← Chapters

အခန်း (၉၃၆-၉၃၇)

Vol. 54 Ch. 936-937

အခန်း (၉၃၆-၉၃၇)

Vol. 54 Ch. 936-937

Chapter 936

ပူးပေါင်းအမဲလိုက်ပွဲ ၃

အမှတ် (၂) တွဲတွင် ရှားရှားသည် အိပ်ပျော်နေပြီ ဖြစ်သည်။ လင်းရှန်က လက်ဖက်ရည်ပူတစ်ခွက်ကို ကိုင်ထားရင်း အပြင်ဘက်က လှုပ်ရှားမှုများကို စောင့်ကြည့်နေကာ ချန်ဆီရွှမ်နှင့် ကီကီတို့နှင့်အတူ အစောပိုင်းက ဖြစ်ရပ်များအကြောင်း ဆွေးနွေးနေသည်။

“သလင်းကျောက်ဆိုတာ လူသားရဲ့ သွေးပဲစေ့နဲ့ တူတာပဲ၊၊ ဘယ်သူကများ တီထွင်လိုက်တာလဲ…. ခန္ဓာကိုယ်ထဲမှာ သလင်းကျောက်အမြုတေတွေကို မွေးမြူနိုင်အောင်လို့လေ”

ကီကီက ဆုံလည်ထိုင်ခုံပေါ်တွင် ထိုင်နေကာ လက်ထဲရှိ သတ္တုများကို သူမ၏ စိတ်စွမ်းအားဖြင့် လုံးဝန်းသော ပုံစံဖြစ်အောင် လေ့ကျင့်ထိန်းချုပ်ရင်း ပြောလိုက်သည်။

“အဲ့ဒါက လူသားရဲ့ ကိုယ်ထဲမှာ ရှိနေရင် ဘေးထွက်ဆိုးကျိုးတွေ မရှိဘူးလား”

“သူတို့ကတော့ အဲ့ဒီပြဿနာတွေကို ဂရုစိုက်ပုံမရဘူး”

ချန်ဆီရွှမ်က ဆိုဖာပေါ်တွင် ကိုယ်ကိုမတ်၍ ထိုင်လျက် တည်ငြိမ်စွာ ပြောသည်။

“တကယ်တော့ ဒါက ယုတ္တိရှိပါတယ်၊၊ ဟိုမိန်းကလေးရဲ့ စွမ်းအားက ၇,၂၀၀ ကနေ ၁၄,၀၀၀ အထိ တက်သွားတာလေ၊၊ အဲ့ဒီလောက် စွမ်းအားမျိုးကို ထုတ်သုံးနိုင်မယ်ဆိုရင် အထူးအဆင့်ကိုတောင် ယှဉ်နိုင်ဖို့ အခွင့်အလမ်း ရှိသွားပြီ၊၊ ရှင်သန်ဖို့အတွက်ဆိုရင် ကျန်တဲ့ကိစ္စတွေက အရေးမကြီးတော့ဘူးလေ”

“ဆရာမချန်ပြောတာ မှန်တယ်...”

လင်းရှန်က သက်ပြင်းအရှည်ကြီး ချလိုက်သည်။

“စီလန်မြို့မှာတုန်းက ဝမ်ကျိုးရဲ့ အဖွဲ့ကလည်း ဒါကို တွက်ပြခဲ့ဖူးတယ်၊၊ အထူးအဆင့်ရဲ့ စိတ်ဝိညာဉ်တုန်ခါမှုလှိုင်း သိပ်သည်းဆက နှစ်သောင်း ဝန်းကျင်ရှိတယ်၊၊ အကယ်၍ မင်းတို့မှာ ဇီဝစွမ်းအင်နယ်ပယ်သာ ရှိမယ်ဆိုရင် စွမ်းအားအထွတ်ထိပ် နှစ်သောင်းကို အလွယ်တကူကျော်ဖြတ်နိုင်ရမယ်၊၊ အကြီးစား လက်နက်တွေနဲ့ လူစုလူဝေးနဲ့ တိုက်ခိုက်တာက ပိုပြီးတော့ လွယ်ကူစေလိမ့်မယ်”

