အခန်း (၉၄၄-၉၄၅)
Vol. 54 Ch. 944-945
Chapter 944
ပင်လယ်ခံတပ် ၂
“သောက်ရမ်းမိုက်တယ်… တကယ့်ကို ပြီးပြည့်စုံတဲ့ ပျံသန်းရေးအသုံးဆောင်ပဲ”
ကီကီ၏ မျက်လုံးများ တောက်ပသွားသည်။
“ဒီလိုပြုပြင်မွမ်းမံမှုတွေကို နင်တို့ရဲ့ ပင်လယ်မှောင်ခိုဈေးကွက်က လုပ်တာလား”
မိုနီကာက မေးလိုက်သည်။
“မှောင်ခိုဈေးကွက်တင်မကပါဘူး၊၊ တခြားအဖွဲ့အစည်းကြီးတွေမှာလည်း ဒီလို မွမ်းမံနိုင်တဲ့ စွမ်းရည်ရှိကြပါတယ်”
ဂေဒီက ပြန်ဖြေသည်။
“ဒါပေမဲ့ နင်တို့လိုချင်တာ မှန်သမျှကိုတော့ မှောင်ခိုဈေးကွက်မှာ ဝယ်လို့ရတာပေါ့”
ထိုစကားကို ကြားသောအခါ လင်းရှန်က ဖြတ်မေးလိုက်သည်။
“အဲဒီမှောင်ခိုဈေးကွက်က ဘယ်မှာလဲ”
“ဝင်ရိုးစွန်း ကြယ်တွင်းနက်ဈေးကွက်လို့ ခေါ်တယ်။ အဲဒါက အကြီးဆုံး ပင်လယ်မှောင်ခိုဈေးကွက်ပဲ၊၊ ရွေ့လျားဈေးကွက်တစ်ခုပေါ့။ ကံကောင်းရင်တော့ သူတို့ရဲ့ ပင်လယ်ပြင် ရေဒီယိုလှိုင်းတွေကို ကြားရပြီး သူတို့ရှိတဲ့နေရာကို အလွယ်တကူ ရှာတွေ့နိုင်ပါလိမ့်မယ်”
ဂေဒီက ရှင်းပြသည်။
လင်းရှန်က ခေါင်းငြိမ့်လိုက်သည်၊၊
“ကောင်းပြီ၊ သွားကြစို့။ အချိန်က ငါတို့ကို စောင့်နေမှာမဟုတ်ဘူး”
ဗန်နက်ဆာက လင်းရှန်ကို စိတ်လှုပ်ရှားစွာ ကြည့်ကာ “ပြဿနာမရှိပါဘူး၊၊ ငါတို့နောက်ကသာ လိုက်ခဲ့ပါ”
ပြောပြီးသည်နှင့် သူမနှင့် ဂေဒီတို့သည် ဆိုင်ကယ်ပေါ်သို့ တက်ကာ လေကာဟဲလ်မက်များကို ဆောင်းပြီး ချက်ချင်းပင် ပျံတက်သွားကြသည်။ လင်းရှန်၏ အဖွဲ့နှစ်ဖွဲ့သည်လည်း နောက်မှ လိုက်ပါလာကြသည်။ စွမ်းအားဝတ်စုံများ၏ တွန်းကန်အားစနစ်များမှ ပြင်းထန်သော အသံများ ထွက်ပေါ်လာပြီး ကမ်းရိုးတန်းတစ်လျှောက် ပျံသန်းနေသော ဆိုင်ကယ်နှစ်စင်းနောက်သို့ လေဟုန်စီးကာ လိုက်ပါသွားကြသည်။
ပင်လယ်ပြင်သည် ကွဲအက်နေသော မှန်ချပ်ကြီးအလား ရောင်ပြန်ဟပ်နေသည်။ လင်းရှန်နှင့် အဖွဲ့သားများသည် စွမ်းအားဝတ်စုံများကို ထိန်းချုပ်ကာ ကျောက်ဆောင်ကျွန်း ကမ်းရိုးတန်းတစ်လျှောက် အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာကြသည်။ တာလို့၏ နဂါးနက်စစ်ဝတ်စုံနှင့် ရှားရှား၏ မိုးပျံမက်မွန်သီးတို့က အကြီးမားဆုံးယန္တရားများဖြစ်ပြီး ဝေဟင်တွင် ကျယ်လောင်သောအင်ဂျင်သံများ ပေးနေသည်။ ကောင်းကင်ယံမှ ငုံ့ကြည့်လျှင် ကျောက်ဆောင်ကျွန်း အနောက်ဘက်ကမ်းရိုးတန်း၏ မြေမျက်နှာသွင်ပြင်ကို အထင်အသား မြင်တွေ့ရသည်။ မြို့ပြဧရိယာကို ကျော်လွန်သွားပြီးနောက် တောအုပ်တစ်ခုသို့ ရောက်ရှိသွားကာ ထိုမှတစ်ဆင့် ပင်လယ်ရေ တိုက်စားမှုကြောင့် ပျားအုံသဏ္ဌာန် အပေါက်ငယ်များစွာဖြစ်ပေါ်နေသော မတ်စောက်သည့် ကျောက်ဆောင်ကမ်းပါးယံများကို တွေ့ရသည်။ ထို့နောက် ပျံသန်းလမ်းကြောင်းသည် ကမ်းရိုးတန်းမှ ခွဲထွက်ကာ အနောက်မြောက်ဘက်ရှိ ပင်လယ်နက်ပိုင်းသို့ ဦးတည်သွားသည်။
