အခန်း (၉၅၂-၉၅၃)
Vol. 54 Ch. 952-953
Chapter 952
စူပါအလင်းယိုင်ဓား ၂
လင်းရှန်က သူ၏ အတွေးများကို ဆက်လက်ဖော်ပြသည်၊၊
“ဒါပေမဲ့ ဒီသတင်းစကားက အမှောင်ယဉ်ကျေးမှုဆီက လာတာမဟုတ်ဘူးဆိုရင်တော့ ဒါဟာ စုံစမ်းစစ်ဆေးဖို့ ထိုက်တန်တဲ့ ကိစ္စတစ်ခုဖြစ်လာပြီ။ ဒါဟာ အရမ်းအရေးကြီးတဲ့ သတင်းအချက်အလက်တစ်ခုဖြစ်ရမယ်လို့ ကျုပ်ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ ပထမအချက်အနေနဲ့ ဒီသတင်းစကားကို ရထားတဲ့ တောင်ဘက်ကောင်းကင်ဂိတ်က ကောင်းကင်အကာအကွယ်နဲ့ ပိတ်ဆို့နေတယ်၊၊ ဒါဟာ အဲဒီနှစ်ခုကြားမှာ ဆက်နွှယ်မှုမရှိဘူးလို့ ဆိုလိုတာလား။ ကောင်းပြီ... အမှောင်ယဉ်ကျေးမှုမဟုတ်ဘူးလို့ ယူဆရင် ဒီသတင်းစကားက ဘယ်သူ့ကို ရည်ရွယ်တာလဲ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျုပ်စဉ်းစားကြည့်တော့ ဖြစ်နိုင်ခြေ သုံးမျိုးရှိတယ်...”
“ပထမတစ်ခုက တခြားယဉ်ကျေးမှုတစ်ခုက လူသားတွေကို စကားပြောနေတာ… ဒါက ဖြစ်နိုင်ခြေသိပ်မရှိဘူးလို့ ထင်တယ်။ အကယ်၍ အဲဒီအတိုင်းသာဆိုရင် ဒါဟာ ကျုပ်တို့အတွက် ပိုပြီး မျှော်လင့်ချက်မဲ့တဲ့ ကပ်ဘေးတစ်ခုပဲ ဖြစ်လိမ့်မယ်”
“ဒုတိယတစ်ခုက တခြားယဉ်ကျေးမှုတစ်ခုက အမှောင်ယဉ်ကျေးမှုကို စကားပြောနေတာ… ဒါကတော့ အတော်လေး ရဲတင်းတဲ့ အတွေးပဲ။ ဘာလို့ ဒီလိုပြောရတာလဲဆိုတော့ ဒီဆက်သွယ်မှုက အမှောင်ဒြပ်မှုန်တွေကတစ်ဆင့် လာတာဆိုတော့ အမှောင်ယဉ်ကျေးမှုက ဒီသတင်းစကားကို ရဖို့ ပိုနီးစပ်ပြီး ကျုပ်တို့ဆီမှာ အဲဒါကို ဖော်ထုတ်နိုင်တဲ့ နည်းပညာက တိုက်တိုက်ဆိုင်ဆိုင်ရှိနေတာမျိုး ဖြစ်နိုင်တယ်။ အဲဒီအတိုင်းသာဆိုရင် ဒီသတင်းစကားဟာ အမှောင်ယဉ်ကျေးမှုကို ပြန်ပြီး ဟန့်တားတာမျိုးဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ လူသားယဉ်ကျေးမှုက အမှောင်ယဉ်ကျေးမှုရဲ့ တိုက်ခိုက်မှုကို ခံနေရပေမဲ့ စကြဝဠာထဲမှာတော့ အမှောင်ယဉ်ကျေးမှုထက် ပိုပြီး အဆင့်မြင့်တဲ့ ယဉ်ကျေးမှုတွေ ရှိနေမှာပဲ”
“ဒီလိုတွေးကြည့်ရင် အမှောင်ယဉ်ကျေးမှုကိုယ်တိုင်ကလည်း တခြားတစ်ခုရဲ့ သားကောင်ဖြစ်နေနိုင်တာပဲ။ ဒါဟာ ကမ္ဘာပျက်ကပ် စတင်ပြီးနောက်မှာ လူသားအချို့ ဘာကြောင့်အသက်ရှင်ကျန်နေသေးသလဲဆိုတာကို ရှင်းပြနိုင်လိမ့်မယ်။ အမှောင်ယဉ်ကျေးမှုရဲ့ အင်အားနဲ့ဆိုရင် လူသားယဉ်ကျေးမှုကို တကယ်သာ သုတေသနလုပ်ပြီး ဒိုင်မေးရှင်းအဆင့်တိုက်ခိုက်မှုလုပ်ခဲ့မယ်ဆိုရင် ကျုပ်တို့မှာ ခုခံဖို့ဖြစ်ဖြစ်၊ ရုန်းကန်ဖို့ဖြစ်ဖြစ် ဘာအခွင့်အရေးမှ ရှိမှာမဟုတ်ဘူးမလား”