“ငါတို့ ရထားပေါ်မှာ မီးတောက်က ၁၂,၅၀၀၊ ကလေးမက ၁၂,၀၀၀၊ မိုနီကာက ၁၀,၅၀၀၊ ရူဂျီက ၁၀,၂၀၀၊ နန်ကျင်းက ၉,၄၀၀၊ ချီလီက ၉,၂၀၀၊ ရှောင်ချင်းက ၇,၂၀၀၊ ရှုချင်းနဲ့ တာလို့က ၇,၀၀၀၊ ဆရာမချန်နဲ့ အားဖေးက ၆,၉၀၀၊ လော့ယန်က ၆,၈၀၀၊ လုချန်နဲ့ မြောင်လုက ၆,၅၀၀၊ စွန်းယုကျန်းက ၆,၀၀၀၊ ရှောင်ယွမ်နဲ့ ရှီဇီတို့ကတော့ မပြောနဲ့တော့၊၊ ရှားရှားနဲ့ မာရှောင်ထန်းတို့ကလည်း မနည်းဘူး၊၊ ပြီးတော့ ဒါရိုက်တာတင်းရဲ့ စွမ်းအားကလည်း တိုးတတ်လာနေတယ်၊၊ အကယ်၍ ဒီလူတွေအားလုံး သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုလုပ်လိုက်ရင် အားလုံးက အိန်ဂျယ်အဆင့်စံနှုန်းကို ရောက်သွားလိမ့်မယ်”

လင်းရှန်က နှုတ်ခမ်းသပ်လိုက်သည်၊၊

“အိန်ဂျယ်အဆင့် ၂၀၊ အပြင် အနန္တရထားရဲ့ လက်နက်အင်အားနဲ့ဆိုရင် ငါတို့ တကယ်ပဲ S-Class ကို ထိပ်တိုက်ရင်ဆိုင်နိုင်လောက်တယ်”

“ဒါဆို ရှင်က သူတို့နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပြီလား”

ကီကီက သူမ၏ ထိုင်ခုံကို လှည့်လိုက်ပြီး ခေါင်းစောင်းကာ သူ့ကို ကြည့်လိုက်သည်။

“အလျင်မလိုသေးဘူး”

လင်းရှန်က ဆက်ပြောသည်။

“ငါတို့ ဒီကျွန်းကို ရောက်တာ မကြာသေးဘူး၊၊ အချက်အလက်တွေ အများကြီး မသိရသေးဘူး၊၊ ဒီပင်လယ်လင်းယုန်အုပ်စုအကြောင်းရော၊ မြင့်မြတ်မြို့တော် အဖွဲ့အစည်းအကြောင်းရော ငါတို့ အများကြီး မသိသေးဘူး၊၊ လောလောဆယ်တော့ စောင့်ကြည့်ကြတာပေါ့”

သူက ပြတင်းပေါက်မှန်ချပ်ကို မပြီး အမှောင်ထုဖုံးလွှမ်းနေသော ပလက်ဖောင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“တစ္ဆေညလှည့်လည်မြို့တော်၊ ပင်လယ်ကြမ်းပြင်က ဖုံးကွယ်နေတဲ့ အရာတွေ၊ ပင်လယ်နက်ထဲက အန္တရာယ်တွေက အများကြီးပဲ၊၊ အထူးအဆင့်ကို အမဲလိုက်တာက မလွယ်ဘူး၊၊ သူတို့က ငါ့ကို ဓားကိုင်ဆောင်သူမှန်း သိတယ်၊၊ ဒါပေမဲ့ အာကာသလက်နက်တွေက သွေးပဲစေ့ရဖို့အတွက် သုံးဖို့ မဟုတ်ဘူး”

“အတိအကျပဲ” ချန်ဆီရွှမ်က ခေါင်းညိတ်သည်။

“သူတို့က ရှင့်ကို ဓားကိုင်ဆောင်သူမှန်း သိတယ်ဆိုကတည်းက အဲ့ဒါကို အသုံးချချင်နေကြတာပဲ”

ကီကီက ခပ်ဖွဖွပြုံးလိုက်ပြီး လင်းရှန်ကို စိုက်ကြည့်လိုက်သည်၊၊

“ရှင်က ဓားကြီးအဖြစ် အသုံးချခံရပြီး ကိတ်မုန့်လေး တစ်ဖဲ့ပဲ ရမှာကို စိုးရိမ်နေတာမဟုတ်လား”

“ဒါပေါ့”

လင်းရှန်က ရုတ်တရက် ထရပ်လိုက်ပြီး ပြုံးလိုက်သည်။

“ဒီလိုကိစ္စမျိုးမှာ ဘယ်သူက အရှုံးခံမှာလဲ”

ပြောပြီးနောက် သူက အမှတ် (၁) တွဲသို့ သွားရန် ပြင်လိုက်သည်။

“ဘယ်သွားမလို့လဲ”

“ဘာသွားလုပ်မယ် ထင်လို့လဲ၊၊ ရေချိုးပြီး အိပ်မလို့ပေါ့” လင်းရှန်က ပြန်ဖြေသည်။

ကီကီ မျက်လုံးပြူးသွားပြီး စောင့်ကြည့်ရေးမျက်နှာပြင်ကို လက်ညှိုးထိုးပြသည်၊၊

“သောက်ကျိုးနည်း... အပြင်မှာ သတ္တဝါတွေ အပြည့်ပဲ၊၊ ရှင်က အိပ်နိုင်သေးတယ်လား”