“ဝိုး... ငါတို့ ပင်လယ်ပေါ်မှာ ပျံနေတာပဲ၊၊ တကယ့်ကို အံ့သြစရာကြီး”
ရှားရှားသည် မိုးပျံ မက်မွန်သီး ဗုံးကြဲယာဥ်ကြီးကို မောင်းနှင်နေပြီး တောင်ပံအောက်ရှိ ပလာစမာအင်ဂျင်များမှ တိုးညှင်းသော အသံများ ထွက်ပေါ်နေသည်။ ဗန်နက်ဆာက သူမ၏ ဆိုင်ကယ်ပေါ်မှ နောက်သို့လှည့်ကြည့်ကာ ဟဲလ်မက်အောက်မှနေ၍ ပြုံး၍ သတိပေးလိုက်သည်၊၊
“သတိထားဦး… ပင်လယ်ထဲ ပြုတ်မကျစေနဲ့။ မီတာ ၂၀၀ အနက်ရှိတဲ့ အမှောင်ဇုန်ထဲရောက်သွားရင် ရေအောက်သတ္တဝါတွေကို အလွယ်တကူ နှောင့်ယှက်မိသွားနိုင်တယ်”
“သင်္ဘောတွေကို ခိုလှုံနေရာအဖြစ် သုံးနေတာဆိုတော့ မွန်းစတားတွေနဲ့ တွေ့ရင် လွတ်ဖို့ ခက်မှာပဲ”
လင်းရှန်က မေးလိုက်သည်။
“ထူးဆန်းတဲ့ သတ္တဝါတွေက များသောအားဖြင့် ငါတို့ သင်္ဘောတွေကို တိုက်ရိုက်မတိုက်ခိုက်ကြပါဘူး။ သူတို့က သင်္ဘောတွေကို နစ်မြုပ်အောင်လုပ်ပြီး သားကောင်ကို ဖမ်းယူမယ်ဆိုတဲ့ အသိမျိုးမရှိကြဘူး။ ဒါပေမဲ့ ရှင်ပြောတာလည်း မှန်ပါတယ်။ ဧရာမ သတ္တဝါကြီးတွေနဲ့ တွေ့ရင် သင်္ဘောအရှိန်နဲ့ ပြေးဖို့ ခက်တာကြောင့် ကျွန်မတို့ သွေးဖြားယောင်းဆေးရည်ကို သုံးရတယ်။ အမှတ်အသားလုပ်ခံရပြီဆိုတာနဲ့ သတ်မှတ်ထားတဲ့ တိုက်ခိုက်ရေးသမားတွေက သင်္ဘောပေါ်ကနေ ဆင်းပြီး တိုက်ခိုက်ရတယ်။ အဓိကသင်္ဘောကြီးကို ကာကွယ်ဖို့ပေါ့”
ဂေဒီက စကားကို ဆက်လိုက်ပြီး လင်းရှန်ကို ရှင်းပြသည်။
“အတိအကျ ပြောရရင်တော့ ပင်လယ်နက်ပိုင်းက အန္တရာယ်များတယ်ဆိုပေမဲ့ ပင်လယ်ထဲမှာ ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ တွေ့ရဖို့ အခွင့်အလမ်းက ကုန်းပေါ်ထက် အများကြီး နည်းပါတယ်။ ပင်လယ်က ကျယ်ပြောလွန်းတယ်။ အဲဒီမွန်းစတားတွေက ပင်လယ်ကြမ်းပြင်အတိုင်း လိုက်လာပြီး မြို့ပြတွေ ဒါမှမဟုတ် ကျွန်းကမ်းနားတွေကိုပဲ ဦးတည်လေ့ရှိကြတယ်။ ဒါကြောင့် ငါတို့လို ပင်လယ်ပြင်က အသက်ရှင်ကျန်ရစ်သူတွေကို သူတို့ သတိပြုမိဖို့ ခဲယဉ်းပါတယ်”
ထိုစကားကို ကြားသောအခါ လင်းရှန် အနည်းငယ် အံ့သြသွားသည်။
“အန္တရာယ်အရှိဆုံးနေရာက အန္တရာယ်အကင်းဆုံး ဖြစ်နေတာပေါ့”
“ဟုတ်ပါတယ်၊၊ ဒါကြောင့်လည်း ငါတို့ လင်းယုန်အုပ်စုက ကျွန်းတွေ ဒါမှမဟုတ် ကမ်းရိုးတန်းတွေနားကို ဘယ်တော့မှ မကပ်ဘူး။ အပြင်ထွက် စူးစမ်းရေးအဖွဲ့ဝင်တွေပဲ အန္တရာယ်နဲ့ မကြာခဏ တွေ့ရတယ်။ ပင်လယ်ပေါ်မှာ ရှိနေသရွေ့တော့ သွေးဆောင်ဖြားယောင်းဆေးရည်ကို ထိရောက်မှုရှိအောင် သုံးပြီး တိတ်တိတ်ဆိတ်ဆိတ်နေနိုင်ရင် အန္တရာယ်တွေကို ကျော်လွှားနိုင်ပါတယ်”
“ဒါက အတော်လေး စမတ်ကျတဲ့ နည်းလမ်းပဲ”
ကီကီက မှတ်ချက်ပေးသည်။
