အခန်း (၃၂၈၆-၃၂၉၀)
Vol. 144 Ch. 3286-3290
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၈၆)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင် သူမအကြံပေးနေသည်အား နားစိုက်ထောင်နေသည်ကိုမြင်သည့်အခါမှသာ ဟွာချင်းစီ သက်ပြင်းချနိုင်သွားခဲ့သည်။ သူမပုံစံမှာ အနည်းငယ် မလေးစားသည့်ပုံ ပေါက်နေပါသော်ငြား သူမပြောသည်မှာလည်း မှားတော့မမှားပေ။ ရန်ကိုင်သည် ဤကဲ့သို့သော အခွင့်ထူးခံစွမ်းအားမျိုးကို ရရှိပြီးသည့်နောက် သူ၏စိတ်နေစိတ်ထားသည်ပါ ပြောင်းလဲသွားမည်ကို သူမ စိုးရိမ်ခဲ့ရသည်။ အခွင့်အာဏာမြင့်မားလာခြင်း၊ ခွန်အားကြီးမားလာခြင်းသည် လူအချို့၏ရင်ထဲတွင် ရှိနေသော စိတ်ဆန္ဒရိုင်းများကို နိုးကြားလာအောင် လုပ်ပေးနိုင်ပေသည်။ သို့သော်ငြား လက်ရှိအခြေအနေကို ကြည့်ရသလောက် ရန်ကိုင်မှာတော့ ဘာမျှ မပြောင်းလဲသွားသည့်ပုံပင်။
ထိုအကြောင်းကြောင့် ဟွာချင်းစီက ထပ်၍ ပြောလိုက်လေသည်။ “မြောက်ဘက်နယ်မြေတစ်ခုလုံးကို စုစည်းချင်တယ်ဆိုရင် ခွန်အားကိုချည်း မှီခိုနေလို့မရဘူး… ဒီခွန်အားကို အားကိုးတယ်ဆိုတာ ပထမပိုင်းသုံးရမယ့်နည်းလမ်းပဲ… ဒါပေမယ့် ခေါင်းဆောင်တစ်ဦးအဖြစ် လေးစားခံချင်တယ်ဆိုရင် လူအများရဲ့ယုံကြည်မှုကို ရအောင်လုပ်ဖို့လိုတယ်… အကြမ်းနည်းသုံးပြီး သူတို့ကိုဖိနှိပ်တာက အစပိုင်းမှာ ထိရောက်နိုင်တယ်ဆိုပေမယ့် အခြားသူတွေ ငါတို့အပေါ် မကျေမနပ်ဖြစ်လာအောင် လုပ်နေသလို ဖြစ်နေလိမ့်မယ်… ဟိုဂိုဏ်းနှစ်ဂိုဏ်း ဖျက်ဆီးပစ်ခံလိုက်ရတဲ့ကိစ္စက ပေါ့သေးသေးမဟုတ်ဘူး… အခုတလော မြောက်ဘက်နယ်မြေထဲက ဂိုဏ်းတော်တော်များများက ငါတို့ သူတို့ကိုများ ပစ်မှတ်ထားလာမလားဆိုပြီးတော့ စိတ်ပူနေကြတာ… ငါတို့ဘက်က သူတို့ကိုပစ်မှတ်မထားဘူးဆိုရင်တောင် သူတို့ကတော့ ယုံမှာမဟုတ်ဘူး…”
ရန်ကိုင်က မျက်လုံးမှေးစင်းလျက် ပြန်ပြောလိုက်လေသည်။ “ဒီတစ်ကြိမ် မီချီကတော့ တကယ်ကို စည်းကျော်သွားပြီ… ဒီတော့ သူ့ကို ကျိန်းသေ အပြစ်ပေးသင့်တယ်…”
ဟွာချင်းစီက လက်သီးဆုပ်၍ ပြန်ပြောလိုက်သည်။ “နန်းတော်သခင် ဒီလိုမျိုးဆုံးဖြတ်လိုက်တာ တကယ်ကိုမှန်ကန်တဲ့လုပ်ရပ်ကို ရွေးချယ်လိုက်တာပဲ… နန်းတော်သခင် သူ့ကို ဘယ်လိုအပြစ်ပေးဖို့ စဉ်းစားထားလဲ…”
ရန်ကိုင်က ပြန်မေးလိုက်သည်။ “အစ်မဟွာကရော ဘယ်လိုစဉ်းစားထားလဲ…”
တစ်ချက်မျှစဉ်းစားပြီးသည့်နောက် ဟွာချင်းစီက ပြန်ပြောလိုက်သည်။ “မီချီက နန်းတော်သခင်ပြောချင်တာကို အထင်လွဲပြီးတော့ အမှားလုပ်မိသွားတယ်… သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်မယ်ဆိုရင် ငါတို့တွေ ကြောက်တတ်လွန်းတယ်လို့ အခြားသူတွေ ထင်သွားနိုင်တယ်… ဒါပေမယ့် သူ့ကို မဖြစ်စလောက်ကလေး အပြစ်ပေးလိုက်မယ်ဆိုရင်လည်း ဘာမှထူးမှာမဟုတ်ဘူး… ဒီတော့ သူ့ကို သူ့ရာထူးကနေ အနားပေးပြီးတော့ အာကာယံကောင်းကင်ဂိုဏ်းမှာပဲ ဒီအတိုင်း အေးအေးဆေးဆေး နေခိုင်းလိုက်တော့ရင် ပိုကောင်းမလားလို့…”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “အစ်မဟွာက တကယ်ကို သေသေချာချာ စဉ်းစားထားတာပဲနော်…”
ဟွာချင်းစီက နှုတ်ခမ်းဆူလျက် “နန်းတော်သခင် မကြိုက်ဘူးဆိုရင်လည်း ပြောသာပြောလိုက်လေ… ငါတို့ဂိုဏ်းအပေါ် ဒီလောက်တောင် အကျိုးပြုပေးထားတဲ့လူတစ်ယောက်ကို အခုလိုမျိုး ဖယ်ရှားလိုက်တာ သိပ်မသင့်တော်ဘူးလို့ ပြောချင်နေတာကို နန်းတော်သခင်ရန်ရဲ့မျက်နှာပေါ်မှာ အထင်းသားမြင်နေရတယ်…”
“အဲ့လိုမျိုးပြောချင်တာတော့ မဟုတ်ပါဘူး…” ထိုသို့ပြောလင့်ကစား ရန်ကိုင်စိတ်ထဲတော့ ထိုကဲ့သို့ ခံစားနေရလေသည်။ မြောက်ဘက်နယ်မြေအား သိမ်းပိုက်ရာတွင် အောင်မြင်သွားရခြင်း၏ အကြောင်းအရင်းနှစ်ချက်ရှိပေသည်။ ပထမတစ်ချက်မှာ သူတို့သည် လုံလောက်အောင် အားကောင်းနေသည့်အတွက်ကြောင့် ဖြစ်သည်။ ဒုတိယတစ်ချက်မှာတော့ အခြားသောထိပ်တန်းဂိုဏ်းသုံးဂိုဏ်းနှင့်အတူ ပူးပေါင်း၍ မြောက်ဘက်နယ်မြေတစ်ခုလုံးကို ဖိနှိပ်နိုင်ခဲ့သည့် အတွက်ကြောင့် ဖြစ်ပေသည်။ ထိုအချိန်အတောအတွင်း မီချီမှာ သူတို့အား အကြီးအကျယ် ကူညီပေးခဲ့လေသည်။ ရန်ကိုင်နှင့် ထက်ကောင်းကင်နန်းတော်၏စွမ်းအားကို မြင်တွေ့ပြီးသည့်နောက်တွင် မီချီကိုယ်တိုင် အာကာယံကောင်းကင်ဂိုဏ်းမှ ဧကရာဇ်အဆင့်ပညာရှင်များကို ဦးဆောင်၍ အခြားသောအင်အားစုများကို ဖိနှိပ်ခဲ့သည်။
ယခု အကုန်လုံးအဆင်ပြေပြီးသွားချိန် သူ့အား ရာထူးမှ အနားပေးမည်ဆိုပါက သိပ်၍ မသင့်တော်သလို ဖြစ်နေပေလိမ့်မည်။
ဟွာချင်းစီက ပြန်ပြောလိုက်သည်။ “မီချီက ပြောရလွယ်တဲ့လူတစ်ယောက် မဟုတ်ဘူး… ပြီးတော့ အရမ်းလည်း ရန်လိုတတ်လွန်းတယ်… သူ့ကိုထိန်းချုပ်ဖို့က လွယ်တာမဟုတ်ဘူး… အခုအခွင့်အရေးကို ကောင်းကောင်းအသုံးချပြီးတော့ သူ့ကိုဖိနှိပ်ထားနိုင်မယ်ဆိုရင် အာကာယံကောင်းကင်ဂိုဏ်းမှာ ရုပ်သေးရုပ်တစ်ရုပ် ထည့်ထားလိုက်နိုင်သလို ဖြစ်သွားလိမ့်မယ်… အဲ့လိုဆိုရင် အာကာယံကောင်းကင်ဂိုဏ်းတစ်ခုလုံးကို ထိန်းချုပ်လို့ရသွားပြီ…”
ဤသည်မှာ ဟွာချင်းစီ၏ရည်မှန်းချက် ဖြစ်ပေသည်။
မြောက်ဘက်နယ်မြေထဲရှိ ထိပ်တန်းဂိုဏ်းလေးဂိုဏ်းအနက် ရေခဲနှလုံးသားတောင်ကြားမှာ ရန်ကိုင်နှင့် အနီးကပ်ဆုံးဖြစ်ပြီး မီးနဂါးနန်းတော်ကမူ ရန်ကိုင်အား ခေါင်းဆောင်အဖြစ်သဘောထားပေသည်။ လက်ကျန်ဂိုဏ်းတစ်ဂိုဏ်းဆို၍ အာကာယံကောင်းကင်ဂိုဏ်းသာ ရှိတော့သည်။ သူတို့သည်သာ မီချီကိုဖယ်ရှားပြီး သူတို့ထိန်းချုပ်နိုင်သည့်ဂိုဏ်းချုပ်တစ်ဦးကို တင်မြှောက်နိုင်မည်ဆိုလျှင် မြောက်ဘက်နယ်မြေတစ်ခုလုံးကို စိတ်ပူစရာမလိုဘဲ အုပ်ချုပ်နိုင်ပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါတွင် ထက်ကောင်းကင်နန်းတော်မှ မည်သည့်အမိန့်ကို ပေးစေကာမူ ကျန်ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းစလုံး လိုက်နာကြပေလိမ့်မည်။ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းသည်ပင်လျှင် နာခံနေလေရာ အခြားသောအင်အားစုများလည်း ဆန့်ကျင်ရဲတော့မည်မဟုတ်။
ရန်ကိုင်မှာ ဟွာချင်းစီဘာကြံနေသလဲဆိုသည်ကို သိပေသည်။ ဤအခိုက်အတန့်တွင် ဟွာချင်းစီအား မန်နေဂျာမှူးရာထူး ပေးလိုက်သည်မှာ တကယ်ကို မှန်သည်ဟု ခံစားလိုက်ရသည်။ သူမ၏ကျင့်ကြံခြင်းမှာ ထိုမျှမြင့်မားခြင်း မရှိပါသော်ငြား ဟွာချင်းစီသည် ဂိုဏ်း၏ ကိစ္စအဝဝကို စီမံကိုင်တွယ်ရာတွင် အလွန်ကိုမှ ကျွမ်းကျင်ပေသည်။
ရန်ကိုင်လည်း ငြင်းမနေတော့ဘဲ သူမစိတ်ကြိုက်သာ ဆုံးဖြတ်စေလိုက်တော့သည်။
ဆွေးနွေးပြီးသည့်နောက် မီချီ၏ကံတရားမှာ ဆုံးဖြတ်ပြီးသွားလေပြီ။ ဟွာချင်းစီသည် မွန်းစတားဘုရင်သုံးပါးကိုခေါ်၍ အာကာယံကောင်းကင်ဂိုဏ်းသို့ သွားပေလိမ့်မည်။ မီချီ သူတို့အား ခုခံရဲလိမ့်မည်မဟုတ်။
ထို့နောက်တွင် ဟွာချင်းစီက ထပ်၍ပြောလိုက်သည်။ “ရှေးဟောင်းကျောင်းတော်ဆီကိုလည်း သွားသင့်တယ်နော်…”
ရန်ကိုင်က ပြန်မေးလိုက်သည်။ “အာကာသလေပြင်းကိစ္စလား…”
ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းချင်းစီတိုင်းတွင် ဂိုဏ်း၏ အုတ်မြစ်များဖြစ်ကြသော အမွေအနှစ်များ ရှိကြပေသည်။ ကြယ်ဝိဉာဉ်နန်းတော်တွင် ငါးရောင်ခြယ်ရတနာဘုရားရှိသလို နေမင်းပြာကျောင်းတော်တွင် ကောင်းကင်တက်လှမ်းခြင်းကြေးမုံ ရှိပေသည်။ ရှေးဟောင်းကျောင်းတော်တွင် အာကာသလေပြင်းရှိသလို ကောင်းကင်တိုက်ပွဲဒိုဂျိုတွင်လည်း သိုင်းစိတ်ဆန္ဒကျောင်းတော် ရှိပေသည်။ ထိုအရာအားလုံးမှာ အဖိုးမဖြတ်နိုင်လှသည့် အရာများ ဖြစ်ကြသည်။
ရှေးဟောင်းကျော်းတော်မှ ဖျက်ဆီးခံလိုက်ရပြီဖြစ်သလို ၎င်းတို့၏တပည့်များမှာလည်း အသတ်ခံလိုက်ကြရပါသော်ငြား အမွေအနှစ်မှာတော့ ပျက်စီးသွားခြင်းမရှိသေးပေ။ ကျင့်ကြံရေးသုခဘုံနေရာများနှင့် ရှေးဟောင်းကျောင်းတော်မှ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော အဖိုးတန်ရတနာများအပြင် အာကာသလေပြင်းသည်လည်း အလွန်ကိုမှ တန်ဖိုးကြီးလှသည့် အရာတစ်ခု ဖြစ်ပေသည်။ သို့သော်ငြား ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲများနှင့် ဆွေးနွေးတိုင်ပင်ပြီးသည့်နောက်တွင် ရှေးဟောင်းကျောင်းတော်၏ ပိုင်ဆိုင်မှုများကို ဆုံးရှုံးများစွာ ကြုံတွေ့ခဲ့ရသော တောင်ဘက်နယ်မြေထဲရှိ ဂိုဏ်းများအား ပြန်လည်ထောက်ပံ့ပေးနိုင်ရန်အတွက် ခွဲဝေပေးရန် ဆုံးဖြတ်လိုက်ကြလေသည်။
ရန်ကိုင်ကမူ ရှေးဟောင်းကျောင်းတော်အား ဆောက်လုပ်ထားသည့်နေရာကို ပေးခဲ့လေသည်။
ရှေးဟောင်းကျောင်းတော်တိုက်ပွဲတွင် ရန်ကိုင်သည် တောင်ဘက်နယ်မြေမှ မြောက်မြားလှစွာသော ကျင့်ကြံသူများ၏ အသက်ကို တစ်ကိုယ်တော် ကယ်တင်ပေးခဲ့လေသည်။ ထို့အတွက်ကြောင့် ထိုတိုက်ပွဲအတွင်း ရန်ကိုင်၏အခန်းကဏ္ဍမှာ မေးနေစရာပင်မလိုပေ။ ရန်ကိုင်သည်သာ တစ်ခုခုအား တောင်းဆိုလာပါက တောင်ဘက်နယ်မြေမှလူများ သေချာစဉ်းစားရပေလိမ့်မည်။
ထိုစဉ်က ရန်ကိုင်သည် ရှေးဟောင်းကျောင်းတော်၏ ပိုင်နက်နယ်မြေမှလွဲ၍ အခြား ဘာကိုမှ မတောင်းဆိုခဲ့ပေ။
ကြယ်ဝိဉာဉ်နန်းတော်မှာ ရန်ကိုင်၏တောင်းဆိုချက်နှင့်ပတ်သက်၍ တုံ့ဆိုင်းခဲ့ပါသော်ငြား နောက်ဆုံးတွင်တော့ ပေးခဲ့ပေသည်။ နေမင်းပြာကျောင်းတော်ကမူ ရန်ကိုင်ဘက်မှ ထောက်ခံပေးခဲ့သည်။ ရန်ကိုင်သည်သာ ရှေးဟောင်းကျောင်းတော်၏ ပိုင်နက်နယ်မြေကို ရသွားခဲ့မည်ဆိုလျှင် သူတို့သည်လည်း အကျိုးကျေးဇူးအချို့ ရပေလိမ့်မည်။ အခြားသောဂိုဏ်းနှစ်ဂိုဏ်းကလည်း သဘောတူခဲ့သည့်အတွက်ကြောင့် ကောင်းကင်တိုက်ပွဲဒိုဂျို၏ တော်ဝင်သခင်မာချင်း၏အထင်အမြင်မှာ အရေးမပါတော့ပေ။
ထိုအကြောင်းကြောင့် ရှေးဟောင်းကျောင်းတော်၏ နယ်မြေသည် ရန်ကိုင်လက်ထဲသို့ ရောက်ရှိလာခဲ့လေသည်။
မူလက ရန်ကိုင်မှာ လော့ရှာဂိုဏ်း၏ တည်နေရာကို ရှေးဟောင်းကျောင်းတော်သို့ ပြောင်းလျှင်ကောင်းမလား စဉ်းစားခဲ့ပေသေးသည်။ တကယ်တော့ ရှေးဟောင်းကျောင်းတော်တွင် ကျင့်ကြံဖို့ရာအတွက် သင့်လျှော်လှသော မိုးမြေစွမ်းအင်သိပ်သည်းကြွယ်ဝလှသည့် တောင်များစွာ ရှိသည်မဟုတ်ပေလော။ လော့ရှာဂိုဏ်းသည်သာ ထိုနေရာသို့ ပြောင်းနိုင်မည်ဆိုလျှင် သူတို့၏အနာဂတ်တိုးတက်မှုအတွက် အမှန်တကယ်ကို အထောက်အကူဖြစ်ပေလိမ့်မည်။
သို့သော်ငြား သေသေချာချာ စဉ်းစားကြည့်လိုက်သည့်နောက်တွင် ထိုသို့မလုပ်ရန် ဆုံးဖြတ်ခဲ့လေသည်။ တကယ်ဆိုလျှင် လော့ရှာဂိုဏ်း၏ အနာဂတ်တိုးတက်မှုသည် သူနှင့် ဘာမျှမဆိုင်ပေ။ ရန်ကိုင်မှာ သူ့စိတ် အေးအေးဆေးဆေးဖြစ်သွားစေလိုသည့် အတွက်ကြောင့်သာလျှင် လော့ရှာဂိုဏ်းအား ကာကွယ်ပေးနေခြင်း ဖြစ်လေသည်။ ယခု လော့ရှာဂိုဏ်း၌ ရှန်းယုကျုရှိနေပြီဖြစ်လေရာ သူ့အနေဖြင့် ဘာမျှစိတ်ပူစရာမလိုတော့ပေ။
ထို့အပြင် ထက်ကောင်းကင်နန်းတော်၌ တပည့်ပေါင်းများစွာ ရှိနေပေသည်။ ထက်ကောင်းကင်နန်းတော်၏ အုတ်မြစ်မှာ တောင့်တင်းလှပါသော်ငြား တပည့်တစ်သိန်းကျော်အတွက် နေစရာစီစဉ်ပေးဖို့ရာ အတော်လေးကိုမှ အကြပ်ရိုက်ခဲ့ရသည်။ ဤလောကကြီးထဲတွင် ထက်ကောင်းကင်နန်းတော်ကဲ့သို့ တပည့်ပေါင်းများစွာရှိသည့် ဂိုဏ်းဟူ၍ မရှိပေ။
ရှေးဟောင်းကျောင်းတော်သည် ထက်ကောင်းကင်နန်းတော် ထမ်းပိုးထားရသော ဝန်ထုပ်ကို မျှဝေပေးနိုင်သည့် နေရာတစ်ခု ဖြစ်ပေသည်။ ထို့အပြင် ရှေးဟောင်းကျောင်းတော်ထဲ၌ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကို ပိုမိုအားကောင်းလာအောင် ကူညီပေးနိုင်သော အာကာသလေပြင်းကဲ့သို့သော နေရာမျိုးလည်း ရှိနေပေသေးသည်။
အားကောင်းသောခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားရခြင်းသည် မည်မျှအရေးပါကြောင်းကို မည်သူ့ထက်မဆို ရန်ကိုင်ပိုသိပေသည်။ ရှေးဟောင်းကျောင်းတော်အဖြစ်အပျက်၌ ရန်ကိုင်သည် အားကောင်းသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခဲ့သည့်အတွက်ကြောင့်သာမဟုတ်ပါက သူ့အား လာရောက်လုပ်ကြံသတ်ဖြတ်သည့်လူ၏ သတ်ဖြတ်ခြင်း ခံလိုက်ရလောက်ပေပြီ။ ထိုသို့သာဆိုလျှင် ရှေးဟောင်းကျောင်းတော်၏အခြေအနေကိုလည်း ပြောင်းလဲပေးနိုင်တော့လိမ့်မည်မဟုတ်ပေ။
အခြားလူတစ်ဦးသာဆိုလျှင်တော့ ထိုကဲ့သို့သော အဖိုးတန်လှသည့် ကုန်းမြေတစ်ခုကို ရလိုက်မည်ဆိုလျှင်ပင် အကျိုးရှိအောင် အသုံးချနိုင်လိမ့်မည်မဟုတ်ပေ။ တကယ်တော့ ထက်ကောင်းကင်နန်းတော်၏ဌာနချုပ်သည် မြောက်ဘက်နယ်မြေတွင်ရှိနေပြီး ရှေးဟောင်းကျောင်းတော်မှာ တောင်ဘက်နယ်မြေတွင် ရှိနေသည်မဟုတ်ပေလော။ ထို့အတွက်ကြောင့် ထိုနေရာနှစ်ခုကြား ကူးကလန်ခတ်သွားဖို့ရာ မဖြစ်နိုင်ပေ။
