← Chapters

အခန်း (၃၂၆၆-၃၂၇၀)

Vol. 143 Ch. 3266-3270

အခန်း (၃၂၆၆-၃၂၇၀)

Vol. 143 Ch. 3266-3270

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၆၆)

ဘာသာပြန်သူ_တိမ်တိုက်

ထိုစကားကို ကြားသော် လဲ့ကုက လှောင်ပြုံးပြုံးလျက်... "ငါဘာဖြစ်လို့ အပိုတွေ လိုက်လုပ်နေရမှာလဲ"

ကောင်းရွှယ်ထင်းသည် အကောင်းဆုံးသော ဓားစာခံ ဖြစ်ပေသည်။ ထိုအတွက်ကြောင့် ဝမ်ကျိရှန်းနှင့် သွားလဲနေစရာ မလို။ ထိုအပြင် ဝမ်ကျိရှန်းနှင့် သွားလဲခြင်းသည် အလွန်ကိုမှ အန္တရာယ်များပေသည်။ လဲလှယ်ရာတွင် မတော်တဆ အဖြစ်အပျက်များ ဖြစ်လာနိုင်သည်ဟူသော အချက်ကို ထည့်မတွက်လျှင်ပင် ဝမ်ကျိရှန်း၏ ကျင့်ကြံခြင်းမှာ ကောင်းရွှယ်ထင်းထက် အဆင့်တစ်ဆင့် ပိုမြင့်နေသည့်အတွက် ဝမ်ကျိရှန်း၏ ကိုယ်ထဲသို့ နတ်ဆိုးချီ ထည့်သွင်းလိုက်ခြင်းသည် အလုပ်ဖြစ်မဖြစ်ကို မည်သူမျှ မပြောနိုင်ကြပေ။

ယခုတစ်ကြိမ် အဖြစ်အပျက်အတွင်း မည်သည့် ဧကရာဇ်တတိယအဆင့်ပညာရှင်မျှ နတ်ဆိုးချီကူးစက်ခြင်း မခံရသည်ကို ကြည့်လျှင် သိနိုင်ပေသည်။ လဲ့ကုနှင့် ဖုန်းမင်တို့ ဧကရာဇ်တတိယအဆင့်ပညာရှင်များအား နတ်ဆိုးချီ ကူးစက်သွားအောင် လုပ်ရန် မကြိုးစားခဲ့ခြင်း မဟုတ်။ ထိုသို့လုပ်ရန် အလွန်ကိုမှ ခက်ခဲလွန်းသည့်အတွက်ကြောင့် ဧကရာဇ်ပထမအဆင့်နှင့် ဒုတိယအဆင့် ကျင့်ကြံသူများကိုသာ အာရုံစိုက်ထားခဲ့ခြင်း ဖြစ်သည်။

"အဲဒါဆို မင်းဘာလိုချင်တာလဲ" ဝမ်ကျိရှန်းမှာတော့ ယခင်ကကဲ့သို့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနှင့် တည်တည်ငြိမ်ငြိမ် မရှိနိုင်တော့ဘဲ သူ့အမူအရာမှာ ထူးထူးခြားခြားကို လေးနက်တည်ကြည်နေခဲ့လေသည်။ "ငါလိုချင်တာလည်း သူလုံခြုံရုံပဲ၊ ကဲ မင်းဘာလိုချင်လဲ ငါ့ကိုပြော"

လဲ့ကုက နှာခေါင်းရှုံ့လျက်... "ငါပြောပြီးသွားပြီလေ၊ ငါ့ကိုလွှတ်ပေးလိုက်၊ ငါလုံခြုံတဲ့ နေရာတစ်ခုကို ရောက်တာနဲ့ သူ့ကိုပြန်လွှတ်ပေးမယ်"

"အဲဒါကတော့ မဖြစ်နိုင်ဘူး" ဝမ်ကျိရှန်းက ဖြည်းဖြည်းချင်း ခေါင်းခါလျက်... "မင်းလွတ်သွားမယ်ဆိုရင်တောင် မင်းပြောထားတဲ့အတိုင်း သူ့ကို ပြန်လွှတ်ပေးမယ်လို့ ဘယ်သူမှ အာမခံမပေးနိုင်ဘူး၊ ငါက မင်းကို ဘယ်လိုလုပ်ပြီး ယုံပေးရမှာလဲ"

လဲ့ကုက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ "မင်းသူ့ကို လုံခြုံချင်တယ်ဆိုရင်တော့ အလောင်းအစား လုပ်ရုံပဲ ရှိမှာပေါ့၊ အဆိုးဆုံး ဒီအမျိုးသမီး သေသွားရုံပဲ" သူ့လက်ထဲသို့ နတ်ဆိုးချီကို ကောက်ထည့်သွင်းလိုက်ရာ ကောင်းရွှယ်ထင်း နာကျင်စွာ ထအော်လေသည်။

"ရပ်လိုက်" ဝမ်ကျိရှန်းက ထအော်လေ၏။ သူ့အမူအရာမှာလည်း အပြောင်းအလဲကြီး ပြောင်းလဲနေခဲ့လေပြီ။

လဲ့ကုမှ ပြန်ပြောတော့မည်အပြု ရန်ကိုင်က ဖြတ်ပြောလိုက်သည်။ "ခင်ဗျားပြောတာကို ကျုပ်သဘောမတူနိုင်ဘူး၊ ကျုပ်ပြောတာကိုလည်း ခင်ဗျားက လက်မခံနိုင်ဘူး၊ ကောင်းပြီလေ ဒီတော့ နှစ်ဦးနှစ်ဖက် နည်းနည်းပါးပါး အလျှော့ပေးကြရအောင်"

လဲ့ကုသည် ရန်ကိုင်ကို ကြည့်၍ ပြောလိုက်သည်။ "မင်းပြောကြည့်"

ရန်ကိုင်သည် လက်နောက်ပစ်ရင်းမှ ပြန်ပြောလိုက်သည်။ "ကျုပ်ခင်ဗျားကို လွှတ်ပေးမယ် ဒါပေမဲ့ ခင်ဗျားအနောက်ကနေ ကျုပ်လိုက်လာခဲ့မယ်၊ ခင်ဗျား လုံခြုံတဲ့နေရာကို ရောက်ပြီလို့ ထင်တာနဲ့ စီနီယာအစ်မကောင်းကို ကျုပ်ဆီ ပြန်ပေးလိုက်၊ ဒါကျုပ်ရဲ့ နောက်ဆုံးကမ်းလှမ်းချက်ပဲ၊ ဒါကိုမှ လက်မခံနိုင်သေးဘူးဆိုရင်တော့ ဘာမှဆက်ပြောနေစရာ မလိုတော့ဘူး"

လဲ့ကုမှာ ပြန်မဖြေခဲ့ပါသော်ငြား သူ့မျက်လုံးများမှာ တဖျတ်ဖျတ်လက်သွားခဲ့သည်။ ဝမ်ကျိရှန်းမှာလည်း ရင်တဒုန်းဒုန်းကို ခုန်နေခဲ့လေကာ သူ့နှလုံး ရင်ဘတ်ထဲမှ ခုန်ထွက်လုမတတ်ပင် ဖြစ်နေခဲ့လေသည်။ တစ်ခုခု မှားယွင်းသွားသည်ကို သတိထားမိလိုက်သည်နှင့် တစ်ပြိုင်နက် အချိန်မရွေး တိုက်ခိုက်နိုင်ရန်အတွက်လည်း ဧကရာဇ်ချီကို တိတ်တဆိတ် လှည့်ပတ်ထားခဲ့သည်။ လက်ရှိအချိန်၌ တောင်ကြားတစ်ခုလုံးမှာ သုသာန်တစပြင်မျှ တိတ်ဆိတ်နေခဲ့ပြီး အချိန်စီးဆင်းမှုနှုန်းမှာလည်း အလွန်တရာကိုမှ နှေးကွေးနေသယောင် ထင်မှတ်ရလေသည်။

အချိန်မည်မျှ ကြာသွားလို့ ကြာသွားမှန်းမသိ ကြာသွားပြီးသည့်နောက်တွင် ရန်ကိုင်က အသက်ပြင်းပြင်းရှူသွင်း၍ ပြောလိုက်လေသည်။ "ဒီတော့ လက်ခံတယ်ပေါ့"

ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကို မြှောက်၍ အော်ပြောလိုက်သည်။ "မွန်းစတားဘုရင်တွေ၊ ငါ့အမိန့်ကို နာခံဖို့ပြင်ထားပေတော့"

ဘုန်း။ အားကောင်းလှသည့် မွန်းစတားချီတို့ ပေါက်ကွဲထွက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးစလုံးသည် လဲ့ကုနှင့် ကောင်းရွှယ်ထင်းတို့အား ဘက်ပေါင်းစုံမှ ဝိုင်းလိုက်ကြလေသည်။ အကုန်လုံးမှာ ဆွဲတော့ဖြဲတော့မည့် သားရဲကောင်ကြီးများပမာ လဲ့ကုအား အရူးအမူး စိုက်ကြည့်နေကြလေသည်။

"ကျုပ် သုံးအထိရေမယ်၊ အဲဒီအချိန်အတွင်းမှ ခင်ဗျား ပြန်မပြောဘူးဆိုရင်တော့ ခင်ဗျားသေပြီပဲ" ရန်ကိုင်သည် လဲ့ကုကို အေးစက်စက်အမူအရာဖြင့် ကြည့်လိုက်လေသည်။ ထို့နောက် လက်တစ်ချောင်းကို စထောင်လေ၏။ "တစ်"

ဝမ်ကျိရှန်းမှာတော့ အလွန်ကိုမှ ရင်ထိတ်နေခဲ့လေသည်။ သူမည်မျှ စိတ်ပူနေသလဲဆိုလျှင် တင်းတင်းဆုပ်ထားသည့် သူ့လက်သီးနှစ်ဖက်စလုံးကို ကြည့်လျှင် သိနိုင်ပေသည်။

"နှစ်" ဒုတိယလက်ညှိုး ထောင်လိုက်လေသည်။

သတ်ဖြတ်လိုစိတ်တို့သည် မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးဆီမှ ထွက်ပေါ်လာခဲ့ပြီး လဲ့ကုအား လွှမ်းခြုံသွားခဲ့သည်။ မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးမှာတော့ လဲ့ကုနှင့် ကောင်းရွှယ်ထင်းတို့ နှစ်ဦးစလုံးကို ဂရုစိုက်နေကြလိမ့်မည် မဟုတ်ပေ။ ထိုနှစ်ဦးသည် သူတို့အတွက် သူစိမ်းများပင် မဟုတ်ပေလော။ လက်ရှိအချိန်တွင် သူတို့အတွက် အရေးကြီးဆုံးအရာမှာ ရန်ကိုင်၏ အမိန့်အတိုင်း လုပ်ရန်သာ ဖြစ်လေသည်။ ရန်ကိုင်သည် သုံးအထိရေပြီးသည်နှင့် တစ်ပြိုင်နက် လဲ့ကုအား တစ်စစီဖြစ်အောင် လုပ်ရန်ပြောလာသည့်အတွက်ကြောင့် သူတို့သည်လည်း ရန်ကိုင် ပြောသည့်အတိုင်း ကျိန်းသေ လုပ်ပေလိမ့်မည်။ ကောင်းရွှယ်ထင်း သေသေရှင်ရှင်ကိုမူ သူတို့ ဂရုစိုက်နေလိမ့်မည် မဟုတ်။

မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါး၏ သတ်ဖြတ်လိုစိတ်တို့ လွှမ်းခြုံခြင်းခံလိုက်ရချိန်တွင် လဲ့ကု၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော နတ်ဆိုးချီမှာလည်း စတင်၍ လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့လေသည်။ ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးပင် ဖြစ်လင့်ကစား မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါး၏ ပူးပေါင်းတိုက်ခိုက်မှုကိုသာ ခံလိုက်ရမည်ဆိုလျှင် လဲ့ကုအနေဖြင့် ကျိန်းသေ သေရပေလိမ့်မည်။

လဲ့ကုသည် ရန်ကိုင်အား မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။ ရန်ကိုင်၏ မျက်လုံးထဲ တုံ့ဆိုင်းရိပ်တို့ကို သူမြင်ချင်နေမိသည်။ သို့တိုင် ရန်ကိုင်မှာတော့ လုံးဝကို အေးအေးဆေးဆေး အမူအရာဖြင့်သာ ရှိနေသည့်အတွက်ကြောင့် လဲ့ကုမှာ စိတ်ပျက်သွားခဲ့ရသည်။ နောက်ဆုံး တတိယမြောက် လက်ညှိုးထောင်ခါနီးတွင် လဲ့ကုက ပြောလိုက်လေသည်။ "မင်းတစ်ယောက်ပဲ လိုက်ခွင့်ရမှာနော်"

"ရတယ်" ရန်ကိုင်သည် သူ့လက်ကို ပြန်ချလိုက်ပြီး လက်ကို နောက်ပစ်ထားလိုက်သည်။ လက်ရှိ ရန်ကိုင်ပုံစံမှာ တည်ငြိမ်နေသယောင် ထင်ရပါသော်ငြား သူ့နောက်တွင် ရပ်နေသည့် လူများမှာမူ ရန်ကိုင်၏ လက် မသိမသာလေး တုန်ခါနေကြောင်းကို သတိထားမိပေလိမ့်မည်။ ကြည့်ရသလောက် ရန်ကိုင်သည်လည်း ထင်သလောက် တည်ငြိမ်ခြင်း မရှိသည့်ပုံပင်။ ထိုအကြောင်းကြောင့် သူတို့၏ စိတ်ထဲ တစ်ခုခုတော့ တွေးမိသွားကြလေသည်။ [လဲ့ကု ဘာမှမပြောဘူးဆိုရင် ရန်ကိုင် မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးစလုံးကို တကယ်ကြီး တိုက်ခိုက်ခိုင်းမှာလား]

"လမ်းဖယ်ပေးလိုက်" ရန်ကိုင်က သူ့လက်ကို ဝှေ့ယမ်း၍ ပြောလိုက်ရာ မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးစလုံးသည်လည်း လဲ့ကု သွားနိုင်ရန်အတွက် လမ်းဖယ်ပေးလိုက်ကြလေသည်။

ထိုအချင်းအရာကို မြင်လိုက်သည့်အခါတွင်တော့ ဖန်းဝူ၊ ချန်ကွော့နှင့် လွမ်ဖုန်းတို့ သက်ပြင်းအမောကြီး ချလိုက်ကြလေ၏။ [ဒါ ငါတို့လက်အောက်က မွန်းစတားဘုရင်တွေလေ၊ ဘယ်လိုလုပ်ပြီး လူသားတစ်ယောက်က သူတို့ကို စိတ်ကြိုက် အမိန့်ပေးနေနိုင်ရတာလဲ၊ ဒီအသုံးမကျတဲ့ကောင်တွေကလည်း ဟိုကောင်ပြောသမျှ အကုန်လုံးကို လိုက်ပြီးတော့ နားထောင်နေတာပဲ၊ နည်းနည်းလေးတောင် တုံ့ဆိုင်းမနေဘူး၊ တကယ်ကို စိတ်ညစ်ဖို့ကောင်းလိုက်တဲ့ကောင်တွေ]

"သွားလို့ရပြီ" ရန်ကိုင်က အချက်ပြလိုက်သည်။

လဲ့ကုက ပြန်၍ ပြောလိုက်လေသည်။ "မင်းပြောတဲ့အတိုင်းတော့ လုပ်နော်၊ မင်းသဲလွန်စတွေ ဘာ‌တွေချန်ခဲ့တာတို့ သူတို့ထဲက တစ်ယောက်ယောက် ငါတို့နောက်လိုက်လာတာတို့ကို ငါသတိထားမိသွားမယ်ဆိုရင် အကျိုးဆက်ကို မင်းပဲခံရမှာ"

"စိတ်မပူနဲ့" ရန်ကိုင်က အော်ရယ်မောလိုက်လေသည်။

လဲ့ကုကမူ အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် နတ်ဆိုးချီဖြင့် ကောင်းရွှယ်ထင်းကို ရစ်ပတ်၍ မွန်းစတားဘုရင်များ ဖယ်ပေးထားသည့် လမ်းကြောင်းမှ ပြေးထွက်သွားလေ၏။ ရန်ကိုင်သည်လည်း အေးအေးဆေးဆေးဖြင့် လဲ့ကုအနောက်မှ အနီးကပ်လိုက်သွားခဲ့လေသည်။

မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်နှင့် လဲ့ကုမှာ အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

ထိုနှစ်ဦး ထွက်သွားသည့် အရပ်ဆီသို့ ကြည့်ရင်း ဝမ်ကျိရှန်း တုံ့ဆိုင်းလာခဲ့သည်။ ရန်ကိုင် တစ်ယောက်တည်း လဲ့ကု အနောက်သို့ လိုက်သွားသည့်အပေါ် သူ့ခမျာ စိုးရိမ်နေမိလေရာ သူကိုယ်တိုင်သည်လည်း လိုက်သွားချင်မိသည်။ သို့ပင်ဖြစ်လင့်ကစား လဲ့ကုကမူ မသွားခင်ကတည်းက ရန်ကိုင် တစ်ဦးတည်းသည်သာ သူ့အနောက်သို့ လိုက်ခွင့်ရှိသည်ဟု ပြောခဲ့လေသည်။ သူသည်သာ လဲ့ကုတို့ အနောက်သို့ လိုက်သွားရင်းမှ သူ့အရှိန်အဝါကို မတော်တဆ ထုတ်ဖော်မိလျှင် ကောင်းရွှယ်ထင်း သေသွားရနိုင်ပေသည်။ ထိုအချင်းအရာကို မြင်သော် မာချင့်က သက်ပြင်းချ၍ ဝမ်ကျိရှန်း၏ ပခုံးကို ပုတ်ရင်းမှ ပြောလိုက်သည်။ "ရောင်းရင်းဝမ်၊ အခုအစီအစဉ်ကို အဲဒီကောင်လေး ကိုယ်တိုင်ပဲ ပြောတာဆိုတော့ သူအတတ်နိုင်ဆုံး အကြီးအကဲကောင်းကို ပြန်ခေါ်လာပေးလိမ့်မယ်၊ မင်းအေးအေးဆေးဆေးသာ စောင့်ကြည့်နေလိုက်"

ထိုသို့ပြောပြီးသည့်နောက် ဝမ်ကျိရှန်း ဘာမျှ ပြန်မပြောသည်ကို မြင်သော် မာချင့်လည်း အခြားသူများဆီသို့သာ လျှောက်သွားလိုက်လေသည်။ ထို့နောက် သူ့မိန်းမနှင့် တပည့်များကို ကြည့်ရင်း စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ "မင်းတို့အားလုံး အဆင်ပြေရဲ့လား"

တပည့်များက ခေါင်းညိတ်ပြလိုက်သည်။ သို့သော်ငြား မဒမ်ချီကမူ မာချင့်အား အေးစက်စက်အမူအရာဖြင့် စိုက်ကြည့်နေလေ၏။ သူ့မိန်းမ၏ အေးစက်စက်အကြည့်ကြောင့် မာချင့် ဇောချွေးပြန်သွားခဲ့ပြီး ပြန်၍ မေးလိုက်လေသည်။ "မိန်းမ၊ ဘာဖြစ်လို့လဲဟင်"

မဒမ်ချီကမူ သူမ၏ အင်္ကျီလက်စကို ခါယမ်းလျက် အေးစက်စက် မျက်နှာထားဖြင့် အခြားတစ်ဖက်သို့ လှည့်သွားရင်းမှ ပြောလိုက်လေသည်။ "အိမ်ပြန်ရောက်ရင် တရားဝင်ကွာရှင်းကြတာပေါ့၊ ဟုတ်တယ်မလား တော်ဝင်သခင်မာ၊ ရှင့်လို တရားမျှတမှုကို မြတ်နိုးတဲ့လူတစ်ယောက်အတွက် ကျွန်မက ရှင့်ရဲ့အနာဂတ်ကို ပိတ်ဆို့နေသလို ဖြစ်နေမှာ၊ ဒီတော့ ကိုယ့်လမ်းကိုယ်သွားကြတာပေါ့"

မာချင့်၏ နဖူးအထက် ချွေးသီးများ ဝေ့သီလာပြီး မဒမ်ချီအနောက်သို့ အလျင်စလို ပြေးလိုက်သွားရင်းမှ ပြောလိုက်လေသည်။ "မိန်းမ၊ နင်ဘာဖြစ်လို့ အခုလိုတွေပြောနေရတာလဲ"

သူ့မိန်းမ ယခုကဲ့သို့ ဖြစ်နေရခြင်းမှာ အစောပိုင်းက ဝမ်ကျိရှန်းအား သူပြောလိုက်သည့် စကားများကြောင့်မှန်း မာချင်း သိနေခဲ့လေသည်။ [ငါဒီအတိုင်းပဲ အခြေအနေအရ ပြောလိုက်ရုံပါပဲ မိန်းမရာ၊ မင်းဘာဖြစ်လို့ ဒီလောက်တောင် အတည်ပေါက်ကြီး လုပ်နေရတာလဲ]

ဝမ်ကျိရှန်းကမူ အတန်ကြာအောင် တိတ်တဆိတ် ရပ်နေပြီးသည့်နောက် မျက်လုံးပိတ်ချလိုက်လေသည်။ သူ့စိတ်ထဲ ဤမျှကြာအောင် တုံ့ဆိုင်းနေမိလင့်ကစား ရန်ကိုင်နှင့် လဲ့ကု အနောက်သို့ ပြေးလိုက်သွားရန်အထိ သတ္တိမရှိပေ။ ယခုမှ လိုက်သွားလျှင်လည်း နောက်ကျသွားခဲ့လေပြီ။ ထိုအတွက်ကြောင့် သူ့မျှော်လင့်ချက်အားလုံးကို ရန်ကိုင် အပေါ်တွင် စုပုံထားရုံသာ တတ်နိုင်တော့လေသည်။ သို့သော်ငြား မျှော်လင့်ချက်မှာ ရေးတေးတေးလေးသာ ရှိပေ၏။ ရန်ကိုင်၏ ခွန်အားမှာ အတော်လေးကိုမှ အားကောင်းမည်ဆိုသည့်တိုင် လဲ့ကုသည်လည်း အားမနည်းပေ။ လဲ့ကုသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သလို နတ်ဆိုးအသွင်သို့ ပြောင်းသွားသော ကောင်းရွှယ်ထင်းသည်လည်း သူ့လက်အောက်တွင် ရှိနေပေသည်။ ထိုအတွက်ကြောင့် ကောင်းရွှယ်ထင်းအား လုံလုံခြုံခြုံဖြင့် ရန်ကိုင် မည်ကဲ့သို့ ပြန်ခေါ်လာနိုင်မလဲဆိုသည်ကို ဝမ်ကျိရှန်း လုံးဝ မစဉ်းစားတတ်နိုင်အောင် ဖြစ်နေခဲ့လေသည်။