“ဘာကြောက်စရာ ရှိလို့လဲ၊၊ ဖုတ်ကောင်သိုးထိန်းက ငါ့ဘေးမှာ လဲကျနေတာတောင် အိပ်ခဲ့ဖူးတာပဲ၊၊ (မြူမီးခိုးနှင့် အသိစိတ်ချိတ်ဆက်ထားစဥ်က လင်းရှန်၏ ခန္ဓာကိုယ်က ရှင်သန်ရေးတောင့်ထဲတွင် အိပ်စက်နေခဲ့သည်) ပြီးတော့ ဒီမှာ လူတွေအများကြီး စောင့်ကြည့်နေတာပဲ၊၊ ရထားက ဘာမှမဖြစ်ပါဘူး”

လင်းရှန်က အကြောဆန့်လိုက်ပြီး အမှတ် (၁) တွဲသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။

ချန်ဆီရွှမ်က လင်းရှန်၏ နောက်ကျောကို ကြည့်ရင်း သက်ပြင်းချလိုက်သည်၊၊

“S-Class နဲ့ အာရုံကြောနဲ့ ချိတ်ဆက်ပြီးတဲ့နောက်မှာ သူက ကြောက်စရာကောင်းတဲ့ အရာတွေ အများကြီးမြင်ခဲ့ပုံရတယ်၊၊ ဒါကြောင့် ဒီလို သန္ဓေပြောင်းမွန်းစတားတွေက သူ့အတွက် ဘာမှ မဟုတ်တော့ဘူး၊၊ အမှောင်အမှတ်အသား မရှိသရွေ့၊ တိုက်ခိုက်မှု မရှိသရွေ့ သူကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်တာပဲ”

“တကယ်ပါပဲ၊၊ ဒီလူကတော့...”

ချန်ဆီရွှမ်က ခပ်တိုးတိုး ရယ်လိုက်ပြီး ကီကီကို ပြောလိုက်သည်။

“သူက ပြောသေးတယ်၊၊ အပြင်က ဖုတ်ကောင်တွေ ရထားကိုယ်ထည်ကို ကုတ်နေတဲ့ အသံက သူ့အတွက် အိပ်လို့ ပိုကောင်းစေတယ်တဲ့၊၊ အဲ့ဒါက...”

“ASMR လား”

“ဟုတ်တယ်”

“လူထူးဆန်းကောင်” ကီကီက ပွစိပွစိပြောလိုက်သည်။

ချန်ဆီရွှမ်ကတော့ ရယ်ရုံသာ ရယ်နေပြီး ဘာမှ မပြောတော့ပေ။

လင်းရှန်က မီးမဖွင့်ဘဲ ရေနွေးဖြင့် ရေချိုးလိုက်ပြီးနောက် အိပ်ခန်းထဲသို့ တန်းသွားကာ လှဲအိပ်လိုက်သည်။ သူ ရေဒီယိုမှ တစ်ခုခုကို နားထောင်ရန် ကြိုးစားသော်လည်း ဆူညံသံများမှလွဲ၍ ဘာမှမကြားရပေ။

အနန္တရထား၏ ထူထဲသော သံချပ်ကာက သူ့ကို စိတ်လုံခြုံမှု အပြည့်အဝပေးထားသည်။ ဤရထားတွဲများအတွင်း၌ နေထိုင်မှု၊ အနားယူမှုနှင့် ဖျော်ဖြေရေး အားလုံးပြည့်စုံနေပြီး စိုက်ပျိုးရေးတွဲပင် ပါဝင်သေးသည်။ သူ ယခင်က ရထားတွဲများကို စိတ်ကြိုက်ပြင်ဆင်ချင်ခဲ့သည်များ အတော်များများကိုလည်း လုပ်ဆောင်နိုင်ခဲ့သည်။ အကယ်၍ ပင်လယ်ရေကြောင်းခရီးစဉ်အတွက် ရထားတွဲ လိုအပ်ချက်များသာ မရှိပါက လင်းရှန်သည် အားကစားခန်းမ၊ ရေကူးကန်၊ ဖျော်ဖြေရေးခန်းမနှင့် သန့်ရှင်းသောမီးဖိုချောင် စသည်ဖြင့် ပိုမိုပြည့်စုံအောင် ပြင်ဆင်လာခဲ့မည်မှာ သေချာသည်။

