← Chapters

အခန်း (၃၂၆၁-၃၂၆၅)

Vol. 143 Ch. 3261-3265

အခန်း (၃၂၆၁-၃၂၆၅)

Vol. 143 Ch. 3261-3265

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၆၁)

ဘာသာပြန်သူ_တိမ်တိုက်

ပေါက်ကွဲသံကျယ်ကြီးနှင့်အတူ နတ်ဆိုးချီတို့ ပေါက်ကွဲလာခဲ့လေသည်။ ထိုပေါက်ကွဲမှု ပြီးသည့်နောက် အရိုးများ ခန္ဓာကိုယ်များ ကျန်ရစ်ခြင်း မရှိတော့ပါသော်ငြား အသွေးအသားတို့မှာ ပျံ့ထွက်လာခဲ့ခြင်း မရှိ။ ထိုအစား အသွေးအသားများ နေရာတွင် ပိန်းပိန်းပိတ် နက်မှောင်လှသော နတ်ဆိုးချီထုကြီးကသာ အစားထိုးဝင်ရောက်လာခဲ့ပြီး နတ်ဆိုးချီထုကြီးမှာ ရန်ကိုင်တို့အား အလွန်မြန်ဆန်သည့် နှုန်းဖြင့် လွှမ်းခြုံသွားခဲ့လေသည်။

ဘုန်း၊ ဘုန်း၊ ဘုန်း။

ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထိုပေါက်ကွဲသံများကို နားထောင်ရင်း ရန်ကိုင် ရင်ထိတ်သွားတော့လေ၏။

သွေးတမျှ သိပ်သည်းလှသည့် နတ်ဆိုးချီတို့သည် ပေါက်ကွဲမှုများ ပြီးသွားသည့်နောက် အစုလိုက်အပြုံလိုက် ထွက်ပေါ်လာကြလေသည်။ ရှေးဟောင်းကျောင်းတော်၏ ကောင်းကင်တစ်လျှောက်တွင် နတ်ဆိုးများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြသော ကျင့်ကြံသူအားလုံးမှာ နတ်ဆိုးချီ၏ လွှမ်းခြုံခြင်း ခံလိုက်ရသည်။ နတ်ဆိုးချီသည် တစ်ခဏလေးအတွင်းမှာပင် ဆယ်မိုင်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။

ရန်ကိုင် အနောက်မှ အနီးကပ် လိုက်လာနေခဲ့သော ဧကရာဇ်အဆင့်ပညာရှင်များမှာ ထိုနတ်ဆိုးချီထုထဲ ပါသွားကုန်ကြလေ၏။ ရန်ကိုင်သည်ပင်လျှင် ခြွင်းချက် မဟုတ်။

မူလက ရယ်ရယ်မောမောနှင့် စကားပြောနေခဲ့ကြသော လူများ၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။ သူတို့ အထင်သေးနေခဲ့ကြသည့် နတ်ဆိုးချီသည် ယခင်ကထက် အဆ ထောင်ပေါင်းများစွာ ပိုမိုသိပ်သည်းလာခဲ့လေရာ ၎င်း၏ တိုက်စားနိုင်စွမ်းမှာလည်း သိသိသာသာကို တိုးတက်လာခဲ့လေသည်။

တရှဲရှဲမြည်သံများကို နေရာအနှံ့ ကြားနေကြရသည်။ နတ်ဆိုးချီမှ ဧကရာဇ်ချီအလွှာကို တိုက်စားရာမှ ထွက်ပေါ်လာသည့် အသံသာဖြစ်လေသည်။ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြသည့်တိုင် သူတို့၏ ဧကရာဇ်ချီသည် နတ်ဆိုးချီ၏ တိုက်စားမှုအောက်ဝယ် တစ်စစနှင့် ပြိုပျက်နေသည်ကို ခံစားမိနေခဲ့သည်။ သူတို့၏ ဧကရာဇ်ချီအလွှာထက် အပေါက်အပေါက်များ တစ်ခဏလေးအတွင်း ထွက်ပေါ်လာခဲ့လေရာ လူပေါင်းများစွာမှာ ကြောက်လန့်တကြား ထအော်ကြတော့လေသည်။

သူတို့အနေဖြင့် ဘာမျှပင် ဆက်ပြောနေစရာ မလိုတော့ပေ။ လူပေါင်းများစွာသည် ချက်ချင်းဆိုသလို နတ်ဆိုးချီထုကြီးထဲမှ အလျင်စလို ပြေးထွက်သွားကုန်ကြလေ၏။ နတ်ဆိုးချီထုထဲမှ ထွက်လာပြီးသည့်နောက် သူတို့ကိုယ်သူတို့ ပြန်ကြည့်လိုက်ချိန်တွင်တော့ အကုန်လုံး၏ မျက်နှာထက် အကြောက်မပြယ်သေးသည့် အရိပ်အယောင်တို့ကို တွေ့လိုက်ရသည်။ နတ်ဆိုးများသည် ယခုကဲ့သို့ ကိုယ့်ကိုယ်ကို ဖောက်ခွဲရန် ရည်ရွယ်ထားပြီး သူတို့၏ ဖောက်ခွဲမှုသည်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားခြင်း မရှိကြချေ။

ရန်ကိုင်၏ အမူအရာမှာတော့ မှုန်ကုပ်နေခဲ့လေသည်။ အစောပိုင်းက သူတို့ဆီသို့ ပြေးဝင်လာနေသည့် နတ်ဆိုးအရေအတွက်မှာ ထောင်နှင့်ချီပေသည်။ သို့သော်ငြား သူနှင့် အခြားလူများမှာ သုံးလေးရာလောက်ကိုသာ သတိလစ်သွားအောင် လုပ်နိုင်ခဲ့သည်။ တစ်နည်းဆိုရသော် အစောပိုင်းက နတ်ဆိုးငါးရာမှ ခြောက်ရာလောက် ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်သွားခဲ့သည်ဟု ပြော၍ ရပေသည်။ ထိုကဲ့သို့ ပေါက်ကွဲထွက်သွားခြင်းသည် တောင်ဘက်နယ်မြေမှ လက်ရွေးစင်တပည့်များ အယောက်ငါးရာ ခြောက်ရာလောက် ဆုံးရှုံးလိုက်ရသည်ဟု ပြောလိုက်ခြင်းနှင့် အတူတူသာဖြစ်လေသည်။ အလားတူအခြေအနေများသည်လည်း ရှေးဟောင်းကျောင်းတော်ထဲ၏ အခြားသော နေရာများတွင် ထပ်ဖြစ်နေပေလိမ့်မည်။ ယခုတစ်ကြိမ် တောင်ဘက်နယ်မြေ၏ ဆုံးရှုံးမှုများမှာ အလွန်တရာကိုမှ ကြီးမားလွန်းသွားခဲ့လေပြီ။

"ရောင်းရင်းချန် မင်း" ကြောက်လန့်တကြား အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင် ထိုအရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ ချက်ချင်း မျက်လုံးမှေးစင်းသွားခဲ့လေ၏။ လက်ရှိအချိန်တွင် သက်လတ်ပိုင်းလူကြီးတစ်ဦးသည် ထိုနေရာ၌ ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် ရပ်နေခဲ့သည်။ သူ့ခန္ဓာကိုယ်အား ကာကွယ်ထားသော ဧကရာဇ်ချီအလွှာမှာ ပျက်စီးသွားခဲ့ပြီး သူ့တစ်ကိုယ်လုံးကို ပိန်းပိန်းပိတ်အနက်ရောင်ချီတို့က လွှမ်းခြုံနေခဲ့လေသည်။ နတ်ဆိုးချီမှာ အသက်ရှိနေသည့် မြွေများပမာ ထိုလူ၏ ခန္ဓာကိုယ်ထဲသို့ မွေးညင်းပေါက်များနှင့် ဒွါရ ခုနစ်ပေါက်မှ စီးဝင်နေခဲ့လေသည်။ တစ်ခဏလေးအတွင်းမှာပင် ထိုလူ၏ အရှိန်အဝါမှာ ပြောင်းလဲသွားခဲ့ပြီး မျက်လုံးများမှာလည်း အနက်ရောင်ချီတို့ဖြင့် စတင်လွှမ်းခြုံလာခဲ့လေသည်။

ထိုလူ မည်သူမှန်း ရန်ကိုင် မသိပါသော်ငြား ထိုလူသည် ရန်ကိုင် မြောက်ဘက်နယ်မြေမှ ခေါ်လာသည့် လူတစ်ဦး ဖြစ်ပေသည်။

ထိုလူ့အနီး၌ ရပ်နေသော အခြားလူများမှာ ထိုလူ၏ အခြေအနေကို သတိပြုမိသွားချိန် အလွန်ကိုမှ ထိတ်လန့်သွားခဲ့ပြီး ထိုလူဆီမှ ခပ်လှမ်းလှမ်းသို့ အလျင်စလို ဆုတ်သွားကြလေသည်။ ထို့နောက်တွင် ထိုလူမှ သူတို့အား စတင်တိုက်ခိုက်လာမည်ကို စိုးရိမ်နေသည့်အလား ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ထိုလူအား သတိချပ်ကာ ကြည့်နေလိုက်ကြသည်။

ထိုလူမှာ အသိရှိနေသေးသည့်အလား အကူအညီတောင်းချင်နေသည့်ပမာ သူ့လက်ကို အရှေ့တည့်တည့်သို့ ဆန့်ထုတ်လိုက်လေသည်။ ထို့နောက် ရန်ကိုင် ဘက်သို့ လှည့်၍ တောင်းဆိုလိုက်လေ၏။ "နန်းတော်သခင်ရန်၊ ကျုပ်ကို ကယ်ပါဦး"

သူသည်သာ နတ်ဆိုးချီ၏ အပြည့်အဝထိန်းချုပ်ခြင်း ခံလိုက်ရမည်ဆိုပါက အစောပိုင်းက ကိုယ့်ကိုယ်ကို ဖောက်ခွဲသွားခဲ့သော နတ်ဆိုးများနှင့်မခြား ဖြစ်သွားရပေလိမ့်မည်။ ထိုကဲ့သို့သာ ဖြစ်သွားခဲ့မည်ဆိုလျှင်တော့ သူ၏ သေခြင်းရှင်ခြင်းမှာ သူကိုယ်တိုင် ထိန်းချုပ်နိုင်သည့် အရာမျိုး မဟုတ်တော့ပေ။ သူ့ကိုယ်သူ ဖောက်ခွဲရန် ကြိုးစားလိုက်မည်ဆိုလျှင်ပင် ထိုသို့လုပ်နေမှန်း သိလိမ့်မည် မဟုတ်ပေ။

ထိုလူ ပါးစပ်မှ ထိုစကားထွက်သွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ထိုလူ အရှေ့တွင် ပေါ်လာနေပြီး ဖြစ်လေပြီ။ ရန်ကိုင်၏ အရှိန်အဝါမှာလည်း အပြောင်းကြီး ပြောင်းလဲနေခဲ့လေ၏။ ထို့နောက်တွင် ရန်ကိုင်သည် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ရာ သူ့လက်မှ အလင်းရောင်တို့ ဖြာထွက်လာခဲ့ပြီး ထိုအလင်းရောင်သည် နတ်ဆိုးချီကူးစက်ခြင်း ခံလိုက်ရသောလူအား လွှမ်းခြုံသွားခဲ့လေသည်။

ရှဲ၊ ရှဲ၊ ရှဲ။

နတ်ဆိုးချီများမှာ ၎င်းတို့၏ အိပ်မက်ဆိုးနှင့် တွေ့သွားသည့်အလား ရန်ကိုင်၏ လက်မှ အလင်းရောင်တို့ ထိုလူ၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားချိန် အနက်ရောင်ချီတို့သည် ထိုလူ၏ ခန္ဓာကိုယ်ထဲမှ ပြန်လည်စီးထွက်လာခဲ့ပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားကုန်လေသည်။ ထိုလူ၏ ဝိုးတိုးဝါးတား ဖြစ်နေသော အသိစိတ်မှာလည်း တဖြည်းဖြည်းနှင့် ပြန်လည်တည်ငြိမ်လာခဲ့သည်။ သေဘေးမှ ကပ်သီးလေး လွတ်မြောက်လာပြီးသည့်နောက်တွင် ထိုလူသည် ရန်ကိုင်အား ကျေးဇူးတကြီးဖြင့် ပြောလိုက်လေသည်။ "ကျေးဇူးအများကြီးတင်ပါတယ် နန်းတော်သခင်ရန်"

ရန်ကိုင် မည်ကဲ့သို့သော ထူးဆန်းသည့် နည်းလမ်းအား အသုံးပြုသွားသလဲဆိုသည်ကို မသိပါသော်ငြား သူ့ကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာနေသော နတ်ဆိုးချီအားလုံး စိမ့်ထွက်သွားပြီ ဖြစ်ကြောင်းကို ခံစားမိနေခဲ့လေသည်။

"ခင်ဗျားတို့အားလုံး သေချာ သတိထားကြဦး" ရန်ကိုင်သည် ထိုလူများကို အေးစက်စက်အကြည့်ဖြင့် ဝေ့ကြည့်၍ ပြောလိုက်လေသည်။ [ဧကရာဇ်အဆင့်ပညာရှင်တစ်ယောက် ဖြစ်ပြီးတော့ နတ်ဆိုးချီ အလွယ်လေးကူးစက်တာ ခံလိုက်ရတယ်တဲ့၊ တကယ်ကို ရူးတဲ့ကောင်]

ဤကဲ့သို့သော အားနည်းလှသေးသည့် နတ်ဆိုးချီမျိုးကို ခုခံဖို့ရန် မခက်လှမှန်း ရန်ကိုင် သိပေသည်။ ယခုကဲ့သို့ ဖြစ်သွားရခြင်းမှာ ထိုလူများမှာ နတ်ဆိုးများနှင့် တစ်ခါမျှ မတွေ့ဖူးသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ ထိုအပြင် သူတို့ ရင်ဆိုင်နေရသည့် နတ်ဆိုးများမှာ တာအိုသခင်အဆင့်များသာ ရှိသေးသည့်အတွက်ကြောင့် ဧကရာဇ်အဆင့်ပညာရှင်များမှာ ထိုနတ်ဆိုးများကို အလွန်အထင်သေးထားခဲ့ကြသည်။ ထိုအတွက်ကြောင့် သူတို့ကိုယ်သူတို့ သေသေချာချာ သတိချပ်ထားခဲ့ခြင်း မရှိချေ။ သာမန်အခြေအနေမျိုးတွင်သာဆိုပါက သူတို့အနေဖြင့် သူတို့ ခန္ဓာကိုယ်ပတ်လည်၌ အားကောင်းလှသည့် ဧကရာဇ်ချီအကာအကွယ်တစ်ခုကို ထိန်းထားလိုက်ရုံပင်။ ထိုနည်းဖြင့်သာဆိုပါက ယခုကဲ့သို့ အဖြစ်မျိုးနှင့် ကြုံတွေ့ရလိမ့်မည် မဟုတ်။

ထိုသို့သာမဟုတ်လျှင် ရန်ကိုင်အနေဖြင့် နတ်ဆိုးမျက်လုံးအဖြစ်အပျက် ကြုံခဲ့ရစဉ်က မေဘယ်မြို့ အပြင်ဘက်ရှိ နတ်ဆိုးချီထဲတွင် မည်ကဲ့သို့များ အချိန်အတန်ကြာအောင် အသက်ရှင်နိုင်ခဲ့ပါမည်နည်း။ ထိုစဉ်က ရန်ကိုင်၏ ကျင့်ကြံခြင်းမှာ တာအိုသခင်ပထမအဆင့်သာ ရှိပေသေးသည်။ နတ်ဆိုးချီသည် အလွန်ကိုမှ တိုက်စားနိုင်စွမ်း ပြင်းထန်လှပါသော်ငြား သူတို့ကိုယ်သူတို့ ဧကရာဇ်ချီဖြင့် ကောင်းကောင်းကာကွယ်ထားနိုင်သရွေ့ နတ်ဆိုးချီကို ဂရုစိုက်နေစရာ မလိုပေ။

"မှော်ပညာရပ်လား" အဝေး တစ်နေရာ၌ ရှိနေသော သစ်ပင်ကြီးတစ်ပင်၏ သစ်ကိုင်းများအကြားထဲတွင် ပုန်းအောင်းနေသည့် အနက်ရောင်အရိပ်တစ်ခုသည် ရန်ကိုင် ထုတ်သုံးသွားသည့် ပညာရပ်ကို မြင်ပြီးသည့်နောက် မျက်လုံးမှေးစင်းလိုက်လေသည်။ ရန်ကိုင် အနီးတစ်ဝိုက်တွင် ရှိနေသော လူများမှာ ရန်ကိုင် နတ်ဆိုးချီအား မည်သည့်နည်းလမ်း သုံး၍ ရှင်းပစ်လိုက်သလဲဆိုသည်ကို သိလိမ့်မည် မဟုတ်ပါသော်ငြား ဤလူကမူ သေသေချာချာ သိနေခဲ့သည်။ ထိုအရာသည် ရှေးခေတ်အချိန်များတွင် အသုံးပြုခဲ့သော မှော်ပညာရပ်တစ်ခု ဖြစ်ပေသည်။ ရှေးခေတ်အချိန်က နတ်ဆိုးမျိုးနွယ်များမှာ ထိုမှော်ဆရာများကြောင့် အတော်ကိုမှ ဒုက္ခရောက်ခဲ့ကြရသည်။ သမိုင်းမှတ်တမ်းအကြောင်းကို သိနေသည့်အတွက်ကြောင့်ပင်လျှင် ဤအနက်ရောင်အရိပ်မှာ ရန်ကိုင်မှ မှော်ပညာရပ်အား အသုံးပြုနိုင်သည့်အပေါ် အလွန်ကိုမှ ထိတ်လန့်သွားခြင်း ဖြစ်လေ၏။

[ဒီခေတ်မှာ မှော်ပညာရပ်ကို ဘယ်လိုသုံးရမလဲဆိုတာ သိနေတဲ့လူတွေ ဘယ်လိုလုပ်ပြီး ရှိနေရသေးတာလဲ၊ သူ့ကြည့်ရတာ မှော်ပညာရပ်ကို သုံးတဲ့နေရာမှာ အရမ်းကျွမ်းကျင်နေတဲ့ပုံပဲ ၊မဟုတ်ရင် နတ်ဆိုးနှိမ်နင်းခြင်းပညာရပ်ကို ဒီလောက်အလွယ်တကူ ထုတ်သုံးနိုင်မှာ မဟုတ်ဘူး၊ ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်နိုင်ရမှာလဲ၊ ခေတ်တွေက တူတော့တာမှ မဟုတ်တာ၊ နိယာမတွေကလည်း မတူတော့ဘူး၊ ဒီခေတ် ဒီနိယာမတွေထဲမှာ သူက ဘယ်လိုလုပ်ပြီး မှော်ပညာကို သုံးနေနိုင်ရသေးတာလဲ]

အနက်ရောင်အရိပ်မှာ ထိုအကြောင်းအား စဉ်းစားရင်း အလုပ်ရှုပ်နေစဉ်မှာပင် သူ့မြင်ကွင်းတစ်ခုလုံး ဝေဝါးလာခဲ့ပြီး ပုံရိပ်တစ်ခုသည် ဘယ်ဆီဘယ်ကမှန်းမသိ သူ့အရှေ့၌ ပေါ်လာခဲ့လေသည်။ အနက်ရောင်အရိပ်မှာ အလွန်ကိုမှ ထိတ်လန့်သွားသည့်အတွက်ကြောင့် စဉ်းပင် မစဉ်းစားနေခဲ့ဘဲ ချက်ချင်း အနောက်သို့ ခုန်ဆုတ်သွားလေ၏။

"အေးခဲလိုက်စမ်း" အေးစက်စက်အသံတစ်သံကို အနက်ရောင်အရိပ် ကြားလိုက်ရသည်။ ထို့နောက်တွင် သူတစ်ကိုယ်လုံး အလွန်ကိုမှ လှုပ်ရှားရခက်လှသည့် နွံအိုင်တစ်ခုထဲသို့ ကျဆင်းသွားသည့်ပမာ ခံစားလိုက်ရလေသည်။ အစောပိုင်းက သူနှင့် မိုင်ပေါင်းများစွာခန့်အကွာတွင် ရှိနေခဲ့သော ရန်ကိုင်သည်လည်း လက်ရှိအချိန်တွင် သူ့အရှေ့တည့်တည့်၌ ရပ်နေခဲ့လေသည်။ ရန်ကိုင် သူ့အနားသို့ မည်ကဲ့သို့ ကပ်လာလို့ ကပ်လာမှန်းကိုပင်လျှင် အနက်ရောင်အရိပ် မသိလိုက်ပေ။ ရန်ကိုင်မှ 'အေးခဲလိုက်စမ်း'ဟု ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ဟင်းလင်းပြင်တစ်ခုလုံးသည် အလွန်တရာကိုမှ စေးကပ်လာခဲ့ပြီး မမြင်နိုင်သည့် လှောင်အိမ်တစ်လုံးအသွင်သို့ ပြောင်းသွားကာ အနက်ရောင်အရိပ်ကို အထဲ၌ ပိတ်လှောင်ထားလိုက်လေသည်။

အနက်ရောင်အရိပ်မှာ ရှိရှိသမျှ ခွန်အားအကုန်အစင်ကို သုံးရင်း ချုပ်နှောင်ထားခဲ့ရာမှ လွတ်မြောက်ရန်အတွက် အသည်းအသန် ရုန်းကန်နေခဲ့လေသည်။ သို့သော်ငြား နွံအိုင်တစ်ခုတည်းတွင် ပိတ်မိနေသည့်ပမာ ရုန်းလေရုန်းလေ ပိုပို၍ မလွတ်နိုင်လေ ဖြစ်နေခဲ့သည်။

"နတ်ဆိုးဝိညာဉ်လား" ရန်ကိုင်သည် သူ့အရှေ့ရှိ လူ၏ အနက်ရောင်မျက်လုံးများကို ကြည့်ရင်းမှ အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

လက်ရှိ သူ့အရှေ့တွင် ရှိနေသည့် လူသည် အစောပိုင်းက သူ့ဆီသို့ ပြေးဝင်လာခဲ့ကြသော နတ်ဆိုးများနှင့် လုံးဝကို မတူပေ။ နတ်ဆိုးချီကူးစက်ခံရသည့် နတ်ဆိုးများမှာ နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားကြသည့် လူများ ဖြစ်ကြပါသော်ငြား သူတို့တွင် ကိုယ့်ဘာသာကိုယ် တွေးတောဆင်ခြင်နိုင်စွမ်း မရှိတော့ပေ။ သို့သော်ငြား ရန်ကိုင် အရှေ့တွင် ရှိနေသည့် လူမှာတော့ ကိုယ့်ဘာသာကိုယ် စဉ်းစားတွေးတောနိုင်ပေသေးသည်။ ထိုကဲ့သို့ပင် သူသည်လည်း နတ်ဆိုးဝိညာဉ်တစ်ကောင်၏ ဝင်စီးထားခြင်း ခံရသည့် လူတစ်ဦးသာ ဖြစ်ရပေလိမ့်မည်။ ဤလူ၏ ဝတ်စားထားပုံကို ကြည့်ရသလောက် ဤလူသည် ရှေးဟောင်းကျောင်းတော်၏ အကြီးအကဲများအနက် တစ်ဦးဖြစ်ကာ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးလည်း ဖြစ်ပေသည်။