သူ့စိတ်ထဲ ထိုအကြောင်းအရာများကို စဉ်းစားနေစဉ်မှာပင် တစ်ယောက်ယောက် သူ့ဆီသို့ လျှောက်လာပြီး သူ့အင်္ကျီလက်စကို လှမ်းဆွဲနေကြောင်း ဝမ်ကျိရှန်း သတိထားမိလိုက်လေသည်။ ဝမ်ကျိရှန်းလည်း မျက်လုံးဖွင့်၍ ငုံ့ကြည့်လိုက်ရာ အသက်ခုနစ်နှစ် ရှစ်နှစ်ခန့်သာ ရှိမည် ထင်ရသော ကောင်မလေးတစ်ဦးကို တွေ့လိုက်ရလေ၏။

"နင်က" ဝမ်ကျိရှန်းသည် ထိုကောင်မလေးအား မယုံသင်္ကာဖြင့် ကြည့်လိုက်လေသည်။ ဤကောင်မလေးသည် ကလေးတစ်ဦးနှင့် ဆင်ပါသော်ငြား ဝမ်ကျိရှန်းမှာတော့ ဤကောင်မလေးကို ပေါ့သေးသေး မမှတ်ရဲခဲ့ပေ။ အကြောင်းမှာ ဤကောင်မလေး တိုက်ခိုက်ခဲ့သည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ သူမဆီမှ ဖြာထွက်နေသည့် အရှိန်အဝါသည် သူ့အောက် အနည်းငယ်မျှပင် နိမ့်ကျခြင်း မရှိပေ။ ရန်ကိုင် အနီးတစ်ဝိုက်တွင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းလှသော မွန်းစတားများစွာ ဘာကြောင့် စုဝေးနေရသလဲဆိုသည်ကို ဝမ်ကျိရှန်း နားမလည်ခဲ့။ နတ်အရှင်သုံးပါးနှင့် မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးအား အလွယ်တကူ ဆင့်ခေါ်နိုင်သည်ဟူသော အချက်ကို ထည့်မတွက်လျှင်ပင် ဤကဲ့သို့သော ကောင်မလေးသည်ပင်လျှင် အလွန်တရာကိုမှ အားကောင်းနေလေသည်။ ထိုအပြင် နတ်ဆိုးချီကို ဝါးမျိုပစ်နိုင်သော ခွေးပေါက်လေးတစ်ကောင်လည်း ရှိနေပေသေးသည်။ ရန်ကိုင်၏ ဘေးနားတွင် စုဝေးနေသည့် အရာများမှာ အလွန်ကိုမှ ထူးဆန်းလွန်းကြပေသည်။

"ရှင် သူတို့နောက်ကို လိုက်သွားချင်လား" လျို့ယန်က မေးလိုက်လေသည်။

ဝမ်ကျိရှန်း၏ အမူအရာ တောက်ပသွားလေ၏။ "နင် သူတို့ဘယ်မှာရှိလဲ သိလို့လား"

လျို့ယန်က ခေါင်းခါ၍... "မသိဘူး" ဝမ်ကျိရှန်း၏ မျက်လုံးများ ချက်ချင်းညှိုးကျသွားခဲ့သည်။ သို့သော်ငြား လျို့ယန်သည် ဘေးတစ်ဖက်သို့ လက်ညှိုးထိုး၍ ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ သူကတော့သိတယ်"

လျို့ယန် လက်ညှိုးထိုးနေရာဆီသို့ လှမ်းကြည့်လိုက်ရာ ငြိမ်သက်စွာ ရပ်နေသည့် ကျောက်တုံးလူသားတစ်ဦးကို မြင်လိုက်ရလေသည်။

"သူလား" ဝမ်ကျိရှန်း နားမလည်နိုင် ဖြစ်သွားခဲ့သည်။ ထိုကျောက်တုံးလူသားသည် အခြားသော ကျောက်တုံးလူသားများနှင့် သိပ်မတူပေ။ ၎င်းပုံစံကို ကြည့်ရသည်မှာ ပို၍သွက်လက်သလို ပို၍လည်း အသိဉာဏ်ရှိသည့် ပုံစံမျိုး ပေါက်နေပေသည်။ ဝမ်ကျိရှန်း သူ့အား ကြည့်လာသည်ကို မြင်သော် ကျောက်တုံးလူသားက ပြောလိုက်လေ၏။ "ကျုပ်နောက်လိုက်ခဲ့"

ထို့နောက်တွင် နတ်အရှင်သုံးပါးကို လက်ညှိုးထိုး၍ .... "ခင်ဗျားတို့ သုံးယောက်လည်း အတူလိုက်ခဲ့"

ဖန်းဝူနှင့် အခြားသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပါသော်ငြား ဘာမျှတော့ ပြန်မမေးခဲ့ပေ။ ခေါင်းညိတ်၍သာ လက်ခံလိုက်သည်။ ထို့နောက်တွင် ကျောက်တုံးကိုယ်ပွား ပြေးထွက်သွားလေ၏။ လျို့ယန်သည် ဝမ်ကျိရှန်းနှင့်အတူ ကျောက်တုံးကိုယ်ပွားနောက်သို့ လျင်မြန်စွာ လိုက်သွားခဲ့သည်။ နတ်အရှင်သုံးပါးမှာလည်း သူတို့အနောက်မှ ထက်ကြပ်မကွာ လိုက်လာခဲ့လေသည်။

ထိုလူသုံးဦး ပျံသန်းနေသည့် နှုန်းမှာ အလွန်တရာကိုမှ မြန်ဆန်လွန်းလှပေသည်။ ဤအဖွဲ့တစ်ခုလုံးသည် ကြယ်တာရာအစုအဝေးထဲရှိ အားအကောင်းဆုံးသော ပညာရှင်များနှင့် စုဝေးထားသည့်အတွက်ကြောင့် သူတို့၏ ပျံသန်းသည့်နှုန်း နှေးနေခြင်း မရှိသည်မှာ သဘာဝသာဖြစ်လေသည်။ တစ်ခဏမျှကြာအောင် ပျံသန်းနေပြီးသည့်နောက် ဝမ်ကျိရှန်းက မယုံသင်္ကာဖြင့် မေးလိုက်လေသည်။ "ဒါ သူတို့ထွက်သွားတဲ့ အရပ်လား"

"ရှူး" လျို့ယန်က သူမ ပါးစပ်အရှေ့ လက်ညှိုးလေး ထောင်ပြလိုက်လေသည်။

ဝမ်ကျိရှန်း၏ မျက်နှာကြီး မဲ့သွားခဲ့ပါသော်ငြား ဘာမျှတော့ ထပ်မမေးရဲခဲ့ပေ။ မျှော်လင့်ချက်ကို ရှေ့ထားရင်းမှ ကျောက်တုံးလူသားအနောက်သို့ ဆက်လိုက်သွားရုံသာ တတ်နိုင်ခဲ့လေသည်။

လမ်းတစ်လျှောက်လုံးတွင် ကျောက်တုံးကိုယ်ပွားသည် အရှေ့မှ ဦးဆောင်သွားနေပြီး ကျန်လူများမှာတော့ သူတို့၏ အရှိန်အဝါအသီးသီးကို တတ်စွမ်းသမျှ ဖုံးကွယ်ထားရင်း ကျောက်တုံးကိုယ်ပွားနောက်မှ လိုက်လာခဲ့ကြသည်။ သွားနေရင်းမှ ကျောက်တုံးကိုယ်ပွားသည် ဟိုကွေ့ဒီကွေ့ လုပ်တတ်သည်။ သူသွားနေသည့်ပုံစံနှင့် ပတ်သက်၍ အစီအစဉ်တကျ မရှိပေ။ လျို့ယန်နှင့် ကျောက်တုံးကိုယ်ပွားသည်သာ သူတို့ကိုယ်သူတို့ ယုံကြည်နေကြပြီး ဝမ်ကျိရှန်းနှင့် နတ်အရှင်သုံးပါးမှာတော့ ကျောက်တုံးကိုယ်ပွား ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်းကို လုံးဝနားမလည်နိုင် ဖြစ်နေကြလေသည်။ ထိုသို့ဖြစ်ရသည်မှာလည်း အဆန်းတော့ မဟုတ်။ သွားရာလမ်းကြောင်းတစ်လျှောက်၌ ရန်ကိုင်နှင့် လဲ့ကုတို့၏ အရှိန်အဝါကို အနည်းငယ်မျှပင် အာရုံခံမိလေခြင်း မရှိလေဘဲ။ ထိုအကြောင်းကြောင့် သူတို့ သွားနေသည့် လမ်းကြောင်းမှာ မှန်မမှန် မည်သူမျှ မပြောနိုင်ကြပေ။

ဝမ်ကျိရှန်းအား ပို၍ စိတ်ပူစေသည့် အချက်မှာ ကျောက်တုံးကိုယ်ပွားသည် သွားနေရင်းမှ တစ်ခါတစ်ရံ ကောက်ကောက်ရပ်သွားသည့် အချက်ပင်။ ထိုကဲ့သို့ ရပ်နေစဉ် အတောအတွင်းတွင်လည်း ကျောက်တုံးကိုယ်ပွားမှ တစ်ခုခုအား လိုက်ရှာနေသည့် အရိပ်အယောင်မျိုး လုံးဝမပြ။ မသိလျှင် တောက်လျှောက်ကြီး ပျံသန်းလာရသည့်အတွက်ကြောင့် မောပန်းသဖြင့် ခဏနားနေသည့်အလား။ ထို့နောက်တွင် ကြုံရာလမ်းကြောင်းတစ်ခုဆီသို့ ထပ်မံ ပျံသန်းသွားလေသည်။

ထိုအချိန်အတောအတွင်း ရန်ကိုင်သည် မိုင်တစ်သောင်းခန့်အကွာ၌ လက်နောက်ပစ်၍ အေးအေးဆေးဆေး ပျံသန်းနေခဲ့လေသည်။ ယခုအချိန်၌ ရန်ကိုင်မှာ လဲ့ကုအနောက်သို့ အနီးကပ်လိုက်နေခဲ့ခြင်း ဖြစ်လေသည်။ အစပိုင်းတွင် လဲ့ကုမှာ ရန်ကိုင်အား မျက်ခြေဖြတ်ရန် ကြိုးစားခဲ့ပါသော်ငြား သူမည်သို့ပင် ကြိုးစားစေကာမူ လုံးဝ မဖြစ်နိုင်ကြောင်း တစ်ခဏအကြာ၌ တွေ့ရှိသွားခဲ့ရသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၆၇)

ဘာသာပြန်သူ_တိမ်တိုက်

သူတို့ကြား၌ ကျင့်ကြံခြင်းအဆင့်တစ်ဆင့် ကွာဟနေသေးသည့်အတွက်ကြောင့် ပျံသန်းသည့် နှုန်းသက်သက်ကို နှိုင်းယှဉ်မည်ဆိုလျှင် ရန်ကိုင်သည် လဲ့ကု၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။ သို့သော်ငြား ရန်ကိုင်သည် လေဟာနယ်ပညာရပ်များကို ကျွမ်းကျင်ထားရာ တစ်နေရာမှ တစ်နေရာသို့ တည်နေရာ ခုန်ကူးနိုင်ပေသည်။ ထိုအတွက်ကြောင့် လဲ့ကု သူ့အား မည်သည့်နည်းလမ်းကို သုံး၍ မျက်ခြေဖြတ်ရန် ကြိုးစားနေစေကာမူ ရန်ကိုင်သည် လဲ့ကု၏ အနောက်သို့ အမြဲတစေ အမီလိုက်နိုင်ခဲ့လေသည်။ သူ မည်သည့်နည်းလမ်းကို သုံးစေကာမူ ရန်ကိုင်အား မျက်ခြေဖြတ်နိုင်လိမ့်မည် မဟုတ်မှန်း သိလိုက်သည့်နောက် လဲ့ကုသည်လည်း ထိုအသုံးမဝင်သည့် နည်းလမ်းများကို ဆက်၍ ကြိုးစားမနေတော့ပေ။

သို့ပင်ဖြစ်လင့်ကစား လဲ့ကုမှာ အတော်လေးကိုမှ သတိထားခဲ့သည်။ ပျံသန်းနေရင်း အတောအတွင်းမှာ အဆက်မပြတ်ကို လမ်းကြောင်းပြောင်းခဲ့သည်။ တစ်ခါတစ်ရံ သွားပြီးသား နေရာများကိုလည်း စက်ဝိုင်းပုံစံ ပြန်ပြန်၍ သွားတတ်ပေသေးသည်။ ရန်ကိုင်ကမူ လဲ့ကုအား လုပ်ချင်တိုင်းလုပ်ထားခိုင်းခဲ့ပြီး ဘာမျှ မပြောဘဲ လဲ့ကု အနောက်မှသာ လိုက်လာနေခဲ့သည်။

ကံမကောင်းစွာဖြင့် ရန်ကိုင်၌ ကျောက်တုံးကိုယ်ပွားကဲ့သို့သော အရာမျိုး ရှိနေလိမ့်မည်ဟု လဲ့ကု လုံးဝထင်ထားခဲ့လိမ့်မည် မဟုတ်ပေ။ ရန်ကိုင်အနေဖြင့် မည်သည့်သဲလွန်စမျှ ချန်ထားနေစရာမလို။ သူနှင့် ကျောက်တုံးကိုယ်ပွားကြားရှိ ဝိညာဉ်ချင်းဆက်သွယ်ချက်သည် တစ်ဦး၏ တည်ရှိမှုကို တစ်ဦးအား အာရုံခံနိုင်အောင် လုပ်ပေးနိုင်သည့် အကောင်းဆုံးသော နည်းလမ်းတစ်ခုဖြစ်ပေသည်။ ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့သည် အပြင်လူများ သတိပြုမိနိုင်သည့် အကွာအဝေးထက် ပိုမိုကျယ်ဝန်းသော အကွာအဝေးမှ တစ်ဦး၏ တည်ရှိမှုကို တစ်ဦး အာရုံခံနိုင်ကြပေသည်။

နှစ်ရက်ကြာပြီးသည့်နောက် သူ့အနောက်သို့ မည်သူမျှ လိုက်မလာကြောင်း အတည်ပြုပြီးသည့်နောက်တွင် လဲ့ကုသည် တစ်ခုသော အရပ်ဆီသို့ အရှိန်ကုန်တင်ကာ ပျံသန်းထွက်သွားလေသည်။ နောက်ထပ် နှစ်ရက်ကြာအောင် ပျံသန်းနေပြီးသည့်နောက်တွင် လဲ့ကု၏ အရှေ့၌ ဧရာမနွံအိုင်ကြီးတစ်ခု ပေါ်လာခဲ့လေသည်။ ထိုနွံအိုင်မှာ အလွန်တရာကိုမှ ကျယ်ဝန်းလှလေရာ နွံအိုင်၏အဆုံး မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကိုပင် လှမ်း၍ မမြင်ရပေ။

[တောင်ပိုင်းနွံအိုင်ကို ရောက်လာမယ်လို့ မထင်ထားဘူး] လဲ့ကုမှ ဤနေရာသို့ မတော်တဆပင် ရောက်လာခဲ့လေသလား ထိုသို့မဟုတ်ဘဲ တမင်တကာ လာခဲ့လေသလားကို ရန်ကိုင် မသိပါသော်ငြား တောင်ပိုင်းနွံအိုင်သည် ပထမဦးဆုံးသော နတ်ဆိုးလိုဏ်ဂူ ပေါ်လာသည့် နေရာ ဖြစ်ပေသည်။ လဲ့ကု ဤနေရာသို့ လာခဲ့သည်ကို ကြည့်လျှင် အကြောင်းအရင်းမရှိ လာခြင်းတော့ မဟုတ်လောက်ပေ။ ဤနေရာတွင် သူ၏ အပေါင်းအပါများ ရှိနေသေးပြီး ထိုလူများကို အားကိုး၍ ရန်ကိုင်အား ရှင်းပစ်ဖို့ရာ ကြိုးစားနေခြင်းဖြစ်လျှင်ဖြစ် မဖြစ်လျှင် ဤတောင်ပိုင်းနွံအိုင်၏ မြေနေရာအနေအထားကို သုံး၍ ပုန်းအောင်းကာ ထွက်ပြေးရန် ကြိုးစားနေခြင်း ဖြစ်လောက်ပေသည်။ မည်သည့်နည်းလမ်း ဖြစ်နေစေကာမူ ရန်ကိုင်မှာ လဲ့ကုအား သူ့အစီအစဉ်ကို ဆက်၍ အကောင်အထည်ဖော်ခွင့် မပေးနိုင်တော့ပေ။ ထိုအကြောင်းကြောင့် လဲ့ကု၏ အရှေ့၌ ကောက်ပိတ်ရပ်လိုက်လေ၏။

လဲ့ကု ချက်ချင်းရပ်သွားခဲ့ပြီး ကောင်းရွှယ်ထင်း၏ ခေါင်းကို တင်းတင်းဆုပ်ကိုင်ရင်းမှ အေးစက်စက်လေသံဖြင့် မေးလိုက်လေသည်။ "မင်း ဘာလုပ်ချင်နေတာလဲ"

ရန်ကိုင်က သက်ပြင်းချ၍... "ကျုပ် ခင်ဗျားကို မိုင်သောင်းနဲ့ချီတဲ့ အကွာအဝေးအထိ သွားခွင့်ပေးပြီးသွားပြီ၊ အခု ဒီကိစ္စကို အဆုံးသတ်ရမဲ့အချိန်ပဲ၊ ကျုပ်ပြောထားတဲ့အတိုင်း ကျုပ်လုပ်ပေးပြီးသွားပြီနော်၊ အခု ခင်ဗျားလုပ်ပေးရမဲ့အလှည့်"

လဲ့ကုက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ "ဒီလောက်နဲ့ မလုံလောက်သေးဘူး"

ရန်ကိုင်က လှောင်ပြုံးပြုံးလျက်... "ဒီလေးရက်လုံးလုံး ခင်ဗျားတောက်လျှောက်ကို ပျံသန်းနေတာ ခင်ဗျားအနောက်ကို ကျုပ်ကလွဲပြီးတော့ အခြားဘယ်သူမှ လိုက်မလာမှန်းလည်း အတည်ပြုပြီးသွားပြီ၊ စီနီယာအစ်မကောင်းကို လွှတ်ပေးလိုက်ပေတော့၊ ကျုပ်တို့ ကိုယ့်လမ်းကိုယ် သွားကြမယ်"

လဲ့ကုက ပြန်ပြောလိုက်သည်။ "သူ့ကို ဘယ်အချိန်လွှတ်ပေးမလဲဆိုတာကို ငါကပဲ ဆုံးဖြတ်ရမှာ၊ မင်းဆုံးဖြတ်ရမှာ မဟုတ်ဘူး"

ရန်ကိုင် စိတ်မရှည် ဖြစ်လာတော့လေသည်။ "ဒီတော့ ခင်ဗျားပြောချင်တာက ခင်ဗျား သူ့ကို လွှတ်မပေးမချင်း ကျုပ်က ခင်ဗျားအနောက်ကို တောက်လျှောက်လိုက်နေရမယ်ပေါ့၊ လဲ့ကု သိပ်လွန်မလာနဲ့နော်၊ မဟုတ်ရင် ကျုပ်လည်း ကိုယ့်စကားကိုယ် တည်နိုင်တော့မှာ မဟုတ်ဘူး၊ ကျုပ်သည်းခံနိုင်စွမ်းက အကန့်အသတ်နဲ့ရှိတယ်၊ ခင်ဗျား ဆက်ပြီးတော့ ခေါင်းမာနေဦးမယ်ဆိုရင်တော့ ကျုပ်လည်း ဒီမှာတင် တစ်ခါတည်း လှုပ်ရှားရတော့မှာ"

လဲ့ကု မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ထို့နောက် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၍ မေးလိုက်လေ၏။ "ကဲ၊ ဘာပဲဖြစ်ဖြစ် ဒီနေရာအထိ ရောက်နေပြီဆိုမှတော့ ငါတို့အနောက်ကို ဘယ်သူမှလိုက်လာတော့မယ် မထင်ပါဘူး"

"အခု စီနီယာအစ်မကောင်းကို ကျုပ်ဆီ ပြန်ပေးလိုက်ပေတော့" ရန်ကိုင် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

လဲ့ကုက ပြုံးဖြီးလျက်... "ပြန်ပေးလို့ကတော့ ရပါတယ်၊ ဒါပေမဲ့ မင်း သူ့ကို လက်ခံနိုင်လို့လား၊ မင်း ဘယ်ကနေ ယုံကြည်ချက်တွေရလာလဲတော့ ငါလည်းမသိဘူး၊ ဒါပေမဲ့ အခုက နှစ်ယောက်တစ်ယောက်နော်၊ မင်းရဲ့ စီနီယာအစ်မကောင်းနဲ့အတူ ပူးပေါင်းပြီးတော့ ငါမင်းကို သတ်လိုက်မှာကို မင်းမကြောက်ဘူးလား"

ရန်ကိုင်ကမူ ဂရုမစိုက်ဟန်ဖြင့်... "စမ်းကြည့်ချင်ရင် စမ်းကြည့်လိုက်လေ"

လဲ့ကုမှာ ခွက်ထိုးခွက်လန် အော်ရယ်မောရင်းမှ... "ကောင်လေး၊ ပါရမီက လူတစ်ယောက်ကို စိတ်ကြီးဝင်အောင် လုပ်နိုင်တယ်တဲ့၊ ငါ မင်းကို တကယ်လေးစားတယ်သိလား၊ မင်း ဘာလို့ ငါတို့နတ်ဆိုးမျိုးနွယ်ထဲကို မဝင်လိုက်တာလဲ၊ မင်းရဲ့ အရည်အချင်းပါရမီနဲ့ဆိုရင် မင်းရဲ့ အနာဂတ်က ကျိန်းသေကို တောက်ပနေမှာ၊ မဟာဧကရာဇ်တစ်ပါး ဖြစ်လာဖို့ဆိုတာတောင် မဖြစ်နိုင်တဲ့အရာမျိုး မဟုတ်ဘူး"

ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့်သာ... "အချိန်ဖြုန်းမနေတော့နဲ့၊ စီနီယာအစ်မကောင်းကို မြန်မြန် ပြန်လွှတ်ပေးလိုက်ပေတော့"

