အခန်း (၉၄၂-၉၄၃)
Vol. 54 Ch. 942-943
Chapter 942
အမှောင်စွမ်းအင် ၃
“သေစမ်း”
လင်းရှန် အံကြိတ်လိုက်သည်။ သူတို့၏ တိုက်ခိုက်မှုမှာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသော်လည်း ဤမိစ္ဆာမှာ ပြင်းထန်သော ခြိမ်းခြောက်မှုကို ပေးနေဆဲဖြစ်သည်။ သို့သော် အဆိုးဆုံးမှာ သူတို့ ကိုယ်ပေါ်ရှိ အဆင့် ၄ အမှတ်အသားမှာ ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ နောက်ထပ် ရင်ဆိုင်ရမည့်အရာမှာ ဤကဲ့သို့သော အထူးအဆင့် သတ္တဝါတစ်ကောင်တည်း မဟုတ်တော့ခြင်းပင် ဖြစ်သည်။
ပြင်းထန်စွာ တုန်ခါနေသော ပင်လယ်ရေမျက်နှာပြင်ကို ကြည့်ရင်း ကီကီက လုရှင်းချန်ကို ချက်ချင်းပြောလိုက်သည်။
“မီးတောက်… အဲဒါကို မြန်မြန်ပြာဖြစ်အောင် လုပ်ပစ်လိုက်တော့”
“ကောင်းပြီ”
လုရှင်းချန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ မီးလျှံများ တဟုန်းဟုန်းတက်လာပြီး အပြင်းအထန် တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
ထိုစဉ် လေထဲတွင် စူးရှသော အသံတစ်ခု ပဲ့တင်ထပ်သွားပြီး လုရှင်းချန်၏ တိုက်ကွက်ကို ကြားဖြတ်နှောင့်ယှက်လိုက်သည်။ ဆံပင်တိုနှင့် မိန်းကလေးတစ်ဦးသည် ယန္တရားဓားတစ်လက်ကို ကိုင်ကာ စွမ်းအားဝတ်စုံ၏ အထောက်အပံ့မပါဘဲ လေထဲတွင် လျင်မြန်စွာ ပျံသန်းလာသည်။ သူမ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မမြင်ရသော လေထုကို ပုံပျက်နေစေသည့် အပူလှိုင်းများ ရစ်ပတ်နေသည်။
ဗန်နက်ဆာ…
၎င်းကို မြင်လိုက်ရသောအခါ လင်းရှန် မျက်မှောင်ကြုတ်သွားသည်။ ဗန်နက်ဆာထံမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများက သူ့အတွက် ရင်းနှီးနေသောကြောင့် ဖြစ်သည်။
ဖုတ်ကောင်သိုးထိန်း…
အစောပိုင်းက လင်းရှန်နှင့် ချူယန်တို့သည် ဖုတ်ကောင်သိုးထိန်းနှင့် ဆက်သွယ်မိစဉ်က အမှောင်စွမ်းအင်၏ တုန်ခါမှုကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရဖူးပြီး ယခု ထိုခံစားချက်မျိုးကို ဗန်နက်ဆာထံတွင် ခံစားနေရခြင်း ဖြစ်သည်။
စွမ်းအားဝတ်စုံ၏ အလင်းစနစ်က အရှိန်ဖြင့် ပျံသန်းနေသော ဗန်နက်ဆာကို ပစ်မှတ်ထားလိုက်စဉ် လင်းရှန်က သေးငယ်သော အသေးစိတ်အချက်အလက်တစ်ခုကို သတိပြုမိလိုက်သည်။ ဗန်နက်ဆာ၏ အထွတ်အထိပ်စွမ်းအားများ ပေါက်ကွဲထွက်လာချိန်တွင် သူမ၏ လက်ချောင်းများပေါ်၌ ကြက်သွေးရောင် သွေးကြောပုံစံအစင်းကြောင်းများ ပေါ်လာသည်။ နောက်တစ်စက္ကန့်တွင် သူမသည် ယန္တရားဓားရှည်ကြီးကို ဝေ့ယမ်းကာ လေထဲရှိ မိုးပျံဂျယ်လီဖစ် အကြွင်းအကျန်များကို ပြင်းထန်စွာ ပိုင်းချလိုက်သည်။
ရှူး—