ချူယန်က ခေါင်းညိတ်သည်၊၊
“မှန်တယ်၊၊ ငါတို့ဘက်မှာလည်း ဒါကို ဆွေးနွေးဖူးတယ်။ ပရော်ဖက်ဆာယဲ့နဲ့ တခြားခေါင်းဆောင်တွေလည်း ဒီလိုပဲ သုံးသပ်ထားကြတယ်”
ယဲ့လန်က ဆက်ပြောသည်၊၊
“မင်းပြောတဲ့ ဖြစ်နိုင်ခြေတွေကို ငါတို့ အရင်က ဆွေးနွေးပြီးသားပါ။ တကယ်တော့ ပထမအခြေအနေက အရိုးရှင်းဆုံးဖြစ်ပြီး ငါတို့အတွက် မျှော်လင့်ချက်အရှိဆုံးပဲ။ အဓိပ္ပာယ်မဲ့နေတာကပဲ အဓိပ္ပာယ်အရှိဆုံးဖြစ်နေတတ်တာမျိုးပေါ့။ အကယ်၍ ဒုတိယ ဒါမှမဟုတ် တတိယအခြေအနေသာဆိုရင် အမှောင်ယဉ်ကျေးမှုရဲ့ နောက်ကွယ်မှာ ပိုပြီး အဆင့်မြင့်တဲ့ ယဉ်ကျေးမှုတစ်ခုရှိနေတာက ပုစဥ်းကို ချောင်းနေတဲ့ ရှိခိုးကောင်ကို ဖမ်းဖို့ စောင့်နေတဲ့ ငှက်လိုမျိုး ဖြစ်နေမှာပဲ။ ဒါပေမဲ့ ငါတို့က အစာကွင်းဆက်ရဲ့ အောက်ဆုံးမှာပဲ ရှိနေတုန်း မဟုတ်ဘူးလား”
“မဟုတ်ဘူး”
လင်းရှန်က ဝင်ပြောလိုက်သည်၊၊
“ကျုပ် ပြောနေတဲ့ အခြေအနေသုံးမျိုးထဲမှာ ဒီသတင်းစကားကို အမှောင်ယဉ်ကျေးမှုက စတင်ခဲ့တာ မပါဝင်ဘူး”
“အို...”
ယဲ့လန်က မျက်မှောင်ကြုတ်လျက် လင်းရှန်ကို ကြည့်လိုက်သည်၊၊
“ဒါဆို မင်းပြောမယ့် တတိယအခြေအနေက ဘာလဲ”
ချူယန်ကလည်း သူ့ကို သိချင်သော အကြည့်ဖြင့် ကြည့်နေသည်။
လင်းရှန်က အနည်းငယ် ပြုံးလိုက်ပြီး
“ကျုပ်ပြောချင်တဲ့ တတိယအခြေအနေက တခြားယဉ်ကျေးမှုတစ်ခုပါဝင်နေတာ မှန်ပေမဲ့ ဒီသတင်းစကားက လူသားတွေကို ရည်ရွယ်တာဖြစ်ပြီး ရန်လိုတဲ့သဘောနဲ့ မဟုတ်ဘဲ မိတ်ဆွေအနေနဲ့ ပေးပို့တာမျိုးပေါ့။ အဲဒီလိုဖြစ်နိုင်ခြေရှိတယ်လို့ရော ထင်လား”
ချူယန် မျက်မှောင်ကြုတ်သွားသည်၊၊
“မင်းပြောချင်တာက ‘ခုခံခွင့်မပြု' ဆိုတဲ့ သတင်းစကားဟာ ငါတို့ကို ကယ်တင်ဖို့အတွက် ပြောတာလို့ ဆိုလိုတာလား”
လင်းရှန်သည် တစ်ဖက်ရှိ ယဲ့လန်၏ တည်ငြိမ်သော အမူအရာကို ကြည့်ပြီး ဤအတွေးအခေါ်က အနည်းငယ်လက်တွေ့မကျကြောင်း ခံစားလိုက်ရသဖြင့် ချက်ချင်းပင် လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်၊၊
“ကောင်းပြီလေ... ဒါက တကယ်ပဲ လက်တွေ့နဲ့ သိပ်ဝေးလွန်းပါတယ်...”
“ဒါဟာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်ပါပဲ”
ယဲ့လန်က ပြန်တုံ့ပြန်သည်၊၊
“လက်ရှိမှာ ငါတို့ တောင်ဘက်ကောင်းကင်ဂိတ်နဲ့ ဆက်သွယ်ဖို့ အစွမ်းကုန်ကြိုးစားနေတယ်၊၊ ဒီအမှောင်ဒြပ်မှုန်တွေအကြောင်း သတင်းအချက်အလက် ပိုရဖို့ပေါ့။ လင်းရှန်... ဒါက မင်းရဲ့ အစီအစဉ်ကြောင့်လည်းပါတယ်၊၊ မဟုတ်ရင် ငါတို့ ကောင်းကင်အကာအကွယ်ကို ဖြတ်ပြီး သတင်းပို့နိုင်မယ့် နည်းလမ်းရှိမှာမဟုတ်ဘူး”
လင်းရှန်က ပုခုံးတွန့်ပြလိုက်သည်၊၊
“ကောင်းပါပြီ… ကျုပ်က ပင်လယ်ကျောက်ဆောင်ကျွန်းက အခြေအနေကို အမြန်ဆုံးသွားစုံစမ်းရမှာမို့လို့ ခွင့်ပြုပါဦး...”
“လင်းရှန်” ချူယန်က သူ့ကို လှမ်းခေါ်သည်၊၊
“နင့်ဆီမှာ အခြေအနေဘယ်လိုရှိလဲ”
“အခုထိတော့ အေးဆေးပါပဲ၊၊ ဒါပေမဲ့ ဒီညတော့ ပြဿနာရှိနိုင်တယ်။ မြင့်မြတ်မြို့တော်၊ ဂါလန်မီးတောင်၊ ကျွန်းမျော၊ ရေအောက်က ထူးဆန်းတဲ့ သတ္တဝါတွေ...”
လင်းရှန်သည် ပင်လယ်ထဲထွက်လာပြီး ဤနှစ်ရက်အတွင်း သူ ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
“နင်က ကမ်းခြေနဲ့ သိပ်မဝေးသေးဘူးပဲ။ အကယ်၍ အန္တရာယ်နဲ့ ကြုံလာရင် ကောင်းကင်အမိုးခုံးရထားကို သုံးပြီး ကုန်းပေါ်ကို ပျံသန်းလာလို့ ရတယ်”
“ကြည့်သေးတာပေါ့… ဒီမြင့်မြတ်မြို့တော်အဖွဲ့အစည်းက ဖောင်ဒေးရှင်းနဲ့ ပတ်သက်နေနိုင်တယ်။ သူတို့ရဲ့ ပစ်မှတ်က ငါဖြစ်မယ်ဆိုရင်တော့ တစ်နည်းအားဖြင့် ‘ဓားကိုင်ဆောင်သူ အစီအစဉ်’ က တစ်ဝက်အောင်မြင်သွားပြီလို့ ပြောလို့ရတယ်”
ယဲ့လန်က ညင်သာစွာ ပြောသည်၊၊
“မင်း ပြောတဲ့အတိုင်းဆိုရင်တော့ အဲဒီပတ်သက်မှုကို ချက်ချင်း ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ ဖောင်ဒေးရှင်းကလူတွေ ခုထိပေါ်မလာသေးဘူးဆိုတော့ အဲဒါကို စိတ်ထဲမှာ သတိထားသင့်တယ်”
“နားလည်ပါပြီ ပရော်ဖက်ဆာယဲ့”
လင်းရှန်က ခေါင်းညိတ်ပြပြီး ချူယန်ကို နှုတ်ဆက်ကာ အသိစိတ်ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်ပြီး ကြယ်နက်ပန်းပဲဖိုဆီသို့ ပြန်သွားလိုက်သည်။