ကောင်းကင်အမိုးခုံးရထားတွင် ဤအရာများ ရှိသော်လည်း ထိုရထားက သူ ကမ္ဘာမြေမှ ထွက်ခွာရန် အသုံးပြုမည့် အရာဖြစ်သည်။ ရထားလမ်းကြောင်းပေါ်မှ ထွက်လိုက်သည်နှင့် သူသည် အခြေမခိုင်သလို ခံစားရသဖြင့် လင်းရှန်သည် ခေါင်းအုံးဘေးတွင် ဖုတ်ကောင်များ လှည့်လည်နေသော်လည်း အတွင်း၌ လိုအပ်သည့် လူသုံးကုန်ပစ္စည်းများ အပြည့်အစုံရှိကာ အမှောင်ထုထဲမှ ထွက်ပြေးနေသည့် အင်ဂျင်သံကြီးကို နားထောင်ရင်း ကမ္ဘာပျက်ကပ်၏ ထူးဆန်းသော လုံခြုံမှုကို ခံစားရင်း အိပ်ရသည်ကို ပိုနှစ်သက်ပေသည်။

အိပ်မပျော်မီ လင်းရှန်၏ အသိစိတ်က ကြယ်နက်ပန်းပဲဖိုအတွင်းသို့ ရောက်သွားပြီး ချူယန်ထံမှ သလင်းကျောက်အကြောင်း သတင်းအချက်အလက်ရှာရန် ပြင်လိုက်သည်။ ဖီးနစ်အဖွဲ့အစည်းမှာလည်း ဤကိစ္စတွင် ပါဝင်နေမှာ သေချာသော်လည်း သူ ချူယန်နှင့် အဆက်အသွယ်မရသေးပေ။ ကြယ်နက်ပန်းပဲဖို ဟင်းလင်းပြင်ကြီးသည် အလွန်ပင် တိတ်ဆိတ်နေပြီး ကောင်းကင်အမိုးခုံးရထား၏ လက်နက်ပြင်ဆင်မှုများမှာ အစီအစဉ်အတိုင်း ချောမွေ့စွာ လုပ်ဆောင်နေကာ လင်းရှန် ပြုလုပ်ထားသည့် အခြားလက်နက်ကိရိယာများမှာလည်း တိတ်ဆိတ်စွာပင် ရှိနေကြသည်။

ထိုအချိန်တွင် လင်းရှန်သည် သတ္တုအန်စာတုံးကို သတိပြုမိသွားပြီး အနားသို့ တိုးသွားကာ မျက်မှောင်ကြုတ်လိုက်သည်။

သူ့မျက်စိမှားသွားလား မသေချာသော်လည်း အန်စာတုံး၏ ဂဏန်းမှာ ပြောင်းသွားသလို ခံစားရသည်။ သူ ပြီးခဲ့သည့်အကြိမ်က ထိလိုက်စဉ်တွင် အရှေ့ဘက်မျက်နှာစာ၌ နံပါတ် (၃) ဖြစ်နေသည်ကို သူ အသေအချာ မှတ်မိနေသော်လည်း ယခုမူ ပြောင်းလဲနေသည်။

လင်းရှန်က ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ ကြယ်နက်ပန်းပဲဖိုက လည်ပတ်နေပြီး လေဟာနယ်အတွင်းရှိ ပစ္စည်းများမှာ အနည်းငယ် လွင့်မျောနေတတ်သည်ကို သူသိသည်။ လင်းရှန် ဘာလုပ်ရမှန်း မသိသော်လည်း မြင်လိုက်ရသဖြင့် မှတ်သားထားလိုက်ကာ ၎င်းကို မြဲမြံအောင် စင်လေးတစ်ခု လုပ်၍ ထည့်ထားလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင် ထူးဆန်းသော တုန်ခါမှုတစ်ခု ထွက်ပေါ်လာပြီး လင်းရှန်၏ ယန္တရားနှလုံးသားက ထူးဆန်းစွာ လည်ပတ်သွားသည်ကို သူ ရုတ်တရက် သတိပြုမိလိုက်သည်။

ဒါပေမဲ့ ဒီတစ်ခါတော့ အန်စာတုံးကြောင့် မဟုတ်ပေ။

လင်းရှန် လှည့်ကြည့်လိုက်သောအခါ ထောင့်တစ်နေရာတွင် ဆလင်ဒါပုံစံ ကိရိယာတစ်ခုက အနီရောင်ဖျော့ဖျော့ လင်းနေသည်ကို တွေ့လိုက်ရသည်။ SIID ဖောင်ဒေးရှင်းဓာတ်ခွဲခန်းမှ သယ်ဆောင်လာသည့် ဖိအားမြင့် အရည်များပါသည့် ထိုလျှို့ဝှက်ဆန်းကြယ်သောကိရိယာမှ စွမ်းအင်လှိုင်းများ ထုတ်လွှတ်နေခြင်း ဖြစ်သည်။

