အခန်း (၉၄၆-၉၄၇)
Vol. 54 Ch. 946-947
Chapter 946
ပင်လယ်အောက် မီးတောင် ၁
“မင်းပြောချင်တာက အဲ့ဒီထူးဆန်းတဲ့ သတ္တဝါအသိုက်က ကျွန်းကြီးတစ်ကျွန်းလို မျောနေတာလား”
အနန္တရထားအဖွဲ့သားများလည်း ထိုစကားကို ကြားလိုက်ရချိန်တွင် မျက်နှာပျက်သွားကြသည်။ ရိုင်ယန်ပြောပြရုံနှင့်ပင် ဖိအားတစ်ခုကို ခံစားလိုက်ရပြီး အဲရစ်ကာ၏ ဖော်ပြချက်အရဆိုလျှင် ထိုအရာက နေ့ဘက်တွင် ပေါ်လာတတ်ပုံရသည်။
“ဟုတ်တယ်”
“ဘယ်တုန်းက စပေါ်လာတာလဲ မင်းသိလား”
ရိုင်ယန်က တည်ငြိမ်လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“အတိအကျပြောရရင် လွန်ခဲ့တဲ့ ၁၀ ရက်က အာရုဏ်ဦးမြို့ခံစစ်တိုက်ပွဲအပြီးမှာ အဲ့ဒီအရာက ပင်လယ်ပြင်မှာ ရုတ်တရက် ပေါ်လာတာပဲ။ အဲ့ဒါနဲ့အတူ အချင်း ကီလိုမီတာ ၁၀၀ ကျော်ရှိတဲ့ မုန်တိုင်းဇုန်ကြီးလည်း ပါလာတယ်”
လင်းရှန်က နားထောင်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။
“ဒီအရာက အာရုဏ်ဦးမြို့တော်တိုက်ပွဲနဲ့ ပတ်သက်နေတယ်လို့ မင်းက ဆိုလိုတာလား”
ရိုင်ယန်က ခါးသီးစွာ ပြုံးလျက် ခေါင်းခါပြသည်။
“ဘယ်သိနိုင်လဲ။ ဒါပေမဲ့ အဲ့ဒီနောက်ပိုင်း ထူးဆန်းတဲ့ကိစ္စတွေ အများကြီးဖြစ်လာတာတော့ အမှန်ပဲ”
သူက လင်းရှန်နှင့် အခြားသူများကို ကြည့်ကာ ပြောလိုက်သည်။
“ကျောက်ဆောင်ကျွန်းရဲ့ ရေမိုင်ရာဂဏန်းအတွင်းမှာ ရှိတဲ့ ပင်လယ်ယာဉ်တန်းတွေအားလုံး အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုခံနေရတယ်။ အဖွဲ့ငယ်လေးအချို့ဆို ပျောက်ကွယ်သွားပြီ။ အခု အဲ့ဒီဘက်က အခြေအနေက သိပ်မငြိမ်ဘူး။ မင်းတို့အနေနဲ့ ပြင်ဆင်မှုတွေ အလုံအလောက်လုပ်ထားဖို့ ငါအကြံပေးချင်တယ်။ မဟုတ်ရင် ကျောက်ဆောင်ကျွန်းကနေ ထွက်သွားတာနဲ့ လေယာဉ်နဲ့သွားတာမဟုတ်ရင် ကုန်းမြေကို ရက်တော်တော်ကြာမြင်ရမှာမဟုတ်ဘူး။ ပင်လယ်ပြင်က အခြေစိုက်စခန်းအတော်များများလည်း အဆက်အသွယ်ပြတ်နေတော့ တကယ့်အခြေအနေကို ဘယ်သူမှ မသိကြဘူး”
“ဒီလောက် အန္တရာယ်များနေတာကို ရှင်တို့က အမဲလိုက်ချင်သေးတာလား”
ကီကီက နားမလည်နိုင်သလို မေးလိုက်သည်။
“ဒါ သေတွင်းထဲ ဆင်းတာမဟုတ်ဘူးလား”
ရိုင်ယန်က လက်ကို ဖြန့်ပြလိုက်သည်။
“ငါတို့အပါအဝင် အခု ပင်လယ်ယာဉ်တန်း ၄ ဖွဲ့ ရှိတယ်။ လူပေါင်း နှစ်ထောင်ကျော်ပေါ့”