သူ ပြန်ရောက်ရောက်ချင်းမှာပင် မျက်စိရှေ့ရှိ အလင်းဖန်သားပြင်မှာ ရုတ်တရက် လင်းလက်လာသည်။ ကြယ်နက်ပန်းပဲဖိုအတွင်း အလိုအလျောက်ဝါးမျိုရန် သူ ထားခဲ့သော ပျက်စီးနေသည့် ဒရက်နော့ ကြယ်သင်္ဘောကိုယ်ထည်ကို အကုန်ဝါးမျိုပြီးစီးသွားပြီ ဖြစ်သည်။
[ဒရက်နော့အဆင့် ကြယ်သင်္ဘောအား ဝါးမျိုမှု အောင်မြင်သည်]
[ဝါးမျိုမှု အောင်မြင်ပါသည်၊၊ ယန္တရားအရင်းအမြစ်အမှတ် +၁၅၅၀၀၊ ယန္တရားဝါးမျိုမှု ကျွမ်းကျင်မှု +၁၈၀၀]
“ပျက်စီးနေတဲ့ ဒရက်နော့တစ်စင်းကတောင် အမှတ် ၁၅၅၀၀ ရတာပဲ။ အကယ်၍ အသစ်စက်စက်သာဆိုရင် နှစ်သောင်းလောက်အထိ ရနိုင်မှာပဲ။ အဲဒီလိုဆိုရင် သုံးစင်းလောက် စုပ်ယူနိုင်ရင် ငါ့ရဲ့ ယန္တရားနှလုံးသားက အဆင့် ၇ ကို တန်းရောက်သွားလိမ့်မယ်”
[လက်ရှိ ယန္တရားနှလုံးသားအဆင့် ၆ (၂၂၂၂၀/၅၀၀၀၀)]
[ယန္တရားနိုးထမှု]: ယန္တရားအရှင်သခင်
ယန္တရားဝါးမျိုမှု : အဆင့် ၆ (၂၉၀၀/၅၀၀၀)
ယန္တရားထုတ်လုပ်မှု : အဆင့် ၆ (၁၅၆၀/၅၀၀၀)
နှစ်ရက်အတွင်းမှာတင် လျင်မြန်စွာ တိုးတက်လာသော ယန္တရားအရင်းအမြစ်အမှတ်များကို ကြည့်ပြီး လင်းရှန် တက်ကြွသွားသည်။ ဝင်ရိုးစွန်းဒေသကို အမြန်ဆုံးသွားချင်ရသည့် အကြောင်းရင်းမှာလည်း ဤအချက်ကြောင့်ပင်။ အကယ်၍ အာရုဏ်ဦးမြို့တော်က ပျံသန်းရေးယာဉ်တွေသာ အမှိုက်ပုံကြီးတွေလို မပျက်စီးသွားခဲ့ဘူးဆိုရင် လင်းရှန်သည် သန့်ရှင်းရေးအလုပ်များကို ဝိုင်းကူလုပ်ပေးရင်း အချိန်ဖြုန်းနေမိမှာ သေချာပေသည်။ ပျက်စီးနေတဲ့ ဒရက်နော့သင်္ဘောတစ်စင်းရဖို့ကို အတော်လေး အားထုတ်ခဲ့ရသလို အပြင်ထုတ်ဖို့ကလည်း မလွယ်ကူခဲ့ပေ။ အခု အဲဒီကြိုးစားမှုတွေက အချည်းနှီးမဖြစ်ခဲ့ချေ။
ဝါးမျိုဖို့ ကြယ်သင်္ဘောတွေ ထပ်ရဖို့ လင်းရှန် စဉ်းစားနေတုန်းမှာပင် ပြီးမြောက်မှု အချက်ပြဖန်သားပြင်၏ နောက်ကွယ်တွင် နောက်ထပ် ဖန်သားပြင်တစ်ခု ရှိနေသည်ကို သတိပြုမိလိုက်သည်။ သူသည် အချက်အလက်များကို ဘေးသို့ ဖယ်လိုက်သောအခါ ရွှေရောင်တောက်နေသည့် သတင်းစကားတစ်ခု ပေါ်လာသည်၊၊
