အခန်း (၃၂၇၁-၃၂၇၅)
Vol. 143 Ch. 3271-3275
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၇၁)
ဘာသာပြန်သူ_တိမ်တိုက်
ဒယ်အိုးပူထဲသို့ တစ်စုံတစ်ဦးမှ ဆားဖြူးချလိုက်သည့်အလား အလင်းရောင် ပျောက်ကွယ်သွားချိန် မယုံနိုင်စရာမြင်ကွင်းတစ်ရပ် ထွက်ပေါ်လာခဲ့သည်။ သောင်းနှင့်ချီသော နတ်ဆိုးများ၏ ခန္ဓာကိုယ်များမှာ သွေးကန်ထဲ လူးထားသည့်ပမာ အနီရောင်တောက်နေခဲ့လေသည်။ သူတို့၏ အရှိန်အဝါများမှာလည်း ယခင်ကထက် အများကြီး ပိုမိုအားကောင်းနေခဲ့၏။
ထိုအချင်းအရာကို မြင်လိုက်သော် ဝမ်ကျိရှန်း၊ မာချင်းနှင့် ရှောင်ယုယန်တို့၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။ မာချင်းဆိုလျှင် အလန့်တကြားပင် အော်ပြောလိုက်ပေသေးသည်။ "အဲဒါ ဘယ်လိုပညာရပ်မျိုးကြီးလဲ"
သူတို့ဘဝတွင် ထိုကဲ့သို့သော ပညာရပ်မျိုးကို မြင်လည်းမမြင်ဖူး ကြားလည်းမကြားဖူးပေ။ အနီရောင်အလင်း တလက်လက်တောက်ပလာချိန်တွင် သောင်းနှင့်ချီသော နတ်ဆိုးများ၏ အရှိန်အဝါမှာ အဆင့်သစ်တစ်ခုသို့ တဟုန်ထိုး မြင့်တက်သွားခဲ့လေသည်။ ဤကဲ့သို့သော ပညာရပ်မျိုးမှာ အလွန်ကိုမှ အံ့ဩဖွယ်ကောင်းလွန်းလှသည်။ တိုက်ပွဲတစ်ပွဲ၏ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်သည့် ပညာရပ်မျိုး ဖြစ်သည်ဟု ပြောလျှင်လည်း မမှားပေ။ အင်အားတူနေသည့် အဖွဲ့နှစ်ဖွဲ့ အချင်းချင်းတိုက်ခိုက်နေသည့်အခါမျိုးတွင် အဖွဲ့တစ်ဖွဲ့၌ ဤကဲ့သို့သောပညာရပ်မျိုး ရှိနေပါက တိုက်ပွဲ၏ အနိုင်အရှုံးကို ချက်ချင်းပြောင်းလဲပစ်နိုင်ပေလိမ့်မည်။ ထိုအပြင် ရန်ကိုင် အသုံးပြုသွားသော ပညာရပ်သည် သောင်းနှင့်ချီသော လူများအား ချက်ချင်းလက်ငင်း သက်ရောက်နိုင်သည်ဟူသော အချက်ကိုလည်း မေ့ထား၍ မရသေးပေ။
မာချင်းဖြစ်စေ ရှောင်ယုယန်ဖြစ်စေ ဝမ်ကျိရှန်းဖြစ်စေ သူတို့ဘဝတွင် ဤကဲ့သို့သော ပညာရပ်မျိုးကို တစ်ခါမျှ မမြင်ဖူးသည့်အတွက်ကြောင့် ပထမဦးဆုံး မြင်လိုက်ရချိန် အလွန်ကိုမှ မှင်တက်နေခဲ့သည်။
နတ်အရှင်သုံးပါးမှာမူ တစ်ဦးကိုတစ်ဦး အံ့အားသင့်တကြီးအမူအရာများဖြင့် ကြည့်နေရင်းမှ ချန်ကွော့က မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်လေ၏။ "အဲဒါက ဘာဖြစ်လို့များ"
မာချင်း၊ ရှောင်ယုယန်နှင့် ဝမ်ကျိရှန်းတို့ သေသေချာချာကို အာရုံစိုက်နားထောင်နေသည့်တိုင် နောက်ပိုင်း ဆက်ထွက်လာသည့် စကားလုံးများမှာ အလွန်ကိုမှ တိုးလွန်းနေခဲ့လေသည်။
ဖန်းဝူက ခေါင်းညိတ်၍... "ဟုတ်တယ်၊ တကယ်ဟုတ်တယ်၊ အဲဒါ"
လွမ်ဖုန်းကမူ မျက်မှောင်ကြီးကြုတ်ရင်းမှ ပြောလိုက်လေသည်။ "မဖြစ်နိုင်ဘူး၊ သူ အဲဒီလိုပညာရပ်ကြီးကို ဘယ်လိုလုပ်ပြီး ထုတ်သုံးနိုင်ရတာလဲ"
နတ်အရှင်သုံးပါးမှာ ဤပညာရပ်အား တစ်ခါမျှ မမြင်ဖူးပါသော်ငြား သူတို့၏ နတ်သားရဲအမြုတေမှတစ်ဆင့် ရရှိလာသော အမွေအနှစ်နှင့် မှတ်ဉာဏ်များအရ အလားတူပညာရပ်မျိုးကို မြင်တွေ့ခဲ့ဖူးပေသည်။ ထိုအကြောင်းကြောင့် သူတို့ စိတ်ထဲ မသေချာမရေရာ ဖြစ်နေရခြင်း ဖြစ်လေသည်။
နတ်အရှင်သုံးပါး၏ စကားဝိုင်းကို မသိမသာလေး နားထောင်နေကြသည့် မာချင်းတို့အဖွဲ့မှာတော့ နတ်အရှင်သုံးပါးအား ထတီးချင်စိတ်များ ဖြစ်ပေါ်လာနေရလေသည်။ ["ပြောစရာရှိရင်လည်း ပြောပါလားကွာ၊ ဘာတွေ ဟိုလျှောက်ပြောဒီလျှောက်ပြောနဲ့ လိုရင်းကို မရောက်တော့ဘူး]
သို့ပင်ဖြစ်လင့်ကစား နတ်အရှင်သုံးပါး၏ အရှေ့တွင်တော့ သွား၍ ပြဿနာမရှာရဲခဲ့ပေ။
ထိုအခိုက်အတန့်တွင် ရန်ကိုင် ရွတ်ဆိုနေသည့် မန္တန်မှာ ရုတ်ချည်းဆိုသလို ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်မှ သူ့လက်ညှိုးအား အောက်သို့ တစ်ဖန်ထိုးချလိုက်ရာ နို့နှစ်ရောင်အလင်းရောင်တို့ သူ့လက်ညှိုးဆီမှ ဖြာထွက်လာခဲ့လေ၏။ ထိုအလင်းရောင်မှာ သောင်းနှင့်ချီသော နတ်ဆိုးများကို လွှမ်းခြုံသွားခဲ့သည်။ နတ်ဆိုးများမှာ နာကျင်စွာ ညည်းတွားလိုက်ကြလေသည်။ တစ်ချိန်တည်းတွင် နတ်ဆိုးချီများသည် ထိုနတ်ဆိုးများ၏ ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာခဲ့ပြီး လွင့်စဥ်ပျောက်ကွယ်ကုန်ကြလေ၏။
မီချီမှာ ထိုမြင်ကွင်းအား မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေမိလေသည်။ "သူတကယ်ကြီး လုပ်နိုင်တဲ့ဟ"
သူတို့ ကိုယ်တိုင်သည်လည်း ထိုနတ်ဆိုးအသွင်သို့ ပြောင်းလဲသွားသည့် ကျင့်ကြံသူများ၏ ကိုယ်ထဲမှ နတ်ဆိုးချီများအား ဖယ်ထုတ်ရန် မကြိုးစားခဲ့ဖူးသည် မဟုတ်။ ကြိုးစားခဲ့ဖူးပေသည်။ သို့သော်ငြား အောင်မြင်ခြင်း မရှိခဲ့ပေ။ ထိုထူးဆန်းသည့် နတ်ဆိုးချီမှာ အလွန်တရာကိုမှ ရင်ဆိုင်ရခက်လှကာ သူတို့အနေဖြင့် နတ်ဆိုးချီအချို့ကို ရှင်းထုတ်လိုက်နိုင်မည်ဆိုလျှင်ပင် နတ်ဆိုးချီအားလုံးကိုတော့ အပြည့်အဝ မရှင်းပစ်နိုင်ပေ။ ရန်ကိုင်ကဲ့သို့ သောင်းနှင့်ချီသည့် လူများဆီမှ နတ်ဆိုးချီအားလုံးကို တစ်ပြိုင်တည်း ဖယ်ထုတ်ဖို့ရာဆိုလျှင်တော့ ဝေလာဝေးစွပင်။
"ရှေးခေတ်မှော်ပညာရပ်ပဲ" ဖန်းဝူက တိုးတိုးလေး ရေရွတ်လိုက်သည်။ ယခင်က မယုံသင်္ကာဖြစ်ခဲ့ပါသော်ငြား ယခုဆိုလျှင်တော့ လုံးဝ သေချာသွားလေပြီ။ ရန်ကိုင် အသုံးပြုနေသည့် ပညာရပ်မှာ ရှေးခေတ်မှော်ပညာရပ်သာ ဖြစ်လေသည်။
"ရှေးခေတ်မှော်ပညာရပ်" မာချင်းသည် ဖန်းဝူအား မျက်လုံးအပြူးသားဖြင့် ကြည့်ရင်းမှ သူ့ကိုယ်သူနှိမ့်ချ၍ မေးလိုက်လေသည်။ "ရောင်းရင်းဖန်၊ မင်းပြောချင်တာက ရန်ကိုင် အခုသုံးနေတဲ့ ပညာရပ်က ရှေးခေတ်ကနေပြီးတော့ လက်ဆင့်ကမ်းလာတဲ့ အမွေအနှစ်ပညာရပ်တစ်ခုပေါ့၊ ဟုတ်လား"
ဖန်းဝူသည် မာချင်းအား တစ်ချက်စောင့်ကြည့်လိုက်ပြီးသည့်နောက် လျစ်လျူရှုထားလိုက်လေသည်။ သူသည် နတ်အရှင်တစ်ပါးဖြစ်သည်။ ထိုအပြင် သူ၏ လက်အောက်တွင် ခစားနေသော မွန်းစတားဘုရင်တစ်ပါးချင်းစီသည် ဧကရာဇ်တတိယအဆင့်ပညာရှင်များနှင့် ယှဉ်ပြိုင်နိုင်ကြသည်။ မာချင်း ကိုယ်တိုင်သည် ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးသာ ဖြစ်လေ၏။ ရှေးဟောင်းတောအုပ်ထဲတွင်ဆိုပါက မာချင်း၏ အဆင့်အတန်းသည် ဖန်းဝူ၏ လက်အောက်ငယ်သားများနှင့်သာ တူညီနေလိမ့်မည်ဖြစ်လေရာ မည်ကဲ့သို့များ သူ့အား ရင်းရင်းနှီးနှီး လာရောက်ပြောဆိုရဲပါလေသနည်း။ ထိုအတွက်ကြောင့် ဖန်းဝူမှာ မာချင်းအား လျစ်လျူရှုထားလိုက်ခြင်းသာ ဖြစ်လေ၏။
ဖန်းဝူ၏ မျက်လုံးထဲရှိ အထင်သေးရိပ်တို့ကို မြင်သော် မာချင်း၏ မျက်နှာကြီး ရှက်ရွံ့မှုကြောင့် ရဲတက်သွားခဲ့လေသည်။ ကံမကောင်းစွာဖြင့် တစ်ဖက်လူ၏ ခွန်အားကို သိထားသည့်အလျောက် သူကိုယ်တိုင်လည်း ဘာမျှ မတတ်နိုင်ခဲ့ပေ။ ဝမ်ကျိရှန်းကမူ ကြိတ်၍ ရယ်မောနေရင်းမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။ "အဲဒီကောင်လေးက တကယ်ကို ကံကောင်းတာပဲ၊ ရှေးဟောင်းပညာရပ်တွေကိုတောင် ရထားမယ်လို့ မထင်ထားဘူး၊ ဒါဆိုရင်တော့ ငါတို့အတွက် အကြီးအကျယ်အကူအညီဖြစ်ပြီ"
ဖန်းဝူက ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ "အခုကိစ္စက သူအဲဒီပညာရပ်ကို ရထားတာ မရထားတာနဲ့ ဘာမှမဆိုင်ဘူး"
"ရောင်းရင်းဖန် ဘာပြောချင်တာလဲ" ဝမ်ကျိရှန်းသည် ဖန်းဝူအား ကြည့်၍ မေးလိုက်လေသည်။
သူနှင့် ရန်ကိုင်အကြားရှိ ဆက်ဆံရေးကြောင့် ဝမ်ကျိရှန်းအပေါ် ဖန်းဝူ၏ ဆက်ဆံပုံမှာ မာချင်းနှင့် မတူညီပေ။ ဖန်းဝူသည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်၍ ရှင်းပြလိုက်လေသည်။ "ဒီကြယ်တာရာအစုအဝေးထဲမှာ ရှေးခေတ်အချိန်ကနေပြီးတော့ လက်ဆင့်ကမ်းလာတဲ့ ရှေးခေတ်ပညာရပ်တွေ မရှိတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အဲဒီလိုပညာရပ်တွေကို အခြားသူတွေသုံးတာ မင်းမြင်ဖူးလို့လား"
ဝမ်ကျိရှန်းက မျက်မှောင်ကြုတ်လျက်... "မမြင်ဖူးဘူး၊ အမွေအနှစ်ကိုရထားတဲ့ လူတွေက သူတို့ ထုတ်သုံးတာကို အခြားသူတွေမြင်မှာစိုးလို့ လူတွေမမြင်အောင် တိုးတိုးတိတ်တိတ်နဲ့ သုံးတာလည်းဖြစ်မှာပေါ့"
လွမ်ဖုန်းက ရယ်မောလျက်... "မဟုတ်ဘူး၊ အဲဒါကြောင့်မဟုတ်ဘူး၊ အဓိကပြဿနာက အဲဒါတွေကို ကျင့်ကြံလို့မရလို့"
ဝမ်ကျိရှန်း အံ့အားသင့်သွားခဲ့ပြီး ပြန်၍ မေးလိုက်လေသည်။ "ဘာဖြစ်လို့ အဲဒီလိုမျိုး မရတာလဲ"
လွမ်ဖုန်းက ရှင်းပြလိုက်သည်။ "ခေတ်တိုင်းခေတ်တိုင်းရဲ့ လောကနိယာမတွေက တူကြတာ မဟုတ်ဘူး၊ ရှင်းရှင်းပြောရရင်တော့ ရှေးခေတ်ရဲ့ သိုင်းပညာရပ်တွေကို အဲဒီခေတ်မှာပဲ အသုံးပြုလို့ရတယ်၊ အဲဒီခေတ်မှာပဲ ကျင့်ကြံလို့ရတယ်၊ အခု ဒီရှေးဟောင်းမှော်ပညာရပ်တွေဆိုရင်လည်း ရှေးခေတ်အချိန်မှာပဲ ကျင့်ကြံလို့ရတယ်၊ ဒါမှမဟုတ်ရင်တော့ အဲဒီလိုရှေးခေတ်နဲ့ ဆင်တူတဲ့ လောကနိယာမတွေရှိတဲ့ နေရာမျိုးမှာပေါ့၊ အခုခေတ်ကြယ်တာရာအစုအဝေးရဲ့ လောကနိယာမတွေက အရင်ခေတ်နဲ့ ဘာမှတူတာ မဟုတ်တော့ဘူး၊ ဒီတော့ ဒီခေတ်မှာ အဲဒီလိုပညာရပ်တွေကို ကျင့်ကြံဖို့က မဖြစ်နိုင်ဘူး"
မာချင်းနှင့် ဝမ်ကျိရှန်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်၍... "အဲဒီလိုမျိုးလည်း ရှိသေးတယ်ပေါ့"
သူတို့၏ ကျင့်ကြံခြင်းမှာ အတော်လေးမြင့်သလို အတော်လေးကိုမှလည်း ဗဟုသုတကြွယ်ဝသူများ ဖြစ်ကြပါသော်ငြား ဤကဲ့သို့သော အကြောင်းအရာမျိုးကို တစ်ခါမျှ မကြားဖူးပေ။ နတ်သားရဲများကဲ့သို့သော ဘိုးဘေးများ၏ အမွေအနှစ်ကို လက်ခံရရှိထားခဲ့သည့် တည်ရှိမှုများသည်သာ ထိုအကြောင်းကို သိနိုင်ကြပေလိမ့်မည်။
ရှောင်ယုယန်က ခေါင်းညိတ်၍... "မဟာဧကရာဇ် အဲဒီလိုမျိုးပြောတာကိုတော့ ကြားဖူးတယ်၊ ခေတ်သစ်တစ်ခုကိုသာ ရောက်သွားမယ်ဆိုရင် အခုခေတ်မှာရှိနေတဲ့ သိုင်းပညာရပ်တွေ အတော်များများကို နောက်တစ်ခေတ်မှာ သုံးလို့ရတော့မှာ မဟုတ်ဘူးလို့ မဟာဧကရာဇ် တစ်ခါပြောဖူးတယ်ထင်တာပဲ"
ဖန်းဝူက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်"
မာချင်းက အံ့အားသင့်တကြီးဖြင့်... "ဒါပေမဲ့ အကြီးအကဲရန်က အဲဒီလိုပညာရပ်မျိုးကို ဒီမှာ အလွယ်တကူသုံးပြသွားတာလေ၊ အဲဒါ သူဘယ်လိုလုပ်ပြီး လုပ်လိုက်တာလဲ"
[ဟုတ်တယ် သူဘယ်လိုလုပ်ပြီး လုပ်လိုက်ရတာလဲ] မာချင်းသည်ပင်လျှင် ထိုအကြောင်းအရာကို နားမလည်သူ မဟုတ်။ နတ်အရှင်သုံးပါးသည်လည်း ထိုကိစ္စနှင့် ပတ်သက်၍ နားမလည်နိုင် ဖြစ်နေကြလေသည်။ ရန်ကိုင် ရှေးဟောင်းတောအုပ်ကြီးထဲ လျှောက်ပတ်သွားနေစဉ် အခွင့်အလမ်းတစ်ခုခုနှင့် ကြုံခဲ့ရသည်ဟုပင် သူတို့ စိတ်ထဲ မယုံသင်္ကာဖြစ်နေမိသည်။ ရန်ကိုင်သည် ထိုနေရာတွင်ပင် ရှေးဟောင်းမှော်ပညာရပ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်လောက်ပေသည်။
ရှေးဟောင်းတောအုပ်ကြီးအား ထိုကဲ့သို့သော နာမည်မျိုး ပေးထားရခြင်းမှာ ရှေးဟောင်းတောအုပ်ကြီးထဲရှိ အရှိန်အဝါသည် ရှေးဟောင်းကြယ်တာရာအစုအဝေး၏ အရှိန်အဝါနှင့် ဆင်တူနေသည့်အတွက်ကြောင့်ပင်။ ခေတ်အဆက်ဆက် ပြောင်းလဲသွားသည့်တိုင် ထိုအရှိန်အဝါမှာ ပြောင်းလဲသွားခြင်း မရှိကာ ရှေးဟောင်းတောအုပ်ကြီးထဲရှိ လောကနိယာမများသည် ကြယ်တာရာအစုအဝေးထဲရှိ အခြားသော နေရာများရှိ လောကနိယာမများနှင့် အနည်းငယ်ကွဲပြားနေခဲ့လေသည်။
ထိုကွဲပြားသော လောကနိယာမများကြောင့်သည်ပင်လျှင် သာမန်ကျင့်ကြံသူများ ရှေးဟောင်းတောအုပ်ကြီးထဲသို့ ဝင်လာသည့်အခါ သူတို့၏ ကျင့်ကြံခြင်းမှာ အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ခံလိုက်ရခြင်း ဖြစ်လေသည်။ ရန်ကိုင်မှ ထိုရှေးဟောင်းမှော်ပညာရပ်အား ကျင့်ကြံနိုင်မည့် နေရာမျိုး ရှိမည်ဆိုလျှင် ယခုခေတ်၌ ရှေးဟောင်းတောအုပ်ကြီးတစ်ခုသာ ရှိပေလိမ့်မည်။
သို့သော်ငြား ရှေးခေတ်မှော်ပညာရပ်များနှင့် ပတ်သက်သည့် အမွေအနှစ်တစ်ခု ရှေးဟောင်းတောအုပ်ကြီးထဲတွင် ရှိနေသည့်အကြောင်းကို ဖန်းဝူနှင့် အခြားသူများ တစ်ခါမျှ မကြားဖူးကြပေ။ ထိုအပြင် ရန်ကိုင် ရှေးဟောင်းတောအုပ်ကြီးထဲတွင် နေသွားသည့် အချိန်ကာလမှာ ထိုမျှကြာသည် မဟုတ်။ ထိုအတွက်ကြောင့် ရန်ကိုင် ထိုရှေးဟောင်းမှော်ပညာရပ်အား မည်သည့်နေရာတွင် ကျင့်ကြံခဲ့သလဲဆိုသည်မှာ မေးစရာရှိလာလေပြီ။
"ရောင်းရင်းတို့ သုံးယောက်က အဲဒါတွေကို ရှေးဟောင်းမှော်ပညာရပ်တွေဖြစ်တယ်လို့ ပြောနိုင်တယ်ဆိုတော့ သူဘယ်ရှေးဟောင်းမှော်ပညာရပ်တွေကို သုံးနေတယ်ဆိုတာကိုရော သိလား" မာချင်းက မေးလိုက်လေသည်။
ဖန်းဝူက ပြန်ပြောလိုက်သည်။ "ငါ့အထင်မှန်မယ်ဆိုရင် ပထမတစ်ခုက သွေးစတေးခြင်းပညာရပ်ပဲ"
"သွေးစတေးခြင်းပညာရပ်" မာချင်း မျက်ခုံးပင့်သွားခဲ့လေသည်။
ဖန်းဝူက ပြောလိုက်သည်။ "အဲဒီပညာရပ်က အသုံးခံလိုက်ရတဲ့သူရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးအဆီအနှစ်ကို လှုံ့ဆော်ပြီးတော့ အချိန်အတိုင်းအတာတစ်ခုအတွင်း ရုပ်ခွန်အားကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးလိုက်တာ၊ မင်းတို့လည်း အဲဒီလိုပညာရပ်ကို သုံးနိုင်မှာပေါ့ ဟုတ်တယ်မလား"
