။ “စီနီယာအစ်မတောက်ကတော့ အဲ့လိုမျိုးလုပ်ဖို့ပဲ ဆုံးဖြတ်ထားတာဆိုတော့ အကြီးအကဲရန် ကျေးဇူးပြုပြီးတော့ မငြင်းပါနဲ့လား…”

ရန်ကိုင်လည်း တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက် ခေါင်းညိတ်လိုက်လေသည်။ “ကောင်းပြီလေ… ကျေးဇူးအများကြီးတင်ပါတယ် ဂျူနီယာညီမချင်း…”

ရန်ကိုင်မှ သူမအား ယခုကဲ့သို့ တရင်းတနှီးဖြင့် ပြောဆိုလာသည်ကိုကြားသော် ချင်ဖေး အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား မကြာမီတွင် ပြုံး၍ ပြန်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုရန်… ကျေးဇူးပြုပြီး ကောင်းကောင်းအနားယူလိုက်ပါဦးနော်… တစ်ခုခုလိုတာရှိရင်လည်း ဒီတပည့်တွေကိုပြောလိုက်နော်… သူတို့ စီနီယာလိုအပ်တာကို ကျိန်းသေ ကူညီဖြည့်ဆည်းပေးပါလိမ့်မယ်…”

ရန်ကိုင်အား ဦးညွှတ်၍ နှုတ်ဆက်ပြီးသည့်နောက် ချင်ဖေး ထွက်သွားလေ၏။ သို့ပင်ဖြစ်လင့်ကစား ချင်ဖေး နောက်ဆုံးစကားအား ပြောမသွားခင် သူ့အား ကြည့်သွားသည့်အကြည့်မှာ တစ်မျိုးတစ်မည် ထူးဆန်းနေသည်ဟု ရန်ကိုင်ခံစားနေရလေသည်။ ထို့အပြင် သူမပြောသွားသည့် စကားလုံးများမှာလည်း အလွန်ကိုမှ မသဲကွဲလှပေ။ မိန်းကလေးတပည့်တစ်သိုက်သည် ရန်ကိုင်၏လိုအပ်ချက်များ ဖြည့်ဆည်းပေးပါမည်ဟု ပြောလာခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် အတွေးလွန်လျှင်ပင် လွန်နိုင်ပေသည်။

မေးစေ့ကိုပွတ်ရင်းမှ ရန်ကိုင်သည် ထိုမိန်းကလေးတပည့်များကို ဝေ့ကြည့်လိုက်လေသည်။ ရန်ကိုင် သူမတို့အား ကြည့်လာသည်ကိုမြင်သည့်အခါ မိန်းကလေးများမှာ ချက်ချင်း ခေါင်းကို ငုံ့ချလိုက်လေ၏။ ရန်ကိုင်မှာမူ ထိုမိန်းကလေးများကို မြင်ပြီးသည့်နောက် မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့သည်။

ထိုမိန်းကလေးများ၏ ကျင့်ကြံခြင်းအား ထည့်မစဉ်းစားလျှင်ပင် ထိုမိန်းကလေးတစ်ဦးချင်းစီတိုင်းသည် ချောမောလှပကြသည့် မိန်းမချောလေးများဖြစ်ကြပြီး အချိုးအစားကျနလှပသော ကိုယ်လုံးကိုယ်ပေါက်ကိုလည်း ပိုင်ဆိုင်ထားကြပေသည်။ လော့ရှာဂိုဏ်းမှ မိန်းကလေးများကိုသာ လက်ခံသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့်အလျောက် ထောင်နှင့်ချီသောတပည့်များကြား ဤကဲ့သို့ ချောမောလှပလှသည့် မိန်းကလေးအချို့ ရှိနေသည်မှာတော့ အဆန်းတော့မဟုတ်ပေ။

ယခင်က သတိမထားမိခဲ့ပါသော်ငြား ယခု သေသေချာချာကြည့်လိုက်သည့်နောက် ထိုမိန်းကလေးတစ်ဦးချင်းစီတိုင်းသည် ကိုယ်ပိုင်အလှတရားနှင့် လှပနေသူများဖြစ်ကြောင်းကို သတိထားမိသွားခဲ့သည်။ အချို့မှာ တော်ဝင်မိန်းမပျိုလေးများဟန်ပန် ပေါက်နေပြီး အချို့မှာတော့ ညှို့ဓာတ်ပြင်းလှသည့် မိန်းမချောလေးများပမာ ယစ်မူးဖွယ်ကောင်းလှသည်။ ထိုသို့ဖြင့် တစ်ဦးချင်းစီတိုင်းမှာ မတူကွဲပြားသည့် အလှတရားကို ပိုင်ဆိုင်ထားကြပြီး အသိသာဆုံးမှာတော့ ရှေ့ဆုံးတွင်ရပ်နေသည့် မိန်းကလေးနှစ်ဦးပင် ဖြစ်လေသည်။ မိန်းကလေးနှစ်ဦးအနက် တစ်ဦးမှာ မိုးရေများဖြင့် လွှမ်းခြုံထားသည့်အလား အရည်ရွှန်းလဲ့ကာ ချစ်စဖွယ်ကောင်းလှသော မျက်လုံးလေးများကို ပိုင်ဆိုင်ထားကြသည်။ ရန်ကိုင်မှ သူမအားကြည့်လာသည်ကို မြင်သည့်အခါ ထိုမိန်းကလေးမှာ ရှက်ကိုးရှက်ကန်းအမူအယာဖြင့် နှုတ်ခမ်းကိုကိုက်ရင်း အလျင်အမြန် ခေါင်းကိုငုံံလိုက်လေသည်။ သူမ၏လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းသည် လူတစ်ဦးအား သူမ၏ရင်ခွင်ထဲသို့ မဝင်ဝင်လာအောင် ဖိတ်ခေါ်နေသည့်ပမာ အတော်လေးကိုမှ စွဲမက်ဖွယ်ကောင်းလွန်းနေခဲ့သည်။

ထိုကဲ့သို့သော မွေးရာပါညှို့ဓာတ်စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသည့် လူပေါင်းများစွာကို ရန်ကိုင်တွေ့ဖူးပေသည်။ သို့သော်ငြား ဤမိန်းကလေးမှာ ထိုကဲ့သို့သောလူများအနက် အတော်လေးကိုမှ ထူးချွန်သည့် လူတစ်ဦးဖြစ်သည်ဟု ပြော၍ရပေသည်။ ရှန်ချင်းလော့နှင့်ယှဉ်လိုက်သော် တစ်ဆင့်လောက်သာ နိမ့်သည်ဟု ပြော၍ရပေသည်။ အမျိုးသမီးမှာ ရန်ကိုင်အား တမင်သက်သက်ဖျားယောင်းရန် ကြိုးစားနေခြင်းမဟုတ်။ သို့သော်ငြား သူမ၏အပြုအမူ၊ လှုပ်ရှားမှုတိုင်းကိုက တစ်ဖက်ယောက်ျား၏ စိတ်ဆန္ဒများကို လှုံ့ဆော်ပေးနေခြင်းသာ ဖြစ်ပေသည်။

ထို့အတွက်ကြောင့် ရန်ကိုင်မှာ အနည်းငယ်တော့ အံ့အားသင့်မိသွားခဲ့သည်။ လော့ရှာဂိုဏ်းသည် ညှို့ဓာတ်ကျင့်စဉ်များကို ကျင့်ကြံသလား မသိပါသော်ငြား ကျင့်ကြံမည်ဆိုလျှင်တော့ ဤကောင်မလေးသည် အနည်းငယ် ကြိုးစားလိုက်ရုံဖြင့် အခြားသူများထက် ပိုမိုတိုးတက်လာနိုင်ပေလိမ့်မည်။

ထိုအချိန်အတောအတွင်း အခြားသောအမျိုးသမီးတစ်ဦးမှာတော့ သန့်စင်လှသည့် ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့လေသည်။ အထူးသဖြင့် သူမကိုကြည့်ရသည်မှာ အလွန်ကိုမှ အားနည်းသိမ်မွေ့သည့်ပုံစံမျိုး ပေါက်နေခဲ့လေရာ အခြားသောသူများအား သူမကို အလိုလိုကာကွယ်ပေးချင်စိတ်များ ဖြစ်ပေါ်လာအောင် လှုံ့ဆော်နေလေသည်။ ကံမကောင်းစွာဖြင့် ဤကဲ့သို့သောပုံစံမျိုးသည် ယောက်ျားများ၏ စိတ်ဆန္ဒရိုင်းများကို ပိုမိုလှုံ့ဆော်ပေးနိုင်သည့် သဘောမျိုးလည်း ရှိပေသေးသည်။

ပြောစရာမလိုအောင်ပင် လော့ရှာဂိုဏ်းသည် ဤမိန်းကလေးများကို အကုန်လုံးထဲမှ သေသေချာချာ ရွေးချယ်ထားခြင်းဖြစ်ပြီး ရှေ့ဆုံးတွင်ရှိနေသည့်လူနှစ်ဦးမှာတော့ စွဲမက်ဖွယ်အကောင်းဆုံးလူများ ဖြစ်ကြပေသည်။

ဘာတွေဖြစ်နေသလဲဆိုသည်ကို သဘောပေါက်လိုက်သည့်နောက် ရန်ကိုင် မဲ့ပြုံးပြုံးလိုက်လေသည်။ (တောက်ယင်ရို့က ဒီတစ်ကြိမ်တော့ တော်တော်လေးကို အနစ်နာခံထားတာပဲ…)

တောက်ယင်ရို့မှ ထိုစွဲမက်ဖွယ်ကောင်းလှသည့် အမျိုးသမီးနှစ်ဦးနှင့် အခြားသောမိန်းကလေးများအား စီမံပေးထားသလို ချင်ဖေးထွက်မသွားခင် ပြောခဲ့သည့်စကားများကိုလည်း ထပ်စဉ်းစားကြည့်လိုက်သည့်နောက် ရန်ကိုင်သည်သာ အနည်းငယ်လေးဆန္ဒရှိမည်ဆိုလျှင် ထိုတပည့်နှစ်ဦးနှင့် အိပ်စက်နိုင်ပေလိမ့်မည်။ သူတို့ကြား တစ်ခုခုသာ ဖြစ်သွားခဲ့မည်ဆိုလျှင် ရန်ကိုင်အနေဖြင့် နောက်ပိုင်း၌ လော့ရှာဂိုဏ်းအား သေသေချာချာ ဂရုစိုက်ပေးရပေလိမ့်မည်။

(မိန်းမတွေက တကယ်ကိုအတွေးလွန်ကြတာပဲ…) သို့ပင်ဖြစ်လင့်ကစား တောက်ယင်ရို့နှင့် လော့ရှာဂိုဏ်း၏ အကြီးအကဲများအား မည်သည့်ကိစ္စအား စိတ်ပူနေသလဲဆိုသည်ကို ရန်ကိုင်သိပေသည်။ တကယ်တော့ လော့ရှာဂိုဏ်းတွင် ရန်ကိုင်ကဲ့သို့သော လူတစ်ဦး လိုချင်တပ်မက်လောက်သည့် မည်သည့်အရာမျှ ရှိမနေလေပဲ။ ထိုအကြောင်းကြောင့် သူမတို့ဘက်မှ ပြန်ပေးနိုင်သည့်အရာမျိုးဆို၍ ဤကဲ့သို့သောအရာမျိုးသာ ရှိတော့ပေသည်။

ထို့အပြင် ဤအမျိုးသမီးများသည် ရန်ကိုင်အတွက် ဆင်ထားသော ကာမညွှတ်ကွင်းတစ်ခု ဖြစ်သည်ဟု၍လည်း ပြော၍ရသည်။ သို့သော်ငြား သူတို့ဘက်မှ ဤကဲ့သို့လုပ်သည့်အပေါ် ရန်ကိုင်အနေဖြင့် သူတို့အား အပြစ်မတင်နိုင်ပေ။ ထို့အပြင် ကုန်းကုန်းဖြစ်နေသော လူအိုကြီးများ သူ၏ဝေယျဝစ္စကိစ္စများကို လုပ်ဆောင်ပေးနေခြင်းထက် ဤကဲ့သို့သောမိန်းမချောလေးများမှ လုပ်ပေးနေသည်မှာ ပို၍ပင်ကောင်းသည်မဟုတ်ပေလော။ အနည်းဆုံးတော့ မျက်စိပသာဒ ဖြစ်ပေသည်။

“တပည့်ရန်ယီရို့ အကြီးအကဲရန်ကို နှုတ်ဆက်ပါတယ်…” ရှေ့တွင်ရှိနေသည့် အမျိုးသမီးနှစ်ဦးအနက်မှ သိမ်မွေ့သန့်စင်သည့် စိတ်နေစရိုက်ပုံစံမျိုးကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတပည့်က နှုတ်ဆက်လိုက်လေသည်။

ထို့နောက်တွင် မွေးရာပါညှို့ဓာတ်ကို ပိုင်ဆိုင်ထားသော အခြားသောအမျိုးသမီးကလည်း ဦးညွှတ်၍ နှုတ်ဆက်လိုက်လေသည်။ “တပည့် ယုခဲရန် အကြီးအကဲရန်ကို နှုတ်ဆက်ပါတယ်…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၇၈)

ဘာသာပြန်သူ_တိမ်တိုက်

အမျိုးသမီးနှစ်ဦး၏ အသံများသည် သူတို့၏ စိတ်နေစရိုက်များကို ထင်ဟပ်ပြသနေခဲ့လေသည်။ တစ်ဦးမှာ ကျော့ရှင်းပြီး ကျက်သရေရှိလှချိန် ကျန်တစ်ဦးမှာတော့ ချိုသာပြီး သာယာလှသည်။ ယုခဲရန်၏ အသံမှာ ရန်ကိုင်အား အလိုလိုကို စိတ်ကြည်နူးမိစေကာ သူ့တစ်ကိုယ်လုံး ပေါ့ပါးသွက်လက်သွားသလို ခံစားသွားရလေသည်။

အမျိုးသမီးနှစ်ဦးစလုံး၏ ကျင့်ကြံခြင်းမှာ သိပ်မမြင့်လှ။ နိမ့်လည်း မနိမ့်လှပေ။ နှစ်ဦးစလုံးမှာ တန်ခိုးရှင်ဘုရင်တတိယအဆင့်များ ဖြစ်ကြပေသည်။ ထိုအဆင့်သည် တာအိုသခင်အဆင့်နှင့် တစ်လှမ်းသာ ကွာတော့သည်။ လက်ရှိ လော့ရှာဂိုဏ်း၏ အခြေအနေအရ တာအိုသခင်အဆင့်ကျင့်ကြံသူများသည် ဂိုဏ်း၏ ထောက်တိုင်များ ဖြစ်ကြပေသည်။ ထိုအမျိုးသမီးနှစ်ဦးကိုပင် စတေးပစ်ရဲသည်ကို ကြည့်လျှင် ရန်ကိုင်အပေါ် တောက်ယင်ရို့ မည်မျှအလေးထားကြောင်းကို မြင်တွေ့နိုင်ပေသည်။ ရန်ကိုင်ကိုလည်း လျစ်လျူရှုထား၍မှ မရလေဘဲ။ တကယ်တော့ ရန်ကိုင်သည် ဂိုဏ်း၏ လုံခြုံရေးနှင့် ပတ်သက်နေသည် မဟုတ်ပေလော။ ထိုတပည့်နှစ်ဦးမဆိုထားနှင့် ရန်ကိုင်သည်သာ ဆန္ဒရှိမည်ဆိုပါက သူမကိုယ်သူမပင် စတေးပစ်နိုင်ပေသည်။

