အခန်း (၂၃၅-၂၃၆)
Vol. 24 Ch. 235-236
အခန်း။ ၂၃၅
စုန်ယန်သည် ထိုသတ္တဝါအတွက် သေလောက်အောင် ဆွဲဆောင်မှုရှိနေသည့်အလား ခံစားလိုက်ရသည်။
ဤဝိညာဉ်သတ္တဝါမှာ ဤနေရာ၌ နှစ်ပေါင်းမည်မျှကြာအောင် ချိပ်ပိတ်ခံထားရသည်ကို မည်သူမျှမသိနိုင်ချေ။ မှောင်မိုက်လွန်းလှသဖြင့် မည်သူမျှ သတိမပြုမိဘဲ ငြိမ်သက်နေခဲ့ခြင်း ဖြစ်
နိုင်သော်လည်း ယခုမူ စုန်ယန်၏ နှောင့်ယှက်မှုကြောင့် အလင်းဘက်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
အချိန်ကာလကြီးမှာ နှေးကွေးသွားသကဲ့သို့ ခံစားလိုက်ရပြီး လေထဲသို့ ပျံတက်လာသည်မှာ အရိုးစုတစ်ခုတည်း မဟုတ်ဘဲ အရိုးစုသုံးခု ပေါင်းစပ်ထားသောအရာတစ်ခု ဖြစ်နေသည်။
ထိုအရိုးစုတွင် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ပါရှိသော်လည်း ပုံမှန်သိထားကြသည့် အချိုးအစားကျနသော ပုံစံမျိုးမဟုတ်ဘဲ စည်းစနစ်မရှိသော ဦးခေါင်းခွံမိစ္ဆာကြီးတစ်ခု ဖြစ်နေသည်။
လေထဲတွင် ဝဲပျံနေသော ထိုဦးခေါင်းခွံမိစ္ဆာ၏ ခေါင်းနှစ်လုံးမှာ စုန်ယန်ဘက်သို့ မျက်နှာမူထားပြီး မျက်ဝန်းအိမ်များအတွင်း၌ အနီရောင်အငွေ့အသက်များ ပြည့်နှက်နေသည်။ နောက်ဆုံးခေါင်းတစ်ခုမှာမူ စုန်ယန်နှင့် ဆန့်ကျင်ဘက်သို့ မျက်နှာမူထား၏။
အကယ်၍ စုန်ယန်သာ ခရမ်းရောင်နန်းတော်အဆင့်သို့ မရောက်ရှိသေးပါက ဤဝိညာဉ်သတ္တဝါနှင့် ရင်ဆိုင်ရလျှင် နောက်လှည့်ပြေးမိပေလိမ့်မည်။
သို့သော် ယခုမူ စိတ်အာရုံတစ်ခုအတွင်းမှာပင် လေဟာနယ်ထဲမှ အရိပ်နှစ်ခု ပေါ်ထွက်လာသည်။ စုန်ယန်က အနည်းငယ် နောက်ဆုတ်လိုက်စဉ် သူ၏ သွေးနီရောင်နန်းတော်နှောင်းပိုင်း စွမ်းအားများ ကိန်းအောင်းနေသည့် ထိုအရိပ်နှစ်ခုမှာ ရှေ့သို့ ချက်ချင်းခုန်အုပ်လိုက်ကြသည်။
သို့သော် မျှော်လင့်ထားသည့် ပြင်းထန်သော ရိုက်ခတ်သံမှာ ပစ်မှတ်ထံမှ ထွက်ပေါ်မလာဘဲ ဝေးကွာသော ကျောက်နံရံတစ်ခုပေါ်သို့သာ ကျရောက်သွားသဖြင့် မြေပြင်မှာ တုန်ခါသွားပြီး ကျောက်တုံးများ ပြိုကျကာ ဖုန်မှုန့်များ ထလာသည်။
ဖုန်လုံးများကြားမှ ကြောက်မက်ဖွယ်ကောင်းသော အနီရောင်အရိပ်တစ်ခုသည် ဖော်ပြ၍မရနိုင်လောက်သော အရှိန်အဟုန်ဖြင့် သူ့ထံသို့ ပြေးဝင်လာသည်။ ထိုဦးခေါင်းခွံမိစ္ဆာသည် သူ၏တိုက်ကွက်ကို အမှန်တကယ်ပင် ရှောင်တိမ်းနိုင်ခဲ့ခြင်းပင်။
ထိုအချိန်၌ ၎င်း၏ အရှိန်၊ အတတ်ပညာနှင့် စွမ်းအားတို့မှာ ထိတ်လန့်ဖွယ်ရာ အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ဝူး...
