← Chapters

အခန်း (၃၉၇-၃၉၈)

Vol. 40 Ch. 397-398

အခန်း (၃၉၇-၃၉၈)

Vol. 40 Ch. 397-398

အခန်း (၃၉၇) - မိုးကြိုးဘိုးဘေးအဆောင်၊ ကမ္ဘာခြားနတ်ဆိုးဘုရင်(၁)

မိုးကြိုး ဧကရာဇ် ရာဇလှံတံ၏ တောက်ပသော ငွေရောင်အလင်းတန်းက အစွမ်းထက် အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေပြီး ခန်းမအတွင်းရှိ အခြား လွင့်မျောနေသော ရတနာများအားလုံးကို ၎င်းနှင့် နှိုင်းယှဉ်ပါက မှေးမှိန်သွားစေသည်။

“ဒီဝိညာဉ်ရတနာက ဖန်ထျန်းမီးဖိုထက် နည်းနည်းမှ မနိမ့်ကျဘူး” ဝူယွမ်က ခံစားချက်အပြည့်ဖြင့် ရေရွတ်လိုက်သည်။

သူသည် အဆင့်အမျိုးမျိုးရှိ သန့်စင်ယွမ်ရတနာ အများအပြားကို ပိုင်ဆိုင်ထားသဖြင့် ဤဝိညာဉ်ရတနာများ၏ စွမ်းအင်အဆင့်ကို ရှင်းလင်းစွာ အကဲဖြတ်နိုင်သည်။

ဖန်ထျန်းမီးဖိုနှင့် မိုးကြိုး ဧကရာဇ် ရာဇလှံတံ နှစ်ခုစလုံးမှာ ထိပ်တန်းအဆင့် သန့်စင်ယွမ်ရတနာများထဲတွင် ပါဝင်ကြသည်။

“ညီလေးနှစ်၊ မင်းတို့ နှစ်ယောက် ဒီရတနာတွေကို သိမ်းလိုက်ကြ”

ဝူယွမ်က ပင်မခန်းမအတွင်းရှိ ရတနာများကို ညွှန်ပြကာ သူကိုယ်တိုင်မှာမူ မိုးကြိုး ဧကရာဇ် ရာဇလှံတံဆီသို့ လျှောက်သွားခဲ့သည်။

သူ၏ လက်ဖဝါးက ဆန့်ထွက်သွားပြီး ငွေရောင် ရာဇလှံတံကို ဆုပ်ကိုင်လိုက်သည်နှင့် နားကွဲမတတ် မိုးခြိမ်းသံတစ်ခုက ခန်းမတစ်ခုလုံးတွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။ လျှပ်စီးတန်း တစ်သောင်းခန့်က ငွေရောင် ရာဇလှံတံမှ ပေါက်ကွဲထွက်လာပြီး အလွန်တရာ ကြမ်းတမ်းသော မိုးကြိုးစွမ်းအားတစ်ခု ၎င်းထံမှ ပြန့်ကျဲထွက်ပေါ်လာသည်။

ဝုန်း!

ကြမ်းတမ်းသော လျှပ်စီးများက ဝူယွမ်၏လက်ကို ရိုက်ခတ်သွားသည်။

သို့သော်လည်း ဝူယွမ်က ရာဇလှံတံကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး မိုးကြိုးစွမ်းအားများ ရှိနေသော်လည်း မလှုပ်မယှက်ရပ်တည်နေသည်။

ကောင်းကင်ပြာနဂါး အလင်းပုံစံများက သူ၏လက်မောင်းပေါ်တွင် တဖျပ်ဖျပ်လက်သွားပြီး မျက်စိတစ်မှိတ်အတွင်း သူ၏ လက်မောင်းတစ်ခုလုံး အစိမ်းရောင်အဖြစ် ပြောင်းလဲသွားလေသည်။

၎င်းကို ရိုက်ခတ်လာသော လျှပ်စီးများမှာ မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိပေ။

ငွေရောင် ရာဇလှံတံသည် ကြီးမားစွာ တုန်ခါသွားပြီး အိပ်မောကျနေရာမှ နိုးထလာကာ ၎င်း၏ကံကြမ္မာကို ဆုပ်ကိုင်ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။

မိုးခြိမ်းသံများ မြည်ဟည်းသွားပြီး ငွေရောင်ရာဇလှံတံက ကျောက်ဆင်းတုတော်၏ လက်ထဲမှ ရုတ်တရက် ရုန်းထွက်လာကာ ဒေါသထွက်နေသော မိုးကြိုးနဂါးတစ်ကောင်ပမာ ဧရာမလျှပ်စီးတန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

သို့သော်လည်း ၎င်းသည် ၎င်း၏ လက်ကိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော ဝူယွမ်၏ လက်ထဲမှ မလွတ်မြောက်နိုင်သေးပေ။

“တကယ့်ကို ရိုင်းစိုင်းတဲ့ ဝိညာဉ်ရတနာပဲ၊ ဒီလိုဒေါသမျိုးက ရှားတယ်” ဝူယွမ်က ပြုံးလိုက်သည်။ သူသည် ရာဇလှံတံ ရိုင်းစိုင်းနေမည်ကို မကြောက်ပေ၊ ၎င်း လုံလောက်အောင် မစွမ်းထက်မည်ကိုသာ သူ ကြောက်လေသည်။

မိုးကြိုး ဧကရာဇ် ရာဇလှံတံသည် ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း ထင်ရှားလှသည်။

ဤစွမ်းအားမှာ ကြီးမားလွန်းသဖြင့် သာမန် ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များပင်လျှင် ၎င်းကို မခံနိုင်ကြပေ။