လင်းရှန် မျက်မှောင်ကြုတ်ကာ သူ၏ အသိစိတ်ကို အနားသို့ တိုးကပ်လိုက်သောအခါ အတွင်းရှိ ပစ္စည်းမှာ ဘေးသို့ ကပ်နေပြီး ပုံပျက်နေသာ အရိပ်တစ်ခု ပေါ်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ထိုကိရိယာပေါ်ရှိ စကားဝှက်မျက်နှာပြင်တွင် စာသားများ လင်းလာသည်ကို တွေ့လိုက်ရသည်။

[ဟယ်လို… လင်းရှန်]

Chapter 937

ရှာဖွေခြင်း ၁

အနန္တရထားပေါ်က အတွဲ ၁ အိပ်ခန်းထဲတွင် လင်းရှန်သည် မှောင်မည်းနေသည့်ကြားမှ ထူးဆန်းသည့် ကွန်တိန်နာဗူးကို အကဲခတ်နေမိသည်၊၊ ပြတင်းပေါက် အပြင်ဘက်တွင်မူ ထူးဆန်းသည့် အသံများက ဆက်တိုက်ထွက်ပေါ်နေဆဲဖြစ်သည်၊၊ အချိန်မှာ မနက် ၂ နာရီဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ပိန်းပိတ်အောင် မှောင်နေပြီဖြစ်သည်၊၊

အရင်အတိုင်းပင် ဤပစ္စည်းကို ခဲသေတ္တာထဲတွင် ထည့်သိမ်းထားခြင်းမဟုတ်သော်လည်း ယင်းထံမှ စွမ်းအားရှင်များ၏ စွမ်းရည်ကို ဖိနှိပ်သည့် အင်အားတစ်မျိုးထွက်ပေါ်နေသဖြင့် လူကို အင်အားချည့်နဲ့သွားသလို ခံစားရစေသည်၊၊ ကံကောင်းသည်မှာ ၎င်းသည် လုံခြုံသည့် ပတ်ဝန်းကျင်တွင်ရှိနေခြင်းနှင့် သိမ်းဆည်းရန်အတွက် ကြယ်နက်ပန်းပဲဖိုရှိနေခြင်းတို့ကြောင့် လင်းရှန်အတွက် ကိုင်တွယ်ရသည်မှာ ပို၍ လွယ်ကူသွားသည်၊၊

“ဘာတွေ ထူးခြားတာတွေ့လို့လဲ”

ချန်ဆီရွှမ်သည် မီးချောင်းလေးကို ကိုင်ကာ ဘေးတွင် ရပ်နေသည်၊၊ သူမ၏ မျက်မှောင်များက ကြုတ်နေသည်၊၊ ဤစွမ်းအားက သူမကိုလည်း အနေရခက်စေသည်မှာ အတူတူပင်ဖြစ်သည်၊၊

လင်းရှန်က ခေါင်းခါလိုက်သည်၊၊

“ဘာမှမတွေ့သေးဘူး၊၊ အစကတော့ ဒီအရာက ငါ့ရဲ့ ယန္တရားနှလုံးသားနဲ့ တုံ့ပြန်မှုရှိနေသလို ခံစားရလို့ ယူလာခဲ့တာ… ဟန်ရှန်းတောင်ကြားက နှင်းတောတွေကို ဖြတ်ပြီး ထွက်ပြေးခဲ့တုန်းက ဒါကို မေ့နေလို့ အတွင်းထဲမှာ ဘာရှိလဲဆိုတာ ခုထိ မသိရသေးဘူး”

“အခုတော့ ဒီအပေါ်မှာ ငါ့နာမည်ပေါ်နေတယ်”

သူက သက်ပြင်းချလိုက်ရင်း ထူးဆန်းသည့် ကွန်တိန်နာဗူးကို စိုးရိမ်တကြီး စိုက်ကြည့်နေမိသည်၊၊

“ဟယ်လို… လင်းရှန်”

ချန်ဆီရွှမ်၏ အကြည့်များ ပြောင်းလဲသွားသည်၊၊

“ဒါက နင့်ကို စကားလှမ်းပြောနေသလိုပဲ”

“ငါလည်း အဲလိုပဲခံစားရတယ်”

လင်းရှန်က ပြန်ဖြေလိုက်သည်၊၊

“ဒါပေမဲ့ ထူးဆန်းတာက ဒီအရာထဲကို ဘယ်လိုအချက်အလက်မှ စီးဝင်လို့မရနိုင်တာပဲ”