သို့ပါသော်ငြား ရန်ကိုင်အတွက်မူ ထိုသို့မဟုတ်တော့ပေ။ ရန်ကိုင်သည် မြောက်ဘက်နယ်မြေနှင့် တောင်ဘက်နယ်မြေကို ဟင်းလင်းပြင်အစီအရင်ဖြင့် ဆက်သွယ်ပေးနိုင်ပေသည်။ ထို့အတွက်ကြောင့် တစ်ဖက်တွင် ဒုက္ခရောက်နေသည့်အခါ အခြားတစ်ဖက်မှာ လျင်မြန်စွာ စစ်ကူပေးနိုင်ပေသည်။
ရန်ကိုင် လော့ရှာဂိုဏ်း၌ နေနေစဉ်အတောအတွင်း ထက်ကောင်းကင်နန်းတော်သည် ရှေးဟောင်းကျောင်းတော်၌ ဂိုဏ်းခွဲတစ်ခုကို ဆောက်လုပ်ရန်အတွက် စတင်၍ ပြင်ဆင်နေခဲ့လေသည်။
သူတို့၏ရည်ရွယ်ချက်ကို ပြည့်ဝအောင် လုပ်လိုပါက ပြင်ဆင်မှုများ လိုအပ်ပေလိမ့်မည်။ ထိုအကြောင်းကြောင့် ဟွာချင်းစီသည် ရှေးဟောင်းကျောင်းတော်၌ ဂိုဏ်းကာကွယ်ရေးအစီအရင်အသစ်တစ်ခု ဆောက်လုပ်ရန်အတွက် နန်မန်တကျွင်းကို ဦးစွာ စေလွှတ်ခဲ့သည်။ အစီအရင် အဆင်သင့်ဖြစ်သွားချိန်တွင် သူတို့၏တပည့်များကို ထိုနေရာသို့ စရွှေ့၍ ရလေပြီ။
ဟွာချင်းစီသည် ထက်ကောင်းကင်နန်းတော် ထမ်းပိုးထားရသော ဝန်ထုပ်ကို လျှော့ချနိုင်ရန်အတွက် တပည့်ငါးသောင်းလောက်ကို ရှေးဟောင်းကျောင်းတော်ဆီသို့ ရွှေ့ပြောင်းရန် စဉ်းစားထားခဲ့သည်။ တကယ်တော့ ထိုကျင့်ကြံသူအားလုံးသည် ရန်ကိုင်နှင့်အတူ ဟုန်းလော့ကြယ်စီရင်စုမှ လိုက်လာခဲ့ကြသည့်လူများပင် မဟုတ်လေလော။ ထို့အတွက်ကြောင့် သူတို့၏ကျင့်ကြံခြင်းမှာ လျင်မြန်စွာ တိုးတက်လာနေခဲ့လေရာ မိုးမြေစွမ်းအင်များကို အစောတလျင် လိုအပ်နေခဲ့လေသည်။ တပည့်တစ်သိန်းကျော် ထက်ကောငးကင်နန်းတော်ထဲ ပြည့်ကျပ်သိပ်ကာ နေနေရသည့်အခါတွင် မိုးမြေစွမ်းအင်ကို လောက်ငှစွာ ရရှိနိုင်ခြင်း မရှိတော့ပေ။ တပည့်တစ်ဝက်လောက်ကို ရှေးဟောင်းကျောင်းတော်ဆီသို့ ကူးပြောင်းလိုက်ခြင်းအားဖြင့် ထက်ကောင်းကင်နန်းတော်၏ ဝန်ထုပ်ဝန်ပိုးမှာ သိသိသာသာကို လျော့ကျသွားပေလိမ့်မည်။
“အာကာသလေပြင်းက အတော်လေးကိုဆန်းကြယ်တယ်… ငါကိုယ်တိုင်လည်း အဲ့ကို တစ်ကြိမ်ရောက်ဖူးတယ်… အဲ့ဒါက ခန္ဓာကိုယ်ကို ကျင့်ကြံဖို့အတွက် အရမ်းကိုကောင်းတဲ့ နေရာတစ်ခုပဲ… မွန်းစတားဘုရင်ရှီလဲ့က အခုလောလောဆယ် အဲ့နေရာကို စောင့်ကြပ်နေတာဆိုတော့ အဲ့နေရာရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး ဘာမှစိတ်ပူစရာမလိုဘူး… ဒါပေမယ့် နန်းတော်သခင်ကိုယ်တိုင် အဲ့ကိုသွားပြီးတော့ ဟင်းလင်းပြင်အစီအရင်တစ်ခုကို ခင်းကျင်းပေးဖို့ လိုဦးမယ်…”
“အင်း… ကောင်းပြီ…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။
ဟွာချင်းစီက သက်ပြင်းချ၍ ဆက်ပြောလိုက်သည်။ “အခုလောလောဆယ် ငါတို့မှာ ဧကရာဇ်အဆင့်ပညာရှင်တွေ အရမ်းနည်းနေသေးတယ်… တောင်ဘက်နယ်မြေထဲမှာ ဂိုဏ်းခွဲတစ်ခု တည်ထောင်လိုက်ပြီဆိုပေမယ့် ထက်ကောင်းကင်နန်းတော်နဲ့ အဲ့နေရာ နှစ်ခုစလုံးကို စောင့်ကြည့်ပေးနိုင်မယ့် ပညာရှင်အရေအတွက် အလုံအလောက်မရှိမှာကို စိတ်ပူနေရတာ… ငါတို့သာ လုံလောက်တဲ့ခွန်အားကို မပြသနိုင်ဘူးဆိုရင် လူအချို့က ငါတို့ပိုင်နက်နယ်မြေကို လာလုနိုင်တယ်…”
လက်ရှိအချိန်၌ ထက်ကောင်းကင်နန်းတော်ထဲတွင် ဧကရာဇ်အဆင့်ပညာရှင် ဆယ်ဦးကျော်မက ရှိနေခဲ့လေသည်။ ရန်ကိုင်နှင့် လျို့ယန်အပြင် မွန်းစတားဘုရင်သုံးပါး၊ ကျိယင်၊ ဟွာချင်းစီ၊ ပိရန်ယုချင်း၊ နန်မန်တကျွင်း၊ ဟို့ယုနှင့် ရီဟန်တို့ ရှိနေကြလေသည်။ မကြာသေးခင်ကမှ တည်ထောင်ထားသော သက်တမ်းနုသေးသည့် ဂိုဏ်းတစ်ဂိုဏ်းအတွက် ဧကရာဇ်အဆင့်ဆယ်ယောက်ကျော်သည် အလွန်ကိုမှ များပြားသည့်ပမာဏဖြစ်ပေသည်။ ထိုအကြောင်းကြောင့် အခြားလူတစ်ဦးဦးသည်သာ ရန်ကိုင်နေရာတွင်ဆိုပါက အလွန်ကိုမှ ဝမ်းသာနေမိပေလိမ့်မည်။ သို့သော်ငြား သေသေချာချာ ပြောရမည်ဆိုလျှင် ကျိယင်၊ နန်မန်တကျွင်းနှင့် ဟို့ယုတို့မှာ သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ကျွမ်းကျင်သူများ ဖြစ်ကြသည့်အလျောက် ရွေးချယ်စရာမရှိတော့သည့် အခြေအနေမျိုးမှလွဲ၍ ရန်ကိုင်အနေဖြင့် သူတို့အား တိုက်ခိုက်ခိုင်းလိမ့်မည်မဟုတ်ပေ။
မွန်းစတားဘုရင်သုံးပါးမှာ အတော်လေးကိုမှ အားကောင်းလှပါသော်ငြား သူတို့သည် အရှေ့ဘက်နယ်မြေ ရှေးဟောင်းတောအုပ်ကြီးမှ ဖြစ်ကြကာ ထက်ကောင်းကင်နန်းတော်ထဲတွင် ကြီးပျင်းလာခဲ့ကြသူများ မဟုတ်ကြပေ။ ထို့အပြင် သူတို့သုံးဦးစလုံးသည် မွန်းစတားမျိုးနွယ်စုဝင်များ ဖြစ်ကြပေသည်။ အခြားသူများမှာမူ ဧကရာဇ်ပထမအဆင့်ပညာရှင်များသာ ဖြစ်ကြ၏။
ထို့အပြင် ထက်ကောင်းကင်နန်းတော်၏ တာအိုသခင်အဆင့်ပညာရှင်အရေအတွက်မှာလည်း နည်းနေပေသေးသည်။ ထိုအကြောင်းကြောင့် ထက်ကောင်းကင်နန်းတော်မှာ အပြင်ပန်းအရ အတော်လေးကိုမှ အားကောင်းသယောင် ထင်နေကြပါသော်ငြား အတွင်းလူများသည်သာ ထက်ကောင်းကင်နန်းတော်၏ အခြေအနေကို ကောင်းကောင်းသိထားကြပေသည်။
“ဒီကိစ္စကို ငါဖြေရှင်းလိုက်မယ်…” ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေရင်းမှ အကြံတစ်ခုအား စဉ်းစားမိသွားခဲ့လေသည်။
ဟွာချင်းစီသည် ရန်ကိုင်အား တစ်ချက် လှမ်းကြည့်၍ ရန်ကိုင်ဘာတွေးနေသလဲဆိုသည်ကို နားလည်လိုက်သည့်အလား ပြုံးလိုက်လေသည်။
ဆွေးနွေးပြီးသည့်နောက် ရန်ကိုင်သည် နောက်တစ်နေ့၌ ရှေးဟောင်းကျောင်းတော်ဆီသို့ သွားရန် ဆုံးဖြတ်လိုက်လေသည်။ ထို့နောက် ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေ၏။
နောက်တစ်နေ့၌ ဟွာချင်းစီနှင့်အတူ မျက်နှာပုပ်သိုးသော အမူအယာဖြင့် ရှိနေသော ရန်ကိုင်မှာ ရှေးဟောင်းကျောင်းတော်ဆီသို့ ထွက်လာခဲ့လေသည်။
“နန်းတော်သခင်… မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရဘူးလား…” ဟွာချင်းစီသည် ရန်ကိုင်၏အမူအယာကို ကြည့်ရင်းမှ စလိုက်လေသည်။
ရန်ကိုင်ကမူ ဟွာချင်းစီကိုကြည့်၍ ပြုံးဖြီးကာ “မိန်းမချောလေးတစ်ယောက်က တစ်ညလုံး အဖော်ပြုပေးနေတာကို ဘယ်လိုလုပ်ပြီး အိပ်နိုင်မှာလဲ…”
ဟွာချင်းစီ ရှက်သွေးဖြာသွားပြီး ပြန်ပြောလိုက်လေသည်။ “အရှက်မရှိတဲ့ကောင်…”
သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်လိမ်နေသည်ကိုတော့ သွားမပြောခဲ့ပေ။ မနေ့ညက နန်းတော်ထဲတွင် ဘာတွေဖြစ်သွားသလဲဆိုသည်ကို ဟွာချင်းစီ သိပေသည်။ မနေ့ညက ရန်ကိုင်သည် သူ့မိန်းမများထဲမှ တစ်ယောက်နှင့် အချိန်ဖြုန်းရန် ကြိုးစားခဲ့သည်။ အပြင်ဘက်တွင် အတန်ကြာအောင် အလုပ်လုပ်ပြီးမှ ပြန်လာခဲ့ရလေရာ သူ့မိန်းမများကို ဤအတိုင်း တစ်ကိုယ်တည်းထားထားဖို့ရာ ဆန္ဒမရှိပေ။ ထိုအကြောင်းကြောင့် မိန်းမများနှင့်အတူအိပ်ရန် ကြိုးစားခဲ့သည်။
သို့သော်ငြား ဟွာချင်းစီသိသလောက် ရန်ကိုင်၏ကြိုးစားမှုအားလုံး တစ်ခုမျှ မအောင်မြင်ခဲ့ပေ။
ရှနင်းချန်မှာ ကျိယင်ဆီမှ ဆေးပညာအကြောင်းကို သင်ရာတွင် အာရုံစိုက်နေသည့်အတွက်ကြောင့် ရန်ကိုင်ဘက်သို့ အာရုံလှည့်ရန် အချိန်မရှိခဲ့ပေ။ တကယ်ဆိုလျှင် ဆေးတောင်ပေါ်သို့ ရန်ကိုင်ရောက်ရောက်ချင်း ကျိယင်သည် ရန်ကိုင်အား ချက်ချင်းကို မောင်းထုတ်ပစ်ခဲ့လေသည်။ ထက်ကောင်းကင်နန်းတော်ထဲ ရန်ကိုင်၏အမိန့်ကို လွန်ဆန်ရဲသည့်လူကို ပြပါဆိုလျှင် ကျိယင်ကိုသာ ပြရပေလိမ့်မည်။ ဆေးပညာရှင်များသည် ဆေးဖော်နေစဉ်အတောအတွင်း နှောင့်ယှက်ခံရသည်ကို အလွန်မုန်းကြသည်။ ကျိယင်သည် မဟာဆေးဧကရာဇ်၏ တပည့်တစ်ဦးလည်း ဖြစ်ပေသည်။ ပုံမှန်အားဖြင့် သူသည် သဘောမနောကောင်းသည့်လူတစ်ဦး ဖြစ်ပါသော်ငြား ဆေးပညာနှင့်ပတ်သက်လာသည့်အခါမျိုးတွင်တော့ သူ့သဘောထားမှာ အပြောင်းလဲကြီးကို ပြောင်းလဲသွားတော့သည်။
စုယန်မှာလည်း ရေခဲနှလုံးသားတောင်ကြားသို့ ရောက်နေသည့်အတွက်ကြောင့် ရန်ကိုင်မှာ သူမနှင့် သွားမတွေ့နိုင်ခဲ့။
ယင်ဖေး၊ ရှဲ့ဝူဝေတို့၏ စီစဉ်မှုနှင့်အတူ ရှနင်းချန်သည် သူမအတွက် ကျင့်ကြံဖို့ရာ သင့်တော်သော ရှေးဟောင်းတောအုပ်ကြီးဆီသို့ ထွက်သွားခဲ့လေသည်။
ရွှယ့်ယွယ်မှာလည်း တံခါးပိတ်ကျင့်ကြံနေဆဲ အတောအတွင်းတွင် ရှိနေပေသေးသည်။
ရန်ကိုင်တွင် မိန်းမလေးဦးရှိပါသော်ငြား သူ့ခမျာ ညလုံးပေါက်လုံး သူ့ဘာသာသူ တစ်ဦးတည်း အချိန်ဖြုန်းခဲ့ရသည်။ ထိုအကြောင်းကြောင့် သူ့မျက်နှာကြီးမှာ ပုပ်သိုးသိုးဖြစ်နေခြင်းပင် ဖြစ်လေသည်။ သို့သော်ငြား ထိုအကြောင်းကို အခြားမည်သူ့ကိုမှ မသိစေလိုပေ။ ဟွာချင်းစီသည်လည်း ရန်ကိုင်၏မာနကို သွားရောက်မထိပါးလိုသည့်အတွက်ကြောင့် ထိုအကြောင်းကို သွားအစမဖော်ရန် ဆုံးဖြတ်ခဲ့လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၈၇)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်သည် ရှေးဟောင်းကျောင်းတော်အနီးတွင် ခင်းကျင်းထားသော ဟင်းလင်းပြင်အစီအရင်မှတစ်ဆင့် တောင်ဘက်နယ်မြေဆီသို့ ရောက်လာခဲ့လေသည်။ ဟင်းလင်းပြင်အစီအရင်မှ ထွက်လာပြီးသည့်နောက် ရန်ကိုင်သည် ထိုဟင်းလင်းပြင်အစီအရင်ကို ဖျက်ဆီးပစ်လိုက်သည်။
ရှေးဟောင်းကျောင်းတော်ထဲ ဟင်းလင်းပြင်အစီအရင် အသစ်တစ်ခုကို ခင်းကျင်းတော့မည်ဖြစ်သည့်အတွက်ကြောင့် ဤတစ်ခုကို ချန်ထားစရာ မလိုတော့ပေ။
ထို့နောက်တွင် ရန်ကိုင်သည် ဟွာချင်းစီနှင့်အတူ ကျောင်းတော်ထဲသို့ ဝင်လာခဲ့လေသည်။ ကျောင်းတော်တစ်ခွင်ကို စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ကျောင်းတော်ထဲ ကူးကလန်ခတ် လှုပ်ရှားသွားလာနေကြသော တစ်ထောင်နီးပါးခန့်ရှိသည့် လူများကို တွေ့လိုက်ရလေသည်။ ထိုလူများကို နန်မန်တကျွင်း ဂိုဏ်းကာကွယ်ရေးအစီအရင်အသစ် ခင်းကျင်းရာတွင် ကူညီပေးနိုင်စေရန်အတွက် ဟွာချင်းစီမှ စေလွှတ်ထားခဲ့ခြင်း ဖြစ်သည်။
လက်ရှိအခိုက်အတန့်တွင် နန်မန်တကျွင်းသည် လေထဲတွင် ဝဲ၍ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေရင်းမှ မျက်မှောင်ကြီးကြုတ်နေခဲ့လေသည်။
လူအချို့ သူ့အနားသို့ ကပ်လာသည်ကို သတိထားမိလိုက်သော် ရန်ကိုင်တို့ ဘက်သို့ လှည့်ကြည့်လာခဲ့သည်။ ထို့နောက် အလေးအနက်အမူအရာဖြင့် နှုတ်ဆက်လိုက်လေ၏။ "နန်းတော်သခင်၊ မန်နေဂျာမှူး"
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် နန်မန်တကျွင်းဘေးနားတွင် ရပ်၍ အောက်ကို ငုံ့ကြည့်ရင်းမှ မေးလိုက်လေသည်။ "အခြေအနေဘယ်လိုလဲ"
နန်မန်တကျွင်းက ပြန်မေးလေ၏။ "ဘာကိုပြောတာလဲ"
ရန်ကိုင်က ပြန်ပြောလေသည်။ "ဂိုဏ်းကာကွယ်ရေးအစီအရင်အသစ် ခင်းကျင်းဖို့ ဘယ်လောက်ကြာမလဲဆိုတာကို ပြောတာ"
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် နန်မန်တကျွင်းက ပြန်ပြောလေသည်။ "ရှေးဟောင်းကျောင်းတော်ရဲ့ ဂိုဏ်းကာကွယ်ရေးအစီအရင်အဟောင်းက အတော်လေး အားကောင်းတယ်၊ ဒီတော့ အဲဒါကို ဖျက်ဆီးပစ်စရာမလိုဘူး၊ တစ်လအတွင်းမှာတင် အကြမ်းဖျင်း အစီအရင်တစ်ခုကို ခင်းကျင်းလို့ပြီးလိမ့်မယ်၊ အဲဒါကို ပြင်ဆင်ဖို့ကတော့ ခြောက်လလောက် လိုမှာပေါ့"
"ကောင်းပြီလေ၊ ခင်ဗျားက ဒီနေရာမှာ ကျွမ်းကျင်တဲ့သူဆိုတော့ ခင်ဗျားဘာသာခင်ဗျားပဲ ကြည့်ကြပ်လုပ်လိုက်ပေါ့၊ တစ်ခုခုလိုတယ်ဆိုရင် မန်နေဂျာမှူးကိုသာ ပြောလိုက်"
နန်မန်တကျွင်းက ပြုံးဖြီး၍ ပြန်ပြောလိုက်လေသည်။ "မန်နေဂျာမှူးရဲ့ အထောက်အပံ့သာမပါရင် အခုလိုကတိမျိုး ပေးရဲမှာမဟုတ်ဘူး" သူသည် အထက်ကောင်းကင်နန်းတော်၏ အစီအရင်ပညာရှင်မှူး ဖြစ်ကာ ဂိုဏ်းအတွက် လိုအပ်သော အစီအရင်များ ခင်းကျင်းပေးနေရချိန် ဟွာချင်းစီသည် သူလိုအပ်သည့် ပစ္စည်းများနှင့် လူအင်အားအားလုံးကို ထောက်ပံ့ပေးလေသည်။ ထိုသို့သာမဟုတ်လျှင် သူ့အဖို့ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းအတွက် အစီအရင်များကို ခင်းကျင်းပေးဖို့ရာ လွယ်ကူလိမ့်မည် မဟုတ်ပေ။
နန်မန်တကျွင်းသည် မြောက်ဘက်နယ်မြေထဲ အတော်လေးကိုမှ ကျော်ကြားပါသော်ငြား ယခင်က သူသည် တစ်ကိုယ်တည်း ဖြစ်ခဲ့သည်။ ထိုအတွက်ကြောင့် သူ့တွင် အစီအရင်ပညာနှင့် ပတ်သက်သည့် အရည်အချင်းများ ရှိနေသည့်တိုင် သူ မလုပ်နိုင်ခဲ့သည့် အရာများ ရှိပေသည်။ ယခု သူ့တွင် အထက်ကောင်းကင်နန်းတော်၏ အထောက်အပံ့ရှိနေပြီဖြစ်လေရာ ဤလောကကြီးထဲတွင် သူကိုယ်တိုင် နားမလည်သည့် အစီအရင်များမှလွဲ၍ သူ မခင်းကျင်းနိုင်သည့် အစီအရင်ဟူ၍ မရှိတော့ပေ။
ရုတ်တရက်ဆိုသလို သူ့ဘဝကြီးမှာ အတော်လေးကိုမှ ပိုမိုကောင်းမွန်လာသလို နန်မန်တကျွင်း ခံစားလိုက်ရလေသည်။ သူ၏ ရည်မှန်းချက် ပြည့်မီလာအောင် ကြိုးစားအားထုတ်နိုင်ပေသည်။ ထိုသို့လုပ်နိုင်သည့် အရာမျိုးထက် မည်သည့်အရာကမျှ သူ့အား ပို၍ မပျော်စေနိုင်ပေ။ အထက်ကောင်းကင်နန်းတော်ထဲ နှစ်ပေါင်းများစွာကြာအောင် နေလာပြီးသည့်နောက် အထက်ကောင်းကင်နန်းတော်ထဲ၌ အခြေချရန် နန်မန်တကျွင်းမှာ ဆုံးဖြတ်ပြီးနေခဲ့လေပြီ။
