← Chapters

အခန်း (၃၂၉၆-၃၃၀၀)

Vol. 144 Ch. 3296-3300

အခန်း (၃၂၉၆-၃၃၀၀)

Vol. 144 Ch. 3296-3300

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၉၆)

ဘာသာပြန်သူ_တိမ်တိုက်

မည်သူမျှ သူ့အား ဘာမျှ ပြန်မပြောကြပါသော်ငြား ဝဝနှင့် မြို့သခင်မှာတော့ အနည်းငယ်မျှပင် မကျေမနပ်သည့် အရိပ်အယောင်မျိုး လုပ်မပြရဲပေ။ ရပ်နေသည့် နေရာတွင်သာ ငြိမ်ငြိမ်လေးရပ်နေရင်း ထိုလူများ ပြောကြသည်ကို အာရုံစိုက် နားထောင်နေခဲ့သည်။ မရင်းနှီးသော နာမည်အချို့နှင့် ကောင်းကင်ဝံပုလွေတောင်ကြား၏ နာမည်ကို ကြားလိုက်ရပေသည်။

တစ်ခဏအကြာ၌ ခန်းမထဲတွင် ရှိနေသော ပညာရှင်များအားလုံး တစ်ခုသော အရပ်ဆီသို့ အတူတကွ ထွက်သွားကြလေ၏။ မည်သူမျှ မြို့သခင်အား တစ်ချက်ကလေးပင် ကြည့်မသွားကြပေ။

မကြာမီ ထိုလူအားလုံး မြို့သခင်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကြသည်။ ထိုအခါမှသာလျှင် မြို့သခင်မှာလည်း သက်ပြင်းချနိုင်တော့လေသည်။ ယခုဆိုလျှင် သူ့ကျောပြင်တစ်ခုလုံး ချွေးအေးများ စိုရွှဲနေခဲ့ပြီး သူကိုယ်တိုင်သည်လည်း သေမင်းခံတွင်းဝမှ ကပ်သီလေး လွတ်လာသလို ခံစားလိုက်ရသည်။

ထိုထိပ်တန်းပညာရှင်များသည် ဤနေရာသို့ သူ့ကြောင့်မဟုတ်သလို မြို့ကြောင့်လည်း ရောက်လာခဲ့ရခြင်း မဟုတ်ဘဲ ဤနေရာမှ ဖြတ်သွားနေခြင်းသာ ဖြစ်ကြောင်းကို မြို့သခင် သဘောပေါက်သွားခဲ့သည်။ မည်သည့်အရူးကများ အင်အားစုနှစ်ခုကို သွားရန်စ၍ အင်အားစုနှစ်ခုမှ ပညာရှင်ပေါင်းများစွာ ထိုလူအား အမဲလိုက်နေသလဲဆိုသည်ကို မြို့သခင် ကြိတ်ကာ တွေးလိုက်သည်။ တစ်ချိန်တည်းတွင်လည်း သူ့အား ယခုကဲ့သို့သော အဖြစ်အပျက်ဆိုးနှင့် ကြုံစေခဲ့သည့် ထိုလူအား စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲလိုက်ပေသေးသည်။

ကောင်းကင်ဝံပုလွေတောင်ကြားသည် အလွန်တရာ မြင့်မားသော တောင်များ ဝန်းရံနေသည့် တောင်ကြားတစ်နေရာတွင် တည်ရှိနေခြင်းဖြစ်ပြီး ထိုဂိုဏ်းထဲသို့ ဝင်နိုင်သည့် ဝင်ပေါက်တစ်ခုသာ ရှိပေသည်။

ကောင်းကင်ဝံပုလွေတောင်ကြား၏ တက်သစ်စကြယ်ပွင့်တစ်ဦး ဖြစ်သည်နှင့်အညီ လန်ဟဲ့မှာ တောင်ကြားထဲ အတော်လေးကို ဂုဏ်သတင်း ကြီးမားလှကာ သူမကိုယ်တိုင် ရန်ကိုင်အား ဂိတ်ပေါက်ထဲသို့ ခေါ်လာချိန် ဂိတ်ပေါက်အား စောင့်ကြပ်နေသော တပည့်များမှာ လန်ဟဲ့ကို မြင်သည်နှင့် ချက်ချင်းနှုတ်ဆက်လိုက်ကြလေ၏။ "အကြီးအကဲလန်"

ထိုသို့နှုတ်ဆက်နေရင်းမှ ရန်ကိုင်အား မသိမသာလေး လှမ်း၍ ကြည့်လိုက်လေသည်။ ယခုမှသာလျှင် သူတို့အနေဖြင့် လန်ဟဲ့ အမျိုးသားတစ်ဦးအား တောင်ကြားဆီသို့ ခေါ်လာသည်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။

"အဲဒါတွေက ကောင်းကင်လဝံပုလွေတွေလား" ရန်ကိုင်သည် ဂိတ်ပေါက်၏ တစ်ဖက်တစ်ချက်စီတွင် ရှိနေသော ရုပ်တုကြီး နှစ်ခုကို ကြည့်ရင်းမှ မေးလိုက်သည်။ ထိုရုပ်တုကြီးနှစ်ခုသည် မီတာပေါင်းများစွာ မြင့်မားလှပြီး ကောင်းကင်လဝံပုလွေနှင့် တူပေသည်။

ယခင်ကသာဆိုလျှင်တော့ ထိုရုပ်တုကြီး နှစ်ခုသည် မည်သည့် မွန်းစတားသားရဲအား ကိုယ်စားပြုနေသလဲဆိုသည်ကို ရန်ကိုင် ပြောနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ လန်ဟဲ့ ရှင်းပြသည်ကို နားထောင်ပြီးသည့်နောက် ထိုရုပ်တုကြီး နှစ်ခုမှာ ကောင်းကင်လဝံပုလွေများမှန်း ရန်ကိုင် အလွယ်တကူ ခန့်မှန်းနိုင်သွားလေသည်။

လန်ဟဲ့က ပြုံး၍ ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။ "ဟုတ်တယ်၊ ကျွန်မတို့ဂိုဏ်းကို နတ်သားရဲဖြစ်တဲ့ ကောင်းကင်လဝံပုလွေပေါ် အခြေပြုပြီးတော့ တည်ထောင်ခဲ့တာလေ၊ ဒီရုပ်တုတွေကို ပထမဦးဆုံး တည်ထောင်ခဲ့တဲ့ ဘိုးဘေးတွေက ချန်ထားရစ်ခဲ့တာ၊ အခုလောက်ဆို နှစ်ပေါင်း နှစ်သောင်းလောက်တောင် ရှိပြီ"

"တော်တော်ကြာနေပြီပဲ" ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

နတ်သားရဲများမှာ အထင်သေး၍ မရပေ။ ရန်ကိုင်မှာ ရှေးဟောင်းတောအုပ်ကြီးထဲ လွမ်ဖုန်းအား မကြောက်သလို ပြုမူကာ သူမအား ရန်စရဲလိမ့်မည် ဖြစ်ပါသော်ငြား လွမ်ဖုန်းသည်သာ စိတ်တို၍ ရန်ကိုင်အား တိုက်ခိုက်လာခဲ့မည်ဆိုလျှင် ရန်ကိုင်အနေဖြင့် လွမ်ဖုန်းအား အနိုင်ယူနိုင်လိမ့်မည် မဟုတ်မှန်းကို သိနေလေသည်။

နတ်သားရဲဖြစ်သည့်အလျောက် ကောင်းကင်လဝံပုလွေသည်လည်း အလားတူ အားကောင်းရပေလိမ့်မည်။

"အစ်ကိုရန်၊ ကြွပါနော်" လန်ဟဲ့သည် ပြုံး၍ ရန်ကိုင်အား အထဲသို့ ဖိတ်ခေါ်လိုက်သည်။

ရန်ကိုင်လည်း ခေါင်းညိတ်၍ လန်ဟဲ့နှင့်အတူ တောင်ကြားထဲသို့ ဝင်လာလိုက်သည်။

သွားနေရင်းမှ လန်ဟဲ့က ပြောလိုက်လေသည်။ "အစ်ကိုရန်ကို တောင်ကြားသခင်ဆီ ခေါ်သွားပေးမယ်၊ စိတ်ဝိညာဉ်သားရဲကျွန်းဆီ သွားချင်တယ်ဆိုရင် တောင်ကြားသခင်ဆီကနေ အကူအညီတောင်းမှ ရမှာ"

ရန်ကိုင်က တုံ့ဆိုင်းသွားဟန်ဖြင့် ပြန်၍မေးလိုက်သည်။ "တောင်ကြားသခင်ကို သွားပြောလို့က အဆင်ပြေပါ့မလား"

လန်ဟဲ့က ပြုံးလျက်... "စိတ်မပူနဲ့၊ သူကျိန်းသေ သဘောတူလိမ့်မယ်" လန်ဟဲ့က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လျက်... "ဒါနဲ့ အစ်ကိုရန်ကို မပြောရသေးလို့၊ တောင်ကြားသခင်က ကျွန်မရဲ့ ဆရာပဲ၊ ကျွန်မတောင် သဘောတူတယ်ဆိုမှတော့ ဆရာကျိန်းသေ ငြင်းမှာမဟုတ်ဘူး"

ထိုစကားကို ကြားသော် ရန်ကိုင် ရယ်သာ ရယ်မိလိုက်တော့သည်။

ကောင်းကင်ဝံပုလွေတောင်ကြားထဲ တပည့်များ သုံးထောင်မှ လေးထောင်ခန့်အထိ ရှိနေကြပြီး တောင်ကြားအနှံ့တွင် ရှိနေကြပေသည်။ တောင်ကြားထဲ၌ တောင်အချို့ ရှိပါသော်ငြား ထိုတောင်များမှာ ဘေးပတ်ပတ်လည်တွင် ဝန်းရံထားသော တောင်များလောက် မြင့်မားခြင်း မရှိပေ။ တောင်ကြားထဲဝယ် မိုးမြေစွမ်းအင်မှာ သိပ်သည်းကြွယ်ဝလှပြီး အရောင်အဆင်း စုံလင်လှသော သစ်ပင်ပန်းပင်များလည်း ပေါက်ရောက်နေကြပေသည်။

ထိုအပြင် ဝံပုလွေများစွာကိုလည်း တောင်ကြားထဲ၌ ရန်ကိုင် မြင်တွေ့ခဲ့ရသည်။ အချို့ဝံပုလွေများမှာ အုပ်စုလိုက် သွားလာနေကြပြီး အချို့မှာတော့ တစ်ကောင်တည်း လှုပ်ရှားနေကြလေသည်။ အချို့ဆိုလျှင် တောင်ကြားထဲ လျှောက်ပတ်၍ပင် ဆော့ကစားနေကြသည်။ သို့ပင်ဖြစ်လင့်ကစား တပည့်များမှာတော့ ထိုဝံပုလွေများကို မကြောက်ကြပေ။ အချို့လူများဆိုလျှင် ဝံပုလွေများကို သူတို့၏ အပေါင်းအပါများအဖြစ်ပင်လျှင် သဘောထားကြပေသည်။ ထိုအချက်ကို ကြည့်လျှင်ပင် ဤကောင်းကင်ဝံပုလွေတောင်ကြား၏ သဘောသဘာဝကို မြင်တွေ့နိုင်ပေသည်။ နာမည်ကျော်ကြားနေသည့်အတိုင်း ကောင်းကင်ဝံပုလွေတောင်ကြားမှ လူများသည် ထိုဝံပုလွေများကို သူတို့၏ အပေါင်းအပါများအဖြစ် အမှန်တကယ်ကို သဘောထားကြလေ၏။

ရန်ကိုင်မှာ လန်ဟဲ့နှင့်အတူ သွားနေစဉ် ခက်ထန်ကြမ်းကြုတ်လှသည့် အရှိန်အဝါတစ်ရပ် သူတို့အား လွှမ်းခြုံလာသည်ကို ခံစားမိလိုက်သည်။ တစ်ချိန်တည်း၌ နွားသိုးတစ်ကောင် အရွယ်အစားရှိသော ဝံပုလွေတစ်ကောင် သူတို့လမ်း၌ လာပိတ်ရပ်လေ၏။ ထိုဝံပုလွေမှာ အဆင့်တစ်ဆယ့်နှစ် မွန်းစတားသားရဲတစ်ကောင် ဖြစ်နေသည့်အတွက်ကြောင့် ရန်ကိုင်မှာ အံ့ဩသွားရသည်။ တစ်နည်းဆိုရသော် ဤဝံပုလွေသည် လူသားဧကရာဇ်အဆင့် ပညာရှင်တစ်ဦးနှင့် ယှဉ်နိုင်ပေသည်။

သို့ရာတွင် ၎င်းဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ ထိုမျှ အားကောင်းခြင်း မရှိသေးလေရာ အဆင့်နိမ့် အဆင့်တစ်ဆယ့်နှစ် မွန်းစတားသားရဲတစ်ကောင်သာ ဖြစ်မည်မှန်း ရန်ကိုင် သဘောပေါက်လိုက်၏။

ရန်ကိုင် ပို၍ အံ့အားသင့်သွားရသည့် အချက်မှာတော့ ထိုဝံပုလွေပေါ်တွင် လန်ဟဲ့၏ အရှိန်အဝါကိုပါ ခံစားမိလိုက်ခြင်းပင်။ အစောပိုင်းက သူမြင်ခဲ့ရသော အကြောင်းအရာများကို ပြန်စဉ်းစားမိလိုက်သော် ရန်ကိုင် စိတ်ထဲ တစ်ခုခုအား စဉ်းစားမိသွားတော့လေ၏။

သူထင်ထားသည့်အတိုင်းပင် ထိုဧရာမဝံပုလွေကြီးကို မြင်ပြီးသည့်နောက် လန်ဟဲ့မှာ အားရဝမ်းသာဖြင့် ဝံပုလွေကြီး၏ ခေါင်းကို သွားရောက်ပွတ်သပ်ပေးလေသည်။ "ရှောင်ဝူ၊ နင်ငါ့ကို စောင့်နေတာလား"

ဝံပုလွေကြီးသည် ၎င်း၏ ခေါင်းဖြင့် လန်ဟဲ့၏ ရင်ခွင်ကို တိုးဝှေ့လိုက်လေသည်။

လန်ဟဲ့သည် ဝံပုလွေနှင့် တစ်ခဏမျှ ဆော့နေပြီးသည့်နောက်တွင် ရန်ကိုင်ဘက်သို့ လှည့်၍... "ရှောင်ဝူ၊ ငါနင့်ကို မိတ်ဆက်ပေးရဦးမယ်၊ ဒီစီနီယာက အရင်တစ်ခေါက်တုန်းက ငါ့အသက်ကို ကယ်ပေးခဲ့တဲ့ စီနီယာအစ်ကို ရန်ကိုင်ပဲ" ထို့နောက်တွင် ရန်ကိုင်ဘက်သို့ လှည့်၍... "အစ်ကိုရန်၊ ဒါက ကျွန်မရဲ့ တိုက်ပွဲဝံပုလွေ ရှောင်ဝူလေ"

ဝံပုလွေနှင့် အကြည့်ချင်းဆုံသွားသော် ဝံပုလွေသည် ရန်ကိုင်အား ကျေးဇူးတင်သည့် အမူအရာမျိုးဖြင့် ခေါင်းညိတ်ပြလာခဲ့လေသည်။ အဆင့်တစ်ဆယ့်နှစ် မွန်းစတားသားရဲတစ်ကောင် ဖြစ်သည့်အလျောက် အတိုင်းအတာတစ်ခုအထိ အသိဉာဏ် ရှိနေပြီမှန်း ရန်ကိုင် သိနေခဲ့သည်။ ထိုအတွက်ကြောင့် လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ "မင်္ဂလာပါ ရောင်းရင်းဝူ"

ထိုဝံပုလွေသည် ရုတ်တရက် မကျေမနပ် အမူအရာဖြင့် သူ့အား ထဟောင်လာသည့်အတွက်ကြောင့် ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။

လန်ဟဲ့ကမူ ရယ်သွမ်းသွေးရင်းမှ ပြန်ပြောလိုက်လေ၏။ "အစ်ကိုရန်၊ ရှောင်ဝူက အမ"

သူမ ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ဝံပုလွေဆီမှ တဖြိုးဖြိုးတဖြောက်ဖြောက် မြည်သံများ ထွက်ပေါ်လာခဲ့ပြီး ဝံပုလွေကြီးသည် တုတ်ခိုင်ထွားကြိုင်းသည့် အမျိုးသမီးတစ်ဦး အသွင်သို့ ပြောင်းသွားခဲ့လေသည်။ သူမသည် လန်ဟဲ့ထက် ခေါင်းတစ်လုံးစာ အရပ်ပိုရှည်ပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း ကြွက်သားအမြောင်းမြောင်းနှင့် ဖြစ်နေပေသည်။ လက်ရှိအချိန်တွင် ထိုအမျိုးသမီးသည် မိန်းမဝတ်အင်္ကျီနှင့် တိုတိုတုတ်တုတ် စကပ်တစ်ထည်ကို ဝတ်ဆင်ထားခဲ့ပြီး သူမ၏ ကြွက်သားအမြောင်းမြောင်း ဖြစ်နေသော တုတ်ခိုင်ထွားကြိုင်းသည့် ပေါင်သားများကို လစ်ဟာထားခဲ့လေသည်။ လူအသွင်သို့ ပြောင်းပြီးသွားသည်နှင့် ရန်ကိုင်အား လက်သီးလက်မောင်း ဝှေ့ယမ်းပြရင်းမှ... "နင်ကန်းနေတာလား၊ ဟမ်"

ရန်ကိုင်မှာတော့ ရှက်သွားခဲ့လေသည်။ [ဝံပုလွေပုံစံကြီးနဲ့ကို အထီးလား အမလား ဘယ်သူက ကြည့်ရုံနဲ့ ပြောနိုင်မှာလဲ]

လန်ဟဲ့သည် လေပေါ်သို့ ကောက်ခုန်ရင်း ထိုအမျိုးသမီး၏ ခေါင်းကို ကောက်ထု၍... "အစ်ကိုရန်ကို အဲဒီလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်း မပြောနဲ့လေ"

ထိုအခါမှသာလျှင် ရှောင်ဝူမှာ ပါးစပ်ပြန်ပိတ်ထားလိုက်ပြီး မျက်နှာကိုတည်၍ အလေးအနက် အမူအရာဖြင့် လက်သီးဆုပ်ကာ ပြန်ပြောလိုက်၏။ "လန်ဟဲ့ဆီကတော့ ကြားပြီးသွားပြီ၊ အဲဒီတုန်းက သူ့ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်"

ရန်ကိုင်က ပြုံး၍... "အနည်းဆုံးတော့ ငါလုပ်သင့်တာပဲလေ၊ ဒီတော့ ငါ့ကိုလာပြီး ကျေးဇူးတင်နေစရာမလိုဘူး"

ရှောင်ဝူသည် ရန်ကိုင်အား တစ်ချက်ကြည့်ပြီးသည့်နောက် လန်ဟဲ့၏ ပခုံးကို သူ့ပခုံးဖြင့် တိုက်၍ ပြောလိုက်လေ၏။ "ဒီကောင်လေးက မဆိုးဘူး၊ နင်ဘာဖြစ်လို့ သူ့ကိုမယူတာလဲ၊ နင်လည်း အရွယ်ရောက်နေပြီဆိုတော့ မိတ်ဖက်ရှာရမဲ့အချိန် ရောက်နေပြီ"

ထိုစကားကို ကြားသော် လန်ဟဲ့ လုံးဝကို ရှက်သွားလေ၏။

ရန်ကိုင်ကမူ ကြောင်အမ်းအမ်းအမူအရာဖြင့်သာ တွေးလိုက်လေသည်။ [ငါနားပင်းနေတာ မဟုတ်ဘူးနော်၊ ဒီလိုစကားမျိုးကို ပြောမယ်ဆို တိုးတိုးတိတ်တိတ်ပြောပါလား၊ ဘာဖြစ်လို့ ဒီလောက် အော်ကျယ်အော်ကျယ်နဲ့ ပြောနေရတာလဲ]

လန်ဟဲ့က ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ပြန်ပြောလိုက်၏။ "အပိုတွေပြောမနေနဲ့၊ အခုလောလောဆယ် အစ်ကိုရန် ဒုက္ခရောက်နေလို့ ဆရာနဲ့တွေ့ပေးဖို့ ငါခေါ်လာခဲ့တာ"

"ဘာဒုက္ခလဲ" ရှောင်ဝူက မေးလိုက်လေသည်။

"နင့်ကိုပြောလည်း အသုံးမဝင်ဘူး၊ ဒီမှာနေနေ၊ ငါပြီးတော့မှ နင့်ကို လာပြန်ရှာမယ်" ထိုသို့ပြောပြီးသည့်နောက်တွင် လန်ဟဲ့သည် ရန်ကိုင်အား အလျင်စလို လှမ်းခေါ်လိုက်လေသည်။ ရှောင်ဝူ မပြောသင့်သည့် စကားများ ထပ်ပြောမည်ကို သူမ စိတ်ပူနေခြင်း ဖြစ်၏။

