← Chapters

အခန်း (၉၄၀-၉၄၁)

Vol. 54 Ch. 940-941

အခန်း (၉၄၀-၉၄၁)

Vol. 54 Ch. 940-941

Chapter 940

အမှောင်စွမ်းအင် ၁

မာရှောင်ထန်း၏ လက်ဖျားတွင် လျှပ်စီးကြောင်းကြောင့် ဖြစ်ပေါ်သည့် တစစ်စစ်ခံစားချက်က ကျန်ရှိနေဆဲဖြစ်သော်လည်း သူ၏နှာခေါင်းထဲသို့ ပထမဆုံးတိုးဝင်လာသည်က ပုပ်ဟောင်နေသည့် အနံ့ဆိုးကြီးဖြစ်သည်။ သူသည် ကိုယ်ကို ထိန်းမတ်ရန် ကြိုးစားရင်း လဲကျသွားရာတွင် သူ၏လက်ဝါးက သူထင်ထားသလို ရထားတွဲကြမ်းပြင်ပေါ်သို့ မဟုတ်ဘဲ အေးစက်ပြီး စေးကပ်နေသည့် သဲမှုန်များထဲသို့ နစ်ဝင်သွားခဲ့သည်။ ထိုသဲမှုန်များမှာ ကြိတ်ခြေထားသည့် ပုပ်သိုးနေသော ကလီစာများကဲ့သို့ အမည်းရောင်သန်းသည့် သွေးရည်များ စိမ့်ထွက်နေကြသည်။

“ဒါ… ဘာနေရာကြီးလဲ”

သူ၏တုန်ရီနေသောအသံမှာ လှိုင်းသံများကြားထဲတွင် နစ်မြုပ်ပျောက်ကွယ်သွားသည်။ သူ မော့ကြည့်လိုက်သည့်အခါ ကမ်းခြေတစ်ခုလုံးမှာ ဖော်မလင်ရည်ထဲတွင် နှစ်ထားသည့်အလား မွဲပြာရောင်သန်းနေသည်ကို တွေ့လိုက်ရသည်။ ဒီရေတက်သည့် နေရာတွင် ခရုခွံများအစား မေးရိုးပုံသဏ္ဌာန် အရိုးအပိုင်းအစများနှင့် အမှိုက်ပုံများ ပြည့်နှက်နေပြီး လှိုင်းများနှင့်အတူ ရိုက်ခတ်လာတိုင်း ရယ်သံကဲ့သို့ အသံများ ထွက်ပေါ်နေသည်။

သူ့ခေါင်းထဲတွင် မူးနောက်နေပြီး ထရပ်ရန် ကြိုးစားလိုက်စဉ် ခြေဖဝါးမှတစ်ဆင့် ဦးခေါင်းအထိ အေးစက်သော အငွေ့အသက်က စီးဆင်းသွားသဖြင့် တစ်ကိုယ်လုံး တုန်တက်သွားခဲ့သည်။

ခဏချင်းမှာပင် ထူးဆန်းမှု၊ ကြောက်ရွံ့မှုနှင့် ရှုပ်ထွေးမှုတို့မှာ စိတ်ထဲတွင် တရိပ်ရိပ်ထိုးတတ်လာသည်။

ထူးဆန်းလိုက်တာ။ ငါ ခုနလေးတင် နွေးထွေးတဲ့ ရထားတွဲထဲမှာ စွမ်းအားကျင့်နေတာ မဟုတ်လား။ ဘယ်လိုလုပ် အပြင်ရောက်လာတာလဲ…။