မာချင်း အံ့အားသင့်သွားခဲ့လေသည်။ အစောပိုင်းက ရန်ကိုင် ထိုပညာရပ်အား သုံးလိုက်သည်ကို မြင်လိုက်စဉ် သူ့စိတ်ထဲ အတော်လေးကိုမှ မနာလိုအားကျမိခဲ့သည်။ ယခုအခါမှသာလျှင် ရန်ကိုင် သုံးသွားသည့် ပညာရပ်မှာ ထိုမျှ ထူးဆန်းခြင်း မရှိကြောင်း သဘောပေါက်သွားခဲ့သည်။ သူကိုယ်တိုင်သည်လည်း ရန်ကိုင် သုံးသွားသည့် ပညာရပ်နှင့် ဆင်တူသည့် သိုင်းပညာရပ်များကို မြင်တွေ့ခဲ့ဖူးပေသည်။ ရှင်းရှင်းပြောရသော် ကြယ်တာရာအစုအဝေးထဲတွင် ရှိနေသည့် သိုင်းပညာရှင်အများစုမှာ ထိုကဲ့သို့သော ပညာရပ်မျိုးကို တတ်ကျွမ်းထားကြပေသည်။ သို့ရာတွင် ထိုပညာရပ်များမှာ သိပ်၍ အသုံးဝင်လေ့ မရှိ။ သွေးအဆီအနှစ်ကို လှုံ့ဆော်လိုက်၍ မိမိခွန်အားကို အချိန်တိုအတွင်း တိုးတက်အောင် လုပ်နိုင်လိမ့်မည်ဖြစ်ပါသော်ငြား အချိန်ကုန်သွားခဲ့လျှင်တော့ ဘေးထွက်ဆိုးကျိုးဒဏ်ခံရကာ သိသိသာသာကို အားနည်းသွားနိုင်ပေသည်။
"အဲဒီပညာရပ်က ရှေးခေတ်က လူရိုင်းမျိုးနွယ်စု အသက်ရှင်ဖို့အသုံးပြုခဲ့တဲ့ အဓိကမှော်ပညာရပ်တစ်ခုပဲ" လွမ်ဖုန်းက ဆက်၍ ပြောလိုက်သည်။ "ရှေးခေတ်လူရိုင်းတွေက ငါတို့လိုမျိုး သိုင်းတာအိုကို လျှောက်လှမ်းဖို့ ကံကြမ္မာပါခဲ့တာ မဟုတ်ဘူး၊ သူတို့ထဲက အနည်းငယ်လောက်ပဲ မှော်ပညာရပ်တွေကို သုံးနိုင်ကြတာ၊ ဒီတော့ ကျန်တဲ့လူတွေအကုန်လုံးက ခန္ဓာသန့်စင်ခြင်းကိုပဲ အားကိုးတယ်၊ အဲဒီရှေးခေတ်အချိန်တွေတုန်းက ခန္ဓာသန့်စင်ခြင်းနည်းလမ်းကို အားကိုးပြီးတော့ မဟာဧကရာဇ်အဆင့် ရောက်သွားတဲ့လူတွေတောင် ရှိတယ်၊ သူတို့ရဲ့ အားကောင်းလွန်းတဲ့ခန္ဓာကိုယ်တွေကြောင့်ပဲ ရှေးခေတ်လူရိုင်းမျိုးနွယ်စုတွေက ဒီသွေးစတေးခြင်းပညာရပ်ရဲ့ ဘေးထွက်ဆိုးကျိုးကို အချိန်ကြာကြာခုခံနိုင်ပြီးတော့ အဲဒီလိုပညာရပ်မျိုးကိုလည်း အချိန်အကြာကြီး သုံးနိုင်တာ၊ ငါတို့ အခုခေတ်က လူတွေသာ အဲဒီလိုပညာရပ်မျိုးကို သွားသုံးလိုက်မယ်ဆိုရင်တော့ နည်းနည်းပါးပါးသုံးမိတာနဲ့ ကျင့်ကြံရေးအုတ်မြစ်တွေ ထိခိုက်သွားကုန်မှာ"
"အဲဒီလိုပညာရပ်မျိုး ရှိတယ်ဆိုတာ တကယ်ကိုမယုံနိုင်ဘူး" မာချင်း သက်ပြင်းချလိုက်လေသည်။ သွေးစတေးခြင်းပညာရပ်အကြောင်းကို သိပြီးသည့်နောက် မာချင်းမှာ ထိုပညာရပ်အား မလိုချင်တော့ပေ။ ထိုပညာရပ်သည် ခန္ဓာကိုယ်အားကောင်းလွန်းလှသည့် လူများအတွက်သာ အသုံးဝင်သည် မဟုတ်ပေလော။
ဖန်းဝူနှင့် အခြားသူများမှာ ဒုတိယပညာရပ်ကို ဆက်၍ မရှင်းပြပါတော့သော်ငြား ထိုပညာရပ်သည် စိတ်နှလုံးသန့်စင်ပညာရပ်နှင့် ဆင်တူသည့် ပညာရပ်တစ်ခု ဖြစ်ရမည်မှန်း လူတိုင်းသဘောပေါက်လိုက်ကြလေသည်။ သို့သော်ငြား ရန်ကိုင် လက်ရှိအသုံးပြုနေသည့် ပညာရပ်မှာ သူတို့ သိထားသည့် ပညာရပ်ထက် ပို၍ ထိရောက်ကာ နတ်ဆိုးချီကို တန်ပြန်ရာတွင် အလွန်ကိုမှ အကျိုးသက်ရောက်မှုရှိသည့်ပုံပင်။
ရန်ကိုင်သည် နတ်ဆိုးနှိမ်ပညာရပ်ကို ထပ်တလဲလဲ ထုတ်သုံးနေခဲ့လေသည်။ တောင်ကြားဆီမှ အော်ဟစ်ဟိန်းဟောက်သံများမှာလည်း အဆက်မပြတ်ကို ထွက်ပေါ်လာနေခဲ့သည်။ ထိုနည်းတူစွာပင် နတ်ဆိုးချီများဟာလည်း သောင်းနှင့်ချီသော ကျင့်ကြံသူများ၏ ကိုယ်ထဲမှ စိမ့်ထွက်လာနေခဲ့ပြီး နေရောင်အရှေ့သို့ ရောက်သွားသည့် နှင်းပွင့်လေးများပမာ အရည်ပျော် ပျောက်ကွယ်ကုန်နေကြလေသည်။
နေ့ဝက်ကြာပြီးသည့်နောက်တွင် တောင်ကြားထဲရှိ အခြေအနေမှာ ယခင်ကထက် ပိုမိုကောင်းမွန်လာခဲ့သည်။ အချို့ဆိုလျှင် တဖြည်းဖြည်းနှင့်ပင် အသိပြန်ဝင်လာနေလေပြီ။ ထိုအသိပြန်ဝင်လာသည့် လူများမှာတော့ ပြန်ကောင်းသည့်နှုန်း ပိုမိုမြန်ဆန်လာစေရန်အတွက် တင်ပျဉ်ခွေထိုင်ကာ သူတို့ ကိုယ်ထဲမှ နတ်ဆိုးချီများကို ဖယ်ထုတ်ရန် အားတက်သရော ကြိုးစားကြတော့သည်။
တစ်ရက်ကြာပြီးသည့်နောက် ရန်ကိုင်မှာလည်း ခေတ္တတဖြုတ် အနားယူရတော့လေသည်။ နတ်ဆိုးနှိမ်ပညာရပ်အား အဆက်မပြတ်ကို ထုတ်သုံးနေခဲ့သည့်အတွက်ကြောင့် ရန်ကိုင် ကိုယ်ထဲရှိ ဧကရာဇ်ချီအားလုံး ကုန်ဆုံးလုနီးပါး ဖြစ်သွားခဲ့ရသည်။ ကုန်ဆုံးသွားသော ဧကရာဇ်ချီကို ပြန်လည်ဖြည့်တင်းရန်အတွက် ရန်ကိုင်မှာ ဧကရာဇ်အဆင့်ဆေးလုံးများစွာကို ထုတ်သောက်လိုက်ရသည်။ ထိုသို့ဖြင့် တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ရန်ကိုင် နောက်တစ်ကြိမ် လုပ်ငန်းပြန်စလေသည်။
သုံးရက်ကြာပြီးသည့်နောက်တွင်တော့ တောင်ကြားထဲတွင် ရှိနေသော ကျင့်ကြံသူများ၏ ကိုယ်ထဲမှ နတ်ဆိုးချီများကို သန့်စင်လို့ပြီးသွားခဲ့လေပြီ။ ကံမကောင်းစွာဖြင့် ထိုကျင့်ကြံသူအားလုံးကို မကယ်ဆယ်လိုက်နိုင်ခဲ့ပေ။ အနည်းဆုံး ကျင့်ကြံသူ အယောက်တစ်ထောင်လောက်မှာ နတ်ဆိုးချီ ကူးစက်ခြင်းခံရပြီးသည့်နောက် လုံးဝ နတ်ဆိုးလုံးလုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ ရန်ကိုင်၏ နတ်ဆိုးနှိမ်ပညာရပ်သည်ပင်လျှင် ထိုလူများကို ကယ်ဆယ်နိုင်ခြင်း မရှိခဲ့ပေ။ နတ်ဆိုးနှိမ်ပညာရပ်ကိုပါ ထိုလူများအပေါ် ထုတ်သုံးလိုက်မည်ဆိုပါက ထိုလူများကို ကယ်ဆယ်ရာ မရောက်သည့်အပြင် နှိပ်စက်နေသလိုပင် ဖြစ်နေပေလိမ့်မည်။
ပြန်ကောင်းလာသည့် ကျင့်ကြံသူများမှာတော့ အခြားတစ်နေရာတွင် တစ်သီးတစ်သန့် နေနေကြသော အကြီးအကဲများနှင့် အပေါင်းအပါများကြောင့် အံ့အားသင့်သွားကြသည်။ ရှောင်ယုယန်နှင့် အခြားသူများမှာမူ ဘာဆက်လုပ်ရမလဲဆိုသည်ကို ဆုံးဖြတ်ပြီးသွားကြလေပြီ။ ထိုနတ်ဆိုးများသည် ကယ်ဆယ်၍ မရတော့သည့်အတွက်ကြောင့် သတ်ပစ်ရုံသာ ရှိပေတော့သည်။
ရှောင်ယုယန် ကိုယ်တိုင်ကိုယ်ကျ လိုက်လံလှုပ်ရှားပေသည်။ တောင်ကြားတစ်ဝိုက် ကူးကလန်ခတ် သွားလာရင်းမှ နတ်ဆိုးတစ်ထောင်အား တစ်ခဏလေးအတွင်းမှာပင် ရှင်းပစ်လိုက်လေသည်။ ထိုနေရာရှိ မြင်ကွင်းတစ်ခုလုံးမှာ ပို၍ ရင်နင့်ဖွယ်ရာ ကောင်းသွားတော့သည်။ အဆက်မပြတ်ငိုကြွေးသံများ ရှိုက်ငင်သံများမှာ နေရာအနှံ့ဆီမှ ထွက်ပေါ်လာနေခဲ့သည်။ တောင်ဘက်နယ်မြေရှိ သိုင်းပညာရှင်စုဝေးပွဲသို့ တောင်ဘက်နယ်မြေအနှံ့တွင် ရှိနေသော ဂိုဏ်းပေါင်းစုံမှ လာရောက်ခဲ့ကြသည်။ ဂိုဏ်းတစ်ဂိုဏ်း မည်မျှ အားနည်းနည်း အားကောင်းကောင်း အဆုံးအရှုံးအထိအခိုက်များကို အနည်းနှင့်အများဆိုသလို ကြုံတွေ့ခဲ့ရသည်။ အချို့ဂိုဏ်းများဆိုလျှင် တစ်ဂိုဏ်းလုံးနီးပါး အပျောက်ရှင်းခံရခါနီး ဖြစ်သွားကာ အသက်ရှင်ကျန်ရစ်သူဆို၍ အနည်းငယ်သာ ရှိပေသည်။
နေမင်းပြာကျောင်းတော်သည်လည်း အကျအဆုံးအချို့နှင့် ကြုံတွေ့ခဲ့ရသည်။ ဧကရာဇ်အဆင့်အကြီးအကဲတစ်ဦး သေသွားခဲ့ရပြီး သိုင်းပညာရှင်စုဝေးပွဲသို့ လာရောက်ကြသည့် တပည့်များအနက် တန်ခိုးရှင်ဘုရင်အဆင့်နှင့် တန်ခိုးရှင်အဆင့်တွင် ရှိနေသော ကျင့်ကြံသူတစ်ဝက်လောက် သေဆုံးသွားခဲ့ကြသည်။ တာအိုသခင်အဆင့် ကျင့်ကြံသူများထဲတွင်တော့ အသေအဆုံးနည်းပေသည်။
"အကြီးအကဲရန်၊ အဲဒီလူတွေနဲ့ပတ်သက်ပြီး ခင်ဗျားရဲ့ အကူအညီကို လိုဦးမယ်နော်"
ရန်ကိုင် အနားယူနေစဉ် မာချင်း၊ ဝမ်ကျိရှန်းနှင့် ရှောင်ယုယန်တို့မှာ သူနှင့် လာတွေ့လေသည်။ သူတို့ အနောက်တွင်မူ ဧကရာဇ်အဆင့်ပညာရှင်များမှ လိုက်လံစောင့်ကြပ်ခေါ်ဆောင်လာပေးနေသော အဖွဲ့နှစ်ဖွဲ့ ရှိနေကြသည်။ ထိုအဖွဲ့များထဲ လူများများစားစား မရှိလှ။ တစ်ဖွဲ့တွင် ရှစ်ယောက်ရှိပြီး ကျန်တစ်ဖွဲ့တွင်တော့ ဆယ်ယောက်ကျော် ရှိပေသည်။
အပေါ်ယံ ရှပ်ကြည့်လိုက်မည်ဆိုပါက ထိုလူများနှင့် ပတ်သက်၍ ဘာမျှ မထူးခြား။ သူတို့၏ ကျင့်ကြံခြင်း ချိတ်ပိတ်ထားခံရရုံသာ ရှိပေသည်။ ဘယ်ဘက်တွင် ရှိနေသော ကျင့်ကြံသူများ၏ အမူအရာများမှာ မှုန်ကုပ်ကုပ်ဖြင့် ရှိနေပြီး ညာဘက်တွင် ရှိနေသော ကျင့်ကြံသူများမှာတော့ သူတို့ မတရားခံရကြောင်း အော်ဟစ်နေကြသည်။ ထိုလူအုပ်ကြီးထဲ အများစုမှာ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၇၂)
ဘာသာပြန်သူ_တိမ်တိုက်
မရဏသားရဲဖြစ်သည့် အားဝမ်သည်လည်း ထိုလူများနှင့်အတူ လိုက်လာခဲ့သည်။ လက်ရှိအချိန်တွင်တော့ အားဝမ်သည် လျို့ယန်၏လက်မောင်းထဲတွင် ကွေးနေရင်းမှ ဧကရာဇ်အဆင့်ဆယ်ယောက်ကျော်ပါသည့်အဖွဲ့အား ဟိန်းဟောက်မာန်ဖီနေခဲ့လေသည်။ ထိုလူများမှာတော့ အားဝမ်ကို အလွန်ကြောက်သည့်အလား အားဝမ်ကိုကြည့်နေသည့် သူတို့၏မျက်လုံးထဲ ကြောက်ရွံ့မှုတို့ကို အတိုင်းသား မြင်နေရသည်။
ရန်ကိုင်သည် ထိုအဖွဲ့အား တွေးတွေးတောတောဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။ ထို့နောက် လူရှစ်ဦးပါသော ပထမအဖွဲ့သို့ ပြန်ကြည့်၍ မေးလိုက်လေ၏။ “သူတို့တွေကို နတ်ဆိုးဝိဉာဉ်တွေ ဝင်စီးထားတာလား…”
ဝမ်ကျိရှန်းက မှုန်ကုပ်ကုပ်အမူအယာဖြင့် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… သူတို့ကိုကယ်လို့ရမယ်ထင်လား…”
“ခက်လိမ့်မယ်…” ရန်ကိုင် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ စမ်းတော့ မစမ်းကြည့်ရသေးပါသော်ငြား နတ်ဆိုးဝိဉာဉ်ဝင်စီးထားခြင်းခံရသည့် နတ်ဆိုးချီကူးစက်ခြင်းခံရသည့် လူများနှင့် မတူကြောင်းကို ရန်ကိုင်သိပေသည်။ သူ့ဘက်မှ ရှေးခေတ်မှော်ပညာရပ်များကို ထိုလူများအပေါ် သုံးလိုက်မည်ဆိုလျှင်ပင် အောင်မြင်နိုင်ချေမှာ မရှိသလောက်ကို နည်းပေသည်။
“ကျေးဇူးပြုပြီးတော့ တစ်ချက်လောက်တော့ စမ်းကြည့်ပေးပါကွာ…” မာချင်းက တောင်းဆိုလိုက်လေသည်။ ထိုလူများအနက် တစ်ဦးမှာ ကောင်းကင်တိုက်ပွဲဒိုဂျို၏ အကြီးအကဲတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူ့အကြီးအကဲကို သူပြန်မသတ်လိုပေ။
ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “ရတယ်လေ… ဒါပေမယ့် အရမ်းကြီးတော့ မျှော်လင့်ချက်မထားနဲ့နော် တော်ဝင်သခင်မာ…”
“ရတယ် အကြီးအကဲရန်… ကြိုးပဲ ကြိုးစားကြည့်ပေး…” မာချင်းက ခါးသက်သက်အမူအယာဖြင့် ပြုံးလိုက်လေသည်။
ရန်ကိုင်သည် မတ်တပ်ထ၍ ထိုနတ်ဆိုးများဆီသို့ လျှောက်သွားလိုက်ပြီး နတ်ဆိုးများကို အနီးကပ် လေ့လာကြည့်သည်။ ယခုကဲ့သို့ ရှေ့တည့်တည့်မှ မတ်တပ်ရပ်၍ စစ်ဆေးကြည့်နေသည့်တိုင် ဤလူများနှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေသည့်အချက်ကို ရန်ကိုင် လုံးဝရှာမတွေ့ခဲ့ပေ။ ဤလူအားလုံးမှာ သာမန်လူများပမာ ဖြစ်နေကြသည်။ ထိုအကြောင်းကြောင့်ပင်လျှင် တောင်ဘက်နယ်မြေတစ်ခုလုံးကို ရှေးဟောင်းကျောင်းတော်အကြောင်းကို မသိခဲ့သည်မှာ အဆန်းတော့လည်းမဟုတ်ပေ။
လူရှစ်ဦးထဲ လူကြီးလူငယ် ကျားမ မရွေး ပါဝင်နေကြပေသည်။ ရန်ကိုင်သည် ထိုလူရှစ်ဦးအား ဝိုင်းကြီးပတ်ပတ် လှည့်ပတ်စစ်ဆေးကြည့်နေပြီးသည့်နောက် လူငယ်လေးတစ်ဦး၏ရှေ့တွင် ရပ်လိုက်သည်။ အကြည့်ချင်းဆုံသွားသည့်အခိုက် လူငယ်လေး၏မျက်လုံးထဲ စိုးရိမ်ထိတ်လန့်သည့် အရိပ်အယောင်တို့ ပေါ်လာခဲ့လေသည်။
ရန်ကိုင်သည် ထိုလူငယ်လေးအား ပြုံးပြရင်းမှ မန္တန်ကို စတင်ရွတ်ဆိုတော့လေသည်။ ထို့နောက် လူငယ်လေး၏နဖူးအား သူ့လက်ညှိုးဖြင့် ထိလိုက်ရာ သူ့လက်ညှိုးထိပ်ဆီမှ နို့နှစ်ရောင်အလင်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး လူငယ်လေး၏ နဖူးထဲသို့ စိမ့်ဝင်သွားခဲ့လေသည်။
အလင်းရောင်မှ စတင်သန့်စင်နေသည့်အချိန်တွင်မူ လူငယ်လေး၏ခန္ဓာကိုယ်မှာ စတင်၍ တုန်ရီလာတော့သည်။ သူ့အမူအယာမှာလည်း ခက်ထန်ကြမ်းကြုတ်လာခဲ့ပြီး သားရဲတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့သော အော်သံတစ်သံသည် သူ့ပါးစပ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ ထိုမျှသာလျှင်မဟုတ်သေး လူငယ်လေးမှာ အစောပိုင်းကကဲ့သို့ ငြိမ်ငြိမ်ဆိမ်ဆိမ် ရှိမနေတော့ဘဲ ယခင်ကထက်ပို၍ ရုန်းကန်လာတော့လေသည်။ သို့ပင်ဖြစ်လင့်ကစား သူ၏ခွန်အားအားလုံးမှာ ချိတ်ပိတ်ခံထားရလေရာ မည်ကဲ့သို့များ လွတ်မြောက်နိုင်ပါမည်နည်း။
နတ်ဆိုးနှင်ပညာရပ်၏ သန့်စင်မှုအောက်တွင် လူငယ်လေး၏ကိုယ်ထဲမှ နတ်ဆိုးချီများ ပေါက်ကွဲထွက်လာခဲ့လေသည်။ နတ်ဆိုးနှင်ပညာရပ် စတင်အသက်ဝင်လာသည်နှင့်တစ်ပြိုင်နက် လူငယ်လေး၏မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး ရေထဲမှ ခုန်ထွက်လာသည့်ငါးတစ်ကောင်ပမာ သူ့တစ်ကိုယ်လုံးမှာလည်း ချွေးများဖြင့် စိုရွှဲလာတော့လေသည်။ နောက်ဆုံးတွင်တော့ ဆက်၍ တောင့်မခံနိုင်တော့သည့်အလား မျက်ဖြူဆိုက်ကာ သတိလစ်သွားလေ၏။
ရန်ကိုင်သည် ထိုနေရာတွင် ရပ်လိုက်ရင်းမှ ခေါင်းတခါခါလုပ်နေခဲ့သည်။
ထိုအချင်းအရာကိုမြင်လိုက်သော် မာချင်းနှင့်အခြားသူများ သက်ပြင်းအမောကြီးသာ ချလိုက်ကြတော့သည်။ ရန်ကိုင်ဆီမှ အကူအညီလာမတောင်းခင်ကတည်းက ယခုကဲ့သို့ ဖြစ်လိမ့်မည်မှန်း ကြိုတင်မျှော်လင့်ထားပြီးသားပင်။ ယခု ရန်ကိုင်၏နည်းလမ်း အလုပ်မဖြစ်သည်ကိုမြင်သော် သူတို့အနေဖြင့် လက်လျှော့လိုက်ရုံသာ တတ်နိုင်တော့လေသည်။
