အခန်း (၃၂၈၁-၃၂၈၅)
Vol. 144 Ch. 3281-3285
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၈၁)
ဘာသာပြန်သူ_တိမ်တိုက်
အခမ်းအနားပွဲမှာ တစ်ရက်သာကြာခဲ့ပါသော်ငြား သုံးရက်ကြာပြီးသည့်အခါမှသာလျှင် ဧည့်သည်များအားလုံး လော့ရှာဂိုဏ်းမှ ပြန်ထွက်သွားခဲ့ကြသည်။ ထိုအခါမှသာလျှင် လော့ရှာဂိုဏ်းသည်လည်း တစ်ဖန်ပြန်လည် ငြိမ်သက်တိတ်ဆိတ်သွားတော့လေသည်။ လွန်ခဲ့သည့်သုံးရက်လုံးလုံး ရန်ကိုင်မှာ အမျိုးမျိုးသော ဧကရာဇ်အဆင့်ပညာရှင်များနှင့် စကားပြောပေးနေခဲ့ရလေသည်။ ရန်ကိုင်တွင်လည်း ရွေးချယ်စရာမှ မရှိလေပဲ။ သူသည် လော့ရှာဂိုဏ်း၏ အဆင့်မြင့်ဧည့်အကြီးအကဲတစ်ဦး ဖြစ်နေပြီဖြစ်သည့်အတွက်ကြောင့် သူရထားသည့်ရာထူးနှင့် သင့်တော်လေအောင် လော့ရှာဂိုဏ်းနှင့် အခြားသောဂိုဏ်းများကြား တံတားသဖွယ် ပြုမူပေးရပေလိမ့်မည်။
ထိုရလဒ်သည် တောက်ယင်ရို့နှင့် အခြားသူများအား ဝမ်းသာအားရ ဖြစ်သွားစေခဲ့လေသည်။ လက်ရှိအခြေအနေမှာ သူတို့မျှော်လင့်ထားသည်ထက်ကိုပင်လျှင် ကျော်လွန်နေခဲ့လေသည်။ ယခုဆိုလျှင် တောင်ဘက်နယ်မြေထဲရှိ မည်သည့်ဂိုဏ်းမှ လော့ရှာဂိုဏ်းအား လာရောက်တိုက်ခိုက်ရဲကြတော့လိမ့်မည်မဟုတ်ပေ။ ရန်ကိုင်မှ သူတို့အား ကာကွယ်ပေးထားမည်ဖြစ်လေရာ လော့ရှာဂိုဏ်းအနေဖြင့် ဖြည်းဖြည်းနှင့်မှန်မှန် တိုးတက်လာအောင် လုပ်ရန်သာ လိုတော့လေသည်။ အနှေးနှင့်အမြန် သူတို့ တစ်ဖန်ပြန်လည် ဦးမော့လာနိုင်ပေလိမ့်မည်။
ဤသည်မှာ ရန်ကိုင်ဂရုစိုက်စရာလိုတော့သည့်အရာမျိုး မဟုတ်ပေ။ ရန်ကိုင်တွင် ထက်ကောင်းကင်နန်းတော်ရှိနေလေပြီ။ ယုကျိုးကြောင့်သာလျှင် ရန်ကိုင်မှာ လော့ရှာဂိုဏ်းကို ကာကွယ်ပေးနေရခြင်းဖြစ်သည်။ ထိုအကြောင်းကြောင့် သူ့အဖို့ ဤနေရာ၌ အကြာကြီးနေဖို့ရာ မဖြစ်နိုင်ပေ။
မူလကမူ ရန်ကိုင်စီစဉ်ထားခဲ့သည်မှာ အခမ်းအနားပွဲပြီးသွားသည်နှင့်တစ်ပြိုင်နက် ချက်ချင်းထွက်သွားရန်ပင်။ ဤနေရာ၌ နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခု ရှိနေပြီဖြစ်သည့်အတွက်ကြောင့် လော့ရှာဂိုဏ်းအနေဖြင့် အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရမည်ဆိုလျှင်ပင် ထက်ကောင်းကင်နန်းတော်ဆီသွားကာ အကူအညီတောင်းခံနိုင်ပေသည်။ သို့သော်ငြား တားမြစ်နေရာထဲရှိ တောင်ကြားထဲရှိကိစ္စကြောင့် ထွက်သွားရမည့်အချိန်မှာ အနည်းငယ် နှောင့်နှေးသွားခဲ့ရလေသည်။ ရန်ကိုင်ကမူ ထွက်မသွားခင် ထိုနေရာရှိအကြောင်းစုံကို သိရရန်အတွက် နောင်လာမည့်လပြည့်ညအထိ စောင့်ရန် စဉ်းစားထားခဲ့သည်။
တောက်ယင်ရို့သည် တာအိုသခင်အဆင့်တွင် ရှိနေသော သူမ၏ ဂျူနီယာညီမအချို့နှင့်အတူ လော့ရှာတောင်ဆီသို့ သွားခဲ့သည်။ ရန်ယီရို့မှ သူမတို့ရောက်လာကြောင်း အစီအရင်ခံလာသည့်အခါတွင် ရန်ကိုင်သည် ထိုလူများကို ဧည့်ခန်းထဲ၌ သွားရောက်တွေ့ဆုံလေသည်။ တာအိုသခင်အဆင့်ပညာရှင်ငါးဦးလုံး ရန်ကိုင်အား တလေးတစားဖြင့် ဦးညွှတ်လိုက်ကြသည်။
ထို့နောက်တွင် တောက်ယင်ရို့က ပြောလိုက်လေသည်။ “အကြီးအကဲရန်… အခုကျေးဇူးကို လော့ရှာဂိုဏ်းက ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး… နောက်ပိုင်း အကြီးအကဲရန် တစ်ခုခုလိုအပ်လာခဲ့ရင် လော့ရှာဂိုဏ်းက အကြီးအကဲတောင်းဆိုတာတွေအားလုံးကို ဖြည့်ဆည်းပေးပါမယ်…”
ရန်ကိုင်ကမူ သူ့လက်ကိုဝှေ့ယမ်း၍ ပြန်ပြောလိုက်လေသည်။ “ခင်ဗျား အခုလိုတွေ လုပ်နေစရာမလိုဘူး… အခု ကျုပ်လည်း လော့ရှာဂိုဏ်းသားတစ်ယောက် ဖြစ်နေပြီပဲဟာကို… ဒီတော့ ဒါက ကျုပ်လုပ်ရမယ့်တာဝန်ပဲ…”
တောက်ယင်ရို့ကမူ ခေါင်းခါ၍ ကျေးဇူးတင်တကြီးဖြင့် ပြန်ပြောလိုက်သည်။ “အကြီးအကဲရန်ကိုရထားတာ ကျွန်မတို့လော့ရှာဂိုဏ်းကပဲ ကံကောင်းသွားတာ…” ထိုသို့ပြောပြီးသည့်နောက် ချင်ဖေးအား လှမ်း၍ကြည့်လိုက်လေသည်။
ချင်ဖေးသည် ရှေ့သို့တက်၍ ရန်ကိုင်အား သိုလှောင်လက်စွပ်တစ်ကွင်းကို ပေးလိုက်လေ၏။
“ဒါက…” ရန်ကိုင်သည် ချင်ဖေးကိုကြည့်၍ ပြန်မေးလိုက်သည်။
ချင်ဖေးက ပြန်ပြောလိုက်လေသည်။ “ဒါက ဧည့်သည်တွေလာတုန်းက ပေးသွားတဲ့ ဂုဏ်ပြုလက်ဆောင်တွေပါ အကြီးအကဲရန်… အကြီးအကဲရန် ဘယ်ပစ္စည်းတွေပါလဲဆိုတာကို သိလို့ရအောင်လို့ အဲ့ပစ္စည်းတွေအကုန်လုံးကို ဒီကျောက်စိမ်းပြားထဲမှာပါ စာရင်းဇယား လုပ်ပေးထားပါတယ်…”
ထိုပစ္စည်းများမှာ လော့ရှာဂိုဏ်း၏အပိုင် ဖြစ်ကြပါသော်ငြား တောက်ယင်ရို့နှင့် အခြားသူများမှာ ကိုယ့်နေရာကိုယ် သိကြပေသည်။ ထိုလူများသည် ထိုလက်ဆောင်များကို လော့ရှာဂိုဏ်းကိုပေးခြင်းမဟုတ်။ ရန်ကိုင်ကိုပေးခြင်းသာ ဖြစ်ပေသည်။ ထိုအကြောင်းကြောင့် ထိုလက်ဆောင်များကို သူတို့ဘာသာသူတို့ သိမ်းထားရန် မစဉ်းစားခဲ့ဘဲ ရန်ကိုင်ကိုပေးရန်သာ ဆုံးဖြတ်ခဲ့သည်။
“တကယ်ကို ပစ္စည်းကောင်းတွေများတာပဲ…” ရန်ကိုင်သည် ထိုပစ္စည်းများကို လှန်လှောကြည့်လိုက်ပြီးသည့်နောက် ပြုံး၍ လက်ခံထားလိုက်လေသည်။ ထိုပစ္စည်းများမှာ လော့ရှာဂိုဏ်းအတွက် အဖိုးတန်လိမ့်မည်ဖြစ်ပါသော်ငြား ရန်ကိုင်အတွက်မူ ဘာမှမဟုတ်ပေ။ ထက်ကောင်းကင်နန်းတော်သည် လက်ရှိအချိန်၌ မြောက်ဘက်နယ်မြေတစ်ခုလုံးကို ဦးဆောင်နေပြီး ၎င်း၏နှစ်စဉ်ဝင်ငွေမှာလည်း အလွန်တရာကိုမှ များပြားလွန်းလှပေသည်။
ရန်ကိုင်မှာ ထိုလက်ဆောင်များကို လော့ရှာဂိုဏ်းအား ပေးရန် မစဉ်းစားထားပေ။ အကြောင်းမှာ သူ့ဘက်မှ ပြန်ပေးမည်ဆိုလျှင်ပင် တောက်ယင်ရို့နှင့် အခြားသူများ လက်ခံလိမ့်မည်မဟုတ်မှန်း သိနေသည့်အတွက်ကြောင့်ပင်။ ထိုအမျိုးသမီးများမှာ ထိုမျှမရဲတင်းကြပေ။
လော့ရှာဂိုဏ်းသည်သာ ပိုမိုအားကောင်းလာချင်သလို လုံလောက်သည့် ကျင့်ကြံရေးအရင်းအမြစ်များကိုလည်း ရလိုပါက ပုံမှန်ဝင်နေသည့် ဝင်ငွေအရင်းအမြစ်တစ်ခုရှိရန် လိုအပ်ပေလိမ့်မည်။ ရန်ကိုင်မှာတော့ ထိုကိစ္စနှင့်ပတ်သက်၍ ကြိုတင်စဉ်းစားထားပြီး ဖြစ်သည့်အတွက်ကြောင့် ပြန်ပြောလိုက်လေ၏။ “ခင်ဗျားမှာ အချိန်ရမယ်ဆိုရင် ထက်ကောင်းကင်နန်းတော်ဆီသွားပြီးတော့ အဲ့မှာရှိနေတဲ့မန်နေဂျာမှူးနဲ့ သွားစကားပြောကြည့်လိုက်… သူနဲ့စကားပြောပြီးသွားရင် လော့ရှာဂိုဏ်းအတွက် တိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို နည်းနည်းပါးပါး စဉ်းစားလို့ရမှာပေါ့… ဒါဆိုရင် ခင်ဗျားတို့တပည့်တွေလည်း နောက်ပိုင်း ကျင့်ကြံဖို့အရင်းအမြစ်တွေ မရှိမှာကို စိတ်ပူစရာမလိုတော့ဘူး…”
ထိုစကားကိုကြားသော် တောက်ယင်ရို့၏မျက်လုံးများ တောက်ပသွားခဲ့ပြီး ပြန်၍ပြောလိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲရန်… နောက်ရက်ပိုင်းလောက်နေရင် ကျွန်မသွားလိုက်ပါမယ်…”
ရန်ကိုင်က ခေါင်းညိတ်၍ “အဲ့ကိုရောက်မယ်ဆိုရင်လည်း ကျုပ် ဒီမှာ နောက်ထပ်တစ်လလောက် နေပြီးတော့မှ ပြန်လာမယ်လို့ပါ တစ်ခါတည်းပြောလိုက်ပါဦး…”
“ကောင်းပါပြီ…”
တောက်ယင်ရို့နှင့် အခြားသူများအတွက်မူ ရန်ကိုင် လော့ရှာဂိုဏ်းတွင် မည်မျှကြာအောင် နေနေစေကာမူ ကိစ္စမရှိပေ။ တကယ်တော့ ရန်ကိုင်အား လော့ရှာဂိုဏ်း၏ တားမြစ်နေရာသို့ပင် ဝင်ခွင့်ပေးထားပြီးပြီမဟုတ်လေလော။ သူတို့အနေဖြင့် ရန်ကိုင်အား ဘာကိုများ ထပ်၍ မပေးနိုင်ရပါဦးမည်နည်း။ ဖြစ်သာဖြစ်နိုင်လျှင် ရန်ကိုင်နှင့် ရန်ယီရို့ သို့မဟုတ် ယုခဲရန်တို့ကြား တစ်ခုခုဖြစ်သွားလျှင် ပို၍ပင် ကောင်းပေသေးသည်။ သို့သော်ငြား ထိုသို့ဖြစ်မလာခဲ့ပေ။
နောက်ရက်နှစ်ဆယ်အတောအတွင်း ရန်ကိုင်မှာ တောက်လျှောက်ကို တံခါးပိတ်ကျင့်စဉ်ဝင်နေလေသည်။ တောက်ယင်ရို့နှင့် အခြားသောတာအိုသခင်အဆင့်ပညာရှင်များမဆိုထားနှင့် ရန်ယီရို့နှင့် ယုခဲရန်တို့သည်ပင်လျှင် ရန်ကိုင်အား လုံးဝမတွေ့ခဲ့ရပေ။
မျက်တောင်တစ်ခတ်အတွင်း တစ်လကုန်ဆုံးသွားခဲ့ပြီး လပြည့်ညသို့ ထပ်မံရောက်ရှိလာခဲ့လေသည်။
ထိုညနေတွင် ရန်ကိုင်သည် တားမြစ်နေရာဆီသို့ စောစောရောက်လာခဲ့ပြီး အခြေအနေကို စစ်ဆေးကြည့်ပြီးသည့်နောက် မျက်မှောင်ကျုံ့သွားခဲ့သည်။ ယခင်တစ်ကြိမ် ဤနေရာသို့ လာခဲ့စဉ်က လမှာ ထိန်ထိန်သာနေပြီး ကောင်းကင်မှာလည်း ကြည်လင်နေခဲ့သည်။ ကံမကောင်းစွာဖြင့် ယနေ့တွင် ရာသီဥတုမှာ သိပ်မကောင်းလှ။ တိမ်စိုင်တိမ်တိုက်များမှာ ကောင်းကင်တစ်ခွင် ဖုံးလွှမ်းနေသည့်အတွက်ကြောင့် ပတ်ဝန်းကျင်မှာ ယခင်ကထက်ပို၍ မှောင်မိုက်နေခဲ့သည်။ လရောင်သည်လည်း အောက်သို့ ပက်ဖြန်းကျဆင်းနေခြင်းမရှိပေ။
ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင် အနည်းငယ် စိတ်ပူမိသွားခဲ့သည်။ ရာသီဥတုပြောင်းလဲမှုများသည် တားမြစ်နယ်မြေအပေါ် သက်ရောက်မှုရှိမလားဆိုသည်ကို သူမပြောတတ်ပေ။ သို့သော်ငြား သူထင်ထားသည်မှာ အမှန်ဖြစ်မည်ဆိုလျှင်တော့ ရာသီဥတုပြောင်းလဲမှုများသည်ပင်လျှင် တားမြစ်နယ်မြေအပေါ် သက်ရောက်မှုရှိလိမ့်မည်မဟုတ်ပေ။
ရန်ကိုင်သည် ညအချိန်သို့ ရောက်လာမည်အထိကို ငြိမ်သက်စွာ ရပ်စောင့်နေလိုက်သည်။ မကြာမီတွင် ရင်းနှီးနေသည့်ခံစားချက် ပြန်ပေါ်လာခဲ့လေသည်။ ရန်ကိုင်၏အမူအယာ တောက်ပသွားခဲ့ပြီး သူ ယခင်ခန့်မှန်းချက်မှာ မှန်ကန်သည်ဟု ပိုပို၍ ယုံကြည်လာမိတော့သည်။ လက်ရှိအချိန်တွင်တော့ ရန်ကိုင်မှာ တောင်စောင်းကို အာရုံစိုက်မနေတော့ပေ။ လရောင်မရှိတော့သည့်အတွက်ကြောင့် တောင်စောင်းမှာ မည်သည့်ထူးခြားမှုမှ ဖြစ်မလာခဲ့။ ထို့အစား ယခင်တစ်ကြိမ်က သွားခဲ့သည့် နေရာဆီသို့သာ ပြန်သွားလိုက်လေသည်။
မကြာမီမှာပင် အားနည်းလှသည့် စွမ်းအင်လှိုင်းအသစ်တစ်လှိုင်း ထပ်မံထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်မှာ ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်လေသည်။ ထိုကြောင့် မျက်လုံးကို ကျယ်ကျယ်ဖွင့်လျက် သူ့ရှေ့တွင်ဖြစ်ပေါ်လာနေသည့် ဟင်းလင်းပြင်အက်ကြောင်းကို မမှိတ်မသုန် စိုက်ကြည့်နေလိုက်သည်။ သူ့စိတ်ထဲတွင်လည်း အလွန်ကိုမှ စိတ်လှုပ်ရှားလာမိတော့လေသည်။ အကုန်လုံးမှာ သူထင်ထားသလိုဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ စွမ်းအင်လှိုင်းပေါ်လာသည့်အခါတွင် အာရုံခံမိရန်အတွက် အလွန်ကိုမှ ခက်ခဲလွန်းလှသော ဟင်းလင်းပြင်အက်ကြောင်းလေးတစ်ခု ဤနေရာ၌ ပေါ်လာခဲ့သည်။ သို့သော်ငြား အက်ကြောင်းမှာ ပေါ်လာပြီးပြီးချင်း ပြန်လည်ပျောက်ကွယ်သွားသည့်အတွက်ကြောင့် စွမ်းအင်လှိုင်းမှာလည်း ပေါ်လာပြီးပြီးချင်းမှာပင် ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။
ယခင်က ရန်ကိုင်မှာ ဤထူးဆန်းမှုကို သတိမထားမိခဲ့ပေ။ သူ့စိတ်အာရုံအလုံးစုံသည် ချောမွတ်တောက်ပြောင်သည့် တောင်စောင်းဆီသို့သာ ရောက်ရှိနေသည့်အတွက်ကြောင့် ဤနေရာကို အာရုံမစိုက်မိခဲ့ဘဲ နောက်ဆုံးမှသာလျှင် သတိထားမိခဲ့ခြင်း ဖြစ်လေသည်။
ဤဟင်းလင်းပြင်အက်ကြောင်းထဲတွင် တစ်ခုခုရှိနေခြင်း ဖြစ်ရပေလိမ့်မည်။ ဤဟင်းလင်းပြင်အက်ကြောင်းထဲ၌ ရှိနေသည့်အရာသည် လပြည့်ညတွင် ဟင်းလင်းပြင်ကို ထိုးဖောက်ရန် ကြိုးစားလေရာ တောင်ကြားထဲရှိ ဟင်းလင်းပြင်ထဲ အက်ကြောင်းတစ်ခု ပေါ်လာခဲ့ရခြင်း ဖြစ်လေသည်။ ထို့နောက် လရောင်၏ ရောင်ပြန်ဟပ်မှုအောက်တွင် စွမ်းအင်အချို့ကို ဟင်းလင်းပြင်အက်ကြောင်းမှတစ်ဆင့် တောင်စောင်းပေါ်သို့ လှမ်းထိုးလေ၏။ တစ်နည်းဆိုရသော် ယခု ရန်ကိုင်ကြုံနေရသည့်ဖြစ်စဉ်၏ အဓိကအကြောင်းအရင်းမှာ တောင်စောင်းမဟုတ်ဘဲ ဤဟင်းလင်းပြင်အက်ကြောင်းထဲရှိ အရာသာ ဖြစ်လေသည်။
ဟင်းလင်းပြင်အက်ကြောင်းထဲ မည်ကဲ့သို့သော နက်နဲဆန်းကြယ်သည့်အရာမျိုး ရှိနေသလဲဆိုသည်ကို တွေးရင်း ရန်ကိုင်မှာ စိတ်လှုပ်ရှားလာခဲ့သည်။ ရန်ကိုင်နေရာတွင် အခြားသူများသာဆိုလျှင်တော့ ဤထူးဆန်းမှုကို သတိပြုမိလျှင်ပင် ဘာမှလုပ်နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော်ငြား ရန်ကိုင်ကမူ ထိုသို့မဟုတ်။ ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားပေသည်။ သူသည်သာ ဤဖြစ်စဉ်၏ မူလဇစ်မြစ်ကို ခြေရာခံနိုင်မည်ဆိုပါက ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ဝင်ရောက်စစ်ဆေးနိုင်ပေလိမ့်မည်။
ယခင်တစ်ကြိမ်က ရန်ကိုင်မှာ ဟင်းလင်းပြင်အား ဆုတ်ဖြဲခဲ့ပါသော်ငြား ဟင်းလင်းပြင်အက်ကြောင်းသည် ခန့်မှန်းရခက်သည့်နေရာတစ်ခုဖြစ်လေရာ ရန်ကိုင်မှာ ထိုမှိန်ဖျဖျသဲလွန်စနောက် ခြေရာခံလိုက်နိုင်ခဲ့ခြင်း မရှိပေ။ သူ့အနေဖြင့် ထိုနေရာတွင်ပင် ဟင်းလင်းပြင်ကို နောက်တစ်ကြိမ်ဆုတ်ဖြဲမည်ဆိုလျှင်ပင် ယခုဖြစ်စဉ်၏ ဇစ်မြစ်အား ခြေရာခံနိုင်လိမ့်မည်မဟုတ်ပေ။