လင်းရှန်လည်း ထိုကိစ္စနောက်ကွယ်တွင် အကြောင်းအရာများ ရှိနေဦးမည်ဟု ရိပ်မိလိုက်ပြီး ပြုံးလိုက်သည်၊၊
“လူနှစ်ထောင်ကျော်တောင်လား။ အဲ့ဒီကျွန်းမျောက ဘာလဲဆိုတာ မင်းတို့ အတည်ပြုပြီးပြီလား။ ဘာလို့ ဒီလောက်ယုံကြည်မှုရှိနေရတာလဲ”
“ရှင်တို့က အဆင့် ၄ သွေးပဲစေ့ရဖို့သက်သက်အတွက်ပဲ အမဲလိုက်တာလား”
မိုနီကာကလည်း မေးလိုက်သည်။
ရိုင်ယန်က လင်းရှန်တို့အဖွဲ့ကို သင်္ဘောထဲသို့ လိုက်ခဲ့ရန် ဖိတ်ခေါ်သည့်ဟန်ဖြင့် အမူအရာလုပ်ပြလိုက်သည်။
“မင်းတို့ စိတ်ဝင်စားရင် ငါတို့ ရထားတဲ့ အချက်အလက်တွေကို မျှဝေပေးလို့ရပါတယ်။ အဲ့ဒါကို နားလည်သွားရင် ငါတို့ ဘာလို့ ဒီလိုလုပ်ရလဲဆိုတာ မင်းတို့ သိသွားလိမ့်မယ်။ ပြီးတော့ အဲ့ဒါက မင်းတို့နဲ့လည်း အများကြီးပတ်သက်နေတယ်။ တစ်ဆက်တည်းမှာပဲ ပင်လယ်ပေါ်က ငါတို့ရဲ့ အိမ်လေးကို လိုက်ကြည့်ကြတာပေါ့”
“ကောင်းပြီလေ”
လင်းရှန်က ခေါင်းညိတ်လိုက်ပြီး ရိုင်ယန်၏ ဖိတ်ခေါ်မှုကို မငြင်းပယ်ခဲ့ပေ။
သင်္ဘောကုန်းပတ်ပေါ်ရှိ စိမ်းလန်းသော နေရာကို ဖြတ်ကျော်လာပြီးနောက် ကျွန်း၏ ဘေးဘက်ရှိ တံခါးတစ်ခုသို့ ရောက်ရှိလာကြသည်။ လေးလံသော ပေါက်ကွဲမှုဒဏ်ခံ တံခါးကြီးက ဖြည်းဖြည်းချင်း ပွင့်သွားပြီး ပူနွေးစိုစွတ်သော လေထုက သူတို့ထံသို့ တိုးဝှေ့လာသည်။
သင်္ဘောခန်းအတွင်းရှိ ပထမအလွှာတွင် အလွှာပေါင်းစုံပါဝင်သော ရေလွှမ်းစိုက်ပျိုးရေးဇုန်အဖြစ် ပြောင်းလဲထားသည်။ သံဘောင်များပေါ်တွင် LED စိုက်ပျိုးရေးမီးများ ချိတ်ဆွဲထားပြီး အာဟာရပျော်ရည်များအတွင်း သန်စွမ်းစွာ ပေါက်ရောက်နေသော ဆလတ်ရွက်၊ ခရမ်းချဉ်သီးနှင့် စတော်ဘယ်ရီပင်တန်းများကို လင်းထိန်စေသည်။ အကာအကွယ်ဝတ်စုံ ဝတ်ဆင်ထားသော အလုပ်သမားအချို့က အပင်များ၏ အခြေအနေကို စစ်ဆေးနေကြသည်။
“ဒါကတော့ ငါတို့ရဲ့ ဖန်တီးထားတဲ့ အလင်းရောင်သုံး ရေလွှမ်းစိုက်ပျိုးရေးဇုန်ပဲ”
ရိုင်ယန်က ရှင်းပြသည်။
“သင်္ဘောမှာ ကားသုံး နူကလီးယားစွမ်းအင်သုံး စက်အသေးလေးပါဝင်တယ်။ အဲ့ဒါက တစ်နှစ်ပတ်လုံး စိုက်ပျိုးဖို့ လုံလောက်တဲ့ လျှပ်စစ်ဓာတ်အားကို ပေးနိုင်တယ်။ ဒါပေမဲ့ စွမ်းအင်ချွေတာဖို့အတွက် အပင်အများစုက ကုန်းပတ်ပေါ်က သဘာဝအလင်းရောင်ကိုပဲ အားကိုးရတယ်။ ပင်မနူကလီးယားဓာတ်ပေါင်းဖိုကိုတော့ လုံခြုံရေးအတွက် နှစ်လလောက် ပိတ်ထားခဲ့ရတယ်”