ဝုန်း—

ထိုစဉ် သူ့ရှေ့ရှိပင်လယ်ရေမှာ ဆူပွက်လာသကဲ့သို့ ရုတ်တရက် လှုပ်ခတ်လာသည်။ မာရှောင်ထန်း နောက်သို့ ဆုတ်လိုက်စဉ် ပျော့အိနေသည့် အရာတစ်ခုကို နင်းမိသဖြင့် ငုံ့ကြည့်လိုက်ရာ ပုပ်ပွပြီး ဖောင်းကားနေသော အလောင်းကြီးတစ်ခု ဖြစ်နေသည်။ ထိုအလောင်း၏ အရေပြားထဲမှ တောက်ပနေသည့် ပင်လယ်အင်းဆက်များစွာ ထွက်လာကြပြီး အပ်ပေါက်နီးပါးအရွယ်ရှိသော ၎င်းတို့၏ မျက်လုံးများက သူ့ကို ဝိုင်းကြည့်လာကြသည်။ မာရှောင်ထန်းလည်း လန့်ဖျပ်ပြီး အဝေးသို့ အမြန်ဆုတ်လိုက်ရာ ပင်လယ်ရေပြင်အထက်တွင် တောင်ကုန်းသဏ္ဌာန် တောက်ပနေသည့် အပြာရောင်အလင်းတန်းကြီးတစ်ခု ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ချောမွတ်နေသော မျက်နှာပြင်ပေါ်မှ ပင်လယ်ရေများက ရေတံခွန်ကဲ့သို့ စီးကျနေပြီး တစ်စုံတစ်ရာမှာ ပင်လယ်အောက်ခြေမှ ဖြည်းညှင်းစွာ တက်လာနေသည်။

ဝူးးး... ဝူးးး...

ပင်လယ်အောက်ခြေမှ ထူးဆန်းသော မြည်ဟီးသံကြီး ထွက်ပေါ်လာပြီး လေထုတစ်ခုလုံးကို တုန်ခါသွားစေသည်။ အပြာရောင်အလင်းတန်းကြီးက ဆက်လက်မြင့်တက်လာပြီး အမိုးခုံးပုံသဏ္ဌာန် အကြည်ရောင်ခန္ဓာကိုယ်ကြီး ပေါ်ထွက်လာသည်။ ၎င်းမှာ အချင်း မီတာရာချီရှိသော မိုးပျံဂျယ်လီဖစ်ကြီးတစ်ကောင်ဖြစ်ပြီး ၎င်း၏ ထီးဝိုင်းသဏ္ဌာန်အနားသတ်များမှာ လိပ်တက်နေသည်။ အလယ်ဗဟိုရှိ အလင်းထုတ်တစ်ရှူးများဆီမှ တောက်ပသော အပြာရောင်အလင်းများ ထွက်ပေါ်နေသည်။ ကြည့်လိုက်လျှင် အလွန်လှပသော်လည်း အနီးကပ်ကြည့်ပါက ၎င်း၏ ခန္ဓာကိုယ်အတွင်း၌ လူ့ဦးခေါင်းခွံရှိ သွေးကြောများကဲ့သို့ အမည်းရောင်အစင်းကြောင်းများ စီးဆင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ ရေပြင်ကို ခွဲထွက်လာသော လက်တံ ဆယ့်နှစ်ချောင်းမှာ လေထဲတွင် လွင့်ပျံဝေ့ဝဲနေသည်။

ဤမြင်ကွင်းမှာ ထူးဆန်းသော ကမ္ဘာတစ်ခုမှ ဂြိုဟ်သား သတ္တဝါကြီးတစ်ကောင် ပေါ်ထွက်လာသည့်အလားပင်၊၊ ပင်လယ်ပြင်ထက်တွင် ပဲ့တင်ထပ်နေသော ဂါထာမန္တန်ရွတ်နေသကဲ့သို့ အသံကြောင့် ထိုမိုးပျံဂျယ်လီဖစ်ကြီးကို မြင်တွေ့ရသူတိုင်းမှာ မြင့်မြတ်သည်ဟု ခံစားရသလို တစ်ဖက်တွင်လည်း အလွန်အမင်း ထိတ်လန့်နေကြသည်။ မာရှောင်ထန်း၏ အသိစိတ်သည် တွင်းနက်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ဖြစ်နေပြီး မျက်လုံးများ ပြူးကျယ်ကာ မျက်နှာမှာ ဖြူလျော်နေသည်။ သူ အံကြိတ်ထားသော်လည်း မျက်လုံးထဲတွင် အမည်းရောင် သွေးကြောများ စတင်ယှက်သန်းလာသည်။

ကြောက်ရွံ့မှုကြောင့် ဖြစ်ပေါ်သည့် သန္ဓေပြောင်းလဲခြင်းပင်။

ထိုအချိန်တွင် တောက်ပနေသော မိုးပျံဂျယ်လီဖစ်ကြီးက ဖြည်းညှင်းစွာ ပျံသန်းလာပြီး ၎င်း၏ အေးစက်သော အလင်းရောင်မှာ ကမ်းခြေတစ်ခုလုံးကို လင်းထိန်သွားစေသည်။ ဧရာမ လက်တံကြီးများက မာရှောင်ထန်းရှိရာသို့ ဝှေ့ယမ်းဆင်းသက်လာသည်။

