← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

129

“သူ သူ လွတ်သွားပြီ”

ရှကျဲ အလန့်တကြား အော်ဟစ်လိုက်သည်။

ချင်ရန်၏ မျက်ဝန်းများကမူ အေးစက်တည်ငြိမ်နေပြီး သူသည် မည်သည့်စကားတစ်ခွန်းမှ မဆိုဘဲ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ခုန်ချလိုက်၏။

“ချင်ရန်”

ရှကျဲ နောက်မှ အလျင်အမြန် လှမ်းခေါ်သော်လည်း မမီတော့ချေ။

ချင်ရန်က လေးထပ်မြောက်မှ တိုက်ရိုက်ခုန်ချလိုက်ခြင်း ဖြစ်သည်။

ဆယ်မီတာကျော် မြင့်သည့်နေရာမှ ခုန်ချပါက မသေလျှင်ပင် ပြင်းထန်သော ဒဏ်ရာရရှိနိုင်ခြေ အလွန်များလှ၏။

ရှကျဲ ပြတင်းပေါက်ရှိရာသို့ အပြေးသွားပြီး ငုံ့ကြည့်လိုက်ရာ ချင်ရန်မှာ တိုက်ရိုက်ခုန်ချခြင်းမျိုး မဟုတ်ဘဲ တစ်ထပ်ချင်းစီရှိ လသာဆောင်များပေါ်သို့ ကျွမ်းကျင်စွာ အရှိန်သတ်ဆင်းသက်သွားသည်ကို တွေ့လိုက်ရသည်။

သူသည် သံမဏိဖြင့် ပြုလုပ်ထားသူ မဟုတ်သဖြင့် တိုက်ရိုက်ခုန်ချခြင်းက အန္တရာယ်များလွန်းကြောင်း ကောင်းစွာသိထား၏။

“တော်သေးတာပေါ့ ဘာမှမဖြစ်လို့”

ရှကျဲသည် တဒိန်းဒိန်း ခုန်နေသည့် ရင်ဘတ်ကို လက်ဖြင့်ဖိကာ သက်ပြင်းချလိုက်သည်။

ထို့နောက် သူမ၏ဖုန်းကို အမြန်ကောက်ယူကာ ဦးလေးဖြစ်သူ လင်းကုဝေထံသို့ ဖုန်းဆက်အကြောင်းကြားလိုက်၏။

“ဟယ်လို ဦးလေး”

ရှကျဲက အလျင်အမြန် ခေါ်လိုက်သည်။

“ဟင် ဘာဖြစ်လို့လဲ”

လင်းကုဝေ မေးလိုက်၏။

“ယီကျင်းအိမ်ရာမှာ သံသယရှိသူကို တွေ့ပြီ ဦးလေး၊ သူက အဆောက်အဦ (၅)၊ အခန်း ၄၀၄ ကနေ အခုပဲ ခုန်ချပြီး ထွက်ပြေးသွားပြီ”

ရှကျဲ အဖြစ်အပျက်များကို အမောတကောဖြင့် လိုရင်းတိုရှင်း ပြောပြလိုက်သည်။

ထိုစကားကို ကြားလျှင် လင်းကုဝေမှာ လုပ်လက်စအလုပ်များကို ပစ်ချထားလိုက်တော့၏။

“ဘာ၊ ယွဲ့ဝေကို တွေ့လိုက်တာလား၊ ကောင်းပြီ ငါ နားလည်ပြီ၊ အခုချက်ချင်း ယီကျင်းအိမ်ရာရဲ့ ၁၀ ကီလိုမီတာ ပတ်လည်မှာရှိတဲ့ လမ်းအားလုံးကို ပိတ်ဆို့ဖို့ ငါ အမိန့်ပေးလိုက်မယ်၊ အဲဒီ ရာဇဝတ်ကောင်ကို လုံးဝ အလွတ်မပေးစေရဘူး”

လင်းကုဝေ လေးလေးနက်နက် ပြောဆိုပြီးနောက် ဖုန်းချလိုက်သည်။

လင်းကုဝေသည် ကားပေါ်၌ ထိုင်ကာ ဌာနချုပ်သို့ အစီရင်ခံရန် ပြင်ဆင်နေစဉ် ရှကျဲထံမှ ဖုန်းဝင်လာခြင်း ဖြစ်၏။

ယွဲ့ဝေ၏ တည်နေရာကို အတိအကျ သိလိုက်ရပြီဖြစ်ရာ ဤသည်မှာ သူတို့အတွက် အခွင့်အရေးကောင်း တစ်ခုပင် ဖြစ်သည်။

