← Chapters

အခန်း (၃၂၉၁-၃၂၉၅)

Vol. 144 Ch. 3291-3295

အခန်း (၃၂၉၁-၃၂၉၅)

Vol. 144 Ch. 3291-3295

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၉၁)

ဘာသာပြန်သူ_တိမ်တိုက်

ထိုစကားကို ကြားသည့်အခါ လွမ်ဖုန်း၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့လေသည်။ "နင် ဘာပြောချင်တာလဲ"

ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ "အမျိုးသမီးဖုန်း၊ ခင်ဗျားပြောသလိုပဲ ကျုပ်အနောက်မှာ ကောင်းကင်အမိန့်တော်ရဲ့ မျိုးဆက်ရှိတယ်၊ ကောင်းကင်အမိန့်တော် ဘာလုပ်နိုင်လဲဆိုတာကို ကျုပ်ခင်ဗျားကို ပြောပြဖို့ လိုမယ်မထင်ဘူး၊ ကောင်းကင်အမိန့်တော် နန်းတော်ထဲမှာ မရေမတွက်နိုင်တဲ့ နတ်သားရဲအမြုတေတွေ ရှိတယ်ဆိုတာကိုလည်း ခင်ဗျားသိပြီးသား၊ ရှေးဟောင်းတောအုပ်ကြီးထဲက မွန်းစတားဘုရင်တွေ ကျုပ်ကို အခုလိုမျိုးလေးစားနေပြီး ကျုပ်ပြောတဲ့အတိုင်း လုပ်ပေးနေကြတာ သူတို့ကိုယ်တိုင်လည်း နောက်ပိုင်းကျရင် နတ်သားရဲတွေ ဖြစ်လာချင်လို့ပဲ"

"မိန်းမတစ်ယောက်အပေါ် ကပ်ပြီးမှီခိုနေရတာကို ကြွားရဲသေးတယ်ပေါ့" လွမ်ဖုန်းသည် ရန်ကိုင်အား အထင်အမြင်တသေးဖြင့် ကြည့်လိုက်လေသည်။

ရန်ကိုင်ကမူ လွမ်ဖုန်း လှောင်ပြောင်သည်ကို လျစ်လျူရှုလျက်... "ကျုပ်ကိုယ်တိုင်လည်း တော်တော်လေး ကံကောင်းခဲ့တာပါ၊ နှစ်တွေအများကြီးတုန်းက ကောင်မလေးတစ်ယောက်ကို အမှတ်မထင် လက်ခံခဲ့မိတယ်၊ ဒါပေမဲ့ သူက နာမည်ကျော် ကောင်းကင်အမိန့်တော်ရဲ့ မျိုးဆက်ဖြစ်နေမယ်လို့ လုံးဝမထင်ထားခဲ့ဘူး၊ ပြီးတော့ သူ့ရဲ့သွေးမျိုးဆက်ကလည်း အမှတ်မထင် နိုးထလာခဲ့တာလည်း ပါတာပေါ့၊ ကျုပ် ခင်ဗျားကို ကြွားတာတော့မဟုတ်ဘူး၊ ဒါပေမဲ့ လျို့ရှီက ကျုပ်စကားကို တကယ်ကို နားထောင်တယ်၊ သူသွေးတံခါးထဲက ထွက်လာတဲ့နေ့ကျရင် ကျုပ်တစ်ခုခုတောင်းဆိုမယ်ဆိုရင်တောင် သူငြင်းမှာမဟုတ်ဘူး"

"အဲဒီကိစ္စက ထျန်းလုံနဲ့ ဘာဆိုင်လို့လဲ" လွမ်ဖုန်း မျက်မှောင်ကြုတ်သွားခဲ့သည်။

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်လေသည်။ "ကျုပ်ထင်တာမမှားဘူးဆိုရင်၊ အမျိုးသမီးဖုန်းက ဖီးနစ်ကလန်ရဲ့ မျိုးကွဲပဲမလား၊ အများဆုံး မျိုးကွဲတစ်ခုပေါ့ ဟုတ်တယ်မလား၊ အဲဒီလိုဆိုရင်တော့ ခင်ဗျားနဲ့ တကယ့်ဖီးနစ်အစစ်ကြားမှာ ကွာခြားချက်ကတော့ ရှိနေဦးမှာပဲ၊ ကောင်းကင်အမိန့်တော် သတ်ခဲ့တဲ့အထဲမှာ ဖီးနစ်တွေ နဂါးတွေလည်းပါတယ်၊ ဒီတော့ သူ့နန်းတော်ထဲမှာ ဖီးနစ်ကလန်က အမြုတေတွေလည်း ကျိန်းသေရှိနေလိမ့်မယ်"

ပြောပြီးသည့်နောက် ရေနွေးကြမ်းခွက်ကို ကောက်ကိုင်၍ ရေနွေးကြမ်းခွက်ဖြင့် မျက်နှာကိုအုပ်ရင်းမှ လွမ်ဖုန်း၏ အမူအရာကို တစ်ချက်ကြည့်လိုက်သည်။ သူထင်ထားသည့်အတိုင်း လွမ်ဖုန်းမှာ အမှန်တကယ်ကို စိတ်ဝင်စားသွားလေပြီ။

တစ်ခဏအကြာ၌ လွမ်ဖုန်းက ပြန်မေးလာ၏။ "နင် ထျန်းလုံကို ကောင်းကင်အမိန့်တော်ရဲ့ နန်းတော်ထဲရောက်အောင် ကူညီပေးနိုင်တယ်ဆိုတာ သေချာလား"

ရန်ကိုင်က ချက်ချင်းပြန်ပြောလိုက်လေသည်။ "ကျုပ်အခုလိုမျိုး တောင်းဆိုမယ်ဆိုရင် လျို့ရှီ ကျုပ်ကို လုံးဝငြင်းမှာမဟုတ်ဘူး"

အမျိုးသမီးဖုန်းသည် အသက်ကို ပြင်းပြင်းရှူသွင်း၍ ခေါင်းညိတ်လိုက်လေသည်။ "ကောင်လေး၊ ငါနင့်ကို မွန်းစတားဘုရင်တွေ ထပ်ပြီးမငှားချင်တာ ငါတစ်ကိုယ်ကောင်းဆန်နေလို့ မဟုတ်ဘူး၊ နင်က လူသားတစ်ယောက်လေ၊ နင့်လက်အောက်မှာ မွန်းစတားဘုရင်တွေ အများကြီးရှိနေရင် နင့်ကို မွန်းစတားမျိုးနွယ်နဲ့ ပေါင်းနေတယ်လို့ ထင်သွားကုန်ကြမယ်၊ အဲဒါဆိုရင် နင့်ဂုဏ်သတင်းအတွက်လည်း မကောင်းဘူး"

ရန်ကိုင်က ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။ "အမျိုးသမီးဖုန်း၊ အခုလိုမျိုး စိတ်ပူပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ဒါပေမဲ့ လုံလောက်တဲ့ခွန်အားသာမရှိရင် ကျန်တဲ့ဟာတွေက ဘာမှအရေးမပါတော့ဘူး"

လွမ်ဖုန်းသည် အဝေးတစ်နေရာဆီသို့ လှမ်းကြည့်ရင်းမှ... "ဖန်းဝူနဲ့ ချန်ကွော့ကတော့ ဒီကိစ္စကို သဘောတူမှာမဟုတ်ဘူး"

ရန်ကိုင်က ပြုံးဖြီးလျက်... "အမျိုးသမီးဖုန်း သဘောတူလိုက်မယ်ဆိုရင် သူတို့ ဘာလို့သဘောမတူဘဲ နေတော့မှာလဲ၊ ကျုပ်သိသလောက်ဆိုရင် ဖန်းဝူက အားလုံးထဲမှာ သေသေချာချာ စဉ်းစားတွေးတောတတ်ပြီး အကုန်လုံးကို အစီအစဉ်ချပေးရတဲ့လူဆိုပေမဲ့ အမျိုးသမီးဖုန်းက အားအကောင်းဆုံးလူလေ"

"ငါ့ကို ဖားနေလို့လည်း အပိုပဲ" ထိုသို့ပြောပြီးသည့်နောက် လွမ်ဖုန်းသည် ထိုင်ရာမှထ၍ ထွက်သွားရန် ပြင်လိုက်လေသည်။

"ခင်ဗျား ဘယ်သွားမလို့လဲ" ရန်ကိုင်သည် လွမ်ဖုန်းကို ကြည့်ရင်းမှ လှမ်းမေးလိုက်သည်။

"ဒီမှာ စောင့်နေ၊ ငါသူတို့ သဘောတူမတူ ငါးရက်အတွင်း ပြန်ပြောပေးမယ်"

ထိုစကားကို ကြားသော် သူလိုချင်နေသည့်အရာကို ကျိန်းသေရနိုင်တော့မည်မှန်း ရန်ကိုင် သိလိုက်လေသည်။ ထိုအတွက်ကြောင့် ထိုင်ရာမှထ၍ ပြုံးကာ လက်သီးဆုပ်၍ ပြောလိုက်လေသည်။ "ကျေးဇူးအများကြီးတင်ပါတယ် အမျိုးသမီးဖုန်း"

ယခုတစ်ကြိမ် လွမ်ဖုန်းအား ဖျောင်းဖျလိုက်ရသည်မှာ တကယ်ကို တန်ပေသည်။ ထိုအပြင် လွမ်ဖုန်းအား သူ့ဘက်ပါအောင် ဆွဲခေါ်လိုက်နိုင်ပြီဖြစ်သည့်အတွက်ကြောင့် နောက်ပိုင်း ရှေးဟောင်းတောအုပ်ကြီးထဲမှာ သူလိုချင်သည့်အရာများကို ရနိုင်တော့လိမ့်မည်မှန်း ရန်ကိုင် သေချာသွားတော့သည်။ သို့သော်ငြား ယခုတစ်ကြိမ်သာ သူလိုချင်သည်ကို မရလိုက်မည်ဆိုလျှင် နောက်ပိုင်းတွင်လည်း ထပ်ရနိုင်တော့လိမ့်မည် မဟုတ်ပေ။

ရန်ကိုင်မှာ အလွန်ကိုမှ ဝမ်းသာနေသည့်အတွက်ကြောင့် သူ့အခန်းသို့ ပြန်လာပြီး စောင့်နေလိုက်လေသည်။

သတင်းကြားလိုက်သော် ဖန်းဝူ၏ နန်းတော်ဆီသို့ အပြေးရောက်လာခဲ့လေသည်။ နတ်အရှင်သုံးပါးသည် တစ်နေရာတည်းတွင် အတူတကွ စုဝေးနေခဲ့ကြပါသော်ငြား သူတို့၏ မျက်နှာများမှာတော့ မှုန်ကုပ်နေခဲ့ကြသည်။

"ဒီတစ်ကြိမ်တော့ သူလွန်သွားပြီ၊ အရင်တစ်ကြိမ်တုန်းက ငါတို့ သူ့ကို သွားပြီးတော့ ကူညီပေးခဲ့တယ်၊ ဒါပေမဲ့ အဲဒီလို ကူညီပေးပြီးပြီး မကြာသေးခင်မှာပဲ ငါတို့ဆီကနေ လာပြီးတော့ ထပ်တောင်းဆိုနေဦးမယ်လို့ မထင်ထားဘူး၊ ဘာတဲ့၊ မွန်းစတားဘုရင်သုံးပါးလိုချင်တယ် ဟုတ်လား၊ သူ့ဘာသာသူ ဘာလို့ ငရဲဆီမသွားလိုက်တာလဲ" ချန်ကွော့မှာ အလွန်ကိုမှ ဒေါသူပုန်ထနေလေရာ ရန်ကိုင်နှင့် သူသေကိုယ်သေ တိုက်ခိုက်တော့မည် ပုံစံမျိုးပင် လုပ်ပြနေခဲ့လေသည်။

ဖန်းဝူက သက်ပြင်းချ၍... "ရှေးဟောင်းတောအုပ်ကြီးထဲမှာ ငါတို့နေခဲ့ရတဲ့ဘဝက အမြဲတမ်းကို အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းပဲ၊ ဒါပေမဲ့ ဒီလိုမျိုး သောက်ကျင့်မကောင်းတဲ့ အကောင်တစ်ကောင်ကြောင့် ငါတို့ အခုလိုမျိုး ဖိနှိပ်ခံနေရမယ်လို့ တကယ်ကို မထင်ထားဘူး၊ ကောင်းကင်လမ်းစဉ်က တကယ်ကို မမျှတတာပဲ"

ချန်ကွော့ မျက်လုံးထဲ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။ "နောက်ပိုင်း ပြဿနာမတက်ရအောင် ငါတို့ သူ့ကို ဘာဖြစ်လို့ တစ်ခါတည်း မသတ်ပစ်လိုက်တာလဲ"

လွမ်ဖုန်းသည် ချန်ကွော့အား ကြည့်၍... "အဲဒီလိုမျိုး လုပ်ပြီးရင်တော့ ကောင်းကင်အမိန့်တော်ရဲ့မျိုးဆက် သွေးတံခါးထဲကနေ ထွက်လာတဲ့တစ်နေ့ သူ့ဒေါသကိုခံဖို့ ပြင်ထားလိုက်ပေါ့"

ချန်ကွော့၏ ခန္ဓာကိုယ်လေး ကျုံ့ဝင်သွားခဲ့ပြီး ဘာမှန်းမသိသော စကားများကို စိတ်ဓာတ်ကျနေသည့် ပုံစံဖြင့် ရေရွတ်လိုက်လေသည်။ နတ်သားရဲများအတွက်မူ ကောင်းကင်အမိန့်တော်ဟူသည့် စကားကို ကြားလိုက်ရရုံဖြင့် ကြောင်ကိုမြင်သည့် ကြွက်တစ်ကောင်ပမာ ဖြစ်သွားရပေသည်။

ဖန်းဝူက အလေးအနက် အမူအရာဖြင့်... "ပြီးတော့ ငါတို့ သူ့ကို အလွယ်တကူ သတ်နိုင်လိမ့်မယ်လို့လည်း မထင်ဘူး"

ရန်ကိုင် ရှေးဟောင်းတောအုပ်ကြီးဆီသို့ ပထမဦးဆုံးအကြိမ် ရောက်လာစဉ်က ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည့်တိုင် သူမည်မျှ အားကောင်းကြောင်းကို ပြသသွားခဲ့သည်။ ယခု နှစ်ပေါင်းများစွာ ကြာသွားပြီးသည့်နောက် ရန်ကိုင်၏ အရည်အချင်းအရ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလာရပေလိမ့်မည်။ ထိုအပြင် ရန်ကိုင်သည် လေဟာနယ်တာအိုလည်း ကျွမ်းကျင်ထားသေးသည်။ သူတို့သည်သာ ရန်ကိုင်အား ပိတ်မဖမ်းနိုင်ပါက နတ်အရှင်သုံးပါးစလုံး ရန်ကိုင်အား အနိုင်ယူနိုင်ကြလိမ့်မည် မဟုတ်ပေ။

ထိုအပြင် သူတို့သည်သာ ရန်ကိုင်နှင့် ပြဿနာတက်ပါက ကြုံရမည့် အကျိုးဆက်များ အမှန်တကယ်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ချန်ကွော့က မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။ "ဒါဆို ငါတို့ ဘာလုပ်ကြမလဲ၊ သူလုပ်ချင်တဲ့အတိုင်းပဲ လုပ်ခွင့်ပေးလိုက်ရမှာလား"

ဖန်းဝူသည် လွမ်ဖုန်းဘက်သို့ လှည့်၍ မေးလိုက်လေ၏။ "အမျိုးသမီးဖုန်း ခင်ဗျား သူနဲ့ဆွေးနွေးတာ ဘယ်လိုနေလဲ"

လွမ်ဖုန်းက မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။ "အစပိုင်းတော့ ငါလည်း သူ့ကိုငြင်းတာပဲ၊ ဒါပေမဲ့ သူက ဟိုရှီဟွော့ရဲ့ အမြုတေကို ဆက်ခံထားတဲ့ ကျောက်တုံးဝိညာဉ်ကို ထုတ်လာပြီးတော့ အဲဒီရှီဟွော့ကို တောင်ဘက်နယ်မြေကို ပြန်ပြီးဆက်ခံခိုင်းမယ်တဲ့၊ ပြီးတော့ ငါတို့ မွန်းစတားဘုရင်တွေကို သူ့လက်အောက်ဆီကို မရောက်အောင်လို့ တားနေတဲ့အကြောင်းကိုလည်း သတင်းဖြန့်ပစ်မယ်တဲ့၊ အဲဒါကြောင့် ငါလည်း ဘာမှပြန်မပြောတတ်လို့ နင်တို့ကို ခေါ်လိုက်တာ"

"အရှက်မရှိတဲ့ကောင်" ချန်ကွော့ ထအော်လေသည်။

ဖန်းဝူကမူ လွမ်ဖုန်း၏ အမူအရာကို ကြည့်ရင်းမှ လွမ်ဖုန်း သူတို့ဆီမှ တစ်ခုခုကို ဖုံးကွယ်ထားသည်ကို ခံစားနေရလေသည်။ သို့သော်ငြား သွားတော့မမေးခဲ့ပေ။ သွားမေးလျှင်ပင် လွမ်ဖုန်း သူ့အား ပြောလိမ့်မည်မဟုတ်မှန်း သိနေခဲ့သည်။ တစ်ခဏမျှ တိတ်နေပြီးသည့်နောက် သက်ပြင်းချ၍... "ကြည့်ရတာ ငါတို့ သူ့ကို တားလို့ရမဲ့ပုံ မပေါ်ဘူး"

လွမ်ဖုန်းသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်... "သူ့ကို တားလို့မရဘူးဆိုပေမဲ့ သူ့ကို ပြဿနာတက်အောင် လုပ်လို့မရတာတော့ မဟုတ်ဘူး"

ဖန်းဝူသည် လွမ်ဖုန်းကို ကြည့်၍... "နင် ဘာပြောချင်တာလဲ"

လွမ်ဖုန်းက ပြုံး၍ ပြန်ပြောလိုက်လေသည်။ "နင်တို့နှစ်ယောက်လည်း သိတဲ့အတိုင်းပဲ သူ့မှာ ရှန်ချင်း‌လော့ဆိုတဲ့ မိန်းမတစ်ယောက်ရှိတယ်၊ သူက အခု မွန်းစတားတစ်ပိုင်းဖြစ်နေပြီ၊ သူ အခု ဘယ်မှာရှိတာလဲဆိုတော့ ဒီရှေးဟောင်းတောအုပ်ကြီးထဲမှာပဲ"

ဖန်းဝူနှင့် ချန်ကွော့တို့ နှစ်ဦးစလုံး ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည်လည်း ထိုအချက်ကို သိကြပေသည်။ ယင်ဖေးသည် ရှန်ချင်း‌လော့အား ကိုယ်တိုင်ကိုယ်ကျ ဤနေရာသို့ လာရောက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည့်အတွက်ကြောင့် ရှေးဟောင်းတောအုပ်ကြီးထဲရှိ လူတိုင်းမှာ သူမအကြောင်း ကြားဖူးကြပေသည်။

ချန်ကွော့၏ အကြည့် တောက်ပသွားခဲ့လေသည်။ "ငါတို့ ရှန်ချင်း‌လော့ကို ပစ်မှတ်ထားသင့်တယ်လို့ ပြောနေတာလား"

လွမ်ဖုန်းက ခေါင်းခါလျက်... "မဟုတ်ဘူး၊ ငါသူ့ကို တစ်ခါမှမတွေ့ဖူးဘူး၊ သူ့ကြည့်ရတာတော့ ကောင်းကင်လနတ်ဆိုးပင့်ကူရဲ့ အမွေအနှစ်ကို ဆက်ခံထားတဲ့ပုံပဲ၊ ဒီတော့ တစ်နေ့နေ့ကျရင် သူက ငါတို့ မွန်းစတားမျိုးနွယ်စုရဲ့ အားအကောင်းဆုံးပညာရှင်တစ်ဦး ဖြစ်လာမှာ၊ ငါတို့နဲ့ မျိုးနွယ်စုတစ်စုတည်းဆိုမှတော့ သူ့အပေါ် ဒီလောက် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံစရာမလိုဘူး"

ချန်ကွော့ ဇဝေဇဝါဖြစ်သွားခဲ့လေသည်။ "သူ့ကို ပစ်မှတ်မထားဘူးဆိုရင် နင်က ဘာလို့ သူ့အကြောင်း ထည့်ပြောတာလဲ"

လွမ်ဖုန်း၏ မျက်နှာအထက်ရှိ အပြုံးမှာ ပိုပို၍ ပီပြင်လာခဲ့လေသည်။ "အဲဒီကောင်က အပေါ်ယံမှာသာ တကယ့်လူကြီးလူကောင်းဆန်ဆန် လုပ်ပြနေတာ၊ တကယ်တော့ အဲဒီကောင်က တော်တော်ကို တဏှာကြီးတဲ့ကောင်၊ သူ့မှာ မိန်းမလေးယောက်ရှိတယ်ဆိုတာ နင်တို့သိကြလား၊ ပြီးတော့ အဲဒီမိန်းမလေးယောက်အပြင်ကိုမှ ရေခဲနှလုံးသားတောင်ကြားက တစ်ယောက်နဲ့လည်း သတင်းတွေဘာတွေ ထွက်နေသေးတယ်၊ အဲဒါအပြင်ကိုမှ နဂါးကလန်က မိန်းမတစ်ယောက်ကိုလည်း ရထားသေးတယ်၊ ကောင်းကင်အမိန့်တော်ရဲ့မျိုးဆက်ကိုပါ ထည့်တွက်လိုက်မယ်ဆိုရင်"

ချန်ကွော့မှာတော့ ရန်ကိုင်အပေါ် အားကျနေသည့်အလား မကျေမနပ်ဖြင့် ညည်းတွားလိုက်လေသည်။ "ကျွတ်၊ မိန်းမနဲ့ပတ်သက်လာရင် တော်တော်ကံကောင်းတဲ့ ကောင်ပါလား"

