← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

127

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လျိုရှောင်လီသည် သူမအခန်း၏ မျက်နှာချင်းဆိုင် အဆောက်အအုံမှ အမျိုးသားတစ်ဦးက သန်းခေါင်ယံအချိန်များတွင် သူမကို စိုက်ကြည့်နေသည်ကို မကြာခဏ တွေ့နေခဲ့ရသည်။

ယွဲ့ဝေ့ ပြန်ရောက်လာပြီဟု ထင်မိကာ လျိုရှောင်လီ အလွန်အမင်း ထိတ်လန့်လာခဲ့၏။

ယွဲ့ဝေ့၏ ရက်စက်ကြမ်းကြုတ်သော လူသတ်မှုများကို သိထားသည့်အတွက် သူမကို နှုတ်ပိတ်သတ်ဖြတ်လိမ့်မည် ဖြစ်ကြောင်းလည်း သူမ ကောင်းကောင်း သိနေသည်။

အခြားရွေးချယ်စရာ မရှိတော့သည့်အဆုံး၌ လျိုရှောင်လီတစ်ယောက် ရဲစခန်းသို့ သွားကာ တိုင်ကြားခဲ့ရသည်။

အပြင်ထွက်သည့်အခါတိုင်းတွင်လည်း ယွဲ့ဝေ့က အရိပ်ထဲမှ ချောင်းကြည့်နေမည်ကို စိုးရိမ်သဖြင့် အစားအသောက် ပို့ဆောင်သူနှင့်အတူ ကပ်၍ အဆောက်အအုံထဲမှ ထွက်ခွာခဲ့ရဖူးသည်။

သူမသည် နေ့ခင်းဘက်တွင်ပင် တစ်ယောက်တည်း လမ်းမလျှောက်ရဲလောက်အောင် ကြောက်လန့်နေခဲ့ရ၏။

ချင်ရန်၏ မဆုတ်မနစ်သော ဖိအားပေး မေးမြန်းမှုအောက်တွင် လျိုရှောင်လီသည် အရာအားလုံးကို ဖွင့်ဟဝန်ခံလိုက်ရသည်။

"ကျွန်မ ထောင်မကျချင်ပါဘူး၊ တကယ် ထောင်မကျချင်တာပါ"

လျိုရှောင်လီ ငိုယိုရင်း ပြောရှာသည်။

ချင်ရန် သူမ၏ ပုခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။

"အခုလို အမှန်အတိုင်း ပြောပြတာက အမှုကို ဖြေရှင်းဖို့ အများကြီး အထောက်အကူ ဖြစ်စေပါတယ်၊ နောက်ပြီး မင်းက လူသတ်သမားဆီက အကျပ်ကိုင်ခံရလို့ လုပ်ခဲ့တာဆိုတော့ အပြစ်ပေးခံရရင်တောင် ပြစ်ဒဏ်က သိပ်မပြင်းထန်နိုင်ပါဘူး"

ချင်ရန် နှစ်သိမ့်စကား ဆိုလိုက်ပြီးနောက် လင်းကုဝေကို အပြင်သို့ ခေါ်ထုတ်ကာ လျိုရှောင်လီ သိသမျှ အကုန်ပြောပြခိုင်းလိုက်သည်။

လင်းကုဝေမှာ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"အရေးကြီးတဲ့ အချက်အလက်တွေ ပါလို့လား"

လျိုရှောင်လီသည် မျက်ဝန်းများ လှုပ်ရှားသွားပြီး ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ သိသမျှ အကုန်ပြောပြလိုက်၏။

သူမ စကားအဆုံးတွင် လင်းကုဝေ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားရသည်။

"ယွဲ့ဝေ့လား၊ မင်းပြောတာ ယွဲ့ဝေ့က မင်းကို ခြိမ်းခြောက် အကျပ်ကိုင်ခိုင်းစေခဲ့တာ ဟုတ်လား"

လင်းကုဝေမှာ မိမိကိုယ်မိမိ နားကြားမှားသည်ဟုပင် ထင်မိသည်။

သူသည် လျိုရှောင်လီကို ယွဲ့ဝေ့၏ ပုံပန်းသဏ္ဌာန်ကို အသေးစိတ် ဖော်ပြခိုင်းရာ သူသိသော လူနှင့် တစ်ထေရာတည်း တူနေသည်ကို တွေ့လိုက်ရ၏။

လင်းကုဝေ၏ ရှုပ်ထွေးနေသော မျက်နှာအမူအရာကို မြင်သဖြင့် ချင်ရန်က မေးလိုက်သည်။

"ဘာဖြစ်လို့လဲ ဦးလေးလင်း၊ သူ့ကို သိလို့လား"