“မြွေကို အိုးထဲပိတ်ပြီး ဖမ်းရုံပဲ ကျန်တော့တယ်”

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ထိုစိတ္တဇလူသတ်မှုများကြောင့် မြို့သူမြို့သားများ၊ အထူးသဖြင့် အမျိုးသမီးများမှာ ညဘက် လမ်းမထွက်ရဲလောက်အောင် ထိတ်လန့်နေကြသဖြင့် အထက်လူကြီးများမှ လင်းကုဝေကို အပြင်းအထန် ဖိအားပေးနေကြသည်။

ညွှန်ကြားရေးမှူးချုပ်မှာ ခုနှစ်ရက်အတွင်း တရားခံအား ဖမ်းဆီးရန် အမိန့်ပေးထားသော်လည်း ယခုအချိန်အထိ မည်သည့် သဲလွန်စမျှ ရှာမတွေ့ခဲ့ချေ။

ယခုအခါ သူ၏တူမဖြစ်သူက အရေးကြီးသော သတင်းပေးလိုက်သဖြင့် ယွဲ့ဝေကို ဖမ်းမိရန်မှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာပြီ ဖြစ်သည်။

လင်းကုဝေ ယာဉ်မောင်းအား ချက်ချင်း အမိန့်ပေးလိုက်သည်။

“ကားကို ပြန်လှည့်လိုက်၊ ယွဲ့ဝေ ရှိနိုင်တဲ့နေရာကို သတင်းရထားပြီ၊ သူ ယီကျင်းအိမ်ရာကနေ ထွက်ပြေးသွားတာ သိပ်မဝေးသေးဘူး၊ ဖိန်လင် ယာဉ်ထိန်းရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ယီကျင်းအိမ်ရာ ပတ်လည်က လမ်းမကြီးတွေမှာ လမ်းပိတ်စစ်ဆေးမှုတွေ ချက်ချင်းလုပ်ဖို့ ပြောလိုက်”

လင်းကုဝေထံမှ အမိန့်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုစဉ် ယီကျင်းအိမ်ရာဘက်တွင်မူ ချင်ရန်သည် တိုက်အောက်သို့ ရောက်ရှိလာပြီးနောက် ယွဲ့ဝေ ထွက်ပြေးသွားသော ဘက်သို့ ချက်ချင်း ပြေးလိုက်လေတော့၏။

သို့သော် ခဏအကြာတွင် ယွဲ့ဝေမှာ ကားတစ်စီးပေါ်သို့ တက်သွားသည်ကို ချင်ရန် မြင်လိုက်ရသည်။

ယွဲ့ဝေသည် ဘေးကင်းစွာ ထွက်ပြေးနိုင်ရန်အတွက် ဤကားကို ကြိုတင်ပြင်ဆင်ထားပုံရ၏။

ယွဲ့ဝေ ကားပေါ်သို့ အလျင်အမြန် တက်ကာ စက်နှိုးလိုက်သည့် အသံကို သူ ကြားလိုက်ရသည်။

‘ဒီကောင် ပြေးတော့မယ်’

ချင်ရန်က ယွဲ့ဝေကို စိုက်ကြည့်ကာ အရှိန်ဖြင့် ပြေးသွားသော်လည်း ယွဲ့ဝေက ကားမှန်ကို ချလိုက်ပြီး ချင်ရန်ဘက်သို့ လှည့်ကာ မထီမဲ့မြင် ပြုံးပြလိုက်သည်။

“ငါ့ကို ဖမ်းမလို့လား၊ မင်းက ငယ်ပါသေးတယ် ကောင်လေးရာ၊ ငါ့ကို ဒီလောက် လွယ်လွယ်နဲ့ ဖမ်းလို့ရမယ် ထင်နေတာလား ဝေးသေးတယ်”

ထိုသို့ပြောရင်း ယွဲ့ဝေက လီဗာကို အားကုန်နင်းကာ ကားကို အရှိန်ပြင်းပြင်းဖြင့် မောင်းထွက်သွားတော့၏။

၎င်းမှာ သာမန် ဆီဒင်ကားတစ်စီးသာ ဖြစ်သဖြင့် သိပ်မမြန်လှသော်လည်း လူတစ်ယောက်၏ ပြေးနှုန်းဖြင့်မူ အမှီလိုက်ရန် မဖြစ်နိုင်ချေ။

ထို့ကြောင့် ချင်ရန်သည် ကားနောက်သို့ ပြေးလိုက်သော်လည်း မမီတော့ပေ။

“သူ့မှာ ကားရှိနေတာကိုး၊ ဒါကိုပါ သူ ကြိုတွက်ထားတာပဲ”