ချက်ချင်းပင် ကမ်းခြေထက်တွင် ကြယ်တံခွန်တစ်ခု လေကို ခွဲထွက်သွားသည့်အလား ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ဗန်နက်ဆာ၏ ယန္တရားဓားရှည်ကြီးက ချက်ချင်းပင် နီရဲသွားသည်ကို လူတိုင်းမြင်တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် အမှုန်လှိုင်းများ မှုတ်ထုတ်လိုက်သကဲ့သို့ ကြက်သွေးရောင် နောက်ဆက်တွဲလှိုင်းတစ်ခုမှာ မီတာရာချီ အရှည်အထိ လေကို ဖြတ်တောက်သွားပြီး မိုးပျံဂျယ်လီဖစ် အကြွင်းအကျန်များကို အပိုင်းပိုင်းပြတ်သွားစေသည်။
လင်းရှန်၊ ရှောင်ချင်း၊ နန်ကျင်း၊ ကီကီနှင့် အားဖေးတို့သည် ထိုမြင်ကွင်းကြောင့် အလွန်အမင်း အံ့အားသင့်သွားကြသည်။ သူတို့အမြင်မှားသည်လား မသိသော်လည်း ဂျယ်လီဖစ်ကြီး၏ အကြွင်းအကျန်များ ပေါက်ကွဲသွားရုံသာမက ၎င်းတို့ပေါ်ရှိ အပြာရောင်စွမ်းအင်များမှာလည်း ချက်ချင်း ဝါးမျိုခံလိုက်ရပြီး ကောင်းကင်ယံတွင် အနက်ရောင်မြူများအဖြစ် ပျံ့နှံ့သွားသည်။ ကြည်လင်နေသော ဂျယ်လီဖစ်အသားတစ်သျှူးများမှာလည်း လျင်မြန်စွာခဲသွားပြီး အဖြူရောင်အသားစိုင်များအဖြစ် ပြောင်းလဲကာ ဇီဝကမ္မဖြစ်စဉ်များ လုံးဝ ရပ်တန့်သွားခဲ့သည်။
ဗုန်း ဗုန်း ဗုန်း—
အသားစိုင်များစွာ ပင်လယ်ထဲသို့ ကျဆင်းသွားပြီး ကီကီတို့အဖွဲ့သည်လည်း ၎င်းတို့ထံရှိ အဆင့် ၄ အမှတ်အသားများ လုံးဝ ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်သည်။
“အရမ်းအစွမ်းထက်တာပဲ သူမ သုံးလိုက်တာက သလင်းကျောက်စွမ်းအားလား”
“သေချာတယ်” နန်ကျင်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“သူမရဲ့ စွမ်းအားက မနေ့ကထက် အနည်းဆုံး နှစ်ဆလောက် တိုးလာတာပဲ သူမက ဆင့်ကဲပြောင်းလဲမှုထက် သာလွန်တဲ့ စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားတာပဲ၊၊ ဒါက မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲသူတွေ ထုတ်ဖော်နိုင်တဲ့ အရာမဟုတ်ဘူး”
ရှောင်ချင်းက သတိထားပြီး စောင့်ကြည့်နေသည်။ တိုက်ခိုက်ရေးပါရမီရှင်တစ်ဦးအနေဖြင့် ဗန်နက်ဆာ၏ ထူးခြားမှုကို သူမလည်း ရိပ်မိနေသည်။ မနေ့က အမြီးသုံးခွမွန်းစတားကို တိုက်ခိုက်စဉ်က သူမနှင့် ဗန်နက်ဆာကြားတွင် ကွာခြားချက်ကြီးမားသည်ဟု မထင်ခဲ့သော်လည်း ယခု ဗန်နက်ဆာပြသလိုက်သော တိုက်ခိုက်ရေးစွမ်းရည်မှာ ကြောက်မက်ဖွယ်ကောင်းလှသဖြင့် သလင်းကျောက်စွမ်းအားအကြောင်းကို သူမ စတင်စဉ်းစားနေမိသည်။
ထိုဆွေးနွေးချက်များကို ကြားလိုက်ရသောအခါ လင်းရှန်က ရေဒါပေါ်တွင် ဦးတည်ချက်မရှိ လှုပ်ရှားနေသော အနီရောင်အစက်များကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။
“စကားများနဲ့တော့… အားလုံးပဲ…. ရထားဆီ အမြန်ဆုတ်ကြမယ်”
“ခဏလေး”