စွမ်းအင်လှိုင်းများ ကြိမ်ဖန်များစွာ ထွက်ပေါ်လာခဲ့ပြီးသည့်နောက်တွင် ဟင်းလင်းအက်ကြောင်းနှင့် ၎င်း၏ဇစ်မြစ်ကို ရန်ကိုင် ဆက်စပ်မိသွားခဲ့လေသည်။ ထိုဆက်စပ်မှုမှာ အလွန်ကိုမှ ပါးလျလွန်းလှသည်။ ရန်ကိုင်နေရာတွင်သာ အခြားတစ်ယောက်သာဆိုလျှင် ဤနေရာသို့ရောက်နေသည့်တိုင် မည်သည့်ထူးခြားမှုကိုမှ အာရုံခံမိလိမ့်မည်မဟုတ်ပေ။
ရန်ကိုင်မှာတော့ တုံ့ဆိုင်းနေခဲ့ခြင်းမရှိ။ လေဟာနယ်နိယာမစွမ်းအားများကို အသက်သွင်း၍ သူ့လက်အား ဟင်းလင်းပြင်ထဲသို့ ထိုးစိုက်ကာ သူ့ရှေ့တည့်တည့်ရှိဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ဟင်းလင်းပြင်အက်ကြောင်းထဲသို့ လျှိုဝင်သွားခဲ့လေသည်။
ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ဝင်လာပြီးသည့်နောက် ရန်ကိုင်မှာ ယာယီမျှ ကြောင်အမ်းအမ်းဖြစ်နေပြီးသည့်နောက်တွင် အလွန်ကိုမှ မယုံကြည်နိုင်သည့်အမူအယာမျိုးဖြင့် သူ့ရှေ့တည့်တည့်အား လှမ်း၍ကြည့်လိုက်လေသည်။
သူတွေ့ရှိထားသည့်သဲလွန်စများအရ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲ၌ တစ်ခုခုရှိနေလိမ့်မည်ဟု ရန်ကိုင်ထင်ခဲ့လေသည်။ သူထင်ထားသည့်အတိုင်းလည်း အမှန်တကယ်ကို ဖြစ်နေခဲ့သည်။ သဲလွန်စကိုခြေရာခံ၍ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲသို့ ဝင်လာပြီးသည့်နောက်တွင် ဤအက်ကွဲကြောင်းထဲ၌ တစ်စုံတစ်ခုကို လာတွေ့ခဲ့သည်။ သို့သော်ငြား ဟင်းလင်းပြင်အက်ကွဲကြောင်းထဲ၌ ရှိနေသည်မှာတော့ အဖိုးတန်လှသည့် ရတနာမဟုတ်သလို အားကောင်းလှသည့် မှော်ရတနာလက်နက်တစ်ခုလည်း မဟုတ်ပေ။ ထို့အစား လူတစ်ယောက် ဖြစ်နေခဲ့လေသည်။ ထိုလူမှာ အမျိုးသမီးဖြစ်သည်ဟု ပြော၍ရပေသည်။ အမျိုးသားတစ်ဦးသည် ထိုကဲ့သို့သော မိန်းမဆန်သည့်အဝတ်အစားများကို ဝတ်လိမ့်မည်မဟုတ်ပေ။
ထိုအမျိုးသမီးသည် ဟင်းလင်းပြင်ထဲ တင်ပလင်ခွေထိုင်နေခဲ့သည်။ သို့သော်ငြား သူမတစ်ကိုယ်လုံးမှာတော့ အရိုးပေါ်အရေတင်ကို ဖြစ်နေလေ၏။ မျက်လုံးများမှာလည်း မျက်တွင်းဟောက်ပက်ဖြစ်နေပြီး ဆံပင်များမှာလည်း မီးခိုးရောင်သန်းနေလေသည်။ သူမ၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည့် အသက်ဓာတ်စွမ်းအင်အရှိန်အဝါမှာလည်း အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလား အလွန်ကိုမှ အားနည်းနေခဲ့သည်။
ထို့အတွက်ကြောင့် ရန်ကိုင်မှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားမိတော့သည်။
(ဒီထဲမှာ ဘယ်လိုလုပ်ပြီး အမျိုးသမီးတစ်ဦး ရှိနေရတာလဲ…)
ဟင်းလင်းပြင်အက်ကွဲကြောင်း မည်မျှအန္တရာယ်များကြောင်းကို ရန်ကိုင်သိပေသည်။ သူ့ကဲ့သို့သောလူမျိုးသည်ပင်လျှင် ဤနေရာ၌ လမ်းပျောက်သွားခဲ့မည်ဆိုပါက သေသွားရနိုင်ပေသည်။ လေဟာနယ်တာအိုအကြောင်း ဘာဆိုဘာမှမသိသည့် လူတစ်ဦးသာဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့ပေ။ ထို့အတွက်ကြောင့် တစ်နေ့နေ့တစ်ချိန်ချိန်၌ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲတွင် ကြုံရာအမျိုးသမီးတစ်ဦးကို လာတွေ့ရလိမ့်မည်ဟု ရန်ကိုင် အမှန်တကယ်ကို မထင်ထားခဲ့ပေ။
ထိုအမျိုးသမီး၏ပုံစံကိုကြည့်ရသလောက် သူမသည် ဟင်းလင်းပြင်အက်ကွဲကြောင်းထဲ လမ်းပျောက်သွားသည့် ကံမကောင်းအကြောင်းမလှသော လူတစ်ဦး ဖြစ်ရပေလိမ့်မည်။ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲ လမ်းပျောက်သည်မှာ မည်မျှပင်ကြာနေ၍များ သူမ၏ခန္ဓာကိုယ်သည် ယခုကဲ့သို့ အရိုးပေါ်အရေတင် ဖြစ်နေရလေသနည်း။ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲသို့ ဝင်လာနိုင်သည့်သူတစ်ဦးမှာ လုံးဝကို အားမနည်းသင့်ပေ။ အတော်လေးကိုမှ အားကောင်းရပေလိမ့်မည်။ ထိုအကြောင်းကြောင့် သူနှင့်အတူ အားပြန်ဖြည့်နိုင်သည့် ဆေးလုံးများ၊ အရင်းအမြစ်ကျောက်များစွာလည်း ပါလာခဲ့ရပေလိမ့်မည်။
လက်ရှိအမျိုးသမီးကို ကြည့်ရသလောက် သူမအနေဖြင့် အနည်းဆုံး နှစ် ထောင်ဂဏန်း သို့မဟုတ် သောင်းဂဏန်းလောက် ပိတ်မိနေခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။ ထို့ကြောင့်သာမဟုတ်လျှင် သူမ၏ခန္ဓာကိုယ် ယခုကဲ့သို့ အရိုးပေါ်အရေတင် ဖြစ်နေလိမ့်မည်မဟုတ်။
(သူက ဘယ်သူလဲ… ဘယ်လိုလုပ်ပြီး ဒီဟင်းလင်းပြင်ထဲမှာ ပိတ်မိနေရတာလဲ…) ရန်ကိုင်အား ပို၍ထိတ်လန့်သွားစေသည့်အချက်မှာ ဤအမျိုးသမီးသည် အသက်ရှင်နေခြင်းပင်။ သူမဆီမှ ထွက်ပေါ်နေသည့် အသက်ဓာတ်စွမ်းအင်မှာ အချိန်မရွေး ငြိမ်းသွားတော့မည့် ဆီမီးတိုင်ပမာ ဖြစ်နေခဲ့ပါသော်ငြား သူမအသက်ရှင်နေသေးသည်မှာတော့ လုံးဝကို သေချာပေသည်။ အကြောင်းမှာ ရန်ကိုင် သူမကိုကြည့်လိုက်ချိန် သူမ၏ အသက်ဓာတ်ကင်းမဲ့နေသလို ဖြစ်နေသော မှုန်ထိုင်းထိုင်းမျက်လုံးများ ရုတ်တရက်လှုပ်ရှားလာသည့်အတွက်ကြောင့်ပင်။ ထိုလှုပ်ရှားမှုများသည် အတော်ကြာအောင် မလှုပ်ရှားခဲ့ရသည့်အတွက်ကြောင့် အတော်လေးကိုမှ တောင့်တောင့်ကြီးဖြစ်နေပါသော်ငြား တဖြည်းဖြည်းနှင့် လှုပ်ရှားလာပြီး ရန်ကိုင်အား ကြည့်လာသည်မှာတော့ သေချာပေသည်။
အကြည့်ချင်းဆုံသွားသည့်အခိုက် အမျိုးသမီး၏မျက်လုံးထဲ မယုံကြည်နိုင်ရိပ်၊ ဝမ်းသာရိပ်တို့ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင်လည်း သူမ၏လည်ချောင်းဆီမှ အနည်းငယ် ခြောက်ကပ်ကပ်အသံတစ်သံ ထွက်လာခဲ့လေ၏။
ရန်ကိုင်ရှေ့တွင်ရှိနေသည့် အမျိုးသမီးသည် သစ်ခြောက်များပမာ ခြောက်ကပ်နေသည့် သူမ၏နှုတ်ခမ်းများကို လှုပ်ရှားလိုက်ပါသော်ငြား သူမပါးစပ်မှ မည်သည့်အသံမှ ထွက်မလာခဲ့ပေ။ ထိုသို့ နှုတ်ခမ်းလေးကိုလှုပ်ဖို့ရာပင် မြောက်မြားလှစွာသော အသက်ဓာတ်များကို အသုံးပြုလိုက်ရသည့်ပမာ အမျိုးသမီး၏မျက်လုံးများမှာ ရုတ်ချည်းဆိုသလို မှိန်ကျသွားခဲ့လေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှာလည်း ဇောချွေးပြန်သွားခဲ့ရသည်။ လက်ရှိ သူ့ရှေ့ရှိအမျိုးသမီးမှာ အချိန်မရွေး သေသွားတော့မည့်ပုံစံမျိုး ဖြစ်နေခဲ့လေသည်။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်၍ အမျိုးသမီးဆီသို့ လျှောက်သွားလိုက်လေ၏။
အမျိုးသမီး၏အကြည့်သည် ရန်ကိုင်၏လက်ချောင်းထဲတွင်ရှိနေသော ဆေးလုံးဆီသို့ ချက်ချင်း ရောက်ရှိလာခဲ့လေသည်။ သူမပုံစံမှာ ခုနှစ်ရက်ခုနှစ်လီ မစားမသောက်ရသေးသည့် အစာရေဆာငတ်ပြတ်နေသော မြေခွေးတစ်ကောင်ပမာ သူမ၏အသက်ရှူနှုန်းသည်ပင်လျှင် မတည်မငြိမ်ဖြစ်လာခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်၍ ရန်ကိုင်မှာ ကြိတ်၍ သက်ပြင်းချလိုက်လေသည်။ လက်ရှိအခိုက်အတန့်တွင် အမျိုးသမီးဆီမှ မည်သည့်စွမ်းအားကိုမှ မခံစားမိပါသော်ငြား ဤဟင်းလင်းပြင်ထဲ နှစ်ပေါင်း ထောင်နှင့် သောင်းနှင့်ချီတိုင်အောင် တောင့်ခံနိုင်ခဲ့ဖို့ရာ အမျိုးသမီး၏ခွန်အားသည် သူမ အထွဋ်အထိပ်အခြေအနေတွင်ရှိစဉ်က အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းခဲ့ရပေလိမ့်မည်။ ထိုသို့ပင်ဖြစ်လင့်ကစား တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးတစ်လုံးသည် သူမအား ယခုကဲ့သို့သော ပုံစံမျိုးဖြစ်အောင် လုပ်နိုင်နေခဲ့သည်။ အမျိုးသမီးတွင် ယခင်က ရှိခဲ့ဖူးသော အားကောင်းလှသည့် ပညာရှင်တစ်ဦး၏ ဟန်ပန်အမူအယာမျိုး ရှိမနေတော့ပေ။ ထို့အတွက်ကြောင့် ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်စိတ်ထဲ ကရုဏာသက်မိချင်သလိုပင် ဖြစ်သွားခဲ့သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၈၂)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်မှာ တစ်ခဏတာမျှ လက်ရှိကိစ္စနှင့်ပတ်သက်၍ မည်ကဲ့သို့ လုပ်လို့လုပ်ရမလဲမသိ ဖြစ်သွားခဲ့ပေသည်။ ဤအမျိုးသမီးမှာ လူကောင်းလား လူဆိုးလား ရန်ကိုင်မသိရသေးပေ။ သူမသည်သာ မကောင်းသည့်လူတစ်ယောက် ဖြစ်နေခဲ့မည်ဆိုလျှင် သူမအား ကယ်တင်လိုက်ခြင်းသည် အခြားသူများအား ဒုက္ခပေးခြင်းနှင့် အတူတူပင် ဖြစ်သွားပေလိမ့်မည်။ သို့သော်ငြား သူမသည်သာ ဤဟင်းလင်းပြင်အက်ကြောင်းထဲသို့ မတော်တဆ ကျလာသည့်လူတစ်ဦး ဖြစ်နေခဲ့မည်ဆိုလျှင်တော့ သူမ ယခုကဲ့သို့ဒုက္ခရောက်နေသည်ကို မကူညီဘဲ ရပ်ကြည့်နေခြင်းသည် ရက်စက်ရာ ကျသွားပေလိမ့်မည်။
လက်ရှိ သူ့ရှေ့တွင် ရှိနေသည့် အမျိုးသမီးအတွက် ရန်ကိုင်မှာ သူမအသက်ရှင်ဖို့ရာ နောက်ဆုံးမျှော်လင့်ချက်ဖြစ်ပေသည်။ ရန်ကိုင်သည်သာ သူမအား လျစ်လျူရှု၍ ဤအတိုင်းထွက်သွားမည်ဆိုလျှင် သူမ ကျိန်းသေ သေရပေလိမ့်မည်။ ထိုအကြောင်းကြောင့် အခြား ဘာဆိုဘာမှမလုပ်သေးခင် သူမအား ဤအသက်ဓာတ်စွမ်းအင်ကို အနည်းငယ် ပြန်လည်ဖြည့်တင်းပေးရန် ဆုံးဖြတ်လိုက်လေသည်။ သူမ မည်သူမည်ဝါဖြစ်သလဲ သူမ မည်ကဲ့သို့သောလူစားမျိုး ဖြစ်သလဲဆိုသည်ကို သိပြီးသည့်အခါမှ ဆုံးဖြတ်ချက်ချလျှင်လည်း နောက်မကျသေးပေ။
ရန်ကိုင်သည် အမျိုးသမီးဆီသို့လျှောက်သွားပြီး ဆေးလုံးကို ပေးလိုက်လေသည်။ အမျိုးသမီးမှာ လုံးဝကို အရိုးပေါ်အရေတင်ဖြစ်နေပြီး ရန်ကိုင်လက်ထဲရှိဆေးလုံးကို အငမ်းမရအမူအယာဖြင့် ကြည့်နေခဲ့သည်။ ထိုဆေးလုံးကို မျိုချချင်ပါသော်ငြား ပါးစပ်ကိုပင်လျှင် မဖွင့်နိုင်သဖြင့် ရန်ကိုင်ကိုသာ တောင်းပန်တိုးလျှိုးသည့်အမူအယာဖြင့် လှမ်း၍ကြည့်လိုက်ရသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှာ ရယ်ရခက်ငိုရခက် ဖြစ်သွားခဲ့သလို အလွန်အမင်းသတိပိုနေခြင်းမှန်းလည်း သဘောပေါက်သွားခဲ့လေသည်။ သူ့ရှေ့တွင်ရှိနေသည့် အမျိုးသမီးသည် လူကောင်းဖြစ်ဖြစ် လူဆိုးဖြစ်ဖြစ် အရေးမပါတော့ပေ။ သူမ၏လက်ရှိအခြေအနေအရ သူမအနေဖြင့် နှစ်တစ်ရာလောက်အားပြန်ဖြည့်မည်ဆိုလျှင် အပြည့်အဝ ပြန်ကောင်းနိုင်လိမ့်မည်မဟုတ်ပေ။ ရွေးချယ်စရာမရှိတော့သည့်နောက် ရန်ကိုင်လည်း သူ့လက်ကိုဆန့်ထုတ်၍ အမျိုးသမီး၏ပါးစပ်ကို ဟကာ ဆေးလုံးကို သူမပါးစပ်ထဲသို့ ထည့်ပေးလိုက်လေသည်။ ထို့နောက် ဧကရာဇ်ချီကိုသုံး၍ အမျိုးသမီးအား ဆေးလုံးကို မျိုချနိုင်အောင် ကူညီပေးလိုက်လေသည်။ အမျိုးသမီးမှာလည်း ရန်ကိုင်အား ကျေးဇူးတင်တကြီးဖြင့် ကြည့်ပြီးသည့်နောက် မျက်လုံးပိတ်ကာ ဆေးလုံး၏အာနိသင်များကို စတင်သန့်စင်တော့လေသည်။
ရန်ကိုင်မှာလည်း ဤအတိုင်း ရပ်မနေခဲ့ပေ။ အမျိုးသမီး၏ပုခုံးပေါ် လက်တင်၍ သူမကိုယ်ထဲသို့ ဧကရာဇ်ချီကို သတိထားကာ ထည့်ပေးရင်းမှ ဆေးလုံး၏ ဆေးအာနိသင်များကို သန့်စင်နိုင်အောင် ကူညီပေးလိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း အမျိုးသမီး၏ခန္ဓာကိုယ်အခြေအနေ မည်ကဲ့သို့ဖြစ်နေသလဲဆိုသည်ကို သေသေချာချာ နားလည်သွားရတော့လေသည်။ တွေ့ရှိလိုက်ရသည်မှာတော့ အလွန်ကိုမှ ထိတ်လန့်ဖွယ်ကောင်းလှပေသည်။ အမျိုးသမီး၏ အထွဋ်အထိပ်အခြေအနေတွင် ရှိနေစဉ်တွင် သူမ၏ကျင့်ကြံခြင်း မည်သည့်အဆင့်သို့ရောက်နေသလဲဆိုသည်ကို ရန်ကိုင်မသိပေ။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ လုံးဝကို ညှိုးလျော်ခြောက်သွေ့နေခဲ့လေသည်။ သွေးကြောအများစုမှာလည်း ခြောက်သွေ့ကျုံ့ဝင်နေကုန်လေပြီ။ သွေးကြောများထဲရှိ နေရာပေါင်းများစွာမှာ ပိတ်ဆို့နေသည့်အတွက်ကြောင့် ရန်ကိုင်မှာ ဧကရာဇ်ချီကို သေသေချာချာ သတိထား၍ ထိုအပေါက်များကို ပွင့်သွားအောင် ကူညီပေးနေရလေသည်။ ရန်ကိုင်သာ အကြမ်းပတမ်းလုပ်လိုက်လျှင် သူမ၏ခန္ဓာကိုယ် ပေါက်ကွဲထွက်ကာ သေဆုံးသွားရနိုင်ပေသည်။
မေးစရာမလိုအောင်ပင် တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးတစ်လုံးလောက်သည် လက်ရှိအမျိုးသမီး၏အခြေအနေကို အပြည့်အဝပြန်ကောင်းသွားအောင် လုပ်မပေးနိုင်ပေ။ ရန်ကိုင်မှ အမျိုးသမီးအား ဆေးအာနိသင်များကို စုပ်ယူနိုင်အောင် ကူညီပေးခဲ့မည်ဆိုလျှင်ပင် သူမ၏ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်နှယ် ဖြစ်နေသော အသက်ဓာတ်စွမ်းအင်ကို တည်ငြိမ်သွားအောင် လုပ်ပေးရုံသာ တတ်နိုင်ခဲ့သည်။ သူမ၏ရုပ်ရည်သွင်ပြင်နှင့်ပတ်သက်၍ ဘာဆိုဘာမှ ပြောင်းလဲလာခြင်းမရှိခဲ့။ သို့သော်ငြား မှုန်ထိုင်းထိုင်းဖြစ်နေသော သူမ၏မျက်လုံးများမှာတော့ သိသိသာသာကို တောက်ပလာခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်စိတ်ထဲ စိတ်ခံစားချက်ပေါင်းများစွာ ထွက်ပေါ်လာရသည်။ ပုရွတ်ဆိတ်များသည်ပင်လျှင် အသက်ရှင်ဖို့ရာ အသည်းအသန် ရုန်းကန်နေကြလေရာ လူသားတစ်ဦးသာဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့ပေ။ သို့ပင်ဖြစ်လင့်ကစား ဤကဲ့သို့သောနေရာမျိုးတွင်သာ နှစ်ထောင်ချီအောင် ပိတ်မိနေရမည်ဆိုပါက သေလိုက်ခြင်းသည် ပို၍ပင်ကောင်းသည်ဟု ရန်ကိုင်ခံစားရလေသည်။ အနည်းဆုံး သူကြုံနေရသည့် ဒုက္ခဝေဒနာအားလုံးကို လျင်လျင်မြန်မြန် အဆုံးသတ်ပစ်နိုင်ပေသည်။ ဤနေရာတွင် ပိတ်မိနေခြင်းမှာ ဝေဒနာပင်လယ်ထဲ လက်ပစ်ကူးနေခြင်းနှင့် အလားသဏ္ဍာန်တူပေသည်။ သို့ပင်ဖြစ်လင့်ကစား ဤအမျိုးသမီးမှာတော့ ယနေ့အချိန်ထိတိုင် အသက်ရှင်နိုင်ခဲ့သည်။ ယခုကဲ့သို့အသက်ရှင်နိုင်ဖို့ရာ သူမ၏စိတ်ဆန္ဒမှာ မည်မျှပင် ပြင်းပြနေလိုက်လေသနည်း။ ယခုကဲ့သို့သောအခြေအနေမျိုးကို ကြံ့ကြံ့ခံနိုင်ဖို့ရာ ဤအမျိုးသမီး၏စိတ်ခွန်အားမှာ အလွန်တရာကိုမှ အားကောင်းလွန်းနေရပေလိမ့်မည်။
တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံး၏ ဆေးအာနိသင်များကို အပြည့်အဝ သန့်စင်ပြီးသွားချိန်တွင် အမျိုးသမီးသည် မျှော်လင့်တကြီးအမူအယာဖြင့် ရန်ကိုင်အား ထပ်ကြည့်လာလေသည်။ ရန်ကိုင်မှ သူမအား ဆေးလုံးများ ထပ်ပေးလာဖို့ရာ မျှော်လင့်နေခြင်းဖြစ်ပေသည်။ သို့သော်ငြား ရန်ကိုင်ကမူ မသိချင်ယောင်ဆောင်လျက် အမျိုးသမီးကိုသာ ပြန်၍ကြည့်နေလိုက်လေသည်။
ရန်ကိုင်အား တောင်းဆိုသည့်အကြည့်ဖြင့် ကြည့်နေသည့်တိုင် ရန်ကိုင်မှ တုံ့ပြန်မလာသည်ကိုမြင်သော် အမျိုးသမီးလည်း ရန်ကိုင်အပေါ် ဆက်၍ ဖိအားပေးမနေတော့ဘဲ မျက်လုံးသာ ပြန်မှိတ်ထားလိုက်လေသည်။ တစ်ခဏမျှ အနားယူအားပြန်ဖြည့်ပြီးသည့်နောက်တွင် သူမပါးစပ်ကို ဟလိုက်လေ၏။ ထို့နောက် သူမပါးစပ်ဆီမှ နားလည်ရခက်သော အသံဗလံများ ထွက်လာခဲ့သည်။ စကားမပြောရသည်မှာ အလွန်ကြာသွားပြီ ဖြစ်သည့်အတွက်ကြောင့် သူမအဖို့ စကားပြောဖို့ရာ အတော်လေးကိုမှ ခက်ခဲနေရလေသည်။ ဆေးလုံး၏အာနိသင်ကြောင့် သူမ၏အသက်ဓာတ်စွမ်းအင်မှာ တည်ငြိမ်သွားခဲ့ရသည့်တိုင် စာကြောင်းတစ်ကြောင်းကို ပီပီသသ မပြောနိုင်သေးပေ။ အတန်ကြာသွားသည့်အခါမှသာလျှင် ပြောလိုက်နိုင်လေသည်။ “ကျေး… ကျေးဇူးအများကြီးတင်ပါတယ်…”
စာကြောင်းတိုတိုလေးကို ပြောလိုက်ရခြင်းသာ ဖြစ်ပါသော်ငြား ထိုစကားကိုပြောဖို့ရာ သူမ၏ခွန်အားအကုန်အစင်ကို ထုတ်သုံးလိုက်ရသည့်အလား ထိုစကားကိုပြောပြီးသည့်နောက် တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားခဲ့လေသည်။
ရန်ကိုင်က ခေါင်းညိတ်၍ ပြုံးကာ ပြန်ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး… ကျုပ် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ သိလို့ရမလား…”
အမျိုးသမီးမှာ ရန်ကိုင်အား ဇဝေဇဝါအမူအယာဖြင့် ပြန်ကြည့်လာခဲ့လေသည်။ ရန်ကိုင်ကမူ အမျိုးသမီး၏ပုံစံကိုကြည့်ရင်းမှ တွေးလိုက်လေ၏။ (ဒီနေရာမှာပိတ်မိတာ ကြာသွားလို့ ကိုယ့်နာမည်တောင်ကိုယ်မေ့သွားတာလား…)
ကံကောင်းစွာဖြင့် မကြာမီတွင် အမျိုးသမီးမှ သူမ၏နာမည်ကို ခက်ခက်ခဲခဲဖြင့် ပြန်ပြောလာခဲ့လေသည်။ “ရှန်း…ယု…ကျု…”
ထိုနာမည်ကိုကြားပြီးသည့်နောက် ရန်ကိုင်မှာ အံ့အားသင့်သွားခဲ့သည်။ ဤနာမည်မှာ သူ့အတွက်မူ အတော်လေးကိုမှ ထူးဆန်းနေခဲ့လေသည်။ သေသေချာချာပြန်စဉ်းစားကြည့်လိုက်သည့်နောက် သူကြုံခဲ့ဖူးသည့်လူများအနက် မည်သူ့အတွက်မှ ဤကဲ့သို့သောမျိုးရိုးနာမည်မရှိကြောင်း တွေ့ရှိလိုက်ရလေသည်။
“ဒီဂျူနီယာရဲ့နာမည်က ရန်ကိုင်ပါ…” ရန်ကိုင်က လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “ကျုပ်က အခုလောလောဆယ် လော့ရှာဂိုဏ်းရဲ့ အဆင့်မြင့်ဧည့်အကြီးအကဲအဖြစ် တာဝန်ယူနေတာပါ… တိုက်တိုက်ဆိုင်ဆိုင်ပဲ ဂိုဏ်းရဲ့တားမြစ်နေရာထဲမှာ ထူးဆန်းတာတစ်ခုခုတွေ့လို့ အဲ့သဲလွန်စတွေကို ခြေရာခံလိုက်လာရင်းနဲ့ ဒီနေရာကိုရောက်လာတာပါ… ဒီနေရာကိုရောက်လာပြီး ခင်ဗျားကို ဒီနေရာမှာ လာတွေ့မယ်လို့ မထင်ထားခဲ့ဘူး… လော့ရှာဂိုဏ်းရဲ့တားမြစ်နေရာ ထူးထူးဆန်းဆန်းတွေဖြစ်နေရတာ ခင်ဗျားကြောင့်လား…”
ရှန်းယုကျု ခေါင်းညိတ်ပြလိုက်သည်။ ရှန်းယုကျုမှာ စကားနည်းသူပဲလား ထိုသို့မဟုတ်ဘဲ စကားပြောရခက်နေသည့်အတွက်ကြောင့်ပဲ ယခုကဲ့သို့ စကားသိပ်မပြောခြင်းပဲလား ရန်ကိုင်မပြောတတ်ပေ။
“ထင်ထားတဲ့အတိုင်းပဲ…” ရန်ကိုင်မှာ ရယ်ချင်စိတ်ကို မအောင့်အည်းနိုင် ဖြစ်သွားခဲ့လေသည်။ တားမြစ်နယ်မြေထဲရှိ အမျိုးမျိုးသောအခြေအနေများကြောင့် ရန်ကိုင်မှာ သဲလွန်စများကို ခြေရာခံရင်း ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ရောက်လာခဲ့ရသည်။ ဟင်းလင်းပြင်အက်ကြောင်းထဲ၌ ရှန်းယုကျုကို မြင်ပြီးသည့်နောက်တွင် တားမြစ်နေရာထဲရှိ အဖြစ်အပျက်များမှာ သူမကြောင့် ဖြစ်လာရမှန်း သဘောပေါက်သွားခဲ့လေသည်။ ရှန်းယုကျုမှာ စွမ်းရည်တစ်မျိုးမျိုးကိုသုံး၍ ဟင်းလင်းပြင်အက်ကွဲကြောင်းအပြင်ဘက်သို့ သဲလွန်စများ ပို့ပေးနေခြင်း ဖြစ်ပေသည်။ တစ်စုံတစ်ဦးသည်သာ ထိုသဲလွန်စများကို ရှာတွေ့သွားမည်ဆိုပါက ကျိန်းသေ သိချင်လာမိပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ သဲလွန်စများကိုခြေရာခံရင်း ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ရောက်လာပြီး သူမကို ကျိန်းသေ ရှာတွေ့သွားပေလိမ့်မည်။
ကံဆိုးသွားသည်မှာတော့ ဤလောကကြီးထဲတွင် ရန်ကိုင်မှလွဲ၍ ဤကဲ့သို့သော သဲလွန်စမျိုးကို ရှာတွေ့နိုင်သည့်လူမှာ စိတ်ဝိဉာဉ်သားရဲကျွန်းမှ လီဝူရီသာ ရှိပေသည်။ အကြောင်းမှာ သူတို့နှစ်ဦးသည်သာ လေဟာနယ်တာအိုကို ကျွမ်းကျင်လှပြီး ဤမျှသေးငယ်လွန်းလှသည့် ဟင်းလင်းပြင်အက်ကြောင်းကို အာရုံခံနိုင်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။
ထိုကြောင့်သာမဟုတ်ပါက လော့ရှာဂိုဏ်း၏ယခင်ဂိုဏ်းချုပ် ယုလော့ရှာ ယခုထက်ထိ ဤအကြောင်းကို မသိဘဲ နေခဲ့လိမ့်မည်မဟုတ်ပေ။ ယုလော့ရှာကမူ တားမြစ်နေရာကြီးသည် သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် ကောင်းချီးနေရာတစ်ခုဖြစ်သည်ဟုသာ ထင်နေခဲ့လေသည်။
ယုလော့ရှာတတ်မြောက်ထားသည့်ပညာရပ်များမှာ ရှန်းယုကျု၏ပညာရပ်များ ဖြစ်ကြပေသည်။ တစ်နည်းဆိုရသော် ယုလော့ရှာသည် ရှန်းယုကျု၏ တရားမဝင်တပည့်ဖြစ်သည်ဟုပင် ပြော၍ရပေသည်။ ထို့အပြင် လော့ရှာဂိုဏ်း၏တပည့်အားလုံးသည်လည်း ရှန်းယုကျု၏တပည့်များ ဖြစ်ကြပေသည်။
လက်ရှိရှန်းယုကျု၏အခြေအနေကို ကြည့်ရသလောက် သူမအနေဖြင့် ဟင်းလင်းပြင်အက်ကွဲကြောင်းမှတစ်ဆင့် အပြင်ဘက်သို့ သဲလွန်စပို့ပေးဖို့ရာ လုံးဝမဖြစ်နိုင်တော့ပေ။ ထိုအကြောင်းကြောင့် ဟင်းလင်းပြင်အက်ကွဲကြောင်းအပြင်ဘက်သို့ သဲလွန်စပို့ပေးခြင်းသည် ရှန်းယုကျု လွန်ခဲ့သော နှစ်ပေါင်းထောင်နှင့်ချီခန့်က လုပ်ခဲ့သည့်အရာ ဖြစ်သည်ဟု ရန်ကိုင် မှတ်ယူလိုက်တော့လေသည်။ ရှန်းယုကျုမှာ နည်းလမ်းတစ်မျိုးမျိုးကိုသုံး၍ လပြည့်ညတိုင်း ထိုအဖြစ်အပျက် ဖြစ်ပေါ်လာအောင် လုပ်ထားခြင်း ဖြစ်ရပေလိမ့်မည်။
“ခင်ဗျား ဒီမှာပိတ်မိနေတာ ဘယ်လောက်ကြာပြီလဲ…” ရန်ကိုင်က သူအသိချင်ဆုံးမေးခွန်းကို မေးလိုက်လေသည်။
ရှန်းယုကျု ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်လေသည်။ “ငါ မမှတ်မိတော့ဘူး…”
ဤသည်မှာ အမှန်တကယ်ကို ဝမ်းနည်းဖွယ်ကောင်းသည့် အဖြေတစ်ခုဖြစ်ကာ ရန်ကိုင်ကိုယ်တိုင်သည်လည်း သက်ပြင်းသာ ချမိလိုက်လေသည်။ သူမ ဤနေရာတွင် မည်မျှကြာအောင် ပိတ်မိနေသလဲဆိုသည်ကို မမှတ်မိတော့သည်အား ကြည့်ရသလောက် သူမ ဤနေရာတွင်ပိတ်မိနေသည်မှာ အလွန်ကိုမှ ကြာနေပြီဖြစ်ရပေလိမ့်မည်။
“ခင်ဗျား လေဟာနယ်နိယာမတွေကို နားလည်တာလား…” ရန်ကိုင်က ရုတ်တရက် ကောက်မေးလိုက်လေသည်။ တားမြစ်နေရာထဲရှိ တောင်ကြားထဲ၌ ပေါ်လာသော ဟင်းလင်းပြင်အက်ကွဲကြောင်းမှာ သဘာဝအတိုင်း ပေါ်လာခြင်းမဟုတ်။ လူတစ်ဦးမှ ဖန်တီးထားသည့် အက်ကွဲကြောင်းတစ်ခုသာ ဖြစ်လေသည်။
ရှန်းယုကျုက ပြန်ပြောလိုက်သည်။ “ငါ… ဒီမှာ… ပိတ်မိနေတာ… အရမ်း ကြာသွားတော့… ငါ့ဘာသာငါပဲ အဖြေတစ်ခုကို စဉ်းစားရတော့တယ်…”
အတန်ကြာအောင် ရပ်နေပြီးသည့်နောက် ရှန်းယုကျုက ဆက်၍ပြောလိုက်သည်။ “ငါ… နည်းနည်းပဲ… နားလည်တယ်…”
ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ထိုဟင်းလင်းပြင်အက်ကွဲကြောင်းမှာ အလွန်ကိုမှ သေးငယ်လွန်းလှကာ ဆံချည်တစ်မျှင်စာလောက်သာ ရှိပေသည်။ ယုလော့ရှာသည် တားမြစ်နေရာထဲ နှစ်ရာပေါင်းများစွာကြာအောင် ကျင့်ကြံနေခဲ့သည့်တိုင် ထိုအရာကို သတိမထားမိခဲ့ပေ။ ရန်ကိုင်သည်သာ လေဟာနယ်တာအို၌ မကျွမ်းကျင်ထားပါက သူသည်လည်း ထိုအရာကို သတိထားမိခဲ့လိမ့်မည်မဟုတ်။
ရှန်းယုကျုအနေဖြင့် လေဟာနယ်တာအိုကို အနည်းအကျဉ်းသာ နားလည်ထားသည်ဟု ပြောသည်မှာ ယုတ္တိရှိပေသည်။ သူမသည်သာ လေဟာနယ်တာအိုကို လုံးဝ နားမလည်လျှင် ယခုကဲ့သို့ လေဟာနယ်အက်ကွဲကြောင်းကို ဖန်တီးနိုင်လိမ့်မည်မဟုတ်ပေ။ သူမသည်သာ လေဟာနယ်တာအိုကို ပို၍ နားလည်ထားခဲ့မည်ဆိုလျှင်လည်း ဟင်းလင်းပြင်ကိုဆုတ်ဖြဲ၍ ဤနေရာမှ ထွက်လာနိုင်ပေလိမ့်မည်။
“မောင်လေး…” ရှန်းယုကျုက ရုတ်တရက်ပြောလိုက်သည်။
“ခင်ဗျား တစ်ခုခုပြောစရာရှိလို့လား…” ရန်ကိုင်က ရှန်းယုကျုကိုကြည့်၍ မေးလိုက်၏။
ရှန်းယုကျုက ဆက်ပြောလိုက်သည်။ “နင် ဒီနေရာကို လာနိုင်တယ်ဆိုတော့… နင်… ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်လို့ပေါ့… နင် ငါ့ကိုပါ ဒီနေရာကနေ ခေါ်သွားပေးလို့ရမလား…” စကားပြောနေရင်းမှ ရှန်းယုကျုမှာ ယခင်ကထက် ပိုမိုအဆင်ပြေစွာ ပြောလာနိုင်ခဲ့ပြီး သူမ၏လေသံမှာလည်း ပိုပို၍ အဆင်ပြေပြေ ရှိလာခဲ့လေသည်။ ပြဿနာရှိနေသည့်တစ်ချက်ဆို၍ သူမ အလွန်အားနည်းနေခြင်းသာ ရှိပေသည်။ သို့ပင်ဖြစ်လင့်ကစား ထိုမေးခွန်းကိုမေးလိုက်ချိန် သူမ၏မျက်လုံးများမှာ မျှော်လင့်ချက်အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့လေသည်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် စောင့်ဆိုင်းနေပြီးသည့်နောက် လူတစ်ဦးသည် သူမရှေ့၌ ပေါ်လာခဲ့သည်။ ထို့အပြင် ထိုလူသည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့်လူတစ်ဦး ဖြစ်နေလေသည်။ သူမသည်သာ ဤနေရာမှ ထွက်သွားလိုပါက ထိုလူအပေါ် အားကိုးရုံသာ ရှိတော့ပေသည်။
ထိုမေးခွန်းကိုကြားသည့်အခါ ရန်ကိုင်သည် ကသိကအောက်ဖြစ်နေသည့် အမူအယာဖြင့် သူ့မေးစေ့ကိုပွတ်ရင်းမှ ပြန်ပြောလိုက်သည်။ “ဒါပေမယ့် ခင်ဗျားက လူဆိုးလား လူကောင်းလား ကျုပ်မသိဘူးလေ…”
ရှန်းယုကျုက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လျက် “ငါကလူကောင်းလို့ပြောရင် နင်ယုံမှာလား…”
ရန်ကိုင်က ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ “ဘယ်ယုံပါ့မလဲ…”
ရှန်းယုကျုက ပြန်ပြောလိုက်သည်။ “ငါကသာလူဆိုးဆိုရင် အခုလိုမျိုး လှည့်စားခံရပြီး ဒီနေရာကို ရောက်နေမှာမဟုတ်ဘူး…”
ရန်ကိုင်က ခေါင်းခါ၍ “ခင်ဗျားမှာ ဘာသက်သေမှမရှိဘူးလေ… ခင်ဗျား လူဆိုးတစ်ယောက်ဖြစ်နေရင်ရော… ဒီတော့ ကျုပ်ခင်ဗျားကို ထုတ်မပေးနိုင်ဘူး…”
ရှန်းယုကျုက သက်ပြင်းချလျက် “ငါ လူကောင်းလားလူဆိုးလား ဘယ်လိုသက်သေပြရမှာလဲ… ငါ ဒီမှာပိတ်မိနေတာ ဘယ်လောက်ကြာလို့ကြာမှန်းတောင် သိတော့တာမဟုတ်ဘူး… ငါသိတဲ့လူတွေအကုန်လုံးကလည်း သေနေလောက်ပြီ… အသက်ရှင်နေသေးမယ်ဆိုရင်တောင် သူတို့ဘယ်သူလဲဆိုတာ နင်သိလောက်မှာမဟုတ်ဘူး… ငါဘယ်သူလဲဆိုတာကို နင် ဒီတိုင်း မရမကထိုင်မေးဖို့ လုပ်နေတာတော့ မဟုတ်ပါဘူးနော်…”
“မေးရမှာပေါ့…” ရန်ကိုင်က မျက်ခုံးပင့်လျက် “ခင်ဗျားသိခဲ့တဲ့လူတွေက ဘယ်သူတွေ ကျုပ်ကိုပြောလို့ရမလား… အင်း… သူတို့ အခုချိန်ထိ အသက်မရှင်လောက်ဘူးထင်ရင်တော့ မပြောနဲ့… အသက် နည်းနည်းပိုရှည်မယ်ထင်တဲ့လူတွေကိုပြော…”
ရှန်းယုကျုက ယဲ့ယဲ့လေးရယ်မောလျက် “နင် တကယ်ကို သတိကြီးတာပဲ…”
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “သတိကတော့ ကြီးရမယ်…”
တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက်တွင် ရှန်းယုကျုစပြောလာသည့်နာမည်မှာ ရန်ကိုင်အား အလွန်ကိုမှ ထိတ်လန့်သွားစေခဲ့လေသည်။ “ဝူခွမ်း အသက်ရှင်နေသေးလား…”
ရန်ကိုင်သည် မျက်လုံးအပြူးသားဖြင့် ပြန်၍မေးလိုက်လေသည်။ “ဝူခွမ်း… ဘယ်ဝူခွမ်းလဲ…”
ရှန်းယုကျုမှာ ရန်ကိုင်အား တွေးတွေးစစအမူအယာဖြင့် ကြည့်လျက် “နင့်ကြည့်ရတာ သူ့နာမည်ကို ကြားဖူးနေတဲ့ပုံပဲ… ဒီတော့ သူအောင်မြင်သွားတယ်ပေါ့…”
ရန်ကိုင် ဇောချွေးပြန်လာခဲ့လေသည်။ “ခင်ဗျား ဘယ်ဝူခွမ်းကိုပြောနေတာလဲ…”