ချင်ရန်မှာ အလွန်ပင် မကျေမနပ် ဖြစ်သွားကာ ထွက်‌ပြေးသွားသည့် ယွဲ့ဝေကို အံကြိတ်ကာ ကြည့်နေမိ၏။

ယွဲ့ဝေသည် အလွန်အကွက်စေ့လွန်းသူ ဖြစ်သည်။

ချင်ရန် စိတ်ပျက်နေစဉ်မှာပင် စနစ်ထံမှ အချက်ပေးသံ ထွက်ပေါ်လာ၏။

“ဒင်၊ ရာဇဝတ်ကောင် လွတ်မြောက်သွားသော်လည်း သူ၏ တည်နေရာကို ပိုင်ရှင်ထံသို့ ဆက်လက် ပြသပေးနေပါသည်”

စနစ်ထံမှ ထိုစကားကို ကြားလိုက်ရသည့်အခါ ချင်ရန်၏ စိတ်ထဲတွင် ယွဲ့ဝေ၏ တည်နေရာကို အတိအကျ မြင်လိုက်ရသည်။

ယွဲ့ဝေသည် ခန့်မှန်းချေ ဆယ်မီတာကျော်မျှ ဝေးသွားပြီ ဖြစ်သော်လည်း စနစ်၏ တည်နေရာပြမြေပုံမှာ ချင်ရန် ဦးနှောက်ထဲတွင် အမြဲရှိနေမည် ဖြစ်သည်။

“ဒါပဲပေါ့”

ချင်ရန် ပြုံးလိုက်၏။

စောစောက ခံစားခဲ့ရသော စိတ်ပျက်မှုများ အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ယခင်က သူသည် ရာဇဝတ်ကောင်များကို မိမိမျက်စိဖြင့် မြင်တွေ့မှသာ ဖမ်းဆီးနိုင်ခြင်း ဖြစ်သည်။

သူ၏ ရာဇဝတ်မှုရှာဖွေရေးရေဒါသည် ဤမျှအထိ စွမ်းအားကြီးမှန်း မသိခဲ့ချေ။

ယခုမူ ရာဇဝတ်ကောင်သည် ကမ္ဘာ့အဆုံးအထိ မည်မျှပင် ထွက်ပြေးပါစေ၊ သူ့တည်နေရာကို ချင်ရန်က အမြဲ သိနေတော့မည် ဖြစ်သည်။

“ယွဲ့ဝေ မင်း နောက်ဆုံးတော့ ငါ့လက်ကနေ လွတ်မှာ မဟုတ်ပါဘူး”

ချင်ရန်သည် ယွဲ့ဝေ ထွက်ခွာသွားသော လမ်းဘက်သို့ အေးစက်စွာ ကြည့်လိုက်ပြီးနောက် ခေတ္တမျှ ရပ်လိုက်၏။

ယွဲ့ဝေမှာ ကားမောင်းနေဆဲဖြစ်၍ အခုချက်ချင်း အနောက်မှ လိုက်နေခြင်းမှာ အချည်းနှီးသာ ဖြစ်မည်ကို သူ သိသည်။

ယွဲ့ဝေ၏ တည်နေရာ တည်ငြိမ်သွားသည်အထိ စောင့်ဆိုင်းပြီးမှသာ တိုက်ရိုက်သွားရောက် ဖမ်းဆီးတော့မည် ဖြစ်၏။

တစ်ဖက်တွင်မူ ယွဲ့ဝေသည် ကားကို အရှိန်ပြင်းပြင်း မောင်းနှင်နေပြီး အနောက်သို့ လှည့်မကြည့်ဘဲ အခြေအနေကို သေသေချာချာ တွက်ဆနေသည်။

“ငါ့တည်နေရာ ပေါက်ကြားသွားပြီဆိုတော့ ရဲဌာနချုပ်က ငါ ယီကျင်းအိမ်ရာနားမှာ ရှိနေတာကို သိသွားပြီ၊ လမ်းမကြီးတွေမှာ လမ်းပိတ်ဖမ်းမှာ သေချာတယ်၊ ဒီအတိုင်းဆို ငါ လမ်းမကြီးက သွားလို့မဖြစ်တော့ဘူး”