လဲ့ကု၏ မျက်နှာထက်ရှိ အပြုံး ပျောက်ကွယ်သွားခဲ့ပြီး အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လျက်... "မင်းက ဒီလောက်တောင် ခေါင်းမာနေတယ်ဆိုမှတော့လည်း ရော့ ယူလိုက်ပေတော့ပေါ့ကွာ" ထိုသို့ပြောပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်း၏ ကျောပေါ် သူ့လက်ကို တင်၍ ရန်ကိုင်ဆီသို့ တွန်းထုတ်ချလိုက်လေသည်။ ထိုသို့ဖြင့် ကောင်းရွှယ်ထင်းမှာ ရန်ကိုင် တည့်တည့်သို့ ပျံသန်းလာခဲ့လေသည်။

တစ်ခဏလေးအတွင်းမှာပင် ကောင်းရွှယ်ထင်းသည် ရန်ကိုင် အရှေ့သို့ ရောက်လာခဲ့လေသည်။ သို့သော်ငြား သူမ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသော နတ်ဆိုးချီများမှာ ရန်ကိုင်မှ ကောင်းရွှယ်ထင်းအား မဖမ်းနိုင်သေးခင်မှာပင် ရုတ်တရက်ဆိုသလို ကသောင်းကနင်း ဖြစ်လာခဲ့လေသည်။ တစ်ချိန်တည်း၌ ကောင်းရွှယ်ထင်းဆီမှ အလွန်တရာကိုမှ အန္တရာယ်များလှသည့် အရှိန်အဝါတစ်ရပ် ဖြာထွက်လာခဲ့ပြီး ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား ပွေ့ဖက်ချင်နေသည့်အလား သူမ၏ လက်နှစ်ဖက်ကို ဖြန့်လိုက်လေသည်။

"အရှက်မရှိတဲ့ကောင်" ရန်ကိုင်က ဒေါသတကြီး ထအော်လေသည်။ လဲ့ကု ကောင်းရွှယ်ထင်းအား မည်သည့်နည်းနှင့်မျှ အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်မှန်း ရန်ကိုင် သိပေသည်။ လဲ့ကု ပြောသကဲ့သို့ပင် လဲ့ကုသည် ကောင်းရွှယ်ထင်းအား ထိန်းချုပ်၍ သူမအား ရန်ကိုင်ကို တိုက်ခိုက်လာအောင် အသုံးပြုနိုင်ပေသည်။ သို့ပင်ဖြစ်လင့်ကစား လဲ့ကုမှာ ကောင်းရွှယ်ထင်းအား ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲရန် အမိန့်ပေးလိုက်လိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။ ရန်ကိုင်သည်သာ ကောင်းရွှယ်ထင်းအား ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခွင့် ပြုလိုက်လျှင် သူလုပ်ခဲ့သမျှအရာအားလုံး သဲထဲရေသွန် ဖြစ်သွားရပေလိမ့်မည်။ ထိုအပြင် ကောင်းရွှယ်ထင်းနှင့် သူ့အကြား အကွာအဝေးမှာ အလွန်ကိုမှ နီးကပ်နေသည့်အတွက်ကြောင့် ပေါက်ကွဲမှုဒဏ်မှ ရန်ကိုင်အနေဖြင့် မည်သည့်နည်းနှင့်မျှ လုံလုံခြုံခြုံ လွတ်လာနိုင်စရာ အကြောင်းမရှိပေ။ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦး မိမိကိုယ်ကိုယ် ဖောက်ခွဲပစ်သည့် စွမ်းအားမှာ အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ကောင်းရွှယ်ထင်းမှ သူမကိုယ်သူမ ဖောက်ခွဲပြီးသွားလျှင်တော့ လဲ့ကုသည် သူ့အား သတ်ရန် ကြိုးစားလာပေလိမ့်မည်။

ကံကောင်းစွာဖြင့် ရန်ကိုင်တွင်လည်း အခြားသော အစီအစဉ်တစ်ရပ် ကြိုရှိနေခဲ့လေသည်။ ထိုအခိုက်အတန့်မှာပင် ရန်ကိုင်၏ ဘယ်ဘက်မျက်လုံးသည် ရွှေရောင်ပြောင်းသွားခဲ့ပြီး အားကောင်းလှသော စိတ်စွမ်းအင်တို့သည် ဒီရေလှိုင်းလုံးပမာ ဖြာထွက်လာခဲ့ကာ ကောင်းရွှယ်ထင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ တစ်ချိန်တည်းတွင် ရန်ကိုင်သည် သူ့လက်တစ်ဖက်ကို ဆန့်ထုတ်၍ လောကဓာတ်လုံးကို ဆင့်ခေါ်ကာ လောကဓာတ်လုံး၏ မျက်နှာပြင်အထက် ဧရာမဝဲကတော့ကြီးတစ်ခုကို ဖန်တီးလိုက်လေသည်။

ကသောင်းကနင်းဖြစ်နေသော နတ်ဆိုးချီတို့မှ လွှမ်းခြုံထားသည့် ကောင်းရွှယ်ထင်းသည် ဝဲကတော့ကြီးထဲသို့ ခေါင်းစိုက်ဝင်သွားခဲ့လေသည်။ ထို့နောက်တွင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မမြင်နိုင်သည့် သားရဲကြီးတစ်ကောင်မှ ဝါးမျိုပစ်လိုက်သည့်အလား ရန်ကိုင်နှင့် လဲ့ကုတို့၏ မြင်ကွင်းမှ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။

တစ်ချိန်တည်းတွင် ရန်ကိုင်သည် သူ့အသိစိတ်ကို လောကဓာတ်လုံးထဲသို့ ပို့လွှတ်၍ လောကဓာတ်လုံး၏ စွမ်းအားကို သုံးကာ မိမိကိုယ်ကိုယ် ဖောက်ခွဲရန် ကြိုးစားနေသော ကောင်းရွှယ်ထင်းအား ဖိနှိပ်လိုက်လေသည်။ ကောင်းရွှယ်ထင်းကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသော နတ်ဆိုးချီများ တည်ငြိမ်သွားသည့်အခါမှသာလျှင် ရန်ကိုင် စိတ်သက်သာရာရသွားနိုင်ခဲ့သည်။

ထိုအခိုက်အတန့်မှာပင် အလွန်ပြင်းထန်သည့် စွမ်းအားတစ်ရပ်သည် ရန်ကိုင်၏ ဝမ်းဗိုက်အား လာထိမှန်လေရာ ရန်ကိုင်မှာလည်း အလွန်တရာကိုမှ နာကျင်သွားခဲ့သည့်အလျောက် သူ့အသိစိတ်မှာ လောကဓာတ်လုံးထဲမှ ခန္ဓာကိုယ်ထဲသို့ ဆတ်ခနဲ ပြန်ရောက်လာခဲ့လေသည်။ ရန်ကိုင်၏ မျက်နှာတစ်ပြင်လုံး ဖြူ‌ရော်သွားခဲ့ပြီး ရွှေရောင်သွေးများကိုလည်း ထိုးအန်တော့လေသည်။ သို့ပင်ဖြစ်လင့်ကစား သူ့ခန္ဓာကိုယ်အား လာမှန်သည့် အားကို အသုံးချ၍ လဲ့ကုဆီမှ ခပ်လှမ်းလှမ်းသို့ ဆုတ်သွားလိုက်လေသည်။

မီတာထောင်ပေါင်းများစွာခန့်အကွာတွင် ရှိနေသော လဲ့ကုသည် ရန်ကိုင်အား အံ့သြတကြီးဖြင့် ကြည့်နေခဲ့လေသည်။ လက်ရှိအချိန်တွင် သူ့လက်ထဲ တူတစ်လက် ရှိနေခဲ့ပြီး သူ့မျက်လုံးများမှာလည်း အံ့အားသင့်ရိပ်တို့ဖြင့် ပြည့်နေခဲ့လေသည်။ ကောင်းရွှယ်ထင်းမှာ သူ့အရှေ့တည့်တည့်တွင်ပင် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည့်အတွက်ကြောင့် လဲ့ကုမှာ သူ့မျက်လုံးသူ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

လဲ့ကု၏ အစီအစဉ်မှာတော့ ကောင်းရွှယ်ထင်းအား မိမိကိုယ်ကိုယ် ဖောက်ခွဲစေ၍ ရန်ကိုင်အား ဒဏ်ရာရအောင် လုပ်ပေမည်။ ထို့နောက်တွင် ရန်ကိုင် ဒဏ်ရာရနေသည်ကို အခွင့်ကောင်းယူ၍ ရန်ကိုင်၏ အသက်ကို တစ်ခါတည်း ခြွေယူပစ်ပေမည်။ ဤသည်မှာ ရန်ကိုင်မှ ကောင်းရွှယ်ထင်း၏ အသက်ကို တန်ဖိုးထားနေသရွေ့ လုံးဝကို ပြစ်ချက်ကင်းသည့် အစီအစဉ်တစ်ခု ဖြစ်ပေသည်။ လဲ့ကု ထင်ထားသည့်အတိုင်းပင် ရန်ကိုင်မှ ကောင်းရွှယ်ထင်း သူ့ဆီသို့ ပြေးဝင်လာနေသည်ကို ရှောင်တိမ်းခြင်း မပြုခဲ့ပေ။ သို့သော်ငြား သူမကိုယ်သူမ မဖောက်ခွဲနိုင်သေးခင်မှာပင် ကောင်းရွှယ်ထင်းသည် သူနှင့် ရန်ကိုင်၏ မြင်ကွင်းမှ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။ ထိုအတွက်ကြောင့် သူ့အစီအစဉ်များ ကမောက်ကမ ဖြစ်သွားခဲ့ရသည့်အပေါ် လဲ့ကုမှာ အလွန်ကိုမှ ထိတ်လန့်သွားမိခဲ့လေ၏။ သို့ပင်ဖြစ်လင့်ကစား ထိုကိစ္စအပေါ် အချိန်အကြာကြီး ခေါင်းရှုပ်ခံ စဉ်းစားမနေခဲ့ဘဲ ဒုတိယအစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော်လေသည်။ ရန်ကိုင် သတိလက်လွတ်ဖြစ်နေသည်ကို အခွင့်ကောင်းယူ၍ သူ၏ မှော်ရတနာဖြင့် ရန်ကိုင်အား တိုက်ခိုက်လိုက်သည်။

ပြောစရာမလိုအောင်ပင် လဲ့ကုမှာ သူ့တိုက်ကွက်ထဲ သူ့ခွန်အားအနည်းငယ်မျှကိုပင်လျှင် ထိမ်ချန်ထားခြင်း မရှိခဲ့ပေ။ သာမန်အားဖြင့် ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးသည် ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို မည်သည့်နည်းနှင့်မျှ အသက်ရှင်လျက် ခုခံနိုင်စရာ အကြောင်းမရှိ။ ရန်ကိုင်သည်ပင်လျှင် ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးအောက်တွင် အသက်ရှင်နိုင်စရာ အကြောင်းမရှိပေ။ ကံမကောင်းစွာဖြင့် လဲ့ကု မမျှော်လင့်ထားသည့် ကိစ္စတစ်ရပ် ထပ်မံဖြစ်လာခဲ့လေသည်။ ရန်ကိုင်မှာ မသေခဲ့ပေ။ အရိုးကျိုးသံများ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်၏ ရင်ဘတ်မှာ ချိုင့်ဝင်သွားခဲ့သလို သူ့အရှိန်အဝါမှာလည်း သိသိသာသာကို အားနည်းသွားခဲ့သည့်တိုင် ရန်ကိုင်မှာတော့ အသက်ရှင်နေပေသေးသည်။

ယခုအခါမှသာလျှင် ရန်ကိုင်၏ ခန္ဓာကိုယ် မည်မျှမာကျောကြောင်း လဲ့ကု သဘောပေါက်သွားရတော့လေသည်။ ရန်ကိုင်မှ နဂါးတစ်ပိုင်းခန္ဓာကိုယ်အား ထုတ်သုံးခဲ့သည်ကို လဲ့ကု မြင်ခဲ့ဖူးပေသည်။ ယခု ရန်ကိုင်အား တိုက်ခိုက်ပြီးသည့်နောက် ရန်ကိုင် ပိုင်ဆိုင်ထားသော နဂါးတစ်ပိုင်းခန္ဓာကိုယ် မည်မျှအားကောင်းကြောင်းကို လဲ့ကု ကောင်းကောင်း သိသွားရတော့သည်။ သို့ပင်ဖြစ်လင့်ကစား ဤအခြေအနေအထိ ဖြစ်လာပြီ ဖြစ်သည့်အတွက်ကြောင့် လဲ့ကုမှာတော့ နောက်ပြန်ဆုတ်ရန် စဉ်းစားမနေခဲ့ပေ။ [ဒီကောင် လေဟာနယ်ပညာရပ်ကို ထုတ်သုံးလိုက်မယ်ဆိုရင်တောင် ဒီလောက်ဆိုးဆိုးရွားရွား ဒဏ်ရာရထားတဲ့ ခန္ဓာကိုယ်ကြီးနဲ့ ဘယ်လောက်ကြာအောင် ခုခံနိုင်မှာမလို့လဲ၊ ငါ့အစီအစဉ်တစ်ခုလုံး ပျက်စီးသွားရတာ ဒီခွေးကောင်ကြောင့်ပဲ၊ ဒီကောင် သေကိုသေရမယ်]

လဲ့ကု၏ အကြည့်ထဲ ဒေါသ၊ မုန်းတီးမှုနှင့် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နေခဲ့လေသည်။ ရန်ကိုင်၏ အရှိန်အဝါမှာတော့ အားနည်းနေခဲ့ပြီး သူ့မျက်နှာမှာလည်း သွေးစုပ်ဖြူလျော်နေသည်။ သို့ပင်ဖြစ်လင့်ကစား သူ့မျက်နှာမှာတော့ လှောင်ပြုံးပြုံးနေသေး၏။ စပ်ဖြဲဖြဲ ပြုံးလိုက်သည့်အတွက်ကြောင့် ဒဏ်ရာအား ဆွမိသွားသလို ဖြစ်သွားခဲ့လေရာ ရန်ကိုင်မှာ နောက်ထပ်သွေးတစ်ပွက် ထပ်မံ ထိုးအန်လိုက်ရလေသည်။

လဲ့ကုသည် သူ့တူဖြင့် ရန်ကိုင်အား ချိန်ရွယ်ရင်းမှ ပြောလိုက်လေသည်။ "ငါ့အစီအစဉ်တွေကို ပျက်စီးသွားအောင်လုပ်ခဲ့တဲ့ ခွေးကောင်လေး၊ မင်း ဒီနေ့ ဒီမှာ သေကိုသေရမယ်" ထိုသို့ပြောပြီးသည့်နောက်တွင် လဲ့ကု လက်ထဲရှိ တူသည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ ရန်ကိုင်၏ ခေါင်းပေါ်သို့ ပျံတက်သွားခဲ့လေသည်။ ထို့နောက်တွင် မိုးမြေဖျက်မတတ် အဖျက်စွမ်းအားကို သယ်ဆောင်၍ ရန်ကိုင် ခေါင်းပေါ်သို့ ထုချလာခဲ့လေသည်။ တူဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော ဟင်းလင်းပြင်တစ်ခုလုံးသည်ပါ တစ်စစီ ကွဲကြေပျက်စီးကုန်ကြရလေသည်။

ရန်ကိုင်သည် အသက်ကို ပြင်းပြင်းရှူသွင်း၍ တောင်နှင့်မြစ်ခေါင်းလောင်းကို ဆင့်ခေါ်ကာ လဲ့ကု၏ ထုချက်ကို ခုခံလိုက်လေသည်။

ဒေါင်ခနဲမြည်သံနှင့်အတူ မမြင်နိုင်သည့် စွမ်းအင်လှိုင်းများ အဘက်ဘက်သို့ ပျံ့နှံ့ လွင့်စဥ်သွားလေသည်။ တောင်နှင့်မြစ်ခေါင်းလောင်းမှာ တဖျပ်ဖျပ် လှုပ်ခါလာခဲ့ပြီးသည့်နောက် လွင့်ထွက်သွားခဲ့ပါသော်ငြား တူ၏ ရိုက်ချက်ကိုတော့ အောင်မြင်စွာ တားဆီးနိုင်ခဲ့လေသည်။

ကံမကောင်းစွာဖြင့် ရန်ကိုင်မှာ တူချက်ဒဏ်ကို ခုခံနိုင်ခဲ့ခြင်း မရှိဘဲ နွံအိုင်ထဲသို့ ပြုတ်ကျသွားခဲ့ရလေသည်။ ယခုအချိန်တွင် ရန်ကိုင် တစ်ကိုယ်လုံးမှာ ရစရာမရှိအောင်ကို ဖြစ်နေခဲ့လေသည်။ သို့သော်ငြား အောက်သို့သာ ပြုတ်ကျသွားလျှင် အခြေအနေကောင်းလိမ့်မည် မဟုတ်မှန်း သိလိုက်သည့်အလျောက် အောက်သို့ မရောက်သေးခင် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး တောင်နှင့်မြစ်ခေါင်းလောင်းကို ကောက်သိမ်းယူကာ လာရာလမ်းကြောင်းအတိုင်း ပြန်လှည့်ပြေးလေသည်။

သူသည်သာ အထွတ်အထိပ်အခြေအနေတွင် ရှိနေမည်ဆိုလျှင် လဲ့ကုသည် တတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်နေလျှင်ပင် ရန်ကိုင်ကတော့ ကြောက်နေလိမ့်မည် မဟုတ်ပေ။ ရန်ကိုင်သာ ကံကောင်းလျှင် လဲ့ကုကိုပင်လျှင် သတ်ကောင်းသတ်နိုင်ပေလိမ့်မည်။ သို့သော်ငြား ကောင်းရွှယ်ထင်းအား လောကဓာတ်လုံးထဲသို့ ထည့်ပေးလိုက်သည့်အခိုက်တွင် ကောင်းရွှယ်ထင်း မိမိကိုယ်ကိုယ် မဖောက်ခွဲနိုင်အောင် တားဆီးနိုင်ရန်အလို့ငှာ ရန်ကိုင်မှာ ကောင်းရွှယ်ထင်းအား ဖိနှိပ်ပေးခဲ့ရလေသည်။ ထိုတစ်ခဏတာမျှ သတိလက်လွတ်ဖြစ်နေစဉ် အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ လဲ့ကုသည် အားကုန်သုံးကာ ရန်ကိုင်အား တိုက်ခိုက်လာခဲ့သည်။ တူ၏ ရိုက်ချက်ကြောင့် ရန်ကိုင်၏ ရင်တစ်ခုလုံး ဗလောင်ဆူသွားခဲ့ရကာ သူ၏ အားကောင်းလှသော နဂါးတစ်ပိုင်းခန္ဓာကိုယ်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်မှာ ထိုရိုက်ချက်ဒဏ်ကို ခုခံနိုင်ခြင်း မရှိဘဲ တစ်စစီ ဖြစ်သွားရပေလိမ့်မည်။ သို့ပင်ဖြစ်လင့်ကစား သူရထားသည့် ဒဏ်ရာများမှာတော့ အတော်လေးကိုမှ ပြင်းထန်ပေသေးသည်။ ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးမှ ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုကို သုံး၍ အစွမ်းကုန်ထုတ်သုံးလိုက်သည့် တိုက်ကွက်တစ်ကွက်သည် မည်ကဲ့သို့များ ခုခံဖို့ရာ လွယ်ကူပါမည်နည်း။ လက်ရှိအချိန်တွင် ရန်ကိုင်၏ ကိုယ်ထဲရှိ ဧကရာဇ်ချီ စီးဆင်းသည့် နှုန်းမှာ မတည်မငြိမ်ဖြစ်နေလေရာ ရန်ကိုင်မှာ သူ့ခွန်အားကို ထုတ်သုံးဖို့ရာ အဆင်မပြေ ဖြစ်နေခဲ့ရသည်။ သူ့အနေဖြင့် တောင်နှင့်မြစ်ခေါင်းလောင်းကို သုံး၍ တစ်ဖက်လူ၏ တိုက်ကွက်ကို ခုခံနိုင်မည်ဆိုသည့်တိုင် ထိုကဲ့သို့ တစ်ကြိမ်နှစ်ကြိမ်လောက်သာ လုပ်နိုင်ပေလိမ့်မည်။

ရန်ကိုင်သည်သာ ချက်ချင်းထွက်မပြေးပါက လဲ့ကု သူ့အား လိုက်မီသွားခဲ့လျှင် ထွက်ပြေးဖို့ လုံးဝမဖြစ်နိုင် ဖြစ်သွားပေလိမ့်မည်။ [ဒီလိုဖြစ်မယ်မှန်းသာသိခဲ့ရင် လျို့ယန်ကို လောကဓာတ်လုံးထဲ တစ်ခါတည်း ထည့်ခေါ်လာလိုက်ပါတယ်၊ သူနဲ့သာဆိုရင်တော့ လဲ့ကု သေလူ ဖြစ်သွားပြီ၊ အခုတော့ သူတို့တွေ ရောက်လာမဲ့အချိန်ကိုပဲ စောင့်ရတော့မယ်၊ ငါကိုယ်တိုင် သူ့ကို မသတ်နိုင်တာ တကယ်ကိုဆိုးတာပဲ]

ပျံသန်းနေရင်းမှ သူ့အနောက်ဘက်ဆီမှ တဝုန်းဝုန်းမြည်သံများနှင့်တကွ ကြောက်မက်ဖွယ်ရာ ဖိအားတစ်ရပ် ကျဆင်းလာနေသည်ကို ခံစားမိလိုက်သည့်အတွက်ကြောင့် ရန်ကိုင်လည်း မော့ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထအော်ဆဲလုမတတ် ဖြစ်သွားခဲ့ရလေသည်။ မြောက်မြားလှစွာသော တူအရိပ်များသည် မိုးသီးမိုးပေါက်များ ကြွေကျလာသည့်ပမာ ရန်ကိုင် အပေါ်သို့ ကျဆင်းလာနေခဲ့လေသည်။ လဲ့ကုမှာ အမှန်တကယ်ကို ဒေါသထွက်သွားပုံရကာ ရန်ကိုင်အား အသက်ရှင်လျက် လွှတ်ပေးရန် လုံးဝ မစဉ်းစားထားတော့သည်ပုံပင်။