လင်းကုဝေသည် စိတ်ထိန်းမရစွာပင် မျက်နှာပျက်ယွင်းသွားပြီး ရှင်းပြလိုက်၏။

"အရင်က သူက စီအိုင်ဒီရဲ့ လက်ရွေးစင်စုံထောက် တစ်ယောက် ဖြစ်ခဲ့ဖူးတယ်၊ ဒီဌာနမှာ သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး မဖြေရှင်းနိုင်တဲ့ အမှုဟောင်း အမြောက်အမြားကို သူ ဖြေရှင်းပေးခဲ့ဖူးတယ်၊ နောက်ပိုင်းကျတော့ သူက အေးအေးဆေးဆေးပဲ နေချင်တော့တယ်၊ ဒီအလုပ်တွေ မလုပ်ချင်တော့ဘူးဆိုပြီး ပါလီမြစ်ရဲစခန်းကို ပြောင်းသွားတာ"

လင်းကုဝေသည် စိတ်မသက်မသာ ဖြစ်သွားသဖြင့် စကားကို ခေတ္တရပ်လိုက်သည်။

ထို့နောက် စိတ်အခြေအနေကို ပြန်လည်ထိန်းညှိကာ ဆက်ပြော၏။

"နောက်ပိုင်း ဘာဖြစ်ခဲ့လဲဆိုတာတော့ ငါ အကြမ်းဖျင်းပဲ သိတော့တယ်၊ ဂိုဏ်းတစ်ခုကို ကာကွယ်ပေးမှုနဲ့ သူ အလုပ်ထုတ်ခံလိုက်ရတယ် ထင်တယ်၊ ငါ သိထားတဲ့ ယွဲ့ဝေ့က အရမ်းတော်တဲ့သူဆိုတော့ အဲဒီလိုမျိုး လုပ်လိမ့်မယ်လို့ မထင်ခဲ့ဘူး၊ အဲဒီတုန်းက တော်တော်လည်း အံ့ဩသွားခဲ့ရတာ"

"ဒါကြောင့်ကိုး၊ သူက အရင်က စီအိုင်ဒီရဲ့ ထူးချွန်တဲ့ စုံစမ်းစစ်ဆေးရေးမှူး ဖြစ်ခဲ့တာကိုး၊ ဒါကြောင့်လည်း သူ့ရဲ့ တန်ပြန်ထောက်လှမ်းရေး နည်းစနစ်တွေက ဘာအပြစ်အနာအဆာမှ မရှိဘဲ သဲလွန်စတစ်ခုမှ မချန်ထားခဲ့တာ မဆန်းတော့ဘူးပေါ့"

ချင်ရန် ခေါင်းညိတ်ကာ ရေရွတ်လိုက်၏။

ယခု လူသတ်သမားမှာ ယွဲ့ဝေ့ ဖြစ်ကြောင်း သိလိုက်ရပြီ ဖြစ်သော်လည်း သူ ဘယ်မှာရှိနေသနည်း ဆိုသည်မှာ အကြီးမားဆုံး ပြဿနာ ဖြစ်နေသည်။

မည်သူမျှ သူ့အား မည်သို့ ရှာရမလဲကို မသိကြချေ။

"သူက စီအိုင်ဒီမှာ လူချစ်လူခင် အများဆုံးပဲ ပြီးတော့ ငါ့နေရာကို ဆက်ခံဖို့တောင် သူက အလားအလာ အရှိဆုံးသူ ဖြစ်ခဲ့တာ"

လင်းကုဝေမှာ အတိတ်ကို ပြန်တွေးရင်း ခပ်တိုးတိုး ရေရွတ်နေမိသည်။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ သူက ဘယ်လိုလုပ် လူသတ်သမား ဖြစ်နေရတာလဲ"

မိမိနှင့် နေ့စဉ်အတူ ဖြတ်သန်းခဲ့ဖူးသော လုပ်ဖော်ကိုင်ဖက်ဟောင်းမှာ ယခုအခါ စိတ္တဇလူသတ်သမား ဖြစ်နေသည်ကို သူ့အတွက် လက်ခံနိုင်ရန်မှာ အတော့်ကို ခက်ခဲနေ၏။

ချင်ရန်က လင်းကုဝေ၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။

"အများကြီး မတွေးပါနဲ့ဦး၊ အရင်ဆုံး ယွဲ့ဝေ့ ဘယ်မှာရှိလဲဆိုတာ ကျွန်တော်တို့ ရှာကြရအောင်"

