← Chapters

အခန်း (၉၃၈-၉၃၉)

Vol. 54 Ch. 938-939

အခန်း (၉၃၈-၉၃၉)

Vol. 54 Ch. 938-939

Chapter 938

ရှာဖွေခြင်း ၂

ချန်ဆီရွှမ်၏ မျက်ခွံများ အနည်းငယ် တုန်လှုပ်သွားပြီးနောက် သူမ၏ အမူအရာက တည်ကြည်သွားသည်၊၊

“ဒါဆိုရင် ဒီဖောင်ဒေးရှင်းက အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရှိနေနိုင်ပြီး သူလျှိုလိုမျိုး ဖြစ်နေတာပေါ့”

“အဲလိုပဲ မျှော်လင့်ရတာပဲ” လင်းရှန်က ပြောသည်၊၊

“မျှော်လင့်တယ် ဟုတ်လား”

လင်းရှန်က သက်ပြင်းချရင်း လက်ကို ဘေးသို့ဆန့်ထုတ်ကာ

“တကယ်လို့ သူတို့က အဲလိုသာဆိုရင် ငါတို့တစ်ခုခု သိခွင့်ရဖို့ အခွင့်အရေးရှိတာပေါ့ မဟုတ်ဘူးလား”

၎င်းကို ကြားသောအခါ ချန်ဆီရွှမ်က လင်းရှန်ကို ကြည့်လိုက်သည်၊၊

“လင်းရှန်… ရှင်ရော… ဖီးနစ်မှာရော အစီအစဉ်ရှိပြီးသားလား”

လင်းရှန်က ခေါင်းငြိမ့်ပြသည်၊၊

“ရှိသလောက်တော့ ရှိပါတယ်၊၊ ရီပက်ဘလစ်ကန်ကျွန်းစုကို ရောက်တဲ့အခါ နောဧရဲ့ ဖီးနစ်အဖွဲ့ ဌာနချုပ်ကို ကူညီပေးဖို့ လိုကောင်းလိုလိမ့်မယ်၊၊ အသေးစိတ်ကိုတော့ အဲဒီရောက်မှပဲ ပြောကြတာပေါ့”

“ပင်လယ်လင်းယုန်အုပ်စုကရော ဘယ်လိုလဲ”

ချန်ဆီရွှမ်က ပြတင်းပေါက်နားသို့ သွားကာ လိုက်ကာကို အနည်းငယ်လှစ်ကာ အပြင်ဘက်ကို ကြည့်လိုက်သည်၊၊ ထို့နောက် သူမက လင်းရှန်ကို အသံနှိမ့်ကာ ပြောလိုက်သည်၊၊

“ရှင်က အကျိုးအမြတ် ပိုလိုချင်တယ်လို့ ပြောပေမဲ့ တကယ်တမ်းကျ ရှင်က သူတို့နဲ့ ပူးပေါင်းချင်ပုံမရဘူး”

လင်းရှန် အံ့အားသင့်သွားသည်၊၊

“မင်း ဘယ်လိုသိတာလဲ”

ချန်ဆီရွှမ်က ခပ်ဖွဖွ ပြုံးလိုက်သည်၊၊

“ဒါက ရှင့်စတိုင်မဟုတ်လို့လေ၊၊ ညဘက်က အန္တရာယ်များပြီး ဘာမှန်းမသိရသလို ပင်လယ်ကလည်း လျှို့ဝှက်ချက်တွေများပြီး သွားလာရခက်ခဲတယ်၊၊ အဲဒီသလင်းကျောက်တွေက ဆွဲဆောင်မှုရှိနေရင်တောင်မှ အရေးတကြီးမလိုအပ်ဘဲနဲ့ ရှင်က သန္ဓေပြောင်းမွန်းစတားတွေကို ရည်ရွယ်ချက်ရှိရှိလိုက်သတ်မှာ မဟုတ်ဘူး၊၊ နောက်ပြီး ကျွန်မတို့မှာ အဆင့် ၄ သွေးပဲစေ့ သုံးခုတောင် ရှိနေတာပဲ၊၊ ရှင် တကယ်လိုချင်နေတာက အဲဒီမွေးမြူရေးကိရိယာကို ဖြေရှင်းဖို့ပဲ၊၊ အဆင့် ၄ သွေးပဲစေ့အတွက်နဲ့တော့ ပင်လယ်ထဲ ဆင်းပြီး အထူးအဆင့် သန္ဓေပြောင်းမွန်းစတားတွေကို တကူးတကသွားတိုက်ခိုက်ဖို့ ရှင်စွန့်စားမှာ မဟုတ်ဘူး မဟုတ်လား”