ထိုနှစ်ဦး ထွက်သွားသည်ကို ကြည့်ရင်း ရှောင်ဝူသည် နှာခေါင်းရှုံ့လျက် ဝံပုလွေအသွင်သို့ ပြန်ပြောင်းကာ လျှောက်ပတ်ပြေးတော့သည်။

"အစ်ကိုရန် တောင်းပန်ပါတယ်နော်၊ ရှောင်ဝူက မစဉ်းစားမဆင်ခြင်ဘဲနဲ့ ပြောတတ်တဲ့ လူမျိုးမလို့ပါ၊ ဒီတော့ သူပြောတာကို ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့" လန်ဟဲ့က ရှက်ရှက်ဖြင့် ပြောလိုက်သည်။

ရန်ကိုင်က ပြုံး၍... "ရှောင်ဝူက အတော်လေး စိတ်ဝင်စားစရာကောင်းတာပဲ"

လန်ဟဲ့က ရှင်းပြလိုက်သည်။ "ကျွန်မက ငယ်ငယ်လေးကတည်းက ရှောင်ဝူနဲ့အတူ ကြီးပြင်းလာတာလေ၊ ကောင်းကင်ဝံပုလွေတောင်ကြားက တပည့်တွေ လုံလောက်တဲ့ အရည်အချင်းရှိမယ်ဆိုရင် တိုက်ပွဲဝင်ဝံပုလွေတစ်ကောင်ကို ပျိုးထောင်ခွင့်ရတယ်၊ အပြင်လူတွေအတွက်တော့ အဲဒီဝံပုလွေတွေက သူတို့ရဲ့ အကူအညီတွေ၊ သူတို့ထိန်းကျောင်းထားတဲ့ သားရဲတွေပဲ ဖြစ်ရင်ဖြစ်မှာပေါ့၊ ဒါပေမဲ့ ကောင်းကင်ဝံပုလွေတောင်ကြားက တပည့်တွေအတွက်တော့ သူတို့တွေက ညီအစ်ကိုမောင်နှမတွေပဲ"

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "အဲဒါဆို ကျယ်ပြန့်ပင်လယ်တုန်းက ဘာဖြစ်လို့ ရှောင်ဝူကိုပါ တစ်ခါတည်းခေါ်မလာတာလဲ"

လန်ဟဲ့က ခေါင်းခါ၍ ကူကယ်ရာမဲ့ဟန်ဖြင့်... "ကျယ်ပြန့်ပင်လယ်ထဲကို သွားနိုင်တဲ့ လူအရေအတွက်က အကန့်အသတ်နဲ့ ရှိတာလေ၊ အဲဒီတုန်းက ကျွန်မတို့ရလိုက်တာ ဝင်ခွင့်က နည်းနည်းလေးပဲ၊ ဒီတော့ ရှောင်ဝူ လိုက်လို့မရဘူး"

ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ရန်ကိုင် ကိုယ်တိုင်သည်လည်း ကျယ်ပြန့်ပင်လယ်ထဲသို့ ရောက်ဖူးသည့်အတွက်ကြောင့် ကျယ်ပြန့်ပင်လယ် ဖွင့်သည့်အခါ ကြယ်စည်းတံဆိပ်ရထားသူများသာ အထဲသို့ သွားနိုင်ကြမှန်း သိပေသည်။

ပြောနေရင်းမှ ရန်ကိုင်တို့နှစ်ဦး ခန်းမတစ်ခုဆီသို့ ရောက်လာခဲ့သည်။ လန်ဟဲ့သည် ရန်ကိုင်အား ထိုင်ခိုင်းစေပြီးသည့်နောက် တစ်စုံတစ်ဦးအား ရေနွေးကြမ်း ပြင်ခိုင်းလိုက်လေသည်။ "အစ်ကိုရန် ဒီမှာ ခဏစောင့်နေဦးနော်၊ ကျွန်မ ဆရာနဲ့ စကားသွားပြောလိုက်ဦးမယ်"

ထိုသို့ ပြောပြီးသည့်နောက် လှည့်ထွက်လာခဲ့လေ၏။

လန်ဟဲ့သည် တစ်ခုသော တောင်ပေါ်သို့ တက်လာပြီးသည့်နောက် လှမ်းအော်ခေါ်လိုက်လေ၏။ "ဆရာ၊ ဆရာ"

တစ်ခဏအကြာတွင် တဲအိမ်လေးတစ်အိမ်အတွင်းမှ အသံတစ်သံ ထွက်လာခဲ့လေသည်။ "ဒီမှာ"

လန်ဟဲ့သည် အသံကြားရာဆီသို့ ပြေးထွက်သွားပြီး သက်လတ်ပိုင်းလူကြီးတစ်ဦးအား ဦးညွှတ်လိုက်လေသည်။ "ဆရာ"

ထိုသက်လတ်ပိုင်းလူကြီးမှာ လက်ရှိ ကောင်းကင်ဝံပုလွေတောင်ကြား၏ တောင်ကြားသခင်ဖြစ်သလို ဧကရာဇ်ဒုတိယအဆင့်ပညာရှင်ဖြစ်သည့် ထျန်ရှန်း ဖြစ်ပေသည်။

ဤဂိုဏ်းထဲတွင် ဒုတောင်ကြားသခင်လည်းဖြစ် ထျန်ရှန်း၏ မိန်းမလည်းဖြစ်သည့် ဧကရာဇ်ဒုတိယအဆင့်ပညာရှင်ဖြစ်သော ချန်းရှိုယင်လည်း ရှိနေပေသေးသည်။ သို့သော်ငြား ထျန်ရှန်းမှာ ဤအဆင့်သို့ ချန်းရှိုယင်ထက် စော၍ ရောက်နေသည့်အတွက်ကြောင့် သူမထက် ပိုအားကောင်းသည်ဟု ပြော၍ ရပေသည်။

ထျန်ရှန်းသည် မျက်လုံးဖွင့်လာပြီး သူ့တပည့်အား ကျေနပ်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ ကောင်းကင်ဝံပုလွေတောင်ကြားမှာ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း မဟုတ်။ ထိုအတွက်ကြောင့် သူတို့ဂိုဏ်းမှ တပည့်တစ်ဦးဦး ဧကရာဇ်အဆင့်သို့ ရောက်ဖို့ရာမှာ မလွယ်ကူလှပေ။ လန်ဟဲ့မှာ သူ၏ မျှော်လင့်ချက်များကို စိတ်မပျက်စေခဲ့ဘဲ ဧကရာဇ်အဆင့်သို့ လျင်လျင်မြန်မြန် ရောက်အောင် ကြိုးစားခဲ့သည်။ ထိုအတွက်ကြောင့် ဆရာဖြစ်သည့် သူကိုယ်တိုင်မှာလည်း သူ့တပည့်၏ ကြိုးစားမှုနှင့် ပတ်သက်၍ ကျေနပ်ရပေသည်။ လန်ဟဲ့ကို မြင်သည့်အခါ ပြုံး၍ မေးလိုက်လေသည်။ "ဘာလဲ၊ နင်ဒီတစ်ခေါက် အပြင်ထွက်ပြီးတော့ ဘာတွေရလာပြန်ပြီလဲ"

လန်ဟဲ့က ပြန်ပြောလိုက်သည်။ "အသစ်အသစ်တွေ အများကြီးကြုံရတယ်၊ စိတ်ဝင်စားစရာ ဇာတ်လမ်းတွေရောပဲ၊ ဒါပေမဲ့ လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ အရာတော့ ဘာမှမရသေးဘူး"

ထျန်ရှန်းက ပြုံးလျက်... "နင်အခု ကြုံနေရတဲ့ အတွေ့အကြုံတွေက နောက်ပိုင်းကျရင် နင့်ကို ပိုပြီး အားကောင်းလာအောင် လုပ်ပေးလာမဲ့ အရာတွေပဲ၊ တစ်နေ့နေ့တစ်ချိန်ချိန်မှာ နင်အခုနေ ကြုံခဲ့ရတဲ့ အရာတွေက နင့်ကို အဆင့်ချိုးဖျက်နိုင်အောင် လုပ်ပေးမဲ့ အဓိက သော့ချက်တွေ ဖြစ်ကောင်းဖြစ်လာနိုင်တယ်၊ နင်လုံးဝ သတိမထားမိလိုက်တဲ့ အရာမျိုးတွေကတောင် နင်လုံးဝ ကျဉ်းထဲကျပ်ထဲရောက်နေတဲ့ အချိန်မှာ နင့်အတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာနိုင်တယ်"

"ဟုတ်ကဲ့" လန်ဟဲ့သည် သူမဆရာကို ပြုံးကာ ကြည့်နေခဲ့သည်။ သူမဆရာအရှေ့ ရောက်နေသည့်တိုင် အနည်းငယ်မျှပင်လျှင် သတိထား၍ မနေပေ။ ထိုအစား လန်ဟဲ့မှာ သူမ ဆရာကို အဖေတစ်ဦးသဖွယ် သဘောထားကာ ပွင့်ပွင့်လင်းလင်းနှင့်ပင် ပြောလိုက်လေ၏။ "ဒီတစ်ကြိမ်တော့ မျှော်လင့်ချက်တစ်ခု တွေ့လာတယ်"

ထျန်ရှန်းက မေးလိုက်သည်။ "နင်ဘာပြောချင်တာလဲ"

လန်ဟဲ့က ပြန်ရှင်းပြလိုက်သည်။ "ဆရာ၊ အကြီးအကဲလင်းကို မှတ်မိလား" ပြောနေရင်းမှ သူမဆရာဆီသို့ လျှောက်သွားပြီး ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးလိုက်၏။

ထျန်ရှန်းသည် ရေနွေးကြမ်းကို တစ်ငုံသောက်လိုက်ရင်းမှ ပြန်ပြောလိုက်သည်။ "သူက ငါတို့တောင်ကြားရဲ့ အကြီးအကဲလေ၊ ငါတို့ မကြာခဏ တွေ့ဖြစ်နေတာ၊ ဘယ်လိုလုပ်ပြီး သူ့ကို မမှတ်မိဘဲ နေရမှာလဲ"

လန်ဟဲ့သည် ထျန်ရှန်းအနောက်သို့ လျှောက်သွားပြီး ထျန်ရှန်း၏ ပခုံးကို နှိပ်နယ်ပေးရင်းမှ ပြုံးလျက်... "ကျွန်မပြောချင်တာက အကြီးအကဲလင်း ကျွန်မတို့ဂိုဏ်းကို ဘာလို့ ရောက်လာလဲဆိုတာကို မှတ်မိလားလို့ မေးတာ"

ထျန်ရှန်းက သက်ပြင်းချလျက်... "ဝူဟန်းအတွက် ရောက်လာတာလေ၊ သူနဲ့ ဝူဟန်းက တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတာ၊ မဟုတ်ဘူးဆိုရင် ဝူဟန်းရဲ့ အရိုးပြာကို ဒီနေရာအထိ ပြန်ယူလာပေးဖို့ ဟိုးအဝေးကြီးကနေ လာခဲ့မှာမဟုတ်ဘူး၊ ပြီးရင် အကြီးအကဲရာထူးကိုလည်း ဒီလောက်အလွယ်တကူ လက်ခံခဲ့မှာမဟုတ်ဘူး"

လင်းယင်ချင်းမှာ ကောင်းကင်ဝံပုလွေတောင်ကြား၏ တပည့်တစ်ဦး မဟုတ်ပေ။ သူမအနေဖြင့် ဤအကြီးအကဲရာထူးကို လက်ခံယူထားရခြင်းမှာ ဤဂိုဏ်း၏ တပည့်တစ်ဦးဖြစ်သော ဝူဟန်းနှင့် လက်ထပ်ထားသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ ကံမကောင်းစွာဖြင့် ဝူဟန်းမှာ သီးခြားကမ္ဘာတစ်ခုထဲ၌ သေသွားခဲ့လေသည်။ သို့သော်ငြား နှစ်ပေါင်းများစွာ ကြာသွားပြီးသည့်နောက်တွင် လင်းယင်ချင်းသည် ရှည်လျားလှသော ခရီးအကွာအဝေးကို ဖြတ်ကျော်၍ သူမ ယောက်ျား၏ အရိုးပြာကို ဤနေရာဆီသို့ ပြန်ယူလာပေးခဲ့သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၉၇)

ဘာသာပြန်သူ_တိမ်တိုက်

ရှင်းရှင်းပြောရသော် သေသွားသည့် ဝူဟန်းနှင့် ထျန်ရှန်းတို့မှာ ရောင်းရင်းညီအစ်ကိုများ ဖြစ်ကြသည်။ တစ်နည်းဆိုရသော် လင်းယင်ချင်းသည် ထျန်ရှန်းနှင့် အမျိုးအဆွယ်ဖြစ်ကာ လန်ဟဲ့၏ စီနီယာ ဖြစ်ပေသည်။

လင်းယင်ချင်း ကောင်းကင်ဝံပုလွေတောင်ကြားသို့ ရောက်လာသည့်အခါတွင် တာအိုသခင်တတိယအဆင့်သာ ရှိပေသေးသည်။ ကံကောင်းစွာဖြင့် လုံလောက်သော အရင်းအမြစ်များကို ရရှိခဲ့ပြီး သူမ၏ အရည်အသွေးမှာလည်း ကောင်းမွန်နေခဲ့လေရာ နှစ်အနည်းငယ်အတွင်းမှာပင် ဧကရာဇ်အဆင့်သို့ ရောက်နိုင်ခဲ့လေသည်။ ထို့နောက်တွင် ထျန်ရှန်းမှ လင်းယင်ချင်းအား အကြီးအကဲရာထူး တိုးမြှင့်ပေးလိုက်လေ၏။

လန်ဟဲ့က ပြောလိုက်သည်။ "ကျွန်မ ကျယ်ပြန့်ပင်လယ်ထဲကနေ ထွက်လာတုန်းက လူတစ်ဦးနဲ့သွားတွေ့ပြီးတော့ အဲဒီလူက အကြီးအကဲလင်းအကြောင်းကို ပြောပြတယ်လေ၊ ဒါနဲ့ ကျွန်မလည်း ကျယ်ပြန့်ပင်လယ်ထဲကနေထွက်လာပြီး အကြီးအကဲလင်းကို လိုက်ရှာခိုင်းလိုက်တာ၊ ကံကောင်းထောက်မစွာနဲ့ပဲ အကြီးအကဲလင်းကိုတွေ့ပြီး တောင်ကြားဆီ ပြန်ခေါ်လာနိုင်ခဲ့တယ်"

ထျန်ရှန်းက ခေါင်းညိတ်၍... "သိတယ်လေ၊ ငါမှတ်မိတယ်၊ ဘာဖြစ်လို့လဲ၊ နင်ဆုလိုချင်လို့လား"

ဂိုဏ်းထဲတွင် ဧကရာဇ်အဆင့်ပညာရှင်များ ပိုရှိလာသည်မှာ ကောင်းသည့်အချက် ဖြစ်ပေသည်။ ထိုအကြောင်းကြောင့် လန်ဟဲ့သည် ထိုအကြောင်းကို ပြော၍ သူ့ဆီမှ ဆုတစ်ခုခု လိုချင်နေခြင်း ဖြစ်သည်ဟု ထျန်ရှန်း ထင်သွားသည်။

လန်ဟဲ့က လျှာလေးထုတ်လျက်... "မဟုတ်ဘူး၊ အကြီးအကဲလင်းအကြောင်းကို ကျွန်မကို ပြောပြပေးခဲ့တဲ့လူက ရန်ကိုင်လို့ ပြောမလို့"

ထျန်ရှန်းက ခေါင်းညိတ်၍... "အဲဒါကိုလည်း ငါမှတ်မိတယ်လေ၊ သူက နင့်ကို ဟင်းလင်းပြင်အက်ကွဲကြောင်းထဲကနေ ကယ်ခဲ့တဲ့လူမလား၊ နင် အရင်တုန်းက ငါ့ကိုပြောပြပြီးသားပဲဟာကို" ထိုသို့ပြောပြီးသွားသည့်နောက် တစ်ခုခုအား စဉ်းစားမိသွားသည့်အလား လန်ဟဲ့ကို ကြည့်၍... "ဒီတော့ နင်ပြောချင်နေတာက"

လန်ဟဲ့က ပြုံးလျက် ပြန်ပြောလိုက်သည်။ "ဆရာက တကယ်ကို ပါးနပ်တာပဲ၊ ဟုတ်တယ်၊ အခု ကျွန်မ အစ်ကိုရန်နဲ့ သွားတွေ့လာတာ"

"သူ အရှေ့ဘက်နယ်မြေကို ရောက်နေတာလား၊ နင်ပြောတော့ သူက တောင်ဘက်နယ်မြေကဆို"

"ဟုတ်တယ်လေ၊ သူက တောင်ဘက်နယ်မြေကပဲ၊ ဒါပေမဲ့ အခု ကိစ္စအချို့ကြောင့် ဒီကိုရောက်နေတာ"

"နင် သူ့ကို ပြန်ခေါ်လာခဲ့လား၊ သူက နင့်ရဲ့ကျေးဇူးရှင်နော်၊ တွေ့တယ်ဆိုမှတော့ သူ့ကို သေသေချာချာ ကျေးဇူးတင်သင့်တယ်"

လန်ဟဲ့က ပြန်ပြောလိုက်သည်။ "ဒါပေါ့ ပြန်ခေါ်လာတာပေါ့၊ သူ အခု ခန်းမထဲမှာ ရှိနေတယ်"

ထိုစကားကိုကြားသော် ထျန်ရှန်းသည် ထိုင်ရာမှထ၍ လန်ဟဲ့အား စိုက်ကြည့်ရင်း... "ကောင်မလေး၊ နင်သူ့ကို ပြန်ခေါ်လာတယ်ဆိုမှတော့ ဘာဖြစ်လို့ ဝေ့လည်ကြောင်ပတ်တွေ လျှောက်ပြောနေတာလဲ၊ သူက နင့်ရဲ့အသက်သခင်ကျေးဇူးရှင်လေ၊ ဒီတော့ နင့်ရဲ့ဆရာဖြစ်တဲ့ ငါက သူ့ကိုသွားတွေ့ပြီးတော့ ကျေးဇူးတင်စကား ပြောရမှာပေါ့"

လန်ဟဲ့က ပြုံးလျက်... "ကျွန်မ သူ့ကို ကျေးဇူးတင်ပြီးသွားပြီ"

ထျန်ရှန်းက ပြန်ပြောလိုက်သည်။ "သူက နင့်အသက်ကို ကယ်ထားတာ၊ ဒီတော့ ကျေးဇူးတင်ရုံနဲ့ မလုံလောက်ဘူး"

ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ လန်ဟဲ့က ပြောလိုက်သည်။ "တကယ်တော့ သူဒီကို အကူအညီတောင်းဖို့ လာခဲ့တာ၊ ဆရာသဘောမတူမှာ ကြောက်လို့၊ ဒါပေမဲ့ အခုကြည့်ရတာတော့ ကိစ္စမရှိတော့ဘူးနဲ့တူတယ်"

ထျန်ရှန်း ရုတ်တရက် ရပ်လိုက်လေသည်။ သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလာသည့်နောက် လန်ဟဲ့ကို ကြည့်၍ မေးလိုက်လေ၏။ "ကြည့်ရတာ နင်တစ်ခုခုကို ကြံနေတဲ့ပုံပဲ၊ အခုလိုမျိုး ငါ့ကို ရေနွေးကြမ်းတွေ ပြင်ပေးပြီး နှိပ်နယ်ပေးနေတာဆိုတော့ နင် မကောင်းတာတစ်ခုခု ကြံနေတာပဲဖြစ်ရလိမ့်မယ်"

"ဘယ်ကသာ၊ ဆရာ့ရဲ့အဖိုးတန်တပည့်လေးက အဲဒီလိုမျိုး လုပ်တတ်တဲ့ လူစားမျိုးမလို့လား" လန်ဟဲ့က နှုတ်ခမ်းလေးစူ၍ ပြန်ပြောလိုက်သည်။

ထျန်ရှန်းက နှာခေါင်းရှုံ့လျက်... "ငါနင့်အကြောင်း မသိတာကျလို့"

တစ်ချက်မျှ ရပ်ပြီးသည့်နောက်... "ကြည့်ရတာ သူအကူအညီတောင်းမဲ့ ကိစ္စက ပေါ့သေးသေးမဟုတ်ဘူးနဲ့ တူတယ်၊ သူဘာလိုချင်တာလဲ"