ရန်ကိုင်မှ သူ့အား မောင်းထုတ်မည်ဆိုလျှင်ပင် နန်မန်တကျွင်းကတော့ သေသေချာချာ ပြန်စဉ်းစားရပေတော့မည်။ တကယ်တော့ အထက်ကောင်းကင်နန်းတော်၏ အဆုံးမဲ့အထောက်အပံ့များသာ မရှိလျှင် သူကဲ့သို့သော အစီအရင်ပညာရှင်တစ်ဦးသည်ပင်လျှင် တစ်ကိုယ်တည်း ဘာဆိုဘာမျှ သိပ်လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ အခြားသော ဂိုဏ်းတစ်ဂိုဏ်းသို့ သွားနိုင်ပါသော်ငြား ထိုဂိုဏ်းသည် အထက်ကောင်းကင်နန်းတော်ကဲ့သို့ သူ့အား မြောက်များလှစွာသော အရင်းအမြစ်များကို ထောက်ပံ့ပေးနိုင်မည်လား။
ဟို့ယု အတွက်လည်း အတူတူပင်။ ရန်ကိုင်၏ ဖမ်းဆီးခြင်းခံရပြီးသည့်နောက်တွင် ဟို့ယု မှာ ထွက်ပြေးရန် တစ်ကြိမ်မက ကြိုးစားခဲ့ဖူးသည်။ သို့ပင်ဖြစ်လင့်ကစား အချိန်ကြာလာသည့်နောက် အထက်ကောင်းကင်နန်းတော်ထဲ၌ အခြေချရန်သာ ဆုံးဖြတ်လိုက်တော့သည်။ အကြောင်းမှာ အထက်ကောင်းကင်နန်းတော်ထဲရှိ လူများသည် သူမအား တယဉ်တကျေး တလေးတစားဖြင့် ဆက်ဆံသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ သူမတို့ သက်ဆိုင်ရာနယ်ပယ်အသီးအသီးတွင် လေ့လာရန်အတွက် လိုအပ်သည်များ ရှိလာခဲ့သော် အထက်ကောင်းကင်နန်းတော်သည် သူမနှင့် နန်မန်တကျွင်း နှစ်ဦးစလုံးကို အပြည့်အဝ ထောက်ပံ့ပေးလေသည်။ သူမတို့အား ယခုကဲ့သို့ ပစ္စည်းကောင်းများစွာကို ထောက်ပံ့ပေးနေသည့် အင်အားစုတစ်ခုအား ထပ်မံရှာတွေ့ဖို့ရာ မလွယ်ကူလှပေ။
နန်မန်တကျွင်းနှင့် ဟို့ယု တို့ နှစ်ဦးစလုံး အထက်ကောင်းကင်နန်းတော်ထဲ၌ သူတို့၏ အမွေအနှစ်များကို ဆက်ခံရန်အတွက် သက်ဆိုင်ရာ တပည့်အသီးသီးကိုပင်လျှင် လက်ခံထားပြီးသွားလေပြီ။
ယခုဆိုလျှင် အထက်ကောင်းကင်နန်းတော်ထဲ၌ တောင်အသီးသီး ရှိလာခဲ့လေပြီ။ ဆေးလုံးတောင်၊ အစီအရင်တောင်နှင့် ပန်းပဲတောင်တို့ပင် ဖြစ်ကြလေသည်။ တောင်တစ်တောင်ချင်းစီတိုင်းတွင် သက်ဆိုင်ရာ တပည့်အသီးသီးတို့ ရှိနေကြလေ၏။ ရုပ်သေးရုပ်တာအိုကို လေ့လာနေသော ရွက်တစ်ထောင်တောင်ကိုပါ ထည့်တွက်လိုက်မည်ဆိုပါက စုစုပေါင်း နယ်ပယ်လေးခုကို ကိုယ်စားပြုနေသော တောင်လေးလုံး ရှိလာပြီဟု ပြော၍ ရလေသည်။ ထိုအကြောင်းကြောင့် အထက်ကောင်းကင်နန်းတော်မှ တပည့်များအဖို့လည်း ရွေးချယ်စရာ များလာရတော့သည်။ တပည့်များအနေဖြင့် သိုင်းတာအိုကို မလိုက်စားချင်လျှင်ပင် ဆေးတာအို၊ ပန်းပဲတာအို၊ အစီအရင်တာအိုနှင့် ရုပ်သေးရုပ်တာအိုတို့ကို လိုက်စားနိုင်ကြပေသေးသည်။
နန်မန်တကျွင်းအား အားပေးစကားအချို့ ပြောပြီးသည့်နောက် ရန်ကိုင်သည် ထိုနေရာမှ တစ်ကိုယ်တည်း ထွက်လာခဲ့လိုက်သည်။
ရှေးဟောင်းကျောင်းတော်ထဲတွင် တားမြစ်နေရာ အတော်များများရှိပြီး ထိုတားမြစ်နေရာများထဲ၌ အစောင့်အကြပ်အထူထပ်ဆုံးမှာ အာကာသလေပြင်းသာ ဖြစ်လေသည်။ ထိုနေရာတစ်ခုလုံးကို အစီအရင်အထပ်ထပ်ဖြင့် ကာကွယ်ထားလေရာ တစ်စုံတစ်ဦးသည်သာ ထိုနေရာထဲသို့ ခိုးကြောင်ခိုးဝှက်ဖြင့် ဝင်ရောက်ရန် ကြိုးစားလာမည်ဆိုပါက အစီအရင်များလက်ချက်ဖြင့် ဒဏ်ရာရလျှင်ရ မရလျှင် အသတ်ခံရပေလိမ့်မည်။
သို့ပင်ဖြစ်လင့်ကစား နန်မန်တကျွင်း ရောက်ရှိလာပြီးသည့်နောက်တွင် နန်မန်တကျွင်းသည် ထိုအစီအရင်များကို ချက်ချင်း ဖျက်ဆီးပစ်ခဲ့လေသည်။ ထိုအတွက်ကြောင့် လက်ရှိအခိုက်အတန့်တွင် ရန်ကိုင်မှာ တားမြစ်နေရာထဲသို့ အခက်အခဲမရှိ ဝင်လာနိုင်ခဲ့လေ၏။ အာကာသလေပြင်း မည်မျှ အံ့ဩဖွယ်ကောင်းကြောင်းကို ရန်ကိုင်မှာ ကြားခဲ့ဖူးပါသော်ငြား ယခုမှသာလျှင် ပထမဦးဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်း ဖြစ်လေသည်။
ဤတားမြစ်နေရာသည် တောင်ကြားအရှည်ကြီးထဲ၌ တည်ရှိနေခြင်း ဖြစ်လေသည်။ တောင်ပေါ်ဆီမှ ငုံ့ကြည့်မည်ဆိုပါက အဆုံးမရှိသယောင် ထင်မှတ်ရသော မီးခိုးရောင်ကမ္ဘာကြီးတစ်ခုကိုသာ မြင်တွေ့ရပေလိမ့်မည်။ လေပြင်းတိုက်သံများမှာ တောင်ကြားထဲ တဝီဝီ မြည်ဟည်းနေခဲ့လေရာ မည်သူမဆို အသံကြားရုံဖြင့်ပင်လျှင် ထိတ်လန့်သွားနိုင်ပေသည်။ တောင်စောင်းနံရံများပေါ်တွင်လည်း ထက်ရှသော လက်နက်များကြောင့် ရထားသည့် အမှတ်အသားများစွာ ရှိနေပေလေသည်။ တကယ့် တကယ်တော့ ထိုအမှတ်အသားများမှာ လက်နက်များကြောင့် ဖြစ်ပေါ်လာရခြင်း မဟုတ်ဘဲ တဝီဝီ တိုက်ခတ်နေသော လေပြင်းများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်လေသည်။
ရန်ကိုင်သည် ထိုနေရာကို မျက်လုံးမှေးစင်းလျက် စစ်ဆေးကြည့်နေပြီးသည့်နောက်တွင် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်လေသည်။ ထိုသို့လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော ဓားသွားများ သူ့အား ဖြတ်တောက်လာသည်ကို ခံစားလိုက်ရသည်။ အာကာသလေပြင်းသည် သူ၏ ကောင်းကင်စိတ်အာရုံကိုပင်လျှင် ဖြတ်တောက်ပစ်နိုင်သည့်ပုံပင်။ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ ပုံမှန်ထက်ကို အားကောင်းနေသည့်အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင် ကိုယ်တိုင်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားလောက်ပေပြီ။
ထို့နောက်တွင် ရန်ကိုင်သည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ တောင်ကြားထဲသို့ ဝင်လိုက်လေ၏။ အထဲသို့ရောက်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာသစ်တစ်ခုထဲသို့ ရောက်လာသလို ခံစားလိုက်ရလေသည်။ သူ့ဘေးပတ်ဝန်းကျင်ရှိ လေများမှာ တဟူးဟူးနှင့် တိုက်ခတ်နေခဲ့ပြီး မမြင်နိုင်သည့် လေပြင်းများသည် သန်းပေါင်းများစွာသော ဓားသွားများအသွင်သို့ ပြောင်းကာ သူ့အား အဆက်မပြတ် ဖြတ်တောက်ပစ်နေခဲ့လေသည်။
ရန်ကိုင် ဝတ်ထားသည့် အဝတ်အစားများမှာလည်း လေပြင်းဒဏ်ကို မခံနိုင်ခဲ့။ သူ၏ ဧကရာဇ်ချီသည်ပင်လျှင် လေပြင်းအား တားဆီးနိုင်ခဲ့ခြင်း မရှိ။ လေပြင်းများသည် သူ၏ ဧကရာဇ်ချီကို ဖြတ်ကျော်၍ ရန်ကိုင်၏ အသားကို တိုက်ရိုက်လာရောက် ဖြတ်တောက်လေသည်။
ထိုတွေ့ရှိမှုကြောင့် ရန်ကိုင်မှာ အံ့သြသွားခဲ့ရလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဤနေရာအား ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် သင့်တော်သည့် နေရာတစ်ခုဖြစ်သည်ဟု ပြောနေခြင်းပင် ဖြစ်လေသည်။ ရန်ကိုင်ကဲ့သို့သော လူတစ်ဦးသည်ပင်လျှင် သူ့ကိုယ်သူ ဧကရာဇ်ချီဖြင့် ကာကွယ်မထားနိုင်လေရာ အခြားသူများဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။ တစ်စုံတစ်ဦးသည်သာ ဤနာကျင်မှုကို တောင့်ခံလိုပါက သူတို့၏ ခန္ဓာကိုယ်ကို အားကိုးရုံသာ ရှိပေလိမ့်မည်။ မေးခွန်းသည်ကား ဤအာကာသလေပြင်းသည် မည်သည့်နေရာမှ ရောက်လာလေသနည်း။
ရန်ကိုင်မှာ အားကောင်းသော ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် လေဓားသွားများကို ကြောက်ရွံ့နေခြင်း မရှိဘဲ ရှေ့သို့ ဆက်တက်လာခဲ့လေသည်။
အထဲသို့ ရောက်လာသည်နှင့်အမျှ လေပြင်းမှာ ပိုပို၍ အားကောင်းလာခဲ့လေသည်။ အရွယ်အစား အမျိုးမျိုးရှိသော အပေါက်များကိုလည်း တောင်နံရံများပေါ်တွင် မြင်တွေ့လာရသည်။ အပေါက်ကြီးများမှာ လူခုနစ်ယောက် ရှစ်ယောက်ခန့် ဝင်ဆံ့ပြီး အပေါက်ငယ်လေးများမှာမူ တစ်ယောက်လောက်သာ ဝင်ဆံ့ပေသည်။
ထိုအပေါက်များကို ကျောင်းတော်၏ ယခင်တပည့်များ ဖန်တီးထားခဲ့ခြင်း ဖြစ်ရလိမ့်မည်ဟု ရန်ကိုင် မှတ်ချက်ချလိုက်လေသည်။ ဤနေရာတွင် ကျင့်ကြံဖို့ရာမှာ အတော်လေးကိုမှ အန္တရာယ်များလှပေသည်။ ထိုအကြောင်းကြောင့် တပည့်တစ်ဦးသည်သာ ဤနေရာရှိ လေပြင်းကို ဆက်၍ မတောင့်ခံနိုင်တော့ဟု ထင်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုအပေါက်များထဲ သွားရောက်နားခိုနိုင်ပေသည်။
ရှေ့သို့ ဆက်တက်လာသည်နှင့်အမျှ လေပြင်းမှာ ပိုပို၍ ကြမ်းတမ်းလာခဲ့သည်။ သို့သော်ငြား ရန်ကိုင်ကမူ အေးအေးဆေးဆေးသာ ရှိနေပေသည်။ [ဒါက တကယ်ကို ကောင်းတဲ့နေရာပဲ၊ ဒီနေရာနဲ့သာဆိုရင် အထက်ကောင်းကင်နန်းတော်က တပည့်တွေ ခန္ဓာကိုယ်ကို အေးအေးဆေးဆေး ကျင့်ကြံလို့ရသွားပြီ၊ ခန္ဓာကိုယ်သာ ပိုပြီးအားကောင်းလာမယ်ဆိုရင် တိုက်ခိုက်ရတာတွေ ကျင့်ကြံရတာတွေလည်း ပိုပြီးအဆင်ပြေသွားမှာပဲ]
တောင်ကြားမှာ အလွန်တရာကိုမှ ရှည်လျားလှပေသည်။ တစ်နာရီခန့်ကြာအောင် လမ်းလျှောက်လာပြီးသည့်တိုင် ရန်ကိုင်မှာ အဆုံးကို မမြင်ရသေးပေ။ သို့ပင်ဖြစ်လင့်ကစား ထိုမျှကြာအောင် လမ်းလျှောက်လာပြီးသည့်နောက် ရန်ကိုင် အနီးတစ်ဝိုက်၌ တိုက်ခတ်နေသော အာကာသလေပြင်းများသည် ရန်ကိုင်ကိုပင်လျှင် စတင်၍ နာကျင်လာစေခဲ့လေသည်။ တစ်ခါတစ်ရံ ထိုလေပြင်းများကြောင့် ရန်ကိုင်၏ အရေပြားအထက် ပြတ်ရှရာများပင် ဖြစ်ပေါ်လာခဲ့လေသည်။ သို့သော်ငြား ထိုပြတ်ရှရာများမှာ ရန်ကိုင်၏ အားကောင်းလှသော ပြန်လည်ကုစားနိုင်စွမ်းကြောင့် တစ်ခဏလေးအတွင်း ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။
ထိုအခိုက်အတန့်ဝယ် အရှေ့ဘက်ဆီမှ ဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်သည် ဟိန်းသံကို နားထောင်ပြီးသည့်နောက် ပြုံးကာ အရှိန်တင်လိုက်လေသည်။
တစ်ခဏအကြာ၌ ရန်ကိုင်၏ မြင်ကွင်းထဲ မီတာခုနစ်ဆယ်ခန့် အလျားရှိပြီး ငါးဆယ်မီတာခန့် အမြင့်ရှိသော ဧရာမပုံရိပ်ကြီးတစ်ခု ပေါ်လာခဲ့လေသည်။ လျှပ်စီးများမှာ ထိုပုံရိပ်ကြီး၏ ခန္ဓာကိုယ်တစ်ဝိုက် တဖျတ်ဖျတ်လက်နေခဲ့ပြီး ၎င်းဆီမှလည်း ခက်ထန်ကြမ်းကြုတ်လှသည့် အရှိန်အဝါတစ်ရပ် ဖြာထွက်နေခဲ့လေသည်။ ထိုပုံရိပ်ကြီးမှာ ရှပ်ကြည့်လိုက်မည်ဆိုပါက ကြက်တစ်ကောင်နှင့်ပင် တူပေသေးသည်။ လေပြင်းများမှာ ထိုပုံရိပ်ကြီးကို အဆက်မပြတ် တိုက်ခိုက်နေခဲ့ပြီး ထိုပုံရိပ်ကြီး၏ ခန္ဓာကိုယ်အနှံ့ဆီမှလည်း သွေးများ စီးကျနေခဲ့လေသည်။ သို့ပင်ဖြစ်လင့်ကစား ထိုပုံရိပ်ကြီးမှာတော့ မာန်သွင်းဟိန်းဟောက် အော်ဟစ်ရင်း ကြံ့ကြံ့ခံရပ်နေခဲ့သည်။
အမောတကော အသက်ရှူနေရင်းမှ တစ်စုံတစ်ဦး ချဉ်းကပ်လာသည်ကို သတိထားမိလိုက်သည့်အလား ထိုပုံရိပ်ကြီးသည် ရန်ကိုင်ဘက်သို့ ချက်ချင်း လှည့်ကြည့်လာခဲ့သည်။
အကြည့်ချင်းဆုံသွားသည့်အခိုက် ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး အနားတစ်နေရာတွင် ရှိနေသော လိုဏ်ဂူထဲသို့ ဝင်သွားလိုက်လေသည်။ ထူးဆန်းသည့်အချက်မှာ ရန်ကိုင်မှ လိုဏ်ဂူထဲသို့ ဝင်သွားလိုက်သည်နှင့် တစ်ပြိုင်နက် သူ့အား တိုက်ခတ်နေသော လေပြင်းအားလုံး ပျောက်ကွယ်သွားခြင်းပင်။
တစ်ခဏအကြာ၌ လူထွားကြီးတစ်ဦး လိုဏ်ဂူထဲသို့ ဝင်လာခဲ့လေသည်။ ထိုလူမှာ ရှီလဲ့မှ လွဲ၍ အခြားမဟုတ်ပေ။ ရှက်ကိုးရှက်ကန်းအမူအရာဖြင့် ရှီလဲ့က မေးလိုက်လေသည်။ "ဆရာ၊ ဒီမှာ ဘာလာလုပ်နေတာလဲ"
ရန်ကိုင် သူ၏ မူရင်းပုံစံအား မြင်သွားသည့်အပေါ် ရှက်နေသည့်ပုံပင်။ ရှီလဲ့မှာ မွန်းစတားမျိုးနွယ်စုမှ ဖြစ်ပါသော်ငြား လူအသွင် ပြောင်းနိုင်ပြီးသည့်နောက် မူလပုံစံကို ပြောင်းလေ့မရှိတော့ပေ။ သေရေးရှင်ရေး အခြေအနေမျိုးတွင်သာ သူ၏ မွန်းစတားအသွင်ပုံစံကို ပြောင်းလေ့ရှိပေသည်။
လက်ရှိအချိန်အတွင်း ရှီလဲ့မှာ မည်သူနှင့်မျှ မတိုက်ခိုက်နေရပါသော်ငြား အားကောင်းလှသော အာကာသလေပြင်းဒဏ်ကို ခုခံနိုင်ရန်အတွက် မွန်းစတားအသွင်သို့ ပြောင်းထားရလေသည်။
"အာကာသလေပြင်း ဘယ်လိုမျိုးလဲဆိုတာကို လာစစ်ဆေးကြည့်တာ" ရန်ကိုင်က ပြုံးကာ ပြောရင်းမှ ထိုင်ရန် အချက်ပြလိုက်သည်။
ရှီလဲ့လည်း ထိုင်ချလိုက်ပြီးသည့်နောက် ခေါင်းတခါခါဖြင့် ပြောလိုက်၏။ "စီနီယာ ဒီနေရာကို ရွေးလိုက်တာ တကယ်မှန်သွားတယ်"
ရန်ကိုင်က မျက်ခုံးပင့်လျက်... "ခင်ဗျားလည်း ဒီနေရာကောင်းတယ်လို့ ထင်တယ်ပေါ့"
ရှီလဲ့က ပြန်ပြောလိုက်သည်။ "ကောင်းတာပေါ့၊ အချိန်သာရမယ်ဆိုရင် ကျုပ်ရဲ့ခန္ဓာကိုယ်တောင် ပိုပြီး အားကောင်းလာနိုင်တယ်"
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ "မွန်းစတားဘုရင်တစ်ပါးထက်တောင် အားကောင်းတာဆိုတော့ ဒီနေရာက တကယ်ကို ကောင်းတဲ့နေရာ ဖြစ်လို့ပဲနေမှာ"
ရှီလဲ့က ပြုံးဖြီးလျက်... "ဒါပေမဲ့ ဒီနေရာက တော်တော်လေး အန္တရာယ်များတယ်၊ လုံလောက်တဲ့ ခွန်အားမရှိဘဲနဲ့ ဒီနေရာကို ဝင်လာတာက ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူပဲ" ထိုကဲ့သို့ပြောပြီးသည့်နောက် ရန်ကိုင်မှ သူနှင့် မလှမ်းမကမ်းတွင် အသာအယာ ရပ်နေသည့် မြင်ကွင်းကို ပြန်စဉ်းစားမိသွားခဲ့ပြီး ရှီလဲ့ ထိတ်လန့်သွားခဲ့လေသည်။ ရန်ကိုင်မှာ သူနှင့် နေရာအတူတူတွင် ရပ်နေခဲ့ပါသော်ငြား သူ့မှာမူ မွန်းစတားအသွင်သို့ ပြောင်းထားရပြီး သွေးအလိမ်းလိမ်းနှင့် ဖြစ်နေခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာတော့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးသာ ရှိနေလေ၏။