နတ်ဆိုးဝိဉာဉ်ဝင်စီးခြင်း ခံလိုက်ရသည့် လူများ၏ ဝိဉာဉ်များမှာ နတ်ဆိုးဝိဉာဉ်များ၏ ဝါးမျိုခြင်း ခံလိုက်ရလေပြီ။ ထိုအကြောင်းကြောင့် သူတို့၏ဇစ်မြစ်မှာ လုံးဝကို ပြောင်းလဲသွားရတော့သည်။ နတ်ဆိုးနှင်ပညာရပ်သည် ထိုလူများ၏ကိုယ်ထဲမှ နတ်ဆိုးချီကို ဖယ်ရှားပေးနိုင်ပေသည်။ တစ်ချိန်တည်းတွင်လည်း ထိုသို့လုပ်ခြင်းသည် သူတို့၏ဝိဉာဉ်ကို ထိခိုက်စေပေသည်။ ထို့အတွက်ကြောင့် နတ်ဆိုးချီအားလုံးကိုသာ ဖယ်ရှားလိုက်မည်ဆိုလျှင် ထိုလူများသည် ကိုယ်ပိုင်အသိဉာဏ်ကို ပိုင်ဆိုင်ထားခြင်းမရှိတော့သော လမ်းလျှောက်နေသည့် အလောင်းများသက်သက်သာ ဖြစ်သွားကြပေလိမ့်မည်။
ဤအကြောင်းကို ဖုန်းမင်မှ နတ်ဆိုးအစေ့ကို ထုတ်၍ သူ့အသိစိတ်ပင်လယ်ထဲသို့ ထည့်သွင်းလိုက်စဉ်က ရန်ကိုင်သိလာခဲ့ရခြင်း ဖြစ်သည်။ ထိုအကြောင်းကြောင့်ပင်လျှင် နတ်ဆိုးဝိဉာဉ်အဖို့ ကျင့်ကြံသူတစ်ဦးကို ဝင်စီးဖို့ရာ ထိုကျင့်ကြံသူ၏ဝိဉာဉ်ကို ပထမဦးစွာ ဝါးမျိုရန်လိုအပ်ကြောင်း ရန်ကိုင်သိသွားခဲ့ရခြင်းပင်။
“သူတို့ကို ကယ်လို့မရတော့ဘူး…” ရန်ကိုင်သည် မာချင်းဘက်သို့လှည့်၍ ပြောလိုက်သည်။ “သူတို့ဆီကနေ အခြားအရေးကြီးတဲ့ သတင်းလေးဘာလေး ရလိုက်သေးလား…”
ဝမ်ကျိရှန်းက သက်ပြင်းချလျက် “မရဘူး… ဒီကောင်တွေက အရမ်းပါးစပ်လုံတယ်… သေရမှာကိုလည်းမကြောက်ဘူး… ဒီတော့ ငါတို့ သူတို့ကို ဘာမှမေးလို့မရဘူး…”
“အဲ့လိုလား…” ရန်ကိုင်သည် လျို့ယန်အား လှမ်းခေါ်လိုက်ရာ လျို့ယန်သည် ရန်ကိုင်ဆီသို့ ချက်ချင်းလျှောက်လာပြီး သူမလက်ထဲတွင်ရှိနေသော မရဏသားရဲကို ရန်ကိုင်လက်ထဲသို့ ထည့်ပေးလိုက်လေသည်။ အားဝမ်ကို လက်တစ်ဖက်တွင်ကိုင်ရင်းမှ ရန်ကိုင်သည် နတ်ဆိုးအသွင်ပြောင်းသွားသော ကျင့်ကြံသူတစ်ဦးရှေ့တွင် ရပ်၍ မေးလိုက်လေသည်။ “အသက်ရှင်ချင်တယ်ဆိုရင် မင်းတို့ ဘာကြံနေလဲ ငါ့ကိုပြော… မင်းတို့ပြောလာတဲ့ဟာက အသုံးဝင်တယ်ဆိုရင် ငါ မင်းတို့အသက်ကို ချမ်းသာပေးမယ်…”
သတိလစ်သွားသော လူငယ်လေးမှလွဲ၍ ကျန်သည့်လူအားလုံးသည် ရန်ကိုင်အား လှည့်ကြည့်လာခဲ့ကြလေသည်။ သို့သော်ငြား မည်သူမျှ ဘာမှပြန်မပြောခဲ့ကြပေ။
ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “မင်းတို့ တကယ်ကို သေရမှာမကြောက်ဘူးပဲ…”
ပြောပြီးသည့်နောက် အားဝမ်၏ခေါင်းလေးကို အသာအယာ ပုတ်ပေးလိုက်လေသည်။ ခွေးပေါက်လေးမှာ ရုတ်တရက် ထဟောင်၍ ၎င်း၏ခေါင်းကို ဆန့်ထုတ်လိုက်သည်။ ၎င်း၏ပါးစပ်ကြီးမှာလည်း ရုတ်ချည်းဆိုသလို ကြီးမားလာခဲ့ပြီး ရှေ့တည့်တည့်တွင်ရပ်နေသည့် နတ်ဆိုးတစ်ကောင်အား တစ်ကျိုက်တည်းဖြင့် မျိုချပစ်လိုက်လေ၏။
ထိုအချင်းအရာကိုမြင်သော် မာချင်းနှင့် အခြားသူများ ကြောက်လန့်တကြား ထခုန်မိလိုက်သည်။ ခွေးပေါက်လေး ဘာလုပ်နိုင်သလဲဆိုသည်ကို သူတို့အားလုံး သိပြီးသား ဖြစ်ပါသော်ငြား နောက်တစ်ကြိမ်ထပ်မြင်လိုက်ရချိန် မထိတ်လန့်ပဲ မနေနိုင်ခဲ့ပေ။ မွန်းစတားသားရဲတစ်ကောင် လူသားများအား စားသောက်သည်မှာ မထူးဆန်းပါသော်ငြား မရဏသားရဲနှင့်ပတ်သက်၍ အဓိကအချက်မှာ မရဏသားရဲသည် လူသားများကိုမစားဘဲ နတ်ဆိုးများကို စားခြင်းပင်။ ထို့အပြင် နတ်ဆိုးချီသည် မရဏသားရဲအပေါ် လုံးဝသက်ရောက်မှုမရှိပေ။ မကြာသေးခင်က မရဏသားရဲသည် တောင်ကြားထဲ၌ရှိနေသော နတ်ဆိုးအားလုံးကိုပင် ဝါးမျိုပစ်ခဲ့ပေသေးသည်။
ဝမ်ကျိရှန်းကမူ အတွေးနက်နေခဲ့သည်။ သူ့အနေဖြင့် မရဏသားရဲအကြောင်းကို သိသည်မှာ အတော်လေးကြာနေလေပြီ။ ကုန်းယွဲ့သည် နေမင်းပြာကျောင်းတော်ထဲ၌ မရဏသားရဲကို ရှာတွေ့ခဲ့သူဖြစ်လေသည်။ ထိုစဉ်က မရဏသားရဲသည် ဖုန်းမင်ကို တစ်ကျိုက်တည်းဖြင့် ဝါးမျိုရန် ကြိုးစားခဲ့ဖူးသည်။ ဧကရာဇ်အဆင့်ဆယ်ယောက်ကျော်သည်လည်း အတူပူးပေါင်း၍ မရဏသားရဲအား တိုက်ခိုက်ခဲ့ပါသော်ငြား မရဏသားရဲသည် ၎င်းတို့၏တိုက်ခိုက်မှုအားလုံးကို မျိုပစ်ကာ ပြန်ထွေးထုတ်ခဲ့လေသည်။ ကုန်းယွဲ့ပြောပုံအရ ထိုသားရဲပေါက်လေးသည် နတ်ဆိုးနယ်မြေမှ ဒဏ္ဍာရီလာမွန်းစတားသားရဲတစ်ကောင်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့်ပုံပင်။ ထို့အတွက်ကြောင့် ၎င်း၌ ဤကဲ့သို့သော ထူးခြားဆန်းပြားလွန်းသည့် စွမ်းရည်မျိုး ရှိနေသည်မှာ အဆန်းတော့မဟုတ်ပေ။
နတ်ဆိုးတစ်ကောင် ဝါးမျိုခံလိုက်ရသော် အခြားသောနတ်ဆိုးများ စတင်၍ ဂနာမငြိမ် ဖြစ်ကြလေသည်။ အကုန်လုံးမှာ မရဏသားရဲအား ၎င်းတို့၏ သဘာဝရန်သူတစ်ပါးကို ကြည့်နေသည့် အကြည့်မျိုးဖြင့် ကြည့်နေကြသည်။ ၎င်းတို့၏မျက်လုံးထဲတွင်လည်း ကြောက်ရွံ့မှု၊ ထိတ်လန့်တုန်လှုပ်မှုတို့ကို အတိုင်းသား မြင်တွေ့နေရလေသည်။ သို့သော်ငြား သူတို့၏ကျင့်ကြံခြင်းမှာ ချိတ်ပိတ်ထားခံရသည့် အတွက်ကြောင့် ထွက်ပြေးချင်လျှင်ပင် ထွက်မပြေးနိုင်ပေ။
ရန်ကိုင်သည် ထိုလူများကိုကြည့်၍ ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။ “အချိန်ယူပြီး သေချာစဉ်းစား… ဆုံးဖြတ်ပြီးသွားတဲ့ဘယ်သူမဆို ရှေ့ထွက်လာပြီး ပြောလို့ရတယ်… ငါက ပြောတဲ့အတိုင်းပဲလုပ်မှာ… မင်းတို့သာ ငါ့ကို အရေးပါတဲ့ သတင်းအချက်အလက်တွေ ပြောပြပေးနိုင်မယ်ဆိုရင် မင်းတို့ အသက်ရှင်မယ်…”
ပြောနေရင်းမှ မရဏသားရဲသည် ၎င်း၏ပါးစပ်ကိုဟ၍ နောက်ထပ်နတ်ဆိုးတစ်ကောင်ကို မျိုချပစ်လိုက်ပြန်လေသည်။ ရန်ကိုင်ကမူ ဘာမျှမပြောခဲ့ပဲ အားဝမ်ကို သူ့လက်ထဲကိုင်ရင်း တစ်လှမ်းချင်းတစ်လှမ်းချင်းသာ လျှောက်သွားနေခဲ့သည်။ ရန်ကိုင်မှ နတ်ဆိုးတစ်ကောင်ရှေ့သို့ ရောက်လာသည့်အခါတွင် အားဝမ်သည် ထိုနတ်ဆိုးကို တစ်ကျိုက်တည်းဖြင့် မျိုချပစ်လေသည်။ ထိုနည်းဖြင့် အားဝမ်မှာ နတ်ဆိုးငါးကောင်လုံးကို မျိုချပစ်ခဲ့ရာ ယခုဆိုလျှင် နတ်ဆိုးသုံးကောင်သာ ကျန်ရစ်တော့လေသည်။ ရန်ကိုင်ကြည့်နေသည့် နတ်ဆိုးများ၏မျက်လုံးထဲ မုန်းတီးမှုတို့ဖြင့် ပြည့်နေပါသော်ငြား မည်သည့်နတ်ဆိုးမှ စကားတစ်ခွန်းပင် မပြောခဲ့ကြပေ။
ထိုအခြေအနေကိုကြည့်ရင်း ရန်ကိုင်က သက်ပြင်းချလိုက်လေ၏။ “တကယ်ကို ခေါင်းမာတဲ့လူတွေပဲ…”
ထို့နောက်တွင် မာချင်းနှင့် အခြားသူများဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “ကြည့်ရတာတော့ သူတို့ဆီကနေ ဘာအရေးပါတဲ့သတင်းမှ ရမယ့်ပုံမပေါ်။
မာချင်းက အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “အဲ့လိုဆိုရင် သူတို့ကို အသက်ရှင်လျက် ထားနေစရာမလိုတော့ဘူး…”
ဤလူများသည်သာ နတ်ဆိုးများမဟုတ်ကြပါက ဝိဉာဉ်ရှာပညာရပ်ကဲ့သို့သော သိုင်းပညာရပ်များကိုသုံး၍ ထိုလူများ၏ စိတ်ထဲတွင် ရှိနေသော လျှို့ဝှက်ချက်များကို လှန်လှောရှာဖွေကြည့်မိပေလိမ့်မည်။ သို့သော်ငြား ထိုလူများသည် နတ်ဆိုးများ ဖြစ်နေကြလေရာ မည်သူကများ ထိုကဲ့သို့သွားလုပ်ရဲပါမည်နည်း။ ထိုကဲ့သို့သွားလုပ်၍ အခန့်မသင့် နတ်ဆိုးချီကူးစက်ခြင်း ခံလိုက်ရသော် ပို၍ ပြဿနာများသွားရနိုင်ပေသည်။
ထိုနတ်ဆိုးများကို အသက်ရှင်လျက် ထားနေစရာမလိုတော့သည့်အတွက်ကြောင့် ရှင်းပစ်ရုံသာ ရှိပေတော့သည်။
အားဝမ်သည် လက်ကျန်နတ်ဆိုးသုံးကောင်စလုံးကို တစ်ခဏလေးအတွင်း မျိုချပစ်လိုက်လေသည်။ သို့ပင်ဖြစ်လင့်ကစား မကျေနပ်သေးသည့်အမူအယာမျိုးဖြင့် အခြားသောလူဆယ်ဦးကျော်ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။
“သူတို့တွေက ဘာဖြစ်လို့လဲ…” ရန်ကိုင်က မေးလိုက်လေသည်။
“အဲ့ဒါ မင်းလက်ထဲကကောင်ကို မေးရမှာ…” ဝမ်ကျိရှန်းက မျက်မှောင်ကျုံ့လျက် “သူပဲ အဲ့လူတွေကိုကြည့်ပြီးတော့ ဟောင်နေလို့… ငါတို့ကတော့ အဲ့လူတွေ ဘာတွေဖြစ်လို့ဖြစ်နေမှန်းမသိဘူး…”
ရှေးဟောင်းကျောင်းတော်ထဲရှိကိစ္စများ ပြီးဆုံးသွားသည့်နောက်တွင် အဓိကဂိုဏ်းအသီးသီးသည် သေဆုံးသူများ၊ ဒဏ်ရာရသူများကို ကူညီရှာဖွေရန်အလို့ငှာ အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူများကို ပြန်လည်ဆင့်ခေါ်ခဲ့သည်။ သို့သော်ငြား မရဏသားရဲမှာ ရုတ်တရက်ဆိုသလို ကျင့်ကြံသူတစ်ဦးဆီသို့ ပြေးသွားပြီး ထိုကျင့်ကြံသူကိုကြည့်ကာ အဆက်မပြတ်ကို ဟောင်တော့လေသည်။ မရဏသားရဲ၏ ထူးဆန်းသည့်အပြုအမူကြောင့် ဝမ်ကျိရှန်းနှင့် မာချင်းတို့မှာလည်း နိုးနိုးကြားကြားဖြစ်လာပြီး ထိုကျင့်ကြံသူကို ချက်ချင်း ဖမ်းဆီးထားခိုင်းလိုက်လေသည်။
ထိုမျှသာလျှင်မဟုတ်သေး မရဏသားရဲသည် နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်း လူအုပ်ကြီးထဲ လျှောက်ပတ်သွားနေပြီးသည့်နောက် အခြားသောကျင့်ကြံသူများရှေ့တွင် ရပ်ကာ ထပ်မံ၍ ဟောင်လေသည်။ ထိုသို့ဖြင့် ယခုကဲ့သို့ ဖြစ်လာရခြင်းဖြစ်သည်။
“ကျွန်မ မတရားအစွပ်စွဲခံရတာပါ ကျောင်းသခင်ဝမ်… ကျွန်မက တိမ်တိုက်ပြာဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါ… ကျွန်မ ဘာဖြစ်လို့ အခုလိုမျိုး အဖမ်းခံထားရတာလဲ…” မိန်းမငယ်လေးတစ်ဦးသည် သူမကိုယ်သူမ ခုခံကာကွယ်ရန် ကြိုးစားလေသည်။ အခြားသူများသည်လည်း သူမကဲ့သို့ပင် မတရားစွပ်စွဲခံရကြောင်း အော်ပြောလာလေသည်။
ရန်ကိုင်က ပြောလိုက်လေသည်။ “အခုကိစ္စနဲ့ပတ်သက်ပြီး ဘာဖြစ်နေသလဲဆိုသည်ကိုတော့ စမ်းကြည့်မှပဲ သိလိမ့်မယ်…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ကောင်မလေးရှေ့တည့်တည့်သို့ လျှောက်သွားလိုက်လေသည်။
ရန်ကိုင် သူမရှေ့သို့ ရောက်လာသည်ကိုမြင်သော် ကောင်မလေးမှာ ကြောက်ကြောက်ရွံ့ရွံ့ဖြစ်သွားခဲ့ပြီး နောက်ဆုတ်တဖြည်းဖြည်းဆုတ်သွားရင်း ကတုန်ကယင်ဖြစ်နေသည့် လေသံဖြင့် “ရှင်… ရှင် ဘာလုပ်ချင်နေတာလဲ…”
ရန်ကိုင်မှာမူ အချိန်ဖြုန်းမနေခဲ့ဘဲ နတ်ဆိုးနှင်ပညာရပ်ကို အသက်သွင်း၍ ကောင်မလေး၏နဖူးကို သူ့လက်ညှိုးဖြင့် ထိလိုက်သည်။ ရန်ကိုင်မှ မန္တန်ကို စတင်ရွတ်ဆိုသည့်အခါ ကောင်မလေး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး နာကျင်စွာအော်ဟစ်ရင်း နတ်ဆိုးချီများသည် သူမ၏ခန္ဓာကိုယ်ထဲမှ စီးထွက်လာခဲ့လေသည်။
ထိုအချင်းအရာကိုမြင်သော် လူတိုင်း မျက်နှာပျက်သွားကုန်ကြလေသည်။
“အဲ့လူတွေနဲ့ပတ်သက်ပြီး တကယ်ကို တစ်ခုခုမှားနေတာပဲ…” မာချင်း၏မျက်နှာ ခက်ထန်သွားခဲ့လေသည်။
အလားတူသည်ပင်လျှင် ဝမ်ကျိရှန်းသည်လည်း အကြောက်မပျယ်သေးသည့် အမူအယာမျိုးဖြင့် မရဏသားရဲအား လှမ်း၍ကြည့်လိုက်လေသည်။ (ဒီသားရဲလေးရဲ့ ထူးဆန်းတဲ့ပုံစံကြောင့်သာ မဟုတ်လို့ရှိရင်တော့ ငါတို့အကုန်လုံး အလိမ်ခံလိုက်ရလောက်ပြီ…)
ကျင့်ကြံသူတစ်ဦးသည် မည်ကဲ့သို့သောအခြေအနေမျိုးတွင် သတိလက်လွတ်နေတတ်ပါလေသနည်း။ ထိုကဲ့သို့နေတတ်သည့်အချိန်မျိုးမှာ ခက်ခဲသည့်တိုက်ပွဲတစ်ပွဲအား အောင်နိုင်ပြီးသည့်အချိန်မျိုးတွင်ပင် ဖြစ်လေသည်။ ရှေးဟောင်းကျောင်းတော်ထဲရှိတိုက်ပွဲ ပြီးဆုံးသွားပြီးသည့်နောက် နတ်ဆိုးများသည် သူတို့လူအုပ်ကြီးထဲ ပုန်းအောင်းနေဦးလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။ မည်သူ့တွင်မှလည်း နတ်ဆိုးနှင့် လူသားများကို ခွဲခြားနိုင်သည့်နည်းလမ်းမျိုး ရှိမနေကြ။ ထိုလူများကိုသာ ဤနေရာမှ အသက်ရှင်လျက် ထွက်သွားခိုင်းလိုက်မည်ဆိုလျှင် ဒုတိယ သို့မဟုတ် တတိယရှေးဟောင်းကျောင်းတော်တစ်ခု ထပ်မံထွက်ပေါ်လာနိုင်ပေသည်။
ရန်ကိုင်သည် ထိုလူဆယ်ဦးစလုံးကို လိုက်လံစစ်ဆေးကြည့်ခဲ့သည်။ တစ်ဦးချင်းစီတိုင်းမှာ နတ်ဆိုးဝိဉာဉ်ဝင်စီးထားခြင်းခံရကြောင်း တွေ့ရှိလိုက်ရသည်။ တိုက်ပွဲဖြစ်နေစဉ်အတောအတွင်း ဝင်စီးခံလိုက်ရခြင်းပဲလား တိုက်ပွဲပြီးသွားသည့်နောက်မှသာလျှင် ဝင်စီးခံလိုက်ရခြင်းပဲလား ဆိုသည်ကိုတော့ မည်သူမျှမသိကြပေ။ ထိုလူများ၏ မတူကွဲပြားသော နောက်ခံနှင့် မတူညီသည့် ကျင့်ကြံခြင်းကို ကြည့်ရသလောက် တိုက်ပွဲပြီးသွားသည့်နောက်မှသာလျှင် ဝင်စီးခံရခြင်း ဖြစ်လောက်ပေသည်။
ထိုလူများသည် နတ်ဆိုးဝိဉာဉ်များ၏ ဝင်စီးခြင်း ခံထားရသည့်လူများ ဖြစ်ကြသည့်အတွက်ကြောင့် ဘာမှဆက်လုပ်နေစရာမလိုတော့။ မကြာမီ ထိုလူအားလုံး အားဝမ်၏ဗိုက်ထဲသို့ ရောက်သွားခဲ့လေသည်။
ဝမ်ကျိရှန်းက ပြောလိုက်သည်။ “မင်းရဲ့သားရဲလေးကို ဆက်ပြီးတော့ စစ်ဆေးကြည့်ခိုင်းဦးမလား… လိုလိုမယ်မယ်ပေါ့… နတ်ဆိုးဝိဉာဉ်အချို့ ကျန်သေးရင်လည်း တစ်ခါတည်းရှင်းပစ်လို့ ရသွားတာပေါ့…”
မူလကမူ မည်သူသည် နတ်ဆိုးဝိဉာဉ်ဝင်စီးခြင်း ခံထားရသည့်သူ မည်သူဖြစ်သလဲဆိုသည်ကို ခွဲခြားနိုင်သည့်နည်းလမ်း သူတို့တွင်ရှိမနေခဲ့ပေ။ သို့သော်ငြား မရဏသားရဲ ရှိနေပြီဖြစ်သည့်အတွက်ကြောင့် လူသားနှင့်နတ်ဆိုးများကို ခွဲခြားလို့ရသွားပေပြီ။
ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ “အဲ့ဒါဆိုရင်တော့ ပိုကောင်းတာပေါ့…”
ထိုသို့ပြောပြီးသည့်နောက် အားဝမ်ကို လျို့ယန်လက်ထဲသို့ ထည့်ပေး၍ “သူ့ကိုခေါ်ပြီး လမ်းလျှောက်ထွက်လိုက်ဦး…
လျို့ယန်သည် မရဏသားရဲကိုခေါ်၍ ထွက်သွားလေသည်။
ဝူချန်းသည် ထိုမြင်ကွင်းအား မလှမ်းမကမ်းမှနေ၍ မျက်နှာသေအမူအယာဖြင့် ကြည့်နေခဲ့သည်။ သူ့ရင်ထဲတွင်တော့ လှိုင်းထန်နေခဲ့လေသည်။