“အဲဒီမွန်းစတားတွေက ကုန်းပေါ်တက်ပြီး မြို့ပြတွေဆီ ဦးတည်ကြတာကိုး။ ပင်လယ်ထဲမှာဆိုရင် သူတို့နဲ့ တိုက်ရိုက်တွေ့ဖို့ မရှိသလောက်ပဲ။ ဒါကို ကျွန်မ တစ်ခါမှ မစဉ်းစားမိခဲ့ဘူး”
“ဒါပေမဲ့ ညီမတော့ ပင်လယ်ပေါ်မှာ နေရတာ ကြောက်တုန်းပဲ”
ရှားရှားက ဝင်ပြောလိုက်သည်။ ကောင်းကင်မှ ငုံ့ကြည့်လိုက်လျှင် ကမ်းခြေတစ်လျှောက်ရှိ အပြာနုရောင်ရေပြင်သည် ပင်လယ်နက်ပိုင်းသို့ ရောက်သည်နှင့် နက်မှောင်သော အမှောင်ထုအဖြစ် ပြောင်းလဲသွားကာ ကြောက်မက်ဖွယ်ကောင်းလှသည်။
အကယ်၍ မွန်းစတားများက ကုန်းပေါ်က ဖုတ်ကောင်များသာဖြစ်ပါက လေယာဉ်တင်သင်္ဘောပေါ်တွင်နေခြင်းက အလွန်လုံခြုံပေလိမ့်မည်။ သို့သော် နက်ရှိုင်းသော ရေအောက်တွင် မည်သို့သော ထူးဆန်းသော သတ္တဝါများ ပုန်းအောင်းနေမည်ကို မည်သူမျှ မသိနိုင်ပေ။ ညဘက်တွင် အဆုံးမဲ့သော ပင်လယ်နက်ကြီးက ဝိုင်းရံထားမည်ဟု တွေးလိုက်ရုံနှင့် ရှားရှားသည် အသက်ရှုကျပ်မတတ် ခံစားလိုက်ရသည်။ ၎င်းနှင့် ယှဉ်လျှင် သူမကတော့ ရထားလမ်းပေါ်တွင် ရထားခုတ်မောင်းသံကို နားထောင်ရင်း အိပ်စက်ရသည်ကို ပို၍ နှစ်သက်ပေသည်။
မိနစ်အနည်းငယ် ပျံသန်းပြီးနောက် လင်းရှန်နှင့် အဖွဲ့သည် ဗန်နက်ဆာတို့နောက်သို့ လိုက်ပါရင်း သူတို့၏ ပန်းတိုင်သို့ ရောက်ရှိလာကြသည်။
ကြည်လင်သော ကောင်းကင်အောက်ရှိ ငြိမ်သက်နေသော ပင်လယ်ပြင်အလယ်တွင် ကမ္ဘာပျက်ကပ်လွန် ဧရာမ လေယာဉ်တင်သင်္ဘောကြီးတစ်စင်း ငြိမ်သက်စွာ တည်ရှိနေသည်။
“ဒါကတော့ အရင်က Neptune နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီးပေါ့။ အနားယူထားတာ ၁၅ နှစ်ရှိပြီဖြစ်ပေမဲ့ အခုတော့ ငါတို့ရဲ့ ပင်လယ်ခံတပ်နဲ့ အိမ်ကြီးဖြစ်နေပါပြီ။ ဒီမှာ ခိုလှုံသူ ၇၃၆ ယောက် ရှိပါတယ်”
ဗန်နက်ဆာက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
လင်းရှန်က လှည့်ပတ်ကြည့်လိုက်ရာ ၎င်းမှာ ဖက်ဒရေးရှင်းပိုင် နဂါးတောင်တန်းအဆင့် နျူကလီးယားသုံး လေယာဉ်တင်သင်္ဘောကြီးဖြစ်ပြီး ကျယ်ဝန်းသော လေယာဉ်ပြေးလမ်းများ ပါဝင်သည်ကို တွေ့လိုက်ရသည်။ တစ်ချိန်က ပင်လယ်ပြင်၏ ဧရာမဘီလူးကြီးဖြစ်ခဲ့သော်လည်း အာကာသအင်ဂျင်နည်းပညာများ ထွန်းကားလာပြီးနောက်ပိုင်း တဖြည်းဖြည်းမှေးမှိန်သွားခဲ့ရသည်။ ယခုအခါ ကမ္ဘာပျက်ကပ်လွန်ကာလတွင်မူ ၎င်းသည် ပင်လယ်ပြင်၏ ရှင်သန်ရေးခံတပ်ကြီးအဖြစ် လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