ထိုအခါမှသာလျှင် ရန်ကိုင်၏ ခန္ဓာကိုယ်မှာ သူ့ထက်ပို၍ မာကျောကြောင်းကို ရှီလဲ့ သဘောပေါက်သွားရသည်။ ထိုသို့ စဉ်းစားမိလိုက်သည့်အတွက် ရှီလဲ့မှာ စိတ်ဓာတ်ကျချင်သလိုပင် ဖြစ်သွားခဲ့လေသည်။ သူသည် ရှေးဟောင်းတောအုပ်ကြီးဆီမှ လာသည့် မွန်းစတားဘုရင်တစ်ပါးဖြစ်ပြီး သူ့ခွန်အားသည် မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးထဲတွင်ပင် ထိပ်တန်းသုံးဦးထဲ ပါလေသည်။ သို့ပင်ဖြစ်လင့်ကစား သူ၏ ခန္ဓာကိုယ်မှာ လူသားတစ်ဦး၏ ခန္ဓာကိုယ်လောက်ပင် အားမကောင်းခဲ့ပေ။
သူ၊ ယင်ဖေးနှင့် ရှဲ့ဝူဝေတို့ ရန်ကိုင်အား ခေါင်းဆောင်အဖြစ် သဘောထားရခြင်းမှာ ရန်ကိုင်သည် ကောင်းကင်အမိန့်တော်၏ မျိုးဆက်နှင့် နီးကပ်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ သွေးတံခါး ပြန်ပွင့်လာသည့်နောက် ကောင်းကင်အမိန့်တော်၏ မျိုးဆက်အား သူတို့အား သွေးတံခါးထဲသို့ ဝင်ခွင့်ပေးရန် ရန်ကိုင်မှတစ်ဆင့် တောင်းဆိုလိုခြင်းပင် ဖြစ်လေသည်။
သို့သော်ငြား ရန်ကိုင်နှင့်အတူ ရှိနေပြီးသည့်နောက်တွင် ရန်ကိုင်မှာ သာမန် ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦး မဟုတ်မှန်းကို ပိုပို၍ သိလာခဲ့ရသည်။ တစ်ယောက်ချင်းသာ ယှဉ်တိုက်ခိုက်မည်ဆိုလျှင် သူတို့အထဲရှိ မည်သူမျှ ရန်ကိုင်အား အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိကြပေ။
ထိုအပြင် ရန်ကိုင်သည် နဂါးကလန်မှ အမျိုးသမီးတစ်ဦးကိုပင်လျှင် အနိုင်ယူပြနိုင်ခဲ့လေသေးသည်။ ထိုအချက်ကို စဉ်းစားမိလိုက်သည့်နောက်တွင် ရန်ကိုင်မှာ အမှန်တကယ်ကို အားကောင်းသည့် လူတစ်ဦးဖြစ်မှန်း မွန်းစတားဘုရင်သုံးပါးလုံး ယုံကြည်သွားကြတော့သည်။
ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ "ဒီနေရာက ခင်ဗျားအတွက် အသုံးဝင်တယ်ဆိုမှတော့ ဒီနေရာမှာနေပြီးတော့ပဲ ဒီနေရာကို စောင့်ကြည့်ထားလိုက်တော့ပေါ့"
ရှီလဲ့က ပြုံး၍ ပြန်ပြောလိုက်သည်။ "ကျုပ်လည်း အဲဒီလိုမျိုးလုပ်ဖို့ပဲ စဉ်းစားထားတာ"
ရုတ်တရက် ရန်ကိုင်က ခေါင်းစဉ်ပြောင်း၍ မေးလိုက်လေသည်။ "ကျုပ် ရှေးဟောင်းတောအုပ်ကြီးထဲမှာရှိတဲ့ မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးထဲမှာ ခင်ဗျားတို့ သုံးယောက်အကြောင်းကိုပဲ သိတယ်၊ ကျန်တဲ့ မွန်းစတားဘုရင်တွေကရော ဘယ်လိုနေလဲ"
ရှီလဲ့သည် သူ့မေးစေ့ကို ပွတ်ရင်းမှ ပြန်ပြောလိုက်သည်။ "အဲဒီကောင်တွေက နည်းနည်း ပြောရတော့ခက်တယ်၊ ဥပမာပြောရရင် ရှုန်းခိုင်ရှန်းဆိုတဲ့ကောင်က သူ့ပုံစံက ရိုးရိုးအေးအေးလေး ပေါက်ပေမဲ့ တကယ့်တကယ်ဆို အရမ်းကို အဲဒီကောင်က ဉာဏ်နီဉာဏ်နက်များတဲ့ကောင်" ရှီလဲ့ကို ကြည့်ရသည်မှာ ရှုန်းခိုင်ရှန်းဆိုသည့် မွန်းစတားဘုရင်၏ လှည့်စားခြင်း ခံရဖူးသည့်ပုံပင်။ ထို့နောက်တွင် ရှီလဲ့က ပြုံးဖြီး၍ ထပ်ပြောလိုက်သည်။ "ပြီးတော့ အဲဒီအမျိုးသမီးမွန်းစတားဘုရင်တွေကတော့ တော်တော်လေးကို ဆွဲဆောင်မှုရှိတယ်၊ အထူးသဖြင့် ဝူဖေးပဲ၊ ကျုပ်ကြားဖူးတာတော့ သူ့မှာ အမြီးကိုးချောင်းကောင်းကင်မြေခွေးရဲ့ သွေးမျိုးဆက်ရှိနေတယ်ဆိုပဲ၊ ကျွတ်ကျွတ်ကျွတ်"
ရုတ်တရက် သူ့ခန္ဓာကိုယ် တုန်ခါသွားခဲ့ပြီး ချက်ချင်း မျက်နှာတည်၍... "ဆရာ၊ အဲဒီမိစ္ဆာမနဲ့တွေ့ရင် သူလှည့်စားတာ မခံရအောင် သတိထားနော်၊ အဲဒီမိစ္ဆာမရဲ့ ညှို့ဓာတ်ပညာရပ်တွေက တကယ်ကို ပြိုင်ဘက်ကင်းပဲ”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၈၈)
ဘာသာပြန်သူ_တိမ်တိုက်
တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် လိုဏ်ဂူထဲမှ ထွက်၍ ရှေ့သို့ ဆက်သွားလေသည်။
ရှီလဲ့ကမူ ရန်ကိုင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း သက်ပြင်းချလိုက်လေသည်။
ဤတားမြစ်နေရာထဲတွင် အရှေ့သို့ ဆက်သွားလေလေ ခံစားနေရသည့် ဖိအားမှာ ပိုမိုကြီးမားလာလေပင်။ သူထိုင်နေသည့် နေရာတွင် ရှိနေသော ဖိအားသည် ရှီလဲ့ တောင့်ခံနိုင်သည့် အများဆုံးပမာဏ ဖြစ်သည်။ ထိုသို့သာမဟုတ်ပါက မိမိခန္ဓာကိုယ်အား ပိုမို အားကောင်းလာအောင် ကျင့်ကြံနိုင်တော့လိမ့်မည် မဟုတ်ဘဲ သူ့ကိုယ်သူ ထိခိုက်အောင်သာ လုပ်နေသလို ဖြစ်သွားပေလိမ့်မည်။
ရန်ကိုင်ကမူ အရှေ့သို့ ဆက်သွားနေနိုင်ခဲ့လေသည်။ ထိုအတွက်ကြောင့် သူ့ခန္ဓာကိုယ်မှာ အလွန်ကိုမှ အားကောင်းရပေလိမ့်မည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ရှီလဲ့မှာ ကြိတ်မနိုင်ခဲမရအမူအရာဖြင့် ကြိတ်ကာ သက်ပြင်းချလိုက်လေသည်။ တကယ်တော့ သူသည် မွန်းစတားဘုရင်တစ်ပါးပင် မဟုတ်ပါလော။ သို့ပင်ဖြစ်လင့်ကစား လူသားတစ်ဦး၏ ခန္ဓာကိုယ်ကို မယှဉ်နိုင်ခဲ့ပေ။ ချက်ချင်းပဲ အနိုင်မခံအရှုံးမပေးလိုသော စိတ်ဓာတ်ဖြင့် လိုဏ်ဂူထဲမှ ပြေးထွက်သွားခဲ့ပြီး မူလမွန်းစတားအသွင်သို့ ပြန်ပြောင်းကာ အာကာသလေပြင်းများ၏ ဖြတ်တောက်မှုကို ပြန်လည် တောင့်ခံတော့လေသည်။
တောင်ကြား၏ အနက်ရှိုင်းဆုံးနေရာတွင် ရန်ကိုင်၏ ခန္ဓာကိုယ်မှာ မရေမတွက်နိုင်သော ပြတ်ရာများကြောင့် အဆက်မပြတ် သွေးထွက်နေခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား ထိုဒဏ်ရာလေးများမှာ ရန်ကိုင်၏ အားကောင်းလှသော ပြန်လည်ကုစားနိုင်စွမ်းကြောင့် လျင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
တောင်ကြားထဲသို့ ဝင်လာသည်နှင့်အမျှ တောင်နံရံများပေါ်တွင် မည်သည့် လိုဏ်ဂူကိုမျှ မတွေ့ရတော့ပေ။ လက်ရှိ ရန်ကိုင် ရောက်နေသည့် နေရာသည် ရှေးဟောင်းကျောင်းတော်ကို တည်ထောင်ပြီးချိန်မှစ၍ မည်သူမျှ မရောက်နိုင်ခဲ့သည့် နေရာတစ်ခုဖြစ်သည့်အတွက်ကြောင့် ဤနေရာ၌ မည်သည့်လိုဏ်ဂူမျှ ရှိမနေတော့သည်မှာ အဆန်းတော့ မဟုတ်ပေ။
တစ်နာရီခန့်ကြာအောင် လျှောက်လာပြီးသည့်နောက်တွင် တောင်ကြားအဆုံးသို့ ရောက်လာခဲ့လေသည်။ ထိုနေရာသို့ ရောက်လာပြီးသည့်နောက်တွင် ထူးဆန်းသည့် လေဟာနယ်နိယာမစွမ်းအင်လှိုင်းတို့ ဖြာထွက်နေသည်ကို ရန်ကိုင် ခံစားမိလိုက်သည်။
တစ်ခုခုအား နားလည်သွားခဲ့ပြီး ခေါင်းမော့၍ ကြည့်လိုက်ရာ သူရပ်နေသော နေရာဆီမှ မီတာတစ်ထောင်ခန့်အကွာတွင် တောင်ကြား၏ အဆုံး၌ လေထဲဝဲနေသော မီတာပေါင်းများစွာ မြင့်မားသည့် ဟင်းလင်းပြင်အက်ကွဲကြောင်းကြီးတစ်ခုကို တွေ့လိုက်ရလေသည်။
ချောက်ချားဖွယ်ကောင်းသော လေပြင်းတို့ ထိုဟင်းလင်းပြင် အက်ကြောင်းထဲမှ ထွက်ပေါ်လာနေပြီး တောင်ကြားထဲသို့ တဝုန်းဝုန်း တိုက်ခိုက်လာနေခဲ့သည်။
တားမြစ်နေရာထဲ ရှိနေသော အာကာယလေပြင်းများသည် တားမြစ်နေရာထဲ၌ မူလကတည်းက ရှိနေကြသည့် အရာများ မဟုတ်ဘဲ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာနေကြသည့် အရာများ ဖြစ်ကြသည်။ လောကနိယာမများမှာ အလိုလိုပြန်ကောင်းနိုင်စွမ်းကို ပိုင်ဆိုင်ထားကြပေသည်။ ဥပမာပြောရသော် ရန်ကိုင်သည်သာ ဟင်းလင်းပြင်အား ဆုတ်ဖြဲလိုက်မည်ဆိုလျှင် ဆုတ်ဖြဲခံလိုက်ရသည့် နေရာသည် လောကနိယာမများ၏ ပြန်လည်ကုစားခြင်း ခံရပေလိမ့်မည်။
သို့သော်ငြား လက်ရှိ ရန်ကိုင်အရှေ့တွင် ရှိနေသည့် ဟင်းလင်းပြင်အက်ကွဲကြောင်းမှာတော့ တည်ရှိလာသည်မှာ အလွန်တရာကိုမှ ကြာညောင်းနေသည့်ပုံပင်။ ထိုဟင်းလင်းပြင်အက်ကွဲကြောင်း မည်သည့်နေရာနှင့် ဆက်သွယ်နေသလဲ ဆိုသည်ကိုပင် ရန်ကိုင် မသိရပေ။ အာကာသလေပြင်းများသည် ဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာနေခဲ့ပြီး လောကနိယာမများမှာလည်း ထိုအက်ကွဲကြောင်းကို ပြန်လည် ပြုပြင်နိုင်ခဲ့ခြင်း မရှိပေ။ ထိုအကြောင်းကြောင့်ပင်လျှင် အက်ကွဲကြောင်းမှာ တောက်လျှောက်ကို တည်ရှိနေနိုင်ရခြင်း ဖြစ်၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် စိတ်ထဲ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲသို့ သွားရောက် စူးစမ်းချင်စိတ်များ ထွက်ပေါ်လာရသည်။ ဟင်းလင်းပြင်အက်ကွဲကြောင်း မည်သည့်နေရာနှင့် ဆက်သွယ်ထားလေသလဲ။ ဘာကြောင့်များ အားကောင်းလှသည့် လေပြင်းများ ထိုအက်ကွဲကြောင်းထဲမှ အဆက်မပြတ် ထွက်ပေါ်လာနေရသလဲဆိုသည်ကို သိချင်မိလေသည်။
ဆုံးဖြတ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် လေဟာနယ်နိယာမစွမ်းအားကို အသက်သွင်းလိုက်ရာ ဟင်းလင်းပြင်အက်ကွဲကြောင်း အရှေ့၌ ရုတ်တရက် ပေါ်လာပြီးသည့်နောက် ဟင်းလင်းပြင်အက်ကွဲကြောင်းထဲသို့ တုံ့ဆိုင်းခြင်းမရှိ ခုန်ဝင်သွားခဲ့လေ၏။
တစ်ခဏအကြာ၌ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှ ရန်ကိုင် အမြန်ပြေးထွက်လာခဲ့လေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာတော့ ရွှေရောင်သွေးတို့ဖြင့် စိုရွှဲနေခဲ့ပြီး မီတာတစ်ထောင်ခန့်အကွာသို့ ဆုတ်ပြီးသည့်အခါမှသာလျှင် ရန်ကိုင် စိတ်ထဲ လုံခြုံသွားသလို ခံစားလိုက်ရသည်။ ထို့နောက် ဟင်းလင်းပြင်အက်ကွဲကြောင်းကို ထိတ်လည်းထိတ်လန့် စိတ်လည်းစိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ပြန်၍ လှည့်ကြည့်လိုက်လေ၏။
ဟင်းလင်းပြင်အက်ကွဲကြောင်းထဲသို့ ပြေးဝင်သွားပြီးသည့်နောက်တွင် ထိုနေရာတစ်ခုလုံး အာကာသလေပြင်းတို့ဖြင့် ပြည့်နေပြီး ထိုနေရာရှိ လေ၏ စွမ်းအားမှာ တောင်ကြားထဲရှိ လေထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်နေကြောင်း တွေ့ရှိလိုက်ရသည်။ ထိုလေနှင့် ထိမိသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်မှာ ဆိုးဆိုးရွားရွားကို ဒဏ်ရာရသွားရတော့သည်။ ချက်ချင်း ပြန်ဆုတ်လာခဲ့သည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူ့ကိုယ်ပေါ်ရှိ အသားအားလုံး ပြတ်ထွက်ကုန်ပြီး တစ်ခဏလေးအတွင်းမှာပင် ရန်ကိုင်မှာ အသက်ဆုံးရှုံးသွားရပေလိမ့်မည်။
ရန်ကိုင်မှာ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲ ခဏလေးသာ နေခဲ့ပါသော်ငြား ထိုအထဲ၌ အလွန်တရာကိုမှ မယုံကြည်နိုင်စရာ ကောင်းလှသော အရှိန်အဝါတစ်ရပ်ရှိနေသည်ကို ခံစားမိခဲ့သည်။ ထိုအရှိန်အဝါသည် ဤလောကကြီးထဲ၌ ရှိနေသည့် အရာမှန်သမျှကို ဖျက်ဆီးပစ်နိုင်သယောင် ထင်မှတ်ရပြီး အာကာသလေပြင်း၏ ဇစ်မြစ်ဖြစ်သည်မှာ သိသာလှပေသည်။
ရှေးဟောင်းကျောင်းတော် တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်းသောင်းနှင့်ချီနေခဲ့လေပြီ။ အာကာသလေပြင်းမှာမူ ရှေးဟောင်းကျောင်းတော်ကို မတည်ထောင်ခင်ကတည်းက တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့ပင်ဖြစ်လင့်ကစား ဤလောကကြီးထဲတွင် ရှိနေသည့် အရာမှန်သမျှသည် အကြောင်းအရင်းတစ်ခုခုကြောင့် တည်ရှိနေရခြင်း ဖြစ်ပေသည်။ အာကာသလေပြင်းလည်း အတူတူပင်။ အာကာသလေပြင်းသည် ဤတောင်ကြားထဲသို့ အကြောင်းအရင်းမရှိ နှစ်ပေါင်းသောင်းနှင့်ချီတိုင်အောင် တိုက်ခတ်နေစရာ အကြောင်းမရှိပေ။
အာကာသလေပြင်း၏ ဇစ်မြစ်မှာ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲ၌ ပုန်းကွယ်နေခြင်းသာ ဖြစ်သည်။
ကံမကောင်းစွာဖြင့် ထိုအရာသည် မည်သည့်အရာဖြစ်သလဲကို မသိခဲ့သလို ထိုအရာကို ယူနိုင်သည့် စွမ်းအင်မျိုးလည်း ရန်ကိုင်တွင် ရှိမနေခဲ့ပေ။ သို့သော်ငြား အထဲတွင် ရှိနေသည့် အရာသည် မဟာဧကရာဇ်များကိုပင်လျှင် သတိထားသွားစေနိုင်သော အလွန်ကိုမှ အဖိုးထိုက်တန်လှသည့် ရတနာတစ်မျိုး ဖြစ်သည်မှာတော့ ယုံမှားသံသယရှိစရာ မလိုပေ။
ရန်ကိုင်မှာ ထိုရတနာကို အပြင်သို့ ထုတ်ယူလာချင်ပါသော်ငြား သူ့အခြေအနေကို ပြန်လည်သုံးသပ်ပြီးသည့်နောက် ထိုသို့မလုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။ လက်ရှိ ရန်ကိုင်မှာ ထိုရတနာကို အပြင်သို့ ထုတ်ယူလာနိုင်လောက်သည်အထိ အားမကောင်းသေးပေ။ သူ့ကျင့်ကြံခြင်း လောကကြီး၏ အထွတ်အထိပ်သို့ ရောက်သွားသည့်အချိန်အထိ စောင့်ပြီးသည့်နောက်မှသာလျှင် ထိုသို့လုပ်ဖို့ရာ ပြန်လည် စဉ်းစားရပေလိမ့်မည်။
တစ်ခဏအကြာ၌ ရန်ကိုင်သည် ရှီလဲ့ ရှိနေသည့် နေရာဆီသို့ ပြန်ရောက်လာခဲ့သည်။ ရန်ကိုင်၏ ပုံစံကို မြင်သော် ရှီလဲ့က ထိတ်လန့်တကြားဖြင့် မေးလိုက်လေသည်။
လက်ရှိအချိန်တွင် ရန်ကိုင်တစ်ကိုယ်လုံး ရွှေရောင်သွေးများဖြင့် စိုရွှဲနေခဲ့လေသည်။ သူ့အရှိန်အဝါသည်ပင်လျှင် မတည်မငြိမ် ဖြစ်နေလေရာ ရန်ကိုင် ဒဏ်ရာရထားသည်မှာ သိသာလှပေသည်။