[ဂုဏ်ယူပါသည်၊၊ ကျွမ်းကျင်မှုအသစ်ကို ရရှိပါသည် - စူပါအလင်းယိုင်ဓား]
“ဝိုး…. မိုက်လှချည်လား”
လင်းရှန်၏ မျက်လုံးများ ဝိုင်းစက်သွားပြီး မျက်စိရှေ့ရှိ ဖန်သားပြင်မှာ ရွှေရောင်များ တောက်ပနေသည်။ ကျွမ်းကျင်မှုအသစ်ရရုံတင်မကဘဲ ဤကျွမ်းကျင်မှုမှာ ဒဏ္ဍာရီလာအဆင့်ဖြစ်နေခြင်းပင်.. ၎င်းက သူ၏ ဆွဲငင်အားမှန်ဘီလူးအဆင့်နှင့် တူညီနေသည်။
[စူပါအလင်းယိုင်ဓား: လက်တစ်ဖက်ဖြင့် အထွတ်အထိပ်ကန့်သတ်အလင်းတန်းကို လမ်းညွှန်ပြီး စွမ်းအင်မြင့် အလင်းယိုင်ဓားကို ထုတ်လွှတ်ပေးသည်]
“ကန့်သတ်အလင်းတန်း ဟုတ်လား”
လင်းရှန်က သူ၏ လက်ချောင်းထိပ်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်၊၊
“လက်ကိုင် အာကာသအခြေစိုက်လက်နက်များလား”
လင်းရှန် စဉ်းစားမရဖြစ်နေသည်။ ဒရက်နော့ စစ်သင်္ဘောမှာ ဂြိုလ်ပတ်လမ်းတုန်ခါကြယ်အမြောက်ပဲ ရှိတာကို အဲဒါကို ဝါးမျိုလိုက်တာကနေ ကန့်သတ်အလင်းတန်း ကျွမ်းကျင်မှုက ဘယ်လိုထွက်လာတာလဲ။ ဒီအရာက တောင်ဘက်ကောင်းကင်ဂိတ်နဲ့ ဟိုင်ပိုလုံအမြောက်တွေမှာပဲ ရှိတဲ့ နည်းပညာ မဟုတ်လား။ ယန္တရားနှလုံးသားရဲ့ နယ်ပယ်ချဲ့ထွင်မှု သဘောတရားကို သူ ပိုပြီး နားလည်ရခက်လာသည်။
“ထားလိုက်ပါတော့... စမ်းကြည့်ရင် သိရမှာပဲ။ ဒီကျွမ်းကျင်မှုက ဒဏ္ဍာရီလာအဆင့်ဆိုတော့ ဆွဲငင်အားမှန်ဘီလူးလိုပဲ စွမ်းအင်သုံးစွဲမှုများမှာတော့ သေချာတယ်”
အတွေးများကို ဘေးဖယ်ထားလိုက်စဉ် လက်တွေ့ကမ္ဘာတွင် ကီကီက သူ့ကို ခေါ်နေသည်ကို ခံစားလိုက်ရသည်။ ကြယ်နက်ပန်းပဲဖိုထဲမှ မထွက်ခွာမီ ထိုသတ္တုအန်စာတုံးကို လှမ်းကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင် သူ မှားကြည့်မိခြင်း မဟုတ်ပေ။ သတ္တုအန်စာတုံးသည် တခြားဘက်သို့ လှည့်သွားပြီး ယခုတစ်ကြိမ်တွင် ပေါ်နေသည့် ဂဏန်းမှာ “၃” ဖြစ်သည်။
Chapter 953
မုန်တိုင်း ၁
အနောက်ဘက်ကမ်းရိုးတန်း တောင်ကုန်းပေါ်တွင် လင်းရှန်သည် ကြယ်နက်ပန်းပဲဖို၏ ဟင်းလင်းပြင်မှ အသိစိတ်ပြန်ရောက်လာချိန်တွင် ကီကီက သူ့ကို လှမ်းခေါ်နေသည်ကို ကြားလိုက်ရသည်၊၊