မာရှောင်ထန်း၏ နားထဲတွင် ဒီရေသံများက ဝေးကွာပြီး ဝေဝါးသွားသည့်အချိန်၌ ကောင်းကင်ယံမှ စူးရှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

“ရှောင်ထန်း… မကြည့်နဲ့”

ဘန်း ဘန်း—

ကမ်းခြေထက်တွင် အသံထက်မြန်သော ပေါက်ကွဲသံများ ချက်ချင်းထွက်ပေါ်လာပြီး လင်းရှန်သည် စွမ်းအားဝတ်စုံကို ဝတ်ဆင်ကာ အရှိန်အဟုန်ဖြင့် ပျံသန်းလာပြီး မာရှောင်ထန်းရှိရာသို့ လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်သည်။ ခဏချင်းမှာပင် ကြယ်နက်ပန်းပဲဖို ပွင့်လာပြီး နာနိုစက်ကိရိယာ အများအပြားထွက်ပေါ်လာကာ မာရှောင်ထန်းကို ဝန်းရံပြီး အကာအကွယ်ဝတ်စုံအဖြစ် ဖုံးအုပ်လိုက်သည်။ အောက်ဆီဂျင်ပေးစနစ် အသက်ဝင်လာသည်နှင့်အမျှ သူ၏ အေးစက်နေသော ခန္ဓာကိုယ်မှာ နွေးထွေးမှုဖြင့် ပြန်လည်လွှမ်းခြုံသွားသည်။

သူ ဘာမှမလုပ်ရသေးခင်မှာပင် စွမ်းအားဝတ်စုံ၏ အလိုအလျောက် ပျံသန်းမှုစနစ်က သူ့ကို ခေါ်ဆောင်သွားပြီးနောက် ကီကီနှင့် လင်းရှန်တို့၏ စွမ်းအားလှိုင်းများက သူ့ကို ကာကွယ်ပေးလိုက်သည်။ ရှီဇီသည်လည်း သူမ၏ စွမ်းရည်ကို ချက်ချင်းအသုံးပြုလိုက်ရာ အစိမ်းရောင်အလင်းတန်းက မာရှောင်ထန်း၏ ခန္ဓာကိုယ်အတွင်းရှိ အမှောင်အဆိပ်အတောက်များကို လျင်မြန်စွာ ဖယ်ရှားပေးလိုက်သဖြင့် သူသည် စွမ်းအားဝတ်စုံအတွင်း၌ အသက်ဝဝ ရှူနိုင်သွားသည်။

“အစ်ကိုလင်း၊ မမကီကီ၊ ကျွန်တော်... ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး”

“ဘာမှမဖြစ်ဘူး၊၊ အရင်ဆုံး စိတ်ကို အေးအေးထားပြီး အာရုံစိုက်ထား… ဒါက ထူးခြားတဲ့ အဆင့်တစ်ခု ဖစ်နိုင်တယ်” ကီကီက ချက်ချင်း ပြန်ပြောလိုက်သည်။

“မျိုးဆက်သစ် စွမ်းအားရှင် ရောက်လာပြီကွ”

ထိုအချိန်တွင် ကောင်းကင်ယံ၌ ကြယ်တံခွန်တစ်ခုကဲ့သို့ မီးတန်းကြီးတစ်ခု ဖြတ်သန်းသွားသည်။ ၎င်းမှာ လုရှင်းချန် ဖြစ်သည်။

“ဘယ်လို ပင်လယ်ထူးဆန်းသတ္တဝါလဲ။ ဒီစွမ်းအားရှင်က... ကောင်းကင်ကို မီးရှို့ပြီး ပင်လယ်ကို ဆူပွက်စေလိုက်မယ်”