ဂေဒီက သူ၏ ညာဘက်လက်မောင်းကို မြှောက်လိုက်ရာ ယန္တရားအကာပွင့်သွားပြီး အထူးဒုံးကျည်ငယ်တစ်ခု ထွက်လာကာ အဝေးမှ အားကစားကွင်းရှိရာသို့ ပစ်လွှတ်လိုက်သည်။
“သွေးဆောင်ဖြားယောင်းဆေးရည်လား”
လင်းရှန်က မေးလိုက်သည်။
“ဟုတ်တယ်” ဂေဒီက ခေါင်းငြိမ့်ပြသည်။
“ကောင်းပြီ”
လင်းရှန် ခေါင်းငြိမ့်လိုက်ပြီးနောက် အချိန်မဆွဲတော့ဘဲ လူတိုင်းကို ရထားရှိရာသို့ ပြန်လည်ဦးဆောင်ခေါ်သွားခဲ့သည်။
ဆုတ်ခွာနေစဉ် ကောင်းကင်ယံမှ ငုံ့ကြည့်လိုက်သည့်အခါ လမ်းမများပေါ်တွင် ထူးဆန်းသော အရိပ်မည်းကြီးများ ဖြည်းညှင်းစွာ ရွေ့လျားနေသည်ကို မြင်တွေ့ရသည်။ အဖွဲ့သားများသည် အနိမ့်ပျံသန်းမှုဖြင့် လျင်မြန်စွာ ဆုတ်ခွာခဲ့ကြပြီး မာရှောင်ထန်းကိုပါ ခေါ်ဆောင်ကာ အနန္တရထားပေါ်သို့ ပြန်ရောက်သည့်အခါမှသာ အသက်ဝဝရှူနိုင်တော့သည်။
ဤတိုက်ပွဲမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သုံးမိနစ်ပင် မပြည့်မီမှာပင် အထူးအဆင့်သတ္တဝါကို နှိမ်နင်းကာ အဆင့် ၄ အမှတ်အသားကို ဖျက်ပစ်နိုင်ခဲ့သည်။ အမှောင်မိစ္ဆာဒီရေလှိုင်း၏ အမဲလိုက်မှုမှ လွတ်မြောက်လာခြင်းမှာ အမှန်တကယ်ပင် ထိတ်လန့်စရာကောင်းလေသည်၊၊
ရထားတွဲအတွင်း၌ လူတိုင်း စိတ်အေးသွားကြပြီး စွန်းယုကျန်းလည်း စိတ်လှုပ်ရှားစွာဖြင့် မာရှောင်ထန်းကို ပွေ့ဖက်လိုက်သည်။
“ရှောင်ထန်း ဘယ်လိုနေသေးလဲ”
စွမ်းအားဝတ်စုံကို ချွတ်လိုက်ပြီးနောက် မာရှောင်ထန်းက ခေါင်းခါပြကာ လုရှင်းချန်ကို ကြည့်၍ ပြောလိုက်သည်။
“ဆရာ… ကျွန်တော် လျှပ်စစ်စီးကြောင်း ကျင့်စဉ်ကို ကျင့်နေရင်းနဲ့ ဘယ်လိုဖြစ်ပြီး...”
“ပါးစပ်ပိတ်ထား”
လုရှင်းချန်မှာ စိတ်ထဲတွင် ထိတ်လန့်သွားသော်လည်း မျက်နှာကို တည်ထားကာ သူ့ကို ငုံ့ကြည့်ရင်း
“မင်းကြောင့် အတော်လေး ဒုက္ခများသွားတယ်၊၊ ပြစ်ဒဏ်အနေနဲ့ ခန္ဓာကိုယ်ကျင့်စဉ်ကို ခြောက်နာရီကြာအောင် လုပ်ရမယ် နားခွင့်မရှိဘူး”
“ဟုတ်ကဲ့ပါ”
မာရှောင်ထန်းက နှုတ်ခမ်းဆူကာ ပြန်ဖြေလိုက်သည်။
လင်းရှန်သည် ဗန်နက်ဆာ၏ လက်ပေါ်မှ အနီရောင်အစင်းကြောင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း မေးလိုက်သည်။
“ဒါက သလင်းကျောက်စွမ်းအားလား”
“ဟုတ်တယ်”
ဗန်နက်ဆာက လင်းရှန်ဘက်သို့ လှည့်လိုက်သည်။ သူမ၏ အနီရောင်လှိုင်းများ ယှက်သန်းနေသော မျက်လုံးများမှာ တဖြည်းဖြည်း တည်ငြိမ်သွားပြီး ပြုံးလိုက်ကာ “သလင်းကျောက်က စွမ်းအားကို မြှင့်တင်ပေးရုံတင် မဟုတ်ဘူး.. အဓိကကတော့ အမှောင်စွမ်းအင်ကို ဝါးမျိုပြီး ပြန်ထုတ်လွှတ်တာပဲ၊၊ ဒီအမှောင်စွမ်းအင်က ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ ဇီဝအသက်စွမ်းအားကို ရုပ်ပိုင်းဆိုင်ရာ ဖျက်ဆီးတာထက် ပိုမြန်မြန်သတ်ပစ်နိုင်တယ်”