“လင်းရှန်… မုန်တိုင်းလာနေပြီ”
ဝေါ ဝေါ... ဝုန်း
ကျွန်းပေါ်က ကြည်လင်နေသာ ကောင်းကင်ကြီးသည် ယခုအချိန်တွင် ပြင်းထန်သည် လေတိုက်ခတ်သံများ၊ လှုပ်ယမ်းနေတဲ့ သစ်ပင်တွေနဲ့ ပြည့်နှက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ သိသိသာသာမှောင်ကျသွားသည်။ ပင်လယ်လေသည် ရုတ်တရက် စေးကပ်လာပြီး သံချေးတက်သလို သတ္တုနံ့ကြီးထွက်လာသည်။
အဝေးက ကောင်းကင်ကြီးမှာလည်း တွန့်ခေါက်နေပြီး တိမ်တိုက်များသည် မမြင်ရသည့် လက်တစ်ဖက်နဲ့ မွှေနှောက်ခံထားရသလို မီးခိုးရောင်မှ ခရမ်းရင့်ရောင်ဘက်ကို လျင်မြန်စွာ ပြောင်းလဲသွားသည်။ ပင်လယ်လှိုင်းလုံးများသည်လည်း ပုံမှန်မဟုတ်ဘဲ ချွန်ထက်သည့် အသွင်သဏ္ဌာန်များနဲ့ ကျောက်ဆောင်များကို ရိုက်ခတ်နေပြီး အရိုးများ ကျိုးကြေသွားသလို အသံမျိုးထွက်ပေါ်နေသည်။
“တစ်ခုခုတော့ မှားနေပြီ...”
ကီကီ၏ ဒရုန်းမှ ရိုက်ကူးထားသော ပုံရိပ်များမှာ ပြင်းထန်စွာ တုန်ခါနေသည်။ သူမက မျက်မှောင်ကြုတ်လျက် ဖန်သားပြင်ကို စိုက်ကြည့်နေသည်၊၊
“ဒီမုန်တိုင်းက အရမ်းမြန်လွန်းတယ်၊၊ လေဖိအား ပြောင်းလဲမှုကလည်း ပုံမှန်မဟုတ်ဘူး...”
သူမ စကားမဆုံးခင်မှာပင် အီလက်ထရွန်နစ် ပစ္စည်းအားလုံးမှ ဆူညံသံများ ထွက်ပေါ်လာပြီး လင်းရှန်၏ စွမ်းအားဝတ်စုံရှိ ရေဒီယိုသတ္တိကြွတိုင်းစက်မှလည်း အချက်ပေးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
“မုန်တိုင်းထဲမှာ ရေဒီယိုသတ္တိကြွမှုတွေ ပါနေတာလား”
လင်းရှန်က ချက်ချင်းထရပ်လိုက်ပြီး လျှပ်စီးတိုက်နေသည့် ကောင်းကင်ကြီးကို ကြည့်ကာ မျက်နှာပျက်သွားသည်။
“မျက်နှာဖုံးကို အမြန်ပိတ်”
ကီကီက ရှီဇီကို ချက်ချင်း အမိန့်ပေးလိုက်ပြီး လင်းရှန်ကို ပြောသည်၊၊
“လင်းရှန်၊၊ ငါတို့ မြို့ထဲကို ဆက်ပြီး စုံစမ်းဖို့ သွားကြဦးမလား”
“မသွားနဲ့တော့”
လင်းရှန်က ဆက်သွယ်ရေးစက်ကို ချက်ချင်း ဖွင့်လိုက်သည်၊၊
“မိုနီကာ၊ ချီလီ၊ နန်ကျင်း... အဖွဲ့အားလုံး မုန်တိုင်းမလာခင် အမြန်ဆုံးပြန်လာခဲ့ကြ”
“ဂျစ်... ရှဲ...”