ရှေးဟောင်းကျောင်းတော်၏ ဂိတ်ပေါက်တွင် ရှိစဉ်က ဝူချန်းသည် ရန်ကိုင်အား အထင်အမြင်တသေးဖြင့် နှိမ့်ချဆက်ဆံခဲ့လေသည်။ ရန်ကိုင်သည် သူနှင့်ရင်ဆိုင်ဖို့ရာ အရည်အချင်းမရှိသူဟုပင် ယုံကြည်ခဲ့သည်။ သို့သော်ငြား တစ်လလေးအတွင်းမှာပင် သူအထင်အမြင်သေးခဲ့သောလူသည် သူ့ဂိုဏ်း၏ တော်ဝင်သခင်နှင့်ပင်လျှင် ရင်ပေါင်တန်းကာ စကားပြောနေနိုင်သည့်လူတစ်ဦး ဖြစ်သွားလိမ့်မည်ဟု ဝူချန်း မည်ကဲ့သို့များ ထင်ထားခဲ့ပါမည်နည်း။ ထို့အပြင် ရန်ကိုင်သည် ရှေးဟောင်းကျောင်းတော်၏ ပြဿနာကို သူတစ်ဦးတည်းနီးပါးဖြင့် ဖြေရှင်းပေးခဲ့ခြင်း ဖြစ်လေသည်။ သူ့ကြောင့်သာမဟုတ်လျှင် တောင်ဘက်နယ်မြေ၏ ပညာရှင်များနှင့် လက်ရွေးစင်အကုန်လုံးနီးပါး ရှင်းပစ်ခြင်း ခံလိုက်ရလောက်ပေပြီ။
ရန်ကိုင်မှ ရာနှင့်ချီသော ဧကရာဇ်အဆင့်ပညာရှင်များအား အလွယ်တကူစုဝေးနိုင်ခဲ့သည့်အကြောင်းကို တွေးရင်း ဝူချန်း၏အတွေးများသည် မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါးဆီသို့ ရောက်သွားခဲ့လေသည်။ ထို့နောက် ရန်ကိုင်၏အမိန့်များကို နာခံနေသည့် နတ်သားရဲသုံးပါး။
ဝူချန်းကဲ့သို့သော ဂုဏ်ယူဝံ့ကြွားသည့် လူတစ်ဦးသည်ပင်လျှင် ထိုအကြောင်းကိုတွေးလိုက်ရုံဖြင့် လုံးဝကို ကူကယ်ရာမဲ့သွားလေသည်။ တစ်ချိန်က သူ၏ပြိုင်ဘက်ဖြစ်ခဲ့သော လူတစ်ဦးသည် လက်ရှိအချိန်တွင်တော့ သူပင် လက်လှမ်းမမီသည့် အဆင့်တစ်ခုသို့ ရောက်နေလေပြီ။ လက်ရှိအချိန် သူနှင့်ရန်ကိုင်မှာ မတူကွဲပါးသည့်ကမ္ဘာနှစ်ခုတွင် နေထိုင်နေကြသည့် လူများ ဖြစ်သည်ဟုပင် ပြော၍ရပေသည်။
လွန်ခဲ့သောတစ်လခန့်က သူပြောခဲ့သည့်စကားများကို ပြန်စဉ်းစားမိလိုက်သော် သူ့လုပ်ရပ်မှာ အလွန်ကိုမှ ကလေးဆန်နေကြောင်း ဝူချန်း သဘောပေါက်သွားခဲ့သည်။ ရန်ကိုင်သည် သူ့အား လုံးဝကို မျက်လုံးထဲမထည့်ပေ။ သူ့ကဲ့သို့သောလူတစ်ဦးနှင့် ဖက်မပြိုင်ချင်သည့်အတွက်ကြောင့် အချိန်ကုန်ခံကာ ဘာမှပြန်ပြောမနေခဲ့ခြင်း ဖြစ်သည်။
ထိုအချက်ကိုစဉ်းစားမိလိုက်သော် ဝူချန်းမှာ လူရှေ့သူရှေ့၌ သူ့ကိုယ်သူ အရူးတစ်ယောက်ဖြစ်အောင်လုပ်မိသည်ဟု ခံစားမိသွားလေသည်။
ဝူချန်းဘေးနားတွင် ရပ်နေသည့် ချန်ဝမ်ဟောင်မှာမူ သူ့ဂျူနီယာ ဘာတွေးနေသလဲဆိုသည်ကို သတိပြုမိသည့်အလား ဝူချန်း၏ပုခုံးကိုပုတ်၍ “လူတိုင်းမှာ ကိုယ်လျှောက်မယ့်လမ်းဆိုတာ ရှိပြီးသား… သူက ကံကောင်းလွန်းနေတာ… သူ့လိုလူမျိုးကလည်း သမိုင်းတစ်လျှောက်လုံးမှာ တစ်ယောက်ပဲ ပေါ်လာတတ်တဲ့လူစားမျိုး… သူ့လိုလူမျိုးကို သွားယှဉ်လို့ အဆင်မပြေဘူး…”
ဝူချန်းက သက်ပြင်းချ၍ “ကျုပ်သိတယ်…”
တစ်ချက်မျှရပ်ပြီးသည့်နောက် ဆက်ပြောလိုက်လေသည်။ “ပြန်ရောက်ရင်တော့ တံခါးပိတ်ကျင့်စဉ်ဝင်တော့မယ်… အဆင့်တက်သွားပြီဆိုရင် ကျောင်းတော်ထဲမှာမနေဘူး… ဒီလောကကြီးထဲ လျှောက်ပြီးခြေဆန့်မယ်…”
ထိုစကားကိုကြားသော် ချန်ဝမ်ဟောင်သည် ဝူချန်းအားကြည့်လိုက်သည်။ ထို့နောက် ခေါင်းညိတ်၍ ပြောလိုက်လေသည်။ “ကောင်းတယ်…”
ပန်းပွင့်များသည် ခက်ခဲကြမ်းတမ်းလှသည့် လေဒဏ်မိုးဒဏ်တို့ကို ကြံ့ကြံ့ခံပြီးမှသာလျှင် အပြည့်အဝ ပွင့်လန်းလာနိုင်ခြင်း ဖြစ်ပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၇၃)
ဘာသာပြန်သူ_တိမ်တိုက်
ရှေးဟောင်းကျောင်းတော်၏ အဓိကဂိတ်ပေါက်များကို ဖြတ်ကျော်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် တောင်စောင်းလေးတစ်နေရာဆီသို့ ရောက်လာခဲ့သည်။ ထို့နောက် ခေါင်းငုံ့၍ အောက်ဘက်တွင်ရှိနေသော အေးခဲနေသည့်အလောင်းအား ကြည့်ရင်း သူ့မျက်လုံးထဲ ဝမ်းနည်းရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ အလောင်းတစ်ခုလုံးကို ရေခဲများဖြင့် လွှမ်းခြုံထားသည့်အတွက်ကြောင့် ရက်ပေါင်းများစွာကြာသွားသည့်တိုင် အလောင်းမှာ မပုပ်သိုးခဲ့သလို သားရဲများ၏ စားသောက်ခြင်းလည်း မခံခဲ့ရပေ။
သူမ၏ရင်ဘတ်တွင် ရှိနေသော ဒဏ်ရာမှာ ချွန်ထက်လှသည့် လက်နက်တစ်ခုခုကြောင့် ရထားသည့်ဒဏ်ရာမျိုး ဖြစ်ပေသည်။ ဥပမာပြောရသော် ဓါးကဲ့သို့သောလက်နက်မျိုးပင်။ ဒဏ်ရာအတိမ်အနက်ကို ကြည့်ရသလောက် မသေခင်အတွင်း ယုကျိုးမှာ မည်သည့်နာကျင်မှုကိုမှ မခံစားရလောက်ပေ။ သူမ၏ ပွင့်နေသော မျက်လုံးများကသည်သာ ကြောက်ရွံ့မှု၊ ကူကယ်ရာမဲ့မှုတို့ဖြင့် ပြည့်နေခြင်းဖြစ်သည်။
“နန်းတော်သခင်…” ဟွာချင်းစီသည် ရန်ကိုင်ဆီသို့ လျှောက်လာပြီး လှမ်းခေါ်လိုက်သည်။
“နင် ဘာလို့ ဒီကိုရောက်နေတာလဲ…” ရန်ကိုင်က မေးလိုက်လေသည်။ ထို့နောက်တွင် တင်ပလင်ခွေထိုင်ချလိုက်ပြီး ရေခဲပေါ်လက်တင်ရာ ရေခဲထုတစ်ခုလုံး လျင်မြန်စွာ အရည်ပျော်ကျသွားခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်သည် ပွင့်နေသော ယုကျိုး၏မျက်လုံးများကို ပိတ်၍ သူမ၏နဖူးပေါ် ကပ်ပေနေသော ဖွာကြဲလန်နေသည့် ဆံစများကို သပ်ရပ်သွားအောင် လုပ်ပေးလိုက်လေသည်။
“အကြီးအကဲကျိက ကျွန်မကို ဒီနေရာကို စောင့်ခိုင်းထားလို့…” ရန်ကိုင်၏အမူအယာကို အကဲခတ်ရင်းမှ ဟွာချင်းစီက ပြောလိုက်လေသည်။ ရန်ကိုင်ပုံစံကိုမြင်ပြီးသည့်နောက် ကျိယောင်ပြောသွားသည်မှာ မှန်ကန်ကြောင်း သဘောပေါက်သွားခဲ့သည်။ (နန်းတော်သခင်က ဒီအမျိုးသမီးကို တကယ်ကြီးသိနေတာပဲ… သူတို့နှစ်ယောက် ဘယ်လိုတွေများ ပတ်သက်တာလဲမသိဘူ… နန်းတော်သခင်ကိုကြည့်ရတာ တော်တော်လေးဝမ်းနည်းနေတဲ့ပုံပဲ… ဒီလောက်ထိတောင် ဝမ်းနည်းနေတာဆိုတော့ သူတို့နှစ်ယောက်က ရိုးရိုးရှင်းရှင်းတော့ မဖြစ်လောက်ဘူး…)
ထိုစကားကိုကြားသော် ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ရှေးဟောင်းကျောင်းတော်၏ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို ဖြတ်ကျော်ချီတက်လာစဉ်က ကျိယောင်မှာ ရေခဲဓာတ်အမျိုးအစားပညာရပ်တစ်ခုကို သုံး၍ ယုကျိုး၏ခန္ဓာကိုယ်အား ရေခဲသွားအောင်လုပ်လိုက်သည်ကို ရန်ကိုင် သတိထားမိလိုက်သည်။ ဝမ်းနည်းစွာဖြင့် ထိုစဉ်က သူတို့ရှေ့တည့်တည့်တွင် တိုက်ပွဲကြီးတစ်ခုရှိနေသည့်အတွက်ကြောင့် ရန်ကိုင်မှာ အခြားမည်သည့်ကိစ္စကိုမှ အာရုံမထားနိုင် ဖြစ်နေခဲ့ရသည်။ ယခုကိစ္စအားလုံး ဖြေရှင်းပြီးသွားသည့်အခါမှသာလျှင် ဤနေရာရှိအခြေအနေကို လာရောက်စစ်ဆေးနိုင်ခြင်း ဖြစ်ပေသည်။
သေသူမှာ သေသွားခဲ့ပြီဖြစ်ပါသော်ငြား ယုကျိုး၏ ရယ်မောပျော်ရွှင်နေသည့် မျက်နှာလေးမှာ သူ့စိတ်ထဲ အဆက်မပြတ် ထွက်ပေါ်လာနေခဲ့သည်။ သူမသည်သာ ဤနေရာ၌ မသေသွားခဲ့လျှင် သိုင်းပညာရှင်စုဝေးပွဲ၌ သူမပြသသွားသော စွမ်းဆောင်ရည်အရ ယုကျိုးအနေဖြင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်လာနိုင်ခြေမှာ အလွန်ကိုမှ များပေသည်။ ကံမကောင်းစွာဖြင့် သိုင်းတာအိုခရီးလမ်း၏ အဆုံးသို့ လျှောက်လှမ်းနိုင်ဖို့ရာ အခက်အခဲပေါင်းများစွာကို ကျော်လွှားရန် လိုအပ်ပေသည်။ အနည်းငယ်လေးသော သတိလက်လွတ်ဖြစ်မှု၊ ချွတ်ချော်မှုတို့သည် သေခြင်းတရားဆီသို့ ဦးတည်သွားနိုင်သည်။
ရန်ကိုင်မှာ ယုကျိုးနှင့် အလွန်တရာကိုမှ ခင်မင်ရင်းနှီးသည့်လူတစ်ဦး ဖြစ်သည်ဟု ပြော၍မရပေ။ ယခုတစ်ကြိမ်အဖြစ်အပျက်တွင်လည်း တောင်ဘက်နယ်မြေတစ်ခုလုံး အကြီးအကျယ်ဒုက္ခရောက်ခဲ့ရခြင်းဖြစ်ပြီး လူပေါင်း နှစ်သောင်းမှ သုံးသောင်းကြား သေဆုံးခဲ့ကြရသည်။ နေမင်းပြာကျောင်းတော်သည်ပင်လျှင် ခေါ်လာသည့်တပည့်များအနက် သုံးပုံတစ်ပုံလောက်ကို ဆုံးရှုံးခဲ့ရသည်။ သို့ပင်ဖြစ်လင့်ကစား ယုကျိုး၏သေဆုံးခြင်းသည် ယခုအဖြစ်အပျက်ထဲ၌ ရန်ကိုင်ဝမ်းအနည်းရဆုံး ကိစ္စတစ်ရပ်ဖြစ်ပေသည်။
ယခုခံစားချက်ကို သူ့အနေဖြင့် မည်ကဲ့သို့ ရှင်းပြလို့ ရှင်းပြရမှန်းလည်းမသိ။ သူ့ရှေ့တွင် လှဲလျောင်းနေသည့်လူကိုကြည့်ရင်း နောက်ဆုံး သူ့ဆီမှ ထွက်မသွားခင် သူ့ဘက်သို့ ပြန်လှည့်၍ လက်ဝှေ့ယမ်းပြသည့် အခိုက်အတန့်ကို ရန်ကိုင် ပြန်သတိရသွားခဲ့သည်။ သို့သော်ငြား ထိုအခိုက်အတန့်သည် သူမအဖို့ သူ့အား နောက်ဆုံးနှုတ်ဆက်သွားခြင်း ဖြစ်လိမ့်မည်ဟု မည်သူကများ ထင်ထားခဲ့ပါမည်နည်း။
“နန်းတော်သခင်… ဟိုလူတွေက သူ့ဂိုဏ်းကလူတွေပဲ… သူတို့ကြည့်ရတာ သူ့ခန္ဓာကိုယ်ကို ပြန်ယူဖို့ စောင့်နေကြတာနဲ့တူတယ်…” ရန်ကိုင် လှုပ်မည့်အရိပ်အယောင်မပြသော် ဟွာချင်းစီမှာ တစ်ခဏလောက်စောင့်နေပြီးသည့်နောက် ရန်ကိုင်အား သတိပေးလိုက်လေ၏။
ရန်ကိုင်လည်း ဟွာချင်းစီညွှန်ပြရာအရပ်ဆီသို့ လှမ်း၍ကြည့်လိုက်ရာ စိုးရိမ်တကြီးအမူအယာများဖြင့် ရပ်နေကြသော လူဆယ်ဦးကို မလှမ်းမကမ်း၌ တွေ့လိုက်ရလေသည်။ ထိုအဖွဲ့ကို ဦးဆောင်လာသည့်လူမှာတော့ အသက်သုံးဆယ်အရွယ်လောက်ရှိသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမနောက်တွင် ရှိနေကြသည့် လူအားလုံးမှာလည်း အမျိုးသမီးများသာ ဖြစ်ကြလေသည်။ အကုန်လုံး၏မျက်နှာများမှာ ညှိုးမှိုင်နေကြပြီး အချို့ဆိုလျှင် ငိုပင်ငိုနေကြပေသေးသည်။
“သူတို့ကိုခေါ်လာလိုက်…” ရန်ကိုင်က အမိန့်ပေးလိုက်သည်။
“ကောင်းပါပြီ…” ဟွာချင်းစီလည်း ထိုအရပ်ဆီသို့ လျှောက်သွားလိုက်လေသည်။ ထိုအဖွဲ့၏ ခေါင်းဆောင်အမျိုးသမီးဆီသို့ ရောက်သွားခဲ့ပြီး ထိုအမျိုးသမီးနှင့် စကားအနည်းငယ်ပြောကာ ရန်ကိုင်ဆီသို့ ခေါ်လာခဲ့လိုက်လေသည်။
“လော့ရှာဂိုဏ်းရဲ့ချင်ဖေး အကြီးအကဲရန်ကို နှုတ်ဆက်ပါတယ်…” ဦးဆောင်လာသည့်အမျိုးသမီးက ဦးညွှတ်လိုက်လေသည်။ ယုကျိုး၏အလောင်းအား ကြည့်မိလိုက်စဉ် သူမ၏မျက်လုံးလေးများ အနည်းငယ် ရဲတက်လာခဲ့သည်။ မည်သို့ပင်ဖြစ်လင့်ကစား မငိုမိအောင် သူမကိုယ်သူမ အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့၏။
ထိုအဖွဲ့ကို စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် အဖွဲ့ထဲတွင် ချင်ဖေး၏ကျင့်ကြံခြင်းမှာ အမြင့်ဆုံးဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ သို့ပင်ဖြစ်လင့်ကစား ချင်ဖေးသည်ပင်လျှင် တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပေသေးသည်။ ထိုလူများအနက် တာအိုသခင်ပထမအဆင့်ကျင့်ကြံသူတစ်ဦး ရှိနေပြီး အခြားသူများမှာတော့ တန်ခိုးရှင်ဘုရင်အဆင့် သို့မဟုတ် တန်ခိုးရှင်အဆင့်ကျင့်ကြံသူများ ဖြစ်ကြပေသည်။
“ခင်ဗျားတို့က ယုကျိုးရဲ့ဂိုဏ်းကအဖွဲ့သားတွေလား…” ရန်ကိုင်က မေးလိုက်လေသည်။
ချင်ဖေးက ခေါင်းညိတ်လိုက်၏။ “ဟုတ်ပါတယ်… ကျွန်မက ယုကျိုးရဲ့ စီနီယာအစ်မပါ…”
“ခင်ဗျားတို့ဂိုဏ်းချုပ်ရော…” ရန်ကိုင်သည် ထိုအမျိုးသမီးကိုကြည့်ရင်းမှ မေးလိုက်သည်။ လော့ရှာဂိုဏ်းမှာ အားကောင်းသည့်ဂိုဏ်းတစ်ဂိုဏ်းမဟုတ်သလို ဂိုဏ်းကြီးတစ်ဂိုဏ်းလည်းမဟုတ်ပါသော်ငြား သူတို့၏ဂိုဏ်းချုပ်မှာ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်ပေသည်။ ထို့အပြင် သူတို့၏ဂိုဏ်းချုပ်သည် ယခုတစ်ကြိမ် သူတို့အဖွဲ့ကို ဦးဆောင်လာသည့်လူလည်း ဖြစ်သည်။
ချင်ဖေးက ခေါင်းကိုငုံ့ထားရင်းမှ ဆို့နင့်နေသည့်လေသံဖြင့် ပြန်ပြောလိုက်သည်။ “ဂိုဏ်းချုပ် သေသွားပါပြီ…”
သူမပါးစပ်မှ ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် အနောက်ဘက်တွင်ရှိနေသည့်မိန်းကလေးများမှာ ငိုချင်စိတ်ကို မအောင့်အည်းနိုင်တော့ဘဲ ချုံးပွဲချ ငိုယိုတော့လေ၏။
လော့ရှာဂိုဏ်းသည် အမျိုးသမီးများကိုသာ လက်ခံသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပေသည်။ အမျိုးသမီးများကိုသာ လက်ခံသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့်အလျောက် ပြင်ပလောကကြီးမှ အာရုံစိုက်မှုကို ရရှိလေ့ရှိကြသည်။ ပုံမှန်အားဖြင့် တဏှာရူးများသည် ထိုကဲ့သို့သော အမျိုးသမီးများသာ ရှိကြသည့် ဂိုဏ်းများကို ပစ်မှတ်ထားလေ့ ရှိကြပေသည်။ ယခင်က လော့ရှာဂိုဏ်း၌ ဧကရာဇ်အဆင့်သို့ရောက်နေသည့် ဂိုဏ်းချုပ် ရှိနေခဲ့လေသည်။ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးမှ ကာကွယ်ပေးနေသည့်အတွက်ကြောင့် သူတို့၏ဘဝများမှာ အတော်လေးကိုမှ အဆင်ပြေခဲ့သည်။
ကံမကောင်းစွာဖြင့် ယခုတစ်ကြိမ်အဖြစ်အပျက်ကြောင့် သူတို့၏ဂိုဏ်းချုပ်မှာ သေဆုံးသွားခဲ့ရပြီး သိုင်းပညာရှင်စုဝေးပွဲ၌ လာရောက်ပြိုင်ဆိုင်ကြသည့် တာအိုသခင်အဆင့်ပညာရှင်များကြားဝယ် နှစ်ဦးသာ အသက်ရှင်ခဲ့လေသည်။ ရှင်းရှင်းပြောရသော် လော့ရှာဂိုဏ်း၏အုတ်မြစ်မှာ ဆိုးဆိုးရွားရွား ကို ထိခိုက်သွားပြီဟု ပြော၍ရပေသည်။ လော့ရှာဂိုဏ်းအနေဖြင့် တောင်ဘက်နယ်မြေထဲ ခြေကုပ်ရယူဖို့ရာမှာ ခက်ခဲသွားခဲ့လေပြီ။ ထို့အပြင် လော့ရှာဂိုဏ်းမှ အမျိုးသမီးတပည့်များမှာလည်း လက်ရှိသူတို့၏အခြေအနေနှင့် ပတ်သက်၍ စတင် စိတ်ပူလာရလေပြီ။ အကုန်လုံးမှာ လက်ရှိအဖြစ်အပျက်နှင့်တကွ အနာဂတ်အကြောင်းကိုပါ တွေးမိလိုက်သော် ဝမ်းနည်းစိတ်ကို မထိန်းနိုင်တော့ဘဲ အော်ဟစ်ငိုယိုနေကုန်ကြလေ၏။
ရန်ကိုင်မှာမူ တိတ်နေခဲ့သည်။