ထိုအခါ လင်းကုဝေ ခေါင်းခါလိုက်၏။

"လျိုရှောင်လီ အခုလေးတင် ပြောလိုက်တဲ့ အချက်က အရမ်းအရေးကြီးတယ်၊ ယွဲ့ဝေ့က ကလဲ့စားချေဖို့အတွက် ဒီလူတွေကို သတ်တာ၊ ငါ မှတ်မိသလောက်ဆိုရင် သူ ပါလီမြစ်ကနေ အထုတ်ခံရတဲ့ အကြောင်းရင်းက ဂိုဏ်းတစ်ခုကို ကာကွယ်ပေးလို့ပဲ၊ အဲဒီနောက်မှာ အဲဒီဂိုဏ်းထဲက လူတစ်ယောက်က သူ့ကို ပြန်ဖော်လိုက်လို့ သူ အလုပ်ပြုတ်သွားတာ"

လင်းကုဝေက ယွဲဝေ့၏ လူသတ်ရသည့် အကြောင်းရင်းကို တွက်ဆကြည့်လိုက်သည်။

"အခု သူ ဘာလို့ ဒီအမျိုးသမီးတွေကို သတ်လဲဆိုတာ ငါတို့ သိပြီထင်တယ်"

လင်းကုဝေသည် လျိုရှောင်လီကို ခေါ်ဆောင်သွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် သူမသည် ယွဲ့ဝေ့၏ လူသတ်မှုများတွင် ပါဝင်ပတ်သက်သူ ဖြစ်သဖြင့် ယခုအခါ သံသယရှိသူအဖြစ် ဖမ်းဆီးခံလိုက်ရပြီ ဖြစ်သောကြောင့်ပင်။

မှုခင်းအဖွဲ့က ဖြစ်ပွားရာ နေအိမ်ခန်းကို ချိပ်ပိတ်လိုက်ကြ၏။

လျိုရှောင်လီက သူမတို့ မထွက်ခွာမီ ချင်ရန်ကို တောင်းဆိုခဲ့သည်။

"ကျွန်မမှာ အခန်းဖော် နှစ်ယောက် ရှိတယ်၊ သူတို့ တစ်ခုခုဖြစ်သွားမှာကို ကျွန်မ စိုးရိမ်တယ်၊ သူတို့ကို သွားပြီး ကာကွယ်ပေးလို့ ရမလား"

ချင်ရန်ကလည်း လျိုရှောင်လီ၏ တောင်းဆိုမှုကို လက်ခံလိုက်သည်။

သူ့ထံတွင် လျိုရှောင်လီ ပေးထားသည့် သော့ရှိသဖြင့် ထိုအခန်းထဲသို့ အချိန်မရွေးပင် ဝင်နိုင်၏။

လင်းကုဝေတို့ အဖွဲ့ထွက်သွားပြီးနောက် ချင်ရန်သည် ရှကျဲနှင့်အတူ လျိုရှောင်လီ၏ နေအိမ်သို့ သွားရန် ပြင်ဆင်လိုက်သည်။

လမ်းတစ်လျှောက်တွင် ချင်ရန်သည် လသာဆောင်ရှိ တွဲလောင်းကျနေသော အမျိုးသမီးအလောင်းက အဘယ်ကြောင့် လျိုရှောင်လီ၏ အခန်းဘက်သို့ စိုက်ကြည့်နေရသနည်း ဆိုသည်ကိုသာ စဉ်းစားနေမိ၏။

ချင်ရန်မှာ ရာဇဝတ်မှုဖြစ်ရပ် ပြန်လည်မြင်ယောင်နိုင်စွမ်းကို မရရှိသေးသဖြင့် နောင်တရမိသည်။

အကယ်၍ ထိုစွမ်းရည်သာ ရှိပါက မှုခင်းဖြစ်ပွားချိန်သို့ ပြန်သွားပြီး အလောင်း၏ အခြေအနေကို ချက်ချင်း သိနိုင်မည်ဖြစ်ကြောင်း နှမြောတသ ဖြစ်နေမိသည်။

'အခင်းဖြစ်တဲ့နေရာမှာ ဘာသက်သေမှ မကျန်ခဲ့ဘူး၊ ဒါက ဖြစ်နိုင်ခြေ နှစ်ခုပဲ ရှိတယ်၊ လူသတ်သမားက သက်သေတွေကို အစဖျောက်သွားတာ ဒါမှမဟုတ် ဒီအခန်းက အလောင်းလာစွန့်ပစ်တဲ့ နေရာပဲ ဖြစ်ရမယ်၊ ဒီလောက် အကွာအဝေးကဆိုရင် ယွဲ့ဝေ့က နည်းလမ်းတစ်ခုခု သုံးပြီး အလောင်းကို ဒီအခန်းမှာ လာပြီး စွန့်ပစ်တာမျိုးများ ဖြစ်နိုင်မလား'

သူ့စိတ်ထဲတွင် စုံထောက်ဝတ္ထုများမှ ရာဇဝတ်မှု ကျူးလွန်ပုံများကို ပြန်တွေးကာ ဆင်ခြင်နေမိ၏။