ဖန်းဝူကမူ တစ်ခုခုအား စဉ်းစားမိသွားသည့်အလား ပြန်၍ပြောလိုက်လေ၏။ "မိန်းမတွေအများကြီးရှိတာ ကောင်းတဲ့အရာတော့ မဟုတ်ဘူး"

လွမ်ဖုန်းက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ သူ ငယ်ငယ်တုန်းက မိန်းမလေးယောက် ရထားတယ်၊ အဲဒီတုန်းကတော့ သူတို့လေးယောက်စလုံးက သိပ်ပြီးတော့ အားမကောင်းသေးဘူးပေါ့၊ ဒါပေမဲ့ ရေခဲနှလုံးသားတောင်ကြားက မိန်းမက ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ယောက်ပဲ၊ ငါတို့လည်း အဲဒီတစ်ယောက်ကို တွေ့ဖူးပါတယ်၊ အရင်တစ်ကြိမ်တုန်းက ငါတို့ဒီနေရာကို လာပြီးတော့ သောင်းကျန်းသွားတဲ့ တစ်ယောက်လေ၊ ဒါပေမဲ့ ငါကြားတာတော့ သူအရင်လိုမျိုး ရူးမနေတော့ဘူးတဲ့၊ ကျန်တဲ့နှစ်ယောက်ကတော့ နဂါးကလန်က တစ်ယောက်နဲ့ ကောင်းကင်အမိန့်တော်ရဲ့မျိုးဆက်ပေါ့၊ အင်း ဒါပေမဲ့ အဲဒီမိန်းမတွေထဲက ဘယ်သူကများ ဒုတိယနေရာမှာ နေချင်ကြမှာလဲ"

ချန်ကွော့က ရေရွတ်လိုက်လေသည်။ "ဒီတော့ နင်ပြောချင်တာက သူတို့သာ တစ်ယောက်နဲ့တစ်ယောက် တွေ့ခဲ့ရင်"

ထိုအကြောင်းကို တွေးမိလိုက်ရုံဖြင့် ချန်ကွော့ ကျောရိုးတစ်လျှောက် စိမ့်တက်သွားမိလေသည်။ နဂါးကလန်မှ အမျိုးသမီးနှင့် ကောင်းကင်အမိန့်တော်၏ မျိုးဆက်သည် မွေးရာပါ သဘာဝရန်သူများ ဖြစ်ကြသည်။ ထိုအတွက်ကြောင့် သူတို့နှစ်ဦးသည်သာ တစ်ယောက်နှင့်တစ်ယောက် တွေ့ခဲ့ကြလျှင် ပွဲကြီးပွဲကောင်း ကြည့်၍ရလေပြီ။

သို့သော်ငြား ကောင်းကင်အမိန့်တော်၏ မျိုးဆက် သွေးတံခါးထဲမှ မည်သည့်အချိန် ထွက်လာမလဲဆိုသည်ကို မည်သူမျှ မသိကြပေ။

လွမ်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ "အဲဒီမတိုင်ခင် ငါတို့ မီးလောင်ရာလေပင့်လို့ရတဲ့ ကိစ္စတစ်ခုရှိတယ်၊ သူသာ သူ့မိန်းမတွေကြောင့် ပြဿနာတက်နေရမယ်ဆိုရင် ရှေးဟောင်းတောအုပ်ကြီးထဲ လာပြီးတော့ ပြဿနာရှာနိုင်တော့မှာ မဟုတ်ဘူး"

ချန်ကွော့က မေးလိုက်သည်။ "ငါတို့ အဲဒီလိုမျိုး ဘယ်လိုလုပ်မှာလဲ"

လွမ်ဖုန်းက ပြုံး၍... "အခွင့်အရေးက ငါတို့အရှေ့တည့်တည့်မှာတင် ရှိနေတာလေ၊ သူက မွန်းစတားဘုရင်သုံးပါးကို လိုချင်တယ်ဆိုမှတော့ ငါတို့ကလည်း မွန်းစတားဘုရင်သုံးပါးကို ထည့်ပေးလိုက်ရုံပေါ့၊ ဒါပေမဲ့ အဲဒီမွန်းစတားဘုရင်သုံးပါးကို သူ လက်ခံနိုင်မှာလား"

ချန်ကွော့ ဇဝေဇဝါဖြစ်နေပါသော်ငြား ဖန်းဝူကမူ လွမ်ဖုန်း ဘာပြောချင်သလဲဆိုသည်ကို နားလည်သွားသည့်အလား ပြုံး၍... "ဟုတ်တယ်၊ အမျိုးသမီးဖုန်း ပြောတာ ယုတ္တိရှိတယ်"

"မင်းတို့ ဘာတွေပြောနေကြတာလဲ၊ မင်းတို့ ဘာပြောချင်လို့ပြောချင်နေမှန်း ငါနားမလည်ဘူး" ချန်ကွော့သည် ခေါင်းကို ကုတ်ရင်းမှ ပြန်ပြောလိုက်သည်။

ဖန်းဝူနှင့် လွမ်ဖုန်းတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ရင်းမှ ပြုံးလိုက်ကြလေသည်။

နတ်အရှင်သုံးပါးမှာ ရန်ကိုင်ဆီသို့ ပို့ပေးရန်အတွက် မွန်းစတားဘုရင်သုံးပါးကို မကြာမီမှာပင် ရွေးချယ်လို့ ပြီးသွားခဲ့လေပြီ။

ဖီးနစ်အသိုက်နန်းတော်ထဲ ရန်ကိုင်သည် သူ့အရှေ့ရှိ မွန်းစတားဘုရင်သုံးပါးကို ကြည့်ရင်း ပြောစရာစကား ပျောက်ရှနေခဲ့လေသည်။

ထိုမွန်းစတားဘုရင်များ အားမကောင်းကြသည် မဟုတ်။ ရှေးဟောင်းတောအုပ်ကြီးထဲတွင် ရှိနေသော မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးစလုံး အားကောင်းကြပေသည်။ ရန်ကိုင် ဆွံ့အနေရခြင်းမှာ မွန်းစတားဘုရင်သုံးပါးစလုံးမှာ အမျိုးသမီးများ ဖြစ်နေကြသည့်အတွက်ကြောင့်ပင်။ ထိုအပြင် အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းလှသည့် အမျိုးသမီးများပင် ဖြစ်လေသည်။

ရန်ကိုင်မှာ ထိုအမျိုးသမီးများအနက် တစ်ဦးကို သိပေသည်။ သူမမှာ တုမီအာပင် ဖြစ်လေသည်။ ယခင်တစ်ကြိမ် လွမ်ဖုန်း၏ နန်းတော်ဆီသို့ လာစဉ်က တုမီအာသည် ရန်ကိုင်၏ ပခုံးကို နှိပ်နယ်ပေးခဲ့ဖူးသည်။ လက်ရှိအချိန်တွင်မူ တုမီအာသည် ရန်ကိုင်အား မြတ်နိုးစွာဖြင့် ကြည့်နေလေ၏။

တုမီအာ၏ ဘေးနားတွင်မူ စွဲမက်ဖွယ်ကောင်းလှသည့် ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသော အမျိုးသမီးတစ်ဦး ရပ်နေခဲ့လေသည်။ ရှန်ချင်း‌လော့တစ်ဦးသည်သာ ဆွဲဆောင်မှုအပိုင်းတွင် ဤအမျိုးသမီးကို ယှဉ်နိုင်ပေလိမ့်မည်။ သူမ၏ အရည်ရွှန်းလဲ့သည့် မျက်ဝန်းနှစ်စုံသည် မည်သူ့ကိုမဆို ညှို့ယူပစ်နိုင်သည့် တွင်းနက်ကြီးနှစ်ခုပမာ ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေသည့်တိုင် ထိုအမျိုးသမီးဆီမှ ရှင်းပြမရသော စွဲမက်ဖွယ်ကောင်းသည့် အငွေ့အသက်တို့ ဖြာထွက်နေခဲ့လေရာ မည်သည့်ပုရိသယောက်ျားမဆို သူမအား မြင်လိုက်သည်နှင့် တစ်ပြိုင်နက် အကြည့်လွှဲနိုင်ကြလိမ့်မည် မဟုတ်ပေ။

"ဟူဖေးလား" ရန်ကိုင်က မေးလိုက်လေသည်။

ထိုစကားကို ကြားသော် အမျိုးသမီးမွန်းစတားဘုရင်သည် တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်နေပြီးသည့်နောက် ပြုံး၍ ပြန်ပြောလိုက်လေသည်။ "ဆရာ ကျွန်မကို သိနေလိမ့်မယ်လို့ တကယ်မထင်ထားခဲ့ဘူး" သူမ၏ အသံလေးမှာ အလွန်ကိုမှ သိမ်မွေ့လှကာ ယစ်မူးဖွယ်ကောင်းလွန်းလှသဖြင့် ထိုအသံကို ကြားလိုက်ရသည့်အခါ ရန်ကိုင် တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး ယခင်ကထက် ပေါ့ပါးသွက်လက်သွားသလိုပင် ခံစားလိုက်ရလေသည်။ အမြီးကိုးချောင်းကောင်းကင်မြေခွေး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် မွန်းစတားမျိုးနွယ်စုဝင်ဆိုသည့်အတိုင်း သူမ၏ လှုပ်ရှားမှုတိုင်းသည် လူတစ်ဦးအား မယုံကြည်နိုင်အောင်ကို ဆွဲဆောင်နိုင်ပေသည်။

လက်ရှိအချိန်မှာတော့ ရန်ကိုင်မှာ ရယ်ရခက်ငိုရခက် ဖြစ်နေလေ၏။ လတ်တလောက မွန်းစတားဘုရင်ရှီလဲ့နှင့် စကားနည်းနည်းပါးပါး ပြောခဲ့ပြီး ရှီလဲ့မှာ သူ့အား ဟူဖေးကို သတိထားရန် အထူးတလည် ပြောခဲ့လေသည်။ သို့ပင်ဖြစ်လင့်ကစား လွမ်ဖုန်းသည် ဤအမျိုးသမီးကို သူ့အရှေ့တည့်တည့်ဆီသို့ ပို့ပေးလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

လွမ်ဖုန်းအား တစ်ချက်လှမ်းကြည့်လိုက်ပါသော်ငြား လွမ်ဖုန်းမှာ သူ့အား ပမာမခန့် အမူအရာဖြင့် ပြုံးပြနေသည်ကို မြင်သော် ရန်ကိုင်မှာလည်း ချောင်းဟန့်၍ ဟူဖေးဘက်သို့ လှည့်ကာ ခေါင်းညိတ်ပြလိုက်ရတော့သည်။ "အမျိုးသမီးဟူဖေးက တော်တော်လေး နာမည်ကျော်တယ်လေ၊ အဲဒါကြောင့် ကျုပ် ခင်ဗျားကို သိနေတာ"

ဟူဖေးက တခစ်ခစ် ရယ်သွမ်းသွေးလျက်... "အာ၊ နာမည်ကျော်တာမဟုတ်ပါဘူး၊ နာမည်ဆိုးနဲ့ကျော်တာမလား ဆရာရဲ့၊ ဆရာ ကျွန်မအကြောင်း မကောင်းသတင်းတွေ ကြားခဲ့ဖူးရင် တောင်းပန်ပါတယ်နော်"

ထို့နောက်တွင် ရန်ကိုင်သည် နောက်ဆုံးသော မွန်းစတားဘုရင်ဆီသို့ လှမ်းကြည့်လိုက်သည်။ မွန်းစတားဘုရင်၏ စိတ်နေစရိုက်နှင့် ပုံစံမှာတော့ ဟူဖေးနှင့် တုမီအာတို့နှင့် လုံးဝမတူပေ။ သူမမှာ တုမီအာကဲ့သို့ သိမ်မွေ့ဖော်ရွေခြင်းမရှိသလို ဟူဖေးကဲ့သို့လည်း ညှို့ဓာတ်မပြင်းပေ။ ထိုအစား သူမမှာ အေးစက်စက် မိန်းမချောလေးတစ်ဦး ဖြစ်ပေသည်။ သူမ၏ မျက်ဆံများမှာ ထူးထူးဆန်းဆန်းကို ဒေါင်လိုက်ဖြစ်နေသည့်အတွက်ကြောင့် ရန်ကိုင်မှာ ဤအမျိုးသမီးသည် မြွေတစ်ကောင်များပင် ဖြစ်နေမလားဟု တွေးမိသွားခဲ့လေသည်။ ဤအမျိုးသမီးသည် မြွေတစ်ကောင်ဖြစ်နေလိမ့်မည်ဟု ခံစားနေရသည့်တိုင် ရန်ကိုင်မှာတော့ ဤအမျိုးသမီးဆီမှ ထွက်ပေါ်နေသည့် ကြောက်စရာကောင်းလှသော ခံစားချက်မျိုးကို ကြောက်ရွံ့နေခြင်းမရှိဘဲ သူ့စိတ်ထဲ သူမ၏ ညှို့ဓာတ်ကို မိသွားသည့်အလား သူမဆီသို့ ခုန်အုပ်ချင်စိတ်များသာ ဖြစ်ပေါ်နေရသည်။

ထိုအချက်ကို သတိပြုမိလိုက်သည့်နောက် ရန်ကိုင်က မေးလိုက်လေ၏။ "ချီလျန်လား”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၉၂)

ဘာသာပြန်သူ_တိမ်တိုက်

ချီလျန်သည် သူမ၏ နီစွေးစွေးနှုတ်ခမ်းလေးများကို သပ်လိုက်ရင်းမှ ရန်ကိုင်အား စိုက်ကြည့်၍... "ဆရာ၊ ဆရာက တကယ်ကိုမှတ်ဉာဏ်ကောင်းတာပဲနော်၊ ကျွန်မနာမည်ကိုပါ မှတ်မိနေလိမ့်မယ်လို့ တကယ်ကိုထင်မထားဘူး"

"ဟဲဟဲဟဲ" ရန်ကိုင်မှာ အမျိုးသမီးမွန်းစတားဘုရင်သုံးပါးကို လှည့်ကြည့်လိုက်ရင်းမှ ခြောက်ကပ်ကပ် ရယ်မောလိုက်လေသည်။

ထိုသုံးဦးစလုံးသည် မပေါ်တပေါ် အဝတ်အစားများကို ဝတ်ဆင်ထားကြသည့် စွဲမက်ဖွယ်ကောင်းသော အမျိုးသမီးများ ဖြစ်ကြသည်။ ဖြူလွလွအသားအရေ၊ မို့မောက်နေသည့် ရင်အစုံနှင့် သွယ်လျသော ခြေတံရှည်လေးများကို အထင်းသားမြင်နေရလေသည်။ သုံးဦးစလုံး ရန်ကိုင်အား ကြည့်နေသည့်ပုံစံမှာ ရန်ကိုင်အား စားပစ်ချင်နေသည့်ပုံစံမျိုးပင် ပေါက်နေလေသည်။

ရန်ကိုင်မှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရလေသည်။ ထို့နောက်တွင် ပွဲကြီးပွဲကောင်းကို ပြုံးကာ ရပ်ကြည့်နေသည့် လွမ်ဖုန်းဘက်သို့ လှည့်၍ မေးလိုက်လေ၏။ "အမျိုးသမီးဖုန်း၊ ကျုပ်ခင်ဗျားနဲ့ စကားပြောလို့ရလား"

လွမ်ဖုန်းသည် ရန်ကိုင်အား စောင့်ကြည့်ရင်းမှ ပြန်၍မေးလိုက်လေသည်။ "ဘာကိစ္စလဲ"

ရန်ကိုင်က ကြိတ်မနိုင်ခဲမရလေသံဖြင့်... "အမျိုးသမီးဖုန်း၊ ခင်ဗျားကျုပ်ကို လာနောက်နေတာလား"

လွမ်ဖုန်းက ပြုံး၍... "ငါနင့်ကို ဘာနောက်လို့လဲ"

ရန်ကိုင်သည် မွန်းစတားဘုရင်သုံးပါးကို ကြည့်ရင်းမှ... "ကျုပ်ခင်ဗျားကို မွန်းစတားဘုရင်သုံးပါး ငှားပေးဖို့ပြောတာလေ၊ ဒါပေမဲ့ အဲဒီသုံးယောက်ကိုမှ ဘာဖြစ်လို့ပို့ပေးတာလဲ"

လွမ်ဖုန်းကမူ မသိချင်ယောင်ဆောင်လျက်... "သူတို့နဲ့ မကျေနပ်လို့လား၊ သူတို့တွေက မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးထဲမှာတောင် တော်တော်လေး အားကောင်းတဲ့အထဲပါတယ်နော်၊ ဒီအတိုင်းပဲ ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင်တော့ ရှီလဲ့လောက် အားမကောင်းဘူးဆိုပေမဲ့ နင်ရှီလဲ့ကို သွားမေးကြည့်လိုက်၊ သူတို့နဲ့ရင်ဆိုင်မယ်ဆိုရင် ဘယ်သူနိုင်မလဲဆိုပြီးတော့"

"သူတို့အားကောင်းမှန်းတော့ သိပါတယ်၊ ဒါပေမဲ့ ဒါက သိပ်မသင့်တော်ဘူးလားလို့"

လွမ်ဖုန်း၏ အမူအရာ အေးစက်သွားခဲ့လေသည်။ "နင်ဘာပြောချင်နေတာလဲ၊ ငါတောင် သူတို့သုံးယောက်ကို နင့်အတွက်ခေါ်ပေးဖို့ တော်တော်လေး ကြိုးစားထားတာ၊ နင်က အခု သူတို့ကို မလိုချင်တော့ဘူး ဟုတ်လား၊ အဲဒါဆိုရင် နင်ကိုယ်တိုင်သူတို့ကို သွားပြောလိုက်၊ ငါ့ကိုလာမပြောခိုင်းနဲ့"

ထိုသို့သာပြောနေပါသော်ငြား သူမ စိတ်ထဲတွင်တော့ ကြိတ်၍ ဝမ်းသာနေမိလေသည်။ [ငါတို့ကို အားနေဖိနှိပ်ချင်နေတာကိုး၊ ငါနင့်ကို ဘာမှမလုပ်နိုင်ဘူးများ မှတ်နေတာလား]

"ကျေးဇူးပြုပြီးတော့ပါ" ရန်ကိုင်သည် လက်နှစ်ဖက်ကို ဆုပ်ရင်းမှ... "ခင်ဗျား ကြင်နာတတ်တဲ့အမျိုးသမီးမှန်း ကျုပ်သိပါတယ်၊ ကျေးဇူးပြုပြီး သူတို့သုံးယောက်ကို သာမန်မွန်းစတားဘုရင်တွေနဲ့ပဲ အစားထိုးပေးပါနော်၊ သူတို့သုံးယောက်က အရမ်း အရမ်းကိုကောင်းလွန်းနေလို့ပါ" ရန်ကိုင် ကိုယ်တိုင်သည်ပင်လျှင် ထိုအမျိုးသမီးသုံးဦး၏ ညှို့ဓာတ်ကို ခုခံဖို့ရာ ခက်ခဲနေလေရာ တခြားသူများဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။ ရန်ကိုင်သည်သာ ထိုသုံးဦးကို အထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်ခေါ်သွားလျှင် အထက်ကောင်းကင်နန်းတော်တစ်ခုလုံး ပြဿနာတက်ကုန်ပေလိမ့်မည်။ အမျိုးသားတပည့်များမှာ ကောင်းကောင်း ကျင့်ကြံနိုင်ကြတော့လိမ့်မည် မဟုတ်။

လွမ်ဖုန်းသည် ရန်ကိုင်အား စူးရဲစွာစိုက်ကြည့်လျက်... "နင်တောင်းဆိုတဲ့အတိုင်း ငါနင့်ကို မွန်းစတားဘုရင်သုံးပါး ပေးပြီးသွားပြီလေ၊ နင်က အခုအဲဒီမွန်းစတားဘုရင်သုံးပါးကို အခြားသုံးပါးနဲ့ လဲချင်တယ်ပေါ့ ဟုတ်လား၊ နင့်လုပ်ရပ်က နည်းနည်းလွန်လွန်းနေတယ်လို့ မထင်ဘူးလား"

တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် ရန်ကိုင်က ရေရွတ်လျက်... "အင်း နည်းနည်းလောက်ပါပဲ"

"မလိုချင်ဘူးဆိုရင် ထွက်သွားလိုက်ပေတော့" လွမ်ဖုန်းက နှာခေါင်းရှုံ့၍ ပြန်ပြောလိုက်လေသည်။

ရန်ကိုင်မှာ တစ်ခုခုပြောရန် လုပ်လိုက်ပါသော်ငြား နောက်ဆုံးတွင်တော့ ဘာမျှမပြောနိုင်ခဲ့ပေ။ သူ့အား ဆာလောင်နေသည့် အကြည့်ဖြင့် စိုက်ကြည့်နေသော မွန်းစတားဘုရင်သုံးပါးကို ကြည့်ရင်းမှ ရန်ကိုင်က သက်ပြင်းချလျက်... "ထားလိုက်တော့၊ ကျုပ်သူတို့ကိုပဲ ခေါ်သွားလိုက်တော့မယ်"

လွမ်ဖုန်းက ပြန်ပြောလိုက်သည်။ "မသိရင် နင့်ဘက်ကပဲ နစ်နာသွားရသလိုလို ဘာလိုလိုနဲ့"

တစ်ချက်မျှ ရပ်ပြီးသည့်နောက် လွမ်ဖုန်းက ပြန်ပြောလိုက်သည်။ "နင်တောင်းဆိုတာကို ငါဖြည့်ဆည်းပြီးသွားပြီ၊ အခု နင်ဒီနေရာကနေ သူတို့ကိုခေါ်ပြီး ထွက်သွားလိုက်ပေတော့၊ အရမ်းအရေးကြီးတဲ့ကိစ္စ မရှိသရွေ့ ဒီကို လုံးဝပြန်မလာတော့နဲ့၊ ကောင်းကင်အမိန့်တော်ရဲ့မျိုးဆက် သွေးတံခါးထဲကနေ ထွက်လာရင် ငါတစ်ယောက်ယောက်ကို လွှတ်ပြီးတော့ နင့်ကို လှမ်းအကြောင်းကြားခိုင်းလိုက်မယ်"