မှတ်ထားရမည်မှာ ၎င်းသည် ၎င်းဘာသာ ထုတ်လွှတ်နေသော စွမ်းအားမျှသာ။

အကယ်၍ တစ်စုံတစ်ယောက်က ၎င်းကို ထိန်းချုပ်မည်ဆိုပါက ၎င်း၏ စွမ်းအားမှာ အဆမတန် တိုးပွားလာမည်ဖြစ်သည်။

ဤထိပ်တန်းအဆင့် သန့်စင်ယွမ်ရတနာများ အားလုံးတွင် ဝိညာဉ်များ ရှိကြသည်။ သူစိမ်းတစ်ယောက်၏ လက်ထဲတွင် သူတို့သည် ပြင်းထန်စွာ ခုခံကြမည်မှာ သေချာသည်။ သူတို့ကို အညံ့ခံစေရန်မှာ ထိုမျှ မလွယ်ကူလှဘဲ အနည်းဆုံးတော့ သူတို့၏စွမ်းအားကို ဖိနှိပ်ရန် လိုအပ်သည်။

“လိမ္မာစမ်းပါ”

ဝူယွမ်က ရာဇလှံတံကို ပြောလိုက်ပြီးနောက် သူ၏ ဝိညာဉ်စွမ်းအင်က မိုးကြိုး ဧကရာဇ် ရာဇလှံတံအတွင်းသို့ တိုက်ရိုက် ပြေးဝင်သွားလေသည်။

ရွှီး၊ ရွှီး၊ ရွှီး။

ကြမ်းတမ်းသော လျှပ်စီးများက ဝူယွမ်၏ ဝိညာဉ်စွမ်းအင်ကို ရူးသွပ်စွာ တိုက်ခိုက်ပြီး ၎င်းကို ဖျက်ဆီးကာ ဝင်ရောက်ခြင်းမှ တားဆီးရန်ကြိုးပမ်းလေသည်။

သို့သော်လည်း ဝူယွမ်၏ ဝိညာဉ်စွမ်းအင် ကိုယ်တိုင်က မိုးကြိုးရူန်းသင်္ကေတ စွမ်းအား၏ ဆယ်ပုံတစ်ပုံ ပါဝင်နေသဖြင့် ၎င်းအား မိုးကြိုးစွမ်းအားအပေါ် အလွန်တရာ အစွမ်းထက်သော ခုခံနိုင်စွမ်းကို ပေးစွမ်းထားသည်။ မိုးကြိုး ဧကရာဇ် ရာဇလှံတံ၏ စွမ်းအားက အစွမ်းထက်သော်လည်း ဝူယွမ်အတွက်မူ ယားကျိကျိ ဖြစ်ရုံသာ ရှိသည်။

သူက ရာဇလှံတံအတွင်းသို့ အတင်း ဝင်ရောက်သွားပြီး သူ၏ ဝိညာဉ်အမှတ်အသားကို ထွင်းထုလိုက်သည်။

“ဆိုးသွမ်းမနေနဲ့တော့”

ဝူယွမ်က မိုးကြိုး ဧကရာဇ် ရာဇလှံတံကို ပြောလိုက်သည်။

၎င်းက သူ၏ ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးရန် ကြိုးပမ်းနေဆဲ ဖြစ်သည်ကို မြင်သောအခါ ဝူယွမ်သည် သူ၏ဒန်တျန်မှ မိုးကြိုးဝိညာဉ် ကောင်းကင်ဓားကို ဆင့်ခေါ်လိုက်သည်။

“ချွင်”

ဓားဖြင့် ခုတ်ချလိုက်ရာ မိုးကြိုး ဧကရာဇ် ရာဇလှံတံက ဖန်တီးထားသော မိုးကြိုးနဂါးကို ထိမှန်သွားလေသည်။

မိုးကြိုးဝိညာဉ် ကောင်းကင်ဓားမှာ ကောင်းကင်မိုးကြိုးမှ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၎င်း၏ မိုးကြိုးစွမ်းအားမှာ မိုးကြိုး ဧကရာဇ် ရာဇလှံတံထက် များစွာ ပိုမိုသန့်စင်လှသည်။

ဝူယွမ်၏စွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ ထိုတိုက်ခိုက်မှုက မိုးကြိုး ဧကရာဇ် ရာဇလှံတံ၏ မိုးကြိုးစွမ်းအားကို ချက်ချင်း ပြန့်ကျဲသွားစေခဲ့သည်။

“ချွင်၊ ချွင်၊ ချွင်”

အကြိမ်ကြိမ် ဆက်တိုက် ခုတ်ပိုင်းပြီးနောက် မိုးကြိုးဧကရာဇ် ရာဇလှံတံမှာ နောက်ဆုံးတွင် လိမ္မာသွားလေပြီ။ မိုးကြိုးနဂါးနှင့်တူသော လျှပ်စီးများက ဤအချိန်တွင် လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ၎င်း၏ အလင်းရောင်များ ဆုတ်ခွာသွားကာ နောက်ဆုံးတွင် ဆယ်ပေခန့် ရှည်လျားသော ငွေရောင် ရာဇလှံတံတစ်ခုအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားလေသည်။

ဝူယွမ်က ၎င်းကို လက်ထဲတွင် ကိုင်ထားပြီး သေချာခံစားကြည့်လိုက်သည်။ အမည်မသိ ပစ္စည်းတစ်ခုဖြင့် သွန်းလုပ်ထားသော ဤမိုးကြိုးဧကရာဇ် ရာဇလှံတံမှာ လုံးဝ မျက်စိကျိန်းမတတ် တောက်ပသော ငွေရောင်ဖြစ်နေသည်။

၎င်းပေါ်တွင် ရေတွက်၍မရနိုင်သော နက်နဲပြီး ရှုပ်ထွေးသည့် မိုးကြိုးပုံစံများ ထွင်းထုထားကာ ၎င်းတို့ တဖျပ်ဖျပ်လက်သွားသောအခါ ဖိအားများ ထုတ်လွှင့်နေသည့် ရေတွက်၍မရနိုင်သော မိုးကြိုးမျက်လုံးများနှင့် တူလှသည်။