ကြယ်နက်ပန်းပဲဖိုသည် လင်းရှန်၏ ကိုယ်ပိုင်ယန္တရားစွမ်းအားပိုင်နက်ဖြစ်သဖြင့် သူ၏ အသိစိတ်မှလွဲ၍ မည်သည့်ပြင်ပအချက်အလက်မှ ဝင်၍မရနိုင်ပေ၊၊ ထို့ကြောင့် တစ်စုံတစ်ယောက်က အဝေးမှ သတင်းပို့ခြင်းမျိုးမဖြစ်နိုင်ကြောင်း သူ ယူဆလိုက်သည်၊၊ ဤအချက်တွင် လင်းရှန် စဉ်းစားမိသည်မှာ တစ်ခုတည်းသာကျန်တော့သည်၊၊ ယင်းမှာ ဤဗူး၌ ကိုယ်ပိုင်အသိဉာဏ် သို့မဟုတ် အသိစိတ်ရှိနေခြင်းမျိုး ဖြစ်သည်၊၊ သို့မဟုတ်ပါက စကားဝှက်ရိုက်သည့် မျက်နှာပြင်က သူ့ကို မည်သို့ စကားလှမ်းပြောနိုင်မည်နည်း၊၊

လင်းရှန်သည် စနစ်မြင်ကွင်းမှ မက်ထရစ်စကားဝှက်ရိုက်သည့် မီးချောင်းလေးများကို ဖွင့်လိုက်ပြီး ခဏမျှ စဉ်းစားကာ ၀ မှ ၉ အထိ ရိုက်ထည့်လိုက်သည်၊၊ ၎င်းမှာ ၁၁ လုံးပါ စကားဝှက်ဖြစ်သဖြင့် နောက်ဆုံးတွင် ၀ တစ်လုံး ထပ်တိုးလိုက်သည်၊၊

[စကားဝှက် မှားယွင်းနေပါသည်]

[ပြန်လည်စတင်ရန် လက်ကျန်အချိန်: ၂၃:၅၉:၅၉]

မျှော်လင့်ထားသည့်အတိုင်းပင် စကားဝှက်မှာ မှားယွင်းနေသည်၊၊

၎င်းက လင်းရှန်ကို အလွန် စိတ်ရှုပ်သွားစေသလို ဤထူးဆန်းသည့် ဗူးအကြောင်းကိုလည်း ပို၍ သိချင်စိတ် ပြင်းပြလာစေသည်၊၊ အတွင်း၌ ဘာရှိသည်ကို သိချင်လွန်းသဖြင့် ဗိုင်အိုလာကို ခေါ်လိုက်သည်၊၊

“ဗိုင်အိုလာ… ဒီမက်ထရစ်စကားဝှက်ကို မင်း အဖြေရှာပေးနိုင်မလား”

ဗိုင်အိုလာ လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ လက်ဆစ်များထဲမှ ကြိုးမျှင်အချို့ကို ထုတ်ကာ စကားဝှက်စနစ်နှင့် ချိတ်ဆက်လိုက်သည်၊၊ ထို့နောက် သူမက ရှင်းပြသည်၊၊

[ဒီကိရိယာက ဟိုက်ပါခရစ္စတယ်ပစ္စည်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိပေါ်မှာ အခြေခံထားတဲ့ PUF စနစ်သုံး စကားဝှက်ကို အသုံးပြုထားတာပါ၊၊ စကားဝှက် စစ်ဆေးမှုက ဟာ့ဒ်ဝဲကနေ ထွက်ပေါ်လာတဲ့ အစစ်အမှန် ကျပန်းအချက်အလက်ပေါ်မှာ မူတည်နေပြီး အကြိမ်တိုင်းမှာ စက်ရဲ့ အချိန်ကိုက်တုံ့ပြန်မှုနဲ့ ကိုက်ညီဖို့ လိုပါတယ်၊၊ မှန်ကန်တဲ့ အဖြေတစ်ခုတည်းကိုပဲ ခွင့်ပြုတာပါ၊၊ အဖြေမှားတာနဲ့ အချက်အလက်စနစ်က ပျက်စီးသွားမှာဖြစ်သလို ဒီစက်မှာ ကိုယ်တိုင်ဖျက်ဆီးတဲ့ စနစ်လည်း ပါဝင်ပါတယ်၊၊ အတင်းအဓမ္မ ဖွင့်ယူဖို့ ကြိုးစားတာကို သိတာနဲ့ ပတ်လမ်းတွေကို အလိုအလျောက် လောင်ကျွမ်းစေမှာ ဒါမှမဟုတ် အချက်အလက်တွေကို ဖျက်ဆီးပစ်မှာ ဖြစ်တာကြောင့် စကားဝှက်ထုတ်လုပ်နိုင်စွမ်းက အပြီးတိုင်ပျက်စီးသွားပါလိမ့်မယ်]