“ပိုမြန်တယ် ဟုတ်လား…. ငါ့ရဲ့ မီးနဲ့ ပြာဖြစ်အောင် လုပ်တာထက်တောင် ပိုမြန်တယ်လို့ ပြောချင်တာလား”
လုရှင်းချန်က သံသယဖြင့် မေးလိုက်မိသည်။ စောစောက သူမ၏ တိုက်ကွက်ကို အံ့သြခဲ့သော်လည်း ယခုက မခံချင်စိတ်ဖြင့် ပြန်ပြောနေခြင်း ဖြစ်သည်။
ဗန်နက်ဆာက သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်၊၊
“နင့်ရဲ့ မီးစွမ်းအားက ဖျက်ဆီးနိုင်တဲ့အပိုင်းမှာတော့ ငါ့ထက် သာမှာပါ၊၊ ဒါပေမဲ့ အမှောင်သတ္တဝါတွေရဲ့ အသက်စွမ်းအားကို မြန်မြန်ဆန်ဆန်ချေမှုန်းဖို့ဆိုရင်တော့ ငါ့ကို ယုံလိုက်ပါ၊၊ အမှောင်စွမ်းအားက လက်ရှိသိထားတဲ့ ဘယ်စွမ်းအားထက်မဆို ပိုသာတယ်”
“အဲဒီသတ္တဝါရဲ့ အသက်စွမ်းအားက ချက်ချင်း ပျောက်ဆုံးသွားတာကို ကျွန်မလည်း ခံစားမိတယ်”
ကီကီက ခေါင်းငြိမ့်ကာ ဆက်ပြောသည်၊၊
“ဒီအမှောင်စွမ်းအားက တကယ်ပဲ အဲဒီလောက် စွမ်းတာလား၊၊ တစ်ချက်တည်းနဲ့ အထူးအဆင့်သတ္တဝါကို သတ်နိုင်တယ်ပေါ့”
“အဲဒီလောက်ကြီးတော့ မဟုတ်ပါဘူး”
ဂေဒီက လင်းရှန်တို့ဘက်သို့ ကြည့်ကာ ပြောလိုက်သည်။
“ကပ္ပတိန်လင်းနဲ့ တခြားလူတွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြောင့် အဲဒီမိစ္ဆာက အတော်လေး အားနည်းသွားခဲ့လို့ပါ၊၊ ဗန်နက်ဆာရဲ့ တိုက်ကွက်က အဓိကကတော့ အမှောင်အမှတ်အသားကို အမြန်ဆုံး ဖျက်ပစ်ဖို့ပဲ၊၊ ပုံမှန်ဆိုရင်တော့ ဒီလိုမိစ္ဆာမျိုးနဲ့ တွေ့တာက ပြဿနာရှိတယ်၊၊ ဒါပေမဲ့ နေ့ဘက်မှာတော့ မဟုတ်ဘူးပေါ့၊၊ အခုက ညဘက်ဖြစ်နေပြီး အမှတ်အသားကလည်း ထိထားတော့ ငါတို့က မြန်မြန်မသတ်နိုင်ရင် ဆုတ်ခွာပြီး လမ်းမှာတွေ့တဲ့ အဆင့်နိမ့်သတ္တဝါတွေကို သတ်ရင်းနဲ့ အမှတ်အသားပျောက်အောင် လုပ်ရလိမ့်မယ်”
“ဟုတ်တယ်”
ဗန်နက်ဆာက နှိမ့်ချစွာ ပြောလိုက်သည်။
“ဒါပေမဲ့ အနည်းဆုံးတော့ သလင်းကျောက်ရှိတာက မရှိတာထက်စာရင် အသက်ရှင်ဖို့ အခွင့်အလမ်းပိုများစေပြီး အဲဒီလိုသတ္တဝါတွေကို ထိပ်တိုက်ရင်ဆိုင်နိုင်စေတယ်”
သူမက လင်းရှန်ကို ပြုံး၍ ကြည့်ကာ မေးလိုက်သည်။ “ဘယ်လိုလဲ... ဓားကိုင်ဆောင်သူ… သလင်းကျောက်ကို စိတ်ဝင်စားလာပြီလား”
လင်းရှန် ခေါင်းငြိမ့်လိုက်သည်။
“ငါ အရင်ထဲက စိတ်ဝင်စားနေတာပါ”
“ဒါဆိုရင် ငါ့ရဲ့ အရင်က ကမ်းလှမ်းချက်က...”
“မင်းတို့ရဲ့ ပင်လယ်လင်းယုန်အုပ်စုက ဘယ်မှာလဲ”
လင်းရှန်က တိုက်ရိုက်ပင် မေးလိုက်သည်။
“ပင်လယ်ကျောက်ဆောင်ကျွန်းနဲ့ သိပ်မဝေးဘူး ရေမိုင် အနည်းငယ်လောက်ပဲ ရှိမယ်”
ဗန်နက်ဆာက ပြောသည်။
“သင်္ဘောပေါ်မှာလား” ချန်ဆီရွှမ်က မေးလိုက်သည်။
“မဟုတ်ဘူး” ဂေဒီက လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။
“ငါတို့ရဲ့ ခိုလှုံနေရာက အတော်လေး ရိုးရှင်းပါတယ်...”