သူနှင့် ရှကျဲတို့သည် လျိုရှောင်လီ၏ အခန်းရှေ့သို့ ရောက်ရှိလာကြသည်။

သော့ရှိသဖြင့် တံခါးဖွင့်ဝင်လိုက်ရာ အခန်းထဲတွင် အချဉ်နံ့များ နံစော်နေပြီး အမျိုးသမီး ခြေအိတ်ရှည်များနှင့် အတွင်းခံများ နေရာအနှံ့ ပြန့်ကျဲနေသည်ကို တွေ့ရသဖြင့် သူတို့နှစ်ဦးလုံး မျက်မှောင်ကြုတ်လိုက်မိ၏။

"မိန်းကလေးတွေက တစ်ကိုယ်ရေ သန့်ရှင်းရေး သိပ်မလုပ်ကြဘူးပဲ"

ရှကျဲက မှတ်ချက်ပေးလိုက်သည်။

သူတို့သည် လျိုရှောင်လီ၏ အခန်းကို အနှံ့အပြား ရှာဖွေခဲ့သော်လည်း အသုံးဝင်သော အချက်အလက် မတွေ့ရချေ။

အခြားအခန်းဖော် နှစ်ယောက်မှာမူ တံခါးများကို တင်းတင်းစေ့ထားပြီး အတွင်းမှ ဟောက်သံများပင် ကြားနေရ၏။

သူတို့သည် တစ်ညလုံး ကဲထားကြသဖြင့် အလွန်ပင် ပင်ပန်းနေကြပုံရသည်။

ညနေစောင်းသည်အထိ ရှာဖွေခဲ့သော်လည်း အသုံးဝင်သော သက်သေ တစ်ခုမျှ မတွေ့ခဲ့ရပေ။

"ချင်ရန် ပြန်ကြရအောင်၊ ယွဲ့ဝေ့က ဒီကို လုံးဝ လာပုံမရဘူး"

"ဖြစ်နိုင်ပါတယ်"

ချင်ရန် ခေါင်းညိတ်လိုက်ပြီး သူ၏ ယခင်အတွေးကို လက်လျှော့လိုက်သည်။

အစက ချင်ရန်သည် ယွဲ့ဝေ့မှာ လျိုရှောင်လီ အခန်း၌ ခိုအောင်းနေနိုင်သည်ဟု ထင်ခဲ့သော်လည်း သူ၏ ရာဇဝတ်မှု ရေဒါက အချက်မပေးသဖြင့် ယွဲ့ဝေ့သည် ဤနေရာ၌ မရှိသည်မှာ သေချာ၏။

ထို့အပြင် ချင်ရန်သည် အခန်းထဲမှ ပစ္စည်းအားလုံးကို သေချာစစ်ဆေးခဲ့သော်လည်း အမျိုးသားသုံး ပစ္စည်းတစ်ခုမျှ မတွေ့ရှိခဲ့ပေ။

'ယွဲ့ဝေ့ ဒီမှာ မရှိဘူးဆိုရင် သူ ဒီအနီးအနား တစ်ဝိုက်မှာပဲ ရှိနေမှာ၊ မဟုတ်ရင် လျိုရှောင်လီကို ခြိမ်းခြောက်စာ ပို့နိုင်မှာ မဟုတ်ဘူး'

ချင်ရန် စိတ်ထဲမှာ တွေးနေမိသည်။

ညနေစောင်းသွားပြီဖြစ်၍ ချင်ရန်နှင့် ရှကျဲတို့သည် အလွန် ပင်ပန်းနေကြပြီ ဖြစ်သည်။

သူတို့သည် ပြန်သွားပြီး ကိုယ်လက်သန့်စင်ကာ ထမင်းစားပြီးမှ နောက်နေ့တွင် ဆက်လက်စုံစမ်းရန် ဆုံးဖြတ်လိုက်ကြ၏။

ချင်ရန်နှင့် ရှကျဲတို့သည် အဆောက်အအုံထဲမှ ထွက်လာပြီး အပြင်သို့ လျှောက်လာခဲ့ကြသည်။

သို့သော် ပင်မဂိတ်ဝသို့ ရောက်ခါနီးတွင် ရှကျဲက အော်လိုက်သည်။

"အလို ဒုက္ခပဲ"

"ဘာဖြစ်လို့လဲ"

ချင်ရန်က မေးလိုက်၏။

"ငါ့ဖုန်း ကျန်ခဲ့လို့၊ လျိုရှောင်လီရဲ့ အခန်းထဲမှာ ကျန်ခဲ့တယ်"

ရှကျဲက အားနာစွာဖြင့် ပြောလေသည်။

"ကိစ္စမရှိပါဘူး၊ ပြန်သွားယူကြတာပေါ့"