လွမ်ဖုန်းမှာ ရန်ကိုင်အား ဤနေရာတွင် တစ်ချက်ကလေးမှပင် မမြင်ချင်တော့သည့်အလား ရန်ကိုင်အား တောက်လျှောက်ကို မောင်းထုတ်နေလေသည်။

ရန်ကိုင်လည်း လက်သီးဆုပ်၍ ပြန်ပြောလိုက်သည်။ "ကျုပ်မိန်းမကို ဂရုစိုက်ထားပေးဦးနော်" ရှန်ချင်းလော့ ကြိုးကြိုးစားစား ကျင့်ကြံနေမှန်း သိနေသည့်အလျောက် ရန်ကိုင်မှာ ရှန်ချင်းလော့အား သွားရှာမနေခဲ့ပေ။ ယခုကဲ့သို့သော အချိန်မျိုးတွင် သူမအား သွားနှောင့်ယှက်ခြင်းသည် ရှန်ချင်းလော့အတွက် မကောင်းလှပေ။

"စိတ်မပူနဲ့ ဘယ်သူမှ သူ့ကို မထိခိုက်စေရဘူးလို့ ငါအာမခံတယ်" လွမ်ဖုန်းက စိတ်မရှည်ဟန်ဖြင့် သူမ လက်ကို ဝှေ့ယမ်းလိုက်သည်။

လွမ်ဖုန်းကို နှုတ်ဆက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် မွန်းစတားဘုရင်သုံးပါးနှင့်အတူ ကျောက်တုံးဝိညာဉ်ကလန်သားများ နေထိုင်သည့် နေရာဆီသို့ ပျံသန်းလာခဲ့လေသည်။ ထိုအခါမှသာလျှင် ထိုကဲ့သို့သော အမျိုးသမီးသုံးဦး သူ့ဘေးနားတွင် ရှိနေသည်မှာ အလွန်ကိုမှ နေရထိုင်ရ အဆင်မပြေလှကြောင်းကို ရန်ကိုင် သဘောပေါက်သွားခဲ့သည်။ ဤမွန်းစတားဘုရင်သုံးပါးမှာ အလွန်ကိုမှ ပွင့်လင်းကာ တည့်တိုးဆန်လှသည်။ သူမတို့ ပါးစပ်မှ ထွက်လာသည့် စကားလုံးတိုင်းနှင့် သူမတို့၏ လုပ်ရပ်တိုင်းမှာ ရန်ကိုင်အား ဖြားယောင်းသွေးဆောင်ချင်သလိုပင်။ အထူးသဖြင့် အမြီးကိုးချောင်းကောင်းကင်မြေခွေး၏ သွေးမျိုးဆက်ကို ဆက်ခံထားသော ဟူဖေး၏ လှုပ်ရှားမှုတိုင်းနှင့် အပြုံးတိုင်းသည် ယောက်ျားတိုင်းအတွက်မူ သေစေလောက်သည့် အဆိပ်မြှားများပင် ဖြစ်လေသည်။

တုမီအာနှင့် ချီလျန်တို့မှာလည်း ရင်ဆိုင်ရ မလွယ်ကူလှပေ။ တစ်ဦးမှာ သိမ်မွေ့ဖော်ရွေလှပြီး အခြားတစ်ဦးမှာတော့ အေးစက်စက် အမူအရာဖြင့် ရှိနေသည်။ ထိုကဲ့သို့သော မတူကွဲပြားသည့် စိတ်နေစရိုက်အမျိုးမျိုးကို ပိုင်ဆိုင်ထားကြသည့် အမျိုးသမီးသုံးဦး ဘေးနားတွင် ခြံရံလျက် ရှိနေသည့်အခါတွင် ရန်ကိုင်မှာ အသက်ရှူရပင် မွန်းကျပ်လာခဲ့သည်။ သူ့မိန်းမများအပေါ် သစ္စာရှိနေသေးသည့်အတွက်ကြောင့်သာ မဟုတ်ပါက နေရာတစ်ခုခုရှာ၍ ထိုအမျိုးသမီးသုံးဦးနှင့် တစ်ခါတည်း ပျော်ပါးပစ်မိလောက်ပေပြီ။

ကျောက်တုံးဝိညာဉ်ကလန်သားများ နေထိုင်သည့် နေရာသို့ ရောက်လာသည့်အခါတွင်တော့ ကျောက်တုံးဝိညာဉ်များသည် အမျိုးသမီးသုံးဦးအား မျက်လုံးအပြူးသားဖြင့် ကြည့်နေကြပြီးသည့်နောက် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာကြလေသည်။ ထို့နောက် ရန်ကိုင်အား ယောက်ျားသားများသာလျှင် နားလည်နိုင်မည့် အကြည့်မျိုးဖြင့် ကြည့်လိုက်ကြသည်။

ထိုလူများ၏ ပုံစံကို ကြည့်ရင်း ရန်ကိုင်မှာ ရှက်လာမိလေသည်။ ဤသည်မှာ သူမျှော်လင့်ထားသည့် ရလဒ်မျိုး မဟုတ်ပေ။ ရန်ကိုင် ရှေးဟောင်းတောအုပ်ကြီးဆီသို့ ရောက်လာရခြင်းမှာ ရှေးဟောင်းကျောင်းတော်ကို စောင့်ကြည့်ပေးနိုင်ရန်အတွက် မွန်းစတားဘုရင်သုံးပါးကို ငှားရမ်းလိုသည့်အတွက်ကြောင့်သာလျှင် ဖြစ်ပေသည်။ ယခုကဲ့သို့ ဤစုန်းမသုံးဦးကို သူနှင့်အတူ ပြန်ခေါ်လာရလိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။

သေချာစဉ်းစားကြည့်လိုက်ပြီးသည့်နောက် ဤသည်မှာ လွမ်ဖုန်း၏ အကြံအစည် ဖြစ်ရမည်မှန်း သဘောပေါက်သွားခဲ့သည်။ လွမ်ဖုန်းမှာ ဤအမျိုးသမီးသုံးဦးကို သူနှင့်အတူ ထည့်ပေးလျက် သူ့အနားသို့ ရောက်သည့်အခါတွင် သူနှင့်အတူ အိပ်နိုင်ရန်အတွက် ရသမျှနည်းလမ်းကို အသုံးပြုရမည်ဟု ဤအမျိုးသမီးသုံးဦးကိုပါ တစ်ခါတည်း အမိန့်ပေးခဲ့သည့်ပုံပင်။

ရန်ကိုင်မှာ ရှေးဟောင်းကျောင်းတော်သို့ ပြန်လာပြီးသည့်အခါတွင်ပင် ရှက်ရွံ့နေရပေသေးသည်။ ဟွာချင်းစီ၏ မှင်တက်နေသည့် အကြည့်အောက်တွင် ရန်ကိုင်သည် ထိုမွန်းစတားဘုရင်များကို သူမအား မိတ်ဆက်ပေးပြီးသည့်နောက် ထိုမွန်းစတားဘုရင်များကို အခြေချရန် နေစရာပြင်ဆင်ပေးရန်အတွက် ပြောခဲ့လေသည်။

ထွက်မသွားခင် ရန်ကိုင်သည် ထိုအမျိုးသမီးသုံးဦးကို ကြည့်လျက် ပြောလိုက်လေသည်။ "ကျုပ်သွားပြီဆိုတာနဲ့ ခင်ဗျားတို့ မန်နေဂျာဟွာရဲ့ အမိန့်ကို နာခံရမှာနော်၊ ဒီလူသားလောကက ခင်ဗျားတို့ ရှေးဟောင်းတောအုပ်ကြီးနဲ့ တူတာမဟုတ်ဘူး၊ ဒီတော့ ဒီမှာ ဟိုမှာကလို လွတ်လွတ်လပ်လပ်နဲ့ နေလို့ရတော့မှာ မဟုတ်ဘူး၊ ခင်ဗျားတို့ ကျုပ်ပိုင်နက်ဆီကို ရောက်လာပြီဆိုမှတော့ ဒီက စည်းမျဉ်းစည်းကမ်းတွေကို နာခံရလိမ့်မယ်၊ အမှားလုပ်မယ်ဆိုရင် ခင်ဗျားတို့လည်း အပြစ်ပေးခံရမဲ့ဘေးကနေ လွတ်မှာမဟုတ်ဘူး"

ဟူဖေးက သိမ်မွေ့စွာပြုံးလျက်... "ဆရာ ဘာကိုပြောနေတာလဲ၊ ကျွန်မတို့က တကယ်ကို နာနာခံခံပဲရှိမှာပါ ဆရာရဲ့"

ပြောနေရင်းမှ ညှို့ဓာတ်အရှိန်အဝါကို ထုတ်ဖော်လိုက်လေသည်။ အခြားယောက်ျားတစ်ဦးသာဆိုလျှင်တော့ သူမ၏ ညှို့ယူခြင်း ခံရပြီး သူမအပေါ် မည်သည့် ကြမ်းကြမ်းတမ်းတမ်းစကားမျှ ပြောနိုင်လိမ့်မည် မဟုတ်ပေ။

သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာ တစ်ချိန်လုံး သတိထားနေခဲ့ခြင်း ဖြစ်ပေသည်။ ဤနေရာတွင် သူ၏ ရှိသင့်ရှိထိုက်သည့် အာဏာကို ပြရန်ဆုံးဖြတ်ထားပြီး ဖြစ်သည့်အတွက်ကြောင့် ဟူဖေးမှ လှုပ်ရှားလာလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ ဘယ်ဘက်မျက်လုံးမှာ ရွှေရောင်တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး သူ၏ စိတ်စွမ်းအင်လှိုင်းများသည် ဟူဖေးဆီသို့ တိုးဝင်သွားကာ သူမ၏ ညှို့ဓာတ်အရှိန်အဝါကို ပယ်ဖျက်ပစ်လိုက်လေသည်။

ဟူဖေး၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီး တစ်ချက်ညည်းလိုက်ပြီးသည့်နောက် သူမ၏ မျက်နှာ ဖြူ‌ရော်သွားခဲ့လေသည်။ တုမီအာနှင့် ချီလျန်တို့မှာလည်း အလျင်အမြန် အကြည့်လွှဲဖယ်လိုက်ကြသည်။ တစ်ချိန်တည်း၌ သူတို့၏ အရည်ရွှန်းလဲ့နေသော မျက်လုံးများထဲ အံ့အားသင့်ရိပ်တို့ ထွက်ပေါ်လာကြလေသည်။

တစ်ချိန်တည်းတွင် ရန်ကိုင်သည် ရွှေနဂါးအမြုတေစွမ်းအားကို လှည့်ပတ်၍ ထိုသုံးဦးအား နဂါးဖိအားဖြင့် လွှမ်းခြုံလိုက်သည်။ ထို့နောက်တွင် သူ့လက်ကို ဆန့်ထုတ်၍ ဟူဖေး၏ မျက်နှာလေးကို သွားထိလေသည်။ ဟူဖေးမှာ ရန်ကိုင်အား မယုံကြည်နိုင်ဟန် အထင်းသားဖြင့် မျက်လုံးပြူးကာ ကြည့်နေခဲ့လေသည်။ လက်ရှိ သူမ အရှေ့တွင် ရပ်နေသည့်လူမှာ လူသားတစ်ဦး မဟုတ်တော့ဘဲ ဧရာမနဂါးကြီးတစ်ကောင် ဖြစ်နေသည့်အလား။ သူမဆီသို့ တိုးဝင်လာနေသည့် လက်မှာလည်း လူသားလက် မဟုတ်တော့ဘဲ နဂါးလက်သည်းအသွင်သို့ ပြောင်းလဲသွားသည့်အလား။

ဟူဖေး၏ မျက်နှာ ပိုပို၍ဖြူရော်လာခဲ့ပြီး သူမ တစ်ကိုယ်လုံးမှာလည်း တဆတ်ဆတ် တုန်ယင်လာတော့လေသည်။

ရန်ကိုင်၏ အရှိန်အဝါ ပြောင်းလဲသွားသည်ကို အာရုံခံမိလိုက်သည့်နောက် တုမီအာနှင့် ချီလျန်တို့မှာလည်း အားကောင်းသည့် ရန်သူတစ်ဦးကို ရင်ဆိုင်နေရသည့်ပမာ ကြောက်ရွံ့သွားကုန်ကြလေသည်။

ထိုအခိုက်အတန့်လေးမှာ တစ်ခဏမျှသာ ဖြစ်ကြပါသော်ငြား မွန်းစတားဘုရင်သုံးပါးအတွက်မူ ထိုအရှိန်အဝါ မပျောက်ကွယ်သွားခင်အထိ အလွန်တရာကိုမှ ကြာညောင်းသလို ခံစားခဲ့ကြရလေသည်။ ရန်ကိုင်က ပြုံးဖြီး၍ ဟူဖေး၏ ပါးလေးကို ဆွဲဖျစ်လိုက်ပြီးနောက် ရယ်မောရင်းမှ ပြောလိုက်သည်။ "လိမ်လိမ်မာမာနဲ့ အေးအေးဆေးဆေးနေပြီး ဒီနေရာကို ကာကွယ်ပေးနော်၊ အလုပ်ကောင်းကောင်းလုပ်၊ နောက်ပိုင်းကျရင် ကျုပ်ခင်ဗျားတို့ကို ကောင်းကောင်းဆုပေးမယ်"

မှင်တက်နေကြသည့် မွန်းစတားဘုရင်သုံးပါးစလုံး နာခံစွာခေါင်းညိတ်လိုက်ကြသည်။

ရန်ကိုင်သည် သူ့လက်ချောင်းများကို အနံ့ရှူလိုက်ရင်းမှ ဟူဖေးအား မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီးသည့်နောက် သည်းလှိုက်အူလှိုက် အော်ရယ်မောရင်း ထွက်သွားလေသည်။

ရန်ကိုင် ထွက်သွားသည့်အခါမှသာ ဟူဖေးနှင့် ကျန်နှစ်ဦး သက်ပြင်းချလိုက်ကြတော့သည်။ တစ်ယောက်ချင်းစီ၏ မျက်လုံးထဲ ထိတ်လန့်တုန်လှုပ်မှုတို့ကို အထင်းသား မြင်တွေ့နေရသည်။ အစောပိုင်းက ရန်ကိုင် အနောက်သို့ လိုက်လာစဉ် ရန်ကိုင်မှာ အတော်လေးကိုမှ ဖော်ဖော်ရွေရွေရှိခဲ့လေသည်။ ထိုအတွက်ကြောင့် သူတို့မှာလည်း ယခင်ကထက် ပို၍ ရဲတင်းလာခဲ့သည်။ သို့သော်ငြား ယခုအခိုက်အတန့်မှသာလျှင် ရန်ကိုင်သည် ကြောက်မက်ဖွယ်ရာကောင်းသည့် မွန်းစတားတစ်ကောင်ဖြစ်ကြောင်းကို နားလည်သွားတော့သည်။ သူတို့သည်သာ ရန်ကိုင်အား ဒေါသထွက်အောင်သွားလုပ်ပါက ရန်ကိုင် သူတို့အပေါ် အလျှော့ပေးလိမ့်မည် မဟုတ်ပေ။ အစောပိုင်းက သူတို့ ခံစားခဲ့ရသော ဖိအားအောက်ဝယ် အသက်ကိုပင် ကောင်းကောင်းမရှူနိုင်ခဲ့ကြ။ ထိုကဲ့သို့သော ခံစားချက်မျိုးကို နတ်အရှင်များဆီကပင်လျှင် မခံစားခဲ့ရဖူးပေ။

အကုန်လုံးဖြစ်ပျက်သွားသည်ကို တည်တည်ငြိမ်ငြိမ်နှင့် ရပ်ကြည့်နေပြီးသည့်နောက်တွင် ဟွာချင်းစီသည် အချိန်ကောင်းကို ယူ၍ မေးလိုက်လေသည်။ "ကျွန်မကတော့ ဒီအထက်ကောင်းကင်နန်းတော်ရဲ့ မန်နေဂျာမှူးဟွာချင်းစီပဲ၊ ရှင်တို့ရဲ့နာမည်တွေကို သိလို့ရမလား"

ဟွာချင်းစီ၏ အမေးကို ကြားသည့်အခါမှသာလျှင် ဟူဖေးနှင့် ကျန်နှစ်ဦး အသိပြန်ဝင်လာခဲ့ကြသည်။ တုမီအာက အရင်ဆုံး စဖြေလိုက်လေသည်။ ဟွာချင်းစီ၏ ကျင့်ကြံခြင်းမှာ နိမ့်ကျသည့်အတွက်ကြောင့် ဟွာချင်းစီအား သွား၍ အထင်မသေးရဲခဲ့ပေ။ ရန်ကိုင်သည် ဤအမျိုးသမီး ပြောသည့်အတိုင်းလုပ်ရန် ပြောသွားခဲ့သည် မဟုတ်ပေလော။

ဟွာချင်းစီသည် ထိုလူများ၏ နာမည်ကို သေချာမှတ်သားထားလိုက်လေသည်။ သူတို့ ယခုကဲ့သို့ ဖြစ်နေရခြင်းမှာ ရန်ကိုင်မှ သူတို့ စိတ်ထဲ ကြောက်စိတ်သွင်းပေးခဲ့သည့်အတွက်ကြောင့်မှန်းလည်း သိနေခဲ့သည်။ ထိုသို့သာမဟုတ်ပါက သူမဘာသာသူမ ဤအမျိုးသမီးသုံးဦးအား ကိုင်တွယ်ရမည်ဆိုလျှင် အတော်လေးကိုမှ ပြဿနာများရပေလိမ့်မည်။

အထက်ကောင်းကင်နန်းတော်ထဲတွင် မွန်းစတားဘုရင်များကို ယှဉ်ပြိုင်နိုင်သူဆို၍ ရှီလဲ့နှင့် ရှဲ့ဝူဝေတို့သာ ရှိကြသည်။ သို့သော်ငြား သူတို့ သုံးဦးမှာလည်း ရှေးဟောင်းတောအုပ်ကြီးထဲမှ မွန်းစတားဘုရင်များသာ ဖြစ်ကြသည့်အတွက်ကြောင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးနေကြလေရာ ဟွာချင်းစီအနေဖြင့် ထိုသုံးဦးကို သုံး၍ ဤမွန်းစတားဘုရင်သုံးပါးကို သွားခြိမ်းခြောက်လို့ရလိမ့်မည် မဟုတ်ပေ။

ယခု ရန်ကိုင်မှ သင်ခန်းစာပေးလိုက်ပြီဖြစ်လေရာ ဟွာချင်းစီအဖို့ ထိုအမျိုးသမီးသုံးဦးကို ကိုင်တွယ်ဖို့ရာ ပိုမိုလွယ်ကူသွားလေပြီ။ နောက်ပိုင်း ဤအမျိုးသမီးသုံးဦး သူမ၏ အမိန့်များကို မနာခံလျှင် လျို့ယန်ကို ပြော၍ ကိုင်တွယ်ခိုင်းရမည်ဟု ဆုံးဖြတ်ထားခဲ့သေးသည်။ လျို့ယန်သည် အထက်ကောင်းကင်နန်းတော်ထဲ ရန်ကိုင်ပြီးလျှင် ဒုတိယဖြစ်ပေသည်။ မွန်းစတားဘုရင်သုံးပါးသည်ပင်လျှင် သူမ၏ ပြိုင်ဘက်များ မဟုတ်ကြပေ။

ယခု သူတို့၏ အင်အားစုထဲ မွန်းစတားဘုရင်သုံးပါး ထပ်မံရောက်ရှိလာသည့်အတွက်ကြောင့် ဤနေရာကို ကာကွယ်ဖို့ရာ လူအလုံအလောက် ရှိသွားခဲ့လေပြီ။ နာမန်တာ့ကျွင်းမှ ဂိုဏ်းကာကွယ်ရေးအစီအရင်အသစ်အား ခင်းကျင်းသွားပြီးသည်နှင့် တစ်ပြိုင်နက် အထက်ကောင်းကင်နန်းတော်မှ တပည့်များကို ဤနေရာသို့ စတင်ရွှေ့ပြောင်း၍ ရလေပြီ။

ရန်ကိုင်သည် ရှေးဟောင်းကျောင်းတော်မှ ထွက်လာပြီးသည့်နောက်တွင် ရှေးဟောင်းတောအုပ်ကြီးဆီသို့ ပြန်သွားခဲ့လေသည်။

ကျောက်တုံးဝိညာဉ်ကလန်သားများ နေသည့်‌နေရာမှ ထွက်လာပြီးသည့်နောက် သွေးတံခါးရှိနေသည့် နေရာဆီသို့ ထွက်သွားလေ၏။ ဤနေရာသည် သူနှင့် အတော်လေးကိုမှ ရင်းနှီးနေလေသည်။ တကယ်တော့ သူကိုယ်တိုင်သည် ဤနေရာတွင် ရှီ‌ဟွော့နှင့် သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲခဲ့သည့် နေရာပင် မဟုတ်လေလော။ ရှီဟွော့ကြောင့် ရန်ကိုင်မှာ အလူးအလဲကို ရိုက်နှက်ခံခဲ့ရလေရာ ကျန်းလျို့ရှီ၏ သွေးမျိုးဆက် နိုးထလာသည့်အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်လည်း အမှန်တကယ်ကို သေသွားရနိုင်ပေသည်။

ထို့နောက်တွင် ကျန်းလျို့ရှီသည် ရှောင်ရှောင်နှင့်အတူ သွေးတံခါးထဲသို့ ဝင်သွားခဲ့ပြီး ပျောက်ကွယ်သွားခဲ့ကြသည်။ ထိုအချိန်မှစ၍ သူတို့နှင့် ပတ်သက်သည့် မည်သည့်သတင်းကိုမျှ မကြားရသေးပေ။