ယွဲ့ဝေသည် ယခင်ကလည်း မြောက်ပိုင်းတွင် ရဲအရာရှိ ရာနှင့်ချီ၍ ဝိုင်းဖမ်းခြင်းကို ခံခဲ့ဖူးသော်လည်း တောင်ပေါ်လမ်းကို အသုံးချကာ ပါးနပ်စွာ ထွက်ပြေးနိုင်ခဲ့သူ ဖြစ်၏။ ယခုလည်း သူ လွတ်မြောက်နိုင်မည်ဟု ယုံကြည်နေသည်။

ဖိန်လင်မြို့ ရဲဌာနချုပ်မှာမူ ရဲအရာရှိ ၂၀၀ ကျော်နှင့် ယာဉ်ထိန်းရဲများကို အသုံးပြုကာ မြို့အနှံ့တွင် ယွဲ့ဝေကို အသည်းအသန် လိုက်လံရှာဖွေနေကြသည်။

ညနေစောင်းသို့ ရောက်သောအခါ လင်းကုဝေသည် စောင့်ကြည့်ရေးကင်မရာများမှတစ်ဆင့် ယွဲ့ဝေ၏ ကားနံပါတ်ကို သိရှိသွားပြီး ကားနောက်သို့ လိုက်လေတော့၏။

သို့သော်လည်း ထိုကားမှာ အနံ့အသက်မကောင်းသော မြောင်းတစ်ခုထဲသို့ ထိုးကျနေသည်ကိုသာ တွေ့လိုက်ရသည်။

လင်းကုဝေသည် တံတားပေါ်တွင် ရပ်ကာ မြောင်းထဲမှ ကားကိုကြည့်ပြီး မျက်နှာပျက်သွား၏။

“ယွဲ့ဝေ မင်း တကယ် မဆိုးဘူးပဲ၊ ပုစဉ်းရင်ကွဲ အခွံလဲသလို လှည့်စားပြီး ထွက်ပြေးသွားတာ မြန်သားပဲ”

ယွဲ့ဝေသည် လူသူအရောက်အပေါက် နည်းပါးပြီး ကင်မရာမရှိသော တောလမ်းသို့ ကားမောင်းလာကာ ကားကို စွန့်ပစ်ပြီး လယ်ကွင်းများထဲသို့ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

လယ်ကွင်းထဲတွင် နင်းထားသော လမ်းကြောင်းများကို လင်းကုဝေ တွေ့လိုက်ရ၏။

“ရဲခွေးတွေကို ခေါ်ပြီး ဒီလယ်ကွင်းထဲမှာ အမြန်ရှာကြ”

လင်းကုဝေ အမိန့်ပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ယွဲ့ဝေသည် လမ်းကြောင်းပြောင်းပြီး လမ်းမကြီးဘက်သို့ ပြန်သွားနိုင်မလားဟု သူ တွေးနေမိ၏။

သို့သော် လမ်းမကြီးတွင် ကင်မရာများ ရှိနေသဖြင့် ယွဲ့ဝေ ထိုဘက်ကို သွားလိမ့်မည် မဟုတ်ဟု ယူဆကာ လယ်ကွင်းဘက်ကိုသာ အာရုံစိုက်လိုက်ကြသည်။

ထိုစဉ်အတွင်း ချင်ရန်မှာမူ ယွဲ့ဝေ၏ တည်နေရာကို စောင့်ကြည့်နေရင်း ယွဲ့ဝေ၏ အရှိန်မှာ နှေးသွားပြီး တစ်နေရာသို့ ဦးတည်နေသည်ကို သတိပြုမိလိုက်၏။

“ယွဲ့ဝေ မင်းက တော်တယ်ဆိုပေမဲ့ ငါ့လက်ထဲကတော့ မလွတ်ပါဘူး”

ချင်ရန်၏ မျက်လုံးများက မှုန်မှိုင်းသွားသည်။

သူ့ရှေ့မှာတင် မိန်းကလေးတစ်ယောက်ကို ရက်ရက်စက်စက် သတ်သွားသည့်အတွက် ဤသည်မှာ သူ့ဘဝတွင် ဘယ်တော့မှ မမေ့နိုင်မည့် အရှက်ရစရာ ကိစ္စတစ်ခု ဖြစ်လာခဲ့၏။

ထို့ကြောင့် ချင်ရန်သည် ယွဲ့ဝေကို ဖမ်းဆီးရန်အတွက် ခရီးကို စတင်လိုက်လေတော့သည်။

130

လင်းကုဝေသည် ရဲအရာရှိ ၂၀၀ ကျော်၊ ရဲခွေးတစ်ဒါဇင်ကျော်နှင့်အတူ ယွဲ့ဝေကို ခြောက်နာရီကြာအောင် ပိုက်စိပ်တိုက် ရှာဖွေခဲ့ရာ သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ယခုအချိန်အထိ ယွဲ့ဝေ၏ အရိပ်အယောင်ကိုမူ မတွေ့ရသေးချေ။