လုရှင်းချန်၏ အော်ဟစ်သံက ပေါက်ကွဲထွက်လာသော မီးလျှံများနှင့်အတူ မြူထုကို ခွဲထွက်လာပြီး အနီရောင် အရိပ်တစ်ခုသည် လေထဲမှ ထိုးဆင်းလာသည်။ သူ၏ နောက်ကျောရှိ ဖြန့်ကားထားသော မီးလျှံအတောင်ပံများမှာ ကီလိုမီတာချီ ရှည်လျားသော မီးတန်းကြီးကို ဖြစ်ပေါ်စေသည်။ စွမ်းအားဝတ်စုံ၏ အစိတ်အပိုင်းများမှ ထွက်ပေါ်လာသော ပလက်စမာစီးကြောင်းများကြောင့် ပတ်ဝန်းကျင်ရှိ မြူထုများ အငွေ့ပျံသွားသည်။ ပုံမှန်အချိန်တွင် အမြဲပျော်ပျော်နေတတ်သော ဤလူငယ်သည် ယခုအခါ မျက်လုံးထဲတွင် သွေးကြောများ ယှက်သန်းနေပြီး ပါးစပ်မှာလည်း ကြောက်မက်ဖွယ်ကောင်းအောင် တွန့်ချိုးနေသည်။ သူ၏ ဒေါသများမှာ ပေါက်ကွဲထွက်လာပြီ ဖြစ်သည်။

“အနန္တ နတ်ဘုရားမီးလျှံဓား”

ဘွန်း—

ချက်ချင်းပင် လုရှင်းချန်၏ လက်ဝါးမှ ချော်ရည်ကဲ့သို့ အလွန်ပူပြင်းသော အဖြူရောင် မီးလျှံတိုင်လုံးကြီး ထွက်ပေါ်လာပြီး အနန္တလက်စွပ်က အပြင်းအထန်လည်ပတ်ကာ အပြာရောင်မီးလျှံများ မှုတ်ထုတ်လိုက်သည်။ အနီရောင်မီးလျှံဓားကြီးသည် အသံထက်မြန်သော အရှိန်ဖြင့် မိုးပျံဂျယ်လီဖစ်ကြီး၏ လုံးဝန်းသောကိုယ်ထည်ကို တိုက်ရိုက်ထိမှန်သွားပြီး ၎င်း၏ ကိုယ်မှ ထွက်ပေါ်လာသော အဖြူရောင်စွမ်းအင်နယ်ပယ်ကို ဖောက်ထွက်သွားသည်။ လုရှင်းချန်၏ အားကုန်သုံး၍ တိုက်ခိုက်လိုက်သော မီးလျှံဓားအောက်တွင် ဂျယ်လီဖစ်ကြီး၏ ကိုယ်ထည်မှာ ပေါက်ကွဲသွားပြီး ပုပ်သိုးနေသော အသားများမှာ အပူချိန် သုံးထောင်ဒီဂရီအောက်တွင် အမည်းရောင် ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။ ပင်လယ်ပြင်ထက်ရှိ အခိုးအငွေ့များကြားတွင် စူးရှသော အော်ဟစ်သံများ ပြည့်နှက်သွားပြီး ၎င်း၏ အလယ်ဗဟိုရှိ အလင်းရောင်ခြည်များမှာ ရုတ်တရက် ကျုံ့ဝင်သွားကာ ခရုပတ်ပုံသဏ္ဌာန်အစွယ်များပြည့်နေသည့် ဧရာမပါးစပ်ကြီးတစ်ခု ပေါ်လာသည်။

တီ တီ တီ—

လင်းရှန်၏ လက်ထဲမှ ကိရိယာက အချက်ပေးသံထွက်ပေါ်လာသည်။ ယခုအချိန်တွင် ကမ်းခြေရှိ အဖွဲ့နှစ်ဖွဲ့လုံး၏ အမှတ်အသားက အဆင့် ၄ သို့ ရောက်ရှိသွားပြီဖြစ်ရာ ဤမိုးပျံဂျယ်လီဖစ်ကြီးသည် အနည်းဆုံး အဆင့်-A သို့မဟုတ် ထူးခြားသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ထိုအမှတ်အသား ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေထုမှာ ခဏတာ ရပ်တန့်သွားသလို ခံစားရသည်။