လန်ဟဲ့က တုံ့ဆိုင်းနေသည့် အမူအရာဖြင့်... "ဆရာ"

ထျန်ရှန်းက ပြောလိုက်သည်။ "လိုရင်းကိုသာ တန်းပြော၊ မဟုတ်ရင် ငါနင့်ကို အပြစ်ပေးတော့မှာနော်"

ထို့နောက် လန်ဟဲ့၏ ခေါင်းကို လှမ်းကြည့်လိုက်ရာ လန်ဟဲ့မှာ သူမခေါင်းကို လက်ဖြင့် ချက်ချင်းအုပ်လိုက်လေသည်။

တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် လန်ဟဲ့လည်း လိုရင်းကိုသာ တန်းပြောလိုက်သည်။ "သူအရှေ့ဘက်နယ်မြေကို ရောက်လာတာ စိတ်ဝိညာဉ်သားရဲကျွန်းဆီ သွားချင်လို့ပဲ၊ ဒါပေမဲ့ အဲဒီကို ဘယ်လိုသွားရမလဲမသိဘူး ဖြစ်နေတယ်"

"စိတ်ဝိညာဉ်သားရဲကျွန်း" ထျန်ရှန်းမှာ တစ်ခုခုအား သဘောပေါက်သွားသည့်အလား သူ့အမူအရာ ပြောင်းလဲသွားခဲ့သည်။ ထို့နောက်တွင် ခေါင်းညိတ်၍... "ကောင်းပြီလေ"

စိတ်ဝိညာဉ်သားရဲကျွန်းသည် သာမန်လူများအဖို့ ရောက်ဖို့ရာ မဖြစ်နိုင်သည့် နေရာတစ်ခု ဖြစ်ပေသည်။ အရှေ့ဘက်နယ်မြေရှိ လူများသည်ပင်လျှင် စိတ်ဝိညာဉ်သားရဲကျွန်း မည်သည့်နေရာတွင် ရှိသလဲဆိုသည်ကို မသိကြပေ။ ရန်ကိုင်ကဲ့သို့သော အပြင်လူတစ်ဦးသာဆိုလျှင်တော့ ပြောနေစရာပင် မလို။ သို့သော်ငြား ထျန်ရှန်းကမူ စိတ်ဝိညာဉ်သားရဲကျွန်းဆီသို့ မည်ကဲ့သို့ သွားရမလဲဆိုသည်ကို သိပေသည်။ အကြောင်းမှာ သားရဲရှာသူသည် ယုံကြည်ခြင်းတံဆိပ်ပြားတစ်ခုကို သူတို့ဆီသို့ ပေးအပ်ခဲ့သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ ထိုယုံကြည်ခြင်းတံဆိပ်ပြားကို အရှေ့ဘက်ပင်လယ်သို့ ယူသွားမည်ဆိုပါက စိတ်ဝိညာဉ်သားရဲကျွန်းကို ရှာတွေ့နိုင်ပေသည်။

ထျန်ရှန်းက ပြုံး၍ ပြန်ပြောလိုက်သည်။ "ဒါက ဘာမှ ဒီလောက်လည်း မဟုတ်ပါဘူး၊ သူက နင့်အသက်ကို ကယ်ပေးခဲ့တယ်ဆိုမှတော့ သူ စိတ်ဝိညာဉ်သားရဲကျွန်းဆီရောက်အောင် ငါကိုယ်တိုင် သူ့ကို ခေါ်သွားပေးမယ်" ယုံကြည်ခြင်းတံဆိပ်ပြားသည် သူ၏ အကြီးမားဆုံးသော ဝှက်ဖဲတစ်ခု ဖြစ်ပေသည်။ သို့သော်ငြား သူတို့သည် ထိုယုံကြည်ခြင်းတံဆိပ်ပြားအား စိတ်ဝိညာဉ်သားရဲကျွန်းဆီသို့ သွားရန်သာ သုံးပြီး စိတ်ဝိညာဉ်သားရဲကျွန်းဆီမှ မည်သည့်အကူအညီမှ မတောင်းခံပါက သူတို့အတွက် အရှုံးမရှိပေ။ သူတို့ဂိုဏ်း နောက်ပိုင်း အန္တရာယ်နှင့် ကြုံနေရမည်ဆိုလျှင်ပင် ယုံကြည်ခြင်းတံဆိပ်ပြားကို အသုံးပြုနိုင်ပေသေးသည်။ ထိုအတွက်ကြောင့် ဤအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ရန်ကိုင်အပေါ် တင်နေသည့် အကြွေးအား ပြန်ပေးရန် လုပ်သည်မှာ အမှန်တကယ်ကို ကောင်းမွန်သည့် အကွက်တစ်ကွက် ဖြစ်ပေသည်။

ဤသို့လုပ်လိုက်ခြင်းအားဖြင့် ရန်ကိုင်နှင့်လည်း မိတ်ဆွေဖွဲ့နိုင်ပေလိမ့်မည်။ ရန်ကိုင်မှာ အတော်လေးကိုမှ အားကောင်းလှပြီး ထူးချွန်လှသည့် ပါရမီကို ပိုင်ဆိုင်ထားကာ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် လူတစ်ဦး ဖြစ်သည်ဟု လန်ဟဲ့ဆီမှ ထျန်ရှန်း ကြားထားပေသည်။ လီဝူရီသည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့်အတွက်ကြောင့် မဟာဧကရာဇ်များပြီးလျှင် အားအကောင်းဆုံးလူ ဖြစ်သည်ဟု ပြောကြသည်။ နောက်ပိုင်းတွင်လည်း ရန်ကိုင်သည် လီဝူရီကဲ့သို့ အားကောင်းလာနိုင်ပေသည်။ ထိုအတွက်ကြောင့် ရန်ကိုင်နှင့် မိတ်ဆွေဖွဲ့ထားခြင်းမှာ သူတို့ဂိုဏ်းအတွက် အကျိုးရှိလှ၏။

ထိုအရာများကို စဉ်းစားရင်း ထျန်ရှန်း စိတ်ထဲ ဆုံးဖြတ်ချက်ချလိုက်လေသည်။ သူသည် ဉာဏ်များသည့် လူတစ်ဦးတော့ မဟုတ်။ သူ့နေရာတွင် အခြားသူတစ်ဦးသာဆိုပါကလည်း ယခုကဲ့သို့သာ တွေးမိပေလိမ့်မည်။ ထိုအပြင် ကောင်းကင်ဝံပုလွေတောင်ကြား၏ တောင်ကြားသခင်ဖြစ်သည့်အလျောက် သူ့အနေဖြင့် ဂိုဏ်းအရေးကို အရာအားလုံးထက် ရှေ့တန်းတင်ကာ စဉ်းစားရပေလိမ့်မည်။

ထိုစကားကို ကြားသော် လန်ဟဲ့မှာ ဝမ်းသာမသွားခဲ့။ ထိုအစား သူမ ဆရာကိုသာ သတိထား၍ ကြည့်ရင်းမှ တုံ့ဆိုင်းတုံ့ဆိုင်းအမူအရာဖြင့်... "ဒီကိစ္စက အဲဒီလောက်ရိုးရှင်းနေရင်တော့ ဘယ်ပြဿနာရှိပါ့မလဲ၊ ဒါပေမဲ့ အခုလောလောဆယ် အစ်ကိုရန်က အန္တရာယ်များတဲ့ အခြေအနေထဲ ရောက်နေတာ"

"ဟမ်" ထျန်ရှန်းသည် သူ့တပည့်ကို မယုံသင်္ကာအမူအရာဖြင့် ကြည့်လျက်... "နင် ဘာပြောချင်တာလဲ"

လန်ဟဲ့က ရှင်းပြလိုက်သည်။ "ဆရာ့ကို ကျွန်မ အရင်တစ်ခေါက်က ပြောခဲ့တာကို မှတ်မိသေးလား၊ အစ်ကိုရန်က ကျယ်ပြန့်ပင်လယ်ထဲမှာ လူတွေအများကြီး သတ်ခဲ့တယ်ဆိုတာလေ၊ သူသတ်ခဲ့တဲ့ လူတွေထဲမှာ ဗြဟ္မာကုန်းမြေက တော်ဝင်သားတော်နှစ်ယောက်ဖြစ်တဲ့ ကျန်းဟုန်နဲ့ ကျန်းရှန်တို့ ပါနေတယ်ဆိုတာလေ"

ထျန်ရှန်း၏ အမူအရာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေ၏။ "နင်ပြောချင်တာက ဗြဟ္မာကုန်းမြေကလူတွေ သူ့အနောက်ကို လိုက်နေတယ်ပေါ့"

"မရဏဂိုဏ်းလည်းပါတယ်" လန်ဟဲ့မှာ ပို၍တိုးသည့် အသံဖြင့် ပြောလိုက်လေသည်။

"ဘယ်လို" ထျန်ရှန်း၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားတော့လေသည်။

ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းသည်သာ ရန်ကိုင် အနောက်သို့ လိုက်နေသေးလျှင် အဆင်ပြေပေသေးသည်။ သို့သော်ငြား ယခုမှာ ထိပ်တန်းဂိုဏ်း နှစ်ဂိုဏ်းစလုံး ရန်ကိုင် အနောက်သို့ တစ်ပြိုင်တည်း လိုက်နေကြခြင်း ဖြစ်လေသည်။ ထိုအတွက်ကြောင့် ရန်ကိုင်အနေဖြင့် အသက်ရှင်ဖို့ရန် မဖြစ်နိုင်ပေ။ အခြားသူများဆိုပါက ထိုကဲ့သို့သော ပြဿနာကောင်နှင့် ခပ်ဝေးဝေးနေလိုက်လိမ့်မည်ဖြစ်ပါသော်ငြား လန်ဟဲ့ကမူ ထိုပြဿနာကောင်ကို ဂိုဏ်းထဲသို့ ခေါ်လာခဲ့သည်။

ထျန်ရှန်းမှာ လန်ဟဲ့အား လက်ညှိုးငေါက်ငေါက် ထိုးနေခဲ့ပါသော်ငြား သူပါးစပ်မှ မည်သည့်စကားလုံးမျှ ထွက်မလာနိုင် ဖြစ်နေခဲ့သည်။

လန်ဟဲ့က ပြန်၍ ပြောလိုက်သည်။ "အကြွေးရှိရင် ပြန်ဆပ်ရမယ်လို့ ဆရာပဲ ကျွန်မကို ပြောထားခဲ့တာလေ၊ အစ်ကိုရန်လိုမျိုး ကျွန်မအပေါ် အသက်ကျေးဇူးရှိနေတဲ့လူမျိုးဆိုရင် ပြောနေစရာတောင် မလိုဘူး၊ အစ်ကိုရန်သာ ကျွန်မကို ဟင်းလင်းပြင်အက်ကွဲကြောင်းထဲက ကယ်မထုတ်ပေးခဲ့ရင် ကျွန်မ သေသွားတာကြာပြီ"

ထျန်ရှန်းမှာ ကြိတ်မနိုင်ခဲမရအမူအရာဖြင့်... "ငါ နင့်ကိုပြောခဲ့တယ်၊ ဒါပေမဲ့ အခြေအနေပေါ်လည်း မူတည်သေးတယ်လေ၊ နင်အခုလုပ်နေတာက ကိုယ့်ဂိုဏ်းကိုယ် ပြဿနာဖြစ်အောင်လုပ်နေတာဟဲ့"

လန်ဟဲ့က နှုတ်ခမ်းလေးစူလျက်... "ကျွန်မတို့မှာ စိတ်ဝိညာဉ်သားရဲကျွန်းက ယုံကြည်ခြင်းတံဆိပ်ပြား ရှိနေတာပဲ၊ အဲဒီအင်အားစုနှစ်ခု ဘယ်လောက်ပဲအားကောင်းကောင်း ကျွန်မတို့ကို ဘာလုပ်နိုင်မှာမလို့လဲ"

လက်ရှိအခြေအနေကို သေချာနားမလည်သေးသော သူ့တပည့်ကို ကြည့်ရင်း ထျန်ရှန်းမှာ အတော်လေးကိုမှ စိတ်ညစ်သွားရသည်။ ထို့ကြောင့် စိတ်ပေါက်ပေါက်ဖြင့် ပြန်ပြောလေ၏။ "ဟုတ်တယ်၊ သူတို့ ငါတို့ကိုတော့ ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ရဲမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါတို့အခုနေနေတာ အရှေ့ဘက်နယ်မြေမှာဆိုတာကိုလည်း မေ့မထားနဲ့ဦး၊ ငါတို့ ဒီဂိုဏ်းထဲမှာပဲ တစ်ချိန်လုံးနေနေမှာမှ မဟုတ်တာ၊ ငါတို့ဂိုဏ်းက တပည့်တွေ အပြင်ထွက်ပြီးတော့ အတွေ့အကြုံရှာမယ် လုပ်စရာရှိတာတွေ လုပ်ရဦးမယ်လေ၊ ဒါပေမဲ့ ငါတို့သာ အဲဒီထိပ်တန်းဂိုဏ်း နှစ်ဂိုဏ်းကို သွားရန်စလိုက်မယ်ဆိုရင် အဲဒီတပည့်တွေရဲ့ဘဝက ငြိမ်းချမ်းဦးမှာလား၊ သူတို့ တစ်ခါအပြင်ထွက်တာနဲ့ ဘယ်အချိန်တိုက်ခိုက်ခံရမလဲ၊ ဘယ်အချိန်သေရမလဲဆိုတာကို တွေးပူပြီး စိတ်ညစ်နေရမှာ၊ နင်ငါ့ကို ရူးအောင်လုပ်နေတာပဲ"

လန်ဟဲ့က ကြောင်အမ်းအမ်း အမူအရာဖြင့်... "ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ"

ထျန်ရှန်းမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီးသည့်နောက် တစ်ခုခုအား ဆုံးဖြတ်လိုက်သည့်အလား... "အခုတော့ တံဆိပ်ပြားကို အားကိုးပြီးတော့ ဒီကိစ္စမှာ မပါဘူးပဲ လုပ်ရတော့မယ်၊ ပြီးတာနဲ့ သူ့ကို ဒီကနေ အမြန်ထွက်သွားဖို့ ပြောရမယ်"

"ဒါပေမဲ့ ကျွန်မသူ့ကို ကတိပေးပြီးသွားပြီ" လန်ဟဲ့မှာ ထျန်ရှန်းအား မယုံကြည်နိုင်သည့် အမူအရာဖြင့် ကြည့်လိုက်လေသည်။ သူမဆရာ ယခုကဲ့သို့ ဆုံးဖြတ်လိုက်မည်ဟု လုံးဝမထင်ထားသည့်ပုံပင်။

ထျန်ရှန်းက ခေါင်းခါလျက်... "ကတိတွေဘာတွေက အရေးမပါဘူး၊ နောက်ဆုံး ဆုံးဖြတ်ချက်ကို ငါကပဲချရမှာ"

လန်ဟဲ့မှာ သူမဆရာကို ပြန်၍ မေးခွန်းထုတ်လိုက်လေ၏။ "ဆရာ ကျွန်မစကားကို ပြန်ရုပ်သိမ်းခိုင်းစေချင်နေတာလား"

"ရိုင်းလိုက်တာ" ထျန်ရှန်းသည် သူ့တပည့်ဘက်သို့ လှည့်၍ ထအော်လေသည်။ ထို့နောက် အသက်ကို ပြင်းပြင်းရှူသွင်း၍ လေသံကို ပျော့အောင်ထားလျက် ပြန်ပြောလိုက်သည်။ "ဟဲ့လေး၊ နင့်ဆရာ ဘာတွေကိုစိတ်ပူနေလဲ နင်နားလည်သင့်တယ်၊ ပြီးတော့ ဒီဂိုဏ်းထဲမှာရှိနေတဲ့ ထောင်နဲ့ချီတဲ့ တပည့်တွေရဲ့အနာဂတ်ကိုလည်း စဉ်းစားသင့်သေးတယ်၊ ဖြစ်နိုင်ရင် ငါ အခုလိုမျိုး မလုပ်ချင်ဘူး၊ ဒါပေမဲ့ ငါတို့သာ သူ့ကို ကူညီပေးလိုက်ရင် အရှေ့ဘက်နယ်မြေက ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းနဲ့ ရန်သူတွေဖြစ်ကုန်မှာ၊ အဲဒီအခါကျရင် ငါတို့တစ်ဘဝလုံး အေးအေးချမ်းချမ်း နေရတော့မှာ မဟုတ်ဘူး၊ နင်လည်း စဉ်းစားတတ်တာပဲ၊ ဒီတော့ ငါဘာပြောချင်လဲ နားလည်မှာပေါ့"

လန်ဟဲ့မှာ တစ်ခုခုအား ပြောချင်နေသည့်အလား ပါးစပ်ကို ဟလိုက်ပါသော်ငြား ပြောမထွက်ခဲ့ပေ။

ယခုကဲ့သို့ဖြစ်သွားပြီးသည့်နောက် သူမအနေဖြင့် ရန်ကိုင်အား မည်ကဲ့သို့ မျက်နှာချင်းဆိုင်လို့ဆိုင်ရမှန်း သိတော့လိမ့်မည် မဟုတ်။ တကယ်တော့ သူမ ကိုယ်တိုင်သည် ရန်ကိုင်အား ကတိပေးခဲ့သည် မဟုတ်ပေလော။ ယခုမူ ကိုယ့်စကားကိုယ်သာ ပြန်ရုပ်သိမ်းရပေတော့မည်။ ရန်ကိုင် သူမအပေါ် မည်ကဲ့သို့များ သဘောထားပါတော့မည်နည်း။

သို့ပင်ဖြစ်လင့်ကစား သူမဆရာမှ ယခုကဲ့သို့ ဆုံးဖြတ်လိုက်ပြီဖြစ်သည့်အတွက်ကြောင့် သူမဆရာ၏ ဆုံးဖြတ်ချက်အား သွားပြင်၍ ရတော့လိမ့်မည်မဟုတ်မှန်း သိနေသည်။ တစ်ချက်မျှ စဉ်းစားပြီးသည့်နောက် လန်ဟဲ့က ပြောလိုက်လေသည်။ "ဆရာ၊ ကျွန်မကို ယုံကြည်ခြင်းတံဆိပ်ပြား ခဏလောက်ပေးလိုက်လို့ရမလား၊ ကျွန်မ အဲဒါကိုယူပြီးတော့ သူ့ကို စိတ်ဝိညာဉ်သားရဲကျွန်းဆီ ခေါ်သွားပေးလိုက်မယ်လေ၊ ကျွန်းကို ပြန်တွေ့တာနဲ့ ကျွန်မ ချက်ချင်းပြန်လာခဲ့မယ်"

ထျန်ရှန်းက ခေါင်းခါလျက်... "ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းသာ မပါရင် အဲဒီလိုအစီအစဉ်မျိုးက လက်ခံလို့ရသေးတယ်၊ သူတို့က သူ့နောက်ကို လိုက်နေတာလေ၊ နင်သူနဲ့အတူ သွားမယ်ဆိုရင်တောင် သူတို့ နင့်ကို လုံးဝအလွတ်ပေးမှာ မဟုတ်ဘူး၊ နင် မတော်တဆတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

"ဒါပေမဲ့"

"ဒါပေမဲ့တွေ လုပ်မနေတော့နဲ့" ထျန်ရှန်းက သူ့လက်ကို မြှောက်၍ ဖြတ်ပြောလိုက်သည်။ "ငါ့နောက်လိုက်ခဲ့၊ သူနဲ့သွားတွေ့ရအောင်"

ရွေးစရာမရှိတော့သည့်အဆုံး လန်ဟဲ့လည်း စိတ်ဓာတ်ကျကျဖြင့် သူမဆရာနောက်မှ လိုက်သွားရလေသည်။

သွားနေရင်းမှာ ထျန်ရှန်းသည် ဆက်သွယ်ရေးမှော်ရတနာကို ထုတ်၍ တစ်စုံတစ်ဦးဆီသို့ လှမ်း၍ သတင်းပို့လိုက်သည်။ တစ်ခဏအကြာ၌ တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ထျန်ရှန်းဆီသို့ ပျံသန်းလာလေ၏။ သူမမှာ ကောင်းကင်ဝံပုလွေတောင်ကြား၏ ဒုတောင်ကြားသခင်လည်းဖြစ် ထျန်ရှန်း၏ မိန်းမလည်း ဖြစ်သည့် ချန်းရှိုယင်မှ လွဲ၍ အခြားမဟုတ်ပေ။

လန်ဟဲ့ကို တစ်ချက်လှမ်းကြည့်ပြီးသည့်နောက် ချန်းရှိုယင်က ပြုံး၍... "ဟဲ့လေး၊ ဘာတွေဖြစ်နေတာလဲ နင့်ပုံစံကလည်း၊ နင့်ဆရာဆူတာ ခံရပြန်ပြီလား၊ ဘာတွေဖြစ်လဲပြော၊ ငါ နင့်ဘက်ကနေ ကူပြီးဝင်ပြောပေးမယ်"