ရန်ကိုင်ကိုကြည့်ရင်းမှ ရှန်းယုကျုက ပြန်ပြောလိုက်သည်။ “နင်တွေးနေတဲ့တစ်ယောက်ပဲ… ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံထားတဲ့တစ်ယောက်…”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင်မှာ အလွန်တရာကိုမှ ထိတ်လန့်သွားခဲ့လေရာ သူ့မျက်နှာသည်ပင်လျှင် အနည်းငယ် ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့လေသည်။ ထို့နောက် အထိတ်တလန့်အမူအယာဖြင့် “ခင်ဗျားက ဝူခွမ်းနဲ့ အသိလား…”
ရှန်းယုကျုက ရယ်သွမ်းသွေးလျက် “ဒါပေါ့… သိတာပေါ့… သူ့ကြောင့်ပဲ ငါ အခု ဒီကိုရောက်နေရတာလေ…”
“ဘယ်လို…” ရန်ကိုင် လုံးဝကို မစဉ်းစားတတ်တော့ပေ။ လက်ရှိ သူ့ရှေ့၌ရှိနေသော အရိုးပေါ်အရေတင်ဖြစ်နေသည့် အမျိုးသမီးမှာ ဝူခွမ်းကြောင့် ဤကဲ့သို့ဖြစ်သွားရခြင်းပေလော။ တစ်နည်းဆိုရသော် ယခု သူ့ရှေ့ရှိအမျိုးသမီးသည် ဝူခွမ်းနှင့် မျိုးဆက်တစ်ခုတည်းဟု ပြောလိုက်ခြင်းပင် ဖြစ်လေသည်။
ရန်ကိုင် ယခင်ကလည်း တွေးခဲ့ဖူးပေသည်။ ဤအမျိုးသမီးသည် ဤနေရာတွင် အနည်းဆုံး နှစ်ပေါင်း ထောင်နှင့်သောင်းနှင့်ချီ ကြာအောင် ပိတ်မိနေခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာ ဤအမျိုးသမီး ဤနေရာတွင် ပိတ်မိနေသည့် အချိန်ကာလကို အထင်သေးမိသွားခဲ့သည်။ ဤအမျိုးသမီးသည် ဝူခွမ်းနှင့် မျိုးဆက်တစ်ဆက်တည်းမှ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ တစ်နည်းဆိုရသော် ဤအမျိုးသမီး ဤနေရာ၌ ပိတ်မိနေသည်မှာ နှစ်ပေါင်း သောင်းပေါင်းများစွာ ကြာမြင့်သွားခဲ့လေပြီ။
ထိုအကြောင်းကိုတွေးလိုက်ရုံဖြင့် ရန်ကိုင်မှာ ကြောက်ရွံ့မှုကြောင့် တုန်တုန်ယီယီ ဖြစ်လာခဲ့ရလေသည်။
လူတစ်ဦးသည် ဤကဲ့သို့သောနေရာမျိုး နှစ်သောင်းပေါင်းများစွာ အသက်ရှင်နိုင်ခဲ့လေသနည်း။ ထို့အပြင် တစ်စုံတစ်ဦးမှ သူမအား လာကယ်စေနိုင်ရန်အလို့ငှာ အပြင်ဘက်သို့ သဲလွန်စများလည်း အဆက်မပြတ် ပို့ပေးနေသေး၏။ ရှန်းယုကျုဟုခေါ်သည့် အမျိုးသမီးမှာ ကျိန်းသေကို အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းသည့် မွန်းစတားအိုကြီးတစ်ဦး ဖြစ်ပေသည်။
ရုတ်တရက်ဆိုသလို ရန်ကိုင်မှာ သူမ၏စကားနှင့်ပတ်သက်၍ တစ်ခုခုလွဲမှားနေသည်ကို သတိထားမိသွားခဲ့ပြီး လှောင်ပြုံးပြုံးလျက် “ဟမ့်… ကျုပ်ကို ငယ်ငယ်လေးမှတ်လို့ လိမ်လို့ရမယ်များ ထင်နေတာလား…”
ရှန်းယုကျု ဇဝေဇဝါဖြစ်သွားလေသည်။ “နင်ဘာပြောချင်နေတာလဲ…”
ရန်ကိုင် သူမကို ရုတ်တရက်ကြီး ဘာကြောင့် ယခုကဲ့သို့ ရန်လိုလာမှန်း ရှန်းယုကျု နားမလည်နိုင်ပေ။
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ဝူခွမ်းက ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ပဲ… ကြယ်တာရာအစုအဝေးရဲ့ သမိုင်းကြောင်းတစ်လျှောက်လုံးမှာ သူက အားအကောင်းဆုံးလူပဲ… သူ့လိုလူတစ်ယောက်က ခင်ဗျားလိုလူမျိုးကို ဘာလို့အကွက်ချကြံစည်ရမှာလဲ… ခင်ဗျားကလည်း မဟာဧကရာဇ်လို့ ကျုပ်ကိုပြောချင်နေတာလား…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၈၃)
ဘာသာပြန်သူ_တိမ်တိုက်
ရှန်းယုကျုသည်သာ မဟာဧကရာဇ်တစ်ပါး ဖြစ်မည်ဆိုလျှင် ဤဟင်းလင်းပြင်အက်ကြောင်းကို ဆုတ်ဖြဲ၍ အစောကြီးကတည်းက ထွက်ပြေးသွားလောက်ပေပြီ။ မဟာဧကရာဇ်များသည် လောကကြီး၏ ကောင်းချီးကို ရရှိထားကြသူများ ဖြစ်ကြကာ ကောင်းကင်လမ်းစဉ်၏ အသိအမှတ်အပြုခံရသူများလည်း ဖြစ်ကြပေသည်။ ထိုအတွက်ကြောင့် ဤကဲ့သို့သော ဟင်းလင်းပြင်အက်ကြောင်းမျိုးထဲ ပိတ်မိနေစရာအကြောင်းမရှိပေ။
"သူတကယ်ကြီး အောင်မြင်သွားတာပဲ" ရှန်းယုကျုသည် အနည်းငယ် ထူးဆန်းနေသည့် အမူအရာဖြင့် ရေရွတ်လိုက်လေသည်။ တစ်ခဏမျှ ရပ်နေပြီးသည့်နောက် ဆက်၍ ပြောလိုက်သည်။ "နင်နားလည်မှုလွဲတာ အဆန်းတော့လည်း မဟုတ်ပါဘူးလေ၊ သူငါ့ကို ဒီနေရာထဲမှာ ပိတ်မိသွားအောင် လှည့်စားတုန်းက သူ မဟာဧကရာဇ် မဖြစ်သေးဘူး"
ရန်ကိုင်မှာ သူ့ပါးစပ်ထဲသို့ ကြက်ဥတစ်လုံး ပစ်ထည့်လို့ ရလောက်သည်အထိကို ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ ယခု သူကြားနေရသည့် အကြောင်းအရာအသစ်များမှာ အလွန်ကိုမှ မယုံကြည်နိုင်ဖွယ်ကောင်းလွန်းလှသည်။ ဝူခွမ်း ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်အဖြစ် နာမည်ကျော်နေသည်မှာ နှစ်ပေါင်းသောင်းပေါင်းများစွာ ကြာနှင့်နေခဲ့လေပြီ။ သူ မဟာဧကရာဇ် ဖြစ်လာသည်မှာ မည်မျှပင် ကြာနေပြီနည်း။ သို့ပင်ဖြစ်လင့်ကစား ရှန်းယုကျုကမူ ဝူခွမ်း သူမအား ဤနေရာသို့ရောက်အောင် လှည့်စားခဲ့သည်မှာ မဟာဧကရာဇ် မဖြစ်စဉ်ကဟု ပြောလာခဲ့လေသည်။ ထိုသို့ဖြစ်လေရာ ဤနေရာတွင် မည်သည့်အချိန်ကတည်းကများ ပိတ်မိနေရလေသနည်း။
ပြောကြသည်မှာတော့ မဟာဧကရာဇ်များအကြား တိုက်ပွဲသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်သောင်းနီးပါးခန့်က ဖြစ်ခဲ့သည်ဟု ပြောကြပေသည်။ ဝူခွမ်း မဟာဧကရာဇ်ဖြစ်ပြီး အချိန်အလွန်ကြာသွားသည့်အခါမှသာလျှင် မဟာဧကရာဇ်များ စစ်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တစ်နည်းဆိုရသော် ရှန်းယုကျု ဤနေရာ၌ ပိတ်မိနေသည်မှာ အနည်းဆုံး နှစ်ပေါင်းသုံးသောင်း သို့မဟုတ် ထိုထက်ပင် ပိုကြာနေလောက်လေပြီ။ ထိုအချိန်အတောအတွင်း ဤနေရာမှ လုံးဝထွက်ပြေးနိုင်ခဲ့ခြင်း မရှိ။ အဆက်မပြတ် ကြိုးစားအားထုတ်ခဲ့သည့်တိုင် လေဟာနယ်တာအိုအား အနည်းအကျဉ်းလောက်သာ နားလည်နိုင်ခဲ့ပြီး ဆံချည်တစ်မျှင်လောက်သာ ပါးလျသော ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုကို ဖန်တီး၍ သဲလွန်စများကို အပြင်ဘက်သို့ ပေးပို့နိုင်ခဲ့သည်။
သူမ လိမ်နေသည်ဟုပင် ရန်ကိုင် ထင်မိသွားလေသည်။ လူတစ်ဦးသည် ဤကဲ့သို့သော နေရာမျိုးတွင် ထိုမျှအချိန်ကြာအောင် မည်ကဲ့သို့များ အသက်ရှင်နိုင်ရလေသနည်း။
ရှန်းယုကျုကမူ ရန်ကိုင်ကို လျစ်လျူရှု၍ သူမကိုယ်သူမ ပြောနေသည့် ပုံစံမျိုးဖြင့် ဆက်ပြောလိုက်လေသည်။ "အဲဒီတုန်းက ဝူခွမ်းနဲ့ ငါက ခွန်အားအတူတူပဲ၊ ငါတို့နှစ်ယောက်စလုံး မဟာဧကရာဇ်ဖြစ်ဖို့ ကြိုးစားနေကြတာ၊ အဲဒီအကြောင်းကြောင့်ပဲ သူငါ့ကို အခုလိုမျိုး အကွက်ချကြံစည်သွားတာ"
ရန်ကိုင်၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့လေသည်။ "ခင်ဗျားက ဝူခွမ်းနဲ့ မဟာဧကရာဇ်ဖြစ်ဖို့ ပြိုင်နေကြတာလား"
ရှန်းယုကျုက ခါးသက်သက်အမူအရာဖြင့် ပြုံးလျက်... "ဘယ်လောက်မှတောင် မကြိုးစားလိုက်ရပါဘူး၊ သူလှည့်စားတာခံရပြီးတော့ ငါဒီအထဲမှာ ပိတ်မိနေတော့တာ"
ရန်ကိုင်သည် ရှန်းယုကျုအား ဂရုဏာသက်နေသည့် အမူအရာဖြင့် ကြည့်လျက်... "ခင်ဗျား သူ့အပေါ် တော်တော်လေး အငြိုးကြီးနေမှာပဲနော်"
အချစ်နှင့်စစ်တွင် မတရားသည်မှာ မရှိသလို ဝူခွမ်း လုပ်သွားသည်မှာလည်း သူ့ဘက်က ကြည့်မည်ဆိုလျှင် မှန်ပေသည်။ သို့ပင်ဖြစ်လင့်ကစား ဝူခွမ်း ကိုယ်တိုင်မှာ လူကောင်းတစ်ယောက်တော့ မဟုတ်ပေ။
သူမ၏ အခွင့်အရေးကို ဝူခွမ်းမှ ယခုကဲ့သို့သော နည်းလမ်းကိုသုံး၍ လုယူသွားခဲ့သည့်အပေါ် ရှန်းယုကျုမှာ ကျိန်းသေ မကျေမနပ် ဖြစ်နေရပေလိမ့်မည်။ သို့ပင်ဖြစ်လင့်ကစား လက်ရှိ ရှန်းယုကျု၏ ပုံစံကို ကြည့်ရသလောက် ဝူခွမ်းအပေါ် သိပ်၍ အငြိုးမထားသည့်ပုံပင်။ ထိုအတွက်ကြောင့် သူမအပေါ် ရန်ကိုင်၏ အထင်အမြင်မှာ သိသိသာသာကို တိုးတက်လာခဲ့ရလေသည်။ သူမသည် ဤမျှ သဘောထားကြီးသည့် လူတစ်ဦး ဖြစ်နေမည်ဆိုလျှင် ဤအမျိုးသမီးမှာ ကျိန်းသေ လူဆိုးတစ်ယောက်တော့ မဟုတ်လောက်ပေ။
သူမနှင့် စကားပြောရင်းမှ ဤအမျိုးသမီး၏ ကျင့်ကြံခြင်း မည်သည့်အဆင့်တွင် ရှိနေမလဲဆိုသည်ကို ရန်ကိုင် သိသွားရတော့လေသည်။ သူမသည် ယန်ယန် ပြောခဲ့ဖူးသည့် မဟာဧကရာဇ်ဖြစ်လာရန် ခြေတစ်လှမ်းသာလိုတော့သော လူများအနက် တစ်ဦးအပါအဝင် ဖြစ်လေသည်။ ထိုကဲ့သို့သော လူများ မဟာဧကရာဇ် ဖြစ်မလာနိုင်ရခြင်းမှာ ဤလောကကြီး၏ အသိအမှတ်ပြုမှုကို မရရှိနိုင်ခြင်းကြောင့်သာ ဖြစ်လေသည်။ သို့သော်ငြား သာမန်ဧကရာဇ်တတိယအဆင့် ပညာရှင်များ မဟုတ်ကြပေ။ အခွင့်အရေးသာရမည်ဆိုလျှင် လက်ရှိမဟာဧကရာဇ်များနှင့်ပင် ယှဉ်ပြိုင်နိုင်သော မဟာဧကရာဇ်များ ဖြစ်လာနိုင်သည့် လူများ ဖြစ်ကြပေသည်။
ရှန်းယုကျုသည် ရန်ကိုင်ကို ဝေ့ကြည့်လျက် ပြန်ပြောလိုက်သည်။ "အသက်သိပ်မကြီးသေးဘဲနဲ့ ဧကရာဇ်ဒုတိယအဆင့်ကို ရောက်နေတာဆိုတော့ အချိန်သာရမယ်ဆိုရင် ဒီလောကကြီးရဲ့အောက်က လူတွေနဲ့ နင်ပြိုင်ကောင်း ပြိုင်နိုင်လောက်တယ်"
ရန်ကိုင်က အလေးအနက်အမူအရာဖြင့်... "ကျုပ်ကလည်း အဲဒီလိုမျိုးဖြစ်ဖို့ လုပ်နေတာ"
ရှန်းယုကျုက ခေါင်းညိတ်လျက်... "ကောင်းတယ်၊ အဲဒီလိုရည်မှန်းချက်မျိုး ရှိနေမယ်ဆိုရင်တော့ နောက်ပိုင်းကျ နင်ကျိန်းသေ နေရာတစ်နေရာရလာမှာ"
တစ်ချက်မျှ ရပ်ပြီးသည့်နောက် ရှန်းယုကျုက ဆက်၍ ပြောလိုက်သည်။ "နင် ငါ့မေးခွန်းကို မဖြေရသေးဘူးနော်၊ ဝူခွမ်း အသက်ရှင်နေသေးလား"
ရန်ကိုင်က သက်ပြင်းချလျက် ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ "သူသေသွားပြီ"
ရန်ကိုင် လိမ်နေခြင်းသာ ဖြစ်ပေသည်။ ဝူခွမ်း၏ ခန္ဓာကိုယ်မှာ ဖျက်ဆီးခံလိုက်ရပါသော်ငြား လက်ရှိအချိန်၌ သူ့ဝိညာဉ်သည် တွမ့်ဟုန်ချန်၏ ဝိညာဉ်နှင့်အတူ တွမ့်ဟုန်ချန်၏ ကိုယ်ထဲတွင် အတူရှိနေပေသည်။ လက်ရှိ ဝူခွမ်းမှာ အသက်ရှင်နေသေးသည်ဟု ပြော၍ ခက်ပါသော်ငြား သေသည်ဟုလည်း ပြော၍ မရပေ။ ရန်ကိုင် ယခုကဲ့သို့ ပြန်ပြောလိုက်ရခြင်းမှာ ဝူခွမ်း သေသွားသည့်အကြောင်း ကြားပြီးသည့်နောက် ရှန်းယုကျု မည်ကဲ့သို့ တုံ့ပြန်လာမလဲဆိုသည်ကို သိချင်သည့်အတွက်ကြောင့်ပင်။ ထိုစကားကို ကြားပြီးသည့်နောက် ရှန်းယုကျုမှာ ကြောင်သွားခဲ့လေသည်။ အတန်ကြာပြီးသည့်အခါမှသာလျှင် ငေးကြောင်ကြောင်အမူအရာဖြင့် ပြန်မေးလာခဲ့၏။ "သူတကယ် သေသွားတာလား"
ရန်ကိုင်က အလေးအနက်အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်က အဆင့်နိမ့်ကြယ်စီရင်စုတွေ အများကြီးကို လိုက်ဖျက်ဆီးပစ်တယ်လေ၊ သူသွားတဲ့နေရာတိုင်း ဘာအပြစ်မှ မရှိတဲ့လူတွေလည်း အများကြီးသေရတယ်၊ ကြယ်တွေလည်း အများကြီးပျက်စီးရတယ်၊ အခြားမဟာဧကရာဇ်တွေက သူအဲဒီလိုမျိုး လုပ်နေတာကို ဆက်ပြီးမကြည့်နိုင်တော့လို့ အတူပူးပေါင်းပြီးတော့ သူ့ကို ကျယ်ပြန့်ပင်လယ်ထဲမှာ သတ်ပစ်လိုက်တာ"
ရှန်းယုကျုသည် ရန်ကိုင်အား ကြည့်ရင်းမှ... "အဲဒါဘယ်တုန်းက ဖြစ်သွားတာလဲ"
"လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်သောင်းလောက်က"
"တော်တော်ကို ကြာသွားပြီပဲ" ရှန်းယုကျုမှာ ရှုပ်ထွေးနေသည့် အမူအရာမျိုးဖြင့် အတန်ကြာအောင် ရှိနေပြီးသည့်နောက်တွင် သက်ပြင်းချ၍ ရေရွတ်လိုက်လေသည်။ "ကောင်းကင်ဝါးမျိုသူ ဖြစ်လာနိုင်ခဲ့ပေမဲ့ ကောင်းကင်ဝါးမျိုသူအဖြစ်နဲ့ပဲ သေသွားခဲ့ရတယ်၊ အကျိုးကြောင့် အကြောင်းဖြစ်တာပဲလေ၊ သူ့လုပ်ရပ်သူ ပြန်ခံရတာပေါ့"
ရန်ကိုင်က မှတ်ချက်ပေးလိုက်လေသည်။ "ခင်ဗျား ပျော်သင့်တယ်နော် စီနီယာ"
ရှန်းယုကျုက ခေါင်းညိတ်၍... "ငါပျော်သင့်တာပေါ့၊ သူတစ်နေ့နေ့ ဒုက္ခကောင်းကောင်းရောက်လိမ့်မယ်မှန်း ငါသိပြီးသား၊ ဒါပေမဲ့ အခြားမဟာဧကရာဇ်တွေ ပေါင်းသတ်လို့ သေရလိမ့်မယ်လို့တော့ ငါထင်မထားဘူး၊ ထားလိုက်ပါတော့ သူသေသွားပြီဆိုမှတော့ သူနဲ့ငါအကြားမှာရှိတဲ့ ရန်ငြိုးရန်စတွေကလည်း အတိတ်ကဟာတွေ ဖြစ်သွားပြီ၊ သူ့အကြောင်း ထပ်မပြောကြရအောင်၊ တွမ့်ဟုန်ချန်၊ ယောင်ကျွင်း၊ ရှန်ဝူဟန်၊ ချူထန်းကျီ အဲဒီလူတွေကိုရော နင်သိလား"
ရန်ကိုင်၏ ကျောပြင်တစ်လျှောက် ချွေးအေးများ ဝေ့သီလာတော့လေသည်။ မျက်နှာကြီးကို မဲ့ရင်းမှ ရန်ကိုင်က ပြန်ပြောလိုက်သည်။ "စီနီယာ တွမ့်ဟုန်ချန်က ကြယ်တာရာအစုအဝေးက လူတွေအားလုံး စံနမူနာယူရတဲ့ ပုဂ္ဂိုလ်မျိုးပဲ၊ ကျုပ်သူ့ကို တစ်ကြိမ်နှစ်ကြိမ်လောက်တော့ တွေ့ဖူးတယ်၊ ရှုယာဉ်သာမဟာဧကရာဇ် စီနီယာ ယောင်ကျွင်းကိုလည်း တစ်ကြိမ်တွေ့ဖူးတယ်၊ ဒါပေမဲ့ ရှန်ဝူဟန်နဲ့ ချူထန်းကျီတို့က ဘယ်သူတွေလဲ"
ရှန်းယုကျု ပါးစပ်မှ ထွက်လာသည့် နာမည်လေးခုအနက် နှစ်ခုမှာ မဟာဧကရာဇ်များ ဖြစ်ကြလေသည်။ ရှန်ဝူဟန်နှင့် ချူထန်းကျီတို့ မည်သူမည်ဝါ ဖြစ်သလဲဆိုသည်ကို ရန်ကိုင် မသိပါသော်ငြား အနည်းအကျဉ်းတော့ ခန့်မှန်းမိပေသည်။
ရှန်းယုကျုက ပြန်ပြောလိုက်သည်။ "ရှန်ဝူဟန်က သံမဏိသွေးမှတ်တမ်းကို ကျင့်ကြံတယ်၊ အဲဒီလေးယောက်ထဲမှာ သူက တိုက်ခိုက်လိုစိတ် အပြင်းပြဆုံးပဲ၊ ကြည့်ရတာတော့ အခုဒီလောကကြီးက သူ့ရဲ့နာမည်အရင်းကို မေ့ပြီးတော့ အခြားနာမည်တစ်ခုကိုပဲ သိတော့တယ်နဲ့တူတယ်၊ ချူထန်းကျီကတော့ သူကနည်းနည်း ဉာဏ်နီဉာဏ်နက်များတယ်၊ ငါသိသလောက်ဆိုရင်ပေါ့လေ၊ ဒါပေမဲ့ သူ့ရဲ့ထူးခြားချက်က ဘာလဲဆိုတော့ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ထိုးဖောက်ပြီးတော့ သိနိုင်တာပဲ"