ချန်ဆီရွှမ် ပြောသည်ကို နားထောင်ပြီးနောက် လင်းရှန်က ပြုံးလိုက်သည်၊၊

“ဆရာမချန်က ငါ့အကြောင်းကို ကောင်းကောင်းသိနေတာပဲ၊၊ အတိအကျပဲ… ရှင်သန်ရေးအတွက် D အဆင့်နဲ့ C အဆင့် သန္ဓေပြောင်းမွန်းစတားတွေကို သတ်ပြီး သွေးပဲစေ့ယူတဲ့ ယာဉ်တန်းတွေကို ငါ နားလည်ပေးနိုင်တယ်၊၊ ဒါပေမဲ့ အထူးအဆင့်တွေကိုမှ အုပ်စုလိုက်ကြီး လိုက်ရှာတယ်ဆိုတာကတော့ ရူးနေတာပဲ”

အနန္တရထား အဖွဲ့ဝင်များသည် အားမနည်းသော်လည်း သန္ဓေပြောင်းမွန်းစတားများရှေ့တွင်မူ လူသားတို့၏ စွမ်းဆောင်ရည်မှာ အားနည်းနေဆဲဖြစ်သည်၊၊ ထို့ပြင် အဆိုပါ သန္ဓေပြောင်းမွန်းစတားများသည် ဂိမ်းထဲမှ အကောင်များကဲ့သို့ မဟုတ်ဘဲ ၎င်းတို့၏ ပေါ်လာပုံနှင့် တိုက်ခိုက်ပုံများမှာ အလွန်ထူးဆန်းလှသည်၊၊ ယူနစ် ၀၁ ယန္တရားစက်ရုပ်ကြီးဖြင့် ပါဝင်တိုက်ခိုက်လျှင်ပင် အမှားတစ်ခုကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိနိုင်သည်၊၊ သွေးပဲစေ့အနည်းငယ်အတွက် စွန့်စားမည့်အစား အရင်းအမြစ်များဖြင့် လဲလှယ်ခြင်းက ပို၍ ကောင်းသော ရွေးချယ်မှု ဖြစ်သည်၊၊

လင်းရှန်၏ ယန္တရားစွမ်းအားသည် ဤနယ်ပယ်တွင် သဘာဝအလျှောက် အားသာချက် ရှိနေသဖြင့် ဗန်နက်ဆာပြောပြသော ပင်လယ်မှောင်ခိုဈေးကို သူ ပို၍ စိတ်ဝင်စားနေခြင်း ဖြစ်သည်၊၊ ထိုမွေးမြူရေးကိရိယာကို သူ စကင်ဖတ်လိုက်နိုင်ပြီး သလင်းကျောက်အမြုတေ၏ မွေးမြူခြင်းဖြစ်စဉ်ကို နားလည်သွားပါက အရာရာက ပို၍ လွယ်ကူသွားလိမ့်မည်၊၊ တစ်ခါတစ်ရံတွင် အရာရာက ထင်သလောက် ရှုပ်ထွေးချင်မှ ရှုပ်ထွေးပေလိမ့်မည်၊၊ မိုးလင်းလျှင် ချူယန်မှတစ်ဆင့် ဟိုဘက်က ဖီးနစ်နှင့် ဆက်သွယ်ကြည့်၍ ရနိုင်သည်၊၊ ထိုအခါ အရာရာက ပို၍ ရှင်းလင်းသွားနိုင်သည်၊၊

ချန်ဆီရွှမ်သည် လင်းရှန်၏ ဘေးတွင် လာထိုင်ကာ သူ၏ ပုခုံးပေါ်သို့ ခေါင်းလေးကို အသာအယာ မှီလိုက်ပြီး မျက်လုံးများ မှိတ်လျက် ပြောသည်၊၊

“ဒီခရီးက အိပ်မက်တစ်ခုလိုပဲ၊၊ ကျွန်မတို့ရထားက ရှေ့ကို ဆက်တိုက်ရွေ့လျားနေပြီး လူတွေလည်း တစ်ယောက်ပြီး တစ်ယောက် ပိုတိုးလာတယ်၊၊ ကံကောင်းတာက ရှင်က ရှင်သန်ရေးကို အမြဲတမ်း ပထမဦးစားပေးထားလို့ ကျွန်မတို့တွေ အဲဒီလိုမဆင်မခြင်စွန့်စားမှုတွေ မလုပ်ခဲ့ရတာပဲ”