Chapter 941

အမှောင်စွမ်းအင် ၂

အဝေးရှိ မြို့ပျက်ကြီးထဲမှ မရေမတွက်နိုင်သော လက်သည်းငယ်များက ကွန်ကရစ်ကို ကုတ်ခြစ်နေသည့် အသံများ သို့မဟုတ် ဟောင်းနွမ်းနေသော သတ္တုများကို မမြင်ရသော လက်များက ဖြည်းဖြည်းချင်း လိမ်ချိုးနေသည့် အသံများ ထွက်ပေါ်လာသည်။ မှောင်မိုက်နေသည့် ကြားထဲတွင် မြင့်မားသော အဆောက်အဦတစ်ခု၏ မှန်နံရံမှာ ရုတ်တရက် ပွင့်ထွက်သွားပြီး မှန်စများမှာ မိုးရေကဲ့သို့ ကျဆင်းလာသည်။ ခြေသံများကိုမူ မကြားရဘဲ လမ်းကြားထဲမှ စေးကပ်သော အရည်များ စီးကျနေသည့် အသံများသာ ပဲ့တင်ထပ်နေသည်။

သမုဒ္ဒရာလှိုင်းလုံးများ၏ စည်းချက်မှာ ပြောင်းလဲသွားခဲ့ပြီ။ ပုံမှန်အတိုင်း တက်နေကျ ဒီရေသံတို့မှာ ပျက်ပြားသွားပြီး ပင်လယ်အောက်ခြေမှ ပြင်းထန်သော တုန်ခါမှုကြီးတစ်ခု ထွက်ပေါ်လာသည်။ ချောက်နက်ကြီးထဲတွင် ဧရာမ သတ္တဝါကြီးတစ်ကောင် လှည့်ပတ်နေသယောင် ရှိသည်။ ကမ်းခြေရှိ အရိုးအပိုင်းအစများသည် ပြင်းထန်စွာ တုန်ခါနေပြီး ကြိမ်နှုန်းနိမ်လှိုင်းသံတစ်ခု၏ ရိုက်ခတ်မှုကိုခံနေရသကဲ့သို့ ရှိနေသည်။ သဲမှုန်များကြားမှ အမည်းရောင်သန်းသော သွေးပုပ်များ စိမ့်ထွက်လာပြီး အနောက်ဘက် ပင်လယ်ပြင်ဆီသို့ ကြောက်မက်ဖွယ်ကောင်းအောင် ပြန်လည်စီးဝင်သွားကြသည်။

လင်းရှန်၏ စွမ်းအားဝတ်စုံရှိ ဟိုလိုဂရမ်စနစ်မြင်ကွင်းပေါ်တွင် ရေဒါ၏ အစွန်းဘက်၌ အနီရောင်အစက်များစွာ ရုတ်တရက် ပေါ်လာသည်။ ၎င်းတို့တွင် ပုံသဏ္ဌာန် သို့မဟုတ် အကောင်အထည်ဟူ၍ မရှိဘဲ အရပ်မျက်နှာအနှံ့အပြားမှ ဝိုင်းရံလာနေသည့် သက်ရှိတုံ့ပြန်မှုဆိုင်ရာ လှိုင်းအချက်ပြများသာ ရှိသည်။ အရှေ့ဘက်ရှိ စွန့်ပစ်ထားသော လမ်းမကြီး၏ လိုဏ်ခေါင်းထဲမှ သတ္တုများ လိမ်ညှစ်နေသည့် စူးရှသောအသံကြီး ထွက်ပေါ်လာသည်။ အနောက်ဘက် ဒီရေမျဉ်းအနီးရှိ ကျောက်ဆောင်များနားတွင် ပင်လယ်ရေမှာ ရုတ်တရက် ဆုတ်ခွာသွားပြီး ပျားလပို့သဏ္ဌာန် အပေါက်ငယ်များစွာ ဖြစ်နေသည့် ကျောက်တောင်နံရံများ ပေါ်ထွက်လာသည်။ မြောက်ဘက် မြို့ပြရှိ မြူထူထပ်သော နေရာတွင် ပျက်နေသည့် လမ်းမီးတိုင်တစ်ခုမှာ နှစ်ချက်ခန့် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး မီးသီးကွဲသွားသည့် ခဏ၌ ကလေးငိုသံကဲ့သို့ စူးရှသော အသံတစ်ခု ထွက်ပေါ်လာကာ ရုတ်တရက် ပြန်လည်တိတ်ဆိတ်သွားသည်။

“အဆင့် ၄ အမှတ်အသားပဲ... ပြဿနာတက်ပြီ”