မိစ္ဆာသွေးအရိုးလက်ကြီးသည် စုန်ယန်၏ မျက်နှာထံသို့ တည့်တည့်မတ်မတ် ဦးတည်လာပြီး အရိုးအဆစ်များကြားမှ သွေးရောင်ရဲနေသော သတ်ဖြတ်ခြင်းအရည်ကြည်များ ပန်းထွက်လာကာ စုန်ယန်ကို အလုံးစုံ လွှမ်းခြုံသွားတော့သည်။
ဤသတ်ဖြတ်ခြင်းအရည်ကြည်များ၏ ပမာဏမှာ မိစ္ဆာနယ်မြေမှ မြေကမ္ဘာစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်စဉ်ကထက်ပင် ပိုမိုများပြားနေသည်။
နောက်တစ်ခဏတွင်...
ဝုန်း
ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ သောင်းကျန်းနေသော မိစ္ဆာအငွေ့အသက်များမှာလည်း ရုတ်တရက် ပျံ့နှံ့သွားတော့သည်။
ဦးခေါင်းခွံမိစ္ဆာကြီးမှာ အပိုင်းပိုင်းအစစ ကြေမွသွားခဲ့ပြီဖြစ်သည်။ သို့သော် စုန်ယန်မှာ အောင်မြင်မှုအတွက် ဝမ်းမသာနိုင်သေးပေ။ အကြောင်းမှာ ဖုန်မှုန့်များကြားမှ အနီရောင်မှုန့်အချို့မှာ အသက်ဝင်နေသကဲ့သို့ ပျံတက်လာပြီး သူ့ထံသို့ ဦးတည်တိုးဝင်လာနေသည်ကို မြင်လိုက်ရသောကြောင့်ပင်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် လက်ကိုမြှောက်လိုက်ပြီး ခေါင်းတလားတစ်ခုကို တိုက်ရိုက်ဆင့်ခေါ်လိုက်သည်။
ဝုန်း
ခေါင်းတလားအဖုံး ပွင့်သွားပြီး စီကုန်းရင်၏ ရုပ်အလောင်း ပေါ်ထွက်လာသည်။ စုန်ယန်သည် ညာဘက်လက်ကို အားဖြင့် မြှောက်လိုက်ပြီး ထိုအနီရောင်မှုန့်များကို အမြန်ဆုံး လှမ်း၍ ဖိတ်ခေါ်လိုက်သည်။
အနီရောင်မှုန့်များ၏ အရှိန်မှာ နှေးကွေးသွားပြီး လမ်းကြောင်းမှာလည်း တွန့်လိမ်ကောက်ကွေးသွားကာ စုန်ယန်အစား စီကုန်းရင်၏ ရုပ်အလောင်းထံသို့ပြောင်းလဲသွားခဲ့သည်။
သို့သော် ထိုအနီရောင်မှုန့်များမှာ မကျေနပ်နိုင်သေးဘဲ စုန်ယန်ထံသို့သာ ဆက်လက်တိုးဝင်ရန် ကြိုးစားနေဆဲပင်။
ခေတ္တမျှ အားပြိုင်ပြီးနောက်တွင်မူ ၎င်းတို့သည် စီကုန်းရင်၏ ရုပ်အလောင်းအတွင်းသို့ တိုးဝင်သွားကြတော့သည်။ မူလက ပိတ်ထားသော စီကုန်းရင်၏ မျက်လုံးများမှာ ရုတ်တရက် ပွင့်လာပြီး မျက်လုံးအိမ်များမှာ ဟိုဟိုဒီဒီ လည်ပတ်နေကာ ထို့နောက်တွင်မှ ငြိမ်သက်သွားပြီး စုန်ယန်ကို စူးစိုက်ကြည့်နေတော့သည်။
ဂုန်း…
ထို့နောက် ခေါင်းတလားအဖုံး ပြန်ပိတ်သွားခဲ့၏။