သွေးတံခါးအနီးအနားတွင် မွန်းစတားဗိုလ်ချုပ်မှူးအချို့ကို တစ်နှစ်ပတ်လုံး ကင်းချထားခဲ့သည်။ ရန်ကိုင် ထိုနေရာသို့ ရောက်လာပြီးသည့်နောက် မွန်းစတားဗိုလ်ချုပ်မှူးများမှာ ရန်ကိုင်အား လာရောက်မေးမြန်းစုံစမ်းကြလေသည်။ ရန်ကိုင်မှ သူ့နာမည်ကို ပြောလိုက်ပြီးသည့်နောက် မွန်းစတားဘုရင်အားလုံး ငြိမ်ငြိမ်လေး ငြိမ်ကုပ်သွားကုန်ကြလေ၏။

ရန်ကိုင်သည် ထိုနေရာကို အတန်ကြာအောင် လိုက်လံစစ်ဆေးကြည့်နေခဲ့ပါသော်ငြား သွေးတံခါး၏ အရှိန်အဝါကို လုံးဝ အာရုံခံမရခဲ့ပေ။ ရွေးစရာမရှိတော့သည့်အဆုံး၌ ရန်ကိုင်လည်း ထိုကိစ္စကို ယာယီဘေးချထားရုံသာ တတ်နိုင်တော့လေ၏။

သွေးတံခါးသည် ကောင်းကင်အမိန့်တော်မှ ဖန်တီးခဲ့သော သီးခြားကမ္ဘာတစ်ခုနှင့် ဆက်သွယ်ထားပေသည်။ ထိုသီးခြားကမ္ဘာထဲ ရှေးဟောင်းနတ်သားရဲများ၏ အမြုတေများကို သိမ်းဆည်းထားသော အထက်ကောင်းကင်အမိန့်တော်နန်းတော်လည်း ရှိနေပေသည်။ နတ်သားရဲများမှာ ယခုခေတ်တွင် အတော်လေးကိုမှ ရှားပါးလှပါသော်ငြား ယခင်ခေတ်တွင်မူ အလွန်ကိုမှ များပြားခဲ့ပေသည်။ ထိုနတ်သားရဲများမှာ မွေးရာပါ အားကောင်းကြပြီး ဤလောကကြီးတစ်ခုလုံးကို ဂယက်ရိုက်စေခဲ့သည်။

ရှေးမှတ်တမ်းများအရ ကောင်းကင်အမိန့်တော်မှာ ရုတ်တရက် မွေးဖွားလာခဲ့ပြီးသည့်နောက် တိုက်ပွဲကြီးတစ်ပွဲကို ဆင်နွှဲခဲ့သည်။ ကောင်းကင်အမိန့်တော်ဓားကို လက်ထဲတွင် ကိုင်စွဲရင်းမှ ကောင်းကင်အမိန့်တော်သည် နဂါးများ ဖီးနစ်များအပါအဝင် မရေမတွက်နိုင်သော နတ်သားရဲများကို ရှင်းလင်းသုတ်သင်ခဲ့သည်။

ကောင်းကင်အမိန့်တော် တည်ရှိနေစဉ်ကာလအတွင်း မည်သည့်နတ်သားရဲမျှ လူရှေ့သူရှေ့ ထွက်ပေါ်မလာရဲကြပေ။ ထိုအချိန်မှစ၍ လူသားများမှာ အေးအေးဆေးဆေးနှင့် တိုးတက်လာနိုင်ကြလေသည်။

နတ်သားရဲများမှာမူ ကောင်းကင်အမိန့်တော်၏ သတ်ဖြတ်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် ၎င်းတို့၏ အမြုတေများ ထုတ်ယူခံရကာ ကောင်းကင်အမိန့်တော်နန်းတော်ထဲ၌ ချိတ်ပိတ်ခြင်း ခံခဲ့ရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် နတ်သားရဲအရေအတွက် နည်းပါးလာခဲ့ရခြင်း ဖြစ်လေသည်။ ယနေ့ခေတ်တွင် နတ်သားရဲများကို တွေ့ဖို့ရာမှာ မလွယ်ကူတော့ပေ။ မျိုးနွယ်စုဝင်များစွာသည် ၎င်းတို့၏ ဘိုးဘေးသွေးမျိုးဆက်များကို ဆက်ခံနိုင်ခဲ့ကြပါသော်ငြား ဘိုးဘေးများ၏ အမြုတေကို မရရှိဘဲနှင့် ဘိုးဘေးများ၏ ဂုဏ်ရောင်ကို တစ်ဖန်ပြန်လည် ဆောင်ကြဉ်းဖို့ရာ မလွယ်ကူလှပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၉၃)

ဘာသာပြန်သူ_တိမ်တိုက်

အတော်ကြာသွားသည့်အခါမှသာလျှင် ရန်ကိုင် ရှေးဟောင်းတောအုပ်ကြီးထဲမှ ထွက်လာခဲ့သည်။

ရှေးဟောင်းတောအုပ်ကြီး၏အပြင်ဘက်တွင် အခြားသောမြို့များကဲ့သို့ ကောင်းမွန်ခြင်းမရှိလှသည့် မြို့တစ်မြို့ရှိပေသည်။ ရှေးဟောင်းတောအုပ်ကြီးမှာ အလွန်ကိုမှ အန္တရာယ်များ၏။ သို့သော်ငြား ပေါကြွယ်ဝလှသော သဘာဝရတနာများနှင့် ၎င်း၏ ထူးခြားသောပတ်ဝန်းကျင်ကြောင့် ကျင့်ကြံသူပေါင်းများစွာသည် ဤနေရာသို့ လာရောက်ကြလေသည်။ အချိန်ကြာလာသည့်နောက် ရှေးဟောင်းတောအုပ်ကြီးထဲသို့ လာရောက်ကြသည့် ကျင့်ကြံသူများ အနားယူကြရင်းမှ ဤနေရာ၌ မြို့တစ်မြို့ ဖြစ်ပေါ်လာခဲ့ရလေသည်။

ရန်ကိုင်သည်လည်း ဤနေရာဆီသို့ ရောက်ခဲ့ဖူးလေသည်။ ထိုစဉ်က သူ့အား ရှေးဟောင်းတောအုပ်ကြီးဆီသို့ ခေါ်သွားပေးမည့် လမ်းပြတစ်ဦးကို လာရှာခြင်းဖြစ်လေသည်။ နောက်ဆုံးတွင် လူအိုကြီးပန်ကို ရှာတွေ့ခဲ့ပြီး လူအိုကြီးပန်၏အကူအညီနှင့်အတူ ရှေးဟောင်းတောအုပ်ကြီးထဲသို့ လုံလုံခြုံခြုံ ဝင်ရောက်နိုင်ခဲ့သည်။ လူအိုကြီးပန်ကြောင့်ပင်လျှင် ရန်ကိုင်မှ ရှုယဉ်သာမဟာဧကရာဇ်၏သမီး ယောင်လင်းနှင့် ပြဿနာတက်ခဲ့ရလေသည်။ ယောင်လင်းမှာ ဆိုးရွားသည့်လူတစ်ဦး မဟုတ်ပါသော်ငြား ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရသည့်အတွက်ကြောင့် အတော်လေးကိုမှ မောက်မာဝံ့ကြွားလှပေသည်။ ထိပ်တန်းပညာရှင်များ၏ ကာကွယ်မှုနှင့်အတူ ရှေးဟောင်းတောအုပ်ကြီးဆီသို့ သွားရန်အတွက် လူအိုကြီးပန်ကို မရမက စေခိုင်းခဲ့သည်။ သို့သော်ငြား ရန်ကိုင်၏ သင်ခန်းစာပေးခြင်း ခံခဲ့ရလေသည်။ မကျေမနပ်ဖြင့် ယောင်လင်းသည် မရဏဂိုဏ်းမှ ယင်လဲ့ရှန်းနှင့်အတူ ပူးပေါင်းကာ ရှေးဟောင်းတောအုပ်ကြီးထဲသို့ သွားရာလမ်းကြောင်းဝင်ပေါက်တွင် ရန်ကိုင်အား ခြုံခိုတိုက်ခိုက်ခဲ့သည်။ သို့သော်ငြား ရန်ကိုင်မှာ တိုက်ပွဲအခြေအနေကို ပြောင်းလဲပစ်ခဲ့ရာ နောက်ဆုံးတွင် ရှုယဉ်သာမဟာဧကရာဇ်၏ဝိဉာဉ် သက်ဆင်းလာသည့်အခါမှ ရန်ကိုင်လည်း ပြန်ဆုတ်သွားခဲ့၏။

ယခု ဤမြို့ဆီသို့ နောက်တစ်ကြိမ်ထပ်ရောက်လာသော် ရန်ကိုင်မှာ လူအိုကြီးပန်နှင့် ကြုံခဲ့ရသည့် အတွေ့အကြုံများကို ပြန်သတိရသွားခဲ့သည်။

ထိုစဉ်က သူ့အား ရှေးဟောင်းတောအုပ်ကြီးထဲသို့ ခေါ်သွားပေးသည့် လူအိုကြီးပန်ကို ကျေးဇူးတင်၍ လူအိုကြီးပန်၏ ချွတ်ခြုံကျလှသည့် ဘဝကို မြင်သော် လူအိုကြီးပန်နှင့် သူ၏မြေးမလေးအား မြောက်ဘက်နယ်မြေဆီသို့ ခေါ်သွားပေးရန် ဆုံးဖြတ်လိုက်သည်။ လူအိုကြီးပန်၏ မြေးမလေးသည် ရေခဲနှလုံးသားတောင်ကြားဆီသို့ ရောက်သွားချိန် လူအိုကြီးပန်မှာမူ ရေခဲနှလုံးသားတောင်ကြား၏ စီမံကွပ်ကဲမှုအောက်တွင် ရှိနေသော မြို့တစ်မြို့၌ အလုပ်တစ်ခု ရှာနေခဲ့လေပြီ။

ရန်ကိုင် သူတို့အား မတွေ့ရသည်မှာ နှစ်နှင့်ချီနေခဲ့လေပြီ။ သို့သော်ငြား ယခုအချိန်လောက်ဆိုလျှင် လူအိုကြီးပန်၏ မြေးမလေးမှာ အရွယ်ရောက်နေလောက်ပေပြီ။ ရေခဲနှလုံးသားတောင်ကြား၏ ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အလျောက် သူမ၏အနာဂတ်မှာ တောက်ပနေပေလိမ့်မည်။

သို့ပင်ဖြစ်လင့်ကစား ယနေ့တွင် ရန်ကိုင်မှာ ဤမြို့နားမှ ဖြတ်သွားခြင်းသာ ဖြစ်လေသည်။ ယခုတစ်ကြိမ် ရန်ကိုင်၏ပစ်မှတ်မှာ နဂါးကျွန်းဖြစ်၏။ ရှန်းယုကျုပြောသည် ကြားပြီးသည့်နောက်တွင် သူ့ခွန်အားကို အလျင်အမြန် တိုးတက်အောင်လုပ်ဖို့ရာ လိုအပ်နေပြီမှန်း ရန်ကိုင် သဘောပေါက်လိုက်သည်။ မဟာဧကရာဇ်ဆယ်ပါးစလုံးမှာ အသက်ရှင်နေသေးပါသော်ငြား မဟာဧကရာဇ်ရာထူးအတွက် ပြိုင်ဆိုင်ရမည့်နေ့ မည်သည့်အချိန်တွင် ရောက်လာမလဲဆိုသည်ကို မည်သူမျှ မပြောနိုင်ကြပေ။ ထိုအခွင့်အရေး ရောက်ရှိလာခဲ့ပါသော်ငြား ရန်ကိုင်သည်သာ လုံလောက်အောင် အားမကောင်းသေးခဲ့လျှင် မိုးလွန်မှ ထွန်ချ ဖြစ်နေပေလိမ့်မည်။

ထိုအကြောင်းကြောင့် သူ့ခွန်အားကို လျင်မြန်စွာ တိုးတက်အောင် လုပ်လိုပေသည်။ သို့မှသာလျှင် နောက်ဆုံးအခိုက်အတန့်သို့ ရောက်လာသည့်အခါတွင် ပျာယာခတ်မနေပေလိမ့်မည်။

ရန်ကိုင် ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်သည်မှာ မကြာသေးပေ။ ထို့အတွက်ကြောင့် တံခါးပိတ်ကျင့်စဉ်ဝင်၍လည်း ဧကရာဇ်တတိယအဆင့်သို့ ရေတိုအတွင်း ရောက်နိုင်လိမ့်ဦးမည်မဟုတ်။ သို့ပင်ဖြစ်လင့်ကစား ကျင့်ကြံခြင်းအား နောက်တစ်ဆင့်သို့ တက်အောင်လုပ်ခြင်းသည် သူ့ခွန်အားကို တိုးတက်အောင်လုပ်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းမဟုတ်ပေ။ ရန်ကိုင်အတွက်မူ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို အဆင့်ချိုးဖြတ်စေပြီး သူ၏နဂါးသွေးကြောအား သူ၏နဂါးသွေးကြောအား ခန္ဓာကိုယ်နှင့် ပိုမိုအသားကျလာအောင် လုပ်ခြင်းသည်လည်း သူ့ခွန်အားကို ပိုမိုတိုးတက်လာစေနိုင်ပေသည်။

ထိုသို့လုပ်နိုင်ဖို့ရာ နဂါးကျွန်းသည် အကောင်းဆုံးသော ရွေးချယ်စရာဖြစ်ပေသည်။

ထို့အပြင် ကျုချင်းမှာလည်း နဂါးကျွန်း၌ ရှိနေပေသေးသည်။ ယခင်တစ်ခေါက်က ရန်ကိုင်သည် ဝူခွမ်းဖန်တီးသွားခဲ့သော ဟင်းလင်းပြင်လိုဏ်ခေါင်းမှတစ်ဆင့် အဆင့်နိမ့်ကြယ်စီရင်စုဆီသို့ ဆင်းလာခဲ့လေရာ ကျုချင်း ဘာဆက်ဖြစ်သွားလဲဆိုသည်ကို မသိခဲ့ရပေ။ ထို့အတွက်ကြောင့် နဂါးကျွန်းဆီသို့ သွားကာ ကျုချင်း၏အခြေအနေကို မသိရသေးသရွေ့ သူ့အနေဖြင့် အေးအေးဆေးဆေး နေနိုင်လိမ့်မည်မဟုတ်ပေ။

ဖြစ်နိုင်လျှင် ရန်ကိုင်မှာ ကျုချင်းအား ထိုနေရာဆီမှ ခေါ်ထုတ်လာချင်မိပေသည်။ ထိုသို့မလုပ်နိုင်လျှင်လည်း နဂါးကျွန်းနှင့် ထက်ကောင်းကင်နန်းတော်ကို ဆက်သွယ်ပေးထားသည့် ဟင်းလင်းပြင်အစီအရင်တစ်ခုကို ထိုနေရာ၌ ခင်းကျင်းထားရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက သူ့အနေဖြင့် နဂါးကျွန်းဆီသို့ ပြန်သွားလိုသည့်အခါ အတော်လေးကိုမှ ပြဿနာများရပေလိမ့်မည်။

သို့ပင်ဖြစ်လင့်ကစား နဂါးကျွန်းဆီသို့ မသွားခင် စိတ်ဝိဉာဉ်သားရဲကျွန်းဆီ အရင်သွားရပေလိမ့်မည်။

ရန်ကိုင်မှာ လေဟာနယ်တာအိုအကြောင်းကို လီဝူရီနှင့် အမြဲတစေ ဆွေးနွေးလိုခဲ့သည်။ တကယ်တော့ ဤလောကကြီးတွင် ရန်ကိုင်ကဲ့သို့သော လေဟာနယ်တာအိုအား အဆင့်မြင့်မြင့်တတ်ကျွမ်းထားသည့် လူတစ်ဦးအား ရှာဖို့ရာ လွယ်မှမလွယ်လေပဲ။ ထို့အပြင် လီဝူရီသည် မဟာဧကရာဇ်များပြီးလျှင် အားအကောင်းဆုံးပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် လေဟာနယ်တာအိုအပေါ် သူ၏ကျွမ်းကျင်မှုသည် ရန်ကိုင်ထက် ကျိန်းသေ ပိုမိုမြင့်မားနေရပေလိမ့်မည်။ သို့ပင်ဖြစ်လင့်ကစား ယခင်က ရန်ကိုင်သည် လီဝူရီနှင့် ထိုကဲ့သို့ဆွေးနွေးဖို့ရာ လုံလောက်အောင် အားကောင်းခြင်းမရှိပေ။

ရန်ကိုင်မှာ လေဟာနယ်တာအိုကို ကျင့်ကြံရာတွင် မည်သူ့ဆီကမှ သမားရိုးကျသင်ကြားပြသမှုကို ရရှိခြင်းမရှိခဲ့။ သို့သော်ငြား လီဝူရီနှင့်သာ ဆွေးနွေးကြည့်နိုင်မည်ဆိုလျှင်တော့ မမျှော်လင့်ထားသည့်အကျိုးအမြတ်များကို ရရှိနိုင်ပေသည်။

ကံကောင်းစွာဖြင့် နဂါးကျွန်းနှင့် စိတ်ဝိဉာဉ်သားရဲကျွန်း နှစ်ကျွန်းစလုံးသည် အရှေ့ဘက်ပင်လယ်ထဲတွင် ရှိနေကြသည်။ ရှုယဉ်သာမဟာဧကရာဇ်ကိုပါ ထည့်တွက်လိုက်မည်ဆိုလျှင် အရှေ့ဘက်နယ်မြေတစ်ခုလုံး၏ခွန်အားသည် နယ်မြေကြီးလေးခုအနက်တွင် အမြင့်မားဆုံး ဖြစ်သွားပေလိမ့်မည်။ သို့ပင်ဖြစ်လင့်ကစား ထိုအင်အားစုသုံးခုမှာ တစ်ခုနှင့်တစ်ခု မတည့်ကြပေ။ ဥပမာဆိုရသော် သားရဲသခင်မဟာဧကရာဇ်နှင့် နဂါးကျွန်းမှလူများသည် မီးနှင့်ရေများ ဖြစ်ကြပေသည်။

ရန်ကိုင်ထွက်သွားသည်ကို မြို့ထဲ၌ရှိနေသော လူတစ်ဦးမှ အံ့အားသင့်တကြီးအမူအယာဖြင့် ကြည့်နေခဲ့လေသည်။ တစ်ခဏအကြာ၌ ကျောက်စိမ်းပြားတစ်ပြားကိုထုတ်၍ ထိုကျောက်စိမ်းပြားထဲ လှန်လှောရှာဖွေကြည့်လေသည်။ ထို့နောက် ပြုံးဖြီး၍ ရေရွတ်လိုက်လေ၏။ “တကယ်ကြီး သူပါလား…”

ကျောက်စိမ်းပြားကို ပြန်သိမ်းလိုက်ပြီးသည့်နောက် ဆက်သွယ်ရေးမှော်ရတနာတစ်ခုကို ထုတ်၍ ထိုထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းလိုက်သည်။ ထို့နောက် တစ်စုံတစ်ဦးနှင့် စကားပြောလိုက်ပြီး ထိုလူဆီမှ အမိန့်ကိုရသော် အံကိုတင်းတင်းကြိတ်၍ ရန်ကိုင်ထွက်သွားရာအရပ်ဆီသို့ လိုက်သွားလေ၏။

သို့သော်ငြား သူကိုယ်တိုင်သည် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သေးလေရာ ရန်ကိုင်အား ခြေရာခံနိုင်ဖို့ရာ မဖြစ်နိုင်ပေ။ ထိုလူ မြို့ထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်အား မည်သည့်နေရာတွင်မှ မတွေ့ရတော့ကြောင်း တွေ့ရှိလိုက်ရသည်။

တစ်ခဏအကြာ၌ လူတစ်စု ထိုလူဆီသို့ ပျံသန်းလာခဲ့လေသည်။ ရှေ့မှဦးဆောင်လာသောလူသည် ထိုလူအား မှုန်ကုပ်ကုပ်အမူအယာဖြင့် ကြည့်၍ မေးလိုက်သည်။ “သူဘယ်မှာလဲ…”

ထိုလူက ပြန်ပြောလိုက်လေသည်။ “သူဘယ်မှာလဲမသိပါဘူး ခံတပ်သခင်… သူ့ကျင့်ကြံခြင်းက အရမ်းမြင့်တော့ ကျုပ် သူ့ကို ခြေရာမခံနိုင်ဘူးဖြစ်သွားတယ်…”

ခံတပ်သခင်ဟုခေါ်သည့် လူငယ်လေးသည် ထိုစကားကိုကြားသော် ထိုလူအား စူးရဲစွာ စိုက်ကြည့်လိုက်လေရာ ထိုလူ၏နဖူးတစ်ဝိုက် ချွေးအေးများ ဝေ့သီလာခဲ့ပြီး ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြန်ပြောလိုက်လေ၏။ “အသုံးမဝင်ဖြစ်သွားလို့ တောင်းပန်ပါတယ်…”

ဘေးနားတွင်ရှိနေသည့် လူအိုကြီးတစ်ဦးက ဝင်၍ပြောလိုက်လေသည်။ “ခံတပ်သခင်… အရင်တစ်ကြိမ်တွေ့တုန်းက အဲ့လူက ဧကရာဇ်ပထမအဆင့်ဖြစ်နေပြီ… ရှဲ့ဆန်းက တာအိုသခင်ဒုတိယအဆင့်ပဲရှိသေးတာ… ဒီတော့ သူ ဟိုလူကို ခြေရာမခံနိုင်တာ ကံကောင်းသွားတယ်… ဟိုလူသာ သူ နောက်ယောင်ခံလိုက်ခံနေရမှန်းသိသွားရင် ကျိန်းသေ သတိထားနေတော့မှာ…”