ရန်ကိုင်က ခေါင်းညိတ်၍... "ငါ့အကြောင်းကိုလည်း နင်တို့သိတာပဲ၊ ဒီတော့ အခုလိုမျိုး ကိန်းကြီးခန်းကြီးတွေ လုပ်မနေနဲ့၊ အေးအေးဆေးဆေးပဲပြော၊ အဆင်ပြေလား"

"မလုပ်ရဲပါဘူး" အမျိုးသမီးနှစ်ဦးစလုံး ခေါင်းညိတ်လိုက်ကြသည်။

ရန်ကိုင်သည် ယဲ့ယဲ့လေးသာ ပြုံးလိုက်ပြီး ဘာမျှတော့ ထပ်သွားပြောမနေတော့ပေ။ ထိုအစား အထဲသို့သာ လျှောက်ဝင်သွားလိုက်လေသည်။ ရန်ကိုင် အထဲသို့ ဝင်သွားသည်ကို မြင်သော် ရန်ယီရို့နှင့် ယုခဲရန်တို့မှာ အခြားသော တပည့်များနှင့်အတူ ရန်ကိုင်အနောက်မှ အမြန်လိုက်လာကြလေသည်။

နန်းတော်ထဲသို့ ဝင်သွားပြီးသည့်နောက်တွင် အမျိုးသမီးနှစ်ဦးသည် ရန်ကိုင် သွားလေရာနောက်သို့ လိုက်လေသည်။ ရန်ကိုင် မေးသည့်အခါမှသာလည်း စကားပြောပြီး မမေးသည့် အချိန်များတွင် ရေငုံနှုတ်ပိတ်နေတတ်သည်။ ရန်ယီရို့မှာ နွေးထွေးပြီး ဖော်ရွေပျူငှာပါသော်ငြား နှစ်ဦးစလုံး၏ စိတ်ထဲ မည်မျှတွေးပူနေရကြောင်းကို ရန်ကိုင် ခံစားမိနေပေသည်။

ထိုအမျိုးသမီးနှစ်ဦးသည် ရန်ကိုင်အား ပြုစုပေးရန် အမိန့်ပေးခံခဲ့ရသည်။ ဤနေရာသို့မလာခင် ရန်ကိုင်ဆီမှ တစ်ခုခုတောင်းဆိုလာခဲ့သည်ရှိသော် လုံးဝမငြင်းပါရန် တောက်ယင်ရို့က သူတို့အား အမိန့်ပေးထားခဲ့လေသည်။ နှစ်ဦးစလုံးမှာ ကလေးများ မဟုတ်ကြတော့သည့်အတွက်ကြောင့် တောက်ယင်ရို့ ဘာပြောနေသလဲဆိုသည်ကို သူတို့ မသိဘဲ ဘယ်နေပါမည်နည်း။ သူတို့သည် လော့ရှာဂိုဏ်း၌ ကြီးပြင်းလာခဲ့ခြင်း ဖြစ်လေသည်။ အပြင်ဘက်သို့ သွားစဉ် အခါမျိုးတွင် ယောက်ျားအချို့နှင့် ကြုံတွေ့ခဲ့ရပါသော်ငြား ထိုယောက်ျားအားလုံးမှာ သူတို့အား အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်စေပေသည်။ ယောက်ျားများ၏ အကြည့်သည် အလွန်ကိုမှ တဏှာကြီးကာ ပိုင်ဆိုင်လိုစိတ် ပြင်းထန်ကြသည်။ ထိုအပြင် ထိုယောက်ျားအားလုံးသည် သူတို့၏ အကြိုက်နှင့် မကိုက်ကြပေ။ သူတို့ စိတ်ထဲ ထိုယောက်ျားများကို အလိုလိုငြင်းပယ်ချင်စိတ်များပင် ဖြစ်ခဲ့လေသည်။ သို့သော်ငြား လော့ရှာဂိုဏ်းသည် သူတို့၏ အိမ်ဖြစ်ကာ လော့ရှာဂိုဏ်း ဒုက္ခရောက်နေသည့်အချိန်တွင် သူတို့အနေဖြင့် မည်ကဲ့သို့များ ဤအတိုင်း ရပ်ကြည့်နေ၍ ရပါမည်နည်း။

ဤတာဝန်ကို လက်ခံချိန် သူတို့၏ ကံတရားကိုလည်း လက်ခံလိုက်လေသည်။ ရန်ကိုင်ကဲ့သို့သော သူတို့အပေါ် လုပ်ချင်သလိုလုပ်၍ရသည့် အကြီးအကဲတစ်ဦးအား သူတို့နှင့် တန်းတူ မည်ကဲ့သို့များ သွား၍ ဆက်ဆံရဲပါမည်နည်း။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်အား သတိထားနေခြင်းပင် ဖြစ်လေသည်။

ဤနေရာသည် လော့ရှာဂိုဏ်း၏ ယခင်ဂိုဏ်းချုပ် ယုလော့ရှာ နေခဲ့သည့် နေရာဖြစ်သည်။ ထိုအတွက်ကြောင့် အတွင်းပိုင်းအပြင်အဆင်မှာ မိန်းကလေးဆန်နေပေသည်။ သို့သော်ငြား ထိုမိန်းကလေးဆန်သည့် အငွေ့အသက်အများစုကိုမူ တောက်ယင်ရို့၏ ညွှန်ကြားချက်နှင့်အတူ ဖယ်ရှားပြီးသွားခဲ့လေပြီ။ အထဲ၌ ရှိနေသော ပစ္စည်းအများစုမှာ အသစ်စက်စက် ဝယ်ယူထားသော ပစ္စည်းများ ဖြစ်ကြပေသည်။ ထိုအကြောင်းကြောင့် နန်းတော်တစ်ခုလုံးမှာ မိန်းကလေးအငွေ့အသက်တို့ စွန်းထင်းနေသည့်တိုင် ယခင်ကလောက်တော့ မိန်းကလေးဆန်နေခြင်း မရှိတော့ပေ။

မကြာမီ နန်းတော်တစ်ခုလုံးအား ရန်ကိုင်မှ လှည့်ပတ်ကြည့်လို့ ပြီးသွားခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်သည် နောက်တစ်ကြိမ် ထပ်ထွက်သွားပြန်လေသည်။ လော့ရှာဂိုဏ်းမှ အမျိုးသမီးနှစ်ဦးကို ဦးဆောင်ရင်း စိတ်လွတ်ကိုယ်လွတ် လှည့်ပတ်သွားနေခဲ့သည်။ ဤနေရာသို့ လာရသည်မှာ အတော်လေးကြာခဲ့ပါသော်ငြား ခရီးမှာ ပင်ပန်းလှသည်တော့ မဟုတ်။ ထိုအတွက်ကြောင့် ရန်ကိုင်လည်း အနားယူဖို့ရာ မလိုအပ်နေသေးပေ။ ယခုအချိန်မှစ၍ လော့ရှာဂိုဏ်းအား ကာကွယ်ပေးရတော့မည်ဖြစ်လေရာ ရန်ကိုင်အနေဖြင့် ဤနေရာအကြောင်းကို ပိုသိလိုသည်မှာ သဘာဝသာ ဖြစ်လေသည်။

လော့ရှာဂိုဏ်းထဲ၌ တောင်နှစ့်ဆယ့်ခြောက်တောင်ရှိပြီး တောင်အရွယ်အစားများမှာ တစ်လုံးနှင့်တစ်လုံး တူညီခြင်း မရှိကြပေ။ တောင်တစ်လုံးချင်းစီမှာလည်း သူ့အလှနှင့်သူ ရှိနေကာ ရန်ကိုင်သည် သူလက်ရှိ နေထိုင်နေသော လော့ရှာတောင်ကို ပထမဦးဆုံးအဖြစ် စတင်လှည့်ပတ်စူးစမ်းကြည့်လေသည်။

တောင်တစ်ဝိုက် လှည့်ပတ်ကြည့်နေစဉ် ရန်ယီရို့နှင့် ယုခဲရန်တို့မှာ ရန်ကိုင်အနောက်မှ လိုက်လာခဲ့ကြသည်။ ရန်ကိုင် မေးသမျှ မေးခွန်းများကို ပြန်ဖြေခဲ့ကြပြီး မလိုအပ်လျှင်တော့ စကားမပြောကြပေ။ နောက်ဆုံးတစ်ခုသော နေရာဆီသို့ ရောက်လာသည့်အခါမှသာလျှင် ရန်ယီရို့က စကားစပြောလာခဲ့သည်။ "တားမြစ်နေရာက အရှေ့မှာ ရှိနေတာဆိုတော့ ကျွန်မတို့တပည့်တွေ အကြီးအကဲရန်အနောက်ကို ဆက်မလိုက်ပေးနိုင်တာ ခွင့်လွှတ်ပါနော်" ပြောနေရင်းမှ သူမနှင့် ယုခဲရန်တို့ နှစ်ဦးစလုံး လမ်းလျှောက်ရပ်လိုက်ကြသည်။

"တားမြစ်နေရာ" ရန်ကိုင် ရပ်လိုက်ပြီး ရှေ့သို့ လှမ်း၍မျှော်ကြည့်လိုက်သည်။ သို့သော်ငြား ထိုနေရာနှင့် ပတ်သက်၍ ထူးခြားသည့် မည်သည့်အရာကိုမျှ မခံစားမိပေ။ ထို့နောက် ခေါင်းတညိတ်ညိတ်လုပ်လျက် ပြန်ပြောလိုက်လေသည်။ "အဲဒီလိုဆိုရင် အခြားတစ်နေရာ သွားကြမယ်လေ၊ ဒီနေရာက တားမြစ်နေရာကြီးကို"

ဂိုဏ်းတိုင်းတွင် တားမြစ်နေရာများ အသီးသီးရှိကြသည်။ လော့ရှာဂိုဏ်းသည်လည်း ခြွင်းချက် မဟုတ်ပေ။ သာမန်တပည့်အများစုသည် ထိုကဲ့သို့သော နေရာများကို ဝင်ခွင့်မရှိကြပေ။

ယုခဲရန်က ဆက်ပြောလိုက်သည်။ "အကြီးအကဲသွားချင်ရင်တော့ သွားလို့ရပါတယ်"

ရန်ကိုင်က တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်မေးလိုက်လေ၏။ "အဲဒါ သင့်တော်ပါ့မလား"

[တားမြစ်နေရာလို့ ပြောထားပြီးသားပဲဟာကို ငါသွားလိုက်ရင် အဆင်ပြေပါ့မလား]

ယုခဲရန်က ချိုသာစွာပြုံးလျက် ပြန်ပြောလိုက်လေသည်။ "အဆင်ပြေပါတယ် အကြီးအကဲရန်၊ လော့ရှာဂိုဏ်းထဲ သွားချင်တဲ့နေရာ သွားလို့ရတယ်လို့ ဒေါ်လေးတောက်က ပြောထားပြီးသား"

သူတို့ဘက်က ဤကဲ့သို့ ပြောလာပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း သိချင်စိတ်ကို ချုပ်တည်းမနေတော့ပေ။ မည်သို့ပင်ဖြစ်နေစေကာမူ လော့ရှာဂိုဏ်း၌ မည်သို့သော လျှို့ဝှက်ချက်များ ရှိနေစေကာမူ ရန်ကိုင်အား အလွန်အမင်း စိတ်ဝင်စားလာအောင်တော့ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုအကြောင်းကြောင့် လျှို့ဝှက်နယ်မြေ မည်သို့မည်ပုံရှိသလဲဆိုသည်ကိုတော့ ရန်ကိုင်အနေဖြင့် တစ်ချက်လောက် သွားစစ်ဆေးကြည့်ရပေလိမ့်မည်။ ရန်ကိုင်က ခေါင်းညိတ်၍ အမျိုးသမီးနှစ်ဦးကို ညွှန်ပြလိုက်လေသည်။ "ဒီမှာ ငါ့ကိုစောင့်နေ၊ ငါအခုချက်ချင်း ပြန်လာခဲ့မယ်"

"နားလည်ပါပြီ" အမျိုးသမီးနှစ်ဦးစလုံး တလေးတစား ဦးညွှတ်လိုက်ကြသည်။ သို့သော်ငြား သူတို့ ခေါင်းမော့ကြည့်လိုက်ချိန်တွင်တော့ ရန်ကိုင်ကို မတွေ့ရတော့ပေ။ ထို့နောက် နှစ်ဦးသား ကြောင်တောင်တောင်အမူအရာများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ယခင်က သူတို့အနေဖြင့် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာကို တွေ့ခဲ့ရဖူးပါသော်ငြား ဧကရာဇ်အဆင့်ပညာရှင်များသည် ဤကဲ့သို့သော နက်နဲဆန်းကြယ်သည့် ခံစားချက်မျိုးကို မပေးစွမ်းနိုင်ကြပေ။ ရန်ကိုင်နှင့် ယှဉ်လိုက်သော် သူတို့၏ ယခင်ဂိုဏ်းချုပ်မှာ အဆင့်တူတွင် ရှိနေသည့် လူတစ်ဦး မဟုတ်ဟုပင် ခံစားလာရလေသည်။

ထိုအတွေးနှင့် ယုခဲရန်သည် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်းပြောလိုက်လေသည်။ "စီနီယာအစ်မ၊ အကြီးအကဲရန်ကို ကြည့်ရတာ တော်တော်လေး ဖော်ရွေတဲ့ပုံပဲနော်"