“လေယာဉ်တင် သင်္ဘောတစ်စင်းပေါ်မှာပါ”
Chapter 943
ပင်လယ်ခံတပ် ၁
နံနက် ၁၀ နာရီ ၅ မိနစ်တွင် နေ့အလင်းရောင် ထွက်ပေါ်လာသည်၊၊
အမှောင်ထုကန့်လန့်ကာကြီးကို ရုတ်တရက် ဆွဲဖွင့်လိုက်သကဲ့သို့ပင် ပင်လယ်ပြင်၏ အမှောင်ရိပ်အောက်၌ နစ်မြုပ်နေသော မြို့ပြကြီးသည် ချက်ချင်းဆိုသလို နေရောင်ခြည်အောက်သို့ ရောက်ရှိသွားသည်။ ညဉ့်အချိန်တွင် လှည့်လည်ကျက်စားနေသော မွန်းစတားများသည် ဒီရေအလား ပြန်လည်ဆုတ်ခွာသွားကြပြီး ဒဏ်ရာဒဏ်ချက်များစွာဖြင့် မြို့ပျက်ကြီးသာ ကျန်ရစ်ခဲ့သည်။ တစ်ချိန်က စည်ကားခဲ့သော ကမ်းခြေအပန်းဖြေမြို့လေးသည် ယခုအခါ လမ်းမများ ပျက်စီးကာ အဆောက်အအုံများပြိုကျနေပြီး ပင်လယ်လေကြောင့် တိုက်စားနေသည့် အပျက်အစီးများသာရှိတော့သည်။
နေရောင်ခြည်သည် လူသူကင်းမဲ့နေသော မာရင်းရိပ်သာလမ်းမပေါ်သို့ ကျရောက်နေသည်။ တစ်ချိန်က လူစည်ကားခဲ့သည့် လမ်းလျှောက်ခြင်းလမ်းတွင် ပျက်စီးနေသော လက်ရန်းများနှင့် မှောက်ခုံဖြစ်နေသော ထီးများသာ ရှိနေသည်။ ပင်လယ်လေသည် ကွဲအက်နေသော မှန်ပြတင်းပေါက်များမှတစ်ဆင့် ဖုန်မှုန့်များကို သယ်ဆောင်လာပြီး ရှိုက်ကြီးတငင် ငိုကြွေးသံကဲ့သို့ မြည်ဟီးနေသည်။ စည်ကားခဲ့သော ပင်လယ်စာစားသောက်ဆိုင်အတွင်း၌ စားပွဲနှင့် ကုလားထိုင်များမှောက်ခုံဖြစ်နေကာ ပန်းကန်ခွက်ယောက်များက ကြမ်းပြင်ပေါ် ပြန့်ကျဲနေသည်။ နံရံပေါ်ရှိ ရေးခြစ်ထားသော စာများနှင့် အရောင်လွင့်နေသော မီနူးများကသာ ကမ္ဘာပျက်ကပ်မတိုင်မီက အခြေအနေကို အမှတ်ရစရာအဖြစ် ကျန်ရှိနေစေသည်။
ပင်လယ်ကျောက်ဆောင်ကျွန်းမြို့ ကြယ်ပတ်လမ်းဘူတာအတွင်း၌ နံနက်ခင်းအလင်းရောင်သည် ကွဲအက်နေသော အမိုးခုံးမှန်များမှတစ်ဆင့် ကျရောက်နေပြီး ဘူတာရုံကြမ်းပြင်ပေါ်ရှိ အရိပ်များကို တစ်ပိုင်းတစ်စစီဖြစ်နေစေသည်၊၊ တစ်ချိန်က အလွန်စည်ကားခဲ့သည့် အမြန်ရထားပလက်ဖောင်းတွင် ယခုအခါ တိတ်ဆိတ်ခြောက်ကပ်ခြင်းသာ ကြီးစိုးနေသည်။ အနန္တရထားကြီးသည် ဟာလာဟင်းလင်းဖြစ်နေသော နေရာလွတ်ကြီးထဲတွင် တစ်စင်းတည်း ရပ်နားထားသည်။ ညဘက်တွင် ရထားတွဲပြင်ပ၌ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းပြီး ရှုပ်ထွေးနေမည်ကို မှန်းဆရန်ပင် ခက်ခဲလှသည်။
စီးး
ရထားတွဲတံခါး ပွင့်လာပြီးနောက် ချီလီသည် သူ၏အဖွဲ့ဝင်များကို ဦးဆောင်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးရန် ထွက်လာသည်။ ညဘက်က သောင်းကျန်းနေသော သတ္တဝါများ ပျောက်ကွယ်သွားသော်လည်း ပလက်ဖောင်းဘေးတွင် ပြန့်ကျဲနေသော ခရီးဆောင်အိတ်တွန်းလှည်းများကို ချန်ထားခဲ့သည်။ အချို့မှာ မှောက်လျက်သားဖြစ်နေပြီး အချို့မှာ ဘီးများ ရထားလမ်းကြားတွင် ညပ်နေကာ သံဘောင်များမှာ အားတစ်ခုခုဖြင့် လိမ်ညှစ်ခံထားရသကဲ့သို့ သံချေးတက်ကာ ကွာကျနေသည်။ ကုန်ပစ္စည်းပို့သည့် လျှောပတ်လမ်းများမှာလည်း ရပ်တန့်နေသည်မှာ ကြာပြီဖြစ်ပြီး ရော်ဘာပတ်လမ်းများ ပြတ်တောက်ကာ ကြွတက်နေသည်။ လမ်းကြားများတွင် ဖုန်မှုန့်များနှင့် မှန်စများပြည့်နှက်နေပြီး အီလက်ထရွန်နစ် ဆိုင်းဘုတ်များမှာ ညစ်ထေးကာ ကွဲအက်နေသည်။ ဆိုင်းဘုတ်အချို့တွင် စေးကပ်သော အရည်များ တွဲလောင်းကျနေခြင်းက ညဘက်တွင် အမည်မဖော်ပြနိုင်သော သတ္တဝါများ ဤနေရာ၌ ရှိနေခဲ့ကြောင်း ပြသနေသည်။
“လော့ယန်… အမြင့်ပိုင်းနေရာကို ယူပြီးတော့ စောင့်ကြည့်ရအောင်”
ချီလီသည် အကြောဆန့်ရင်း ကျန်ရှိနေသေးသော သံမဏိအမိုးခုံးကြီးကို မော့ကြည့်ကာ ပြောလိုက်သည်။
“တခြားအင်အားစုတွေ ငါတို့ကို စောင့်ကြည့်နေနိုင်တယ် သတိထားကြ”
“စိတ်ချပါ”
လော့ယန်သည် လက်ကိုင်ထိန်းချုပ်စက်ကို ယူလိုက်ပြီး လင်းရှန် ထုတ်လုပ်ထားသော အလေးစား မီကာနှစ်ခုကို ရထားတွဲအတွင်းမှ မောင်းထုတ်ကာ ကင်းလှည့်မည့် လမ်းကြောင်းများကို ချက်ချင်း သတ်မှတ်လိုက်သည်။
ရှုချင်းနှင့် လုချန်တို့သည်လည်း လက်နက်အပြည့်အစုံဖြင့် ဘူတာရုံ၏ နောက်ဘက်မှ ထွက်ခွာသွားပြီး ကမ်းခြေဘက်ကို စစ်ဆေးရန် ပြင်ဆင်ကြသည်။
အမှတ် ၅ ရထားတွဲ၏ အလိုအလျောက်တံခါး ပွင့်လာပြီးနောက် လင်းရှန်နှင့် အဖွဲ့ဝင်များထွက်လာသည်။ နေရာချထားမှုများပြီးဆုံးပြီးနောက် သူသည် နန်ကျင်း၏ ကင်းထောက်အဖွဲ့ကို ပင်လယ်ကျောက်ဆောင်ကျွန်းအရှေ့ဘက်ရှိ ရထားလမ်းနှင့် ကမ်းလွန်ဘူတာရုံကို စစ်ဆေးရန် တာဝန်ပေးလိုက်သည်။ ၎င်းသည် ဗိုင်အိုလာ၏ မပြီးပြတ်သေးသော အလုပ်ကို အဆုံးသတ်ရန် ဖြစ်သည်။ လင်းရှန်ကမူ ဗိုင်အိုလာကိုခေါ်ပြီး လင်းယုန်အုပ်စု၏ ကမ်းလွန်အခြေစိုက်စခန်းသို့ ဗန်နက်ဆာနှင့် ဂေဒီတို့၏ လမ်းညွှန်မှုဖြင့် သွားရန် စီစဉ်ထားသည်။ သူ၏ အဓိကရည်ရွယ်ချက်မှာ သလင်းကျောက်မွေးမြူရေးကိရိယာများနှင့် ပင်လယ်ပြင်ထဲမှ အချက်အလက်များကို ရယူရန်ဖြစ်သည်။
ဗန်နက်ဆာ ပြသခဲ့သည့် စွမ်းအားမှာ လင်းရှန် မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ ထိုအမှောင်စွမ်းအင်သည် ဖျက်ဆီးနိုင်စွမ်း ပိုမိုကောင်းမွန်ပြီး စွမ်းအားရှင်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရုံသာမကဘဲ အခြားထူးခြားချက်များရှိနေသည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ထို့ကြောင့် သလင်းကျောက်အပေါ် သူ၏ စိတ်ဝင်စားမှုမှာ ပို၍နက်ရှိုင်းလာခဲ့သည်။
“မိုနီကာ၊ လော့ယန်၊ မီးတောက်… မင်းတို့အဖွဲ့ ငါနဲ့လိုက်ခဲ့။ အစ်မနန်ကျင်းက ရထားလမ်းကို သွားစစ်ပါ။ ချီလီနဲ့ ဆရာမချန်က ရထားကို စောင့်ရင်း အစ်မနန်ကျင်းတို့အဖွဲ့ကို ကူညီပေးပါ။ အနန္တရထားကို ဗဟိုပြုပြီး လမ်းတစ်လျှောက် ဒရုန်းအချက်ပြစနစ်တွေ တပ်ဆင်သွားကြမယ်။ ဒါမှ ဆက်သွယ်ရေးအဆင်ပြေမယ်”