ရာဇလှံတံ၏ ထိပ်တွင် မိုးကြိုးနဂါး ရှစ်ကောင်က အပေါ်သို့မော့ကာ ဟိန်းဟောက်နေပြီး သူတို့၏ ဗဟိုတွင် လက်ဖဝါးအရွယ်အစားရှိသော ငွေရောင် လျှပ်စီးတန်းတစ်ခု ရစ်ခွေနေသည်။ လျှပ်စီးတန်းများ ၎င်းထံမှ ထွက်ပေါ်လာပြီးနောက် မိုးကြိုးနဂါးရှစ်ကောင်မှတစ်ဆင့် အောက်သို့ စီးဆင်းသွားကာ ရာဇလှံတံတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။

ဖော်ပြ၍မရနိုင်သော ခမ်းနားကြီးကျယ်မှုတစ်ခု ရာဇလှံတံထံမှ ထွက်ပေါ်နေပြီး ၎င်းကို ထိန်းချုပ်သူ မည်သူမဆို ကောင်းကင်နှင့် မြေကြီး၏ မိုးကြိုးနှင့် လျှပ်စီးများကို အမိန့်ပေးနိုင်သည်ဟု ခံစားရစေသည်။

၎င်းနှင့် နှိုင်းယှဉ်ပါက မိုးကြိုးဝိညာဉ် ကောင်းကင်ဓားပေါ်ရှိ လျှပ်စီးများမှာ များစွာ ပိုမိုထိန်းချုပ်ခံထားရသည်။

“လင်ယွမ်၊ အခုကစပြီး ဒါက မင်းရဲ့ ညီလေး ဖြစ်လာလိမ့်မယ်၊ သူ့ကို လဲ့ယွမ်လို့ ခေါ်ကြတာပေါ့” ဝူယွမ်က မိုးကြိုးဧကရာဇ် ရာဇလှံတံအား ဝိညာဉ်ရတနာ အဆင့်တစ်ခုကို ချက်ချင်း သတ်မှတ်ပေးလိုက်သည်။

လင်းတုန်နှင့် အခြားသူများကလည်း လွင့်မျောနေသော ရတနာများကို စုဆောင်းလိုက်ကြရာ ၎င်းတို့ထဲမှ အဖိုးတန်ဆုံးမှာ အဆင့်နိမ့် သန့်စင်ယွမ်ရတနာ နှစ်ခုနှင့် ထိပ်တန်းအဆင့် ကောင်းကင် သိုင်းပညာ စာအုပ်တစ်အုပ် ဖြစ်သည်။

ဤရတနာများကို စုဆောင်းပြီးနောက် ဝူယွမ်က ငွေရောင်စေတီလေး သုံးခုကို ထုတ်ယူလိုက်သည်။

ငွေရောင်စေတီလေး သုံးခု တစ်ပြိုင်နက်တည်း ပေါ်လာသည်နှင့် သူတို့၏ခန္ဓာကိုယ်များမှ လျှပ်စီးများ ရုတ်တရက် ပြန့်ကျဲထွက်ပေါ်လာသည်။ ထို့နောက် ငွေရောင်စေတီလေးများ ပျံသန်းသွားကြပြီး နောက်ဆုံးတွင် ခန်းမကြီး၏ လေထဲတွင် ဆုံတွေ့ကြသည်။ တဖျပ်ဖျပ်လက်နေသော လျှပ်စီးများကြားတွင် သူတို့သည် တဖြည်းဖြည်း ပေါင်းစည်းသွားကြသည်။

ရွှီး...

ငွေရောင် စေတီလေးများ ပေါင်းစည်းသွားပြီးနောက် လျှပ်စီးတန်းတစ်ခု ပစ်လွှတ်ထွက်ပေါ်လာပြီး မိုးကြိုးဧကရာဇ် ဆင်းတုတော်ကို လင်းထိန်သွားစေသည်။

ဝီ၊ ဝီ!

မိုးကြိုးဧကရာဇ် ဆင်းတုတော်မှာ ငွေရောင် အလင်းတန်းများဖြင့် ချက်ချင်း တောက်ပလာပြီးနောက် ၎င်း၏ ရင်ဘတ်တွင် လေဟာနယ်က ဖြည်းညင်းစွာ လိမ်ကောက်သွားကာ လေဟာနယ် လေဝဲကတော့တစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာသကဲ့သို့ ဖြစ်နေသည်။

“မိုးကြိုးနယ်ပယ်က ကျောက်ဆင်းရုပ်တုတော်ထဲမှာ တကယ်ပုန်းနေတာပဲ၊ တကယ်ကို အံ့ဩစရာပဲ” လင်းတုန်က ခံစားချက်အပြည့်ဖြင့် ရေရွတ်လိုက်သည်။

ကျောက်ဆင်းရုပ်တုတော်၏ ရင်ဘတ်တွင် လေဟာနယ်လေဝဲကတော့က ဖြည်းညင်းစွာ ဖြစ်ပေါ်လာသည်။ သေချာ ကြည့်လိုက်လျှင် လေဟာနယ် လေဝဲကတော့အတွင်း၌ လျှပ်စီးတန်းများ ခုန်ပေါက်နေသည်ကို မြင်တွေ့နိုင်သည်။