ရန်ကိုင်မှာလည်း အသက်ကို ပြင်းပြင်းရှူသွင်းလျက် နာကျင်မှုဒဏ်ကို တောင့်ခံရင်းမှ လေဟာနယ်နိယာမများကို အသက်သွင်းလိုက်လေသည်။ တူအရိပ်များ ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့ပြီး တဝုန်းဝုန်းနှင့် ရိုက်ခတ်သွားရာ မြေပြင်တစ်ခုလုံး အပေါက်အပေါက်များ ဖြစ်လာခဲ့ရသည်။ ရန်ကိုင် ကိုယ်တိုင်သည်လည်း တူအရိပ်များအကြားဝယ် စိစိညက်ညက် ကြေသွားခဲ့ရသည်။ သို့ပင်ဖြစ်လင့်ကစား လဲ့ကုမှာမူ တစ်စစီဖြစ်သွားသည့် ရန်ကိုင်ကို ကြည့်မနေခဲ့ဘဲ အခြားတစ်နေရာဆီသို့သာ လှမ်း၍ ကြည့်နေခဲ့သည်။

သူကြည့်နေရာ အရပ်တွင် ရန်ကိုင်၏ ပုံရိပ် ပြန်ပေါ်လာခဲ့လေသည်။ ရန်ကိုင်မှာ လေဟာနယ်ပညာရပ်ကို သုံး၍ သေဘေးမှ ရှောင်တိမ်းလာခဲ့ခြင်း ဖြစ်သည်။

ထိုအချင်းအရာကို မြင်လိုက်သော် လဲ့ကုမှာ ဒေါသအမျက်ချောင်းချောင်း ထွက်သွားတော့လေ၏။ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် လူများသည် ထွက်ပြေးရာတွင် ပြိုင်ဘက်ကင်းကြသည့် လူများ ဖြစ်သည့်အကြောင်းကို လဲ့ကု ကြားဖူးထားပြီးသားပင်။ ယခုအချိန်မှသာလျှင် ကောလာဟလများမှာ အမှန်တကယ်ကို မှန်ကန်ကြောင်း လဲ့ကု သိသွားရတော့သည်။ သို့ပင်ဖြစ်လင့်ကစား လေဟာနယ်ပညာရပ်ကို အသုံးပြု၍ တည်နေရာခုန်ကူးပြီးသည့်နောက်တွင် ရန်ကိုင်မှာ မီးစာကုန်ရေခမ်း ဖြစ်နေပြီ ဖြစ်သည့်အကြောင်းကိုလည်း လဲ့ကု သတိထားမိလိုက်လေသည်။ ရန်ကိုင်အနေဖြင့် တည်နေရာခုန်ကူးသည့် နည်းလမ်းကို နောက်ထပ် အကြိမ်အနည်းငယ်ခန့်လောက်သာ ထပ်သုံးနိုင်ပေလိမ့်မည်။ ထိုအကြောင်းကြောင့် လဲ့ကုမှာ အရိုးပေါ်တွယ်နေသည့် လောက်များပမာ ရန်ကိုင် အနောက်သို့ ထက်ကြပ်မကွာ ပြေးလိုက်တော့လေ၏။ ပြေးလိုက်နေရင်းနှင့်မှလည်း အော်ပြောလိုက်ပေသေးသည်။ "ခွေးကောင်လေး၊ မင်းဘယ်ပြေးဖို့ ကြိုးစားနေတာလဲကွ"

ထိုစကားကို ကြားသော် ရန်ကိုင်မှာ ဒေါသထွက်ရမည့်အစား ပျော်နေမိသေးသည်။ လဲ့ကု သူ့အနောက်အား လိုက်မလာမည်ကို ရန်ကိုင် စိတ်ပူနေခြင်း ဖြစ်လေသည်။ ထိုသို့သာဖြစ်သွားလျှင်တော့ သူ့အနေဖြင့် လဲ့ကု အနောက်သို့ ပြန်လိုက်ကာ လဲ့ကုအား ထွက်မပြေးနိုင်အောင် တားဆီးထားရပေလိမ့်မည်။ ထိုသို့လုပ်လိုက်ခြင်းသည် ယခု လဲ့ကုမှ သူ့အနောက် လိုက်ဖမ်းနေသည်ထက် ပို၍ အန္တရာယ်များလှသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၆၈)

ဘာသာပြန်သူ_တိမ်တိုက်

(လဲ့ကု ငါ့ကို မရမက လိုက်သတ်ချင်နေတာ ကံကောင်းသွားတယ်… မဟုတ်ရင် ငါတော်တော် အားထပ်စိုက်ရဦးမှာ…) ထွက်ပြေးနေရင်းမှ ရန်ကိုင်သည် ဆေးလုံးအချို့ကို ထုတ်၍ သောက်လိုက်သည်။ ထို့နောက်တွင် လဲ့ကုအား လှမ်း၍ အော်ဆဲလေ၏။ “ခင်ဗျား ခေါင်းမကောင်းတော့တာလား… ခင်ဗျား ကျုပ်နောက်ကို ဆက်လိုက်နေရင် ကျုပ် ဆက်ပြီးတော့ ထိန်းထားတော့မှာ မဟုတ်ဘူးနော်…”

လဲ့ကုက လှောင်ပြုံးပြုံးလျက် “ကောင်လေး… နောက်နှစ်ဒီနေ့က မင်းရဲ့ နှစ်ပတ်လည်နေ့ပဲ… ငါ မင်းအတွက်ရွေးထားတဲ့ သင်္ချိုင်းကို ကြိုက်လား…” ပြောနေရင်းမှ သူ့လက်ထဲရှိတူသည် အလင်းတန်းပေါင်းများစွာအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး‌ ပြေးထွက်သွားလေသည်။

ရန်ကိုင်မှာတော့ မည်သို့မျှ ပြန်လည်၍ မတိုက်ခိုက်နိုင်သည့်အတွက်ကြောင့် ထိုတိုက်ခိုက်မှုအားလုံးကို ရှောင်တိမ်းနေရုံသာ တတ်နိုင်ခဲ့သည်။ တိုက်ခိုက်မှုများသည် သူ့ခန္ဓာကိုယ်အား ပွတ်ခါသီခါလေး ဖြတ်သန်းသွားခဲ့သည်။ ရန်ကိုင်မှာ ထိုတိုက်ခိုက်မှုများကို လေဟာနယ်ပညာရပ်ကိုအားကိုး၍သာ ရှောင်တိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ အခြားလူတစ်ဦးသည်သာ ဤမျှ ဆိုးဆိုးရွားရွား ဒဏ်ရာရထားမည်ဆိုပါက ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး၏ လိုက်လံတိုက်ခိုက်မှုအောက်မှ မည်သည့်နည်းနှင့်မျှ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော်ငြား သနားစဖွယ်ကောင်းလွန်းလှသည့် ရန်ကိုင်၏ပုံစံကိုကြည့်ရင်း လဲ့ကုမှာ အတော်လေးကိုမှ စိတ်ပျော်နေလေသည်။

ရှေးဟောင်းကျောင်းတော်ထဲ ရှိစဉ်က ရန်ကိုင်သည် ရာနှင့်ချီသော စစ်ကူများကို ခေါ်၍ လဲ့ကုအား ဝိုင်းရံခဲ့လေသည်။ ယခုအခြေအနေမှာ ပြောင်းလဲသွားခဲ့လေပြီ။ လဲ့ကုမှာ သူ့ရင်ထဲ မျိုသိပ်ထားခဲ့ရသည့် ဒေါသများကို ရန်ကိုင်အပေါ် ဖွင့်ထုတ်နိုင်နေလေပြီ။

သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်၏ ထွက်ပြေးသည့်စွမ်းရည်သည် ထိပ်တန်းဖြစ်သည်ဟူသောအချက်ကိုတော့ လဲ့ကု ဝန်ခံရပေလိမ့်မည်။ ရန်ကိုင်၏ လေဟာနယ်ပညာရပ်မှာ အလွန်ကိုမှ ခန့်မှန်းရခက်လှသလို ထွက်ပြေးရာတွင်လည်း အလွန်ကိုမှ အသုံးဝင်လှသည်။ လေဟာနယ်တာအိုအား လူတိုင်း မကျင့်ကြံနိုင်သည့်အချက်ကို သိထားသည့်အတွက်ကြောင့်သာ မဟုတ်လျှင် လဲ့ကုမှာ ရန်ကိုင်ကို အသက်ရှင်လျက်ဖမ်းကာ လေဟာနယ်ပညာရပ်အား မည်ကဲ့သို့ကျင့်ကြံရမလဲဆိုသည်ကို အသေးစိတ်စစ်မေးမိပေလိမ့်မည်။ ရန်ကိုင်မှ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် အတွက်ကြောင့်ပင်လျှင် လဲ့ကုမှာလည်း ရန်ကိုင်အား မရမက သတ်ချင်နေခြင်းဖြစ်လေသည်။ ယခုအခွင့်အရေးကိုသာ အမိအရဖမ်းဆုပ်၍ ရန်ကိုင်အား မသတ်ပစ်ခဲ့လျှင် နောက်ပိုင်း၌ ယခုကဲ့သို့အခွင့်အရေးမျိုး ထပ်ရတော့လိမ့်မည်မဟုတ်ပေ။

အချိန်အတန်ကြာအောင် စိမ်ပြေးလိုက်တန်း ကစားနေသည့်တိုင် ရန်ကိုင်မှာတော့ အသက်ရှင်နေပေသေးသည်။ ရန်ကိုင်သည် အမှန်တကယ်ကို ဒူပေဒဏ်ပေ ခံနိုင်လွန်းလှသည့် လူစားမျိုးဖြစ်ပေသည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှ လေဟာနယ်ပညာရပ်ကို အသုံးပြု၍ တည်နေရာခုန်ကူးလိုက်တိုင်း သွေးအန်သွားရသည်ကို လဲ့ကု လှမ်းမြင်နေခဲ့ရသည်။ လေဟာနယ်ပညာရပ်ကိုသုံး၍ တည်နေရာခုန်ကူးဖို့ရာ လက်ရှိရန်ကိုင်၏ ခန္ဓာကိုယ်အတွက် အတော်လေးကိုမှ ဝန်ပိသည့်ပုံပင်။

“ကောင်လေး… မင်း အခုရပ်လိုက်ရင် ငါမင်းကို မနာမကျင်နဲ့ သေရအောင် လုပ်ပေးလို့ရတယ်… ဒါပေမယ့် မင်း ဆက်ပြီးတော့ ပြေးနေဦးမယ်ဆိုရင်တော့ ငါမင်းကို သတ်ပေးပါလို့ တောင်းဆိုရတဲ့အထိ လုပ်ပစ်မှာနော်…” လဲ့ကုသည် ရန်ကိုင်အား လိုက်ဖမ်းနေရင်းမှ ခြိမ်းခြောက်လိုက်လေသည်။

ရန်ကိုင်သည် ရှေ့မှထွက်ပြေးနေရင်းမှ လဲ့ကုဘက်သို့လှည့်၍ ပြန်ပြောလိုက်လေ၏။ “ဒီလောကကြီးက အကျယ်ကြီးပဲ… ဒါပေမယ့် ခင်ဗျား အခုနေ ထွက်မပြေးရင် နောက်တစ်ကြိမ် ပြေးဖို့အခွင့်အရေး ရတော့မှာမဟုတ်ဘူးနော်… ဒီကို ကျုပ်တစ်ယောက်တည်း လာတယ်များ မှတ်နေတယ်လား…”

ထိုစကားကိုကြားသော် လဲ့ကု ထိတ်လန့်သွားခဲ့ပြီး သူ၏ ဧကရာဇ်အဆင့်မှော်ရတနာအား ထိန်းချုပ်နေသည်ကို အလိုလိုရပ်တန့်မိသွားခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား တစ်ခဏအကြာ၌ အသိပြန်ဝင်လာခဲ့ပြီး ဒေါမာန်တကြီးဖြင့် ထအော်လေ၏။ “မင်း ဘယ်လောက်ပဲ လျှာစောင်းထက်ထက် ဒီနေ့ အသက်ရှင်လျက် ထွက်ပြေးဖို့ စဉ်းကိုမစဉ်းစားနဲ့…”

ရန်ကိုင် မဟုတ်တရုတ် လျှောက်ပြောနေခြင်း ဖြစ်သည်ဟု လဲ့ကု ယုံကြည်နေမိပေသည်။

“ကောင်းတယ် ကောင်းတယ်… ခင်ဗျား ကျုပ်ပြောတာကို မယုံဘူးပေါ့… စောင့်ကြည့်နေစမ်းပါ…” ရန်ကိုင်သည် ရင်ဘတ်ကို လက်ဖြင့်အုပ်ရင်းမှ ပြန်ပြောလိုက်လေသည်။ သူ့နောက်ဘက်မှ လေတိုးသံများ ထွက်ပေါ်လာနေသည်ကို ခံစားမိလိုက်သော် လေဟာနယ်နိယာမစွမ်းအားကို အသက်သွင်း၍ တည်နေရာခုန်ကူးရန် ကြိုးစားလိုက်လေသည်။ သို့သော်ငြား ထိုအခိုက်အတန့်မှာပင်လျှင် သူ့ရင်ဘတ်မှာ အလွန်တရာကိုမှ စူးအောင့်လာခဲ့လေရာ ရန်ကိုင်မှာ အသက်ပင်မရှူနိုင် ဖြစ်သွားခဲ့ရသည်။ ဧကရာဇ်ချီလှည့်ပတ်သည့်နှုန်းမှာလည်း ပရမ်းပတာဖြစ်ကုန်လေရာ ရန်ကိုင်မှာ လေဟာနယ်ပညာရပ်ကိုပင် အသုံးမပြုနိုင်ဖြစ်သွားလေ၏။

ထိုအဖြစ်အပျက်သည် ရန်ကိုင်အား အကြီးအကျယ် ထိတ်လန့်သွားစေခဲ့လေသည်။ ကျောက်တုံးကိုယ်ပွားသည် လျို့ယန်နှင့် အခြားသူများနှင့်အတူ ရှေ့တည့်တည့်တွင် ထောင်ချောက်ဆင်ထားကာ ရန်ကိုင်မှ လဲ့ကုအား ထိုထောင်ချောက်ထဲသို့ မျှားခေါ်လာမည်ကို စောင့်ဆိုင်းနေကြပေသည်။ သို့သော်ငြား ရန်ကိုင်သည်သာ ဤနေရာတွင် လဲ့ကု၏ သတ်ဖြတ်ခြင်း ခံလိုက်ရမည်ဆိုပါက သူတို့အားလုံး၏ ကြိုးစားအားထုတ်မှု အလဟဿ ဖြစ်သွားရပေလိမ့်မည်။

ဤသည်မှာ ရန်ကိုင် ဤမျှ ဆိုးရွားလှသည့် ဒဏ်ရာမျိုးကို ရဖူးသည့် ပထမဦးဆုံးအကြိမ် မဟုတ်သလို ယခုကဲ့သို့သော အဖြစ်ဆိုးမျိုးနှင့် ကြုံခဲ့ရသည့် ပထမဦးဆုံးအခြေအနေမျိုးလည်း မဟုတ်ပေ။ သို့ပင်ဖြစ်လင့်ကစား သေဘေးနှင့် ဤမျှနီးကပ်သည်မှာတော့ ပထမဦးဆုံးအကြိမ် ဖြစ်ပေသည်။

ထိုအခိုက်အတန့်မှာပင် ရန်ကိုင်သည် ချက်ချင်း နောက်သို့ပြန်လှည့်၍ အနန္တဓါးကို ဝှေ့ယမ်းချလိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း လဲ့ကု၏တူသည် ရန်ကိုင်ဆီသို့ ထုချလာခဲ့လေသည်။ တူချက်အောက်ဝယ် ရန်ကိုင်ပစ်လွှတ်လိုက်သည့်ဓါးလှိုင်းမှာ တမုဟုတ်ချည်း ပျက်စီးသွားခဲ့ပြီး သွေးများ ပန်းထွက်လာခဲ့ရလေသည်။ ရန်ကိုင်၏လက်နှစ်ဖက်စလုံးဆီမှ အရိုးကျိုးသံများ တသွင်သွင် ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်၏ခန္ဓာကိုယ်ကြီးမှာ ကြိုးပြတ်သွားသည့်စွန်တစ်စင်းပမာ နောက်သို့ လွင့်စင်ထွက်သွားခဲ့လေသည်။

ဒဏ်ရာအသစ် ထပ်ရလိုက်သည့်တိုင် လျင်မြန်စွာ တုံံ့ပြန်နိုင်စွမ်းကြောင့် ရန်ကိုင်မှာ သေဘေးမှ လွတ်မြောက်သွားခဲ့ရသည်။ တူချက်ထဲတွင် ပါဝင်နေသောအားကို အသုံးချ၍ ရန်ကိုင်သည် လဲ့ကုနှင့် ဝေးရာသို့ ဆုတ်သွားခဲ့ပြီး လောကဓာတ်လုံးထဲမှ သစ်သားဝိဉာဉ်နှစ်ဦးကို အပြင်သို့ အမြန်ဆွဲခေါ်လိုက်လေသည်။

မူကျုနှင့် မူလုမှာတော့ ဘာတွေဖြစ်နေလို့ ဖြစ်နေမှန်း မသိသည့်အတွက်ကြောင့် ကြောင်အမ်းအမ်းအမူအယာများဖြင့် ပေါ်လာကြလေသည်။

“ငါ့ကိုကူညီပေးဦး…” ရန်ကိုင်မှာ သွေးအပွက်ပွက်အန်ထုတ်ရင်းမှ ပြောလိုက်လေသည်။

ရန်ကိုင်၏ပုံစံကိုမြင်သည့်အခါ မူကျုနှင့် မူလုတို့ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြလေသည်။ ထို့နောက် သူတို့နောက်သို့ အလျင်အမြန်လိုက်လာနေသော လဲ့ကုအား လှမ်း၍ ကြည့်လိုက်သည်။ ရန်ကိုင်သည် အခြားလူတစ်ဦး၏ လိုက်လံဖမ်းဆီးခြင်း ခံနေရသည်ကို သူတို့မသိဘဲ ဘယ်နေပါမည်နည်း။ ချက်ချင်းပဲ လျှို့ဝှက်ပညာရပ်တစ်ခုကို ထုတ်သုံးလိုက်ရာ မူကျုနှင့် မူလုတို့၏ ခန္ဓာကိုယ်များသည် အလင်းစက်ကလေးများအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်၏ ပုခုံးရင်းနားတွင် သွားကပ်လေသည်။ တစ်ခဏအကြာ၌ တောင်ပံလေးတစ်စုံ ရန်ကိုင်ကျောဆီမှ ထွက်ပေါ်လာလေသည်။

သစ်သားဝိဉာဉ်နှင့် ကျောက်တုံးဝိဉာဉ်များ အတူယှဉ်တွဲတိုက်ခိုက်ကြသည့်အခါတွင် သစ်သားဝိဉာဉ်များသည် ဤကဲ့သို့သော နည်းလမ်းမျိုးကိုသုံး၍ ကျောက်တုံးဝိဉာဉ်များအား လေပေါ်တွင် ပျံသန်းနိုင်အောင် ကူညီပေးပေသည်။ ရုတ်တရက် အသစ်ထွက်ပေါ်လာသည့် တောင်ပံတစ်စုံကြောင့် ရန်ကိုင်မှာ လေးကိုင်းမှ ပစ်လွှတ်လိုက်သည့် မြားတစ်စင်းပမာ အလွန်တရာကိုမှ မြန်ဆန်သည့်နှုန်းဖြင့် ရှေ့သို့ ပြေးထွက်သွားလေ၏။

ရန်ကိုင်အား လိုက်ဖမ်းနေသော လဲ့ကုမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း လုံးဝကို မင်သက်နေခဲ့လေသည်။ (ဘာကြီးလဲဟ… ငါ ဒီကောင့်ကို သတ်နိုင်တော့မှာကို ဘယ်လိုလုပ်ပြီး ဒီကောင်မှာ တောင်ပံတစ်စုံ ရုတ်တရက်ကြီး ပေါ်လာရတာလဲ… ဆိုးလိုက်တာကွာ… သတ်နိုင်ခါနီးလေးကို…)

ဒေါသထွက်ထွက်နှင့် လဲ့ကုမှာ သူ၏ ဧကရာဇ်အဆင့်မှော်ရတနာကို ပြန်သုံးလိုက်ပြီး နတ်ဆိုးချီကို လှည့်ပတ်လိုက်လေသည်။ မည်ကဲ့သို့သော နည်းလမ်းမျိုးကို ထုတ်သုံးလိုက်သလဲ မသိရပါသော်ငြား လဲ့ကု၏အမြန်နှုန်းမှာတော့ ယခင်ကထက် သိသိသာသာကို ပိုမိုမြန်ဆန်လာခဲ့လေသည်။

မူကျုနှင့် မူလုတို့မှာတော့ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ဘာမျှ သေချာနားမလည်ကြ။ သူမတို့သိသည်မှာတော့ ရန်ကိုင်အား လိုက်ဖမ်းနေသည့်လူ၏လက်မှ လွတ်မြောက်အောင် ထွက်ပြေးရန်သာ ဖြစ်ပေသည်။ ထို့အတွက်ကြောင့် တတ်စွမ်းသမျှစွမ်းအားများကို အသုံးချ၍ လျင်မြန်စွာ ပျံသန်းနေခဲ့လေသည်။

ကံမကောင်းစွာဖြင့် လဲ့ကုမှာ ရန်ကိုင်အား မရရအောင်သတ်ရန် ဆုံးဖြတ်ထားခဲ့လေရာ လေ့ကိုကု မည်ကဲ့သို့များ မျက်ခြေဖြတ်နိုင်ခဲ့ပါမည်နည်း။ လဲ့ကုကိုယ်တိုင်သည်လည်း သူ့အရှိန်ကို မြှင့်တင်ထားသည့်အတွက်ကြောင့် ရန်ကိုင်နှင့် လဲ့ကုကြားရှိ အကွာအဝေးမှာ လျင်မြန်စွာ နီးကပ်လာခဲ့လေသည်။ ထိုအဖြစ်အပျက်ကြောင့် သစ်သားဝိဉာဉ်နှစ်ဦးမှာ စတင်၍ စိုးရိမ်လာရတော့လေသည်။

ရန်ကိုင်သည် သစ်သားဝိဉာဉ်နှစ်ဦးအား တစ်ခုသောဘက်ဆီသို့ ပျံသန်းသွားရန် ညွှန်ပြလိုက်ပြီးသည့်နောက်တွင် မျက်လုံးပိတ်ကာ အစောပိုင်းက သောက်ထားခဲ့သော ဆေးလုံးများ၏ အာနိသင်ကို စတင်စုပ်ယူတော့လေသည်။ ရန်ကိုင်နှင့် လဲ့ကုတို့သည် နောက်ထပ် ဆယ့်ငါးမိနစ်ခန့်ကြာအောင် စိမ်ပြေးလိုက်တမ်း ဆက်လက်ဆော့ကစားနေခဲ့သည်။ တောင်ကြားတစ်ခုနားသို့ ဖြတ်လာချိန်တွင်တော့ မျက်လုံးပိတ်နေသောရန်ကိုင် ရုတ်တရက် မျက်လုံးပြန်ဖွင့်လာခဲ့လေသည်။