ထိုစကားကိုကြားသည့်အခါ လူငယ်လေး၏အမူအယာ သိသိသာသာကို ပြေလျော့သွားခဲ့ပြီး ခေါင်းညိတ်၍ “အကြီးအကဲပြောတာမှန်တယ်…” ထို့နောက်တွင် သူ့အား သတင်းအချက်အလက်တင်ပို့လာသောလူကို ကြည့်၍ မေးလိုက်လေသည်။ “သူဆိုတာသေချာလား…”

ထိုလူက ချက်ချင်းပဲ ပြန်ပြောလိုက်သည်။ “သေချာပါတယ်… အရင်တုန်းက ခံတပ်သခင် သူ့ပုံပါတဲ့ ကျောက်စိမ်းပြားတစ်ခုကို ကျုပ်တို့ဆီပေးခဲ့တယ်လေ… ကျုပ် အဲ့ဒါကို အမြဲတမ်း ကိုယ်နဲ့မကွာဆောင်ထားတာ… အစတုန်းကတော့ သူမှန်းမသိဘူး… ဒါပေမယ့် ကြည့်ရင်းနဲ့မှ ရင်းနှီးလာသလို ခံစားရလို့ ကျောက်စိမ်းပြားကိုစစ်ဆေးကြည့်တော့ သူမှန်းသေချာသွားတာ… ခံတပ်သခင် ကျုပ်ကိုမယုံဘူးဆိုရင် မြို့ထဲကအခြားသူတွေကိုပါ လိုက်မေးလို့ရတယ်… သူ့ကိုမြင်လိုက်တာ ကျုပ်တစ်ယောက်တည်းဖြစ်မယ်လို့တော့ မထင်ဘူး…”

ခံတပ်သခင်က ပြန်၍ပြောလိုက်သည်။ “မင်း ငါ့ကို လိမ်ရဲမယ်လို့ ငါမထင်ဘူး… မင်းအမြင်အရဆိုရင် သူ့ရဲ့ကျင့်ကြံခြင်းက ဘယ်အဆင့်မှာရှိလဲ…”

ထိုလူသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် သတိထား၍ ပြန်ပြောလိုက်လေသည်။ “ခံတပ်သခင်ထက်တော့ ပိုအားကောင်းလိမ့်မယ်…”

ခံတပ်သခင်က မျက်လုံးပြူး၍ “ငါ့ထက်အားကောင်းတယ်… ဒီတော့ သူက အနည်းဆုံး ဧကရာဇ်ဒုတိယအဆင့်မှာ ရှိနေတာပေါ့… ငါ့လခွမ်းကွာ…” ခံတပ်သခင်ဆိုသည့်လူကို ကြည့်ရသည်မှာ ရန်ကိုင်နှင့် သူ့ကြား မကျေချမ်းနိုင်သည့် ရန်ငြိုးရန်စတို့ ရှိနေသည့်ပုံပင်။

အစောပိုင်းကစကားပြောခဲ့သောလူအိုကြီးက ထိတ်လန့်တုန်လှုပ်နေသည့်အမူအယာဖြင့် “ဒီလူအိုကြီး အထင်မမှားရင် အဲ့လူ ဧကရာဇ်အဆင့်ကို ကြယ်ပျက်ပင်လယ်ထဲမှာမှ ရောက်သွားတာမလား… အခု ဘယ်လောက်ကြာသေးလို့လဲ… ဧကရာဇ်ဒုတိယအဆင့်ကို ရောက်နေပြီဆိုတော့ သူက တကယ်ကို ပါရမီပါတာပဲ…” တစ်ချက်မျှရပ်ပြီးသည့်နောက် လူအိုကြီးက လက်သီးဆုပ်၍ ဆက်ပြောလိုက်လေသည်။ “ခံတပ်သခင်… ကျုပ်တို့ ဒီကိစ္စကို သေသေချာချာ ထပ်ပြီးတော့ ဆွေးနွေးဖို့ လိုပြီနဲ့တူတယ်… သူသာ ဧကရာဇ်ဒုတိယအဆင့်ဆိုရင် ချီမိသားစုခံတပ်က သူ့ကို ဘယ်လိုမှ သွားရန်စလို့ ဖြစ်မှာမဟုတ်ဘူး…”

ရန်ကိုင်သည်သာ ထိုစကားကိုကြားလိုက်မည်ဆိုလျှင် ချီမိသားစုခံတပ်အကြောင်းကို ကျိန်းသေ ပြန်မှတ်မိသွားပေလိမ့်မည်။

ချီမိသားစုခံတပ်သည် အရှေ့ဘက်နယ်မြေ၏ အားကောင်းသည့်အင်အားစုတစ်ခု မဟုတ်ပေ။ အများဆုံးမှ ဒုတိယအဆင့်အင်အားစုတစ်ခုလောက်သာ ဖြစ်ပေသည်။ ချီမိသားစုခံတပ်ထဲ အားအကောင်းဆုံးလူဆို၍ ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူသာ ဖြစ်ပေသည်။ ချီမိသားစုခံတပ်နှင့် လော့ရှာဂိုဏ်းတို့မှာ အဆင့်တူဖြစ်သည်ဟု ပြော၍ရသည်။ သို့သော်ငြား ချီမိသားစုခံတပ်မှာမူ လော့ရှာဂိုဏ်းထက် အနည်းငယ် ပို၍ အားကောင်းပေသည်။

အထူးတလည်အားကောင်းခြင်း မရှိသည့်အတွက်ကြောင့် ချီမိသားစုခံတပ်မှာ အရှေ့ဘက်နယ်မြေ၏ အစွန်းအဖျားပိုင်းရှိ နေရာတစ်နေရာလောက်ကိုသာ အပိုင်စားယူထားနိုင်ကြပေသည်။ မည်သည့်ဂိုဏ်းမှ သူတို့၏ပိုင်နက်နယ်မြေကို စိတ်မဝင်စားကြသည့်အတွက်ကြောင့် ချီမိသားစုခံတပ်မှာ အေးအေးဆေးဆေး တန်ခိုးထွားလာနိုင်ပေ၏။

လက်ရှိချီမိသားစု၏ခံတပ်သခင်မှာ ချီဟိုင်ဟုခေါ်သော မှုန်ကုပ်ကုပ်အမူအယာနှင့် လူငယ်လေးဖြစ်ပေသည်။ ရန်ကိုင်သည် ချီဟိုင်ဆိုသည့်လူနှင့် တစ်ကြိမ်မက တွေ့ခဲ့ဖူးသည်။ ပထမဦးဆုံးအကြိမ် တွေ့ခဲ့သည့်အချိန်မှာမူ တောင်နဲ့မြစ်ခေါင်းလောင်းနှင့် ဖီးနစ်မီးတောက်တို့ကို ကြယ်ပျက်ပင်လယ်ထဲ၌ တွေ့ခဲ့ရသည့်အချိန်တွင်ပင် ဖြစ်လေသည်။ ဖီးနစ်မီးတောက်အကြောင်းကို သိလိုက်ရပြီးသည့်နောက်တွင် ချီဟိုင်သည် ရန်ကိုင်အား ချီမိသားစုခံတပ်ဆီသို့ အားတက်သရောဖြင့် ဖိတ်ခေါ်ခဲ့သည်။ အကြောင်းမှာ ချီဟိုင်၏မိန်းမသည် ရှေးဟောင်းတောအုပ်ကြီးထဲသို့ သွားရင်းမှ အလွန်တရာကိုမှ အဆိပ်ပြင်းလှသည့် အဆိပ်တစ်မျိုး မိလာသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ သူမကိုယ်ထဲမှ အဆိပ်ဓာတ်ကို ဖယ်ရှားရန်အတွက် ဖီးနစ်မီးတောက်ကို လိုအပ်ပေသည်။ ချီဟိုင် ကြယ်ပျက်ပင်လယ်ထဲသို့ စွန့်စွား၍ ထွက်လာရခြင်းမှာလည်း ဖီးနစ်မီးတောက်ကို ရှာရန်သာ ဖြစ်လေသည်။ သို့သော်ငြား သူမရသေးခင် ရန်ကိုင်မှာ ဖီးနစ်မီးတောက်ကို ရသွားခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်အပေါ် မျက်စိကျသွားခဲ့ခြင်း ဖြစ်လေသည်။

သို့သော်ငြား ရန်ကိုင်အတွက်မူ အရှေ့ဘက်နယ်မြေသည် အလွန်ကိုမှ ဝေးကွာလွန်းသည့်နေရာတစ်ခု ဖြစ်သည့်အတွက်ကြောင့် ချီမိသားစုခံတပ်ဆီသို့ အကြောင်းအရင်းမရှိ မသွားလိုပေ။ ထိုအကြောင်းကြောင့် မရေမရာသာ ပြန်ပြောခဲ့သည်။

ထို့နောက်တွင် ရန်ကိုင်သည် အရှေ့ဘက်နယ်မြေသို့ မတော်တဆ ရောက်လာခဲ့သည်။ ရန်ကိုင်မှ ရှေးဟောင်းတောအုပ်ကြီး၏ အပြင်ဘက်နေရာဆီသို့ ရောက်လာသည့်နောက်တွင် ချီဟိုင်မှာ ရန်ကိုင်ရောက်လာသည့်အကြောင်းကို သတင်းကြားသွားခဲ့လေသည်။ တကယ်တော့ ချီမိသားစုသည် ဤနေရာတွင်ရှိနေခြင်းပင် မဟုတ်လေလော။ ဤမြို့ကြီးတစ်ခုလုံးသည် သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေလေရာ မြို့ထဲ၌ သူ့အား သတင်းပေးမည့်လူ များစွာရှိနေသည်မှာ အဆန်းတော့မဟုတ်ပေ။

ချီဟိုင်သည် ရှေးဟောင်းတောအုပ်ကြီး၏ ဝင်ပေါက်လမ်းကြောင်းထဲတွင် သူ့လူအချို့ကို ချထားခဲ့သည်။ နောက်ဆုံးတွင် ထိုတပည့်များအနက် တစ်ဦးမှာ ရန်ကိုင်အား မြင်သွားပြီး ရန်ကိုင်အကြောင်းကို ချီဟိုင်ဆီသို့ သတင်းပို့လာခဲ့သည်။

ထိုစဉ်က ဖီးနစ်မီးတောက်သည်သာ ရန်ကိုင်နှင့်အတူ ရှိနေခဲ့မည်ဆိုလျှင် ရန်ကိုင်အနေဖြင့် ချီဟိုင်အား ကူညီပေးဖို့ရာ ဝန်လေးနေလိမ့်မည်မဟုတ်ပေ။ သို့သော်ငြား ဖီးနစ်မီးတောက်ကို လျိုယန်မှ စုပ်ယူသွားပြီး လျိုယန်ကိုယ်တိုင်သည်လည်း ဖီးနစ်ဥတစ်လုံးအသွင်သို့ ပြောင်းလဲသွားခဲ့လေပြီ။ ထို့အပြင် လျို့ယန်ကို ကျိုဖုန်းမှ စိတ်ဝိဉာဉ်သားရဲကျွန်းဆီသို့ ခေါ်သွားခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ ချီဟိုင်အား မကူညီနိုင်ခဲ့ပေ။ ထို့အပြင် ဖီးနစ်မီးတောက်မှာလည်း အရေးကြီးသည့်ပစ္စည်းတစ်ခုဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ သူ ဖီးနစ်မီးတောက်ပိုင်ဆိုင်ထားသည့်အကြောင်း သတင်းပြန့်သွားမည်ကို မလိုလားပေ။ ထိုအကြောင်းကြောင့်ပင်လျှင် ချီဟိုင်၏ကမ်းလှမ်းချက်ကို ငြင်းငယ်ခဲ့သည်။

ရန်ကိုင်အတွက်မူ ချီဟိုင်အနေဖြင့် သူ၏ဖီးနစ်မီးတောက်အပေါ် မျက်စိကျနေမည့်အစား အဆိပ်ကိုကုသပေးနိုင်မည့် အခြားနည်းလမ်းတစ်ခုကို စဉ်းစားသင့်သည်ဟု ယုံကြည်ပေသည်။ ထိုအဖြစ်အပျက်မှာ သူ့အတွက် သိပ်၍ အရေးမပါလှသည့်အတွက်ကြောင့် ရန်ကိုင်မှာ အချိန်ကြာသွားသည့်နောက် ထိုကိစ္စကို မေ့လျော့သွားခဲ့လေပြီ။

သို့ပင်ဖြစ်လင့်ကစား ချီဟိုင်မှာတော့ ထိုအကြောင်းကို လုံးဝမမေ့နိုင်ခဲ့ပေ။ ရန်ကိုင် ဖီးနစ်မီးတောက်ရထားသည်ကို သူသေချာသိပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အဖို့ သူ့မိန်းမကိုယ်ထဲတွင်ရှိနေသော အဆိပ်အား ဖီးနစ်မီးတောက်ကိုသုံး၍ ဖယ်ရှားပေးဖို့ရာမှာ သိပ်မခက်လှ။ သို့သော်ငြား ရန်ကိုင်ကမူ အသည်းမာမာနှင့် သူ၏တောင်းဆိုချက်ကို ငြင်းဆိုခဲ့သည့်အတွက်ကြောင့် သူ့မိန်းမမှာ ထိုအဆိပ်ကြောင့်ပင် သေဆုံးသွားခဲ့ရသည်။

ထို့နောက်တွင် ချီဟိုင်မှာ လုံးဝမတူကွဲပြားသည့် လူတစ်ဦးအသွင်သို့ ပြောင်းလဲသွားတော့လေသည်။ ယခင်ကကဲ့သို့ ဖော်ရွေပျူငှာသည့် သခင်လေး မဟုတ်တော့ပေ။ အဆုံး၌ ပိုမိုအားကောင်းလာရန်အတွက် အရှေ့ဘက်နယ်မြေထဲရှိ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းထဲသို့ ဝင်ရောက်ရန် တန်ရာတန်ကြေးကြီးကြီးမားမားတစ်ခုကိုပင် ပေးဆပ်ခဲ့လေပြီ။ ထိုသို့လုပ်ရခြင်းမှာလည်း တစ်နေ့နေ့တွင် ရန်ကိုင်ကိုသတ်၍ သေဆုံးသွားသောသူ့မိန်းမအတွက် လက်စားပြန်ချေလိုသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

သူ့အတွက်မူ သူ့မိန်းမကိုသတ်သွားသည်မှာ အဆိပ်ဖြစ်ပါသော်ငြား သူ့မိန်းမကို သေအောင်လုပ်ခဲ့သည့်လူမှာတော့ ရန်ကိုင်ဖြစ်ပေသည်။

ထိုအကြောင်းကြောင့် ရန်ကိုင် ဤမြို့ထဲတွင် ပေါ်လာသည့်အကြောင်း ကြားလိုက်ပြီးသည့်နောက် ချီဟိုင်မှာ လက်စားပြန်ချေနိုင်ရန်အတွက် ချက်ချင်း အမောတကောကို ပြေးလာခဲ့လေသည်။

ယခင်က ခံတပ်သခင်လေးသည် ယခုအချိန်တွင် ချီမိသားစုခံတပ်သခင် ဖြစ်နေခဲ့လေပြီ။ သူ့ကျင့်ကြံခြင်းမှာလည်း ဧကရာဇ်ပထမအဆင့်သို့ ရောက်နေခဲ့လေပြီ။ သူ့စိတ်ထဲ ရန်ကိုင်အား စိန်ခေါ်နိုင်ပြီဟု ထင်နေစဉ်မှာပင် သူ့လက်အောက်ငယ်သားသည် ရန်ကိုင်မှာ ပိုမြင့်သည့်အဆင့်တစ်ဆင့်သို့ ရောက်နေပြီဟု ပြောလာခဲ့၏။

သူ့လက်ရှိခွန်အားဖြင့် ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦး၏ ပြိုင်ဘက်ဖြစ်ဖို့ရာ မဖြစ်နိုင်ပေ။

“ငါတို့ သူ့ကို ရန်မစနိုင်ပေမယ့် အခြားသူတွေက ရန်မစနိုင်တာမဟုတ်ဘူးလေ…” ချီဟိုင်သည် အဝေးတစ်နေရာဆီသို့ အေးစက်စက်အမူအယာဖြင့် လှမ်းကြည့်လိုက်ရင်းမှ ပြောလိုက်သည်။ “အရှေ့ဘက်နယ်မြေထဲမှာ သူ့ကိုသေစေချင်နေတာ ငါတစ်ယောက်တည်းမဟုတ်ဘူး… သူက ဒီနေရာကို ပြန်လာရဲတယ်ဆိုမှတော့ ဒီနေရာကနေ အသက်ရှင်လျက်ထွက်သွားဖို့ မစဉ်းစားတော့နဲ့…”

ထိုသို့ပြောပြီးသည့်နောက်တွင် ကျောက်စိမ်းပြားတစ်ပြားကိုထုတ်၍ ချေမွပစ်လိုက်လေသည်။ ထို့နောက်တွင် အလင်းတန်းတစ်ခု ပျံထွက်သွားခဲ့ပြီး အဝေးတစ်နေရာဆီသို့ ပျံသန်းသွားလေ၏။

ထိုအချင်းအရာကိုမြင်သော် လူအိုကြီး သက်ပြင်းချလိုက်လေသည်။ ယခင်ကခံတပ်သခင်လေးနှင့် လက်ရှိခံတပ်သခင်သည် လုံးဝကို မတူကွဲပြားသည့် လူတစ်ဦး ဖြစ်နေလေပြီ။ သူ့မိန်းမသေသွားပြီးသည့်နောက် ချီဟိုင်မှ ထိုဂိုဏ်းထဲသို့ ဝင်လိုက်ပြီးသည့်နောက်ပိုင်း အရာအားလုံးမှာ ပြောင်းလဲသွားခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား သေဆုံးသွားသောသူ့မိန်းမအတွက် ပြန်လည်လက်စားချေလိုသည်မှာ ချီဟိုင်၏ တစ်ခုတည်းသောဆန္ဒ ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် ချီဟိုင်အား သွားဝေဖန်နေ၍လည်း မဖြစ်ပေ။ ချီဟိုင်သည်သာ သူ့ဆန္ဒအား ပြည့်ဝအောင် မလုပ်နိုင်လျှင် သူ့လက်ကျန်ဘဝတစ်ခုလုံးမှာ အသက်ရှင်နေလင့်ကစား ငရဲခန်းတွင် နေနေရသလို ဖြစ်သွားပေလိမ့်မည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၉၄)

ဘာသာပြန်သူ_တိမ်တိုက်

အရှေ့ဘက်ပင်လယ်တွင် နဂါးကျွန်းနှင့် စိတ်ဝိဉာဉ်သားရဲကျွန်းဟု ခေါ်သည့် ကျွန်းနှစ်ကျွန်း ရှိပေသည်။ ကျွန်းနှစ်ကျွန်းစလုံးမှာ သာမန်လူများအဖို့ ရောက်ရန် မဖြစ်နိုင်သည့် ကျွန်းနှစ်ကျွန်း ဖြစ်ကြပေသည်။

အရှေ့ဘက်နယ်မြေ၏ အလွန်တရာကိုမှ အားကောင်းလှကြသော ကျင့်ကြံသူများသည် ထိုကျွန်းနှစ်ကျွန်းပေါ်တွင် နေထိုင်နေကြခြင်း ဖြစ်ပေသည်။ သို့သော်ငြား နဂါးကျွန်းမှာတော့ ကျွန်းတစ်ကျွန်းမဟုတ်ဘဲ တစ်သီးတစ်ခြား တည်ရှိနေသော ကမ္ဘာငယ်လေးတစ်ခုဖြစ်ကြောင်းကို ရန်ကိုင်သိပေသည်။ ရန်ကိုင်ကိုယ်တိုင်သည်သာ လီကျောက်၏လမ်းပြမှုကို မရရှိခဲ့လျှင် နဂါးကျွန်းဆီသို့ သွားနိုင်ခဲ့လိမ့်မည်မဟုတ်ပေ။

နဂါးကျွန်းဆီသို့ သွားရမည့်ခရီးမှာ အန္တရာယ်များပေသည်။ နဂါးကျွန်းဆီသို့ ပြန်သွားသည့်အခါတွင် နဂါးကျွန်းမှ သူ့အပေါ် မည်ကဲ့သို့ ဆက်ဆံလာမလဲဆိုသည်ကို ရန်ကိုင်မသိပေ။ သူ့အား ရန်သူတစ်ဦးအဖြစ် သဘောထားမည်မှာ ဖြစ်နိုင်ချေများပေသည်။ ထိုအကြောင်းကြောင့် နဂါးကျွန်းဆီသို့မသွားခင် စိတ်ဝိဉာဉ်သားရဲကျွန်းဆီသို့ အရင်သွားရန် ရန်ကိုင်ဆုံးဖြတ်လိုက်သည်။

ရန်ကိုင်ဆွံ့အသွားရသည့်အချက်မှာတော့ မြို့အချို့ကို ဝင်ထွက်လှည့်ပတ်၍ လူပေါင်းများစွာကို မေးမြန်းကြည့်ခဲ့သည့်တိုင် စိတ်ဝိဉာဉ်သားရဲကျွန်း မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို မည်သူမျှ မသိကြခြင်းပင်။

ထို့နောက်တွင် ရန်ကိုင်သည် အရှေ့ဘက်သို့ ထွက်လာခဲ့ပြီး ပင်လယ်ကမ်းခြေနားသို့ ရောက်လာခဲ့ပါသော်ငြား အသုံးဝင်သည့် မည်သည့်သတင်းအချက်အလက်ကိုမှ မရရှိခဲ့ပေ။

အလွန်တရာကိုမှ ရှည်လျားလွန်းလှသော ပင်လယ်ကမ်းခြေတစ်လျှောက်တွင် တည်ဆောက်ထားသော မြို့ကြီးတစ်မြို့ထဲသို့ ကျင့်ကြံသူပေါင်းများစွာ ဝင်ထွက်သွားလာနေကြလေသည်။