ချင်ဖေးသည် သူမ၏သိုလှောင်လက်စွပ်ထဲမှ အဝတ်အိတ်တစ်အိတ်ကိုထုတ်၍ ရန်ကိုင်ဆီသို့ ပေးလိုက်လေသည်။
“ဒါက…” ရန်ကိုင်သည် ချင်ဖေးအား ကြည့်၍ မေးလိုက်လေသည်။
ချင်ဖေးသည် မျက်ရည်များကို သုတ်လိုက်ရင်းမှ အတတ်နိုင်ဆုံးပြုံး၍ ပြန်ပြောလိုက်၏။ “လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ညီမယုကျိုးက ကျွန်မဆီလာပြီးတော့ အပင်အစေ့လေးတွေတွေ့ရင် ဝယ်ထားဖို့ပြောထားတယ်လေ… အဲ့တုန်းက သူ အကြီးအကဲရန်ကို ပေးချင်လို့မှန်း ကျွန်မသိလိုက်တယ်… ဒါပေမယ့် ဒီအစေ့တွေကို လိုက်စုရတာ နည်းနည်းနောက်ကျသွားတာနဲ့ မပေးဖြစ်လိုက်ဘူး…”
ရန်ကိုင်မှာ နှုတ်ခမ်းကို ကွေးရင်းမှ ထိုအဝတ်အိတ်ကို လှမ်းယူလိုက်သည်။ သို့သော်ငြား ပုံမှန်အားဖြင့် ပေါ့ပေါ့လေးသာဖြစ်သော အဝတ်အိတ်လေးမှာတော့ လက်ရှိအချိန်တွင်တော့ သူ့လက်ထဲ အလွန်တရာကိုမှ လေးလံနေသလို ခံစားနေခဲ့ရလေသည်။
ချင်ဖေးက ထပ်ပြောလိုက်လေသည်။ “ဂျူနီယာညီမယုကျိုးက အကြီးအကဲရန်ကို အရမ်းလေးစားတာ… မကြာသေးခင်တုန်းကဆိုရင်…” ထိုနေရာအရောက်၌ ချင်ဖေးမှာ ဆက်၍မပြောနိုင်တော့။ သူမ၏ပါးစပ်ကလေးကို လက်ဖြင့်အုပ်ရင်းမှ တရှိုက်ရှိုက် ငိုကြွေးတော့သည်။ နောက်ဘက်တွင်ရှိနေသည့် မိန်းကလေးများမှာမူ ထိန်းမနိုင်သိမ်းမရအောင်ကို ငိုယိုနေခဲ့လေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း ဟွာချင်းစီ၏ မျက်လုံးများသည်ပင်လျှင် အနည်းငယ် နီမြန်းလာခဲ့လေသည်။
တစ်ခဏကြာသွားမှသာလျှင် ချင်ဖေးမှာ သူမကိုယ်သူမ ပြန်ထိန်းလိုက်နိုင်ပြီး အသက်ကိုပြင်းပြင်းရှူသွင်း၍ ပြုံးလျက် ပြန်ပြောလိုက်သည်။ “သူမသေခင် အကြီးအကဲရန်နဲ့ တွေ့ခွင့်လိုက်ရတာ ဂျူနီယာညီမယုကျိုးအတွက်တော့ တကယ်ကို ဝမ်းသာစရာပါပဲ…”
ရန်ကိုင်မှာ သူ့လက်ထဲတွင်ရှိနေသော အဝတ်အိတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်မိလိုက်သည်။ သူ့ရင်ထဲတွင်လည်း ဘာကြောင့်မှန်းမသိ အနည်းငယ် ဆို့နင့်သလို ခံစားလာရလေသည်။
ချင်ဖေးသည် တစ်ခဏမျှ စောင့်နေပြီးသည့်နောက် ဆက်၍ ပြောလိုက်လေ၏။ “အကြီးအကဲရန် စိတ်ထဲမထားဘူးဆိုရင် မြေမြှုပ်သင်္ဂြိုလ်ပေးဖို့အတွက် ကျွန်မ ဂျူနီယာညီမရဲ့ခန္ဓာကိုယ်ကို ဂိုဏ်းဆီပြန်ယူသွားချင်တယ်…”
ရန်ကိုင် ခေါင်းညိတ်ပြလိုက်လေသည်။
ထိုအခါမှသာလျှင် ချင်ဖေးသည် ဆောင့်ကြောင့်ထိုင်၍ ယုကျိုး၏ဆံပင်လေးကို သပ်ပေးလိုက်လေသည်။ ထို့နောက် ယုကျိုး၏အလောင်းကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်လေ၏။
“ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲရန်…” ချင်ဖေးမှာ ဦးညွှတ်ပြီးသည့်နောက် သူမ၏ဂိုဏ်းသားများနှင့်အတူ ပြန်ထွက်သွားရန် လုပ်လိုက်လေသည်။
“နေဦး…” ရန်ကိုင်က လှမ်းတားလိုက်သည်။
ချင်ဖေးသည် ရန်ကိုင်ဘက်သို့လှည့်၍ ပြန်မေးလိုက်၏။ “အကြီးအကဲရန် ဘာပြောချင်သေးလို့လဲ…”
“နင်တို့ နောက်ပိုင်း ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ…” ရန်ကိုင်သည် ချင်ဖေးကိုကြည့်ရင်းမှ ပြောလိုက်သည်။
ချင်ဖေး၏မျက်လုံးထဲ နားမလည်ရိပ်တို့ ဖြတ်ပြေးသွားခဲ့ပြီး ခေါင်းခါပြလိုက်၏။ သူမသည်လည်း နောက် ဘာဆက်လုပ်ရမလဲဆိုသည်နှင့်ပတ်သက်၍ စိတ်ပူနေရခြင်း ဖြစ်လေသည်။ ယခု သူတို့၏ဂိုဏ်းချုပ်မှာ သေသွားခဲ့ပြီဖြစ်လေရာ လော့ရှာဂိုဏ်း၏ တစ်ထောင်ဝန်းကျင်ခန့်ရှိသော တပည့်များမှာ ဘာဆက်လုပ်ရပါတော့မည်နည်း။ လက်ရှိအချိန်တွင် ဂိုဏ်းထဲ၌ အားအကောင်းဆုံးသောလူမှာ ဂိုဏ်းအား ကာကွယ်ရန် ကျန်ရစ်ခဲ့သော တာအိုသခင်တတိယအဆင့်သို့ ရောက်နေသည့် အကြီးအကဲဖြစ်ပေသည်။ ကံမကောင်းစွာဖြင့် ထိုမျှလောက်သောခွန်အားဖြင့် ဂိုဏ်းကို ကာကွယ်ပေးဖို့ရာ မဖြစ်နိုင်ပေ။ ယခင်က လော့ရှာဂိုဏ်း၌ မဟာမိတ်ဂိုဏ်းပေါင်းများစွာ ရှိခဲ့ပါသော်ငြား ယခုအချိန်တွင်မူ လော့ရှာဂိုဏ်းအား ကာကွယ်ပေးမည့် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး မရှိတော့လေရာ ထိုမဟာမိတ်များသည် သူတို့နှင့် ဆက်၍ မဟာမိတ်မဖွဲ့တော့မည့်အပြင်ကိုမှ လော့ရှာဂိုဏ်းကိုပင်လျှင် ဝါးမျိုရန် ကြိုးစားလာပေတော့မည်။
ထိုအကြောင်းကြောင့် လော့ရှာဂိုဏ်း၏ နောင်ရေးမှာ အလွန်ကိုမှ စိတ်ပူစရာ ဖြစ်လာကာ ထိုကဲ့သို့သောအခြေအနေမျိုးမှ ရုန်းထွက်လိုလျှင် ပြင်ပအင်အားတစ်ခုခုကို အားကိုးရုံသာ ရှိတော့ပေသည်။ သို့ပင်ဖြစ်လင့်ကစား ထိုသို့လုပ်ခြင်းသည်လည်း မြေခွေးကို အိမ်ထဲခေါ်သွင်းလိုက်သည်နှင့် ဘာမျှ ခြားလိမ့်မည်မဟုတ်ပေ။ ထိုအကြောင်းကြောင့် သူမတို့ဂိုဏ်း၏နောင်ရေးမှာ အမှန်တကယ်ကိုမှ စိတ်ပူစရာဖြစ်နေလေ၏။
“နင်တို့ဂိုဏ်းကို ပြန်ပြီးတော့ နာလန်ထူလာအောင်လုပ်ချင်လား… ဒါမှမဟုတ် အခြားဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းနဲ့ ပူးပေါင်းချင်လား…” ရန်ကိုင်က မေးလိုက်လေသည်။ “အခြားဂိုဏ်းတစ်ဂိုဏ်းနဲ့ ပေါင်းချင်တယ်ဆိုရင်တော့ ငါ နင်တို့ကို အားကိုးရလောက်တဲ့ အင်အားစုတစ်ခုနဲ့ မိတ်ဆက်ပေးလို့ရတယ်… တောင်ဘက်နယ်မြေပဲဖြစ်ဖြစ် မြောက်ဘက်နယ်မြေပဲဖြစ်ဖြစ် အကုန်အဆင်ပြေတယ်… တောင်ဘက်နယ်မြေထဲမှာဆိုရင်တော့ ရွေးစရာသိပ်မရှိဘူး… မြောက်ဘက်နယ်မြေထဲမှာဆိုရင်တော့ ကြိုက်တဲ့ဂိုဏ်းရွေးလို့ရတယ်…”
ထိုစကားကိုကြားသော် ချင်ဖေး၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ “အကြီးအကဲရန် လော့ရှာဂိုဏ်းကို ကူညီပေးချင်တာလား…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ယုကျိုးနဲ့ငါက မိတ်ဆွေတွေလို့ ပြောလို့ရတယ်လေ… သူသေသွားပြီဆိုပေမယ့် သူ့ဂိုဏ်း ဒုက္ခရောက်နေတာကို ငါက ဒီတိုင်းရပ်ကြည့်နေလို့ ဘယ်ဖြစ်ပါ့မလဲ…”
ထိုစကားကိုကြားသော် ချင်ဖေး အလွန်ကိုမှ ဝမ်းသာသွားခဲ့လေသည်။ အလားတူပင် သူမနောက်၌ရှိနေသော လော့ရှာဂိုဏ်းသားများသည်လည်း ရန်ကိုင်အား အံ့ဩတကြီးဖြင့် ကြည့်လာကြသည်။ သူတို့၏အတွေ့အကြုံအရ ဧကရာဇ်အဆင့်ပညာရှင်များသည် သူတို့၏အထက်တွင် ရပ်တည်နေကြသည့်လူများဖြစ်ကြသည်။ သူတို့ကဲ့သို့သောလူများသည် ဧကရာဇ်အဆင့်ပညာရှင်များနှင့် ရင်ပေါင်တန်းကာ စကားပြောခွင့် မရှိကြပေ။ ထိုအကြောင်းကြောင့်သာလျှင် ဟွာချင်းစီမှ ယုကျိုး၏ခန္ဓာကိုယ်အား စောင့်ကြည့်နေသည်ကို တွေ့ပြီးသည့်နောက် အနားမလာဘဲ အဝေးမှသာ ရပ်စောင့်နေခဲ့ခြင်း ဖြစ်လေသည်။
သူတို့၏ဂိုဏ်းချုပ်မှာ အသက်ရှင်စဉ်က အတော်လေးကိုမှ ဖော်ရွေပျူငှာသည့် လူတစ်ဦး ဖြစ်ပါသော်ငြား ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်သည်ဟူသော သူမ၏အဆင့်အတန်းမှာ အတော်လေးကိုမှ အတားအဆီးတစ်ခုသဖွယ် ဖြစ်နေခဲ့လေရာ မည်သူမျှ သူမရှေ့တွင် ကပျက်ကချော်ပုံစံမျိုးဖြင့် စကားမပြောရဲကြပေ။
ဧကရာဇ်ပထမအဆင့်ပညာရှင်တစ်ဦး၏ ရှေ့တွင်ပင်လျှင် သတိထား၍ ပြုမူလှုပ်ရှားနေရလေရာ ဧကရာဇ်ဒုတိယအဆင့် တတိယအဆင့်ပညာရှင်များ အနီးတွင်ဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့ပေ။ ထို့အပြင် ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ အကြီးအကဲတစ်ဦးလည်း ဖြစ်ပေသည်။ ထိုဂုဏ်ပုဒ်သည် သာမန်ဧကရာဇ်အဆင့်ပညာရှင်များထက် ပို၍ အဆင့်အတန်းမြင့်၏။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်နှင့် စကားပြောရာတွင် ချင်ဖေးမှာ အတတ်နိုင်ဆုံး သတိထားနေခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား တစ်ဖက်လူသည် ဤမျှ ပြောရဆိုရလွယ်ကူသည့်လူတစ်ဦး ဖြစ်နေပါလိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။ ရန်ကိုင်သည် သူ့ကိုယ်သူ ယုကျိုးနှင့် မိတ်ဆွေဖြစ်သည်ဟုပင် ပြောခဲ့လေသည်။
ရန်ကိုင်ပြောသွားသည့် မိတ်ဆွေဟူသောစကားမှာ အမှန်တကယ်ကို အရေးကြီးပေသည်။ တကယ်တော့ ဤလောကကြီးတွင် မည်သည့်ဧကရာဇ်အဆင့်ပညာရှင်ဘယ်လောက်များများကများ တာအိုသခင်အဆင့်သာ ရှိသေးသည့် လူတစ်ဦးကို မိတ်ဆွေအဖြစ် အသိအမှတ်ပြုချင်ပါမည်နည်း။ ရှိခဲ့မည်ဆိုလျှင်ပင် အလွန်ကိုမှ ရှားပေလိမ့်မည်။ ယုကျိုးသည်သာ ထိုစကားများကို ကြားလိုက်မည်ဆိုပါက သူမ မည်မျှပင် ဝမ်းသာနေလိမ့်မည်နည်း။
ယုကျိုးအကြောင်းကိုတွေးရင်းမှ ချင်ဖေးစိတ်ထဲ ထပ်မံ၍ ဝမ်းနည်းမိသွားပြန်သည်။ ထို့နောက် ပြတ်ပြတ်သားသားအမူအယာဖြင့် ပြောလိုက်လေ၏။ “ကျွန်မ ဂိုဏ်းကိုပဲ ပြန်ပြီးတော့ ထူထောင်ချင်တယ်…”
လော့ရှာဂိုဏ်းသည် သူတို့ အတူကြီးပြင်းလာခဲ့ရာ နေရာဖြစ်သည်။ သူမတို့ အတူနေထိုင်ရာ အိမ်လည်း ဖြစ်သည်။ သူမတို့ဂိုဏ်းကိုသာ ပြန်လည်တည်ထောင်နိုင်မည်ဆိုလျှင် မည်သူကများ အိမ်အသစ်တစ်ခု ထပ်ရှာချင်ပါမည်နည်း။
ချင်ဖေးနောက်တွင်ရှိနေသော အမျိုးသမီးများသည်လည်း ခေါင်းညိတ်လိုက်ကြလေသည်။
“အင်း…” ရန်ကိုင် ခေါင်းညိတ်လိုက်၏။ ထို့နောက် ပြန်၍ မေးလိုက်လေ၏။ “လော့ရှာဂိုဏ်း အဆင့်မြင့်ဧည့်အကြီးအကဲတစ်ဦးကို ငှားဖူးလား…”
ချင်ဖေးက ခေါင်းခါလိုက်သည်။ လော့ရှာဂိုဏ်းတွင် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးသာ ရှိပေသည်။ ထို့အတွက်ကြောင့် အဆင့်မြင့်ဧည့်အကြီးအကဲတစ်ဦးကိုသာ ငှားရမ်းလိုပါက ဧကရာဇ်အဆင့်သို့ရောက်နေသော လူများထဲ လိုက်ရှာရပေလိမ့်မည်။ သို့သော်ငြား ဧကရာဇ်အဆင့်ပညာရှင်အများစုတွင် ကိုယ့်ဂိုဏ်းနှင့်ကိုယ် ရှိကြပြီးသားပင်။ ထိုသို့ဖြစ်လေရာ မည်သူကများ အဆင့်မြင့်ဧည့်အကြီးအကဲအဖြစ် လော့ရှာဂိုဏ်းတွင် လာနေလိုပါမည်နည်း။ သို့သော်ငြား တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးကိုသာ ဧည့်အကြီးအကဲအဖြစ် ငှားရမ်းလိုပါက အလွယ်တကူ ရနိုင်ပေသည်။
“အဲ့ဒါဆို ငါ့ကိုငှားလိုက်… ငါ အခုကနေစပြီးတော့ လော့ရှာဂိုဏ်းရဲ့ အဆင့်မြင့်ဧည့်အကြီးအကဲလုပ်ပေးမယ်…” ရန်ကိုင်က အားတင်းပြုံး၍ ပြောလိုက်လေသည်။
ထိုစကားကိုကြားသော် ချင်ဖေး ကြောင်သွားခဲ့သည်။ ရန်ကိုင်မှာ သူမတို့၏ဂိုဏ်း ဒုက္ခမရောက်ရလေအောင် ကူညီပေးနေခြင်းဖြစ်ကြောင်းကိုလည်း နားလည်သွားခဲ့လေသည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင် ဤကဲ့သို့သောနည်းလမ်းဖြင့် ကူညီလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမထင်ထားသည်မှာတော့ ရန်ကိုင်မှ လူသိရှင်ကြား လော့ရှာဂိုဏ်းသည် သူ၏ကာကွယ်မှုအောက်တွင် ရှိနေသည်ဟု ကြေညာလိုက်သည့် ပုံစံမျိုးဖြင့် ကူညီပေးမည်ဟု ထင်နေခြင်းဖြစ်လေသည်။ သို့သော်ငြား သူကိုယ်တိုင်သည် လော့ရှာဂိုဏ်း၏ အဆင့်မြင့်ဧည့်အကြီးအကဲတစ်ဦး ဖြစ်လာချင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ချင်ဖေးပြန်မဖြေသည်ကိုမြင်သော် ရန်ကိုင်က သူ့နှာခေါင်းကိုပွတ်ရင်းမှ ပြောလိုက်သည်။ “လော့ရှာဂိုဏ်းက အမျိုးသမီးတွေကိုပဲ လက်ခံတာလား… အဲ့လိုဆိုရင် အခြားတစ်ယောက်ကို ထောက်ခံပေးလို့ရတယ်… သူ့ကျင့်ကြံခြင်းက ငါ့အောက်မနိမ့်ဘူး…” ရန်ကိုင်ပြောနေသည်မှာ ကျိယောင်သာ ဖြစ်လေသည်။ ကျိယောင် သူမ၏နာမည်ကို သူ့အား ကျိန်းသေ ငှားသုံးခွင့်ပေးလိမ့်မည်ဟု ရန်ကိုင် ယုံကြည်ပေသည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး…” ချင်ဖေးက သူမလက်ကို အလျင်စလို ဝှေ့ယမ်းလိုက်လေသည်။
ရန်ကိုင်ဆိုသည်မှာ မည်သူနည်း။ ရန်ကိုင်သည် တောင်ဘက်နယ်မြေတစ်ခုလုံး၏ ကယ်တင်ရှင်ဖြစ်ပေသည်။ ရာနှင့်ချီသော ဧကရာဇ်အဆင့်ပညာရှင်များနှင့်တကွ မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါး၊ နတ်အရှင်သုံးပါးကိုပင်လျှင် စေခိုင်းနိုင်သူတစ်ဦး ဖြစ်သည်။ ထို့အပြင် သူကိုယ်တိုင်သည်လည်း အားကောင်းသော ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်လေသည်။ ထိုအကြောင်းကြောင့် ယခုဆိုလျှင် တောင်ဘက်နယ်မြေထဲရှိ မည်သူကများ ရန်ကိုင်အား အထင်အမြင်မသေးရဲကြတော့ပေ။ ရန်ကိုင်ကဲ့သို့သော လူတစ်ဦးသည်သာ လော့ရှာဂိုဏ်း၏ အဆင့်မြင့်ဧည့်အကြီးအကဲတစ်ဦးအဖြစ် လာလုပ်ပေးမည်ဆိုပါက မည်သူကများ သူတို့အား ဒုက္ခပေးရဲတော့ပါမည်နည်း။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၇၄)
ဘာသာပြန်သူ_တိမ်တိုက်
"အကြီးအကဲရန်သာ လော့ရှာဂိုဏ်းရဲ့ အကြီးအကဲလုပ်မယ်ဆိုရင်တော့ ကျွန်မတို့ လော့ရှာဂိုဏ်းအတွက် တကယ်ကို ဂုဏ်တက်စရာပေါ့၊ ဒါပေမဲ့ ကျွန်မတို့ ဂိုဏ်းက တော်တော်လေးကို ဆင်းရဲတယ်လေ၊ ဝင်ငွေကလည်း ဒီလောက် ရှိတာမဟုတ်ဘူး၊ ဒါကြောင့် ကျွန်မတို့ ပြန်ပေးနိုင်မှာက အကြီးအကဲရန်အတွက် သိပ်ပြီးတော့ မမျှတသလို ဖြစ်နေလိမ့်မယ်" ချင်ဖေး၏ အသံမှာ ပြောရင်းပြောရင်းနှင့် ပိုပို၍ တိုးသွားခဲ့ပြီး အဆုံးတွင်တော့ လုံးဝကို တိုးကျသွားခဲ့လေသည်။ သူမတို့၏ လော့ရှာဂိုဏ်း ရန်ကိုင်အား မငှားနိုင်မည်ကို အမှန်တကယ် စိတ်ပူမိပေသည်။ ရန်ကိုင်သည် သာမန် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်နေလျှင် ကိစ္စမရှိ။ သို့သော်ငြား အဓိကအချက်မှာ ရန်ကိုင်သည် သာမန်ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်မနေခြင်းပင်။ သူမတို့သည်သာ ရန်ကိုင်အား တကယ်ကြီး ငှားရမ်းလိုက်မည်ဆိုလျှင် သူ့အားမဖြစ်စလောက်ကလေး သွားပေးနေပါက အမှန်တကယ်ကို ရှက်စရာကောင်းနေပေလိမ့်မည်။ သို့သော်ငြား လော့ရှာဂိုဏ်းမှာ ရန်ကိုင်အား များများစားစား မပေးနိုင်ပေ။