စိုက်ပျိုးရေးဇုန်ထဲတွင် ကောက်ရိုးဦးထုပ် ဆောင်းထားသော လူလတ်ပိုင်းတစ်ဦးက မော့ကြည့်လိုက်ပြီး လင်းရှန်တို့အဖွဲ့ကို မြင်သောအခါ ရိုင်ယန်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် စတော်ဘယ်ရီသီးများကို ညွှန်ပြကာ မေးလိုက်သည်၊၊
“ဧည့်သည်တွေလား။ မြည်းကြည့်ချင်လား”
လင်းရှန် မဖြေရသေးမီမှာပင် ရှားရှား၏ မျက်လုံးများ တောက်ပသွားသည်။
“ဝါး... အာ့လိုရလား”
“ရတာပေါ့”
ထိုလူက ပြုံးလျက် နီရဲနေသော အသီးအချို့ကို ကမ်းပေးသည်။
“ကမ္ဘာပျက်ကပ်ပြီးနောက်ပိုင်း လတ်ဆတ်တဲ့ အသီးအနှံစားရဖို့ဆိုတာ မလွယ်ဘူး။ အထူးသဖြင့် ပင်လယ်ထဲမှာပေါ့။ ဒီစတော်ဘယ်ရီမျိုးစေ့တွေက သွေးပဲစေ့ အတော်များများ တန်ဖိုးရှိတယ်”
ရှားရှားက တစ်လုံးယူကာ ကိုက်လိုက်ရာ ချိုချဉ်ဆိမ့်နေသော အရည်များက ပါးစပ်ထဲတွင် ပြည့်လျှံသွားသည်။
“အင်း... တော်တော်ချိုတာပဲ”
မိုနီကာက ပတ်ဝန်းကျင်ကို ကြည့်ကာ မေးသည်။
“ဝတ်မှုန်ကူးတဲ့ ကိစ္စကို ဘယ်လိုဖြေရှင်းလဲ”
“အစကတော့ လူကိုယ်တိုင်လုပ်ကြတယ်။ နောက်တော့... ပျားအချို့ကို မွေးလိုက်တယ်”
ရိုင်ယန်က ထောင့်တစ်နေရာရှိ ဖောက်ထွင်းမြင်ရသော ပျားအုံအချို့ကို ညွှန်ပြရင်း ထူးဆန်းစွာ ပြုံးလိုက်သည်။
“ကျောက်ဆောင်ကျွန်းမှာ တွေ့ခဲ့တာပဲ။ ဒါပေမဲ့ အတုပ်မခံရအောင် သတိထားဦး။ ကမ္ဘာပျက်ကပ်လွန် ပျားတွေက... နည်းနည်းတော့ ကြမ်းတယ်”
“ပျားတွေ အသက်ရှင်နေသေးတာလား”
လင်းရှန်မှာ အနည်းငယ် အံ့အားသင့်သွားသည်။
“တကယ်တော့ အတော်များများရှိပါသေးတယ်”
ရိုင်ယန်က ပြုံးလျက် ပြန်ဖြေသည်။
“ပိုးဟပ်တွေ အိမ်မြှောင်တွေ ပုရွက်ဆိတ်တွေနဲ့ ကုန်းနေရေနေ သတ္တဝါတွေ အများကြီးပဲ။ သတိထားကြည့်ရင် အပြင်မှာလည်း တွေ့နိုင်ပါတယ်။ ပင်လယ်ထဲမှာလည်း ငါးအချို့ ရှိနေသေးပေမယ့် ငါတို့ကတော့ ငါးသိပ်မဖမ်းဖြစ်ဘူး။ မင်းတို့ နားလည်မှာပါ”
ထို့နောက် လင်းရှန်နှင့် ရိုင်ယန်တို့သည် ရိက္ခာသိုလှောင်ရုံအချို့ကို ဖြတ်ကျော်လာခဲ့ကြသည်။ တံခါးများအတွင်းတွင် စားသောက်ကုန်၊ ဆေးဝါး၊ ကိရိယာတန်ဆာပလာနှင့် လက်နက်များမှာ သံမဏိစင်များပေါ်တွင် စနစ်တကျပုံထားသည်ကို တွေ့ရသည်။ ထို့အပြင် ဖဲချပ်များမှအစ ဂိမ်းစက်အဟောင်းများအထိ ဖျော်ဖြေရေးပစ္စည်းများ အပြည့်ရှိသော နံရံတစ်ခုကိုလည်း တွေ့ရသည်။
“ပစ္စည်းတွေ တော်တော်စုံအောင် စုထားတာပဲ”
“အချို့က ငါတို့ အရင်ယာဥ်တန်းက ပါလာတာပါ”