ဖော်ပြ၍မရနိုင်လောက်အောင် ရှေးဟောင်းဆန်ပြီး ကျယ်ပြောလှသော အရှိန်အဝါတစ်ခုက ၎င်းအတွင်းမှ ဝေဝါးဝါး ပြန့်ကျဲထွက်ပေါ်နေသည်။ ထိုအရှိန်အဝါအောက်တွင် နတ်ဘုရားစွမ်းအားများ ကျဆင်းလာပြီး မိမိ၏ဝိညာဉ်သည် ကောင်းကင်မိုးကြိုးအတွင်းသို့ ကျရောက်သွားသကဲ့သို့ ခံစားရသည်။

ဤအချိန်တွင် ပေါင်းစည်းသွားသော ငွေရောင်စေတီလေး သုံးခုသည် ထူးခြားသော ငွေရောင် ရူန်းသင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ရူန်းသင်္ကေတမှာ မိုးကြိုးပုံစံများဖြင့် ဖုံးလွှမ်းနေပြီး ၎င်းပေါ်တွင် လျှပ်စီးတန်းများ ခုန်ပေါက်နေကြသည်။

ဝူယွမ်က ငွေရောင်ရူန်းသင်္ကေတကို သူ့လက်ထဲတွင် ဆုပ်ကိုင်လိုက်သည်။

ရွှီးးး။

ဤအချိန်တွင် အနီရောင်အရိပ်တစ်ခု တဖျပ်ဖျပ်လက်သွားပြီး ခန်းမကြီးအတွင်းသို့ ရောက်ရှိလာသည်။ သူက လေဟာနယ်ဝဲကတော့ကို ကြည့်လိုက်ပြီးနောက် ဝူယွမ်နှင့် အခြား နှစ်ဦးကို အကဲခတ်ကြည့်ရှုလိုက်သည်။

“တကယ်ကို အံ့သြဖို့ကောင်းတဲ့ လူငယ်လေးတွေပဲ၊ မိုးကြိုးခန်းမ တစ်ခုလုံးကို လက်ဝါးကြီးအုပ်နိုင်တယ်ဆိုတော့” အနီရောင်ဝတ် အမျိုးသားက ဝူယွမ်ကို စိတ်ဝင်စားမှုနှင့် အံ့အားသင့်မှုအနည်းငယ် ရောယှက်နေသောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“လက်ဝါးကြီးအုပ်တယ်လို့ ပြောလို့ မရဘူးမလား၊ ခင်ဗျား ဝင်လာပြီပဲ” ဝူယွမ်က ပြုံးကာ ပြောလိုက်သည်။

“မဟုတ်ဘူး၊ မင်းတို့နဲ့ ရတနာကို လုဖို့ ငါ ဒီကိုလာတာမဟုတ်ဘူး” အနီရောင်ဝတ် အမျိုးသားက ခေါင်းယမ်းလိုက်ပြီး ပုံမှန်အတိုင်း ပြောလိုက်သည်။

“အခု မင်းတို့ လိုချင်တဲ့ ရတနာတွေကို ရသွားပြီဆိုတော့ လူငယ်လေးတွေ၊ ဒီမှာပဲ ရပ်လိုက်ကြစို့၊ နောက်လာမယ့် အရာတွေက မင်းတို့ လက်လှမ်းမမီနိုင်တဲ့အရာတွေပဲ”

“ဒီအထိ ရောက်လာပြီးမှ ကျွန်တော် နောက်ဆုတ်မယ်လို့ စီနီယာက ထင်နေတာလား” ဝူယွမ်က သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီး တစ်လက်မမျှပင် အလျှော့မပေးပေ။

“ပြီးတော့ ကျွန်တော် လက်လှမ်းမမီနိုင်ဘူးလို့ မထင်ဘူး၊ ကျွန်တော်သာ လက်လှမ်းမမီနိုင်ရင် လူကြီးမင်းက ပိုပြီးတောင် လက်လှမ်းမီမှာ မဟုတ်ဘူး”

“ဟဲဟဲ၊ လူငယ်ဆိုတဲ့အတိုင်းပဲ”

အနီရောင်ဝတ် အမျိုးသားက တဟားဟား ရယ်မောလိုက်ပြီးနောက် သူ၏ လက်ဖဝါးကို ဆန့်ထုတ်ကာ သူ၏ အနီရောင် ဝတ်ရုံကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်သည်။

ဝူယွမ်နှင့် အခြား နှစ်ဦး၏ ရှေ့တွင် မျက်နှာတစ်ခု ပေါ်လာသည်။

ထိုမျက်နှာမှာ အတော်လေး ကြမ်းတမ်းပြီး ထူထဲသော မျက်ခုံးများရှိကာ ကောင်းကင်နှင့် မြေကြီးကို လောင်ကျွမ်းစေနိုင်လောက်သော ကြီးစိုးသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေသည်။ သူ၏ မျက်ခုံးနှစ်ခုကြားတွင် မီးတောက် ဘိုးဘေးအဆောင်က ထူးခြားသော အလင်းတန်းတစ်ခုဖြင့် တဖျပ်ဖျပ်လက်နေသည်။

“မီးတောက် ဘိုးဘေးအဆောင်လောက်နဲ့တော့ ကျွန်တော်တို့ကို နောက်ဆုတ်သွားအောင် လုပ်ဖို့ မလုံလောက်လောက်ဘူး ထင်တယ်” ဝူယွမ်က ပြောလိုက်သည်။

လင်းတုန်ကပြောလိုက်သည်။ “အစ်ကိုကြီး၊ သူက မီးနတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင် မိုလော့ ဖြစ်ရမယ်”

“ဘိုးဘေးအဆောင်က ဘာကို ကိုယ်စားပြုလဲဆိုတာ မင်းတို့ မသိဘူးလား” မိုလော့သည် အတွေ့အကြုံမရှိသေးသူ နှစ်ဦးကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။

“သေချာပေါက် သိတာပေါ့” ဝူယွမ်၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေသည်။

“ညီနှစ်၊ မင်းရဲ့ ဘိုးဘေးအဆောင်ကို သူ့ကို ပြလိုက်”