လင်းကုဝေမှာ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေပြီး အရှေ့မှ ဦးဆောင်ကာ ယွဲ့ဝေအား အသည်းအသန် လိုက်လံရှာဖွေနေခဲ့ခြင်း ဖြစ်၏။

သူတို့အဖွဲ့သည် ဤကွင်းပြင်ကြီးကို အခေါက်ခေါက်အခါခါ ရှာဖွေခဲ့ကြပြီး ကံကောင်းသည့်အချက်မှာ ယင်းကွင်းပြင်ကျယ်ကြီးမှာ ချုံနွယ်ပိတ်ပေါင်းများသာ ထူထပ်သည့် မြေရိုင်းပြင် ဖြစ်နေ၍သာ ဖြစ်သည်။

အကယ်၍ သီးနှံစိုက်ခင်းများသာ ဖြစ်ပါက ရှာဖွေရန်မှာ ပို၍ပင် ခက်ခဲပေလိမ့်မည်။

ကျယ်ပြောလှသော ဤလယ်ကွင်းထဲမှ မြက်ပင်များမှာ ရဲအရာရှိ ၂၀၀ ကျော်၏ နင်းခြေမှုကြောင့် မြေပြင်တွင် ပြားကပ်သွားပြီး ကွင်းပြင်ကြီးတစ်ခုသဖွယ် ဖြစ်သွားရ၏။

လင်းကုဝေ ပတ်ဝန်းကျင်ကို မှိုင်တွေစွာ ကြည့်ရင်း ရေရွတ်လိုက်သည်။

“လွတ်သွားပြီ ယွဲ့ဝေကတော့ ဒီအတိုင်းပဲ မျက်စိအောက်ကနေ လွတ်သွားပြီ”

လင်းကုဝေသည် လယ်ကွင်းအလယ်သို့ ရောက်သည့်အခါတွင်မူ တစ်ခုခု မှားနေပြီဖြစ်ကြောင်းကို သတိထားမိလိုက်၏။

အကြောင်းမှာ လယ်ကွင်းအလယ်သို့ ရောက်သည်နှင့် ခြေရာလက်ရာများ အားလုံးသည် ရုတ်တရက် ပျောက်ကွယ်သွားသောကြောင့် ဖြစ်သည်။

လင်းကုဝေသည် ရဲအရာရှိအားလုံးကို ငြိမ်ငြိမ်နေရန် အမိန့်ပေးလိုက်ပြီး ပတ်ဝန်းကျင်အား ခြေရာခံရန်အတွက် လူနှစ်ဦး၊ သုံးဦးကိုသာ စေလွှတ်ခဲ့၏။

သို့သော်လည်း မင်္သကာစရာ မည်သည့် သဲလွန်စမှ ထပ်မတွေ့ရတော့ချေ။

ယွဲ့ဝေသည် နတ်ဘုရားတစ်ပါး မဟုတ်သဖြင့် ကိုယ်ဖျောက်သွားနိုင်ခြင်း သို့မဟုတ် ကောင်းကင်သို့ ပျံတက်သွားခြင်းမျိုး မဖြစ်နိုင်ပေ။

သူတို့ရှေ့ရှိ ဤလယ်ကွင်းထဲမှ ခြေရာများသည် ရဲများကို လမ်းမှားစေရန် ယွဲ့ဝေက တမင်လုပ်ကြံ ဖန်တီးထားခြင်းသာ ဖြစ်သည်။

အမှန်တကယ်တွင် သူသည် ဤဘက်သို့ လုံးဝ လာခဲ့ခြင်း မဟုတ်ပေ။

“တောက်”

လင်းကုဝေ ဒေါသတကြီးဖြင့် လေထဲသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။

ရဲအရာရှိ ၂၀၀ ကျော်လုံးသည် ယွဲ့ဝေ၏ လှည့်ကွက်ထဲတွင် အရူးလုပ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

၎င်းမှာ အကြီးအကျယ် အရှက်ရဖွယ် ကိစ္စတစ်ခုပင် ဖြစ်၏။

ယွဲ့ဝေကို မကြာခင် ဖမ်းမိတော့မည်ဟု အစပိုင်းတွင် လင်းကုဝေ ယုံကြည်ချက်များ အပြည့်ရှိနေသော်လည်း ယခုမူ လယ်ကွင်းတစ်ခုလုံးကို မြေလှန်ရှာဖွေခဲ့သော်လည်း ယွဲ့ဝေကိုမူ ရှာမတွေ့ခဲ့ရ‌ချေ။