ဗိုင်အိုလာက လင်းရှန်ဘက်သို့ လှည့်၍ ပြောလိုက်သည်၊၊

[တွက်ချက်မှုအရတော့ စနစ်ကို အတင်းထိုးဖောက်ဖို့ မဖြစ်နိုင်ပါဘူး၊၊ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ပုံကို အတင်းဖျက်ဆီးရင် အတွင်းထဲက ဖိအားမြင့်ထိန်းညှိရည်တွေ ယိုစိမ့်လာနိုင်တယ်လို့ သတိပေးချက်အရ သိရပါတယ်၊၊ ဒီအရည်ရဲ့ အခြေခံဂုဏ်သတ္တိကို ကျွန်မ မသိနိုင်ပေမဲ့ အန္တရာယ်ရှိနိုင်တယ်ဆိုတာကိုတော့ ခန့်မှန်းလို့ရပါတယ်၊၊ ဒါကို ဖျက်ဆီးပြီး ဖွင့်မလားဆိုတာ အတည်ပြုပေးပါ]

၎င်းကို ကြားလိုက်ရသည့်အခါ လင်းရှန်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ရှေ့မှ ထူးဆန်းသည့်ဗူးကို ကြည့်ကာ သိချင်စိတ်များ တဖွားဖွားဖြစ်နေသည်၊၊ သူ၏ ယန္တရားစွမ်းအားဖြင့် ဤစက်ကို ဝါးမျို၍ ရနိုင်သော်လည်း အတွင်းမှ အရည်များယိုစိမ့်လာပါက ဘာတွေဖြစ်လာနိုင်မလဲက မသေချာသဖြင့် သူ ဝေခွဲမရဖြစ်နေသည်၊၊

“သူက ငါ့ကို နှုတ်ဆက်ပြီး ဘာမှ ထပ်မပြောတော့တာက တကယ်ထူးဆန်းတယ်”

လင်းရှန်သည် ဟွာရှောင်လင်းကို သတိရသွားပြီး ဤအရာကို သတိထား၍ ကိုင်တွယ်ခြင်းက ပိုကောင်းမည်ဟု စိတ်ထဲမှ ပြောနေမိသည်၊၊

“ဒါက ဖောင်ဒေးရှင်းအဖွဲ့အစည်းနဲ့ ပတ်သက်နေတာဆိုတော့ သူတို့ လူတွေကို ရှာတွေ့ရင် အဖြေရမှာပေါ့”

ချန်ဆီရွှမ်က လင်းရှန်ကို ကြည့်လိုက်သည်၊၊

“ပစိဖိတ်သမုဒ္ဒရာကို သွားတဲ့ ခရီးမှာ ရှင့်ရဲ့ ရည်မှန်းချက်တစ်ခုက ဒီထူးဆန်းတဲ့ အဖွဲ့အစည်းအကြောင်း ရှာဖွေဖို့ မဟုတ်လား”

လင်းရှန်က ခေါင်းငြိမ့်ပြလိုက်ပြီး လက်ကို မြှောက်ကာ ထူးဆန်းသည့် ဗူးကို ကြယ်နက်ပန်းပဲဖိုထဲသို့ ပစ်ထည့်လိုက်သည်၊၊

“ဖုတ်ကောင်သိုးထိန်းရဲ့ အသိစိတ်နဲ့ ချိတ်ဆက်မိတုန်းက လူတချို့ ပေါ်လာတာကို ငါတကယ် မြင်ခဲ့တယ်၊၊ တစ်ယောက်ချင်းစီမှာ အမှတ်အသားတစ်ခုစီပါတယ်”

သူက နှာတံကို လက်ဖြင့် ညှစ်လိုက်ရင်း “ချင်းရွှေမြို့ စမ်းသပ်ကွင်းတုန်းကလည်း ငါနဲ့ ကီကီက အဲဒီအမှတ်အသားမျိုးကို မြင်ခဲ့ဖူးတယ်၊၊ အဲဒါ မှားစရာမရှိပါဘူး”

“ဖီးနစ်ကရော ဒီအဖွဲ့အစည်းက အမှောင်ယဉ်ကျေးမှုနဲ့ ဆက်သွယ်နေတယ်လို့ ထင်နေတာလား”

ချန်ဆီရွှမ်က မေးသည်၊၊

“ဖီးနစ်က ကိစ္စတော်တော်များများကို စုံစမ်းထားပြီးသားပါ”