ချင်ရန် အသာအယာ ခေါင်းညိတ်ပြလိုက်ကာ နှစ်ယောက်သား အခန်းရှိရာသို့ ပြန်တက်ခဲ့ကြ၏။

ချင်ရန်သည် လျိုရှောင်လီ၏ အဆောက်အအုံအောက်သို့ ရောက်သည်နှင့် စနစ်၏ အချက်ပေးသံ ရုတ်တရက် မြည်လာတော့သည်။

“ဒင် S-အဆင့် ရာဇဝတ်ကောင်ကို တွေ့ရှိပါသည်၊ တည်နေရာကို ပိုင်ရှင်ကို ပြသနေပါသည်”

ထိုခဏ၌ ချင်ရန်၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွား၏။

S-အဆင့် ရာဇဝတ်ကောင်ဆိုတာ တကယ်ပဲ ဒီလောက်တောင် ကြောက်စရာ ကောင်းနေတာလား။

128

ရာဇဝတ်မှုရှာ‌ဖွေရေးရေဒါ စနစ်ကို အသက်သွင်းပြီးကတည်းက ချင်ရန်အနေနှင့် S-အဆင့် ရာဇဝတ်သားမျိုးနှင့် တစ်ခါမျှ မဆုံခဲ့ဖူးချေ။

ယခင်က သူသည် A-အဆင့် ရာဇဝတ်သားများနှင့် ဆုံဖူးသော်လည်း ထိုသူများမှာပင် အလွန်တရာ ရက်စက်ကြမ်းကြုတ်သည့် အဆင့်တွင် ရှိနေကြပြီ ဖြစ်သည်။

ဤ S-အဆင့် ရာဇဝတ်သားမှာ မည်မျှအထိ ကြောက်စရာကောင်းနေမည်နည်းဟု သူ့မှာ တွေးတောနေမိ၏။

ထို့အပြင် ချင်ရန်၏ အာရုံခံစားမှုအရ ဤ S-အဆင့် ရာဇဝတ်သားမှာ လက်ရှိတွင် အဆောက်အအုံ၏ စတုတ္ထထပ်၌ ရှိနေသည်ကို ခံစားမိလိုက်သည်။

တစ်ခဏချင်းမှာပင် ချင်ရန်၏ မျက်နှာထားမှာ ရုတ်ချည်း ပြောင်းလဲသွားရ၏။

လျိုရှောင်လီ၏ အခန်းကလွဲလျှင် တခြားမည်သည့်နေရာ ဖြစ်နိုင်ပါဦးမည်နည်း။

ဘယ်သူကများ S-အဆင့် ရာဇဝတ်သား ဖြစ်နိုင်‌လောက်သနည်း။

ယွဲ့ဝေများ ဖြစ်နိုင်မလား။

“သွားစို့၊ မြန်မြန်သွားရအောင်”

ချင်ရန် အော်ဟစ်ကာ အရှေ့သို့ အရှိန်ဖြင့် ပြေးထွက်သွားရာ ရှကျဲမှာမူ ဇဝေဇဝါဖြင့် ကျန်ရစ်ခဲ့သည်။

ဖုန်းပြန်ယူရန် လာခဲ့ကြခြင်းကို ဘာကြောင့် ချင်ရန်က ဤမျှအထိ အတည်ပေါက် ဖြစ်သွားရသနည်းဟု သူတွေးနေမိ၏။

ချင်ရန် တစ်ခုခုကို သတိထားမိသွား၍လားဟု တွေးရင်း ရှကျဲလည်း နောက်မှ အမြန်လိုက်သွားရတော့သည်။

တစ်ချိန်တည်းမှာပင် အနက်ရောင်ဦးထုပ်ဆောင်းပြီး နှာခေါင်းစည်း တပ်ထားသည့် အရပ်ရှည်ရှည် အမျိုးသားတစ်ဦးသည် အခန်းနံပါတ် ၄၀၄ ထဲသို့ ဝင်ရောက်နေပြီ ဖြစ်သည်။

“တောက် အဲဒီကောင်မကို ခေါ်သွားကြပြီပဲ”

ထိုလူ၏ လေသံတွင် နောင်တရသည့် အရိပ်အယောင်များ ပါဝင်နေသည်။

သူသည် သူမကို အစောကြီးကတည်းက ရှင်းပစ်ခဲ့သင့်သည်ဟု တွေးမိလိုက်၏။

ယခုတွင်မူ ရဲများက သူမကို ခေါ်သွားပြီဖြစ်ရာ သူမ အကုန်လုံးကို ဖွင့်ပြောတော့မှာ သေချာသည်။