ရန်ကိုင်သည် သူ့လက်ထဲရှိ အဝတ်အိတ်ကို ကိုင်ရင်းမှ ပြောလိုက်သည်။ "ဒါနဲ့ဆို လုံလောက်ပြီ"
ချင်ဖေးသည် ရန်ကိုင်အား ကျေးဇူးလည်းတင် စိတ်ခံစားချက်လည်း ရောပြနေသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။ ထိုအဝတ်အိတ်ထဲတွင် ရှိနေသည့် အစေ့များမှာ စုစုပေါင်းမှ အရင်းအမြစ်ကျောက်တုံး တစ်ရာဖိုးပင် မရှိပေ။ ရန်ကိုင်သည် ယုကျိုးအား ငဲ့ညှာ၍ စဉ်းစားပေးနေသည့်အတွက်ကြောင့်သာ မဟုတ်ပါက ဤကဲ့သို့သော အလဲအလှယ်မျိုးကို မည်သည့်နည်းနှင့်မျှ လက်ခံလိမ့်မည်မဟုတ်မှန်း ချင်ဖေး သိနေခဲ့သည်။
[သူ့ကြည့်ရတာ ယုကျိုးကို သူ့မိတ်ဆွေအဖြစ် တကယ်သဘောထားတယ်နဲ့ တူတယ်]
ချင်ဖေးမှာ ဝမ်းလည်းဝမ်းနည်း ဝမ်းလည်းဝမ်းသာမိပေသည်။ [ယုကျိုးသာ အသက်ရှင်ဦးမယ်ဆိုရင် ဒီအကြောင်းကို ကြားပြီးတော့ ကျိန်းသေဝမ်းသာနေမှာ]
ထို့နောက်တွင် ချင်ဖေးက ရုတ်တရက် ပြောလိုက်လေသည်။ "နေမင်းပြာကျောင်းတော်ကရော" [သူက နေမင်းပြာကျောင်းတော်ရဲ့ အကြီးအကဲတစ်ယောက်ဆိုတော့ သူတို့ကသူ့ကို ငါတို့လော့ရှာဂိုဏ်းမှာ အဆင့်မြင့်အကြီးအကဲတစ်ယောက် လာလုပ်ခိုင်းပါ့မလား]
ရန်ကိုင်က ပြန်၍ ပြောလိုက်သည်။ "စိတ်မပူနဲ့၊ ကျောင်းသခင်ဝမ်က ကန့်ကွက်မှာမဟုတ်ဘူး"
"ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲရန်" ချင်ဖေး ဦးညွှတ်လိုက်လေသည်။
ထို့နောက်တွင် ရန်ကိုင်က လက်မြှောက်၍ ပြောလိုက်သည်။ "နင့်ဂိုဏ်းသားတွေကို ခေါ်ပြီးတော့ တစ်နေရာရာမှာ သွားအနားယူနေလိုက်၊ ဒီကကိစ္စတွေ ပြီးသွားရင် လော့ရှာဂိုဏ်းဆီ ငါကိုယ်တိုင်လိုက်ခဲ့ပေးမယ်"
"ဟုတ်ကဲ့" ချင်ဖေးက တလေးတစားနှင့် ပြန်ပြောလိုက်ပြီးသည့်နောက် သူမ အဖွဲ့သားများကို အခြားတစ်နေရာဆီသို့ ခေါ်သွားလေသည်။
ထို့နောက်တွင် ရန်ကိုင်သည် ဟွာချင်းဇီဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ "မဟာဧကရာဇ် ရောက်လာရင် ငါ့ကိုလာပြော"
ရန်ကိုင်သည် လူအိုကြီးတစ်ဦးအား လက်ရှိအခြေအနေကို ကြယ်ဝိညာဉ်နန်းတော်ဆီသို့ သွားအကြောင်းကြားကာ အကူအညီတောင်းရန် ပြောခဲ့သည်။ ရန်ကိုင် တွက်ချက်ကြည့်ရသလောက် ကြယ်ဝိညာဉ်နန်းတော်မှ စစ်ကူများ ရောက်လာဖို့ရာ အချိန်သင့်နေလေပြီ။ ရှောင်ယုယန် ကိုယ်တိုင်သည်ပင်လျှင် မဟာဧကရာဇ်နှင့် တွေ့ဆုံရန်အတွက် ထွက်ခွာသွားလေပြီဖြစ်လေရာ နောက်ထပ် အများဆုံးမှ နှစ်ရက်လောက်သာ ကြာပေတော့မည်။
ဟွာချင်းဇီမှာ ခေါင်းညိတ်လိုက်ပြီးသည့်နောက် ရန်ကိုင်လည်း ထွက်ခွာလာခဲ့လိုက်သည်။
ရှေးဟောင်းကျောင်းတော်ထဲရှိ ကိစ္စများမှာ အနည်းနှင့်အများဆိုသလို တည်ငြိမ်သွားခဲ့လေပြီ။ လူသားနှင့် နတ်ဆိုးများကို ခွဲခြားနိုင်သည့် အားဝမ်၏ စွမ်းရည်ကြောင့် နတ်ဆိုးများ ပုန်းအောင်းနေမည်ကို ဆက်၍ စိတ်ပူစရာမလိုတော့ပေ။ ထိုအကြောင်းကြောင့် မြောက်ဘက်နယ်မြေမှ ဧကရာဇ်အဆင့်ပညာရှင်များနှင့် ရှေးဟောင်းတောအုပ်ကြီးမှ မွန်းစတားဘုရင်များ ဤနေရာတွင် ဆက်နေဖို့ရာ မသင့်တော်တော့ပေ။ ရန်ကိုင်သည် ထိုလူအုပ်ကြီးကို ပြန်ခေါ်လိုက်ပြီး ဟင်းလင်းပြင်အစီအရင် ခင်းကျင်းထားရာ တောင်ပေါ်ဆီသို့ ပြန်ခေါ်လာခဲ့လိုက်သည်။
မြောက်ဘက်နယ်မြေမှ လူများမှာ ယခုတစ်ကြိမ်တွင်တော့ အတော်လေးကိုမှ နာခံနေကြလေသည်။ အထူးသဖြင့် ရန်ကိုင်မှ မည်ကဲ့သို့သော အင်အားစုမျိုးအား ဆင့်ခေါ်နိုင်သလဲဆိုသည်ကို သိပြီးသည့်နောက်တွင်ပင်။ ရန်ကိုင်မှ နေခိုင်းသည့်အခါမျိုးတွင် ငြိမ်ငြိမ်လေးနေခဲ့ပြီး ရန်ကိုင်မှ ထွက်သွားခိုင်းသည့်အခါတွင်လည်း အထွန့်မတက်ဘဲ ထွက်သွားခဲ့သည်။ သို့သော်ငြား မွန်းစတားဘုရင်များမှာတော့ ဤနေရာမှ မထွက်သွားချင်သည့် ပုံစံမျိုး ဖြစ်နေကြလေသည်။ နတ်အရှင်သုံးပါးမှ အနီးကပ် စောင့်ကြည့်နေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်ဆီသို့ ပြေးသွားပြီး သူနှင့်အတူ နေလိုကြောင်း ပြောကြပေလိမ့်မည်။
ရန်ကိုင်မှ မွန်းစတားဘုရင်များကို ပြန်ပို့နေစဉ် မွန်းစတားဘုရင်များ၏ အမူအရာမှာ ပိုပို၍ မကျေမနပ်ဖြစ်လာခဲ့သည်။ နောက်ဆုံးတွင်တော့ အမျိုးသမီးမွန်းစတားဘုရင် ဖြစ်သည့် တုမီအာသည် ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်တော့လေသည်။ "ဆရာ၊ အားရင် ရှေးဟောင်းတောအုပ်ကြီးဆီလာပြီး ကျွန်မဆီ လာလည်လို့ရတယ်နော်၊ ကျွန်မ ဆရာ့ကို အရမ်းလွမ်းနေမှာ"
ထိုအချင်းအရာကို မြင်လိုက်သော် လွမ်ဖုန်း၏ မျက်နှာကြီး သုန်မှုန်သွားခဲ့သည်။ ဖန်းဝူနှင့် ချန်ကွော့တို့မှာတော့ သက်ပြင်းကြိတ်ကာချရင်းမှ စိုးရိမ်နေသည့် အမူအရာများဖြင့် ရှိနေကြလေ၏။
နောက်ဆုံး ခက်ခက်ခဲခဲ ကြိုးစားပြီးသည့်နောက်တွင် ရန်ကိုင်သည် လူတိုင်းအား ပြန်ပို့လိုက်နိုင်ခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် အနောက်ဘက်သို့ လှည့်၍ သက်ပြင်းချကာ ပြောလိုက်လေ၏။ "ဂျူနီယာညီမ ကျိယောင်၊ နင်ဘာတွေ ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ၊ ငါ့ကို ဘာမှမမြင်ဘူး ထင်နေတာလား"
ကျိယောင်သည် မလှမ်းမကမ်း သစ်ပင်တစ်ပင် အနောက်ဆီမှ ထွက်လာပြီး ရန်ကိုင်ဆီသို့ လမ်းလျှောက်လာခဲ့သည်။ ယခုတစ်ကြိမ်၌ မြောက်ဘက်နယ်မြေထဲရှိ ရေခဲနှလုံးသားတောင်ကြားမှ လူများများစားစား လာခဲ့ကြသည် မဟုတ်။ ရန်ကိုင်မှ ရေခဲနှလုံးသားတောင်ကြားမှ လူများကို ပြန်ပို့နေစဉ် ကျိယောင်ကို မတွေ့ခဲ့ရပေ။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက် ကျိယောင်မှာ အနီးအနားတစ်နေရာတွင် ပုန်းအောင်းနေကြောင်း တွေ့လိုက်ရလေသည်။ သို့သော်ငြား ရန်ကိုင်မှာ ကျိယောင်အား သွား၍ မပြောခဲ့ပေ။ ယခု လူတိုင်းအကုန်ထွက်သွားပြီးသည့် နောက်မှသာလျှင် ကျိယောင်အား ခေါ်လိုက်ခြင်း ဖြစ်သည်။
အကြည့်ချင်းဆုံသွားသည့်အခိုက် ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်လေ၏။ "နင်ဘာလို့ မပြန်တာလဲ"
ကျိယောင်က ပြန်ပြောလိုက်သည်။ "ငါနင့်ကို အဖော်ပြုပေးမလို့"
ပြောနေရင်းမှ ကျိယောင်သည် ရန်ကိုင်၏ လက်ကို ကိုင်၍ တစ်ခုသောနေရာဆီသို့ သူ့အား ဆွဲခေါ်သွားခဲ့လေသည်။ ရန်ကိုင်လည်း ခုခံမနေခဲ့ဘဲ ကျိယောင် ခေါ်သွားရာ နေရာဆီသို့သာ လိုက်သွားခဲ့သည်။
မကြာမီ တောင်တစ်လုံးပေါ်ဆီသို့ ရောက်နေခဲ့သည်။ လက်ရှိအချိန်တွင် ရှေးဟောင်းကျောင်းတော်ကြီးတစ်ခုလုံးမှာ ဗလာကျင်းလုနီးပါး ဖြစ်နေလေသည်။ သိုင်းပညာရှင်စုဝေးပွဲ၌ လာရောက်ယှဉ်ပြိုင်ကြသော အသက်ရှင်ကျန်ရစ်ကြသည့် ကျင့်ကြံသူများ အများစုသည် တောင်ကြားနေရာတွင်သာ စုဝေးနေကြပြီး ရှေးဟောင်းကျောင်းတော်၏ တပည့်များမှာမူ သေကုန်ကြလေပြီ။ ထိုအကြောင်းကြောင့် တောင်ပေါ်ရှိ အဆောက်အအုံများမှာ လူသူကင်းမဲ့နေခဲ့သည်။
တိုက်ဆိုင်မှုပဲလား တမင်တကာပဲလား မသိရ။ ကျိယောင် ရွေးလိုက်သည့် နေရာသည် နေမင်းပြာကျောင်းတော်မှ လူများ ယခင်နေခဲ့သည့် နေရာ ဖြစ်နေခဲ့လေသည်။
ထိုနေရာသို့ ရောက်သည်နှင့် အခန်းတစ်ခန်းထဲသို့ တန်းဝင်သွားလိုက်ပြီး အခန်းတံခါးကို ပိတ်လိုက်သည်။ ထို့နောက် ရန်ကိုင်ကို လက်ကိုလွှတ်၍ အသက်ကို ပြင်းပြင်းရှူသွင်းရင်း မျက်လုံးပိတ်ကာ ထိုနေရာ၌ ရပ်နေလေ၏။
ရန်ကိုင်ကမူ ကျိယောင်၏ ပုံစံကိုကြည့်ရင်းမှ ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ဘဲ ရယ်မောလျက် ပြန်မေးလိုက်၏ “နင်ဘာလုပ်နေတာလဲ”
ကျိယောင်သည် မျက်လုံးပြန်ဖွင့်လာလျက် ရန်ကိုင်၏အမေးကို မေးခွန်းဖြင့် ပြန်လည် တုန့်ပြန်လိုက်သည် “နင်ဘာလုပ်ချင်လဲ”
သူမပုံစံကို ကြည့်ရသည်မှာ ‘နင်ငါ့ကို လုပ်ချင်တာလုပ်လို့ရတယ်’ဟု ပြောနေသယောင်ယောင်။
ရန်ကိုင် ဆွံ့အသွားတော့လေ၏ (နင်ပဲငါ့ကို ဒီနေရာဆီ ဆွဲခေါ်လာတာလေ၊ အဲ့ဒါကို ငါဘာလုပ်ချင်လဲ လာမေးနေတာလား)
သို့ပင်ဖြစ်လင့်ကစား သူမဘာတွေးနေသလဲ ဆိုသည်ကို စဉ်းစားမိသည့်အလား ရန်ကိုင်၏ ခေါင်းထဲ အတွေးတစ်ခု ပေါ်လာခဲ့သည်။ ထိုအတွေးကို စဉ်းစားရင်းမှ ရယ်မောလျက် “ငါက အဲ့လောက်အားမနည်းဘူးနော်...”
ကျိယောင်သည် ရန်ကိုင်ကို မျက်လုံးကြီးပြူးလျက် ကြည့်နေခဲ့သည်။ သူပြောသည်ကို ကျိယောင်ယုံမယုံ ရန်ကိုင် မသိပါသော်ငြား ကျိယောင် သတိလက်လွတ် ဖြစ်နေစဉ် သူမအား သူ့ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်လေသည်။ ကျိယောင်မှာ တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားပြီး အထိတ်တလန့် လေသံဖြင့် “နင်ပဲ …”
ရန်ကိင်ကပြုံးဖြီးလျက် “ငါက အဲ့လောက်အားမနည်းဘူး။ ဒါပေမယ့် နင်က ငါ့ရှေ့တည့်တည့်ကို အရောက်လာပေးမှတော့ ငါ့ဘက်က ငြင်းလိုက်ရင် ရိုင်းရာ ကျသွားမှာပေါ့”
ထို့နောက် အားနည့်နည့်ထည့်လိုက်ရာ ရန်ကိုင်တို့နှစ်ဦး ကုတင်ပေါ်သို့ လဲကျသွားလေသည်။
ကျိယောင်မှာ ရုတ်တရက် ငိုချင်လာခဲ့သည်။ သို့သော် မျက်ရည်ကား ကျမလာခဲ့။ တစ်ကိုယ်လုံးမှာလည်း နတ်ပူးနေသည့်ပမာ တဆတ်ဆတ်ကို တုန်ရင်နေခဲ့လေသည်။ လက်ကြီးတစ်ဖက်မှ သူမ၏ ခန္ဓာကိုယ်အား ပွတ်သပ် ဆုပ်နှယ်နေသည်ကို အတိုင်းသားခံစားနေမိလေသည်။ ထိုလက်ချောင်းထိပ်များထဲ လျှပ်စစ်ဓါတ်တို့ဖြင့် ပြည့်နေသည့်အလား တစ်ကြိမ် ထိလိုက်တိုင်း ထိလိုက်တိုင်း ကျိယောင်၏ ခန္ဓာကိုယ်လေး တုန်တုန်တက်သွား၏။
ပူနွေးလျသည့် လေပူတို့သည်လည်း သူမ၏ ဝမ်းဗိုက်နေရာမှတစ်ဆင့် ရင်ဘတ်၊ လည်တိုင်ဆီသို့ တဖြည်းဖြည်း တက်လာခဲ့ပြီး နောက်ဆုံးတွင် သူမ မျက်နှာရှေ့သို့ ရောက်လာခဲ့လေသည်။ ကျိယောင်မှာ ချက်ချင်း မျက်လုံးကို ပိတ်ချလိုက်သည်။ သူမ၏ မျက်တောင်လေးများမှာတော့ အဆက်မပြတ် တုန်ခါနေလေ၏။ ထို့နောက်တွင် သူမ၏ နှုတ်ခမ်းလေးများကို အခြားသော နှုတ်ခမ်းတစ်စုံမှ လာရောက် နမ်းရှိုက်နေသည်ကို ခံစားမိလိုက်လေသည်။
ယခုတစ်ကြိမ်တွင် ရန်ကိုင်မှာ အတော်လေးကို ကြမ်းပေသည်။ သူ့လက်များသည် သူမ၏ ခန္ဓာကိုယ်ကို အကြမ်းပတမ်း ပွတ်သပ်ဆုပ်နယ်နေခဲ့ရာ ကျိယောင်၏ အသားများ အနည်းငယ် နာကျင်နေမိသလို သူမနှုတ်ခမ်းထက်ရှိ အကြမ်းပတမ်း အားကြောင့်လည်း အသက်ရှူကြပ်သလို ခံစားလာရလေသည်။
အတန်ကြာပြီးနောက်တွင် နှုတ်ခမ်းချင်း ကွာသွားခဲ့လေသည်။ ကျိယောင်မှာမူ ရေထဲမှ ခုန်ထွက်လာသည့် ငါးတစ်ကောင်ပမာ အသက်ကို အမောတကော ရှူရှိုက်တော့သည်။ မျက်လုံး မဖွင့်ရသေးပါသော်ငြား သူမအား ကြည့်နေသည့် အကြည့်တစ်စုံကို ခံစားမိနေသည်။ ထိုအကြည့်ကြောင့် ကျိယောင်မှာ အလွန်ကိုမှ ရှက်ရွံ့နေမိကာ မျက်လုံးကို မဖွင့်သေးရဲ ဖြစ်နေခဲ့သည်။ သူမစိတ်ထဲ ယခုတစ်ကြိမ်တော့ လွတ်တော့မှာ မဟုတ်ဘူးဟု တွေးနေစဉ်မှာပင် ရန်ကိုင်သည် ဘေးဘက်သို့လှိမ့်ချသွားပြီး သူမဝမ်းဗိုက်ပေါ်တွင် ခေါင်းတင်၍ အနားယူလေ၏။
ကျိယောင်မှာ မယုံသင်္ကာအမူအရာဖြင့် မျက်လုံး ပြန်ဖွင့်လာပြီး ဖြည်းဖြည်းချင်း ကောက်ထိုင်လိုက်လေသည်။ ထို့နောက် ရန်ကိုင်၏ ခေါင်းကို သူမပေါင်ပေါ် တင်ပေး၍ ရန်ကိုင်မျက်နှာကို ကြည့်ရင်းမှ မေးလိုက်လေ၏ “နင်အခု အဆင်ပြေသွားပြီလား”
ပြောနေရင်းမှ ရန်ကိုင်၏ အနည်းငယ် ဖွာကြဲလန်နေသော ဆံပင်များကို သပ်ရပ်သွားအောင် လုပ်ပေးလိုက်လေသည်။
ရန်ကိုင်သည် ကျိယောင်၏လက်ကို ဖမ်းဆွဲ၍ သူမ၏ လက်ဖဝါး နုနုလေးများကို သူ့လက်ဝါးပေါ်တင်ရင်းမှ ပြောလိုက်လေသည် “ပြန်ရောက်ရင် ငါစီနီယာပင်းယွင်နဲ့ သွားပြောတော့မယ်”
ကျိယောင်၏ ခန္ဓာကိုယ်လေး တုန်ရီသွားပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည် “ဆရာနဲ့ သွားပြောဖို့၊ ဘာကို ပြောမှာလဲ”
ရန်ကိုင်က ကျိယောင်ကို စိုက်ကြည့်ရင်းမှ ပြန်ပြောလိုက်သည် “ဘာပြောရမှာလဲ၊ ငါတို့ နှစ်ယောက်ကိစ္စပေါ့။ စီနီယာပင်းယွင် ငြင်းမယ်လို့ မထင်ဘူး”
ကျိယောင်၏ မျက်နှာထက်ရှိ ရှက်သွေးဖြာနေသည့် အရိပ်အယောင်တို့ ပျောက်ကွယ်သွားပြီး ချက်ချင်းပဲ ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် ပြန်ပြောလိုက်၏ “မပြောနဲ့”
ရန်ကိုင်က အံ့အားသင့်သွားဟန်ဖြင့် ပြန်မေးလိုက်လေသည် “ဘာလို့လဲ”
ကျိယောင်က ခေါင်းခါမြဲခေါင်းခါလျက် “ဆရာ့ကို မပြောနဲ့”
ရန်ကိုင်သည် တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်နေပြီးနောက် ပြုံး၍ ပြန်ပြောလိုက်လေသည် “စီနီယာပင်းယွင် နင်ဘာဖြစ်နေလဲဆိုတာကို မသိဘူးများ ထင်နေတာလား။ မပြောဘဲနဲ့သာ နေနေသာ။ ဒီအတိုင်း ဆက်သွားနေရင် ခံစားရမယ့်လူက နင်ပဲ ဖြစ်မှာနော်။ နင်သိတဲ့အတိုင်းပဲ၊ ငါ့မှာ စုယန်နဲ့ အခြားသူတွေ...”