“ဒါပေမဲ့ ပြဿနာတွေကတော့ ရှောင်လို့မရဘူးလေ”

လင်းရှန်က ချန်ဆီရွှမ်ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်၊၊

“ပင်လယ်ထဲက ပထမဆုံးညအနေနဲ့ ငါ အတော်လေး စိတ်မအေးဖြစ်မိတယ်၊၊ ပင်လယ်လင်းယုန်အုပ်စုက လူနှစ်ယောက်ပြောသလိုပဲ ပင်လယ်ထဲက အင်အားစုတွေက အတော်လေး ရှုပ်ထွေးတယ်၊၊ သန္ဓေပြောင်းမွန်းစတားတွေကလည်း ဆင့်ကဲပြောင်းလဲနေသလို ပင်လယ်နက်ထဲက သတ္တဝါတွေကလည်း သူတို့ရှိကြောင်းကို ဗြောင်ကျကျပြသလာကြပြီ၊၊ အန္တရာယ်အဆင့်က ကုန်းပေါ်ထက် ပိုမြင့်တယ်၊၊ ပင်လယ်ပတ်လမ်းကို သွားရတဲ့ ရည်ရွယ်ချက်က တောင်အမေရိကကို အမြန်ရောက်ဖို့နဲ့ မုန်တိုင်းရေလက်ကြားကို ဖြတ်ပြီး ဝန်ရိုးစွန်းကို သွားဖို့ပဲ၊၊ ဒါကြောင့် ငါတို့ မြန်မြန်သွားဖို့ လိုတယ်”

“အမြန်နှုန်းမြှင့်မှာလား”

ချန်ဆီရွှမ်က မေးသည်၊၊

“ဗိုင်အိုလာက ပင်လယ်ထဲ ထွက်သွားတဲ့ ရထားလမ်းတွေကို စုံစမ်းနေတုန်း မဟုတ်လား”

“မဟုတ်ဘူး၊၊ ငါဆိုလိုတာက အခု ချက်ချင်း မြန်မြန်လုပ်ဖို့ လိုတယ်လို့ ပြောတာ”

လင်းရှန်က သူ၏ လက်ပတ်နာရီကို ညွှန်ပြလိုက်သည်၊၊

“အခု ၃ နာရီ ထိုးတော့မယ်”

ချန်ဆီရွှမ်သည် သူဆိုလိုသည်ကို သဘောပေါက်သွားသဖြင့် မျက်နှာလေး ချက်ချင်းနီမြန်းသွားသည်၊၊ သူမ တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် လင်းရှန်က သူမကို ချီမကာ အိပ်ခန်းထဲမှ ခုတင်ကြီးပေါ်သို့ တန်းခေါ်သွားသည်၊၊

“ဟေး.. အပြင်မှာ မွန်းစတားတွေ ရှိနေတာကို ဆူဆူညံညံလုပ်လို့ မကောင်းဘူးလေ”

ချန်ဆီရွှမ်က စိုးရိမ်တကြီးဖြင့် တီးတိုးပြောသည်၊၊

“စိတ်မပူပါနဲ့၊၊ တကယ်လို့ အသံကြောင့် ငါတို့ကို တွေ့မယ်ဆိုရင် သေတာ ကြာလှပြီ”

လင်းရှန်၏ အတွင်းမှ ယန္တရားနှလုံးသားက စတင် အလုပ်လုပ်လာပြီး အခန်း၏ အလိုအလျောက်တံခါးများနှင့် ပြတင်းပေါက် လိုက်ကာများကို လုံအောင် ပိတ်လိုက်သည်၊၊ အိပ်ခန်းထဲတွင် မီးချောင်းလေး တစ်ခုသာ ကျန်တော့သည်၊၊ မှိန်ပျပျနှင့် ကျဉ်းမြောင်းသော ထိုနေရာလေးထဲတွင် အာရုံခံစားမှုများကို နှိုးဆွပေးသည့် ဆန့်ကျင်ဘက် အခြေအနေတစ်ခုဖြစ်ပေါ်နေသည်၊၊