လွန်ခဲ့သည့်ရက်များအတွင်း နှစ်ဦးစလုံးမှာ ရင်တမမ ဖြစ်နေခဲ့ရခြင်း ဖြစ်လေသည်။ တကယ်တော့ တောက်ယင်ရို့သည် လော့ရှာဂိုဏ်းဆီသို့ မကြာခင်တွင် ရောက်ရှိလာမည့် အဆင့်မြင့်အကြီးအကဲအား ပြုစုပေးရန် ရုတ်တရက်ကြီး သူတို့အား အမိန့်ပေးခဲ့သည် မဟုတ်လေလော။ ထိုအပြင် သူတို့အား အခြားသောကိစ္စများနှင့် ပတ်သက်၍လည်း သတိပေးခဲ့ပေသေးသည်။ ထိုအကြောင်းကြောင့် ရောက်လာမည့် လူသည် ခပ်ကြမ်းကြမ်း လူတစ်ဦးဖြစ်မည့်အပေါ် နှစ်ဦးစလုံးမှာ စိုးရိမ်ခဲ့ကြရလေသည်။ ယခု ရန်ကိုင်နှင့် တွေ့ပြီးသည့်အခါမှသာလျှင် ရန်ကိုင်သည် သူတို့ စိတ်ကူးထားသည့် လူနှင့် လုံးဝကို ကွာခြားနေကြောင်း သဘောပေါက်သွားခဲ့ရသည်။ ရန်ကိုင်မှာ ရုပ်မဆိုးသည့်အပြင်ကိုမှ အတော်လေးကို ချောပေသေးသည်။ ထိုအပြင် သူ့စိတ်နေစရိုက်မှာ အလွန်ကိုမှ ပေါ့ပေါ့ပါးပါးနှင့် စကားပြောရဆိုရလွယ်ကူသည့် လူတစ်ဦး ဖြစ်ပေသည်။

"အကြီးအကဲရန်က ပေါင်းလို့သင်းလို့လွယ်တဲ့ ပုံပေါက်ပေမဲ့ ငါတို့ စည်းကျော်လို့တော့မဖြစ်ဘူး" ရန်ယီရို့က အလေးအနက်အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "နင်လည်း စကားသိပ်မပြောနဲ့၊ ပြောရမယ်ဆိုရင်တော့ နင့်အသံကို နည်းနည်းပြောင်းပြီးတော့ပြော၊ မဟုတ်ရင် သူ့ကို တမင်တကာ ဖြားယောင်းနေတယ်လို့ အကြီးအကဲရန် ထင်သွားနိုင်တယ်"

ထိုစကားကို ကြားသော် ယုခဲရန် ရှက်သွားခဲ့ပြီး အော်ငိုတော့မည့် မျက်နှာမျိုးဖြင့်... "ဒါပေမဲ့ ဒါက ငါပုံမှန် စကားပြောတဲ့အတိုင်းပဲလေ၊ ငါဘာလုပ်သင့်လဲ အခု"

ရန်ယီရို့သည် ယုခဲရန်အား ပြဿနာဖြစ်နေသည့် အမူအရာမျိုးဖြင့် ကြည့်လျက်... "နင် နောက်တစ်ကြိမ် ထပ်လုပ်နေပြန်ပြီ" [ယောက်ျားမပြောနဲ့ ငါတောင် သူ့အသံကြားပြီး ရင်ခုန်တယ်]

ထိုချိုသာသိမ်မွေ့လှသည့် အသံလေးသည် လူတစ်ဦး၏ နှလုံးသားကို အဆက်မပြတ် ပုတ်ခတ်ဆော့ကစားနေသည့် မမြင်နိုင်သည့် လက်သွယ်သွယ်လေးများသဖွယ် ဖြစ်ပေသည်။

ယုခဲရန်က စိုးရိမ်တကြီးအမူအရာဖြင့် ခေါင်းကိုငုံ့လျက်... "ကောင်းပြီ၊ ငါ အကြီးအကဲရန်ရှေ့မှာ ဆက်ပြီးတော့ စကားမပြောတော့ဘူး"

ရန်ယီရို့က သက်ပြင်းချလျက်... "ငါတို့ဂိုဏ်းက အခုလောလောဆယ် အကြီးအကဲရန်ရဲ့ ကာကွယ်မှုကို မှီခိုနေရတာ၊ နင်နဲ့ငါနဲ့ နှစ်ယောက်က သူ့ကိုပြုစုဖို့ တာဝန်ပေးထားခံရတာဆိုတော့ ငါတို့နှစ်ယောက်စလုံးက ဂိုဏ်းရဲ့ ကိုယ်စားပြုတွေပဲ၊ငါကနင့်ကို ငယ်ငယ်လေးကတည်းက သိလာတာမို့ နင်ဘယ်လိုပုံစံလဲ ငါသိပြီးသား၊ ဒါပေမဲ့ အကြီးအကဲရန် ဒီကိုရောက်တာ တစ်ရက်ပဲရှိသေးတယ်လေ၊ ဒီတော့ နင့်ကိုအထင်လွဲသွားနိုင်တယ်၊ အဲဒီလိုဟာမျိုးဆိုရင် နင်ရောငါရော ဂိုဏ်းကိုရောပါ အထင်သေးသွားနိုင်တယ်"

"ကောင်းပြီ၊ စီနီယာအစ်မပြောတာ မှန်တယ်" ယုခဲရန် ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် သူမ လက်ကလေးကို ဆန့်၍ ပါးစပ်အား ဇစ်ပိတ်လိုက်သည့် ပုံစံမျိုးလုပ်ပြလျက် ပြောလိုက်သည်။ "အခုကနေစပြီးတော့ ငါစကားမပြောတတ်တဲ့ လူတစ်ယောက်လိုပဲ နေတော့မယ်"

ရန်ယီရို့က ခေါင်းခါလျက်... "နင် အဲဒီလောက်အထိ လုပ်စရာမလိုဘူး၊ အကြီးအကဲရန် တစ်ခုခုမေးလာရင် ပြန်ဖြေသင့်သေးတယ်"

"ကောင်းပြီ" ယုခဲရန်မှာ ကြက်အစာကောက်နေသည့်ပမာ ခေါင်းကို တဆတ်ဆတ် ညိတ်နေခဲ့သည်။ ထို့နောက်တွင် တစ်ခုခုအား စဉ်းစားမိသွားသည့်အလား သူမ၏ နှုတ်ခမ်းလေးကို ကိုက်၍ တိုးတိုးလေး ပြန်ပြောလိုက်လေသည်။ "စီနီယာအစ်မ၊ ငါမေးချင်တာ တစ်ခုခုရှိတယ်"

"ဘာလဲ" ယုခဲရန်၏ ထူးဆန်းသည့် အမူအရာကို မြင်သော် ရန်ယီရို့၏ စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရုတ်တရက် ရလာခဲ့သည်။

ရန်ယီရို့မှာ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ရှက်ကိုးရှက်ကန်းအမူအရာဖြင့် ပြောလိုက်လေသည်။ "ည၊ ညရောက်လာရင် အကြီးအကဲရန်က တကယ်ကြီး တကယ်ကြီး..."

သူမ စကားကို ဆုံးအောင် ဆက်မပြောနိုင်ခဲ့ပေ။

ရန်ယီရို့မှာ လုံးဝကို ရှက်သွေးဖြာနေခဲ့လေသည်။ ချက်ချင်းပဲ ယုခဲရန်၏ ခေါင်းကို ကောက်ခေါက်၍ အံကြိတ်ကာ ပြောလိုက်လေသည်။ "အရူးမ၊ နင် ဘာတွေလျှောက်တွေးနေတာလဲ"

ယုခဲရန်သည် ခေါင်းခေါက်ခံလိုက်ရသည့် နေရာကို လက်ဖြင့်အုပ်ရင်းမှ... "ဒါပေမဲ့ ဒေါ်လေးတောက်က အဲဒီလိုမျိုးပြောသွားတာပဲလေ၊ ပြီးတော့ စီနီယာအစ်မလည်း မသိတာလည်း မဟုတ်ဘူး၊ အဲဒီ ဧကရာဇ်အဆင့်ပညာရှင်တွေမှာ မိန်းမတွေ ကိုယ်လုပ်တော်တွေ အများကြီးရှိတာ၊ ကျွန်မကြားတာဆိုရင် ညတိုင်းညတိုင်း သူတို့"

"ညတိုင်း ညတိုင်း သူတို့ဘာလဲ" ရန်ယီရို့၏ အသံမှာ အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်နေခဲ့လေသည်။ သူမ၏ ပါးလေးနှစ်ဖက်မှာလည်း မီးကင်ထားခံရသည့်အလား နီရဲနေလေ၏။

"သူတို့ဘေးနားမှာ မိန်းမတစ်ယောက်မရှိရင် မကျေနပ်ကြဘူးတဲ့" ယုခဲရန်က ခေါင်းကို ငုံ့၍ ထိုစကားများကို ပြောချလိုက်သည်။

ရန်ယီရို့ တိတ်ဆိတ်သွားလိုက်လေ၏။ ယုခဲရန်သည် သူမ စီနီယာအစ်မကို လှမ်းကြည့်လိုက်လေသည်။ ထို့နောက် သူမ စီနီယာအစ်မအရှေ့၌ လက်ဝှေ့ယမ်းပြ၍... "စီနီယာအစ်မ"

ရန်ယီရို့က ရယ်သွမ်းသွေးလျက်... "ယင်နဲ့ယန် ပေါင်းစည်းတယ်ဆိုတာ မဟာတာအိုရဲ့ တစ်စိတ်တစ်ပိုင်းပဲ၊ လုံးဝကို သဘာဝဖြစ်တဲ့အပိုင်းလေ၊ ဒီတော့ အဲဒီလိုမျိုးလုပ်ရမယ်ဆိုရင်တောင် သူ့အဆင့်အတန်း သူ့အနေအထားနဲ့ မထိုက်တန်လို့လား၊ ငါတို့ကသာ ကိုယ်နဲ့လက်လှမ်းမမီတဲ့အရာကို လှမ်းခူးနေသလိုဖြစ်မှာ"

ထိုစကားကိုကြားသော် ယုခဲရန်၏ မျက်လုံးလေးများသည် ညကောင်းကင်ယံအထက်၌ တောက်ပနေသော ကြယ်စင်လေးများပမာ တလက်လက်တောက်ပသွားခဲ့ပြီး ရန်ယီရို့အား လေးစားတကြီးဖြင့် ကြည့်၍... "ဝိုး၊ စီနီယာအစ်မက တကယ်ကို ပွင့်လင်းတာပဲ"

ရန်ယီရို့သည် ယုခဲရန်၏ ပါးလေးကို ဆွဲဖျစ်၍ အံကြိတ်ကာ ပြန်ပြောလိုက်သည်။ "အဲဒါ နင်အခုလိုမျိုး ရူးကြောင်ကြောင်မေးခွန်းတွေ တောက်လျှောက်လိုက်မေးနေလို့လေ၊ နင့်ကိုဘာမှ ထပ်မေးခွင့်မပြုတော့ဘူး၊ ဘာမှလည်း ထပ်မပြောတော့နဲ့"

ယုခဲရန်မှာ အချိန်မရွေး ချုံးပွဲချငိုတော့မည့်အလား သူမ၏ မျက်ဝန်းလေးများ အရည်လဲ့လာခဲ့ပြီး တောင်းဆိုလိုက်လေသည်။ "စီနီယာအစ်မ၊ ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပေးပါနော်၊ ငါတကယ် တောင်းပန်ပါတယ် ဟုတ်ပြီလား"

တားမြစ်နေရာဟုခေါ်သည့် နေရာမှာ လော့ရှာတောင် အနောက်ဘက်တွင် ရှိနေသော တောင်ကြားတစ်ခုသာ ဖြစ်လေသည်။ ထိုနေရာသို့ သွားကြည့်သည့်တိုင် စိတ်ဝင်စားစရာကောင်းသည့် မည်သည့်အရာကိုမျှ ရန်ကိုင် မတွေ့ခဲ့ရပေ။ ဤနေရာရှိ မိုးမြေစွမ်းအင်မှာ အခြားသော နေရာများထက် ပိုမိုသိပ်သည်းနေခြင်း မရှိသလို ဤနေရာ၌ တစ်စုံတစ်ဦး၏ ကျင့်ကြံခြင်းကို တိုးမြှင့်ပေးနိုင်သည့် အရာမျိုးလည်း မရှိပေ။ ထိုအတွက်ကြောင့် ရန်ကိုင် စိတ်ထဲ သိချင်စိတ် ဖြစ်မိသွားလေသည်။ ဤနေရာသည် တားမြစ်နေရာဆိုလျှင် ဤနေရာ၌ လျှို့ဝှက်ချက်တစ်ခုခု ကျိန်းသေရှိရပေလိမ့်မည်။ သို့သော်ငြား ဤတောင်ကြားတစ်ခုလုံးမှာ သာမန်တောင်ကြားတစ်ခုပုံစံမျိုးသာ ပေါက်နေပေသည်။

လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်၏ အကြည့်သည် တစ်ခုသော တောင်စောင်းဆီသို့ ရောက်သွားခဲ့လေသည်။ ဤနေရာ၌ ထူးခြားသည့် အရာတစ်ခုခု ရှိရမည်ဆိုလျှင် ထိုတောင်စောင်းသာ ဖြစ်ရပေလိမ့်မည်။ ထိုတောင်စောင်းမှာ မှန်တစ်ချပ်ပမာ လုံးဝကို ချောမွတ်တောက်ပြောင်နေခဲ့သည်။ ထိုအရာ မည်ကဲ့သို့ ဖြစ်ပေါ်လာသလဲဆိုသည်ကို ခန့်မှန်းရခက်လှပေသည်။

ရန်ကိုင်လည်း တောင်စောင်းဆီသို့ လျှောက်သွားလိုက်ပြီး တောင်စောင်းကို အသာအယာ ခေါက်ကြည့်လိုက်သည်။ ဤတောင်စောင်းမှာ လူတစ်ဦး၏ လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာရခြင်း မဟုတ်ဘဲ သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်းသာဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ တောင်စောင်း၏ အလှတရားအပေါ် အနည်းငယ်ပင် ချီးကျူးမိသွားလေသည်။ သို့ပင်ဖြစ်လင့်ကစား ဤတောင်စောင်းမှာ သာမန်တောင်စောင်းတစ်ခုသာ ဖြစ်ပြီး ဤတောင်စောင်းနှင့် ပတ်သက်၍ မည်သည့်ထူးခြားမှုကိုမျှ ရှာမတွေ့ခဲ့ပေ။

ရန်ကိုင်မှာ လော့ရှာဂိုဏ်း၏ လျှို့ဝှက်ချက်များကို တမင်သက်သက် ဖော်ထုတ်နေခြင်း မဟုတ်ဘဲ စိတ်ဝင်စားမှုကြောင့်သာလျှင် စစ်ဆေးနေမိခြင်း ဖြစ်လေသည်။ ထိုအပြင် လော့ရှာဂိုဏ်းအနှံ့ သူသွားချင်သည့် နေရာများကို သွားနိုင်သည်ဟု တောက်ယင်ရို့မှ ပြောထားသည် မဟုတ်ပေလော။ ထိုအကြောင်းကြောင့် ရန်ကိုင်အနေဖြင့် သူ့ကိုယ်သူ ချုပ်တည်းထားနေစရာ မလိုပေ။

တစ်ခဏမျှ စစ်ဆေးကြည့်နေပြီးသည့်နောက်တွင် ရန်ကိုင်သည် အနည်းငယ် မှုန်ကုပ်ကုပ်အမူအရာဖြင့် ပြန်လာခဲ့လေသည်။ ထိုတောင်ကြားမှာ သာမန်တောင်ကြားတစ်ခုသာဖြစ်ကြောင်း ရန်ကိုင် လုံးဝသေချာပေသည်။ တောင်စောင်းမှာလည်း သာမန်တောင်စောင်းတစ်ခုသာ ဖြစ်သည်။ ထိုနေရာနှင့် ပတ်သက်၍ မည်သည့် လျှို့ဝှက်ချက်မျှ ရှိမနေပေ။