“ငါသိတယ်။ ဒါပေမယ့် ဆရာ့ကို မပြောနဲ့”
ရန်ကိုင်လည်း သိချင်စိတ်ဖြင့် ပြန်မေးလိုက်လေသည် “ဘာလို့လဲ”
“ဘာ ဘာလို့မှ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်၊ ဆရာ့ကို လုံးဝ သွားမပြောနဲ့”
ရန်ကိုင်မှာ ရယ်ရခက် ငိုရခက် ဖြစ်နေခဲ့လေသည် “ဒီအထိတောင် ရောက်နေပြီပဲကို၊ နင်ဘာတွေ ဒီလောက်တောင် ဖုံးကွယ်ထားချင်နေသေးတာလဲ။ ဒီအတိုင်းပဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်ရင် ပြီးနေပြီပဲကို၊ အဲ့ဒါက ပိုမကောင်းဘူးလား”
ကျိယောင်ကမူ ခေါင်းကိုသာ အဆက်မပြတ် ခါနေခဲ့လေသည်။
ရန်ကိုင် ရင်ထိတ်သွားပြီး ပြန်မေးလိုက်လေသည် “ဘာလို့လဲ၊ နင်ငါနဲ့ အတူ မရှိချင်လို့လား”
“မဟုတ်ဘူး။ အဲ့ဒါ မဟုတ်ဘူး”
ရန်ကိုင်က ဆက်ပြောလိုက်သည် “ငါတို့ အခုလုပ်နေတာလဲ ဖောက်ပြန်...”
ရန်ကိုင်မှာ ထိုစကားကို ဆုံးအောင် မပြောခဲ့ချေ။
ကျိယောင်က ခေါင်းငုံ့ရင်းမှ ပြန်ပြောလိုက်လေသည် “ဖောက်ပြန်နေတော့ရော ဘာဖြစ်လဲ။ ဒီအတိုင်းလည်း အဆင်ပြေနေတာပဲကို...”
ရန်ကိုင်မှာ ကျိယောင်ကို အံ့ဩတကြီးဖြင့် ကြည့်နေလိုက်လေသည်။
ရန်ကိုင် သူမအား ကြည့်နေသည့်ပုံစံကို မြင်သော် ကျိယောင်က ရုတ်တရက် အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်လေသည် “နင်အခြားသူတွေကို လျှောက်ပြောမယ်ဆို ငါတောက်လျှောက်ကို တံခါးပိတ်ကျင့်စဉ်ဝင်နေတော့မှာ။ သေတဲ့အထိ နင်နဲ့ထပ်တွေ့တော့မှာ မဟုတ်ဘူး”
ရန်ကိုင်မှာလည်း အထိတ်ထိတ်အလန့်လန့်နှင့် အလျင်အမြန် နှစ်သိမ့်ပေးလိုက်ရ၏ “ကောင်းပြီ၊ ကောင်းပြီ၊ ငါမပြောတော့ဘူး ဟုတ်ပြီလား”
ထိုအခါသာ ကျိယောင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ ကျိယောင်သည် ငြိမ်ငြိမ်လေး ထိုင်နေရင်း ရန်ကိုင်၏ မျက်နှာအား ကြင်နာယုယစွာဖြင့် ငုံ့ကြည့်နေခဲ့သည်။ ရန်ကိုင်ကမူ ကျိယောင်၏ ပေါင်ပေါ် ဇိမ်ပြေနပြေ လဲလျောင်းနေခဲ့လေသည်။
အချိန်မည်မျှကြာသွားလို့ ကြာမှန်းမသိ၊ ရန်ကိုင် ရုတ်တရက် မျက်လုံးပြန်ပွင့်လာပြီး သိုလှောင်လက်စွပ်ထဲမှ ဆက်သွယ်ရေး မှော်ရတနာကို ထုတ်၍ ထိုထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းလိုက်လေသည်။ ထို့နောက် မတ်တပ်ထရပ်၍ ပြောလိုက်၏ “ကြယ်ဝိဥာဉ်နန်းတော်ကလူတွေ ရောက်နေပြီ”
“နင့်ဆံပင်တွေ” ကျိယောင်က လှမ်းပြောလိုက်သည်။
ရန်ကိုင်၏ ဆံပင်များမှာ ဖွာကြဲလန်နေသည်။ သူသာ ဤအတိုင်း ထွက်သွားမည် ဆိုလျှင် သူဘာလုပ်နေသလဲဆိုသည်ကို အခြားသူများ ခန့်မှန်းမိသွားပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင်သည် ကုတင်စောင်းတွင် အလျင်စလို ကောက်ထိုင်ချလိုက်သည်။ ကျိယောင်သည် ရန်ကိုင်နောက်တွင် ဒူးထောက်ထိုင်၍ ရန်ကိုင်၏ ဆံပင်များနှင့်တကွ အဝတ်အစားများကို သပ်ရပ်သွားအောင် လုပ်ပေးလိုက်လေသည်။ ထို့ကြောင့် ရန်ကိုင်က ပြုံးလျက် ကျိယောင်အား ပြန်လှည့်ဖက်တော့မည်အပြု ကျိယောင်က ရန်ကိုင် သူမအား ကပ်မလာနိုင်အောင် လက်ဖြင့် တွန်းထားလျက် ပြန်ပြောလိုက်သည် “အလုပ်ကိစ္စ အရင်သွားလုပ်”
သူမ ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ရန်ကိုင်သည် သူမအား ကောက်နမ်းလိုက်လေသည်။ သို့သော် တစ်ခဏလေးသာ။ တစ်ခဏအကြာ၌ ရန်ကိုင်တို့နှစ်ဦး နန်းတော်ထဲမှ ထွက်လာပြီး တောင်ကြားဆီသို့ ပျံသန်းသွားလေ၏။
တောင်ကြာထဲရှိ တစ်နေရာတွင် ဝမ်ကျိရှန်း၊ မာချင်းနှင့် တောင်ဘက်နယ်မြေမှ အခြားသူများ စုဝေးနေခဲ့ကြသည်။ မဟာဧကရာဇ်နှင့် သွားတွေ့သော ရှောင်ယုယန်သည်လည်း ပြန်ရောက်နေခဲ့လေပြီ။ သူ့အပြင်၊ ထို့နေရာ၌ အသက်ကြီးကြီး၊ အနက်ရောင်ဆံပင်နှင့် လူထွားကြီး တစ်ဦးနှင့် စူးရှသည့် မျက်လုံးများကို ပိုင်ဆိုင်ထားသော ဆံဖြူလူအိုကြီးတစ်ဦးတို့ ရှိနေခဲ့သည်။ ထိုနှစ်ဦးသည် ကြယ်ဝိဥာည်နန်းတော်၏ ဧကရာဇ်တတိယအဆင့် ပညာရှင်များ ဖြစ်ကြသည် ပထမအကြီးအကဲ (အကြီးအကဲချုပ်) လေ့ဟုန်နှင့် ဒုတိယအကြီးအကဲ ရွှယ်ကျန်းမောင်တို့ ဖြစ်ပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၇၅)
ဘာသာပြန်သူ_တိမ်တိုက်
ထိုအဖွဲ့မှာ ဤနေရာသို့ ရောက်မလာခင် ရှေးဟောင်းကျောင်းတော်၌ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို သိနေရပြီး ဖြစ်ပေလိမ့်မည်။ ထိုအကြောင်းကြောင့် လက်ရှိအခိုက်အတန့်တွင် သူတို့၏ မျက်နှာများမှာ ပုပ်သိုးသိုး ဖြစ်နေကြလေသည်။ လေခွင်းသံများ ကြားလိုက်ရသော် ထိုအရပ်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ ထိုစဉ် ဝမ်ကျိရှန်းက ပြောလိုက်လေ၏။ "ရန်ကိုင်ရောက်လာပြီ"
ဤသည်မှာ လဲ့ဟုန်နှင့် ရွှယ်ကျွင်းမောင်တို့အဖို့ ရန်ကိုင်အား ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်း မဟုတ်။ ရန်ကိုင်မှ ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်ရန်အလို့ငှာ ကြယ်ဝိညာဉ်နန်းတော်ဆီသို့ သွားစဉ်က သူတို့ နှစ်ဦးမှာ ထိုနေရာ၌ ရန်ကိုင်အား တွေ့ခဲ့ဖူးပေသည်။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ သူတို့ စိတ်ထဲ အံ့အားသင့်နေမိသည်။ ရှောင်ယုယန်သည်သာ အကြောင်းစုံကို သူတို့အား ကြိုမပြောပြထားခဲ့လျှင် ရန်ကိုင်သည် ရှေးဟောင်းကျောင်းတော်၏ ပြဿနာတစ်ခုလုံးကို တစ်ကိုယ်တော်ကိုင်တွယ်သွားခဲ့သည်ဟူသော အချက်ကို သူတို့အနေဖြင့် လုံးဝယုံနိုင်လိမ့်မည် မဟုတ်ပေ။
ရန်ကိုင်သည် တစ်ရက်အတွင်းမှာပင် စစ်ကူများစွာကို စုဝေးနိုင်ခဲ့သည်။ ထိုအပြင် နယ်မြေခြား ဟင်းလင်းပြင်အစီအရင်တစ်ခုကိုလည်း ခင်းကျင်းနိုင်လေ၏။ ဤကဲ့သို့သော ပါရမီမျိုးသည် အလွန်ကိုမှ အံ့ဩဖွယ်ကောင်းလွန်းလှသည်။ ယခင်က အကြောင်းကို ပြန်စဉ်းစားလိုက်မည်ဆိုပါက လဲ့ဟုန်နှင့် ရွှယ်ကျွင်းမောင်တို့မှာ ရန်ကိုင်မှ ကြယ်ဝိညာဉ်နန်းတော်ထဲရှိ ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်သွားစဉ် သူ့အပေါ် သိပ်၍ အာရုံမစိုက်ခဲ့ပေ။ သို့သော်ငြား ယခုအချိန်တွင်မူ ရန်ကိုင်အား အဆင့်တူတစ်ဦးအဖြစ် သတ်မှတ်ထားရလေပြီ။
"ကျောင်းသခင်၊ တော်ဝင်သခင်မာ၊ ရွှေသံတမန်ရှောင်" ရန်ကိုင်သည် ရောက်လာပြီးသည့်နောက် တစ်ယောက်ချင်းစီကို လိုက်လံ၍ နှုတ်ဆက်လိုက်လေသည်။ ထို့နောက် လဲ့ဟုန်နှင့် ရွှယ်ကျွင်းမောင်တို့ကိုလည်း နှုတ်ဆက်လိုက်လေ၏။
လဲ့ဟုန်နှင့် ရွှယ်ကျွင်းမောင်တို့သည် အကြည့်ချင်းဖလှယ်လိုက်ပြီးသည့်နောက်တွင် သူတို့၏ ခါးများ မြေပြင်နှင့် တစ်ပြေးတည်းဖြစ်သွားလောက်သည့်အထိ ဦးညွှတ်လိုက်ပြီးသည့်နောက် ပြောလိုက်လေသည်။ "အကြီးအကဲရန်၊ အခုလိုမျိုး တောင်ဘက်နယ်မြေက ကျင့်ကြံသူတွေအများကြီးကို ကယ်ဆယ်ပြီးတော့ ဒီပြဿနာကို ဖြေရှင်းပေးတဲ့အတွက် ကြယ်ဝိညာဉ်နန်းတော်က အကြီးအကဲရန်ကို တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်"
တောင်ဘက်နယ်မြေကို ကာကွယ်ရမည်မှာ ကြယ်ဝိညာဉ်နန်းတော်၏ တာဝန်ဖြစ်ပေသည်။ သို့သော်ငြား ရှေးဟောင်းကျောင်းတော်ထဲတွင် ဤကဲ့သို့သော ပြဿနာတစ်ရပ် ရှိနေလိမ့်မည်ဟု လုံးဝထင်ထားခဲ့ခြင်း မရှိပေ။ သူတို့၏ ပေါ့လျော့သတိမဲ့မှုကြောင့် တောင်ဘက်နယ်မြေမှာ အကျအဆုံးများစွာနှင့် ရင်ဆိုင်ခဲ့ရကာ ဤကိစ္စသည် ကြယ်ဝိညာဉ်နန်းတော်၏ ဂုဏ်သတင်းကို အကြီးအကျယ်ထိခိုက်စေခဲ့လေသည်။ ရှေးဟောင်းကျောင်းတော်၏ အစီအစဉ်သည်သာ အောင်မြင်သွားခဲ့မည်ဆိုပါက ကြယ်ဝိညာဉ်နန်းတော် မျက်နှာပျက်ရရုံနှင့်တင် အဆုံးသတ်သွားလိမ့်မည် မဟုတ်ဘဲ တောင်ဘက်နယ်မြေ၏ အုတ်မြစ်တစ်ခုလုံးသည်ပါ ယိုင်နဲ့သွားရနိုင်ပေသည်။ ထိုအကြောင်းကြောင့် သူတို့ စိတ်ထဲ ရန်ကိုင်အပေါ် အမှန်တကယ်ကို ကျေးဇူးတင်မိလေသည်။
ရန်ကိုင်က လက်မြှောက်၍ ပြန်ပြောလိုက်သည်။ "အဲဒီလိုမျိုးတွေ လုပ်နေစရာမလိုပါဘူး၊ ကျုပ်လည်း လုပ်သင့်တာကိုပဲ လုပ်လိုက်တာ"
ထို့နောက် သက်ပြင်းချ၍ ဆက်ပြောလိုက်လေသည်။ "ဒါပေမဲ့ အကုန်လုံးက ရုတ်တရက်ကြီးဖြစ်သွားတာ ဆိုးသွားတာ၊ အဲဒါကြောင့် ကျုပ်လည်း အချိန်မီ မတုံ့ပြန်လိုက်နိုင်ဘူး၊ မဟုတ်ရင် တောင်ဘက်နယ်မြေ ဒီလောက်အထိ အဆုံးအရှုံးများမှာ မဟုတ်ဘူး၊ ကျုပ်တကယ်ကို ရှက်မိတယ်"
ရွှယ်ကျွင်းမောင်က ခေါင်းခါ၍... "အကြီးအကဲရန်ကြောင့်သာ မဟုတ်ရင် တောင်ဘက်နယ်မြေ အခုထက်ပိုပြီး ပြဿနာတက်နေမှာ၊ အခုလိုမျိုး လူအများကြီး အသက်ရှင်နိုင်ခဲ့တာ အကြီးအကဲရန်ရဲ့ ကျေးဇူးကြောင့်ပဲ"
ရန်ကိုင်က ပြုံး၍... "အင်း မိတ်ဆွေအချို့ရဲ့ ကျေးဇူးကြောင့်ပေါ့၊ ကျုပ်တစ်ယောက်တည်းတော့ ကျေးဇူးအတင်မခံရဲပါဘူး"
ရွှယ်ကျွင်းမောင်နှင့် လဲ့ဟုန်တို့ တိတ်ဆိတ်သွားကြသည်။ ယခင်က သူတို့ နှစ်ဦးမှာ ရန်ကိုင်အပေါ် အထင်သေးမိခဲ့ကြသည်။ ရှင်းရှင်းပြောရသော် ရန်ကိုင်ကိုလည်း သိပ်၍ အမြင်မကြည်ကြပေ။ တကယ်တော့ ကြယ်ဝိညာဉ်နန်းတော်၏ အကြီးအကဲတစ်ဦးဖြစ်သော တျန်ကျင်းဟုံကို ရန်ကိုင်မှ သတ်ပစ်ခဲ့သည် မဟုတ်ပေလော။ တျန်ကျင်းဟုံသည် မကောင်းသည့် လုပ်ရပ်တစ်ခုကို ကျူးလွန်ခဲ့သည်ဆိုလျှင်ပင် သူသည် ကြယ်ဝိညာဉ်နန်းတော်၏ အကြီးအကဲတစ်ဦးဖြစ်နေသလို သူတို့နှင့်လည်း ရင်းနှီးပေသေးသည်။ ထိုအကြောင်းကြောင့် တျန်ကျင်းဟုံကို သတ်ပစ်လိုက်ခြင်းသည် ကြယ်ဝိညာဉ်နန်းတော်ကို စော်ကားလိုက်ခြင်းသာ ဖြစ်ပေသည်။ မဟာဧကရာဇ်သည် ရန်ကိုင်၏ လုပ်ရပ်အပေါ် သည်းခံခဲ့သလို ရန်ကိုင်အပေါ်လည်း မလှုပ်ရှားခဲ့ပါသော်ငြား ရွှယ်ကျွင်းမောင်နှင့် လဲ့ဟုန်တို့ကမူ ထိုကဲ့သို့ မဟုတ်ပေ။ သူတို့ စိတ်ထဲ ရန်ကိုင်အား ထိုကိစ္စနှင့် ပတ်သက်၍ အမြဲတစေ အမြင်မကြည်ဖြစ်ခဲ့သည်။ ယနေ့မှသာလျှင် ရန်ကိုင်အပေါ် သူတို့၏ အထင်အမြင် ပြောင်းလဲသွားခဲ့ရခြင်း ဖြစ်လေသည်။
"ကြယ်ဝိညာဉ်နန်းတော်က လူတွေအကုန်လုံး ဒီမှာရောက်နေပြီလား" ရန်ကိုင်သည် အနောက်ဘက်တွင် စုဝေးနေကြသော လူအုပ်ကြီးအား လှမ်း၍ ကြည့်လိုက်လေသည်။ ထိုလူများထဲ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ ရှိနေကြပြီး အနည်းဆုံး အယောက်တစ်ရာခန့် ရှိကြသည်။ ဧကရာဇ်အဆင့်ပညာရှင်အရေအတွက် ထိုမျှ များပြားလှလေရာ ထိုလူအုပ်ကြီးမှာ ကြယ်ဝိညာဉ်နန်းတော်ကသာ လာသည့် လူအုပ်ကြီး ဖြစ်ပုံမရ။ တောင်ဘက်နယ်မြေထဲရှိ အခြားသော ဂိုဏ်းများမှ လာကြသည့် လူများလည်း ဖြစ်သည့်ပုံပင်။
ရွှယ်ကျွင်းမောင်က ချက်ချင်းပင် ပြန်ပြောလိုက်သည်။ "သတင်းကြားတုန်းကတော့ နေ့ချင်းညချင်း အပြေးလာခဲ့တာပဲ ဒါပေမဲ့ ခြေတစ်လှမ်းနောက်ကျသွားတယ်" အဓိကအကြောင်းအရင်းမှာ ကြယ်ဝိညာဉ်နန်းတော်သည် ဤနေရာမှ အတော်လေးကိုမှ ဝေးကွာသည့် နေရာတွင် ရှိနေသည့်အတွက်ကြောင့်ပင်။ ထိုအပြင် သူတို့အား သတင်းလာပို့သည့် လူမှာလည်း ကြယ်ဝိညာဉ်နန်းတော်သို့ ရောက်ရန်အတွက် ရက်အတော်ကြာအောင် အချိန်ယူခဲ့ရလေသည်။ ထိုအကြောင်းကြောင့်သာလျှင် ယခုမှသာ သူတို့ ရောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
ရောက်လာပြီးသည့်နောက် ဤနေရာရှိ ပြဿနာမှာ ဖြေရှင်းပြီးသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ သို့ပင်ဖြစ်လင့်ကစား ကြယ်ဝိညာဉ်နန်းတော်ဆီသို့ လက်ဗလာဖြင့် ပြန်သွား၍ မဖြစ်ပေ။ ရှေးဟောင်းကျောင်းတော်၏ အစီအစဉ်မှာ ပျက်စီးသွားခဲ့ရပါသော်ငြား လက်ရှိအဖြစ်အပျက်ကိုတော့ သေသေချာချာ စုံစမ်းစစ်ဆေးရန် လိုအပ်ပေသေးသည်။
"မဟာဧကရာဇ်ရော" ရန်ကိုင်က မယုံသင်္ကာအမူအရာဖြင့် လှည့်ပတ်၍ ကြည့်လိုက်လေသည်။ မဟာဧကရာဇ်ကို သူ့ခမျာ မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ ရှင်းရှင်းပြောရသော် ယခုကဲ့သို့သော အဖြစ်အပျက်ကြီး ဖြစ်သွားပြီးသည့်နောက် မဟာဧကရာဇ်တစ်ဦး ကိုယ်တိုင်ကိုယ်ကျ ပေါ်လာသင့်ပေသည်။ ရန်ကိုင်သည် မဟာဧကရာဇ် ကိုယ်တိုင်ကိုယ်ကျ ပေါ်လာရန်အလို့ငှာ ကြယ်ဝိညာဉ်နန်းတော်ဆီသို့ စစ်ကူတောင်းရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်။ မဟာဧကရာဇ်ကိုယ်တိုင်သာ ရောက်လာမည်ဆိုပါက လဲ့ကု၏ အစီအစဉ်အားလုံး လုံးဝပျက်စီးသွားရပေလိမ့်မည်။
ရန်ကိုင် ပါးစပ်မှ ထိုစကားထွက်သွားသည်နှင့် တစ်ပြိုင်နက် ဝမ်ကျိရှန်းနှင့် မာချင့်တို့မှာလည်း မယုံသင်္ကာအမူအရာများဖြင့် မေးလိုက်ကြလေ၏။ "ဟုတ်တယ်၊ ငါတို့ဘာဖြစ်လို့ မဟာဧကရာဇ်ကို မတွေ့ရတာလဲ"
ရွှယ်ကျွင်းမောင်က ပြန်ပြောလိုက်သည်။ "ဒီက ကိစ္စတွေ ပြီးသွားပြီလည်းဆိုရော မဟာဧကရာဇ်က ဒီကိုဆက်မလာတော့ဘဲနဲ့ ကြယ်ဝိညာဉ်နန်းတော်ဆီ ပြန်သွားတာ"