ရန်ကိုင် အမှန်တကယ်ကို ဇောချွေးပြန်နေရလေပြီ။ ရှန်းယုကျု ရှင်းပြသည်ကို ကြားသည့်အခါ ရန်ကိုင်က ပြန်၍ မေးလိုက်သည်။ "စီနီယာ၊ စီနီယာပြောသွားတဲ့လူတွေက သံမဏိသွေးမဟာဧကရာဇ်နဲ့ ကောင်းကင်ကံကြမ္မာမဟာဧကရာဇ် ဖြစ်လိမ့်မယ်"
တစ်ချိန်တည်းတွင်လည်း ရန်ကိုင်သည် စိတ်ထဲမှ ကြိတ်၍ ညည်းတွားလိုက်လေသည်။ [တကယ်ကို နှစ်ပေါင်းသောင်းနဲ့ချီပြီးတော့ အသက်ရှင်လာတဲ့ မွန်းစတားအိုကြီးပဲ၊ သူသိနေတဲ့လူတွေ အကုန်လုံးက မဟာဧကရာဇ်တွေချည်းပဲ၊ ဒါပေမဲ့ ဆန်းတော့လည်း မဆန်းပါဘူးလေ၊ ငါကသူ့ကို အသက်ရှင်နေလောက်မဲ့ လူတွေအကြောင်းပဲ သွားမေးတာကို၊ ဒီတော့ သူသိတဲ့လူတွေထဲက အားအကောင်းဆုံးလူတွေကိုပဲ ပြောမှာပေါ့၊ သူပြောတဲ့လူတွေကလည်း အားအကောင်းဆုံး မဟုတ်ဘဲနဲ့ အားနည်းနည်းကောင်းရုံပဲသာ ဖြစ်နေမယ်ဆိုရင်တော့ ဒီလောက်အကြာကြီး အသက်ရှင်နေနိုင်မှာ မဟုတ်ဘူး]
ထိုကဲ့သို့သော လူများနှင့် အသိအကျွမ်းဖြစ်ထားလေရာ သူမ၏ အားကောင်းသော ကျင့်ကြံခြင်းမှာ ထိုမျှ အရေးမပါတော့ပေ။ သူမ ဤနေရာမှ ထွက်သွားပြီးသည့်နောက် မည်သူကများ သူမအပေါ် မောက်မာတကြီး ပြုမူရဲပါမည်နည်း။ မဟာဧကရာဇ်များ သူမနှင့် လာတိုးမည်ဆိုလျှင်ပင် အနည်းဆုံး ပြိုင်ဘက်ဖြစ်ခဲ့သည့်အပေါ် သူမအား လေးစားသမှုတော့ ပြုပေလိမ့်မည်။
"ဒီတော့ သူတို့အကုန်လုံး မဟာဧကရာဇ်တွေ ဖြစ်သွားတယ်ပေါ့" ရှန်းယုကျုမှာ အတိတ်အကြောင်းကို ပြန်စဉ်းစားနေသည့် ပုံစံမျိုးဖြင့် ရေရွတ်လိုက်လေသည်။ အတန်ကြာပြီးသည့်နောက်တွင် ပြုံး၍ ပြန်ပြောလိုက်သည်။ "သူတို့ မသေသေးဘူးမလား၊ ငါဘယ်လိုလူလဲဆိုတာကို သူတို့ထဲက တစ်ယောက်ယောက်ကို သွားမေးလိုက်လို့ရတယ်၊ သူတို့ နင့်ကို ကျိန်းသေပြောပြလိမ့်မယ်"
"သူတို့တကယ်ရော အသက်ရှင်နေသေးတယ်" ရန်ကိုင်သည် နဖူးအထက် ဝေ့သီလာသော ချွေးများကို သုတ်ရင်းမှ ခါးသက်သက်အမူအရာဖြင့်... "ဒါပေမဲ့ မဟာဧကရာဇ်တွေက ဒီလောကကြီးထဲမှာ လူလုံးထွက်ပြလေ့ရှိတာမှ မဟုတ်တာ၊ ကျုပ်လို လူတစ်ယောက်ကတော့ သူတို့ကို သွားတွေ့နိုင်မှာ မဟုတ်ဘူး"
မဟာဧကရာဇ်လေးပါးအနက် တွမ့်ဟုန်ချန်သည် ဝူခွမ်းနှင့်အတူ မူလကုန်းမြေထဲ ရှိနေပေသည်။
သံမဏိသွေးမဟာဧကရာဇ်သည် ကြယ်တာရာရုံးတော်ကို ဦးစီးနေပါသော်ငြား လူရှေ့သူရှေ့၌ ပေါ်လာလေ့မရှိပေ။ နောက်ဆုံးတစ်ကြိမ်ပေါ်လာသည့်အချိန်မှာ အနောက်ဘက်နယ်မြေတွင် ဖြစ်ပေသည်။ ကံမကောင်းစွာဖြင့် ရန်ကိုင်နှင့် လုံးဝမတွေ့ခဲ့ဘဲ ရန်ကိုင် ခင်းကျင်းထားသော ဟင်းလင်းပြင်အစီအရင်ကိုပင် ဖျက်ဆီးပစ်ခဲ့လေသည်။
သူ့ဘက်မှ သံမဏိသွေးမဟာဧကရာဇ်နှင့် သွားပြန်တွေ့မည်ဆိုပါက သံမဏိသွေးမဟာဧကရာဇ် သူ့အား တွေ့ချင်လိမ့်မည် မဟုတ်မှန်း ရန်ကိုင် ပြောနိုင်ပေသည်။ တကယ်တော့ ရန်ကိုင်သည် သံမဏိသွေးမဟာဧကရာဇ်၏ အချစ်တော်တပည့်လေး လင်းယွင်အာကို သူနှင့်အတူ ခေါ်သွားရန် ကြိုးစားခဲ့ဖူးသည် မဟုတ်ပေလော။
ရှုယာဉ်သာမဟာဧကရာဇ်ကိုမူ ဖြစ်သာဖြစ်နိုင်လျှင် ထိုမဟာဧကရာဇ်နှင့် ရန်ကိုင် လုံးဝမတွေ့ချင်ပေ။ ရန်ကိုင်နှင့် ယောင်ကျွင်း၏ သမီး ယောင်လင်းအကြား ပြဿနာများဖြစ်ခဲ့ပြီး ရန်ကိုင်မှာ ယောင်လင်းအား သတ်ခါနီးပင် ဖြစ်သွားခဲ့လေသည်။ နောက်ဆုံးတွင် ရှုယာဉ်သာမဟာဧကရာဇ်၏ ဝိညာဉ်ကိုယ်တိုင် ဆင်းသက်လာခဲ့ရပြီး ထိုပြဿနာကို ဖြေရှင်းလိုက်ရသည်။ ရန်ကိုင်နှင့် ရှုယာဉ်သာမဟာဧကရာဇ်အကြားရှိ ပြဿနာမှာ ကြီးလည်းမကြီးသလို သေးလည်းမသေးသည့်အလျောက် ရှုယာဉ်သာမဟာဧကရာဇ်မှာ ထိုပြဿနာကို အကြောင်းပြု၍ ရန်ကိုင်အား လိုက်ပြဿနာမရှာနေသည်ကပင်လျှင် သဘောထားကြီးရာ ရောက်နေလေပြီ။ ထိုသို့ဖြစ်လေရာ ရန်ကိုင်မှာ ရှုယာဉ်သာမဟာဧကရာဇ်နှင့် မည်ကဲ့သို့များ သွားတွေ့ရပါမည်နည်း။
ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်မှာမူ ကောင်းကင်တောင်ကြားထဲ၌ နေနေသည်ဟု ပြောကြပေသည်။ သို့သော်ငြား ကောင်းကင်တောင်ကြား မည်သည့်နေရာတွင် ရှိသလဲဆိုသည်ကို ရန်ကိုင် မသိပေ။
ရှန်းယုကျု သိနေသည့် လူအားလုံးမှာ ရန်ကိုင် သွားတွေ့ဖို့ရာ အလွန်ကိုမှ အခက်ကျသည့် လူများ ဖြစ်ကြပေသည်။ လက်ရှိအချိန်က ရှန်းယုကျု၏ အားနည်းသော ပုံစံကို မြင်၍ သူမအား သွားအထင်မသေးသင့်ပေ။ သူမသည် အထွတ်အထိပ်အခြေအနေမှ ယခုအခြေအနေအထိသို့ ဆုတ်ယုတ်နေခဲ့ရမည်ဆိုလျှင်ပင် သာမန်လူတစ်ဦးတော့ မဟုတ်သေးပေ။ သူမ၏ အသိအကျွမ်းများမှာ ကြယ်တာရာအစုအဝေးထဲရှိ အားအကောင်းဆုံးသော ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။
"အဲဒါဆို ငါတို့ဘာလုပ်ကြမလဲ၊ သူတို့တွေက လွဲပြီးတော့ အခြားဘယ်သူမှ ငါဘယ်သူဘယ်ဝါဆိုတာကို ပြောပြနိုင်လောက်မှာ မဟုတ်ဘူး" ရှန်းယုကျု ကူကယ်ရာမဲ့နေခဲ့လေပြီ။ အချိန်အလွန်ကြာသွားခဲ့သည်မှာ ဆိုးသွားခဲ့လေပြီ။ နှစ်ထောင်နှင့်ချီလောက်သာ ကြာသွားခဲ့မည်ဆိုလျှင် ထိုမျှ ပြဿနာမရှိလောက်ပေ။ ဧကရာဇ်အဆင့်ပညာရှင်များ၏ သက်တမ်းမှာ အလွန်တရာကိုမှ ရှည်လျားလွန်းလှသည် မဟုတ်ပေလော။ ထိုအကြောင်းကြောင့် သူမအနေဖြင့် ရန်ကိုင် သူမ မည်သူမည်ဝါဖြစ်ကြောင်းကို စစ်ဆေးဖို့ရာ အခြားသော ဧကရာဇ်အဆင့်ပညာရှင်များကို ပြောကောင်းပြောနိုင်ပေလိမ့်ဦးမည်။ သို့သော်ငြား နှစ်ပေါင်းသောင်းနှင့်ချီတိုင်အောင် ကြာသွားခဲ့ပြီဖြစ်လေရာ သူမ၏ အသိအကျွမ်းများထဲ မည်မျှများများ အသက်ရှင်နိုင်ပါဦးမည်နည်း။ ယနေ့အချိန်အထိ အသက်ရှင်နိုင်ခဲ့မည်ဆိုလျှင်ပင် ထိုလူအားလုံး မဟာဧကရာဇ်များ ဖြစ်နေကြလောက်ပေပြီ။
ရန်ကိုင်သည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်ပြောလိုက်လေသည်။ "ကောင်းပြီလေ၊ ကျုပ်ခင်ဗျားကို ခေါ်သွားပေးမယ် စီနီယာ"
ရှန်းယုကျု အံ့အားသင့်သွားပြီး ပြန်မေးလိုက်လေသည်။ "ငါလူဆိုး ဖြစ်နေမှာကို နင်မကြောက်ဘူးလား"
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ "စီနီယာက လူဆိုးဖြစ်နေမယ်ဆိုရင်တောင် ဒီမှာ ဒီလောက်အကြာကြီး ပိတ်မိနေတာ၊အပြင်ရောက်ရင်တောင် ဘယ်လောက် အားကောင်းနိုင်ဦးမှာမလို့လဲ၊ စီနီယာ ပြဿနာရှာဦးမယ်ဆိုရင်တောင် ပြဿနာရှာနိုင်မှာ မဟုတ်သေးဘူး၊ ပြီးတော့ စီနီယာက လူဆိုးဆိုရင် ဝူခွမ်း ကံကြမ္မာက စီနီယာရဲ့ကံကြမ္မာ ဖြစ်သွားမှာလေ"
သူမသည် မဟာဧကရာဇ်များစွာကို သိထားသည့်အတွက်ကြောင့် ထိုမဟာဧကရာဇ်များသည်လည်း သူမ မည်ကဲ့သို့သော လူစားမျိုး ဖြစ်သလဲဆိုသည်ကို သိရပေလိမ့်မည်။ သူမသည်သာ ဤလောကကြီးတစ်ခုလုံးကို မှောက်ခုံလှန် သောင်းကျန်းပစ်ရန် ကြိုးစားလာခဲ့မည်ဆိုလျှင် မဟာဧကရာဇ်အားလုံး ငြိမ်နေကြလိမ့်မည် မဟုတ်ပေ။ ထိုအတွက်ကြောင့် သူမ ပြဿနာရှာမည်ကို ရန်ကိုင်အနေဖြင့် စိတ်ပူနေစရာမလိုပေ။
ရှန်းယုကျုက ကျေးဇူးတင်တကြီးဖြင့်... "ကျေးဇူးအများကြီးတင်ပါတယ်"
တစ်ခဏမျှ ရပ်ပြီးသည့်နောက် ရှန်းယုကျုက ဆက်ပြောလိုက်လေသည်။ "ဒါပေမဲ့ အခြားသူတွေအပေါ် ငါဒီအတိုင်း အကြွေးတင်ရတာကို မကြိုက်ဘူး၊ နင်ငါ့ကို ကယ်ပေးတယ်ဆိုမှတော့ ငါကလည်း နင့်ကို တစ်ခုခု ပြန်ပေးရမှာပေါ့"
ရန်ကိုင်က အလေးအနက်အမူအရာဖြင့်... "ကျုပ်ဘက်က ဘာမှ ဒီလောက်အားစိုက်ရတာ မဟုတ်ဘူး၊ စီနီယာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူမနေနဲ့"
ရန်ကိုင်မှာ သူ့ကိုယ်သူနှိမ့်ချရန် ကြိုးစားနေခြင်း မဟုတ်ဘဲ အမှန်တကယ်ကို ပြောနေခြင်း ဖြစ်လေသည်။ ထိုအပြင် လက်ရှိအချိန်၌ ရှန်းယုကျုတွင် မည်သည့်အဖိုးတန်ပစ္စည်းမှ ရှိမနေတော့ဟု ရန်ကိုင် ခံစားရပေသည်။ သူမ၌ အဖိုးတန်ရတနာတစ်မျိုးမျိုး ရှိမည်ဆိုလျှင်ပင် ရန်ကိုင်မှ ထိုအဖိုးတန်ရတနာကို လိုအပ်မည်လား။ သူ့လက်ထဲတွင် ရှိနေသော တောင်နှင့်မြစ်ခေါင်းလောင်းမှာ အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခုဖြစ်ကာ မဟာဧကရာဇ်များသည်ပင်လျှင် ထိုရတနာကို စိတ်ဝင်စားကြသည်။ သူမအနေဖြင့် ထိုထက်ပို၍ အဖိုးတန်သည့် ရတနာတစ်မျိုးကို ထုတ်ပေးနိုင်မည်လား။
ရှန်းယုကျုကမူ ခက်ခက်ခဲခဲဖြင့် ခေါင်းခါရင်းမှ ပြန်ပြောလိုက်သည်။ "ငါပြောတာကို ဆုံးအောင်နားထောင်ဦး၊ အဲဒီတော့မှ ငြင်းလည်း နောက်မကျသေးဘူး"
သူမ ပုံစံကို ကြည့်ရသလောက် ရန်ကိုင် မငြင်းနိုင်မည့် အကြောင်းအရာတစ်ခုခုကို ပြောမည့် ပုံစံမျိုးပင်။
ထိုအတွက်ကြောင့် ရန်ကိုင်လည်း စိတ်ဝင်စားသွားပြီး နားစွင့်ထားမိလိုက်လေသည်။
"ငါပြောခဲ့တဲ့အတိုင်းပဲ နင့်ရဲ့ကျင့်ကြံခြင်းက အသက်ငယ်ငယ်လေးနဲ့ ဒီလောက်အထိတောင် ရောက်နေတာဆိုတော့ အချိန်သာရမယ်ဆိုရင် နင်ဒီလောကကြီးရဲ့ ထိပ်ဆုံးနေရာကို ရဖို့ နေရာတစ်ခုအတွက် ကျိန်းသေပြိုင်နိုင်လိမ့်မယ်၊ ငါမေးချင်တာက ဒီလောကကြီးမှာ မဟာဧကရာဇ်ဆယ်ပါးပဲ ဘာလို့ရှိရလဲဆိုတာကို နင်စဉ်းစားဖူးလား"
ရန်ကိုင်က ချက်ချင်း ပြန်ပြောလိုက်လေသည်။ "အခြားတစ်ယောက်ပြောတာတော့ ကြားဖူးတယ်၊ လောကကြီးက သဲတွေ ကျောက်တုံးတွေနဲ့ ပြည့်နေတဲ့ ပုလင်းတစ်လုံးလိုပဲတဲ့၊ ပုလင်းအရွယ်အစားက အကန့်အသတ်နဲ့ရှိတယ်၊ ဒီတော့ အဲဒီပုလင်းထဲမှာ မဟာဧကရာဇ်ဆယ်ပါးထက် ပိုပြီးတော့ မကာနိုင်ဘူး၊ အဲဒါဆိုတော့ မဟာဧကရာဇ်တွေက ကျောက်တုံးအကြီးကြီးတွေမလို့၊ အဲဒါ တကယ်ဟုတ်မဟုတ်တော့ ကျုပ်လည်းမသိဘူး၊ သူများပြောတာတော့ အဲဒီလိုမျိုးကြားဖူးတာပဲ"
ယခုတစ်ကြိမ်တွင်တော့ ရှန်းယုကျု အံ့အားသင့်သွားရသည့် အလှည့်ပင်။ "နင်တကယ်ကို သိနေတာပဲ"
"ကျုပ်ဒီအတိုင်းပဲ သူများပြောလို့ ကြားဖူးတာပါ" ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် ပြန်ပြောလိုက်သည်။
ရှန်းယုကျုက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ "ဟုတ်တယ်၊ ဒီလောကကြီးက မဟာဧကရာဇ်ဆယ်ပါးပဲ ကာနိုင်တဲ့ ပုလင်းတစ်လုံးပဲ၊ နင့်အနေနဲ့ မဟာဧကရာဇ် ဖြစ်လာချင်တယ်ဆိုရင် နေရာတစ်ခုပွင့်လာမဲ့ အချိန်အထိစောင့်၊ စောင့်ပြီးတော့ အဲဒီနေရာအတွက် ဝင်ပြိုင်၊ အဲဒီလိုနည်းလမ်းပဲရှိမှာ"
ရန်ကိုင်က သက်ပြင်းချလျက်... "အဲဒီလိုအခွင့်အရေးမျိုး ဘယ်အချိန်ရောက်လာမလဲဆိုတာတော့ ကောင်းကင်ပဲသိမှာပေါ့"
မဟာဧကရာဇ်တစ်ပါး၏ သက်တမ်းမှာ အလွန်တရာကိုမှ ရှည်လျားလွန်းလှပေသည်။ လက်ရှိ၌ မဟာဧကရာဇ်အသစ်များစွာ ထွက်ပေါ်လာနိုင်ခဲ့ရခြင်းမှာ ဝူခွမ်း၏ ကျေးဇူးကြောင့်ပင် ဖြစ်လေသည်။ ဝူခွမ်း လက်ချက်ကြောင့် မဟာဧကရာဇ်များစွာ သေဆုံးခဲ့လေရာ ထိုမဟာဧကရာဇ်များ သေဆုံးသွားခဲ့ပြီးသည့်နောက် ၎င်းတို့၏ နေရာအား မဟာဆေးဧကရာဇ်၊ ပန်းအရိပ်မဟာဧကရာဇ်၊ ညအရိပ်မဟာဧကရာဇ်နှင့် လမင်းမဟာဧကရာဇ်တို့မှာ အသီးသီးဆက်ခံသွားခဲ့ကြလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၈၄)
ဘာသာပြန်သူ_တိမ်တိုက်
လက်ရှိ မဟာဧကရာဇ်များထဲမှ အချို့မှာ သူတို့ ရထားသည့် ရာထူးများအပေါ် ဝူခွမ်းအား ကျေးဇူးတင်သင့်ပေသည်။ ဝူခွမ်း သောင်းကျန်းခဲ့သည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူတို့အနေဖြင့် မဟာဧကရာဇ် ဖြစ်လာနိုင်ကြလိမ့်မည် မဟုတ်ပေ။
"ဒါပေမဲ့ အခွင့်အရေးဆိုတာက ရှိတာပဲလေ၊ မဟာဧကရာဇ်တွေက မသေနိုင်တဲ့သူတွေမှ မဟုတ်တာ" ရှန်းယုကျုက ပြုံး၍ ပြောလိုက်သည်။ အတိတ်အချိန်က ရှန်းယုကျုမှာ မိန်းမချောလေးတစ်ဦး ဖြစ်ခဲ့လိမ့်မည် ဖြစ်ပါသော်ငြား လက်ရှိအချိန်၌ သူမ၏ ရုပ်ရည်သည် ပြုံးဖို့ရာ မသင့်တော်တော့ပေ။ သူမ ပြုံးလိုက်သည့်အခါ ငိုနေသည်ထက်ပင်လျှင် ပို၍ အရုပ်ဆိုးသွားခဲ့လေသည်။ "နင့်ရဲ့အကြီးမားဆုံးသော အားသာချက်က အသက်ပဲ"
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ "စီနီယာပြောတာ ယုတ္တိရှိတယ်" ရန်ကိုင်မှာ ယခုမှ အသက်တစ်ရာကျော်လေးသာ ရှိပေသေးသည်။ ရန်ကိုင်၏ အရည်အချင်းအရ ဧကရာဇ်တတိယအဆင့် သို့မဟုတ် မဟာဧကရာဇ်အဆင့်သို့ ရောက်ဖို့ ခြေတစ်လှမ်းသာ ဝေးကွာသောအဆင့်သို့ ရောက်ဖို့ရာ မခက်လှပေ။ ရန်ကိုင်တွင် နေစရာအချိန်များစွာ ကျန်ရစ်နေပေသေးသည်။ ထိုအတွက်ကြောင့် အချိန်ရောက်လာသည့်အခါတွင် ထိပ်တန်းနေရာ၌ ရပ်တည်ဖို့ရာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ရှန်းယုကျုက ပြန်၍ ပြောလိုက်သည်။ "အဲဒီလိုနေ့မျိုး ရောက်လာခဲ့မယ်ဆိုရင် မဟာဧကရာဇ်တစ်ပါး ဘယ်လိုဖြစ်လာရမလဲဆိုတာကို ငါနင့်ကို ပြောပြမယ်"
ထိုစကားကိုကြားသော် ရန်ကိုင်၏ ခန္ဓာကိုယ် တောင့်တင်းသွားခဲ့ပြီး သူ့မျက်လုံးများမှာလည်း တဖျတ်ဖျတ်ကို တောက်ပလာခဲ့သည်။ ထို့နောက် ရှန်းယုကျုကို စိုက်ကြည့်၍... "စီနီယာက မဟာဧကရာဇ်တစ်ပါး ဘယ်လိုဖြစ်လာရမလဲဆိုတာကို သိတာလား"