[အဲဒီနေရာက ဘာဖြစ်လို့ တားမြစ်နေရာ ဖြစ်နေရတာလဲ] ရန်ကိုင် ဇဝေဇဝါ ဖြစ်နေလေ၏။ ရန်ယီရို့ကိုသာ သွားမေးလိုက်မည်ဆိုလျှင်တော့ ထိုနေရာနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များကို သိနိုင်ပေလိမ့်မည်။ သို့သော်ငြား တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် ထိုအကြောင်းကို မေ့လိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။ [ငါ့ဘာသာငါ မရှာနိုင်ရင် မေ့လိုက်တာ အကောင်းဆုံးပဲ၊ တမင်သက်သက်သွားမေးနေရင် သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို လိုချင်နေတဲ့ ပုံစံမျိုးပေါက်သွားလိမ့်မယ်]

ရန်ကိုင် ပြန်ရောက်လာသည့်အခါတွင် ရန်ယီရို့နှင့် ယုခဲရန်တို့မှာ အစောပိုင်းက ရပ်နေသည့် နေရာတွင်သာ ရပ်နေကြလေသည်။ သို့သော်ငြား ရန်ကိုင် လျှောက်လာသည်ကို မြင်သည့်အခါ နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ရှက်သွေးဖြာသွားကြလေ၏။ ထို့နောက်တွင် အမျိုးသမီးနှစ်ဦး၏ ဦးဆောင်မှုနှင့်အတူ ရန်ကိုင်သည် လော့ရှာဂိုဏ်းကို လှည့်ပတ်ကြည့်လေသည်။ ရံဖန်ရံခါ လမ်းတွင် သွားနေကြသော တပည့်များနှင့် တိုးကြပါသော်ငြား တပည့်အများစုမှာ ရန်ကိုင်ကို မြင်ဖူးကြသလို ရန်ယီရို့နှင့် ယုခဲရန်တို့၏ ရန်ကိုင်အပေါ် ဆက်ဆံနေသည့်ပုံကို မြင်ပြီးသည့်နောက် ရန်ကိုင်အား အနည်းငယ်မျှပင် တားဆီးခဲ့ခြင်း မပြုဘဲ လွတ်လွတ်လပ်လပ်ပင် သွားခွင့်ပြုခဲ့ကြလေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၇၉)

ဘာသာပြန်သူ_တိမ်တိုက်

နေ့ဝက်ကြာပြီးသည့်နောက်တွင် လော့ရှာဂိုဏ်း တစ်ဂိုဏ်းလုံးအား ရန်ကိုင် လှည့်ပတ်စူးစမ်းလို့ ပြီးသွားခဲ့လေပြီ။ ထို့နောက်တွင် ရန်ယီရို့နှင့် ယုခဲရန်တို့ကို ခေါ်ကာ အဓိကဂိတ်ပေါက်မှ ထွက်လာခဲ့သည်။

အဓိကခန်းမထဲ၌ လော့ရှာဂိုဏ်း၏ တာအိုသခင်အဆင့်ပညာရှင်ငါးဦးမှာ အကြီးအကဲခန့်အပ်ပွဲ အခမ်းအနားအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေကြလေသည်။ ရုတ်တရက်ဆိုသလို အမျိုးသမီးတပည့်တစ်ဦး ချင်ဖေးဆီသို့ ရောက်လာပြီး သူမအား နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်လေ၏။

ချင်ဖေးသည် သူမ လက်ကို ဝှေ့ယမ်း၍ တပည့်အား ပြန်သွားခိုင်းစေလိုက်ပြီးသည့်နောက် ယဲ့ယဲ့လေး ရယ်မောလျက်... "ကျွန်မတို့ရဲ့ အဆင့်မြင့်အကြီးအကဲက တကယ်ကို ငြိမ်ငြိမ်မနေဘူးပဲ"

တောက်ယင်ရို့က ပြန်မေးလိုက်လေသည်။ "ဘာဖြစ်လို့လဲ"

ချင်ဖေးက ပြန်ပြောလိုက်သည်။ "တပည့်နှစ်ဦးနဲ့ အပြင်ထွက်သွားတယ်တဲ့"

ထိုစကားကို ကြားသော် တောက်ယင်ရို့၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ "ဘယ်ကိုသွားတာလဲ"

ချင်ဖေးက ရှင်းပြလိုက်သည်။ "ကြည့်ရတာတော့ ဒီအတိုင်းလျှောက်သွားနေတဲ့ပုံပဲ၊ ဒီအနားမှာ သွားစရာရှိတာဆိုလို့ လော့မြို့ပဲ ရှိလိမ့်မယ်"

လော့မြို့သည် လော့ရှာဂိုဏ်း၏ စီမံခန့်ခွဲမှုအောက်တွင် ရှိနေသော လူတစ်သန်းခန့် နေထိုင်ကြသော မြို့တစ်မြို့ ဖြစ်ပေသည်။ လော့ရှာဂိုဏ်း၏ ဝင်ငွေအများစုမှာ ထိုမြို့ဆီမှ လာခြင်းဖြစ်သည်။

"လော့မြို့ဆီသွားတာလား" တောက်ယင်ရို့ တစ်ခဏမျှ တိတ်သွားခဲ့သည်။ ထို့နောက် သူမ၏ မျက်လုံးများ ပိုပို၍ တောက်ပလာခဲ့ပြီး ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ "ကောင်းတယ်၊ အဲဒါကောင်းတယ်"

တာအိုသခင်အဆင့်ပညာရှင်များစွာသည် တောက်ယင်ရို့အား ကြည့်လာကြလေသည်။ ချင်ဖေးက မေးလိုက်လေ၏။ "စီနီယာအစ်မပြောချင်တာက"

တောက်ယင်ရို့သည် သူမ လက်ထဲတွင် ရှိနေသည့် ဖိတ်စာကို ချ၍ ရေနွေးကြမ်းတစ်ငုံ သောက်လိုက်ရင်းမှ ပြန်ပြောလိုက်သည်။ "ငါတို့တွေ အခုလိုမျိုး အကြီးအကဲခန့်အပ်ပွဲကို တခမ်းတနားဖြစ်အောင် ပြင်ဆင်နေပြီးတော့ ဖိတ်စာတွေ အများကြီးပို့နေရတာ ဘာကြောင့်လို့ထင်လဲ"

တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် ချင်ဖေးက ပြန်ပြောလိုက်သည်။ "လူသိရှင်ကြားဖြစ်သွားအောင် ကြေညာချင်လို့လေ"

လော့ရှာဂိုဏ်း၏ ယခင်ဂိုဏ်းချုပ် သေဆုံးသွားပြီးသည့်နောက် ရန်ကိုင်သည် လော့ရှာဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲ လိုလိုလားလားနှင့် ဖြစ်လာပေးခဲ့သည်။ လော့ရှာဂိုဏ်းအနေဖြင့် ဤကဲ့သို့သော အခွင့်အရေးမျိုးကို မည်ကဲ့သို့များ လက်လွတ်ခံနိုင်ပါမည်နည်း။ အနီးတစ်ဝိုက်တွင် ရှိနေကြသော အင်အားစုများ လော့ရှာဂိုဏ်းအပေါ် နောက်နောင် အထင်သေးမလာရဲစေရန်အလို့ငှာ သူတို့အနေဖြင့် ဤပွဲတော်ကြီးကို ကြီးကျယ်နိုင်သမျှ ကြီးကျယ်အောင် လုပ်ရပေလိမ့်မည်။

တောက်ယင်ရို့က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ဒါတွေအကုန်လုံးက အကြီးအကဲရန်ရဲ့ ဂုဏ်သတင်းအပေါ်မှာ မူတည်နေတာ၊ ဒီအခမ်းအနားပွဲက ငါတို့ကိုယ်ငါတို့ ကာကွယ်လို့ရအောင် အကြီးအကဲရန်ရဲ့ နာမည်ကို ငှားသုံးနေရုံပဲ၊ ဒါပေမဲ့ သူကိုယ်တိုင် ပေါ်လာမယ်ဆိုရင်တော့ မတူတော့ဘူးလေ၊ အကြီးအကဲရန်ကိုယ်တိုင် လော့မြို့ဆီသွားတာ သူနဲ့လော့ရှာဂိုဏ်းကြားက ဆက်ဆံရေးကို ကြေညာလိုက်တာနဲ့ အတူတူပဲ၊ ဒီနေ့ပြီးသွားရင် ငါတို့လော့ရှာဂိုဏ်းကို ဘယ်သူအထင်သေးရဲဦးမလဲ၊ ကြည့်ရသေးတာပေါ့"

ထိုစကားကို ကြားသည့်အခါ တာအိုသခင်အဆင့်ပညာရှင်များ၏ မျက်လုံးများ တောက်ပသွားခဲ့ကြပြီး ချင်ဖေးက မေးလိုက်လေသည်။ "စီနီယာအစ်မပြောချင်တာ အကြီးအကဲရန်က ဒါကို တမင်တကာလုပ်နေတာပေါ့"

တောက်ယင်ရို့က ခေါင်းညိတ်၍ ပြုံးလျက်... "ဟုတ်တယ်လေ၊ မဟုတ်ရင် ဘာဖြစ်လို့ အေးအေးဆေးဆေး မနားဘဲနဲ့ လျှောက်ပတ်သွားနေမှာလဲ၊ ကြည့်ရတာ ငါတို့ သူ့အပေါ် အကြွေးထပ်တင်ပြန်ပြီနဲ့တူတယ်"

တောက်ယင်ရို့၏ ဆိုလိုရင်းကို နားလည်လိုက်သော် အကုန်လုံး၏ မျက်နှာထက် ကျေးဇူးတင်ရိပ်တို့ ထွက်ပေါ်လာကြလေသည်။

နှစ်ရက်ကြာပြီးသည့်နောက် ရန်ကိုင်သည် ရန်ယီရို့နှင့် ယုခဲရန်တို့နှင့်အတူ ပြန်လာခဲ့သည်။ ထိုအချိန်မှစ၍ ရန်ကိုင်သည် လော့ရှာဂိုဏ်းတွင်သာ တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး အပြင်သို့ ထွက်မလာတော့ပေ။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင် သွားခဲ့သည့် ခရီးမှာ အတော်လေးကိုမှ သက်ရောက်မှုရှိလှပေသည်။ လော့မြို့အား လော့ရှာဂိုဏ်းမှ ထိန်းချုပ်ပါသော်ငြား မြို့ထဲတွင် ရှိနေသည့် ဆိုင်အများစုကို လော့ရှာဂိုဏ်းမှ တိုက်ရိုက်မပိုင်ဆိုင်ပေ။ အနီးနားဝန်းကျင်တွင် ရှိနေကြသော အင်အားစုကြီးများသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို လော့မြို့ထဲတွင် ထူထောင်ထားကြပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှ ရန်ယီရို့နှင့် ယုခဲရန်တို့ကိုခေါ်၍ မြို့ထဲလျှောက်ပတ်ကြည့်လိုက်သည့်အခါတွင် မြို့ထဲ၌ ရှိနေသော အင်အားစုအသီးသီးမှ လူများသည် ထိုအကြောင်းကို သူတို့၏ ဂိုဏ်းအသီးသီးသို့ ပြန်လည်အစီရင်ခံ တင်ပြကြလေသည်။

ထိုအချိန်အတောအတွင်း ဖိတ်စာများကို သွားပို့ကြသော လော့ရှာဂိုဏ်းမှ တပည့်များမှာမူ သက်ဆိုင်ရာဂိုဏ်းအသီးသီးသည် သူတို့အား ဖော်ဖော်ရွေရွေ ပျူပျူငှာငှာနှင့် ဆက်ဆံကြောင်း ပြန်လည် ပြောပြကြလေသည်။ ထိုအင်အားစုများမှာ အကြီးအကဲခန့်အပ်ပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း အချို့သော ဂိုဏ်းများဆိုလျှင် သက်ဆိုင်ရာ ဧကရာဇ်အဆင့်ပညာရှင်များကို စေလွှတ်၍ပင် ဖိတ်စာများကို လက်ခံခဲ့ကြောင်း ပြောခဲ့သည်။ ထိုအချက်အားလုံးသည် လော့ရှာဂိုဏ်း ကြုံနေရသည့် အန္တရာယ်မှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း မီးမောင်းထိုးပြနေခဲ့လေသည်။

ရန်ကိုင်၏ ကာကွယ်မှု ရှိနေပြီဖြစ်သည့်အတွက်ကြောင့် မည်သူမျှ လော့ရှာဂိုဏ်းအား ပစ်မှတ်ထားရဲတော့လိမ့်မည် မဟုတ်ပေ။

ထိုသတင်း လော့ရှာဂိုဏ်းဆီသို့ ပြန်ရောက်လာသည့်အခါ တောက်ယင်ရို့နှင့် အခြားသူများအားလုံး အံ့ဩဝမ်းသာကုန်ကြလေသည်။ ထိုအကြောင်းကြောင့် အကြီးအကဲခန့်အပ်ပွဲ အခမ်းအနားကိုလည်း ကြီးကျယ်နိုင်သမျှ ကြီးကျယ်ခမ်းနားအောင် သေချာပြင်ဆင်လေသည်။ ယခုတစ်ကြိမ် အကြီးအကဲခန့်အပ်ပွဲသည် ဂိုဏ်းချုပ်ခန့်အပ်ပွဲထက်ပင် ပို၍ ကြီးကျယ်ခမ်းနားပေသေးသည်။ လတ်တလော၌ လော့ရှာဂိုဏ်း၌ ခေါင်းဆောင် ရှိမနေသေးပေ။ လော့ရှာဂိုဏ်းသားများအကြား ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး မရှိသည့်အတွက်ကြောင့် မည်သူမျှ ဂိုဏ်းချုပ်ဖြစ်လာဖို့ရာ အဆင်မပြေသေး။ ထိုအကြောင်းကြောင့် လတ်တလောတွင် တောက်ယင်ရို့သည် ဂိုဏ်း၏ ဝေယျာဝစ္စအသီးသီးကို ယာယီ တာဝန်ယူထားခဲ့လေသည်။ သူမ တစ်နေ့နေ့ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်လာခဲ့သော် ဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးကို တရားဝင်ယူနိုင်ပေလိမ့်မည်။

တစ်နေ့ တောက်ယင်ရို့ ကိစ္စတစ်ခုခုနှင့် အလုပ်ရှုပ်နေစဉ် ရန်ကိုင်သည် သူမဆီသို့ ဗြုန်းစားကြီးရောက်လာခဲ့သည်။ တောက်ယင်ရို့မှာ ရန်ကိုင်အပေါ် မလေးမစား မလုပ်ရဲခဲ့ဘဲ အလျင်စလိုအထဲသို့ ဖိတ်ခေါ်ပြီး ရေနွေးကြမ်းတည်ခင်း ဧည့်ခံပေးခဲ့လေသည်။