သို့သော်ငြားလည်း လန်ဟဲ့မှာ စကားတစ်ခွန်းမျှ ပြန်မပြောဘဲ ခေါင်းကိုသာ ငုံ့ငုံ့စိုက်ထားခဲ့သည်။

သက်ပြင်းတစ်ချက်ချပြီးသည့်နောက် ထျန်ရှန်းမှာ ချန်းရှိုယင်အား အကျဉ်းချုပ် ရှင်းပြလိုက်လေသည်။

ထိုအခါမှသာလျှင် လန်ဟဲ့ ဘာကြောင့် ယခုကဲ့သို့ ဖြစ်နေရသလဲဆိုသည်ကို ချန်းရှိုယင် နားလည်သွားခဲ့ပြီး တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် ပြန်၍ပြောလိုက်လေ၏။ "ဒီကိစ္စက တကယ်ကို ပြဿနာများတယ်"

တစ်ချိန်တည်းတွင်လည်း သူမစိတ်ထဲ ရန်ကိုင်နှင့် ပတ်သက်၍ မကျေမနပ် ဖြစ်မိသွားလေသည်။ [ဗြဟ္မာကုန်းမြေက သားတော်နှစ်ယောက်နဲ့ မရဏဂိုဏ်းက အမွေခံတပည့်တစ်ယောက်ကို သတ်ပြီးမှတော့ ဘာဖြစ်လို့ ကိုယ့်ဘာသာကိုယ် တောင်ဘက်နယ်မြေမှာ အေးအေးဆေးဆေးမနေဘဲနဲ့ မြောက်ဘက်နယ်မြေကို လာရတာလဲ၊ လာမယ်ဆိုရင်လည်း ဘယ်သူမှမသိအောင် လာပေါ့၊ အခုလိုမျိုး လူသိရှင်ကြား လာစရာလိုလို့လား၊ အခုတော့ သူ့ကြောင့် ငါတို့ဂိုဏ်းပါ ကြားထဲပြဿနာတက်ပြီ]

ထိုသို့သာတွေးနေလင့်ကစား မျက်နှာအထက် မကျေနပ်သည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြဘဲ လန်ဟဲ့အား သိမ်မွေ့သည့် လေသံဖြင့်... "သူစိတ်ဝိညာဉ်သားရဲကျွန်းဆီ ဘာဖြစ်လို့ သွားချင်လဲဆိုတာကို နင့်ကိုပြောလား၊ အဲဒီမှာ သူ့ရဲ့အသိတွေရောရှိလား"

လန်ဟဲ့က ခေါင်းခါလျက်... "အဲဒါကိုတော့ မသိဘူး"

ထျန်ရှန်းက ဝင်ပြောလိုက်သည်။ "ဒီရန်ကိုင်က လေဟာနယ်တာအိုကို ကျင့်ကြံထားတယ်ဆိုမှတော့ စီနီယာလီဝူရီဆီကနေပြီးတော့ အတွေ့အကြုံသွားယူချင်တာ လုံးဝသေချာတယ်"

ချန်းရှိုယင်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်နော်၊ အဲဒါဆိုရင်တော့ သူ စိတ်ဝိညာဉ်သားရဲကျွန်းနဲ့ ဘာမှမဆိုင်ဘူးပေါ့"

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၉၈)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်သည်သာ စိတ်ဝိဉာဉ်သားရဲကျွန်းနှင့် ရင်းနှီးမည်ဆိုလျှင် ထိုနေရာသို့ မည်ကဲ့သို့ သွားရမလဲဆိုသည်အား သူတို့ကို လာမေးနေစရာ လိုလိမ့်မည်မဟုတ်ပေ။

ထိုကဲ့သို့တွေးရင်း ချန်းရှို့ယင်သည် လန်ဟဲကိုကြည့်၍ ပြုံးကာ ပြောလိုက်လေ၏။ “စိတ်မပူနဲ့ ဟဲလေး… သူက ကံကောင်းတဲ့လူတစ်ယောက်ပဲ… ဒီတော့ ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းက သူ့ကို ဒုက္ခပေးနိုင်မှာမဟုတ်လောက်ဘူး…”

လန်ဟဲသည် ချန်းရှို့ယင်ကိုကြည့်၍ “ဒေါ်လေးပြောချင်တာက…”

ချန်းရှို့ယင်က ရှင်းပြလိုက်သည်။ “လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့လူတွေက ထွက်ပြေးတဲ့နေရာမှာ ဆရာတစ်ဆူပဲ… ဒီတော့ သူ့အနေနဲ့ ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းကို မယှဉ်နိုင်ဘူးဆိုရင်တောင် ထွက်ပြေးလို့ရနေသေးတယ်… နင် ဟိုအကြောင်းကို ကြားဖူးတယ်မလား… စီနီယာလီဝူရီ ပန်းအရိပ်မဟာဧကရာဇ်လက်ကနေ ထွက်ပြေးတာလေ… စီနီယာလီဝူရီက မဟာဧကရာဇ်တွေပြီးသွားရင် အားအကောင်းဆုံးလို့ ပြောနေကြတယ်ဆိုပေမယ့် သူ့ကိုလိုက်ဖမ်းခဲ့တဲ့လူက မဟာဧကရာဇ်ပဲ… မဟာဧကရာဇ်တွေဆိုတာ ဒီလောကကြီးထဲမှာ အားအကောင်းဆုံးလူတွေ… ဒီတော့ စီနီယာလီဝူရီ ဘယ်လိုပဲ အားကောင်းတယ်ပြောပြော သူနဲ့ မဟာဧကရာဇ်တွေကြားမှာ ကွာဟချက်အကြီးကြီး ရှိနေသေးတယ်… အဲ့လိုမျိုးဖြစ်နေတာတောင် ပန်းအရိပ်မဟာဧကရာဇ်လက်ကနေ ထွက်ပြေးနိုင်တာကိုကြည့်ရင် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့လူတွေကို ဖမ်းဖို့ ဘယ်လောက်ခက်လဲဆိုတာကို အသိသာကြီးပဲ… ဒီတော့ ရန်ကိုင်က စီနီယာလီဝူရီလောက် မကျွမ်းကျင်ဘူးဆိုရင်တောင် ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းရဲ့လက်ကနေတော့ ထွက်ပြေးနိုင်တယ်…”

ထိုစကားကိုကြားသော် ရန်ကိုင် တစ်နေရာမှတစ်နေရာသို့ တည်နေရာခုန်ကူးသွားပုံကို လန်ဟဲ ပြန်စဉ်းစားမိသွားခဲ့သည်။ ရုတ်တရက်ဆိုသလို ချန်းရှို့ယင်ပြောသည်မှာ ယုတ္တိရှိသည်ဟု သူမစိတ်ထဲ ခံစားလိုက်ရလေသည်။ လေဟာနယ်တာအိုအား ကျွမ်းကျင်ထားသူများကို ဖမ်းဆီးဖို့ရာမှာ အမှန်တကယ်ကိုမှ ခက်လှသည်။ ရန်ကိုင်သည် မိုင်ထောင်ပေါင်းများစွာကို မျက်တောင်တစ်ခတ်အတွင်း ကျော်လွှားသွားနိုင်လေရာ မရဏဂိုဏ်းနှင့် ဗြဟ္မာ့ကုန်းမြေမှလူများ အတူပူးပေါင်း၍ သူ့အား လိုက်ဖမ်းမည်ဆိုလျှင်ပင် မည်သို့မျှ ဖမ်းနိုင်လိမ့်မည်မဟုတ်ပေ။

ထိုကဲ့သို့စဉ်းစားမိလိုက်သည့်အခါမှသာလျှင် လန်ဟဲ စိတ်သက်သာရာ ရနိုင်တော့သည်။ သို့သော်ငြား သူမစိတ်ထဲ အပြစ်မကင်းသလိုတော့ ခံစားနေရဆဲပင်။

ခန်းမဘေးနားသို့ရောက်လာသော် လန်ဟဲမှာ ရန်ကိုင်နှင့် မျက်နှာချင်းဆိုင်ဖို့ရာ ရှက်နေသည့်အတွက်ကြောင့် သူမဆရာနှင့်အတူ အထဲသို့ လိုက်ဝင်မသွားခဲ့ဘဲ စိတ်ဓာတ်ကျနေသည့်အမူအယာဖြင့် အပြင်ကနေသာ ရပ်စောင့်နေခဲ့သည်။

ထိုအချင်းအရာကိုမြင်သော် ထန်ရှန်းနှင့် ချန်းရှို့ယင်တို့မှာလည်း လန်ဟဲအား သွား၍ တွန်းအားပေးမနေခဲ့ဘဲ သူမကို အပြင်တွင်သာ ကျန်နေစေခဲ့လိုက်သည်။

ခန်းမထဲသို့ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဝင်လာသည်ကို မြင်သည့်အခါ ရန်ကိုင်သည် ချက်ချင်း ထိုင်ရာမှထ၍ ထိုနှစ်ဦးအား လှမ်း၍ ကြည့်လိုက်လေသည်။ ထိုနှစ်ဦးကိုမြင်သည်နှင့် ထိုနှစ်ဦးအား မည်သူမှန်း ချက်ချင်းခန့်မှန်းမိလိုက်သည်။

ဤနေရာသို့လာရင်းမှ လန်ဟဲသည် ကောင်းကင်ဝံပုလွေတောင်ကြား၏ လတ်တလောအခြေအနေကို ရန်ကိုင်အား အကျဉ်းချုံးရှင်းပြခဲ့သည်။ ဤဂိုဏ်းထဲတွင် ဧကရာဇ်ဒုတိယအဆင့်ပညာရှင်နှစ်ဦး ရှိနေကြောင်း ရန်ကိုင်သိပေသည်။ လက်ရှိ သူ့ရှေ့တွင်ရှိနေသည့် လူနှစ်ဦးမှာ လန်ဟဲပြောသွားသော တောင်ကြားသခင်ထန်ရှန်းနှင့် သူ့မိန်းမချန်းရှို့ယင်တို့ ဖြစ်ရပေလိမ့်မည်။

ဧည့်သည်တစ်ဦးဖြစ်သည့်အလျောက် ရန်ကိုင်လည်း ထိုင်ရာမှထ၍ တလေးတစားနှင့် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေ၏။ “ရန်ကိုင် တောင်ကြားသခင်ထန်းနဲ့ ဒုတောင်ကြားသခင်ချန်းတို့ကို နှုတ်ဆက်ပါတယ်… အခုလိုမျိုး မဖိတ်ခေါ်ဘဲနဲ့ ရုတ်တရက်ကြီး လာလိုက်ရတဲ့အတွက် တကယ်ကို အားနာပါတယ်ဗျာ…”

ထန်ရှန်းကလ်ညး ခေါင်းတညိတ်ညိတ်လုပ်ရင်းမှ ရန်ကိုင်ဆီသို့ လျှောက်သွားလိုက်ပြီး ပြောလိုက်သည်။ “သခင်လေးရန် အခုလိုမျိုး အရမ်းကြီး တယဉ်တကျေးတွေ လုပ်နေစရာမလိုပါဘူး… သခင်လေးရန်က ဟဲလေးရဲ့ ကျေးဇူးရှင်ပဲဟာကို… ဒီတော့ ကောင်းကင်ဝံပုလွေတောင်ကြားရဲ့ ဧည့်သည်တော်ပဲပေါ့… သခင်လေးရန် ဘာမှတောင်းပန်နေစရာမလိုဘူး…”

ချန်းရှို့ယင်က လက်သီးဆုပ်၍ ပြုံးကာ ပြန်ပြောလိုက်သည်။ “မင်္ဂလာပါ သခင်လေးရန်…”

ရန်ကိုင် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။ ဤလင်မယားမှာ အပြင်ပန်းတွင် ဖော်ရွေနေပုံပေါက်ပါသော်ငြား သူတို့စကားအသွားအလာသည် ရန်ကိုင်နှင့် မပတ်သက်ချင်လိုကြောင်း ပြောနေခဲ့လေသည်။ ထို့နောက်တွင် သူသည် လန်ဟဲနှင့် ထိုမျှ ရင်းနှီးခြင်းမရှိသလို သူ့ဘဝတွင် ဤလင်မယားနှစ်ဦးအား ပထမဦးဆုံးအကြိမ် တွေ့ဆုံဖူးခြင်းဖြစ်ကြောင်းကို ပြန်သတိရသွားသည့်နောက် ရန်ကိုင်လည်း ထိုလူများ၏အပြုအမူနှင့်ပတ်သက်၍ စိတ်ထဲထားမနေတော့ပေ။ သို့သော်ငြား ခန်းမအပြင်ဘက်သို့ လှမ်း၍ကြည့်လိုက်သည့်အခါ လန်ဟဲကိုမမြင်ရ။ ထို့ကြောင့် တစ်ခုခုမှားယွင်းနေသည်ဟု သူ့စိတ်ထဲ ခံစားလိုက်ရ၏။

“ထိုင်ပါဦး…” ထန်ရှန်းသည် ရန်ကိုင်အား ထိုင်ရန် အချက်ပြလိုက်ပြီးသည့်နောက် သူနှင့်သူ့မိန်းမသည် ထိုင်ခုံအသီးသီးယူကာ ထိုင်ချလိုက်လေသည်။ ထို့နောက် အော်ခေါ်လိုက်လေ၏။ “ရေနွေးကြမ်းယူလာပေးဦး…”

ထန်ရှန်းမှ ထိုကဲ့သို့လှမ်းအော်ခေါ်လိုက်သည့်အခိုက် အစေခံမလေးတစ်ဦး ခန်းမထဲသို့ဝင်လာပြီး အကုန်လုံးကို ပြင်ဆင်ပေးသွားလေသည်။

ထန်ရှန်းသည် တယဉ်တကျေးပြုံးရင်းမှ ရန်ကိုင်ကိုကြည့်၍ “သခင်လေးရန် တောင်ဘက်နယ်မြေကလာတာဆို…”

ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “အင်း… ဟုတ်တယ်…”

လင်မယားနှစ်ဦးသည် အကြည့်ချင်း တစ်ချက် ဖလှယ်လိုက်ပြီးသည့်နောက် ထန်ရှန်းက ထပ်၍ မေးလိုက်သည်။ “ဒါဆို အခု သခင်လေးရန် ဘယ်မှာနေနေလဲ… သခင်လေးရန်က ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးတောင် ဖြစ်နေပြီဆိုတော့ ဒီလိုကျင့်ကြံခြင်း ဒီလိုအသက်နဲ့ဆိုရင် သခင်လေးရဲ့နောက်ခံက လုံးဝကို ပေါ့သေးသေးတော့ ဖြစ်မှာမဟုတ်ဘူး…”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ကျုပ်က နေမင်းပြာကျောင်းတော်ရဲ့ အဆင့်မြင့်ဧည့်အကြီးအကဲတစ်ဦးလေ…”

သူသည် မြောက်ဘက်နယ်မြေမှ ထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်ဖြစ်ကြောင်းကိုတော့ မပြောပြခဲ့ပေ။ ရန်ကိုင်သည် တောင်ဘက်နယ်မြေမှ ဖြစ်သည်ဟု ဤလင်မယားနှစ်ဦးမှ ယုံကြည်ထားခဲ့သည်။ ထို့အတွက်ကြောင့် သူသည် မြောက်ဘက်နယ်မြေထဲရှိ ဂိုဏ်းတစ်ဂိုဏ်း၏ နန်းတော်သခင်ဖြစ်သည်ဟု သွားပြောနေလျှင် သူ့ကိုယ်သူ အလွန်အမင်း ကြွားဝါနေသည့်ပုံစံမျိုး ပေါက်သွားပေလိမ့်မည်။

“နေမင်းပြာကျောင်းတော်…” ထန်ရှန်း ကြောင်သွားလေ၏။ “တောင်ဘက်နယ်မြေရဲ့ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းထဲက နေမင်းပြာကျောင်းတော်ကို ပြောတာလား…”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… တောင်ဘက်နယ်မြေမှာ နေမင်းပြာကျောင်းတော်က တစ်ကျောင်းပဲရှိတာ…”

ထန်ရှန်းက သက်ပြင်းချလျက် “ဒီထန် နေမင်းပြာကျောင်းတော်အကြောင်း ကြားဖူးနေတာ ကြာပြီ… တောင်ဘက်နယ်မြေက ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းက အရှေ့ဘက်နယ်မြေမှာရှိတဲ့ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းလောက် အားကောင်းတယ်လို့ ကြားဖူးတယ်… အကုန်လုံးက ဒီလောကကြီးရဲ့ ထိပ်တန်းအင်အားစုတွေပဲ… ကျုပ်တို့ကောင်းကင်ဝံပုလွေတောင်ကြားကတော့ အဲ့လိုအင်အားစုတွေနဲ့ မယှဉ်နိုင်ပါဘူး…”

ရန်ကိုင်က ပြန်၍ပြောလိုက်လေသည်။ “တောင်ကြားသခင် အခုလိုမျိုး ကိုယ့်ကိုယ်ကိုလည်း အရမ်းကြီးနှိမ့်ချမနေစမ်းပါနဲ့… ကောင်းကင်ဝံပုလွေတောင်ကြားက အခုလောလောဆယ် တော်တော်လေး အဆင်ပြေနေတာပဲကို… တစ်နေ့နေ့ကျရင်တော့ ဒီဂိုဏ်းကြီးလည်း ဒီလောကကြီးရဲ့ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာနိုင်မှာပါ…”

ထန်ရှန်းက ပြန်၍ပြောလိုက်လေသည်။ “အဲ့လိုမျိုးဖြစ်ဖို့ပဲ မျှော်လင့်ရမှာပေါ့…” တစ်ချက်မျှရပ်ပြီးသည့်နောက် “ဒါနဲ့ ကျုပ်ငယ်ငယ်တုန်းကလေ ဒီကြယ်တာရာအစုအဝေးထဲ လျှောက်ပတ်သွားချင်ခဲ့ဖူးတယ် သိလား… ဒါပေမယ့် အချို့ကိစ္စတွေနဲ့ အလုပ်များပြီးတော့ ပြဿနာတွေဖြစ်ခဲ့တော့ အဲ့အိပ်မက်က တကယ်ဖြစ်မလာနိုင်ခဲ့ဘူး… တကယ်ဆိုရင် ကျုပ် အရှေ့ဘက်နယ်မြေရဲ့အပြင်ဘက်ကိုတောင် တစ်ခါမှမထွက်ဖူးဘူး… ပြောရမှာ နည်းနည်းတော့ရှက်ပေမယ့် သခင်လေးရန်က တောင်ဘက်နယ်မြေက လာတာဆိုတော့လေ တောင်ဘက်နယ်မြေနဲ့ အရှေ့ဘက်နယ်မြေ ဘယ်လိုတွေကွာလဲဆိုတာကို တစ်ချက်လောက်ပြောပြပေးလို့ရမလား…”

ချန်းရှို့ယင်မှာလည်း ထိုအကြောင်းအရာကိုကြားဖို့ရာ အမှန်တကယ်စိတ်ဝင်စားနေမိသည့်အလား ရန်ကိုင်အား စိတ်အားထက်သန်သည့်အမူအယာဖြင့် ကြည့်လာခဲ့လေသည်။

ရန်ကိုင်မှာ ထိုမေးခွန်းကြောင့် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။ သို့သော်ငြား တစ်ဖက်လူဆီမှ အကူအညီတောင်းစရာ ရှိသည့်အတွက်ကြောင့် တစ်ဖက်လူမေးသည့်မေးခွန်းကို ပြန်ဖြေပေးရန် ဆုံးဖြတ်လိုက်လေသည်။ တကယ်ဆိုလျှင် ရန်ကိုင်သည် ကြယ်တာရာအစုအဝေးထဲရှိ နယ်မြေကြီးလေးခုလုံးဆီသို့ ရောက်ခဲ့ဖူးပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ ထန်ရှန်းနှင့် ချန်းရှို့ယင်တို့ထက် အသက်သာငယ်နေလိမ့်မည်ဖြစ်ပါသော်ငြား နယ်မြေကြီးလေးခုနှင့်ပတ်သက်၍ ထိုနှစ်ဦးထက်ပို၍ အတွေ့အကြုံရှိပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာလည်း သူသိထားသည့် တောင်ဘက်နယ်မြေနှင့် အရှေ့ဘက်နယ်မြေကြား ကွာခြားချက်များကို သေသေချာချာလေး ရှင်းပြပေးလိုက်သည်။ ထန်ရှန်းနှင့် ချန်းရှို့ယင်တို့မှာ ရန်ကိုင်ပြောပြသည်ကို နားထောင်နေရင်းမှ ရန်ကိုင်အား မေးခွန်းများ ထပ်ထပ်၍ မေးလေသည်။