ရဲခွေးများပင် လမ်းတစ်လျှောက်လုံး အနံ့ခံလာခဲ့ကြသော်လည်း နောက်ဆုံးတွင် တစ်နေရာတည်း၌ပင် ရပ်တန့်နေပြီး ဇဝေဇဝါ ဖြစ်နေကြသည်။

ထိုစဉ်မှာပင် ရဲအရာရှိအချို့သည် လင်းကုဝေထံသို့ အပြေးရောက်လာကြ၏။

၎င်းတို့မှာ လမ်းမကြီးရှိ စောင့်ကြည့်ရေးကင်မရာများကို စစ်ဆေးရန် လင်းကုဝေ စေလွှတ်ထားသူများ ဖြစ်ကြသည်။

“ခေါင်းဆောင်”

“ကင်မရာမှတ်တမ်းတွေ ကြည့်ပြီးပြီလား၊ ယွဲ့ဝေရဲ့ သဲလွန်စ ရှာတွေ့ပြီလား”

လင်းကုဝေက အနားရောက်လာသည့် ရဲများကို အော်မေးလိုက်ရာ ထိုရဲများမှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါပြကြလေသည်။

“အနီးနားက ငါးနေရာလောက်မှာရှိတဲ့ ကင်မရာတွေကို ငါးကီလိုမီတာ ပတ်လည်အထိ စစ်ဆေးခဲ့ပါတယ်၊ ကင်မရာမှတ်တမ်းတွေထဲမှာ ယွဲ့ဝေကို လုံးဝ မတွေ့ရပါဘူး၊ ယွဲ့ဝေသာ လမ်းမကြီးပေါ် တက်လာခဲ့ရင် သေချာပေါက် မြင်ရမှာပါ”

ထိုစကားကို ကြားလိုက်ရသည့်အခါ လင်းကုဝေ၏ ရင်ထဲတွင် ဒေါသများ ဟုန်းဟုန်းတောက်သွားတော့၏။

“ခေါင်းဆောင် အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”

ရဲအရာရှိတစ်ဦးက တိုးတိုးလေး မေးရှာသည်။

ဤကွင်းပြင်ထဲတွင် အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း ယွဲ့ဝေကိုမူ မတွေ့ခဲ့ရချေ။

ဆက်ရှာနေခြင်းမှာ သူတို့၏ အချိန်ကုန်ရုံသာ ရှိတော့မည်။

လင်းကုဝေ စိတ်ပျက်လက်ပျက်ဖြင့် အမိန့်ပေးလိုက်သည်။

“ပြန်ကြစို့၊ ယွဲ့ဝေ ကားမောင်းလာတဲ့ လမ်းကြောင်းကို ငါတို့ ပြန်စစ်ကြည့်မယ်၊ ငါတို့တွေ တစ်ခုခု လွဲချော်သွားတာ ရှိနိုင်တယ်၊ နောက်ပြီး ၁၀ ကီလိုမီတာ ပတ်လည်မှာရှိတဲ့ ရဲစခန်းအားလုံးကို အကြောင်းကြားပြီး စောင့်ကြည့်ကင်မရာတွေကို စစ်ခိုင်းလိုက်၊ ယွဲ့ဝေကို ဖမ်းမိတဲ့သူ ဒါမှမဟုတ် သဲလွန်စ ပေးနိုင်တဲ့သူကို ဆုငွေအမြောက်အမြား ချီးမြှင့်မယ်လို့လည်း ကြေညာလိုက်”

လင်းကုဝေသည် အလွန်ပင် မကျေမနပ် ဖြစ်နေသော်လည်း ယခုထက်ပို၍ အချိန်ဖြုန်းနေ၍ မရတော့သဖြင့် ရဲအရာရှိ ၂၀၀ ကျော်ကို ထိုနေရာမှ ပြန်လည် ဆုတ်ခွာစေလိုက်၏။

ယွဲ့ဝေကို အခြားတစ်ဖက်မှ ပြန်လည် စုံစမ်းရန် ပြင်ဆင်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ရဲအရာရှိ ၂၀၀ ကျော် ဝိုင်းဖမ်းသော်လည်း မမိခဲ့သော ယွဲ့ဝေမှာ စွန့်ပစ်ထားသော ဓာတုဗေဒစက်ရုံဟောင်း တစ်ခုသို့ ရောက်ရှိနေသည်။