“အခန်းထဲမှာ နောက်ထပ်လူတွေ ရှိနေသေးပုံပဲ၊ သူတို့ကိုပါ တစ်ခါတည်း ရှင်းပစ်ရမယ်”

ဤသူကား ယွဲ့ဝေ ပင်ဖြစ်သည်။

သူသည် တစ်ယောက်တည်း ရေရွတ်ရင်း လက်ထဲမှ ဓားမြှောင်ကို ထုတ်ကာ အခန်းများရှိရာသို့ လျှောက်သွားလိုက်၏။

ယွဲ့ဝေသည် သော့ဖွင့်သည့်ပညာတွင် ကျွမ်းကျင်သူဖြစ်ရာ ဝါယာကြိုးတစ်ချောင်းတည်းဖြင့် တံခါးကို အလွယ်တကူ ဖွင့်နိုင်ခဲ့သည်။

အခန်းထဲတွင်မူ မိန်းကလေးငယ်တစ်ဦးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေ၏။

သူမမှာ တော်တော်လေးငယ်ပြီး အလွန်အိပ်မောကျနေပုံရသည်။

မနေ့ညက မည်မျှပင် ပင်ပန်းထား၍ ဤမျှအိပ်နေရပါသနည်း။

“အိုးဟိုး တော်တော်လေးကို ချစ်ဖို့‌ကောင်းတာပဲ”

ယွဲ့ဝေ၏ မျက်ဝန်းထဲတွင် ရမ္မက်ဇောများ ပြည့်လျှံလာပြီး စိတ်ကူးများ ပြောင်းလဲသွားခဲ့သည်။

သူမအား လောလောဆယ်တွင် မသတ်သေးဘဲ အလှတရားများကို စိတ်ကြိုက် စားသုံးပြီးမှ သတ်ပစ်မည်ဟု ဆုံးဖြတ်လိုက်၏။

ယွဲ့ဝေသည် အခန်းတံခါးကို အတွင်းမှ အသာအယာ ပြန်ပိတ်လိုက်သည်။

ထို့နောက် သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးဖြင့် အိပ်ပျော်နေသော မိန်းကလေးအပေါ်သို့ အုပ်မိုးလိုက်၏။

အိပ်မောကျနေသည့် မိန်းကလေးမှာမူ လေးလံသည့်အရာတစ်ခုက ဖိထားသကဲ့သို့ ခံစားရပြီး အသက်ရှူရ ခက်ခဲလာသည်။

တစ်စုံတစ်ယောက်မှ မိမိအဝတ်အစားများကို ချွတ်နေသကဲ့သို့ ခံစားလိုက်ရ၏။

‘ဘယ်သူလဲ ဘယ်သူက ငါ့အင်္ကျီတွေကို ဆွဲချွတ်နေတာလဲ’

မိန်းကလေးက အိပ်ချင်မူးတူးဖြစ်နေသည့် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်ရာ မိမိအပေါ်တွင် ရမ္မက်ဇောဖြင့် စိုက်ကြည့်နေသည့် အရပ်ရှည်ရှည် လူကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုခဏ၌ မိန်းကလေးမှာ ရှိသမျှအားဖြင့် အသံကုန် အော်ဟစ်လိုက်တော့၏။

“အား ရှင် ဘယ်သူလဲ၊ ဘာလို့ ကျွန်မအိပ်ရာပေါ် ရောက်နေတာလဲ ထွက်သွား”

“‌ကောင်မ ပါးစပ်ပိတ်ထားစမ်း”

ယွဲ့ဝေ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ထိုမိန်းကလေး၏ ပါးကို အားပြင်းပြင်းဖြင့် ရိုက်ချလိုက်သည်။

အားပါလှသည့် ရိုက်ချက်ကြောင့် မိန်းကလေး၏ ပါးစပ်မှ သွေးများ စီးကျလာပြီး မျက်လုံးထဲတွင် ပြာဝေသွားကာ အမြင်အာရုံများ ဝေဝါးသွားရ၏။

*ဗြိ*

ဤသည်ကို အခွင့်ကောင်းယူကာ ယွဲ့ဝေက မိန်းကလေး၏ အင်္ကျီကို ကြမ်းတမ်းစွာ ဆွဲဖြဲလိုက်သည်။

ယွဲ့ဝေ၏ အပြုအမူများမှာ ရက်စက်လှရာ တားဆီးချိန်ပင် မရတော့ချေ။

“တောင်းပန်ပါတယ် ကျွန်မကို လွှတ်ပေးပါ၊ လွှတ်ပေးပါနော်”

မိန်းကလေးမှာ မျက်ရည်စက်လက်ဖြင့် လက်အုပ်ချီကာ တောင်းပန်နေရုံမှအပ ဘာမှ မတတ်နိုင်တော့သည်။