ရန်ကိုင်က အသာအယာ ချောင်းဟန့်ရင်းမှ ပြန်ပြောလိုက်သည်။ "မတော်တဆ တစ်ခုခုဖြစ်သွားတာ၊ အရှေ့ဘက်မှာ အရမ်းအန္တရာယ်များတယ်၊ ခင်ဗျားသွားရင် သေချာ သတိထားဦး" ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် အနားတွင်ရှိနေသော လိုဏ်ဂူတစ်ခုထဲသို့ ဝင်သွားလိုက်လေ၏။
ရှီလဲ့၏ မျက်နှာ လေးနက်တည်ကြည်သွားခဲ့လေသည်။ ရန်ကိုင်သည်ပင်လျှင် အရှေ့ဘက်သို့ သွားပြီးသည့်နောက် ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံခဲ့ရလေရာ ရန်ကိုင်ထက် အားနည်းသည့်လူဆိုလျှင် မည်ကဲ့သို့များ ဖြစ်သွားပါမည်နည်း။
ရှီလဲ့အား သတိပေးပြီးသည့်နောက်တွင် ရှီလဲ့မှာ သေချာ မပြင်ဆင်ထားသေးသရွေ့ တောင်ကြားအနက်ပိုင်းထဲသို့ ဆက်မသွားရန် ဆုံးဖြတ်လိုက်လေသည်။
နေ့ဝက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် အဝတ်အစားအသစ်တစ်စုံနှင့် လိုဏ်ဂူထဲမှ ပြန်ထွက်လာခဲ့ပြီး ရှီလဲ့အား နှုတ်ဆက်ပြီးသည့်နောက်တွင် တားမြစ်နယ်မြေထဲမှ ထွက်လာခဲ့လေသည်။
ထို့နောက် ဟွာချင်းစီနှင့် နန်မန်တကျွင်းတို့အား သွားတွေ့ပြီး ဟင်းလင်းပြင်အစီအရင် ခင်းကျင်းမည့် သင့်တော်သည့် နေရာတစ်ခုကို ရွေးချယ်လိုက်လေသည်။ နန်မန်တကျွင်းသည် လုပ်လက်စအလုပ်ကို ပစ်ထား၍ ရန်ကိုင်ကို ကူညီပေးရန် အားတက်သရောနှင့် ပြောလာခဲ့သည်။
ယခင်က နန်မန်တကျွင်း ထက်ကောင်းကင်နန်းတော်ထဲ၌ နေရန် ဆုံးဖြတ်ခဲ့ရခြင်းမှာ ရန်ကိုင်မှာ နယ်မြေကျော် ဟင်းလင်းပြင်အစီအရင်များကို ခင်းကျင်းနိုင်သည်အား တွေ့ရှိခဲ့ရသည့်အတွက်ကြောင့်ပင်။ ထိုအကြောင်းကြောင့် ရန်ကိုင်နှင့်အတူ လေ့လာလိုလေရာ ရန်ကိုင်နှင့်အတူ ထက်ကောင်းကင်နန်းတော်ထဲတွင် နေခဲ့ခြင်းဖြစ်သည်။ ကံမကောင်းစွာဖြင့် ဟင်းလင်းပြင်အစီအရင်များကို လေ့လာကြည့်ပြီးသည့်တိုင် နန်မန်တကျွင်းမှာ ဟင်းလင်းပြင်အစီအရင်တစ်ခုအား မည်ကဲ့သို့ ခင်းကျင်းရမလဲဆိုသည့် အခြေခံအချက်လောက်များကိုသာ သိရသေးပြီး သင့်တင့်ကောင်းမွန်သည့် ဟင်းလင်းပြင် အစီအရင်တစ်ခုကို ခင်းကျင်းနိုင်ခြင်း မရှိသေးပေ။ သူဖန်တီးထားသော ဟင်းလင်းပြင်အစီအရင်များသည် လူများအား အခြားတစ်နေရာဆီသို့ ပို့ဆောင်ပေးနိုင်ခြင်း မရှိပေ။
ထိုအခါမှသာလျှင် သူနှစ်ပေါင်းများစွာ လေ့လာခဲ့ရသည်မှာ အလဟဿဖြစ်ကြောင်း နန်မန်တကျွင်း သဘောပေါက်သွားခဲ့ရသည်။ အကြောင်းမှာ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသူများသည်သာ ဟင်းလင်းပြင်အစီအရင်များအား ခင်းကျင်းနိုင်သည့်အတွက်ကြောင့်ပင်။
သို့ပင်ဖြစ်လင့်ကစား ထိုအချက်သည်ပင်လျှင် နန်မန်တကျွင်း၏ စိတ်အားထက်သန်မှု လျော့ကျသွားအောင် လုပ်ဆောင်နိုင်ခြင်း မရှိပေ။ သူ့အနေဖြင့် ဟင်းလင်းပြင်အစီအရင်ကို ဆက်လက်လေ့လာနေ၍ ဟင်းလင်းပြင်အစီအရင်များအား ခင်းကျင်းလာနိုင်လိမ့်မည် မဟုတ်ပါသော်ငြား ဤအစီအရင်ကို လေ့လာရင်းမှ ရရှိလာသော အကျိုးအမြတ်များသည် သူ့အား အမျိုးမျိုးသော ပုံစံမျိုးဖြင့် အကျိုးရှိပေသေးသည်။
နန်မန်တကျွင်း၏ အကူအညီကြောင့် ဟင်းလင်းပြင်အစီအရင်အား ခင်းကျင်းရာ၌ ပို၍ လွယ်ကူသွားခဲ့လေသည်။ ဤနေရာသည် ထက်ကောင်းကင်နန်းတော်၏ ဂိုဏ်းခွဲဖြစ်မည်ဖြစ်သလို တပည့်ငါးသောင်းလောက်ကိုလည်း ဤနေရာ၌ နေထိုင်စေမည်ဖြစ်သည့်အတွက်ကြောင့် ဤနေရာရှိ ဟင်းလင်းပြင်အစီအရင် အရွယ်အစားမှာ သေးနေ၍ မဖြစ်ပေ။ ရန်ကိုင်မှာ မရေမတွက်နိုင်သော လေဟာနယ်သလင်းကျောက်များနှင့် လေဟာနယ်ကျောက်စိမ်းများကို သုံး၍ တစ်ကြိမ်လျှင် လူတစ်ရာခန့် ပို့ဆောင်ပေးနိုင်သော အရွယ်အစား ကြီးမားလှသည့် ဟင်းလင်းပြင်အစီအရင်တစ်ခုကို ခင်းကျင်းခဲ့လေသည်။
တစ်နေ့လုံးလုံး ကြာသွားသည့်အခါမှသာလျှင် လုပ်စရာကိစ္စအားလုံးကို လုပ်လို့ ပြီးသွားခဲ့သည်။ ဟင်းလင်းပြင်အစီအရင်အား အခြားသော ဟင်းလင်းပြင်အစီအရင်များနှင့် ဆက်သွယ်ပြီးသောအခါ ရန်ကိုင်သည် ဟွာချင်းစီနှင့် နန်မန်တကျွင်းကို နှုတ်ဆက်ကာ ထွက်လာခဲ့လေသည်။
ရန်ကိုင် ပြန်ပေါ်လာသည့်အချိန်တွင် ရှေးဟောင်းတောအုပ်ကြီးထဲသို့ ရောက်နေခဲ့လေပြီ။ သစ်လိုဏ်ဂူထဲမှ ထွက်လာပြီးသည့်နောက်တွင် အကြီးအကဲနှင့် မူနတို့အား ယခင်တစ်ကြိမ်ကိစ္စတွင် ဝင်ရောက်ကူညီပေးခဲ့သည့်အတွက် သွားရောက် ကျေးဇူးတင်စကားဆိုလေသည်။ တစ်ချိန်တည်း၌ သူနှင့်အတူ ကလန်နှစ်ခုအတွက် လက်ဆောင်များကိုပါ သယ်လာခဲ့ပေသေးသည်။
ရှေးဟောင်းကျောင်းတော်နှင့် တိုက်ပွဲတွင် ကျောက်တုံးဝိညာဉ်ကလန်နှင့် သစ်သားဝိညာဉ်ကလန်တို့မှာ ကြီးကြီးမားမားကို အကျိုးပြုပေးခဲ့လေသည်။ အစပိုင်းတွင် နတ်ဆိုးဝိညာဉ်များကို ခြေရာခံပြီး လိုက်လံသတ်ပစ်ခဲ့သည့်အတွက်ကြောင့် အခြားသော နတ်ဆိုးအသွင်ပြောင်းသွားသည့် ကျင့်ကြံသူများမှာ တိုက်ခိုက်နိုင်ခြင်း မရှိကြတော့ပေ။ တိုက်ပွဲပြီးဆုံးသွားသည့် အခါတွင်လည်း သစ်သားဝိညာဉ်ကလန်သည် သူတို့၏ သက်ဆိုင်ရာပညာရပ်များကို သုံး၍ သောင်းနှင့်ချီသော နတ်ဆိုးများ၏ ကိုယ်ထဲမှ နတ်ဆိုးချီများကို ဖိနှိပ်ပေးခဲ့သည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ထိုနတ်ဆိုးများ၏ ကိုယ်ထဲမှ နတ်ဆိုးချီများကို သန့်စင်နိုင်ခဲ့ပြီး လူပေါင်းများစွာကို ကယ်တင်နိုင်ခဲ့လေသည်။
ထိုကလန်နှစ်ခုမှာ ငြိမ်းချမ်းရေးကို လိုလားသည့်လူများ ဖြစ်ကြသည့်အလျောက် ရန်ကိုင်၏ တောင်းဆိုမှုကြောင့်သာ မဟုတ်လျှင် သူတို့ မျိုးဆက်အဆက်ဆက် နေထိုင်လာခဲ့သော ဤနေရာမှထွက်၍ ထိုကဲ့သို့သော တိုက်ပွဲမျိုးတွင် ဝင်ပါစရာ အကြောင်းမရှိပေ။ ထိုအကြောင်းကြောင့် ရန်ကိုင်အနေဖြင့် သူတို့ ကျေးဇူးကို လုံးဝမေ့လိမ့်မည် မဟုတ်။
နည်းနည်းပါးပါး စကားပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လိုရင်းကို သွားလိုက်လေသည်။ "အကြီးအကဲကလေ တော်တော်လေးကို ဗဟုသုတကြွယ်ဝတဲ့လူဆိုတော့ ကျုပ် လူတစ်ယောက်အကြောင်း အကြီးအကဲကို မေးချင်လို့"
အကြီးအကဲက ပြုံး၍ ပြန်ပြောလိုက်သည်။ "ငါဒီအတိုင်းပဲ အခြားသူတွေထက် ပိုပြီး အသက်ရှည်ရုံပါပဲ၊ မင်း ဘယ်သူ့အကြောင်းကို သိချင်တာလဲ"
"အကြီးအကဲ ရှန်းယုကျုဆိုတဲ့ နာမည်ကိုကြားဖူးလား" ရှန်းယုကျုအကြောင်း မေးဖို့ရာမှာ ယခုတစ်ကြိမ် လာရင်းခရီး၏ အဓိကအကြောင်းအရင်း မဟုတ်ပါသော်ငြား ရောက်တုန်းရောက်ခိုက် သူမအကြောင်းကို မေးသွားရမည်ဟု ရန်ကိုင် ဆုံးဖြတ်ထားခဲ့သည်။ ရှန်းယုကျုမှာ လူဆိုးတစ်ယောက် ဖြစ်လိမ့်မည်ဟု မထင်ပါသော်ငြား သတိတော့ ထားရပေလိမ့်မည်။ တကယ်တော့ ရန်ကိုင်မှာ ရှန်းယုကျုနှင့် ကတိပြုထားခဲ့သည် မဟုတ်ပါလော။ ထိုအကြောင်းကြောင့် သူမအကြောင်းကို ပိုသိထားခြင်းမှာ နောက်ပိုင်းအတူ ပူးပေါင်းလုပ်ဆောင်မှုအတွက် ပို၍ အကျိုးရှိပေလိမ့်မည်။
ကျောက်တုံးဝိညာဉ်ကလန်သည် အလွန်တရာကိုမှ ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ထားကြပေသည်။ အကြီးအကဲဆိုလျှင် ကြယ်တာရာအစုအဝေးတစ်ခုလုံး၌ အသက်အကြီးဆုံးလူ ဖြစ်သည်ဟုပင် ပြော၍ ရသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ အကြီးအကဲကို လာရောက်မေးမြန်းနေခြင်းပင် ဖြစ်သည်။
"ရှန်းယုကျု" အကြီးအကဲသည် ထိုနာမည်ကို ရေရွတ်လိုက်ပြီးသည့်နောက် ခေါင်းခါလျက်... "တစ်ခါမှ မကြားဖူးဘူး"
"တစ်ခါမှ မကြားဖူးဘူးလား" ရန်ကိုင် ကြောင်သွားခဲ့လေသည်။
အကြီးအကဲက ပြန်ပြောလိုက်သည်။ "အဲဒီနာမည်က ဒီလောကကြီးတစ်ခုလုံးကို လှုပ်ခါသွားအောင်လုပ်နိုင်တဲ့ ထူးခြားတဲ့ နာမည်ဆိုရင်တော့ ငါကြားဖူးသရွေ့ လုံးဝမေ့မှာ မဟုတ်ဘူး၊ အဲဒီနာမည်နဲ့ ပတ်သက်ပြီး မင်းက ဘာတွေကိုစိတ်ပူနေတာလဲ"
သက်ပြင်းချပြီးသည့်နောက် ရန်ကိုင်က ပြောလိုက်လေသည်။ "ဒီလိုမျိုးပါ"
ထို့နောက်တွင် လော့ရှာဂိုဏ်း၌ ဖြစ်သွားသည့် ကိစ္စများကို ပြန်ပြောပြခဲ့သည်။ သို့သော်လည်း ရှန်းယုကျုထံမှ ပေးထားသည့် ကတိများအကြောင်းကိုတော့ ချန်ခဲ့လေသည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင် ပြောပြသည်ကို ကြားပြီးသည့်နောက် အကြီးအကဲနှင့် မူနတို့ နှစ်ဦးစလုံး ကြောင်သွားကုန်ကြလေ၏။
အကြီးအကဲက အထိတ်ထိတ်အလန့်လန့်ဖြင့်... "အဲဒီလိုလူမျိုး ဒီလောကကြီးမှာ ရှိမယ်လို့ ငါတကယ် ထင်မထားဘူး"
မူနကလည်း သူမ၏ ပါးစပ်ကလေးကို အံ့သြတကြီးဖြင့် အုပ်ရင်းမှ... "အဲဒီ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှာ သူ့ဘာသာသူ နှစ်ပေါင်းသောင်းနဲ့ချီပြီး အသက်ရှင်နိုင်ခဲ့တာလား၊ တကယ်ကို အံ့သြစရာပဲ" တစ်ချက်မျှ ရပ်ပြီးသည့်နောက်... "သူ့ဘဝကလည်း တော်တော်လေး သနားစရာကောင်းခဲ့မှာ"
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီးသည့်နောက်... "ကျုပ်လည်း အဲဒါနဲ့ပတ်သက်ပြီး တော်တော်လေး ထိတ်လန့်ဖို့ကောင်းတယ်လို့ ခံစားရလို့ အကြီးအကဲကို လာမေးကြည့်တာ"
အကြီးအကဲက ခေါင်းခါ၍... "ငါ သူ့နာမည်ကို တစ်ခါမှမကြားဖူးဘူး"
ရန်ကိုင်၏ မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီးသည့်နောက်... "အကြီးအကဲပြောချင်တာက သူ့နောက်ခံနဲ့ ပတ်သက်ပြီးတော့ တစ်ခုခုမှားနေတယ်ပေါ့"
အကြီးအကဲကမူ ရယ်သွမ်းသွေး၍သာ ပြန်ပြောလိုက်သည်။ "အဲဒီလိုမျိုးတော့ မဟုတ်ပါဘူး၊ ငါအသက်ရှင်လာတာ ကြာပြီဆိုပေမဲ့ ဒီလောကကြီးထဲက ကိစ္စတိုင်းကိုတော့ သိတာမဟုတ်ဘူးလေ၊ မင်းသိတဲ့အတိုင်းပဲ ငါတို့ကလန်က မျိုးဆက်အဆက်ဆက် ဒီရှေးဟောင်းတောအုပ်ကြီးထဲမှာပဲ နေထိုင်ခဲ့တာ၊ အပြင်ဘက်က ကိစ္စအကြောင်းတွေကို သိပ်သိတာ မဟုတ်ဘူး၊ မဟာတာအိုအတွက် ပြိုင်ဆိုင်ကြတဲ့ ကိစ္စတွေဆိုရင်လည်း ကောလာဟလတွေလောက်ပဲ ငါကြားဖူးတာ၊ အဲဒီအထဲမှာ ဘယ်သူတွေပါလဲဆိုတာကိုတောင် ငါမသိခဲ့ဘူး၊ ဒါပေမဲ့ အခုလောလောဆယ်မှာ ရှိနေတဲ့ မဟာဧကရာဇ်တွေ အတော်များများရဲ့ နာမည်ကို ပြောနိုင်တာဆိုတော့ သူလိမ်နေတာ မဖြစ်လောက်ဘူး၊ သူတကယ်ကြီး အဲဒီခေတ်ကလာတာ ဖြစ်လောက်တယ်၊ သူလူကောင်းလား လူဆိုးလား၊ မင်းဘယ်လိုထင်လဲ"
ရန်ကိုင်ကမူ ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ "သူ့ဆီကနေ မကောင်းတဲ့ ဘာရည်ရွယ်ချက်ကိုမှတော့ မခံစားမိဘူး"
အကြီးအကဲက ပြုံး၍... "အဲဒါဆိုရင် အဆင်ပြေမှာပါ၊ သူအဲဒီအထဲမှာ နှစ်ပေါင်းသောင်းနဲ့ချီကြာအောင် ပိတ်မိနေတာဆိုတော့ သူ့ကျင့်ကြံခြင်း ဘယ်လိုဖြစ်နေမလဲဆိုတာတော့ ငါမပြောတတ်တော့ဘူး၊ သူက မကောင်းတဲ့လူဆိုရင်တောင် မဟာဧကရာဇ်မှ မဟုတ်သေးတာ၊ မဟုတ်တရုတ်တွေ လုပ်ရဲရင် ငါတို့ထက် အမြင့်မှာရှိနေတဲ့ လူတွေက ဝင်ရှင်းလိမ့်မယ်"
ရန်ကိုင်က ဦးညွှတ်၍..."ကျုပ်လည်း အဲဒီလိုမျိုးပဲ စဉ်းစားထားတာ၊ အဲဒါကြောင့် သူ့ကို ခေါ်ထုတ်လာဖို့ ဆုံးဖြတ်လိုက်တာ၊ မဟုတ်ရင် အဲဒီလိုမျိုး လုပ်ရဲမှာမဟုတ်ဘူး၊ သူနဲ့ပတ်သက်တဲ့ ကိစ္စအကြောင်းအရာတွေကို အရင်စပြီးတော့ ရှာကြည့်ဦးမယ်”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၈၉)
ဘာသာပြန်သူ_တိမ်တိုက်
အကြီးအကဲနှင့် မူနအား နှုတ်ဆက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် လွမ်ဖုန်း၏နန်းတော်ဆီသို့ ထွက်လာခဲ့လေသည်။
ဖီးနစ်အသိုက်နန်းတော်အပြင်ဘက်တွင် ခက်ထန်ကြမ်းကြုတ်သည့် အရှိန်အဝါကို ထုတ်လွှတ်နေသော မွန်းစတားဗိုလ်ချုပ်မှူးနှစ်ဦး ရပ်စောင့်နေကြလေသည်။ ရုတ်တရက်ဆိုသလို သူတို့၏မြင်ကွင်းထဲ လူတစ်ဦးပေါ်လာခဲ့ပြီး ထိုလူသည် သူတို့ရှေ့သို့ ရောက်လာခဲ့သည်။
ထိုလူကိုမြင်လိုက်သည့်အခိုက် ပါးစပ်ကျယ်ကျယ် နှာခေါင်းကြီးကြီးနှင့် မွန်းစတားဗိုလ်ချုပ်မှူးက အော်မေးရန် ကြိုးစားလိုက်လေသည်။ “ဘယ်သူ…”
သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်၏မျက်နှာကို မြင်လိုက်သည့်အခိုက် ပြောလက်စစကားများကို ချက်ချင်း ပြန်မျိုချလိုက်လေ၏။
ရန်ကိုင်သည် ရှေးဟောင်းတောအုပ်ကြီးထဲ နာမည်ကျော်ကြားနေသည့် လူတစ်ဦးဖြစ်ပေသည်။ မွန်းစတားဘုရင်များအပြင် သူတို့၏လက်အောက်ငယ်သားများ ဖြစ်ကြသော မွန်းစတားဗိုလ်ချုပ်မှူးများ၊ မွန်းစတားဗိုလ်ချုပ်များနှင့် အခြားသော မွန်းစတားမျိုးနွယ်စုဝင်များမှာ ရန်ကိုင်အား သိကြလေသည်။
ထို့အပြင် ရန်ကိုင်မှာ ဖီးနစ်အသိုက်နန်းတော်သို့ တစ်ကြိမ်မက ထိုးဖောက်ဝင်ရောက်လာခဲ့ပါသော်ငြား လွမ်ဖုန်းမှာ သူ့အား ဘာမှမလုပ်နိုင်ခဲ့ပေ။ ထိုအကြောင်းကြောင့်ပင်လျှင် ဤနန်းတော်ထဲ၌ ရှိနေကြသောလူအားလုံး ရန်ကိုင်အား သိနေကြခြင်းပင် ဖြစ်သည်။
ယခင်တစ်ကြိမ် လွမ်ဖုန်း ဤနန်းတော်ဆီသို့ ပြန်လာပြီးသည့်နောက်တွင် ရန်ကိုင်အား မြင်ပါက သတ်ပစ်ရန် အမိန့်ပေးခဲ့သည်။ ဖြစ်လာသမျှအကျိုးဆက်ကို သူမမှ တာဝန်ခံမည်ဟုလည်း ပြောခဲ့သေးသည်။