စုန်ယန်သည် ခေါင်းတလားကို ဝတ်ရုံအိတ်အတွင်းသို့ ပြန်လည်ထည့်သွင်းလိုက်သည်။ ထိုဝိညာဉ်သတ္တဝါ ဝတ်ရုံအိတ်အတွင်းသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် စုန်ယန်သည် သူ၏ အတွေးကို အတည်ပြုနိုင်ခဲ့သည်။
ဤအနီရောင်မှုန့်များသည် သေခြင်းတရား မိစ္ဆာစွမ်းအင်များပင်။
ဝိညာဉ်မဲ့သော အရာဝတ္ထုများကိုသာ ဝတ်ရုံအိတ်အတွင်း သိမ်းဆည်းနိုင်ခြင်းပင်။ မိစ္ဆာစွမ်းအင်ဆိုသည်မှာ အကြောင်းနှင့်အကျိုး အပိုင်းအစများ ထူးကဲချီစွမ်းအင်နှင့် ပေါင်းစပ်နေခြင်းသာဖြစ်ပြီး ခန္ဓာကိုယ်များကို သိမ်းပိုက်လိုသော ပင်ကိုယ်ဆန္ဒရှိသော်လည်း ၎င်းတို့ကိုယ်တိုင်တွင်မူ ဝိညာဉ်ဟူ၍ မရှိချေ။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး တောင်တန်းများပေါ်တွင်မူ ခုနက ဆူညံသံများ၏ ပဲ့တင်သံများသာ ကျန်ရစ်တော့သည်။
သူသည် အရေခွံသခင်၏ ထူးခြားသော ဆင့်ခေါ်ခြင်းအတတ်ကိုပင် အတင်းအကျပ် အသုံးပြုလိုက်ရခြင်းပင်။
ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် စုန်ယန်သည် ရင်ထဲမှ သက်ပြင်းချလိုက်မိသည်။
ဒီလို မိစ္ဆာစွမ်းအင် အပိုင်းအစလေးတစ်ခုကတောင် ဒီလောက် ကြောက်စရာကောင်းနေတာ။ ချန်ဝမ်ရဲ့ ဝိညာဉ်နယ်မြေထဲမှာဆိုရင် ဘယ်လိုအခြေအနေမျိုး ဖြစ်နေမလဲဆိုတာ မှန်းဆလို့တောင် မရဘူး။
သူသည် ပတ်ဝန်းကျင်ကို အလျင်အမြန် စစ်ဆေးကြည့်ရာ ကြေမွနေသော အရိုးစုအပိုင်းအစများကြားတွင် မပျက်မစီးဘဲ ကျန်ရစ်နေသော အရာတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ မျက်နှာဖုံးတစ်ခု ဖြစ်သည်။
စုန်ယန်သည် ၎င်းကို ကောက်ယူကာ အနီးကပ်စစ်ဆေးပြီးနောက် ချန်ဝမ်ကျားသစ်တံဆိပ်ဖြင့် စမ်းသပ်ကြည့်ရာ ထူးခြားမှုမရှိသဖြင့် စိတ်အာရုံအချို့ကို အတွင်းသို့ ထည့်သွင်းလိုက်ပြီးနောက် အချက်အလက်အချို့မှာ ပေါ်ထွက်လာခဲ့သည်။
သူသည် ၎င်းကို ခေတ္တဘေးဖယ်ထားပြီး ဝေးကွာသော တောင်ကုန်းတစ်ခုပေါ်ရှိ တည်ငြိမ်သော နေရာတစ်ခုသို့ ခုန်ကူးလိုက်ကာ ထိုမျက်နှာဖုံးကို ထပ်မံထုတ်ယူ၍ သေသေချာချာ ကြည့်ရှုလိုက်သည်။
အတန်ကြာပြီးနောက်တွင်မှ သူ နားလည်သွားတော့သည်။ ဤမျက်နှာဖုံးကို မျက်နှာမဲ့မျက်နှာဖုံးဟု ခေါ်ဆိုပြီး ပုံသဏ္ဌာန်မဲ့မျိုးနွယ်၏ အရေးကြီးသော အမွေအနှစ်တစ်ခု ဖြစ်သည်။