အရပ်မျက်နှာ အသီးသီးမှ ပြင်းထန်သော စိတ်ဝိညာဉ်လှိုင်းတန်ဖိုးများ မြင့်တက်လာသည်ကို ကီကီ ခံစားလိုက်ရသည်။ မည်သည့် သတ္တဝါကိုမျှ မမြင်ရသေးသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပိုမိုမှောင်မိုက်လာနေသည်ကို လူတိုင်း ခံစားနေရသည်။ ၎င်းမှာ အမှောင်ကျူးကျော်ဝင်ရောက်မှု သိပ်သည်းဆမြင့်တက်လာသည့် လက္ခဏာပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အသက်ရှူကျပ်မတတ် ဖိအားပေးနေသော အရှိန်အဝါတစ်ခုက သူတို့ကို လွှမ်းမိုးလာသည်။

“ကီကီ၊ အားဖေး၊၊ ငါတို့ အတူတူ တိုက်ခိုက်ပြီး ဒါကို အမြန်ဆုံး အဆုံးသတ်ကြစို့”

အခြေအနေကို ရိပ်မိသည်နှင့် လင်းရှန်က ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။ ထိုမိစ္ဆာက ပင်လယ်ရေပြင်ထက်တွင် ရှိနေပြီး ဤနေရာ၌ အဝေးမှနေ၍ လျင်မြန်စွာ တိုက်ခိုက်နိုင်သူမှာ သူနှင့် အားဖေး၊ ကီကီတို့ သုံးဦးသာ ရှိသည်။

“ကောင်းပြီ”

အားဖေးက ချက်ချင်း တုံ့ပြန်လိုက်သည်။ သူ၏ အထူးတိုက်ခိုက်ရေးဝတ်စုံက သူ့ကို လေထဲသို့ တိုက်ရိုက် ပျံသန်းစေနိုင်သည်။ သူ၏ မျက်လုံးများမှာ နီညိုရောင် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး စွမ်းအားဝတ်စုံ၏ လေဆာမျက်လုံးမှတစ်ဆင့် ပစ်လွှတ်လိုက်သည်။ လေဆာတန်းနှစ်ခုမှာ သူ၏ မျက်လုံးသူငယ်အိမ်မှတစ်ဆင့် အာရုံစိုက်လိုက်ရာ တရားစီရင်ရေးဓားများကဲ့သို့ ညအမှောင်ထုကို ခွဲထွက်သွားပြီး မိုးပျံဂျယ်လီဖစ်၏ ကြည်လင်နေသော ထီးပုံသဏ္ဌာန်ကိုယ်ထည်ကို ဖောက်ထွင်းသွားသည်။

တစ်ချိန်တည်းမှာပင် ကီကီသည် သူမ၏ ပျံသန်းဓားစနစ်ကို ဖွင့်လိုက်ရာ သူမ၏ စိတ်စွမ်းအား ထိန်းချုပ်မှုအောက်တွင် VK လျှပ်စစ်ဓားငယ် ထောင်ပေါင်းများစွာမှာ ဓားစီးကြောင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ဓားတစ်လက်ချင်းစီတွင် လျှပ်စစ်ဝါယာရှော့များနှင့် လျှပ်အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး လေထဲတွင် ဧရာမ ကြယ်စင်မြစ်ကြီးတစ်ခုအလား ဖြစ်နေသည်။ သူမ၏ မျက်လုံးများတွင် စွမ်းအားအလင်းတန်းများ တောက်ပနေပြီး ထိုလျှပ်စစ်ဓားများကို ထိန်းချုပ်ကာ ပြင်းထန်သော စိတ်စွမ်းအားဖြင့် အသံထက်မြန်သော အရှိန်သို့ မြှင့်တင်လိုက်ပြီး ဧရာမ မိုးပျံဂျယ်လီဖစ်ကြီးဆီသို့ စီးဆင်းသွားစေသည်။

ခဏချင်းမှာပင် လုရှင်းချန်၊ အားဖေးနှင့် ကီကီတို့ အားလုံး လှုပ်ရှားလိုက်ကြရာ တောက်ပနေသော မိုးပျံဂျယ်လီဖစ်ကြီး၏ ပတ်ပတ်လည်ရှိ ဇီဝစွမ်းအားနယ်ပယ်သည် ချက်ချင်းပင် တစ်စစီကွဲအက်သွားသည်။