လေယာဉ်ပြေးလမ်း၏ အစွန်းတစ်လျှောက်တွင် လှိုင်းလုံးများနှင့် ဖြစ်လာနိုင်ခြေရှိသော မွန်းစတားများ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် နှစ်မီတာခန့်မြင့်သော သံမဏိနံရံကြီးဖြစ်အောင် အထူစားသံချပ်ကာပြားများကို ဂဟေဆော်ထားသည်။ ထိုနံရံတွင် ပစ်ကျင်းများနှင့် စက်သေနတ်မျှော်စင်များကို အကွာအဝေးတစ်ခုစီခြား၍ တပ်ဆင်ထားပြီး ကာကွယ်ရေးအတွက် စွမ်းအားမြင့် လျှပ်စစ်ဖြတ်တောက်ရေး ကြိုးများကိုလည်း သုံးထားသည်။ ကင်းမျှော်စင်များပေါ်တွင် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော ကင်းလှည့်အဖွဲ့ဝင်များက ပင်လယ်ပြင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။
သင်္ဘော၏ မူလကျွန်းသဏ္ဌာန် အဆောက်အအုံကို တစ်စိတ်တစ်ပိုင်းဖြိုချကာ အပေါ်ဘက်တွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများနှင့် လေအားလျှပ်စစ်တာဘိုင်များကို တပ်ဆင်ထားသည်။ ၎င်းမှာ နျူကလီးယားစွမ်းအင်အပြင် အရန်စွမ်းအင်တစ်ခုအဖြစ် သုံးစွဲနေပုံရသည်။ ဤဧရာမသင်္ဘောကြီးတွင် နျူကလီးယားဓာတ်ပေါင်းဖိုပါရှိသော်လည်း နျူကလီးယားစွမ်းအင်ကို အသုံးပြုခြင်းမှာ အလွန်သိသာလွန်းလှသည့် လုပ်ရပ်ဖြစ်သည်ကို လင်းရှန် ချက်ချင်း သဘောပေါက်သွားသည်။ ထိုလေယာဉ်တင်သင်္ဘောကြီး၏ ဘေးတွင် ထောက်ပံ့ရေးသင်္ဘောတစ်စင်းနှင့် လှေငယ်အချို့လည်း ရှိနေသည်။
အံ့သြစရာအကောင်းဆုံး မြင်ကွင်းမှာ လေယာဉ်များ ရပ်နားရန် ရည်ရွယ်ထားသော ပြေးလမ်းထက်တွင် အထူးဒီဇိုင်းထုတ်ထားသည့် သတ္တုစိုက်ပျိုးကန်များဖြင့် မြေဆီလွှာများ ထည့်သွင်းကာ ဟင်းသီးဟင်းရွက်၊ ဂျုံနှင့် သစ်သီးပင်အပုလေးများကို စနစ်တကျစိုက်ပျိုးထားခြင်းပင် ဖြစ်သည်။ လင်းရှန်တို့အဖွဲ့ အနီးသို့ မရောက်မီကပင် ရိုးရှင်းသော အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ထားသော ခိုလှုံသူများစွာ စိုက်ပျိုးရေးဇုန်တွင် ရေလောင်းခြင်း၊ ရိတ်သိမ်းခြင်းများ ပြုလုပ်နေသည်ကို လှမ်းမြင်နေရရာ ကမ္ဘာပျက်ကပ်လွန်ကာလ၏ လယ်တောမြင်ကွင်းတစ်ခုအလား ထင်မှတ်ရသည်။
“သူတို့က ပင်လယ်ပေါ်မှာ ဟင်းသီးဟင်းရွက်တွေ စိုက်နေတာလား”
တာလို့၏ အသံမှာ အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။
“စားစရာအတွက် လုယက်တိုက်ခိုက်နေရုံနဲ့ မပြီးဘူးလေ၊၊ မဟုတ်ရင် တစ်နေ့မှာ ငတ်သေသွားမှာပေါ့”
ဗန်နက်ဆာက ရှင်းပြသည်။
“ငါတို့မှာ ကိုယ်ပိုင်ရေသန့်စင်စနစ်နဲ့ နေရောင်ခြည်သုံး ဖန်လုံအိမ်တွေရှိလို့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်နေတာပါ”
Chapter 945
ပင်လယ်ခံတပ် ၃
ဤမြင်ကွင်းကို မြင်သောအခါ လင်းရှန်က ချက်ချင်း မေးလိုက်သည်။
“မင်းတို့က ရေစီးကြောင်းအတိုင်း လိုက်ပြီးမောင်းနှင်နေတာလား။ နျူကလီးယားဓာတ်ပေါင်းဖိုကိုတော့ အသုံးမပြုဘူး ထင်တယ်”
“မှန်တယ်”
ဗန်နက်ဆာက ဆက်ပြောသည်။