အတန်ကြာအောင် ပြောပြနေပြီးသည့်နောက် ရန်ကိုင်မှာ အာခေါင်ပင် ခြောက်ချင်လာခဲ့လေသည်။ သို့သော်ငြား ဤလင်မယားနှစ်ဦးကိုကြည့်ရသည်မှာ ထိုမျှလောက်ဖြင့် ကျေနပ်သေးသည့်ပုံမပေါ်။ ထို့အပြင် သူတို့နှစ်ဦးကိုကြည့်ရသည်မှာ သူတို့နှစ်ဦးသည် စိတ်ဝိဉာဉ်သားရဲကျွန်းမှ ယုံကြည်ခြင်းတံဆိပ်ပြားအကြောင်းကိုလည်း ပြောလိုသည့်ပုံမပေါ်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ အနည်းငယ် စိတ်ပေါက်ပေါက်ဖြစ်လာရလေသည်။

သူ ဘာကြောင့် ဤနေရာသို့ ရောက်လာရသလဲဆိုသည်ကို ဤလင်မယားနှစ်ဦးအား လန်ဟဲမှ ပြောပြခဲ့ရပေလိမ့်မည်။ ထိုသို့ဖြစ်လေရာ ထိုလင်မယားနှစ်ဦးသည် ထိုတံဆိပ်ပြားအကြောင်းကိုမပြောဘဲ ဘာကြောင့်များ တောင်ဘက်နယ်မြေအကြောင်းအား ထပ်တလဲလဲကိုမေးနေရသလဲဆိုသည်ကို ရန်ကိုင် စတင်စဉ်းစားမိလာတော့သည်။

ခဏမျှ နားချိန်ရလိုက်သော် ရန်ကိုင်လည်း လိုရင်းကို ချက်ချင်းတန်းပြောတော့လေသည်။ “အခုလိုမျိုး ပွင့်ပွင့်လင်းလင်း ပြောရတာတော့ အားနာပါတယ်ဗျာ… ဒါပေမယ့် ဒီရန် ဒီနေ့ ခင်ဗျားတို့ဆီကနေ အကူအညီတောင်းစရာလေးတစ်ခုရှိလို့ လာခဲ့တာ…”

ထိုစကားကိုကြားသော် ထန်ရှန်းက သက်ပြင်းချ၍ “သခင်လေးရန် မင်းဘာကိုတောင်းဆိုချင်လဲဆိုတာ ငါသိပြီးသား… လန်ဟဲလည်း ငါ့ကို ပြောပြပြီးသွားပြီ… ဒါပေမယ့် မင်းဆန္ဒကို ငါ ဖြည့်ဆည်းပေးနိုင်မယ်လို့ မထင်ဘူးကွာ…”

ရန်ကိုင် ကြောင်သွားလေ၏။ “ဘာဖြစ်လို့လဲ…”

ထန်ရှန်းက ခါးသက်သက်အမူအယာဖြင့် ပြုံးလျက် “ဟိုးနှစ်ပေါင်းများစွာတုန်းကပေါ့ကွာ… ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးတည်ထောင်သူက ကောင်းကင်ဝံပုလွေရဲ့ မျိုးဆက်တစ်ကောင်ကို ရလိုက်တယ်လေ… ဒါပေမယ့် အဲ့ဝံပုလွေရဲ့သွေးက ဒီလောက်မသန့်ဘူး… ကောင်းကင်ဝံပုလွေရဲ့ သွေးမျိုးဆက်နည်းနည်းလေးကိုပဲ ပိုင်ဆိုင်ထားတာ… ဒီတော့ ဘာမှသိပ်မထူးခြားဘူးပေါ့ကွာ… စိတ်ဝိဉာဉ်သားရဲကျွန်းကလူတွေကတော့ အဲ့အကြောင်းကို ဘယ်လိုကြားလိုက်လဲမသိပါဘူး… သားရဲရှာသူတစ်ယောက်ကို စေလွှတ်ပြီးတော့ ငါတို့ဆီကနေ အဲ့သားရဲကို လာယူခိုင်းတယ်… ပြီးတော့ ငါတို့ကို လျော်ကြေးနည်းနည်းပါးပါး ပြန်ပေးတာပေါ့… အဲ့ဒါတွေအားလုံးကတော့ အမှန်ပါပဲ… ဒါပေမယ့် ယုံကြည်ခြင်းတံဆိပ်ပြားနဲ့ ပတ်သက်ပြီးကတော့ အဲ့ဒါက ဒီတိုင်းပဲ လုပ်ကြံပြောထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ…”

“လုပ်ကြံပြောထားတဲ့ဇာတ်လမ်းတစ်ပုဒ်…” ရန်ကိုင် ကြောင်သွားလေသည်။ (ဘယ်သူကများ ဒီလိုဟာမျိုးကို လုပ်ကြံပြောဖို့ စဉ်းစားမိသွားတာလဲ…)

ထန်ရှန်းက ဆက်ပြောလိုက်သည်။ “အင်း… တကယ်တော့ ဒီဇာတ်လမ်းကို လူတွေ များနိုင်သမျှ များများ သိအောင် လုပ်ထားရတာက ငါတို့ဂိုဏ်းကို ကာကွယ်ချင်လို့ပဲ… အဲ့လိုမှပဲ အခြားဂိုဏ်းတွေက ငါတို့ကို သိပ်ပြီး ပစ်မှတ်မထားရဲကြတော့မှာလေ… အဲ့ကိစ္စတွေဖြစ်သွားတာ နှစ်ပေါင်းထောင်နဲ့ချီနေပြီ… စိတ်ဝိဉာဉ်သားရဲကျွန်းကလည်း အဲ့အကြောင်းကို သိပြီးသွားပြီ… ဒါပေမယ့် သူတို့က ငါတို့ဆီကနေ အဲ့သားရဲကို လာယူသွားတာလေ… ဒီတော့ အခုလိုမျိုး ငါတို့ဘက်က သတင်းဖြန့်နေတယ်ဆိုရင်တောင် သူတို့ရဲ့ဂုဏ်သတင်းကို မထိခိုက်ဘူးဆိုတော့ သူတို့လည်း မသိချင်ယောင်ပဲ ဆောင်နေလိုက်တယ်… ဒါပေမယ့် ငါတို့ ဒီအတိုင်း လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကြောင့်ပဲ သခင်လေးရန် ငါတို့ဆီကို ရောက်လာလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားခဲ့ဘူး… အဲ့အတွက် ငါ တကယ်ကို မထင်ထားဘူးကွာ…”

ထိုစကားကိုကြားသော် ရန်ကိုင်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်လေသည်။ အစောပိုင်းကမူ သူကံကောင်းပြီဟု ထင်နေခဲ့ပါသော်ငြား ယုံကြည်ခြင်းတံဆိပ်ပြားမှာ လုပ်ကြံဖန်တီးထားသည့် ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အကြောင်းစုံကို သိသွားရပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် သူပြောနိုင်သည့်အရာ ဘာမှမရှိတော့ပေ။ ထို့နောက် တစ်ခုခုအား သဘောပေါက်သွားသည့်အလား ပြန်၍မေးလိုက်လေသည်။ “ညီမလန်က အဲ့ဒါကြောင့် ကျုပ်ကို မတွေ့ရဲတော့တာလား…”

ချန်းရှို့ယင်က သက်ပြင်းချ၍ “ဟဲလေးက ကတိမတည်သလို ခံစားလိုက်ရလို့ သခင်လေးရန်ကို တွေ့ဖို့ ရှက်နေတာ…”

ရန်ကိုင်က ရယ်မောလျက် “အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှရှက်နေစရာမှမရှိတာ… ညီမလန် အတွေးလွန်လွန်းနေပါပြီ…”

ချန်းရှို့ယင်က ဆက်၍ပြောလိုက်သည်။ “ဟဲလေးက ရိုးသားပြီးတော့ အရမ်းအပြစ်ကင်းတဲ့ကောင်မလေးလေ… ဒီတလောအတွင်း သခင်လေးရန် သူ့အသက်ကိုကယ်ထားတာကို လုံးဝမမေ့ဘူး… အဲ့ဒါကြောင့်ပဲ သခင်လေးရန်နဲ့ အရှေ့ဘက်နယ်မြေမှာတွေ့တုန်းက သခင်လေးရန်အပေါ် တင်ထားတဲ့အကြွေးကို ပြန်ဆပ်ချင်လို့ သခင်လေးရန်ကို ဒီနေရာဆီ ခေါ်လာခဲ့တာ… ဒါပေမယ့် သူကိုယ်တိုင်က အကြောင်းစုံကိုမှမသိတာ… ယုံကြည်ခြင်းတံဆိပ်ပြားကို တကယ်ရှိနေတယ်ပဲမှတ်တာလေ… အဲ့ဒါကြောင့်မလို့ အခုလိုမျိုးတွေ ဖြစ်ကုန်ရတာ…”

ထန်ရှန်းက ပြန်၍ပြောလိုက်လေသည်။ “အကုန်လုံးကတော့ ဒီထန်အပြစ်ပဲပေါ့ကွာ… အဲ့တုန်းကတော့ ငါတို့ဘိုးဘေးတွေက ဂိုဏ်းကို အခြားလူတွေလာပြီးတော့ ပစ်မှတ်မထားအောင်လို့ ဒီလိုနည်းလမ်းကိုသုံးခဲ့တာ… ဒါပေမယ့် ငါကလည်း ဟဲလေးကို သေသေချာချာလေး မရှင်းပြလိုက်မိတော့ ဒီကိစ္စကြောင့် သူပါ စိတ်ထိခိုက်သွားရမယ်လို့ မထင်ထားဘူး… ကျေးဇူးပြုပြီး သူ့ကို အပြစ်မတင်ပါနဲ့ကွာ…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် “မတင်ပါဘူး…”

လန်ဟဲသည်သာ သူ့အား သတိမပေးခဲ့လျှင် ဗြဟ္မာ့ကုန်းမြေနှင့် မရဏဂိုဏ်းတို့ သူ့အား လိုက်လံရှာဖွေနေကြောင်းကို ရန်ကိုင်သိခဲ့လိမ့်မည်မဟုတ်ပေ။

ချန်းရှို့ယင်က သတိပေးလိုက်လေသည်။ “စိတ်ဝိဉာဉ်သားရဲကျွန်းဆီ သွားချင်တယ်ဆိုရင်တော့ ပင်လယ်ကမ်းခြေမြို့မှာ လျှောက်ပတ်ကြည့်လိုက်ပေါ့… အဲ့မှာ သဲလွန်စတစ်ခုခု ရရင်ရလိမ့်မယ်…”

ရန်ကိုင်ခေါင်းညိတ်လိုက်လေသည်။ စိတ်ဝိဉာဉ်သားရဲကျွန်းဆီသို့ မည်ကဲ့သို့သွားရမလဲဆိုသည်ကို မသိပါက ရန်ကိုင် ထိုနေရာသို့သွားရန် မေးလိုက်ပေတော့မည်။ ရန်ကိုင်အနေဖြင့် အရှေ့ဘက်နယ်မြေဆီသို့ လာရခြင်းမှာ နဂါးကျွန်းဆီသို့ သွားလိုသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ စိတ်ဝိဉာဉ်သားရဲကျွန်းမှာ သွားလဲရ မသွားလဲရသည့် နေရာတစ်ခုဖြစ်သည်။

ထို့နောက်တွင် လျို့ယန်မှာ စိတ်ဝိဉာဉ်သားရဲကျွန်း၌ အတန်ကြာအောင်နေခဲ့ကြောင်းကို ပြန်စဉ်းစားမိသွားခဲ့သည်။ သို့သော်ငြား စိတ်ဝိဉာဉ်သားရဲကျွန်း မည်သည့်နေရာတွင်ရှိနေသလဲဆိုသည်ကို လျို့ယန်သိလိမ့်မည်မဟုတ်ပေ။ အကြောင်းမှာ ကျို့ဖုန်းမှ လျို့ယန်အား ခေါ်သွားစဉ် လျို့ယန်သည် ဖီးနစ်ဥအသွင်ဖြင့်သာ ရှိနေသည့်အတွက်ကြောင့်ပင်။ ထို့နောက်တွင် နဂါးကျွန်းဆီသို့ တိုက်ရိုက်လာခဲ့ပြီး ရန်ကိုင်နှင့်အတူ အဆင့်နိမ့်ကြယ်စီရင်စုဆီသို့ ရောက်သွားခဲ့လေ၏။

ထိုအခိုက်အတန့်တွင် ထန်ရှန်းမှာ ရုတ်တရက် မျက်မှောင်ကျုံ့သွားပြီး ဆက်သွယ်ရေးမှော်ရတနာတစ်ခုကို ထုတ်လိုက်လေသည်။ ထို့နောက် သူ့အမူအယာ ပြောင်းလဲသွားခဲ့ပြီး ချန်းရှို့ယင်အား လှမ်း၍ကြည့်လိုက်သည်။

ထိုနှစ်ဦး၏ပုံစံကိုမြင်သော် ထန်ရှန်းမှာ အရေးကြီးသည့်သတင်းတစ်ခုခု ရလိုက်ပြီမှန်း ရန်ကိုင်သိလိုက်လေသည်။ ထို့အတွက်ကြောင့် ပြုံး၍ “အရေးကြီးကိစ္စတစ်ခုခု ပေါ်လာတယ်ဆိုရင် အဲ့ဒါကိုပဲ အရင်သွားလုပ်လိုက်လေ… ကျုပ်လည်း သွားလိုက်ပါဦးမယ်… နောက်ပိုင်း အားတဲ့အချိန်ရတော့မှပဲ နောက်တစ်ကြိမ်ပြန်လာတော့မယ်…”

ထန်ရှန်းသည် ထိုင်ရာမှထ၍ “အခုလိုမျိုး ဧည့်ဝတ်မကျေမိလိုက်တဲ့အပေါ် ငါအားနာပါတယ် သခင်လေးရန်ရယ်… ဒါပေမယ့် ဒီကိစ္စက တော်တော်လေးအရေးကြီးနေတာဆိုတော့ ငါ သွားလိုက်ပါဦးမယ်…”

ထိုသို့ပြောပြီးသည့်နောက် ချန်းရှို့ယင်နှင့် ခန်းမထဲမှ ထွက်သွားလေသည်။

ထိုနှစ်ဦးကိုကြည့်ရင်းမှ အတွေးနက်နေသည့်အရိပ်အယောင်တို့ ရန်ကိုင်၏မျက်လုံးထဲ ဖြတ်ပြေးသွားခဲ့သည်။

ရန်ကိုင်မှာ အရူးမဟုတ်ပေ။ ထန်ရှန်းပြောသွားသည်မှာ ယုတ္တိရှိပါသော်ငြား သူ့လုပ်ရပ်သည် တစ်ခုခုမှားယွင်းနေသည်ဟု ရန်ကိုင်အား ခံစားစေခဲ့ရသည်။ ယုံကြည်ခြင်းတံဆိပ်ပြားကိစ္စ တကယ်ဟုတ်မဟုတ်ကို ရန်ကိုင်မသိပါသော်ငြား ထိုနှစ်ဦး သူ့အား မကြိုဆိုသည်မှာတော့ သေချာပေသည်။ ထိုသို့သာမဟုတ်ပါက နှစ်ဦးစလုံး တစ်ပြိုင်တည်း ထွက်သွားကြလိမ့်မည်မဟုတ်ပေ။ အရေးကြီးကိစ္စ ရှိနေမည်ဆိုလျှင်ပင် တစ်ဦးက ထိုကိစ္စကိုသွားဖြေရှင်း၍ ကျန်တစ်ဦးသည် သူ့အား ကြိုဆိုရန် နေရစ်ခဲ့၍ရပေသည်။ ဘာကြောင့်များ နှစ်ဦးစလုံး အတူတကွ ထွက်သွားစရာလိုပါမည်နည်း။

ထို့အပြင် ရန်ကိုင်အား ဤနေရာ၌ ရက်အနည်းငယ် ထပ်နေပါရန် လုံးဝမပြောခဲ့။ ရန်ကိုင်မှ သွားတော့မည်ဟု ပြောလိုက်ပြီးသည့်နောက် ထိုနှစ်ဦး ကြိတ်၍ စိတ်သက်သာရာရသွားသလို ရန်ကိုင် ခံစားလိုက်ရလေသည်။

ရန်ကိုင် သူတို့ဂိုဏ်းအား ပြဿနာတက်စေမည်ကို နှစ်ဦးစလုံး စိတ်ပူနေကြသည့်ပုံပင်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၉၉)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်သည်သာ ထျန်ရှန်းနေရာတွင်ဆိုပါကလည်း ထိုကဲ့သို့ စိတ်ပူနေမိပေလိမ့်မည်။ ထို့အတွက်ကြောင့် သူ့စိတ်ထဲ သိပ်၍မကျေနပ်နေသည့်တိုင် ထျန်ရှန်းအပေါ် သွားအပြစ်တင်နေဖို့ရာ အကြောင်းအရင်းမရှိပေ။

ထိုစဉ် တံခါးပေါက်ဆီမှ ခေါင်းလေးတစ်ခေါင်း ပြူထွက်လာခဲ့လေသည်။ အကြည့်ချင်းဆုံသွားသည့်အခိုက် ရန်ကိုင်က ပြုံး၍ လှမ်းခေါ်လိုက်သည်။ “ညီမလန်…”

လန်ဟဲသည် တုံ့ဆိုင်းတုံ့ဆိုင်းအမူအယာဖြင့် လူလုံးထွက်ပြလာပြီးသည့်နောက် ရှက်ရှက်ဖြင့် ပြောလိုက်လေသည်။ “အစ်ကိုရန်…”

ရန်ကိုင်က ပြန်၍မေးလိုက်သည်။ “ညီမလန်… ဘာတွေဖြစ်နေတာလဲ… နင်အဆင်မပြေဘူးလား…”

လန်ဟဲသည် ခေါင်းလေးငုံ့၍ သူမခြေထောက်ကိုငုံ့ကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ “အစ်ကိုရန်… ကျွန်မ တောင်းပန်ပါတယ်…”

ရန်ကိုင်မှာ စိတ်ဝိဉာဉ်သားရဲကျွန်း၏ ယုံကြည်ခြင်းတံဆိပ်ပြားသည် တကယ်ဟုတ်မဟုတ်ကို မသိပါသော်ငြား သူမကတော့ သိပေသည်။ ထိုအရာသည် လုပ်ကြံဖန်တီးထားသည့် ဇာတ်လမ်းတစ်ခု မဟုတ်ပေ။ ထျန်ရှန်းနှင့် ချန်းရှို့ယင်တို့မှာ ရန်ကိုင်နှင့်ပတ်သက်မိပါက သူတို့ဂိုဏ်းပါ ဒုက္ခရောက်မည်ကို စိုးရိမ်သည့်အတွက်ကြောင့် ထိုကဲ့သို့ပြောလိုက်ကြခြင်း ဖြစ်လေသည်။

သူမသည်သာ ပြောခွင့်ဆိုခွင့် ရမည်ဆိုလျှင်တော့ ရန်ကိုင်အား ကူညီပေးဖို့ရာ စိတ်ထဲထားနေလိမ့်မည်မဟုတ်ပေ။ သူမသည် ကောင်းကင်ဝံပုလွေဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်ပါသော်ငြား ယခုအချိန်မျိုးတွင် ရန်ကိုင်အား မည်သည့်ကတိမှ မပေးနိုင်ပေ။ ထို့နည်းတူစွာပင် ဂိုဏ်းအား သစ္စာဖောက်သည့်လုပ်ရပ်မျိုးကိုလည်း မလုပ်နိုင်။ ရန်ကိုင်သည် သူမ၏အသက်ကယ်ကျေးဇူးရှင်ဖြစ်သလို ထျန်ရှန်းမှာတော့ သူမ၏ဆရာဖြစ်ပေသည်။ သူမစိတ်ထဲ လက်ရှိအခြေအနေနှင့်ပတ်သက်၍ လုံးဝ အကြပ်ရိုက်နေရသည်။ ယခု ရန်ကိုင်နှင့် မျက်နှာချင်းဆိုင်လိုက်ရသော် သူမစိတ်ထဲ အပြစ်မကင်းသလို ခံစားရကာ ရန်ကိုင်အား မျက်နှာတည့်တည့်ပင် မကြည့်ရဲတော့ပေ။

ရန်ကိုင်သည် လန်ဟဲဆီသို့ လျှောက်သွားလိုက်ပြီး ပြုံး၍ “ညီမလန်… နင် ငါ့ကို လာတောင်းပန်နေစရာမလိုဘူး… ဗြဟ္မာ့ကုန်းမြေနဲ့ မရဏဂိုဏ်း ငါ့နောက်လိုက်နေတယ်ဆိုတာကို လာပြီးသတိပေးတာနဲ့တင် ငါနင့်ကို ကျေးဇူးတင်နေပြီ… ယုံကြည်ခြင်းတံဆိပ်ပြားက လုပ်ကြံဖန်တီးထားတဲ့ဇာတ်လမ်းဆိုမှတော့ အဲ့အတိုင်းပဲ ထားလိုက်ပေတော့ပေါ့…”