ဘန်း—

ထိုအချိန်တွင် မိုးပျံဂျယ်လီဖစ်ကြီး၏ ခန္ဓာကိုယ် တည်ဆောက်ပုံတစ်ခုလုံး ပြိုကွဲပျက်စီးသွားစဉ် ထီးပုံသဏ္ဌာန်ကိုယ်ထည်အောက်ရှိ အလင်းထုတ်တစ်ရှူးများမှာ အပြင်းအထန် တောက်ပလာပြီး လှိုင်းလုံးတစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာသည်။ ထိုခဏ၌ လုရှင်းချန်၏ မီးလျှံများမှာ လေထဲတွင် အေးခဲသွားသလို အားဖေးနှင့် ကီကီတို့၏ စွမ်းအားများမှာလည်း ခေတ္တရပ်တန့်သွားသည်ဟု ခံစားလိုက်ရသည်။ သူတို့အားလုံး၏ စွမ်းအားဝတ်စုံရှိ အချက်ပေးစနစ်များမှ ပုံမှန်မဟုတ်သော မြည်ဟီးသံများ ထွက်ပေါ်လာသည်၊၊ အေးစက်သော လက်ချောင်းများက စွမ်းအားဝတ်စုံ၏ ပိုက်လိုင်းများမှတစ်ဆင့် ရီအက်တာစွမ်းအင်ဗဟိုချက်ထဲသို့ ဝင်ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။ ဝတ်စုံအတွင်းရှိ အောက်ဆီဂျင်စနစ်ထဲသို့ အပုပ်နံ့တစ်ခု ပျံ့နှံ့လာပြီး မျက်နှာကာမှန်အတွင်း၌ လူမျက်နှာပုံသဏ္ဌာန် နှင်းခဲများ စတင်ဖြစ်ပေါ်လာသည်။

ဤတိုက်ခိုက်မှုမျိုးမှာ လင်းရှန် တစ်ခါမှ မကြုံဖူးသည့် အမျိုးအစားဖြစ်ပြီး အလွန်အန္တရာယ်ရှိကြောင်း သူ ချက်ချင်း သတိပြုမိလိုက်သည်။ မကြာသေးမီက ထိုထူးဆန်းသောကွန်တိန်နာမှ ထွက်ပေါ်လာသည့် စွမ်းအားဖိနှိမ်လှိုင်းနှင့်တူသော ဤအရာသည် ကောင်းသောနိမိတ်မဟုတ်သည်မှာ သေချာသည်။

ထို့ကြောင့် လင်းရှန်သည် တွန့်ဆုတ်မနေဘဲ ဂျယ်လီဖစ်ကြီး၏ ကိုယ်ထည်ပျက်စီးရာမှ ပေါ်ထွက်လာသော ခရုပတ်ပုံစံ ပါးစပ်ပေါက်ကြီးရှိရာသို့ လက်ညှိုးညွှန်လိုက်ပြီး ဆွဲငင်အားမှန်ဘီလူးကို တိုက်ရိုက်ပစ်လွှတ်လိုက်သည်။

ဝှမ်းးး—

ဟင်းလင်းပြင် တုန်ခါသံတစ်ခု ထွက်ပေါ်လာပြီး ကမ်းခြေရှိ အသံအားလုံးမှာ ချက်ချင်း ရပ်တန့်သွားကာ တိတ်ဆိတ်ခြင်းသို့ ပြန်လည်ရောက်ရှိသွားသည်။

ကမ္ဘာကြီး၏ အရောင်အသွေးမှာ ပြောင်းလဲသွားပြီး ရှေ့ရှိ မိုးပျံဂျယ်လီဖစ်ကြီးထံမှ အပြာရောင်အလင်းများမှာ ချက်ချင်း တွန့်ခေါက်သွားကာ မှိန်ကျသွားသည်။ ဂျယ်လီဖစ်ကြီး၏ ပါးစပ်ပေါက်ကြီးအတွင်း၌ တွန့်လိမ်နေသော ဟင်းလင်းပြင်တစ်ခုဖြစ်ပေါ်လာပြီး လေထဲတွင် အမည်းရောင် ရေဝဲကြီးတစ်ခုနှင့် တူနေသည်။