ရိုင်ယန်က ရှေ့မှ လမ်းပြရင်း ပြောသည်။
“ကုန်းပေါ်တက်တာအပြင် ငါတို့ ပင်လယ်ယာဉ်တန်းအများစုက ပင်လယ်ထဲမှာ ပစ္စည်းတွေ လိုက်စုတတ်ကြတယ်”
“စုတယ်”
“အများကြီးရှိတာပေါ့”
အက်ဇ်လန်က အနားသို့ လျှောက်လာပြီး နောက်ပြောင်လိုက်သည်။
“တစ်ခါတလေ ပင်လယ်ရေစီးကြောင်းအတိုင်း လိုက်သွားရင်း ကွန်တိန်နာတွေ ရာနဲ့ ထောင်နဲ့ချီပြီး တွေ့တတ်တယ်။ ကမ္ဘာပျက်ကပ်နေ့တုန်းက နစ်မြုပ်သွားတဲ့ သင်္ဘောတွေပေါ်ကနေ ပြန်ပေါ်လာတာတွေပေါ့။ အထဲမှာ ထူးထူးဆန်းဆန်းတွေ အပြည့်ပဲ။ Blind Box ဖွင့်ရသလိုပဲ။ တကယ် စိတ်ဝင်စားဖို့ကောင်းတယ်”
“ငါတို့က မှောင်ခိုစျေးကွက်မှာလည်း ဝယ်တယ်။ ဒါမှမဟုတ် တခြား ပင်လယ်ယာဉ်တန်းတွေနဲ့လည်း လဲလှယ်ကြတယ်”
ဗန်နက်ဆာက လင်းရှန်ဘက်သို့ လှည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“ပင်လယ်ထဲမှာ လူနဲ့တွေ့ဖို့ဆိုတာ သိပ်မလွယ်ဘူးလေ”
ထိုစကားကို ကြားသောအခါ လင်းရှန်က တစ်ခုခုကို သတိရသွားပြီး မေးလိုက်သည်။
“ငါတို့ မနေ့က တာ့ကူးရေနက်ဆိပ်ကမ်းဘက်ကနေ လာခဲ့တာပဲ။ အဲ့ဒီမှာ ဘာဖြစ်ခဲ့လဲ မင်းတို့သိလား”
“ချုံခိုတိုက်ခိုက်မှုပေါ့”
ရှေ့က လျှောက်နေသော အဲရစ်ကာက လှည့်မကြည့်ဘဲ အေးစက်စက် ပြန်ဖြေသည်။
“အဲ့ဒါက ပင်လယ်ထဲထွက်ဖို့ အာရှ-ပစိဖိတ်ဒေသရဲ့ ပထမဆုံးဆိပ်ကမ်းပဲ။ တံငါသည်တွေလို ကြားကနေ အမြတ်ထုတ်ချင်ကြတဲ့ လူတွေ အများကြီး အဲ့ဒီမှာသေခဲ့ကြပြီ။ ပြီးတော့ ညဘက်ဆိုရင် အဲ့ဒီနေရာက သန္ဓေပြောင်းမွန်းစတားတွေ တိုက်ခိုက်ဖို့ အကောင်းဆုံးနေရာပဲ။ အခုဆို ခြောက်ခြားစရာ ဆိပ်ကမ်းဖြစ်နေပြီ။ ရထားအဖွဲ့ တော်တော်များများ အဲ့ဒီမှာ အခက်တွေ့ခဲ့ဖူးတယ်။ နင်တို့က ကံကောင်းလို့ပဲ”
အဲရစ်ကာ၏ စကားကြောင့် လင်းရှန် ကြက်သီးထသွားသည်။ အခြေအနေမှာ သူ ခန့်မှန်းထားသလိုပင် ဖြစ်နေသည်။
Chapter 947
ပင်လယ်အောက် မီးတောင် ၂
ပိန်ပိန်ပါးပါး မိန်းကလေးငယ်တစ်ဦးသည် စည်သွပ်ဗူးများကို ရေတွက်နေရင်း ရိုင်ယန်ဝင်လာသည်ကို မြင်သောအခါ အစီရင်ခံရန် ချက်ချင်း ပြေးလာသည်။
“ခေါင်းဆောင်။ နံပါတ် ၃ သိုလှောင်ရုံမှာ မုန့်ခြောက်ဗူး ၂၀ ပဲ ကျန်တော့တယ် အမြန်ဖြည့်တင်းဖို့ လိုမယ်”
ရိုင်ယန်က သူမ၏ ဆံပင်များကို ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။
“သိပြီ။ မနက်ဖြန် အရှေ့ဘက်ကမ်းခြေကို စစ်ဆေးဖို့ အဖွဲ့တစ်ဖွဲ့လွှတ်လိုက်မယ်”