ပုံသဏ္ဌာန်မဲ့မျိုးနွယ်တွင် ထူးဆန်းသော စည်းမျဉ်းတစ်ခု ရှိသည်။ အိမ်ထောင်ဖက်ကို မျိုးနွယ်စုအတွင်းမှာသာ ရွေးချယ်ရပြီး လက်ထပ်ပြီးနောက်တွင် သားသမီး နှစ်ဦးသာ ထွန်းကားခွင့်ရှိသည်။
အဘယ်ကြောင့်ဆိုသော် မိဘများ ဝတ်ဆင်ခဲ့သော မျက်နှာမဲ့မျက်နှာဖုံးများကို နောက်မျိုးဆက်သို့ လက်ဆင့်ကမ်းပေးရသောကြောင့်ပင်။ ဤမျက်နှာဖုံးအတွင်း၌ ထိုမျိုးဆက်တစ်လျှောက် စုဆောင်းခဲ့သမျှသော မှော်အတတ်သတင်းအချက်အလက်အားလုံးကို သိမ်းဆည်းထားသည်။
ပုံသဏ္ဌာန်မဲ့မျိုးနွယ်ဝင်များသည် မှော်အတတ်များကို အလွန်လျင်မြန်စွာ သင်ယူနိုင်ကြပြီး ဤမျက်နှာဖုံးရှိနေခြင်းမှာ ကျားပေါ် အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ပင်။
စုန်ယန်သည် မျက်နှာဖုံးကို ထူးဆန်းသော မျက်နှာပေးဖြင့် ကိုင်ထားမိသည်။
နှမြောစရာပဲ။
သူသည် အမှန်တကယ်ပင် ထန်ဖန်း ပိုင်ဆိုင်ရမည့် ကံကောင်းသော အခွင့်အလမ်းကို လုယူမိသွားခဲ့ခြင်းပင်။
အခန်း။ ၂၃၆
နှင်းဖုံးနေသော တောင်ထိပ်ပေါ်တွင် စုန်ယန်သည် မျက်နှာမဲ့မျက်နှာဖုံးကို ကိုင်ထားမိသည်။ သူ၏ စိတ်အာရုံဖြင့် အသေအချာ စစ်ဆေးပြီးဖြစ်သော်လည်း ဤကဲ့သို့သော ရတနာမျက်နှာဖုံးမျိုးကို ပေါ့ပေါ့တန်တန် ဝတ်ဆင်ရန် သူ မဝံ့ရဲသေးပေ။
ထို့ကြောင့် သူသည် မိစ္ဆာနယ်မြေ၏ အစွန်အဖျားဘက်သို့ ဦးတည်ကာ ဤမျက်နှာဖုံးကို စမ်းသပ်ပေးရန် သင့်တော်မည့်သူတစ်ဦးကို လိုက်လံရှာဖွေရင်း အချိန်ကို ဆွဲထားခဲ့သည်။
ဘေးအန္တရာယ်ကို အချိန်ပေး၍ လျှော့ချနိုင်သည့် မည်သည့်ကိစ္စမျိုးကိုမဆို သူသည် ဇွဲနပဲဖြင့် လုပ်ဆောင်လေ့ရှိသည်။
နှင်းများကျပြီးနောက် ပထမဆုံးအကြိမ် မိုးသားကြည်လင်လာသော ယနေ့တွင်မူ အဝေး၌ လျှို့ဝှက်ဆန်းကြယ်သော ရွာကလေးတစ်ရွာ ဝေဝါးစွာ ပေါ်ထွက်လာသည်။ နှင်းများဖုံးလွှမ်းနေသော ကောက်ရိုးပုံများမှာ လူတစ်ရပ်စာမျှပင် မရှိဘဲ ရွှေရောင်သန်းနေသော နေရောင်ခြည်အောက်တွင် အေးချမ်းစွာ တည်ရှိနေကြသည်။
ကလေးငယ်များမှာလည်း ပါးပြင်လေးများ နီမြန်းနေကာ ကောက်ရိုးပုံများအကြား ပြေးလွှားဆော့ကစားရင်း နှင်းလုံးများဖြင့် ပစ်ပေါက်ကာ ရယ်မောနေကြသည့်အသံမှာ အဝေးမှပင် ပဲ့တင်ထပ်နေတော့သည်။