ထိုင်ပြီးသည့်နောက်တွင် တောက်ယင်ရို့က မေးလိုက်သည်။ "အကြီးအကဲရန်၊ ဒီမှာနေရတာ အသားကျသွားပြီလား၊ တပည့်တွေနဲ့ ပတ်သက်ပြီးတော့ အဆင်မပြေတာရောရှိလား"

ရန်ကိုင်က ပြုံး၍ လက်ဝှေ့ယမ်းလျက်... "ကျုပ်က ဒီလောကကြီးအနှံ့ ခြေဆန့်သွားနေတာ၊ ဒီတော့ ဘယ်နေရာမှာနေနေ ကိစ္စမရှိဘူး၊ ရန်ယီရို့နဲ့ ယုခဲရန်တို့ကလည်း တော်တော်လေးကို ကြိုးစားပါတယ်"

"ကြားရတာကောင်းတယ်" တောက်ယင်ရို့က ပြုံးလျက်... "တစ်ခုခုလိုတာရှိရင် တုံ့ဆိုင်းမနေနဲ့နော်၊ သူတို့ကို ချက်ချင်းပြောလိုက်နော်"

တောက်ယင်ရို့ စိတ်ထဲ အတော်လေးသိချင်နေသည့် အချက်တစ်ချက်တော့ ရှိပေသည်။ ရန်ယီရို့နှင့် ယုခဲရန်တို့ ပြန်လည်အစီရင်ခံ တင်ပြပုံအရ ရန်ကိုင်သည် လော့မြို့ဆီမှ ပြန်ရောက်လာပြီးသည့်နောက် သူမတို့နှင့် လုံးဝမတွေ့တော့ဘဲ သူနေထိုင်ရာနေရာတွင်သာ တောက်လျှောက် တံခါးပိတ်ကျင့်ကြံနေသည့်ပုံပင်။ ကြည့်ရသလောက် မိန်းမလှလေးများကို ဂရုမစိုက်တတ်ကြသည့် ယောက်ျားများလည်း ဤလောကကြီးတွင် အမှန်တကယ် ရှိနေသေးသည့်ပုံပင်။ ထိုတစ်ချက်တည်းနှင့်ပင်လျှင် တောက်ယင်ရို့မှာ ရန်ကိုင်အပေါ် အတော်လေးကိုမှ လေးစားအားကျမိသွားလေသည်။ ရန်ကိုင်သည်လည်း ရန်ယီရို့နှင့် ယုခဲရန်တို့အား သူ့ဆီသို့ ပို့ထားပေးရသည့်အကြောင်းကို ကျိန်းသေ နားလည်ပေလိမ့်မည်။ သူသာ ထိုအမျိုးသမီးနှစ်ဦးကို ပိုင်ဆိုင်လိုပါက မည်သူမျှ သူ့အား တားနိုင်ကြလိမ့်မည် မဟုတ်ပေ။ ရန်ယီရို့ဖြစ်စေကာမူ ယုခဲရန်ဖြစ်စေကာမူ အခြားသော မိန်းကလေးတပည့်များ ဖြစ်နေစေကာမူ မည်သူမျှ ရန်ကိုင့်အား တားနိုင်ကြလိမ့်မည် မဟုတ်။

အချိန်ကြာလာသည်နှင့်အမျှ တောက်ယင်ရို့မှာ ဤအဆင့်မြင့်အကြီးအကဲနှင့် ပတ်သက်၍ ပိုပို၍ ကျေနပ်လာမိနေလေသည်။ သူ့ဘက်မှ ထိုမျှကူညီပေးနေသည့်တိုင် ဘာဆိုဘာမျှ ပြန်မတောင်းခဲ့ပေ။ ထိုသို့ဖြစ်လေရာ သူ့အနေဖြင့် ဤကဲ့သို့သော လူမျိုးအပေါ် ကျေးဇူးမတင်ဘဲ ဘယ်နေ၍ ရပါတော့မည်နည်း။

"ကျုပ် ဒီနေ့လာခဲ့တာ ခင်ဗျားဆီကနေ တစ်ခုခု တောင်းဆိုချင်လို့" ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။

တောက်ယင်ရို့က ပြန်ပြောလိုက်လေသည်။ "အကြီးအကဲရန် ပြောစရာရှိတာပြောလေ တုံ့ဆိုင်းမနေနဲ့၊ အကြီးအကဲရန် တောင်းဆိုတာကို လော့ရှာဂိုဏ်းထဲက လူတိုင်း ဖြည့်ဆည်းပေးမှာပါ"

ရန်ကိုင်က ခေါင်းခါလျက်... "ဒီလောက်ကြီးလည်း မဟုတ်ပါဘူး၊ ဒီအတိုင်းပဲ လော့ရှာဂိုဏ်းထဲမှာ တစ်ခုခုထားခဲ့ချင်လို့"

"တစ်ခုခု" တောက်ယင်ရို့ သိချင်မိသွားလေသည်။

ရန်ကိုင်က ရှင်းပြလိုက်လေသည်။ "ခင်ဗျားလည်း ကြားဖူးတယ်မလား၊ ကျုပ်က လေဟာနယ်တာအိုကို ကျွမ်းကျင်ပြီးတော့ နယ်မြေခြား ဟင်းလင်းပြင်အစီအရင်တွေကို ခင်းကျင်းနိုင်တာလေ"

တောက်ယင်ရို့ ခေါင်းညိတ်လိုက်လေသည်။ ထိုအချက်မှာ ရှေးဟောင်းကျောင်းတော်ထဲရှိ ကိစ္စ ပြီးသွားပြီးသည့်နောက် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။ ရန်ကိုင်သည် တစ်ရက်အတွင်းမှာပင် ဧကရာဇ်အဆင့်ပညာရှင် အယောက်နှစ်ရာကျော်၊ မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးနှင့် နတ်အရှင်သုံးပါးကို စစ်ကူများဖြင့် ခေါ်ဆောင်လာနိုင်ခဲ့သည်။ ထိုသို့လုပ်နိုင်ရခြင်းမှာ ရန်ကိုင်အနေဖြင့် နယ်မြေခြား ဟင်းလင်းပြင်အစီအရင်များကို ခင်းကျင်းနိုင်သည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။ ထိုသို့သာမဟုတ်လျှင် ရန်ကိုင်အနေဖြင့် တစ်ရက်အတွင်းမှာပင် တောင်ဘက်နယ်မြေမှ မြောက်ဘက်နယ်မြေ၊ မြောက်ဘက်နယ်မြေမှ အရှေ့ဘက်နယ်မြေ၊ အရှေ့ဘက်နယ်မြေမှ တောင်ဘက်နယ်မြေသို့ မည်ကဲ့သို့များ သွားနိုင်ပါမည်နည်း။

ရန်ကိုင် ထိုအကြောင်းကို ပြောလာသည့်အခါ တောက်ယင်ရို့၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး ချက်ချင်း စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့်... "အကြီးအကဲရန် ပြောချင်တာက"

ရန်ကိုင်က ခေါင်းညိတ်လျက်... "ဒီလော့ရှာဂိုဏ်းထဲမှာ မြောက်ဘက်နယ်မြေက အထက်ကောင်းကင်နန်းတော်နဲ့ ဆက်သွယ်နေမဲ့ ဟင်းလင်းပြင်အစီအရင်တစ်ခုကို ခင်းကျင်းချင်တယ်၊ ခင်ဗျားသိတဲ့အတိုင်းပဲ ကျုပ် ဒီမှာ တစ်နှစ်ပတ်လုံးနေနေလို့ အဆင်မပြေဘူးလေ၊ ဒီအကြီးအကဲခန့်အပ်ပွဲ ပြီးတာနဲ့ ကျုပ်ထွက်သွားတော့မှာ၊ ဒီတော့ နောက်ပိုင်းကျရင် လော့ရှာဂိုဏ်းက ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာ၊ ဒါပေမဲ့ အစီအစဥ်တွေ ကြိုချထားတာ ပိုကောင်းတယ်လေ၊ လော့ရှာဂိုဏ်း အန္တရာယ်တစ်ခုခုနဲ့ တွေ့ခဲ့လို့ ဘယ်သူမှ ကူညီမဲ့လူမရှိရင် ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ ကာကွယ်နိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ခင်ဗျားတို့မှာ အဲဒီဟင်းလင်းပြင်အစီအရင်သာ ရှိနေရင်တော့ မတူတော့ဘူး၊ အကူအညီ တစ်ခုခုလိုတာနဲ့ မြောက်ဘက်နယ်မြေက အထက်ကောင်းကင်နန်းတော်ဆီကို အချိန်မရွေး သွားအကူအညီတောင်းလို့ရတယ်"

တောက်ယင်ရို့ စိတ်ထဲ ခန့်မှန်းပြီးသွားပြီ ဖြစ်ပါသော်ငြား ရန်ကိုင်မှ ထိုအကြောင်းကို ပြောလာသည်ကို ကြားလိုက်ချိန် သူမ စိတ်ထဲ အလွန်ကိုမှ ကျေးဇူးတင်မိသွားခဲ့လေသည်။ ရှင်းရှင်းပြောရသော် သူမ ကိုယ်တိုင်သည်လည်း ဤဖြစ်နိုင်ခြေကို စဥ်းစားဖူးပေသည်။ သို့သော်ငြား ရန်ကိုင်မှ သူမတို့ ဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲ လာလုပ်ပေးနေသည်ကပင်လျှင် သူမအနေဖြင့် ရန်ကိုင် အပေါ် အလွန်ကိုမှ ကျေးဇူးတင်မိနေလေပြီ။ ထိုသို့ဖြစ်လေရာ ရန်ကိုင့်အား ဟင်းလင်းပြင်အစီအရင်တစ်ခုအား ခင်းကျင်းပေးရန် မည်ကဲ့သို့များ သွားရောက်တောင်းဆိုနိုင်ပါမည်နည်း။ ထိုမျှသာမဟုတ်ဘဲ ထိုကဲ့သို့သော နယ်မြေခြား ဟင်းလင်းပြင်အစီအရင်တစ်ခုကို ခင်းကျင်းဖို့ရန် မြောက်မြားလှစွာသော အရင်းအမြစ်များကို လိုအပ်ပေလိမ့်မည်။ ထိုအပြင် သူမတို့ဘက်မှလည်း လွန်လွန်ကျူးကျူး မတောင်းဆိုချင်ပေ။ ထိုအကြောင်းကြောင့်သာလျှင် ထိုအကြောင်းကို မပြောဘဲ ငြိမ်နေခဲ့လိုက်ခြင်း ဖြစ်လေသည်။

သူမတို့ဘက်မှ မပြောဘဲ ထားထားသည့်တိုင် ရန်ကိုင်သည် သူ့ဘက်ကသူ ထိုအကြောင်းအား အစဖော်လာလိမ့်မည်ဟု မည်ကဲ့သို့များ ထင်ထားပါမည်နည်း။ တောက်ယင်ရို့သည် ချက်ချင်းပဲ ဝမ်းသာပျော်ရွှင်စွာဖြင့် ပြန်ပြောလိုက်လေသည်။ "အကြီးအကဲရန်က တကယ်ကို ကျွန်မတို့အပေါ် ကောင်းတာပဲ"

ရန်ကိုင်က ပြန်ပြုံးလျက်... "အဲဒါက ဒီလောက်ကိစ္စကြီးလည်း မဟုတ်ပါဘူး၊ ဒါပေမဲ့ အခုကိစ္စကို လုပ်ဖို့က ခင်ဗျားရဲ့ သဘောတူညီချက် လိုသေးတယ်လေ"

"ရတယ် ရတယ်၊ အကြီးအကဲရန် လုပ်လို့ရတယ်" တောက်ယင်ရို့က အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။ လက်ရှိ တောက်ယင်ရို့ အလွန်ပျော်နေသည့် ပုံစံကို ကြည့်ရသည်မှာ ကလေးတစ်ဦး အရုပ်အသစ် ရလိုက်သည့်ပုံစံမျိုးပင် ဖြစ်နေပေသေးသည်။ သို့ပင်ဖြစ်လင့်ကစား တောက်ယင်ရို့မှာ ရုတ်တရက် တစ်ခုခုအား စဥ်းစားမိသွားခဲ့ပြီး... "ဒါပေမဲ့ အကြီးအကဲရန် ဘာလိုမှာလဲ၊ လိုအပ်တဲ့ပစ္စည်းတွေကို ပြောလိုက်လေ၊ ကျွန်မလူတွေကို စုခိုင်းလိုက်မယ်"

"အဲဒီလောက်မလိုဘူး၊ လေဟာနယ်ကျောက်စိမ်း ဒါမှမဟုတ် လေဟာနယ်သလင်းကျောက်တွေ နည်းနည်းပါးပါးလောက် ယူလာပေးရင် အဆင်ပြေပြီ" ရန်ကိုင်တွင် ဟင်းလင်းပြင်အစီအရင်များကို ခင်းကျင်းရန်အတွက် အရင်းအမြစ်များ အလုံအလောက် ရှိနေပေသည်။ ရှင်းရှင်းပြောရသော် ထိုကဲ့သို့သော ဟင်းလင်းပြင်အစီအရင်မျိုးကို သူ့တွင် ရှိနေသော အရင်းအမြစ်များသုံး၍ အခု တစ်ရာကျော်မက ခင်းကျင်းနိုင်ပေသည်။ သို့ပင်ဖြစ်လင့်ကစား တစ်ဖက်လူဆီမှ နည်းနည်းပါးပါး ပြန်ယူလျှင် ပိုကောင်းလိမ့်မည်ဟု ရန်ကိုင် စိတ်ထဲတော့ ခံစားမိလိုက်လေသည်။ သို့မှသာလျှင် တစ်ဖက်လူမှ သူ့အပေါ် လွန်လွန်ကျူးကျူး မှီခိုလွန်းရာကျမသွားလိမ့်မည် မဟုတ်လေလော။

"ကောင်းပြီလေ၊ အဲဒါတွေကို စုဆောင်းဖို့ ကျွန်မ နည်းလမ်းတစ်ခု စဥ်းစားလိုက်မယ်"

"နောက်တစ်ခုရှိသေးတယ်၊ ဟင်းလင်းပြင်အစီအရင်ကို ဘယ်မှာ ခင်းကျင်းသင့်တယ်လို့ ခင်ဗျားထင်လဲ"

ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းသည့် နေရာသည် အစောင့်အကြပ်ထူထပ်သည့် နေရာတစ်ခု ဖြစ်ရပေလိမ့်မည်။

တောက်ယင်ရို့က ပြန်၍ မေးလိုက်လေသည်။ "အကြီးအကဲရန် စဥ်းစားမိတဲ့နေရာတစ်ခု ရှိလို့လား"