တစ်ခဏမျှတိတ်ဆိတ်နေပြီးသည့်နောက်တွင် လန်ဟဲက ရုတ်တရက် ခေါင်းမော့၍ ပြန်ပြောလိုက်လေသည်။ “အစ်ကိုရန်… ရက်နည်းနည်းလောက် ထပ်စောင့်ပါလား… ညီမ အစ်ကိုရန်အတွက် နည်းလမ်းတစ်ခု ကျိန်းသေရှာပေးမယ်…”

သူမ၏ပုံစံကိုကြည့်ရသလောက် လန်ဟဲမှာ ယုံကြည်ခြင်းတံဆိပ်ပြားကို ရရန်အတွက် ထျန်ရှန်းအား သွားတောင်းဆိုဦးမည်မှန်း ရန်ကိုင်သိလိုက်လေသည်။ သို့သော်ငြား ထိုကဲ့သို့လုပ်ခြင်းအားဖြင့် လန်ဟဲနှင့် ထျန်ရှန်းကြား ပြဿနာဖြစ်သွားစေနိုင်သည်။ ထို့အကြောင်းကြောင့် ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်လေ၏။ “အဲ့လိုမျိုးလုပ်ဖို့မလိုပါဘူး… စိတ်ဝိဉာဉ်သားရဲကျွန်းက သွားရလည်းအဆင်ပြေတယ် မသွားရလည်း ကိစ္စမရှိဘူး… ညီမလန်ကို အခုလိုမျိုး ပြဿနာတက်သွားအောင် လုပ်မိလိုက်တဲ့အတွက်တော့ တကယ်စိတ်မကောင်းဘူး…”

ရန်ကိုင်ပြောသည်ကိုနားထောင်ရင်း လန်ဟဲမှာ ပိုပို၍ အပြစ်မကင်းသလို ခံစားလာရလေသည်။ ယခုတစ်ကြိမ်မှားသည့်လူမှာ သူမတို့ဂိုဏ်းဖြစ်သည်။ ရန်ကိုင်အားကူညီပေးလိုက်ခြင်းအားဖြင့် သူတို့ပါ အမှုပတ်မည်ကို စိုးရိမ်သည့်အတွက်ကြောင့် ထျန်ရှန်းမှာ ရန်ကိုင်နှင့် မသိသလို ပြုမူနေခြင်းဖြစ်ပေသည်။ မူလကမူ ရန်ကိုင်ရောက်လာကြောင်းကြားစဉ်က ရန်ကိုင်အား သွားတွေ့ဖို့ရာ စိတ်အားထက်သန်နေပြီး ရန်ကိုင်အား စိတ်ဝိဉာဉ်သားရဲကျွန်းဆီသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးမည်ဟုပင် ပြောခဲ့သည်။ သို့သော်ငြား ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းမှ ရန်ကိုင်အား လိုက်လံဖမ်းဆီးရန် ကြိုးစားနေကြောင်း ကြားသိလိုက်ရပြီးသည့်နောက်တွင်တော့ သူ့သဘောထားမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားတော့လေသည်။ မည်သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်သည် ယခုအချိန်တွင် သူမအား ပြန်၍ နှစ်သိမ့်ပေးနေလေ၏။

“အစ်မလင်းရော… ငါ သူနဲ့တွေ့ချင်လို့ ခေါ်သွားပေးလို့ရမလား…” ရန်ကိုင်က ရုတ်တရက် ခေါင်းစဉ်ပြောင်းလိုက်သည်။

“အင်း… ရတယ်လေ… ကျေးဇူးပြုပြီး ကျွန်မနောက်လိုက်ခဲ့…” ထင်ထားသည့်အတိုင်းပင် လန်ဟဲမှာ ချက်ချင်းဆိုသလို သဘောတူလိုက်သည်။

တောင်ကြားထဲသို့ လျှောက်လာနေစဉ်အတောအတွင်း လန်ဟဲမှာ တောက်လျှောက်ကို တိတ်ဆိတ်နေခဲ့သည်။ ရန်ကိုင်မေးသည့်အခါမှ ပြန်ပြန်၍ဖြေတတ်သည်။ သူမပုံစံမှာလည်း ယခင်ကလောက် ရွှင်မြူးနေခြင်း မရှိတော့ပေ။

နန်းတော်ကြီးတစ်လုံးထဲ ထျန်ရှန်းနှင့် ချန်းရှို့ယင်တို့ ရောက်လာကြလေသည်။ ထိုနေရာတွင်မူ လူနှစ်ဦးမှ သူတို့အား ရပ်စောင့်နေကြလေသည်။ တစ်ဦးမှာတော့ ယခုလေးတင် ငရဲကြီးကိုးထပ်မှ တက်လာသည့်အလား မှုန်ကုပ်ကုပ် အုံ့ဆိုင်းဆိုင်းအမူအယာမျိုးနှင့် လူအိုကြီးတစ်ဦးဖြစ်သည်။ အခြားတစ်ဦးမှာတော့ ရိုးရှင်းသောဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူကြီးတစ်ဦးဖြစ်ပေသည်။

ထိုနှစ်ဦးကိုမြင်သော် ထျန်ရှန်းနှင့် ချန်းရှို့ယင်တို့ ပျာယာခတ်သွားကြပြီး အမောတကောပြေးသွား၍ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေသည်။ “မင်္ဂလာပါ ဂိုဏ်းချုပ်ဖု… တော်ဝင်သခင်ဖု… စောစောလာမကြိုမိတဲ့အတွက် တောင်းပန်ပါတယ်…”

(ဒီနှစ်ယောက် ရောက်လာတာ မြန်လိုက်တာ…) ရန်ကိုင် ဤနေရာသို့ ရောက်လာသည်မှာ ခဏလေးသာ ရှိပေသေးပါသော်ငြား ထိုနှစ်ဦးမှာ ဤနေရာသို့ ရောက်နေလေပြီ။ ရန်ကိုင်၏တောင်းဆိုမှုအပေါ် သဘောမတူလိုက်မိသည်ကို ထျန်ရှန်းစိတ်ထဲ ဝမ်းသာမိသွားခဲ့သည်။ ထိုသို့သာမဟုတ်ပါက သူတို့ ဤပြဿနာထဲ ရောပါသွားပေတော့မည်။

ထိုနှစ်ဦးမှာ အရှေ့ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်း၏ ဂိုဏ်းချုပ်များ ဖြစ်ကြသည်။ နှစ်ဦးစလုံးမှာ ဧကရာဇ်တတိယအဆင့်ပညာရှင်များလည်း ဖြစ်ကြပေသည်။ သူတို့နှစ်ဦး အတူလှုပ်ရှားလာသည်ကိုကြည့်လျှင် ရန်ကိုင်ကိစ္စအပေါ် သူတို့ မည်မျှ အလေးအနက်ထားနေကြောင်းကို မြင်တွေ့နိုင်သည်။ ဂိုဏ်းနှစ်ဂိုဏ်းစလုံးမှ အခြားသောပညာရှင်များသည်လည်း ဤနေရာသို့ ရောက်ကောင်းရောက်နေလောက်ပေပြီ။

ရန်ကိုင်ဒုက္ခရောက်တော့မည့်အကြောင်း တွေးရင်း ထျန်ရှန်း သက်ပြင်းချလိုက်လေသည်။ ရန်ကိုင်အနေဖြင့် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားမည်ဆိုလျှင်ပင် အရေးမပါတော့ပေ။ ထိပ်တန်းပညာရှင်ပေါင်းများစွာ ဤနေရာသို့ ကြိုရောက်နေပြီးလေပြီ ဖြစ်လေရာ ဤနေရာရှိ ဟင်းလင်းပြင်တစ်ခုလုံးကို ပိတ်လှောင်ထားရပေလိမ့်မည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင်အနေဖြင့် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားမည်ဆိုလျှင်ပင် တည်နေရာခုန်ကူး၍ ထွက်ပြေးနိုင်တော့လိမ့်မည်မဟုတ်။ နောက်ပိုင်း၌ လန်ဟဲ သူ့အား ယခုကိစ္စနှင့်ပတ်သက်၍ အပြစ်မတင်ပါစေနှင့်ဟုသာ ထျန်ရှန်း ကြိတ်ကာ မျှော်လင့်ရတော့သည်။

ဖုပိုမှာတော့ ဘုန်းတော်ကြီးတစ်ပါးနှယ် မျက်လုံးကို စုံမှိတ်ထားခဲ့ပြီး တင်ပလင်ခွေထိုင်နေခဲ့သည်။ ကောင်းကင်ဝံပုလွေတောင်ကြားသို့ ရောက်နေပါသော်ငြား ထျန်ရှန်းအား လုံးဝအရေးစိုက်ခြင်းမရှိဘဲ သူ့ဘာသာသူ နေချင်သလို အေးအေးဆေးဆေး နေနေခဲ့သည်။

ရှုချန်ဖုန်းမှာတော့ ထျန်ရှန်းတို့လင်မယားကို မျက်နှာလွှဲထားရင်းမှ မေးလိုက်လေသည်။ “ထျန်ရှန်း… မင်းတို့ဂိုဏ်း တည်ရှိလာတာ ဘယ်လောက်ကြာပြီလဲ…”

ထိုမေးခွန်းမှာ ကြုံရာကျပန်းမေးခွန်းတစ်ခုပုံစံမျိုး ပေါက်ပါသော်ငြား ထျန်ရှန်းကမူ ထိုမေးခွန်းကိုကြားလိုက်သည့်အခိုက် ကျောရိုးတစ်လျှောက်စိမ့်တက်သွားခဲ့လေသည်။ တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် ပြန်၍ပြောလိုက်သည်။ “နှစ်ပေါင်းနှစ်သောင်းကျော်လောက် ရှိနေပါပြီ…”

ရှုချန်ဖုန်း ခေါင်းညိတ်လိုက်ပြီး ထျန်ရှန်းဘက်သို့လှည့်လာ၍ ပြန်ပြောလိုက်သည်။ “နှစ်နှစ်သောင်းကျော်… ဒီလောက်ထိတည်ရှိလာနိုင်ဖို့ဆိုတာ မင်းတို့ဂိုဏ်း အချိန်တွေကိုရော စတေးမှုတွေကိုရော အများကြီးလုပ်ခဲ့ရမှာ… အခုဆိုရင် မင်းတို့ဂိုဏ်းက အရှေ့ဘက်နယ်မြေရဲ့ ထိပ်တန်းဂိုဏ်းတွေထဲက တစ်ဂိုဏ်းတောင်ဖြစ်နေပြီ… မင်းတို့ဂိုဏ်း ဖျက်ဆီးခံရခါနီးအခိုက်အတန့်တွေ အများကြီးနဲ့ ကြုံခဲ့ရတယ်… အဲ့လိုဖြစ်တယ်ဆိုရင်တောင် မဖျက်ဆီးခံရဘဲနဲ့ ဒီနေ့အထိ တည်ရှိလာနိုင်တာ ဘာအချက်ကြောင့်လို့ မင်းထင်လဲ…”

ထျန်ရှန်းက အားတင်းပြုံးလျက် “မွန်းစတားသားရဲတွေက အကင်းပါးကြတယ်လေ… အန္တရာယ်တစ်ခုခုနဲ့ ကြုံရတော့မယ်ဆိုရင် သူတို့က လူတွေထက် ပိုပြီးတော့ အာရုံခံစားနိုင်စွမ်းမြင့်တယ်… ကျုပ်တို့မှာ တိုက်ပွဲဝံပုလွေတွေရှိတယ်လေ… အဲ့ဒါကြောင့်ပေါ့…”

ရှုချန်ဖုန်းသည် ထျန်ရှန်းအား အဓိပ္ပာယ်ပါပါ စိုက်ကြည့်နေပြီးသည့်နောက် ခေါင်းညိတ်၍ “ကောင်းပြီ… ဒီတော့ ဂိုဏ်းချုပ်ဖုနဲ့ငါ ဘာဖြစ်လို့ ဒီကိုရောက်လာလဲဆိုတာကို မင်းသိပြီးလောက်ပြီဖြစ်မှာပေါ့… ဟုတ်တယ်မလား…”

ထျန်ရှန်း၏နဖူးထက် ချွေးအေးများ ဝေ့သီလာတော့လေသည်။ “တော်ဝင်သခင်ရှု… စိတ်မပူပါနဲ့… ကျုပ်တို့ ကိုယ့်သေတွင်းကိုယ်တူးမယ့်ကိစ္စမျိုး လုံးဝလုပ်မှာမဟုတ်ဘူး… ကျုပ်တပည့်က မသိလို့ အဲ့ကောင်လေးကို ဒီနေရာအထိ ခေါ်လာမိလိုက်တာ… ဒါပေမယ့် ကျုပ်တို့ကတော့ သူ့ကို ကာကွယ်ပေးနေမှာမဟုတ်ဘူး… သူ မကြာခင်ထွက်သွားလိမ့်မယ်…”

“ဟမ့်…” ဖုပိုက ရုတ်တရက် နှာခေါင်းရှုံ့လိုက်လေသည်။ “မင်း သူ့ကို ကာကွယ်ပေးချင်တယ်ဆိုရင်တောင် ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး…”

ထိုစကားကိုကြားသော် ချန်းရှို့ယင်မှာ မကျေမနပ်ဖြင့် ဖုပိုအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ (သူ့ဘာသူ ဧကရာဇ်တတိယအဆင့်ပညာရှင်ပဲဖြစ်ဖြစ် အရှေ့ဘက်နယ်မြေရဲ့ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲဖြစ်ဖြစ် သူအခုရောက်နေတာ ငါတို့ကောင်းကင်ဝံပုလွေတောင်ကြားမှာပဲ… အဲ့ဒါကို လာပြီးတော့များ ငါတို့ရှေ့မှာ မောက်မာရဲသေးတယ်… ငါတို့မှာလည်း စိတ်ဝိဉာဉ်သားရဲကျွန်းက ပေးထားတဲ့ ယုံကြည်ခြင်းတံဆိပ်ပြား ရှိနေပြီးသား… သူတို့ ငါတို့ကို တိုက်ခိုက်ရဲမှာလား… စိတ်ဝိဉာဉ်သားရဲကျွန်းရှေ့မှာ သူတို့ဂိုဏ်းနှစ်ဂိုဏ်းစလုံးက ဘာမှကိုမဟုတ်တာ…)

ချန်းရှို့ယင်စိုက်ကြည့်နေသည်ကို သတိပြုမိသည့်အလား ဖုပိုမှာ ရုတ်တရက် ချန်းရှို့ယင်အား ပြန်၍စိုက်ကြည့်လာခဲ့လေသည်။

အကြည့်ချင်းဆုံသွားသည့်အခိုက် ချန်းရှို့ယင်၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး သူမတစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီလာခဲ့လေ၏။

ထျန်ရှန်းမှာ ချန်းရှို့ယင်ဘေးနားတွင် ဝင်ရပ်လိုက်ရင်းမှ ပြန်ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်ဖု… ဒါ ဘာသဘောလဲ… ကျုပ်တို့သဘောထားကို ပြောထားပြီးသွားပြီလေ… ခင်ဗျားတို့ကိစ္စမှာ ကျုပ်တို့ဝင်ပါမှာမဟုတ်ဘူး… အဲ့ဒါကို ဘာဖြစ်လို့ ကျုပ်မိန်းမကို လာပြီးခြိမ်းခြောက်နေရတာလဲ…”

ဖုပိုက လှောင်ပြုံးပြုံးလျက် “မင်းမိန်းမက မကျေနပ်သေးဘူးလေ… ဒီတော့ အမှန်တရားကိုသိသွားအောင် သင်ခန်းစာပေးလိုက်တာ… ဘာဖြစ်လို့လဲ… မင်းရောမကျေနပ်လို့လား…”

ထျန်ရှန်းမှာ မကျေနပ်ပါသော်ငြား ဘာမှတော့ပြန်မပြောခဲ့ပေ။

ရှုချန်ဖုန်းက ဝင်ပြောလိုက်လေသည်။ “ထျန်ရှန်း… မင်းရဲ့ဂိုဏ်းကာကွယ်ရေးအစီအရင်က ဟင်းလင်းပြင်ကို ပိတ်လှောင်နိုင်တယ်မလား…”

ထျန်ရှန်းက ပြန်ပြောလိုက်လေသည်။ “ဂိုဏ်းကာကွယ်ရေးအစီအရင်တိုင်းက အဲ့လိုလုပ်နိုင်တာပဲကို…”

ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် တစ်ခုခုအား နားလည်သွားသည့်အလား ကြောက်လန့်တကြားဖြင့် “တော်ဝင်သခင်ရှု… ခင်ဗျား ဘာဖြစ်လို့ အဲ့လိုမေးခွန်းကို လာမေးနေတာလဲ…”

ရှုချန်ဖုန်းသည် ထျန်ရှန်းအားကြည့်လျက် ပြန်မေးလိုက်လေသည်။ “ငါဘာလို့မေးတယ်လို့ မင်းထင်လဲ…”

ဖုပိုက ရယ်သွမ်းသွေးလျက် ထိုင်ရာမှထကာ ပြောလိုက်သည်။ “တော်ဝင်သခင်ရှုပြောချင်တာကတော့ မင်းဂိုဏ်းရဲ့ဂိုဏ်းကာကွယ်ရေးအစီအရင်ကို သုံးပြီးတော့ ဒီဟင်းလင်းပြင်ကို ပိတ်လှောင်ပစ်ဖို့ပဲ… အဲ့ဒါဆို အဲ့ကောင်လေး ထွက်ပြေးနိုင်တော့မှာမဟုတ်ဘူး… အဲ့ကောင်လေးရဲ့စွမ်းရည်ကိုလည်း မင်းလည်းသိတာပဲ…”

ထျန်ရှန်း၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ “သူ့ကို ကောင်းကင်ဝံပုလွေတောင်ကြားထဲမှာ တိုက်ခိုက်ချင်တာလား…”

ရှုချန်ဖုန်းသည် ထျန်ရှန်းအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ “ဒီနေရာက သူ့အတွက် အကောင်းဆုံးသင်္ချိုင်းပဲလေ… ဘာဖြစ်လို့လဲ…”

“မရဘူး…” ထျန်ရှန်းက ချက်ချင်းပဲ ငြင်းလိုက်သည်။

ဖုပိုက မျက်လုံးမှေးစင်းလျက် “ထျန်ရှန်း… မင်းတစ်ခုခုကို မပြောခင် သေသေချာချာစဉ်းစားနော်… မင်းခေါင်းထဲမှာ ဦးနှောက်ပါလာတာ အလကားသက်သက်မဟုတ်ဘူး…”

နှစ်ဦးစလုံးမှာ ထျန်ရှန်းအား နာမည်တပ်၍ခေါ်နေခဲ့ပြီး သူ့အပေါ် အနည်းငယ်မျှပင် မလေးစားခဲ့ပေ။ ထိုနှစ်ဦး၏လုပ်ရပ်ကြောင့် ထျန်ရှန်းတို့လင်မယားမှာ အမှန်တကယ်ကို ဒေါသထွက်နေမိသည်။ သို့သော်ငြား ဘာမှတော့ ပြန်မလုပ်ရဲခဲ့။ ယခုကဲ့သို့ပါ ထပ်မံ၍ လှောင်ပြောင်ခံလိုက်ရသည့်အခါတွင်တော့ ထျန်ရှန်းသည်ပင် သည်းမခံနိုင်တော့ပေ။ သာမန်လူတစ်ဦးသည်ပင်လျှင် ထပ်တလဲလဲ ရန်စ အထင်သေး စော်ကားခံနေရမည်ဆိုပါက ဒေါသထွက်လာပေလိမ့်မည်ဖြစ်လေရာ ထျန်ရှန်းကဲ့သို့သော ဂိုဏ်းချုပ်တစ်ဦးသာဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့ပေ။ ရန်ကိုင်အား မကာကွယ်ပေးပါဟု သူ့ဘက်မှ အတိအလင်း ပြောထားပြီးသားပင်။ သို့ပင်ဖြစ်လင့်ကစား ထိုနှစ်ဦးမှာ ထိုမျှနှင့်ပင် မကျေနပ်နိုင်သေးပဲ သူတို့ဂိုဏ်းကိုပါ ရန်ကိုင်နှင့် သူတို့ကြားရှိ ပြဿနာထဲသို့ ဆွဲသွင်းရန် ကြိုးစားနေခဲ့သည်။

အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးသည့်နောက်တွင် ထျန်ရှန်းက အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “အဲ့ဒါကိုတော့ ဒီထန် ဘယ်တော့မှ သဘောတူမှာမဟုတ်ဘူး… အဲ့လူငယ်လေးက ကျုပ်တပည့်ရဲ့အသက်ကို ကယ်ပေးထားတာ… ကျုပ်တပည့် သူ့ကိုပြန်ခေါ်လာတယ်ဆိုတာကလည်း သူ့အပေါ် ကျေးဇူးရှိနေလို့ပဲ… ဒါပေမယ့် ကျုပ်တို့ သူ့ကို ငြင်းလိုက်ပြီးသွားပြီ… အဲ့ကိစ္စနဲ့တင် ကျုပ်တို့ဘက်က သိပ်ပြီးတေ့ာ လိပ်ပြာလုံရတာမဟုတ်ဘူး… အခုလိုမျိုး ဂိုဏ်းကာကွယ်ရေးအစီအရင်ကိုပါ သုံးပြီးတော့ ဒီနေရာကဟင်းလင်းပြင်ကို ပိတ်လှောင်ပစ်လိုက်လို့ သူသေသွားခဲ့ရမယ်ဆိုလို့ရှိရင် ကျုပ်တပည့် လုံးဝကို အဲ့ကိစ္စကနေ ရုန်းထွက်နိုင်တော့မှာမဟုတ်ဘူး… သူ့စိတ်ထဲ ကိုယ်တွင်းနတ်ဆိုးဖြစ်လာပြီးတော့ နောက်အဆင့်ကိုလည်း ဘယ်တော့မှ ချိုးဖြတ်နိုင်တော့မှာမဟုတ်ဘူး… ခင်ဗျားတို့ သူနဲ့ ရင်ဆိုင်ချင်တယ်ဆိုရင် ကျုပ်ဂိုဏ်းအပြင်ဘက်က ကြိုက်တဲ့နေရာမှာ သွားလုပ်လို့ရတယ်… ကျုပ်တို့ သူ့ကို ကာကွယ်ပေးမှာမဟုတ်ဘူး… ခင်ဗျားတို့ပြဿနာထဲလည်း ကျုပ်ဝင်ပါမှာမဟုတ်ဘူး…”

“မင်း ငါတို့ပြောတာကို သဘောမတူတာ သေချာလား…” ရှုချန်ဖုန်းသည် ထျန်ရှန်းအား စူးရဲသည့်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ထိုကဲ့သို့ ခြိမ်းခြောက်ခံလာရသော် ထျန်ရှန်း၏မျက်နှာ မဲ့သွားခဲ့သည်။ ယခုတစ်ကြိမ်ငြင်းလိုက်မည်ဆိုလျှင် နောက်ပိုင်း သူတို့ဂိုဏ်း ပြဿနာမျိုးစုံ တက်ရတော့မည်မှန်း ထျန်ရှန်း သိနေခဲ့သည်။ လန်ဟဲအား သူပြောခဲ့သလိုပင် စိတ်ဝိဉာဉ်သားရဲကျွန်း၏ ကာကွယ်မှုကို ရရှိထားသည့်အတွက်ကြောင့် ထိုလူများသည် သူတို့အား ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ရဲကြလိမ့်မည်မဟုတ်ပါသော်ငြား သူတို့၏တပည့်များ၊ စီးပွားရေးလုပ်ငန်းများကိုတော့ ပစ်မှတ်ထားကြပေလိမ့်မည်။ ကောင်းကင်ဝံပုလွေတောင်ကြားမှာ နှစ်စဉ်နှစ်တိုင်း ငွေကြေးများစွာ ကုန်ကျနေသည့် ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်လေရာ သူတို့၏စီးပွားရေးလုပ်ငန်းများသည်သာ တိုက်ခိုက်ခံလိုက်ရမည်ဆိုပါက ကျိန်းသေ ဒုက္ခရောက်ရပေလိမ့်မည်။

ထျန်ရှန်းမှာ ချန်းရှို့ယင်အား လှည့်၍ကြည့်လိုက်သည်။ ချန်းရှို့ယင်ကမူ တစ်ခုခုအား တိုးတိုးပြောရင်းမှ အဆက်မပြတ်ကို ခေါင်းခါပြနေခဲ့သည်။

သူမပြောသည်ကို မကြားရသည့်တိုင် သူမသည် လန်ဟဲဟူသည့်နာမည်ကိုသာ ပြောနေကြောင်းကိုတော့ ထျန်ရှန်းသိပေသည်။

နောက်ဆုံးတွင်‌ ဆုံးဖြတ်လိုက်သည့်အလား ထျန်ရှန်းက ပြန်ပြောလိုက်သည်။ “တော်ဝင်သခင်ရှု… ကျေးဇူးပြုပြီး ဒီထန်ကို ထပ်ပြီးတော့ခက်ခဲအောင် မလုပ်ပါနဲ့တော့လား…”

လန်ဟဲသည် ကြယ်ပျက်ပင်လယ်ထဲမှ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ပြီး ဧကရာဇ်အဆင့်သို့ ချိုးဖြတ်နိုင်ခဲ့သည်။ ယခုဆိုလျှင် သူမသည် ဂိုဏ်း၏မျှော်လင့်ချက် ဖြစ်နေလေပြီ။ သူမအနေဖြင့် နောက်နောင်တွင် ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးပင် ဖြစ်လာနိုင်၏။ တစ်နည်းဆိုရသော် ကောင်းကင်ဝံပုလွေတောင်ကြား၏ အနာဂတ်မှာ သူမအပေါ်တွင် မူတည်နေပေသည်။

လန်ဟဲ၏သိုင်းနှလုံးသားသည်သာ ယခုကိစ္စကြောင့် ပျက်စီးသွားခဲ့ရမည်ဆိုလျှင် သူတို့ဂိုဏ်း အလွန်ကိုမှ နစ်နာသွားရပေလိမ့်မည်။ ယခုကိစ္စကို သဘောမတူလိုက်၍ ဂိုဏ်း၏စီးပွားရေးလုပ်ငန်းများ ပစ်မှတ်ထားခံရမည်ဆိုလျှင် ထိုကိစ္စသည် နောက်ပိုင်းမှသာလျှင် စိတ်ပူရမည့်ကိစ္စရပ်တစ်ခုဖြစ်သည်။

ထို့အပြင် ရန်ကိုင်သည် ကောင်းကင်ဝံပုလွေတောင်ကြားထဲရှိ အခြားသောအကြီးအကဲတစ်ဦးဖြစ်သော လင်းယင်ချင်းနှင့် ပတ်သက်နေပေသေးသည်။ ရန်ကိုင်သည်သာ ဤတောင်ကြားထဲတွင် အသတ်ခံလိုက်ရမည်ဆိုပါက လင်းယင်ချင်းမှာ သူတို့အပေါ် မကျေမနပ်ဖြစ်လာပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ သူတို့ဂိုဏ်းသည် ဧကရာဇ်အဆင့်ပညာရှင်နှစ်ဦး၏ ယုံကြည်ချက်ကို ဆုံးရှုံးလိုက်ရပေလိမ့်မည်။ ထိုကဲ့သို့သောကိစ္စရပ်မျိုးကို ထျန်ရှန်းအနေဖြင့် မည်သည့်နည်းနှင့်မျှ အဖြစ်မခံနိုင်ပေ။

ထျန်ရှန်း၏စကားကိုကြားသော် ဖုပိုမှာ ခြောက်ခြားဖွယ်ကောင်းစွာ ပြုံးဖြီးလိုက်သည်။ ရှုချန်ဖုန်းမှာလည်း ထျန်ရှန်းအား ခံစားချက်မဲ့သည့်အမူအယာမျိုးဖြင့် အတန်ကြာအောင် စိုက်ကြည့်နေလေ၏။ ထျန်ရှန်း လုံးဝဆုံးဖြတ်ထားပြီးပြီမှန်း သိလိုက်သော် ခေါင်းညိတ်၍ ပြောလိုက်လေသည်။ “အဲ့လိုဆိုရင်လည်း ထားလိုက်တော့ပေါ့…”

ထိုအခါမှသာလျှင် ထျန်ရှန်း စိတ်သက်သာရာ ရနိုင်တော့သည်။ ရှုချန်ဖုန်းသည်သာ သူတို့အား ဆက်၍ဖိအားပေးနေမည်ဆိုပါက ရှုချန်ဖုန်း၏တောင်းဆိုချက်ကို သူ့အနေဖြင့် ငြင်းနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။ ယခုကဲ့သို့သောနည်းလမ်းသည် သူ့အတွက်မူ အကောင်းဆုံးသာဖြစ်လေသည်။ ဤပုံစံအားဖြင့် ရန်ကိုင်အား ကာကွယ်မပေးနိုင်ပါသော်ငြား ဂိုဏ်းကာကွယ်ရေးအစီအရင်ကိုသုံး၍ ရန်ကိုင်အား ပိတ်လှောင်ထားစရာလည်း မလိုတော့ပေ။ အနည်းဆုံး လန်ဟဲ၏ယုံကြည်မှုကို သစ္စာဖောက်ရာမရောက်ခဲ့ပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၀၀)

ဘာသာပြန်သူ_တိမ်တိုက်

ငြိမ်းချမ်းတိတ်ဆိတ်လှသော ကောင်းကင်ဝံပုလွေ‌တောင်ကြား၏ နောက်ဘက်ခြမ်း၌ တဲအိမ်လေးတစ်လုံး ရှိနေခဲ့သည်။ ထိုနေရာမှာ လင်းယင်ချင်း နေနေသည့်နေရာ ဖြစ်ပေသည်။

လန်ဟဲ၏ ပြောပြပုံအရ ကျယ်ပြန့်ပင်လယ်ထဲမှ ထွက်လာပြီးသည့်နောက်တွင် လန်ဟဲသည် လင်းယင်ချင်းအား စတင်ရှာဖွေတော့လေသည်။ တိုက်ဆိုင်စွာပင် ထိုစဉ်က လင်းယင်ချင်းသည်လည်း အရှေ့ဘက်နယ်မြေဆီသို့ ရောက်နေခဲ့သည်။ နှစ်ဦးသား တွေ့ဆုံကြပြီးသည့်နောက်တွင် အကျိုးသင့်အကြောင်းသင့် ပြောပြခဲ့ရာ လင်းယင်ချင်းမှာ လန်ဟဲ၏ ရည်ရွယ်ချက်ကို နားလည်သွားခဲ့ပြီး လန်ဟဲအား ကျေးဇူးတင်စကားဆိုကာ သူမနှင့်အတူ ကောင်းကင်ဝံပုလွေ‌တောင်ကြားဆီသို့ လိုက်လာခဲ့လေသည်။

ထိုစဉ်က လင်းယင်ချင်းမှာ တာအိုသခင်တတိယအဆင့်သာ ရှိပေသေးသည်။

လန်ဟဲ၏ ထောက်ခံပေးမှုဖြင့် လင်းယင်ချင်းမှာ ဂိုဏ်းထဲသို့ လွယ်လင့်တကူ ရောက်နိုင်ခဲ့ပြီး သူမ၏ သေဆုံးသွားသော ယောက်ျား နေနေခဲ့သည့်နေရာတွင် သွားရောက်နေထိုင်‌လေသည်။ လင်းယင်ချင်းမှာ ပြင်ပရေးရာကိစ္စများကို ဂရုမစိုက်ခဲ့ဘဲ တစ်ကိုယ်တည်းသာ ကျင့်ကြံနေခဲ့သည်။ အချိန်တဖြည်းဖြည်း ကြာလာသည့်နောက် ဧကရာဇ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီး ထျန်ရှန်းမှာ သူမအား အကြီးအကဲရာထူးကို ပေးခဲ့လေသည်။ သို့သော်ငြား လင်းယင်ချင်းမှာ ဂိုဏ်း၏ လုပ်ငန်းဆောင်တာများ၌ ဝင်ရောက်ပတ်သက်ခြင်းမရှိသလို မည်သူမျှနှင့်လည်း စကားပြောဆိုခြင်း မရှိကြောင်းကိုတော့ ဂိုဏ်းထဲတွင် ရှိနေသည့်လူတိုင်း သိထားကြသည်။ လင်းယင်ချင်းမှာ သူမ၏ တဲအိမ်လေးနားတွင်သာ အချိန်ဖြုန်းနေလေ့ရှိသည်။ လင်းယင်ချင်း၏ ဇာတ်ကြောင်းကို သိထားကြသူများမှာမူ သူမ၏ အချစ်အပေါ် အံ့ဩတကြီး ဖြစ်ကြရသည်။

ရန်ကိုင်နှင့် လန်ဟဲတို့ ထိုနေရာသို့ ရောက်လာသည့်အခါတွင် လင်းယင်ချင်းမှာ အုတ်ဂူတစ်လုံးအရှေ့၌ တင်ပျဥ်ခွေ ထိုင်နေခဲ့လေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာတော့ မြက်များပန်းများဖြင့် ပြည့်နေလေ၏။ ဤနေရာမှာ သူမ‌ ယောက်ျား၏ အရိုးပြာများအား မြှုပ်နှံထားသည့်နေရာ ဖြစ်ပေသည်။

လူရောက်လာသည်ကို သတိထားမိလိုက်သည့်အခါ လင်းယင်ချင်း မျက်လုံးပွင့်လာခဲ့သည်။ အရှေ့မှ ဦးဆောင်လာနေသည့် လန်ဟဲကို မြင်လိုက်သော် လင်းယင်ချင်း ပြုံးသွားလေ၏။ သို့သော်ငြား သူမ အနောက်တွင် ပါလာသည့် ရန်ကိုင်ကို မြင်သည့်အခါတွင်တော့ လင်းယင်ချင်းမှာ တစ်ခဏကြာမျှ ကြောင်အမ်းအမ်း ဖြစ်သွားပြီးသည့်နောက် အံ့အားသင့်သွားခဲ့လေသည်။

"အကြီးအကဲလင်း ဧည့်သည်ရောက်လာတယ်" လန်ဟဲက ပြုံး၍ ပြောလိုက်သည်။

"အစ်မလင်း၊ မတွေ့ရတာတောင် ကြာပြီနော်" ရန်ကိုင်က ပြုံး၍ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

"ရန်ကိုင်လား" လင်းယင်ချင်း အံ့အားသင့်နေခဲ့လေသည်။ ထို့နောက် ပြုံး၍ ထပ်မေးလိုက်သည်။ "နင်ဘာလို့ ဒီကိုရောက်နေတာလဲ"

"အရှေ့ဘက်နယ်မြေကို ရောက်လာတုန်း ညီမလန်ဟဲနဲ့ လာတွေ့လို့ သူက ကောင်းကင်ဝံပုလွေ‌တောင်ကြားကို ဖိတ်ခေါ်တော့ ကျုပ်လည်း တစ်ခါတည်း လိုက်လာခဲ့တာ၊ ပြီးတော့ အစ်မလင်းလည်း ဒီမှာရှိနေတာဆိုတော့ တစ်ခါတည်း လာတွေ့လိုက်တာ"

လင်းယင်ချင်းသည် ရန်ကိုင်ကို ကြည့်၍ ခေါင်းညိတ်ကာ... "ငါတို့ မတွေ့ရတာ တကယ်ကြာသွားပြီ၊ ကြည့်ရတာ နင်အရင်ကထက် ပိုအားကောင်းလာတဲ့ပုံပဲ"

ရန်ကိုင်က ပြုံး၍... "အစ်မလင်း ဧကရာဇ်အဆင့် ရောက်သွားပြီဆို"

လင်းယင်ချင်းသည် အုတ်ဂူကို လှမ်းကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ "ဘာမှလုပ်စရာမရှိဘူးလေ၊ ဒီတော့ နေ့တိုင်း ဒီတိုင်းပဲထိုင်ပြီးတော့ ကျင့်ကြံနေတာ၊ လာ၊ အထဲဝင်လာခဲ့ အထဲမှာ ပြောကြရအောင်"

ထို့နောက်တွင် ရန်ကိုင်နှင့် လန်ဟဲတို့အား သူမ၏ တဲအိမ်လေးထဲသို့ အားတက်သရော ဖိတ်ခေါ်လိုက်သည်။ တဲအိမ်အတွင်းပိုင်းမှာတော့ လုံးဝကို ရိုးရှင်းပေသည်။ ကုတင်တစ်လုံး၊ ထိုင်ခုံအချို့နှင့် စားပွဲခုံတစ်လုံးသာရှိပြီး အခြားမည်သည့်ပစ္စည်းမျှ ရှိမနေခဲ့ပေ။

အထဲသို့ရောက်သော် လင်းယင်ချင်းသည် ရန်ကိုင်တို့အတွက် ရေနွေးကြမ်းတစ်အိုးကို စတင်ဖျော်စပ်တော့သည်။ ထို့နောက်တွင် ဟင်းလင်းပြင်ကမ္ဘာကြီးထဲမှ ထွက်လာပြီးသည့်နောက် ကြုံခဲ့ရသည့် အဖြစ်အပျက်များကို တစေ့တစောင်း ပြန်လည်ရှင်းပြပြောဆိုလေသည်။ ထိုစဉ်က သူမ၏ ကျင့်ကြံခြင်းမှာ တာအိုသခင်တတိယအဆင့်သာ ရှိသေးသည့်အတွက်ကြောင့် နယ်မြေကြီးတစ်ခုမှ အခြားနယ်မြေတစ်ခုသို့ သွားဖို့ရာ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။ ထိုအချိန်အတောအတွင်း အခက်အခဲအန္တရာယ်အမျိုးမျိုးနှင့်လည်း ကြုံခဲ့ရပေသည်။ ကံကောင်းစွာဖြင့် ကံတရားမှာ သူမဘက်တွင် ရှိနေခဲ့လေရာ အရှေ့ဘက်နယ်မြေသို့ အန္တရာယ်ကင်းကင်းဖြင့် ရောက်လာနိုင်ခဲ့သည်။ ဤနေရာသို့ ရောက်လာပြီးသည့်နောက် သူမအား လိုက်ရှာနေသော လန်ဟဲနှင့် သွားတွေ့လေ၏။

ရန်ကိုင်မှ လန်ဟဲအား သူမအကြောင်းကို ပြောပြပေးခဲ့သည့်အပေါ် လင်းယင်ချင်းမှာ ရန်ကိုင်အပေါ် ကျေးဇူးတင်မိပေသည်။ သူမဘာသာသူမဆိုလျှင် ကောင်းကင်ဝံပုလွေ‌တောင်ကြားထဲသို့ ဝင်ဖို့ရာ လွယ်လိမ့်မည် မဟုတ်ပေ။ တကယ်တော့ သူမသည် ဂိုဏ်းထဲတွင် ကြီးပြင်းလာသည့် လူမှ မဟုတ်လေဘဲ။ မည်သည့်အင်အားစုမှ သူစိမ်းလူတစ်ဦးအား အလွယ်တကူ လက်ခံကြလိမ့်မည် မဟုတ်ပေ။ ကောင်းကင်ဝံပုလွေ‌တောင်ကြားကဲ့သို့သော အတော်လေးကိုမှ နာမည်ကျော်ကြားသည့် အင်အားစုမျိုးဆိုလျှင် ပိုလို့ပင် ဆိုးပေသေးသည်။ ထိုကဲ့သို့သော အင်အားစုများသည် သွေးသစ်များကို လက်ခံရာတွင် အလွန်ကိုမှ ဂရုတစိုက်ရှိကြပေသည်။ လင်းယင်ချင်းကဲ့သို့သော သူစိမ်းလူတစ်ဦးအား လက်ခံမည့်အစား ငယ်ရွယ်သည့် တပည့်တစ်ဦးကိုသာ သူတို့ဘာသာသူတို့ ပျိုးထောင်ပေလိမ့်မည်။

ဂိုဏ်းထဲသို့ ဝင်လာပြီးသည့်နောက်တွင် လင်းယင်ချင်းသည် ဤနေရာ၌ အခြေချ၍ သူမ၏ ဘဝအသစ်ကို စတော့လေသည်။ မည်သူမျှလည်း သူမအား လာရောက်နှောင့်ယှက်ခြင်း မရှိကြပေ။

ပြောနေရင်းမှ လင်းယင်ချင်းသည် ပင်းယင်နှင့် လျို့ရှန်းယင်တို့အကြောင်းကို မေးမြန်းကြည့်သည်။ နှစ်ဦးစလုံး အဆင်ပြေနေကြောင်း ကြားလိုက်ရပြီးသည့်နောက် သူမ စိတ်သက်သာရာ ရသွားလေ၏။

နေ့ဝက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုင်ရာမှထ၍ နှုတ်ဆက်လိုက်လေသည်။