ထိုစကားကိုကြားသော် အကုန်လုံး ဆွံ့အသွားလေသည်။ [ရောက်ရင်လည်း နည်းနည်းပါးပါးတော့ လာစစ်ဆေးကြည့်လိုက်ဦးလေ၊ ဒါက ပေါ့သေးသေး ကိစ္စကြီးမှ မဟုတ်တာ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှတ်နေတာလဲ၊ ဒါပေမဲ့ လမ်းတစ်ဝက်ကြီးမှာ လှည့်ပြန်သွားတာက၊ အင်း ဆန်းတော့လည်းဆန်းသား]
သူတို့စိတ်ထဲ ထိုကဲ့သို့ တွေးနေသည့်တိုင် ယခုကိစ္စသည် မဟာဧကရာဇ်ကိစ္စ ဖြစ်သည့်အတွက်ကြောင့် မည်သူမျှ ဘာမျှမပြောခဲ့ကြပေ။
ရန်ကိုင်က မေးလိုက်လေသည်။ "မင်းသမီးလန်ရှင်းရော လိုက်မလာဘူးလား"
လဲ့ဟုန်က ပြန်ပြောလိုက်သည်။ "မင်းသမီးက အခုလောလောဆယ် တံခါးပိတ်ကျင့်စဉ်ဝင်နေတယ်၊ ဒါပေမဲ့ ကျေးဇူးပါပဲ အကြီးအကဲရန်"
ရန်ကိုင်ကတော့ ဘာမျှ ပြန်မပြောခဲ့ပေ။
ရွှယ်ကျွင်းမောင်က ထပ်ပြောလိုက်လေသည်။ "မဟာဧကရာဇ် မလာခဲ့ဘူးဆိုပေမဲ့ အကြီးအကဲချုပ်နဲ့ ငါက ဒီကကိစ္စတွေအကုန်လုံးကို ကိုင်တွယ်သွားမှာ၊ ရောင်းရင်းရန်၊ ငါမင်းကို မေးချင်တာလေး တစ်ခုရှိတယ်"
ရန်ကိုင်က လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ "အကြီးအကဲရွှယ် မေးချင်တာရှိရင် မေးလေ၊ ကျုပ်အတတ်နိုင်ဆုံး ရှင်းပြပေးမယ်"
ရွှယ်ကျွင်းမောင်က ခေါင်းညိတ်၍ ပြောလိုက်သည်။ "အကြမ်းဖျင်းလောက်ကိုတော့ အကြီးအကဲရှောင်ဆီကနေ ငါကြားပြီးသွားပြီ၊ ဒါပေမဲ့ မင်းဘက်မှာ ဘာတွေဖြစ်သွားလဲဆိုတာကို ငါတို့မသိတာ၊ မင်းစိတ်ထဲမထားဘူးဆိုရင် ငါတို့ကို ပြောပြပေးလို့ရမလား ရောင်းရင်းရန်"
ရန်ကိုင်က ခပ်ယဲ့ယဲ့လေး ပြုံးလျက်... "ရတယ်လေ ကိစ္စမရှိဘူး၊ သိုင်းပညာရှင်စုဝေးပွဲ နောက်ဆုံးနေ့ပေါ့၊ အဲဒီမှာ စားသောက်ပွဲကျင်းပနေတဲ့အချိန် နေမင်းပြာကျောင်းတော်က လော့ချန်ဆီကနေ ကျုပ်ကို စီနီယာအစ်မကောင်းက တွေ့ချင်နေတယ်ဆိုတဲ့အကြောင်း ပြောလာတယ်၊ ကျုပ်လည်း အဲဒီသတင်းကြားပြီးတော့ သူနဲ့အတူ တစ်နေရာဆီ လိုက်သွားလိုက်တာပေါ့"
ထို့နောက်တွင် ရန်ကိုင်သည် ဖြစ်ကြောင်းကုန်စင်ကို အကျဉ်းချုပ် ရှင်းပြလိုက်လေသည်။ သူခြုံခိုတိုက်ခိုက်ခံရပြီး သေခါနီး ဖြစ်သွားသည့်အကြောင်းကိုပါ ရှင်းပြလိုက်ပေသေးသည်။
"ဒါနဲ့ ကျုပ်လည်း ခင်ဗျားတို့ကို မေးချင်တာတစ်ခုရှိတယ်" ရန်ကိုင်သည် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ ထိုစဉ်ကအကြောင်းကို ပြန်စဉ်းစားလိုက်တိုင်း သူ့စိတ်ထဲ အကြောက်မပြေဖြစ်နေမိဆဲပင်။
ရွှယ်ကျွင်းမောင်က မေးလိုက်သည်။ "ဘာကိစ္စလဲ"
ရန်ကိုင်က ပြောလိုက်သည်။ "အဲဒီညတုန်းက ကျုပ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတဲ့သူက အရမ်း ဘယ်လိုပြောရမလဲ အားကောင်းလွန်းတယ်ပဲ ပြောရမလား၊ သူကျုပ်အနောက်မှာ ပေါ်လာလို့ပေါ်လာမှန်းကိုတောင် ကျုပ်သတိမထားမိလိုက်ဘူး၊ ပြီးတော့ ကျုပ်သူ့ကို တိုက်ခိုက်လိုက်တဲ့အချိန်မှာလည်း သူ့ခန္ဓာကိုယ်က မြူခိုးတွေလို ဖြစ်သွားတယ်၊ ကျုပ်သူ့ကို ဘယ်လိုမှ ထိုးလို့မရဘူး၊ အဲဒီလိုလူမျိုး ကျုပ်တစ်ခါမှမကြားဖူးဘူး၊ ခင်ဗျားတို့ရော တောင်ဘက်နယ်မြေမှာ အဲဒီလိုလူမျိုးရှိတယ်ဆိုတဲ့အကြောင်း ကြားဖူးကြလား"
ဤရှေးဟောင်းကျောင်းတော် ပြဿနာထဲတွင် ရန်ကိုင် လုံးဝနားမလည်ရသည့် အချက်ကို ပြောပါဆိုလျှင် လုပ်ကြံသတ်ဖြတ်သူအကြောင်းကိုသာ ပြောရပေလိမ့်မည်။ ထိုလူကြောင့် ရန်ကိုင်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ပါသော်ငြား တစ်ဖက်လူ၏ မျက်နှာကိုပင် မမြင်လိုက်ရပေ။ တစ်ဖက်လူသည် ယောက်ျားလား မိန်းမလားဆိုသည်ကိုလည်း မပြောနိုင်ခဲ့။ ထိုတစ်ကြိမ်တွင် ရန်ကိုင်မှာ အလွန်ကိုမှ နစ်နာခဲ့ရခြင်း ဖြစ်လေသည်။ သို့ပင်ဖြစ်လင့်ကစား ထိုကဲ့သို့သော လူမျိုးသည် ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး ကျိန်းသေ ဖြစ်ရလိမ့်မည်မှန်းတော့ သိနေခဲ့သည်။ ထိုအပြင် ထိုလူသည် လုပ်ကြံသတ်ဖြတ်ရာတွင် အလွန်ကိုမှ ကျွမ်းကျင်သည့် လူတစ်ဦးလည်း ဖြစ်ပေသည်။ ရန်ကိုင် စိတ်အထင်အရဆိုလျှင် ထိုလူသည် ရန်ကိုင် ပြောသွားခဲ့သည့် မဟာဧကရာဇ်တစ်ပါး ဖြစ်ခါနီးဖြစ်နေသော လူများအနက် တစ်ဦး ဖြစ်လောက်ပေသည်။
ယန်ယန်၏ ပြောပုံအရ ဤလောကကြီးထဲတွင် ကျင့်ကြံခြင်း၏ အကန့်အသတ်သို့ ရောက်သွားပြီး ဆက်၍ တိုးတက်နိုင်ခြင်း မရှိတော့သည့် မွန်းစတားအိုကြီးအချို့ ရှိကြပေသည်။ ထိုလူများမှာ ဤလောကကြီး၏ အကန့်အသတ်ကြောင့် မဟာဧကရာဇ် ဖြစ်မလာနိုင်ကြပေ။ ထိုကဲ့သို့သော လူအများစုသည် အများအားဖြင့် တစ်ကိုယ်တည်းသာ နေလေ့ရှိကြပြီး လူရှေ့သူရှေ့ ပေါ်လာလေ့ မရှိကြပေ။ ထိုအတွက်ကြောင့် ရန်ကိုင်အား တိုက်ခိုက်သွားသည့်လူသည်သာ ထိုကဲ့သို့သော လူမျိုး ဖြစ်နေမည်ဆိုလျှင် ယုတ္တိရှိသည်ဟု ပြောရပေသည်။ သို့သော်ငြား ပြဿနာမှာမူ ထိုလူဆီမှ မည်သည့်နတ်ဆိုးချီကိုမျှ ရန်ကိုင် အာရုံမခံစားမိခြင်းပင်။ တစ်နည်းဆိုရသော် ထိုလူသည် နတ်ဆိုးဝိညာဉ် သို့မဟုတ် နတ်ဆိုးချီလွှမ်းမိုးမှုကြောင့် လှုပ်ရှားနေခြင်း မဟုတ်ဘဲ သူ့ဘာသာသူ ရှေးဟောင်းကျောင်းတော်နှင့်အတူ ပူးပေါင်း၍ ရန်ကိုင်အား သတ်ဖြတ်ရန် ကြိုးစားခြင်း ဖြစ်ပေသည်။
ထိုစကားကို ကြားသော် လူတိုင်း မျက်မှောင်ကြုတ်သွားခဲ့သည်။ မာချင့်က စပြောလိုက်လေ၏။ "အဲဒီလိုလူမျိုးကိုတော့ ငါတစ်ခါမှ မကြားဖူးဘူး"
ထို့နောက်တွင် ဝမ်ကျိရှန်း ဘက်သို့ လှည့်၍ မေးလိုက်လေသည်။ "မင်းရောကြားဖူးလား"
ဝမ်ကျိရှန်းကလည်း ခေါင်းခါပြလိုက်သည်။
ရွှယ်ကျွင်းမောင်ကမူ ဝင်ပြောလိုက်သည်။ "ကြည့်ရတာတော့ အဲဒါကို တောင်ဘက်နယ်မြေကလူတွေ လုပ်တာနဲ့မတူဘူး"
လဲ့ဟုန်က အထိတ်တလန့်ဖြင့်... "မင်းပြောချင်တာက"
ရန်ကိုင်သည် ထိုနှစ်ဦးကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်လေသည်။ "ခင်ဗျားတို့နှစ်ယောက် စဉ်းစားမိလို့လား"
ရွှယ်ကျွင်းမောင်သည် တစ်ခဏမျှ တိတ်နေပြီးသည့်နောက်တွင် ပြန်၍ ရှင်းပြလိုက်သည်။ "အဲဒီလိုမျိုး အရမ်းကို အားကောင်းတဲ့ လုပ်ကြံသတ်ဖြတ်ရေးနည်းလမ်းတွေဆိုတာ နေ့ချင်းညချင်း ကျင့်ကြံလို့ရတဲ့အရာတွေ မဟုတ်ဘူး၊ ငါသိသလောက်ဆိုရင်တော့ အဲဒီလိုလူမျိုးကို မွေးထုတ်ပေးနိုင်တဲ့ နေရာဆိုလို့ ဒီလောကကြီးမှာ တစ်နေရာပဲရှိတယ်"
ထိုစကားကိုကြားသော် မာချင်းနှင့် ဝမ်ကျိရှန်းတို့သည်လည်း တစ်ခုခုအား စဉ်းစားမိသွားကြပြီး မှင်တက်နေသည့် အမူအရာများဖြင့်... "မဖြစ်နိုင်ဘူးမလား"
ထိုနည်းတူစွာပင် ရန်ကိုင်သည်လည်း သူတို့ ပြောချင်သည့် အရာကို သဘောပေါက်သွားခဲ့လေသည်။ "အကြီးအကဲရွှယ် ပြောချင်တာက၊ အနောက်ဘက်"
ရွှယ်ကျွင်းမောင်က ချက်ချင်း လက်မြှောက်၍ ရန်ကိုင်အား လှမ်းတားကာ ပြောလိုက်လေသည်။ "ဒီအတိုင်း သက်သေတွေဘာတွေ မရှိဘဲနဲ့ တန်းပြီးတော့ မဆုံးဖြတ်လိုက်နဲ့ဦးလေ"
ရွှယ်ကျွင်းမောင် မည်သည့် ကိစ္စအား စိတ်ပူနေသလဲဆိုသည်ကို ရန်ကိုင် သိပေသည်။ ထိုအတွက်ကြောင့် ရန်ကိုင်လည်း ထိုကိစ္စကို ဆက်ပြောမနေတော့ပေ။ ရန်ကိုင်အနေဖြင့် ထိုနေရာအကြောင်းကို တွေးမိသည်မှာလည်း တွေးမိချင်စရာပင်။ တကယ်တော့ သူ့အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားသည့် လူ၏ စွမ်းအင်မှာ အလွန်ကိုမှ အံ့ဩဖွယ်ကောင်းလှသည် မဟုတ်ပေလော။ သာမန်လူအများစုမှာ ထိုကဲ့သို့သော စွမ်းအင်မျိုးကို ပိုင်ဆိုင်နိုင်ခြင်း မရှိကြပေ။
ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော လုပ်ကြံသတ်ဖြတ်ရာတွင် အထူးကျွမ်းကျင်သည့် ကျင့်ကြံသူတစ်ဦး။ ထိုအရာအားလုံးသည် တစ်ခုသော အင်အားစုကို မီးမောင်းထိုးပြနေခဲ့လေသည်။ သို့ပင်ဖြစ်လင့်ကစား ထိုအင်အားစုသည် တောင်ဘက်နယ်မြေ၏ ကိစ္စတွင် ဘာကြောင့်များ ပါဝင်ပတ်သက်ရလေသနည်း။ ထိုမျှသာလျှင် မဟုတ်သေး။ ထိုအဖွဲ့အစည်းသည် နတ်ဆိုးများနှင့်လည်း ပူးပေါင်းနေပေသေးသည်။
လဲ့ဟုန်က မျက်မှောင်ကြုတ်လျက်... "သူတို့ မဖြစ်လောက်ဘူး အဲဒီနေရာက ဟိုးအဝေးကြီးမှာရှိနေတာ၊ သူတို့က ဘာဖြစ်လို့ အဲဒီလိုမျိုးလုပ်ရမှာလဲ"
"အခုလောလောဆယ် အဲဒီကိစ္စကို ခဏထားလိုက်ဦး၊ ပြောသွားတဲ့ ကိစ္စတွေကိုသာ သေချာအာရုံစိုက်ပြီးတော့ နောက်ပိုင်းကျသတိထားရတော့မှာ၊ ရောင်းရင်းရန်၊ မင်းအသက်ရှင်လျက် လွတ်လာတာ ကံကောင်းသွားတယ်၊ အဲဒီလူသာ မင်းမဟုတ်ဘဲနဲ့ အခြားလူတစ်ယောက်ယောက်ကိုသာ ပစ်မှတ်ထားလိုက်မယ်ဆိုရင်တော့" ရွှယ်ကျွင်းမောင်မှာ သူ့စကားသူပင် ဆုံးအောင် မပြောနိုင်ခဲ့ဘဲ တုန်တုန်ယင်ယင် ဖြစ်သွားခဲ့လေသည်။
အမှောင်ထဲတွင် ပုန်းအောင်းနေသည့် ရန်သူတစ်ဦးမှာ အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။ ထိုလူသည် ရန်ကိုင်အား မတိုက်ခိုက်ခဲ့ဘဲ အခြားလူတစ်ဦးကိုသာ တိုက်ခိုက်ခဲ့မည်ဆိုလျှင်တော့ ထိုလူမှာ အမှောင်ထုထဲ အိပ်ပျော်နေလောက်ပေပြီ။ ထိုသို့ပင်ဖြစ်လင့်ကစား ရန်ကိုင်သည်ပင်လျှင် ထိုလူ၏ လက်မှ အသက်ရှင်လျက် လွတ်မြောက်လာနိုင်ခဲ့သည့်အတွက်ကြောင့် ဤနေရာတွင် ရှိနေသည့် ဧကရာဇ်တတိယအဆင့်ပညာရှင်များမှာလည်း သူတို့သည်သာ ရန်ကိုင် နေရာတွင်ဖြစ်မည်ဆိုပါက အသက်ရှင်လျက် လွတ်မြောက်လာလိမ့်မည်ဟု ယုံကြည်နေကြပေသည်။ တစ်ခုတည်းသော ပြဿနာမှာမူကား သူတို့သည် ထိုလုပ်ကြံသတ်ဖြတ်သူကို ကိုင်တွယ်နိုင်ပါသော်ငြား သူတို့၏ ဂိုဏ်းသားများကတော့ ထိုကဲ့သို့ လုပ်နိုင်ကြလိမ့်မည် မဟုတ်ပေ။ တကယ်တော့ ဤနေရာတွင် ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသည့် ပညာရှင် မည်မျှပင်ရှိလို့ပါနည်း။
လုပ်ကြံသတ်ဖြတ်သူနှင့် ပတ်သက်၍ ရန်ကိုင် ရထားသည့် သဲလွန်စများမှာ အလွန်ကိုမှ နည်းလွန်းလှပေသည်။ တစ်ဖက်လူသည် အမျိုးသားလား အမျိုးသမီးလားကိုပင် မသိလေရာ မည်သည့် သဲလွန်စပေါ် အခြေခံ၍ ထိုလူအား ခြေရာခံရပါမည်နည်း။
ထို့နောက်တွင် ထပ်ဘာဆက်ဖြစ်သလဲဆိုသည်ကို ရန်ကိုင်မှ ဆက်၍ ပြောပြသွားခဲ့လေသည်။ ရန်ကိုင်မှ နယ်မြေခြား ဟင်းလင်းပြင်အစီအရင်တစ်ခုအား ခင်းကျင်းနိုင်ကြောင်းကို ကြားသိပြီးသည့်နောက် အကုန်လုံးမှာ အမှန်တကယ်ကို အံ့အားသင့်သွားကြသည်။ ဤနေရာသို့ မလာခင်က သူတို့ကိုယ်တိုင်သည်လည်း ဟင်းလင်းပြင်အစီအရင်အား စစ်ဆေးခဲ့ပါသော်ငြား သူတို့ ကိုယ်တိုင်စစ်ဆေးရခြင်းနှင့် ရန်ကိုင်မှ အတည်ပြုပေးခြင်းမှာ မတူညီသည့် ကိစ္စနှစ်ရပ် ဖြစ်ပေသည်။ ထိုဟင်းလင်းပြင်အစီအရင်ကြောင့်သာလျှင် ရန်ကိုင်မှာ တစ်ရက်အတွင်း မြောက်မြားလှစွာသော စစ်ကူများကို ဆင့်ခေါ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရန်ကိုင် ပြောပြသွားသည်မှာ ရှောင်ယုယန်နှင့် အခြားသူများ သိထားသည့် ပုံစံနှင့် သိပ်မကွာပေ။ တစ်ခုတည်းသော ကွာခြားချက်ဆို၍ ရန်ကိုင် ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရသည့် အရာများကို သူတို့ မသိခြင်းပင်။ ရန်ကိုင်သည် လဲ့ကုနှင့်အတူ တောင်ပိုင်းနွံအိုင်ဆီသို့ ရောက်သွားပြီး ထိုနေရာတွင် လဲ့ကုအား ထောင်ချောက်ဆင်ကာ သတ်ပစ်နိုင်ခဲ့သည့်အကြောင်း ကြားပြီးသည့်နောက် အကုန်လုံးအံ့ဩတကြီးဖြင့် သက်ပြင်းချလိုက်မိကြပြန်လေသည်။
တောင်ဘက်နယ်မြေထဲ၌ ဧကရာဇ်အဆင့်ပညာရှင် များများစားစားရှိလှသည် မဟုတ်ပေ။ ထိုအကြောင်းကြောင့် တစ်ဦးနှင့်တစ်ဦးမှာ အနည်းနှင့်အများဆိုသလို ရင်းနှီးကြပေသည်။ လဲ့ကု နတ်ဆိုးဝိညာဉ် ဝင်စီးထားခြင်းခံရပြီး သူ့ဝိညာဉ်ကိုလည်း ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း ကြားသိရကာ သူကိုယ်တိုင်သည်လည်း ဆိုးဆိုးရွားရွား အဆုံးသတ်နှင့် ကြုံလိုက်ရသည့်အကြောင်း ကြားပြီးသည့်နောက် အကုန်လုံးမှာ အနည်းနှင့်အများဆိုသလို ဝမ်းနည်းသွားခဲ့ကြရသည်။
ထို့နောက်တွင်တော့ တောင်ဘက်နယ်မြေထဲရှိ ဂိုဏ်းများမှာ အသက်ရှင်ကျန်ရစ်ကြသော လူများနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆက်လုပ်မလဲဆိုသည်ကို စီစဉ်ရတော့သည်။ အချိန်ကြာလာသည်နှင့်အမျှ ရှေးဟောင်းကျောင်းတော်၌ ဖြစ်သွားသည့် ကိစ္စများသည် တောင်ဘက်နယ်မြေအနှံ့ ပြန့်နှံ့သွားကြလေသည်။ ထို့နောက်တွင် ဂိုဏ်းအသီးသီးကို စောင့်ကြပ်ရန် ကျန်ရစ်ခဲ့ကြသော ပညာရှင်များသည် သတင်းကြားရပြီးသည့်နောက် အခြေအနေကို အသေးစိတ် သိရရန်နှင့် အကျအဆုံး မည်မျှကြုံတွေ့ခဲ့ရသလဲဆိုသည်ကို အတည်ပြုရန်အလို့ငှာ ရှေးဟောင်းကျောင်းတော်ဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်။ ထိုအကြောင်းကြောင့် အချိန်နှင့်အမျှ ရှေးဟောင်းကျောင်းတော်ထဲသို့ လူပေါင်းများစွာ ဝင်ထွက်သွားလာနေကြလေ၏။ ဆယ်ရက်မပြည့်သေးခင်မှာပင် ရှေးဟောင်းကျောင်းတော်သည် တစ်ဖန်ပြန်လည် ငြိမ်းချမ်းသွားခဲ့လေသည်။
ယခုကိစ္စ ပြီးသည့်နောက်တွင် တောင်ဘက်နယ်မြေမှာ ယခင်အတိုင်း ပြန်ဖြစ်လာရန်အလို့ငှာ နှစ်ပေါင်းများစွာ အချိန်ယူရပေတော့မည်။