ရန်ကိုင်က တစ်ခဏမျှ စဥ်းစားပြီးသည့်နောက် ပြန်ပြောလိုက်သည်။ "ကျုပ် လော့ရှာဂိုဏ်း တစ်ဂိုဏ်းလုံးကို ပတ်ကြည့်ပြီးသွားပြီ၊ အသင့်တော်ဆုံးနေရာကတော့ လော့ရှာဂိုဏ်းနောက်မှာ ရှိနေတဲ့ တားမြစ်နေရာပဲ၊ ဒါပေမဲ့ အဲဒီနေရာက တားမြစ်နေရာဆိုတော့ အဆင်ပြေမပြေ မသေချာလို့"

တောက်ယင်ရို့က ချက်ချင်း လက်ဝှေ့ယမ်းလျက်... "အဲဒီနေရာ အဆင်ပြေတယ်ထင်ရင် အကြီးအကဲရန် အဲဒီနေရာမှာပဲ ခင်းကျင်းလိုက်လေ၊ ကျွန်မ ဘာမှပြောစရာမရှိဘူး"

တောက်ယင်ရို့မှ ထိုမျှ အလွယ်တကူ သဘောတူလာသည့်အတွက်ကြောင့် ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားမိသည်။ သို့တိုင် ခေါင်းညိတ်၍... "ကောင်းပြီလေ၊ ကျုပ် အဲဒီနေရာမှာပဲ ခင်းကျင်းလိုက်တော့မယ်"

ရုတ်တရက် တောက်ယင်ရို့က ပြုံးလျက် ပြန်မေးလိုက်လေသည်။ "အကြီးအကဲရန် အဲဒီတားမြစ်နေရာကို သွားလည်ပတ်ပြီးသွားပြီဆိုမှတော့ နည်းနည်းပါးပါးတော့ စိတ်ပျက်သွားတယ်မလား"

ရန်ကိုင်က ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ချောင်းဟန့်လျက်... "စိတ်ပျက်သွားတာတော့ မဟုတ်ပါဘူး၊ ဒီအတိုင်းပဲ နည်းနည်းသိချင်ရုံပါပဲ"

တောက်ယင်ရို့က ယဲ့ယဲ့လေး ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ "အကြီးအကဲရန် စိတ်ပျက်ချင်လည်း စိတ်ပျက်ချင်စရာပဲလေ၊ တကယ်တော့ အဲဒီတားမြစ်နေရာမှာ ဘာထူးခြားတာမှ မရှိတာ၊ ဒါပေမဲ့ အကြီးအကဲရန် အဲဒီနေရာရဲ့ လျှို့ဝှက်ချက်တွေကို သိချင်တယ်ဆိုရင်တော့ လပြည့်ညမှာ သွားကြည့်သင့်တယ်"

ရန်ကိုင်က မျက်ခုံးပင့်လျက်... "လပြည့်ည"

တောက်ယင်ရို့က ခေါင်းခါလျက်... "ကျွန်မလည်း အသေးစိတ်တော့ မသိဘူး၊ ဂိုဏ်းချုပ် အသက်ရှင်နေတုန်း ပြောပြတာကို တစ်ခါကြားဖူးတာပဲရှိတာ၊ လပြည့်ညရောက်ရင် အဲဒီတားမြစ်နေရာမှာ မယုံကြည်နိုင်စရာကောင်းတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာတယ်တဲ့၊ အကြီးအကဲရန် စောင့်ကြည့်ချင်တယ်ဆိုရင်တော့ နည်းနည်းပါးပါး ထပ်စောင့်ကြည့်လိုက်ပေါ့၊ လပြည့်ညက နောက်ငါးရက်ကြာရင် ရောက်တော့မှာပဲဟာ"

"ကောင်းပြီလေ၊ အဲဒီအချိန်ရောက်ရင် ကျုပ်လည်း တစ်ချက်သွားကြည့်ရတာပေါ့" ရန်ကိုင် ရုတ်တရက် စိတ်ဝင်စားလာခဲ့လေသည်။ ထိုတားမြစ်နေရာကို သွားစစ်ဆေးကြည့်စဥ်က သူ ကြုံခဲ့ရသည့် ရလဒ်များနှင့် ပတ်သက်၍ ရန်ကိုင်မှာ အမှန်တကယ်ကို စိတ်ပျက်ခဲ့ရသည်။ သို့သော်ငြား ထိုတားမြစ်နေရာ၏ လျှို့ဝှက်ချက်များ ထွက်ပေါ်လာရန်အတွက် သတ်မှတ်ထားသော အခြေအနေတစ်ရပ် ရှိနေသေးကြောင်း သဘောပေါက်သွားခဲ့ရသည်။ ထိုအခြေအနေ မပြည့်သေးသရွေ့ ထိုတားမြစ်နေရာ၏ လျှို့ဝှက်ချက်များ ထွက်ပေါ်လာလိမ့်မည် မဟုတ်ပေ။ ထိုအကြောင်းကို ကြားလိုက်ရပြီးနောက် ရန်ကိုင်မှာ ထိုတားမြစ်နေရာအပေါ် အမှန်တကယ်ကို စိတ်ဝင်စားသွားမိတော့လေသည်။ ထိုအကြောင်းကြောင့် နောက် ငါးရက်ကြာသည်အထိ စောင့်၍ ထိုတားမြစ်နေရာကို နောက်တစ်ကြိမ် သွားလည်ပတ်ကြည့်ရမည်ဟု ဆုံးဖြတ်လိုက်တော့သည်။

ရန်ကိုင်အပေါ် သူတို့ တင်နေသည့် ကျေးဇူးကြွေးများကို ပြန်ဆပ်နိုင်ရန်အလို့ငှာ လော့ရှာဂိုဏ်းမှာတော့ ရန်ကိုင်အပေါ် လုံးဝကို ပွင့်လင်းနေသည့်ပုံပင်။ သို့ပင်ဖြစ်လင့်ကစား သူတို့ ဘာတွေးနေသလဲဆိုသည်ကိုလည်း ရန်ကိုင် နားလည်ပေသည်။ အယူသာရှိပြီး အပေးပြန်မရှိသည့် ဆက်ဆံရေးသည် ရေရှည်တည်တံ့နိုင်သည့် ဆက်ဆံရေးမျိုးမှ မဟုတ်လေဘဲ။

မေးခွန်းအချို့ ထပ်မေးပြီးသည့်နောက် တောက်ယင်ရို့ ကိုယ်တိုင်မှာ တားမြစ်နယ်မြေဆီသို့ တစ်ခါမျှ မရောက်ဖူးကြောင်း ကြားလိုက်ရပြီးသည့်နောက် ရန်ကိုင် အံ့အားသင့်သွားခဲ့ရလေသည်။ ထိုအကြောင်းကြောင့် တားမြစ်နယ်မြေသည် မည်သို့မည်ပုံရှိသလဲဆိုသည်ကို တောက်ယင်ရို့ မသိပေ။ လော့ရှာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ယုလော့ရှာသည်သာ တားမြစ်နယ်မြေထဲသို့ ရောက်ဖူးပေသည်။

ရန်ကိုင်သည် တောက်ယင်ရို့အား နှုတ်ဆက်စကား ဆိုပြီးသည့်နောက် အရင်နေရာ ဖြစ်သည့် တောင်ကြားဆီသို့ ပြန်လာခဲ့လိုက်သည်။ ထို့နောက် သူ့တွင်ပါလာသော ပစ္စည်းများကို ထုတ်၍ စတင်အလုပ်စတော့လေသည်။ နေ့ဝက်ကြာပြီးသည့်နောက် ဟင်းလင်းပြင်အစီအရင်တစ်ခုအား ခင်းကျင်းလို့ ပြီးသွားခဲ့ပြီး သန့်စင်ရေးတံဆိပ်ပြားတစ်ခုကို စတင် ဖန်တီးလေသည်။ ပြီးသည့်နောက်တွင် ရန်ယီရို့နှင့် ယုခဲရန်တို့ကို လှမ်းခေါ်လိုက်သည်။ ဖြတ်သန်းရေး တံဆိပ်ပြား၏ လုပ်ငန်းဆောင်တာကို ရှင်းပြလိုက်ပြီးသည့်နောက် ဟင်းလင်းပြင်အစီအရင်အား မည်ကဲ့သို့ အသက်သွင်းရမလဲဆိုသည်ကို သင်ပေးလိုက်ကာ တောက်ယင်ရို့အား ပြန်လည်အစီရင်ခံရန် ပြောလိုက်လေသည်။

ဟင်းလင်းပြင်အစီအရင် ရှိလာပြီဖြစ်သည့်အတွက်ကြောင့် လော့ရှာဂိုဏ်းအနေဖြင့် ဆက်၍ စိတ်ပူနေစရာ လိုတော့လိမ့်မည် မဟုတ်ပေ။ ဖြတ်သန်းရေးတံဆိပ်ပြားကို ရပြီးသည့်နောက်တွင် တောက်ယင်ရို့သည် ရန်ကိုင်အား ကိုယ်တိုင်ကိုယ်ကျ လာရောက် ကျေးဇူးတင်စကား ဆိုလေသည်။ ရန်ကိုင်သည် တောက်ယင်ရို့အား ဟင်းလင်းပြင်အစီအရင်အား အတွေ့အကြုံရအောင် ပထမဦးဆုံးအကြိမ် အသက်သွင်းခိုင်းလိုက်လေသည်။ ထို့နောက် သူမအား မြောက်ဘက်နယ်မြေရှိ အထက်ကောင်းကင်နန်းတော်ဆီသို့ ပို့လိုက်လေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၈၀)

ဘာသာပြန်သူ_တိမ်တိုက်

ငါးရက်ဟူသော အချိန်ကာလသည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ တားမြစ်နေရာ၏ တောင်ကြားထဲရှိ သစ်ပင်များမှာ စိမ်းစိုနေပြီး လေပြေလေညင်းတို့သည်လည်း နွေဦးပမာ သစ်လွင်လန်းဆန်းလှသည်။ ထိုအချိန်အတွင်း ရန်ကိုင်သည် တင်ပလင်ခွေထိုင်၍ ကောင်းကင်ပေါ်သို့ မော့ကြည့်နေခဲ့သည်။

ညအချိန်သို့ ရောက်ရှိလာခဲ့လေပြီ။ ရာသီဥတုမှာ ကြည်လင်သာယာနေသည့်အတွက်ကြောင့် တိမ်ယံများ ကင်းစင်နေခဲ့ကာ ထိန်လင်းစွာ တောက်ပနေသော လမင်းနှင့် တလက်လက်တောက်ပနေသည့် ကြယ်လေးများ၏ အလင်းရောင်တို့သည် တောင်ကြားတစ်ခွင် ပတ်ဖြန်းကျဆင်းလို့ နေပေသည်။ ထိုမျှနှင့်ပင် ပတ်ဝန်းကျင်မှာ ဘာဆိုဘာမျှ ပြောင်းလဲခြင်းမရှိသေး။ အချိန်တဖြည်းဖြည်းကြာလာသည်နှင့်အမျှ လပြည့်ဝန်းမှာ အာကာယံကောင်းကင်ဆီသို့ တစ်ဆင့်ချင်း တက်လှမ်းလာနေခဲ့သည်။ တစ်ချိန်တည်း၌ ထူးဆန်းသောစွမ်းအားတစ်ရပ်မှာလည်း စတင်၍ လှုပ်ရှားတော့လေသည်။ ထိုစွမ်းအားမှာ အလွန်ကိုမှ အားနည်းလှလေရာ ရန်ကိုင်သည်သာ သေချာသတိမထားပါက ထိုစွမ်းအားကို သတိထားမိခဲ့လိမ့်မည်မဟုတ်ပေ။

“ဒီဟာကို ပြောတာလား…” ရန်ကိုင်သည် သူ့ဘာသာသူ ရေရွတ်လိုက်သည်။ ထို့နောက်တွင် ရန်ကိုင်သည် ပတ်ဝန်းကျင်အား ယခင်ကထက်ကို ပို၍ အာရုံစိုက်ထားတော့လေသည်။ လပြည့်ညတွင် လော့ရှာဂိုဏ်း၏ တားမြစ်နေရာ မည်ကဲ့သို့ ပြောင်းလဲသွားမလဲဆိုသည်ကို ရန်ကိုင် အမှန်တကယ်ကို သိလိုပေသည်။ ရန်ကိုင်၏ စူးစမ်းမှုအောက်တွင် တောင်ကြားတစ်ခုလုံးမှာလည်း တစ်ဖန်ပြန်လည်ငြိမ်းချမ်းသွားခဲ့သည်။ အစောပိုင်းကပေါ်လာခဲ့သော စွမ်းအင်လှုပ်ခတ်သွားသည့် အရိပ်အယောင်များသည် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည့်ပမာ။ ခဏကြာပြီးသည့်နောက်တွင် ထူးဆန်းသည့်စွမ်းအင်အချို့ ထွက်ပေါ်လာပြန်လေသည်။ သို့သော်ငြား ထိုစွမ်းအင်လှိုင်းများသည် ပထမတစ်ကြိမ်ထက်ကို ပို၍ ကြည်လင်ပြတ်သားနေ၏။ သို့ပင်ဖြစ်လင့်ကစား ပေါ်လာပြီးပြီးချင်းမှာပင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

“ဘယ်ကနေလာနေတာလဲ…” ရန်ကိုင်သည် ထိုကဲ့သို့တွေးရင်းမှ တောက်ပသောမျက်ဝန်းအစုံဖြင့် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုတော့လေသည်။ ထူးဆန်းသည့်စွမ်းအင်လှိုင်းများမှာ မကြာမီတွင် တတိယအကြိမ်အဖြစ် ထွက်ပေါ်လာခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ အပြည့်အဝ အာရုံစိုက်ထားသည့်အတွက်ကြောင့် စွမ်းအင်လှိုင်း မည်သည့်နေရာမှ ပေါ်လာသလဲဆိုသည်ကို ရန်ကိုင် ချက်ချင်းသတိထားမိသွားလေသည်။ တစ်ခုသောအရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ ရန်ကိုင် ကြောင်သွားခဲ့လေသည်။ လွန်ခဲ့သောငါးရက်ခန့်က ဤနေရာသို့လာလည်နေစဉ် ဤတောင်ကြားထဲ၌ မှန်တစ်ချပ်ပမာ ပြောင်စင်းကျနေသော သဘာဝအတိုင်းဖြစ်ပေါ်နေသည့် တောင်စောင်းတစ်ခုရှိသည်ကို ရန်ကိုင် အထူးတလည် သတိထားမိခဲ့သည်။ ယခု ထူးဆန်းသောစွမ်းအင်လှိုင်းမှာ အခြားနေရာမှလာနေခြင်းမဟုတ်ဘဲ ထိုထူးဆန်းလှသည့် တောင်စောင်းဆီမှ လာနေခြင်းသာ ဖြစ်လေသည်။