သူမမှ ထိုကဲ့သို့ အမိန့်ပေးထားသည့်တိုင် မွန်းစတားဗိုလ်ချုပ်မှူးများမှာ ထိုကဲ့သို့ မလုပ်ရဲကြပေ။ ရန်ကိုင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ကြသော လူများသည်ပင်လျှင် ထိုကဲ့သို့ မလုပ်ရဲကြလေရာ ရန်ကိုင်နှင့် ပြိုင်ဘက်မဟုတ်ကြသည့်လူများသာဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။
ထိုအကြောင်းကြောင့် ရန်ကိုင်ရောက်လာသည်ကို မြင်ပြီးသည့်နောက်တွင် နန်းတော်အား စောင့်ကြပ်နေသော မွန်းစတားဗိုလ်ချုပ်မှူးနှစ်ဦးသည် လွမ်ဖုန်း၏အမိန့်ကို လျစ်လျူရှုလျက် လက်သီးဆုပ်ကာ ဖားဖားယားယားပြုံးရင်းမှ ပြောလိုက်လေသည်။ “စီနီယာရန်ပါလား…”
လွမ်ဖုန်းသာ ဤမြင်ကွင်းကို မြင်လိုက်မည်ဆိုလျှင် ကျိန်းသေ ဒေါသထွက်ပေလိမ့်မည်။
ရန်ကိုင်ကမူ လက်နောက်ပစ်ရင်းမှ မွန်းစတားဗိုလ်ချုပ်မှူးနှစ်ဦးကို ဖြတ်ကျော်သွားခဲ့လေသည်။ အပြင်လူတစ်ဦးဦးသာ ဤမြင်ကွင်းကို မြင်လိုက်မည်ဆိုလျှင် ရန်ကိုင် ကိုယ့်အိမ်ကိုယ်ယာဆီသို့ ပြန်လာနေသည်ဟုသာ ထင်သွားပေလိမ့်မည်။
ထိုအချင်းအရာကိုမြင်လိုက်သော် အစောပိုင်းက စကားပြောလိုက်သော မွန်းစတားဗိုလ်ချုပ်မှူးက ရန်ကိုင်နောက်သို့ အလျင်စလိုပြေးလိုက်ရင်း ဖားဖားယားယားပြုံးလျက် မေးလိုက်လေသည်။ “ဆရာ… အခုတစ်ကြိမ် ဘာလို့ ရောက်လာတာလဲ…”
ပြောနေရင်းမှ အခြားသောမွန်းစတားဗိုလ်ချုပ်မှူးအား ယခုကိစ္စကို လွမ်ဖုန်းဆီသို့ ချက်ချင်း သွားအကြောင်းကြားရန် မျက်စပစ်ပြလိုက်လေသည်။
ရန်ကိုင် ရှေးဟောင်းတောအုပ်ကြီးဆီသို့ ရောက်လာတိုင်း ဖီးနစ်အသိုက်နန်းတော်မှာ အမြဲ ပြဿနာတက်ရပေသည်။ ယခုတစ်ကြိမ် ရန်ကိုင်ရောက်လာခြင်းမှာလည်း ပြဿနာသာ ဖြစ်လေသည်။ လွမ်ဖုန်းမှာ ယခင်တစ်ကြိမ် ရန်ကိုင်ရောက်လာစဉ်က ကြုံခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ဒေါသထွက်နေပေသေးသည်။ ထို့အတွက်ကြောင့် တစ်ခဏလေးအတွင်းမှာပင် ရန်ကိုင်ထပ်ရောက်လာလိမ့်မည်ဟု သူတို့မထင်ထားကြပေ။ ထိုအကြောင်းကြောင့် ရန်ကိုင်ပြဿနာရှာမည်ကို မွန်းစတားဗိုလ်ချုပ်မှူးများ စိတ်ပူနေကြပေသည်။
ရန်ကိုင်မှာ လွမ်ဖုန်းအား မကြောက်ပါသော်ငြား သူတို့ကတော့ မကြောက်၍မရပေ။ လွမ်ဖုန်းသည်သာ သူမ၏ဒေါသကို သူတို့အပေါ်သို့ ပုံချလာခဲ့မည်ဆိုလျှင် ဒုက္ခလှလှနှင့် တွေ့သွားရသူမှာ သူတို့သာ ဖြစ်သွားပေလိမ့်မည်။
“ကျုပ် ဘာဖြစ်လို့ ခင်ဗျားကို ပြောပြရမှာလဲ…” ရန်ကိုင်သည် ထိုမွန်းစတားဗိုလ်ချုပ်မှူးအား တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် တွန်းထုတ်လိုက်လေသည်။ ထို့နောက် အေးအေးဆေးဆေး ရှေ့သို့ဆက်သွားလေသည်။ တွန်းထုတ်ခံလိုက်ရပြီးသည့်နောက် မွန်းစတားဗိုလ်ချုပ်မှူးမှာ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျလုမတတ် ဖြစ်သွားခဲ့သည့်တိုင် ဒေါသမထွက်ရဲခဲ့ဘဲ ရန်ကိုင်နောက်သို့ ပြေးလိုက်သွားရင်းမှ ရန်ကိုင်အား တတ်နိုင်သမျှ အချိန်ဆွဲရန် ကြိုးစားလေသည်။
မွန်းစတားဗိုလ်ချုပ်မှူး၏ လုပ်ရပ်မှာ ရန်ကိုင်အား နှောင့်နှေးစေခဲ့ခြင်းမရှိသည့်အပြင် ရန်ကိုင်ကိုပါ ဒေါသထွက်လာစေရာ ရန်ကိုင်လည်း သည်းမခံနိုင်တော့သည့်အဆုံး မွန်းစတားဗိုလ်ချုပ်မှူးအား လည်ဂုတ်မှဆွဲကိုင်၍ လွှင့်ပစ်လိုက်လေသည်။
ရန်ကိုင်၏လုပ်ရပ်ကို သူ့ဆီသို့လာနေသော အစေခံမလေးတစ်သိုက် မြင်သွားသည့်အခါ အကုန်လုံးမှာ မျက်လုံးအပြူးသားဖြင့် ကြောက်လန့်တကြားအော်ဟစ်ရင်း ဘက်ပေါင်းစုံသို့ ထွက်ပြေးသွားကုန်ကြလေ၏။
ရန်ကိုင်ကမူ နှာခေါင်းကိုပွတ်ရင်းမှ မှုန်ကုပ်ကုပ်အမူအယာဖြင့် “သူတို့တွေ ဘာဖြစ်နေကြတာလဲ…”
ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပါသော်ငြား သူ့မြင်ကွင်းထဲ မည်သူမျှ ရှိမနေကြောင်း တွေ့လိုက်ရသည်။ ထို့အတွက်ကြောင့် လှောင်ပြုံးပြုံးပြီးသည့်နောက် အသက်ကိုပြင်းပြင်းရှူသွင်း၍ အော်ပြောလိုက်လေသည်။ “အမျိုးသမီးဖုန်း… ဒီရန် ခင်ဗျားကို လာတွေ့တယ်…”
ရန်ကိုင်၏အသံမှာ ကျယ်လောင်လှသလို ကြည်လည်း ကြည်လင်နေပေသေးသည်။ ထို့အကြောင်းကြောင့် ဖီးနစ်အသိုက်နန်းတော်ထဲ၌ ရှိနေသည့် နားပင်းမနေသည့်လူမှန်သမျှ သူပြောသည်ကို ကြားနိုင်ကြပေလိမ့်မည်။ သို့သော်ငြား လွမ်ဖုန်းမှာ သူ့အား မတွေ့ချင်သည့်အလား ဘာမျှပြန်ပြောမလာခဲ့ပေ။
ရန်ကိုင်သည် လှောင်ပြုံးပြုံးရင်းမှ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ဘေးပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်၏ပုံရိပ်သည် တစ်ခုသောခြံဝန်းထဲ၌ ပြန်ပေါ်လာခဲ့လေသည်။
ခြံဝန်းထဲတွင် ကလေးမလေးတစ်ဦး ကစားနေခဲ့လေသည်။ တစ်စုံတစ်ဦးရောက်လာသည်ကို သတိပြုမိလိုက်သည့်အလား လှမ်းကြည့်လိုက်ရာ ရန်ကိုင်မှ ပြုံး၍ သူ့အား ကြည့်နေကြောင်းကို တွေ့လိုက်ရသည်။ ကောင်မလေးမှာ ရန်ကိုင်ပုံစံကို သေသေချာချာကြည့်နေပြီးသည့်နောက် ရေရွတ်လိုက်လေ၏။ “အိုး… ကျွန်မ ရှင့်ကိုသိတယ်…”
ရန်ကိုင်က ခေါင်းညိတ်၍ ပြုံးကာ ပြန်ပြောလိုက်လေ၏။ “ငါလည်းနင့်ကိုမှတ်မိတယ်… ပြန်တွေ့ရတာ ဝမ်းသာပါတယ် ကောင်မလေး…”
ဤကလေးမလေးမှာ လွမ်ဖုန်း၏သမီးမှလွဲ၍ အခြားမဟုတ်ပေ။ ယခင်က ရန်ကိုင် ကြယ်တာရာအစုအဝေးသို့ ရောက်ပြီး မကြာခင် ငှက်မွေးပြာဂိုဏ်းမှ မေပယ်မြို့ဆီသို့ ထွက်ပြေးလာခဲ့ရသည်။ ထိုမြို့သို့ရောက်ပြီးသည့်နောက် မကြာမီပင် အခြားသူများနှင့်အတူ ရတနာကို လိုက်ရှာရင်းမှ လွမ်ဖုန်း၏သမီးကို သွားတွေ့လေသည်။ ထိုစဉ်က လွမ်ဖုန်း၏သမီးကို လူပေါင်းများစွာမှ ဝိုင်းထားခဲ့ခြင်း ဖြစ်လေသည်။ ထိုအခိုက်အတန့်တွင် ရန်ကိုင်မှာ နတ်သားရဲများ၏စွမ်းအားကို ပထမဦးဆုံးအကြိမ် မြင်တွေ့ခဲ့ရပြီး လွမ်ဖုန်း၏ မွန်းစတားပုံစံကိုလည်း ထိုနေရာတွင်ပင်လျှင် ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့ခဲ့ရခြင်း ဖြစ်လေသည်။
သို့သော်ငြား သူတို့၏ကံကြမ္မာများမှာ ယခုကဲ့သို့ ဆက်နွယ်နေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။ ရန်ကိုင်မှာ လွမ်ဖုန်းနှင့် တစ်ကြိမ်မက ဆုံနေမိခဲ့သလို လွမ်ဖုန်းမှာ ကြီးကျယ်မြင့်မြတ်လှသည့် နတ်အရှင်တစ်ပါး ဖြစ်ပါသော်ငြား ယခုဆိုလျှင်တော့ ရန်ကိုင်နှင့် အဆင့်တူလောက် ဖြစ်နေခဲ့လေပြီ။
ထိုမတော်တဆအဖြစ်အပျက် ဖြစ်ပျက်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီ ဖြစ်ပါသော်ငြား လွမ်ဖုန်း၏သမီးမှာတော့ ကြီးမလာသေးပေ။ ကြည့်ရသလောက် နတ်သားရဲတစ်ကောင်အဖြစ် ကြီးထွားဖို့ရာ အတော်လေးကိုမှ အချိန်ယူရသည့်ပုံပင်။
ဤကလေးမလေး၏အဖေ မည်သူဖြစ်သလဲဆိုသည်ကို ရန်ကိုင် အမြဲတစေ စဉ်းစားခဲ့ဖူးသည်။ လွမ်ဖုန်းတွင် ယောက်ျားရှိသည့်အကြောင်းကိုလည်း ရန်ကိုင်မကြားဖူး။ ထိုသို့ဖြစ်လေရာ သူမ၏ သမီးဆိုသည့်လူမှာ မည်သည့်နေရာမှ ရောက်လာလေသနည်း။ ကျောက်တုံးတစ်တုံးထဲမှ ထွက်လာခြင်းတော့ မဟုတ်လောက်ပေ။
“နင့်နာမည်က ထျန်းလုံ… ဟုတ်တယ်မလား…” ရန်ကိုင်သည် အတတ်နိုင်ဆုံး ဖော်ရွေစွာပြုံးရင်းမှ မေးလိုက်လေသည်။
ထန်းလုံက ခေါင်းညိတ်၍ ရန်ကိုင်အား လက်ညှိုးထိုးရင်းမှ ပြန်ပြောလိုက်သည်။ “ရှင်က ဒီလောကကြီးထဲမှာ အယုတ်ညစ်ဆုံး… အဆိုးရွားဆုံး၊ လုံးဝလုံးဝကို မကောင်းတဲ့ ရန်ကိုင်ပဲ… ဟုတ်တယ်မလား…”
ရန်ကိုင်မျက်နှာထက်ရှိအပြုံး တောင့်တောင့်ကြီးဖြစ်သွားခဲ့ပြီး မျက်နှာကြီးမဲ့လျက် ပြန်မေးလိုက်လေသည်။ “အဲ့မဟုတ်တရုတ်စကားတွေကို နင့်ကိုဘယ်သူပြောတာလဲ…”
“အမေပြောတာ…” ထျန်းလုံက ပြန်ပြောလိုက်သည်။
ရန်ကိုင်က ပြန်၍ပြောလိုက်သည်။ “သူ အပိုတွေလျှောက်ပြောနေတာ… ငါက ဘယ်လိုလုပ်ပြီးတော့ အဲ့လောက်ဆိုးတဲ့လူတစ်ယောက် ဖြစ်ရမှာလဲ…”
ထျန်းလုံသည် ရန်ကိုင်အား စောင်းကြည့်လျက် ပြုံးရင်းမှ ပြန်ပြောလိုက်သည်။ “ကျွန်မကြီးလာတဲ့အခါကျရင် ရှင့်ကို ကောင်းကောင်း ရိုက်နှက်ဆုံးမပစ်ရမယ်လို့ အမေကပြောထားတယ်… ရှင်က အားကောင်းတာလား…”
ရန်ကိုင် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ (သူပြောတာ စိတ်ထဲထားမနေနဲ့… သူက ကလေးတစ်ယောက်ပဲ… ဒါပေမယ့် လွမ်ဖုန်း… နင်စောင့်နေဦး…)
ရန်ကိုင်က အားတင်းပြုံး၍ “နင်ကြီးလာတဲ့အခါကျရင်တော့ ငါ အားကောင်းမကောင်း သိမှာပေါ့…”
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ညစ်ကျယ်ကျယ်အမူအယာမျိုးဖြင့် ခေါင်းစဉ်ပြောင်းလိုက်လေသည်။ “နင် အခု နင်တစ်ယောက်တည်း ရှိနေတာလား…”
ထျန်းလုံသည် ရန်ကိုင်အား ကြည့်နေပြီးသည့်နောက် မျက်လုံးလေးကို မှေးစင်းလျက် “ရှင် ကျွန်မကို ပစ်မှတ်ထားချင်နေတာလား… ရှင် သတိထားနော်… မဟုတ်ရင် ကျွန်မ ရှင့်ကို ပြာချပစ်မှာ…”
ရန်ကိုင်က ထိတ်လန့်သွားချင်ယောင်ဆောင်လျက် “အိုး အိုး… ငါ မီးလောင်ပြီး သေတော့မှာပဲ…”
“ဟဲ ဟဲ ဟဲ…” ထျန်းလုံသည် သူမ၏ဗိုက်ကလေးကိုဖိကာ ရယ်မောရင်းမှ “ရှင်လိမ်တဲ့အခါ အရမ်းရယ်ရတာပဲ…”
ရန်ကိုင်၏မျက်နှာကြီး မဲ့သွားခဲ့လေသည်။ ယခုမှသာလျှင် သူ မည်မျှရူးမိုက်ကြောင်း သိသွားခဲ့သည်။ ထျန်းလုံသည် ကလေးမလေးတစ်ဦးပုံစံ ပေါက်နေလိမ့်မည်ဖြစ်ပါသော်ငြား သူမအသက်ရှင်လာသည်မှာ နှစ်ပေါင်းများစွာ မကတော့ပေ။ ထို့အတွက်ကြောင့် သူမအား သာမန်ကလေးတစ်ဦးသဖွယ် ဆက်ဆံမိသည့်အပေါ် သူ့ကိုယ်သူသာ အပြစ်တင်ရပေလိမ့်မည်။
ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “ထျန်းလုံ… နင့်နောက်ခံက တကယ်ကိုမြင့်မြတ်ပြီးသား… ဒီတော့ နင့်အနာဂတ်ကလည်း တောက်ပနေမယ်ဆိုတာ ပြောစရာမလိုဘူး… ဒါပေမယ့် နင်က အခုမှ ကလေးပဲရှိသေးတာ… ဒီတော့ နင့်မှာ ကစားဖော်ရှိသင့်တယ်… ငါ နင့်ကို ကူညီပေးရမလား… ငါ့မှာ နင်နဲ့ ကစားလို့ရမယ့် မိတ်ဆွေလေးတစ်ယောက်ရှိတယ်… သူနဲ့သာဆိုရင် နင် တစ်ယောက်တည်း အထီးကျန်နေတော့မှာမဟုတ်ဘူး…”
ထျန်းလုံသည် ယဲ့ယဲ့လေးပြုံးရင်းမှ မောက်မာဝံ့ကြွားသည့်အမူအယာမျိုးဖြင့် “အဲ့ဒါကတော့ သူ ကျွန်မနဲ့ ဆော့ကစားနိုင်တဲ့ အရည်အချင်း ရှိမရှိဆိုတာအပေါ် မူတည်မှာပေါ့…”
ရန်ကိုင်က ပြုံး၍ “မီးဖီးနစ်တစ်ကောင်ဆိုရင် ဘယ်လိုနေလဲ…”
ထိုကစားကိုကြားပြီးသည်နောက် ထျန်းလုံ ကြောင်သွားခဲ့လေသည်။ ထို့နောက် ပြုံး၍ “ရှင်လိမ်နေတာ… ကျွန်မနဲ့ကစားဖို့ မီးဖီးနစ်တစ်ကောင်ကို ရှင် ဘယ်လိုလုပ်ပြီး ရှာပေးနိုင်မှာလဲ…”
ရန်ကိုင်က ခေါင်းခါ၍ “ငါလိမ်နေတာမဟုတ်ဘူး… ထက်ကောင်းကင်နန်းတော်မှာ မီးဖီးနီးတစ်ကောင် ရှိမယ်… သူကလည်း နင့်အသက်လောက်ပဲ ရှိသေးတာ… နင်တို့နှစ်ယောက်စလုံးမှာ အကြိုက်တူတာတွေများလိမ့်မယ်လို့ ငါ တကယ်ယုံတယ်… တကယ်တော့ နင်တို့နှစ်ယောက်စလုံးက မွန်းစတားမျိုးနွယ်စုကလေ…”
“တကယ်ကြီးလား…” ထျန်းလုံ စိတ်ဝင်စားသွားလေသည်။
“တကယ်ပေါ့…”
တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက် ထျန်းလုံသည် နှုတ်ခမ်းကို တင်းတင်းစေ့၍ “ရှင် ဘာကြံနေလဲ ကျွန်မသိတယ်… ဒါပေမယ့် ရှင်ပြောတာမှန်တယ်ဆိုရင် ကျွန်မ ရှင့်ကို ခွင့်လွှတ်ပေးမယ်…”
“မှန်မမှန်သိချင်ရင် ငါနဲ့ ထက်ကောင်းကင်နန်းတော်ကို လိုက်ခဲ့လိုက်လေ…” ရန်ကိုင်က ဆက်ပြောလိုက်သည်။ “ထက်ကောင်းကင်နန်းတော်မှာ ပျော်စရာတွေအများကြီးပဲ…”
ထျန်းလုံက ပြန်ပြောလိုက်သည်။ “ဆော့ရတာကိုတော့ စိတ်မဝင်စားပါဘူး… ဒါပေမယ့်…” သူမကြည့်ရသည်မှာ တုံံ့ဆိုင်းနေသည့်ပုံပင်။ ထျန်းလုံမှာ ရန်ကိုင် သူမအား ပြောပြလာသည့် မီးဖီးနစ်နှင့် တကယ်တွေ့ချင်နေသည့်ပုံပင်။
“တော်လောက်ပြီ…”
အေးစက်စက်အသံတစ်သံ ရုတ်တရက် ထွက်လာခဲ့လေသည်။ ထိုအသံကိုကြားလိုက်သည့်အခိုက် ထျန်းလုံမှာ ခေါင်းလေးမော့ကာ လှမ်းကြည့်လိုက်ပြီးသည့်နောက် ထိုအမျိုးသမီးဆီသို့ ပြေးဝင်သွားလေ၏။ ထိုအမျိုးသမီး၏ပေါင်ကို ဖက်ထားရင်းမှ ထျန်းလုံက ခေါင်းမော့၍ ပြောလိုက်လေသည်။ “အမေ…”
လွမ်ဖုန်း၏မျက်နှာမှာမူ သူမမျက်နှာထက် ရေခဲစများ ကပ်ညိနေတော့မည့်အလား အလွန်တရာကိုမှ အေးစက်နေခဲ့လေသည်။ သူမသမီး၏ခေါင်းကို အသာအယာ ပွတ်ပေးရင်းမှ ရန်ကိုင်အား အထင်အမြင်တသေးဖြင့် ကြည့်လျက် “ကလေးတစ်ယောက်ကိုတောင် ပစ်မှတ်ထားရဲတယ်… တကယ်ကို အရှက်မရှိတဲ့ကောင်…”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျခက် “အမျိုးသမီးဖုန်း… ခင်ဗျား ဘာတွေပြောနေတာလဲ… ကျုပ် ထျန်းလုံလေးကို ဘာမှမလုပ်ပါဘူး… သူ့ကြည့်ရတာ တစ်ယောက်တည်း အထီးကျန်နေတဲ့ပုံ ပေါက်နေလို့ သူ့အတွက် ကစားဖော်လေး ရှာပေးရုံပဲ…” ထို့နောက်တွင် ထျန်းလုံဘက်သို့လှည့်၍ “ငါပြောတာဟုတ်မဟုတ် နင့်အမေကို မေးကြည့်လိုက်…”