ဤသည်မှာ ရန်ကိုင် စဉ်းစားနေခဲ့ဖူးသည့် မေးခွန်းတစ်ခုလည်း ဖြစ်ပေသည်။ မဟာဧကရာဇ်တစ်ပါး ဖြစ်လာဖို့ရာ လောကစွမ်းအားကို ကျွမ်းကျင်ရမည်ဟူသော အချက်ကိုသာ ရန်ကိုင် သိထားပြီး အခြားဘာဆိုဘာမျှ သိမထားပေ။ သို့ပင်ဖြစ်လင့်ကစား မဟာဧကရာဇ်တစ်ပါးသည် မည်ကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်လေသနည်း။ သူ့အနေဖြင့် လောကစွမ်းအားကို ကျွမ်းကျင်သွားမည်ဆိုလျှင်ပင် မဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်လောက်လိမ့်မည် မဟုတ်ပေ။ သို့သော်ငြား ရှန်းယုကျု ပြောသွားသည့်စကားသည် သူ့အား မျှော်လင့်ချက်ကို ပေးစွမ်းလာခဲ့သည်။
ရှန်းယုကျုက ပြန်ပြောလိုက်သည်။ "ငါသာ ဝူခွမ်း အကွက်ချကြံစည်တာ မခံလိုက်ရရင် အခွင့်အရေး ရနိုင်သေးတယ်၊ ငါကိုယ်တိုင်က အဲဒီလိုရင်းနှီးတဲ့ဟာမျိုးကို တစ်ခါခံစားဖူးပြီးသွားပြီ၊ ဒီတော့ ဘာဖြစ်လို့ မသိဘဲနေမှာလဲ"
ရန်ကိုင်မှာ အကြမ်းနည်းသုံး၍ ရှန်းယုကျုအား ထိုလျှို့ဝှက်ချက်များကို ပြောပြလာအောင် တွန်းအားပေးချင်စိတ်များပင် ဖြစ်လာရလေသည်။ သူသည်သာ မဟာဧကရာဇ်တစ်ပါး ဖြစ်လာရမည့် လျှို့ဝှက်ချက်များကို နားလည်ထားမည်ဆိုပါက အချိန်ရောက်လာသည့်အခါတွင် အခြားသူများထက် ရှေ့တစ်လှမ်း ကြိုရောက်နေပေလိမ့်မည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာ အကောင်းအဆိုးကို မခွဲခြားတတ်သည့် လူတစ်ဦးတော့ မဟုတ်ပေ။ ရှန်းယုကျုမှာ သူ့အား ကျေးဇူးတုံ့ပြန်နေခြင်းသာဖြစ်လေရာ ရန်ကိုင်မှာလည်း သူ့စကားကို ပြန်ရုပ်သိမ်း၍ မည်ကဲ့သို့များ ဖြစ်ပါမည်နည်း။ သို့ပင်ဖြစ်လင့်ကစား ရှန်းယုကျု ပြောလာသည့် အကြောင်းအရာမှာ အလွန်ကိုမှ အဖိုးတန်လှသည်ဟူသော အချက်ကိုတော့ လက်ခံရပေလိမ့်မည်။ သူမ ပြောလာသည့် အကြောင်းအရာသည် ဤလောကကြီးထဲရှိ မည်သည့်မှော်ရတနာထက်ကိုမဆို ပို၍အဖိုးတန်နေပေသည်။
ရန်ကိုင်က ပြုံးဖြီးလျက်... "ကျုပ်ကို အခုပြောပြလို့ မရဘူးလား"
ရှန်းယုကျု သူ့အား ပြောပြလိမ့်မည် မဟုတ်မှန်း သိပါသော်ငြား ရန်ကိုင်မှာ မေးချင်စိတ်ကို မအောင့်အည်းနိုင်ခဲ့ပေ။
ကံမကောင်းစွာဖြင့် ရှန်းယုကျုက ခေါင်းခါလျက်... "အချိန်မရောက်သေးရင် နင့်ကိုပြောပြလည်း အပိုပဲ၊ ကျင့်ကြံတဲ့နေရာမှာသာ အရင်အာရုံစိုက်ထား၊ အခွင့်အလမ်းက ပြင်ဆင်ထားတဲ့လူတွေဆီ ရောက်လာလိမ့်မယ်"
ရန်ကိုင်လည်း ခေါင်းညိတ်၍ ထိုအကြောင်းကို ဆက်ပြောမနေတော့ပေ။ ထို့နောက်တွင် ရန်ကိုင်၏ အမူအရာ ရုတ်တရက်ပြောင်းလဲသွားပြီး ပြန်၍မေးလိုက်လေသည်။ "အဲဒီအချိန်ရောက်လာရင် ကျုပ်က စီနီယာနဲ့ ပြိုင်ရမှာပေါ့နော်၊ စီနီယာ အားကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်ကို မွေးထုတ်မိလိုက်မှာ မကြောက်ဘူးလား"
အခွင့်အလမ်းတစ်ခု ပေါ်လာမည်ဆိုလျှင်ပင် အခွင့်အရေးမှာ အလွန်ကိုမှ နည်းပါးလွန်းလှသည်။ မဟာဧကရာဇ်ပေါင်းများစွာ သေဆုံးသွားခဲ့သည့် ကျယ်ပြန့်ပင်လယ်ကဲ့သို့သော တိုက်ပွဲတစ်ပွဲ ထပ်မံဖြစ်ပေါ်လာဖို့ရာ မဖြစ်နိုင်လှပေ။ မဟာဧကရာဇ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး သေသွားသည့် ကိစ္စတစ်ရပ်သည် လောကကြီးတစ်ခုလုံးကို လှုပ်ခတ်သွားစေနိုင်သည့် ကိစ္စမျိုးဖြစ်ပေသည်။ ထိုအကြောင်းကြောင့် အခွင့်အလမ်းတစ်ခု ပေါ်လာမည်ဆိုလျှင်ပင် အခွင့်အရေးမှာ တစ်နေရာစာသာ ရှိပေသည်။
ရှန်းယုကျု လုပ်နေသည်မှာ သူမနှင့် ယှဉ်ပြိုင်နိုင်သည့် ပြိုင်ဘက်ကောင်းတစ်ဦးကို ဖန်တီးနေခြင်းသာ ဖြစ်လေသည်။ ထိုအပြင် ထိုပြိုင်ဘက်သည် သူမ သိထားသည့် အကြောင်းအရာမှန်သမျှကို သိပေလိမ့်မည်။
ထိုမေးခွန်းကို ကြားသော် ရှန်းယုကျုက ရယ်မောလျက်... "မဟာတာအိုအတွက် ပြဿနာဖြစ်ကြတယ်ဆိုတာ သဘာဝပဲ၊ သေရမယ် ရှင်ရမယ်ဆိုတာလည်း သဘာဝပဲ၊ ပြီးတော့ အဲဒီနေရာအတွက် ပြိုင်မဲ့လူက နင်နဲ့ငါပဲလို့ ထင်နေတာလား၊ အချိန်ရောက်လာရင် အဲဒီနေရာကိုရရှိဖို့အတွက် သင့်တော်တဲ့လူတွေအကုန်လုံး အာရုံခံမိသွားကြလိမ့်မယ်၊ အဲဒီအခါကျရင် ငါတို့နှစ်ယောက်အတူပူးပေါင်းပြီးတော့ သူတို့ကိုတောင် အကွက်ချကြံစည်လို့ရရင် ရနိုင်သေးတယ်"
"အဲဒီလိုကိုး" ရန်ကိုင် သိသွားလေပြီ။ ရှန်းယုကျု ပြောသည်မှာ ယုတ္တိရှိသည်ဟု ရန်ကိုင်တွေးမိလေသည်။ ထိုအချိန်ရောက်လာသည့်အခါတွင် ဤလောကကြီးထဲ၌ ပုန်းအောင်းနေကြသော မွန်းစတားအိုကြီးအားလုံး ထိုအခွင့်အရေးဆီသို့ အပြေးအလွှား လာရောက်ကြပေလိမ့်မည်။ ထိုအတွက်ကြောင့် ပြိုင်ဘက်တစ်ဦးထက် ပေါ်လာလို့ရော ဘာအရေးများနည်း။
ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင်မှာ ဆက်၍ တုံ့ဆိုင်းမနေတော့ဘဲ လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ "အခုလိုမျိုး ရှင်းပြပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ၊ အခုဒီကနေ သွားကြတာပေါ့"
"ကျေးဇူးပဲ" ရှန်းယုကျု ခေါင်းညိတ်လိုက်လေသည်။ သူမ၏ လေသံကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားသည့်တိုင် တုန်ယင်နေသည့် သူမ လေသံကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ခြင်းမရှိချေ။ လက်ရှိအခိုက်အတန့်၌ သူမ မည်ကဲ့သို့ ခံစားနေရမလဲဆိုသည်ကို မည်သူမဆို တွေးကြည့်နိုင်ပေသည်။ သူမ ဤနေရာတွင် ပိတ်မိနေခဲ့သည်မှာ နှစ်ပေါင်းသောင်းနှင့်ချီတိုင်အောင် ကြာနေပြီဖြစ်သည့်အတွက်ကြောင့် သူမသည်သာ ဤနေရာမှ အနှေးနှင့်အမြန် ထွက်မသွားရလျှင် ကျိန်းသေ ဤနေရာ၌သာ အရိုးဆွေးသွားရပေတော့မည်။
ရှန်းယုကျု ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားဖို့ရာ အဆင်မပြေမှန်း သိလိုက်ပြီးနောက် ရန်ကိုင်လည်း ရှန်းယုကျုဆီသို့ လျှောက်သွားလိုက်ပြီး တစ်ချက်တောင်းပန်ပြီးသည့်နောက် သူမအား ချီမလိုက်လေသည်။ ရှန်းယုကျု၏ ခန္ဓာကိုယ်မှာ အလွန်ကိုမှ ပေါ့နေခဲ့သည်။ မသိလျှင် အရိုးများကို ကိုင်ထားရသလိုပင် ခံစားနေရလေ၏။
မဟာဧကရာဇ်တစ်ပါးဖြစ်ဖို့ရာ ခြေတစ်လှမ်းသာ ဝေးကွာတော့သော လူတစ်ဦးသည် ယခုကဲ့သို့သော အခြေအနေမျိုးသို့ ရောက်နေခဲ့သည်။ လွန်ခဲ့သည့်နှစ်များအတွင်း သူမ မည်ကဲ့သို့သော ခက်ခဲမှုများကို ခံစားခဲ့ရလိမ့်မည်နည်း။
လေဟာနယ်နိယာမစွမ်းအားတို့ ဖြာထွက်လာခဲ့ပြီး ရန်ကိုင်သည် လာခဲ့သည့် လမ်းကြောင်းအတိုင်း လိုဏ်ခေါင်းတစ်ခုကို ဖန်တီးကာ မျက်တောင်တစ်ခတ်အတွင်း တောင်ကြားဆီသို့ ပြန်လာခဲ့လေသည်။
ဘက်ပေါင်းစုံမှ သိပ်သည်းလှသည့် မိုးမြေစွမ်းအင်တို့ သူ မ ကိုယ်ထဲသို့ စုပြုံတိုးဝင်လာသည့်အခါ ရှန်းယုကျု တစ်ချက်ညည်းမိလိုက်လေသည်။ သူမ၏ မှုန်ထိုင်းထိုင်း အကြည့်မှာလည်း အရောင်လက်လက်တို့ဖြင့် တောက်ပလာခဲ့သည်။ [နှစ်တွေ ဘယ်လောက်ရှိသွားပြီလဲ၊ ငါဒီလိုမျိုး မခံစားရတာ နှစ်တွေဘယ်လောက်တောင် ရှိသွားပြီလဲ]
ဟင်းလင်းပြင်ကြီးထဲ ဘာဆိုဘာမျှ ရှိမနေခဲ့ပေ။ သူမ ခန္ဓာကိုယ်ကို ကာကွယ်ပေးဖို့ရာ လျှို့ဝှက်ပညာရပ်တစ်ခုအား ထုတ်သုံးထားခဲ့သည့်အတွက်ကြောင့်သာ မဟုတ်လျှင် ထိုနေရာ၌ နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
ရှန်းယုကျု၏ ခန္ဓာကိုယ် တုန်ယင်နေသည်ကို ရန်ကိုင် ခံစားမိပေသည်။ သူမ မည်ကဲ့သို့ ခံစားနေရမလဲဆိုသည်ကိုလည်း သူနားလည်ပေသည်။ ထိုအတွက်ကြောင့် အခြားခေါင်းစဉ်တစ်ခုကို ပြောင်းပြောလိုက်လေသည်။ "ဒီနေရာက လော့ရှာဂိုဏ်းပဲ၊ တောင်ဘက်နယ်မြေထဲက ဂိုဏ်းတစ်ဂိုဏ်းပေါ့၊ စီနီယာ ဒီဂိုဏ်းအကြောင်းကို အရင်ကတော့ ကြားဖူးမှာ မဟုတ်လောက်ဘူး၊ ဒါပေမဲ့ ဒီဂိုဏ်းက မကြာသေးခင်ကမှ တိုက်ခိုက်ခံထားရတာ၊ ဂိုဏ်းရဲ့ ပညာရှင်တော်တော်များများလည်း သေသွားကုန်ပြီ၊ ကျုပ်က ဒီဂိုဏ်းနဲ့ အဆက်အသွယ်နည်းနည်းပါးပါးရှိလို့ ဒီဂိုဏ်းမှာ အဆင့်မြင့်အကြီးအကဲ လာလုပ်ပြီး သူတို့ကို ကာကွယ်ပေးနေတာ၊ စီနီယာ စိတ်ထဲမထားဘူးဆိုရင် အခုလောလောဆယ် ဒီမှာနေနေလို့ရတယ်၊ ပြန်သက်သာလာတော့မှ နောက်ဘာဆက်လုပ်ရမလဲ စဉ်းစားပေါ့"
"ငါ့အခုခန္ဓာကိုယ်က အသက်ရှင်ရုံပဲ ရှင်တော့တာ၊ ဒီတော့ ဘယ်နေရာမဆို အဆင်ပြေတယ်" ရှန်းယုကျုမှာတော့ ထိုကိစ္စများကို ဂရုစိုက်မနေခဲ့ဘဲ မိုးမြေစွမ်းအင်များကိုသာ အရူးအမူး စုပ်ယူနေခဲ့လေသည်။
ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ "စီနီယာ စိတ်ထဲမထားဘူးဆိုရင် ကျုပ်စီစဉ်ပေးမယ်"
"နေဦး" ရန်ကိုင် ထိုနေရာမှ ထွက်သွားတော့မည်အပြု ရှန်းယုကျုသည် ရန်ကိုင်၏ လက်မောင်းကို လှမ်းပုတ်၍ အလျင်စလို တားလိုက်လေသည်။ ရှန်းယုကျု ဘာကြောင့် ထိုကဲ့သို့လုပ်သလဲဆိုသည်ကို မသိပါသော်ငြား ရန်ကိုင်သည် ထိုနေရာ၌ ရပ်နေပေးလိုက်သည်။
ထိုအခိုက်အတန့်တွင် ရောင်နီတို့ ပက်ဖြန်းလာခဲ့ပြီး နေမင်းသည် အရှေ့အရပ်ဆီမှ စတင်၍ ပြေးထွက်လာခဲ့သည်။ တစ်ခဏမျှ စောင့်ဆိုင်းနေပြီးသည့်နောက် မှိန်ဖျော့ဖျော့ အလင်းရောင်တို့ ကုန်းမြေပေါ် ဖြန့်ကြဲကျဆင်းလာခဲ့လေသည်။ ရှန်းယုကျုသည် မိုးကုပ်စက်ဝိုင်းအောက်ဆီသို့ လှမ်းကြည့်နေရင်းမှ ထွက်ပေါ်လာသည့် နေအလင်းရောင်တို့ကို မြင်လိုက်သော် သူမ၏ မျက်လုံးလေးများ အရည်ရွှန်းလဲ့လာပြီး စိတ်ခံစားချက် ရောပြန့်နေသည့် လေသံဖြင့်... "ဒါကို နောက်တစ်ကြိမ် ပြန်မြင်ရလိမ့်မယ်လို့ ငါတစ်ခါမှ မထင်ထားခဲ့ဖူး"
ထိုစကားကို ကြားသော် ရန်ကိုင် မှင်တက်သွားခဲ့လေသည်။ အပြင်လောကကြီးဆီသို့ ရောက်လာပြီးသည့်နောက် ရှန်းယုကျု၌ အရေးကြီးလုပ်စရာတစ်ခုခု ရှိနေလိမ့်မည်ဟု ထင်ထားသော်လည်း နေထွက်လာသည်ကို ကြည့်ချင်ရုံသက်သက်ကြောင့် သူ့အား တားခဲ့ခြင်းဖြစ်မှန်း ရန်ကိုင် မည်ကဲ့သို့များ သိပါမည်နည်း။
သို့ပင်ဖြစ်လင့်ကစား ရှန်းယုကျုကိုတော့ ရန်ကိုင် အမှန်တကယ် လေးစားမိပေသည်။ သူသည်သာ ရှန်းယုကျု၏ နေရာ၌သာဆိုပါက တစ်နေရာ၌ နှစ်ပေါင်းသောင်းနှင့်ချီတိုင်အောင် ပိတ်မိနေခဲ့ရသည့်အတွက်ကြောင့် သူ့စိတ်နေစရိုက်မှာ ကျိန်းသေ အပြောင်းအလဲကြီး ပြောင်းလဲသွားပေလိမ့်မည်။ အမျိုးမျိုးသော နည်းလမ်းများကို သုံး၍ အသက်ရှင်နိုင်ခဲ့မည်ဆိုလျှင်ပင် သူကိုယ်တိုင်သည် အရူးတစ်ယောက်နီးပါး ဖြစ်သွားနိုင်ပေသည်။ သို့သော်ငြား ရှန်းယုကျုကမူ နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် သူမ၏ စိတ်နေစရိုက်ကို မပြောင်းလဲအောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။ ထိုအချက်နှင့်ပင်လျှင် ရန်ကိုင်မှာ သူမအား အမှန်တကယ်ကို အထင်ကြီးမိသွားခဲ့လေပြီ။
သူမသည်သာ အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်သွားခဲ့မည်ဆိုပါက သူ့အနေဖြင့် သူမ၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်မှန်း ရန်ကိုင် သိနေလေသည်။ [ကြည့်ရတာတော့ ဒီလောကကြီးထဲက ဘယ်သူမှ သူ့ပြိုင်ဘက် မဖြစ်လောက်ဘူး၊ ဒါပေမဲ့ ဘာဖြစ်လဲ၊ သူ့လို မိန်းမတစ်ယောက်က သူသိထားတဲ့ လျှို့ဝှက်ချက်ကိုတောင် လာပြောပြနေတာ ငါလိုယောက်ျားတစ်ယောက်က ဘာကိုတွေးကြောက်နေရမှာလဲ]
အရှေ့အရပ်ဆီသို့ လှမ်းကြည့်ရင်းမှ ရန်ကိုင် ရင်ထဲ ရုတ်တရက်ဆိုသလို ဂုဏ်ယူမိချင်သွားခဲ့လေသည်။ ရှန်းယုကျုနှင့် တွေ့ခဲ့သည့် အခိုက်အတန့်သည် သူ့အား နှောင့်နှေးမနေသင့်ကြောင်းကို သတိပေးသွားခဲ့သည်။ အခွင့်အလမ်းများသည် ပြင်ဆင်ထားသူများအတွက်သာ ဖြစ်ပေသည်။ ထိုမဖြစ်နိုင်လှသည့် အခွင့်အရေး မည်သည့်အချိန်တွင် ပေါ်လာမလဲဆိုသည်ကို မသိပါသော်ငြား ထိုအခွင့်အရေး ပေါ်မလာခင် သူ့အနေဖြင့် ဤလောကကြီးထဲရှိ အကောင်းဆုံးနေရာ တစ်နေရာအတွက် ပြိုင်ဆိုင်ဖို့ရာ သင့်တော်သည့် အရည်အချင်းများကို ရရှိထားရန် လိုအပ်ပေသည်။ ထိုပြိုင်ပွဲအတွင်း ဝင်ပြိုင်နိုင်မည့် အရည်အချင်းသာမရှိလျှင် ရန်ကိုင်အနေဖြင့် ထိုအခွင့်အလမ်း သူ့လက်ထဲမှ လွတ်ထွက်သွားသည်ကို ငေးရပ်ကြည့်နေရုံသာ တတ်နိုင်ပေလိမ့်မည်။
တကယ်တော့ နောက်ဆုံးတွင်လည်း ခွန်အားသည်သာ အရာရာသာလျှင် မဟုတ်ပေလော။
ရန်ကိုင်သည် ရှန်းယုကျုနှင့်အတူ နေထွက်သည်ကို တစ်ခဏမျှ ရပ်ကြည့်နေပြီးသည့်နောက်တွင် လော့ရှာတောင်သို့ ပြန်လာခဲ့သည်။ ရန်ကိုင်မှ လုံးဝကို အရိုးပေါ်အရေတင်ဖြစ်နေသည့် အမျိုးသမီးတစ်ဦးအား ပြန်ခေါ်လာသည်ကို မြင်သည့်အခါ ရန်ယီရို့နှင့် ယုခဲရန်တို့ ထိတ်လန့်သွားခဲ့ကြသည်။ အကြောင်းမှာ လက်ရှိ ရှန်းယုကျု၏ အခြေအနေမှာ လုံးဝကို ဆိုးရွားနေသည့်အတွက်ကြောင့်ပင်။ သို့ပင်ဖြစ်လင့်ကစား ဘာမျှ သွားမမေးရဲခဲ့ဘဲ ရန်ကိုင်၏ ညွှန်ကြားချက်အတိုင်း ရှန်းယုကျု နေဖို့ရာ နေစရာတစ်ခု သေသေချာချာ ပြင်ဆင်ပေးလိုက်လေသည်။