လုံအောင် ပိတ်ထားသည့် ရထားသံချပ်ကာ၏ အပြင်ဘက်တွင်မူ မှောင်မည်းပြီး ဗလာကျင်းနေသည့် ရထားဘူတာရုံရှိနေသည်၊၊ မြို့တစ်ခုလုံးမှာ သေလောက်အောင် တိတ်ဆိတ်နေပြီး အမှောင်ထဲမှ သတ္တဝါများ၏ ကြောက်မက်ဖွယ်ရာ အေးစ်စက်အသက်ရှူသံများက ရထားအတွင်းမှ နူးညံ့သောအိပ်ရာပေါ်က အသက်ရှူသံများနှင့် ပြင်းထန်စွာ ဆန့်ကျင်ဘက်ဖြစ်နေသည်၊၊

နံရံအပြင်ဘက်မှ မဖော်ပြနိုင်သော ကြောက်ရွံ့မှုများကြားထဲတွင် ရထားအတွင်းပိုင်းမှာ လုံခြုံသော ဆိပ်ကမ်းတစ်ခုဖြစ်နေသည့် ခံစားချက်ကို လင်းရှန်က သဘောကျနေမိသည်၊၊ ဤခံစားချက်က စွဲမက်ဖွယ်ကောင်းလှသည်၊၊

လင်းရှန်၏ လွှမ်းမိုးမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို ချန်ဆီရွှမ်ကလည်း အမှောင်ထဲတွင် ကြောက်ရွံ့မှုနှင့်အတူ ယှဉ်တွဲနေသည့် ထိုကဲ့သို့ ရင်းနှီးနီးကပ်သော ခံစားချက်ကို စတင်သဘောကျလာသည်၊၊

သူတို့သည် အရာရာကို မေ့လျော့ပြီး ရုန်းထွက်ရန် ခက်ခဲနေလေသည်၊၊

…

မနက်ခင်း မိုးမလင်းမီတွင် မြို့တစ်ခုလုံးမှာ အမှောင်ထုဖုံးလွှမ်းနေဆဲဖြစ်ပြီး ပင်လယ်လှိုင်းများက ကမ်းခြေတစ်လျှောက် တဝုန်းဝုန်းရိုက်ခတ်နေသည်၊၊

ဘူတာရုံအတွင်းတွင်မူ အနန္တရထားကြီးသည် တိတ်ဆိတ်စွာ ဆိုက်ကပ်ထားသည်၊၊ အတွဲ ၅ ထဲတွင်မူ ဟောက်သံများက မိုးထစ်ချုန်းသံများလို ထွက်ပေါ်နေသည်၊၊ မာရှောင်ထန်းသည် စောစောထကာ မျက်နှာသစ်ပြီး လုရှင်းချန်က သူ့အတွက် ဖန်တီးပေးထားသည့် လျှပ်စီးကျင့်စဉ် အသက်ရှူနည်းအတိုင်း စတင်လေ့ကျင့်ခန်းလုပ်နေသည်၊၊

အသက်ရှူနည်းဆိုသည်မှာ တကယ်တော့ လုရှင်းချန် ဖန်တီးပေးထားသော တာအိုကျင့်စဉ် အသက်ရှူနည်းနှင့် ရေဒီယိုလေ့ကျင့်ခန်းကို ပေါင်းစပ်ပြီး ပြုပြင်ထားခြင်းသာ ဖြစ်သည်၊၊ လုရှင်းချန်၏ ယခင်ကျင့်စဉ်ဖိုရမ်များမှ ထုတ်နုတ်ထားသည့် အချက်များဖြစ်သဖြင့် ဟိတ်ဟန်ကြီးသလို ထင်ရသော်လည်း မာရှောင်ထန်းအတွက်မူ ခန္ဓာကိုယ် လေ့ကျင့်ခန်းလုပ်ရန်နှင့် အာရုံစူးစိုက်မှု ကောင်းစေရန်အတွက် အကျိုးကျေးဇူး ရှိပေသည်၊၊

ဤအရာများ ပြီးဆုံးပြီးနောက် မာရှောင်ထန်းသည် လုရှင်းချန်၏ ညွှန်ကြားချက်အတိုင်း သူ၏ လက်ချောင်းထိပ်များပေါ်မှ လျှပ်စီးကြောင်းကို ထိန်းချုပ်ရန် စတင် လေ့ကျင့်နေသည်၊၊