လင်းရှန်သည် ထောင့်တစ်နေရာတွင် ပုံထားသော ပျက်စီးနေသည့် ဒရုန်းများနှင့် စွမ်းအားဝတ်စုံ အစိတ်အပိုင်းများကို သတိထားမိသွားသည်။
“မင်းတို့ ယန္တရားပြုပြင်မှု တွေလည်း လုပ်တာလား”
အက်ဇ်လန်က သံသွားများပေါ်အောင် ဖြဲပြုံး ပြုံးပြလိုက်သည်။
“ပင်လယ်ထဲမှာ 4S ဆိုင်တွေမှ မရှိတာ။ ပျက်ရင် ကိုယ့်ဘာသာပြင်ကြရတာပဲ”
အတွင်းဘက်သို့ ဆက်လျှောက်လာသည်နှင့်အမျှ ဆူညံသံများက တဖြည်းဖြည်း ကျယ်လောင်လာသည်။
ကျယ်ဝန်းသော အခန်းတစ်ခုအတွင်းတွင် မီးပွားများ တဖျတ်ဖျတ်ထွက်နေပြီး မက္ကင်းနစ်အချို့က လက်နက်များနှင့် ယာဉ်များကို ပြုပြင်မွမ်းမံနေကြသည်။ ထောင့်တစ်နေရာတွင် ဂဟေဆော်သည့် ကိရိယာများ၊ ဟိုက်ဒရောလစ် ကိရိယာများနှင့် ဖြုတ်ထားသော အင်ဂျင်အစိတ်အပိုင်းများ ပုံနေသည်။
“ဒါကတော့ ငါတို့ရဲ့ လက်နက်တိုက် အသေးစားလေးပဲ”
အက်ဇ်လန်က တစ်ဝက်တစ်ပျက် ပြုပြင်ထားသော စွမ်းအားဝတ်စုံ တစ်ခုကို ပုတ်ပြလိုက်သည်။
“ဖီးနစ်ရဲ့ နည်းပညာလောက် မမြင့်မားပေမယ့် ဖာထေးသုံးဖို့တော့ လုံလောက်ပါတယ်”
လက်တွင် ဆီများ ပေကျံနေသော လူငယ်တစ်ဦးက မော့ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ပြောသည်။
“ခေါင်းဆောင်။ ဆိုနာ ပြင်ပြီးပြီ။ ဒီညသုံးလို့ရပြီ”
ရိုင်ယန်က ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ တွမ်”
ထို့နောက် လင်းရှန်တို့အဖွဲ့သည် ရိုင်ယန်နှင့်အတူ လေယာဉ်တင်သင်္ဘော၏ ကွပ်ကဲခန်းသို့ လိုက်သွားကြသည်။ ထိုနေရာမှာ လင်းယုန်ပင်လယ်ယာဉ်တန်း၏ သတင်းအချက်အလက်နှင့် ဗဟိုဌာနလည်း ဖြစ်သည်။
၎င်းမှာ စက်ဝိုင်းပုံစံအခန်းဖြစ်ပြီး ပတ်ပတ်လည်တွင် အလင်းမျက်နှာပြင်များနှင့် ထိန်းချုပ်စနစ်များရှိကာ အလယ်တွင် ပတ်ဝန်းကျင် ပင်လယ်ပြင်အခြေအနေကို အသေးစိတ်ဖော်ပြထားသော ပင်လယ်မြေပုံစားပွဲကြီးတစ်ခု ရှိသည်။ အော်ပရေတာအချို့က ရေဒါနှင့် ဆိုနာအချက်အလက်များကို စောင့်ကြည့်နေကြသည်။
“Neptuneမှ ကြိုဆိုပါတယ်”
ရိုင်ယန်က အနည်းငယ် ပြုံးလိုက်သည်။
လင်းရှန်နှင့် အခြားသူများ ဝင်လိုက်သည်နှင့် နံရံများပေါ်တွင် လက်ဖြင့်ဆွဲထားသော ပုံကြမ်းများ အပြည့်ကပ်ထားသည်ကို သတိပြုမိသွားသည်။ ထိုပုံများတွင် အမျိုးမျိုးသော ထူးဆန်းသည့် ပင်လယ်သတ္တဝါများအကြောင်း မှတ်ချက်များ ရေးထားသည်။
“ဒါတွေက...”