ဤမြင်ကွင်းက စုန်ယန်၏စိတ်ကို ရုတ်တရက် ငြိမ်သက်သွားစေပြီး ရင်ထဲတွင် ဖော်ပြမရနိုင်သော ပေါ့ပါးမှုကို ခံစားလိုက်ရကာ နှုတ်ခမ်းထက်တွင်လည်း ကြည်နူးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သို့သော် သူ ချက်ချင်းပင် စဉ်းစားမိသည်မှာ "ဒီလိုနေရာမျိုးမှာ ဘာဖြစ်လို့ သာမန်လူသားရွာလေး ရှိနေရတာလဲ"
ခေတ္တမျှ စဉ်းစားပြီးနောက် သူ သဘောပေါက်သွား၏။ သူသည် မိစ္ဆာနယ်မြေနှင့် တောင်တန်းကြီးတစ်ခုလုံးကို ဖြတ်ကျော်လာခဲ့ပြီး ဝိညာဉ်သတ်ဖြတ်ရေးဂိုဏ်း၏ အခြားတစ်ဖက်ခြမ်းသို့ ရောက်ရှိလာခြင်းပင်။
ဤနေရာမှာ နန်ဟွာမြို့ဟု လူသိများသော နေရာပင်။
နန်ဟွာမြို့ဟု ဆိုလျှင် သူစိမ်းဆန်နေနိုင်သော်လည်း ထောင်ကရိန်းဂိုဏ်း၏ တောင်ပိုင်းဂိုဏ်းခွဲ တည်ထောင်မည့်နေရာဟု ဆိုပါက ပို၍ လူသိများပေလိမ့်မည်။ ထောင်ကရိန်းဂိုဏ်းသည် ချူးနိုင်ငံ၏ နိုင်ငံတော်စောင့်ရှောက်ရေးဂိုဏ်းဖြစ်ပြီး မြောက်ပိုင်းဂိုဏ်းမှာ နန်းတော်တွင် အခြေစိုက်သည်။
တောင်ပိုင်းဂိုဏ်းခွဲကို တည်ထောင်ရန် ကြိုးပမ်းသည့်အခါတွင်လည်း ထူးကဲချီစွမ်းအင်ကြောများ ရှိရာ ချူးနိုင်ငံ၏ မြို့ကြီးတစ်မြို့၌သာ အခြေချမည်ဖြစ်ရာ ထိုမြို့မှာ နန်ဟွာမြို့ပင်။
မသိလိုက်မသိဘာသာဖြင့် သူသည် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းပင်။ စုန်ယန်မှာ ခေါင်းခါယမ်းလိုက်ပြီး ဤနေရာတွင် မျက်နှာမဲ့မျက်နှာဖုံးကို စမ်းသပ်ပေးရန် သင့်တော်သူရှိလိမ့်မည်ဟု မယုံကြည်မိပေ။ သို့သော် ဖြစ်နိုင်ခြေအနည်းငယ်ကို မျှော်လင့်ကာ သူ၏စိတ်အာရုံကို ဖြန့်ကြက်၍ ရှာဖွေရင်း ခရီးဆက်ခဲ့သည်။
မှောင်ရိပ်ကျနေသော တောအုပ်ငယ်လေးတစ်ခုအတွင်း မိစ္ဆာကျင့်ကြံသူ သုံးဦးသည် အဝေးမှ မြို့ကြီးကို ကြည့်ကာ တိုးတိုးတိတ်တိတ် တိုင်ပင်နေကြသည်။
"ထောင်ကရိန်းဂိုဏ်းက ဒီမှာ ဂိုဏ်းခွဲတည်ထောင်ချင်တယ်ပေါ့... ငါတို့ကိုရော ခွင့်တောင်းရဲ့လား"
"မိစ္ဆာကျင့်ကြံသူများ မဟာမိတ်အဖွဲ့က အင်အားကြီးတယ်ဆိုပေမဲ့ ဒီထောင်ကရိန်းဂိုဏ်းကိုတော့ ခေါင်းထောင်ခွင့် ပေးလို့မဖြစ်ဘူး"