အခန်း (၃၉၈) - မိုးကြိုးဘိုးဘေးအဆောင်၊ ကမ္ဘာခြားနတ်ဆိုးဘုရင်(၂)

လင်းတုန်က ရယ်မောလိုက်ပြီး ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို ဆင့်ခေါ်လိုက်သည်။

“ဝါးမျိုခြင်းဘိုးဘေးအဆောင်”

မိုလော့၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူက အံ့အားသင့်စွာ ပြောလိုက်သည်။

“နန်းတော်သခင် မိုလော့၊ ဒီကိုလည်း ကြည့်ပါဦး”

ဝူယွမ်က လှမ်းခေါ်လိုက်ပြီးနောက် သူ၏ ကစဉ်ကလျားသန္ဓေသားမှ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်ကို ပုံဖော်လိုက်သည်။

“ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်” သူ၏မျက်လုံးများ ထပ်မံ ပြူးကျယ်သွားသည်။

“မဟုတ်ဘူး၊ အဲဒါက စစ်မှန်တဲ့ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင် မဟုတ်ဘူး၊ ဒါပေမယ့် ဘိုးဘေးအဆောင်တစ်ခုရဲ့ စွမ်းအား တစ်ဝက်နီးပါးကို ပိုင်ဆိုင်ထားတယ်”

“ငါ မင်းတို့နှစ်ယောက်ကို အထင်သေးမိသွားတာပဲ”

မိုလော့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ဒါပေမယ့် ဘိုးဘေးအဆောင်တွေက မင်းတို့ လူငယ်လေး နှစ်ယောက်ရဲ့ လက်ထဲကို ဘယ်လိုများ ရောက်သွားတာလဲ”

“မညည်းတွားနေနဲ့၊ နန်းတော်သခင် မိုလော့၊ အသက်အရွယ်က စွမ်းအားကို ကိုယ်စားမပြုဘူး၊ ကျွန်တော်တို့ရဲ့ ကျင့်ကြံမှု နယ်ပယ်က စီနီယာလောက် မမြင့်မားပေမယ့် တကယ် တိုက်ခိုက်ရင် ဘယ်သူ နိုင်မယ် ရှုံးမယ်ဆိုတာ ပြောဖို့ ခက်တယ်၊ ဒါပေမယ့် အခုက ဒီလိုကိစ္စတွေကို ဆွေးနွေးရမယ့် အချိန်မဟုတ်ဘူး၊ စီနီယာ ဒီကိုလာတာ ဒီမှာ ဖိနှိပ်ခံထားရတဲ့ ကမ္ဘာခြားနတ်ဆိုး ဘုရင်ကို သတ်ဖို့ဆိုတာ ကျွန်တော်သိတယ်၊ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကလည်း အတူတူပါပဲ၊”

“အဲဒီလိုမှမဟုတ်ရင် ကျွန်တော် စီနီယာကို အထဲဝင်ခွင့်ပြုခဲ့မှာ မဟုတ်ဘူး”

ဝူယွမ်က သူ၏ရည်ရွယ်ချက်များကို ရှင်းလင်းစွာ ပြောပြလိုက်သည်။

“သတ္တိကောင်းလိုက်တဲ့ ကောင်လေး၊ အပြင်က အဲဒီ ကောင်းကင်နတ်ဆိုး မြွေပါနဲ့ မိစ္ဆာကျားက ငါ့ကို တားနိုင်မယ်လို့ မင်း ထင်နေတာလား” မိုလော့က ရယ်မောလိုက်သည်။

သူ့အပေါ် ဤမျှလောက် မောက်မာသောသူကို တစ်ခါမှ မမြင်ဖူးခဲ့ပေ၊ အထူးသဖြင့် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိပြီးနောက် ပို၍ပင် မောက်မာလာသော သူမျိုးကို။

“ကျွန်တော်က သူတို့ တားနိုင်တယ်လို့ ပြောရင် သူတို့က တားနိုင်လို့ပေါ့၊ စီနီယာကို ဘာလို့ လိမ်ရမှာလဲ၊ သွားရအောင်၊ စီနီာာ ရောက်နေပြီဆိုမှတော့ အထဲမှာရှိတဲ့ ကမ္ဘာခြားနတ်ဆိုး ဘုရင်ကို အတူတူ သွားကြည့်ကြတာပေါ့”

ဝူယွမ်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။

ယင်းရွှမ်ဇီ၊ အကြီးအကဲ ဟန်နှင့် ဝူယွမ်ဟူသော ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် သုံးဦးအပြင် သူ၏အဖော်လေးဦးတို့ ရှိနေသဖြင့် မိုလော့က မီးတောက် ဘိုးဘေးအဆောင်ကို ပိုင်ဆိုင်ထားလျှင်တောင် သူ့ကိုဖိနှိပ်ရန်မှာ မခက်ခဲပေ။

သို့သော်လည်း မိုလော့သည် မဟာမိတ်တစ်ဦး ဖြစ်ပြီး ကမ္ဘာခြားနတ်ဆိုးများကို တိုက်ခိုက်ရန်အတွက် ဝူယွမ်၏စိတ်ထဲရှိ ရှေ့တန်းစစ်ဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်သည်။ သူ့ကို တိုက်ခိုက်ရန် မလိုအပ်ပေ။

မိုလော့သည် ဝူယွမ်၏ ယုံကြည်ချက်ရှိသောအပြုံးကို ကြည့်လိုက်ပြီး ခဏတာမျှ ဤလူငယ်လေးကို သူ တကယ် နားမလည်နိုင်အောင် ဖြစ်သွားလေသည်။