"ခွေးကောင်" နတ်ဆိုးဝိညာဉ်မှာ အံကိုတင်းတင်းကြိတ်၍ ထအော်လိုက်ပြီးသည့်နောက် သူ့ခန္ဓာကိုယ်ကြီးမှာ ရုတ်တရက်ဆိုသလို ဖောင်းကားတက်လာခဲ့လေသည်။ ယှဉ်တိုက်လျှင်လည်း ရန်ကိုင်၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်မှန်း ကြိုသိထားသည့်အတွက်ကြောင့် အသက်ရှင်လျက် အဖမ်းခံမည့်အစား သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန်သာ ရွေးချယ်လိုက်လေသည်။

"ငါ့အရှေ့မှာလာပြီး ဖောက်ခွဲလို့ရမယ် မှတ်နေတာလား၊ ငါ့မျက်လုံးကို ကြည့်လိုက်စမ်း"

ရန်ကိုင်မှ ထိုကဲ့သို့ အော်ဟစ်လိုက်သည့်နောက် သူ၏ ညာဘက်မျက်လုံးသည် ရုတ်တရက်ဆိုသလို ရွှေရောင်တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ကြံနေသည့် နတ်ဆိုးဝိညာဉ်၏ လှုပ်ရှားမှုများ ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။ တစ်ချိန်တည်းတွင် ၎င်း၏ ဖောင်းကားတက်လာသည့် ခန္ဓာကိုယ်ကြီးမှာလည်း တဖြည်းဖြည်း အလိုလို ပြန်လည်ကျုံ့ဝင်သွားခဲ့လေသည်။ ရန်ကိုင်သည် ထိုနတ်ဆိုးဝိညာဉ်အား လည်ပင်းမှ ဖမ်းဆွဲပြီးသည့်နောက် ကမ္ဘာငယ်လေးထဲသို့ ပစ်ထည့်ကာ ထောင့်တစ်နေရာတွင် ပစ်ထားလိုက်လေသည်။ ရန်ကိုင်အနေဖြင့် ဤနတ်ဆိုးဝိညာဉ်အား မသတ်ပစ်ရသေးခြင်းမှာ သူ့တွင် သိလိုသည့် မေးခွန်းများစွာ ရှိနေသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ ဤနတ်ဆိုးဝိညာဉ်ကို အသက်ရှင်လျက် ဖမ်းထား၍ မေးမြန်းကြည့်မည်ဆိုလျှင် ကံကောင်းပါက သူသိချင်နေသည့် အကြောင်းအရာအချို့ကို သိရနိုင်ပေသည်။ ထိုအပြင် နတ်ဆိုးဝိညာဉ် ဝင်စီးထားသည့် လူတစ်ဦးအား ပြန်ကယ်နိုင်သလားဆိုသည်ကို ရန်ကိုင် စမ်းသပ်ကြည့်ချင်မိပေသေးသည်။

ရည်ရွယ်ချက် ဖြစ်မြောက်သွားသည့်နောက်တွင် ရန်ကိုင်သည် အနက်ရောင်တိမ်တိုက်များကို လှမ်းကြည့်၍ မျက်မှောင်ကြုတ်လိုက်လေသည်။ လက်ရှိအချိန်တွင် အနက်ရောင်တိမ်တိုက်အထဲ၌ ရာနှင့်ချီသော ဝဲကတော့ပေါင်းများစွာ ဖြစ်ပေါ်နေခဲ့လေသည်။ သိပ်သည်းလှသည့် အနက်ရောင်ချီတို့သည် ထိုဝဲကတော့များ အတွင်းသို့ စီးဝင်ကာ လျင်မြန်စွာ ပျောက်ကွယ်နေကြသည်။

မကြာမီတွင် အနက်ရောင်တိမ်တိုက်အားလုံး သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ပြီး အားကောင်းသည့် နတ်ဆိုးချီများ ဖြာထွက်နေသော ရာနှင့်ချီသည့် လူများ ပြန်ပေါ်လာကြလေသည်။ ထိုလူများသည် အစောပိုင်းက ရန်ကိုင်တို့အား လာရောက်တိုက်ခိုက်ခဲ့ကြသော ထောင်နှင့်ချီသည့် နတ်ဆိုးများထဲမှ နတ်ဆိုးများ ဖြစ်ကြပေသည်။

လက်ကျန် နတ်ဆိုးများမှာ အနက်ရောင်တိမ်တိုက်ထဲတွင် ပုန်းအောင်းနေခဲ့ကြပြီး ယခုမှသာလျှင် လူလုံးထွက်ပြလာခြင်း ဖြစ်လေသည်။ သေဆုံးသွားသော သူတို့ အပေါင်းအပါများ၏ နတ်ဆိုးချီများကို ဝါးမျိုပစ်ပြီးသည့်နောက်တွင် အသက်ရှင်ကျန်ရစ်သော နတ်ဆိုးတစ်ကောင်ချင်းစီမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလာကြလေသည်။ ယခုဆိုလျှင် သူတို့ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး၏ အရှိန်အဝါအောက် နိမ့်ကျခြင်း မရှိတော့ပေ။

"ဘာကြီးလဲဟ" အာကာယံကောင်းကင်ဂိုဏ်းမှ အကြီးအကဲတစ်ဦးသည် သူ့အရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း မျက်လုံးအပြူးသား ဖြစ်နေခဲ့လေသည်။ ယခုအခါမှသာလျှင် သူ့ရန်သူများကို မည်မျှအထင်သေးမိသွားကြောင်း သဘောပေါက်သွားတော့သည်။ ဧကရာဇ်အဆင့်ပညာရှင်များ အထင်သေးခဲ့သော ထောင်နှင့်ချီသည့် နတ်ဆိုးအုပ်မှာ ဧကရာဇ်အဆင့်ပညာရှင်များကိုပင်လျှင် ပြန်လည် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် နတ်ဆိုးတစ်ကောင်အဖြစ်သို့ ပေါင်းစည်းသွားနိုင်လိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။ ကံကောင်းစွာဖြင့် မကြာမီတွင် တစ်ခုခုထူးဆန်းနေကြောင်းကို ဧကရာဇ်အဆင့်ပညာရှင်များ သတိထားမိသွားခဲ့ကြသည်။ ထိုရာနှင့်ချီသော နတ်ဆိုးများသည် သိသိသာသာကို အားကောင်းလာခဲ့ပါသော်ငြား သူတို့အား ချက်ချင်းတိုက်ခိုက်ခြင်း မရှိသေးဘဲ ကောင်းကင်အထက်တွင်သာ အသက်မရှိသည့် သစ်သားတိုင်ကြီးများပမာ မလှုပ်မယှက် ရပ်နေခဲ့လေသည်။

"မြန်မြန်၊ သူတို့ကို သတိလစ်အောင်လုပ်လိုက်" ထိုနတ်ဆိုးများ၏ ပုံစံကို မြင်ပြီးသည့်နောက် ရန်ကိုင်မှာ အခြေအနေကို အနည်းအကျဉ်း နားလည်သလို ရှိသွားခဲ့လေသည်။ ကြည့်ရသလောက် နတ်ဆိုးချီ ကူးစက်ခံရသည့် နတ်ဆိုးများတွင် ကိုယ့်ဘာသာကိုယ် လှုပ်ရှားနိုင်သည့် စွမ်းအင်မျိုး မရှိသည့်ပုံပင်။ ထိုသို့ဖြစ်လေရာ အစောပိုင်းက ထိုနတ်ဆိုးများမှ သူတို့အား တိုက်ခိုက်ခဲ့ရခြင်းမှာ ထိုနတ်ဆိုးများကို တစ်စုံတစ်ဦးမှ ထိန်းချုပ်နေခြင်း ဖြစ်သည့်အတွက်ကြောင့်ပင် ဖြစ်ရပေလိမ့်မည်။ ထိုနတ်ဆိုးများကို ထိန်းချုပ်နေသည့် လူမှာ နတ်ဆိုးဝိညာဉ်ဝင်စီးထားခြင်း ခံရသော ရှေးဟောင်းကျောင်းတော်မှ အကြီးအကဲ ဖြစ်လောက်ပေသည်။ ထိုအကြီးအကဲကို ရန်ကိုင်မှ ဖမ်းဆီးလိုက်သည့်အတွက်ကြောင့် ရာနှင့်ချီသော နတ်ဆိုးများမှာ ကိုယ့်ဘာသာကိုယ် မလှုပ်ရှားတတ်တော့ဘဲ ကြိုးပြတ်သွားသည့် ရုပ်သေးရုပ်များပမာ မလှုပ်မယှက် ဖြစ်သွားကြခြင်း ဖြစ်လေသည်။

ရန်ကိုင်၏ အော်သံကို ကြားသော် ဧကရာဇ်အဆင့်ပညာရှင်များသည် နတ်ဆိုးချီ ဝင်စီးခြင်းခံလိုက်ရသည့် လူများဆီသို့ သတိထား၍ ပြေးတက်သွားကြလေသည်။ ထိုနတ်ဆိုးချီ ဝင်စီးထားခြင်းခံရသော လူများကို တိုက်ခိုက်လိုက်သည့်နောက် ထိုနတ်ဆိုးများမှာ လုံးဝကို ခုခံခြင်းမရှိကြောင်း တွေ့ရှိလိုက်ရသည်။

အခြေအနေကို စောင့်ကြည့်နေရင်းမှ သူ့ခန့်မှန်းချက် မှန်ကန်သည်ဟု ရန်ကိုင် ပိုပို၍ ယုံကြည်လာမိတော့လေသည်။ နတ်ဆိုးချီ ကူးစက်ခံရသော နတ်ဆိုးများတွင် ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်နိုင်စွမ်း မရှိကြပေ။ ထိုသို့ဖြစ်သည်မှာ ထိုနတ်ဆိုးများ နတ်ဆိုးအသွင်သို့ ပြောင်းသွားသည်မှာ မကြာသေးသည့်အတွက်ကြောင့်ပဲလား ထိုသို့မဟုတ်ဘဲ နတ်ဆိုးချီ ကူးစက်ခံလိုက်ရသည်နှင့် စဉ်းစားဆင်ခြင်နိုင်စွမ်းအား လုံးဝ ဆုံးရှုံးလိုက်ရသည့်အတွက်ကြောင့်ပင်ပဲလား ဆိုသည်ကိုမူ ရန်ကိုင် သေချာ မသိသေးပေ။

မည်သို့ပင်ဖြစ်နေစေကာမူ ထိုအကြောင်းကို ရန်ကိုင် ထိုင်မတွေးချင်သေးပေ။ လေပေါ်သို့သာ ပြန်တက်သွားလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်လေသည်။ လက်ရှိအချိန်တွင် ရှေးဟောင်းကျောင်းတော်ကြီးသည် စစ်မီးများဖြင့် လောင်ကျွမ်းနေခဲ့ပြီး ကျောင်းတော်အနှံ့ စစ်ပွဲပေါင်း အခုနှစ်ဆယ်ကျော် ဖြစ်ပွားနေခဲ့လေသည်။ စစ်မျက်နှာတစ်ခုချင်းစီသည်လည်း အလွန်ကိုမှ ပြင်းထန်နေခဲ့သည်။

ရန်ကိုင်ဘက်ရှိ အခြေအနေ သိသိသာသာ ကောင်းမွန်နေရခြင်းမှာ ရန်ကိုင်သည် နတ်ဆိုးချီ ကူးစက်ခံလိုက်ရသော မြောက်ဘက်နယ်မြေမှ ဧကရာဇ်အဆင့်ပညာရှင်များကို ကယ်ဆယ်ပေးခဲ့သလို ထိုနတ်ဆိုးများကို ထိန်းချုပ်နေသည့် ရှေးဟောင်းကျောင်းတော်မှ အကြီးအကဲကိုလည်း ဖမ်းဆီးလိုက်သည့်အတွက်ကြောင့်လည်း ပါပေသည်။

ကံမကောင်းစွာဖြင့် အခြားသော စစ်မြေပြင်များမှာတော့ ထိုကဲ့သို့ ဖြစ်မနေခဲ့ပေ။ မြောက်ဘက်နယ်မြေမှ ရန်ကိုင် ခေါ်လာခဲ့သော ဧကရာဇ်အဆင့်ပညာရှင်များစွာတို့မှာ နတ်ဆိုးချီကူးစက်ခြင်း ခံလိုက်ရပြီး နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားခဲ့ကြကာ သူတို့၏ အပေါင်းအပါများအား ပြန်လည်တိုက်ခိုက်နေသည်ကို ရန်ကိုင် အသေအချာ မြင်နေရသည်။ တိုက်ခိုက်ခံနေရသည့် ဧကရာဇ်အဆင့်ပညာရှင်များမှာလည်း နတ်ဆိုးအသွင် ပြောင်းသွားသည့် လူများမှာ သူတို့၏ အပေါင်းအပါများ ဖြစ်နေသည့်အတွက်ကြောင့် ပြန်လည်၍ ရက်ရက်စက်စက် မတိုက်ခိုက်နိုင် ဖြစ်နေကြရလေသည်။ ထိုအတွက်ကြောင့် သူတို့ ထုတ်သုံးနိုင်သည့် ခွန်အားမှာ အကန့်အသတ်နှင့် ရှိနေတော့လေ၏။

တစ်ချိန်တည်းတွင် နတ်ဆိုးချီများစွာကို ဝါးမြိုပြီးသည့်နောက် နတ်ဆိုးများမှာ ပိုမိုအားကောင်းလာကြကာ အကြောက်အရွံ့ကင်းမဲ့စွာဖြင့် ရှေ့သို့ ပြေးတက်သွားကုန်ကြတော့၏။

ရန်ကိုင်သည် တစ်ခုသောနေရာသို့ လှမ်းကြည့်၍ ကောင်းကင်စိတ်အာရုံဖြင့် ထိုနေရာတွင် ရှိနေသော အကြီးအကဲကို လှမ်း၍ ပြောလိုက်လေသည်။ လက်ရှိအချိန်တွင် အကြီးအကဲနှင့် ကျောက်တုံးဝိဥာဉ်တို့သည့် ရှေ့သို့ တစ်ဟုန်ထိုး ပြေးတက်သွားနေကြပြီး လမ်းတွင် ကျန်ရစ်နေသည့် နတ်ဆိုးများမှာ ဆိုးဆိုးရွားရွား အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရလေသည်။

၎င်းတို့၏ အထူးခန္ဓာကိုယ်ကြောင့် ကျောက်တုံးဝိဥာဉ်များမှာ နတ်ဆိုးချီများကို လုံးဝ ကြောက်ရွံ့ခြင်းမရှိကြပေ။ နတ်ဆိုးအသွင်သို့ ပြောင်းသွားမည်ကို စိတ်ပူစရာမလိုသလို အလွန်ကိုမှ အားကောင်းလှသည့် ခွန်အားကိုလည်း ပိုင်ဆိုင်ထားကြသည့် အတွက်ကြောင့် သာမန် ဧကရာဇ်အဆင့် ပညာရှင်များသည် သူတို့အတွက် ဘာဆိုဘာမှ မဟုတ်ကြချေ၊ အသိစိတ်မဲ့နေသည့် နတ်ဆိုးများ ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။ သူတို့ခွန်အား အများကြီးကို ထုတ်သုံးလိုက်၍ နတ်ဆိုးပေါင်းများစွာအား သတ်မိမည်ကို စိုးရိမ်နေသည့် အတွက်ကြောင့်သာ မဟုတ်ပါက ယခုအချိန်လောက်ဆိုလျှင် သူတို့လက်ချက်ကြောင့် နတ်ဆိုးများစွာ အသက်ထွက်သွားလောက်ပေပြီ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၆၂)

ဘာသာပြန်သူ_တိမ်တိုက်

ကောင်းကင်စိတ်အာရုံဖြင့် ပို့လာသည့် သတင်းကိုကြားသော် အကြီးအကဲ၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး အခြားသောကျောက်တုံးဝိဉာဉ်ရှစ်ဦးကို ချက်ချင်းညွှန်ကြားလိုက်လေသည်။ ထို့နောက်တွင် ကျောက်တုံးဝိဉာဉ်ကလန်သားကိုးဦးသည် အရပ်ရပ်သို့ လူခွဲကာ ထွက်သွားကြလေ၏။

နတ်ဆိုးဝိဉာဉ် ဝင်စီးထားခြင်းခံရသော ရှေးဟောင်းကျောင်းတော်၏ အကြီးအကဲတစ်ဦးသည် သစ်ပင်တစ်ပင်၏ သစ်ကိုင်းများကြားတွင် ပုန်းအောင်းနေခဲ့လေသည်။ ထိုအကြီးအကဲမှာ သူ့အရှိန်အဝါကို အပြည့်အဝ ဖုံးကွယ်ထားသလို သူ့အား အခြား မည်သူမျှ မမြင်နိုင်စေရန်အတွက်လည်း ပတ်ဝန်းကျင်တစ်ခုလုံးနှင့် တစ်သားတည်းဖြစ်အောင်ကို ကိုယ်ယောင်ဖျောက်ကာ ပုန်းအောင်းနေခဲ့သည်။ လူပေါင်းများစွာသည် သူ့အပေါ်မှ ဖြတ်သွားသူကဖြတ်သွား သူ့အောက်မှဖြတ်သွားသူကဖြတ်သွားနှင့် ဖြတ်သွားနေကြပါသော်ငြား မည်သူမှ သူ့အား သတိမထားမိကြပေ။ အကြီးအကဲသည် ထိုနေရာတွင် ပုန်းအောင်းနေရင်းမှ တိုက်ပွဲအား မိုင်ပေါင်းများစွာအကွာအခန့်မှ စောင့်ကြည့်ကာ နတ်ဆိုးများကို ထိန်းချုပ်နေခဲ့လေသည်။

ထိုအခိုက်အတန့်မှာပင် ထိုအကြီးအကဲ၏ မြင်ကွင်းတစ်ခုလုံး မည်းမှောင်သွားခဲ့ပြီး ခေါင်းမော့၍ကြည့်လိုက်ရာ တောင်တစ်လုံးတမျှ ကြီးမားလှသည့် ကျောက်တုံးဝိဉာဉ်တစ်ကောင် သူ့ရှေ့တွင် ရပ်နေကြောင်းကို တွေ့လိုက်ရလေ၏။

(ငါ့ကိုရှာတွေ့သွားတာလား… ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ… ဒီကျောက်တုံးဝိဉာဉ်တွေ ဘယ်တုန်းကများ ဒီလောက်တောင် အာရုံခံစားနိုင်စွမ်း မြင့်သွားရတာလဲ…) ထိုအကြီးအကဲ၏အမြင်အရ သူပုန်းကွယ်နေသည်မှာ လုံးဝကို ပြီးပြည့်စုံပေသည်။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသည်သာ သူ့အား တမင်သက်သက် လိုက်လံမရှာဖွေနေသ‌ရွေ့ သူ့အား ရှာတွေ့ရန်မှာ မဖြစ်နိုင်ပေ။ မည်သို့ပင်ဖြစ်လင့်ကစား အကြီးအကဲမှာ တုံ့ဆိုင်းနေခြင်းမရှိခဲ့ဘဲ ချက်ချင်း နောက်သို့ပြန်ဆုတ်ရန် ကြိုးစားလိုက်လေသည်။ ထိုအခိုက်အတန့်မှာပင် သူ့ခြေထောက်ကို တစ်ခုခုမှ ရစ်ပတ်လာပြီး နောက်သို့ ပြန်ဆွဲနေသလို ခံစားလိုက်ရလေသည်။ မသိလျှင် သူ့ခြေထောက်အား လက်တစ်ဖက်မှ ဖမ်းဆွဲထားသည့်အလား။ အကြီးအကဲလည်း သူ့ခြေထောက်ဆီသို့ လှမ်းကြည့်လိုက်ရာ သူ့ခြေထောက်ကို ဖမ်းဆွဲထားသည့်အရာမှာ လက်တစ်ဖက်မဟုတ်ဘဲ နွယ်ပင်တစ်ပင်ဖြစ်နေကြောင်းကို တွေ့ရှိလိုက်ရသည်။

အကြီးအကဲသည် နတ်ဆိုးချီကိုသုံး၍ ထိုနွယ်ပင်ကို တစ်စစီဖြစ်အောင် လုပ်ပစ်လိုက်လေသည်။ ထို့နောက် ထွက်ပြေးရန် ကြိုးစားနေစဉ်မှာပင် ကျောက်တုံးဝိဉာဉ်၏ လက်သီးကြီးသည် သူ့ဆီသို့ တိုးဝင်လာလေ၏။ ထိုလက်သီးချက်ကြီးမှာ ဥက္ကာခဲ ကြွေဆင်းကျလာသည့်ပမာ အကြီးအကဲ၏ ရင်ဘတ်တည့်တည့်သို့ လာရောက်ထိမှန်လေသည်။ အကြီးအကဲကိုယ်တိုင်မှာတော့ ပေါင်တစ်တန်တူကြီးဖြင့် ထုချခံလိုက်ရသည့်ပမာ ကြိုးပြတ်သွားသည့်စွန်တစ်စင်းအလား အောက်သို့ တဟုန်ထိုး ပြုတ်ကျသွားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း အရိုးကျိုးသံများနှင့်အတူ အကြီးအကဲမှာ သွေးအပွက်ပွက်ကို ထိုးအန်တော့လေသည်။ နောက်ဆုံး အောက်သို့မရောက်သေးခင်မှာပင် အကြီးအကဲမှာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ရလေသည်။

ဤအကြီးအကဲကို နတ်ဆိုးဝိဉာဉ်တစ်ကောင်မှ ဝင်စီးထားခဲ့သည့်တိုင် အကြီးအကဲ၏ကျင့်ကြံခြင်းမှာ ဧကရာဇ်ပထမအဆင့်တွင်သာ ရှိပေသေးသည်။ ကျောက်တုံးဝိဉာဉ်တစ်ကောင်ချင်းစီတိုင်းသည် အလွန်တရာကိုမှ အားကောင်းလှလေရာ ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးသည်ပင်လျှင် ၎င်းတို့၏လက်သီးချက် ထိမှန်ခြင်း ခံလိုက်ရမည်ဆိုပါက ဆိုးဆိုးရွားရွား ဒဏ်ရာရသွားနိုင်ပေသည်။ ဧကရာဇ်ပထမအဆင့်သာ ရှိသေးသည့်လူတစ်ဦးဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။ ထိုအကြောင်းကြောင့်ပင်လျှင် ကျောက်တုံးဝိဉာဉ်၏ လက်သီးချက်တစ်ချက်တည်းနှင့် ဤအကြီးအကဲမှာ အသက်ထွက်သွားခဲ့ရခြင်း ဖြစ်လေသည်။