Chapter 939

ရှာဖွေခြင်း ၃

ဟောက်သံများ ပြည့်နှက်နေသည့် မှောင်မည်းသော အတွဲထဲတွင် မာရှောင်ထန်းသည် ချွေးများ ရွှဲနစ်နေလျက် ထောင့်တစ်နေရာ၌ တင်ပလ္လင်ခွေထိုင်နေသည်၊၊ သူ၏ မျက်နှာမှာ အလွန်တည်ကြည်နေပြီး လျှပ်စစ်စီးကြောင်းကလေး လက်ခနဲ ဖြစ်သွားချိန်တွင် အတွဲထဲ၌ တဖျစ်ဖျစ်နှင့် မြည်သံကလေး သဲ့သဲ့ထွက်ပေါ်လာသည်၊၊

ဖြူဖွေးတောက်ပသည့် လျှပ်စီးကြောင်းများက ဘယ်လက်မှ ညာလက်၊ ညာလက်မှတစ်ဆင့် ဘယ်လက်သို့ အဆက်မပြတ် ကူးပြောင်းစီးဆင်းနေသည်၊၊ မာရှောင်ထန်း၏ ထိန်းချုပ်မှုမှာ ပို၍ ကျွမ်းကျင်လာသလို ပို၍လည်း စေ့စပ်သေချာလာသည်မှာ သိသာလှသည်၊၊

“ဟူး”

သူသည် အသက်ရှူနှုန်းကို ထိန်းညှိရင်း လေ့ကျင့်မှုအပေါ် အာရုံအပြည့် စိုက်ထားသည်၊၊ ရှားပါးသည့် လျှပ်စီးစွမ်းအားရှင်တစ်ယောက်အနေဖြင့် မာရှောင်ထန်းသည် စိတ်ပျက်အားလျော့ခြင်းမရှိဘဲ ကြိုးစားအားထုတ်နေခြင်းဖြစ်သည်၊၊ တစ်နေ့တွင် ဆရာမီးတောက်ကဲ့သို့ အစွမ်းထက်လာရန် သူ မျှော်လင့်နေသည်၊၊ ထိုအခါမှသာ သူ၏ မိခင်၊ အဖိုးနှင့် ညီမလေးအပြင် အနန္တရထားပေါ်မှ အခြားသူများကိုပါ ကာကွယ်ပေးနိုင်ပေမည်၊၊

ဇစ်

သို့သော် မာရှောင်ထန်း လျှပ်စစ်စီးကြောင်းကို တစ်ဖန် ပြန်လည်စီးဆင်းစေရန် ပြင်လိုက်စဉ် လျှပ်စစ်အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီး သူသည် ရထားတွဲအတွင်းမှ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်၊၊ တွဲတစ်ခုလုံးတွင် ချက်ချင်းဆိုသလို တိတ်ဆိတ်ခြင်းများ ဖုံးလွှမ်းသွားသည်၊၊

“လင်းရှန်”

အတွဲ ၁ ထဲတွင် လင်းရှန် အိပ်မောကျနေချိန် အခန်းတံခါးက ရုတ်တရက် ပွင့်လာသည်၊၊ မနက်ပိုင်း လှည့်ကင်းစစ်ဆေးနေသည့် ချန်ဆီရွှမ်သည် လေးနက်သော မျက်နှာအမူယာဖြင့် တံခါးဝတွင် ရပ်နေသည်၊၊

“တစ်ခုခုဖြစ်ပြီ”

…

“သူ ဘယ်အချိန်မှာ ပျောက်သွားတာလဲ”

အတွဲ ၂ ထဲတွင် အနန္တရထား၏ အဓိကအဖွဲ့ဝင်များ စုရုံးရောက်ရှိနေကြပြီး လေထုမှာ အလွန်ပင် လေးလံနေသည်၊၊ တာလို့၊ လုရှင်းချန်၊ စွန်းယုကျန်းနှင့် အခြားသူများသည် ကီကီ၏ အချက်အလက်စင်တာရှေ့တွင် စိုးရိမ်တကြီး စုဝေးနေကြသည်၊၊ ကီကီက စောင့်ကြည့်ရေးမှတ်တမ်းမှ ထောင့်တစ်နေရာကို ညွှန်ပြကာ ပြောသည်၊၊

“မနက် ၈ နာရီ ၆ မိနစ်”

“သူက ဘာလို့ ရုတ်တရက်ကြီး ပျောက်သွားရတာလဲ” လင်းရှန် မျက်မှောင်ကြုတ်ကာ မေးသည်၊၊

“အစ်ကိုရှန်”

တာလို့က အပြစ်ရှိစိတ်ဖြင့် “ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော်တို့...”