ထိုအချိန်တွင် ဆက်သွယ်ရေးစက်မှ ဆူညံသံများသာ ထွက်ပေါ်လာသည်။
“သေစမ်း... လိုင်းတွေ ပြတ်ကုန်ပြီ”
ကီကီက စိုးရိမ်တကြီး ပြောလိုက်သည်။
“အရင်ဆုံး ဆုတ်ကြမယ်”
လင်းရှန်က အနောက်ဘက်ရှိ မှောင်မည်းနေသော ပင်လယ်လှိုင်းလုံးကြီးများကို လှည့်ကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်၊၊
“တစ်ခုခု... လာနေပြီ”
…
ပင်လယ်ကျောက်ဆောင်မြို့တော်၏ ကောင်းကင်ယံထက်တွင် လေပွေမုန်တိုင်းများ တဝီဝီတိုးဝှေ့လျက် ရှိသည်၊၊ အဝေးတစ်နေရာမှ မိုးကုပ်စက်ဝိုင်းတွင်မူ မည်းမှောင်နေသော တိမ်တိုက်ကြီးများက သံမဏိလိုက်ကာကြီးတစ်ခုအလား တွဲလောင်းကျနေပြီး ကောင်းကင်တစ်ခုလုံးကို နိမ့်ဆင်းလာစေကာ ပင်လယ်ပြင်ပေါ်သို့ အချိန်မရွေးပြိုကျတော့မယောင် ထင်မှတ်ရသည်၊၊ တိမ်တိုက်များက လိပ်တက်လှုပ်ရှားနေပြီး ခရမ်းရင့်ရောင် လျှပ်စီးများ လက်ခနဲ လက်ခနဲ မြင်နေရသော်လည်း ထစ်ချုန်းသံကား ထွက်ပေါ်မလာဘဲ အသက်ရှူကျပ်မတတ် တိတ်ဆိတ်ခြင်းသာ ကြီးစိုးနေ၏၊၊
မှိုင်းပျနေသော ကောင်းကင်အောက်ရှိ မြို့ပြလမ်းမများပေါ်မှ ပျက်စီးနေသော အဆောက်အအုံများသည် ပိုမိုခြောက်ကပ်နေသည်၊၊ ကျိုးပဲ့နေသော မိုးမျှော်တိုက်ကြီးများသည် သားရဲကြီးများ၏ အရိုးစုများနှင့် ဆင်တူနေပြီး မှန်စများက ကြောက်မက်ဖွယ် အလင်းပြန်နေကြသည်၊၊ ကမ်းနားလမ်းတစ်လျှောက်ရှိ အုန်းပင်များမှာလည်း ကြာမြင့်စွာကပင် ညှိုးနွမ်းခြောက်သွေ့နေခဲ့ပြီဖြစ်ရာ ယင်းတို့၏ သစ်ကိုင်းခြောက်များနှင့် သစ်ရွက်များ လေထဲတွင် လှုပ်ခတ်နေပုံမှာ တစ်စုံတစ်ယောက်က တိုးတိုးလေး ကပ်ပြောနေသကဲ့သို့ပင်၊၊
လင်းရှန်၊ ကီကီနှင့် ရှီဇီတို့သည် မြေပြင်အနီးမှ လျင်မြန်စွာအနိမ့်ပျံကာ ဂြိုဟ်ပတ်ရထားလမ်းရှိ အနန္တရထားဆီသို့ ဦးတည်နေကြသည်၊၊ စွမ်းအားဝတ်စုံ၏ စနစ်မြင်ကွင်းများက ဆက်တိုက်ဆိုသလို တဖျပ်ဖျပ်တုန်ခါနေပြီး ရေဒီယိုသတ္တုကြွတိုင်းစက်၏ အချက်ပေးသံကလည်း မရပ်မနား အော်ဟစ်နေသည်၊၊ မုန်တိုင်းအောက်တွင် အချက်ပြစနစ်အားလုံး အပြင်းအထန် အနှောင့်အယှက် ခံနေရပုံရသည်၊၊
“တိမ်တိုက်တွေထဲမှာရော၊ ကောင်းကင်မှာရော သတ္တဝါတွေ အများကြီးရှိနေတာကို ကျွန်မအာရုံခံမိနေတယ်”
ရှီဇီ၏ အသံမှာ တင်းမာနေသည်၊၊ ခြိမ်းခြောက်နေသော တိမ်တိုက်ကြီးများကို မြင်ရသည်မှာ သူမကို အာရုဏ်ဦးမြို့တော်က ညကို ပြန်လည်အမှတ်ရစေ၏၊၊