အမျိုးသမီးနှစ်ဦး ထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်က ပြောလိုက်လေသည်။ "စီနီယာ၊ ကျေးဇူးပြုပြီး ဒီမှာနားနေဦးနော်၊ တစ်ခုခုလိုတာရှိရင် ကျုပ်ကိုပြောလိုက်"
ရှန်းယုကျုကမူ ပြန်၍ မေးလိုက်လေသည်။ "နင်ငါ့ကို အရင်းအမြစ်ကျောက်နဲ့ ဆေးလုံးနည်းနည်းပါးပါးလောက် ချေးလို့ရမလား၊ နောက်ပိုင်းကျ ငါပြန်ပေးမယ်"
လက်ရှိအချိန် ရန်ကိုင်၏ ဦးစားပေးမှာ သူ့ခွန်အားကို လျင်မြန်စွာ တိုးတက်အောင်လုပ်ရန်ဖြစ်ပြီး ပြင်ဆင်မှုအားလုံး ကြိုတင်ပြီးစီးထားရန် ဖြစ်လေသည်။ ရှန်းယုကျုကမူ သူမ၏ ခွန်အားကို မြန်နိုင်သမျှမြန်မြန် ပြန်ကောင်းလာအောင် လုပ်ရန်ဖြစ်လေ၏။ ဟင်းလင်းပြင်အက်ကြောင်းထဲ နှစ်ပေါင်းသောင်းနှင့်ချီတိုင်အောင် ပိတ်မိနေပြီးသည့်နောက် ရှန်းယုကျု၏ ကျင့်ကြံခြင်း လျော့ကျသွားမလားဆိုသည်ကို ရန်ကိုင် မသိပါသော်ငြား ထိုကဲ့သို့သော နေရာမျိုးမှ အသက်ရှင်လွတ်မြောက်လာပြီးသည့်နောက်တွင် သူမအနေဖြင့် အကျိုးကျေးဇူးကို ကျိန်းသေရရှိခဲ့ရပေလိမ့်မည်။ သူမ၏ မဆုတ်မနစ်သော ဇွဲနှင့် ပြတ်သားသော စိတ်ဓာတ်အရ သူမ၏ ခွန်အားကို ပြန်လည်ရရှိဖို့ရာ ခက်ခဲလိမ့်မည် မဟုတ်ပေ။
ရန်ကိုင်သည် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်၍ ထိုအထဲသို့ အဆင့်မြင့်ကျောက် သန်းဂဏန်းနှင့် ဆေးလုံးအချို့ ထည့်ပေးကာ ရှန်းယုကျုအား ပေးလိုက်လေသည်။
နန်းတော်ထဲမှ ထွက်လာချိန် အလျင်စလို ပြေးလာနေသော တောက်ယင်ရို့ကို ရန်ကိုင် တွေ့လိုက်ရလေသည်။
"အကြီးအကဲရန်" တောက်ယင်ရို့သည် ရန်ကိုင်အား ဦးညွှတ်လိုက်ပြီးသည့်နောက် နန်းတော်ထဲသို့ လှမ်း၍ ကြည့်လိုက်လေသည်။
ရန်ကိုင်က ပြန်၍ ပြောလိုက်သည်။ "ခင်ဗျားရောက်လာတာ အချိန်ကိုက်ပဲ၊ ကျုပ်ခင်ဗျားကို ပြောစရာတစ်ခုရှိတယ်"
လတ်တလောအတွင်း ရှန်းယုကျုမှာ လော့ရှာဂိုဏ်းထဲ နေကာ အားပြန်ဖြည့်နေမည်ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ သူမအကြောင်းကို တောက်ယင်ရို့အား ပြောပြထားရပေလိမ့်မည်။ သို့သော်ငြား သူ့ဘက်မှ ဘာမျှမပြောရသေးခင်မှာပင် ရှန်းယုကျုသည် ရန်ကိုင်အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်း၍ ပြောလာခဲ့လေသည်။ "သူ့ကို ဝင်လာခိုင်းလိုက်"
ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားခဲ့ပြီးသည့်နောက် ပြုံး၍... "ခင်ဗျား အထဲဝင်သွားလို့ရပြီ၊ စီနီယာက ကြည့်ရတာ ခင်ဗျားကို တစ်ခုခုပြောချင်နေတဲ့ပုံပဲ"
"စီနီယာ" တောက်ယင်ရို့ ထိတ်လန့်သွားခဲ့လေသည်။ သူမ အမြင်အရ ရန်ကိုင်သည် အလွန်ကိုမှ မြင့်မားသည့်အဆင့်တွင် ရှိနေသည့် လူတစ်ဦးဖြစ်သည်။ သို့သော်ငြား သူကဲ့သို့သော လူတစ်ဦးကပင်လျှင် စီနီယာဟု ခေါ်ရလောက်သည့် လူသည် မည်ကဲ့သို့သော လူမျိုးများ ဖြစ်နေမည်နည်း။ ရန်ကိုင် ပြန်ခေါ်လာသည့် လူသည် ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးများ ဖြစ်နေလေမလား။ ရန်ယီရို့နှင့် ယုခဲရန်တို့ ပြောပုံကို ကြည့်ရသလောက် ထိုလူသည် လှုပ်ရှားဖို့ရာပင်လျှင် အနိုင်နိုင်ဖြစ်နေသည့်ပုံပင်။ ထိုအပြင် သူမပုံစံမှာ အရိုးပေါ်အရေတင် ဖြစ်နေလေ၏။ ထိုကဲ့သို့သော လူမျိုးသည် မည်ကဲ့သို့များ ရန်ကိုင်၏ စီနီယာတစ်ဦး ဖြစ်နေရလေသနည်း။
ထိုအတွေးများသည် သူမ စိတ်ထဲတွင်သာ ပေါ်လာခြင်းဖြစ်ပြီး အပြင်ကိုတော့ ထုတ်မပြောခဲ့ပေ။ ခွင့်ပြုချက်ရပြီးသည့်နောက်တွင် တောက်ယင်ရို့သည် အထဲသို့ အလျင်စလို ဝင်လာခဲ့လေသည်။
ရန်ကိုင်ကမူ အပြင်ဘက်၌ ငြိမ်သက်စွာ ရပ်စောင့်နေခဲ့သည်။ ရန်ယီရို့နှင့် ယုခဲရန်တို့မှာ ထိုအခိုက်အတန့်၌ ရန်ကိုင်ဆီသို့ လျှောက်လာပြီး ရန်ကိုင်အရှေ့၌ ဒူးထောက်ကာ တောင်းပန်လိုက်လေသည်။ "ကျေးဇူးပြုပြီး ကျွန်မတို့ကို ခွင့်လွှတ်ပေးပါနော် အကြီးအကဲ"
ရန်ကိုင်မှာ ထိုမိန်းကလေးနှစ်ဦးကို အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေသည်။ တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် သူတို့နှစ်ဦး ဘာကြောင့်တောင်းပန်နေရသလဲဆိုသည်ကို နားလည်သွားကာ ရယ်သွမ်းသွေးလိုက်လေ၏။ ထိုကောင်မလေးနှစ်ဦးသည် သူ့ခွင့်ပြုချက်မရဘဲ ယခုကိစ္စအား သူတို့၏ စီနီယာအား ပြန်တင်ပြလိုက်သည်ကို ရန်ကိုင်မှ အပြစ်တင်နေမည်ကို စိုးရိမ်နေကြခြင်းဖြစ်လေသည်။ သူတို့နှစ်ဦးမှ တောက်ယင်ရို့အား သွားအစီရင်မခံလျှင်ပင် ရန်ကိုင်ကမူ တောက်ယင်ရို့ဆီသို့ သွား၍ ဤအကြောင်းကို ပြောပြပေးလိမ့်မည်။ တကယ်တော့ ဤနေရာသည် လော့ရှာဂိုဏ်းပင် မဟုတ်လေလော။ သူ့အနေဖြင့် သူစိမ်းတစ်ယောက်ကို အကြောင်းအရင်းမရှိ ဤနေရာသို့ ခေါ်လာဖို့ရာ သိပ်အဆင်မပြေလှပေ။ သူတို့နှစ်ဦးအား ပြန်မတ်တတ်ရပ်ခိုင်းလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် နှစ်သိမ့်စကားပြော၍ သူတို့အား သွားအနားယူခိုင်းလိုက်လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၈၅)
ဘာသာပြန်သူ_တိမ်တိုက်
အတန်ကြာသွားသည့်အခါမှသာ တောက်ယင်ရို့ ပြန်ထွက်လာခဲ့သည်။
တောက်ယင်ရို့အား လှမ်း၍ကြည့်လိုက်ရာ တောက်ယင်ရို့မှာ ပြုံးပြုံးရွှင်ရွှင်ရှိနေကြောင်း တွေ့လိုက်ရသည့်အတွက်ကြောင့် ရန်ကိုင် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။
သိချင်စိတ်ဖြင့် ရန်ကိုင်က မေးလိုက်မိလေသည်။ “ခင်ဗျား ဘာတွေပျော်နေတာလဲ…”
ရှန်းယုကျု ဘာတွေပြောလိုက်၍များ တောက်ယင်ရို့ ယခုကဲ့သို့ ပျော်နေရသလဲဆိုသည်ကို ရန်ကိုင် သိချင်စိတ်ဖြစ်မိသွားသည်။
တောက်ယင်ရို့ကမူ ရန်ကိုင်အမေးကို ပြန်မဖြေဘဲ ရန်ကိုင်အား ဦးညွှတ်၍သာ ပြန်ပြောလိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲရန်… အကြီးအကဲရန်က ကျွန်မတို့လော့ရှာဂိုဏ်းအတွက် တကယ်ကို ကံကောင်းစေတဲ့သူပဲ…”
ရန်ကိုင်က သူ့နှာခေါင်းကိုပွတ်ရင်းမှ မယုံသင်္ကာအမူအယာဖြင့် ပြန်၍မေးလိုက်လေသည်။ “ခင်ဗျား ဘာပြောချင်တာလဲ…”
တောက်ယင်ရို့က ပြုံး၍ ပြန်ပြောလေသည်။ “အကြီးအကဲရန်က ကျွန်မတို့ဂိုဏ်းရဲ့ ဘိုးဘေးတည်ထောင်သူကို ပြန်ပြီးခေါ်လာပေးတယ်လေ… ဒီတော့ ကျွန်မတို့ဂိုဏ်းရဲ့ ကံကောင်းခြင်းကြယ်ပေါ့…”
“ဘိုး… ဘိုးဘေးတည်ထောင်သူ…” ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။ ရန်ယီရို့နှင့် ယုခဲရန်တို့မှာလည်း အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေကုန်ကြလေသည်။ ဘိုးဘေးတည်ထောင်သူသည် ရုတ်တရက် ဗြုန်းစားကြီးပေါ်လာလိမ့်မည်ဟု သူတို့ မထင်ထားကြပေ။ လော့ရှာဂိုဏ်း၏ ဘိုးဘေးတည်ထောင်သူမှာ ယခင်ဂိုဏ်းချုပ်ဖြစ်သည့် ယုလော့ရှာ မဟုတ်လေလော။
ကျန်သည့်လူများ ဇဝေဇဝါဖြစ်နေပါသော်ငြား ရန်ကိုင်ကမူ ဘာကြောင့် ထိုကဲ့သို့ဖြစ်ရသလဲဆိုသည်ကို ချက်ချင်း နားလည်သွားခဲ့သည်။ သူ့အထင်မမှားလျှင် လော့ရှာဂိုဏ်း၏ သိုင်းပညာရပ်အားလုံးကို ရှန်းယုကျုမှ ပေးခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။ ရှန်းယုကျုမှာ သူမအား တစ်စုံတစ်ဦးမှ လာကယ်နိုင်စေရန်အလို့ငှာ ထိုကဲ့သို့လုပ်ခဲ့ခြင်းဖြစ်ပါသော်ငြား ယုလော့ရှာသည် သူမ၏ပညာရပ်များကို ကျင့်ကြံခဲ့သည့်အတွက်ကြောင့် သူမ၏တပည့်ဖြစ်သည်ဟု ပြော၍ရပေသည်။ ထို့နည်းတူစွာပင် လော့ရှာဂိုဏ်း၏ အခြားသောတပည့်အားလုံးမှာလည်း သူမ၏တပည့်များ ဖြစ်ကြပေသည်။
သို့ပင်ဖြစ်လင့်ကစား ယုလော့ရှာကမူ ထိုအချက်ကို မသိခဲ့ပေ။
ရှန်းယုကျုမှ ထိုအကြောင်းကို တောက်ယင်ရို့သိအောင် ပြောခဲ့ရခြင်းမှာ ဤနေရာတွင် သူမ၏ခွန်အားကို ပြန်လည်ဖြည့်တင်းလိုသည့်အတွက်ကြောင့် ဖြစ်ပေသည်။ လော့ရှာဂိုဏ်းမှာ အားမကောင်းပါသော်ငြား အတော်အသင့်အားကောင်းသည့် ဂိုဏ်းတစ်ဂိုဏ်းတော့ ဖြစ်နေဆဲ။ ထို့အပြင် ဂိုဏ်းထဲရှိ လူပေါင်းများစွာ၏ အကူအညီကိုသာ ရလိုက်မည်ဆိုလျှင် သူမ၏ခွန်အားကို ပို၍လျင်လျင်မြန်မြန် တိုးတက်လာအောင် လုပ်နိုင်ပေလိမ့်မည်။
“စီနီယာက ငါတို့ဂိုဏ်းရဲ့ သိုင်းကျင့်စဉ်တွေ၊ သိုင်းပညာရပ်တွေအကုန်လုံးရဲ့ မူလဇစ်မြစ်ဆိုတာကို ကျွန်မ အတည်ပြုပြီးသွားပြီ… အရင်တုန်းက အဲ့စီနီယာက မကောင်းတဲ့လူတစ်ယောက်ကြောင့် တားမြစ်နယ်မြေထဲမှာ ပိတ်မိနေတာ… ကျွန်မတို့အရင်ဂိုဏ်းချုပ်က အဲ့စီနီယာရဲ့ သိုင်းပညာရပ်တွေအကုန်လုံးကို သင်ခဲ့ရပေမယ့် ဘိုးဘေးတည်ထောင်သူ ဘယ်မှာဖမ်းခံထားရလဲဆိုတာကို မသိခဲ့ဘူး… ဒါကြောင့်ပဲ အဲ့ကိစ္စကိုတွေးရင်း ဂိုဏ်းချုပ် တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရသေးတယ်… အကြီးအကဲရန်… ဘိုးဘေးတည်ထောင်သူကို ပြန်ကယ်လာပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်… ကျွန်မတို့လော့ရှာဂိုဏ်းသားတွေအားလုံး အကြီးအကဲရန်ကို တကယ်ကျေးဇူးတင်နေမှာပါ…”
ဂိုဏ်းတစ်ဂိုဏ်းထဲ၌ ဆရာတပည့်များ၏ ဆက်ဆံရေးထက် အခြားသော မည်သည့်ဆက်ဆံရေးကမှ ပို၍ခိုင်မြဲခြင်းမရှိပေ။ တောက်ယင်ရို့မှာ ယခင်ဂိုဏ်းချုပ်ယုလော့ရှာသည် ရှန်းယုကျုဆီမှ သင်ခဲ့သည့်သိုင်းပညာရပ်များကြောင့် ဧကရာဇ်အဆင့်ပညာရှင်အဆင့်သို့ ရောက်ခဲ့ရကြောင်းကို အတည်ပြုပြီးသွားခဲ့လေပြီ။ ထိုအကြောင်းကြောင့် ရှန်းယုကျုသည် လော့ရှာဂိုဏ်း၏ ဘိုးဘေးတည်ထောင်သူဖြစ်သည်ဟူသော အချက်မှာ ငြင်း၍မရပေ။ ထိုအကြောင်းကြောင့် ယခုမှသာလျှင် သူတို့နှစ်ဦး ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သလို ရှန်းယုကျုမှာလည်း အလွန်ကိုမှ အားနည်းနေလင့်ကစား တောက်ယင်ရို့မှာတော့ သူမမည်သူမည်ဝါဖြစ်သည်ကို ချက်ချင်းသိသွားခဲ့ပြီး သူမအား ဘိုးဘေးတည်ထောင်သူအဖြစ် တလေးတစား ဆက်ဆံခဲ့လေသည်။
“ဒီတိုင်း တိုက်ဆိုင်သွားရုံပါပဲ… ဂုဏ်ယူပါတယ်…” ရန်ကိုင်က ပြုံး၍ ပြောလိုက်လေသည်။
“အကြီးအကဲရန်ကိုလည်း အတူတူပါပဲ…” တောက်ယင်ရို့က ပြုံး၍ “အကြီးအကဲရန်လည်း လော့ရှာဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီလေ…”
“ဟုတ်တော့လည်း ဟုတ်တာပါပဲ…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ အခမ်းအနားပွဲပြီးသွားသည့်နောက်တွင် ရန်ကိုင်သည် လော့ရှာဂိုဏ်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့လေပြီ။
ထို့နောက်တွင် တောက်ယင်ရို့သည် အလေးအနက်အမူအယာဖြင့် ရန်ကိုင်ကိုကြည့်ကာ ပြောလိုက်လေသည်။ “အကြီးအကဲရန် ဒီကိစ္စကို အခြား ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့ဦးနော်… ဘိုးဘေးတည်ထောင်သူက အခုလောလောဆယ် အရမ်းအားနည်းနေတာ… ပြန်ကောင်းလာဖို့ဆိုရင် တော်တော်လိုဦးမှာ…”
“ဒါပေါ့ ဒါပေါ့…” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ကြိတ်ကာ သက်ပြင်းချလိုက်လေသည်။ မူလကမူ ရှန်းယုကျုအား လော့ရှာဂိုဏ်းထဲသို့ ခေါ်လာသည့်အခါတွင် တောက်ယင်ရို့နှင့် အခြားသူများမှ ဆန့်ကျင်နေမည်ကို တွေးပူခဲ့ရသေးသည်။ တောက်ယင်ရို့ ရှန်းယုကျုအား ခေါ်လာသည့်အပေါ် မကျေနပ်ပါက ရှန်းယုကျုကို ထက်ကောင်းကင်နန်းတော်ဆီသို့ ပို့ရန်ပင် ရန်ကိုင် စဉ်းစားထားခဲ့ပေသေးသည်။ သို့သော်ငြား ရှန်းယုကျုတွင် ဤကဲ့သို့သောဝှက်ဖဲတစ်ခု ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကြည့်ရသလောက် သူမကိုယ်တိုင်သည်လည်း ဤနေရာ၌ နေချင်သည့်ပုံပင်။
လော့ရှာဂိုဏ်းအနေဖြင့် အကြောင်းစုံကိုသိပြီးသည့်နောက် ရှန်းယုကျုအား လက်မခံနိုင်စရာအကြောင်း မရှိတော့ပေ။ ထိုစဉ်က အလွန်ကိုခက်ခဲနေခဲ့သည့်တိုင် ရှန်းယုကျုမှာ တစ်စုံတစ်ဦးကိုပင်လျှင် ဧကရာဇ်အဆင့်သို့ ရောက်အောင် ကူညီပေးနိုင်ခဲ့လေရာ သူမ၏ကျင့်ကြံခြင်းသည် ဤလောကကြီး၏ ထိပ်ဆုံးအဆင့်တွင် ရှိနေရပေလိမ့်မည်။ သူမသည်သာ သူတို့အား ကူညီပေးနိုင်မည်ဆိုလျှင် လော့ရှာဂိုဏ်းသည် ကျိန်းသေ တိုးတက်လာရပေလိမ့်မည်။
“နင်တို့နှစ်ယောက်… ဒီအကြောင်းကို ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော်… ပြောရင် နင်တို့နှစ်ယောက်စလုံး သေပြီပဲ…” တောက်ယင်ရို့သည် ရန်ယီရိ့နှင့် ယုခဲရန်တို့အား စိုက်ကြည့်၍ သတိပေးလိုက်လေသည်။
“ဟုတ်ကဲ့…” အမျိုးသမီးနှစ်ဦးစလုံး ချက်ချင်း ခေါင်းညိတ်လိုက်ကြသည်။ တစ်ချိန်တည်းတွင်လည်း သူတို့ဂိုဏ်း၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ကြီးတစ်ခုအကြောင်းကို သိသွားရပြီမှန်းလည်း သဘောပေါက်သွားခဲ့ကြသည်။
ရန်ကိုင်နှင့် အနည်းအကျဉ်း စကားပြောပြီးသည့်နောက်တွင် တောက်ယင်ရို့သည် ဤနေရာမှ အလျင်စလို ထွက်ခွာလာခဲ့လေသည်။ ယနေ့အကြောင်းကို အခြားသော တာအိုသခင်အဆင့် အကြီးအကဲများအား သွားပြောပြမည့်ပုံပင်။ ဤအကြောင်းအရာသည် ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ဖြစ်ပါသော်ငြား လော့ရှာဂိုဏ်းတွင် တာအိုသခင်အဆင့်ပညာရှင် ငါးဦးသာ ရှိပေသည်။ အချို့လျှို့ဝှက်ချက်များမှာ ပြောပြ၍မရပါသော်ငြား အချို့မှာတော့ သိထားသင့်သည့်အရာများ ဖြစ်ကြသည်။