လင်းရှန်က ဆက်ပြောသည်၊၊

“ပရော်ဖက်ဆာယဲ့ပြောပုံအရ ချင်းရွှေမြို့က စမ်းသပ်ကွင်းတစ်ခုတည်းတင် မဟုတ်ဘူး၊၊ ကမ္ဘာတစ်ဝန်းက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းစုံစမ်းမှုတွေအရ ကမ္ဘာပျက်ပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းပေါင်း ရာနဲ့ ထောင်နဲ့ချီပြီး ရှိနေတယ်၊၊ ဒါပေမဲ့ SIID ဖောင်ဒေးရှင်း အဖွဲ့အစည်းက ကမ္ဘာပျက်မှ ပေါ်လာတာ မဟုတ်ဘူး၊၊ လော့ဖေးလုပ်ငန်းစုဆိုတာ ကမ္ဘာပျက်ကပ်မတိုင်ခင်ကတည်းက ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ လုပ်ငန်းစုကြီးပဲ၊၊ နိုင်ငံတွေနဲ့ ယှဉ်နိုင်လောက်အောင် ချမ်းသာပြီး ဖက်ဒရေးရှင်းနဲ့လည်း နီးစပ်တဲ့ ဆက်ဆံရေးနဲ့ အလုပ်လုပ်ခဲ့တယ်၊၊ ငါနဲ့ ချူယန် ဂျူးလိယပ်စ်ဆီက သိခဲ့ရတဲ့ အချက်အလက်တွေအရ အနီရောင်ကမ္ဘာလို အဖွဲ့အစည်းတောင်မှ အစပိုင်းမှာ ဖောင်ဒေးရှင်းရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်ခဲ့တာဆိုတော့ သူတို့ရဲ့ အင်အားက ဘယ်လောက်ကြီးမလဲ တွေးကြည့်လို့ရတယ်”

လင်းရှန်သည် ချင်းရွှေမြို့မှ ကောင်းကင်ပုံစံအမိုးခုံးကြီးနှင့် စမ်းသပ်ကွင်းကြီးကို ပြန်တွေးမိကာ မျက်မှောင်ကြုတ်သွားသည်၊၊

“အရင်ကတော့ အနီရောင်ကမ္ဘာက ပြင်းထန်တဲ့စမ်းသပ်မှုတွေကနေတစ်ဆင့် အမှောင်သတ္တဝါတွေနဲ့ စွမ်းအားရှင်သုတေသနမှာ အောင်မြင်မှုတွေ ရခဲ့တယ်လို့ ထင်ခဲ့တယ်၊၊ ဒါပေမဲ့ အဲဒီအတွေးက နည်းနည်းတော့ ရိုးအလွန်းတယ်၊၊ ဖီးနစ်လို အဖွဲ့အစည်းမျိုးကလည်း သုတေသနနယ်ပယ်တွေမှာ အားနည်းမှာ မဟုတ်ဘူး၊၊ အဲဒီက သိပ္ပံပညာရှင်တွေနဲ့ သုတေသနအဖွဲ့တွေကလည်း ငတုံးတွေ မဟုတ်ကြဘူး၊၊ ညလမ်းလျှောက်သူနဲ့ မြောက်အမေရိက ပူးပေါင်းတပ်ဦးတို့လို လျှို့ဝှက်စုံစမ်းရေးအဖွဲ့တွေဆီက ရတဲ့ အချက်အလက်တွေအရဆိုရင် အနီရောင်ကမ္ဘာနဲ့ ဖောင်ဒေးရှင်းက အတွေးအခေါ်ပိုင်းမှာတင် သာမန်အဖွဲ့အစည်းတွေ မဟုတ်တော့ဘူး”

သူက ချန်ဆီရွှမ်ကို ကြည့်ကာ လေးနက်သောလေသံဖြင့် ဆက်ပြောလိုက်သည်၊၊

“သူတို့တွေ အမှောင်ယဉ်ကျေးမှုနဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်သွယ်နေတာတော့ သေချာတယ်၊၊ ဒီဆက်သွယ်မှုက နှစ်ဖက်အပြန်အလှန် ဖြစ်ချင်မှဖြစ်မယ် ဒါမှမဟုတ် တစ်ဖက်သတ်လည်း ဖြစ်နေနိုင်တယ်၊၊ ဒါပေမဲ့ ဘယ်လိုပုံစံပဲဖြစ်ဖြစ် ဒီဆက်သွယ်မှုဟာ ကမ္ဘာပျက်ကပ်မတိုင်ခင်ကတည်းက ရှိနေခဲ့တာလို့ ငါတို့ ခန့်မှန်းလို့ရတယ်”

All Chapters