သူ့ကိုယ်ပေါ်တွင် ညစ်ပတ်ကာ နံစော်နေပြီး ရွှံ့နွံများ ပေကျံနေသော်လည်း သူ၏ မျက်လုံးများကမူ အရောင်တောက်ပနေဆဲ ဖြစ်၏။

သူသည် ကားကို မြောင်းထဲသို့ ထိုးချလိုက်ပြီးနောက် ထိုမြောင်းထဲရှိ ရေနုတ်မြောင်းပိုက်ထဲသို့ ဝင်ကာ နှစ်ကီလိုမီတာကျော်အထိ တွားသွားခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ အလွန်ပင် ခက်ခဲလှသည့် အလုပ်ဖြစ်ပြီး အထူးသဖြင့် ရေနုတ်မြောင်းထဲမှ မူးဝေအော့အန်ချင်စရာကောင်းသော အနံ့ဆိုးများကို အောင့်အည်းသည်းခံခဲ့ရ၏။

သို့သော် ယွဲ့ဝေသည် အံ့မခန်း စိတ်ဓာတ်ခွန်အားဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။

ရဲများပင်လျှင် မိမိက ရေနုတ်မြောင်းထဲမှတစ်ဆင့် ထွက်ပြေးသွားလိမ့်မည်ဟု တွေးမိကြမည် မဟုတ်ချေ။

ယွဲ့ဝေသည် ဟာလာဟင်းလင်း ဖြစ်နေသော လယ်ကွင်းပြင်ကြီးကို ကြည့်ကာ အားပါးတရ ရယ်မောလိုက်၏။

“အဲဒီကောင်တွေ ငါ့ကို ဘယ်လိုလုပ် ဖမ်းနိုင်မှာလဲ၊ အသုံးမကျတဲ့ အမှိုက်တွေပဲ”

ယွဲ့ဝေသည် အလွန်ပင် ထောင်လွှားသော အမူအရာဖြင့် စက်ရုံဟောင်းထဲသို့ လျှောက်ဝင်သွား‌တော့သည်။

စက်ရုံထဲတွင် မည်သည့်ပစ္စည်းမှ မကျန်တော့ဘဲ အရာအားလုံး ဗလာကျင်းနေသော်လည်း ယွဲ့ဝေအတွက် ခိုနားစရာ နေရာတစ်ခုရှိလျှင် လုံလောက်နေပြီ ဖြစ်၏။

“ဖိန်လင်မြို့က ပင်လယ်နဲ့နီးတယ်၊ တံငါသည်တွေက ညဘက်ဆို ငါးရှာဖို့ ပင်လယ်ထွက်ကြမှာ သေချာတယ်၊ အခု ငါရှိနေတဲ့နေရာက ပင်လယ်နဲ့ ကီလိုမီတာ လေးဆယ်ကျော်လောက် ဝေးတာဆိုတော့ ဒါက ကိစ္စမရှိဘူး”

ယခုအခါတွင် ည ၁၁ နာရီ ရှိပြီဖြစ်၍ မိမိ၏ အရှိန်ဖြင့်ဆိုလျှင် ငါးနာရီ၊ ခြောက်နာရီအတွင်း ပင်လယ်ကမ်းစပ်သို့ ရောက်နိုင်‌လောက်သည်။

ယွဲ့ဝေမှာ တစ်နေ့လုံး ဘာကိုမျှ မစားရသေးသဖြင့် အားအင်ကုန်ခမ်းနေသော်လည်း သူ၏ စိတ်ဓာတ်ခွန်အားမှာ အံ့ဩစရာ ကောင်းလှပေသည်။

ယခင်က သူသည် အရှေ့မြောက်ပိုင်းရှိ နှင်းဖုံးနေသော တောင်ပေါ်တွင် ငါးရက်တိုင်တိုင် အစာမစားဘဲ နှင်းနှင့် သစ်ခေါက်များကို စားကာ အသက်ရှင်ခဲ့ဖူးသူ ဖြစ်ရာ ယခုအခြေအနေသည် သူ့အတွက် စာမဖွဲ့လောက်ချေ။

ယွဲ့ဝေသည် ပင်ပန်းနေသဖြင့် ခဏတာမျှ နားနေရန် ဆုံးဖြတ်လိုက်သည်။

ရေနုတ်မြောင်းထဲတွင် နှစ်ကီလိုမီတာ တွားသွားရခြင်းမှာ တောင်တက်လမ်း ၂၀ ကီလိုမီတာ လျှောက်ရသည်ထက် ပို၍ ပင်ပန်းသောကြောင့် ဖြစ်၏။