“ငါတို့က ဆွဲသင်္ဘောတွေနဲ့ ပင်လယ်ရေစီးကြောင်းကို သုံးပြီးတော့ပဲ ဖြည်းဖြည်းချင်း သွားကြတာ… အလျင်လိုစရာမရှိဘူးလေ… ဒီနည်းလမ်းက အန္တရာယ်အကင်းဆုံးပဲ။ ပင်လယ်ပေါ်မှာ မျောနေတဲ့ ကျွန်းတစ်ကျွန်းလိုပေါ့။ နောက်ပြီး ရေအောက်ဆိုနာစနစ်တွေနဲ့ ကင်းထောက်ဒရုန်းတွေလည်း ရှိတယ်၊၊ ဒါကြောင့် ကုန်းပေါ်ထက် အများကြီး အန္တရာယ်ပိုကင်းပါတယ်”
“ဒီလေယာဉ်တင်သင်္ဘောကို ဘယ်လိုရှာတွေ့ခဲ့တာလဲ” လင်းရှန်က စူးစမ်းလိုက်သည်။
“ရှာတွေ့တာ မဟုတ်ဘူး၊၊ တိုက်ခိုက်သိမ်းပိုက်ခဲ့တာ”
ဂေဒီ၏ အသံထွက်လာသည်။
“အရင်က ဒီသင်္ဘောက အရင်းအမြစ်တွေကို လိုက်ပြီးလုယက်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခုပိုင်ခဲ့တယ်။ အဲဒီပင်လယ်အုပ်စုရဲ့ ခေါင်းဆောင်က သူ့ကိုယ်သူ ပင်လယ်ဧကရာဇ်လို့ ဘွဲ့ယူထားတဲ့ တကယ့်အမှိုက်ကောင်ပဲ၊၊ နောက်တော့ ငါတို့က အဲဒီအဖွဲ့ကို အပြတ်ရှင်းလိုက်ပြီး သင်္ဘောက ငါတို့အပိုင်ဖြစ်လာတယ်။ ပြန်မွမ်းမံဖို့ အချိန်အတော်ပေးခဲ့ရတယ်၊၊ အခုတော့ ဒါက လင်းယုန်အုပ်စုရဲ့ အဓိကခိုလှုံနေရာဖြစ်နေပါပြီ”
ဗန်နက်ဆာသည် ရေဒီယိုဖြင့် Neptune သင်္ဘောကို ဆက်သွယ်လိုက်ရာ လူများစွာ ရှေ့ဘက်ပြေးလမ်းပေါ်သို့ ထွက်လာကြသည်ကို လင်းရှန် သတိပြုမိလိုက်သည်။ နေရာလွတ်တစ်ခုကို ဖွင့်ပေးလိုက်ပြီးနောက် လင်းရှန်တို့အဖွဲ့သည် လေယာဉ်တင်သင်္ဘောပေါ်သို့ ဝေဟင်မှ ဆင်းသက်လိုက်ကြသည်။
အဆင့်မြင့်စွမ်းအားဝတ်စုံများဖြင့် ဆင်းသက်လာသည့် အဖွဲ့ကို မြင်သောအခါ Neptune ပေါ်ရှိ ခိုလှုံသူများစွာ စုရုံးလာကြသည်။ လက်နက်ကိုင်အဖွဲ့ဝင်များနှင့် မီကာများက ဘေးတစ်ဖက်တစ်ချက်စီတွင် တန်းစီနေကြသည်။ ဗန်နက်ဆာ၏ မိုးပျံဆိုင်ကယ်သည် သင်္ဘောပြေးလမ်းပေါ်သို့ ငြိမ်သက်စွာ ဆင်းသက်လိုက်ပြီးနောက် လင်းရှန်တို့အဖွဲ့ကလည်း နောက်မှ ထပ်ချပ်မကွာ ဆင်းသက်လိုက်သည်။ ဝတ်စုံများ၏ တွန်းကန်အင်ဂျင်များမှ အပြာနုရောင် မီးတောက်များ ထွက်ပေါ်နေပြီး နေရောင်အောက်တွင် တောက်ပသော အစင်းကြောင်းများ ဖြစ်ပေါ်စေသည်။
ပြေးလမ်းပေါ်တွင် လင်းယုန်အဖွဲ့ဝင်များ ပြည့်နှက်နေပြီး အချို့မှာ သေနတ်များဖြင့် အသင့်ပြင်ထားကာ အချို့မှာမူ ကောင်းကင်မှ ဆင်းသက်လာသည့် အဆင့်မြင့် Ironman စွမ်းအားဝတ်စုံဖြင့် လူစုကို စူးစမ်းစွာ ကြည့်နေကြသည်။ လင်းယုန်အဖွဲ့ကို ဦးဆောင်လာသူမှာ ရွှေအိုရောင်ဆံပင်နှင့် အပြာရောင်မျက်ဝန်းရှိသည့် လူငယ်တစ်ဦး ဖြစ်သည်။ သူသည် စစ်သုံးဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် လေယာဉ်မောင်းမျက်မှန်ကို တင်ထားကာ နှုတ်ခမ်းတွင် မဲ့ပြုံးတစ်ခုရှိနေသည်။ ကြည့်ရသည်မှာ ကမ္ဘာပျက်ကပ်လွန်ကာလမှ တွမ်ခရုစ်နှင့် တူလှသည်။ သူ၏နောက်တွင် ခန့်ညားသော လူအချို့ လိုက်ပါလာကြသည်။