ရန်ကိုင်နောက်မှ လိုက်လာနေသည့် လဲ့ကုမှာလည်း တောင်ကြားထဲသို့ ဝင်လာပြီးသည့်နှင့် တစ်ပြိုင်နက် သူ့ခေါင်းထဲ အချက်ပေးခေါင်းလောင်းသံတို့ ဆူဝေသွားခဲ့လေ၏။ အလွန်တရာကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည့် အန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်နေရသည့်အလား။ အချက်ပေးခေါင်းလောင်းသံတို့ သူ့စိတ်ထဲ အဆက်မပြတ်ကို မြည်ဟည်းနေခဲ့လေရာ လဲ့ကုသည်လည်း ရန်ကိုင်နောက်သို့ ဆက်လိုက်မနေတော့ဘဲ ဘေးပတ်ဝန်းကျင်ကိုသာ သတိချပ်၍ စစ်ဆေးကြည့်လိုက်လေ၏။

မီတာတစ်ထောင်ခန့်အကွာ၌ ရှိနေသော ရန်ကိုင်မှာ ရုတ်တရက် ရပ်လိုက်ပြီး လဲ့ကုဘက်သို့ ပြန်လှည့်လိုက်သည်။ ထို့နောက်တွင် သွေးတစ်ပွက်ကို ထိုးအန်လိုက်ပြီးသည့်နောက် လဲ့ကုကိုကြည့်၍ ပြောလိုက်လေသည်။ “ဆက်လိုက်လေ… ဘာဖြစ်လို့ ဆက်မလိုက်တော့တာလဲ…”

ဆယ့်ငါးမိနစ်ခန့်ကြာအောင် အားပြန်ဖြည့်ပြီးသည့်နောက်တွင် ရန်ကိုင်မှာ အနည်းငယ် ပြန်လည်သက်သာလာခဲ့သည်။ လုံးဝကြီး ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးပါသော်ငြား ယခင်ကလောက်တော့ အားမနည်းတော့ပေ။

ထိုစကားကိုကြားသည့်အခါ လဲ့ကုသည် ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။ ထို့နောက် အလျင်စလို ပြန်ဆုတ်ရန် ကြိုးစားလိုက်လေ၏။ သို့သော်ငြား ထိုအခိုက်အတန့်မှာပင် လူတစ်ဦးသည် သူ့နောက်၌ ပေါ်လာခဲ့လေ၏။ ဖန်းဝူသည် လဲ့ကု၏လမ်းကို ပိတ်ထားရင်းမှ လက်နောက်ပစ်၍ အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။ “ဒီလမ်းက ပိတ်သွားပြီ…”

လဲ့ကု မျက်လုံးမှေးစင်းသွားလေ၏။

ထို့နောက် ညာဘက်သို့ လှမ်းကြည့်လိုက်ချိန် ပိန်သွယ်သွယ်နှင့်လူတစ်ဦး ထိုနေရာတွင် ရပ်နေခဲ့ပြီး ဘယ်ဘက်သို့လှည့်ကြည့်လိုက်ချိန်တွင်တော့ နန်းတွင်းအဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ရပ်နေကြောင်း တွေ့လိုက်ရသည်။

ထိုသုံးဦးကို မြင်လိုက်သည့်အခိုက် လဲ့ကု လုံးဝကို မျှော်လင့်ချက် မဲ့သွားရတော့သည်။ ရန်ကိုင်ကိုယ်တိုင်သည် ထိုလူသုံးဦး မည်သူမည်ဝါဖြစ်သလဲဆိုသည်ကို လွန်ခဲ့သော ရက်အနည်းငယ်ခန့်က မိတ်ဆက်ပေးခဲ့ပေသည်။ ထို့အတွက်ကြောင့် ထိုလူသုံးဦးမှာ နတ်သားရဲများမှန်း လဲ့ကု သိနေခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ လဲ့ကုမှာ လုံးဝ နားမလည်နိုင်ခဲ့ပေ။ သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်သည့်နောက် ရန်ကိုင်သည် ရူးရူးကန်းကန်းနှင့် ဦးတည်ရာမဲ့ ထွက်ပြေးလာခဲ့ခြင်းမဟုတ်ဘဲ သူ့လူများဆင်ထားသည့် ထောင်ချောက်တည့်တည့်ဆီသို့ သူ့အား မျှားခေါ်လာခြင်းဖြစ်ကြောင်းကို လဲ့ကု သဘောပေါက်သွားခဲ့သည်။ သို့သော်ငြား ယခုကိစ္စနှင့်ပတ်သက်၍ လဲ့ကု နားမလည်နိုင်ဖြစ်နေသည့် အချက်တစ်ချက်ရှိပေသည်။ (သူတို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလုပ်ပြီး ဆက်သွယ်လိုက်ကြတာလဲ… ရန်ကိုင် သဲလွန်စချန်ခဲ့တာတွေ၊ ဆက်သွယ်ရေးမှော်ရတနာကို ထုတ်သုံးတာတွေကို ငါတစ်ချက်မှ မတွေ့ခဲ့ပါဘူး…)

(နတ်အရှင်သုံးပါး…) လဲ့ကု ခါးသက်သက်အမူအယာဖြင့် ပြုံးလိုက်လေသည်။ နတ်အရှင်တစ်ပါးသည်ပင်လျှင် သူ့အတွက် အလွန်ကိုမှ ခက်ခဲနေပြီဖြစ်လေရာ နတ်အရှင်သုံးပါးသာဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။ ယခုအချိန်တွင်တော့ လဲ့ကုမှာ စတင်၍ နောင်တရနေခဲ့လေပြီ။ (ဒီလိုဖြစ်မယ်မှန်းသာသိခဲ့ရင် အစောကြီးတည်းက တောင်ပိုင်းနွံအိုင်ထဲ ထွက်ပြေးသွားလိုက်ပါတယ်… ဘာဖြစ်လို့ ဒီကောင့်နောက်ကို တောက်လျှောက်လိုက်လာမိတာလဲမသိဘူး… အခုတော့ သူ့ထောင်ချောက်ထဲ ဝင်သွားပြီ…)

ယခုကဲ့သို့သောအခြေအနေမျိုးတွင် လဲ့ကုမှာ လုံးဝကို ပြတ်သားပေသည်။ နတ်အရှင်သုံးပါးသည် သူ၏ အနောက်၊ ဘယ်နှင့် ညာ အသီးသီးမှ ဝိုင်းရံထားခဲ့သည်။ ထိုသုံးယောက်သည် သူယှဉ်ပြိုင်နိုင်သည့်လူများ မဟုတ်ကြ။ ထိုအကြောင်းကြောင့် လဲ့ကုမှာ ရှေ့တည့်တည့်ဆီသို့သာ ပြေးထွက်သွားတော့လေသည်။ လက်ရှိရန်ကိုင်သည် မည်သည့်နည်းနှင့်မျှ လဲ့ကု၏ပြိုင်ဘက် မဖြစ်နိုင်ပေ။

လဲ့ကု သူ့ဆီသို့ ပြေးဝင်လာနေသည်ကို မြင်သည့်တိုင် ရန်ကိုင်သည် လှောင်ပြုံးပြုံးရင်းမှ မလှုပ်မယှက်အမူအယာဖြင့် ရပ်နေလေသည်။

ရန်ကိုင်၏အပြုံးကိုမြင်သော် လဲ့ကု၏စိတ်ထဲ မကောင်းသည့်ခံစားချက်တို့ ရလာခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား ပြေးထွက်လာပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရပ်၍မရတော့။ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသော နတ်ဆိုးချီတို့သည် ဧရာမလက်ဝါးကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်အား ဖမ်းဆုပ်ရန် ကြိုးစားတော့လေသည်။

(ဒီကောင့်ကိုဖမ်းနိုင်ရင် ငါ ဒီကနေ အသက်ရှင်လျက် ထွက်သွားလို့ရပြီ…)

နတ်ဆိုးချီလက်ဝါးကြီးရန်ကိုင်အား ဖမ်းမိခါနီးမှာပင် ရန်ကိုင်နောက်ဘက်ဆီမှ သေးသွယ်သွယ်ပုံရိပ်လေးတစ်ခု ထွက်လာခဲ့လေသည်။ ထိုပုံရိပ်လေးမှာ အသက် ခုနှစ်နှစ် ရှစ်နှစ်အရွယ်ခန့်လောက်သာ ရှိသေးမည့် ကလေးမလေးတစ်ဦး ဖြစ်ပေသည်။ သို့သော်ငြား ကလေးမလေး နောက်ဆက်လုပ်လိုက်သည့်အရာမှာ လဲ့ကုအား လိပ်ပြာလွင့်လုမတတ် ကြောက်သွားစေခဲ့လေသည်။

ကလေးမလေးမှာ သူမ၏ပါးစပ်ကိုဟ၍ မှုတ်ထုတ်လိုက်ရာ ခြစ်ခြစ်တောက်ပူလောင်လှသည့် မီးတောက်များ ထွက်ပေါ်လာခဲ့လေ၏။ ထိုမီးတောက်များနှင့်အတွေ့တွင် လဲ့ကုဖန်တီးထားသည့် နတ်ဆိုးချီလက်ဝါးကြီးမှာ ဗလာနတ္ထိအသွင်သို့ လောင်ကျွမ်းခံလိုက်ရလေသည်။ ထိုမျှသာလျှင်မဟုတ်သေး မီးတောက်များသည် မီးဓါးသွားများအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး လဲ့ကုဆီသို့ ဆက်လက်တိုးဝင်လာခဲ့လေသည်။

သူ့ဆီသို့ တိုးဝင်လာနေသည့် မီးဓါးသွားများကိုကြည့်ရင်း သေခြင်းတရားအငွေ့အသက်တို့သည် လဲ့ကုအား စတင်၍ လွှမ်းခြုံလာခဲ့လေသည်။ ထိုမီးတောက်သည် မည်ကဲ့သို့သော မီးတောက်မျိုး ဖြစ်သလဲဆိုသည်ကို မသိပါသော်ငြား သူသွားထိ၍ရသည့် အရာမျိုးမဟုတ်မှန်းတော့ လဲ့ကုသိနေခဲ့သည်။

ထိုအကြောင်းကြောင့် သိမ်းထားခဲ့သော ဧကရာဇ်အဆင့်တူကြီးကို ထုတ်၍ တူကြီး၏ အရွယ်အစားကို အိမ်တစ်လုံးခန့်အထိ ကြီးမားစေကာ သူ့ရှေ့တွင် ပိတ်ကာထားလိုက်လေသည်။ မီးဓါးသွားများသည် တူကြီးအား သွားမှန်ခဲ့ပါသော်ငြား တူကြီး၏အကာအကွယ်ကို ချိုးဖောက်နိုင်ခဲ့ခြင်း မရှိပေ။ သို့သော်ငြား သူ၏ ဧကရာဇ်အဆင့်မှော်ရတနာကို ပြန်သိမ်းလိုက်ချိန် တူထိပ်နားတွင် မီးတောက်လေးတစ်ခု လောင်ကျွမ်းနေသည်ကို လဲ့ကု သတိထားမိလိုက်သည်။ သူ့အနေဖြင့် ထိုမီးတောက်ကိုငြိမ်းသတ်ရန် မည်သို့ပင်ကြိုးစားစေကာမူ မငြိမ်းသတ်နိုင်ခဲ့ပေ။ ထိုမီးတောက်မှာတော့ တဖြည်းဖြည်းနှင့် ပိုပို၍ အားကောင်းလာသည်အထိ လောင်ကျွမ်းနေခဲ့လေသည်။

“ကျုပ် ခင်ဗျားကို ပြောပါတယ်… ခင်ဗျား ကျုပ်နောက်ဆက်လိုက်နေရင် ကျုပ် ဆက်ပြီး ထိန်းနေတော့မှာမဟုတ်ဘူးလို့… ဒါပေမယ့် ခင်ဗျားကမှ ကျုပ်ပြောတာကို နားမထောင်… အဟွတ် အဟွတ် အဟွတ်…” ရန်ကိုင်မှာ ရင်ဘတ်ကို လက်ဖြင့် ဖိရင်းမှ ချောင်းထဆိုးလိုက်လေသည်။ ယခုအခြေအနေမျိုးတွင် လဲ့ကုအား အနည်းငယ်ခန့် ထပ်မံ၍ လှောင်ပြောင်လိုက်ချင်ပါသော်ငြား သူ့ခန္ဓာကိုယ်မှာ စိတ်အလိုကို မလိုက်ပေးနိုင်ခဲ့ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်မှာလည်း လက်လျှောက်လိုက်ရုံသာ တတ်နိုင်လေ၏။

လဲ့ကု၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ ယခု ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်တော့လိမ့်မည်မဟုတ်မှန်း လဲ့ကု သိလိုက်လေပြီ။ သူ့စိတ်ထဲတွင်လည်း ရန်ကိုင်အား အလွန်တရာကိုမှ မုန်းတီးမိလာတော့သည်။

“သူ့ကိုသတ်…” ရန်ကိုင်က သူ့လက်ကိုဝှေ့ယမ်း၍ အမိန့်ပေးလိုက်လေသည်။

ပုံရိပ်လေးခုသည် လဲ့ကုအား ဘက်ပေါင်းစုံဆီမှ ပြေးဝင်သွားကြလေသည်။

ပြေးမလွတ်နိုင်တော့မှန်း သိလိုက်သည့်အလျောက် လဲ့ကုသည် တူကိုကိုင်ရင်းမှ အော်ဟစ်လိုက်လေသည်။ “နတ်ဆိုးမျိုးနွယ် ဘယ်တော့မှမသေဘူးကွ…” ထိုအော်သံနှင့်အတူ လဲ့ကု၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရှိနေသော နတ်ဆိုးချီများ လှုပ်လှုပ်ရှားရှားဖြစ်လာပြီး သူ့ခန္ဓာကိုယ်ကြီးမှာလည်း လျင်မြန်စွာ ဖောင်းကားတက်လာခဲ့လေသည်။

ထိုအချင်းအရာကိုမြင်လိုက်သည့်အခါ ဖန်းဝူနှင့် ကျန်လူသုံးဦးစလုံး ချက်ချင်းရပ်လိုက်ကြပြီး အလျင်စလို နောက်သို့ ပြန်ဆုတ်လိုက်ကြလေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၆၉)

ဘာသာပြန်သူ_တိမ်တိုက်

လဲ့ကု၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးမျှင်များအဖြစ်သို့ ပေါက်ကွဲထွက်သွားကုန်လေသည်။

လဲ့ကု၏ ပြတ်သားသည့်စိတ်ဓာတ်နှင့်ပတ်သက်၍ ဖန်းဝူနှင့် အခြားသူများမှာ ထိတ်လည်းထိတ်လန့်မိသလို အထင်လည်းကြီးမိသည်။ ဤလောကကြီး၌ သေရမည်ကို သိနေမည်ဆိုလျှင် မိမိကိုယ်ကို ဖောက်ခွဲရဲသည့်လူ များများစားစား မရှိလှပေ။ သူတို့သည်သာ လဲ့ကုနေရာတွင်သာဆိုပါက ယခုကဲ့သို့ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လိုက်မည့်အစား ဆက်လက်တိုက်ခိုက်ရင်းမှ အသေခံမည့်နည်းလမ်းကိုသာ ရွေးချယ်သွားပေလိမ့်မည်။ နောက်ဆုံးရလဒ်သည်သာ အဆုံးအဖြတ်ဖြစ်နေမည်ဖြစ်သည့်တိုင် ထိုရလဒ်အား မကြိုးစားသေးသရွေ့ မပြောင်းလဲနိုင်ပါဟု မည်သူကများ ပြောနိုင်ပါမည်နည်း။

(နတ်ဆိုးမျိုးနွယ်က ဒီလိုမျိုး ရူးမိုက်တဲ့ မျိုးနွယ်ကြီးလား…) ထိုကဲ့သို့ တွေးမိလိုက်သည့်နောက် နတ်အရှင်သုံးပါးစလုံး တုန်တုန်ရီရီ ဖြစ်သွားကြလေသည်။ အကုန်လုံး သူ့အတွေးနှင့်သူ အလုပ်များနေကြစဉ် ရန်ကိုင်သည် ရုတ်တရက် အောက်သို့ ပြန်ဆင်းသွားခဲ့ပြီး လဲ့ကု၏အသားစများကြား လိုက်လံရှာဖွေတော့လေသည်။

ထိုအချင်းအရာကိုမြင်သည့်အခါ လွမ်ဖုန်း မျက်မှောင်ကျုံ့သွားခဲ့ပြီး ရန်ကိုင်ဘေးနားသို့ဆင်း၍ စိတ်ညစ်နေသည့်လေသံဖြင့် မေးလိုက်လေသည်။ “နင် ဘာတွေလိုက်ရှာနေတာလဲ… ဘာဖြစ်လို့ ကိုယ့်ဒဏ်ရာကိုယ် သွားပြန်မကုတာလဲ…”

ရန်ကိုင်က အသာအယာ ချောင်းဟန့်ရင်းမှ ရှင်းပြလိုက်သည်။ “သူတို့တွေရဲ့နတ်ဆိုးနှလုံးသား ရှိနေသေးသရွေ့ နတ်ဆိုးတွေက သေမှာမဟုတ်ဘူး…”

ပုံရိပ်ယောင်တစ်ထောင်အိပ်မက်ကမ္ဘာထဲတွင်ရှိစဉ်က ရန်ကိုင်သည် နတ်ဆိုးမျိုးနွယ်နှင့် နှစ်အတန်ကြာအောင် တိုက်ခိုက်ခဲ့ဖူးသည့်အတွက်ကြောင့် နတ်ဆိုးမျိုးနွယ် မည်မျှအသက်ပြင်းကြောင်းကို သိပေသည်။ နတ်ဆိုးမျိုးနွယ်ဝင်များ၏ ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရမည်ဆိုလျှင်ပင် နတ်ဆိုးနှလုံးသားရှိနေသေးသရွေ့ အသက်ပြန်ရှင်နိုင်ပေသည်။ ထို့အတွက်ကြောင့် နတ်ဆိုးမျိုးနွယ်မှ နတ်ဆိုးတစ်ကောင်ကို သတ်လိုပါက ထိုနတ်ဆိုး၏ နတ်ဆိုးနှလုံးသားအားလုံးကို ဖျက်ဆီးပစ်ရန် လိုအပ်ပေသည်။

လဲ့ကုမှာ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ရန် ရွေးချယ်ခဲ့ပါသော်ငြား သေချင်ယောင်ဆောင်၍ ထွက်ပြေးရန် ကြိုးစားမနေပါဟု မည်သူမျှ မပြောနိုင်ပေ။ ကံကောင်းစွာဖြင့် အတန်ကြာအောင် ရှာနေပြီးသည့်တိုင် နတ်ဆိုးနှလုံးသားနှင့်ဆင်တူသည့် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ ကြည့်ရသလောက် နတ်ဆိုးဝိဉာဉ်တစ်ကောင်၏ ဝင်စီးခြင်း ခံရခြင်းနှင့် နတ်ဆိုးမျိုးနွယ်ဝင်တစ်ဦးဖြစ်ခြင်းသည် သိပ်မတူကြသည့်ပုံပင်။

သို့ပင်ဖြစ်လင့်ကစား လိုရမယ်ရ ရန်ကိုင်သည် အောက်ဘက်မြေပြင်တစ်ခုလုံးကို လျို့ယန်အား ပြာချပစ်ခိုင်းလိုက်လေသည်။ ထိုအခါမှသာလျှင် ရန်ကိုင် စိတ်သက်သာရာ ရနိုင်ခဲ့သည်။ လဲ့ကု ထွက်ပြေးရန် စီစဉ်ထားခဲ့မည်ဆိုလျှင်ပင် လျို့ယန်၏ ဖီးနစ်မီးတောက်ဖြင့် လောင်ကျွမ်းခြင်း ခံရပြီးပါက သူ့အနေဖြင့် အသက်ပြန်ရှင်နိုင်စရာအကြောင်း မရှိတော့ပေ။

ထို့နောက်တွင် ကျောက်တုံးကိုယ်ပွားနှင့် ဝမ်ကျိရှန်းတို့ အဝေးတစ်နေရာဆီမှ ရောက်လာကြလေသည်။ သူတို့အနေဖြင့် လဲ့ကု ထွက်ပြေးသွားခဲ့သည်ရှိသော် အချိန်မီ ဝင်တားနိုင်ရန်အတွက် ခပ်လှမ်းလှမ်းတွင် ပုန်းအောင်းနေကြခြင်း ဖြစ်ပေသည်။ သို့သော်ငြား သူတို့သည်ပင်လျှင် ဘာမှမလုပ်လိုက်ရပဲ တိုက်ပွဲမှာ ပြီးသွားလိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။

သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားကြားရှိ ဆက်သွယ်ချက်ကြောင့်သာ ယခုကဲ့သို့ ထောင်ချောက်မျိုးကို အောင်အောင်မြင်မြင်ဆင်နိုင်ခဲ့ပြီး လဲ့ကုကို ရှင်းပစ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့်သာမဟုတ်လျှင် ရန်ကိုင်အနေဖြင့် လဲ့ကုနောက်သို့ သူတစ်ယောက်တည်း လိုက်ခဲ့မည်ဟု အလွယ်တကူ လက်ခံခဲ့လိမ့်မည်မဟုတ်ပေ။ ကျောက်တုံးကိုယ်ပွားသည် ရန်ကိုင်၏ အကြီးမားဆုံးသောဝှက်ဖဲ ဖြစ်ပေသည်။

လူစုံသွားခဲ့ပါသော်ငြား မည်သူမျှ စကားများများစားစား မပြောခဲ့ကြပေ။ ရန်ကိုင်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည့်အတွက်ကြောင့် သူ့ဒဏ်ရာကို ချက်ချင်းပြန်ကုရန် လိုအပ်နေခဲ့သည်။ သို့သော်ငြား သူ့ဒဏ်ရာကိုမကုမီ ဝမ်ကျိရှန်းကိုကြည့်၍ ပြောသွားခဲ့ပေသေးသည်။ “သူအဆင်ပြေတယ်…”