“ဒါက မင်းနဲ့ မဆိုင်ပါဘူး”

လင်းရှန်က လက်ကာပြလိုက်သည်၊၊

“အခု အရေးကြီးဆုံးက သူ့ကို ရှာဖို့ပဲ”

“ဗီဒီယိုအရတော့ သူက လေထဲမှာ ပျောက်ကွယ်သွားသလိုပဲ၊၊ ဗိုင်အိုလာက ချက်ချင်း သတိပေးချက်ထုတ်ခဲ့ပေမဲ့ ရထားထဲမှာရော အပြင်မှာပါ ဘာမှ ရှာမတွေ့ဘူး”

ကီကီ စိုးရိမ်တကြီးဖြစ်နေသည်၊၊

“ထူးဆန်းလိုက်တာ၊၊ ရုတ်တရက် တည်နေရာရွှေ့ပြောင်းတာမျိုးပဲ၊၊ဒါက တားမြစ်ပစ္စည်းတစ်ခုခုဖြစ်နိုင်မလား”

၎င်းကို ကြားသောအခါ ချန်ဆီရွှမ်၏ အမူအရာပြောင်းလဲသွားသည်၊၊ အကြောင်းမှာ သူတို့သည် ယခင်ကလည်း ထိုကဲ့သို့ အခြေအနေမျိုးနှင့် ကြုံဖူးသောကြောင့် ဖြစ်သည်၊၊

“ဒီမှာလည်း သဘာဝလွန်ရေဒီယိုလှိုင်းတွေ ရှိနေတာလား”

လင်းရှန်က ခေါင်းခါလိုက်သည်၊၊

“ငါတို့ရထားမှာ ကာကွယ်ရေးစနစ်တွေ ပါတယ်၊၊ အတွဲ ၅ ထဲမှာတော့ ဘယ်လိုရေဒီယိုလှိုင်းမှ ရှိမနေတာ သေချာတယ်”

“တကယ်ထူးဆန်းတယ်”

ချီလီက လက်ပိုက်နေရာမှ သုံးသပ်သည်၊၊

“ဒါက သန္ဓေပြောင်းမွန်းစတားတွေ ကျူးကျော်တာမျိုးတော့ မဟုတ်လောက်ဘူး၊၊ မဟုတ်ရင် လူတစ်ယောက်တည်းကိုပဲ ထိခိုက်တာမျိုး ဖြစ်ပါ့မလား”

လုရှင်းချန်သည် လူအုပ်၏ နောက်တွင် ရပ်နေပြီး သူ၏ အကြည့်များမှာ စူးရှနေသည်၊၊ မော်နီတာပေါ်မှ ပျောက်ကွယ်သွားသည့် ကောင်လေးကို စိုက်ကြည့်ရင်း သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားသဖြင့် လက်ဆစ်များဆီမှ အသံများပင် ထွက်ပေါ်နေသည်၊၊

“အစ်ကိုလင်း… ငါ့ကို အပြင်ထွက်ရှာခွင့်ပေးပါ၊၊ စိတ်မပူပါနဲ့၊၊ တကယ်လို့ ထူးဆန်းတာတစ်ခုခုရှိရင် အဲဒါကို ရထားဆီ အရောက်မခံဘူး၊၊ ငါအပြင်မှာပဲ အပြတ်ရှင်းခဲ့မယ်”

“ကျွန်မလည်း လိုက်မယ်၊၊ လေထဲကနေ ရှာလို့ရတယ် ကပ္ပတိန်လင်း...”

မာရှောင်ထန်းသည် စွန်းယုကျန်း၏ သားဖြစ်သဖြင့် ယခုအချိန်တွင် သူမထက် ပို၍ စိုးရိမ်သူ မရှိနိုင်ပေ၊၊ သူမ၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့နေသည်၊၊

“မလောကြပါနဲ့ဦး”

လင်းရှန်က ထိုနှစ်ယောက်ကို လက်မြှောက်ကာ တားလိုက်သည်၊၊

“ပထမဆုံး အဝေးထိန်းဒရုန်းတွေအကုန်လွှတ်ပြီး အရင်ရှာခိုင်းမယ်၊၊ ဒရုန်းတွေမှာ သက်ရှိရှာဖွေရေးစနစ်ပါသလို ရှာဖွေနိုင်တဲ့ အတိုင်းအတာကလည်း ကျယ်ပြန့်တယ်၊၊ တစ်ယောက်တည်း ထွက်ရှာတာထက် ပိုပြီး စိတ်ချရတယ်”