“ငါတို့ရဲ့ ရန်သူသတ္တဝါတွေရဲ့ မှတ်တမ်းတွေပေါ့”
ဂေဒီက အနားသို့ လျှောက်လာပြီး ပုံတစ်ခုကို ညွှန်ပြသည်။
“ဒါကတော့ ပင်လယ်နက်ရေဘဝဲကြီးပဲ။ သူ့ရဲ့ လက်တံတွေမှာ သင်္ဘောကိုယ်ထည်ကို အလွယ်တကူ ဆွဲဖြဲနိုင်တဲ့ ချိတ်တွေ ပါဝင်တယ်။ ဒါကတော့ လူမျက်နှာပုံ ငါး၊၊ သူက လျှပ်စစ်ဓာတ်ထုတ်လွှတ်နိုင်သလို သက်ရှိတွေကို ရေနက်ထဲ ဆွဲခေါ်ဖို့ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေလည်း လုပ်နိုင်တယ်...”
“လူမျက်နှာပုံ ငါး...”
လင်းရှန်သည် ၎င်းကို မြင်သောအခါ တာ့ကူးရေနက်ဆိပ်ကမ်းတွင် ဗိုင်အိုလာရေအောက်၌ ရိုက်ကူးခဲ့သည့် အရာကို သတိရသွားသည်။ ထိုသတ္တဝါပင် ဖြစ်ပုံရသည်။
နံရံတစ်ခုလုံး ပုံကြမ်းများဖြင့် ပြည့်နေသည်ကို မြင်သောအခါ ရှားရှား တုန်လှုပ်သွားသည်။
“ပင်လယ်ထဲမှာ ဘာလို့ မိစ္ဆာတွေ ဒီလောက်များနေရတာလဲ...”
“အဲ့ဒါတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ သန္ဓေပြောင်းမွန်းစတား တော်တော်များများက ကမ္ဘာရဲ့ မူလပင်လယ်နက်သတ္တဝါတွေနဲ့ တူနေတာကို ငါတို့ တွေ့ရတယ်”
ရိုင်ယန်က လှည့်ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောသည်။
“ပင်လယ်ထဲမှာ တွင်းနက်တစ်ခုပဲ ရှိတယ်လို့ အားလုံးက ပြောကြပေမယ့် အတိအကျပြောရရင် ကမ္ဘာကြီးရဲ့ သမုဒ္ဒရာတစ်ခုလုံးက တွင်းနက်ကြီးဖြစ်နေပုံရတယ်”
သူ့စကားကြောင့် လင်းရှန် မျက်နှာပျက်သွားသည်။
“မင်း ဘာပြောလိုက်တာလဲ”
ရိုင်ယန်က ပခုံးတွန့်ပြလိုက်သည်။ လင်းရှန်၏ တည်ကြည်နေသော မျက်နှာကို မြင်သောအခါ သူက ပေါ့ပေါ့ပါးပါးပင် ဆက်ပြောသည်။
“အဲ့ဒီမွန်းစတားတွေက နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် သမုဒ္ဒရာတွင်းနက်ထဲမှာ ပုန်းနေကြတာလေ။ ကမ္ဘာမြေက သတ္တဝါတွေက တစ်နည်းမဟုတ် တစ်နည်းနဲ့ သန္ဓေပြောင်းသွားကြတယ်။ ဒါဆို သမုဒ္ဒရာတစ်ခုလုံးက တွင်းနက်ကြီးဖြစ်မနေဘူးလား”
လင်းရှန် ခေတ္တမျှ မှင်သက်သွားသည်။ သူ၏ အတွေးကြောင့် အံ့အားသင့်သွားပြီးမှ သတိပြန်ဝင်လာသည်။
“ဒါက အတော်လေးအကျိုးအကြောင်းသင့်တယ်”