လော့ရှာဂိုဏ်းရှိကိစ္စများမှာ ပြီးသွားပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် ဤနေရာတွင် ဆက်နေရန် မစဉ်းစားထားခဲ့ပေ။ ရှန်းယုကျု ပြန်ကောင်းလာဖို့ရာ အချိန်ကြာလိမ့်ဦးမည်ဖြစ်ပါသော်ငြား လော့ရှာဂိုဏ်းမှာ သူ့ကာကွယ်မှုအောက်၌ ရှိနေမည်ဖြစ်ကြောင်း လူတိုင်း သိနေကြပြီဖြစ်လေရာ မည်သူမျှ လော့ရှာဂိုဏ်းကို လာရန်စရဲကြတော့လိမ့်မည်မဟုတ်ပေ။
နောက်တစ်နေ့တွင် ရန်ကိုင်သည် ရှန်းယုကျုနှင့် တောက်ယင်ရို့တို့ကို နှုတ်ဆက်၍ ထွက်လာခဲ့လိုက်သည်။
ရန်ကိုင်အား အံ့အားသင့်သွားစေသည့်အချက်မှာ တစ်နေ့အတွင်းမှာပင် ရှန်းယုကျု၏အခြေအနေ အဆပေါင်းများစွာ ပိုမိုကောင်းမွန်လာခြင်းပင်။ သူမပုံစံသည် အတော်လေးကို ပိန်လှီနေသေးသလို အသက်ဓာတ်မှာလည်း အားနည်းနေသေးပါသော်ငြား ပထမတစ်နေ့ကနှင့်ယှဉ်လိုက်သော် အဆပေါင်းများစွာ ပိုမိုကောင်းမွန်နေခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် မြောက်ဘက်နယ်မြေရှိ ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်လာခဲ့လေသည်။
ထက်ကောင်းကင်တောင်ပေါ်၌ ရန်ကိုင်သည် ဟွာချင်းစီကိုခေါ်၍ လက်တလော ဂိုဏ်းနှင့် မြောက်ဘက်နယ်မြေအကြောင်းကို မေးမြန်းကြည့်လိုက်သည်။ စီးပွားရေးမှာ အဆင်ပြေပြေနှင့်ရှိနေပြီး တပည့်အားလုံးမှာလည်း ကြိုးကြိုးစားစားကျင့်ကြံနေကြောင်း ဟွာချင်းစီမှ ပြောပြခဲ့သည်။ တောင်ဘက်နယ်မြေအား ကူညီပေးရန်အတွက် ရန်ကိုင်သည် လူပေါင်းများစွာကို ခေါ်သွားခဲ့ပါသော်ငြား ထက်ကောင်းကင်နန်းတော်မှမူ လူအချို့ကိုသာ ခေါ်သွားခဲ့သည်။ ထို့အတွက်ကြောင့် အတော်များများမှာ ဘာဖြစ်နေသလဲဆိုသည်ကို မသိကြပေ။
မြောက်ဘက်နယ်မြေမှ လူများမှာမူ ရန်ကိုင်၏ အဆက်အသွယ်များကို တွေ့ရှိသွားပြီးသည့်နောက်တွင် မည်သူမျှ ရန်ကိုင်အား မဆန့်ကျင်ရဲကြတော့ပေ။
ယခင်က ရန်ကိုင်သည် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းနှင့် အတူပူးပေါင်းကာ မြောက်ဘက်နယ်မြေတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ခဲ့သည်။ ခွန်အားခြင်း မယှဉ်နိုင်သည့်အတွက်ကြောင့် အကုန်လုံးမှာ ခေါင်းငုံ့အညံ့ခံခဲ့ရပါသော်ငြား လူပေါင်းများစွာမှာတော့ ကျေနပ်ခြင်း မရှိကြပေ။ သို့သော်ငြား တောင်ဘက်နယ်မြေတွင် ဖြစ်သွားသည့် ကိစ္စများကို မြင်တွေ့ပြီးသည့်နောက် ထိုလူများမှာ သူတို့စိတ်ထဲ မကျေနပ်ကြသေးသည့်တိုင် နောက်တစ်ကြိမ် ဆူဆူပူပူ ထပ်မလုပ်ရဲတော့ပေ။ ယခုဆိုလျှင် မြောက်ဘက်နယ်မြေထဲရှိ အကုန်လုံးသည် ရန်ကိုင်အား မြောက်ဘက်နယ်မြေ၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားကြလေပြီ။ ထို့အတွက်ကြောင့် ထက်ကောင်းကင်နန်းတော်သည် မြောက်ဘက်နယ်မြေတစ်ခုလုံး၏ ခေါင်းဆောင် ဖြစ်လာခဲ့လေ၏။
ရန်ကိုင်ဆင့်ခေါ်သည်ကို မလာခဲ့ကြသော ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြသော နဂါးကျားဂိုဏ်းနှင့် တိမ်တိုက်ဂိုဏ်းမှာတော့ အမြစ်ပြတ် ရှင်းပစ်ခံလိုက်ရလေ၏။
ထိုဂိုဏ်းနှစ်ဂိုဏ်းသည် လော့ရှာဂိုဏ်းနှင့် အဆင့်တူတွင် ရှိနေကြသည့် ဂိုဏ်းများဖြစ်ကြသည်။ ထိုဂိုဏ်းတစ်ဂိုဏ်းချင်းစီ၌ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးစီနှင့် တပည့်ပေါင်း အယောက်တစ်ထောင်မှ နှစ်ထောင်နီးပါး ရှိကြသည်။ ရှင်းရှင်းပြောရသော် ထိုဂိုဏ်းနှစ်ဂိုဏ်းစလုံးမှာ တတိယအဆင့်ဂိုဏ်းများ ဖြစ်ကြပါသော်ငြား လွန်ခဲ့သောတစ်လခန့်က ဂိုဏ်းနှစ်ဂိုဏ်းစလုံး အမြစ်ပြတ် ရှင်းပစ်ခံလိုက်ရလေသည်။ ဧကရာဇ်အဆင့်ပညာရှင်များနှင့် တပည့်များအားလုံး အသတ်ခံလိုက်ကြရသည်။
“အဲ့ဒါ ငါတို့လုပ်တာလား…” ရန်ကိုင်သည် ဟွာချင်းစီကိုကြည့်ရင်းမှ မေးလိုက်သည်။
ဟွာချင်းစီက ကူကယ်ရာမဲ့စွာဖြင့် ပြုံးလျက် ပြန်ပြောလိုက်သည်။ “ထက်ကောင်းကင်နန်းတော်နဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် နန်းတော်သခင်နဲ့တော့ နည်းနည်းပါးပါးဆိုင်တယ်…”
ရန်ကိုင်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လျက် “ငါနဲ့… သူတို့ ရှင်းပစ်ခံလိုက်ရလို့ ခံလိုက်ရမှန်းတောင် ငါသိတာမဟုတ်ဘူးလေ…”
ရန်ကိုင်သည် လွန်ခဲ့သည့်တစ်ချိန်လုံး တောင်ဘက်နယ်မြေတွင်သာ တောက်လျှောက်နေခဲ့ပြီး မြောက်ဘက်နယ်မြေသို့ ပြန်မလာဖြစ်ခဲ့ပေ။ ထိုသို့ဖြစ်လေရာ ထိုလူများအသတ်ခံလိုက်ရခြင်းသည် သူနှင့် မည်ကဲ့သို့များ ပတ်သက်နေရလေသနည်း။ တစ်စုံတစ်ဦးသည်သာ သူ့အား ဤအကြောင်းကို လာပြောမည်ဆိုပါက ရန်ကိုင် ယတိပြတ် ငြင်းပစ်ပေလိမ့်မည်။ သို့သော်ငြား ပြောနေသည့်လူမှာ ဟွာချင်းစီဖြစ်နေသည့်အတွက်ကြောင့် ရန်ကိုင်မှာ ခေါင်းစားသွားရတော့သည်။
ဟွာချင်းစီက ဆက်၍ပြောလိုက်လေသည်။ “နန်းတော်သခင် မမှတ်မိတော့ဘူးလား… မြောက်ဘက်နယ်မြေက ဧကရာဇ်အဆင့်ပညာရှင်တွေကို ဆင့်ခေါ်လိုက်တုန်းက အဲ့ဂိုဏ်းကလူတွေ မလာဘူးလေ… ဒီတော့ အဲ့တုန်းက သူတို့ ဆက်ပြီးတော့ ပေါ်လာစရာမလိုတော့ဘူးလို့ နန်းတော်သခင်ပဲ ပြောလိုက်တာလေ…”
ရန်ကိုင်က သူ့မေးစေ့ကိုပွတ်ရင်းမှ ရေရွတ်လိုက်သည်။ “ငါ အဲ့လိုမျိုးပြောလိုက်တာလား…”
ထိုစဉ်က ရန်ကိုင်မှာ ယုကျိုးသေသွားသည့်ကိစ္စနှင့်ပါ ထပ်ပေါင်း၍ အတော်လေးကိုမှ ဒေါသထွက်နေခဲ့လေရာ ထိုကဲ့သို့သောစကားမျိုးကို ဒေါသထွက်ထွက်နှင့် ပြောမိခဲ့သည်မှာ အဆန်းတော့မဟုတ်ပေ။ သို့သော်ငြား ထိုစဉ်က သူ ဘာပြောခဲ့သလဲဆိုသည်ကို ရန်ကိုင် သေချာမမှတ်မိတော့ပေ။ ထို့အပြင် သူ့အနေဖြင့် ထိုကဲ့သို့ပြောခဲ့မည်ဆိုလျှင်ပင် ကိစ္စမရှိပေ။ ထိုဂိုဏ်းနှစ်ဂိုဏ်းမှလူများသည် ဆင့်ခေါ်ထားသည့်အချိန်အတွင်း ထက်ကောင်းကင်နန်းတော်ဆီသို့ ရောက်အောင် လာနိုင်ပေသည်။ သို့သော်ငြား မလာခဲ့ပေ။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ထက်ကောင်းကင်နန်းတော်၏အမိန့်များကို အလေးမထားသည်မှာ သိသာလှသည်။
ရန်ကိုင်မှာ တောင်ဘက်နယ်မြေရှိ ကိစ္စအားလုံး ပြီးသွားသည့်အခါမှသာလျှင် ထိုဂိုဏ်းနှစ်ဂိုဏ်းနှင့် စာရင်းရှင်းရန် စဉ်းစားထားခြင်းဖြစ်လေသည်။ သို့သော်ငြား ထိုအရာများမှာ သူ၏ ကိုယ်ပိုင်အတွေးသာ ဖြစ်ပြီး မည်သူ့ကိုမှ ဘာလုပ်ပါဟု အမိန့်မပေးရသေးပေ။ ယခုဆိုလျှင် ရန်ကိုင်မှာ ထိုဂိုဏ်းနှစ်ဂိုဏ်းနှင့် စာရင်းရှင်းရမည်ကိုပင် မေ့လျော့နေခဲ့သည်။ သို့သော်ငြား သူပြန်ရောက်ရောက်ချင်းမှာပင် ထိုဂိုဏ်းနှစ်ဂိုဏ်း ပျက်စီးသွားပြီဆိုသည့်အကြောင်း ကြားလိုက်ရမည်ဟု မထင်ထားခဲ့ပေ။
ဟွာချင်းစီက ဆက်၍ပြောလိက်သည်။ “လွန်ခဲ့တဲ့တစ်လလောက်တုန်းက မီချီက ဂိုဏ်းဆယ်ဂိုဏ်းလောက်က အင်အားစုတွေအကုန်လုံးကို စုဆောင်းပြီးတော့ အဲ့ဂိုဏ်းနှစ်ဂိုဏ်းစလုံးကို အမြစ်ဖြုတ်ပစ်လိုက်တာ… အဲ့ဂိုဏ်းနှစ်ဂိုဏ်းက ဧကရာဇ်အဆင့်ပညာရှင်နှစ်ဦးကိုလည်း လူမြင်ကွင်းမှာပဲ သတ်ပစ်လိုက်တယ်… ပြီးတော့ အဲ့ဂိုဏ်းကရလာတဲ့ ပစ္စည်းတွေအကုန်လုံးကိုလည်း ကျွန်မတို့ဆီ ပို့ပေးလာတယ်…”
“ဘယ်လို…” ရန်ကိုင်က အံ့အားသင့်တကြီးဖြင့် “သူ့ကို အဲ့လိုလုပ်ဖို့ ဘယ်သူကပြောလို့လဲ…”
ဟွာချင်းစီက ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်… နန်းတော်သခင်က ဒီတိုင်းပဲ သာမန်ကာလျှံကာ ပြောလိုက်တာဆိုပေမယ့် အချို့လူတွေက နန်းတော်သခင်ပြောတာကို တကယ် အတည်ကြီးမှတ်ယူထားကြတာလေ…”
ထိုစကားကိုကြားသော် ရန်ကိုင် ပြောစရာစကား ပျောက်ရှသွားတော့လေသည်။ထိုသို့သာဆိုလျှင်တော ထိုဂိုဏ်းနှစ်ဂိုဏ်း ဖျက်ဆီးခံလိုက်ရခြင်းမှာ သူ့ကြောင့်ဖြစ်သည်ဟု ပြော၍ရသွားလေပြီ။
ဟွာချင်းစီက ဆက်၍ပြောလိုက်သည်။ “ဒါဆိုရင် နန်းတော်သခင်က အဲ့ဂိုဏ်းနှစ်ဂိုဏ်းနဲ့ စာရင်းရှင်းဖို့ တကယ်မစဉ်းစားထားဘူးပေါ့… မီချီကပဲ သူ့ဘာသာသူ စည်းကျော်ပြီးတော့ လုပ်တာပေါ့… ဒါဆို ကျွန်မတို့ သူ့ကို အပြစ်ပေးရမှာပေါ့… ဟုတ်တယ်မလား…”
ရန်ကိုင်က နှုတ်ခမ်းကိုမဲ့လျက် “ဒါဆို ငါတို့ သူ့ကို ဘယ်လိုအပြစ်ပေးသင့်လဲ…”
ဟွာချင်းစီက ပြန်ပြောလိုက်သည်။ “အဲ့ဒါကတော့ နန်းတော်သခင်အပေါ်မှာပဲ မူတည်တာပေါ့…မီချီ စည်းကျော်သွားတယ်ထင်ရင် သူ့ကျင့်ကြံခြင်းကို ဖျက်ဆီးပြီးတော့ သေတဲ့လူတွေကို ပြန်တောင်းပန်ခိုင်းလိုက်လေ… ဒါမှမဟုတ် ဒီကိစ္စက ထက်ကောင်းကင်နန်းတော်နဲ့ ဘာမှမဆိုင်ပဲ မီချီ သူ့ဘာသာသူ လုပ်တာလို့လဲ ကြေညာချက်ထုတ်လို့ရတယ်…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “တောင်းပန်တာတွေသာ အသုံးဝင်မယ်ဆိုရင် ဘာလို့ ကျင့်ကြံနေဦးမှာလဲ… ပြီးတော့ မီချီက လုပ်သွားပြီလေ… ငါတို့ သူ့ကျင့်ကြံခြင်းကို သွားဖျက်ဆီးပစ်လိုက်မယ်ဆိုရင်တောင် ငါတို့မှားနေတာလို့ လူတိုင်းကိုပြောလိုက်သလို ဖြစ်နေမှာပေါ့…” တစ်ချက်မျှရပ်ပြီးသည့်နောက် ရန်ကိုင်က ဆက်ပြောလိုက်သည်။ “အစ်မဟွာ.. နင့်ကြည့်ရတာ သိပ်မကျေမနပ်ဖြစ်နေသလိုပဲနော်…”
ဟွာချင်းစီက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “အာ… ဘယ်လိုလုပ်ပြီး အဲ့လိုမျိုးဖြစ်ရမှာလဲ နန်းတော်သခင်ရဲ့… ဒါပေမယ့် အဲ့ကိစ္စကြောင့် ထောင်နဲ့ချီတဲ့လူတွေရဲ့အသက် ဆုံးရှုံးသွားရတာလေ…”
ရန်ကိုင်က မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်လေသည်။ “အစ်မဟွာ… အဲ့လိုမျိုးကြီး ဝေ့လှည့်ပတ်ကြောင်ပတ်တွေ လျှောက်ပြောမနေစမ်းပါနဲ့… မသိရင် ကျုပ်တို့နှစ်ယောက်က သူစိမ်းတွေကျနေတာပဲ…”
သက်ပြင်းတစ်ချက်ချလိုက်ပြီးသည့်နောက် ဟွာချင်းစီ ရန်ကိုင်အား ခေါင်းမော့ကာကြည့်၍ ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်… နန်းတော်သခင်က ငယ်ငယ်လေးနဲ့ အခုလိုမျိုး လူတစ်လုံးသူတစ်လုံး နာမည်ကျော်ကြားလာအောင် လုပ်နိုင်တယ်… ကျင့်ကြံခြင်းကလည်း အရမ်းမြင့်တယ်… အခုဆိုရင် မြောက်ဘက်နယ်မြေတစ်ခုလုံးရဲ့ ခေါင်းဆောင်တောင်ဖြစ်နေပြီ… ကျွန်မစိတ်ပူတာက နန်းတော်သခင် ဒီလောက်အသက်ငယ်ငယ်လေးနဲ့ အရမ်းတွေအောင်မြင်ပြီးတော့ ဂုဏ်မောက်သွားပြီး စိတ်ဓာတ်တွေပါပြောင်းသွားမှာကို စိုးရိမ်တာ… အခုတစ်ကြိမ်ဖြစ်သွားသလိုပဲ ဒီထောင်နဲ့ချီတဲ့လူတွေ သေသွားတဲ့ကိစ္စက နန်းတော်သခင်နဲ့ ဘာမှမဆိုင်ဘူးလို့ ယုံနေတာလေ…”
ရန်ကိုင်ကမူ ဘာမျှပြန်မပြောခဲ့ဘဲ ငြိမ်ငြိမ်လေးသာ နားထောင်နေခဲ့သည်။ ထိုအချင်းအရာကိုမြင်သော် ဟွာချင်းစီက ဆက်၍ပြောလိုက်သည်။ “တကယ်ဆိုရင် အဲ့လူတွေအသတ်ခံလိုက်ရတာ နန်းတော်သခင်ကြောင့်ပဲ… နန်းတော်သခင်က ကိုယ်ပြောတာကို ဒီတိုင်းပဲ ဒေါသထွက်ထွက်နဲ့ ပြောမိလိုက်တယ်လို့ ပြောမယ်ဆိုရင်တောင် သူတို့သေသွားရတာ နန်းတော်သခင်ရဲ့ စကားကြောင့်ပဲလေ… အခု နန်းတော်သခင်ရဲ့ စကားတစ်ခွန်းက ဘယ်လောက်ထိ အဓိပ္ပာယ်ရောက်လဲဆိုတာကို နားလည်ပြီလား…”
ထိုစကားကိုကြားသော် ရန်ကိုင်ကြောင်သွားခဲ့လေသည်။
ဟွာချင်းစီပြောသကဲ့သို့ပင် ထိုဂိုဏ်းနှစ်ဂိုဏ်းပျက်စီးသွားရခြင်းမှာ သူနှင့် သက်ဆိုင်သည်ဟု ရန်ကိုင်မထင်ပေ။ မီချီ သူပြောသည်ကို အဓိပ္ပာယ်မှားကောက်ပြီး စည်းကျော်သွားသည်ဟုသာ ထင်နေမိလေသည်။ သို့သော်ငြား ဟွာချင်းစီပြောပြသွားသည်ကို သေသေချာချာနားထောင်ကြည့်မည်ဆိုလျှင် သူ့အပြစ်လည်းမကင်းကြောင်း သဘောပေါက်သွားခဲ့သည်။
လက်ရှိ သူ့အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ခွန်အားအရ ရန်ကိုင်ဆီမှ ထွက်လာသည့် အမိန့်တစ်ခုသည် ဂိုဏ်းနှစ်ဂိုဏ်းအား ဖျက်ဆီးပြီး ထောင်နှင့်ချီသောလူများကို ဇီဝိန်ခြွေပစ်နိုင်ပေသည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာတော့ အစောပိုင်းကသူပြောသကဲ့သို့ပင် ထိုထောင်နှင့်ချီသည့်လူများ သေသွားရသည်မှာ သူ့ကြောင့်မဟုတ်ဟု ယုံကြည်နေပေသည်။ ယခု သေသေချာချာ ပြန်စဉ်းစားကြည့်မည်ဆိုလျှင် သူ့လက်တစ်ခုလုံး သွေးစွန်းနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။
ဟွာချင်းစီက ဆက်၍ပြောလိုက်သည်။ “အခု နန်းတော်သခင်က မြောက်ဘက်နယ်မြေတစ်ခုလုံးရဲ့ ခေါင်းဆောင်ဖြစ်နေပြီဆိုတော့ နောက်ပိုင်း ကိုယ်ပြောတဲ့စကားကို သေသေချာချာ သတိထားဖို့ မျှော်လင့်ပါတယ်… အလုပ်တွေလုပ်မယ်ဆိုရင်လည်း သေသေချာချာလေး လုပ်ပေးပေါ့… အခုတစ်ကြိမ်ကတော့ ဒီအဖြစ်အပျက်ကို အတွေ့အကြုံအဖြစ်ပဲ မှတ်ယူထားလိုက်တော့ပေါ့…”
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် “အင်း… ငါ သေချာမှတ်ထားလိုက်ပါမယ်…”