ထိုလူများမှာ အသားအရောင်မျိုးစုံပါဝင်ပြီး အချို့မှာ ဂေဒီကဲ့သို့ပင် ယန္တရားအစိတ်အပိုင်းများ တပ်ဆင်ထားသည့် စစ်သည်များ ဖြစ်သည်။ ဤဧည့်သည်များမှာ ထူးခြားသောအဆင့်အတန်းရှိသူများဖြစ်ကြောင်း သိကြသည့်အလား လင်းရှန်တို့အဖွဲ့ကို ဝိုင်းရံကာ စူးစမ်းသည့် အကြည့်များဖြင့် ကြည့်နေကြသည်။
“ရိုင်ယန်”
ဂေဒီက စွမ်းအားဝတ်စုံမျက်နှာဖုံးကို ချွတ်လိုက်သော လင်းရှန်ကို ရှေ့ဆုံးမှ လူငယ်နှင့် မိတ်ဆက်ပေးသည်။
“ငါတို့ရဲ့ ခေါင်းဆောင်ပေါ့”
ရိုင်ယန်သည် လင်းရှန်ကို အံ့သြတကြီး ကြည့်နေပြီး ခဏမျှ တောင့်တင်းသွားသည်။ ထို့နောက် ရုတ်တရက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“မင်းက လင်းရှန်လား”
လင်းရှန် မျက်ခုံးပင့်မိသွားသည်၊၊
“ငါ့ကို သိလို့လား”
“သိတာပေါ့၊၊ သိတာမှ ကောင်းကောင်းကြီးကို သိတာ” ရိုင်ယန်က အားရပါးရရယ်မောလိုက်သည်။
“ဖီးနစ်အဖွဲ့အစည်းရဲ့ ဓားကိုင်ဆောင်သူ၊ အနန္တရထားရဲ့ ကပ္ပတိန်၊ တွင်းနက် အမှတ် ၅ ကနေ လူတစ်သိန်းကို ကယ်ထုတ်ခဲ့တဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်ပဲ။ ငါတို့ လင်းယုန်အုပ်စုက ပင်လယ်ပြင်မှာပဲ ရှိနေပေမယ့် တခြားအသက်ကျန်ရစ်သူအဖွဲ့တွေရဲ့ ရေဒီယိုလှိုင်းကနေ မင်းအကြောင်းကို ခဏခဏပြောနေတာ ကြားဖူးပါတယ်”
သူ့နောက်တွင်ရှိသော ဆံပင်မြှင့်စည်းထားသည့် အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦးက လက်ပိုက်လျက် အေးစက်စက် ပြောလိုက်သည်။
“ဓားကိုင်ဆောင်သူလား… ကြည့်ရတာတော့ ထူးထူးခြားခြားမရှိပါဘူး”
ရိုင်ယန်က သူမကို လှည့်ကြည့်သည်၊၊
“အဲရစ်ကာ၊၊ မရိုင်းနဲ့လေ”
အဲရစ်ကာက ပုခုံးတွန့်ပြလိုက်သည်၊၊
“ငါက အမှန်အတိုင်း ပြောတာပါ”
ထို့နောက် သူမက လင်းရှန်ကို ကြည့်ကာ ပြောလိုက်သည်၊၊
“အာရုဏ်ဦးမြို့တော်က တကယ်ပဲ တွင်းနက် သုံးခုရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခဲ့တာလား။ နောက်ပြီး နင်က ဖုတ်ကောင်သိုးထိန်းတစ်ကောင်ကိုတောင် ရှင်းပစ်နိုင်ခဲ့တယ်လို့ ကြားတယ်”
“အဲဒါက ယုံရခက်စရာဘာရှိလို့လဲ”
ကီကီက ပြန်လည်မေးခွန်းထုတ်လိုက်သည်။
“ယုံရခက်တာပေါ့”
ဗိုက်ကင်းစစ်သည်တစ်ဦးနှင့်တူသော တက်တူးများဖြင့် လူသန်ကြီးတစ်ဦးက ရိုင်ယန်၏ နောက်တွင် လက်ပိုက်ရပ်ကာ သံမဏိသွားများကို ပေါ်အောင် ဖြဲပြလိုက်သည်။
“အချို့အဖွဲ့အစည်းတွေက လူသားတွေ ဖုတ်ကောင်သိုးထိန်းကို သတ်ပစ်နိုင်တယ်ဆိုတာကို မယုံကြဘူး။ ဒါက ဖီးနစ်က သူတို့ကို လူတွေ ပိုယုံကြည်လာအောင် လိမ်ညာထားတဲ့ စစ်သတင်းတွေလို့ပဲ ထင်နေကြတယ်”
“အက်ဇ်လန်၊၊ ငါတို့ရဲ့ လက်နက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူပေါ့”