ရန်ကိုင်မှာ အံ့အားသင့်နေဟန်ဖြင့် ထူးဆန်းသောတောင်စောင်းကို ကောင်းကင်စိတ်အာရုံဖြင့် သေသေချာချာကို စစ်ဆေးကြည့်တော့လေသည်။ ယခင်တစ်ကြိမ် လာရောက်စစ်ဆေးစဉ်က သူများ တစ်ခုခုအား မျက်စိရှမ်းသွားသလားဆိုသ်ညကို သိချင်ပေသည်။ သို့ပင်ဖြစ်လင့်ကစား သေသေချာချာ စစ်ဆေးကြည့်ပြီးသည့်တိုင် တောင်ကြားနှင့်ပတ်သက်၍ မည်သည့်ထူးဆန်းသည့်အချက်ကိုမှ ရှာမတွေ့ခဲ့ပေ။

ကံကောင်းစွာဖြင့် ထူးဆန်းသောစွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည့်နှုန်းသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း စိပ်လာခဲ့လေရာ နောက်ဆုံးတွင်တော့ အံ့ဩဖွယ်ရာမြင်ကွင်းတစ်ရပ် တောင်စောင်းထက်တွင် ပေါ်လာတော့လေသည်။ တောင်စောင်းတစ်ခုလုံးမှာ ဝိုးတိုးဝါးတားမှန်တစ်ချပ်အဖြစ်သို့ ပြောင်းလဲသွားသည့်အလား။ ထိုပြောင်းလဲမှုနှင့်အတူ ဘယ်ကမှန်းမသိရသော မိုးမြေစွမ်းအင်များ အဆန်းတကြယ် ထွက်ပေါ်လာခဲ့ပြီး တောင်ကြားတစ်ခုလုံးအနှံ့ ပြည့်နှက်သွားခဲ့ရာ တောင်ကြားတစ်ခုလုံး၏ မိုးမြေစွမ်းအင်များမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုမြင့်တက်လာတော့လေသည်။

ရုတ်တရက်မြင့်တက်လာသော မိုးမြေစွမ်းအင်ကိုခံစားရင်း ရန်ကိုင် အံ့အားသင့်သွားတော့လေသည်။ လက်ရှိတောင်ကြားထဲ၌ ရှိနေသော မိုးမြေစွမ်းအင်တို့သည် အလွန်ကိုမှ သိပ်သည်းလှရာ ၎င်း၏သိပ်သည်းဆမှာ စိတ်ဝိဉာဉ်ရေကန်နန်းတော်ရှိ ကောင်းကင်အဆင့်ကျင့်ကြံရေးခန်းများတွင် ရှိနေသော မိုးမြေစွမ်းအင်များအောက် နိမ့်ကျခြင်း မရှိပေ။

နေ့အချိန်က တောင်ကြားထဲရှိ မိုးမြေစွမ်းအင်မှာ ဤမျှ သိပ်သည်းခြင်းမရှိလှ။ ရှင်းရှင်းပြောရသော် တောင်ကြားထဲရှိ မိုးမြေစွမ်းအင်သည် အခြားသောနေရာများနှင့် အတူတူလောက်သာ ရှိပေသည်။ လပြည့်ညအချိန်မှသာလျှင် ယခုကဲ့သို့ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။ သို့ပင်ဖြစ်လင့်ကစား ထိုပြောင်းလဲမှုများသည် အပေါ်ယံမျှသာဖြစ်ပြီး တကယ့်အရေးကြီးဆုံးနေရာမှာ တောင်စောင်းတွင်သာ ရှိနေလိမ့်မည်ဟု ရန်ကိုင်ယုံကြည်နေမိပေသည်။ ထိုအကြောင်း‌ကြောင့် ပုန်းအောင်းနေသောလျှို့ဝှက်ချက်များကို ရှာတွေ့နိုင်ရန်အလို့ငှာ ရန်ကိုင်သည် တောင်စောင်းကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။

တစ်ခဏကြာပြီးသည့်နောက်တွင် ရန်ကိုင် အာမေဋိတ်သံ ပြုမိလိုက်လေသည်။ အကြောင်းမှာ တောင်ကြားဆီမှ ဖြာထွက်နေသည့် အလင်းရောင်ဆီမှ ရှင်းပြမရသည့်အရာတစ်ချို့ ထွက်ပေါ်လာသည်ကို တွေ့ရှိလိုက်ရသည့် အတွက်ကြောင့်ပင်။ သေသေချာချာအာရုံစိုက်လိုက်သည့်နောက်တွင် တဖျတ်ဖျတ်လှုပ်ခါနေသော အလင်းရောင်တို့မှာ စကားလုံးများအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့ရှိလိုက်ရလေသည်။ ထပ်၍ အာရုံစိုက်ကြည့်လိုက်သည့်နောက် ထိုစကားလုံးများမှာ စတင်၍ ရှင်းလင်းလာသည်။ ရန်ကိုင်မှာလည်း တုံ့နှေးမနေရဲခဲ့ပဲ ထိုစကားလုံးများကို ချက်ချင်းပဲ ချရေးလိုက်လေ၏။

တစ်ခဏအကြာတွင် ထိုစကားလုံးများသည် အလွန်ကိုမှ နက်နဲဆန်းကြယ်လှသော ကျင့်စဉ်တစ်ခုဖြစ်နေကြောင်းကို တွေ့ရှိလိုက်ရသည်။ လပြည့်ညတွင် လော့ရှာဂိုဏ်း၏ တားမြစ်နေရာထဲရှိ တောင်ကြားထဲ၌ရှိနေသော တောင်စောင်းတစ်ခုပေါ်တွင် လျှို့ဝှက်ကျင့်စဉ်တစ်ခု ပေါ်လာခဲ့လေသည်။ သူကိုယ်တိုင်သာ မမြင်လိုက်ရလျှင် ရန်ကိုင်အနေဖြင့် အမှန်တကယ်ကို ယုံနိုင်လိမ့်မည်မဟုတ်ပေ။

ရန်ကိုင်မှာ ကျင့်စဉ်အပြည့်အဝကို ရရှိခဲ့ခြင်းမရှိပေ။ သို့သော်ငြား သေသေချာချာ လေ့လာကြည့်ပြီးသည့်နောက် ထိုကျင့်စဉ်သည် အမျိုးသမီးများအတွက် သင့်လျော်သော သိုင်းပညာရပ်တစ်ခု ဖြစ်နေကြောင်းကို တွေ့ရှိလိုက်ရလေသည်။ ရှင်းရှင်းပြောရသော် ထိုကျင့်စဉ်မှာ လော့ရှာဂိုဏ်း၏ အမွေအနှစ်ပညာရပ်နှင့် ဆင်တူပေသည်။ သေသေချာချာစဉ်းစားကြည့်လိုက်သည့်နောက်တွင် လော့ရှာဂိုဏ်းသားများ ကျင့်ကြံနေကြသည့် သိုင်းပညာရပ်များမှာ ဤတောင်စောင်းမှလာသည့် ကျင့်စဉ်နှင့် ဆင်တူနေသည်ဟု ရန်ကိုင် ယုံကြည်မိသွားလေ၏။

ယခင်က ယုလော့ရှာသည် ဤနေရာ၏ ထူးခြားဆန်းကြယ်မှုကို သတိထားမိသွားခဲ့ပြီး ဤအခွင့်အရေးကို ရရှိခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်လာနိုင်ခဲ့ခြင်းလည်း ဖြစ်လေ၏။ ဤနေရာ၌ ဤအမွေအနှစ်ရှိနေသည့်အတွက်ကြောင့် လော့ရှာဂိုဏ်းကိုလည်း ဤနေရာ၌ပင် တည်ထောင်ခဲ့ခြင်း ဖြစ်လေသည်။

ရန်ကိုင် သူ့အတွေးထဲ နစ်မျောနေစဉ်မှာပင် တောင်စောင်းပေါ်ရှိရှုခင်းမှာ နောက်တစ်ဖန်ပြောင်းလဲသွားခဲ့သည်။ ယခင်ကကဲ့သို့ ဝိုးတိုးဝါးတားစာသားများ မဟုတ်ကြတော့ဘဲ ဝေဝါးနေသည့်ပုံရိပ်တစ်ခု ဖြစ်လာခဲ့လေသည်။ ထိုပုံရိပ်သည် လရောင်အောက်ဝယ် တောင်စောင်းတစ်ခုပေါ်တွင် ကခုန်နေသည့်ပမာ။ သို့သော်ငြား ထိုပုံရိပ် တစ်ကြိမ်လှုပ်ရှားလိုက်တိုင်း လှုပ်ရှားလိုက်တိုင်းတွင် နက်နဲဆန်းကြယ်သည့် သိုင်းပညာရပ်များကို ထုတ်ပြသွားခဲ့သည်။ တစ်စုံတစ်ဦးသည်သာ ထိုကကွက်များထဲ နစ်မျောသွားပြီး ဉာဏ်အလင်းပွင့်သွားခဲ့မည်ဆိုလျှင် ကျိန်းသေ အကျိုးကျေးဇူးများစွာ ရရှိပေလိမ့်မည်။

ထိုပုံရိပ် မည်ကဲ့သို့ ဖြစ်လာလို့ ဖြစ်လာသလဲဆိုသည်ကို ရန်ကိုင်မသိ။ ထိုပုံရိပ်မှာ လူသားတစ်ဦးကြောင့် ဖြစ်လာခြင်း ဖြစ်နိုင်သလို သဘာဝအတိုင်း ဖြစ်လာခြင်းလည်း ဖြစ်နိုင်ပေသည်။

ကကွက်ထဲနစ်မျောရင်းမှ ရန်ကိုင်သည် ၎င်း၏လျှို့ဝှက်ချက်များကို သေသေချာချာ နားလည်အောင် ကြိုးစားနေခဲ့သည်။ သူလေ့လာရရှိသမျှကို ပြန်လည်စစ်ဆေးကြည့်ပြီးသည့်နောက် အကုန်လုံးမှာ သူ့အတွက် အမှန်တကယ်ကို အကျိုးရှိကြောင်း သိလိုက်ရသည့်အခါ ရန်ကိုင် အံ့ဩတကြီးဖြင့် သက်ပြင်းချမိလိုက်လေသည်။ ယုလော့ရှာမှာ အမှန်တကယ်ကို ကံမကောင်းခဲ့ပေ။ သူမတွင်သာ အချိန်ရှိမည်ဆိုလျှင် ဤအခွင့်အရေးကို အသုံးချရုံဖြင့် အနာဂတ်၌ ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး ကျိန်းသေ ဖြစ်လာနိုင်ပေလိမ့်မည်။ ကံမကောင်းစွာဖြင့် ယုလော့ရှာမှာ တောက်ပခွင့် မရသေးခင်မှာပင် ရှေးဟောင်းကျောင်းတော်ထဲ၌ ကျဆုံးသွားခဲ့ရလေသည်။ သို့ပင်ဖြစ်လင့်ကစား ယုလော့ရှာ ဤနေရာအား ဘာကြောင့် တားမြစ်နေရာအဖြစ် ပြောင်းလဲခဲ့ရသလဲဆိုသည်ကို ရန်ကိုင် သဘောပေါက်ပေသည်။

ဤကဲ့သို့သောလျှို့ဝှက်ချက်အကြောင်းကို လူများများမသိလေ ပိုကောင်းလေပင်။ ဤနေရာနှင့်ပတ်သက်သည့်သတင်းများသာ ပြန့်သွားခဲ့မည်ဆိုလျှင် လူပေါင်းများစွာ ဤနေရာကို ပစ်မှတ်ထားလာနိုင်ပေသည်။ ဤသည်မှာ ယုလော့ရှာ၏ တစ်ကိုယ်ကောင်းဆန်မှုကြောင့်ဖြစ်သလို လူသားသဘာဝလည်း ဖြစ်ပေသည်။ ထို့အပြင် ယုလော့ရှာမှာ ဧကရာဇ်ပထမအဆင့်သာ ရှိပေသေးသည်။ တစ်နည်းဆိုရသော် ဤပညာရပ်အပေါ် သူမ၏ထိုးထွင်းနားလည်မှုမှာ ပြီးပြည့်စုံသည့်အဆင့်နှင့် အလွန်ကိုမှ ဝေးကွာနေသေးကြောင်း သိနိုင်ပေသည်။ ထိုအကြောင်းကြောင့် သူမ၏ကျင့်ကြံခြင်းအဆင့်တိုးတက်မှုသည် ဤကဲ့သို့သောအခွင့်အရေးမျိုး ရှိနေလေရာ ဧကရာဇ်ပထမအဆင့်၌ပင် ရပ်တန့်သွားဖို့ရာ မဖြစ်နိုင်ပေ။

ရုတ်တရက်ဆိုသလို တောင်စောင်းဆီမှ ထွက်ပေါ်နေသည့်အလင်းမှာ ဗြုန်းစားကြီး ပျောက်ကွယ်သွားခဲ့လေသည်။ နက်နဲဆန်းကြယ်လှသည့် ကကွက်များထဲ နစ်မြောနေသော ရန်ကိုင်မှာ ထိုပြောင်းလဲမှုကို သတိထားမိသွားခဲ့ပြီး တစ်ခုသောအရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။ ရန်ကိုင်၏အကြည့်သည် ဟင်းလင်းပြင်အတားအဆီးများကို ထိုးဖောက်သွားသည့်အလား အလွန်ကိုမှ စူးရှလေ၏။

တစ်ခဏမျှ မျက်မှောင်ကျုံ့နေပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုင်ရာမှထ၍ ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သူပြန်ပေါ်လာသည့်အချိန်တွင် တောင်ကြား၏ အစွန်အဖျားနားသို့ ရောက်နေခဲ့လေသည်။ ရန်ကိုင်သည် သူ့ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ကို စိုက်ကြည့်နေရင်းမှ သူ့ခန္ဓာကိုယ်ဆီမှ လေဟာနယ်နိယာမစွမ်းအင်လှိုင်းတို့ ဖြာထွက်လာခဲ့လေသည်။ ထို့နောက်တွင် သူ့လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်းဆန့်ထုတ်၍ ဟင်းလင်းပြင်ထဲသို့ ထိုးစိုက်လိုက်လေ၏။

“ပွင့်လိုက်စမ်း…” ထိုကဲ့သို့အော်ဟစ်လိုက်ပြီးသည့်နောက် ရန်ကိုင်ရှေ့ရှိ ဟင်းလင်းပြင်မှာ ကွဲအက်သွားခဲ့ပြီး ရန်ကိုင်၏လက်နှစ်ဖက် ထိုးစိုက်ထားသည့်နေရာ၌ အက်ကြောင်းတစ်ခု ပေါ်လာခဲ့လေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ကြောက်မက်ဖွယ်ရာ ဟင်းလင်းပြင်စီးကြောင်းတို့ဖြင့် ပြည့်နေခဲ့သည်။ ဤနေရာသို့ ရောက်လာသည့် မည်သူမဆို လွတ်လွတ်လပ်လပ်လှုပ်ရှားဖို့ရာ အလွန်ကိုမှ ခက်ခဲပေလိမ့်မည်။ အနည်းငယ်လေးသော ချွတ်ချော်မှုသည်ပင်လျှင် ဟင်းလင်းပြင်စီးကြောင်းများ၏ ဝါးမျိုခြင်းခံရကာ ဤနေရာ၌ တစ်သက်လုံး ပိတ်မိသွားရနိုင်၏။