ထို့နောက်တွင် ကျောက်တုံးဝိဉာဉ်သည် အခြားသောအရပ်ဆီသို့ ပြေးထွက်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း သူ့နောက်ဆီမှ တီးတိုးပြောသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ကျောက်တုံးဝိဉာဉ်များ၏ အာရုံခံစားနိုင်စွမ်း ထိုမျှအားမကောင်းသည်မှာ မှန်ပါသော်ငြား ကျောက်တုံးဝိဉာဉ်များကို လမ်းပြပေးမည့် သစ်သားဝိဉာဉ်များ ရှိနေပေသည်။ သစ်သားဝိဉာဉ်ကလန်နှင့် ကျောက်တုံးဝိဉာဉ်ကလန်သည် တစ်ဦးအပေါ်တစ်ဦး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီကာ တည်ရှိနေထိုင်ကြသော မျိုးနွယ်စုနှစ်ခု ဖြစ်ပေသည်။ ထို့အပြင် သစ်သားဝိဉာဉ်ကလန်သည် သစ်ပင်များနှင့် ဆက်သွယ်နိုင်ပေသည်။ ထိုသစ်ပင်များထဲတွင် ပုန်းအောင်းနေသော နတ်ဆိုးဝိဉာဉ်များကို အခြားလူများမှ အာရုံခံမိဖို့ရာ ခက်ခဲလိမ့်မည်ဖြစ်ပါသော်ငြား သစ်သားဝိဉာဉ်များအတွက်မူ ထိုမျှ ခက်ခဲမနေခဲ့ပေ။ သစ်သားဝိဉာဉ်များအနေဖြင့် အနီးအနားတောအုပ်ထဲရှိ သစ်ပင်များနှင့် ဆက်သွယ်နေရုံဖြင့် မည်သည့်သစ်ပင်ထဲတွင် မည်သည့်နတ်ဆိုးဝိဉာဉ်များ ပုန်းအောင်းနေသလဲဆိုသည်ကို အလွယ်တကူ အာရုံခံနိုင်ပေသည်။

ကျောက်တုံးဝိဉာဉ်များသည် သစ်သားဝိဉာဉ်များနှင့် အတူပူးပေါင်း၍ ရှေးဟောင်းကျောင်းတော်အနှံ့တွင် ရှိနေသော နတ်ဆိုးဝိဉာဉ်များကို လိုက်လံရှင်းပစ်နေခဲ့လေသည်။ ကျောက်တုံးဝိဉာဉ်များ၏ တိုက်ခိုက်မှုများ‌ကြောင့် နတ်ဆိုးဝိဉာဉ်များမှာ သေလျှင်သေ မသေလျှင် ဆိုးဆိုးရွားရွား ဒဏ်ရာရကုန်ကြသည်။ ထိန်းချုပ်မည့်နတ်ဆိုးဝိဉာဉ်များ မရှိတော့သည့်အချိန်တွင်တော့ နတ်ဆိုးချီ ကူးစက်ခြင်း ခံထားရသော နတ်ဆိုးများမှာ တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးသွားတော့လေသည်။ ထိုအကြောင်းကြောင့် ရပ်နေသည့်နေရာများတွင်သာ သစ်သားရုပ်ထုကြီးများပမာ မလှုပ်မယှက် ဆက်၍ရပ်နေလေရာ အခြားသူများမှ ထိုနတ်ဆိုးများကို အလွယ်တကူ သတိလစ်သွားအောင် လုပ်နိုင်တော့လေ၏။

ရန်ကိုင်သည် ပတ်ဝန်းကျင်တစ်ခုလုံးကို အေးစက်စက်အမူအယာဖြင့် လေ့လာကြည့်နေခဲ့လေသည်။ ထိုသို့လေ့လာကြည့်နေရင်းမှ သူ့အကြည့်သည် တစ်ခုသောနေရာဆီသို့ ရောက်ရှိသွားခဲ့သည်။ ထိုနေရာမှာတော့ သိုင်းပညာရှင်စုဝေးပွဲကို ကျင်းပသည့် တောင်ကြားနေရာသာ ဖြစ်လေသည်။ လွန်ခဲ့သောတစ်ရက်ခန့်က ရန်ကိုင် ထိုနေရာမှထွက်လာစဉ် တောင်ကြားတစ်ခုလုံးကို သိပ်သည်းလှသည့် နတ်ဆိုးချီများမှ လွှမ်းခြုံသွားခဲ့သည်။ ယခု နောက်တစ်ကြိမ်ပြန်ကြည့်လိုက်သည့်နောက် ထိုနေရာရှိအခြေအနေမှာ ယခင်ကထက်ပင် ပိုမိုဆိုးရွားနေကြောင်း တွေ့ရှိလိုက်ရသည်။ ထို့အပြင် ဝမ်ကျိရှန်းနှင့်အခြားသူများသည်လည်း ထိုတောင်ကြားထဲတွင် ပိတ်မိနေလောက်ပေသေးသည်။

ဤနေရာရှိအခြေအနေမှာ အေးအေးဆေးဆေး ဖြစ်သွားလေပြီ။ နတ်ဆိုးများကို ထိန်းချုပ်ပြီး နတ်ဆိုးဝိဉာဉ်များ မရှိတော့သည့်အတွက်ကြောင့် နတ်ဆိုးများမှာ ဆက်၍ ပြဿနာမပေးနိုင်တော့လေရာ ရန်ကိုင်လည်း ထိုတောင်ကြားဆီသို့ ဦးတည်ထွက်လာခဲ့လေ၏။

ရန်ကိုင် ထိုအရပ်ဆီသို့ ပျံသန်းသွားနေရင်းမှ ရှေးဟောင်းကျောင်းတော်၏ အခြားသောအရပ်မျက်နှာသုံးခုဆီမှ အလင်းတန်းသုံးခု ပျံသန်းထွက်လာခဲ့ပြီး ရန်ကိုင်ဆီသို့ ရောက်ရှိလာခဲ့လေသည်။ ထိုအလင်းတန်းသုံးခုမှာတော့ အခြားမဟုတ်။ ဖန်းဝူ၊ ချန်ကွော့နှင့် လွမ်ဖုန်းတို့သာ ဖြစ်ကြပေသည်။ ရန်ကိုင် ထိုတောင်ကြားနေရာဆီသို့ သွားလိုနေကြောင်း သတိထားမိသည့်အတွက်ကြောင့် ရန်ကိုင်အား ကူညီပေးရန်အလို့ငှာ လာခဲ့ကြခြင်းဖြစ်လေသည်။ သူတို့အနေဖြင့် ရန်ကိုင်အပေါ် မည်မျှပင် မနှစ်သက်နေစေကာမူ တစ်ခါတစ်ရံ ရန်ကိုင်ကိုပင်လျှင် သတ်ပစ်နေချင်စေကာမူ နတ်သားရဲအားလုံး၏ သဘာဝရန်သူဖြစ်သော ထိုအမျိုးသမီးသည် ရန်ကိုင်၏နောက်မှ မားမားမတ်မတ် ရပ်တည်ပေးနေခဲ့လေသည်။ ထိုအမျိုးသမီးနှင့် ရန်ကိုင် မည်မျှရင်းနှီးကြောင်း၊ ရန်ကိုင်သည် ထိုအမျိုးသမီးအတွက် မည်မျှအရေးကြီးကြောင်းကို နတ်အရှင်သုံးပါးစလုံး ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည်။ ထိုအကြောင်းကြောင့် သူမ သွေးတံခါးထဲမှ ပြန်ထွက်လာသည့်တစ်နေ့ သူတို့သည်သာ ရန်ကိုင်ကို သူတို့ရှေ့တည့်တည့်၌ အသေခံခိုင်းလိုက်သည့်အကြောင်းအား ထိုအမျိုးသမီးမှ သိသွားခဲ့မည်ဆိုလျှင် သူတို့သုံးဦးစလုံး ကျိန်းသေ ဒုက္ခရောက်ကြရပေလိမ့်မည်။ ထိုအကြောင်းကြောင့် နတ်အရှင်သုံးပါးမှာ ရွေးချယ်စရာမရှိ‌တော့ဘဲ မလိုလားအပ်သည့်အဖြစ်အပျက်များ ဖြစ်မလာရလေအောင် ရန်ကိုင်ဘေးနားတွင်နေကာ ရန်ကိုင်အား စောင့်ရှောက်ကာကွယ်ပေးရတော့လေသည်။

အဆီးအတားမရှိ အေးအေးဆေးဆေး ပျံသန်းလာပြီးသည့်နောက်တွင် ရန်ကိုင်တို့လေးဦးသည် မကြာမီ တောင်ကြားဘေးနားသို့ ရောက်လာပြီး တောင်တစ်လုံးပေါ်တွင် ဆင်းလိုက်လေသည်။ တောင်ပေါ်မှ ဝေ့ကြည့်လိုက်သည့်နောက် နတ်အရှင်သုံးပါးစလုံး မျက်မှောင်ကျုံ့သွားခဲ့ကြသည်။ သူတို့၏မျက်လုံးထဲ ကြောက်ရွံ့တုန်လှုပ်သည့် အရိပ်အယောင်အချို့ပင် ဖြတ်ပြေးသွားခဲ့လေသည်။ ထိုသို့ဖြစ်ရခြင်းမှာ တောင်ကြားတစ်ခုလုံး သိပ်သည်းလှသည့် နတ်ဆိုးချီများဖြင့် ပြည့်နေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ဤနတ်ဆိုးချီများ မည်ကဲ့သို့ဖြစ်လာသလဲဆိုသည်ကို သူတို့မသိပါသော်ငြား ထိုနတ်ဆိုးချီထဲသို့သာ ကျသွားမည်ဆိုလျှင် ဆိုးဆိုးရွားရွား ဒုက္ခရောက်လိမ့်မည်မှန်းတော့ သေချာနေပေသည်။

တိုက်ခိုက်သံများ၊ အော်ဟစ်သံများမှာ တောင်ကြားထဲမှ ထွက်ပေါ်လာနေခဲ့လေရာ တောင်ကြားထဲတွင် နတ်ဆိုးအသွင်သို့ ကူးပြောင်းသွားခြင်း မရှိသေးသည့် လူများ ရှိနေကြောင်းကို နတ်အရှင်သုံးပါး သိလိုက်ကြလေသည်။

“ကောင်လေး… မင်း ငါ့အစီအစဉ်တွေကို ဖျက်ဆီးရဲတယ်ပေါ့… မင်း သူတို့ကို ကယ်နိုင်မယ်ထင်နေတာလား… အိပ်မက်သာ မက်နေလိုက်…” လဲ့ကု၏အသံ တောင်ကြားထဲမှ ထွက်ပေါ်လာခဲ့လေသည်။ သို့သော်ငြား တောင်ကြားထဲရှိ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းတော့ မသိရ။ သူ့အသံမှာ တောင်ကြား၏ ဘက်ပေါင်းစုံမှ ထွက်ပေါ်လာနေခြင်း ဖြစ်ပေသည်။

“ခင်ဗျား အရိပ်ထဲကနေ ဘာတွေဟောင်ပွာဟောင်ပွာလုပ်နေတာလဲ… သတ္တိရှိရင် အပြင်ထွက်လာပြီးတော့ ကျုပ်ကို လာတိုက်ခိုက်လိုက်…” ရန်ကိုင်က အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

လဲ့ကုက အော်ရယ်မောလျက် “တုံးလိုက်တဲ့ကောင်… အဲ့မှာစောင့်နေ… ငါ သူတို့ကို အရင်ရှင်းပစ်ပြီးမှ မင်းနဲ့လာစာရင်းရှင်းမယ်…” ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် တောင်ကြားထဲရှိ နတ်ဆိုးချီတို့မှာ ယခင်ကထက်ပို၍ လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ပြီး အော်ဟစ်သံများမှာလည်း နေရာပေါင်းစုံမှ ထွက်ပေါ်လာတော့လေသည်။

ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားလေသည်။ “ဂျူနီယာညီမမုရုန်…”

အော်သံများကြားမှ မုရုန်ရှောင်ရှောင်၏အသံကို ရန်ကိုင် ကြားလိုက်ရလေသည်။ မုရုန်ရှောင်ရှောင်အား သွားပြေးကယ်တော့မည်အပြု လွမ်ဖုန်းမှ ရန်ကိုင်၏ပုခုံးကို လှမ်းဆွဲထားပြီး အော်ဟစ်လိုက်လေ၏။ “နင် ဘာလုပ်ချင်နေတာလဲ… သေချင်နေတာလား…”

“ကျုပ်ကိုလွှတ်…” ရန်ကိုင်သည် လွမ်ဖုန်း၏လက်ကို ဒေါမာန်တကြီးဖြင့် ခါချပစ်လိုက်သည်။

ဖန်းဝူသည် ချက်ချင်းပဲ ရန်ကိုင်ရှေ့တွင်ပိတ်ရပ်၍ အလျင်အမြန်သတိပေးလိုက်လေသည်။ “ရန်ကိုင်… မဆင်မခြင်မလုပ်နဲ့နော်… အဲ့ကောင် မင်းကို ဒေါသမထွက်ထွက်အောင်လုပ်ပြီးတော့ တောင်ကြားထဲ မလာ လာအောင်လုပ်နေတာ… မင်း အခုနေ တောင်ကြားထဲ ပြေးဝင်သွားရင် သူဖြစ်စေချင်တဲ့အတိုင်း လုပ်ပေးလိုက်သလို ဖြစ်သွားမှာ…”

ချန်ကွော့ကလည်း ရန်ကိုင်အား ဖျောင်းဖျရန် ကြိုးစားလေသည်။ “ဟုတ်တယ်… နတ်ဆိုးချီက အရမ်းကို သိပ်သည်းလွန်းနေတာနော်… မင်း ဒီတိုင်းပြေးဝင်သွားရင် အန္တရာယ်များတယ်… သေသေချာချာစဉ်းစားဦး…”

“ဘာကိုစဉ်းစားနေရမှာလဲ…” ရန်ကိုင်က ထအော်လိုက်လေသည်။ ထို့နောက် ခက်ထန်သည့်အမူအယာဖြင့် “ကျုပ်မိတ်ဆွေတွေအကုန်လုံး အထဲမှာရောက်နေတာ… သူတို့ ဘယ်လောက်အထိ ဆက်ပြီးတောင့်ခံထားနိုင်မလဲဆိုတာကို ကျုပ်သိတာမဟုတ်ဘူး… ခင်ဗျားတို့က ကျုပ်ကို သူတို့သေမှာကို ဒီအတိုင်း ရပ်ကြည့်ခိုင်းနေတာလား…”

“မဆင်မခြင်ပြေးဝင်သွားတာက အဖြေမဟုတ်ဘူးနော်… အနည်းဆုံး အထဲကအခြေအနေကို အရင်သိရမှ အဆင်ပြေမှာ…” ဖန်းဝူက ဝင်ပြောလိုက်သည်။ “ဒီလိုလုပ်ကြရအောင်… အပြင်မှာရှိနေတဲ့ လူတွေအကုန်လုံးကို ခေါ်ပြီးတော့ တောင်ကြားထဲကနတ်ဆိုးချီတွေကို ရှင်းထုတ်ပစ်ခိုင်းလိုက်… အဲ့လိုဆိုရင် အကုန်လုံး အဆင်ပြေသွားလိမ့်မယ်…”

ရန်ကိုင်၏မျက်နှာ သုန်မှုန်နေခဲ့ပါသော်ငြား ဆက်၍ပြေးဝင်သွားဖို့ရာတော့ မကြိုးစားတော့ပေ။ လက်ရှိအခြေအနေအရ သူတို့၌ ထိုနည်းလမ်းတစ်ခုသာရှိမှန်းကို ရန်ကိုင် သိနေခဲ့လေသည်။

ထိုအခိုက်အတန့်မှာပင် မုရုန်ရှောင်ရှောင်၏အော်ဟစ်သံ ထပ်မံထွက်ပေါ်လာခဲ့လေသည်။

“လဲ့ကု… ခင်ဗျား သေချင်နေတာလား…” ရန်ကိုင်၏အမူအယာ ခက်ထန်သွားခဲ့ပြီး သူ့ဆီမှ လေဟာနယ်နိယာမစွမ်းအားတို့ ဖြာထွက်လာခဲ့ကာ ချက်ချင်းဆိုသလို ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။

ဖန်းဝူနှင့် အခြားသူများမှာတော့ မင်သက်နေသည့်အမူအယာများဖြင့် ကျန်ရစ်ခဲ့လေသည်။

လွမ်ဖုန်းမှာလည်း မှုန်ကုပ်ကုပ်မျက်နှာကြီးဖြင့် ဒေါသတကြီး အော်ဆဲလေသည်။ “အရူးကောင်…”

ချန်ကွော့မှာတော့ ကူကယ်ရာမဲ့နေသည့်ပုံစံဖြင့် ခေါင်းတခါခါ လုပ်နေခဲ့သည်။

ဖန်းဝူကမူ အံကိုတင်းတင်းကြိတ်၍ ပြောလိုက်လေသည်။ “နင်တို့တွေ ဘာရပ်ကြည့်နေကြတာလဲ… သွားကြမယ်လေ…”

သူတို့ ဆန္ဒရှိရှိမရှိရှိ ရန်ကိုင်က ပြေးဝင်သွားပြီဖြစ်သည့်အတွက်ကြောင့် သူတို့လည်း လိုက်ဝင်သွားရပေတော့မည်။ ကံကောင်းစွာဖြင့် သူတို့အားလုံးမှာ နတ်သားရဲများ ဖြစ်ကြသည့်အလျောက် နတ်ဆိုးချီ၏ တိုက်စားနိုင်စွမ်းအပေါ် အတော်လေးကိုမှ ခုခံနိုင်စွမ်း မြင့်မားပေသည်။ ထို့အတွက်ကြောင့် ရေတိုအတွင်း နတ်ဆိုးချီကြောင့် နတ်ဆိုးအသွင်ပြောင်းလဲသွားမည်ကို ကြောက်နေစရာမလိုပေ။ သို့ပင်ဖြစ်လင့်ကစား နတ်ဆိုးချီထဲ အချိန်အကြာကြီး နေလိုက်မည်ဆိုလျှင်တော့ သူတို့ပင်လျှင် ဘာမှမဖြစ်နိုင်ပါဟု မည်သူမျှ အာမခံချက် မပေးနိုင်ပေ။ ထို့အပြင် လက်ရှိအချိန်၌ နတ်အရှင်သုံးပါးစလုံး စိတ်ပူနေရသည့် အဓိကကိစ္စမှာ တောင်ကြားထဲ၌ လဲ့ကုမှ မည်ကဲ့သို့သောထောင်ချောက်မျိုး ရန်ကိုင်အတွက် ဆင်ထားသလဲဆိုသည်ကိုပင်။

နတ်ဆိုးချီထဲသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် နတ်အရှင်သုံးပါးစလုံး ရင်ထိတ်သွားခဲ့ကြသည်။ အကြောင်းမှာ ချက်ချင်းဆိုသလို တစ်ယောက်ကိုတစ်ယောက် မမြင်နိုင်တော့သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ နတ်ဆိုးချီသည် ဘက်ပေါင်းစုံမှ သူတို့အား လွှမ်းခြုံထားခဲ့လေရာ နတ်အရှင်များမှာ မည်သည့်အရပ်သည်တောင်အရပ် မည်သည့်အရပ်သည် မြောက်အရပ်ဖြစ်သလဲ ဆိုသည်ကို မခွဲခြားနိုင်တော့ပေ။

ထို့အပြင် ဘက်ပေါင်းစုံမှ ထွက်ပေါ်လာနေသော အော်ဟစ်သံများမှာလည်း သူတို့၏ အာရုံခံနိုင်စွမ်းအား လာရောက်နှောင့်ယှက်နေခဲ့လေသည်။ ထိုမျှသာလျှင်မဟုတ်သေး။ သတ်ဖြတ်လိုစိတ်တို့သည်လည်း ဘက်ပေါင်းစုံဆီမှ ထွက်ပေါ်လာနေခဲ့ပြီး အာရုံခံမိဖို့ရာ အလွန်တရာကိုမှ ခက်ခဲလွန်းလှသော အနက်ရောင်အရိပ်များသည်လည်း နတ်ဆိုးချီထဲ ရေထဲကူးခတ်သွားလာနေသော ငါးများပမာ ဟိုမှသည်သို့ ကူးကလန်ခတ် လှုပ်ရှားနေခဲ့ကြသည်။

နတ်ဆိုးများသည် ဤကဲ့သို့သော နတ်ဆိုးချီထဲတွင် သူတို့၏ စွမ်းအားအကုန်အစင်ကို ထုတ်သုံးနိုင်ကြလေသည်။ ထို့အတွက်ကြောင့် နတ်အရှင်သုံးပါးမှာ နတ်ဆိုးချီ၏ တိုက်စားမှုကို ခုခံရင်းမှ ပတ်ဝန်းကျင်ကို အဆက်မပြတ် သတိချပ်နေခဲ့ရသည်။ သူတို့သည်သာ ဤကဲ့သို့သောနေရာမျိုးတွင် အချိန်အကြာကြီး နေလိုက်မိမည်ဆိုလျှင် ဒုက္ခလှလှနှင့် တွေ့သွားရနိုင်ပေသည်။

နတ်အရှင်သုံးပါးစလုံးသည် နတ်ဆိုးချီထဲသို့‌ ရောက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်အား မတွေ့ရတော့သည့်အတွက်ကြောင့် ရန်ကိုင်၏နာမည်ကို လှမ်း၍ အော်ခေါ်ကြည့်လိုက်လေသည်။ ကံမကောင်းစွာဖြင့် မည်သည့်ပြန်ထူးသံမှ မကြားခဲ့ရပေ။

ထိုအချိန်အတောအတွင်း ရန်ကိုင်သည် မုရုန်ရှောင်ရှောင်၏ အော်ဟစ်သံများ ထွက်ပေါ်ရာနေရာဆီသို့ အလျင်အမြန် သွားနေခဲ့လေသည်။ လက်ရှိအခြေအနေကို ကြည့်ရသလောက် မုရုန်ရှောင်ရှောင်မှာ တစ်ယောက်ယောက်နှင့် တိုက်ခိုက်နေသည့်ပုံပင်။ ရန်ကိုင်မှာ အသံဗလံများ ထွက်ပေါ်လာရာ နေရာဆီသို့ ဦးတည်သွားနေခဲ့ပါသော်ငြား လမ်းတစ်လျှောက်တွင် မည်သူ့ကိုမှ မတွေ့ခဲ့ရပေ။

ရုတ်တရက်ဆိုသလို မုရုန်ရှောင်ရှောင်၏ သွေးပျက်ခြောက်ခြားဖွယ်အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့ပြီး ထိုအော်သံမှာ ရုတ်ချည်းဆိုသလို ရပ်တန့်သွားခဲ့လေသည်။ ရန်ကိုင်သည်လည်း ဒေါမာန်တကြီးအမူအယာဖြင့် ချက်ချင်း ကောက်ရပ်လိုက်လေသည်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာ လုံးဝဥဿုန် တိတ်ဆိတ်နေခဲ့သည်။ သူ မည်သို့ပင် ကြိုးစားနားထောင်နေစေကာမူ မည်သည့်အသံကိုမှ မကြားနိုင်တော့ပေ။ မုရုန်ရှောင်ရှောင်၏အော်သံမှာ ရုတ်ချည်းဆိုသလို ရပ်တန့်သွားခဲ့သည့်အတွက်ကြောင့် သူမခမျာ အဖြစ်ဆိုးဆိုးတစ်ခုခုနှင့် ကြုံလိုက်ရသည်မှာ သေချာသလောက်ရှိပေသည်။ ထိုအကြောင်း‌ကြောင့် ရန်ကိုင်၏မျက်နှာကြီးမှာ လုံးဝကို မှုန်ကုပ်နေခဲ့ပြီး ဒေါသထွက်ထွက်ဖြင့် အနန္တဓါးကို ထုတ်လိုက်လေသည်။

ထို့နောက် ဓါးထဲသို့ ဧကရာဇ်ချီကို ထည့်သွင်း၍ အနန္တဓါးအား ဝှေ့ယမ်းချလိုက်ရင်းမှ အော်ပြောလိုက်လေသည်။ “လဲ့ကု… ကျုပ်ကို လာရင်ဆိုင်စမ်း…”

လဲ့ကုကမူ ဘာမှပြန်မပြောခဲ့ပေ။ ထိုအခိုက်အတန့်တွင် ဓါးလှိုင်းဖြတ်သန်းသွားရာနေရာဆီမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

ထိုအော်သံကိုကြားလိုက်သည့်အခိုက် ရန်ကိုင်ကြောင်သွားခဲ့လေသည်။ အကြောင်းမှာ အသံပိုင်ရှင်သည် ရှောင်ပိုင်ယီဖြစ်နေမှန်း သတိထားမိလိုက်သည့်အတွက်ကြောင့်ပင်။ ရန်ကိုင်လည်း အသံကြားရာဆီသို့ အမောတကော ပြေးသွားလိုက်ရာ သစ်ပင်တစ်ပင်ကို မှီကာ ရပ်နေသည့် သွေးစွန်းနေသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရင်းနှီးနေသောလူတစ်ဦးကို မြင်လိုက်ရလေသည်။ လက်ရှိအချိန်တွင် ထိုလူသည် ဒဏ်ရာကို အုပ်ထားခဲ့လေသည်။ သို့ပင်ဖြစ်လင့်ကစား သွေးများမှာတော့ ဒဏ်ရာဆီမှ ဒရဟော စီးကျနေခဲ့လေရာ ထိုလူ၏အောက်ဘက်ရှိ မြေပြင်တစ်ခုလုံး သွေးများဖြင့် စိုရွှဲနေခဲ့လေ၏။

“ရှောင်ပိုင်…” ရန်ကိုင်သည် ရှောင်ပိုင်ယီဆီသို့ လျှောက်သွားပြီး ကတုန်ကယင်လေသံဖြင့် အော်ခေါ်လိုက်သည်။

ရှောင်ပိုင်ယီမှာတော့ ရန်ကိုင်အား သွေးဆုတ်ဖြူလျော်နေသည့် အမူအယာဖြင့် ကြည့်၍ ဝမ်းနည်းတကြီးပြုံးရင်းမှ “ဂျူနီယာညီလေးရန်…”

“မင်းဒဏ်ရာ…” ရန်ကိုင်သည် ရှောင်ပိုင်ယီကိုယ်ပေါ်ရှိဒဏ်ရာကို ငေးကြောင်ကြောင်အမူအယာဖြင့် စိုက်ကြည့်နေခဲ့လေသည်။ ထိုဒဏ်ရာသည် ရှောင်ပိုင်ယီ၏ ပုခုံးရင်းမှနေ၍ ဝမ်းဗိုက်အထိသို့ ရောက်နေခဲ့ပြီး ဓါးချက်တစ်ခုကြောင့် ရထားသည့် ဒဏ်ရာဖြစ်ပေသည်။ ထို့အပြင် ထိုဒဏ်ရာဆီမှ ရန်ကိုင်၏ ဧကရာဇ်ချီအငွေ့အသက်တို့ ထွက်ပေါ်နေခဲ့လေသည်။

ရန်ကိုင်မှာ လုံးဝကို မင်သက်နေခဲ့ရလေသည်။

“ဂျူနီယာညီလေး… မင်းကိုယ်မင်း အပြစ်တင်နေစရာမလိုဘူး…” ရှောင်ပိုင်ယီသည် ရန်ကိုင်အား ပြုံးပြရင်းမှ ပြန်ပြောလိုက်သည်။ “ငါက ဘာပဲဖြစ်ဖြစ် သေတော့မှာ… မင်းအရင်ထွက်ပြေးလိုက်ပေတော့… မြန်မြန်ပြေးနော်… ဝေးနိုင်သမျှဝေးဝေးကိုပြေး…”

သို့သော်ငြား ရန်ကိုင်မှာမူ တစ်ယောက်ယောက်၏ ညှို့ယူခြင်း ခံလိုက်ရသည့်ပမာ သူ့နေရာတွင်သာ မလှုပ်မယှက် ရပ်နေခဲ့လေသည်။ သူ့အကြည့်မှာလည်း ရှောင်ပိုင်ယီကိုယ်ပေါ်ရှိ ဓါးဒဏ်ရာဆီသို့သာ ရောက်နေခဲ့သည်။ ရန်ကိုင်၏အကြည့်ထဲ ထိတ်လန့်ရိပ်၊ ကြောက်ရွံ့ရိပ်နှင့် အပြစ်မကင်းရိပ်တို့ ပြည့်နေခဲ့လေသည်။ ဤအတိုင်း ကောက်ခါငင်ခါဖြင့် ထုတ်သုံးလိုက်သော ဓါးချက်တစ်ချက်သည် ရှောင်ပိုင်ယီအား သွားထိလိမ့်မည်ဟု ရန်ကိုင် အမှန်တကယ်ကို ထင်မထားခဲ့ပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၆၃)

ဘာသာပြန်သူ_တိမ်တိုက်

"ပြေးပေတော့" ရှောင်ပိုင်ယီက ရုတ်တရက် ထအော်လေသည်။ ထိုကဲ့သို့ ထအော်လိုက်သည့်အတွက်ကြောင့် သူ့ဒဏ်ရာမှာ ပို၍ အခြေအနေဆိုးသွားရကာ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းထားသော ဧကရာဇ်ချီမှာလည်း ချက်ချင်း ပျက်စီးသွားခဲ့ရလေသည်။ များလှစွာသော နတ်ဆိုးချီတို့မှာ သူ့ခန္ဓာကိုယ်ထဲသို့ နှာခေါင်း၊ ပါးစပ်နှင့် ပွင့်နေသော ဒဏ်ရာမှတစ်ဆင့် တရဟော စီးဝင်လာလေ၏။ အကျိုးဆက်အနေဖြင့် ရှောင်ပိုင်ယီမှာ တစ်ခဏလေးအတွင်း နတ်ဆိုးအသွင်ပြောင်းမည့် လက္ခဏာများ ပြလာတော့လေသည်။

ရှောင်ပိုင်ယီမှာ အသိစိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းချုပ်ထားရင်းမှ အသံကုန်ဟစ်ကာ အော်ဟစ်လိုက်သည်။ မျက်လုံးများမှာလည်း တဆတ်ဆတ်ကို တုန်ယင်လာနေခဲ့ပြီး မူလက အဖြူအမည်း ဖြစ်နေသော မျက်လုံးများမှာ တဖြည်းဖြည်းနှင့် အနက်ရောင် ပြောင်းလာတော့လေသည်။ သူ့မျက်လုံးများ လုံးဝ အနက်ရောင် ပြောင်းမသွားခင် ရှောင်ပိုင်ယီသည် သူ့ခွန်အားကို တတ်နိုင်သမျှ စုစည်း၍ သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် ကြိုးစားလေသည်။ ချက်ချင်းဆိုသလို ရှောင်ပိုင်ယီ၏ ခန္ဓာကိုယ်ကြီးမှာ ဖောင်းတက်လာခဲ့ပြီး ဘုန်းခနဲ မြည်သံနှင့်အတူ ပေါက်ကွဲထွက်သွားခဲ့သည်။ အသားစများနှင့် သွေးစများသည် အဘက်ဘက်သို့ လွင့်စင်ထွက်ကုန်လေ၏။ မသိလျှင် သစ်ပင်ကြီးတစ်ပင်အောက်ဝယ် သွေးပန်းတစ်ပွင့် ပွင့်လန်းလာသည့်အလား။

ရန်ကိုင်သည် ကောင်းကင်ပေါ်သို့ မော့၍ အသံကုန် အော်ဟစ်လိုက်သည်။ သူ၏ အော်ဟစ်သံထဲဝယ် ဒေါသနှင့် ယူကျုံးမရဖြစ်မှုတို့ဖြင့် ပြည့်နေခဲ့သည်။ သူ့ကိုယ်ထဲ ရှိနေသော ဧကရာဇ်ချီတို့မှာလည်း အရူးအမူး လှည့်ပတ်လာပြီး သူ့မျက်လုံးများမှာလည်း နီရဲတက်လာခဲ့လေသည်။ ရုတ်တရက်ဆိုသလို ရန်ကိုင်၏ အော်ဟစ်သံသည် ဗြုန်းစားကြီး ရပ်တန့်သွားခဲ့ပြီး ဘေးပတ်ဝန်းကျင်ကို အေးစက်စက်အမူအရာဖြင့် လှည့်ပတ်ကြည့်၍ ပြောလိုက်လေသည်။ "လဲ့ကု၊ ဒီနေ့ ခင်ဗျား အလောင်းကို တစ်စစီဖြစ်အောင် မလုပ်နိုင်ရင် ကျုပ်မျိုးရိုးနာမည် ရန် မဟုတ်တော့ဘူး"

ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည့်အခိုက် လဲ့ကု၏ အော်ရယ်သံကို ကြားလိုက်ရလေသည်။ အော်ရယ်သံကို ကြားလိုက်သည့်အခိုက် ရန်ကိုင်မှာ အရူးတစ်ပိုင်း ဖြစ်သွားခဲ့ပြီး အနန္တဓားထဲသို့ ဧကရာဇ်ချီကို ထည့်သွင်းရင်းမှ ဘေးပတ်ဝန်းကျင်သို့ ဓားလှိုင်းများကို တစ်လှိုင်းပြီးတစ်လှိုင်း ပစ်လွှတ်လိုက်လေသည်။ ထိုကဲ့သို့ တိုက်ခိုက်နေရင်းမှ ရန်ကိုင်၏ စိတ်ခံစားချက်များမှာ ပိုပို၍ မတည်မငြိမ်ဖြစ်လာခဲ့ပြီး သူ့မျက်လုံးများမှာလည်း နီရဲသည်ထက် ပိုပို၍ နီရဲလာခဲ့လေသည်။

"စီနီယာအစ်ကိုရန်" သိမ်မွေ့သည့် အသံတစ်သံသည် ရန်ကိုင်၏ အနောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်သည် နောက်သို့ပင် လှည့်ကြည့်မနေခဲ့ဘဲ ထိုအရပ်ရှိရာဆီသို့ သူ့ဓားကို ကောက်ဝှေ့ယမ်းချလိုက်လေသည်။ ရန်ကိုင်၏ ဓားချက်မှာ ထိုလူ၏ ပတ်လည်တွင် ရှိနေသော ဧကရာဇ်ချီအကာအကွယ်ကို ဖျက်ဆီးသွားခဲ့ပြီး ထိုလူ၏ ခန္ဓာကိုယ်ကို သွားရောက်ထိမှန်လေသည်။

ထို့နောက်တွင် သူ့ဓားကို ဝှေ့ယမ်းလိုက်ရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ မူရုံရှောင်ရှောင်မှ သူ့အား ငေးကြောင်ကြောင်ဖြင့် ကြည့်နေကြောင်းကို တွေ့လိုက်ရသည်။ လက်ရှိအချိန်တွင် မူရုံရှောင်ရှောင် တစ်ကိုယ်လုံး သွေးများဖြင့် နီရဲနေခဲ့ပြီး သူမ၏ မျက်လုံးလေးများမှာလည်း မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နေခဲ့လေသည်။ ထို့နောက်တွင် သူမ၏ နဖူးထိပ်လေးမှ အစပြု၍ မေးစေ့ရောက်သည့်အထိ သွေးအစင်းကြောင်းလေးတစ်ကြောင်း ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး နှစ်ပိုင်းကွဲထွက်သွားခဲ့ပြီး ဘုန်းခနဲ မြည်သံနှင့်အတူ ပေါက်ကွဲထွက်သွားခဲ့လေသည်။

ရန်ကိုင် အသက်ကို အမောတကြီး ရှူရှိုက်နေခဲ့လေသည်။ သူ၏ သွေးရောင်မျက်လုံးများမှာ ယာယီမျှ ကြောင်တောင်တောင် ဖြစ်သွားခဲ့လေ၏။ သို့သော်ငြား ရန်ကိုင် ထိုမျှသာ ဖြစ်သွားခဲ့ခြင်း ဖြစ်လေသည်။ သူ့ကိုယ်ပတ်လည်တွင် ရှိနေသော အနက်ရောင်ချီများမှာတော့ ရန်ကိုင်၏ ကိုယ်ထဲသို့ အဆီးအတားမရှိ တရဟော စီးဝင်နေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်ကမူ ထိုအချင်းအရာကို သတိမပြုမိသည့်ပုံပင်။ မကြာခင်မှာပင် ရန်ကိုင် တစ်ကိုယ်လုံး သိပ်သည်းလှသည့် နတ်ဆိုးချီတို့ဖြင့် ပြည့်သွားခဲ့လေသည်။

လဲ့ကု၏ အသံ ထပ်မံထွက်ပေါ်လာခဲ့သည်။ "ကိုယ့်လူကိုယ် ပြန်သတ်ရတာ ဘယ်လိုနေလဲ၊ ဟမ် နတ်ဆိုးအသွင်ပြောင်းရတာရော ဘယ်လိုနေလဲကွ"

ရန်ကိုင်ကမူ ထိုစကားများကို မကြားသည့်အလား တုတ်တုတ်မျှ မလှုပ်ခဲ့။ သူ့ဓားကိုသာ အရူးအမူး ဝှေ့ယမ်းနေခဲ့လေသည်။ ရန်ကိုင် ရင်းနှီးသော လူများနှင့်တကွ မရင်းနှီးသော လူများမှာ တစ်ယောက်ပြီးတစ်ယောက် ဘက်ပေါင်းစုံမှ ပေါ်လာကြသည်။ သို့သော်ငြား ထိုလူအားလုံးမှာ ရန်ကိုင်၏ ဓားချက်များအကြား နှစ်ပိုင်းပြတ်ထွက်သွားကုန်ကြလေသည်။ ထိုသို့ဖြင့် ရန်ကိုင်၏ ဘေးဘက်ပတ်လည်၌ အလောင်းများ တောင်နှယ် ပုံထပ်လာတော့လေ၏။

ရန်ကိုင်မှာ အချိန်မည်မျှ ကြာသွားမှန်းမသိ။ သူ့အနန္တဓားကိုသာ အဆက်မပြတ် ဝှေ့ယမ်းနေခဲ့လေသည်။ နောက်ဆုံးတွင်တော့ တဖြည်းဖြည်း မောလာသည့်အလား ဓားကို မှီထားလိုက်တော့လေ၏။ လက်ရှိအချိန်တွင် ရန်ကိုင်၏ ခန္ဓာကိုယ်တစ်ခုလုံး သိပ်သည်းလှသည့် နတ်ဆိုးချီတို့ဖြင့် ပြည့်နေခဲ့လေပြီ။ သူ့မျက်လုံးများမှာလည်း လုံးဝကို အနက်ရောင်သန်းနေခဲ့လေပြီ။

ထိုအချိန်အတောအတွင်း အမှောင်ထဲ၌ လူနှစ်ဦး ရပ်နေခဲ့လေသည်။ ထိုလူနှစ်ဦးမှာ သိပ်သည်းလှသည့် နတ်ဆိုးချီတို့ဖြင့် ပြည့်နေသော ရန်ကိုင် ရှိနေရာ အရပ်ဆီသို့ လှမ်း၍ ကြည့်နေကြခြင်း ဖြစ်လေသည်။ ထိုနှစ်ဦးသည် လဲ့ကုနှင့် ဖုန်းမင်တို့မှ လွဲ၍ အခြား မဟုတ်ပေ။

"ဒီလောက်ဆို အဆင်ပြေပြီနဲ့တူတယ်" ဖုန်းမင်က မေးလိုက်သည်။

လဲ့ကုကမူ မသေချာသည့်အလား မျက်မှောင်ကြုတ်နေခဲ့လေသည်။ လက်ရှိအခြေအနေကို ကြည့်ရသလောက်တော့ ပြဿနာ မရှိလောက်တော့သည့်ပုံပင်။ သို့ပင်ဖြစ်လင့်ကစား လိုရမည်ရ ခေါင်းခါ၍ ပြန်ပြောလိုက်လေသည်။ "သူ့မှာ နဂါးသွေးရှိနေတယ်၊ အဲဒီနဂါးသွေးက နတ်ဆိုးချီကို ခုခံတဲ့နေရာမှာ တော်တော်အသုံးဝင်တာ၊ ဒီတော့ သတိထားပြီးတော့ နည်းနည်းပါးပါး ထပ်စောင့်ကြည့်လိုက်ရင် ပိုကောင်းလိမ့်မယ်"

ဖုန်းမင်က ပြန်ပြောလိုက်သည်။ "အရင် နဂါးကလန်သားတွေ နတ်ဆိုးအသွင်ပြောင်းလဲတဲ့ ကိစ္စမျိုး မရှိဖူးဘူးဆိုပေမဲ့ သူ့သွေးမျိုးဆက်က သန့်တာမှ မဟုတ်တာ၊ ပြီးတော့ သူ့စိတ်အခြေအနေကလည်း တည်ငြိမ်နေတာ မဟုတ်ဘူး၊ တည်တည်ငြိမ်ငြိမ် ရှိနေတယ်ဆိုရင်တော့ နတ်ဆိုးချီကို ခုခံရင်ခုခံနိုင်ဦးမှာ၊ ဒါပေမဲ့ သူ့လူသူ ပြန်သတ်ထားတာလေ၊ ဒီတော့ သူ့စိတ်ထဲမှာ ကိုယ်တွင်းနတ်ဆိုးတွေ ဖြစ်နေလောက်ပြီ၊ အဲဒီလိုအခြေအနေကြီးနဲ့ ဒီနတ်ဆိုးချီထဲမှာ ပိတ်မိနေတာဆိုတော့ သူ့ဘာသာသူ ဘယ်လိုကြီးပဲဖြစ်နေဖြစ်နေ အကြာကြီးတော့ ခုခံနိုင်မှာ မဟုတ်ဘူး၊ အခုအချိန်လောက်ဆို လုံးဝနတ်ဆိုးတစ်ကောင်အဖြစ်ကို ပြောင်းသွားလောက်ပြီ"

လဲ့ကုက ခေါင်းညိတ်၍... "အဲဒီလိုဆိုပေမဲ့"

လဲ့ကု ကြည့်ရသည်မှာ တုံ့ဆိုင်းနေသည့်ပုံပင်။

ဖုန်းမင်က ပြောလိုက်လေသည်။ "ငါ သူ့ကို သွားစမ်းသပ်ကြည့်လိုက်မယ်၊ သူ့လိုလူမျိုးက ရှာတွေ့ဖို့ မလွယ်ဘူး၊ သူ့ကိုသာ ကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင် ငါတို့အတွက် ကျိန်းသေ အကူအညီအကြီးကြီးဖြစ်မှာ"

"အင်း၊ သတိတော့ထားနော်" လဲ့ကုက သတိပေးလိုက်လေသည်။

ဖုန်းမင်လည်း ခေါင်းညိတ်၍ ရန်ကိုင် ရှိရာ အရပ်ဆီသို့ ပျံသန်းသွားလေသည်။ သူ့စိတ်ထဲ ရန်ကိုင် လုံးဝနတ်ဆိုးအသွင်သို့ ပြောင်းသွားပြီမှန်း သေချာနေသည့်တိုင် သတိတော့ လွှတ်မထားရဲပေ။ တောက်လျှောက်ကို သတိချပ်ထားခဲ့လေသည်။ တစ်ခုခု မူမမှန်သည်နှင့် အချိန်မရွေး ပြန်ဆုတ်နိုင်ရန်အလို့ငှာ သူ့ကိုယ်ထဲရှိ နတ်ဆိုးချီများကိုလည်း တစ်ခါတည်း ကြိုတင်လှည့်ပတ်ထားခဲ့သည်။

ဖုန်းမင်မှ အရှေ့သို့ လမ်းလျှောက်သွားနေစဉ်အတောအတွင်း အဆုံးမဲ့နတ်ဆိုးချီမှာ အလိုလို ကွဲထွက်သွားခဲ့ပြီး ဖုန်းမင်အတွက် လမ်းကြောင်းတစ်ခု ဖန်တီးပေးလိုက်လေသည်။ မကြာမီ အမှောင်ထုတို့ဖြင့် ပြည့်နေသော ရှုခင်းတစ်ရပ် ပေါ်လာခဲ့လေသည်။ ရန်ကိုင်နှင့် မီတာသုံးဆယ်ခန့်အကွာသို့ ရောက်လာသည့်အခါတွင်တော့ ဖုန်းမင်သည် ရန်ကိုင်၏ အခြေအနေကို သေသေချာချာ အကဲခတ်လေ့လာနေရင်းမှ ရှေ့သို့ ဖြည်းဖြည်းချင်း တိုးသွားလိုက်လေသည်။ မကြာမီ ရန်ကိုင်နှင့် တစ်မီတာခန့်အကွာသို့ ရောက်လာတော့လေသည်။ ရုတ်တရက်ဆိုသလို ဖုန်းမင်၏ လက်သည် လက်သည်းများအသွင်သို့ ပြောင်းသွားခဲ့ပြီး ရန်ကိုင်၏ ရင်ဘတ်ဆီသို့ သတိမပေးဘာမပေးနှင့် တိုးဝင်သွားခဲ့သည်။

စွက်ခနဲ မြည်သံနှင့်အတူ ဖုန်းမင်၏ လက်သည်းသည် ရန်ကိုင်၏ ရင်ဘတ်ထဲသို့ လက်ညှိုးတစ်ချောင်းစာခန့် နစ်ဝင်သွားခဲ့သည်။ သွေးများ တရဟော ပန်းထွက်လာခဲ့ပါသော်ငြား ရန်ကိုင်ကမူ မည်သည့်နာကျင်မှုကိုမျှ မခံစားရသည့်အလား သစ်တုံးကြီးတစ်တုံးပမာ မလှုပ်မယှက်သာ ရှိနေလေသည်။

ထိုအချင်းအရာကို မြင်လိုက်သော် ဖုန်းမင် ရယ်သွမ်းသွေးလိုက်လေ၏။ [သေချာသွားပြီ၊ ဒီကောင် လုံးဝကို နတ်ဆိုးပြောင်းသွားပြီ၊ ထင်တဲ့အတိုင်းပဲ ဒီလောက်တောင် ကိုယ့်လူတွေကိုယ် ပြန်သတ်ထားတာ၊ ကိုယ်တွင်းနတ်ဆိုး ဖြစ်လာနေပြီဆိုမှတော့ နတ်ဆိုးချီကူးစက်တာကို ဘယ်လိုလုပ်ပြီး ခံနိုင်တော့မှာလဲ]

လဲ့ကုမှာမူ ထိုအချင်းအရာကို မြင်လိုက်သည့်အခါမှသာ သက်ပြင်းချလိုက်နိုင်တော့လေသည်။ [ဒါနဲ့ဆိုရင်တော့ ငါ့တာဝန်ပြီးသွားပြီလို့ ပြောလို့ရတယ်၊ အစကတော့ ဒီကိစ္စကို အထက်အကြီးအကဲတွေဆီ ဘယ်လိုပြန်တင်ပြရင် ကောင်းမလဲ စဉ်းစားနေတာ၊ ဒါပေမဲ့ အခု ဒီကောင်ကို ဖမ်းမိသွားပြီဆိုတော့ ကိစ္စမရှိတော့ဘူး၊ ဒီကောင်က လေဟာနယ်တာအိုကိုလည်း ကျွမ်းတယ်၊ နဂါးသွေးကိုလည်း ပိုင်ဆိုင်ထားတယ်ဆိုတော့ နောက်ပိုင်း ငါတို့အတွက် ကျိန်းသေ အသုံးဝင်မှာ]