ထိုမြို့ထဲရှိ စားသောက်ဆိုင်တစ်ဆိုင်ထဲတွင် ရန်ကိုင်သည် တတိယအလွှာ၏ ပြတင်းပေါက်ဘေးနား၌ အရက်အချို့ကို သောက်ရင်း ထိုင်နေခဲ့သည်။ ယခုဆိုလျှင် စိတ်ဝိဉာဉ်သားရဲကျွန်းသို့ မည်ကဲ့သို့ သွားလို့သွားရမလဲ ရန်ကိုင်မှာ စဉ်းစားလို့မရအောင်ကို ဖြစ်နေတော့လေသည်။

ထိုစဉ် အမျိုးသမီးတစ်ဦး သူနှင့်မျက်နှာချင်းဆိုင်သို့ လာထိုင်လေ၏။

ရန်ကိုင်မှ မျက်မှောင်ကျုံ့၍ ပြန်ကြည့်လိုက်ရာ သူ့အား ပြုံးကာကြည့်နေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရလေသည်။

အကြည့်ချင်းဆုံသွားသည့်အခိုက် ရန်ကိုင်မှ ပြုံး၍ မေးလိုက်လေ၏။ “ခင်ဗျားက…”

“အစ်ကိုရန်… အစ်ကိုရန်ကိုရှာဖို့ တော်တော်လေး အားစိုက်လိုက်ရတယ်…” ရန်ကိုင်နှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အမျိုးသမီးက ပြုံး၍ ပြောလိုက်သည်။

“ညီမလန်ဟဲလား…” နောက်ဆုံးတွင် ရန်ကိုင် သူမ၏နာမည်ကို မှတ်မိသွားခဲ့လေသည်။ ထို့နောက် အားတက်သရောဖြင့် ပြန်၍မေးလိုက်လေ၏။ “ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေရတာလဲ…”

ထိုကဲ့သို့မေးပြီးသွားသည်နှင့်တစ်ပြိုင်နက် သူ့ခေါင်းသူပြန်ပုတ်၍ “အိုး… ညီမလန်ဟဲက အရှေ့ဘက်နယ်မြေကဆိုတာကို ငါ မေ့နေလိုက်တာ…”

လန်ဟဲသည်သာ ရုတ်တရက်ကြီး ပေါ်မလာခဲ့လျှင် ရန်ကိုင်မှာ လန်ဟဲအား မေ့သွားလောက်ပေပြီ။ ရန်ကိုင်မှာ တစ်နှစ်ပတ်လုံးနီးပါး မြောက်ဘက်နယ်မြေနှင့်‌ တောင်ဘက်နယ်မြေတွင်သာ နေနေလေ့ ရှိသည့်အတွက်ကြောင့် အရှေ့ဘက်နယ်မြေမှလူများများစားစားကို မသိလှပေ။ သို့ပင်ဖြစ်လင့်ကစား လူအချို့ကိုတော့ သိပေသည်။

ထိုလူများအနက် လန်ဟဲသည် ရန်ကိုင် ကြယ်ပျက်ပင်လယ်ထဲ၌ တွေ့ခဲ့သည့် လူတစ်ဦးဖြစ်ပေသည်။ သူမသည် အရှေ့ဘက်နယ်မြေ၏ ကောင်းကင်ဝံပုလွေတောင်ကြားမှ ဖြစ်၏။ ကြယ်ပျက်ပင်လယ်ထဲတွင် ရန်ကိုင်မှာ လန်ဟဲအား ကူညီပေးခဲ့ဖူးပြီး နောက်ပိုင်းတွင် သူတို့နှစ်ဦးစလုံး ဟင်းလင်းပြင်အက်ကွဲကြောင်းထဲသို့ ကျသွားခဲ့လေသည်။ ရန်ကိုင်မှ ကူညီပေးခဲ့သည့်အတွက်ကြောင့်သာ မဟုတ်ပါက လန်ဟဲ၏ကျင့်ကြံခြင်းအရ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲတွင်သာ လမ်းပျောက်သွားကာ ပိတ်မိနေပေလိမ့်မည်။ ထိုဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှ ပြန်ထွက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် လန်ဟဲအား တစ်ယောက်သောအမျိုးသမီးအား ကြည့်ရှုစောင့်ရှောက်ပေးရန် ပြောခဲ့လေသည်။

ထိုအမျိုးသမီးမှာ ရန်ကိုင်နှင့်အတူ သီးခြားကမ္ဘာထဲမှ ထွက်လာခဲ့သည့် လင်းယင်ချင်းသာ ဖြစ်လေသည်။

သီးခြားကမ္ဘာမှာ ပင်းယွင် နှစ်ပေါင်းထောင်နှင့်ချီအောင် ပိတ်မိနေခဲ့သည့်နေရာလည်း ဖြစ်သည်။

သီးခြားကမ္ဘာထဲသို့ ရောက်ပြီးသည့်နောက်တွင် လင်းယင်ချင်းမှာ အမျိုးသားတစ်ဦးနှင့် ချစ်ကြိုက်မိသွားခဲ့လေသည်။ ကံမကောင်းစွာဖြင့် သူမယောက်ျားမှာ မတော်တဆအဖြစ်အပျက်တစ်ခုအတွင်း သေဆုံးသွားခဲ့သည်။ သီးခြားကမ္ဘာထဲ မပိတ်စဉ်က လင်းယင်ချင်း၏ယောက်ျားမှာ ကောင်းကင်ဝံပုလွေတောင်ကြား၏ အဖွဲ့သားတစ်ဦး ဖြစ်ခဲ့လေသည်။ ထိုဂိုဏ်းသည် လန်ဟဲလာသည့်ဂိုဏ်းဖြစ်ပေသည်။ သီးခြားကမ္ဘာထဲမှ လွတ်မြောက်လာပြီးသည့်နောက်တွင် လင်းယွင်ချင်မှာ ရန်ကိုင်နှင့် ပင်းယွင်တို့နောက်သို့ မလိုက်ခဲ့ဘဲ သူမယောက်ျား၏ ပြာများကို ကောင်းကင်ဝံပုလွေတောင်ကြားဆီသို့ ပြန်ပို့ပေးရန်အတွက် အရှေ့ဘက်နယ်မြေဆီသို့ တစ်ကိုယ်တည်း ထွက်သွားခဲ့သည်။ ယခု သူတို့အချင်းချင်း မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ လင်းယင်ချင်း ဘာတွေဖြစ်လို့ဖြစ်နေပြီလဲ မသိတော့ချေ။ သို့ပင်ဖြစ်လင့်ကစား လင်းယင်ချင်းမှာ ဖော်ရွေပျူငှာသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ ရန်ကိုင်နှင့် လျူရှန်းယွင်တို့ သီးခြားကမ္ဘာထဲသို့ ကျသွားသည့်နောက်တွင် လင်းယင်ချင်းမှာ သူတို့ပထမဦးဆုံးတွေ့သည်သူ ဖြစ်ပေသည်။ လင်းယင်ချင်းသည် သူမတို့၏သင်္ဘောပေါ်၌ ရန်ကိုင်တို့အား နေခွင့်ပေးခဲ့သည့်အပြင် ရန်ကိုင်အကူအညီလိုအပ်နေသည့်အခါတွင်လည်း သူမယောက်ျား၏ အဖိုးတန်ပစ္စည်းတစ်ခုဖြစ်ခဲ့သော အဆင့်မြင့်သန့်စင်ရေးအစီအရင်ကိုလည်း ငှားပေးခဲ့ပေသေးသည်။

သီးခြားကမ္ဘာထဲမှ ထွက်လာပြီးသည့်နောက်တွင် ရန်ကိုင်မှာ လင်းယင်ချင်းနှင့် ထပ်မတွေ့ဖြစ်တော့ပေ။ တကယ်တော့ လင်းယင်ချင်းသည် အရှေ့ဘက်နယ်မြေသို့ ထွက်သွားခြင်းပင် မဟုတ်လေလော။ အရှေ့ဘက်နယ်မြေနှင့် အခြားသောနယ်မြေများကြား အလွန်ကိုမှ ဝေးကွာလွန်းသည့်အတွက်ကြောင့် ရန်ကိုင်တို့နှစ်ဦး ထပ်မတွေ့ဖြစ်သည်မှာ သဘာဝသာဖြစ်လေသည်။ သို့သော်ငြား ကြယ်ပျက်ပင်လယ်ထဲ၌ ကောင်းကင်ဝံပုလွေတောင်ကြားမှ လန်ဟဲနှင့် တွေ့ပြီးသည့်နောက်တွင် ရန်ကိုင်မှာ လန်ဟဲအား လင်းယင်ချင်းအား ကြည့်ရှုစောင့်ရှောက်ပေးရန် ပြောခဲ့လေသည်။ လင်းယင်ချင်း ကောင်းကင်ဝံပုလွေတောင်ကြားသို့ တကယ်ရောက်သွားလား မရောက်သွားလား ဆိုသည်ကိုတော့ ရန်ကိုင်မသိပေ။ လိုရမယ်ရ တောင်းဆိုထားလိုက်ခြင်းသာ ဖြစ်ပေသည်။

ယခု ဤနေရာတွင် လန်ဟဲနှင့် ထပ်တွေ့ရလိမ့်မည်ဟု ရန်ကိုင် အမှန်တကယ်ကို မထင်ထားခဲ့ပေ။ ထို့အတွက်ကြောင့် ပြုံး၍ ပြောလိုက်လေ၏။ “တိုက်ဆိုင်လိုက်တာ… ညီမလန်ဟဲ ငါတို့မတွေ့ရတာတောင် တော်တော်ကြာသွားပြီနော်…”

လန်ဟဲကမူ ခေါင်းခါလျက် “ညီမ အစ်ကိုရန်ကို တမင်သက်သက် လာရှာတာ…”

“တကယ်လား…” ရန်ကိုင် မျက်ခုံးပင့်သွားလေ။ “ငါ အရှေ့ဘက်နယ်မြေမှာရောက်နေမှန်း နင်ဘယ်လိုသိတာလဲ…”

လန်ဟဲက ပြန်ပြောလိုက်လေသည်။ “အစ်ကိုရန်နဲ့ပတ်သက်ပြီး သတင်းတွေကြားနေရတယ်လေ… အစ်ကိုရန် စိတ်ဝိဉာဉ်သားရဲကျွန်းဆီ သွားမယ့်လမ်းကြောင်းကို လူတွေကို လိုက်မေးနေတာလေ… ဒီတော့ ပင်လယ်နဲ့နီးတဲ့တစ်နေရာရာမှာ အစ်ကိုရန်ရှိနေရမယ်ဆိုပြီး ကျွန်မ ခန့်မှန်းပြီးတော့ ဒီနေရာမှာ လာစောင့်နေလိုက်တာ… တကယ်ကြီးမှန်သွားလိမ့်မယ်လို့ မထင်ထားဘူး…”

ရန်ကိုင်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လျက် “ငါနဲ့ပတ်သက်ပြီး သတင်းတွေကြားတယ် ဟုတ်လား… ငါ့နာမည်ကိုတောင် သူတို့ကပြောတယ်ပေါ့… စိတ်ဝင်စားစရာပဲ… ညီမလန်ဟဲ အဲ့သတင်းကို ဘယ်ကနေကြားလာတာလဲ…” လန်ဟဲပြောသွားသည်ကို နားထောင်ပြီးသည့်နောက် လူအချို့သည် သူနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စုံစမ်းစစ်ဆေးနေကြောင်း ရန်ကိုင် သဘောပေါက်သွားတော့သည်။

လန်ဟဲမှာ ရန်ကိုင်အား စူးရဲစွာစိုက်ကြည့်လျက် “အစ်ကိုရန် မသိချင်ယောင်ပဲ ဆောင်နေတာလား တကယ်မသိတာလား…”

ရန်ကိုင်က ပြုံး၍ “ငါသိရင် မေးပါဦးမလား…”

လန်ဟဲသည် ရန်ကိုင်အား တစ်ခဏမျှ ကြည့်နေပြီးသည့်နောက် သက်ပြင်းချလျက် “အစ်ကိုရန် အခု ကျဉ်းထဲကြပ်ထဲ ရောက်နေပြီဆိုတာ သိလား..”

ရန်ကိုင်က အထိတ်ထိတ်အလန့်လန့်အမူအယာဖြင့် “ငါက ဘယ်လိုလုပ်ပြီး ကျဉ်းထဲကြပ်ထဲ ရောက်သွားရတာလဲ…”

လန်ဟဲက သက်ပြင်းချ၍ ဆက်ရှင်းပြလိုက်လေသည်။ “အစ်ကိုရန် ဒီအကြောင်းကို လုံးဝမသိဘဲနေလိမ့်မယ်လို့ မထင်ထားဘူး… အစ်ကိုရန် ဗြဟ္မာ့ကုန်းမြေကို မှတ်မိသေးလား…” ရန်ကိုင် ဇဝေဇဝါဖြစ်နေသည်ကိုမြင်သော် လန်ဟဲမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့လေသည်။ “အစ်ကိုရန် ကြယ်ပျက်ပင်လယ်ထဲမှာ ဗြဟ္မာ့ကုန်းမြေရဲ့ တော်ဝင်သားတော်နှစ်ယောက်ကို သတ်ပစ်လိုက်တယ်လေ… သူတို့ကိုတောင် မေ့သွားပြီလား… သူတို့ထဲကတစ်ယောက်ကို ကျန်းဟောင်လို့ခေါ်ပြီး ကျန်တဲ့တစ်ယောက်ကို ကျန်းရှန်လို့ခေါ်တယ်လေ…”

ရန်ကိုင်က သူ့မေးစေ့ကိုပွတ်ရင်းမှ “အင်း… အခုနင်ပြောတော့မှပဲ ငါမှတ်မိသွားတယ်…”

ထိုအချင်းအရာကိုမြင်သော် လန်ဟဲ၏နှုတ်ခမ်း ပိုမဲ့သွားခဲ့လေသည်။ (သူ ဘယ်သူ့ကိုသတ်လိုက်လဲဆိုတာကိုတောင် မမှတ်မိတော့တာလား… ကျန်းဟောင်နဲ့ ကျန်းရှန်တို့သာ ဒီအကြောင်းကို ငရဲကနေကြားရင် ကျိန်းသေ ထိုင်အော်နေတော့မှာ…)

ရန်ကိုင်က ပြုံး၍ “ကြယ်ပျက်ပင်လယ်ထဲမှာ ငါသတ်လိုက်တဲ့လူတွေက နည်းတာမှမဟုတ်တာ… ဒီတော့ ဘယ်လိုလုပ်ပြီး သူတို့နှစ်ယောက်ကို အထူးတလည်မှတ်မိနေရမှာလဲ…” ရန်ကိုင် အမှန်တကယ်ကို ပြောနေခြင်းဖြစ်လေသည်။ ရန်ကိုင်သည် ကြယ်ပျက်ပင်လယ်ထဲ မရေမတွက်နိုင်သော လူပေါင်းများစွာကို သတ်ပစ်ခဲ့သည်။ ထိုလူတစ်ဦးချင်းစီတိုင်းသည် အားကောင်းသောနောက်ခံများကို ပိုင်ဆိုင်ထားကြလေရာ ရန်ကိုင်အနေဖြင့် ထိုလူအားလုံး၏နာမည်များကို မှတ်မိနေဖို့ရာ မဖြစ်နိုင်ပေ။

တစ်ချက်မျှစဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ပြောလိုက်လေသည်။ “ဒီတော့ ညီမလန်ပြောချင်တာက ဗြဟ္မာ့ကုန်းမြေကလူတွေ ငါ့ကိုရှာနေတယ်ပေါ့…”

လန်ဟဲက မျက်နှာသေဖြင့် “ဗြဟ္မာ့ကုန်းမြေတင်မဟုတ်သေးဘူး… အစ်ကိုရန် မရဏဂိုဏ်းနဲ့ ဘယ်လိုပြဿနာတွေရော တက်ထားသေးတာလဲ… သူတို့တွေပါ အစ်ကိုရန်ကို လိုက်ရှာနေတာ…”

(မရဏဂိုဏ်း… ကျွတ် ကျွတ်… ထပ်ပြီးတော့ ဒီကောင်တွေပဲလား…) ရန်ကိုင်မှာ မရဏဂိုဏ်းအကြောင်းကို ကြားရရုံဖြင့်ပင်လျှင် နားကြားပြင်းကပ်ပေသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာခန့်က ယင်လဲ့ရှန်းမှာ ရန်ကိုင်တို့အဖွဲ့အား ကြယ်တာရာလမ်းကြောင်းထဲ တိုက်ခိုက်ခဲ့ပေသည်။ ထိုအချိန်မှစ၍ ရန်ကိုင်အား တွေ့သည့်နေရာတိုင်း ပြဿနာရှာတော့သည်။ ကြယ်ပျက်ပင်လယ်ထဲတွင် ပြန်တွေ့သည့်အခါ ရှောင်ရှောင်မည်သည့်နေရာသို့ ထွက်သွားလဲဆိုသည်ကို သိရရန်အလို့ငှာ ရန်ကိုင်မှာ ယင်လဲ့ရှန်း၏အသက်အား ချမ်းသာပေးခဲ့သည်။ ယင်လဲ့ရှန်းဆီမှ လိုချင်သည့်သတင်းအချက်အလက်ကို ရပြီးသည့်နောက်တွင် အရှေ့ဘက်နယ်မြေသို့လာကာ ရှောင်ရှောင်ကိုရှာရန်အတွက် ရှေးဟောင်းတောအုပ်ကြီးဆီသို့ သွားခဲ့လေသည်။ ထို့နောက်တွင် ယင်လဲ့ရှန်းသည် ထိုနေရာတွင် ပေါ်လာခဲ့ပြီး မရဏဂိုဏ်းမှ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးနှင့်အတူ ပူးပေါင်းကာ ရန်ကိုင်အား ချုံခိုတိုက်ခိုက်ခဲ့လေသည်။

ထိုနေရာတွင် ရှုယဉ်သာမဟာဧကရာဇ်၏သမီး ယောင်လင်းလည်း ရှိနေခဲ့လေသည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာ သေဘေးမှ လွတ်မြောက်နိုင်ခဲ့ပြီး ယင်လဲ့ရှန်းကိုပင်လျှင် ပြန်လည်သတ်ပစ်နိုင်ခဲ့သည်။

ယင်လဲ့ရှန်းသည် တစ်စပြင်ကန္တာရကြယ်စီရင်စုထဲရှိ မရဏဂိုဏ်း၏ ယခင်ဂိုဏ်းချုပ်ဖြစ်ပေသည်။ ယင်လဲ့ရှန်း၏ ကြိုးစားအားထုတ်မှုကြောင့် ယင်လဲ့ရှန်းမှာ အဆင့်ချိုးဖြတ်နိုင်ခဲ့ပြီး ကြယ်တာရာအစုအဝေးထဲသို့ ရောက်လာနိုင်ခဲ့သည်။ ထို့နောက်တွင် ကြယ်တာရာအစုအဝေးထဲ၌ ရှိနေသော မရဏဂိုဏ်းထဲသို့ ဝင်ကာ မရဏဂိုဏ်း၏ ဂိုဏ်းချုပ် ဖုပို၏ အဖိုးတန်တပည့်တစ်ဦး ဖြစ်လာခဲ့သည်။ သို့သော်ငြား ရန်ကိုင်မှ ယင်လဲ့ရှန်းနှင့် မရဏဂိုဏ်း၏ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးအား သတ်ပစ်လိုက်သည့်အတွက်ကြောင့် ရန်ကိုင်နှင့်မရဏဂိုဏ်းကြား သွေးကြွေးတို့ ဖြစ်ပေါ်လာခဲ့ရသည်။

ထို့အပြင် ရန်ကိုင်သည် တစ်စပြင်ကန္တာရကြယ်စီရင်စုထဲ၌ ရှိနေသော မရဏဂိုဏ်းကိုပါ ဖျက်ဆီးပစ်ခဲ့လေသည်။ ထို့အတွက်ကြောင့် သူတို့ကြားရှိ ရန်ငြိုးရန်စမှာ ကြေအေးလို့မရသည့်အဆင့်သို့ ရောက်သွားခဲ့လေပြီ။

လန်ဟဲက ကူကယ်ရာမဲ့စွာပြုံးလျက် “အစ်ကိုရန်က တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲနော်… အရှေ့ဘက်နယ်မြေထဲမှာရှိတဲ့ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းထဲမှာ အစ်ကိုရန် ရန်စထားတာ နှစ်ဂိုဏ်းနော်…”

ထိုကဲ့သို့သော အင်အားစုမျိုးကို ရန်စထားသည့် မည်သူမဆို အရှေ့ဘက်နယ်မြေထဲ နောက်တစ်ဖန် ပေါ်လာရဲတော့လိမ့်မည်မဟုတ်ပေ။ ကံကောင်းစွာဖြင့် ရန်ကိုင်မှာ အရှေ့ဘက်နယ်မြေမှမဟုတ်။ ထိုအကြောင်းကြောင့် ဗြဟ္မာ့ကုန်းမြေနှင့် မရဏဂိုဏ်းတို့မှာ ရန်ကိုင်အား သတ်ချင်နေသည့်တိုင် သတ်ခွင့်မရခဲ့ပေ။ ယခု ရန်ကိုင်မှာ အရှေ့ဘက်နယ်မြေထဲသို့ သူ့ဘာသာသူ ရောက်လာသည့်အတွက်ကြောင့် သူတို့အနေဖြင့် သူတို့၏ရင်ထဲရှိ ဒေါသများကို ဆက်၍ မျိုသိပ်ထားစရာ မလိုတော့ပေ။ ဤအခွင့်အရေးကိုသာ လက်လွှတ်လိုက်ရမည်ဆိုလျှင် သူတို့အဖို့ ရန်ကိုင်အား ပြန်ရှာဖို့ရာမှာ ခက်ခဲသွားပေလိမ့်မည်။