ထိုတွန့်လိမ်နေသော ဟင်းလင်းပြင်ထဲတွင် အမှောင်ထုများမှာ လျင်မြန်စွာ ပြိုကွဲပျက်စီးပြီး ပြန်လည်စုစည်းနေသည်။ တွန့်လိမ်နေသော ဟင်းလင်းပြင်ဝဲဂယက်များကြားတွင် လင်းရှန်၏ အမြင်အာရုံထဲ၌ လိမ္မော်ရောင်သန်းနေသော မြင်ကွင်းတစ်ခုမှာ တစ်ချက်တစ်ချက် ပေါ်လာသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း လင်းရှန်၏ မျက်လုံးသူငယ်အိမ်များက ကျုံ့ဝင်သွားသည်။

“ဒါက ပင်လယ်ပြင်က နေထွက်ချိန် အရုဏ်ဦးမြင်ကွင်းပဲ”

ထိုပုံရိပ်မှာ တစ်ခါတစ်ရံ ပေါ်လာလိုက်၊ အမှောင်ထုက ပြန်ဖုံးသွားလိုက်ဖြစ်နေပြီး ဆွဲငင်အားမှန်ဘီလူး၏ တိုက်ခိုက်မှုကြောင့် အမှောင်ထုက ပျောက်ကွယ်သွားနေသည်။

ဂျွတ် ဂျွတ်—

နေ့အချိန်ကမ္ဘာကြီးမှ အလင်းရောင်များက တွန့်လိမ်နေသော ဟင်းလင်းပြင်မှတစ်ဆင့် ထွက်ပေါ်လာပြီး ထိုဟင်းလင်းပြင်၏ ပြင်းထန်သော စုပ်ယူမှုအားကြောင့် မိုးပျံဂျယ်လီဖစ်ကြီး၏ ပါးစပ်နှင့် စွမ်းအားအရင်းအမြစ်သည် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ စတင်ကွဲအက်လာသည်။

ဘွန်း—

မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းရှန်၊ လုရှင်းချန်၊ ကီကီနှင့် အားဖေးတို့ အားလုံး လက်ပြန်ရုပ်လိုက်ကြသည်။ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် ဤဧရာမ အထူးအဆင့် သတ္တဝါကြီးသည် အပိုင်းပိုင်းပြတ်တောက်သွားခဲ့ပြီ ဖြစ်ပြီး တောက်ပနေသော ဂျယ်လီဖစ်တစ်သျှူးများမှာ ပင်လယ်မျက်နှာပြင်ပေါ်သို့ ဆက်တိုက်ကျဆင်းနေကာ လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည်။ မိုးပျံဂျယ်လီဖစ်ကြီးသည် နက်ရှိုင်းသော အသံတစ်ခုကို ထုတ်ဖော်နေပြီး ၎င်း၏ လက်တံအချို့က လေထဲတွင် တရိပ်ရိပ်ယမ်းခါနေဆဲပင်။

“ဒါက ဘာလို့ ခုထိ မသေသေးတာလဲ”

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။ ဂျယ်လီဖစ်ကြီး၏ အလယ်ဗဟိုမှာ ဟောင်းလောင်းပေါက် ဖြစ်သွားပြီး ၎င်း၏ ကိုယ်မှ ကိုယ်ထည်နှင့် အနားသတ်များကိုလည်း ကီကီ၊ အားဖေးနှင့် လုရှင်းချန်တို့က အပိုင်းပိုင်းဖြတ်တောက်ထားပြီးဖြစ်သည်။ ယခုအခါ မိုးပျံဂျယ်လီဖစ်ကြီးသည် လေထဲတွင် လွင့်မျောနေသော အကြွင်းအကျန်များသာဖြစ်နေသော်လည်း ပြုတ်ကျမည့် အရိပ်အယောင်မရှိသေးပေ။

“ကပ္ပတိန်လင်း… ထူးဆန်းတဲ့ အရာတွေ နီးလာပြီ”

နန်ကျင်း၏ အဖွဲ့က အနားသို့ ကပ်လာပြီး လူတိုင်းကျောချင်းကပ်ကာ ကမ်းခြေနှင့် နောက်ဘက်ရှိ မြို့ပျက်ကြီးကို သတိအပြည့်နှင့် စောင့်ကြည့်နေကြသည်။

All Chapters