ဖုန်းမင်မှ သူ့လက်ကို ပြန်ဆွဲထုတ်လိုက်သည့်အခါ ရန်ကိုင် ရင်ဘတ်မှ သွေးများ တရဟော စီးကျလာခဲ့လေသည်။ သို့တိုင် ရန်ကိုင်မှာတော့ နာကျင်မှုကို လုံးဝမခံစားရသည့် ပုံစံမျိုးဖြင့် ရှိနေခဲ့လေသည်။ ဖုန်းမင်သည် ရန်ကိုင်အား စက်ဝိုင်းပုံစံအတိုင်း လှည့်ပတ်ကြည့်နေပြီးသည့်နောက် ခေါင်းတညိတ်ညိတ်လုပ်လျက်... "ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်"

ရန်ကိုင် အရှေ့သို့ ပြန်ရောက်လာပြီးသည့်နောက်တွင် ဖုန်းမင်သည် သူ့အိတ်ကပ်ထဲမှ အနက်ရောင်သေတ္တာတစ်လုံးကို ထုတ်လိုက်လေသည်။ ထိုသေတ္တာကို ဘာမှန်းမသိရသော သတ္တုများဖြင့် ပြုလုပ်ထားလေ၏။ သေတ္တာအဖုံးကို ဖွင့်လိုက်ချိန်တွင်တော့ သေတ္တာထဲ၌ အစေ့တစ်စေ့နှင့် ဆင်တူသည့် အရာတစ်ခု ရှိနေခဲ့လေသည်။ ထိုအစေ့မှာ နတ်ဆိုးချီကဲ့သို့ပင် လုံးဝကို အနက်ရောင်ဖြစ်နေခဲ့လေသည်။ အစေ့အရွယ်အစားမှာ ပဲစေ့တစ်စေ့မျှလောက်သာ ရှိပါသော်ငြား ၎င်းဆီမှ ထွက်ပေါ်လာနေသည့် စိတ်စွမ်းအင်လှိုင်းများအရ ဤအစေ့သည် အစေ့တစ်ခုမဟုတ်ဘဲ လူတစ်ဦး ဖြစ်နေသည့်ပမာ။

ဖုန်းမင်သည် အစေ့ကို ကောက်၍ ရန်ကိုင်၏ နဖူးဆီသို့ ကောက်ကပ်လိုက်သည်။ ရန်ကိုင် နဖူးနှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် အစေ့မှာ အသက်ဝင်လာသည့်အလား ရန်ကိုင်၏ အသားထဲသို့ အတင်းမရမက တိုးဝင်သွားခဲ့ပြီး မကြာမီတွင် ဖုန်းမင်၏ မြင်ကွင်းမှ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။

တစ်ချိန်တည်း၌ ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲ လူတစ်ဦး ပေါ်လာခဲ့လေသည်။ ထိုလူတစ်ကိုယ်လုံးကို အနက်ရောင်ချီများမှ လွှမ်းခြုံထားခဲ့ပြီး ၎င်း၏ မျက်နှာအသွင်အပြင်မှာလည်း အဆက်မပြတ်ကို တွန့်လိမ်ပြောင်းလဲနေခဲ့လေရာ ထိုလူ၏ မျက်နှာပုံစံ မည်ကဲ့သို့ရှိသလဲဆိုသည်ကို အလွန်ကိုမှ ပြောရခက်လှပေသည်။

"ဒီတော့ ဒီနည်းလမ်းနဲ့ အခြားသူတွေရဲ့ခန္ဓာကိုယ်ကို ဝင်စီးတာပေါ့" အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုအသံကို ကြားလိုက်ချိန် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲ၌ ပေါ်လာသည့် အနက်ရောင်ပုံရိပ် ထိတ်လန့်သွားခဲ့ပြီး အသံကြားရာဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။ ထိုအရပ်တွင် ရန်ကိုင်၏ နတ်ဝိညာဉ်သည် စက်သွားဓားအရှည်တစ်ချောင်းကို ကိုင်ရင်းမှ လှောင်ပြုံးပြုံးကာ ရပ်နေကြောင်း တွေ့လိုက်ရလေ၏။

"မင်း ဘာမှမဖြစ်ဘူးလား" ခြောက်အက်အက်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ အသံကို နားထောင်ရသလောက် အမျိုးသားလား အမျိုးသမီးလားဆိုသည်ကို ပြောရခက်လှပေသည်။ သို့သော်ငြား ထိုလူ၏ အသံထဲ မယုံကြည်နိုင်မှုတို့ကို အထင်သား မြင်တွေ့နေရပေသည်။

ရန်ကိုင်၏ နတ်ဝိညာဉ်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူလှည့်စားခံလိုက်ရပြီမှန်း ထိုလူ မသိဘဲ ဘယ်နေပါမည်နည်း။ ရန်ကိုင်သည်သာ နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားခဲ့မည်ဆိုလျှင် သူ့နတ်ဝိညာဉ်တစ်ခုလုံးသည်လည်း နတ်ဆိုးချီများဖြင့် ပြည့်နေသင့်ပေသည်။ ပုံမှန်အားဖြင့် သူ့အဖို့ ရန်ကိုင်၏ ခန္ဓာကိုယ်ကို ဝင်စီးရန်အလို့ငှာ ရန်ကိုင်၏ နတ်ဝိညာဉ်အား ဝါးမျိုပစ်လိုက်ရုံဖြင့် အဆင်ပြေပေလေပြီ။

[ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးက လုံးဝကို နတ်ဆိုးအသွင်ကို ပြောင်းသွားပြီလေ၊ ဘယ်လိုလုပ်ပြီး သူ့အသိစိတ်ကို အခုလိုမျိုး ထိန်းထားနိုင်ရသေးတာလဲ၊ ငါ ဒီကိုရောက်လာတဲ့အထိ တမင်တကာကို ထိုင်စောင့်နေတာလား၊ ဒါဆိုရင် ဖုန်းမင် တိုက်ခိုက်တာကို ဘာဖြစ်လို့ ဘာမှပြန်မလုပ်တာလဲ၊ ဖုန်းမင် သူ့အသက်ကို မနုတ်ယူဘူးလို့ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သေချာနေရတာလဲ၊ ဒီကောင် တကယ်ကို မဆင်မခြင်နိုင်တာပဲကွ]

"တစ်ခုခုလိုချင်ရင် တစ်ခုခုကတော့ ပြန်ပေးဆပ်ရမှာပဲလေ" ရန်ကိုင်သည် အနက်ရောင်ပုံရိပ်အား ပြုံးဖြီးပြလိုက်လေသည်။

အနက်ရောင်ပုံရိပ်သည် အနက်ရောင်မြူခိုးတစ်ခုအသွင်သို့ ပြောင်းလဲသွားပြီး ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲမှ ထွက်ပြေးရန် ကြိုးစားတော့လေသည်။ ကံမကောင်းစွာဖြင့် ဤနေရာတွင် ရန်ကိုင်သည် အရှင်သခင်တစ်ပါး ဖြစ်လေသည်။ ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်လာရန်လွယ်ပါသော်ငြား ပြန်ထွက်သွားဖို့ရာမူ ရန်ကိုင်၏ ခွင့်ပြုချက်ကို ရလျှင်ရ မရလျှင် အသိစိတ်ပင်လယ် အတားအဆီးအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားရန် လိုအပ်ပေသည်။ အနက်ရောင်အရိပ်မှာ အားကောင်းပါသော်ငြား နတ်ဆိုးဝိညာဉ်တစ်ကောင်သာ ဖြစ်လေသည်။ ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားခြင်း မရှိလေရာ ၎င်း၏ ခွန်အားအကုန်အစင်ကို ထုတ်သုံးနိုင်ခြင်း မရှိတော့။ ထိုသို့ဖြစ်လေရာ ရန်ကိုင်၏ အသိစိတ်ပင်လယ် အတားအဆီးကို မည်ကဲ့သို့များ ဖျက်ဆီးပစ်နိုင်ပါမည်နည်း။ ထိုအတွက်ကြောင့် အနက်ရောင်အရိပ်မှာ ထွက်ပြေးချင်ပါသော်ငြား ထွက်မပြေးနိုင်ဘဲ လှောင်အိမ်ထဲ ပိတ်မိနေသည့် သားရဲတစ်ကောင်ပမာ ဖြစ်နေခဲ့လေသည်။ အသိစိတ်ပင်လယ်ထဲရှိ အခြေအနေကို အပြင်သို့ပင်လျှင် သတင်းပြန်မပို့နိုင်ခဲ့ပေ။

ထိုအချိန်အတောအတွင်း ရန်ကိုင်သည် ထွက်ပြေးရန် ကြိုးစားနေသော အနက်ရောင်အရိပ်ကို သူ့လက်ထဲရှိ စက်သွားဓားဖြင့် ချိန်ရွယ်လိုက်လေသည်။ ဓားဖြင့် ရွယ်ခြင်းခံလိုက်ရသည်နှင့် တစ်ပြိုင်နက် အနက်ရောင်အရိပ်မှာ ကံဆိုးမိုးမှောင်ကျတော့မည်ဟု ခံစားလာခဲ့ရသည်။ သူ့တွင် ရုပ်ခန္ဓာ မရှိပါသော်ငြား သူ့တစ်ကိုယ်လုံး အေးစက်လာသလို ခံစားလိုက်ရလေ၏။ ရန်ကိုင်၏ လက်မှ လွတ်နိုင်တော့လိမ့်မည် မဟုတ်မှန်း သိလိုက်သော်ချက်ချင်းပဲ ရန်ကိုင်ဘက်သို့ လှည့်၍ ရန်ကိုင်ကိုပါ သူနှင့်အတူ အပါဆွဲခေါ်သွားရန် ကြိုးစားတော့လေသည်။

"ပိုင်းဖြတ်လိုက်စမ်း" ထိုအသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် စက်သွားဓားသည် မသိမသာလေး တုန်ခါသွားခဲ့ပြီးသည့်နောက် ဓားအလင်းတန်းတစ်ခုအသွင်သို့ ပြောင်းသွားခဲ့လေသည်။ ထို့နောက်တွင် တဟုန်ထိုး ပြေးထွက်သွားခဲ့ပြီး အနက်ရောင်အရိပ်အား သွားရောက်ထိမှန်လေ၏။ ဓားအလင်းတန်း၏ ထိမှန်ခြင်းခံလိုက်ရသည်နှင့် တစ်ပြိုင်နက် သွေးပျက်ချောက်ချားဖွယ် အော်ဟစ်သံနှင့်အတူ အနက်ရောင်အရိပ်မှာ နှစ်ပိုင်းကွဲထွက်သွားခဲ့ပြီး ဗလာနတ္ထိအသွင်သို့ လွင့်စဥ်ပျောက်ကွယ်သွားခဲ့ရလေသည်။

သူ့အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်လာသော နတ်ဆိုးဝိညာဉ်ကို ရှင်းပစ်ပြီးသည့်နောက်တွင် ရန်ကိုင်၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး သူ၏ နတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲသို့ ပြန်ပို့လိုက်လေသည်။ အမှောင်ထုထဲဝယ် ရန်ကိုင် မျက်လုံးပြန်ဖွင့်လာခဲ့လေသည်။ သူ့မျက်လုံးများမှာ လုံးဝကို နက်မှောင်နေခဲ့သည်။ မူလက တောင့်တောင့်ကြီး ဖြစ်နေသော သူ့မျက်နှာအထက်ဝယ် ခံစားချက်အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။

ဖုန်းမင်သည် ရန်ကိုင်၏ အရှေ့၌ လက်နောက်ပစ်ကာ ရပ်နေခဲ့လေသည်။ ရန်ကိုင် မျက်လုံးပွင့်လာသည်ကို မြင်သော် ခေါင်းညိတ်၍ ပြောလိုက်လေ၏။ "သွားကြမယ်"

ထို့နောက်တွင် ရန်ကိုင်အား တစ်ချက်မျှပင် စစ်ဆေးမနေတော့ဘဲ အရှေ့မှ ဦးဆောင်ထွက်သွားလေ၏။

ဖုန်းမင်၏ ကျောပြင်ကို ကြည့်ရင်း ရန်ကိုင်မှာ ဖုန်းမင်အား တစ်ခါတည်း အသေသတ်ပစ်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာခဲ့လေသည်။ သို့တိုင် ထိုသို့မလုပ်မိအောင် သူ့ကိုယ်သူ အတတ်နိုင်ဆုံး ထိန်းထားခဲ့သည်။

သိပ်သည်းလှသည့် နတ်ဆိုးချီများကို ဖြတ်ကျော်ရင်း ရန်ကိုင်တို့ နှစ်ဦးသည် မကြာမီတွင် လဲ့ကု အရှေ့၌ ပေါ်လာခဲ့လေသည်။ ထိုအခါ ဖုန်းမင်က ပြုံး၍ ပြောလိုက်လေ၏။ "ပြီးသွားပြီ"

ထိုနည်းတူစွာပင် လဲ့ကုမှာလည်း အပြုံးကြီးပြုံးနေခဲ့လေသည်။ ရန်ကိုင်ကို ကြည့်ရင်းမှ ခေါင်းကို တညိတ်ညိတ်လုပ်နေခဲ့သည်။ ရန်ကိုင်က လက်သီးဆုပ်၍ လဲ့ကုအား နှုတ်ဆက်လိုက်လေ၏။ "ဆရာ"

ရန်ကိုင်မှ ထိုကဲ့သို့ နှုတ်ဆက်လိုက်သည်နှင့် တစ်ပြိုင်နက် လဲ့ကု မျက်နှာထက်ရှိ အပြုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။ အလားတူပင် ဖုန်းမင်သည်လည်း အံ့အားသင့်တကြီးအမူအရာဖြင့် ရန်ကိုင်အား လှည့်ကြည့်လာခဲ့သည်။

ထိုအချင်းအရာကို မြင်လိုက်သော် ရန်ကိုင် ရင်ထိတ်သွားတော့လေသည်။ ချက်ချင်းပဲ သူအယောင်ဆောင်နေသည်မှာ ပေါ်သွားပြီမှန်း သိလိုက်လေသည်။ [စကားလေးတစ်ခွန်းပဲကို ဒီလောက်တောင် ပြဿနာများသွားတာလား]

ရန်ကိုင် သူ့အတွေးအား ဆုံးအောင် မတွေးနိုင်သေးခင်မှာပင် လဲ့ကုနှင့် ဖုန်းမင်တို့မှာ ဘယ်ဘက်နှင့် ညာဘက်ဆီသို့ အသီးသီး ပြေးထွက်သွားခဲ့ကြလေသည်။ ရန်ကိုင်သည်လည်း အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်း မရှိဘဲ ချက်ချင်း လှုပ်ရှားလိုက်လေသည်။ လေဟာနယ်နိယာမစွမ်းအားများကို အသုံးပြု၍ လဲ့ကုနှင့် ဖုန်းမင်တို့ ပြေးမလွတ်နိုင်အောင် ဟင်းလင်းပြင်တစ်ခုလုံးကို ခဲချပစ်လိုက်သည်။ တစ်ချိန်တည်းတွင် လဓားသွားနှစ်စင်းကို အသီးသီး ပစ်လွှတ်လိုက်လေ၏။

သို့ပင်ဖြစ်လင့်ကစား အလျင်စလို လှုပ်ရှားလိုက်ရခြင်းဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ သူ့ခွန်အားအကုန်အစင်ကို ထုတ်သုံးနိုင်ခြင်း မရှိခဲ့ပေ။

ဖုန်းမင်မှာတော့ ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး ဆိုသည့်အတိုင်း ရန်ကိုင်၏ လေဟာနယ်အချုပ်အနှောင်ကို ချိုးဖျက်၍ ဆက်လက် ထွက်ပြေးသွားနိုင်ခဲ့လေရာ လဓားသွားအား ပွတ်ကာသီကာလေး ရှောင်တိမ်းသွားနိုင်ခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၆၄)

ဘာသာပြန်သူ_တိမ်တိုက်

ဖုန်းမင်မှာတော့ ထိုမျှ ကံကောင်းခြင်းမရှိခဲ့ပေ။ လေဟာနယ်နိယာမများ၏ ချုပ်နှောင်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် ထိတ်လန့်ရာမှ အသိပြန်ဝင်မလာနိုင်သေးခင်မှာပင် လဓါးသွားသည် သူ့အား ဖြတ်တောက်သွားခဲ့သည်။ လခြမ်းကွေးပုံစံအပေါက်တစ်ပေါက် သူ့ရင်ဘတ်ပေါ်၌ ပေါ်လာခဲ့ပြီး သူ့ကိုယ်တွင်းအင်္ဂါများကို ထိုဒဏ်ရာမှတစ်ဆင့် အတိုင်းသားမြင်တွေ့နေခဲ့ရလေသည်။

သူ့ရင်ဘတ်ရှိ ဒဏ်ရာကြီးကို ကြည့်ရင်း ဖုန်းမင် မျက်လုံးအပြူးသား ဖြစ်သွားခဲ့လေသည်။ လက်ရှိဖြစ်နေသည့်အရာကို သူ့ခမျာ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ ဤခန္ဓာကိုယ်ကြီးသည် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး၏ ခန္ဓာကိုယ်ဖြစ်ကာ ရန်ကိုင်နှင့် ကျင့်ကြံခြင်းအဆင့် အတူတူပင် ဖြစ်လေသည်။ သို့သော်ငြား ရန်ကိုင်၏ တိုက်ကွက်တစ်ကွက်ကြောင့် ဤဘဝသို့ ရောက်သွားခဲ့ရသည်။ ယခုကဲ့သို့ ဖြစ်သွားရခြင်းမှာ သူ့ဘက်မှ အလစ်အငိုက်မိသွားသည့်အတွက်ကြောင့် ဖြစ်သည်ဟု ပြော၍ရပါသော်ငြား တစ်ဖက်လူ၏ခွန်အား ကြောက်မက်ဖွယ်ကောင်းသည့်အချက်ကိုတော့ ငြင်း၍မရပေ။

သူသည်သာ တကယ်ကြီး ဖုန်းမင်ဖြစ်နေခဲ့မည်ဆိုပါက ထိုတိုက်ခိုက်မှုကြောင့် တစ်ခါတည်း အသက်ပျောက်သွားခဲ့ရပေလိမ့်မည်။ သို့သော်ငြား ဖုန်းမင်၏ခန္ဓာကိုယ်ကို နတ်ဆိုးဝိဉာဉ်တစ်ကောင်မှ ဝင်စီးထားခြင်း ဖြစ်သည့်အလျောက် ဤကဲ့သို့သော အလွန်တရာကိုမှ ပြင်းထန်လှသည့် ဒဏ်ရာကို ရလိုက်သည့်တိုင် ချက်ချင်းသေသွားခဲ့ခြင်း မရှိပေ။ မြောက်မြားလှစွာသော နတ်ဆိုးချီတို့သည် ဒဏ်ရာမှ ထွက်ပေါ်လာခဲ့ပြီး ဒဏ်ရာကို စတင်၍ ပြန်လည်ကုစားတော့လေသည်။

ထိုအချိန်အတောအတွင်း လဲ့ကုသည် မာန်သွင်းအော်ဟစ်ရင်းမှ လဓါးသွားကို ရှောင်တိမ်းလိုက်လေသည်။ လဲ့ကုသည် သူ့ခွန်အားအကုန်အစင်ကို ထုတ်သုံးရင်း လေဟာနယ်နိယာမစွမ်းအားများ၏ ထိန်းချုပ်မှုအောက်မှ အတင်းရုန်းထွက်ကာ ကြောက်လန့်တကြား ပြန်ဆုတ်သွားရင်း အမှောင်ထုထဲသို့ ပြေးပုန်းရန် ကြိုးစားလိုက်လေသည်။ သူသည်သာ ရန်ကိုင်၏တိုက်ခိုက်မှုကို ရှောင်ရှားလိုက်နိုင်သရွေ့ နောက်တစ်ကြိမ် ပြန်ပုန်းနိုင်ပေလိမ့်မည်။ ဤအမှောင်ထုထဲဝယ် ရန်ကိုင်အနေဖြင့် သူ့အား မည်သို့မှ ရှာနိုင်လိမ့်မည်မဟုတ်ပေ။

သို့သော်ငြား ရန်ကိုင်ကမူ လဲ့ကုအား မည်ကဲ့သို့များ ထိုကဲ့သို့ လုပ်ခွင့်ပေးနိုင်ပါမည်နည်း။ လဓါးသွားနှစ်စင်းကို ပစ်လွှတ်ပြီးသည့်နောက်တွင် သူ့လက်ကိုမြှောက်၍ စင်တီမီတာသုံးဆယ်ခန့် အလျားရှိသော အနက်ရောင်သားရဲပေါက်လေးတစ်ကောင်ကို ပစ်ထည့်လိုက်လေသည်။ ထိုသားရဲပေါက်လေးမှာ သာမန်ခွေးပေါက်လေးတစ်ကောင်နှင့် ဘာမှမခြားပေ။ သို့သော်ငြား အမှောင်ထုထဲ ပေါ်လာလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်း၏မျက်လုံးထဲ ဝမ်းသာပျော်ရွှင်သည့်အရိပ်အယောင်၊ စိတ်လှုပ်ရှားသည့်အရိပ်အယောင်တို့ တလက်လက် တောက်ပသွားခဲ့လေသည်။ ဤခွေးပေါက်လေးမှာ အခြားမဟုတ် မရဏသားရဲသာ ဖြစ်လေသည်။

ရေခဲနယ်မြေမှ ပြန်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် အားဝမ်အား ထက်ကောင်းကင်နန်းတော်ထဲ လွှတ်ပေးထားခဲ့လေသည်။ နဂါးကျွန်းသို့သွားရာတွင် အားဝမ်ကိုခေါ်သွား၍လည်း အကျိုးထူးမည်မဟုတ်သည့်အတွက်ကြောင့် အတူခေါ်မသွားခဲ့ပေ။ သို့သော်ငြား ယခုတစ်ကြိမ် သူရင်ဆိုင်ရမည့်ရန်သူများမှာ နတ်ဆိုးများနှင့် နတ်ဆိုးဝိဉာဉ်များ ဖြစ်ကြပေသည်။ အားဝမ်သည် ထိုနတ်ဆိုးများ၏ သဘာဝရန်သူတစ်ပါး ဖြစ်လေရာ ရန်ကိုင်အနေဖြင့် အားဝမ်ကိုပါ မည်ကဲ့သို့များ အတူခေါ်မလာဘဲ နေနိုင်ပါမည်နည်း။ ထို့အတွက်ကြောင့် ထက်ကောင်းကင်နန်းတော်ဆီ ပြန်သွားသည့်အခါတွင် အားဝမ်ကို ဆင့်ခေါ်၍ လောကဓာတ်လုံးထဲသို့ ထည့်ခေါ်လာခဲ့လိုက်လေသည်။

မရဏသားရဲပေါ်လာသည်ကို မြင်သည့်အခါ လဲ့ကုမှ အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ယခုကဲ့သို့သောအချိန်မျိုးတွင် ရန်ကိုင်သည် ဤကဲ့သို့သော အားနည်းပုံထင်ရသည့် သားရဲပေါက်လေးအား ဘာကြောင့်ထုတ်ယူလာမှန်းကို လဲ့ကုမသိပါသော်ငြား ထိုသားရဲပေါက်လေးကို မြင်လိုက်သည့်နောက် သူ့စိတ်ထဲ ဘာကြောင့်မှန်းမသိ အလိုလို ကြောက်ရွံ့လာမိလေသည်။ မသိလျှင် သဘာဝရန်သူတစ်ပါးပါးကို ရင်ဆိုင်နေရသည့်အလား။