“တကယ်တော့ ဒီမှာဓားကိုင်ဆောင်သူနဲ့ တွေ့ရလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ ဒါ ကံကြမ္မာပဲ ဖြစ်မှာပါ။ မင်းက ဗန်နက်ဆာနဲ့ ဂေဒီကို ကူညီခဲ့ဖူးတော့ ဒီအချက်အလက်တွေက မင်းအတွက် အသုံးဝင်လိမ့်မယ်”
ရိုင်ယန်သည် ပင်မမျက်နှာပြင်ဆီသို့ လျှောက်သွားပြီး ကောင်းကင်ဓာတ်ပုံတစ်ပုံကို တင်လိုက်သည်။
“ဒါက ချာဆန်ကျွန်းရဲ့ အရှေ့ဘက်ကမ်းခြေ ပင်လယ်အောက် ကမ်းပါးယံဒေသက ဓာတ်ပုံပဲ။ အဲရစ်ကာရဲ့ ဝေဟင်ကင်းလှည့်အဖွဲ့က အပေါ်ကနေ ရိုက်ကူးထားတာပဲ။ ချာဆန်ကျွန်းက ကျောက်ဆောင်ကျွန်းရဲ့ အရှေ့တောင်ဘက် အစွန်ဆုံးမှာရှိတဲ့ ကျွန်းငယ်လေးဖြစ်ပြီး အဲ့ဒီမုန်တိုင်းဇုန်နဲ့ ရေမိုင် ၁၀၀ တောင် မဝေးဘူး”
လင်းရှန်နှင့် မိုနီကာတို့အဖွဲ့သည် ထိုကောင်းကင်ဓာတ်ပုံကို အာရုံစိုက်ကြည့်လိုက်ကြသည်။ ကောင်းကင်ပြာနှင့် တိမ်ဖြူဖြူအောက်က ငှက်မျက်လုံးမြင်ကွင်းလို လုံးဝန်းနေသောကြောင့် အစပိုင်းတွင် ဘာမှ ထူးခြားသည်ကို မတွေ့ရပေ။ သို့သော် တစ်စက္ကန့်မျှအကြာတွင် သူတို့၏ မျက်နှာများ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ပုံကို ချဲ့ကြည့်လိုက်သောအခါ ပုံမှန်ဟု ထင်ရသော ထိုကောင်းကင်ဓာတ်ပုံအတွင်း၌ ကြက်သီးထဖွယ် မြင်ကွင်းတစ်ခု ဖုံးကွယ်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ပြာလွင်နေသော ပင်လယ်ရေမျက်နှာပြင်အောက်တွင် စက်ဝိုင်းပုံစံ အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုက ရေများကို ဝဲကဲ့သို့ လည်ပတ်စေနေသည်။ ၎င်းမှာ ရေအောက်က တွင်းနက်ကြီး ပါးစပ်ဟထားသကဲ့သို့ပင်။ ပို၍ ကြောက်စရာကောင်းသည်မှာ ထိုတွင်းနက်ဝဲကြီးသည် ကမ်းခြေနှင့် ရေမိုင်အနည်းငယ်သာ ဝေးခြင်းဖြစ်သည်။ နေရောင်အောက်က ဖြူလွှလွှသဲသောင်ပြင်နှင့် သိပ်မဝေးသောနေရာ စုံးစုံးမြုပ်နေသော ပင်လယ်အောက် ကမ်းပါးယံနှင့် ထိစပ်သွားပြီး ထိုပါးစပ်ကြီးမှာ အသက်ဝင်နေသကဲ့သို့ ရှိနေ၍ ကျောချမ်းဖွယ်ကောင်းလှသည်။
“ဒါ... ဒါက ဘာကြီးလဲ။ ရေအောက် ဝဲကတော့လား”
ရေနက်ပိုင်းကို ကြောက်တတ်သော ကီကီသည် ထိုပုံကို မြင်သည်နှင့် ဂနာမငြိမ်ဖြစ်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။