ထို့နောက်တွင် ရန်ကိုင်သည် လောကဓာတ်လုံးကို လျို့ယန်လက်ထဲသို့ ချက်ချင်းထည့်ပေး၍ သူ့ဒဏ်ရာကို ပြန်လည်ကုစားရန်အလို့ငှာ လောကဓာတ်လုံးထဲသို့ ဝင်လာခဲ့လိုက်သည်။ လောကဓာတ်လုံး၏ တည်ရှိမှုသည် ရန်ကိုင်၏ အကြီးမားဆုံးသော ဝှက်ဖဲတစ်ရပ်ဖြစ်သလို လျို့ဝှက်ချက်လည်း ဖြစ်ပေသည်။ သို့သော်ငြား လက်ရှိသူသည် ယခင်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလာပြီ ဖြစ်သည့်အတွက်ကြောင့် လောကဓာတ်လုံးအကြောင်းကို တမင်သက်သက် လျို့ဝှက်ထားစရာ မလိုတော့ပေ။ ထို့အပြင် ဖန်းဝူနှင့် အခြားသူများသည်လည်း ဤကိစ္စအား လူသိရှင်ကြား ထုတ်ပြောလိမ့်မည်မဟုတ်။ ထို့အတွက်ကြောင့် လောကဓာတ်လုံးနှင့် ပတ်သက်သော လျှို့ဝှက်ချက်အား ဖန်းဝူတို့အား သိအောင်ပြောပြလိုက်မည်ဆိုလျှင်ပင် ကိစ္စမရှိ။ ထို့နည်းတူစွာပင် ဝမ်ကျိရှန်းသည်လည်း ယုံရထိုက်သည့်လူတစ်ဦး ဖြစ်ပေသည်။

ဝမ်ကျိရှန်းမှာ ကောင်းရွှယ်ထင်းအကြောင်း ရန်ကိုင်အား ထပ်မေးချင်ခဲ့ပါသော်ငြား ထိုသို့လုပ်ခွင့် မရခဲ့ပေ။ သူ့ဘက်မှ မမေးနိုင်သေးခင်မှာပင် ရန်ကိုင်သည် ထူးဆန်းသောဓာတ်လုံးတစ်ခုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့လေပြီ။ ထိုကဲ့သို့သောအရာမျိုးသည် ရန်ကိုင်၏ ဝှက်ဖဲများအနက် တစ်ခု ဖြစ်ရပေလိမ့်မည်။ ထို့ကြောင့် ဝမ်ကျိရှန်းမှာ ထိုပစ္စည်းအကြောင်းကို သွားရောက်မေးမြန်းခြင်း မပြုခဲ့ပေ။ သူသိချင်နေသည့်အဖြေများကို သိလိုပါက စောင့်ရုံသာ ရှိတော့ပေမည်။

ကံမကောင်းစွာဖြင့် သူ့အနေဖြင့် ဤနေရာတွင် ရပ်စောင့်နေဖို့ရာ မဖြစ်နိုင်ပေ။ သူသည် ဂိုဏ်းချုပ်တစ်ဦးဖြစ်သည့်အတွက်ကြောင့် သူ့တွင် လုပ်စရာကိစ္စများစွာ ရှိနေပေသေးသည်။ အထူးသဖြင့် ယခုကဲ့သို့သောပြဿနာမျိုး တက်ပြီးသည့် အချိန်အခါမျိုးတွင်ပင် ဖြစ်လေသည်။ ထို့အပြင် ဤနေရာမှ ပြန်သွားချင်ကြသည့်လူများမှာ သူတစ်ဦးတည်းသာလျှင်မဟုတ်ပေ။

မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါးသည် ရှေးဟောင်းကျောင်းတော်၌ ရှိနေကြပေသေးသည်။ ထိုမွန်းစတားဘုရင်များ မည်ကဲ့သို့သောပြဿနာမျိုး လိုက်ရှာလိမ့်မည်ဟု မည်သူကများ ပြောနိုင်ပါမည်နည်း။ မွန်းစတားဘုရင်များ၏ ပုံစံကိုကြည့်၍ သူတို့၏စိတ်နေစရိုက်ကို သွားဆုံးဖြတ်၍မရပေ။ မွန်းစတားဘုရင်များမှာ ရန်ကိုင်ရှေ့တွင် ငြိမ်နေကြပါသော်ငြား သူတို့တစ်ဦးချင်းစီတိုင်းသည် ရက်စက်ကြမ်းကြုတ်လှသည့်လူများ ဖြစ်ကြပေသည်။ ထိုအကြောင်းကြောင့် မည်သူမျှ ဤနေရာတွင် အကြာကြီး မနေလိုကြပေ။

ထိုအခိုက်အတန့်တွင် ကျောက်တုံးကိုယ်ပွားက ဝင်စကားပြောလာခဲ့သည်။ ဝမ်ကျိရှန်းအား အရင်ပြန်သွားရန် ပြောလိုက်ပြီးသည့်နောက် ကျန်သူများအား လဲ့ကု သေမသေ အတည်ပြုနိုင်ရန်အတွက် ဤနေရာတစ်ဝိုက်ကို လိုက်လံစစ်ဆေးကြရန် ပြောလိုက်လေသည်။

လောကဓာတ်လုံးထဲဝယ် ရန်ကိုင်သည် ဆေးဥယျာဉ်ထဲပေါ်လာပြီး အင်မော်တယ်သစ်ပင်ရှေ့တွင် တင်ပလင်ခွေ ထိုင်ချလိုက်လေသည်။ မူကျုနှင့် မူလုတို့မှာတော့ လျို့ဝှက်ပညာရပ်အသီးသီးကိုသုံး၍ ရန်ကိုင်၏ဒဏ်ရာများကို ကုပေးရန် ကြိုးစားနေခဲ့သည်။

ရန်ကိုင်သည် သူ့ဒဏ်ရာများကို ကုသဖို့ရာ အင်မော်တယ်သစ်ပင်၏စွမ်းအားကို တစ်ကြိမ်မက အသုံးပြုခဲ့ဖူးသည်။ သို့သော်ငြား အများအားဖြင့် အင်မော်တယ်သစ်ပင်၏ သစ်ရွက်များကို တိုက်ရိုက်စားသုံးခြင်းသာ ရှိပေသည်။ အင်မော်တယ်သစ်ပင်တွင် သစ်ရွက်များများစားစား မရှိလှ။ လွန်ခဲ့သောနှစ်များအတွင်း ရန်ကိုင်မှ တစ်ရွက်ပြီးတစ်ရွက် ခူးနေပြီးသည့်နောက် သစ်ပေါ်တွင် သစ်ရွက်သိပ်မကျန်တော့ပေ။ ထို့အကြောင်းကြောင့် သစ်ရွက်များကိုသာ ဆက်၍ခူးနေလျှင် အင်မော်တယ်သစ်ပင်၏အုတ်မြစ် ထိခိုက်သွားမည်စိုးသည့်အတွက်ကြောင့် ရန်ကိုင်မှာ သစ်ရွက်များကို ထပ်မခူးရဲတော့ပေ။ ကံကောင်းစွာဖြင့် သစ်သားဝိဉာဉ်ကလန်သည် အင်မော်တယ်သစ်ပင်၏ အသက်ဓာတ်ကို ဆွဲယူ၍ ရန်ကိုင်၏ကိုယ်ထဲကို ထည့်သွင်းပေးနိုင်ပေသည်။ သူတို့လုပ်သွားသည့်နည်းလမ်းသည် အင်မော်တယ်သစ်ပင်ကိုလည်း ထိခိုက်စေခြင်းမရှိပေ။

ရန်ကိုင်၏ အားကောင်းလှသော ရုပ်ခန္ဓာကိုယ်နှင့် ပြန်လည်ကောင်းမွန်နိုင်စွမ်းကြောင့် သုံးရက်အတွင်းမှာပင် ရန်ကိုင်မှာ အကောင်းအတိုင်းနီးပါး ပြန်ဖြစ်လာခဲ့လေသည်။ ဤနှုန်းနှင့်ပတ်သက်၍ ရန်ကိုင်မှာ အတော်လေးကိုမှ ဝမ်းသာမိနေလေသည်။ သစ်သားဝိဉာဉ်များ၏ အကူအညီသာ မပါပါက သူ့အနေဖြင့် ဒဏ်ရာများမှ ပြန်လည်သက်သာရန်အတွက် အနည်းဆုံး တစ်လလောက် အချိန်ယူရပေလိမ့်မည်။

ဝမ်းသာအားရဖြင့် ရန်ကိုင်မှာ မူကျုနှင့် မူလုတို့အား အားပါးတရ ချီးကျူးတော့လေသည်။ ရန်ကိုင်မှ အဆက်မပြတ်ကို မြှောက်ပင့်ချီးကျူးနေလေရာ သစ်သားဝိဉာဉ်နှစ်ဦးမှာ တဖြည်းဖြည်းနှင့် ရှက်လာတော့လေ၏။

ပြန်ကောင်းလာပြီးသည့်နောက်တွင် ရန်ကိုင်မှာ ကောင်းရွှယ်ထင်းအား စတင်အာရုံစိုက်လာနိုင်တော့သည်။ နတ်ဆိုးချီကူးစက်ခြင်း ခံလိုက်ရပြီးသည့်နောက် ကောင်းရွှယ်ထင်း၏ ခန္ဓာကိုယ်နှင့် စိတ်မှာ လုံးဝကို အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရလေသည်။ ထို့နောက်တွင် လဲ့ကု၏ ထိန်းချုပ်ခြင်းခံရပြီး ကိုယ့်ကိုယ်ကို ဖောက်ခွဲရန် ကြိုးစားခဲ့သည်။ ရန်ကိုင်မှ သူမအား လောကဓာတ်လုံးထဲသို့ ဆွဲခေါ်လာပြီး ဖိနှိပ်ထားခဲ့သည့် အတွက်ကြောင့်သာလျှင် ကောင်းရွှယ်ထင်း ယခုအချိန်အထိ အသက်ရှင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

ရန်ကိုင်သည် အိမ်ပေါင်းများစွာရှိနေသည့်နေရာဆီသို့ ရောက်လာခဲ့လေသည်။ လက်ရှိအချိန်တွင် ကောင်းရွှယ်ထင်းမှာ ထိုအိမ်လေးတစ်လုံးထဲ ဖမ်းထားခံရခြင်း ဖြစ်လေသည်။ အခန်းတံခါးကိုဖွင့်ပြီး အထဲသို့ဝင်လာလိုက်သည့်နောက် ကောင်းရွှယ်ထင်းမှာ သူမဆီသို့ တစ်စုံတစ်ဦး ချဉ်းကပ်လာသည်ကို သတိထားမိလိုက်သည့်အလား ပိန်းပိန်းပိတ်နက်မှောင်သော မျက်လုံးများဖြင့် သူ့ဘက်သို့ လှည့်ကြည့်လာသည့်အတွက်ကြောင့် ရန်ကိုင်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။ ထို့နောက်တွင် ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား အစိမ်းလိုက်ဝါးစားပစ်ချင်နေသည့်အလား ထူးဆန်းသည့်အသံဗလံများကို ပြုရင်းမှ ခက်ထန်ကြမ်းကြုတ်သည့်အမူအယာဖြင့် ရန်ကိုင်အား စိုက်ကြည့်လာခဲ့သည်။

ကောင်းရွှယ်ထင်း၏ ပြောင်းလဲသွားသည့်အပြုအမူမှာ ရန်ကိုင်အား မျက်မှောင်ကျုံ့သွားစေခဲ့လေသည်။ ယခင် ရန်ကိုင်၏အတွေ့အကြုံအရ ရှေးဟောင်းကျောင်းတော်ထဲရှိ နတ်ဆိုးများကို နှစ်မျိုးနှစ်စား ခွဲခြားထားပေသည်။ တစ်မျိုးမှာ နတ်ဆိုးဝိဉာဉ်ဝင်စီးထားခြင်းခံရသည့် လဲ့ကုနှင့် ဖုန်းမင်တို့ကဲ့သို့ နတ်ဆိုးမျိုးပင်။ ထိုနတ်ဆိုးများသည် ပြီးပြည့်စုံသည့် နတ်ဆိုးများ ဖြစ်ကြပြီး ကိုယ်ပိုင်အသိဉာဏ်ကို ပိုင်ဆိုင်ကြပေသည်။ တစ်နည်းဆိုရသော် သူတို့သည် နတ်ဆိုးမျိုးနွယ်များသည် အပြည့်အဝ ဝင်ရောနိုင်ပေသည်။

အခြားတစ်မျိုးမှာတော့ နတ်ဆိုးချီကူးစက်ခြင်းခံရပြီး နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားကြသည့် တောင်ဘက်နယ်မြေမှ အခြားသူများနှင့် ကောင်းရွှယ်ထင်းတို့ ဖြစ်ကြပေသည်။ သူတို့တွင် ကိုယ်ပိုင်စဉ်းစားတွေးတောသုံးသပ်နိုင်သည့် အသိဉာဏ်မျိုး မရှိဘဲ လဲ့ကုတို့ကဲ့သို့သော နတ်ဆိုးများမှ ထိန်းချုပ်မှသာလျှင် လှုပ်ရှားနိုင်ကြပေသည်။

သို့သော်ငြား လက်ရှိအချိန်တွင်တော့ ကောင်းရွှယ်ထင်းမှာ ကိုယ်ပိုင်အသိဉာဏ်ကို ပိုင်ဆိုင်ထားသည့် အရိပ်အယောင်များ ပြသနေခဲ့လေသည်။ သို့သော်ငြား သေချာစဉ်းစားကြည့်မည်ဆိုပါက ဤသည်မှာ သူမ၏ ကိုယ်ပိုင်အသိဉာဏ်မဟုတ်လောက်။ သူမ၏ ခက်ထန်ကြမ်းကြုတ်သည့်အမူအယာအရ နတ်ဆိုးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားပြီသည့်နောက် ဤသည်မှာ သူမ၏ မသိစိတ်အရ တုံ့ပြန်မှုတစ်ခုသာလျှင် ဖြစ်ပေသည်။

ရန်ကိုင်သည် ဒွိဟဖြစ်နေသည့်အမူအယာဖြင့် ကောင်းရွှယ်ထင်းဆီသို့ လျှောက်သွားလိုက်လေသည်။ ထို့နောက် သူမအား လေသံတိုးတိုးဖြင့် အကြိမ်အနည်းငယ်ခန့် ခေါ်ကြည့်လိုက်သည်။ သို့သော် ကောင်းရွှယ်ထင်းမှာ ပြန်မထူးခဲ့ဘဲ ရန်ကိုင်ကိုသာ မာန်ဖီပြနေခဲ့သည်။ သူမ၏ကျင့်ကြံခြင်း ဖိနှိပ်ထားခံရသည့် အတွက်ကြောင့်သာမဟုတ်လျှင် ရန်ကိုင်ဆီသို့ ခုန်ဝင်လာပြီးနေလောက်ပေပြီ။

ထိုအကြောင်းကြောင့် ကိုယ်ပိုင်အသိဉာဏ်ပိုင်ဆိုင်ထားခြင်းမရှိသော နတ်ဆိုးများသည် အချိန်ကြာမြင့်စွာ နတ်ဆိုးဖြစ်သွားပြီးသည့်နောက် ယခုကဲ့သို့ ဖြစ်လာလေမလား ရန်ကိုင်အတွေးများမိသွားလေသည်။ ထိုသို့သာဆိုလျှင်တော့ ရှေးဟောင်းကျောင်းတော်ထဲရှိ အခြေအနေမှာ အနည်းငယ် ပြဿနာများသွားပေပြီ။ ထို့နောက်တွင် ရန်ကိုင်မှာ ဆက်၍ တုံ့ဆိုင်းမနေတော့ပေ။ သူ့အရှိန်အဝါမှာ ရုတ်ချည်းဆိုသလို ပြောင်းလဲသွားခဲ့လေသည်။ ရှေးခေတ်မှ ထွက်လာသည့်အလား ရန်ကိုင်ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ ရုတ်ချည်းဆိုသလို အလွန်ကိုမှ ရှေးကျသွားခဲ့သည်။ ထို့နောက်တွင် လက်ကွက်များကို ထုတ်ဖော်၍ မန္တန်တစ်ခုကို စတင်ရွတ်ဆိုတော့လေသည်။ ထိုသို့ဖြင့် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကောင်းရွှယ်ထင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ ထိုအရာမှာတော့ သွေးစတေးခြင်းပညာရပ်သာ ဖြစ်လေသည်။ သွေးစတေးခြင်းပညာရပ်သည် နတ်ဆိုးချီတိုက်စားမှုကို ခုခံရာတွင် အလွန်ကိုမှ အသုံးဝင်သည့် နည်းလမ်းတစ်မျိုးဖြစ်ပေသည်။

သူမကိုယ်ထဲရှိ သွေးအဆီအနှစ် လှုံ့ဆော်ခြင်း ခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ကောင်းရွှယ်ထင်း၏ခန္ဓာကိုယ်မှာ စတင်၍ နီရဲလာခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း သူမ၏မျက်နှာထက် နာကျင်နေသည့်အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။ ထိုသို့ဖြစ်သွားသည့် တစ်ချိန်တည်း၌ သူမကိုယ်ထဲမှ အနက်ရောင်ချီတို့ စီးထွက်လာခဲ့ပြီး ကောင်းရွှယ်ထင်း၏ ကိုယ်ပေါ်တွင် ရှိနေသော အနီရောင်အလင်းများနှင့်ရောယှက်ကာ တစ်ခုကိုတစ်ခု ဖျက်ဆီးရန် ကြိုးစားကြတော့လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် နတ်ဆိုးနှင်မန္တန်ကို စတင်ရွတ်ဆိုတော့လေသည်။ အေးစက်စက်အလင်းတစ်ခု ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့ပြီး ကောင်းရွှယ်ထင်း၏ စိတ်နှင့် ခန္ဓာအစုံကို စတင်၍ ရှင်းလင်းပေးတော့လေသည်။ တစ်ချိန်တည်း၌ တရှဲရှဲမြည်သံများနှင့်အတူ ကောင်းရွှယ်ထင်း၏ကိုယ်ထဲမှ အနက်ရောင်အမျှင်တန်းတို့ ထွက်ပေါ်လာပြီး လွင့်စင်ပျောက်ကွယ်ကုန်ကြလေ၏။

ရန်ကိုင်သည် အလေးအနက်အမူအယာဖြင့် ကောင်းရွှယ်ထင်းရှေ့တွင် ရပ်နေရင်းမှ နတ်ဆိုးနှင်မန္တန်ကို အဆက်မပြတ်ထုတ်သုံးနေခဲ့လေသည်။ အချိန်ကြာလာသည့်နောက်တွင် ကောင်းရွှယ်ထင်း၏ ခန္ဓာကိုယ်ထဲမှ စီးထွက်လာနေသော နတ်ဆိုးချီများမှာ နည်းသည်ထက် နည်းလာခဲ့ပြီး အနက်ရောင်နှင့် အနီရောင်အလင်းတို့မှာလည်း စတင်၍ မတည်မငြိမ်ဖြစ်လာကာ အနီရောင်အလင်းသည် အသာစီးရလာခဲ့လေသည်။

နောက်ဆုံးတွင်တော့ ကောင်းရွှယ်ထင်း၏မျက်လုံးထဲရှိ အမှောင်ထုတို့ ပျောက်ကွယ်သွားခဲ့ပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ မကြာမီတွင် သူမရှေ့တွင် ပြုံးကာ ရပ်နေသော ရန်ကိုင်ကို ကောင်းရွှယ်ထင်း မြင်လာနိုင်ခဲ့လေသည်။ ရန်ကိုင်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာတော့ ပုံမှန်နှင့်အတူ ထူးထူးခြားခြားကို ရှေးကျနေခဲ့သည်။

“ဂျူနီယာမောင်လေး…” ကောင်းရွှယ်ထင်းမှာ အလွန်တရာကိုမှ အားနည်းဖျော့တော့နေသည့်လေသံဖြင့် လှမ်းခေါ်လိုက်သည်။

“စီနီယာအစ်မ နိုးလာပြီလား…” ကောင်းရွှယ်ထင်းနိုးလာသည်ကို မြင်သည့်အခါမှ ရန်ကိုင် သက်ပြင်းချလိုက်နိုင်လေသည်။ ကောင်းရွှယ်ထင်း၏ပုံစံကို မြင်ပြီးသည့်နောက် ကောင်းရွှယ်ထင်းအား ကယ်၍ မရတော့မည်ကို ရန်ကိုင်စိတ်ပူခဲ့ရသည်။ ကံကောင်းစွာဖြင့် ရှေးခေတ်မှော်ပညာရပ်များသည် နတ်ဆိုးချီနှင့် ရင်ဆိုင်ရာတွင် အလွန်ကိုမှ အကျိုးသက်ရောက်မှုရှိလေရာ ရန်ကိုင်၏ ကြိုးစားအားထုတ်မှုများမှာ အချည်းအနှီး မဖြစ်ခဲ့ရပေ။

“နင်… ဘာလို့…” ကောင်းရွှယ်ထင်းမှာ သူမ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ နားမလည်နိုင် ဖြစ်နေလေသည်။ သူမခန္ဓာကိုယ်တစ်ခုလုံး အလွန်တရာကိုမှ အားနည်းနေမှန်းသာ သိနေခဲ့သည်။ ထို့အပြင် သူမ၏သွေးကြောများနှင့် ခန္ဓာကိုယ်ထဲ ပုံမှန်မဟုတ်သည့် စွမ်းအားတစ်မျိုး၏ သဲလွန်စများလည်း ရှိနေခဲ့ပေသည်။

“စီနီယာအစ်မ ဘာတွေဖြစ်သွားလဲဆိုတာကို မှတ်မိလား…” ရန်ကိုင်သည် ကောင်းရွှယ်ထင်းကို ကြည့်နေရင်းမှ မေးလိုက်သည်။

“ဘာတွေဖြစ်သွားတာလဲ…” ကောင်းရွှယ်ထင်း မျက်မှောင်ကျုံ့သွားခဲ့လေသည်။

“တောင်ဘက်နယ်မြေ သိုင်းပညာရှင်စုဝေးပွဲ ကျင်းပနေတဲ့အချိန် ရှေးဟောင်းကျောင်းတော်မှာ ဖြစ်သွားတာလေ…” ရန်ကိုင်က သတိပေးလိုက်သည်။