“ပါးစပ်ပိတ်ထားစမ်း၊ သောက်ပိုတွေ လာမပြောနဲ့၊ နိုက်ကလပ်မှာ အလုပ်လုပ်နေပြီး လူတကာနဲ့ ပတ်ရှုပ်နေတဲ့ နင်တို့လို မိန်းမတွေက ဘာတွေ လာဟန်ဆောင်နေတာလဲ ဟားဟား”

ယွဲ့ဝေက မထီမဲ့မြင် ပြောလိုက်၏။

“ကဲ ဒီက အစ်ကိုကြီးနဲ့ နောက်ဆုံးအဆင့်ကို သွားရအောင်၊ ခဏလေးပါပဲ လိမ္မာတယ်နော်”

သို့သော် ထိုအချိန်တွင် ချင်ရန်သည် လျို‌ရှောင်ရီ၏ အခန်းရှေ့သို့ ရောက်ရှိလာသည်။

အခန်းထဲမှ အသံတစ်ခုကို ခပ်သဲ့သဲ့ ကြားလိုက်ရပြီး ရှာဖွေရေးရေဒါကလည်း ထိုအခန်းကိုပင် ညွှန်ပြနေ၏။

“ချင်ရန် အဲဒါ အခန်းထဲက အသံလား”

ရှကျဲ၏ မျက်နှာ အမူအရာ ပျက်သွားသည်။

“ဟုတ်တယ်၊ အဲဒီအခန်းထဲမှာ လူရှိနေတယ်၊ တံခါးကို ဖျက်ပစ်ရမယ်၊ အဲဒီ တိရစ္ဆာန်ကို ဆက်ပြီး ရမ်းကားခွင့် ပေးလို့မဖြစ်ဘူး”

ချင်ရန် တံခါးကို စိုက်ကြည့်ကာ အရှိန်ယူပြီးနောက် အားကုန် ကန်ထည့်လိုက်သည်။

*ဝုန်း*

ကန်ချက်ပြင်းထန်သဖြင့် တံခါးမှာ ပွင့်ထွက်သွား၏။

စော်ကားရန် ကြိုးစားနေသော ယွဲ့ဝေသည် ကျယ်လောင်သော အသံကြောင့် ချက်ချင်း အနောက်သို့ လှည့်ကြည့်လိုက်ရာ ယူနီဖောင်းဝတ် ရဲအရာရှိ နှစ်ဦးကို မြင်လိုက်ရသည်။

“ဟင် ရဲတွေလား၊ ဘာလို့ ဒီကို ရောက်နေတာလဲ”

ယွဲ့ဝေမှာ ထိတ်လန့်သွား၏။

ရဲနှစ်ယောက် အဝေးသို့ ထွက်သွားသည်ကို သူ သေချာစောင့်ကြည့်ပြီးမှ ပြန်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုရဲနှစ်ယောက်က မည်သို့ ပြန်ရောက်လာသနည်း။

ယွဲ့ဝေသည် အတွေ့အကြုံရှိသော ရာဇဝတ်သားဖြစ်သည့်အလျောက် လွတ်လမ်းမရှိတော့သည်ကို ချက်ချင်း သိလိုက်၏။

သူသည် မိန်းကလေးကို ဆွဲယူကာ လည်ပင်းကို တင်းကျပ်စွာ ညှစ်ထားလိုက်ပြီး ကြိမ်းဝါးလိုက်သည်။

“မင်းတို့ တစ်လှမ်း ထပ်တိုးလာရင် သူ့ကို ငါ သတ်ပစ်မယ်”

ချင်ရန် ခြေလှမ်းများကို ရပ်တန့်လိုက်ရသည်။

ယွဲ့ဝေ၏ မျက်လုံးများမှာ ပြောသည့်အတိုင်း လုပ်မည့်ပုံစံ ဖြစ်နေ၏။

“မင်းတို့ရဲနှစ်ယောက်က အလုပ်သင်တွေနဲ့ တူတယ်နော်၊ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတယ်”

ယွဲ့ဝေက လှောင်ပြုံးပြုံးရင်း မေးလိုက်သည်။

“မင်းတို့ ဂိတ်ဝအထိ လျှောက်သွားတာကို ငါ သေချာမြင်လိုက်တာ၊ ဘာလို့ ပြန်လှည့်လာတာလဲ၊ စောင့်ကြည့်ကင်မရာတွေ တပ်ထားလို့လား”

ယွဲ့ဝေက သူ့ဘာသာသူ မေးပြီး ပြန်ဖြေနေ၏။

“မဟုတ်သေးဘူး၊ လျိုရှောင်လီက ဒီနေ့မှ ရဲတိုင်တာဆိုတော့ မင်းတို့ ကင်မရာတပ်ဖို့ အချိန်မရှိပါဘူး”