“ကောင်းပါပြီ… ကပ္ပတိန်လင်း”
နန်ကျင်းက ခေါင်းငြိမ့်ပြကာ စွမ်းအားဝတ်စုံ၏ မျက်နှာဖုံးကို ပိတ်လိုက်သည်။ ထို့နောက် ရှောင်ချင်း၊ အားဖေးနှင့် လုရှင်းချန်တို့ကို ခေါ်ကာ အရန်ဒရုန်းအစင်းပေါင်းများစွာနှင့်အတူ ချက်ချင်းပင် စတင်လှုပ်ရှားလိုက်သည်။
ရှားရှားသည် အပြင်ထွက်ရမည်ဟု ကြားသည်နှင့် မျက်နှာဝင်းပသွားသည်၊၊
“ပျော်စရာကြီး… အစ်ကိုလင်း… ညီမ ဟိုမိုးပျံ မက်မွန်သီးကို မောင်းလို့ရမလား”
‘မိုးပျံ မက်မွန်သီး’ ဆိုသည်မှာ ရှားရှားက ပျံသန်းနိုင်သည့် ဗုံးကြဲလေယာဥ်ကို ပေးထားသော အမည်ဖြစ်သည်။ ထိုပျံသန်းရေးယာဉ်တွင် ကျယ်ဝန်းသောနေရာများ ပါဝင်သည်။ ရှားရှားသည် စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားချိန်တွင် ထိုဧရာမယာဉ်ကြီးကို တိုက်ရိုက်ထိန်းချုပ်ကာ ပျံသန်းနိုင်ပြီး ယခင်က မီးနတ်ဘုရားမီကာထက် စွမ်းအားက အဆပေါင်းများစွာ ပိုမိုသာလွန်သည်။
“ဒီရေပြင်က ထူးဆန်းတယ်၊၊ ဘယ်သွားသွား လက်နက်အပြည့်အစုံနဲ့ တိုက်ပွဲအတွက် အမြဲပြင်ထားရမယ်”
လင်းရှန်က ရှားရှားကို ကြည့်ကာ ပြောလိုက်သည်။
“ပြီးတော့ ငါ မပျံနဲ့လို့ ပြောရင် မင်းက မပျံဘဲ နေနိုင်မှာလား”
“ဟီးဟီး”
ရှားရှားက စပ်ဖြဲဖြဲနှင့် ရယ်မောလိုက်ပြီး ပျံသန်းရေးယန္တရားကို စတင်ရန် အမြန်ပြင်ဆင်နေသည်။
“သတိထားတာ အကောင်းဆုံးပါပဲ”
ထိုစဉ် လင်းယုန်အုပ်စုမှ ဂေဒီက လင်းရှန်ကို အလေးအနက် ပြောလိုက်သည်။
“ဒီကျွန်းတွေပေါ်မှာ ဖုတ်ကောင်တွေ သိပ်မရှိပေမယ့် ထူးဆန်းတဲ့ သတ္တဝါတွေတော့ အများကြီးပဲ။ ပြီးတော့ မြို့ထဲက မှောင်မည်းတဲ့ လမ်းကြားတွေအောက်က ဥမင်တွေထဲမှာလည်း သူတို့က အချိန်မရွေးရှိနေနိုင်တယ်။ နောက်ပြီး တခြားအင်အားစုတွေ ဒါမှမဟုတ် မြင့်မြတ်မြို့တော်က သူလျှိုတွေလည်း ရှိနိုင်သေးတယ်။ မလိုအပ်ဘဲ အာရုံစိုက်မခံရတာ အကောင်းဆုံးပဲ”
“ဟုတ်တယ်၊၊ ရှင်တို့ရဲ့ သွေးဆောင်ဖြားယောင်းဆေးရည်ကလည်း နှစ်ဖက်သွားဓားလိုပဲ။ အရှေ့ကလာတဲ့ လှံကို ရှောင်ရလွယ်ပေမယ့် အမှောင်ထဲက မြားကိုတော့ ရှောင်ရခက်တယ် မဟုတ်လား”
ကီကီက ခါးထောက်ရင်း ဝင်ပြောသည်။
ချန်ဆီရွှမ်က ဧည့်သည်နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး လင်းရှန်ကို ပြောလိုက်သည်။
“ဂရုစိုက်သွားပါ၊၊ ဒီဘက်ကို ကျွန်မ ကြည့်ထားလိုက်မယ်”
ဒုန်း ဒုန်း
နဂါးနက်စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသော တာလို့သည် လေးလံသော ခြေလှမ်းများဖြင့် ထွက်လာသည်။ မြေပြင်မှ သံချပ်ကာသံများ ထွက်ပေါ်နေပြီး အရှိန်အဝါမှာ အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။