သို့သော်ငြား ရန်ကိုင်ကမူ ဤနေရာကိုမကြောက်ပေ။ သူ့အနေဖြင့် ဤကဲ့သို့သောနေရာမျိုးသို့ လာဖူးသည်မှာ ပထမဦးဆုံးအကြိမ်မဟုတ်တော့။ ရန်ကိုင်ကိုယ်တစ်ဝိုက် နိယာမစွမ်းအားတို့ ရစ်သိုင်းလာခဲ့ပြီး ရန်ကိုင်ဆီသို့ တိုးဝင်လာနေသော ဟင်းလင်းပြင်စီးကြောင်းများမှာ မမြင်နိုင်သည့် စွမ်းအားတစ်ခု၏ တွန်းဖယ်ခြင်း ခံလိုက်ရသည့်အလား ရန်ကိုင်၏ခန္ဓာကိုယ်ကို ချော်ကာ ဘေးတစ်ဖက်သို့ လျှောထွက်သွားလေ၏။ ထို့နောက်တွင် ရန်ကိုင်သည် လေဟာနယ်နိယာမစွမ်းအားများထဲ ကောင်းကင်စိတ်အာရုံကို လွှမ်းခြုံ၍ ဘေးပတ်ဝန်းကျင်တစ်ခွင်အနှံ့ စတင်စစ်ဆေးတော့လေသည်။

အချိန်အတော်ကြာသွားသည့်နောက် ရန်ကိုင် စိတ်ပျက်သွားခဲ့ရပြီး ခေါင်းတခါခါဖြင့် မူလရှိနေခဲ့သည့်နေရာဆီသို့ ပြန်လာခဲ့လိုက်သည်။ တောင်ကြားဆီသို့ ပြန်ရောက်လာပြီးသည့်နောက်တွင် နေ့အချိန်သို့ပင် ရောက်နေပြီဖြစ်ကြောင်းကို တွေ့ရှိလိုက်ရသည်။ ရပ်နေရင်းမှ ရန်ကိုင်သည် ကောင်းကင်ပေါ်သို့ လှမ်း၍ မော့ကြည့်လိုက်လေသည်။ ထို့နောက် အဝေးတစ်နေရာတွင်ရှိနေသော တောင်စောင်းဆီသို့ အကြည့်ရောက်သွားခဲ့ပြီး ရန်ကိုင်၏မျက်နှာထက် အတွေးနက်နေသည့်အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင်လည်း သူ့စိတ်ထဲ၌ ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိသွားခဲ့လေသည်။ သူထင်ထားသည်သာ မှန်ကန်မည်ဆိုပါက တားမြစ်နေရာထဲရှိ တောင်ကြားထဲ၌ ဤကဲ့သို့ပြောင်းလဲမှုများ ဘာကြောင့်ဖြစ်လာရသလဲဆိုသည်ကို ရန်ကိုင် အကြမ်းဖျင်း နားလည်သွားခဲ့လေပြီ။ သို့သော်ငြား ညအချိန်အတွင်း ဤကဲ့သို့ပြောင်းလဲရခြင်း၏ နောက်ကွယ်မှ အမှန်တရားကို ဖမ်းဆုပ်မိနိုင်အောင် မလုပ်နိုင်ခဲ့ပေ။ ဤအဖြစ်အပျက်ကိုသာ သေသေချာချာ စစ်ဆေးလိုလျှင် ရန်ကိုင်အနေဖြင့် နောက်ထပ်လပြည့်ည ရောက်လာမည့်အချိန်အထိ ထပ်စောင့်ရပေလိမ့်မည်။ ထိုအကြောင်းကြောင့် ရန်ကိုင်စိတ်ထဲ အတော်လေးကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်မိလေသည်။ သို့ပင်ဖြစ်လင့်ကစား ဤအခွင့်အရေးမှရနိုင်မည့် အကျိုးအမြတ်များကို ပြန်စဉ်းစားမိလိုက်သော် ရန်ကိုင်မှာ သူ့စိတ်ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်နိုင်လေသည်။

လော့ရှာတောင်သို့ ပြန်ရောက်လာပြီးသည့်နောက်တွင် ရန်ယီရို့နှင့် ယုခဲရန်တို့မှာ ရန်ကိုင်အား တလေးတစားဖြင့် ကြိုဆိုကြလေသည်။ ရန်ကိုင်ရောက်လာသည်ကိုမြင်သည့်အခါ ချက်ချင်း ဦးညွှတ်လိုက်ကြလေသည်။ ရန်ကိုင်သည် သူတို့နှစ်ဦးကို ဖြတ်ကျော်သွား၍ အခန်းထဲသို့ တိုက်ရိုက်ပြန်ဝင်သွားရင်းမှ ပြောလိုက်လေသည်။ “အခမ်းအနားပွဲစရင် ငါ့ကိုလာပြောလိုက်…”

“ဟုတ်ကဲ့…” ရန်ယီရို့နှင့် ယုခဲရန်တို့နှစ်ဦးစလုံး တလေးတစားဖြင့် ပြန်ပြောလိုက်ကြသည်။

နောက်ရက်များအတွင်း ရန်ကိုင်သည် သူ့အခန်းထဲနေ၍သာ တံခါးပိတ်ကျင့်စဉ်ဝင်နေခဲ့ပြီး အပြင်သို့ ခြေတစ်လှမ်းပင် မထွက်ခဲ့ပေ။ အခမ်းအနားပွဲရောက်လာသည့်အခါမှသာလျှင် ရန်ယီရို့နှင့် ယုခဲရန်တို့၏ အကူအညီနှင့်အတူ အခမ်းအနားဝတ်စုံကို ဝတ်ဆင်၍ ထွက်လာခဲ့လေသည်။

ရန်ကိုင်ကိုယ်တိုင်သည် ဤကဲ့သို့သောအခမ်းအနားပွဲမျိုးကို နေမင်းပြာကျောင်းတော်ထဲတွင်လည်း ကြုံခဲ့ဖူးပေသည်။ နှစ်ကြိမ်လုံးသည် အကြီးအကဲခန့်အပ်ပွဲအခမ်းအနား ဖြစ်ပေသည်။ သို့သော်ငြား ယခင်တစ်ကြိမ်ထက်စာလျှင် ယခုတစ်ကြိမ်မှာ ပို၍ကြီးကျယ်ခမ်းနားပေသည်။

အခြားသောဂိုဏ်းတစ်ဂိုဏ်းသည်သာ အဆင့်မြင့်ဧည့်အကြီးအကဲတစ်ဦးကို ငှားရမ်းခဲ့မည်ဆိုလျှင် ယခုကဲ့သို့သော ကြီးကျယ်ခမ်းနားသည့် အခမ်းအနားပွဲမျိုးကို ကျင်းပနိုင်လိမ့်မည်မဟုတ်ပေ။ အများဆုံးမှ သူတို့နှင့် အသိအကျွမ်းဖြစ်သော ရင်းနှီးသည့်ဂိုဏ်းများဆီသို့ သူသည် ကျုပ်တို့ဂိုဏ်း၏ အဆင့်မြင့်ဧည့်အကြီးအကဲတစ်ဦး ဖြစ်လာပြီဖြစ်သည့်အတွက်ကြောင့် နောက်နောင် ဤလူနှင့်တွေ့ပါက တလေးတစားပြုပေးရန် စာပို့ပြောရုံသာ လုပ်ကြပေလိမ့်မည်။

သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်သည် နေမင်းပြာကျောင်းတော်နှင့် လော့ရှာဂိုဏ်းတို့အတွက် အလွန်ကိုမှ အရေးကြီးပေသည်။ ထို့အပြင် လော့ရှာဂိုဏ်း၏အနာဂတ်မှာ ရန်ကိုင်အပေါ် မူတည်နေလေရာ သူတို့အနေဖြင့် ဤပွဲတော်ကြီးကို မည်သို့များ ခမ်းခမ်းနားနားဖြစ်အောင်မလုပ်ဘဲ နေပါမည်နည်း။

ဘက်ပေါင်းစုံမှဧည့်သည်များ ရောက်ရှိလာကြပြီး လာရောက်ဂုဏ်ပြုစကားဆိုကြလေသည်။ ဖိတ်စာကို ရရှိကြသည့် အနီးအနားတွင်ရှိနေသော အင်အားစုများသာလျှင်မဟုတ်ကြ လော့ရှာဂိုဏ်းနှင့် တစ်ခါမျှ ဆက်ဆံဖူးခြင်းမရှိသော ဂိုဏ်းများသည်ပင်လျှင် ပေါ်လာခဲ့ကြသည်။ အဆက်မပြတ်ရောက်ရှိလာနေသော ဧကရာဇ်အဆင့်ပညာရှင်များကိုကြည့်ရင်း ဧည့်သည်များကို ဧည့်ခံနေရသည်။ အဓိကဂိတ်ပေါက်ရှေ့တွင်ရှိနေသော တပည့်များမှာ ကြီးစွာသောဖိအားကို ခံစားနေခဲ့ကြရလေသည်။ ဤအခမ်းအနားပွဲသို့ ဤမျှများပြားလှသောလူများ ရောက်ရှိလာမည်ဟု မထင်ထားသည့်အတွက်ကြောင့် တောက်ယင်ရို့၊ ချင်ဖေးနှင့် အခြားသူများမှာလည်း ရယ်ရခက်ငိုရခက် ဖြစ်နေကြလေသည်။

လော့ရှာဂိုဏ်းတစ်ဂိုဏ်းလုံးတွင် တာအိုသခင်အဆင့်ပညာရှင်ငါးဦးသာ ရှိပေသည်။ ရောက်လာသည့်ဧည့်သည်များမှာ များလွန်းလှသည့်အတွက်ကြောင့် ဧည့်သည်များကိုကြိုဆိုရန်အတွက် တာအိုသခင်အဆင့်ပညာရှင်သုံးဦးကိုပင် လွှတ်ထားရပြီး ကျန်သည့်နှစ်ဦးမှာတော့ ဝင်လာသည့်ဧည့်သည်များအား ထိုင်ခုံနေရာများကို လိုက်လံပြသပေးနေရသည်။ လူတိုင်းမှာ အလွန်ကိုမှ အလုပ်များနေကြသလို နားဖို့အချိန်ပင်လျှင် မရခဲ့ပေ။ သို့ပင်ဖြစ်လင့်ကစား ထိုလူများ ယခုကဲ့သို့ မဖိတ်မခေါ်ဘဲ ရောက်လာကြရခြင်းမှာ လော့ရှာဂိုဏ်းကြောင့်မဟုတ်ဘဲ ရန်ကိုင်ကြောင့်သာဖြစ်မှန်း အကုန်လုံးသိထားကြပေသည်။

အချိန်အတန်ကြာသွားပြီးသည့်နောက်တွင် ရှေးဟောင်းကျောင်းတော်၌ ဖြစ်ပျက်ခဲ့သည့်သတင်းများမှာ တောင်ဘက်နယ်မြေအနှံ့ ပြန့်နှံ့နေပြီးကုန်လေပြီ။ ထို့အပြင် ရှေးဟောင်းကျောင်းတော်အဖြစ်အပျက်၌ တောင်ဘက်နယ်မြေ၏ အားအကောင်းဆုံးသောဂိုဏ်းများ ပါဝင်နေကြလေသည်။ အသက်ရှင်ကျန်ရစ်နေသူအားလုံးမှာ ရန်ကိုင်အပေါ် အကြွေးတင်နေကြလေရာ ယခုကဲ့သို့ ရန်ကိုင်အား လာရောက်ဂုဏ်ပြုပေးကြသည်မှာ အထူးအဆန်းတော့မဟုတ်ပေ။

လက်ဆောင်များကို စီမံခန့်ခွဲနေရသော တပည့်များမှာတော့ ဧည့်သည်များမှပေးလာသည့် လက်ဆောင်များကြောင့် အလွန်ကိုမှ ထိတ်လန့်နေကြလေသည်။ အပြင်လောကကြီးအကြောင်း သိပ်၍အတွေ့အကြုံမရှိလှသော လော့ရှာဂိုဏ်းမှတပည့်များအား သူတို့ရှေ့တွင် ပုံထပ်နေသော အဖိုးတန်ရတနာများကိုကြည့်ရင်း လုံးဝကို မင်သက်နေကုန်ကြလေသည်။

ဧည့်သည်အရေအတွက်မှာ အလွန်ကိုမှ များလွန်းလှလေရာ မူလစီမံထားသည့် ခုံအရေအတွက်ကို ကျော်လွန်သွားတော့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် တောက်ယင်ရို့မှာ အစောတလျှင် ထိုင်ခုံအရေအတွက်ကို ငါးဆမက ထပ်တိုးရတော့လေ၏။ ထိုသို့ပင်လျှင် မလောက်တတ်နိုင်အောင်ကို ဖြစ်နေခဲ့သည်။

ထိုနေ့တွင် လော့ရှာဂိုဏ်း၏ ထောင်နှင့်ချီသောတပည့်များမှာ လုံးဝကို နားချိန်မရ ဖြစ်ခဲ့ကြရသည်။ အခမ်းအနားပွဲ ပြီးသွားပြီးသည့်နောက် ဧကရာဇ်အဆင့် ရာနှင့်ချီကာ ရောက်လာခဲ့ကြောင်း တွေ့ရှိလိုက်ရလေသည်။ ထို့အပြင် ကျင့်ကြံခြင်းအမျိုးမျိုးရှိကြသော မရေမတွက်နိုင်ကြသည့် အခြားသောကျင့်ကြံသူများလည်း ရောက်လာကြပေသည်။ စုစုပေါင်းရောက်လာကြသည့် ဧည့်သည်အရေအတွက်မှာ တစ်သောင်းခွဲလောက်ပင် ရှိနေလေရာ လော့ရှာဂိုဏ်း၏တပည့်အရေအတွက်ထက်ပင်လျှင် အဆပေါင်းများစွာ ပိုမိုများပြားနေပေသည်။ အခမ်းအနားပွဲအား စီစဉ်ထားသည့်အတိုင်း ကျင်းပခဲ့လေသည်။ မရေမတွက်နိုင်သော ဂုဏ်ပြုစကားများအောက်တွင် ရန်ကိုင်သည် လော့ရှာဂိုဏ်း၏ အဆင့်မြင့်ဧည့်အကြီးအကဲဖြစ်လာသည်အား အတည်ပြုပြီးသည့်အခါမှသာလျှင် တောက်ယင်ရို့နှင့်အခြားသူများ သက်ပြင်းချနိုင်ကြတော့လေသည်။

All Chapters