"ငါကြားတာတော့ ဝိညာဉ်သတ်ဖြတ်ရေးဂိုဏ်းက ဘိုးဘေးကြီးက တော်တော်လက်ဖွာတယ်တဲ့။ အလုပ်တစ်ခုခု အောင်မြင်အောင်လုပ်ပေးနိုင်ရင် အများကြီး ဆုချတတ်တယ်ဆိုပဲ။ ငါတို့ နန်ဟွာမြို့ပတ်ပတ်လည်မှာ ချောင်းမြောင်းပြီး လူသူမရှိဘဲ သွားလာနေတဲ့သူတစ်ယောက်လောက်ကို ဖမ်းကြည့်ရင် မကောင်းဘူးလား မြို့ထဲက အခြေအနေတွေကို မေးမြန်းပြီး သတင်းပေးနိုင်ရင် ဒါက ကောင်းမှုကုသိုလ်တစ်ခုပဲလေ"
"ကောင်းလိုက်တဲ့ အကြံပဲ ဒါက မခက်ပါဘူး။ တစ်နေ့မဟုတ် တစ်နေ့တော့ တစ်ယောက်ယောက် လုပ်မှာပဲ။ ဒါပေမဲ့ ငါတို့ အရင်ဦးအောင် လုပ်နိုင်ရင်တော့ ဆုလာဘ်တွေ သေချာပေါက် ရမှာပဲ။ ဟဲဟဲဟဲ..."
"အားလုံး အသင့်ပြင်ထားကြ။ ဘယ်ကကံဆိုးသူများ ထွက်လာမလဲဆိုတာ စောင့်ကြည့်ရအောင်။ ဘယ်သူမှ ထွက်မလာရင်လည်း ကျင့်ကြံဖို့အတွက် သင့်တော်တဲ့ အမျိုးသမီးတစ်ယောက်လောက်ကိုပဲ ဖမ်းကြတာပေါ့..."
သူတို့စကားပင် မဆုံးသေးမီမှာပင် ဆက်မပြောနိုင်တော့ဘဲ မှင်တက်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် ထူးကဲဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် ထိုမိစ္ဆာကျင့်ကြံသူ သုံးဦး၏ ရှေ့မှောက်သို့ ရုတ်တရက် ပေါ်ထွက်လာသောကြောင့်သည်။
မျက်နှာဖုံးစွပ် ဝတ်ရုံအုပ်ထားသူသည် ရုတ်တရက် ပေါ်လာရုံမျှဖြင့် ထိုသုံးဦးမှာ အသက်ရှူရပ်မတတ် ဖြစ်သွားရပြီး ကျောက်ရုပ်များသဖွယ် တောင့်တင်းသွားကြသည်။ သူတို့ကို တောင့်တင်းသွားစေသည်မှာ အအေးဒဏ်ကြောင့်မဟုတ်ဘဲ သူတို့၏ ဝိညာဉ်အတွင်းပိုင်းအထိ တုန်လှုပ်ခြောက်ခြားသွားစေသည့် အအေးဓာတ်ကြောင့်ပင်။
သူတို့အတွက်မူ ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမှာ ဘုရင်တစ်ပါးထက်ပင် သာလွန်နေပြီး မိစ္ဆာနတ်ဘုရားတစ်ပါးနှင့်ပင် တူလှသည်။
ထိုမိစ္ဆာနတ်ဘုရားက မျက်နှာဖုံးတစ်ခုကို ပစ်ပေးလိုက်သည်။ မိစ္ဆာကျင့်ကြံသူမှာ မသိစိတ်၏ စေ့ဆော်မှုဖြင့်ပင် ၎င်းကို ဖမ်းယူလိုက်မိ၏။
မိစ္ဆာနတ်ဘုရားက တည်ငြိမ်စွာပင် "ဝတ်လိုက်" ဟု အမိန့်ပေးလိုက်သည်။
မိစ္ဆာကျင့်ကြံသူမှာ မဝတ်ရဲသော်လည်း ထိုသူ၏ စကားလုံးများတွင် ညှို့ဓာတ်တစ်မျိုး ပါဝင်နေသကဲ့သို့ ခံစားရသည်။