မရဏဓါးသည် တဆတ်ဆတ် တုန်ခါလာခဲ့ပြီး ဓါးပိုက်ကွန်တစ်ခုအသွင်သို့ ပြောင်းကာ လဲ့ကု၏ ပြေးပေါက်အားလုံးကို ပိတ်ဆို့လိုက်လေသည်။ ထိုအချိန်တွင် အားဝမ်သည် လဲ့ကုဘေးနားသို့ ရောက်လာပြီး ၎င်း၏ပါးစပ်ကို အကျယ်ကြီး ဟလိုက်လေ၏။ မူလက သေးသေးလေးသာရှိသေးသော ခွေးပေါက်လေး၏ပါးစပ်သည် ရုတ်ချည်းဆိုသလို အိမ်တစ်လုံးစာထက်ပင် ပို၍ ကြီးမားလာခဲ့လေသည်။

“မရဏသားရဲ…” ခွေးပေါက်လေး၏ ပြောင်းလဲသွားသည့်ပုံစံကို မြင်ပြီးသည့်နောက် လဲ့ကု အလွန်တရာကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူ့မျက်နှာမှာလည်း သွေးမရှိတော့ပမာ ဖြူလျော်သွားခဲ့လေသည်။ အစောပိုင်းက ခွေးပေါက်လေး၏ပုံစံမှ လုံးဝကို သာမန်ဆန်လွန်းလှသည့်အတွက်ကြောင့် ခွေးပေါက်လေးသည် မရဏသားရဲဖြစ်သည်ဟူသောအချက်ကို မသိခဲ့ပေ။ သို့သော်ငြား ခွေးပေါက်လေး၏ ပြောင်းလဲသွားသည့်ပုံစံကို မြင်ပြီးသည့်နောက် ဤခွေးပေါက်လေးသည် မရဏသားရဲဖြစ်မည်မှန်း ချက်ချင်း ပြောနိုင်ခဲ့လေသည်။

မရဏသားရဲသည် နတ်ဆိုးနယ်မြေအတွင်း ဒဏ္ဍာရီလာတည်ရှိမှုတစ်ခုဖြစ်ကာ နတ်ဆိုးနယ်မြေထဲ အတန်ကြာအောင် နေဖူးသည့် မည်သည့်နတ်ဆိုးမဆို မရဏသားရဲ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို သိသာပေသည်။ သူ့ရှေ့တွင်ရှိနေသည့် မရဏသားရဲသည် ယခင်က နတ်ဆိုးနယ်မြေတစ်ခုလုံးကို ကြောက်စိတ်ဝင်အောင် လုပ်နိုင်ခဲ့သည့် အဆင့်မျိုးသို့ မရောက်သေးပါသော်ငြား ၎င်း၏သွေးမျိုးဆက်ထဲတွင် မရဏသားရဲ၏ သွေးစက်အချို့ ကိန်းအောင်းနေပေသေးသည်။ ထိုသွေးမျိုးဆက်အနည်းငယ်လေးသည် မည်သည့်နတ်ဆိုးကိုမဆို ဖိန့်ဖိန့်တုန် ကြောက်ရွံ့သွားအောင် လုပ်နိုင်ပေသည်။

ထိုပိန်းပိန်းပိတ်နက်မှောင်သော ပါးစပ်ပေါက်ကြီးဆီမှ ထွက်ပေါ်လာနေသော အလွန်တရာကိုမှ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည့် အရှိန်အဝါသည် လဲ့ကု၏တစ်ကိုယ်လုံးကို လှုပ်မရအောင် တောင့်တောင့်ကြီး ဖြစ်သွားစေခဲ့လေသည်။ ရန်ကိုင်၏ ဓါးပိုက်ကွန်ကပါ သူ့အား လှုပ်မရအောင် ချုပ်နှောင်ထားခဲ့လေရာ လဲ့ကုမှာ မည်သို့မှ ထွက်မပြေးနိုင် ဖြစ်သွားခဲ့ရသည်။

မရဏသားရဲ သူ့အား ဝါးမျိုတော့မည်ကို မြင်လိုက်သော် လဲ့ကုသည် သူ့လက်ကို ရုတ်တရက် ကောက်ဆန့်ထုတ်လိုက်လေသည်။ ချက်ချင်းဆိုသလို ဘယ်ကမှန်းမသိ လူတစ်ဦး သူ့ရှေ့၌ ပေါ်လာခဲ့လေသည်။ ထိုလူ၏ ဆံပင်အရှည်များသည် ရေတံခွန်ပမာ ကျောပြင်တစ်လျှောက် ဖြာကျနေခဲ့ပြီး အဝတ်အစားများမှာလည်း လေအဝှေ့နှင့်အတူ တလူလူ လွင့်ပျံနေခဲ့လေသည်။ မျက်နှာလေးမှာတော့ အေးစက်စက်မျက်နှာထားမျိုးဖြင့် ရှိနေပါသော်ငြား မျက်လုံးများမှာမူ ပိန်းပိန်းပိတ် နက်မှောင်နေခဲ့လေသည်။

ထိုလူမှာ အခြားမဟုတ် ကောင်းရွှယ်ထင်းသာ ဖြစ်လေ၏။

ကောင်းရွှယ်ထင်း ရုတ်တရက်ပေါ်လာသည်ကို မြင်သည့်အခါ ရန်ကိုင် မျက်လုံးပြူးသွားခဲ့ပြီး လဲ့ကုဘေးနားတွင် ခင်းကျင်းထားသော သူ၏ဓါးပိုက်ကွန်ကို ကမန်းကတန်း ရုတ်သိမ်းလိုက်လေသည်။ မူလတည်းက ကောင်းရွှယ်ထင်း တစ်ခုခုဖြစ်သွားပြီဟု ရန်ကိုင် ထင်နေခဲ့ခြင်း ဖြစ်လေသည်။ ယခု ကောင်းရွှယ်ထင်း၏အခြေအနေကို မြင်ပြီးသည့်နောက် သူ့အထင် မှန်ကန်နေကြောင်း ရန်ကိုင် အတည်ပြုသွားနိုင်တော့သည်။ ကောင်းရွှယ်ထင်းနှင့် လော့ချန်တို့မှာ နတ်ဆိုးချီဝင်စီးခြင်းခံရပြီး နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားခြင်း ဖြစ်ရပေလိမ့်မည်။

ကောင်းရွှယ်ထင်းသည် လဲ့ကုရှေ့ မလှုပ်မယှက် ရပ်နေခဲ့လေသည်။ အနည်းငယ်မျှပင် ခုခံမည့် အရိပ်အယောင်မပြ။ ထိုသို့ဖြစ်လေရာ ရန်ကိုင်မှာ သူမအား မည်ကဲ့သို့များ ထိခိုက်အောင် လုပ်ရက်ပါမည်နည်း။ သူ၏ဓါးပိုက်ကွန်ကို ပြန်ရုတ်သိမ်းလိုက်သည့်အခါ အားဝမ်မှာ လဲ့ကုနှင့် ကောင်းရွှယ်ထင်းတို့နှစ်ဦးစလုံးကို တစ်ခါတည်း ဝါးမျိုပစ်ရန် ကြိုးစားနေကြောင်းကို တွေ့လိုက်ရလေ၏။

ရန်ကိုင်လည်း တုံ့ဆိုင်းမနေရဲတော့ပဲ ချက်ချင်း အားဝမ်ဘေးနားဆီသို့ ပြေးသွားခဲ့ပြီး အားဝမ်ကို ကန်ထုတ်ပစ်လိုက်လေသည်။ ထို့အတွက်ကြောင့် မရဏသားရဲမှာ တအီအီအော်မြည်ရင်း လွင့်ထွက်သွားခဲ့လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် လဲ့ကုအား မျက်မှောင်ကျုံ့ကာ ကြည့်လျက် အော်ဆဲလိုက်လေ၏။ “သောက်ကျင့်မကောင်းတဲ့ကောင်…”

ထိုတစ်ခဏတာ တုံ့နှေးမှုကို အခွင့်ကောင်းယူ၍ လဲ့ကုသည် သူ့လက်ကို ကောင်းရွှယ်ထင်း၏ခေါင်းအပေါ်သို့ တင်လိုက်လေသည်။ တစ်ချိန်တည်းတွင် နတ်ဆိုးချီတို့မှာ သူ့လက်ထဲမှ အရူးအမူး စီးထွက်လာခဲ့လေ၏။ ရန်ကိုင်သာ သူ့အား တိုက်ခိုက်ရန် ကြိုးစားလာပါက ကောင်းရွှယ်ထင်းအား သတ်ပစ်ရန် ကြိုးစားမည့်ပုံပင်။

သေဘေးမှ ကပ်သီလေး လွတ်မြောက်လာခဲ့ပါသော်ငြား လဲ့ကုကမူ အနည်းငယ်မျှပင် ပျော်ရွှင်နေခြင်းမရှိခဲ့။ ထို့အစား ရန်ကိုင်ကိုသာ မုန်းမုန်းတီးတီးဖြင့် စိုက်ကြည့်နေခဲ့လေသည်။ သူ၏ အစီအစဉ်တစ်ခုလုံးမှာ ဤကောင်စုတ်လေးကြောင့် ပျက်စီးသွားရလိမ့်မည်ဟု လုံးဝ ထင်ထားခြင်းမရှိခဲ့ပေ။

အစောပိုင်းက ရန်ကိုင်သရုပ်ဆောင်သွားသည်မှာ အလွန်ကိုမှ ပီပြင်လွန်းလှသည့်အတွက်ကြောင့် လဲ့ကုသည်ပင်လျှင် အလိမ်ခံလိုက်ရလေသည်။ ရန်ကိုင်မှာ ဖုန်းမင်မှ သူ့နှလုံးအား ဆွဲထုတ်ရန် ကြိုးစားနေသည်ကို လုံးဝ ရှောင်တိမ်းခြင်းမပြုခဲ့။ (ဖုန်းမင် သူ့ကို လာစမ်းသပ်နေတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သေချာနေရတာလဲ…)

လက်ရှိအချိန်တွင်တော့ လဲ့ကုမှာ ချောင်ပိတ်မိနေသည့် သားရဲတစ်ကောင် အသက်ရှင်ရန် ရုန်းကန်နေသည်နှင့်ပင် တူနေပေသေးသည်။ ယခုဆိုလျှင် သူအသက်ရှင်ဖို့ရာ ကောင်းရွှယ်ထင်းကိုပင်လျှင် ဓါးစာခံအဖြစ် အသုံးချလာခဲ့ရသည်။ ဤသည်မှာ သူစီစဉ်ထားသည့် သူ့အစီအစဉ်မဟုတ်ပေ။ ယခုအစီအစဉ် ဖြစ်မြောက်လာခဲ့ဖို့ရာ နှစ်ပေါင်းများစွာ အကွက်ချကြံစည်ကြိုးစားခဲ့ရသလို နတ်ဆိုးအစေ့ပေါင်းများစွာကိုလည်း စိုက်ပျိုးခဲ့ရသည်။ ထို့အတွက်ကြောင့် သူ့အစီအစဉ်သည်သာ အလုပ်ဖြစ်သွားခဲ့မည်ဆိုလျှင် တောင်ပိုင်းနယ်မြေ၏ ရာနှင့်ချီသော ဧကရာဇ်အဆင့်ပညာရှင်များနှင့် သောင်းနှင့်ချီသော လက်ရွေးစင်တပည့်များကို ရှင်းပစ်လျှင်ရှင်းပစ် မရှင်းပစ်နိုင်လျှင် နတ်ဆိုးအသွင်သို့ ပြောင်းလဲပစ်နိုင်ပေလိမ့်မည်။ ထို့နောက်တွင် တောင်ပိုင်းနယ်မြေတစ်ခုလုံးကို နတ်ဆိုးသုခဘုံအဖြစ်သို့ မသိမသာ တိုးတိုးတိတ်တိတ်နှင့် ပြောင်းလဲနိုင်ပေလိမ့်မည်။

ကံမကောင်းစွာဖြင့် ရန်ကိုင်ပေါ်လာသည့်အတွက်ကြောင့် သူ့အစီအစဉ်တစ်ခုလုံး ကမောက်ကမ ဖြစ်သွားခဲ့ရတော့၏။ အကျိုးဆက်ကြောင့် လဲ့ကုမှာလည်း သူ့အစီအစဉ်ကို ပြောင်းလဲပစ်ရတော့၏။ အဆိုးဆုံးအပိုင်းမှာမူကား ရန်ကိုင်သည် တစ်ရက်အတွင်းမှာပင် မြောက်မြားလှစွာသော စစ်ကူများကို ခေါ်လာနိုင်ခဲ့ခြင်းပင်။ ထို့အတွက်ကြောင့် လဲ့ကု၏အစီအစဉ်မှာ လုံးဝ အောင်မြင်နိုင်ချေမရှိတော့ပေ။ အဆုံးတွင်မူ ရန်ကိုင်သည် သူ့ကိုပင်လျှင် လှည့်စားကာ သတ်ပစ်ရန် ကြိုးစားလာခဲ့လေသည်။ ထို့အတွက်ကြောင့် လက်ရှိအချိန်၌ လဲ့ကုစိတ်အခြေအနေ မည်ကဲ့သို့ဖြစ်နေမလဲဆိုသည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

(တစ်ချိန်လုံးပျောက်နေပြီးမှ အခု ငါတို့ရဲ့အစီအစဉ်ကို အကောင်အထည်ဖော်တော့မှ ဘာဖြစ်လို့ ရုတ်တရက်ကြီး ပြန်ပေါ်လာရတာလဲ…)

“သူ့ကိုလွှတ်ပေးလိုက်…” ရန်ကိုင်သည် လဲ့ကုအား အနန္တဓါးဖြင့်ချိန်ရွယ်ရင်းမှ ပြောလိုက်သည်။

လဲ့ကုကမူ ရန်ကိုင်အား မမှိတ်မသုန်အမူအယာဖြင့်သာ စိုက်ကြည့်နေခဲ့လေသည်။

ရန်ကိုင်ကမူ အနည်းငယ်မျှပင် အားနည်းသည့်အရိပ်အယောင်မပြဘဲ လဲ့ကုအား မာမာထန်ထန်အမူအယာဖြင့် ပြန်၍စိုက်ကြည့်နေခဲ့လေသည်။ လဲ့ကု သူပြောသည့်အတိုင်း လုပ်မပေးသည်ကိုမြင်သော် ရန်ကိုင်စိတ်ထဲ အနည်းငယ် စိတ်ညစ်လာမိရတော့သည်။ ယခုကဲ့သို့ဖြစ်လာမည်မှန်း သူ ကြိုတင်မျှော်လင့်ထားပြီးသားပင်။ သို့သော်ငြား ကောင်းရွှယ်ထင်း မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို မသိသည့်အတွက်ကြောင့် သူမအား မည်သို့မှ သွားမကယ်တတ်ပေ။

သူထင်ထားသည့်အတိုင်းပင် လဲ့ကုမှာ ကောင်းရွှယ်ထင်းအား ဓါးစာခံအဖြစ် ဖမ်းဆီးထားခဲ့သည်။ ရန်ကိုင်အား စိတ်ကသိကအောက် အဖြစ်စေဆုံးမှာ လက်ရှိအချိန်တွင် ကောင်းရွှယ်ထင်းသည် လဲ့ကုအား အနည်းငယ်မျှပင် ခုခံသည့် အရိပ်အယောင်ပြမနေခဲ့ဘဲ လဲ့ကု၏ ထိန်းချုပ်မှုအောက်သို့ အပြီးတိုင် ကျရောက်နေခြင်းပင် ဖြစ်လေသည်။

ထိုစဉ် တအီအီတစာစာအသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ အားဝမ်သည် လဲကျနေရာမှ ကုန်းထ၍ ရန်ကိုင်အား မကျေမနပ်အမူအယာဖြင့် ကြည့်လိုက်လေသည်။ သို့သော်ငြား ရန်ကိုင်သည် သူမအား အနည်းငယ်မျှပင် အာရုံမစိုက်သည်ကိုမြင်သော် အားဝမ်လည်း ရန်ကိုင်အား ဆက်၍ကြည့်မနေတော့ဘဲ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးသည့်နောက် မကြာမီတွင် သူမ၏အကြည့်သည် ဖုန်းမင်ဆီသို့ ရောက်ရှိသွားခဲ့သည်။

ဖုန်းမင်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာရထားခဲ့ပါသော်ငြား နတ်ဆိုးချီကိုသုံး၍ သူ့ဒဏ်ရာကို ပြန်ကုနေနိုင်ခဲ့သည်။ လတ်တလောအနေဖြင့် ဖုန်းမင်အတွက် အသက်အန္တရာယ်မရှိသေးပေ။ သို့သော်ငြား အားဝမ်မှ သူ့ကို စိုက်ကြည့်လာနေသည်ကိုမြင်သော် ဖုန်းမင်မှာ အလွန်ကိုမှ ကြောက်ရွံ့သွားရတော့သည်။

အားဝမ်သည် တဖြည်းဖြည်းချင်း လမ်းလျှောက်ရင်း ဖုန်းမင်ဆီသို့ လျှောက်လာခဲ့လေသည်။ ထို့နောက် ဖုန်းမင်ဆီသို့ သတိမပေးဘာမပေးဖြင့် ရုတ်တရက် ခုန်အုပ်လိုက်လေ၏။

ဖုန်းမင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး အားဝမ်အား ရှောင်တိမ်းရန် ကြိုးစားလိုက်လေသည်။ သို့သော်ငြား သူ့ဘက်မှ မရှောင်တိမ်းနိုင်သေးခင်မှာပင် အားဝမ်၏ ပါးစပ်ပေါက်ကြီးသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံနေခဲ့လေသည်။

ထိုအချင်းအရာကိုမြင်လိုက်သော် ဖုန်းမင်မှာ အလန့်တကြား ထအော်တော့လေ၏။ “ကျုပ်ကို ကယ်ပါ…”

သူ့စကားအား ဆုံးအောင်မပြောနိုင်သေးခင်မှာပင် အားဝမ်မှာ ဖုန်းမင်အား မျိုချပစ်လိုက်လေ၏။ ဂလုဟူသော အသံနှင့်အတူ အားဝမ်၏လည်ချောင်းတစ်လျှောက် အဖုလေးတစ်ဖု လျှောဆင်းသွားခဲ့လေသည်။ ယခင်က အားဝမ်သည် ဖုန်းမင်အား ဝါးမျိုပစ်ခဲ့ဖူးသည်။ သို့သော်ငြား ကံမကောင်းစွာဖြင့် ထိုစဉ်က သူမမှာ အတော်လေးကိုမှ အားနည်းခဲ့ပေသည်။ ထို့အကြောင်းကြောင့် ဖုန်းမင်သည် သူ့စွမ်းအားကို အားကိုး၍သော်လည်းကောင်း အပြင်ဘက်တွင်ရှိနေသော အပေါင်းအပါများ၏ အကူအညီဖြင့်သော်လည်းကောင်း အားဝမ်၏ဗိုက်ထဲမှ ပြန်လည်လွတ်မြောက်လာနိုင်ခဲ့သည်။

ယခု နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီသည့်နောက် အားဝမ်မှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေခဲ့လေပြီ။ ထို့အပြင် ဒွိလောကကမ္ဘာကြီးထဲတွင် ရှိစဉ်က မြောက်မြားလှစွာသော နတ်ဆိုးချီများနှင့် နတ်ဆိုးများကိုလည်း ဝါးမျိုပစ်ခဲ့သည်။ ထိုအကြောင်းကြောင့် သူမ၏ခွန်အားမှာ သိသိသာသာကို တိုးတက်လာခဲ့ရလေသည်။ အားဝမ်မှာ ပို၍ အားကောင်းလာခဲ့ပါသော်ငြား နတ်ဆိုးဝိဉာဉ်၏ ဝင်စီးခြင်း ခံထားရသော ဖုန်းမင်မှာမူ နတ်ဆိုးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည့်အတွက်ကြောင့် အားဝမ်နှင့်အတွေ့တွင် ၎င်း၏စွမ်းရည်မှာ ဖိနှိပ်ခြင်း ခံလိုက်ရလေသည်။ ပိုဆိုးသွားသည့်အချက်မှာ ဖုန်းမင်မှာ ရန်ကိုင်ကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရထားခြင်းပင်။ ထိုသို့ဖြစ်လေရာ အားဝမ်မှ သူ့အား ဝါးမျိုရန် ကြိုးစားလာသည်ကို မည်ကဲ့သို့များ ခုခံနိုင်ပါတော့မည်နည်း။ ထိုအကြောင်းကြောင့်ပင်လျှင် တစ်ချက်တည်းဖြင့် အားဝမ်၏မျိုချခြင်းကို ခံလိုက်ရလေသည်။

ဖုန်းမင်မျိုချခံလိုက်ရသည်ကိုကြည့်ရင်း လဲ့ကု၏မျက်နှာထက် အမျိုးမျိုးသော ခံစားချက်အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း အားဝမ်ကို သတိထားကာ စောင့်ကြည့်နေလေ၏။

ဖုန်းမင်ကို ဝါးမျိုပစ်ပြီးသည့်နောက်တွင် မရဏသားရဲသည် နှုတ်ခမ်းကို လျှာဖြင့်သပ်၍ လဲ့ကုအား လောဘတကြီးဖြင့် လှည့်ကြည့်လာခဲ့သည်။ လဲ့ကုကိုပါ ဆက်၍ ဝါးမျိုပစ်ချင်နေသည့်အလား။ ဒွိလောကကမ္ဘာကြီးထဲမှ ထွက်လာပြီးသည့်နောက် ယခုအချိန်မတိုင်ခင်အထိ အားဝမ်မှာ ဘာကိုမှ မစားခဲ့ရသေးပေ။ သူမအဖို့ နတ်ဆိုးတစ်ကောင်ကို တွေ့ဖို့ရာမှာလည်း အတော်လေးကိုမှ ခက်ခဲလှသည့်အတွက်ကြောင့် ယခုနေ တွေ့တုန်းတွေ့ခိုက် တွေ့သမျှနတ်ဆိုးအားလုံးကို ဝါးမျိုပစ်ချင်ခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်မှ သူမအား ခွင့်မပြုသည့်အတွက်ကြောင့် အားဝမ်မှာ အတော်လေးကိုမှ မကျေမနပ် ဖြစ်နေမိလေသည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်၏အမိန့်ကို ဆန့်ကျင်၍ မလုပ်ရဲသည့်အတွက်ကြောင့် ဖုန်းမင်ကို ဝါးမျိုပြီးသည့်နောက်တွင် သူမ၏ပါးစပ်ကျယ်ကြီးကိုဟ၍ အနီးအနားတွင်ရှိနေသော နတ်ဆိုးချီများကိုသာ ဝါးမျိုပစ်ရတော့လေသည်။ ထိုသို့ဖြင့် ဘေးပတ်ဝန်းကျင်တစ်ဝိုက်တွင်ရှိနေသော နတ်ဆိုးချီများမှာ သိသာသည့်နှုန်းဖြင့် စတင်၍ လျော့ကျလာတော့လေ၏။