လုရှင်းချန် ပြောရန် ပြင်လိုက်သော်လည်း ပြန်မျိုချလိုက်သည်၊၊ လင်းရှန်၏ အစီအစဉ်က သင့်တော်ကြောင့် သူသိသည်၊၊ မာရှောင်ထန်း၏ ဆရာတစ်ယောက်အနေဖြင့် သူ အလွန်စိုးရိမ်သော်လည်း တကယ်တမ်းကျ အခြားနည်းလမ်းမရှိပေ၊၊

စွန်းယုကျန်းက ပို၍ပင် ထိတ်လန့်နေသည်၊၊ အပြင်ဘက် အမှောင်ထု၏ အန္တရာယ်ကို လူတိုင်းသိကြသည်၊၊ အနန္တရထားတစ်စီးလုံးပင် အမှောင်ချ၍ သတိထားနေရခြင်းဖြစ်သည်၊၊ အသက် ၁၁ နှစ်အရွယ် ကလေးတစ်ယောက် ပျောက်ကွယ်သွားသည်ဆိုပါက မည်သို့သောအရာမျိုးနှင့် ကြုံတွေ့ရမည်ကို စဉ်းစားကြည့်ရန်ပင် ခက်ခဲလှသည်၊၊

“ဗိုင်အိုလာ”

လင်းရှန်သည် ဗိုင်အိုလာကို ဒရုန်းများ လွှတ်ဖို့ အမိန့်ပေးရန်ပြင်လိုက်စဉ်မှာပင် စင်္ကြံလမ်းဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်၊၊

“ကျွန်မ သူ့ကို ခြေရာခံနိုင်တယ်”

လူတိုင်း အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ မနေ့ကမှ ရထားပေါ်သို့ ကယ်တင်လာသည့် ဂေဒီနှင့် ဗန်နက်ဆာတို့ အမြန်လျှောက်လာသည်ကို တွေ့လိုက်ရသည်၊၊ ဂေဒီ၏ ယန္တရားမျက်လုံးမှာ အပြာရောင်အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး သူမ၏ ဘယ်ဘက်လက်မောင်းကို မြှောက်ပြလိုက်ရာ ထိုနေရာတွင် စက်ပစ္စည်းအသေးလေးတစ်ခုမှာ လျင်မြန်စွာ လည်ပတ်နေသည်၊၊ ထို့နောက် သူမက ဆက်ပြောသည်၊၊

“အဲဒီကလေးက သူ့ရဲ့ စွမ်းအားကို သုံးလိုက်တယ်၊၊ အဲဒါက စိတ်ဝိညာဉ်တုန်ခါမှုလှိုင်းတွေကို ချန်ထားခဲ့တယ်၊၊ ကျွန်မဆီမှာ ပင်လယ်ပြင်ရှာဖွေရေးအတွက် သုံးတဲ့ စိတ်ဝိညာဉ်တုန်ခါလှိုင်းရေဒါရှိတယ်၊၊ အဲဒါနဲ့ သူ့ကို ရှာတွေ့နိုင်လိမ့်မယ်”

သူမ စကားဆုံးသည်နှင့် စက်ပစ္စည်းလေးက ချက်ချင်း တုံ့ပြန်လာသည်၊၊ ဂေဒီက လင်းရှန်ကို ကြည့်ကာ ပြတ်သားစွာ ပြောလိုက်သည်၊၊

“အနောက်တောင်ဘက်… ဦးတည်ချက် ၇ နာရီ ”

၎င်းကို ကြားသောအခါ နန်ကျင်းက မျက်မှောင်ကြုံ့လျက် ရှေ့သို့ တိုးလာသည်၊၊

“ကမ်းခြေလား”

“အဲဒါတွေ စဉ်းစားမနေနဲ့တော့၊၊ ကီကီ၊ ရှီဇီနဲ့ ငါ၊၊ နောက်ပြီး အစ်မနန်၊ ရှောင်ချင်း၊ အားဖေး၊ မီးတောက် - ငါတို့ လှုပ်ရှားမှုအမြန်ဆုံး အဖွဲ့နှစ်ဖွဲ့ခွဲပြီး အခုချက်ချင်း သွားကြည့်ကြမယ်၊၊ ကျန်တဲ့သူတွေ ဒီမှာနေခဲ့… တကယ်လို့ အမှတ်အသားတစ်ခုခုကို တွေ့တာနဲ့ ချက်ချင်း ကာဗာပေး”