“အစ်ကိုလင်း… ကျွန်တော် အဆင်သင့်ပဲ”
လင်းရှန် ခေါင်းငြိမ့်ပြလိုက်သည်။ နဂါးနက် စွမ်းအားဝတ်စုံသည် လူတိုင်း၏ ဝတ်စုံများထဲတွင် စွမ်းအားအမြင့်ဆုံး ဖြစ်သည်။ ကြည့်ရသည်မှာ လေးလံပုံရသော်လည်း လှုပ်ရှားမှုတွင် လျင်မြန်မှုရှိသည်။ တာလို့၏ သွေးစွမ်းအားနှင့် ပေါင်းစပ်လိုက်လျှင် ထိုဝတ်စုံ၏ ဖျက်ဆီးအားမှာ အာကာသယာဉ်ငယ်တစ်ခုနှင့်ပင် ယှဉ်နိုင်စွမ်းရှိသည်။ တစ်ဖက်တွင် ရှီဇီနှင့် မိုနီကာတို့သည်လည်း လက်နက်အပြည့်အစုံဖြင့် အသင့်ဖြစ်နေကြပြီ။
မိုနီကာက ဗန်နက်ဆာနှင့် ဂေဒီကို ကြည့်ကာ မေးလိုက်သည်။
“နင်တို့ဆီမှာ ပျံသန်းရေးယာဉ်မပါဘဲ ဒီကျွန်းကို ဘယ်လိုရောက်လာတာလဲ”
“ပါတယ်လေ”
ဗန်နက်ဆာက ခါးတစ်ဖက်ထောက်ကာ ယုံကြည်မှုအပြည့်ဖြင့် သူမ၏ လက်ကောက်ဝတ်ရှိ ကိရိယာတစ်ခုကို နှိပ်လိုက်သည်။ မကြာမီမှာပင် ဘူတာရုံထွက်ပေါက်ဘက်မှ ဆိုင်ကယ်အင်ဂျင်ဟိန်းသံ ထွက်ပေါ်လာသည်။
လူတိုင်း လှည့်ကြည့်လိုက်သောအခါ လူမပါဘဲ မောင်းနှင်လာသည့် Suzuki Fuma 2066 အမျိုးအစား ဆိုင်ကယ်နှစ်စင်း အဝေးမှ အရှိန်ဖြင့် ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။ ဆိုင်ကယ်များမှာ ဟောင်းနွမ်းနေသော်လည်း ၎င်းတို့၏ ထူးခြားသော ပုံစံမှာ ပျက်ပြယ်မသွားပေ။
“Suzuki Fuma လား”
ကီကီသည် စိတ်ဝင်တစားဖြင့် ခေါင်းစောင်းကြည့်ကာ ရေရွတ်လိုက်သည်။
“အရပ်မျက်နှာစုံသွားနိုင်တဲ့ ဘီးတွေ၊ ဗက်တာတွန်းကန်အားပေး နော်ဇယ်တွေ၊ ဂျိုင်ရိုစကုပ် ဖွဲ့စည်းပုံတွေ။ နောက်ပြီး အိပ်ဇောပိုက်က ဘယ်လိုလုပ် လေကြောင်းထိန်းချုပ်တောင်ပံတွေ ဖြစ်သွားတာလဲ။ ဒီဆိုင်ကယ်က တကယ်ပျံနိုင်တာလား”
“ဒါပေါ့”
ဂေဒီက ရှေ့သို့တက်လာပြီး သူ၏ဆိုင်ကယ်ရှေ့တွင် ရပ်လိုက်သည်။ ယန္တရားလက်ဖြင့် အချက်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သံချေးတက်သံကဲ့သို့ အသံများထွက်ပေါ်လာပြီး ဆိုင်ကယ်ဘေးတစ်ဖက်တစ်ချက်စီရှိ သံချပ်ကာပြားများ ပွင့်ထွက်သွားသည်။ အရပ်မျက်နှာစုံသွားနိုင်သည့် ဘီးများသည် ပုံစံပြောင်းလဲသွားကာ အသေးစား ပလာစမာတွန်းကန်အင်ဂျင်လေးခုအဖြစ် ပေါ်ထွက်လာသည်။ အိပ်ဇောပိုက်များမှာလည်း ပျားအုံသဏ္ဌာန် နော်ဇယ်များအဖြစ် ပြန်လည်ဖွဲ့စည်းသွားပြီး ဆိုင်ကယ်နောက်ပိုင်းမှ တန်စတင်စတီးလ် အရှိန်ထိန်းတောင်ပံ ၆ ခု ထွက်ပေါ်လာကာ ဟိုက်ဒရောလစ်စနစ်ဖြင့် လိုအပ်သလို ထောင့်ချိုးများ ညှိယူလိုက်သည်။ မကြာမီမှာပင် နော်ဇယ်များမှ တောက်ပသော အပြာရောင်တာဘိုင်မီးတောက်များ ထွက်ပေါ်လာပြီး ဆိုင်ကယ်မှာ မြေပြင်မှ ကြွတက်ကာ လေထဲတွင် ငြိမ်သက်စွာ ပျံဝဲနေလေသည်။