“ခင်ဗျား မလွတ်နိုင်ဘူး…” ရန်ကိုင်သည် လဲ့ကုအား ထူးမခြားနားဟန်ဖြင့် ကြည့်ရင်းမှ “အရှုံးပေး အညံ့ခံလိုက်… အဲ့ဒါဆိုရင် ကျုပ် ခင်ဗျားအသက်ကို ချမ်းသာပေးရင်ပေးမယ်…”

လဲ့ကုက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ “မင်း ငါ့ကို အရူးမှတ်နေတာလား…”

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ခင်ဗျားအသက်က ကျုပ်အတွက် အဖိုးမတန်ဘူး…”

လဲ့ကုက ပြုံးဖြီးလျက် “ငါ့အသက်က အဖိုးမတန်ပေမယ့် သူ့အသက်ကတော့ အဖိုးတန်တယ်မလား…”

ပြောပြီးသည့်နောက် သူ့လက်ထဲသို့ အားနည်းနည်း စိုက်ထည့်လိုက်ရာ ကောင်းရွှယ်ထင်း၏မျက်နှာထက် နာကျင်သည့်အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။

ရန်ကိုင်က အံကြိတ်၍ အော်ပြောလိုက်သည်။ “ခင်ဗျား ဘာလုပ်ချင်နေတာလဲ…”

လဲ့ကုက ပြန်မေးလိုက်သည်။ “မင်း ဘာဖြစ်လို့ ဘာမှမဖြစ်တာလဲ…”

ဤသည်မှာ လဲ့ကု သူ့ကိုယ်သူ တစ်ချိန်လုံး ပြန်မေးနေမိသည့် မေးခွန်းဖြစ်ပေသည်။ ယခုအချိန်အထိ ရန်ကိုင်၏ အမျိုးမျိုးသော လုပ်ရပ်များသည် သူ နတ်ဆိုးချီကူးစက်ခံလိုက်ရပြီးဖြစ်ကြောင်း မီးမောင်းထိုး သက်သေပြနေခဲ့သည်။ ယခုအချိန်ထိတိုင် သူ့တစ်ကိုယ်လုံးကိုလည်း နတ်ဆိုးချီများမှ လွှမ်းခြုံထားခဲ့လေသည်။ ထိုသို့ဖြစ်လေရာ ဘာကြောင့်များ သူ၏အသိစိတ်ကို အေးအေးဆေးဆေး ထိန်းချုပ်ထားနိုင်ရလေသနည်း။

လဲ့ကုသည်သာ ထိုမေးခွန်း၏အဖြေကို သိရနိုင်သရွေ့ စိတ်အေးအေးသက်သာဖြင့် ရှိနိုင်ပေလိမ့်မည်။

“ဒီ ဘာမဟုတ်တဲ့နတ်ဆိုးချီက ကျုပ်ကို ဘာလုပ်နိုင်မှာမို့လို့လဲ…” ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်လေသည်။ သူ့ဒန်တျန်ထဲတွင် ချိတ်ပိတ်ထားသည်မှာ အလွန်တရာကိုမှ အဆင့်မြင့်ကာ သန့်စင်လှသော ရှေးဟောင်းနတ်ဆိုးချီများ ဖြစ်ပေသည်။ ထိုရှေးဟောင်းနတ်ဆိုးချီနှင့် ယှဉ်လိုက်သော် ဤဘေးပတ်ဝန်းကျင်တွင် ရှိနေသည့် နတ်ဆိုးချီများမှာ ဘာဆိုဘာမှမဟုတ်တော့ပေ။ ရှေးဟောင်းနတ်ဆိုးချီသည်ပင်လျှင် နဂါးတစ်ပိုင်းခန္ဓာကိုယ်အား အပြည့်အဝ လွှမ်းမိုးနိုင်ခြင်း မရှိပေ။ ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် နှာခေါင်းရှုံ့၍ ခန္ဓာကိုယ်ကို ဆတ်ခနဲလှုပ်လိုက်ရာ သူ့ကိုယ်ထဲတွင်ရှိနေသော နတ်ဆိုးချီအားလုံး အပြင်သို့ ပြန်လည်စီးထွက်ကုန်ကြလေသည်။ ရန်ကိုင်ကိုယ်တိုင်သည်လည်း မူရင်းအခြေအနေသို့ ပြန်ရောက်သွားခဲ့လေ၏။

“အဲ့ဒါဆို ကိုယ်တွင်းနတ်ဆိုးကျတော့ရော…” လဲ့ကု၏မျက်နှာကြီး မဲ့နေခဲ့လေသည်။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ဘာ ကိုယ်တွင်းနတ်ဆိုးလဲ…”

လဲ့ကုက ပြန်ပြောလိုက်လေသည်။ “မင်း လူတွေအများကြီးကို သတ်ထားတာလေ… ပြီးတော့ မင်းသတ်တဲ့လူတွေအကုန်လုံးကလည်း မင်းရဲ့မိတ်ဆွေတွေပဲ…”

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ဘာမဟုတ်တဲ့ပုံရိပ်ယောင်တွေနဲ့ ခင်ဗျား ကျုပ်ကို လှည့်စားလို့ရမယ်လို့ ထင်နေတာလား…”

“မင်း ဘယ်လိုသိသွားတာလဲ…” လဲ့ကု ငြီးတွားလိုက်လေသည်။ ရန်ကိုင်သတ်လိုက်သည့်လူအားလုံးမှာ ပုံရိပ်ယောင်များသာ ဖြစ်ကြသည်။ သို့သော်ငြား လူတစ်ဦး၏စိတ်အာရုံကို လှည့်စားနိုင်သော ဤအဆုံးမဲ့နတ်ဆိုးချီထဲတွင် ထိုပုံရိပ်ယောင်များမှာ အလွန်တရာကိုမှ အသက်ဝင်လွန်းနေခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် မယုံသင်္ကာ ဖြစ်မိမည်ဆိုလျှင်ပင် နှလုံးသားသည်သာ ရေခဲသံမဏိတမျှ မာကြောနေခြင်းမရှိသရွေ့ သူ့လက်ချက်ကြောင့် သေဆုံးသွားခဲ့ရသည့် မိတ်ဆွေများကိုကြည့်ရင်း သူ့စိတ်အခြေအနေမှာ အနည်းနှင့်အများဆိုသလို ယိုင်နဲ့သွားရပေလိမ့်မည်။

“ရှောင်ပိုင်…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်သည်။

“ဘာရှောင်ပိုင်…” လဲ့ကု မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ရန်ကိုင် ဘာပြောချင်လို့ ပြောချင်နေမှန်း လဲ့ကုနားမလည်။

“ခင်ဗျား နားမလည်ရင် မေးမနေနဲ့တော့…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။

ရန်ကိုင် ဤနေရာ၌ ရှောင်ပိုင်ယီကို စတွေ့စဉ်က သူတွေ့လိုက်သည့်ရှောင်ပိုင်ယီသည် တကယ်လူအစစ်လား ထိုသို့မဟုတ်ဘဲ ပုံရိပ်ယောင်တစ်ခုလားဆိုသည်ကို ရန်ကိုင် မပြောတတ်ခဲ့ပေ။ လဲ့ကု၏နည်းလမ်းမှာ အမှန်တကယ်ကိုမှ အံ့ဩဖွယ်ကောင်းသည်ဟု ပြောရပေလိမ့်မည်။ သို့ပင်ဖြစ်လင့်ကစား ရှောင်ပိုင်ဟု ခေါ်လိုက်ပြီးသည့်နောက် တစ်ခုခုမှားယွင်းနေသည်ကို ရန်ကိုင် သတိထားမိသွားခဲ့လေသည်။

ရှောင်ပိုင်ယီသည် သူ့အား ရှောင်ပိုင်ဟု လာခေါ်သည်ကို မည်သည့်နည်းနှင့်မျှ ငြိမ်ခံနေလိမ့်မည်မဟုတ်ပေ။ သူ့အခြေအနေ မည်သို့ပင်ဖြစ်နေစေကာမူ သူ့အား ရှောင်ပိုင်ဟု ခေါ်လာပါက ဆတ်ဆတ်ထိမခံ ပြန်လည် ခွန်းတုံ့ပြန်ပေလိမ့်မည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၆၅)

ဘာသာပြန်သူ_တိမ်တိုက်

တောင်ကြားထဲသို့ ဝင်မလာခင် လဲ့ကု သူ့အား ထောင်ချောက်တစ်ခုထဲသို့ ဆွဲခေါ်နေသည်ဟု ရန်ကိုင် မယုံသင်္ကာ ဖြစ်မိခဲ့သည်။ ထိုကဲ့သို့ ထင်မိသွားရခြင်းမှာ မုရုန်ရှောင်ရှောင်၏ အော်ဟစ်သံများကြောင့်ပင် ဖြစ်လေသည်။ သူမ၏အော်ဟစ်သံများသည် တစ်စုံတစ်ဦးမှ သူမအား လာရောက်ကူညီစေရန်အတွက် အတင်းလုပ်ယူထားသည့် အော်ဟစ်သံများပမာ ဖြစ်နေခဲ့လေသည်။

ရန်ကိုင်မှာလည်း လဲ့ကု မည်ကဲ့သို့သောထောင်ချောက်မျိုး ဆင်ထားသလဲ သိရနိုင်ရန်အလို့ငှာ တောင်ကြားထဲသို့ ထိန်းမနိုင်သိမ်းမရ ဒေါသထွက်နေသည့် ပုံစံမျိုးဖြင့် ပြေးဝင်သွားလေသည်။ ထို့နောက်တွင် ဆင်ထားသည့် ဇာတ်လမ်းစီးကြောင်းအတိုင်း မျှောလိုက်သွားခဲ့ပြီး အဆုံးတွင်တော့ သူလိုချင်သည်ကို ရရှိခဲ့သည်။ လဲ့ကုအား အရိပ်ထဲမှ ထွက်လာအောင် မျှားခေါ်နိုင်ခဲ့ပါသော်ငြား ကံမကောင်းစွာဖြင့် ယခုအချိန်၌ ကောင်းရွှယ်ထင်းထိခိုက်သွားမည်ကို စိုးရိမ်နေလေရာ သတိထားကာ လှုပ်ရှားနေရတော့လေသည်။

ရန်ကိုင်တို့နှစ်ဦး စကားပြောနေစဉ်အတောအတွင်း တောင်ကြားထဲရှိ နတ်ဆိုးချီများမှာ သိသိသာသာကို လျော့ကျသွားခဲ့ရသည်။ ထိုနတ်ဆိုးချီအားလုံးသည် အားဝမ်၏ဗိုက်ထဲသို့ ရောက်ရှိသွားခဲ့ခြင်းပင် ဖြစ်လေသည်။ နတ်ဆိုးချီများ တဖြည်းဖြည်းနှင့် လျော့ပါးသွားသည့်အလျောက် တောင်ကြားကြီးသည်လည်း တဖြည်းဖြည်းနှင့် ပြန်ပေါ်လာတော့လေသည်။ တောင်ကြားထဲဝယ် လူပေါင်းများစွာ ရပ်နေကြပြီး မြေပြင်ပေါ်တွင်မူ မရေမတွက်နိုင်သောအလောင်းများ ရှိနေခဲ့လေသည်။ တောင်ကြားတစ်ခုလုံးမှာ ယခင်ကကဲ့သို့ စိမ်းလန်းစိုပြေနေခြင်း မရှိတော့ဘဲ မွစာကြဲနေကာ မြေပြင်တစ်ခုလုံးမှာလည်း သွေးများဖြင့် နီရဲစွန်းထင်းနေခဲ့လေသည်။

လက်ရှိအချိန်တွင် တောင်ကြားအလယ်၌ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော အစီအရင်များထဲ ရပ်နေကြသည့် ထောင်နှင့်ချီသောလူများ ရှိနေကြ‌လေသည်။ ထိုလူများသည် သိုင်းပညာရှင်စုဝေးပွဲ၌ ယှဉ်ပြိုင်ရန်အတွက် လာရောက်ကြသော တောင်ဘက်နယ်မြေအနှံ့မှ ကျင့်ကြံသူများ ဖြစ်ကြပေသည်။ ထိုလူများသည်သာ နတ်ဆိုးချီ၏ ကူးစက်ခြင်း မခံရသေးဘဲ အသက်ရှင်ကျန်ရစ်ခဲ့ကြသည့် လူများလည်း ဖြစ်ကြပေသည်။ သူတို့အနေဖြင့် ယခုအချိန်ထိတိုင် တောင့်ခံထားနိုင်ခဲ့ရခြင်းမှာ ထိုအစီအရင်များကြောင့်ပင် ဖြစ်လေသည်။ သို့ပင်ဖြစ်လင့်ကစား သူတို့၏ကျင့်ကြံခြင်း မည်သို့ပင်ဖြစ်နေစေကာမူ သူတို့တစ်ယောက်ချင်းစီတိုင်း၏ မျက်နှာများမှာ ဖြူလျော်နေကြလေသည်။ သူတို့အားလုံးမှာလည်း အကန့်အသတ်သို့ ရောက်နေခဲ့လေပြီ။ အခြားတစ်ဖက်တွင်တော့ သောင်းနှင့်ချီသည့် နတ်ဆိုးများသည် ထိုလူအုပ်ကြီးအား အဖက်ဖက်မှ ဝန်းရံထားကြလေသည်။

နတ်ဆိုးချီ ရုတ်တရက်ပျောက်ကွယ်သွားမှုသည် လူတိုင်းအား အံ့အားသင့်သွားစေခဲ့လေသည်။

“ရွှစ်… ရွှစ်… ရွှစ်…”

လေခွင်းသံများနှင့်အတူ အားကောင်းသောအရှိန်အဝါများသည် ဘက်ပေါင်းစုံဆီမှ ထွက်ပေါ်လာကြပြီး တောင်ကြားထဲသို့ တဟုန်ထိုး ပြေးဆင်းလာကြလေသည်။ ထိုလူများသည် ရန်ကိုင်ခေါ်လာခဲ့သည့် စစ်ကူများမှလွဲ၍ အခြားမဟုတ်ပေ။ ရန်ကိုင် အဆင်ပြေပြေရှိနေကြောင်းကို တွေ့လိုက်ရသည့်အခါမှသာလျှင် ဖန်းဝူနှင့် အခြားသူများ သက်ပြင်းချနိုင်သွားကြလေ၏။ သို့သော်ငြား ချက်ချင်းဆိုသလို သူတို့၏အာရုံသည် လဲ့ကုဆီသို့ ရောက်သွားခဲ့သည်။

လက်ရှိအချိန်တွင် ရန်ကိုင် လဲ့ကုနှင့် ရင်ဆိုင်နေပြီး လဲ့ကုသည် အမျိုးသမီးတစ်ဦးအား ဓါးစာခံလုပ်ထားသည်ကို လူတိုင်း မြင်နေရလေသည်။ ထိုအမျိုးသမီးမှာလည်း နတ်ဆိုးချီ၏ ကူးစက်ခြင်း ခံထားရသည့်ပုံပင်။ ထိုအမျိုးသမီးနှင့် ရန်ကိုင်ကြား မည်ကဲ့သို့ ပတ်သက်သလဲဆိုသည်ကိုတော့ မည်သူမှမသိကြပေ။

“ရွှယ့်ထင်းလေ…” ဝမ်ကျိရှန်း၏အော်ဟစ်သံ ထွက်ပေါ်လာခဲ့လေသည်။ လက်ရှိအခိုက်အတန့်၌ ဝမ်ကျိရှန်း၏အမူအယာမှာ ထူးထူးခြားခြားကို လေးနက်တည်ကြည်နေခဲ့လေသည်။ ချက်ချင်းပဲ အမောတကောဖြင့် အူလျားဖားလျား ပြေးလာလိုက်ရာ ရန်ကိုင်ဘေးနားသို့ တမုဟုတ်ချည်း ရောက်ရှိလာခဲ့လေသည်။ ထို့နောက်တွင် လဲ့ကုအား စူးရဲစွာ စိုက်ကြည့်နေလိုက်လေသည်။ ရန်ကိုင်အနေဖြင့် ဘာမှပင် ရှင်းပြနေစရာမလို။ အကြောင်းအရင်းအားလုံး လက်ရှိအခြေအနေကို ကြည့်လိုက်ရုံဖြင့် ဝမ်ကျိရှန်း နားလည်နေလေပြီ။

ဘက်ပေါင်းစုံတွင် ရပ်နေကြသည့် ပညာရှင်များကိုကြည့်ရင်း လဲ့ကု၏အမူအယာ တဖြည်းဖြည်း သုန်မှုန်သွားတော့လေသည်။ ယနေ့တိုက်ပွဲအား သူရှုံးနိမ့်သွားခဲ့ပြီး သူ့အစီအစဉ်အားလုံးမှာလည်း ပျက်စီးသွားခဲ့ရပြီမှန်း လဲ့ကု ချက်ချင်း သဘောပေါက်လိုက်သည်။ ထိုအကြောင်းကြောင့် သူ့စိတ်ထဲ ရန်ကိုင်အပေါ် အလွန်ကိုမှ မုန်းတီးမိသွားခဲ့လေသည်။ သူ့ဘက်တွင် ထောင်နှင့်ချီသော နတ်ဆိုးအသွင်ပြောင်းသွားသည့် ကျင့်ကြံသူများ ရှိနေသေးပါသော်ငြား ခွန်အားကွာခြားချက်မှာတော့ အလွန်ကိုမှ ကြီးမားလွန်းလှပေသည်။ ထို့အပြင် ထိုလူများ နတ်ဆိုးအသွင်ပြောင်းသွားသည်မှာ မကြာသေးသည့်အတွက်ကြောင့် ထိုလူများကို သေသေချာချာထိန်းချုပ်နိုင်ရန် လိုအပ်သလို ထိန်းချုပ်နိုင်မည်ဆိုလျှင်လည်း ထိုလူများသည် အားကောင်းလွန်းလှသည့်ခွန်အားကို ထုတ်ဖော်နိုင်ကြလိမ့်မည်မဟုတ်ပေ။ ထိုနတ်ဆိုးများ အသုံးဝင်မည့်အချက်ဆို၍ အာရုံလွှဲပေးရုံသာ ရှိပေလိမ့်မည်။

“လွတ်နိုင်မယ်ထင်သေးလား…” ရန်ကိုင်သည် လဲ့ကုအား ကြည့်ရင်းမှ ဆက်ပြောလိုက်သည်။ “ကျုပ် အမိန့်တစ်ချက်ပေးလိုက်ရုံနဲ့ ခင်ဗျားကို ဒီနေရာကနေ အရိုးအသားမကျန်အောင် အစအနဖျောက်ပစ်နိုင်တယ်ဆိုတာ ယုံလား…”

လဲ့ကုက ရယ်မောလျက် “ယုံတာပေါ့… ဒါပေမယ့် ငါမသေခင် သူ့ကိုပါ အပါဆွဲခေါ်သွားနိုင်တယ်ဆိုတာကိုရော ယုံလား… မယုံရင် စမ်းကြည့်လို့ရတယ်နော်…”

ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “ကျုပ်ယုံတယ်…”

တစ်ချက်မျှရပ်ပြီးသည့်နောက် ရန်ကိုင်က ဆက်ပြောလိုက်သည်။ “ကျုပ်ပြောသလိုပဲ… ခင်ဗျားအသက်က ကျုပ်အတွက် ဘာမှအဖိုးမတန်ဘူး… သူ့ကိုလွှတ်ပေးလိုက်… ဒါဆို ကျုပ် ခင်ဗျားကို ချမ်းသာပေးမယ်…”

“မင်း အဲ့လိုလုပ်လို့မရဘူး…” ဒေါသတကြီးအော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအော်သံမှာတော့ ကောင်းကင်တိုက်ပွဲဒိုဂျို၏ တော်ဝင်သခင်ဖြစ်သော မာချင်း၏အသံသာ ဖြစ်လေသည်။ လက်ရှိအချိန်တွင် မာချင်း၏တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေခဲ့သည်။ သူ့သွေးများလား အခြားသူများ၏သွေးများလား ဆိုသည်မှာတော့ မသဲကွဲလှ။ မာချင်းသည် ခက်ထန်ကြမ်းကြုတ်သည့်အမူအယာဖြင့် လဲ့ကုအား စိုက်ကြည့်နေရင်းမှ “ဒီကောင်က ဒီနေ့ကိစ္စရဲ့ တရားခံပဲ… ငါတို့ သူ့ကို လုံးဝ လွှတ်ပေးလိုက်လို့မဖြစ်ဘူး… ဒီကောင် ဒီအစီအစဉ်ကို ဆွဲထားတာ တော်တော်ကြာနေပြီ… ငါတို့သာ သူ့ကို ဖမ်းနိုင်မယ်ဆိုရင် သူ့ဆီကနေ အရေးကြီးတဲ့ သတင်းအချက်အလက်အချို့ကို ရရင်ရနိုင်တယ်…”

ရန်ကိုင်နှင့် ဝမ်ကျိရှန်းတို့နှစ်ဦးလုံး မာချင်းအား စိုက်ကြည့်လာခဲ့ကြလေသည်။

မာချင်းက ဒေါမာန်တကြီးဖြင့် ပြန်ကြည့်၍ “မင်းတို့ သူ့ကို ဒီနေ့ လွှတ်ပေးလိုက်လို့ရှိရင် တောင်ဘက်နယ်မြေတစ်ခုလုံး ဒီလိုကပ်ဆိုးမျိုးကို နောက်တစ်ကြိမ် ထပ်ကြုံရနိုင်တယ်နော်… ရွှေသံတမန်ရှောင်… ခင်ဗျားရော ဘယ်လိုထင်လဲ…”

ရှောင်ယုယန်ကမူ ဘာမျှမပြောဘဲ မျက်မှောင်သာ ကျုံ့နေခဲ့သည်။ ပြောရမည်ဆိုလျှင်တော့ သူသည်လည်း မာချင်းပြောသည်နှင့်ပတ်သက်၍ သဘောတူပေသည်။ မာချင်း ထိုစကားများကို ပြောလိုက်ရခြင်းမှာ တစ်ကိုယ်ကောင်းဆန်သည့်လုပ်ရပ်ကြောင့်မဟုတ်။ တောင်ဘက်နယ်မြေသည် နတ်ဆိုးများကို ဆယ်နှစ်ကျော်မက လိုက်လံရှင်းပစ်နေခဲ့ခြင်းဖြစ်ကာ ယခုအချိန်မတိုင်ခင်အထိ နတ်ဆိုးများကို အနည်းနှင့်အများဆိုသလို ရှင်းပစ်နိုင်သွားပြီဟု ထင်ခဲ့ကြသည်။ နတ်ဆိုးတစ်ကောင်နှစ်ကောင် လွတ်သွားနိုင်မည်ဆိုလျှင်ပင် ထိုနတ်ဆိုးဝိဉာဉ်အနည်းငယ်လောက်သည် မည်သည့်ပြဿနာမှ ရှာနိုင်လိမ့်မည်မဟုတ်ပေ။ သို့သော်ငြား ယခုအခါမှသာလျှင် ရှေးဟောင်းကျောင်းတော်တစ်ခုလုံးသည် မည်သူမျှပင် သတိမထားမိလိုက်ဘဲ နတ်ဆိုးဝိဉာဉ်များ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားခဲ့ကြောင်းကို သိလိုက်ရလေသည်။