ထိုအကြောင်းကြောင့် ရန်ကိုင် အရှေ့ဘက်နယ်မြေသို့ ရောက်နေသည့်အကြောင်း သတင်းရလိုက်ပြီးသည့်နောက်တွင် အင်အားစုကြီးနှစ်ခုစလုံး ချက်ချင်း လှုပ်ရှားကြတော့လေသည်။

ရန်ကိုင်က ပြုံးဖြီးလျက် “သူတို့ ငါ့ကို လာရန်မစရင် ငါလည်း သူတို့ကို သွားရန်စမှာမဟုတ်ဘူး… ဒါနဲ့ အရှေ့ဘက်နယ်မြေရဲ့ နောက်ဆုံးထိပ်တန်းဂိုဏ်းက ဘယ်ဂိုဏ်းလဲ… နင့်ရဲ့ကောင်းကင်ဝံပုလွေတောင်ကြားလား…”

လန်ဟဲက ခေါင်းခါလျက် “မဟုတ်ဘူး… ကျွန်မတို့ဂိုဏ်းမှာ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်နှစ်ယောက်ပဲ ရှိတာ… ဒီတော့ ထိပ်တန်းဂိုဏ်းအဖြစ် ယူဆလို့မရဘူး… နောက်ဆုံးထိပ်တန်းဂိုဏ်းက အားဟန်ကျောင်းတော်ပဲ…” ထိုသို့ပြောပြီးသည့်နောက်တွင် လန်ဟဲမှာ ရန်ကိုင်အား ရုတ်တရက်ကြီး အထိတ်တလန့်အမူအယာဖြင့်ကြည့်လျက် “အစ်ကိုရန် အားဟန်ကျောင်းတော်ကိုလည်း ရန်စထားတယ်လို့တော့ မပြောနဲ့နော်… ကျွန်မကြားတာတော့ ချီကွေ့ အစ်ကိုရန်ကို လိုက်ရှာနေသလိုပဲ…”

ရန်ကိုင်သည် လန်ဟဲကိုကြည့်၍ “ငါ့ပုံစံက ပြဿနာရှာရတာကို ကြိုက်တဲ့ပုံစံမျိုး ပေါက်နေလို့လား… ပြီးတော့ အဲ့ချီကွေ့ဆိုတဲ့ကောင်ကရော ဘယ်သူလဲ… သရဲလား…”

လန်ဟဲက ရယ်မောလျက် “သရဲမဟုတ်ဘူး… အားဟန်ကျောင်းတော်ရဲ့ တက်သစ်စကြယ်ပွင့်ပဲ… ကြယ်ပျက်ပင်လယ်ထဲမှာ ဧကရာဇ်အဆင့်ကိုရောက်သွားတာ… အစ်ကိုရန်လည်း သူ့ကို ကြယ်ပျက်ပင်လယ်ထဲမှာ တွေ့ခဲ့ဖူးမှာပေါ့… ဆံပင်နီနီနဲ့ စိတ်ဆတ်တဲ့တစ်ယောက်လေ…”

တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက် ထိုကဲ့သို့သောလူတစ်ဦးကို ရန်ကိုင် ပြန်စဉ်းစားမိသွားခဲ့သည်။ ထိုမီးနီရောင်တောက်နေသည့် ဆံပင်ရှိသောလူမျိုးကို မေ့ဖို့ရာ သိပ်၍မလွယ်လှပေ။ သို့သော်ငြား မကြာခင်တွင် ရန်ကိုင်ကခေါင်းခါ၍ “သူနဲ့ငါ့ကြားမှာ ဘာရန်ငြိုးရန်စမှမရှိဘူး….”

လန်ဟဲက ဆက်၍ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင်တော့ အစ်ကိုရန်နဲ့တိုက်ခိုက်ချင်လို့ တမင်သက်သက်လိုက်ရှာနေတာနေမှာ… အဲ့ကောင်က တိုက်ခိုက်ရတာကို အရမ်းကြိုက်တဲ့ကောင်… အရင်တုန်းကဆိုရင် ယင်လဲ့ရှန်း၊ ကျန်းဟောင်နဲ့ ကျန်းရှန်တို့ကိုရှာပြီးတော့ လိုက်တိုက်ခိုက်တာ… အခု သူတို့သုံးယောက်စလုံးကို အစ်ကိုရန်က သတ်သွားတော့ သူ့မှာ တိုက်စရာလူမရှိတော့ဘူးဖြစ်နေတာ… ဒါကြောင့်ပဲ အစ်ကိုရန်ရောက်နေတဲ့အကြောင်း ကြားတဲ့အချိန် အစ်ကိုရန်ကိုအနိုင်ယူပြီး တစ်ခုခုကိုသက်သေပြချင်နေလို့ အစ်ကိုရန်ကို လိုက်ရှာနေတာဖြစ်မှာ…”

ရန်ကိုင်က နှာခေါင်းရှုံ့လျက် “အဲ့ဒါဆိုရင်တော့ သူ လူမှားပြီး ပစ်မှတ်ထားမိနေပြီ…”

လန်ဟဲက ပြန်ပြောလိုက်သည်။ “အခုချိန်က စကားပြောလို့ကောင်းတဲ့အချိန် မဟုတ်သေးဘူး… အစ်ကိုရန်… ဒီမှာအကြာကြီးနေလို့ အဆင်မပြေဘူးနော်… အရှေ့ဘက်နယ်မြေက ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းက အတူပူးပေါင်းပြီးတော့ အစ်ကိုရန်ကို လိုက်ရှာနေတာ… ဒါပေမယ့် အစ်ကိုရန်က တစ်နေရာပြီးတစ်နေရာ လျှောက်သွားနေလို့ သူတို့ အစ်ကိုရန်ကို မတွေ့သေးဘူး… ဒါပေမယ့် အဲ့လိုဆိုရင်တောင် အစ်ကိုရန် ဒီနေရာကို ရောက်နေတယ်ဆိုတဲ့အကြောင်း သတင်းတွေပြန့်သွားလောက်ပြီ… အခုနေထွက်မသွားသေးဘူးဆိုရင် နောက်ကျသွားလိမ့်မယ်…”

ရန်ကိုင်က သက်ပြင်းချလျက် “ငါ အေးအေးဆေးဆေးပဲ နေချင်တာကို ဒီလူတွေ ဘာလို့ ငါ့ကို ပြဿနာလိုက်ရှာနေတာလဲ…”

လန်ဟဲက ပြန်၍ပြောလိုက်လေသည်။ “ဒီကိစ္စက အလျင်လိုနေတာနော် အစ်ကိုရန်… ဒီကနေ အခု ကျွန်မနဲ့သွားကြရအောင်…”

ရန်ကိုင်က ပြန်၍မေးလိုက်လေသည်။ “ဘယ်ကိုသွားမှာလဲ…”

လန်ဟဲက ပြန်ပြောလိုက်သည်။ “ကောင်းကင်ဝံပုလွေတောင်ကြားကိုပေါ့… ဘယ်ကိုသွားရဦးမှာလဲ…”

ရန်ကိုင်မှာ တစ်ခဏမျှ ကြောင်အမ်းအမ်းဖြစ်နေပြီးသည့်နောက် ပြုံး၍ “ညီမလန်… အခုလိုကူညီပေးတာတော့ ကျေးဇူးပါပဲ… ဒါပေမယ့် ငါ နင်နဲ့ မလိုက်တော့ဘူး… ကောင်းကင်ဝံပုလွေတောင်ကြားက အရှေ့ဘက်နယ်မြေမှာရှိတာ… ငါနင်နဲ့လိုက်လာလို့ရှိရင် နင့်ဂိုဏ်းပါ မတော်တဆ ပြဿနာတက်နေလိမ့်မယ်…”

ကောင်းကင်ဝံပုလွေတောင်ကြားအနေဖြင့် အရှေ့ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းအား ယှဉ်ပြိုင်နိုင်စရာအကြောင်းမရှိပေ။

ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ရန်ကိုင်မျက်မှောင်ကျုံ့သွားခဲ့ပြီး သုံးလွှာမြောက်သို့တက်လာသော တစ်ယောက်သောအမျိုးသမီးကို လှမ်း၍ကြည့်လိုက်လေသည်။ ထိုအမျိုးသမီးမှာ ရန်ကိုင်ဆီမှ ချက်ချင်းအကြည့်လွှဲသွားခဲ့ပြီး အခြားစားပွဲတစ်လုံးတွင် သွားထိုင်နေလေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၉၅)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်က သက်ပြင်းချ၍ မေးလိုက်လေသည်။ “ညီမလန်… အရှေ့ဘက်နယ်မြေမှာ နင့်ရဲ့အခြေအနေ ဘယ်လိုရှိလဲ…”

လန်ဟဲက ပြန်မေးလိုက်သည်။ “အစ်ကိုရန် ဘာကိုမေးချင်တာလဲ…”

“နင့်မှာ မိတ်ဆွေတွေဘယ်လောက်ရှိလဲ…”

လန်ဟဲက ပြုံး၍ “ရှိတာပေါ့ မိတ်ဆွေတွေက…” သူမသည် အရှေ့ဘက်နယ်မြေတွင် အတော်လေးကိုမှ နာမည်ကျော်ကြားသည့် လူတစ်ဦးဖြစ်ပေသည်။ သူမသည် ချီကွေ့ကဲ့သို့ နာမည်ကျော်ကြားခြင်း မရှိပါသော်ငြား အရှေ့ဘက်နယ်မြေ၏ တက်သစ်စကြယ်ပွင့်တစ်ပွင့်ဖြစ်နေဆဲ။ ထိုသို့သာမဟုတ်ပါက ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်ခွင့်ရခဲ့လိမ့်မည်မဟုတ်ပေ။

ထို့အပြင် မရဏဂိုဏ်းမှယင်လဲ့ရှန်းနှင့် ဗြဟ္မာ့ကုန်းမြေမှ တော်ဝင်သားတော်နှစ်ဦး သေဆုံးသွားပြီးသည့်နောက်တွင် လန်ဟဲမှာ ယခင်ကထက်ပို၍ အာရုံစိုက်ခံလာရလေသည်။ ယခုဆိုလျှင် သူမ၏ကျင့်ကြံခြင်းမှာ ဧကရာဇ်ပထမအဆင့်ပင် ဖြစ်နေပြီဖြစ်သည့်အတွက်ကြောင့် သူမ မည်သူမည်ဝါဖြစ်သလဲဆိုသည်ကို လူပေါင်းများစွာ သိနေကြလေပြီ။

“ဒါဆိုရင်တော့ ပြဿနာများသွားပြီ…” ရန်ကိုင်၏နှုတ်ခမ်း မဲ့သွားခဲ့လေသည်။

“ဘာလို့လဲ…” လန်ဟဲ ဇဝေဇဝါဖြစ်သွားလေပြီ။

ရန်ကိုင်ကမူ ခေါင်းခါ၍သာ ပြန်ပြောလိုက်သည်။ “ဘာမှမဟုတ်တော့ဘူး…”

ဗြဟ္မာ့ကုန်းမြေဖြစ်စေ မရဏဂိုဏ်းဖြစ်စေ မည်သည့်ဂိုဏ်းကိုမှ ရန်ကိုင်မကြောက်ပေ။ ထိုဂိုဏ်းနှစ်ဂိုဏ်း သူ့ဆီသို့ လာမည်ဆိုလျှင်ပင် ရန်ကိုင်ကတော့ဂရုမစိုက်။ ထိုဂိုဏ်းနှစ်ဂိုဏ်းသည်သာ သူ့အား လာပြဿနာရှာမည်ဆိုပါက သူတို့ရန်မစသင့်သည့်သူ မည်ကဲ့သို့သောလူမျိုးဖြစ်သလဲဆိုသည်ကို ရန်ကိုင်မှ တစ်ဖက်လူများ သိသွားအောင် လုပ်ပေးလိုက်ပေလိမ့်မည်။ သို့သော်ငြား ယခု လန်ဟဲမှာ ကြားဝင်ပတ်သက်လာသည့်အတွက်ကြောင့် လူတိုင်းကို သတိပေးလိုက်သလို ဖြစ်သွားခဲ့သည်။ လူအချို့မှာ သူတို့နှစ်ဦး အတူရှိနေသည်ကိုမြင်သွားပြီး သူ့ရန်သူများကို သွားရောက်သတိပေးပေတော့မည်။

ရန်ကိုင်မှာ ထွက်သွားချင်လျှင် ဤအတိုင်းထွက်သွား၍ရပေသည်။ သို့သော်ငြား လန်ဟဲ၏လုပ်ရပ်သည် ကောင်းကင်ဝံပုလွေတောင်ကြားအား ပြဿနာထဲသို့ ဆွဲထည့်လိုက်သလို ဖြစ်သွားလေပြီ။ ရန်ကိုင်၏ရန်သူများသည်သာ ရန်ကိုင်ကိုရှာမတွေ့လျှင် ရန်ကိုင်အကြောင်းကို မေးမြန်းရန်အတွက် ကောင်းကင်ဝံပုလွေတောင်ကြားဆီသို့ သွားကြလိမ့်မည်ဖြစ်ကာ လန်ဟဲမှာလည်း ပြဿနာတက်ရပေလိမ့်မည်။

လန်ဟဲမှာ သူ့အား စေတနာဖြင့် လာရောက်ကူညီပေးခြင်း ဖြစ်သည့်အတွက်ကြောင့် သူ့အတွက်နှင့် လန်ဟဲဒုက္ခရောက်မည်ကို ရန်ကိုင် မလိုလားပေ။ သူမ ယခုကဲ့သို့လုပ်လိုက်သည်မှာ မှားသွားသည်ဟုလည်း လန်ဟဲအား သွားမပြောရက်ခဲ့။ ထိုအကြောင်းကြောင့် ယခုကိစ္စထဲ ကောင်းကင်ဝံပုလွေတောင်ကြား ပါဝင်မပတ်သက်စေရန်အလို့ငှာ ရန်ကိုင်ဘာသာရန်ကိုင် အကြံအစည်တစ်ခုကို စဉ်းစားရတော့လေသည်။

ရန်ကိုင် အတွေးထဲနစ်မျောနေစဉ် လန်ဟဲက ရုတ်တရက် ကောက်မေးလိုက်လေသည်။ “အစ်ကိုရန် စိတ်ဝိဉာဉ်သားရဲကျွန်းအကြောင်းကို တောက်လျှောက်လိုက်မေးနေတာ အဲ့ကိုသွားချင်လို့လား…”

ရန်ကိုင်၏အကြည့် တောက်ပသွားခဲ့ပြီး ပြန်၍မေးလိုက်လေ၏။ “ညီမလန် အဲ့ကိုဘယ်လိုသွားရမလဲ သိလို့လား…”

လန်ဟဲက ပြုံး၍ “စိတ်ဝိဉာဉ်သားရဲကျွန်းရှိတဲ့နေရာက ထိပ်တန်းလျှို့ဝှက်ချက်ပဲ… ဒီတော့ အဲ့နေရာဘယ်မှာရှိလဲ ကျွန်မလည်း မသိဘူး… ဒါပေမယ့် ကျွန်မတို့ရဲ့တောင်ကြားသခင်ကတော့ သိလောက်တယ်…”

“ကောင်းကင်ဝံပုလွေတောင်ကြားနဲ့ စိတ်ဝိဉာဉ်သားရဲကျွန်းက ပတ်သက်တာလား….”

လန်ဟဲက ရှင်းပြလိုက်လေသည်။ “ကျွန်မတို့ရဲ့အမွေအနှစ်က ကောင်းကင်လဝံပုလွေနဲ့ ဆက်စပ်နေတယ်လေ… ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်မတို့ရဲ့ ဘိုးဘေးတည်ထောင်သူတွေထဲက တစ်ယောက်က ကောင်းကင်လဝံပုလွေရဲ့ မျိုးဆက်တစ်ကောင်ကို တွေ့ပြီးတော့ ဂိုဏ်းဆီပြန်ခေါ်လာပြီး ပျိုးထောင်တာပေါ့… ဒါပေမယ့် အဲ့ကောင်းကင်လဝံပုလွေရဲ့ သွေးမျိုးဆက်က ဒီလောက်မသန့်စင်တော့ တကယ့်ကောင်းကင်လဝံပုလွေတွေလောက် အားမကောင်းဘူး… ဘယ်လိုလဲတော့မသိဘူး… စိတ်ဝိဉာဉ်သားရဲကျွန်းကလူတွေက အဲ့အကြောင်းကိုသိသွားပြီးတော့ သားရဲရှာသူတစ်ယောက်ကို စေလွှတ်ပြီး ကောင်းကင်လဝံပုလွေရဲ့မျိုးဆက်ကို ကျွန်မတို့ဆီကနေ လာတောင်းတယ်… အပြန်အလှန်အနေနဲ့ ကျွန်မတို့ကို ယုံကြည်ခြင်းတံဆိပ်ပြားတစ်ခု ပြန်ပေးသွားတယ်… ကျွန်မတို့ဂိုဏ်း တစ်နေ့နေ့ အန္တရာယ်နဲ့ကြုံခဲ့လို့ ကျွန်မတို့ကိုယ်တိုင်လည်း မဖြေရှင်းနိုင်ဘူးဆိုရင် အဲ့တံဆိပ်ပြားကိုယူပြီးတော့ အရှေ့ဘက်နယ်မြေမှာရှိတဲ့ စိတ်ဝိဉာဉ်သားရဲကျွန်းဆီမှာ လာပြီးတော့ အကူအညီတောင်းလို့ရတယ်တဲ့…”

“ယုံကြည်ခြင်းတံဆိပ်ပြား…” ထိုစကားကိုကြားသော် ရန်ကိုင် ဝမ်းသာသွားတော့လေသည်။ အချိန်အတန်ကြာအောင် ရှာနေပြီးသည့်နောက်တွင် စိတ်ဝိဉာဉ်သားရဲကျွန်းဆီသို့ မည်ကဲ့သို့ သွားရမလဲဆိုသည့် နည်းလမ်းကို ရှာတွေ့သွားခဲ့လေပြီ။

လန်ဟဲပြောသွားသော သားရဲရှာသူဆိုသည်မှာ အာကာယံကောင်းကင်ဂိုဏ်း၌ ရန်ကိုင်ကြုံခဲ့ရသော လူအိုကြီးတောက်ကဲ့သို့သောလူမျိုး ဖြစ်နိုင်ပေသည်။ သူတို့၏တာဝန်မှာ ဤလောကကြီးထဲတွင်ရှိနေသော အဖိုးတန်သားရဲများကို ရှာဖွေပြီး စိတ်ဝိဉာဉ်သားရဲကျွန်းဆီသို့ ပြန်ခေါ်သွားပေးရန် ဖြစ်လေသည်။

ကောင်းကင်ဝံပုလွေတောင်ကြား တွေ့ရှိခဲ့သော ကောင်းကင်လဝံပုလွေမျိုးဆက်၏ သွေးမှာ မသန့်စင်လှပါသော်ငြား ထိုသားရဲမျိုးသည် စိတ်ဝိဉာဉ်သားရဲကျွန်း၏ အာရုံစိုက်ခံရလောက်သည့် သားရဲမျိုး ဖြစ်နေဆဲပင်။ ထို့အပြင် ကောင်းကင်ဝံပုလွေတောင်ကြားမှလူများသည် ထိုကဲ့သို့သောသားရဲမျိုးကို သေသေချာချာ ပျိုးထောင်နိုင်လိမ့်မည်မဟုတ်။ စိတ်ဝိဉာဉ်သားရဲကျွန်းမှလူများသာလျှင် ပို၍ ထိထိရောက်ရောက် ပျိုးထောင်ပေးနိုင်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်လင့်ကစား စိတ်ဝိဉာဉ်သားရဲကျွန်းမှလူများမှာ ထိုမွန်းစတားသားရဲကို အလကားယူမသွားခဲ့။ သားရဲရှာသူသည် လျော်ကြေးအနေဖြင့် ယုံကြည်ခြင်းတံဆိပ်ပြားတစ်ခုကို ပြန်ပေးခဲ့သည်။ ကောင်းကင်ဝံပုလွေတောင်ကြားအတွက်မူ ထိုယုံကြည်ခြင်းတံဆိပ်ပြားသည် သေရေးရှင်ရေးအန္တရာယ်မှ သူတို့အား ကာကွယ်ပေးနိုင်မည့် ဝှက်ဖဲတစ်ရပ်ဖြစ်ပေသည်။ ထိုတံဆိပ်ပြားသည်သာ သူတို့၏လက်ထဲတွင် ရှိနေမည်ဆိုပါက အရှေ့ဘက်နယ်မြေထဲရှိ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းသည်ပင်လျှင် သူတို့ဂိုဏ်းကို လာပြဿနာရှာရဲကြလိမ့်မည်မဟုတ်ပေ။ အကြောင်းမှာ စိတ်ဝိဉာဉ်သားရဲကျွန်းသည်သာ ဝင်ပါလာပါက ဗြဟ္မာ့ကုန်းမြေဖြစ် မရဏဂိုဏ်းဖြစ်‌စေ ပြဿနာတက်သွားနိုင်သည့်အတွက်ကြောင့်ပင်။

လန်ဟဲက ပြုံး၍ “အခု အစ်ကိုရန်ကို ဘာဖြစ်လို့ ကောင်းကင်ဝံပုလွေတောင်ကြားဆီ သွားဖို့ ပြောနေလဲဆိုတာကို နားလည်သွားပြီလား… အစ်ကိုရန်က ကျွန်မတို့ဂိုဏ်းကို ပြဿနာတွင်းထဲ ဆွဲခေါ်မိမှာကို စိုးရိမ်နေတာမလား… ဒါပေမယ့် အရှေ့ဘက်နယ်မြေမှာရှိတဲ့လူတိုင်းက ကျွန်မတို့ဂိုဏ်းနဲ့ စိတ်ဝိဉာဉ်သားရဲကျွန်း ပတ်သက်နေတယ်ဆိုတာကို သိပြီးသား… ဒီတော့ အစ်ကိုရန် ကောင်းကင်ဝံပုလွေတောင်ကြားဆီ သွားတယ်ဆိုတာကို သိမယ်ဆိုရင်တောင် ဘာမှလုပ်နိုင်မှာမဟုတ်ဘူး….”