“ပြီးတော့ ဒီမှာ ကမ္ဘာခြားနတ်ဆိုးဘုရင် ဖိနှိပ်ခံထားရတယ်ဆိုတာ မင်း ဘယ်လိုသိတာလဲ၊ မင်းရဲ့ အသွင်အပြင်ကို ကြည့်ရတာ ဒါက မင်း ကမ္ဘာခြားနတ်ဆိုးတွေနဲ့ ပထမဆုံးအကြိမ် ဆက်ဆံဖူးတာ မဟုတ်ဘူးနဲ့ တူတယ်နော်” မိုလော့က ပို၍ပင် စူးစမ်းလိုစိတ် ဖြစ်လာသည်။

“နန်းတော်သခင် မိုလော့ မကြိုက်လောက်မယ့် စကားတစ်ခုကို ပြောရရင် ကျွန်တော်က စီနီယာ မြင်ဖူးသမျှ ကမ္ဘာခြားနတ်ဆိုးတွေထက် ပိုများတဲ့ ကမ္ဘာခြားနတ်ဆိုးတွေကို သတ်ခဲ့ဖူးလောက်တယ်”

ရွှီး!

စကားပြောအပြီးတွင် ဝူယွမ်က ဝဲကတော့အတွင်းသို့ ပထမဆုံး ပြေးဝင်သွားလေသည်။

လင်းတုန်နှင့် ပိုင်ယွမ်တို့ကလည်း ချက်ချင်း လိုက်ပါသွားကြသည်။

မိုလော့မှာ ခဏတာ တွေဝေသွားလေသည်။

“သေစမ်း”

သူက တီးတိုး ကျိန်ဆဲလိုက်ပြီးနောက် ဝဲကတော့အတွင်းသို့ ဝင်ရောက်သွားလေသည်။

မျက်စိကျိန်းမတတ် ငွေရောင်အလင်းတန်းများ သူ၏မြင်ကွင်းတွင် ရုတ်တရက် ပေါ်လာပြီးနောက် အဆက်မပြတ် မိုးခြိမ်းသံများ ထွက်ပေါ်လာကာ ဖော်ပြ၍မရနိုင်သော ဖိအားတစ်ခုကို သယ်ဆောင်လျက် ဝူယွမ်၏ နားထဲတွင် မြည်ဟည်းနေသည်။

သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဤနေရာမှာ အဆုံးအစမရှိသကဲ့သို့ ကျယ်ပြောလှသော လေဟာနယ်တစ်ခု ဖြစ်ပြီး မိုးကြိုး အရာများဖြင့်သာ ပြည့်နှက်နေသည်။

ရှေးဟောင်း မိုးကြိုးနဂါးများပမာ ပေတစ်သောင်းခန့် ရှည်လျားသော လျှပ်စီးတန်း ရေတွက်၍မရနိုင်အောင် ဤလေဟာနယ်အတွင်း၌ ဟိန်းဟောက်ကာ တဖျပ်ဖျပ်လက်နေပြီး မိုးခြိမ်းသံများက ဝုန်းခနဲ မြည်ဟည်းကာ ပြန့်ကျဲသွားကြသည်။ ထိုကဲ့သို့သော မြင်ကွင်းမှာ ဖော်ပြ၍မရနိုင်လောက်အောင် ခမ်းနားကြီးကျယ်လှသည်။

ဤမိုးကြိုးနယ်ပယ်မှာ အင်မတန် ကြီးမားပြီး မြေပြင်မရှိဘဲ အဆုံးအစမရှိသော မိုးကြိုးအရည် ပင်လယ်ကြီးသာ ရှိသည်။ ပင်လယ်ပြင်အထက်တွင် လျှပ်စီးများ ဆူပွက်နေပြီး ၎င်းအထက်တွင် ငွေရောင် လျှပ်စီးများက ကောင်းကင်ယံကို ဖုံးလွှမ်းထားသည်။ မိုးကြိုးမုန်တိုင်း၏ မြည်ဟည်းသံမှာ ကောင်းကင်၏စွမ်းအားပမာ ဖြစ်ပြီး လူတစ်ဦး၏ ဝိညာဉ်ကို တုန်လှုပ်သွားစေသည်။

မိုလော့ ဝင်ရောက်လာပြီးနောက် ဝူယွမ်နှင့် အခြားသူများက အနက်ထဲသို့ အတူတကွ ရွေ့လျားသွားကြသည်။

မကြာမီ သူတို့သည် မိုးကြိုးအရည် ပင်လယ်ကြီး၏အထက် လေထဲတွင် ရပ်တန့်လိုက်ကြသည်။ ထိုနေရာ ကောင်းကင်ယံတွင် ငွေရောင် ယဇ်ပလ္လင်တစ်ခု ရှိနေသည်။ ယဇ်ပလ္လင်တွင် မိုးကြိုးလှေကားထစ် တစ်သောင်း ရှိပြီး ၎င်း၏ထိပ်တွင် ပလ္လင်တစ်ခု ရှိနေသည်။

ပလ္လင်ပတ်လည်တွင် လျှပ်စီးတန်း တစ်သောင်းခန့် ကျဆင်းနေပြီး လေဟာနယ်က လိမ်ကောက်နေသည်။ ပလ္လင်ပေါ်တွင် လူရိပ်တစ်ခု ထိုင်နေသည်။

ထိုလူရိပ်၏ပုံသဏ္ဌာန်မှာ အစောပိုင်းက အပြင်ဘက်ရှိ ကျောက်ဆင်းရုပ်တုတော်နှင့် အတူတူပင်ဖြစ်ပြီး တခြားသူမဟုတ်ဘဲ မိုးကြိုးဧကရာဇ် ကိုယ်တိုင်ဖြစ်ကြောင်း ထင်ရှားလှသည်။

သို့သော်လည်း ဤလူရိပ်သည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

“အသက်စွမ်းအင် လုံးဝမရှိတော့ဘူး” ဤမျိုးဆက်၏ အစွမ်းထက်ပုဂ္ဂိုလ်အတွက် ဝမ်းနည်းမှုကို ခံစားရင်း လင်းတုန်က သက်ပြင်းချလိုက်သည်။

မိုလော့ကလည်း ရှုပ်ထွေးသော မျက်လုံးများဖြင့် မိုးကြိုးဧကရာဇ်ကို ကြည့်လိုက်ပြီးနောက် သူ၏အကြည့်များက ယဇ်ပလ္လင်၏ ပိုမိုမြင့်မားသော နေရာသို့ ရွှေ့သွားလေသည်။

ထိုနေရာတွင်...