ယခုအကြံအစည်ကို နောက်ကွယ်မှကြိုးကိုင်နေသည့်လူ မည်သူဖြစ်သလဲ ထိုလူ၏ဦးတည်ချက်မှာ မည်သည့်အရာဖြစ်သလဲဆိုသည်ကို မည်သူမျှ မသိကြပါသော်ငြား သူတို့သည်သာ လဲ့ကုအား ဖမ်းဆီးနိုင်ခဲ့မည်ဆိုလျှင် လဲ့ကုဆီမှ အရေးကြီးသည့် သတင်းအချက်အလက်အချို့ကို ရကောင်းရနိုင်ပေသည်။ လိုအပ်သည့် သတင်းအချက်အလက်များကိုသာ ရနိုင်မည်ဆိုလျှင် လူတိုင်းအနေဖြင့် နောက်နောင်တွင် ယခင်ကထက်ပို၍ သေချာပြင်ဆင်ထားနိုင်ပေလိမ့်မည်။ အနည်းဆုံး တောင်ဘက်နယ်မြေရှိ ပညာရှင်များထဲ မည်သူသည် နတ်ဆိုးဝိဉာဉ်ဝင်စီးခြင်း ခံထားရသည့်လူများ ဖြစ်သလဲဆိုသည်ကို ရှာဖွေနိုင်ကြပေလိမ့်မည်။

ထိုတစ်ချက်တည်းနှင့်ပင် သူတို့အနေဖြင့် လဲ့ကုအား လွှတ်ပေး၍ မဖြစ်ပေ။ ကံမကောင်းစွာဖြင့် ဆုံးဖြတ်ချက်သည် သူ့လက်ထဲတွင်ရှိမနေကြောင်း ရှောင်ယုယန်သည် သိနေလေသည်။ သူသည် ကြယ်ဝိဉာဉ်နန်းတော်၏ ရွှေသံတမန်တစ်ဦး ဖြစ်သည့်အလျောက် ကြယ်ဝိဉာဉ်နန်းတော်ကို ကိုယ်စားပြုနေလေရာ သာမန်အခြေအနေမျိုးတွင်သာဆိုပါက သူသာအမိန့်ပေးလိုက်မည်ဆိုလျှင် တောင်ဘက်နယ်မြေထဲရှိ မည်သည့်ကျင့်ကြံသူမှ မနာခံဘဲ နေရဲလိမ့်မည်မဟုတ်ပါသော်ငြား လက်ရှိအခြေအနေတွင်မူ…။

ရှောင်ယုယန်သည် သူ့ဘေးနားတွင်ရှိနေသော မရင်းနှီးသည့်မျက်နှာများကို ကြည့်ရင်းမှ ခါးသက်သက်အမူအယာဖြင့် ပြုံးလိုက်လေသည်။ (ဒီကိစ္စနဲ့ပတ်သက်ပြီး ငါသွားပြောလို့လည်း ဘာမှပြောင်းလဲမှာမဟုတ်ဘူး… ဝမ်ကျိရှန်းနဲ့ ရန်ကိုင်တို့က ကောင်းရွှယ်ထင်းကို ကယ်ချင်နေတာ… ဒီတော့ ငါသာ ရှေ့တက်ပြီးသွားပြောရင်တော့ ကိုယ့်ကိုယ်ကို အရှက်ခွဲသလိုပဲ ဖြစ်နေမှာ…)

ရှောင်ယုယန် ဘာမျှမပြောဘဲ ငြိမ်နေသည်ကိုမြင်သော် ရှောင်ယုယန် မည်သည့်အရာအား စိတ်ပူနေသလဲဆိုသည်ကို မာချင်း ချက်ချင်းနားလည်လိုက်လေသည်။ ထိုအကြောင်းကြောင့် ရှောင်ယုယန်ကို အားကိုးမနေတော့ဘဲ ဝမ်ကျိရှန်းဘက်သို့လှည့်၍သာ ပြန်ပြောလိုက်လေသည်။ “ကျောင်းသခင်ဝမ်… မင်း ဘယ်လိုခံစားနေရလဲ ငါနားလည်တယ်… ဒါပေမယ့် မင်း အနာဂတ်ကို ချင့်ချိန်ပြီးတော့ စဉ်းစားပေးမယ်လို့ ငါမျှော်လင့်တယ်… အခုကိစ္စက တောင်ဘက်နယ်မြေတစ်ခုလုံးရဲ့ သေရေးရှင်ရေးနဲ့ ပတ်သက်နေတာ… မင်းက နေမင်းပြာကျောင်းတော်ရဲ့ ကျောင်းသခင်ပဲ… အခု မင်းလုပ်လိုက်တဲ့လုပ်ရပ်တိုင်း မင်းပြောလိုက်တဲ့စကားတိုင်းက တောင်ဘက်နယ်မြေမှာရှိနေတဲ့ ဘီလီလျံနဲ့ချီတဲ့ ကျင့်ကြံသူတွေရဲ့ စံနမူနာ ဖြစ်လာမှာနော်… ဒါကြောင့် မင်း တစ်ခုခုကိုမဆုံးဖြတ်ခင် သေသေချာချာပြန်စဉ်းစား…”

ထိုစကားကိုကြားသည့်အခါ ဝမ်ကျိရှန်းက နာကျင်နေသည့်အမူအယာဖြင့် ပြန်၍မေးလိုက်လေသည်။ “ရောင်းရင်းမာ… မဒမ်ချီသာ အခုလိုအခြေအနေမျိုးနဲ့ ကြုံနေရတယ်ဆိုရင် မင်း ဘာလုပ်မလဲ…”

မဒမ်ချီသည် မာချင်း၏ဇနီးဖြစ်ကာ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးလည်း ဖြစ်ပေသည်။ လက်ရှိအချိန်၌ မဒမ်ချီသည် မာချင်း၏ဘေးနားတွင် ရပ်နေလေ၏။ ထိုမေးခွန်းကိုကြားသည့်အခါ မာချင်း၏မျက်နှာကြီး ရှုံ့မဲ့သွားခဲ့လေသည်။ သို့ပင်ဖြစ်လင့်ကစား အံကိုတင်းတင်းကြိတ်၍ ပြန်ပြောလိုက်လေသည်။ “လိုအပ်လာမယ်ဆိုရင်တော့ အများသူငှာကောင်းစားဖို့အရေး စတေးသင့်ရင် စတေးရမှာပေါ့…”

သူ့လေသံထဲ ဝမ်းနည်းမှုတို့ဖြင့် ပြည့်နေခဲ့သည်။ မသိလျှင် မဒမ်ချီကို အမှန်တကယ် ဆုံးရှုံးခံမည့်အလား။ သို့သော်ငြား သူ့ပါးစပ်မှ ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် သူ့ဘေးနားတွင်ရပ်နေသော အမျိုးသမီး၏ခန္ဓာကိုယ် တုန်တက်သွားခဲ့ပြီး သူမ၏မျက်လွှာလေးများကို ချလိုက်လေသည်။

ဝမ်ကျိရှန်းက မဲ့ပြုံးပြုံးလျက် “ရောင်းရင်းမာ… မင်းရဲ့ စွန့်လွှတ်အနစ်နာခံရဲတဲ့သတ္တိကိုတော့ ငါ တကယ်လေးစားတယ်…”

“သူ့ပါးစပ်ကို ပိတ်ထားလိုက်…” ရန်ကိုင်က ဖန်းဝူကိုကြည့်ရင်းမှ လှမ်းအော်ပြောလိုက်သည်။

ဖန်းဝူသည် မာချင်းရှေ့တွင် ချက်ချင်းပေါ်လာပြီး သူ့လက်ကိုမြှောက်၍ မာချင်းအား ရိုက်ချလိုက်လေသည်။

မာချင်းမှာ ထိတ်လန့်သွားခဲ့ပြီး သူ့လက်ထဲရှိဓါးထဲသို့ ဧကရာဇ်ချီကိုထည့်သွင်း၍ မရေမတွက်နိုင်သော ဓါးအရိပ်များကို ဖန်တီးကာ ဖန်းဝူအား ပြန်လည်တိုက်ခိုက်လိုက်လေသည်။ သို့သော်ငြား ဖန်းဝူကမူ နှာခေါင်းရှုံ့၍ သူ့ခန္ဓာကိုယ်မှ အရိုင်းအရှိန်အဝါကို ထုတ်ဖော်လိုက်လေရာ မာချင်းမှာ သူ့တစ်ကိုယ်လုံး ရှေးဟောင်းလောကကြီးတစ်ခုထဲသို့ ကျဆင်းသွားသလို ခံစားလိုက်ရလေသည်။ အကျိုးဆက်အနေဖြင့် သူ့ကိုယ်ထဲရှိ ဧကရာဇ်ချီလှည့်ပတ်နှုန်းမှာလည်း ကသောင်းကနင်းဖြစ်သွားခဲ့ပြီး သူထုတ်ဖော်လိုက်သည့် ဓါးပညာရပ်မှာလည်း ပျက်စီးသွားခဲ့ရလေသည်။

ထိုအချိန်အတောအတွင်း ဖန်းဝူ၏လက်သည် မာချင်း၏ဓါးအရိပ်များကို ပွင့်ချပ်များထဲ ကူးခတ်ပျံသန်းနေသော လိပ်ပြာလေးတစ်ကောင်ပမာ ဖြတ်ကျော်လာ၍ မာချင်း၏ရင်ဘတ်တည့်တည့်သို့ သွားရောက်ထိမှန်လေ၏။ ကောင်းကင်တိုက်ပွဲဒိုဂျိုမှလူများမှာတော့ သူတို့၏တော်ဝင်သခင် ယခုကဲ့သို့ တိုက်ကွက်တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားသည့်အပေါ် အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေကြလေသည်။ ကံကောင်းစွာဖြင့် တစ်ဖက်လူမှာ သူတို့၏တော်ဝင်သခင်အား သတ်လိုစိတ် ရှိသည့်ပုံမပေါ်။ ထိုသို့သာမဟုတ်ပါက မာချင်း ယခုကဲ့သို့ အသက်ရှင်လျက် ရပ်နေနိုင်တော့လိမ့်မည်မဟုတ်ပေ။ အစောပိုင်းကတိုက်ပွဲကြောင့် မာချင်းမှာ အတော်လေးကိုမှ အားကုန်သွားခဲ့ရပါသော်ငြား သူကိုယ်တိုင်သည် ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်နေသေးလေရာ မည်ကဲ့သို့များ ဤမျှ အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရလေသနည်း။

“နတ်သားရဲ…” မာချင်းသည် ဖန်းဝူအား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်လေသည်။ သူ့ရှေ့တွင်ရှိနေသည့်လူသည် အစစ်အမှန်နတ်သားရဲတစ်ကောင် ဖြစ်လေသည်။ မာချင်းသည် ဖန်းဝူအား တစ်ခါမှ မတွေ့ခဲ့ဖူးပါသော်ငြား အစောပိုင်းက ဖန်းဝူဆီမှထွက်ပေါ်လာသည့် အရှိန်အဝါကို မာချင်းအနေဖြင့် အထင်မှားစရာအကြောင်း လုံးဝမရှိပေ။ သူ့ရှေ့တွင်ရှိနေသည့်လူသည် လူအသွင်ယူထားသော နတ်သားရဲတစ်ကောင်သာ ဖြစ်လေသည်။

သူ့ရှေ့တွင်ရှိနေသည့်လူမှာ မည်သည့်နတ်သားရဲဖြစ်သလဲဆိုသည်ကို မာချင်း မသိပါသော်ငြား သူ၏အထွဋ်အထိပ်အခြေအနေတွင် ရှိနေမည်ဆိုလျှင်ပင် ဤနတ်သားရဲ၏ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ လက်ရှိ သူ့အခြေအနေနှင့်ဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။ မာချင်းအား ပို၍ ကြောက်ရွံ့သွားစေသည့်အချက်မှာ ဤနတ်သားရဲမှာ ရန်ကိုင်၏အမိန့်များကို နာခံနေခြင်းပင်။

(ဘာတွေဖြစ်နေတာလဲ… ရန်ကိုင်က နတ်သားရဲတစ်ကောင်ကို ဘယ်လိုလုပ်ပြီး အမိန့်ပေးနိုင်နေရတာလဲ…)

ဖန်းဝူသည် မာချင်းအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်၍ “ငါ အခု စိတ်ကောင်းဝင်နေတာမဟုတ်ဘူးနော်… ဒီတော့ ငါ့ကို လူသတ်ရအောင် လာပြီး တွန်းအားပေးမနေနဲ့…”

ထို့နောက်တွင် မာချင်း၏ရင်ဘတ်အား လက်ညှိုးဖြင့် ထိုးလိုက်ရာ မာချင်းမှာ သူ့ရင်ဘက်ထဲသို့ စီးဝင်လာသည့်အားကြောင့် ခြေလှမ်းပေါင်းများစွာ နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ရသည်။

မာချင်းမှာ ပါးစပ်ဟ၍ တစ်ခုခုပြောရန် လုပ်လိုက်ပါသော်ငြား သူ့ဘေးနားတွင်ရပ်နေသည့် မဒမ်ချီသည် သူ့အင်္ကျီစကိုဆွဲ၍ သတိပေးလိုက်လေသည်။ အဆုံးတွင်တော့ မာချင်းမှာ ဘာမှဆက်ပြောမနေတော့ဘဲ သက်ပြင်းအမောကြီးသာ ချလိုက်သည်။ ဤနတ်သားရဲ သူ့အား ခြိမ်းခြောက်နေခြင်းမဟုတ်မှန်း မာချင်းပြောနိုင်ပေသည်။ သူ့ဘက်ကသာ စည်းကျော်လာမည်ဆိုလျှင် ဤနတ်သားရဲ သူ့အား ချက်ချင်းသတ်ပစ်ပေလိမ့်မည်။

တောင်ဘက်နယ်မြေမှ ထောင်နှင့်ချီသော ကျင့်ကြံသူများနှင့် သောင်းနှင့်ချီသော နတ်ဆိုးများသည် တောင်ကြားထဲဝယ် တစ်ဖက်နှင့်တစ်ဖက် မျက်နှာချင်းဆိုင်နေကြလေသည်။ သို့သော်ငြား တောင်ကြားတစ်ခုလုံးမှာတော့ ပကတိ တိတ်ဆိတ်နေလေ၏။ လူတိုင်း၏အကြည့်သည် ရန်ကိုင်နှင့် လဲ့ကုတို့ဆီတွင်သာ ရောက်ရှိနေခဲ့လေသည်။

“ကဲ… အခု စကားပြောလို့ရပြီ…” ရန်ကိုင်သည် ကောင်းရွှယ်ထင်းကိုကျော်၍ လဲ့ကုအား လှမ်းကြည့်ကာ ပြောလိုက်လေသည်။ “ခင်ဗျားသေချင်တယ်ဆိုရင် ကျုပ် အခုချက်ချင်း ခင်ဗျားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်… ခင်ဗျားရဲ့ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုလေးတောင် မကျန်စေရဘူးလို့ ကျုပ် အာမခံတယ်…”

ထိုစကားကိုကြားသော် ဝမ်ကျိရှန်း၏မျက်လုံးများ တဖျတ်ဖျတ်လက်သွားခဲ့ပြီး ရင်တဒုန်းဒုန်းလည်း ခုန်သွားခဲ့လေသည်။ ကံကောင်းစွာဖြင့် လဲ့ကုမှာ မလှုပ်ရှားခဲ့ပေ။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်က ပြုံးလျက် “ကြည့်ရတာ ခင်ဗျား မသေချင်သေးတဲ့ပုံပဲ… ဟုတ်တော့လည်း ဟုတ်တာပဲလေ… ခင်ဗျားအနေနဲ့ ခန္ဓာကိုယ်တစ်ခုကိုအပိုင်စီးပြီးတော့ အသက်ပြန်ရှင်လာဖို့က လွယ်တာမှမဟုတ်တာ… ပြီးတော့ ခင်ဗျားအပိုင်စီးထားတဲ့ခန္ဓာကိုယ်ကလည်း ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကြီး… ဒီလိုအခြေအနေမျိုးမှာ ဘယ်သူကသေချင်မှာလဲ…”

ထို့နောက်တွင် ရန်ကိုင်၏အကြည့်သည် စူးရှသွားခဲ့ပြီး သူ့လက်ကိုဝှေ့ယမ်းလျက် ဆက်ပြောလိုက်လေသည်။ “ခင်ဗျားရဲ့ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်… ဒီနေ့ ခင်ဗျား ထွက်သွားနိုင်ဦးမယ်လို့ ထင်သေးလား…”

“မင်း ငါ့ကိုလာခြိမ်းခြောက်နေတာလား…” လဲ့ကုက အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ရန်ကိုင်က ပြန်၍ပြောလိုက်လေ၏။ “ခင်ဗျား အခု ဘယ်လိုအခြေအနေမျိုးထဲ ရောက်နေလဲဆိုတာကို ခင်ဗျား နားလည်သွားစေချင်ရုံပဲ… အိုး… ဟုတ်သားပဲ… ကျုပ် ခင်ဗျားကို မိတ်ဆက်ပေးဖို့မေ့နေတာ… အဲ့မှာရပ်နေတဲ့လူကို ခင်ဗျားတွေ့လား… သူက အရှေ့ဘက်နယ်မြေက နတ်သားရဲဖန်းဝူပဲ… အဲ့တစ်ယောက်က နတ်သားရဲချန်ကွော့… ဒီနောက်ဆုံးတစ်ယောက် အမျိုးသမီးချောချောလေးကတော့ နတ်သားရဲလွမ်ဖုန်းပဲ… သူတို့တွေကိုတွေ့တယ်မလား… သူတို့တွေက နတ်အရှင်သုံးပါးရဲ့လက်အောက်မှာ ခစားနေတဲ့ မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါးပဲ…”

ထိုစကားကိုကြားသည့်အခါ လွမ်ဖုန်း၏နှုတ်ခမ်းကြီး မဲ့သွားခဲ့လေသည်။ သို့သော်ငြား မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါးမှာတော့ ခက်ထန်သည့်အမူအယာများဖြင့် သူတို့၏မွန်းစတားချီကို ထုတ်လွှတ်၍ ဆွဲမယ့်ဖြဲမယ့်ပုံစံမျိုးဖြင့် လဲ့ကုအား ခြိမ်းခြောက်ပြလိုက်လေသည်။

ရန်ကိုင်ပြောသွားသည့်စကားများကို ကြားပြီးသည့်နောက် တောင်ဘက်နယ်မြေမှ ကျင့်ကြံသူပေါင်းများစွာ အလွန်ကိုမှ ကြောက်ရွံ့သွားကုန်ကြလေသည်။ ဖန်းဝူ၏ တိုက်ကွက်တစ်ကွက်ကြောင့် မာချင်း အညံ့ခံလိုက်ရသည်ကို မြင်လိုက်ရရုံဖြင့်ပင်လျှင် သူတို့ခမျာ အတော်လေးကိုမှ ထိတ်လန့်တုန်လှုပ်နေခဲ့ရလေပြီ။ သို့ပင်ဖြစ်လင့်ကစား ယခုမှသာလျှင် နတ်သားရဲတစ်ကောင်သာလျှင် ရှိနေခြင်းမဟုတ်ဘဲ သုံးကောင်တိတိ ရှိနေခြင်းဖြစ်ကြောင်းကို သိသွားခဲ့ရလေသည်။ နတ်သားရဲသုံးကောင်သာလျှင်မဟုတ်သေး မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါးလည်း ရှိနေပေသေးသည်။

(ဒါ ဘယ်လိုအင်အားစုကြီးလဲ… သူတို့တွေကို ငါ တစ်ခါမှ မြင်လည်းမမြင်ဖူး ကြားလည်းမကြားဖူးပါလား… ကြယ်ဝိဉာဉ်နန်းတော်တောင် ဒီလောက်အားကောင်းတဲ့လူတွေကို ထုတ်လာနိုင်မှာမဟုတ်ဘူး…) လူတိုင်းအား စိတ်သက်သာရာ ရသွားစေသည့်အချက်မှာ နတ်သားရဲများနှင့် ရန်ကိုင်သည် အတော်လေးကိုမှ တရင်းတနှီး ရှိနေသည့်အချက်ပင်။ ထို့အတွက်ကြောင့် နတ်သားရဲများ တောင်ဘက်နယ်မြေတွင် ပြဿနာရှာမည်ကို သူတို့အနေဖြင့် စိတ်ပူနေစရာမလိုပေ။

“အဲ့ဒါတွေအပြင်ကိုမှ ကျုပ် မြောက်ဘက်နယ်မြေကခေါ်လာတဲ့ ဧကရာဇ်အဆင့်ပညာရှင် အယောက်နှစ်ရာကျော်လည်း ရှိသေးတယ်…” ရန်ကိုင်သည် မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများ ရှိနေသည့်ဘက်ဆီသို့ ညွှန်ပြလိုက်လေသည်။ ထိုစကားကိုကြားသည့်အခါ မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ခေါင်းမော့ရင်ကော့ပြလိုက်လေသည်။

လဲ့ကုက ဒေါမာန်တကြီးဖြင့် ပြန်အော်ပြောလေ၏။ “ဒီလောက်နဲ့ ငါ့ကို ကြောက်အောင် လုပ်နိုင်မယ်လို့ ထင်နေတာလား…”

ရန်ကိုင်က ပြန်၍ပြောလိုက်လေသည်။ “ကျုပ် ခင်ဗျားကို ကြောက်အောင် ခြောက်နေတာမဟုတ်ဘူး… ကျုပ်တို့ ဆွေးနွေးလို့ရသေးတယ်ဆိုတာကို ခင်ဗျားသိသွားအောင် ပြောပြချင်ရုံပဲ…”

“ဆွေးနွေးဖို့… ဘာကိုဆွေးနွေးမှာလဲ…” လဲ့ကုက နှာခေါင်းရှုံ့လိုက်လေသည်။ စကားပြောနေစဉ်တွင်ပင် လဲ့ကုမှာ ရန်ကိုင်အား အခွင့်အရေး အနည်းငယ်မျှပင် မပေးလိုသည့်အလား ကောင်းရွှယ်ထင်းအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့လေသည်။

“ခင်ဗျားက အသက်ရှင်ချင်တယ်… ကျုပ်က အဲ့အမျိုးသမီးကို လိုချင်တယ်… အဖြေကရှင်းနေတာပဲ… ကျုပ် ခင်ဗျားကိုသွားခွင့်ပေးမယ်… ခင်ဗျားကလည်း သူ့ကိုလည်း လွှတ်ပေးလိုက်…”

လဲ့ကုက လှောင်ပြုံးပြုံးလျက် “ငါ့ကို အရင်သွားခွင့်ပေး… ငါလွတ်ပြီဆိုတာသေချာရင် သူ့ကိုပြန်လွှတ်ပေးမယ်…”

ရန်ကိုင်က အေးစက်စက်လေသံဖြင့် အော်ရယ်မောလျက် “အဲ့လိုမျိုးဖြစ်နိုင်မယ်လို့ ခင်ဗျား ထင်လား…”

ထိုစဉ် ဝမ်ကျိရှန်းက ဖြတ်ပြောလိုက်လေသည်။ “ငါ သူ့နေရာအစားဝင်ပေးမယ်… မင်း ငါ့ကို ဓါးစာခံအဖြစ် ဖမ်းလိုက်… အဲ့ဒါနဲ့ မကျေနပ်သေးဘူးဆိုလို့ရှိရင် ငါ့ကိုယ်ထဲကို မင်းရဲ့နတ်ဆိုးချီတွေထည့်ပြီးတော့ ငါ့ကို နတ်ဆိုးအသွင်ပြောင်းလိုက်လည်း ရတယ်…”

All Chapters