ရန်ကိုင်က ခေါင်းညိတ်၍ “ကြည့်ရတာ ငါ စိတ်ပူလွန်သွားတဲ့ပုံပဲ… အဲ့လိုဆိုမှတော့ ညီမလန်ကိုပဲ ကြိုပြီးတော့ ကျေးဇူးတင်ထားရတော့မှာပေါ့…”

လန်ဟဲက ရန်ကိုင်ကိုကြည့်၍ “အစ်ကိုရန် ကျွန်မကို မိတ်ဆွေတစ်ယောက်လို့ မမြင်တာလား… အစ်ကိုရန်ကြောင့်သာ မဟုတ်လို့ရှိရင် ကျွန်မ အခုဆို ကြယ်ပျက်ပင်လယ်ထဲမှာ အရိုးဆွေးနေလောက်ပြီ… အခုလိုမျိုး ဧကရာဇ်အဆင့်ပညာရှင်တစ်ယောက်လည်း ဖြစ်လာနိုင်မှာမဟုတ်ဘူး… ကျွန်မကို ကူညီပေးတဲ့လူတစ်ယောက်ကို ကျွန်မ အမြဲမှတ်ထားတယ်… ကျွန်မအသက်ကိုကယ်ပေးတဲ့လူဆိုရင်တော့ ပြောနေစရာတောင်မလိုတော့ဘူး…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် “ညီမလန်… ဒီနေ့ကိစ္စကို တကယ်မှတ်ထားပါမယ်…”

ရှင်းရှင်းပြောရသော် ထိုစဉ်က လန်ဟဲ ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ကျသွားရခြင်းမှာ ရန်ကိုင်၏အပြစ်လည်းမကင်းပေ။ ထိုအကြောင်းကြောင့် ရန်ကိုင်ဘက်မှလည်း ပြန်၍ကူညီပေးလိုက်ခြင်း ဖြစ်ပေသည်။ သူ့အဖို့ လန်ဟဲအား ဟင်းလင်းပြင်အက်ကြောင်းထဲမှ ထုတ်ပေးဖို့ရာ ခက်မှမခက်လှလေပဲ။ သို့သော်ငြား နှစ်ပေါင်းများစွာကြာသွားသည့်တိုင် လန်ဟဲမှာတော့ ရန်ကိုင် သူမအပေါ် ရှိခဲ့ဖူးသည့် ကျေးဇူးကြောင့် သူမဂိုဏ်း ဒုက္ခရောက်ရမည်ကိုပင်လျှင် ဂရုစိုက်မနေခဲ့ပဲ ရန်ကိုင်အား လာရောက်ကူညီပေးခဲ့သည်။

သို့ပင်ဖြစ်လင့်ကစား လန်ဟဲအတွက်မူ ရန်ကိုင်မှာ သူမ၏အသက်ကို ကယ်တင်ပေးခဲ့သည့် ကျေးဇူးရှင်တစ်ဦးဖြစ်ပေသည်။ ထို့အတွက်ကြောင့် နှစ်ဦးစလုံးမှာ တစ်ယောက်အပေါ်တစ်ယောက် အကြွေးတင်ထားကြသည်ဟု ပြော၍ရပေသည်။

ရန်ကိုင်လည်း ထပ်မံ၍ နှောင့်နှေးမနေတော့ဘဲ စားပွဲခုံပေါ် အရင်းအမြစ်ကျောက်အချို့ ထားခဲ့၍ လန်ဟဲနှင့်အတူ ထွက်လာခဲ့လိုက်လေသည်။

ရန်ကိုင်တို့ထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်တို့အနီးရှိ စားပွဲခုံ၌ ထိုင်နေသော အမျိုးသမီးသည် ဆက်သွယ်ရေးမှော်ရတနာတစ်ခုကို မသိမသာထုတ်၍ ထိုထဲသို့ ကောင်းကင်စိတ်အာရုံကို ထည့်သွင်းလိုက်လေသည်။

ရန်ကိုင်နှင့် လန်ဟဲတို့မှာမူ မြို့ထွက်ပေါက်ဆီသို့ အတူတကွ လျှောက်လာနေကြလေသည်။

လန်ဟဲက ရုတ်တရက် မျက်မှောင်ကျုံ့လျက် “အစ်ကိုရန်… အစ်ကိုရန် ဒီမှာရှိနေတယ်ဆိုတာ သတင်းပြန့်သွားပြီ… အခု လူအချို့ ကျွန်မတို့နောက်ကို လိုက်လာနေတယ်…”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “သူတို့ လိုက်နိုင်တယ်ဆိုရင်လည်း လိုက်ပါစေပေါ့…”

မြို့ပြင်သို့ ထွက်လာပြီးသည့်နောက် ရန်ကိုင်သည် လန်ဟဲအား တောင်းပန်လိုက်ပြီးသည့်နောက် သူမ၏လက်ကို ရုတ်တရက် ကောက်ကိုင်လိုက်သည်။ လက်ရှိအထိအတွေ့ကို ခံစားမိလိုက်သော် လန်ဟဲခန္ဓာကိုယ်မသိမသာလေး တုန်တက်သွားခဲ့ပြီး သူမ၏မျက်နှာလေးမှာလည်း နီမြန်းသွားခဲ့သည်။

ထို့နောက်တွင် သူမ၏မြင်ကွင်းတစ်ခုလုံး ဝေဝါးသွားခဲ့ပြီး သူမခေါင်းတစ်ခုလုံး ချာချာလည်ထွက်သွားခဲ့သည်။ သူမ၏မြင်ကွင်း ပြန်ကြည်လင်လာချိန်တွင်တော့ လုံးဝကွဲပြားသည့် နေရာတစ်ခုသို့ ရောက်နေကြောင်း တွေ့လိုက်ရလေသည်။ သို့သော်ငြား ရန်ကိုင်မှာ ထိုမျှနှင့်မပြီးသေး တစ်ကြိမ်ပြီးတစ်ကြိမ် တည်နေရာခုန်ကူးနေပြီးသည့်နောက်မှသာလျှင် လန်ဟဲ၏လက်ကို လွှတ်ပေး၍ ပြုံးကာ ပြောလိုက်သည်။ “ညီမလန် အခု ဆက်သွားလို့ရပြီ…”

လန်ဟဲမှာ ငေးကြောင်ကြောင်အမူအယာဖြင့် နောက်သို့လှည့်ကြည့်လိုက်သော် အစောပိုင်းက သူမတို့ထွက်လာခဲ့သောမြို့အား မည်သည့်နေရာတွင်မှ မတွေ့ရတော့ကြောင်း တွေ့လိုက်ရလေသည်။ ထို့နောက် ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျင့်ကြံထားကြောင်း ပြန်စဉ်းစားမိသွားခဲ့ပြီး သူမ၏စိတ်ထဲ ကြောက်လန့်တုန်လှုပ်ဖွယ်ရာအကြောင်းတစ်ခုကို စဉ်းစားမိသွားတော့လေသည်။ (ဒါ တည်နေရာခုန်ကူးတဲ့စွမ်းရည်ပဲ…)

လီဝူရီကြောင့် အရှေ့ဘက်နယ်မြေတွင်ရှိနေသည့်လူတိုင်းမှာ လေဟာနယ်တာအိုကိုကျွမ်းကျင်ထားသည့် ပညာရှင်များနှင့် ပတ်သက်လာသော် တစ်ခုစနှစ်ခုစ သိထားကြလေသည်။ လီဝူရီသည် ဟင်းလင်းပြင်အတားအဆီးများကို လျစ်လျူရှု၌ တစ်နေရာမှတစ်နေရာသို့ မျက်တောင်တစ်ခတ်အတွင်း တည်နေရာခုန်ကူးနိုင်ကြောင်းကို သိကြသည်။ သို့ပင်ဖြစ်လင့်ကစား လူအများစုမှာ ထိုအကြောင်းကို ကြားသာကြားဖူးကြပြီး ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးခြင်းမရှိကြပေ။

သို့သော်ငြား လက်ရှိအချိန်တွင်တော့ တည်နေရာခုန်ကူးရသည်မှာ မည်ကဲ့သို့ဖြစ်သလဲဆိုသည်ကို လန်ဟဲမှာ ကိုယ်တိုင်ကိုယ်ကျ ခံစားလိုက်ရလေသည်။ အစောပိုင်းက ဟင်းလင်းပြင်ကိုဖြတ်ကျော်လာစဉ် လန်ဟဲမှာ လုံးဝကို ငေးကြောင်ကြောင်ဖြင့် ရှိနေခဲ့လေသည်။ ဟင်းလင်းပြင်အား ဖြတ်ကူးရသည့် အတွေ့အကြုံမှာ အံ့ဩဖွယ်ကောင်းလှပါသော်ငြား တစ်ချိန်တည်းတွင်လည်း ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ထိုကဲ့သို့သောစွမ်းရည်မျိုးနှင့်ဆိုပါက ဤလောကကြီးထဲရှိမည်သူမျှ ရန်ကိုင်အား ဖမ်းဆီးနိုင်တော့လိမ့်မည်မဟုတ်ပေ။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှာ အရှေ့ဘက်နယ်မြေထဲမှ ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်း သူ့အား လိုက်ရှာနေမှန်းသိသည့်တိုင် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေနိုင်ခြင်း ဖြစ်ပေသည်။

လန်ဟဲက အထိတ်ထိတ်အလန့်လန့်အမူအယာဖြင့် မေးလိုက်လေ၏။ “အစ်ကိုရန်က ဧကရာဇ်ဒုတိယအဆင့်တောင် ဖြစ်နေပြီလား…”

အစောပိုင်းက ရန်ကိုင်မှာ သူ့ခွန်အားအား အနည်းငယ်မျှပင် ထုတ်သုံးခဲ့ခြင်း မရှိသည့်အတွက်ကြောင့် ရန်ကိုင်၏ကျင့်ကြံခြင်း မည်သည့်အဆင့်သို့ ရောက်နေသလဲဆိုသည်ကို လန်ဟဲမပြောနိုင်ခဲ့ပေ။ ယခု ရန်ကိုင်၏ဧကရာဇ်ချီအရှိန်အဝါကို ခံစားမိလိုက်သည့်နောက် ရန်ကိုင် မည်သည့်အဆင့်သို့ ရောက်နေသလဲဆိုသည်ကို လန်ဟဲ ချက်ချင်း သတိထားမိသွားခဲ့သည်။

ရန်ကိုင်က ခေါင်းညိတ်၍ “ဟုတ်တယ်… ရောက်တာ မကြာသေးဘူး…”

လန်ဟဲက တစ်ခဏတာမျှ မင်သက်နေပြီးသည့်နောက်မှသာလျှင် ပြန်ပြောနိုင်ခဲ့လေသည်။ “အစ်ကိုရန်က တကယ်ကို ပါရမီရှင်ပဲ…”

သူတို့နှစ်ဦး ကြယ်ပျက်ပင်လယ်ထဲတွင်တွေ့စဉ်က ရန်ကိုင်နှင့် လန်ဟဲတို့နှစ်ဦးစလုံး တာအိုသခင်တတိယအဆင့်ပညာရှင်များသာ ဖြစ်ကြပေသည်။ သို့သော်ငြား ယခု တစ်ဦးနှင့်တစ်ဦး ပြန်တွေ့လိုက်ရချိန်တွင်တော့ ရန်ကိုင်မှာ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေပြီး သူမမှာမူ ဧကရာဇ်ပထမအဆင့်တွင်သာ ရှိနေခဲ့လေသည်။

သူမအနေဖြင့် ဧကရာဇ်ပထမအဆင့်သို့ ယခုကဲ့သို့ လျင်လျင်မြန်မြန် ရောက်နိုင်ရခြင်းမှာလည်း ကြယ်ပျက်ပင်လယ်ထဲတွင် ရရှိခဲ့သည့် အကျိုးကျေးဇူးများကြောင့်သာ ဖြစ်ပေသည်။ ထိုအကြောင်းကြောင့် ဧကရာဇ်ဒုတိယအဆင့်သို့ အချိန်တိုအတွင်း ချိုးဖြတ်နိုင်လိမ့်မည်ဟု လန်ဟဲမထင်ပေ။

ဧကရာဇ်အဆင့်သို့ရောက်ပြီးသည့်နောက်တွင် အဆင့်သေးတစ်ဆင့်ချင်းစီတိုင်းသည် ကျော်ဖြတ်ရ အလွန်ကိုမှ ခက်ခဲလာတော့လေသည်။ မြောက်မြားလှစွာသော တက်သစ်စကြယ်ပွင့်များမှာ အဆင့်တစ်ဆင့်သို့ ရောက်ပြီးသည့်နောက်တွင် နောက်တစ်ဆင့်သို့ ထပ်မတက်နိုင်တော့ပဲ ထိုအဆင့်တွင်သာ နှစ်ပေါင်းများစွာကြာအောင် တစ်ဆို့သွားခဲ့သည်။ ထိုအကြောင်းကြောင့်သာလျှင် ဤလောကကြီးထဲ၌ ထိပ်တန်းအင်အားစုများ အတော်လေးကိုမှ ရှားပါးနေရခြင်းပင်။

ထိပ်တန်းအင်အားစုဖြစ်ဖို့ရာ ဂိုဏ်းတစ်ဂိုဏ်းတွင် အနည်းဆုံး ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး ရှိနေရန် လိုအပ်ပေသည်။ သို့ပင်ဖြစ်လင့်ကစား ကောင်းကင်ဝံပုလွေတောင်ကြား၌ ရှိနေသော အားအကောင်းဆုံးလူမှာ ဧကရာဇ်ဒုတိယအဆင့်တွင်သာ ရှိပေသေးသည်။

သူမစိတ်ကို အတတ်နိုင်ဆုံးတည်ငြိမ်အောင် ပြန်လည်ချုပ်တည်းရင်းမှ လန်ဟဲသည် ဦးတည်ရာလမ်းကြောင်းကိုရှာ၍ ထိုအရပ်ဆီသို့ ရန်ကိုင်နှင့်အတူ ထွက်လာခဲ့လေသည်။

ပင်လယ်ဘက်တွင်ရှိနေသော မြို့ထဲ၌ ထိုမြို့၏ ဟင်းလင်းပြင်အစီအရင်ရှိနေသည့် ခန်းမတစ်ခုလုံး လူပေါင်းများစွာဖြင့် ယောက်ယက်ခတ်နေခဲ့လေသည်။

အားကောင်းလှသည့်ပညာရှင်ပေါင်းများစွာသည် ထိုနေရာဆီသို့ ရုတ်တရက်ကြီး ရောက်ရှိလာကြသည့်အတွက်ကြောင့် အစီအရင်ကို စောင့်ကြပ်နေကြသည့် ကျင့်ကြံသူများမှာ လုံးဝကို မင်သက်သွားကုန်ကြလေသည်။ ထိုမျှများပြားလှသော ပညာရှင်ပေါင်းများစွာ စုဝေးနေရလေအောင် ယနေ့၌ မြို့ထဲ၌ အခမ်းအနားတစ်ခုခုများ ရှိနေသလားဟုပင် ထင်မိသွားလေသည်။

မကြာမီ ခန်းမထဲ ဧကရာဇ်အဆင့်ပညာရှင် အယောက်သုံးဆယ်နီးပါး ရောက်ရှိလာခဲ့လေသည်။ ထိုလူများမှာ မတူကွဲပြားသည့် ဂိုဏ်းများဆီမှ ရောက်ရှိလာကြခြင်းဖြစ်လေသည်။ အဖွဲ့တစ်ဖွဲ့ဆိုလျှင် ယခုလေးတင် ငရဲအိုးထဲမှ တက်လာသည့်အလား ခြောက်ခြားဖွယ်ရာကောင်းသည့် ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။ အခြားတစ်ဖွဲ့မှာတော့ သာမန်လူများနှင့် ထူးမခြားနားသည့်ပုံစံမျိုး ပေါက်နေကြပါသော်ငြား ထိုလူများဆီမှ အားကောင်းလှသည့် သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်နေခဲ့လေသည်။

“အဲ့လူတွေက မရဏဂိုဏ်းနဲ့ ဗြဟ္မာ့ကုန်းမြေက လူတွေပဲ…”

“သူတို့အကုန်လုံး ဘာလို့ ဒီကိုရောက်နေရတာလဲ… ဒီနားမှာ ရတနာတစ်ခုခုများ မွေးဖွားလာတော့မှာမလို့လား…”

ထို့ကြောင့်သာမဟုတ်ပါက အရှေ့ဘက်နယ်မြေ၏ ထိပ်တန်းပညာရှင်ပေါင်းများစွာ ဤနေရာ၌ ဘာကြောင့်များ စုဝေးနေရလေသနည်း။

“ရတနာရှာဖို့ရောက်လာတယ်လို့တော့ မထင်ဘူး… လူသတ်ဖို့ရောက်လာတယ်လို့ပဲ ပိုထင်တယ်…”

“ဟမ်… လူသတ်ဖို့… ဘယ်သူ့ကိုသတ်မှာမို့လို့ ဧကရာဇ်အဆင့်ပညာရှင်တွေ ဒီလောက်အများကြီးလိုရတာလဲ… ဘယ်သူကရော သူတို့တွေကို သွားပြီးတော့ ရန်စရဲမှာလဲ…”

“ငါဘယ်လိုလုပ်ပြီးသိမှာလဲ… မင်း မြို့သခင်ကို အကြောင်းကြားသွားပြီလား…”

“အကြောင်းကြားပြီးသွားပြီ… သူအခုလာနေတယ်…”

ဤမြို့၏မြို့သခင်မှာ ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပေသည်။ ထိုအကြောင်းကြောင့် သူ့မြို့ထဲ၌ ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းမှ ပညာရှင်ပေါင်းများစွာ ရုတ်တရက်ကြီးပေါ်လာသည့်ကိစ္စကို မြို့သခင်အနေဖြင့် ကျိန်းသေ လာရောက်ကြည့်ရှုရပေလိမ့်မည်။

ထိုသတင်းမှာ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ရာ မကြာမီ ဇောချွေးပြန်နေသည့် ပုပုဝဝလူအိုကြီးတစ်ဦး ခန်းမထဲသို့ ရောက်လာခဲ့လေသည်။ သူ့ရှေ့ရှိလူအုပ်ကြီးကို ဝေ့ကြည့်ပြီးသည့်နောက် ထိုလူအိုကြီး၏ခြေထောက်များ ပျော့ခွေလာခဲ့ပြီး နေရာတွင်ပင် တန်းသတိလစ်လုမတတ် ဖြစ်သွားခဲ့ရသည်။

သတင်းကြားရစဉ်ကတော့ လူအိုကြီးမှာ သိပ်၍မယုံခဲ့။ တကယ်တော့ ဤမြို့ထဲတွင် မရဏဂိုဏ်းနှင့်ရော ဗြဟ္မာ့ကုန်းမြေမှဧကရာဇ်အဆင့်ပညာရှင်များကိုရော စိတ်ဝင်စားလာအောင် လုပ်နိုင်သည့် မည်သည့်အဖိုးတန်ရတနာမှ မရှိလေပဲ။ ယခုမူ သူ့ရှေ့၌ စုဝေးနေကြသော ဧကရာဇ်အဆင့်ပညာရှင်များနှင့်တကွ ထိုလူများဆီမှ ဖြာထွက်နေသည့် အရှိန်အဝါများကို မြင်ပြီးသည့်နောက် သတင်းများမှာ အမှန်ဖြစ်နေကြောင်း လူဝကြီး နားလည်သွားတော့သည်။

ထိုလူများထဲမှ အချို့မှာ မည်သူဖြစ်သလဲဆိုသည်ကို လူဝကြီး ခန့်မှန်းမိပေသည်။ ထိုလူများအနက် တစ်ဦးသည် မရဏဂိုဏ်း၏ဂိုဏ်းချုပ် ဖုပိုဖြစ်ပြီး ကျန်တစ်ဦးမှာတော့ ဗြဟ္မာ့ကုန်းမြေ၏ တော်ဝင်သခင် ရှုချန်းဖန်ဖြစ်ပေ၏။

နှစ်ဦးစလုံးမှာ အရှေ့ဘက်နယ်မြေ၏ နာမည်ကျော်ပုဂ္ဂိုလ်များဖြစ်ကြရာ သူတို့နှစ်ဦး ဤနေရာတွင် တစ်ပြိုင်တည်း ပေါ်လာကြသည်မှာ အံ့အားသင့်ဖွယ်ရာ ကောင်းပေသည်။

ပုပုဝဝမြို့သခင်၏ နဖူးထက် ချွေးစေးများ ပိုပို၍ ထွက်လာတော့သည်။ ယခုကိစ္စကိုသာ ကောင်းကောင်းမကိုင်တွယ်ပါက သူ၏မြို့သခင်ရာထူး ဤနေရာတွင်ပင် အဆုံးသတ်သွားနိုင်ကြောင်း သိထားပေသည်။ ထို့အတွက်ကြောင့် မလေးမစားမလုပ်ရဲလေရာ ချက်ချင်းပဲ သွားရောက်နှုတ်ဆက်လေ၏။

သို့သော်ငြား ဖုပိုနှင့် ရှုချန်းဖန်တို့မှာတော့ လူဝကြီးအား အနည်းငယ်မျှပင် စိတ်မဝင်စားခဲ့ဘဲ အမျိုးသမီးတစ်ဦးနှင့်သာ စကားပြောနေခဲ့လေသည်။

တစ်ခဏအကြာ၌ ဖုပိုက ထအော်လေ၏။ “အမှိုက်မ…”

အမျိုးသမီးသည် ချက်ချင်းဒူးထောက်လိုက်ပြီး ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြန်၍ပြောလိုက်၏။ “ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ…”

All Chapters