ညအချိန်တွင် ယွဲ့ဝေသည် စက်ရုံဟောင်း၏ နံရံကို မှီကာ တစ်ယောက်တည်း နားနေရင်း အနီးအနားမှ ခူးလာသော အမည်မသိ မြက်ရိုင်းပင်များကို ဝါးစားနေသည်။

ဗိုက်ပြည့်လျှင်ပြီးရော အရသာကိုမူ သူ ဂရုမစိုက်တော့ချေ။

“ပင်လယ်ထွက်ပြီးရင် ဘယ်ကို ငါ သွားရမလဲ၊ အဲဒါက အရေးကြီးတဲ့ မေးခွန်းပဲ”

ယွဲ့ဝေသည် မိမိ ထွက်ပြေးမည့် လမ်းကြောင်းများကို စဉ်းစားနေမိသည်။

သူသည် အခြေအနေ အဆိုးဆုံး ဖြစ်လာပါက တခြားနေရာသို့ ခိုးထွက်ရန် လမ်းကြောင်းများကို ကြိုတင်စဉ်းစားထားပြီးသား ဖြစ်၏။

“အခုတော့ ဒီအတိုင်းပဲ သွားရတော့မှာပဲ”

ယွဲ့ဝေသည် လက်ကို ခါကာ ထရပ်လိုက်သည်။

နာရီဝက်ခန့် ကြာသွားပြီဖြစ်သလို မြက်ရိုင်းများကိုလည်း အတော်လေး စားထားသဖြင့် ဗိုက်ထဲတွင် တစ်စုံတစ်ရာ ရှိသွားပြီ ဖြစ်၏။

အခု ပင်လယ်ကမ်းစပ်သို့ သွားရန် အချိန်တန်ပြီ ဖြစ်သည်။

ထိုစဉ်မှာပင် မည်သူမျှ မရှိသော ဗလာကျင်းနေသည့် စက်ရုံဟောင်းထဲ၌ ခြေသံများကို ရုတ်တရက် ကြားလိုက်ရပြီး ယွဲ့ဝေ၏ မျက်မှောင်များ ချက်ချင်း ကြုတ်သွား၏။

‘ဘယ်သူလဲ ဒီလို စွန့်ပစ်ထားတဲ့ စက်ရုံထဲမှာ ဘယ်သူ ရှိနေတာလဲ’

ယွဲ့ဝေသည် တစ္ဆေ သရဲများကို မယုံကြည်သူ ဖြစ်သဖြင့် ဤသည်မှာ သရဲခြောက်ခြင်း မဟုတ်ကြောင်း သိထား၏။

“လူလား ဒီလိုနေရာကို ဘယ်သူက လာမှာလဲ၊ ရဲတွေများလား အကယ်၍ ရဲတွေဆိုရင် သေချာပေါက် တစ်ယောက်တည်းတော့ လာမှာ မဟုတ်ဘူး”

ယွဲ့ဝေ အသံလာရာဘက်သို့ ကြည့်ကာ အော်လိုက်သည်။

“မင်း ဘယ်သူလဲ၊ ငါ့တည်နေရာကို ဘယ်လိုလုပ် ရှာတွေ့တာလဲ”

ယွဲ့ဝေ၏ လေသံတွင် အံ့ဩမှုများ ပါဝင်နေသည်။

ရေနုတ်မြောင်းထဲမှတစ်ဆင့် ထွက်ပြေးလာသည့် သူ့လမ်းကြောင်းကို မည်သူမှ သိနိုင်စရာ အကြောင်းမရှိချေ။

ထိုအချိန်တွင် ယွဲ့ဝေသည် ခြေထောက်တွင် ပတ်ထားသော ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး တစ်ဖြည်းဖြည်း ထင်ရှားလာသော ထိုလူ၏ ပုံရိပ်ကို အေးစက်စွာ စိုက်ကြည့်နေလိုက်သည်။

ငွေရောင်လမင်းမှာ ကောင်းကင်ယံ၌ မြင့်မားစွာ သာထွန်းနေပြီး လရောင်သည် အပေါက်များမှတစ်ဆင့် အတွင်းသို့ ဖြာကျနေ၏။

ထိုလူသည် လရောင်ကျရာ နေရာသို့ လျှောက်လှမ်းလာအခိုက် မျက်နှာကို မြင်လိုက်ရသည့်အခါ ယွဲ့ဝေ၏ သူငယ်အိမ်များ ကျုံ့သွားပြီး သူ အကြီးအကျယ် အံ့အားသင့်သွားရလေတော့သည်။

All Chapters