“ဒါက ရေဝဲမဟုတ်ဘူး”
ဂေဒီက လက်ပိုက်လျက် ကောင်းကင်ဓာတ်ပုံ၏ အလယ်ဗဟိုကို ညွှန်ပြသည်။
“ငါတို့ရဲ့ အဝေးထိန်း ကင်းထောက်လှေကို တွေ့လား။ ရေမျက်နှာပြင်က ငြိမ်သက်နေတယ်”
“သန္ဓေပြောင်းမွန်းစတားလား”
မိုနီကာက မျက်မှောင်ကြုတ်လိုက်သည်၊၊
“ဒီအတိုင်းအတာဆိုရင် ဒါက အထူးအဆင့်ထက်တောင် ပိုနေပြီ မဟုတ်လား”
“ဒါက တစ်နေရာတည်းပဲ ရှိသေးတာ”
ရိုင်ယန်က ပုံကို အမြန်ပြောင်းလိုက်ပြီး လင်းရှန်ကို ပြောသည်။
“အခုကျောက်ဆောင်ကျွန်းရဲ့ အရှေ့ဘက်ကမ်းခြေနဲ့ တောင်ဘက်ကမ်းခြေတွေမှာလည်း အလားတူထူးဆန်းတဲ့ ပင်လယ်အခြေအနေတွေကို တွေ့နေရပြီ။ ပြီးတော့ အဲ့ဒီမုန်တိုင်းဇုန်နဲ့ ကျွန်းမျောကလည်း ကျောက်ဆောင်ကျွန်းဆီကို အမြန်နှုန်းတစ်ခုနဲ့ ချဉ်းကပ်လာနေတယ်”
“ဒီအခြေအနေက ပုံမှန်မဟုတ်ဘူး။ ပြီးတော့ ကျောက်ဆောင်ကျွန်းပေါ်မှာ နေ့ဘက်မှာတောင် နတ်ဆိုးမိစ္ဆာတွေ ခဏခဏပေါ်လာတာကို ငါတို့ တွေ့ရတယ်။ ဒီ ၁၀ ရက်အတွင်းမှာ သူတို့အရေအတွက်က သုံးဆလောက် တိုးလာတယ်”
လင်းရှန်က အာရုံစိုက်ကြည့်လိုက်သည်။
“ကျောက်ဆောင်ကျွန်းပေါ်က တစ်ခုခုက ဒီထူးဆန်းတဲ့ သတ္တဝါအသိုက်ကို ဆွဲဆောင်နေတာလို့ မင်းထင်တာလား”
ရိုင်ယန်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
“ဗန်နက်ဆာနဲ့ ဂေဒီက ဒီယူဆချက်ကို အတည်ပြုဖို့ ဒီကိုရောက်နေတာပဲ”
“သြော်...”
ကီကီ အခုမှ နားလည်သွားသည်။
“ဒါဆို ရှင်တို့က ကျောက်ဆောင်ကျွန်းပေါ်က တစ်ခုခုက ပတ်ဝန်းကျင်က အထူးအဆင့် ပင်လယ်မွန်းစတားတွေနဲ့ အဲ့ဒီပင်လယ်ကျွန်းမျောကို ဆွဲဆောင်နေတယ်လို့ ထင်နေတာပေါ့။ ဒါကြောင့် ရှင်တို့က အဲ့ဒီမှာ ချုံခိုပြီး အထူးအဆင့်တွေကို တိုက်ခိုက်ပြီး အဆင့် ၄ သွေးပဲစေ့ကို အရယူဖို့ ကြံစည်နေတာလား”
ထိုစကားကို ကြားသောအခါ ရိုင်ယန်နှင့် အခြားသူများက တိတ်ဆိတ်သွားကြသည်။ ကီကီ၏ စကားကို ဝန်ခံလိုက်သည့်ပုံပင်။
မိုနီကာက လက်ပိုက်လျက် အေးအေးဆေးဆေးပင် ပြုံးလိုက်သည်။
“လာနောက်နေတာလား။ အထူးအဆင့်တွေကို အမဲလိုက်မယ်။ တစ်ကောင်တည်းလည်း မဟုတ်ဘူး။ ဒါက သေတွင်းထဲ ဆင်းတာနဲ့ ဘာခြားမှာလဲ”