ဝူယွမ်နှင့် အခြားသူများလည်း တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြသည်။

အထက်တွင် ကျန်းတစ်ထောင်ခန့်ရှိသော မိုးကြိုးအလုံးကြီးတစ်ခုက အဝေး ကောင်းကင်ယံတွင် လွင့်မျောနေပြီး လျှပ်စီးများမှ စုစည်းထားသော နေမင်းတစ်စင်းနှင့် တူလှသည်။

၎င်းသည် ကောင်းကင်ယံတွင် လွင့်မျောနေပြီး တောက်ပသော လျှပ်စီးများ ၎င်းပေါ်တွင် ခုန်ပေါက်နေကာ ကျယ်လောင်သော မိုးခြိမ်းသံများ ပဲ့တင်ထပ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ပါဝင်နေသည်။

ထိုမိုးကြိုးနေမင်းအတွင်း၌ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော်လည်း အလွန် ရင်းနှီးကျွမ်းဝင်သော စွမ်းအင်လှိုင်းတစ်ခုကို ဝူယွမ်ခံစားလိုက်ရသည်။

မိုးကြိုးဘိုးဘေးအဆောင်။

“နတ်ဆိုးကို အရင်ရှင်းကြစို့၊ နန်းတော်သခင် မိုလော့”

ဝူယွမ်၏ အကြည့်များက အောက်ဘက်ရှိ အဆုံးအစမရှိသော မိုးကြိုးအရည် ပင်လယ်ကြီးဆီသို့ ရွှေ့သွားလေသည်။

သူက နှုတ်ခမ်းကို တွန့်ကွေးကာ အောက်ဘက်ရှိ မိုးကြိုးအရည် ပင်လယ်ကြီးဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ဝုန်း။

ခရမ်းရွှေရောင် လက်သီးချက် ကျဆင်းသွားသည်နှင့်အမျှ မိုးကြိုးအရည်များထံမှ ဟိန်းဟောက်သံများ ဆက်တိုက်ပေါက်ကွဲထွက်လာသည်။

ပေတစ်သောင်းခန့် ကျယ်ဝန်းသော လေဝဲကတော့နှင့်တူသည့် ဧရာမဟင်းလင်းပြင်ကြီးတစ်ခု မိုးကြိုးအရည် ပင်လယ်ကြီးထဲတွင် ရုတ်တရက် ပေါ်လာသည်။

ဂါး...

အလွန်တရာ ရက်စက်သော ဟိန်းဟောက်သံတစ်ခု နက်ရှိုင်းရာမှ ရုတ်တရက် ပဲ့တင်ထပ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အမည်းရောင်ချီများ ဆူပွက်လာသည်။

ကမ္ဘာခြားနတ်ဆိုးဘုရင် ထွက်ပေါ်လာချေပြီ။

လင်းတုန်နှင့် ပိုင်ယွမ် နှစ်ဦးစလုံး အသက်ရှူအောင့်ထားကာ အောက်ဘက်ရှိ ပင်လယ်ကြီးကို မျက်စိမလွှဲတမ်း စိုက်ကြည့်နေကြသည်။

ကြောက်မက်ဖွယ်ကောင်းသော အမည်းရောင်ချီများ ပြေးထွက်လာသည်နှင့်အမျှ ကောင်းကင်ယံရှိ မိုးကြိုးနေမင်းကလည်း ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ပင်လယ်ပြင်အထက်ရှိ လေဟာနယ် လိမ်ကောက်သွားပြီး ကျန်းတစ်ထောင်ခန့် ကြီးမားသော လျှပ်စီးသံကြိုးကြီးများ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

ထိုလျှပ်စီးသံကြိုးများမှာ မိုးကြိုးနဂါးများပမာ အစွန်းတစ်ဖက်က ကောင်းကင်ယံရှိ မိုးကြိုးနေမင်းနှင့် ချိတ်ဆက်ထားပြီး အခြားတစ်ဖက်ကမူ လေဝဲကတော့ ဟာလာဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဆန့်တန်းသွားလေသည်။

လျှပ်စီးသံကြိုးများဖြင့် ရစ်ပတ်ခံထားရသည်မှာ ပေတစ်ရာခန့်ရှိသော အမည်းရောင် အရိပ်တစ်ခု ဖြစ်သည်။ ၎င်းထံမှ ကြောက်မက်ဖွယ်ကောင်းသော ရက်စက်သည့်ချီများ ပြန့်ကျဲထွက်ပေါ်နေပြီး ၎င်းကို ချည်နှောင်ထားသော လျှပ်စီးသံကြိုးများကို တိုက်စားရန် ကြိုးပမ်းကာ အဆက်မပြတ် ရုန်းကန်နေလေသည်။

“တကယ့်ကို သွက်လက်တဲ့ ကမ္ဘာခြားနတ်ဆိုးဘုရင်ပဲ” ဝူယွမ်၏ မျက်လုံးများ တောက်ပသွားသည်။

ဤကမ္ဘာခြားနတ်ဆိုးမှာ သူတို့ ယခင်က ဖိနှိပ်ခဲ့သော နှစ်ကောင်ထက် များစွာ ပိုမိုသွက်လက်နေသည်။