ထိုစကားကိုကြားသည့်အခါ ကောင်းရွှယ်ထင်း၏ခန္ဓာကိုယ် ဆတ်ခနဲတုန်သွားပြီး ချက်ချင်းပဲ မျက်လုံးမှေးစင်းလျက် စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။ “ရှေးဟောင်းကျောင်းတော်မှာ သူတို့ ထောင်ချောက်တစ်ခုခုဆင်နေတာ… ဂျူနီယာမောင်လေး… ကျောင်းသခင်ကို မြန်မြန်သွားသတိပေးလိုက်…”

ရန်ကိုင်က အလျင်စလို နှစ်သိမ့်ပေးလိုက်လေသည်။ “စီနီယာအစ်မ… စိတ်အေးအေးထား… ရှေးဟောင်းကျောင်းတော်ကကိစ္စကို ရှင်းပြီးသွားပြီ… လဲ့ကုနဲ့ ဖုန်းမင်တို့လည်း သေသွားပြီ…”

“လဲ့ကုနှင့်ဖုန်းမင်တို့ သေသွားပြီ…” ကောင်းရွှယ်ထင်း၏အမူအယာ ပြောင်းလဲသွားခဲ့ပြီးသည့်နောက် ပြန်၍မေးလိုက်လေသည်။ “သူတို့ ဘာတွေကြံနေတာလဲ…”

ရန်ကိုင်သည် ကောင်းရွှယ်ထင်း၏အမေးကို ပြန်မဖြေခဲ့ဘဲ မေးခွန်းတစ်ခုဖြင့်သာ ပြန်လည်တုံ့ပြန်လိုက်သည်။ “စီနီယာအစ်မ ဘယ်လောက်အထိ မှတ်မိလဲ…”

ကောင်းရွှယ်ထင်းက ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်သည်။ “ငါ ဘာမှတော့ သေချာမမှတ်မိတော့ဘူး… အဲ့ညတုန်းက ဂျူနီယာမောင်လေးလော့နဲ့ငါ အကြီးအကဲဖုန်းဆီကနေ ဖိတ်ခေါ်စာတစ်ခု ရလိုက်တယ်… ဖုန်းမင်က ကျင့်ကြံရေးအတွေ့အကြုံတွေအကြောင်း ဆွေးနွေးချင်လို့ သူနေတဲ့နေရာဆီ လာခဲ့ပါဆိုပြီးတော့… အဲ့မှာ ငါတို့အပြင် အခြားဧကရာဇ်အဆင့်အယောက်နှစ်ဆယ်ကျော်လောက်လည်း ရှိသေးတယ်… ဒါပေမယ့် အဲ့က တစ်ခုခုကို သောက်ပြီးလည်းပြီးရော ငါတို့အကုန်လုံး အိပ်ပျော်သွားရော…”

ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ကောင်းရွှယ်ထင်းနှင့်အခြားသူများကို နတ်ဆိုးအသွင်ပြောင်းလဲပစ်ခဲ့သည့်အရာမှာ သူတို့သောက်လိုက်သည့် အရည်ထဲတွင် ရှိနေသည့်အရာသာ ဖြစ်ရပေလိမ့်မည်။ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ မည်ကဲ့သို့များ နတ်ဆိုးအသွင်သို့ အလွယ်တကူ ပြောင်းလဲသွားခဲ့ရသလဲဆိုသည်ကို ရန်ကိုင်မှာ စဉ်းစားမိခဲ့ဖူးပေသည်။ ဧကရာဇ်အဆင့်ပညာရှင်များထဲမှ တစ်ဦးဦးသည်သာ တစ်ခုခုမှားယွင်းနေမှန်း သတိထားမိသွားမည်ဆိုလျှင် သူတို့၏ဧကရာဇ်ချီကို လှည့်ပတ်၍ ကာကွယ်လိုက်ရုံဖြင့် အဆင်ပြေပေလိမ့်မည်။ ပြန်လည်၍ တိုက်ခိုက်နိုင်ပေသေးသည်။ အဆိုးဆုံး အခြားသူများ သတိထားမိသွားအောင် ပြဿနာရှာ၍ ရပေသည်။

သို့သော်ငြား လက်ရှိ ကောင်းရွှယ်ထင်းပြောပြသည်ကို နားထောင်ရသလောက် ဖုန်းမင်သည် ကောင်းရွှယ်ထင်းနှင့် အခြားသောဧကရာဇ်အဆင့်ပညာရှင်များ သောက်မည့် အရည်ထဲ၌ နတ်ဆိုးချီများကို ထည့်ကာ အဆိပ်ခတ်ခဲ့သည့်ပုံပင်။ ထိုကဲ့သို့သောနည်းလမ်းကို ကြိုတင်သိထားခြင်းမရှိဘဲ မည်သည့်နည်းနှင့်မျှ ခုခံနိုင်ခဲ့လိမ့်မည်မဟုတ်ပေ။ ထို့အပြင် သူတို့နှင့် ဖုန်းမင် သိလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေလေပြီ။ ထိုအကြောင်းကြောင့် ဖုန်းမင် သူတို့အား ထိုကဲ့သို့လုပ်လိမ့်မည်ဟု မထင်ထားလေရာ အကုန်လုံးမှာလည်း ထိုအချက်နှင့်ပတ်သက်၍ ဂရုမစိုက်ခဲ့ပေ။

“ဂျူနီယာမောင်လေးလော့ရော…” ကောင်းရွှယ်ထင်းက မေးလိုက်သည်။

“ကျုပ်မသိဘူး…” ရန်ကိုင် ခေါင်းခါလိုက်၏။

ရန်ကိုင်သည် လော့ချန်အား သူ့အား ထိုတောင်ပေါ်သို့ လိုက်ပို့ပေးပြီးသည့် အချိန်မှစ၍ မတွေ့ရတော့ခြင်း ဖြစ်ပေသည်။ ရန်ကိုင်သိသည့်တစ်ချက်မှာတော့ လော့ချန်သည်လည်း နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားပြီဟူသော အချက်ပင်။

“ဒါ အခု ဘယ်နေရာမှာလဲ…”

ရန်ကိုင်က ပြုံး၍ “ဒါက သီးခြားကမ္ဘာတစ်ခုပဲ… စီနီယာအစ်မကောင်း အေးအေးဆေးဆေးသာ အနားယူ… ကျုပ်တို့ မကြာခင် ရှေးဟောင်းကျောင်းတော်ဆီ ပြန်သွားရမှာ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဧကရာဇ်အဆင့်ဆေးလုံးများပါသော ဆေးပုလင်းတစ်ပုလင်းကိုထုတ်၍ ကောင်းရွှယ်ထင်းဘေးနားတွင် ချပေးလိုက်လေသည်။ ကောင်းရွှယ်ထင်းသည် နတ်ဆိုးချီကူးစက်ခြင်း ခံရပြီးသည့်နောက် သူမ၏အုတ်မြစ်မှာ ထိခိုက်သွားခဲ့ရသည်။ ထို့အပြင် လဲ့ကု၏အမိန့်ဖြင့် သူမကိုယ်သူမ ဖောက်ခွဲရန်ပင် ကြိုးစားခဲ့ပေသေးသည်။ အဆုံးတွင် ရန်ကိုင်မှ ကောင်းရွှယ်ထင်းအား သူမကိုယ်သူမ မဖောက်ခွဲနိုင်အောင် တားဆီးပေးနိုင်ခဲ့ပါသော်ငြား ကောင်းရွှယ်ထင်းမှာတော့ အနည်းနှင့်အများဆိုသလို ဒဏ်ရာရသွားခဲ့ရပေသေးသည်။

ကောင်းရွှယ်ထင်းမှာလည်း အိုက်တင်ခံမနေခဲ့ဘဲ ရန်ကိုင်ပေးလာသည့် ကျောက်စိမ်းပုလင်းကို ကောက်၍ ဆေးလုံးတစ်လုံးကို သွန်ချကာ သောက်လိုက်လေသည်။ ထိုဆေးလုံးထဲတွင် ပါဝင်နေသော ဆေးအာနိသင်များကို သန့်စင်ရင်းမှ ပြန်၍မေးလိုက်လေ၏။ “တကယ်ကြီး ဘာတွေဖြစ်သွားတာလဲ…”

“ပြောရရင်တော့ အရှည်ကြီးပဲ…” ရန်ကိုင် သက်ပြင်းချလိုက်လေသည်။ ထို့နောက် ကောင်းရွှယ်ထင်း၏ရှေ့တွင် တင်ပလင်ခွေထိုင်ချ၍ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်သွားသည့် ကိစ္စများကို အကျဉ်းချုပ် ပြန်လည်ရှင်းပြလိုက်သည်။ ရန်ကိုင်ရှင်းပြသည်ကို ကြားပြီးသည့်နောက် ကောင်းရွှယ်ထင်း၏အမူအယာ အဆက်မပြတ်ကို ပြောင်းလဲနေခဲ့ရလေသည်။ တောင်ဘက်နယ်မြေ၏ သိုင်းပညာရှင်စုဝေးပွဲသည် ယခုကဲ့သို့သော ထောင်ချောက်ကြီးတစ်ခု ဖြစ်နေလိမ့်မည်ဟု သူမ အမှန်တကယ်ကို မထင်ထားခဲ့ပေ။

ရန်ကိုင်၏လေသံမှာ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေပါသော်ငြား ရန်ကိုင်သည်သာ မြောက်ဘက်နယ်မြေနှင့် အရှေ့ဘက်နယ်မြေမှ စစ်ကူများစွာကို ခေါ်မလာနိုင်ခဲ့လျှင် ယခုတစ်ကြိမ်တောင်ဘက်နယ်မြေသည် လုံးဝကို ကပ်ဘေးဆိုက်သွားရပေလိမ့်မည်။ ရှေးဟောင်းကျောင်းတော်၏ အစီအစဉ်သည်သာ အောင်မြင်သွားခဲ့မည်ဆိုပါက ရာနှင့်ချီသော ဧကရာဇ်အဆင့်ပညာရှင်များနှင့် သောင်းနှင့်ချီသော လက်ရွေးစင်တပည့်များအားလုံး နတ်ဆိုးအသွင်သို့ ပြောင်းသူကပြောင်း သေသူကသေ ဖြစ်ကုန်ကြပေလိမ့်မည်။ ထို့နောက်တွင် ထိုလူအားလုံးသည် မိမိနေထိုင်ရာနေရာအသီးသီးသို့ ပြန်သွားပြီးသည့်နောက် အခြားသောသူများကိုပါ နတ်ဆိုးအသွင်သို့ လိုက်လံပြောင်းလဲပစ်နေမည်ဖြစ်လေရာ တောင်ဘက်နယ်မြေတစ်ခုလုံးသည် အနှေးနှင့်အမြန်ဆိုသလို နတ်ဆိုးသိုက်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားပေလိမ့်မည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၇၀)

ဘာသာပြန်သူ_တိမ်တိုက်

တောင်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်း တစ်ဂိုဏ်း ဖြစ်ခဲ့သော ရှေးဟောင်းကျောင်းတော်ကြီးသည် လက်ရှိအချိန်၌ အပျက်အစီးပုံကြီးတစ်ခု ဖြစ်နေခဲ့လေပြီ။ အုတ်ကျိုးအုတ်ပဲ့များ၊ အဆောက်အအုံအပျက်အစီးများ၊ တိုက်ပွဲ ဖြစ်ထားသည့်အရိပ်အယောင်များကို နေရာအနှံ့တွင် မြင်တွေ့နေရသည်။

လက်ကျန် ကျင့်ကြံသူများသည် ထိုနေရာတစ်ဝိုက်ရှိ တောင်ပေါ်များတွင် တစ်သီးတစ်ခြား စခန်းချနေကြလေသည်။ အကုန်လုံးမှာတော့ ယခုအချိန်အထိတိုင် အကြောက်မပြေနိုင်ကြသေးပေ။ အစောပိုင်းက ဖြစ်ပျက်သွားသည့် အကြောင်းအရာများကို ပြန်စဉ်းစားမိလိုက်ရုံဖြင့် လူတိုင်းမှာ တုန်တုန်ယင်ယင် ဖြစ်သွားကုန်ကြရသည်။

မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူများမှာမူ မမောမပန်းနှင့် တောင်ဘက်နယ်မြေမှ ဧကရာဇ်အဆင့်ပညာရှင်အချို့ကို လိုက်လံ စစ်ဆေးနေကြလေသည်။ ရှေးဟောင်းတောအုပ်ကြီးမှ မွန်းစတားဘုရင် သုံးပါးမှာမူ တောင်တစ်လုံးကို သူတို့တစ်ဖွဲ့တည်း အပိုင်စားယူထားကြလေသည်။

တောင်ဘက်နယ်မြေမှ ကျင့်ကြံသူများမှာ ညှိုးညှိုးမှိုင်မှိုင်နှင့် စိတ်ဓာတ်ကျနေကြပါသော်ငြား မွန်းစတားဘုရင်များမှာမူ စားကောင်းသောက်ဖွယ်ရာများနှင့် အရက်များကို ထုတ်ကာ ဝမ်းသာအားရ စားသောက်ပွဲကြီး ကျင်းပနေခဲ့လေသည်။ မွန်းစတားမျိုးနွယ်စုဝင်များအတွက်မူ လူသားများ၏ သေခြင်းရှင်ခြင်းမှာ သူတို့ ဂရုစိုက်စရာ မဟုတ်။ ရန်ကိုင်ကြောင့်သာ မဟုတ်ပါက သူတို့အနေဖြင့် တောင်ဘက်နယ်မြေ၏ ကိစ္စများကို လုံးဝစိတ်ဝင်စားခဲ့လိမ့်မည် မဟုတ်ပေ။

ထိုအချိန်အတောအတွင်း တောင်ဘက်နယ်မြေမှ လူများမှာတော့ လူသားများနှင့် မွန်းစတားများအကြားမှ ဆက်ဆံရေးသည် ယခုကဲ့သို့ ဖြစ်နေသည့်အပေါ် ဝမ်းသာနေမိလေသည်။ မွန်းစတားဘုရင်တစ်ပါးချင်းစီတိုင်းသည် ရန်စလို့ကောင်းသည့် လူများ မဟုတ်ကြပေ။ ထိုအပြင် မွန်းစတားမျိုးနွယ်စုဝင် အများစုမှာ ခက်ထန်ကြမ်းကြုတ်သည့် စရိုက်ကို ပိုင်ဆိုင်ထားကြလေသည်။ သူတို့သည်သာ လူသားများနှင့် တပူးပူးတတွဲတွဲလုပ်နေပါက ပဋိပက္ခများ ဖြစ်လာရနိုင်ပေသည်။ ထိုသို့ဖြစ်လာသည့်အခါ သူတို့အား တားနိုင်သည့် မည်သူမျှ ရှိမနေကြပေ။ ထိုအကြောင်းကြောင့် မည်သူမျှ သူတို့၏ လုပ်ရပ်နှင့် ပတ်သက်၍ သွားရောက်ဝေဖန်နေခြင်း မပြု။ မွန်းစတားဘုရင်များ သူတို့ဘာသာသူတို့ သောက်စားပျော်ပါးချင်ကြလျှင် သောက်စားပျော်ပါးနိုင်ပေသည်။

ထိုသို့ဖြင့် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့လေ၏။ မုရုန်ရှောင်ရှောင်သည် လေထဲတွင်ဝဲကာ အခြေအနေကို စောင့်ကြည့်နေလေသည်။ ရုတ်တရက်ဆိုသလို သူမ၏ အမူအရာ ခက်ထန်သွားခဲ့ပြီး မိုးကုပ်စက်ဝိုင်းတစ်နေရာဆီသို့ သေသေချာချာ လှမ်းကြည့်လိုက်သည်။ တစ်ခဏအကြာ၌ ဝမ်းသာအားရလေသံဖြင့် အော်ပြောလိုက်လေ၏။ "သူတို့ပြန်လာပြီ"

ဝှစ်။

ဝမ်ကျိရှန်း သူမ ဘေးနား၌ ချက်ချင်းပေါ်လာခဲ့လေသည်။ ဝမ်ကျိရှန်းသည် မုရုန်ရှောင်ရှောင် လှမ်းကြည့်နေသည့် ဘက်ဆီသို့ လှမ်းကြည့်လိုက်လေရာ ထိုအရပ်ဆီမှ လူပေါင်းများစွာ သူတို့ဆီသို့ လျင်မြန်စွာ ပျံသန်းလာနေကြောင်း တွေ့လိုက်ရလေသည်။ အရှေ့ဆုံးမှ ဦးဆောင်လာနေသည့် လူမှာတော့ ရန်ကိုင်ဖြစ်ပြီး သူ့နောက်တွင် အသက်ခုနစ်နှစ် ရှစ်နှစ်အရွယ်လောက်ရှိမည့် ကလေးမလေးတစ်ဦး ရှိနေကာ သူမ၏ အနောက်တွင်တော့ အရှေ့ဘက်နယ်မြေမှ နတ်အရှင်သုံးပါး ရှိနေကြပေသည်။ ထိုလူများမှ လွဲ၍ အခြားမည်သူမျှ ပါမလာကြပေ။ ထိုအချင်းအရာကို မြင်လိုက်သော် ဝမ်ကျိရှန်း၏ မျက်နှာ ဖြူရော်သွားခဲ့ပြီး လက်သီးကို တင်းတင်းဆုပ်မိလိုက်လေသည်။

အလားတူပင် မုရုန်ရှောင်ရှောင်မှာလည်း တစ်ခုခုအား သတိထားမိသွားသည့်အလား သူမ၏ မျက်နှာလေး မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး မျက်လုံးများမှာလည်း နီရဲလာခဲ့လေ၏။

"ကျောင်းသခင်" ရန်ကိုင်သည် ဝမ်ကျိရှန်းဆီသို့ ပျံသန်းလာပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် ဝမ်ကျိရှန်းနှင့် မုရုန်ရှောင်ရှောင်တို့၏ အမူအရာ တစ်မျိုးတစ်မည်ဖြစ်နေသည်ကို သတိထားမိလိုက်သော် စိုးရိမ်သွားခဲ့ပြီး မေးလိုက်လေ၏။ "ဘာတွေဖြစ်နေတာလဲ" ဝမ်ကျိရှန်းသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ပြန်ပြောလိုက်လေသည်။ "မင်းတကယ်ကို ကြိုးစားခဲ့တာပဲ" ထို့နောက် သူမေးချင်နေသည့် မေးခွန်းကို မေးချင်နေသည့်အလား ပါးစပ်ကို ဟလိုက်ပါသော်ငြား သူ့ပါးစပ်မှ မည်သည့်စကားမျှ ထွက်မလာခဲ့ပေ။ သူမကြားချင်သည့် အဖြေကို ကြားရမည်စိုးသည့်အတွက်ကြောင့် ဝမ်ကျိရှန်းမှာ သိချင်နေပါသော်ငြား မမေးရဲခဲ့။

မုရုန်ရှောင်ရှောင်ကမူ ဝမ်ကျိရှန်း ကိုယ်စား ဝင်မေးလိုက်လေသည်။ "စီနီယာအစ်မကောင်းရော"

ထိုအခါမှသာလျှင် ထိုလူနှစ်ဦး၏ အမူအရာ ဘာကြောင့် ယခုကဲ့သို့ ဖြစ်နေရသလဲဆိုသည်ကို ရန်ကိုင် သဘောပေါက်သွားတော့သည်။ သူတို့နှစ်ဦးမှာ ကောင်းရွှယ်ထင်းနှင့် ပတ်သက်၍ စိတ်ပူနေခြင်းသာ ဖြစ်လေသည်။ ရန်ကိုင်က လေသံတိုးတိုးဖြင့် ပြန်၍ ပြောလိုက်သည်။ "စီနီယာအစ်မကောင်း၊ သူ"

ထိုစကားကို ကြားလိုက်သော် မုရုန်ရှောင်ရှောင်မှာ သူမ၏ ပါးစပ်ကလေးကို လက်ဖြင့် အလန့်တကြား ကောက်အုပ်လိုက်လေသည်။ ထို့နောက် မျက်ရည်စတို့သည် သူမ၏ ပါးပြင်တစ်လျှောက် စီးကျလာတော့လေ၏။

ထိုအချင်းအရာကို မြင်သော် ရန်ကိုင် ဆွံ့အသွားတော့လေသည်။ [ငါပြောလို့တောင် မပြီးသေးဘူးလေ၊ နင်ဘာတွေငိုနေတာလဲ]

ထို့နောက် ဝမ်ကျိရှန်းဆီသို့ လှမ်းကြည့်လိုက်ရာ ဝမ်ကျိရှန်းမှာလည်း အလွန်တရာကိုမှ ဝမ်းနည်းညှိုးငယ်နေသည့် အမူအရာမျိုးဖြင့် ရှိနေကြောင်း တွေ့လိုက်ရလေ၏။ ထိုအပြင် သူ့တစ်ကိုယ်လုံး အားအင်ချည့်နဲ့သွားသည့်အလား ဒယီးဒယိုင်လည်း ဖြစ်နေလေသည်။

"စီနီယာအစ်မကောင်း ဒဏ်ရာရထားတယ်ဆိုပေမဲ့ ဘာမှဒီလောက်မဆိုးဘူး" ရန်ကိုင်မှာ သူ့စကားကို တစ်ခါတည်းပြတ်အောင်သာ ပြောလိုက်တော့လေသည်။ တစ်ချိန်တည်းတွင်လည်း လောကဓာတ်လုံးကို ထုတ်၍ ကောင်းရွှယ်ထင်းကို ဆင့်ခေါ်လိုက်သည်။

ကောင်းရွှယ်ထင်းမှာတော့ ရုတ်တရက် နေရာသစ်တစ်ခုသို့ ရောက်လာသည့်အတွက်ကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်နေလေသည်။ သို့သော်ငြား ချက်ချင်းပဲ ဧကရာဇ်ချီကို လှည့်ပတ်၍ သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်လိုက်သည်။ ထို့နောက် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၍ မေးလိုက်လေ၏။ "ဂျူနီယာညီမ၊ နင်ဘာဖြစ်သွားတာလဲ"

မုရုန်ရှောင်ရှောင်မှာ ငိုရင်းတန်းလန်း ဖြစ်နေပေသေးသည်။ သို့သော်ငြား ကောင်းရွှယ်ထင်း ရုတ်တရက် ပေါ်လာသည်ကို မြင်သည့်အခါ ကောင်းရွှယ်ထင်းအား ကြောင်ကြည့်လိုက်လေ၏။ ထို့နောက် ထအော်ရယ်မော၍ အော်ခေါ်လိုက်လေသည်။ "စီနီယာအစ်မကောင်း"

ကောင်းရွှယ်ထင်းသည် ခေါင်းညိတ်လိုက်ပြီးသည့်နောက် ဝမ်ကျိရှန်းဆီသို့ လှမ်းကြည့်၍ မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။ "နင်ကရော ဘာဖြစ်နေတာလဲ"