ရိုင်ယန်က မိတ်ဆက်ပေးပြီး သက်ပြင်းချလိုက်သည်။
“အဆိုးမြင်သမားတွေ ရှိနေတုန်းပဲလေ။ အချို့ကလည်း လူသားတွေသာ ဖုတ်ကောင်သိုးထိန်းကို သတ်နိုင်ရင် တွင်းနက်ထဲမှာ လူသားတွေ မကိုင်တွယ်နိုင်တာ ဘာမှမရှိတော့ဘူးလို့ ထင်နေကြတယ်။ ဟဲဟဲ... အဲဒီအုပ်စုတွေအကြောင်း ထည့်မစဉ်းစားပါနဲ့”
“အော်... အဆိုးမြင်သမားတွေရဲ့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်မှုပေါ့၊၊ ပုံမှန်ပါပဲ”
မိုနီကာက လင်းရှန်ဘေးမှနေ၍ အေးဆေးစွာ ပြောလိုက်သည်။
“တွင်းနက် အမှတ် ၁၃ က နယ်မြေအကျယ်ဆုံးပေမယ့် ချဲ့ထွင်မှုအနှေးဆုံးပဲ။ နင်တို့ပြောပုံအရဆိုရင် ပင်လယ်ပြင် ခိုလှုံသူတွေအတွက် ဖိအားသိပ်မရှိလောက်ဘူး ထင်တယ်”
“မိန်းကလေး… အဲဒါတော့ လုံးဝမှားသွားပြီ”
ရိုင်ယန်က အသက်ပြင်းပြင်းရှုကာ သင်္ဘောနောက်ပိုင်းရှိ စိုက်ပျိုးရေးဇုန်နှင့် ကာကွယ်ရေးစခန်းများကို လက်ညှိုးထိုးပြရင်း ပြောသည်။
“ဒီလောက် လူအများကြီးကို အသက်ရှင်အောင် ထားရတာ မလွယ်ဘူး။ ကမ်းမကပ်နိုင်တော့ စူးစမ်းရေးအဖွဲ့တွေကပဲ အရင်းအမြစ်တွေကို သွားရှာရတယ်။ ပင်လယ်ကျောက်ဆောင်မြို့ကလည်း ရှာဖွေပြီးသား မြို့ပျက်ကြီးဖြစ်နေပြီဆိုတော့ ဖိအားမရှိဘဲ နေမလား”
ရှားရှားသည် မိုးပျံမက်မွန်သီး ယန္တရား၏ ပလက်ဖောင်းပေါ်မှ ခုန်ဆင်းကာ စွမ်းအားဝတ်စုံ မျက်နှာဖုံးကို ဖွင့်လိုက်ပြီး ပြုံးပြလိုက်သည်။
“ဝိုး... ဒီလောက်ကြီးတဲ့ လေယာဉ်တင်သင်္ဘောပေါ်မှာ ဟင်းသီးဟင်းရွက်တွေ တကယ်စိုက်နေတာပဲ”
“ရွေးချယ်စရာ မရှိလို့ပါ”
ရိုင်ယန်က ပုခုံးတွန့်ပြရင်း လင်းရှန်တို့အဖွဲ့ကို လက်ဝါးဖြန့်ပြသည်၊၊
“ငါတို့က ငါးတောင် ဖမ်းစားလို့ မရဘူး”
“ဘာတွေ ဖမ်းမိလာမလဲ ဘယ်သူသိမှာလဲ”
အက်ဇ်လန်က ရယ်မောလိုက်သည်။
“အနက်ရောင်ရေပြင်ဖြစ်ပြီးကတည်းက စားလို့ရတဲ့ သတ္တဝါဆိုတာ မရှိတော့ဘူး။ ရေသန့်နဲ့ မွေးမှပဲ ရမယ်။ ငါတို့သင်္ဘောမှာ မွေးမြူရေးဇုန်ရှိပေမယ့် လူဦးရေနဲ့ဆိုရင် မလုံလောက်ဘူးလေ”
“ဗန်နက်ဆာ” အဲရစ်ကာက ဗန်နက်ဆာကို ကြည့်လိုက်သည်။
“နင်က ဘာလို့ ဖီးနစ်အဖွဲ့ရဲ့ ဓားကိုင်ဆောင်သူကို ခေါ်လာတာလဲ၊၊ ဘာရည်ရွယ်ချက်ရှိလို့လဲ”
“သူတို့က သလင်းကျောက်ကို လေ့လာချင်လို့ပါ”
ဂေဒီက ရိုင်ယန်ကို ဦးအောင် ပြောလိုက်သည်။
“မနေ့ညက ငါတို့ ပြဿနာတက်ခဲ့သေးတယ်။ ဗေလန်ရဲ့ လူတွေနဲ့ တွေ့ခဲ့တယ်၊၊ ကပ္ပတိန်လင်းက ငါတို့ကို ကယ်ခဲ့တာပါ”
ရိုင်ယန်က ခေါင်းငြိမ့်လိုက်ပြီး လင်းရှန်ကို သေချာကြည့်ကာ ပြောသည်။
“ကောင်းပြီ၊၊ ဒီလိုဆိုတော့ သလင်းကျောက်နယ်ပယ်မှာ ဖီးနစ်အဖွဲ့က ငါတို့ထက် ပိုသိမှာပါ”