ထိုနှစ်ကောင်မှာ အချိန်အကြာကြီး ဖိနှိပ်ခံထားရပြီးဖြစ်သည်။

သို့သော်လည်း ဤတစ်ကောင်မှာ ၎င်း၏စိတ်ဓာတ် လုံးဝ မကျိုးပဲ့သေးကြောင်း ထင်ရှားလှသည်။

“ဒါက အားသွင်းထားတဲ့ စွမ်းအင်ပါ၀ါဘဏ်တစ်ခုပဲ” သူက တိတ်တဆိတ် တွေးကာ ဝမ်းသာအားရ ဖြစ်သွားသည်။

ဤအရာကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်း၌ ပိတ်လှောင်ထားနိုင်သရွေ့ ကမ္ဘာသစ်ပင်သည် နောက်ထပ် အရှိန်အဟုန်ဖြင့် ကြီးထွားလာမည့် ကာလတစ်ခုကို ထပ်မံတွေ့ကြုံရမည် ဖြစ်သည်။

“ဂါး”

ပေတစ်ရာခန့်ရှိသော ကမ္ဘာခြားနတ်ဆိုး၏ အမည်းရောင် အရိပ်ကလည်း ဝူယွမ်နှင့် အခြားသူများကို မော့ကြည့်လိုက်ရာ ရက်စက်ပြီး အန္တရာယ်ကြီးမားသော မည်းနက်သည့် မျက်လုံးတစ်စုံက ထွက်ပေါ်လာလေသည်။

“သူ့ကို မကြည့်နဲ့”

ဝူယွမ်က ပိုင်ယွမ်ကို သသ့နောက်သို့ ဆွဲခေါ်လိုက်ပြီးနောက် လျှပ်စီးပမာ သူ၏မျက်လုံးများက ၎င်း၏အကြည့်များနှင့် ဆုံတွေ့သွားလေသည်။

မျက်စိတစ်မှိတ်အတွင်း ဝူယွမ်၏စိတ်ထဲရှိ ကစဉ်ကလျားသန္ဓေသားမှာ ရူးသွပ်စွာ လည်ပတ်သွားပြီး ဝိညာဉ်စွမ်းအင်များ လျင်မြန်စွာ ပေါက်ကွဲထွက်လာသည်။

၎င်းမှာ အန္တရာယ် ကြိုတင်သတိပေးချက်တစ်ခု ဖြစ်သည်။

လင်းတုန်ကမူ သူ၏ခေါင်းကို ကိုင်ထားလိုက်သည်။ ကြမ်းကြုတ်သော ရက်စက်မှုတစ်ခုက သူ၏ စိတ်နှလုံး အနက်ထဲမှ မမျှော်လင့်ဘဲ ဆူပွက်လာပြီး သူ၏အသိတရားကို လွှမ်းမိုးသွားတော့မည့်အလား ခြိမ်းခြောက်နေသည်။

သို့သော်လည်း လင်းတုန်၏စိတ်စွမ်းအားမှာ ခိုင်မာလှပြီး အချိန်တိုအတွင်း သူ ပြန်လည်သက်သာလာခဲ့သည်။

“သတိထား၊ ဒီကမ္ဘာခြားနတ်ဆိုးတွေက လူတွေရဲ့ စိတ်ကို ဖောက်ပြန်ပျက်စီးစေတဲ့နေရာမှာ အတော်ဆုံးပဲ” မိုလော့က သူတို့ကို သတိပေးလိုက်သည်။

သို့သော်လည်း ဝူယွမ်နှင့် လင်းတုန်တို့မှာ ထိခိုက်မှု မရှိခဲ့ဘဲ သူတို့၏ မျက်နှာအမူအရာများမှာ တည်ငြိမ်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။ ‘တကယ်ကို သူတို့က ကမ္ဘာခြားနတ်ဆိုး ဘုရင်တစ်ပါးကို ရင်ဆိုင်ရတာ ပထမဆုံးအကြိမ် မဟုတ်ဘူးပဲ'

“လူသားတွေ၊ မင်းတို့ ကျိန်စာသင့် လူသားတွေ”

ကမ္ဘာခြားနတ်ဆိုးက ဟိန်းဟောက်ကာ အော်ဟစ်လိုက်သည်။

“ငါ့ရဲ့ သန့်ရှင်းသော မျိုးနွယ်စုက ဒီနယ်ပယ်ကို အနှေးနဲ့အမြန် အောင်နိုင်လိမ့်မယ်”

“စိတ်ကူးယဉ်နေတာပဲ” မိုလော့က ပြောလိုက်သည်။

“ဟဲဟဲ၊ မင်းတို့ ဒီစစ်ပွဲကို နိုင်ပြီလို့ မထင်နဲ့၊ ဒီနယ်ပယ်မှာ ငါ့ရဲ့ သန့်ရှင်းသော မျိုးနွယ်စု၀င်အရေအတွက်က မင်းတို့ စိတ်ကူးယဉ်နိုင်တာထက် ပိုများတယ်၊ နောက်ထပ် နယ်ပယ်အက်ကွဲကြောင်းတစ်ခု ပွင့်လာတဲ့အခါ ဒီနယ်ပယ်က ငါ့မျိုးနွယ်စုရဲ့ ကျွန်ပြုတာကို သေချာပေါက် ခံရလိမ့်မယ်” ပေတစ်ရာခန့်ရှိသော အမည်းရောင် အရိပ်က စူးရှစွာ အော်ဟစ်လိုက်သည်။

“မင်းတို့မှာ အရေအတွက် အများကြီး ကျန်သေးတယ်လား” ဝူယွမ်ကမူ မျက်လုံးများ တောက်ပသွားပြီး အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

All Chapters