ရန်ကိုင်ထင်ထားသည့်အတိုင်း ထျန်းလုံလေးသည် သူမအမေကို မော့ကြည့်၍ မေးလိုက်လေသည်။ “အမေ… သူ့နန်းတော်ထဲမှာ သမီးနဲ့အသက်တူတဲ့ မီးဖီးနစ်တစ်ကောင် ရှိတယ်ဆိုတာ အမှန်ပဲလား…”
လွမ်ဖုန်းက ဒေါသထွက်ထွက်ဖြင့် ပြန်ပြောလိုက်လေ၏။ “သူလိမ်နေတာ… သူ့လိုအလိမ်အညာကောင်က ပြောတာကို နင် ဘယ်လိုယုံရဲတာလဲ…”
ရန်ကိုင်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ “အမျိုးသမီးဖုန်း… ဒီစကားကိုတော့ ကျုပ် မကြားချင်ယောင်ဆောင်လိုက်လို့ မဖြစ်ဘူး… ခင်ဗျားလည်း အမှန်ကိုသိတာပဲ… ခင်ဗျား သူ့ကို တစ်ခါမှ မတွေ့ဖူးတာလည်းမဟုတ်ဘူး… ခင်ဗျားအပြင် ရှေးဟောင်းတောအုပ်ကြီးထဲမှာရှိတဲ့ မွန်းစတားဘုရင်တွေ၊ ရောင်းရင်းဖန်နဲ့ ချန်ကွော့တို့လည်း သူမကို မြင်ဖူးပြီးသား… ခင်ဗျားသမီးကို ဒီလောကကြီးအကြောင်း သိစေချင်လို့ သင်ပေးချင်တယ်ဆိုရင် ကိစ္စမရှိဘူး… ဒါပေမယ့် ကျုပ်ကိုတော့ အလကားသက်သက် လာပြီးတော့ အပုပ်မချနဲ့…”
လွမ်ဖုန်းက အံကိုတင်းတင်းကြိတ်၍ “အပြစ်တင်မယ့်တင် နင့်ကိုနင်ပဲတင်လိုက်…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ်သာ အခုလိုမျိုးမလုပ်ရင် ခင်ဗျားနဲ့ ဘယ်လိုလုပ်ပြီး တွေ့လို့ရမှာလဲ… ခင်ဗျား ဒီတစ်ကြိမ် ကျုပ်ကို လုံးဝမတွေ့ဖို့ ဆုံးဖြတ်ထားတာမလား…”
လွမ်ဖုန်းမှာ အလွန်တရာကိုမှ ဒေါသထွက်လွန်းနေသည့်အတွက်ကြောင့် သူမ၏ရင်ဘတ်ကြီးမှာ ဖားဖိုကြီးပမာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့လေသည်။ “ငါက မိန်းမတစ်ယောက်မလို့ နင် ငါ့ကို အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရမယ်ထင်နေတာလား… အဲ့ဒါကြောင့်မလို့ပဲ နင် ဒီကိုလာတဲ့အချိန်တိုင်း ငါ့ဖီးနစ်အသိုက်နန်းတော်ဆီကိုပဲ နင် အမြဲလာနေတာမလား…”
ရန်ကိုင်က အံ့အားသင့်နေသည့်အမူအယာဖြင့် “ခင်ဗျား ဘာပြောတာလဲ… ကျုပ်တို့နှစ်ယောက်က မိတ်ဆွေတွေလေ… ကျုပ်တို့နှစ်ယောက် အကြိုက်တူတာတွေလည်း အများကြီးပဲမဟုတ်ဘူးလား… အဲ့ဒါကြောင့်ပဲ ကျုပ် အမျိုးသမီးဖုန်းကို အရင်ဆုံးလာတွေ့တာလေ…”
လွမ်ဖုန်းက ပြန်ထအော်လေသည်။ “ဘယ်သူက နင်နဲ့မိတ်ဆွေဖြစ်ချင်လို့လဲ… အဲ့လောက်မိတ်ဆွေဖြစ်ချင်လို့ရှိရင် ဖန်းဝူနဲ့ ချန်ကွော့တို့ကို သွားရှာပါလား…”
ရန်ကိုင်မှာ ရှေးဟောင်းတောအုပ်ကြီးဆီသို့ ရောက်လာသည့်အခါတိုင်း ဖီးနစ်အသိုက်နန်းတော်ဆီသို့ တန်းတန်းမတ်မတ်ရောက်လာသည့်အပေါ် လွမ်ဖုန်းမှာ အတော်လေးကိုမှ စိတ်ကုန်နေလေပြီ။ ထို့အတွက်ကြောင့် ဆက်၍ သည်းခံနိုင်ခြင်းမရှိတော့ပေ။
ရန်ကိုင်က သက်ပြင်းချ၍ ဆက်ပြောလိုက်သည်။ “ကျုပ်က ခင်ဗျားအပေါ် အမြဲတမ်းပဲ ရိုးရိုးသားသားနဲ့ ဆက်ဆံပေးတာပါ… ဒါပေမယ့် ကြည့်ရတာ ခင်ဗျားက ကျုပ်တို့ရဲ့ရင်းနှီးမှုကို တန်ဖိုးမထားဘူးနဲ့တူတယ်…”
လွမ်ဖုန်းက အထင်အမြင်တသေးဖြင့် “ဟမ့်…”
ရန်ကိုင်က မျက်နှာတည်ဖြင့် ပြန်ပြောလိုက်သည်။ “ခင်ဗျား အဲ့လောက်ကြီးလည်း ဒေါသထွက်မနေစမ်းပါနဲ့… မဟုတ်ရင် ဒေါသထွက်လွန်းနေရင် မလှတော့ဘူး…”
လွမ်ဖုန်းက ပြန်ထအော်လေသည်။ “နင့်အပူမပါဘူး…”
သူမသည် နတ်သားရဲတစ်ကောင်ဖြစ်သလို အမျိုးသမီးတစ်ဦးလည်း ဖြစ်ပေသည်။ သို့သော်ငြား အလွန်တရာကိုမှ ဒေါသထွက်လွန်းနေသည့် အတွက်ကြောင့် ယခုကဲ့သို့ပြန်ပြောလာသည်ကို ကြည့်လျှင် ရန်ကိုင်အပေါ် သူမ မည်မျှစိတ်ညစ်နေကြောင်းကို မြင်တွေ့နိုင်ပေသည်။
ရန်ကိုင်က နှာခေါင်းကိုပွတ်ရင်းမှ “ကျုပ်မှာ လက်ဖက်ခြောက်လေး နည်းနည်းပါးပါး ဆောင်ထားတာရှိတယ်… ခင်ဗျား စိတ်ငြိမ်သွားတော့မှပဲ ကျန်တဲ့အကြောင်းကို ဆက်ပြောကြတာပေါ့…”
“နင် ထွက်သွားလိုက်ပေတော့… ဒီနေရာမှာ နင့်ကို မကြိုဆိုဘူး…” ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် လွမ်ဖုန်းသည် ထျန်းလုံကို အဝေးသို့ ခေါ်သွားလေသည်။
ရန်ကိုင်မှာ နှုတ်ခမ်းကို တင်းတင်းစေ့ရင်းမှ ယခုတစ်ကြိမ်လာရင်းကိစ္စကို မပြောရန် ဆုံးဖြတ်လိုက်လေသည်။ လွမ်ဖုန်းမှာ အလွန်တရာကိုမှ ဒေါသထွက်နေလေ၏။ ရန်ကိုင်သည်သာ သူမအား ပို၍ ဒေါသထွက်အောင် လုပ်မိလျှင် ရနိုင်သည်ထက် ပို၍ ဆုံးရှုံးသွားရပေလိမ့်မည်။ အမျိုးသမီးများသည် ဒေါသထွက်လာသည့်အခါ အကျိုးသင့်အကြောင်းသင့် ပြော၍ ရတော့သည့်လူများ မဟုတ်ကြပေ။ ထိုအကြောင်းကြောင့် သူမ ဒေါသပြေသွားမည့်အချိန်အထိ စောင့်ရန် ဆုံးဖြတ်လိုက်လေသည်။
ထိုအတွေးနှင့် ရန်ကိုင်သည် ဖီးနစ်အသိုက်နန်းတော်ထဲ သူ့ဘာသာသူ ဆက်နေခဲ့လေသည်။ မည်သူမျှ သူ့အား လာမကူညီပေးကြပေ။ အစေခံမလေးအားလုံးမှာလည်း ရန်ကိုင်နှင့် ခပ်လှမ်းလှမ်းတွင်သာ နေနေကြလေသည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်ကမူ ထိုအရာများကို ဂရုစိုက်မနေခဲ့ဘဲ သူ့ဘာသာသူ အခန်းတစ်ခန်းထဲသို့ ဝင်၍ ထိုအခန်းထဲ၌ ထိုင်စောင့်နေလေ၏။
ရက်အနည်းငယ်ခန့် ကြာပြီးသည့်တိုင် လွမ်ဖုန်းအား မည်သည့်နေရာတွင်မှ မတွေ့ရသေးပေ။ သို့သော်ငြား ရန်ကိုင်ကမူ အလျင်မလိုသေးဘဲ ဤနေရာတစ်ခုလုံးကို သူ့အိမ်သူ့ယာအဖြစ် သဘောထားနေသည့်အလား နန်းတော်ထဲ လျှောက်ပတ်ကြည့်လေသည်။
လွမ်ဖုန်းမှာလည်း ရန်ကိုင်အား လုံးဝ လျစ်လျူရှုထား၍ မဖြစ်ပေ။ ထိုအကြောင်းကြောင့် ရန်ကိုင်အား စောင့်ကြည့်ရန် လူအချို့ကို စေလွှတ်ထားခဲ့သည်။ သို့သော်ငြား ရန်ကိုင်လုပ်နေသည်များကို ကြားပြီးသည့်နောက် လွမ်ဖုန်းမှာ အမှန်တကယ်ကို ဒေါသထွက်သွားတော့လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၉၀)
ဘာသာပြန်သူ_တိမ်တိုက်
“နင့်မှာ အခြားဘာမှ လုပ်စရာရှိမနေတော့ဘူးလား…”
တစ်လကြာပြီးသည့်နောက်တွင် လွမ်ဖုန်းမှာ ရန်ကိုင်နှင့်လာတွေ့ရန် ဆုံးဖြတ်ခဲ့သည်။ အေးစက်စက်အမူအယာဖြင့် လွမ်ဖုန်းက မေးလိုက်လေသည်။ “နင်က မြောက်ဘက်နယ်မြေက ထက်ကောင်းကင်နန်းတော်ရဲ့ ခေါင်းဆောင်ဆို… နန်းတော်သခင်ဖြစ်ပြီးတော့ ကိုယ့်ဂိုဏ်းကို ဂရုစိုက်မနေဘဲနဲ့ ရှေးဟောင်းတောအုပ်ကြီးဆီ ဘာလာလုပ်နေတာလဲ…”
ရန်ကိုင်က ပြုံးဖြီး၍ “နန်းတော်တစ်ခုလုံးက သူ့ဘာသာသူ အေးအေးဆေးဆေး လည်ပတ်နေတာလေ… ဒီတော့ ကျုပ် အဲ့မှာ ရှိရှိမရှိရှိ ဘာမှမထူးဘူး…”
လွမ်ဖုန်းက ဆက်၍ မေးလိုက်လေသည်။ “ဒါဆိုရင် တောင်ဘက်နယ်မြေရော… တောင်ဘက်နယ်မြေမှာ နတ်ဆိုးတွေ ပေါ်လာသွားတာ မကြာသေးဘူး… အဲ့နတ်ဆိုးတွေ အခု တစ်ခုခု ကြံနေရင်လည်း ကြံနေလောက်မှာ… အဲ့ကိစ္စကို သေချာ သွားစုံစမ်းသင့်တယ်နော်…”
ရန်ကိုင်က ခေါင်းခါလျက် “ကျုပ်က မြောက်ဘက်နယ်မြေနဲ့ပဲ ဆိုင်တာ… တောင်ဘက်နယ်မြေမှာဖြစ်သွားတာက တိုက်ဆိုင်မှုသက်သက်ပဲ… အဲ့နတ်ဆိုးတွေ သူတို့ဘာသာသူတို့ ဘာတွေကြံကြံ တောင်ဘက်နယ်မြေကပညာရှင်တွေရှင်းလိမ့်မယ်… ကျုပ် စိတ်ပူနေစရာမလိုဘူး…”
လွမ်ဖုန်းသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်ရင်းမှ “ပြော… နင် ဘာလိုချင်တာလဲ…”
“ရေနွေးကြမ်း အရင်သောက်ကြတာပေါ့…” ရန်ကိုင်သည် ရေနွေးကြမ်းခွက်ကို မြှောက်ပြရင်းမှ ပြန်ပြောလိုက်သည်။
လွမ်ဖုန်းက ပြန်ပြောလိုက်လေသည်။ “မဟုတ်တရုတ်တွေ ဝှေ့ပတ်ပြောမနေနဲ့… ငါ့မှာ နင်နဲ့ ဖြုန်းစရာအချိန် မရှိဘူး…”
ရန်ကိုင်သည် ရေနွေးကြမ်းတစ်ငုံ သောက်လိုက်ပြီးသည့်နောက် ခွက်ကိုပြန်ချ၍ ပြောလိုက်လေ၏။ “ခင်ဗျားက ဒီလောက်သိချင်နေတယ်ဆိုမှတော့လည်း ကျုပ်ဘက်က ပြောပြရတာပေါ့ အမျိုးသမီးဖုန်းရယ်…”
လွမ်ဖုန်းသည် လှောင်ပြုံးပြုံးရင်းမှ ရန်ကိုင်အား အော်ဆဲချင်စိတ်များပင် ဖြစ်ပေါ်လာရသည်။ သို့သော်ငြား အဆုံးတွင်တော့ သူမစိတ်ကို ပြန်ထိန်းလိုက်နိုင်လေ၏။ ဤမျှအရှက်မဲ့သည့်လူမျိုး သူမ တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ ရန်ကိုင်မျက်နှာ အလွန်တရာကိုမှ အရေထူလွန်းလှလေရာ သူမ မီးနှင့်မှုတ်လျှင်ပင် ထိုအရေပြားကို ဖောက်ထွက်နိုင်လိမ့်မည်မဟုတ်ဟု သူမစိတ်ထဲ ခံစားနေရလေသည်။
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ကျုပ် ဒီတစ်ကြိမ် ဒီကိုလာရတာ ခင်ဗျားဆီကနေ တစ်ခုခု တောင်းဆိုချင်လို့ပဲ…”
“ငါသိပြီးသား…” လွမ်ဖုန်းသည် မျက်လုံးကိုမှိတ်ထားခဲ့ပြီး ရန်ကိုင် မည်ကဲ့သို့သော တောင်းဆိုမှုမျိုး လုပ်လာမလဲဆိုသည်ကို စောင့်နေခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း ရန်ကိုင်အား အရှင်လတ်လတ် မီးကင်ပစ်ချင်စိတ်များကို ကြိတ်ကာ ချုပ်တည်းနေခဲ့ရသည်။
“ကျုပ် ခင်ဗျားဆီကနေ လူနည်းနည်းလောက်ငှားချင်လို့…” ရန်ကိုင်က ပြောလိုက်သည်။
“ဘယ်သူ့ကိုငှားချင်တာလဲ… လူဘယ်လောက်ငှားချင်တာလဲ…” လွမ်ဖုန်း မျက်လုံးမှေးစင်းလျက် ပြန်မေးလိုက်လေသည်။
ရန်ကိုင်က လိုရင်းကို တန်းပြောလိုက်လေသည်။ “မွန်းစတားဘုရင်သုံးယောက်လောက် ငှားချင်လို့… သုံးယောက်ပါပဲ… ခင်ဗျားတို့ ဒီမှာ နတ်အရှင်သုံးပါးတောင်ရှိနေတာလေ… ဒီတော့ နတ်အရှင်တစ်ပါးကို တစ်ယောက်ကိုပေးရင်တောင် အဆင်ပြေသွားပြီ… အဲ့လောက်ဆို အဆင်ပြေတယ်မလား…”
“ဟင်း ဟင်း…” လွမ်ဖုန်း ရယ်မောလိုက်လေသည်။
ရန်ကိုင်က မျက်နှာတည်ဖြင့် ပြန်မေးလိုက်သည်။ “ဘာရယ်စရာပါလို့လဲ…”
လွမ်ဖုန်းက အလေးအနက်အမူအယာဖြင့် ပြန်၍ပြောလိုက်လေသည်။ “ငါ မရယ်ရင် နင့်ကို သတ်ချင်တဲ့စိတ်ကို ထိန်းနိုင်တော့မှာမဟုတ်လို့… သိပြီလား…” သူမမျက်နှာမှာ ပြုံးနေသည့်တိုင် သူမ၏လေသံမှာတော့ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
“အင်း…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
“ဘုန်း…”
လွမ်ဖုန်းမှာ သူမရှေ့ရှိ စားပွဲခုံအား ကောက်ရိုက်ချလိုက်ရာ စားပွဲခုံတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့လေသည်။ ထို့နောက်တွင် အံကိုတင်းတင်းကြိတ်ရင်းမှ အော်ပြောလိုက်လေသည်။ “ရန်ကိုင်… သိပ်မလွန်လာနဲ့နော်… ကောင်းကင်အမိန့်တော်မျိုးဆက်က နင့်ကိုထောက်ခံပေးထားတာနဲ့ ရှေးဟောင်းတောအုပ်ကြီးထဲမှာ နင် လုပ်ချင်တိုင်း လုပ်လို့ရပြီလို့ ထင်နေတာလား…”
ရန်ကိုင်က နှာခေါင်းကိုပွတ်ရင်းမှ ပြန်ပြောလိုက်သည်။ “မထင်ပါဘူး…”
“နင် ဘယ်လိုလုပ်ပြီး အဲ့လိုမျိုးပြောရဲတာလဲ…” လွမ်ဖုန်းက ကြိတ်မနိုင်ခဲမရလေသံဖြင့် “နင် မထင်ဘူးဆိုရင် ဒီရှေးဟောင်းတောအုပ်ကြီးနဲ့ ဒီဘုရင်မကို နင် ဘာဖြစ်လို့ လုံးဝ အရေးမစိုက်တာလဲ… အရင်တည်းက ဒီနေရာကို လူသားတွေကို လာခွင့်ပေးမထားဘူး… ဒါပေမယ့် နင်ကတော့ နင့်အိမ်နင့်ယာလိုပဲ အားနေ လာနေတယ်… ဒီနေရာကို စိတ်ကြိုက်လာလို့ရအောင်တောင် ဟင်းလင်းပြင်အစီအရင်တစ်ခုကို ခင်းကျင်းထားလိုက်သေးတယ်… ဒါပေမယ့် ငါ အဲ့ဒါတွေအကုန်လုံးကို မသိချင်ယောင်ဆောင်ပေးလို့ရတယ်… ဒါပေမယ့် အခု ဒီဘုရင်မရဲ့ နန်းတော်ထဲကို ဝင်လာပြီး ဒီနေရာကို နင့်အိမ်နင့်ယာလို့ ဘယ်လိုသဘောထားပြီး နေရဲတာလဲ… နင် ဒီဘုရင်မကို လုံးဝ အရေးမစိုက်တာလား…”
ရန်ကိုင်မှာ ခေါင်းကိုငုံ့ထားရင်းမှ လွမ်ဖုန်း သူမဒေါသအား စိတ်ကြိုက်ဖွင့်ထုတ်ပြီးမည့်အချိန်အထိ စောင့်နေလိုက်လေသည်။ သူမ စိတ်ငြိမ်သွားသည့်အခါမှသာလျှင် ပြုံး၍ ပြန်ပြောလိုက်လေသည်။ “အမျိုးသမီးဖုန်း… ဒီကိစ္စက ခင်ဗျားထင်သလောက်ကြီးလည်း မဆိုးပါဘူး… ခင်ဗျားတွေးသလိုလည်း ကျုပ် တကယ်မဟုတ်ဘူး သိလား… ကျုပ် ခင်ဗျားကို တကယ်လေးစားတယ်…”
လွမ်ဖုန်းက လှောင်ပြုံးပြုံးလျက် “နင်ပြောတာကို ငါ ယုံမယ်များ မှတ်နေတာလား…”
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် “ကျုပ် အမှန်ကိုပဲပြောနေတာ…” ပြောပြီးသည့်နောက် သူ တကယ် အမှန်အတိုင်း ပြောနေကြောင်း သူ့ရင်ဘတ်ကို ပုတ်ပြလိုက်လေသည်။
လွမ်ဖုန်း၏ရင်ဘတ်ကြီးမှာ နောက်တစ်ကြိမ် နိမ့်ချည်မြင့်ချည်ဖြစ်လာခဲ့ပြီး ရန်ကိုင်အား တစ်ခါတည်း အသေရိုက်သတ်ပစ်ချင်စိတ်များ ဖြစ်ပေါ်လာရလေသည်။
သူမသည်သာ ပြောသည့်အတိုင်း လုပ်နိုင်မည်ဆိုလျှင် ဤမျှ ဒေါသထွက်နေခဲ့ရလိမ့်မည်မဟုတ်ပေ။ အစောပိုင်းက ရန်ကိုင်သည် ကောင်းကင်အမိန့်တော်မျိုးဆက်၏ ထောက်ခံမှုကို ရရှိသွားသည့်အတွက်ကြောင့် မောက်မာဝံ့ကြွားကာ ရှေးဟောင်းတောအုပ်ကြီးထဲ စိတ်ကြိုက်ပြုမူနေသည်ဟု ပြောခဲ့ပေသည်။ သို့သော်ငြား ထိုစကားကို ဒေါသထွက်ထွက်နှင့် ပြောခဲ့ခြင်းသာ ဖြစ်လေသည်။ တကယ့်တကယ်ဆိုလျှင်လည်း ကောင်းကင်အမိန့်တော်မျိုးဆက်၏ အကူအညီမပါလျှင်ပင် သူမအနေဖြင့် ရန်ကိုင်အား ဤနေရာမှ မောင်းထုတ်နိုင်လိမ့်မည်မဟုတ်မှန်း သိနေခဲ့သည်။