ဝမ်ကျိရှန်းသည် တံတွေးကို ခက်ခက်ခဲခဲ နမျိုချလိုက်ပြီးသည့်နောက် ကောင်းရွှယ်ထင်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်လေသည်။ ထို့နောက်တွင် ကောင်းရွှယ်ထင်းအရှေ့၌ ရပ်၍ သူမ၏ ပါးလေးကို ပွတ်သပ်လိုက်သည်။

လူရှေ့သူရှေ့၌ ယခုကဲ့သို့ လုပ်ခံလိုက်ရသည့်အခါတွင် ကောင်းရွှယ်ထင်း ရှက်သွေးဖြာသွားခဲ့ပြီး နောက်သို့ နည်းနည်းဆုတ်၍ နှုတ်ခမ်းလေးကို ကိုက်ရင်းမှ ပြန်မေးလိုက်သည်။ "နင်ဘာဖြစ်နေတာလဲ"

"မလှုပ်နဲ့" ဝမ်ကျိရှန်းက ရုတ်တရက် အော်ပြောလိုက်ရာ ကောင်းရွှယ်ထင်း၏ ခန္ဓာကိုယ် တောင့်တောင့်ကြီး ဖြစ်သွားခဲ့ပြီး ဝမ်ကျိရှန်း ပြောသည့်အတိုင်း ငြိမ်ငြိမ်လေး ရပ်နေပေးလိုက်လေသည်။ သူမ ပါးပြင်အား လာရောက်ပွတ်သပ်နေသည့် လက်ကြီးမှာ တုန်တုန်ယင်ယင်ဖြစ်နေသည့်အတွက်ကြောင့် ကောင်းရွှယ်ထင်းမှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားခဲ့ရသည်။ သို့သော်ငြား ဝမ်ကျိရှန်း ထိုကဲ့သို့ဖြစ်နေရခြင်းမှာ သူမအား စိတ်ပူနေသည့်အတွက်ကြောင့်မှန်း သိလိုက်သည့်နောက်တွင်တော့ ကောင်းရွှယ်ထင်း ရှက်သွားတော့လေ၏။ ထိုအချိန်တွင်လည်း သူမ စိတ်ထဲ အတော်လေးကိုမှ နွေးထွေးသွားသလို ခံစားလိုက်ရလေသည်။ [အခုလိုမျိုး စိတ်ပူရတာ နှစ်တွေဘယ်လောက်တောင် ကြာသွားပြီလဲ၊ အရင်တစ်ကြိမ်တုန်းက ငါအပြင်ခိုးထွက်တုန်း မွန်းစတားသားရဲကြီးတစ်ကောင် စားတာ ခံရခါနီးတုန်းကပဲ] ကောင်းရွှယ်ထင်းမှာ လွန်ခဲ့သော နှစ်ရာပေါင်းများစွာခန့်က အဖြစ်အပျက်များကို ပြန်စဉ်းစားမိသွားတော့လေသည်။

ထို့နောက်တွင် ဝမ်ကျိရှန်းသည် ကောင်းရွှယ်ထင်း၏ ပါးအား ဆွဲဖျစ်၍ မျက်လုံးပြူးကာ မေးလိုက်လေ၏။ "နာလား"

ဘေးနားမှာ ပြုံးစိစိဖြင့် ရပ်ကြည့်နေသော ရန်ကိုင်မှာ ထိုမြင်ကွင်းကို မြင်သော် သူ့နဖူးသူသာ ပြန်ရိုက်ချလိုက်တော့လေသည်။

ကောင်းရွှယ်ထင်း မျက်နှာအထက်ရှိ ရှက်သွေးဖြာနေသည့် အရိပ်အယောင်တို့မှာလည်း ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး အေးစက်စက်အရိပ်အယောင်တို့မှာ သူမ မျက်လုံးထဲ အစားထိုး ဝင်ရောက်လာခဲ့လေသည်။ ထို့နောက်တွင် ဝမ်ကျိရှန်း၏ ဝမ်းဗိုက်ကို ခြေထောက်ဖြင့် ဆောင့်ကန်၍ အေးစက်စက်လေသံဖြင့် မေးလိုက်လေ၏။ "နာလား"

ဝမ်ကျိရှန်းသည် သူ့ဝမ်းဗိုက်ကို လက်ဖြင့်ကာရင်းမှ ပျော်ရွှင်စွာပြုံးလျက်... "နာတယ် နာတယ်၊ အရမ်းနာတယ်"

"နင်ဘာဖြစ်နေတာလဲ" ထို့နောက်တွင် သူမ၏ ပါးကို လက်ဖြင့်ပွတ်၍ မုရုန်ရှောင်ရှောင်ဘက်သို့ လှည့်ကာ မေးလိုက်လေသည်။ "ငါအဆင်ပြေတယ်၊ နင်တို့ကို စိတ်ပူအောင်လုပ်မိလို့ တကယ်ကိုစိတ်မကောင်းဘူး"

မုရုန်ရှောင်ရှောင်ကမူ ကြက်အစာကောက်နေသည့်ပမာ ခေါင်းကို တဆတ်ဆတ် ညိတ်နေခဲ့လေသည်။ ထို့နောက် သူမ၏ အမူအရာ ညှိုးမှိုင်သွားခဲ့ပြီး ပြန်မေးလိုက်လေ၏။ "စီနီယာအစ်ကိုလော့၊ သူ၊ သူသေသွားပြီ"

ရန်ကိုင်၏ အမူအရာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ "စီနီယာအစ်ကိုလော့ သေသွားတာလား"

မုရုန်ရှောင်ရှောင် ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် မျက်ရည်များမှာ သူမ၏ ပါးပြင်တစ်လျှောက် ထပ်မံ စီးကျလာပြန်လေသည်။ ယခုကဲ့သို့ဖြစ်လိမ့်မည်မှန်း ရန်ကိုင်မှာ ကြိုတင်မျှော်လင့်ထားပြီး ဖြစ်ပါသော်ငြား ထိုသတင်းကို ကြားလိုက်ရချိန် အနည်းငယ်တော့ ဝမ်းနည်းမိသွားလေသည်။ သူနှင့် လော့ချန်မှာ မရင်းနှီးပါသော်ငြား တစ်ဂိုဏ်းတည်းသားများ ဖြစ်ကြသည့်အတွက်ကြောင့် လော့ချန် သေသွားသည့်အကြောင်း ကြားလိုက်ရသော် ရန်ကိုင်မှာ ဝမ်းနည်းမိသွားလေသည်။

"ရှောင်ပိုင်ရော" ရန်ကိုင်က ထပ်မေးလိုက်သည်။ အစောပိုင်းက သူသတ်လိုက်သည့် ရှောင်ပိုင်ယီမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ပါသော်ငြား တကယ့် ရှောင်ပိုင်ယီ ဘာဖြစ်နေသလဲဆိုသည်ကိုတော့ ရန်ကိုင် မသိပေ။

မုရုန်ရှောင်ရှောင်က ပြန်ပြောလိုက်သည်။ "စီနီယာအစ်ကိုရှောင်က ဒဏ်ရာနည်းနည်းပဲ ရထားတာ၊ ဘာမှပြဿနာမရှိဘူး"

ထိုအခိုက်အတန့်အတွင်း ဝမ်ကျိရှန်းသည် သူ၏ ပုံမှန်ဟန်ပန်အတိုင်း သက်ပြင်းချ၍ ပြောလိုက်လေသည်။ "တောင်ဘက်နယ်မြေက ဒီတစ်ကြိမ်တော့ တကယ်ကို ဆိုးဆိုးရွားရွား ထိခိုက်သွားတာပဲ"

ရန်ကိုင်သည် အောက်ဘက်ရှိ လူများကို ကောင်းကင်စိတ်အာရုံဖြင့် ဝေ့စစ်ဆေးကြည့်လိုက်ရာ လက်ရှိအခြေအနေကို အကြမ်းဖျင်းသိသွားခဲ့လေသည်။ ယခုတစ်ကြိမ်၌ တောင်ဘက်နယ်မြေမှာ အကြီးအကျယ်ကို ထိခိုက်ခဲ့ရသည်။ ရှင်းရှင်းပြောရသော် ဧကရာဇ်အဆင့်ပညာရှင် သုံးပုံတစ်ပုံလောက်မှာ ဤနေရာ၌ အသက်ဆုံးရှုံးခဲ့ရသည်။ အလားတူပင် သောင်းနှင့်ချီသော လက်ရွေးစင်တပည့်များမှ တစ်ဝက်လောက်မှာလည်း သေဆုံးသွားခဲ့ကြရသည်။ ယခုတစ်ကြိမ် ကပ်ဘေးမှ ပြန်လည်နာလန်ထူလာနိုင်ရန်အတွက် တောင်ဘက်နယ်မြေအနေဖြင့် အနည်းဆုံး နှစ်ငါးရာလောက် လိုအပ်ပေလိမ့်မည်။

"ဟိုဘက်က အခြေအနေရော ဘယ်လိုနေလဲ" ရန်ကိုင်သည် သိုင်းပညာရှင်စုဝေးပွဲ ကျင်းပသည့် တောင်ကြားနေရာဆီသို့ လှမ်း၍ ညွှန်ပြရင်းမှ မေးလိုက်သည်။ ထိုနေရာတစ်ခုလုံးကို လက်ရှိအချိန်၌ မြောက်မြားလှစွာသော နွယ်ပင်များမှ လွှမ်းခြုံထားခဲ့လေသည်။ တောင်ကြားတစ်ခုလုံးသည် နွယ်ပင်များဖြင့် ပြုလုပ်ထားသော ဘောလုံးတစ်လုံးအသွင်သို့ ပြောင်းလဲသွားသယောင်ပင် ထင်နေရလေသည်။ ထိုအပြင် ချောက်ချားဖွယ်ကောင်းလှသော နတ်ဆိုးချီတို့သည်လည်း ထိုနွယ်ပင်များကြားမှ အတင်းအကျပ် ရုန်းထွက်ရန် ကြိုးစားနေခဲ့လေသည်။

လက်ရှိအချိန်တွင် ရာနှင့်ချီသော သစ်သားဝိညာဉ်လေးများသည် တောင်ကြားတစ်ခုလုံးကို ဝန်းရံထားရင်းမှ ကျောက်တုံးဝိညာဉ်များ၏ ကာကွယ်မှုအောက်၌ လျှို့ဝှက်သိုင်းပညာရပ်များကို အဆက်မပြတ် ထုတ်သုံးနေခဲ့လေသည်။

ဝမ်ကျိရှန်းက ရှင်းပြလိုက်လေသည်။ "အဲဒါ မင်းခေါ်လာတဲ့ သစ်သားဝိညာဉ်တွေ လုပ်ထားတာ၊ သူတို့ကြည့်ရတာ သူတို့မှာ နတ်ဆိုးချီကို ဖိနှိပ်နိုင်တဲ့ နည်းလမ်းတစ်ခုခုရှိတဲ့ပုံပဲ၊ ဒါကြောင့် နတ်ဆိုးအသွင်ပြောင်းသွားတဲ့ လူတွေအကုန်လုံးကို ငါတို့ အဲဒီမှာထားထားတာ" ထိုသို့ပြောပြီးသည့်နောက် သက်ပြင်းချလျက်... "ဒါပေမဲ့ အဲဒါက အဖြေမဟုတ်သေးဘူး၊ သူတို့ အခုလုပ်နေတဲ့ နည်းလမ်းက ပြဿနာရဲ့ဇစ်မြစ်ကို မရှင်းထုတ်နိုင်ဘူး၊ အဲဒီလူတွေ အနှေးနဲ့အမြန်ဆိုသလို၊ ဟူး အဲဒီလိုမျိုးသာ ဖြစ်သွားခဲ့ရင်တော့ ငါတို့ဘာမှ ဆက်လုပ်ပေးနိုင်တော့မှာ မဟုတ်တော့ဘူး"

"ကျုပ် တစ်ချက် သွားကြည့်လိုက်မယ်" ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ထိုအရပ်ဆီသို့ ပြေးထွက်သွားလေသည်။

မာချင့်နှင့် ရှောင်ယုယန်တို့မှာ ထိုနေရာကို စောင့်ကြည့်နေကြလေသည်။ သစ်သားဝိညာဉ်၏ နည်းလမ်းများ မည်မျှအကျိုးသက်ရောက်မှု ရှိသလဲဆိုသည်ကို မည်သူမျှ မသိကြ။ ထိုအကြောင်းကြောင့် နတ်ဆိုးအသွင်ပြောင်းသွားသည့် ကျင့်ကြံသူများသည်သာ ရုတ်တရက် ထသောင်းကျန်းလာခဲ့မည်ဆိုလျှင် ထိုလူများကို ဖိနှိပ်ပစ်နိုင်ရန်အတွက် တစ်စုံတစ်ဦးသည် အနားမှ စောင့်ကြည့်ပေးနေရန် လိုအပ်ပေသည်။ ထိုနှစ်ဦးမှာ ရန်ကိုင် ပြန်ရောက်လာသည်ကို အစောကြီးကတည်းက သတိထားမိခဲ့သည်။ သို့သော်ငြား လုပ်စရာတာဝန်များ ရှိနေသေးသည့်အတွက်ကြောင့် ရန်ကိုင် ဘက်ရှိ အခြေအနေကို သွားမမေးနိုင်ခဲ့ပေ။ ရန်ကိုင် သူတို့ဆီသို့ ပျံသန်းလာနေသည်ကို မြင်သည့်အခါ မာချင့်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"သူသေသွားပြီလား"

"လဲ့ကု သေသွားပြီ"

ထိုစကားကို ကြားသည့်အခါ မာချင်းနှင့် ရှောင်ယုယန်တို့ နှစ်ဦးစလုံး၏ အမူအရာ ဝင်းပသွားခဲ့ကြပြီး ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ "ကောင်းတယ်"

လဲ့ကုသည်သာ အသက်ရှင်လျက် ထွက်ပြေးသွားမည်ဆိုပါက နောက်ပိုင်း ဘာဆက်ဖြစ်မလဲဆိုသည်ကို မည်သူမျှ မပြောနိုင်ကြပေ။ လဲ့ကု သေသွားပြီဖြစ်သည့်အတွက်ကြောင့် ယခုပြဿနာမှာ အနည်းနှင့်အများဆိုသလို ဖြေရှင်းပြီးသွားလေပြီ။ တစ်ခုတည်းသော ပြဿနာဆို၍ နတ်ဆိုးအသွင်ပြောင်းသွားသော ကျင့်ကြံသူများသာ ရှိတော့သည်။ ဤပြဿနာနှင့် ပတ်သက်၍လည်း အကုန်လုံးမှာ အတော်လေးကိုမှ အခက်တွေ့နေကြရသည်။ ဤနေရာတွင် အနည်းဆုံး ကျင့်ကြံသူပေါင်း တစ်သောင်းလောက် ရှိနေကြသည်။ ထိုကျင့်ကြံသူများကို တိုက်ပွဲအတွင်း သတ်ပစ်ရသည်မှာ အရမ်းတော့ ကိစ္စမရှိ။ သို့သော်ငြား ယခုအချိန်၌ ထိုကျင့်ကြံသူများကို ဖမ်းမိထားပြီဖြစ်လေရာ သူတို့ခမျာ ထိုကျင့်ကြံသူများကို သတ်လည်းမသတ်ပစ်နိုင် လွှတ်လည်းမလွှတ်ပေးနိုင် ဖြစ်နေကြလေသည်။ ထိုအတွက်ကြောင့် ဤပြဿနာသည် အတော်လေးကိုမှ အကုန်လုံးအား အကျပ်ရိုက်အောင် လုပ်နေခဲ့သည်ဟု ပြော၍ ရသည်။ ထိုအပြင် ထိုတစ်သောင်းထဲ ဂိုဏ်းအသီးသီးမှ တပည့်များလည်း ပါဝင်နေကြလေသည်။ မည်သူကများ အသည်းမာမာနှင့် ထိုတပည့်များကို သွားသတ်ရဲပါမည်နည်း။ သစ်သားဝိညာဉ်များ၏ စွမ်းအားကို အားကိုး၍ ထိုလူများ၏ နတ်ဆိုးချီအား ဖိနှိပ်ထားသည်မှာလည်း ယာယီနည်းလမ်းသာဖြစ်ပြီး ရေရှည်နည်းလမ်းတစ်ခု မဟုတ်ပေ။

ရှောင်ယုယန်က တွေးတွေးဆဆဖြင့် ပြောလိုက်လေသည်။ "အကြီးအကဲရန်၊ မင်း သူတို့တွေကို ပြန်အဆင်ပြေသွားအောင် လုပ်ပေးနိုင်လား" ကောင်းရွှယ်ထင်း အကောင်းပကတိအတိုင်း ပြန်လာသည်ကို မြင်ပြီးသည့်နောက် ရှောင်ယုယန် ထိုအချက်ကို စဉ်းစားမိသွားခဲ့ခြင်း ဖြစ်ပေသည်။

ကောင်းရွှယ်ထင်းသည်လည်း ယခင်က ဤနေရာတွင် ရှိနေသည့် လူများပမာ နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားခဲ့ရသည်။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ သာမန်လူတစ်ဦးကဲ့သို့ ဖြစ်နေလေသည်။ ထိုအကြောင်းကြောင့် ကောင်းရွှယ်ထင်းအား ယခုကဲ့သို့ ပြောင်းလဲသွားအောင် လုပ်ပေးလိုက်သည့်လူမှာ ရန်ကိုင် ဖြစ်လျှင်ဖြစ် မဖြစ်လျှင် နတ်အရှင်သုံးပါး ဖြစ်သည်ဟု ရှောင်ယုယန် ယူဆမိလိုက်လေသည်။ ရန်ကိုင် ဘာလုပ်နိုင်သလဲဆိုသည်ကို မြင်ပြီးသည့်နောက်တွင် ရှောင်ယုယန်မှာ နတ်အရှင်သုံးပါးထက် ရန်ကိုင်အပေါ် ပို၍ မျှော်လင့်ချက်ထားနေမိလေသည်။

"ကျုပ် ကြိုးစားကြည့်ပေးမယ်" ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ရှောင်ယုယန် မပြောလျှင်ပင် ရန်ကိုင်ကတော့ ယခုကဲ့သို့ လုပ်ပေလိမ့်မည်။ ထို့နောက်တွင် မလှမ်းမကမ်း၌ ရပ်နေသော မူနဘက်သို့ လှည့်၍ လှမ်းပြောလေ၏။ "ခေါင်းဆောင်မူန၊ နွယ်ကြိုးတွေကို ဖယ်ပေးလိုက်တော့"

ထိုစကားကို ကြားသည့်အခါ မူနသည် ခေါင်းညိတ်လိုက်ပြီး အခြားသော သစ်သားဝိညာဉ်လေးများကို အမိန့်ပေးလိုက်လေသည်။ တောင်ကြားတစ်ခုလုံးကို ရစ်ပတ်ထားသော နွယ်ပင်များ တဖြည်းဖြည်း ပြန်ဆုတ်သွားခဲ့ပြီး တောင်ကြားထဲရှိ အခြေအနေ ရုပ်လုံးပေါ်လာခဲ့လေသည်။

အနည်းဆုံးတစ်သောင်းခန့်ရှိသော နတ်ဆိုးများသည် ထိုနေရာတွင် မလှုပ်မယှက်ရပ်နေလေသည်။ [ငါထင်တာသာမှန်ရင် သူတို့ နတ်ဆိုးအသွင်ပြောင်းသွားတာ အချိန်သိပ်မကြာသေးလို့ ကိုယ့်ဘာသာကိုယ် မလှုပ်ရှားနိုင်ကြသေးတာ၊ ဟူး တော်သေးတာပေါ့၊ ဒါဆိုရင်တော့ နည်းနည်းပါးပါး လုပ်ရအဆင်ပြေသွားပြီ၊ မဟုတ်ရင် တော်တော်လေး လုပ်ရခက်ဦးမှာ]

ထို့နောက်တွင် ရန်ကိုင်သည် တောင်ကြားအလယ်ဗဟိုရှိ ကောင်းကင်ပေါ်သို့ ပျံတက်သွားလိုက်သည်။ ပြီးသည့်နောက် လောကဓာတ်လုံးထဲတွင် ဖမ်းဆီးထားခံရသော နတ်ဆိုးအသွင်ပြောင်းသွားသည့် ဧကရာဇ်အဆင့်ပညာရှင်များကို အပြင်သို့ ခေါ်ထုတ်လိုက်သည်။ နတ်ဆိုးများသည် ရန်ကိုင်အား တောင်ပေါ်တွင် လာရောက်တိုက်ခိုက်ခဲ့ကြသည့် လူများ ဖြစ်ကြပြီး ရန်ကိုင်ကြောင့် သတိလစ်သွားပြီးသည့်နောက်တွင် လောကဓာတ်လုံးထဲ ဖိနှိပ်ထားခံခဲ့ရခြင်း ဖြစ်လေသည်။ ယခု နတ်ဆိုးချီများကို ရှင်းလင်းတော့မည်ဖြစ်လေရာ ထိုလူများကိုလည်း တစ်ခါတည်း ကူညီပေးရပေလိမ့်မည်။

ပြင်ဆင်စရာရှိသည့် အရာအားလုံးကို ပြင်ဆင်ပြီးသွားသည့်နောက်တွင် ရန်ကိုင်သည် အသက်ကို ပြင်းပြင်းရှူသွင်း၍ မျက်လုံးကို ပိတ်လိုက်သည်။ အကုန်လုံး၏ အကြည့်အောက်တွင်ပင် ရန်ကိုင်၏ မျက်လုံးများ ဆတ်ခနဲ ပြန်ပွင့်လာခဲ့သည်။ သို့သော်ငြား သူ့ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာတော့ လုံးဝကို ပြောင်းလဲသွားတော့လေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ရှောင်ယုယန်နှင့် မာချင်းတို့ အံ့အားသင့်နေကြသည်။ ထို့နောက်တွင် ရန်ကိုင်သည် မန္တန်တစ်ခုကို စတင်ရွတ်ဆိုကာ သူ့လက်ညှိုးကို အောက်သို့ ချိန်ရွယ်လိုက်သည်။ ရန်ကိုင်၏ လက်ညှိုးထိပ်ဖျားဆီမှ အလင်းစက်ကွင်းတစ်ခု စတင်ထွက်ပေါ်လာခဲ့ပြီး အောက်ဘက်တွင် ရှိနေသော နတ်ဆိုးအသွင် ပြောင်းလဲသွားသည့် ကျင့်ကြံသူအားလုံး၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့လေသည်။

All Chapters