“အရင်က ဒီအကြောင်းကို ငါ သိပ်ဂရုမစိုက်မိခဲ့ဘူး၊၊ ဖီးနစ်အဖွဲ့ကလည်း ဒါကို လူသိရှင်ကြားထုတ်မပြောခဲ့ဘူး။ ဒါကြောင့် ပိုသိချင်လို့ လာခဲ့တာပါ”
လင်းရှန်က ပြောသည်။
“နားလည်ပြီ”
ရိုင်ယန်က ဗန်နက်ဆာကို ကြည့်ကာ ပြုံးလိုက်သည်။
“ဗန်နက်ဆာ”
“အင်း.. ကပ္ပတိန်လင်းကို အမဲလိုက်တဲ့အကြောင်း ပြောပြထားပါတယ်”
ဗန်နက်ဆာက ပြောသည်။
“ငါ ထင်သားပဲ”
“နင်တို့က တကယ်ပဲ အထူးအဆင့်သတ္တဝါအုပ်ကို အမဲလိုက်ဖို့ စီစဉ်နေတာလား”
မိုနီကာက ဖြတ်မေးလိုက်သည်။
ရိုင်ယန်၏ မျက်နှာအမူယာ အနည်းငယ်ပြောင်းလဲသွားသည်၊၊
“ဒီကိစ္စက အတော်လေးရှုပ်ထွေးတယ် ကပ္ပတိန်လင်း။ ငါ မမှားဘူးဆိုရင် မင်းတို့ရဲ့ အနန္တရထားက ပင်လယ်ပြင် ရထားလမ်းအတိုင်း သွားမှာ မဟုတ်လား”
“ဟုတ်တယ်၊၊ ဒါပေမဲ့ အတိအကျပြောရရင် ငါက သလင်းကျောက်မွေးမြူရေးကိရိယာတွေအကြောင်း သိချင်တာနဲ့ သွေးပဲစေ့ဖလှယ်ချင်တာပဲ ရှိတယ်။ အမဲလိုက်ဖို့ကတော့ စိတ်မဝင်စားဘူး၊၊ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်တောထဲ မတွန်းပို့ချင်ဘူး”
ရိုင်ယန်က ခေါင်းငြိမ့်ကာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လင်းရှန်ကို ကြည့်ကာ ပြုံးလိုက်သည်။
“စိတ်မကောင်းပါဘူး ကပ္ပတိန်လင်း။ မင်း အမဲလိုက်ချင်သည်ဖြစ်စေ… မလိုက်ချင်သည်ဖြစ်စေ ဒီပြဿနာကို ရှောင်လွှဲလို့ မရနိုင်တော့ဘူး”
လင်းရှန်က မျက်ခုံးပင့်လိုက်သည်၊၊
“ဘာကို ဆိုလိုတာလဲ”
“အဲဒီတွင်းနက်ကလာတဲ့ ပင်လယ်ကျွန်းမျောက အခု ပင်လယ်ကျောက်ဆောင်ကျွန်းရဲ့ အရှေ့ဘက် ရေမိုင် ၁၉၆ အကွာမှာ ရောက်နေပြီ။ မုန်တိုင်းဗဟိုချက်က ဝိုင်းထားသလို သမုဒ္ဒရာရထားလမ်းရဲ့ အခြေစိုက်စခန်း ၃၂၁၅ လည်း အဲဒီမှာပျက်စီးသွားပြီ”
ရိုင်ယန်၏ နောက်မှ အဲရစ်ကာက အေးစက်သော မျက်ဝန်းများဖြင့် လင်းရှန်ကို ကြည့်ကာ ပြောသည်။
“နောက်ပြီး ပင်လယ်ကျောက်ဆောင်ကျွန်းရဲ့ အရှေ့ဘက် ရေအောက်မှာ တွင်းနက်အက်ကြောင်းဖြစ်စဉ်တစ်ခုကိုလည်း တွေ့ထားတယ်။ ဒါက လုံးဝ မူမမှန်တဲ့ အခြေအနေပဲ”
“ဒါကြောင့် မင်း ပင်လယ်ကျောက်ဆောင်ကျွန်းကနေ ထွက်သွားမယ်ဆိုရင်... ရေလမ်းကပဲဖြစ်ဖြစ်၊ ဝေဟင်ကပဲဖြစ်ဖြစ် အရှေ့ဘက်ကို ဦးတည်တာနဲ့ အဝေးကြီးပတ်မသွားဘူးဆိုရင် အဲဒီပင်လယ်ကျွန်းမျောနဲ့ တိုက်ရိုက်တွေ့မှာပဲ”
အက်ဇ်လန်ကလည်း ဝင်ပြောသည်။
“ပင်လယ်ကျွန်းမျော”
ကီကီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“အဲဒါက ဘာလဲ”
ရိုင်ယန်က အသက်ပြင်းပြင်းရှုကာ လင်းရှန်တို့အဖွဲ့ကို ကြည့်ပြီး သူတို့တစ်ဖွဲ့လုံးကို မျက်နှာပျက်သွားစေမည့် စကားတစ်ခွန်းကို ပြောလိုက်သည်။
“ငါတို့ ယုံကြည်တာကတော့ အဲဒါဟာ ပင်လယ်ပေါ်မှာ မျောနေတဲ့...”
“ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ အသိုက်ပဲ”