လင်းယင်ချင်းနှင့် လန်ဟဲတို့မှာ ရန်ကိုင်အား ရက်အနည်းငယ်ခန့် ထပ်နေသွားပါရန် ပြောပါသော်ငြား ရန်ကိုင်မှာ ထျန်ရှန်း၏ သဘောထားကို မြင်တွေ့ပြီးဖြစ်သည့်အလျောက် ဤနေရာတွင် အလကားသက်သက် ထပ်နေ၍ သူ့ကိုယ်သူ လူမုန်းများအောင် လုပ်လိမ့်မည် မဟုတ်ပေ။ ထိုအကြောင်းကြောင့် သင့်လျော်သည့် အကြောင်းပြချက်ပေးပြီးသည့်နောက်တွင် ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။

လင်းယင်ချင်းမှာ ရန်ကိုင်အား လိုက်ပို့ပေးချင်ပါသော်ငြား ရန်ကိုင်မှ ငြင်းဆန်နေသည့်အတွက်ကြောင့် တဲအိမ်အပြင်ဘက်၌ ရပ်စောင့်ရင်း ရန်ကိုင် ထွက်သွားသည်ကိုသာ ကြည့်နေလိုက်ရသည်။

ရန်ကိုင်နှင့်အတူ ထွက်ပေါက်ဆီသို့ ပျံသန်းနေရင်းမှ စိတ်ဓာတ်ကျကျဖြင့် မေးလိုက်လေသည်။ "အစ်ကိုရန်၊ ရက်နည်းနည်းလောက် ထပ်စောင့်သွားပါလား၊ ကျွန်မ နည်းလမ်းတစ်ခုလောက် စဉ်းစားကြည့်လိုက်မယ်လေ"

ရန်ကိုင်ကမူ ခေါင်းခါ၍ ပြုံးကာ ပြန်ပြောလိုက်သည်။ "အဲဒီလိုမျိုး လုပ်နေစရာမလိုဘူး၊ ငါ့မှာ လုပ်စရာတွေရှိသေးတယ်၊ ဒီတော့ အခုလောလောဆယ် စိတ်ဝိညာဉ်သားရဲကျွန်းဆီ မသွားသေးဘူး"

"ဒါပေမဲ့" လန်ဟဲက ပြန်ပြောလိုက်သည်။

သို့သော်ငြား သူမ စကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် လူငယ်လေးတစ်ဦးသည် သူတို့ဆီသို့ ရုတ်တရက် ပျံသန်းလာခဲ့ပြီး လန်ဟဲအား စိုးရိမ်တကြီးဖြင့် လှမ်း၍ပြောလိုက်လေသည်။ "စီနီယာအစ်မလန်၊ တောင်ကြားသခင်က သူ့ကိုအခုချက်ချင်း လာတွေ့ပါတဲ့၊ စီနီယာအစ်မလန်ကို အရေးကြီးပြောစရာစကား ရှိလို့တဲ့"

လန်ဟဲက ခေါင်းညိတ်လျက်... "အစ်ကိုရန်ကို လိုက်ပို့ပြီးသွားရင် တောင်ကြားသခင်နဲ့ သွားတွေ့မယ်"

သို့ပင်ဖြစ်လင့်ကစား လူငယ်လေးသည် သူမလမ်းကို ပိတ်ရပ်၍ အလေးအနက်အမူအရာဖြင့် ပြောလိုက်သည်။ "အခုချက်ချင်းလာတွေ့ဖို့ တောင်ကြားသခင်က ပြောလိုက်တယ်၊ အရမ်းအရေးကြီးလို့ပါတဲ့"

ထိုစကားကိုကြားသော် လန်ဟဲ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ တစ်ခုခုအား သဘောပေါက်လိုက်သည့်အလား နှာခေါင်းရှုံ့လျက်... "အစ်ကိုရန်ကို လိုက်ပို့ပေးရုံပဲကို ပြီးရင်လာတွေ့မှာပေါ့၊ ခဏလေးတောင် စောင့်လို့မရဘူးလား"

လူငယ်လေးကမူ ရှက်ရှက်ဖြင့် လက်သီးဆုပ်ကာ ပြန်၍ ပြောလိုက်လေသည်။ "စီနီယာအစ်မလန်၊ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါနော်၊ ကျုပ် တောင်ကြားသခင်ရဲ့အမိန့်အတိုင်း လုပ်နေရလို့ပါ"

လန်ဟဲ ပြန်ပြောတော့မည်ကို မြင်သော် ရန်ကိုင်က လက်မြှောက်၍ တားလိုက်လေသည်။ "ညီမလန်၊ သွားလိုက်တော့ ဒီကနေ ဘယ်လိုထွက်သွားရမလဲဆိုတာကို ငါသိတယ်၊ နင်ငါ့ကို လိုက်ပို့ပေးနေစရာမလိုဘူး"

"အစ်ကိုရန်"

ရန်ကိုင်က လက်ဝှေ့ယမ်း၍ ထွက်ပေါက်ဆီသို့ လျှပ်စီးတန်းတစ်ခုပမာ ပြေးထွက်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း ထွက်သွားရင်းမှ ပြောလိုက်လေ၏။ "ဒီလောကကြီးက အကျယ်ကြီးပဲ၊ အခွင့်အရေးရှိရင် ပြန်တွေ့ကြတာပေါ့"

"အစ်ကိုရန်၊ သတိထားဦးနော်" လန်ဟဲက လှမ်း၍ အော်ပြောလိုက်သည်။ ရန်ကိုင် သူမ မြင်ကွင်းမှ ပျောက်သွားပြီးသည့်နောက်တွင် လူငယ်လေးအား စူးရဲစွာ စိုက်ကြည့်လိုက်လေ၏။

လန်ဟဲ၏ စူးရဲသည့် အကြည့်ကို သတိထားမိလိုက်သော် လူငယ်လေးက ဖားဖားယားယား ပြုံးရင်းမှ ရှင်းပြလိုက်လေသည်။ "စီနီယာအစ်မလန်၊ တောင်ကြားသခင်က"

"ဟမ့်" လန်ဟဲကမူ မကျေမနပ်ဖြစ်သွားသည့်အလား တခြားတစ်ဖက်ဆီသို့ ထွက်သွားလေ၏။ သူမ ဆရာကိုလည်း လက်ရှိအခြေအနေနှင့် ပတ်သက်၍ မေးမြန်းလိုပေသည်။ ရန်ကိုင်သည် သူမအသက်ကို ကယ်ခဲ့သူတစ်ဦး ဖြစ်သည်။ သို့သော်ငြား ရန်ကိုင်အား မကူညီပေးနိုင်ရုံမက ရန်ကိုင် ဤနေရာမှ ထွက်သွားမည်ကိုပင် လိုက်မပို့ပေးနိုင်ခဲ့ပေ။ ထိုသို့ဖြစ်လေရာ နောက်ပိုင်း မည်သည့်မျက်နှာနှင့် ရန်ကိုင်အား သွားတွေ့ရတော့ပါမည်နည်း။

ရှင်းရှင်းပြောရသော် သူမဆရာ၏ ရန်ကိုင်အပေါ် ဆက်ဆံပုံနှင့် ပတ်သက်၍ လန်ဟဲမှာ အမှန်တကယ်ကို စိတ်ပျက်မိပေသည်။

ရန်ကိုင် တောင်ကြားထဲမှ ထွက်လာပြီးသည်နှင့် ချက်ချင်းဆိုသလို လူတစ်ဦး သူ့ဆီသို့ ပျံသန်းလာသည်ကို သတိထားမိလိုက်သည်။ အစပိုင်းတွင်တော့ ရန်ကိုင်မှာ ထိုလူအား ဂရုမစိုက်ခဲ့။ သို့သော်ငြား ထိုလူ သူ့ဘေးနားမှ ဖြတ်သွားသည့်အခိုက် ထိုလူသည် ရုတ်တရက် အံ့အားသင့်တကြီး ထအော်လိုက်လေသည်။ ထို့နောက် ရန်ကိုင်ဘက်သို့ ပြန်လှည့်လာခဲ့ပြီး လှမ်းအော်ခေါ်လိုက်လေ၏။

"ရောင်းရင်းရန်လား"

ရန်ကိုင်လည်း ရပ်၍ လှည့်ကြည့်လိုက်လေသည်။ အရှေ့ဘက်နယ်မြေထဲ သူသိနေသည့် လူများနှင့် လာလာတိုးနေမိသည့်အပေါ် ရန်ကိုင်မှာ စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားနေခဲ့ရသည်။

အစောပိုင်းက ရန်ကိုင်အား လှမ်းအော်ခေါ်လိုက်သော လူသည် ရန်ကိုင်နှင့် ဆယ်မီတာခန့်အကွာသို့ ပျံသန်းလာခဲ့လေသည်။ ရန်ကိုင်အား တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် အံ့အားသင့်တကြီးဖြင့်... "တကယ်ကြီး ရောင်းရင်းရန်ပဲ၊ ကျုပ်ကို မှတ်မိသေးလား ရောင်းရင်းရန်၊ ကျုပ်က ချီဟိုင်လေ၊ ရောင်းရင်းရန် ကောင်းကင်ဝံပုလွေ‌တောင်ကြားဆီ ရောက်နေတယ်ကြားလို့ အပြေးလာခဲ့တာ၊ အခုဒီနေရာမှာ လာတွေ့ရမယ်လို့ မထင်ထားဘူး"

"ချီဟိုင်" ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ့အရှေ့ရှိ လူသည်သာ သူ့နာမည်ကို မပြောပြခဲ့လျှင် ရန်ကိုင် သူ့အား လုံးဝမှတ်မိလိမ့်မည် မဟုတ်ပေ။ ထိုနာမည်နှင့် ရင်းနှီးနေသော မျက်နှာကို မြင်ပြီးသည့်နောက် ရန်ကိုင်မှာ ကျယ်ပြန့်ပင်လယ်ထဲနှင့် ရှေးဟောင်းတောအုပ်ကြီးသို့ သွားရာလမ်းကြောင်းတွင် ကြုံခဲ့ရသည့် အဖြစ်အပျက်များကို ပြန်သတိရသွားခဲ့လေသည်။

ထိုစကားကိုကြားသော် ချီဟိုင်က ပြန်ပြောလိုက်သည်။ "ဒီတော့ ရောင်းရင်းရန် ဒီချီကို မှတ်မိသေးတယ်ပေါ့ ဟားဟား"

ရန်ကိုင်သည် ချီဟိုင်ကို ကြည့်၍ ပြန်မေးလိုက်သည်။ "ခင်ဗျားက ချီမိသားစုခံတပ်က မဟုတ်ဘူးလား၊ ဘာဖြစ်လို့ ဒီကိုရောက်နေရတာလဲ" ရန်ကိုင် အထင်မမှားလျှင် ချီမိသားစုခံတပ်သည် ရှေးဟောင်းတောအုပ်ကြီး၏ အပြင်ဘက်နားတွင် ရှိနေခြင်း ဖြစ်လေသည်။

ထိုအကြောင်းကို စဉ်းစားမိမှ ရန်ကိုင်မှာ ရုတ်တရက် တစ်ခုခုအား သဘောပေါက်သွားခဲ့သည်။ ရန်ကိုင်သည် ရှေးဟောင်းတောအုပ်ကြီးထဲမှ ထွက်လာပြီး ထိုအနားတွင်ရှိနေသော မြို့ကို ဖြတ်သန်းသွားခဲ့သည်။ သို့သော်ငြား ထိုနေရာမှ ထွက်လာပြီး မကြာမီမှာပင် ရန်ကိုင် ရောက်နေကြောင်းကို အရှေ့ဘက်နယ်မြေရှိ လူပေါင်းများစွာ သိသွားကြတော့သည်။ ကောင်းကင်ဝံပုလွေ‌တောင်ကြားမှ လန်ဟဲသည်ပင်လျှင် ထိုအကြောင်းကို သိသွားသည်။ အရာရာမှာ အကြောင်းကြောင်းကြောင့် ဖြစ်လာခဲ့ရခြင်း ဖြစ်လေသည်။ ရန်ကိုင်မှာ သွားရာလမ်းခရီးတစ်လျှောက်တွင် သူ့ကိုယ်သူ ဖုံးကွယ်ထားခဲ့ခြင်း မရှိပါသော်ငြား အရှေ့ဘက်နယ်မြေထဲ သူ့အား သိသည့်လူ များများစားစားရှိလှသည် မဟုတ်။ ထိုအတွက်ကြောင့် ယခုပြဿနာမှာမူကား သူရောက်နေကြောင်းကို မည်သူကများ သတင်းဖွလိုက်လေသနည်း။

ယခင်ကမူ ရန်ကိုင် စိတ်ထဲ မယုံသင်္ကာဖြစ်ခဲ့မိသည်။ သို့သော်ငြား စိတ်ထဲတော့ မထားခဲ့ပေ။ ယခု ချီဟိုင်နှင့် တွေ့သည့်အခါမှသာလျှင် သူရောက်နေကြောင်း သတင်းဖွလိုက်သည့် လူမှာ သူ့အရှေ့တွင် ရှိနေသည့်လူဖြစ်ကြောင်းကို ရန်ကိုင် သဘောပေါက်သွားတော့သည်။

[ဒါဆိုရင် ငါ့ကိုဘာဖြစ်လို့ လာမရှာဘဲနဲ့ ငါရောက်နေတဲ့အကြောင်းကို လိုက်ပြီး သတင်းဖွနေရတာလဲ] ရန်ကိုင်သည် မျက်လုံးမှေးစင်းလျက် သူ့အရှေ့ရှိလူအား စိုက်ကြည့်လိုက်သည်။

ချီဟိုင်ကမူ ရန်ကိုင်၏ အကြည့်အား ဂရုမထားဟန်ဖြင့် ပြန်ပြောလိုက်သည်။ "ကျုပ် ရောင်းရင်းရန်ကို လာရှာတာ"

ရန်ကိုင်က ပြန်မေးလိုက်သည်။ "ဘာအတွက်လဲ"

ချီဟိုင်က ခါးသက်သက်အမူအရာဖြင့် ပြုံးလျက်... "အရင်တစ်ခေါက်က ပြောခဲ့တဲ့ကိစ္စပဲလေ" ပြောနေရင်းမှ ရုတ်တရက် ဦးညွှတ်၍ တလေးတစားဖြင့် ပြောလိုက်သည်။ "ကျေးဇူးပြုပြီးတော့ ဒီချီရဲ့မိန်းမကို ကယ်ပေးပါနော်၊ သူ့ရောဂါကိုသာ မကုရင် ကျုပ်မိန်းမမှာ အသက်ရှင်ဖို့ရက်က သိပ်မကျန်တော့ဘူး၊ တစ်လအတွင်း သေရတော့မှာ"

ထိုစကားကို ကြားသော် ရန်ကိုင် ထိတ်လန့်သွားခဲ့လေ၏။ "ခင်ဗျားရဲ့မိန်းမ အသက်ရှင်နေသေးတာလား"

ရန်ကိုင် အထင်မမှားလျှင် ချီဟိုင်၏ မိန်းမသည် အလွန်ကိုမှ အဆိပ်ပြင်းသည့် အဆိပ်တစ်မျိုးကို မိထားခဲ့ခြင်း ဖြစ်လေသည်။ အဆိပ်မှာ သာမန်အဆိပ်မျိုး မဟုတ်သည့်အလျောက် ကုသဖို့ရာလည်း မဖြစ်နိုင်။ သို့သော်ငြား ဖီးနစ်မီးတောက်သာဆိုလျှင်တော့ ထိုအဆိပ်ကို ကုသဖို့ရာ မျှော်လင့်ချက် ရှိပေသည်။

သို့ပင်ဖြစ်လင့်ကစား ချီဟိုင်၏ မိန်းမ ထိုအဆိပ်မိထားသည်မှာ အလွန်ကိုမှ ကြာနေလေပြီ။ ရန်ကိုင် တွက်ကြည့်ရသလောက် အနည်းဆုံး နှစ်နှစ်ဆယ်ခန့် ရှိနေလေပြီ။ သူ့မိန်းမအနေဖြင့် ထိုအဆိပ်မိပြီးပြီးနောက် မည်ကဲ့သို့များ နှစ်နှစ်ဆယ်ခန့်ကြာအောင် အသက်ရှင်နေနိုင်ခဲ့ပါလေသနည်း။

ချီဟိုင်က ဝမ်းနည်းတကြီးအမူအရာဖြင့်... "ကျုပ်တို့ ချီမိသားစုခံတပ်ထဲမှာ လူတစ်ယောက်ကို အေးခဲပစ်နိုင်တဲ့ မှော်ရတနာတစ်မျိုး ရှိတယ်လေ၊ ကျုပ်မိန်းမ တစ်ကိုယ်လုံးနဲ့ သူ့အသက်စွမ်းအင်ကို အဲဒီရတနာနဲ့ ခဲထားတာ၊ ဒါကြောင့်ပဲ ဒီနေ့ထိ အသက်ရှင်နိုင်တာ၊ ဒါပေမဲ့ အချိန်တွေကြာလာတော့ အဲဒီရတနာတောင် အဆိပ်ကို သိပ်ပြီးတော့ မကာပေးနိုင်တော့ဘူး၊ အဲဒီအဆိပ်ကိုသာ အချိန်မီမကုဘူးဆိုရင် သူ" ပြောနေရင်းမှ ချီဟိုင်၏ မျက်လုံးထဲ မျက်ရည်များ ဝဲတက်လာတော့သည်။ ထိုအချင်းအရာကို မြင်သော် ရန်ကိုင်လည်း စိတ်ဓာတ်ကျသွားလေ၏။ ပုံမှန်အားဖြင့် ယောက်ျားများမှာ အလွယ်တကူ မငိုတတ်ကြပေ။

သို့သော်ငြား ချီဟိုင်မှာ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးပင် ဖြစ်လင့်ကစား ယခုကဲ့သို့ ငိုယိုနေပုံကိုကြည့်ပါက သူ့မိန်းမအပေါ် အလွန်ကိုမှ ချစ်မြတ်နိုးကြောင်း မြင်တွေ့နိုင်ပေသည်။

စုယန် သို့မဟုတ် ရှနင်းချန်သည်သာ ထိုကဲ့သို့သော အန္တရာယ်မျိုးနှင့် ကြုံခဲ့ရမည်ဆိုပါကလည်း ရန်ကိုင် ကိုယ်တိုင်သည်လည်း ချီဟိုင်ကဲ့သို့ ဖြစ်သွားနိုင်ပေသည်။

ချီဟိုင်က ဆက်၍ ပြောလိုက်သည်။ "အရင်တစ်ကြိမ် ရောင်းရင်းရန် အရှေ့ဘက်နယ်မြေထဲမှာ ပေါ်လာတုန်းက အဲဒါက ရောင်းရင်းရန်နဲ့အတူ ပါမလာဘူးလို့ ပြောတယ်လေ"

ထိုစကားကို ကြားသည့်အခါ ရန်ကိုင်က ရှက်ရှက်ဖြင့်... "အဲဒီတုန်းက ကျုပ်နဲ့အတူ တကယ်ကိုပါမလာတာ၊ ဒါကြောင့်ပဲ ခင်ဗျားကို မကူညီပေးနိုင်ခဲ့တာ"

ချီဟိုင်က ပြန်ပြောလိုက်သည်။ "ရောင်းရင်းရန်မှာ ဖီးနစ်မီးတောက် ရှိနေသေးသရွေ့ ကျုပ်မိန်းမရဲ့အဆိပ်ကို ဖြေပေးလို့ရတယ်၊ ရောင်းရင်းရန် ဖီးနစ်မီးတောက်ကို ကျယ်ပြန့်ပင်လယ်ထဲမှာ မရလိုက်လို့လား၊ ဒါပေမဲ့ အဲဒီလိုမျိုးတော့ မဖြစ်နိုင်ပါဘူး" ဖီးနစ်မီးတောက် ရန်ကိုင်၏ လက်ထဲတွင် ရှိနေသည်မှာ သေချာပေသည်။ ရန်ကိုင် ထိုနေ့က ပြောသွားခဲ့သည့် အရာအားလုံးမှာ အလိမ်အညာသာ ဖြစ်လေသည်။ အလိမ်အညာ မဟုတ်ခဲ့၍ အမှန်ဖြစ်နေခဲ့မည်ဆိုလျှင်တော့ သူလုပ်ခဲ့သည့် အရာအားလုံးမှာ ဟာသသက်သက် ဖြစ်သွားခဲ့လေပြီ။

ရန်ကိုင်က ခေါင်းခါ၍... "ကျုပ်ပြောခဲ့သလိုပဲ ကျုပ် ဖီးနစ်မီးတောက်ကို ရသွားတယ်၊ ဒါပေမဲ့ အဲဒီတုန်းက ဖီးနစ်မီးတောက်က ကျုပ်နဲ့အတူ ရှိမနေဘူး၊ ဒါကြောင့် ကျုပ် ခင်ဗျားကို ကူညီပေးချင်တယ်ဆိုရင်တောင် ကူညီပေးလို့မရဘူး”

All Chapters