သူသည် အမိန့်ကို မဖီဆန်ရဲသလို အသနားခံစကား တစ်ခွန်းတောင် ပြောရန် မလုပ်ရဲချေ။ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် သူ၏ စကားပြောစွမ်းရည်ပင် ပျောက်ကွယ်နေပြီ ဖြစ်သည်။ သူ၏ ဦးနှောက်မှာ ဗလာဖြစ်နေသော်လည်း လက်များကမူ မိစ္ဆာနတ်ဘုရား၏ စကားကို နာခံလျက် မျက်နှာဖုံးကို စနစ်တကျ ဝတ်ဆင်လိုက်သည်။
ခေတ္တမျှ ကြာသော်လည်း ဘာမှ ထူးခြားမလာပေ။ စုန်ယန်က "စမ်းကြည့်စမ်း" ဟု ပြောလိုက်သည်။
မိစ္ဆာကျင့်ကြံသူက အလျင်အမြန်ပင် စမ်းသပ်ကြည့်တော့သည်။ ချက်ချင်းဆိုသလိုပင် သူ၏ မျက်နှာမှာ စိတ်အလိုရှိသလို စတင်ပြောင်းလဲလာတော့သည်။
တစ်ခါတစ်ရံ အမျိုးသား၊ တစ်ခါတစ်ရံ အမျိုးသမီး၊ တစ်ခါတစ်ရံ အခြားသော ပုံသဏ္ဌာန်များ ဖြစ်လာသည်။ သူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံနှင့် စွမ်းအားအဆင့်မှာ မပြောင်းလဲသော်လည်း ပြောင်းလဲသွားသော မျက်နှာမှာမူ စုန်ယန်ပင်လျှင် အပြစ်အနာအဆာ ရှာမရနိုင်လောက်အောင် စုံလင်လှသည်။
တစ်နည်းအားဖြင့်ဆိုသော် ထိုမိစ္ဆာကျင့်ကြံသူက သူ၏ရှေ့တွင် အမျိုးသမီးမျက်နှာအဖြစ် အမှန်တကယ် ပြောင်းလဲသွားခဲ့လျှင် အနီးကပ်သွား၍ စိတ်အာရုံဖြင့် သေသေချာချာ မစစ်ဆေးသရွေ့ ၎င်းမှာ အတုဖြစ်ကြောင်း သူ လုံးဝ ခွဲခြားနိုင်မည်မဟုတ်ပေ။
စုန်ယန်က "နောက်ထပ် ဘာရှိသေးလဲ" ဟု မေးသည်။
မိစ္ဆာကျင့်ကြံသူမှာ အသက်ကို ပြင်းပြင်းရှူရင်း "ကျင့်စဉ်တွေ... ကျင့်စဉ်တွေ အများကြီးပဲ" ဟု ဖြေသည်။
"နောက်ထပ်ရော"
မိစ္ဆာကျင့်ကြံသူက ခေါင်းခါပြသည်။ စုန်ယန်က ခဏမျှ ထပ်စောင့်ကြည့်ပြီးနောက် ထိုသူ၏ မျက်နှာမှ မျက်နှာမဲ့မျက်နှာဖုံးကို ပြန်လည်ဖြုတ်ယူကာ ကျန်ရှိသော နှစ်ဦးကိုလည်း စမ်းသပ်
ခိုင်းပြန်သည်။
ဘာမှ အမှားအယွင်းမရှိကြောင်း အတည်ပြုပြီးနောက်တွင်မူ သူသည် ဓားအလင်းတန်း သုံးခုကို လွှတ်တင်လိုက်ရာ အရိုးစားဓားစွမ်းအင်မှာ ချက်ချင်းပင် အသက်ဝင်လာပြီး ထိုသုံးဦးကို ပုပ်စပ်နေသော အရည်အိုင် သုံးခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ထို့နောက်တွင်မှ မျက်နှာမဲ့မျက်နှာဖုံးကို သူ၏ မျက်နှာပေါ်သို့ ဖြည်းညှင်းစွာ တင်လိုက်တော့သည်။