ယင်ဖေးနှင့် အခြားနှစ်ယောက်ကို ယခင်တစ်ကြိမ် ပြန်တွေ့ပြီးသည့်နောက်တွင် ထိုသုံးဦးဆီမှ ထိတ်လန့်ဖွယ်ရာ သတင်းတစ်ရပ်ကို သူမကြားခဲ့ရလေသည်။ ရန်ကိုင်မှာ သွေးသန့်နဂါးမလေးတစ်ကောင်နှင့် ချစ်ကြိုက်သွားခဲ့သည့်ပုံပင်။ ထို့အပြင် နဂါးကျွန်းဆီသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ပြီး အသက်ရှင်လျင် ပြန်လာနိုင်ခဲ့ပေသည်။
နဂါးကျွန်းတွင် မည်ကဲ့သို့သောကိစ္စများ ဖြစ်သွားခဲ့သလဲဆိုသည်ကို လွမ်ဖုန်း မသိပါသော်ငြား ထိုနေရာမှ ရန်ကိုင် အသက်ရှင်လျက် ပြန်လာနိုင်သည့်အချက်ကို ပေါ့သေးသေးတွက်၍ မရပေ။ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီးသည့်နောက်တွင် လွမ်ဖုန်းသည် သူမ၏လက်ကို ဝှေ့ယမ်းလျက် ပြောလိုက်လေသည်။ “ပြော… နင် ဘာပြောပြော ဒီဘုရင်မက နင်တောင်းဆိုတာကို လုံးဝ ခွင့်ပြုပေးမှာမဟုတ်ဘူး…”
ရန်ကိုင်က ခါးသက်သက်အမူအယာဖြင့် “အမျိုးသမီးဖုန်းရယ် အဲ့လောက်ကြီးလည်း ကပ်စေးနည်းမနေစမ်းပါနဲ့… ကျုပ် မွန်းစတားဘုရင်သုံးပါးပဲ လိုတာ… အခုလောလောဆယ် ရှေးဟောင်းတောအုပ်ကြီးထဲမှာ မွန်းစတားဘုရင်နှစ်ဆယ့်ကိုးပါးတောင် ရှိနေသေးတာပဲကို… ခင်ဗျား နောက်ထပ်သုံးပါး ကျုပ်ကို ငှားလိုက်မယ်ဆိုရင်တောင် နှစ်ဆယ့်ခြောက်ပါးကျန်ဦးမှာပဲ… သုံးပါးလေးပဲဟာကို… သုံးပါးလောက်နဲ့တော့ ခင်ဗျားတို့ရှေးဟောင်းတောအုပ်ကြီးကို ဒီလောက်ကြီး မထိခိုက်စေပါဘူး…”
လွမ်ဖုန်းမှာ ဒေါသထွက်လွန်းသည့်အတွက်ကြောင့် စတင်၍ အော်ရယ်မောတော့လေသည်။ “နောက်ထပ်သုံးပါးပဲလို့ နင် ဘယ်လိုလုပ်ပြီး ပြောရဲတာလဲ… ငါတို့ နင့်ကို မွန်းစတားဘုရင်သုံးပါး ငှားပေးပြီးသွားပြီ… နင် မွန်းစတားဘုရင်တွေကို ဘာမှတ်နေတာလဲ… ရှေးဟောင်းတောအုပ်ကြီးက အကျယ်ကြီး… ဒါပေမယ့် ငါတို့မှာ မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးပဲရှိတာ… နင် ထပ်ပြီးတော့တောင်းနေလို့ရှိရင် ငါတို့မှာ တစ်ပါးမှ ကျန်တော့မှာမဟုတ်ဘူး… မရဘူ… ငါနင့်ကို လုံးဝ ငှားမပေးနိုင်ဘူး…”
ရန်ကိုင်က လက်သီးဆုပ်၍ “ဒါ နောက်ဆုံးအကြိမ်ပါ… ဟုတ်ပြီလား… ကျုပ် တကယ်ကို ကျိန်ဆိုတယ်… နောက်ပိုင်း ကျုပ် အခုလိုမျိုး ထပ်ပြီးတော့ လာတောင်းဆိုမယ်ဆိုရင် ခင်ဗျား ကျုပ်ကို လူလိမ်လို့ပဲ ခေါ်ခေါ်… ခင်ဗျား ခေါ်ချင်သလိုခေါ်ဗျာ…”
လွမ်ဖုန်းသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်၍ ရုတ်တရက် ကောက်မေးလိုက်လေသည်။ “ဒီဘုရင်မလည်း သိချင်နေတာ… နင် ဘာဖြစ်လို့ ဒီလောက်တောင် မွန်းစတားဘုရင်သုံးပါး လိုနေတာလဲ… ရှီလဲ့နဲ့ ကျန်တဲ့နှစ်ယောက်က ထက်ကောင်းကင်နန်းတော်ကို စောင့်ကြပ်ပေးဖို့အတွက် မလုံလောက်သေးဘူးလား…”
ရန်ကိုင်က သက်ပြင်းချ၍ ရှင်းပြလိုက်လေသည်။ “ထက်ကောင်းကင်နန်းတော်ကို ကာကွယ်ပေးဖို့အတွက်ပဲဆိုရင်တော့ လုံလောက်တာပေါ့… ဒါပေမယ့် ရှေးဟောင်းကျောင်းတော်မှာ ဘာတွေဖြစ်သွားလဲဆိုတာကို ခင်ဗျားလည်း သိပြီးသားပဲ… ကျုပ်က အခုလောလောဆယ် တောင်ဘက်နယ်မြေထဲမှာ ရှိတဲ့ ရှေးဟောင်းကျောင်းတောင်ရဲ့ နယ်မြေကို အပိုင်စားရထားတာ… ဒီတော့ အဲ့နေရာမှာ ဂိုဏ်းခွဲတစ်ခု တည်ဆောက်မလားလို့… အဲ့ဒါကြောင့်ပဲ အဲ့နေရာကို ကာကွယ်ပေးဖို့အတွက် နောက်ထပ်မွန်းစတားဘုရင်သုံးပါးကို လိုအပ်နေတာ… အဲ့ဒါကြောင့်သာမဟုတ်ရင် ခင်ဗျားဆီကို ရောက်လာမှာမဟုတ်ဘူး…”
လွမ်ဖုန်းက အထိတ်ထိတ်အလန့်လန့်ဖြင့် “နင် ရှေးဟောင်းကျောင်းတော်ရဲ့ နယ်မြေကို ရသွားတယ်… ကြယ်ဝိဉာဉ်နန်းတော်ကလူတွေ သဘောတူတယ်ပေါ့…”
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “ပိုင်ရှင်မရှိတဲ့မြေပဲဟာကို… သူတို့ ဘာဖြစ်လို့ သဘောမတူရမှာလဲ…”
လွမ်ဖုန်းကခေါင်းညိတ်၍ “ကောင်လေး… နင်က တကယ်ကို ရည်မှန်းချက်ကြီးတာပဲ… မြောက်ဘက်နယ်မြေမှာ အဆင်ပြေနေတာကို အခု တောင်ဘက်နယ်မြေအထိပါ နယ်မြေထပ်ချဲ့လာပြီ…”
ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် “ကျုပ်မှာလည်း ရွေးချယ်စရာမှမရှိတာ…” ရန်ကိုင် အမှန်ကိုပြောနေခြင်း ဖြစ်လေသည်။ ထက်ကောင်းကင်နန်းတော်တွင် တပည့်ပေါင်းများစွာ ရှိနေသည့်အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်အနေဖြင့် ရှေးဟောင်းကျောင်းတော်၏နယ်မြေကို ရယူရန် ကြိုးစားခဲ့လိမ့်မည်မဟုတ်ပေ။
လွမ်ဖုန်း၏ဒေါသက အနည်းငယ် ပြေလျော့သွားသည်ကိုမြင်သော် ရန်ကိုင်က အလျင်စလို ထပ်၍ ပြောလိုက်လေသည်။ “အဲ့လိုဖြစ်သွားတာ အမျိုးသမီးဖုန်းရေ… ကျေးဇူးပြုပြီး ကျုပ်တောင်းဆိုတာကို ဖြည့်ဆည်းပေးပါနော်… ကျုပ် မွန်းစတားဘုရင်သုံးပါးပဲလိုတာ…”
လွမ်ဖုန်းကမူ မျက်နှာသေအမူအယာဖြင့် “ဒီဘုရင်မ ရှင်းအောင်ပြောထားပြီးသား… နင်တောင်းဆိုတာကို ငါ လုံးဝ သဘောတူပေးမှာမဟုတ်ဘူ… နင် တစ်ကြိမ်လာတိုင်းလာတိုင်း ငါတို့ဆီကနေ အများကြီး ယူယူသွားတာ… အဲ့အကြိမ်တိုင်းလည်း ငါတို့ သဘောတူပေးပြီးသားပဲ… လွန်မလာတော့နဲ့…”
လွမ်ဖုန်း စိတ်ပိုင်းဖြတ်ထားသည်ကိုမြင်သော် ရန်ကိုင်က မျက်မှောင်ကျုံ့လျက် “ခင်ဗျား ကျုပ်ကို တကယ်မငှားပေးဘူးလား…”
လွမ်ဖုန်းက အေးစက်စက်လေသံဖြင့် “ငါ့ကို စကားထပ်ပြောရအောင် မလုပ်နဲ့…”
ရန်ကိုင်က ခေါင်းညိတ်၍ “ရတယ်လေ… အဲ့ဒါဆိုလည်း ကျုပ် ခင်ဗျားကို တွန်းအားမပေးတော့ပါဘူး…”
လွမ်ဖုန်း ရုတ်တရက် ပြောစရာစကား ပျောက်ရှသွားခဲ့လေသည်။ ရန်ကိုင် ဤမျှ အလွယ်တကူ နောက်ဆုတ်သွားလိမ့်မည်ဟု မထင်ထားခဲ့။ သို့သော်ငြား သူမစိတ်ထဲ မပျော်ရသေးခင်မှာပင် ရန်ကိုင်က ထပ်ပြောလာခဲ့သည်။ “ဒါနဲ့ ရှီဟွော့ရဲ့လက်အောက်မှာရှိနေတဲ့ မွန်းစတားဘုရင်တွေက ဘယ်သူတွေလဲ…”
“နင် ဘာလို့ လာမေးနေတာလဲ…” ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် လွမ်ဖုန်းမှာ တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး ရန်ကိုင်အား မျက်လုံးမှေးစင်းကာ စိုက်ကြည့်ရင်းမှ အံကိုတင်းတင်းကြိတ်လိုက်လေသည်။
ရန်ကိုင်ကမူ ပြုံးဖြီး၍ ကျောက်တုံးကိုယ်ပွားကို ထုတ်လိုက်သည်။ ထို့နောက်တွင် ရန်ကိုင်သည် ကျောက်တုံးကိုယ်ပွားကို ညွှန်ပြ၍ လွမ်ဖုန်းကိုကြည့်ကာ ပြုံး၍ ပြောလိုက်လေ၏။ “ရှီဟွော့က သေသွားပြီဆိုပေမယ့် သူ့ရဲ့ အမွေကိုဆက်ခံတဲ့လူက ဒီမှာရှိနေတယ်လေ… ဒီတော့ ရှေးဟောင်းတောအုပ်ကြီးရဲ့ မြောက်ဘက်နယ်မြေကို ပြန်ထိန်းချုပ်ချင်နေတာ… ဒါကြောင့် ဖန်းဝူနဲ့ ချန်ကွော့တို့ကိုလည်း ကျေးဇူးပြုပြီး ဒီအကြောင်းကို လှမ်းပြောပေးပါဦး… ပြီးတော့ အရင်တုန်းက မြောက်ဘက်နယ်မြေမှာ နေနေခဲ့တဲ့ မွန်းစတားဗိုလ်ချုပ်မှူးတွေနဲ့ မွန်းစတားဘုရင်တွေကိုပါ တစ်ခါတည်း ပြန်လာခဲ့ဖို့ ပြောပေးပါလား…”
ကျောက်တုံးကိုယ်ပွားသည် လွမ်ဖုန်းအား ကြည့်ကာ ပြုံးပြလိုက်လေသည်။ ထိုအချင်းအရာကိုမြင်လိုက်သည့်အခါ လွမ်ဖုန်း၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး အံကိုတင်းတင်းကြိတ်၍ “ဒီတော့ ဒါက နင့်အစီအစဉ်ပေါ့…”
ရန်ကိုင်က သက်ပြင်းချ၍ “ကျုပ်မှာလည်း ရွေးစရာမှမရှိတော့တာ… ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါနော်…”
လွမ်ဖုန်းကမူ ပြန်၍ပြောလိုက်လေသည်။ “အဲ့တော့ဘာဖြစ်လဲ… ရှီဟွော့ရဲ့အမြုတေကို သန့်စင်ထားရုံနဲ့ ရှေးဟောင်းတောအုပ်ကြီးထဲမှာ သူ အခြေချနိုင်မယ်လို့ ထင်နေတာလား… ရန်ကိုင် နင် အရမ်းနုံလွန်းမနေနဲ့…” သူမသည်သာ ရန်ကိုင်လိုချင်သည်ကို ပေးလိုက်မည်ဆိုလျှင် ရှေးဟောင်းတောအုပ်ကြီးထဲတွင် ရှိနေသော လူများအနေဖြင့် ရန်ကိုင်အား ဆန့်ကျင်ရဲသည့်သတ္တိ ရှိတော့လိမ့်မည်မဟုတ်ပေ။ ရန်ကိုင်၏အလိုကို လိုက်လျောပါများလွန်းနေလျှင် သူတို့အနေဖြင့် ရန်ကိုင်တောင်းဆိုလာသည်တိုင်းကို ခွင့်ပြုပေးနေရပေလိမ့်မည်။
ရန်ကိုင်က ပြန်၍ပြောလိုက်လေသည်။ “ရှေးဟောင်းကျောင်းတော်တိုက်ပွဲမှာ ဝင်ပြီးကူညီပေးခဲ့တဲ့အတွက် ရှေးဟောင်းတောအုပ်ကြီးထဲက လူတွေအကုန်လုံးနဲ့ နတ်အရှင်သုံးပါးကို ကျုပ် တကယ် ကျေးဇူးတင်တယ်… ဒါကြောင့်ပဲ ခင်ဗျားတို့အားလုံးနဲ့ သင့်သင့်မြတ်မြတ် ဖြစ်ချင်နေတာ… ဒါပေမယ့် ခင်ဗျား ကျုပ်ကို ဆက်ပြီးတော့ ငြင်းနေဦးမယ်ဆိုရင်တော့ ကျုပ်ကို ကျေးဇူးမသိတတ်ဘူးလို့ လာပြီး အပြစ်မတင်နဲ့ပေါ့… ဒီလောကကြီးထဲမှာ လူတိုင်းက ပိုမြင့်တဲ့အဆင့်ဆီ ရောက်ချင်ကြတာပဲ… မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါးလည်း အတူတူပဲ… ဒီတော့ သူတို့သာ ခင်ဗျား သူတို့ကို ပိုပြီး မြင့်တဲ့အဆင့်ကို မရောက်အောင် တားနေတဲ့အကြောင်းသာ သိသွားမယ်ဆိုရင် သူတို့ ဘယ်လိုတုံ့ပြန်လာမလဲ…”
လွမ်ဖုန်းမှာ အလွန်တရာကိုမှ ဒေါသူပုန်ထသွားတော့လေသည်။ “နင် နည်းနည်းပါးပါးတောင် လူစိတ်မရှိဘူးလား… ဟမ်… ငါ့ကို လာခြိမ်းခြောက်ရဲတယ်ပေါ့ ဟုတ်လား…”
ရန်ကိုင်က ပြန်၍ သတိပေးလိုက်လေသည်။ “အမျိုးသမီးဖုန်း… ကျုပ် တောင်ဘက်နယ်မြေမှာရှိတဲ့ ကျုပ်ဂိုဏ်းခွဲကို ကာကွယ်ပေးဖို့အတွက် မွန်းစတားဘုရင်သုံးပါးကိုပဲ လိုတာ… အဲ့လောက်ကြီးက လွန်လွန်းတာမှမဟုတ်တာ…”
လွမ်ဖုန်း ပြောစရာစကား ပျောက်ရှသွားခဲ့ပြီး ရန်ကိုင်ကိုကြည့်လိုက် ကျောက်တုံးကိုယ်ပွားကိုကြည့်လိုက် လုပ်နေခဲ့လေသည်။ ယခုတစ်ကြိမ်တွင်လည်း ရန်ကိုင်အား တားနိုင်လိမ့်မည်မဟုတ်မှန်း သူမသိနေခဲ့သည်။ ရန်ကိုင်သည် ရှေးဟောင်းတောအုပ်ကြီး၏ မြောက်ဘက်နယ်မြေဘက်ခြမ်းကို ပိုင်ဆိုင်ခွင့်ရှိသည့် ရှီဟွော့၏ အမွေဆက်ခံသူနှင့် ခြိမ်းခြောက်လာခဲ့လေသည်။ ထိုသို့သာ တကယ်ကြီးဖြစ်သွားမည်ဆိုလျှင် ရန်ကိုင်သည် မွန်းစတားဘုရင်ရှစ်ပါးကို မြောက်ဘက်နယ်မြေကို ပြန်လာရန် ပြောပေလိမ့်မည်။ လွမ်ဖုန်းနှင့် အခြားသူများမှာ သူ့အား တားနိုင်ကြလိမ့်မည်မဟုတ်။ ထို့အပြင် သူ့လက်အောက်တွင် အလုပ်လုပ်နေကြသည့် မွန်းစတားဘုရင်များ၏ အနာဂတ်မှာ အခြားသူများထက် ပို၍တောက်ပပေသည်။ နတ်အရှင်သုံးပါးသည်သာ သူတို့အား တားနေမည်ဆိုပါက မွန်းစတားဘုရင်များ ကျေနပ်ကြလိမ့်မည်မဟုတ်။ ထိုသို့ဖြစ်လာသည့်အခါတွင် ရှေးဟောင်းတောအုပ်ကြီးသည်လည်း ပြဿနာတက်ရပေလိမ့်မည်။
လွမ်ဖုန်း ဒွိဟဖြစ်သွားသည်ကိုမြင်သော် ရန်ကိုင်မှာ ပြုံး၍ ဆက်ပြောလိုက်လေသည်။ “အမျိုးသမီးဖုန်း… ကျုပ် ခင်ဗျားကို ပြောသင့်မပြောသင့် မသေချာတဲ့ အချက်တစ်ချက်တော့ရှိတယ်…”
လွမ်ဖုန်းက ထအော်ပြောလိုက်လေ၏။ “နင် တစ်ချိန်လုံး ငါ့ကို ဒီလောက်တောင် ဒုက္ခလိုက်ပေးနေတာ… ဒီလောကကြီးထဲမှာ နင် ငါ့ကို မပြောရဲတဲ့စကား ရှိသေးလို့လား…”
ရန်ကိုင်က ချောင်းဟန့်၍ ပြန်ပြောလိုက်လေသည်။ “ကြည့်ရတာ ခင်ဗျား ကျုပ်ကို နားလည်မှုလွဲနေတဲ့ပုံပဲ… ဘာပဲဖြစ်ဖြစ် အချိန်ကြာလာတာနဲ့ ကျုပ်ဘက်ကရိုးသားမှုကို ခင်ဗျား သိလာမှာပါ… အဲ့အကြောင်းမပြောပဲနဲ့ အခု ထျန်းလုံအကြောင်းပြောရအောင်…”
လွမ်ဖုန်း၏အမူအယာ ရုတ်ချည်း အေးစက်သွားခဲ့ပြီး ရန်ကိုင်အား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်ရင်းမှ “နင် သူ့ကို တစ်ခုခုလုပ်ခဲ့ရင် ငါနင့်ကို လုံးဝ အလွတ်ပေးမှာမဟုတ်ဘူးနော်…”
လွမ်ဖုန်းအနေဖြင့် ရန်ကိုင်အား ကိစ္စပေါင်းများစွာနှင့်ပတ်သက်၍ ရန်ကိုင်အား ခွင့်ပြုပေး၍ရပါသော်ငြား သူမသမီး၏ကိစ္စနှင့်တော့ လုံးဝခွင့်ပြု၍မရပေ။ ရန်ကိုင် ထျန်းလုံအား စကားဝိုင်းထဲ ထည့်ပြောလာသည်မှာ လွမ်ဖုန်းအား အမှန်တကယ်ကို ဒေါသထွက်သွားစေခဲ့လေသည်။
ရန်ကိုင်က လက်မြှောက်ပြရင်းမှ ပြန်ပြောလိုက်သည်။ “အမျိုးသမီး… ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့ဦး… ကျုပ် ထျန်းလုံကို တစ်ခုခုလုပ်ဖို့ ဘာမှစဉ်းစားထားတာမဟုတ်ဘူး… ကျုပ် ဘယ်လောက်ပဲ ယုတ်ညံ့တယ်လို့ ခင်ဗျား ထင်နေထင်နေ ကလေးတစ်ယောက်ကို ခြိမ်းခြောက်လောက်တဲ့အထိတော့ ကျုပ် အောက်တန်းမကျဘူး… အဲ့ကလေးကို ခင်ဗျားမွေးထားတာဆိုပေမယ့် အဲ့ကလေးက ခင်ဗျားဆီကနေပြီးတော့ အကုန်လုံးကို အမွေဆက်ခံနိုင်မယ်လို့ အာမခံချက်မရှိဘူးလေ… ဟုတ်တယ်မလား… သူက သွေးသန့်မျိုးဆက်ဖြစ်တယ်ဆိုပေမယ့် ဒီလောကကြီးမှာ ချွင်းချက်တွေဆိုတာလည်း ရှိနေသေးတာပဲ… ဟုတ်တယ်မလား…”
လွမ်ဖုန်းက မောက်မာဝံ့ကြွားသည့်အမူအယာဖြင့် သူက “ဒီဘုရင်မရဲ့သမီးပဲ… ဒီတော့ သူ့အနေနဲ့ အားနည်းစရာအကြောင်း လုံးဝမရှိဘူး…”
ရန်ကိုင်က ခေါင်းညိတ်၍ ဆက်ပြောလိုက်သည်။ “ဟုတ်ပါပြီ… ဒါပေမယ့် ထျန်းလုံ ခင်ဗျားဆီကနေ အကုန်လုံးကို အမွေဆက်ခံနိုင်မယ်ဆိုရင်တောင် ခင်ဗျားက ကျေနပ်နိုင်မှာမို့လို့လား… ခင်ဗျားသမီးကို ခင်ဗျားအဆင့်ပဲ ရောက်စေမယ့်အစား ပိုပြီးတော့မြင့်တဲ့ အဆင့်ဆီ မရောက်စေချင်ဘူးလား…”