ချင်ရန် ယွဲ့ဝေအား စိုက်ကြည့်နေသည်။

သူသည် တံခါးဝတွင် ရှိနေပြီး ယွဲ့ဝေနှင့် လေးမီတာခန့် အကွာတွင် ရှိ၏။

ယွဲ့ဝေ၏ လက်မောင်းမှာ မိန်းကလေး၏ လည်ပင်းကို တင်းကျပ်စွာ ပတ်ထားရာ မိန်းကလေးမှာ ငိုယိုရင်း ရုန်းကန်နေရှာသည်။

“အလုပ်သင်ရဲတွေ လက်ထဲမှာ မိသွားတာပေါ့လေ ဒါပေမဲ့ မင်းတို့ အခု ဘာလုပ်နိုင်မှာလဲ”

ယွဲ့ဝေက မထီမဲ့မြင်ကြည့်ရင်း ပြုံးလိုက်သည်။

ထိုအချိန်တွင် ဧည့်ခန်း၏ အခြားတစ်ဖက်မှ တံခါးဖွင့်သံ ထွက်ပေါ်လာ၏။

“ဘာတွေ ဖြစ်နေတာလဲ ဆူညံနေတာပဲ! အိပ်လို့တောင် မရဘူး”

ညအိပ်ဝတ်စုံနှင့် မိန်းကလေးတစ်ဦးမှာ မျက်လုံးပွတ်ရင်း ထွက်လာရာမှ မြင်ကွင်းကို ကြည့်ပြီး အလန့်တကြား အော်ဟစ်တော့သည်။

“နောက်ဆုတ်လိုက်၊ ဆက်မအော်နဲ့တော့”

ချင်ရန်က ထိုမိန်းကလေးအား အော်ပြောလိုက်၏။

ထိုမိန်းကလေးမှာ အခန်းဖော် နောက်တစ်ယောက် ဖြစ်သည်။

ယွဲ့ဝေ မျက်မှောင်ကြုတ်လိုက်၏။

သူသည် အချိန်ဆွဲနေ၍ မဖြစ်တော့ကြောင်း သိလိုက်သည်။

“မင်းတို့နှစ်ယောက် အဲဒီမှာပဲ ငြိမ်ငြိမ်နေ၊ မဟုတ်ရင်”

ယွဲ့ဝေသည် မိန်းကလေး၏ လည်ပင်းကို ပို၍ တင်းကျပ်လိုက်သည်။

ချင်ရန်နှင့် ရှကျဲတို့မှာ ငြိမ်ငြိမ်လေး စောင့်ကြည့်နေရုံမှလွဲ မတတ်နိုင်ပေ။

ယွဲ့ဝေသည် အနောက်သို့ တဖြည်းဖြည်း ဆုတ်ရင်း ပြတင်းပေါက်ဆီသို့ ဦးတည်လိုက်သည်။

‘ယွဲ့ဝေက ပြတင်းပေါက်ကနေ ခုန်ချဖို့ ကြံစည်နေတာလား၊ ဒါက စတုတ္ထထပ်လေ’

“နှုတ်ဆက်ခဲ့ပါတယ် အလုပ်သင်လေးတို့ရေ”

ယွဲ့ဝေက ပြုံးပြကာ ပြတင်းပေါက်မှ အပြင်ဘက်သို့ ခုန်ချလိုက်တော့သည်။

“တောက်”

ချင်ရန်၏ မျက်လုံးများမှာ ဒေါသကြောင့် နီရဲသွား၏။

ယွဲ့ဝေသည် မိန်းကလေးကို လူသားကူရှင်အဖြစ် သုံးရန် အတူခေါ်၍ ခုန်ချသွားခြင်း ဖြစ်သည်။

*ဘုန်း*

ချင်ရန်သည် ပြတင်းပေါက်ဆီသို့ အပြေးသွားပြီး ငုံ့ကြည့်လိုက်ရာ မိန်းကလေး၏ ခန္ဓာကိုယ်မှာ သွေးကွက်ကြီးပေါ်၌ ငြိမ်သက်စွာ လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

ယွဲ့ဝေ၏ လွတ်မြောက်မှုအတွက် သူမ အသုံးချခံလိုက်ရပြီ ဖြစ်သည်။

ချင်ရန်၏ ရင်ထဲ၌ ခံပြင်းမှုများ ဗလောင်ဆူလာပြီး မျက်လုံးများတွင် ဒေါသတရားများ တောက်လောင်လာတော့သည်။

“ယွဲ့ဝေ ငါ ကျိန်ဆိုတယ်၊ မင်း ဘယ်ဘဝ ရောက်ရောက် ငါ့လက်က ဘယ်တော့မှ ပြေးမလွတ်စေရဘူး”

All Chapters