အနည်းငယ် စမ်းသပ်ကြည့်ရုံဖြင့် သူ၏ မျက်နှာမှာ စိတ်ကြိုက် ပြောင်းလဲနိုင်ကြောင်း တွေ့ရှိရသည်။ ၎င်းမှာ မြေခွေးမျိုးနွယ်စု၏ ဖန်တီးမှုအတတ်များထက်ပင် များစွာ သာလွန်နက်နဲလှသည်။
ခန္ဓာကိုယ် ပုံသဏ္ဌာန်ကို မပြောင်းလဲနိုင်သလို အရှိန်အဝါကိုလည်း ဖုံးကွယ်ထားနိုင်ခြင်း မရှိသော်လည်း တစ်ကြိမ် ပြောင်းလဲလိုက်ပြီးသော မျက်နှာကိုမူ ရှာဖွေတွေ့ရှိရန်မှာ အလွန်ပင် ခက်ခဲလှသည်။
ခုနက သူသတ်လိုက်သော မိစ္ဆာကျင့်ကြံသူမှာ ထူးကဲချီ သန့်စင်ခြင်းအဆင့်သာ ရှိသော်လည်း ဤမျက်နှာဖုံးကို ဝတ်ဆင်၍ ပုံရိပ်ပြောင်းလိုက်သောအခါ ခရမ်းရောင်နန်းတော်အဆင့်ရှိသည့် စုန်ယန်ပင်လျှင် သူ၏ မျက်နှာမှာ တစ်ခုခုမှားယွင်းနေကြောင်း ခွဲခြားနိုင်စွမ်း မရှိခဲ့ပေ။ ဤသည်မှာ တကယ်ပင် ကြောက်စရာကောင်းလှပြီး ပုံသဏ္ဌာန်မဲ့ဟူသော အမည်နှင့် အမှန်တကယ်ပင် ထိုက်တန်သည်။
သူ့အတွက်မူ ဤအရာမှာ အလွန်ပင် ကိုက်ညီကာ ၎င်းက ဖန်တီးမှုအတတ်ကို အလုံးစုံ အစားမထိုးနိုင်သော်လည်း ပိုမိုဘေးကင်းပြီး စိတ်ချရသည်။ အစွမ်းထက်သော ပညာရှင်ကြီးများ၏ ရှေ့တွင်ပင် အလွယ်တကူ ဖောက်ထွင်းခံရမည် မဟုတ်ပေ။
ထိုမျှသာမက ဤမျက်နှာဖုံးအတွင်း၌ သေးငယ်သော ဝိညာဉ်ကမ္ဘာတစ်ခု ကိန်းအောင်းနေပြီး ၎င်း၏အတွင်းပိုင်းမှာ မျှော်စင်သဖွယ် စာကြည့်တိုက်တစ်ခုနှင့် တူလှသည်။ စုန်ယန်က အမြန်စစ်ဆေးကြည့်ရာ ကျင့်စဉ်အရေအတွက်မှာ အလွန်အမင်း များပြားခြင်းမရှိသော်လည်း ဂိုဏ်းတစ်ခု၏ စာကြည့်တိုက်နှင့် နှိုင်းယှဉ်နိုင်လောက်အောင် ရှိနေပြီး အဓိကအချက်မှာ ဤနေရာရှိ မှော်အတတ်များ၏ အမြင့်ဆုံးအဆင့်မှာ အလွန်မြင့်မားခြင်းပင်။
ထူးကဲချီ သန့်စင်ခြင်းအဆင့်၊ သွေးနီရောင်နန်းတော်အဆင့် ကျင့်စဉ်များ ပါဝင်သည်။ ခရမ်းရောင်နန်းတော်အဆင့်၏ အစ၊ အလယ်၊ အနှောင်း ပိုင်းများလည်း ရှိနေသည်။ နတ်ဘုရားရင်သွေးအဆင့် ကျင့်စဉ်များပင်လျှင် ပါဝင်နေသေးသည်။
တစ်နည်းအားဖြင့်ဆိုသော် ဤမျက်နှာဖုံးရှိနေသဖြင့် စုန်ယန်အနေဖြင့် ကျင့်စဉ်များအတွက် ပူပန်နေရန် မလိုတော့ဘဲ နတ်ဘုရားရင်သွေးအဆင့်အထိ လမ်းစရရှိသွားပြီ ဖြစ်သည်။ သူသည် ခရမ်းရောင်နန်းတော်အဆင့် အစောပိုင်း စင်ပေါ်သို့ သွားကာ မှော်စာအုပ် သုံးအုပ်ကို အလျင်အမြန် ဆွဲထုတ်လိုက်တော့သည်။