လင်းရှန်သည် နာနိုစွမ်းအားဝတ်စုံကို ဝတ်ဆင်လိုက်ပြီး အချိန်ကို ကြည့်ကာ ပြောသည်၊၊

“အခု ၈ နာရီ ၁၀ မိနစ်ပဲ ရှိသေးတယ်၊၊ အဆိုးဆုံး အခြေအနေမှာတောင် မိုးလင်းချိန် ၁၀ နာရီ မတိုင်ခင် နှစ်နာရီလောက် တောင့်ခံထားနိုင်ရင် လုံလောက်ပြီ”

“ကောင်းပြီ… ကျွန်မတို့ကို စိတ်ချ”

ချန်ဆီရွှမ်နှင့် အခြားသူများလည်း စွမ်းအားဝတ်စုံများကို ချက်ချင်း ဝတ်ဆင်လိုက်ကြသည်၊၊

စွန်းယုကျန်းက စိုးရိမ်စိတ်ဖြင့် ရှေ့သို့ တိုးချင်သော်လည်း ကျိုးကြောင်းဆင်ခြင်တုံတရားအရ လင်းရှန်၏ အစီအမံကို လိုက်နာရမည်ဖြစ်သဖြင့် ခေါင်းငြိမ့်ရုံသာ တတ်နိုင်လေသည်၊၊ သူမသည် ဘာမှမပြောဘဲ ချန်ဆီရွှမ်နှင့်အတူ ပစ်အားဖြန့်ကျက်ခြင်းကို စတင်လုပ်ဆောင်လိုက်သည်၊၊

“ကျွန်မတို့ကိုလည်း ခေါ်သွားပါ၊ ပင်လယ်ပြင် အခြေအနေကို ကျွန်မတို့က ပိုသိတယ်”

ဗန်နက်ဆာက ဝင်ပြောသည်၊၊

“ကောင်းပြီ”

အချိန်ဆွဲမနေတော့ဘဲ လင်းရှန်သည် အဖွဲ့ကို ဖွဲ့စည်းလိုက်သည်၊၊ ကီကီလည်း စွမ်းအားဝတ်စုံကို ဝတ်ဆင်ပြီးနောက် ရထားတွဲ၏ အကာအကွယ်တံခါးများ ပွင့်သွားသည်၊၊ သူတို့အားလုံးသည် တွန်းကန်အားပေး စက်ပစ္စည်းများကို အသုံးပြုကာ ရထားပေါ်မှ ပျံထွက်သွားကြသည်၊၊

ရှီးးးး

ချက်ချင်းဆိုသလိုပင် ဘူတာရုံ၏ အမှောင်ထုထဲမှ အေးစက်စက်အငွေ့အသက်များ ရထားတွဲထဲသို့ စီးဝင်လာပြီး အမှောင်ထဲတွင် ပုန်းကွယ်နေသည့် ထူးဆန်းသော လှုပ်ရှားမှုအသံများကလည်း ထောင့်အသီးသီးမှ ထွက်ပေါ်လာသည်၊၊

လင်းရှန်သည် အဖွဲ့ကို ဦးဆောင်ကာ ဘူတာရုံအမိုးပေါ်မှ ပွင့်နေသည့် နေရာမှတစ်ဆင့် အပြင်သို့ ထွက်ခွာခဲ့ပြီး အဝေးရှိ အနောက်တောင်ဘက် ကမ်းခြေသို့ ဦးတည် ပျံသန်းသွားကြသည်၊၊ စွမ်းအားဝတ်စုံ၏ မျက်နှာပြင်ပေါ်တွင်မူ တစ်မြို့လုံးမှာ ပိန်းပိတ်အောင် မှောင်နေပြီး ကောင်းကင်ယံတွင်သာ အပြာနုရောင် အလင်းတန်းလေးများကို မြင်နေရသည်၊၊ မြေပြင်ပေါ်တွင်မူ အဆောက်အအုံများ၏ ပုံရိပ်အချို့ကိုသာ ခပ်ရေးရေးမြင်တွေ့ရသည်၊၊

ဤအချိန်မှာ နေ့ခင်းဘက်ဖြစ်သင့်သော်လည်း ကောင်းကင်ယံ၌ အမှောင်ဒီရေများ ဖုံးလွှမ်းနေသဖြင့် ပင်လယ်ပြင်တစ်ခုလုံးမှာ အနန္တတွင်းနက်ကြီးကဲ့သို့ မည်းမှောင်နေလေသည်၊၊

All Chapters