“လင်းရှန်.. သူတို့နဲ့ အဆက်အသွယ် ရပြီလား”
ကီကီက စိတ်စွမ်းအင်သုံးပြီး ကြမ်းတမ်းသော လေပြင်းများကို ကာကွယ်ရင်း လင်းရှန်ကို မေးလိုက်သည်၊၊
“မရသေးဘူး”
လင်းရှန်သည် အမှိုက်သရိုက်များကို လွင့်စင်သွားစေလောက်သော အရှိန်ဖြင့် လမ်းမများကြား ဖြတ်သန်းရင်း လျှပ်စီးများ လက်နေသည့် ကောင်းကင်ယံကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်၊၊
“သူတို့အားလုံး အနန္တရထားဆီကို ဆုတ်ခွာနေကြမှာပဲ၊၊ အခက်အခဲတစ်ခုခုရှိရင်လည်း အဖွဲ့ငယ်တွေက အခြေအနေအရ လိုအပ်သလို ဖြေရှင်းနိုင်ကြလိမ့်မယ်”
“အိုကေ”
ဝူး ဝေါ
ပင်လယ်ကျောက်ဆောင်ကျွန်း၏ အရှေ့ဘက်ကမ်းခြေ၊ ဆိပ်ကမ်းအပြင်ဘက်ရှိ ပင်လယ်ပြင်သည် စတင်လှုပ်ရှားလာသည်၊၊
သာမန်လှိုင်းတံပိုးများ မဟုတ်ဘဲ ပင်လယ်ပြင်တစ်ခုလုံး ဆူပွက်နေသကဲ့သို့ ရွှံ့နွံမြှုပ်များ တက်လာခြင်း ဖြစ်သည်၊၊ မည်းနက်နေသော ရေပြင်အောက်တွင် ဧရာမ အရိပ်ကြီးများ ရွေ့လျားနေပြီး တစ်ခါတစ်ရံတွင် တောက်ပနေသော ခန္ဓာကိုယ်ကြီးများက ရေပေါ်သို့ ပေါ်လာကာ ပြန်လည် နစ်မြုပ်သွားကြသည်၊၊
“မကောင်းတော့ဘူး”
နန်ကျင်းလည်း ထိုမြင်ကွင်းကို ကြည့်ရင်း မျက်နှာပျက်သွားကာ အဖွဲ့သားအားလုံး ဆုတ်ခွာရန် အချက်ပေးလိုက်သည်၊၊
“သတိထားကြ”
“အားဖေး ဘယ်ရောက်သွားလဲ”
နန်ကျင်းက မီးတောက်ကို လှမ်းမေးသော်လည်း အားဖေးကို မမြင်ရပေ၊၊
“ဟိုမှာ”
ရှောင်ချင်းက ကမ်းခြေရှိ လူနေအိမ်ခေါင်မိုးပေါ်သို့ ခုန်တက်ကာ လေပြင်းထဲတွင် ရပ်လျက် လှမ်းအော်သည်၊၊
“အားလုံး... ဟိုဘက်ကိုကြည့်လိုက်ကြဦး”
အားဖေး၏ အသံက ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသည်၊၊ ထိုအချိန်တွင် နန်ကျင်းနှင့် မီးတောက်တို့လည်း ခေါင်မိုးပေါ် တက်လာကြသည်၊၊ လမ်းအောက်ဘက်ရှိ ကျောက်ဆောင်ကမ်းခြေသို့ ဆင်းလိုက်သည်နှင့် လုရှင်းချန်သည် ကမ်းစပ်တွင် ထူးဆန်းစွာ သောင်တင်သေဆုံးနေသော ဝေလငါးအသေကောင် အစုအပုံလိုက်ကြီးကို ချက်ချင်း မြင်လိုက်ရသည်၊၊ ကမ္ဘာပျက်ကပ်စတင်ကတည်းက ဤကဲ့သို့ ရေနက်ပိုင်းသတ္တဝါများမှာ တွေ့ရခဲလှသည်၊၊
“အားဖေး… နင်ဘာမြင်လို့လဲ”
နန်ကျင်းက အားဖေးအနားသို့ ချဉ်းကပ်သွားရာ သူက ပင်လယ်ပြင်ထက်ရှိ နိမ့်ဆင်းနေသော တိမ်တိုက်မည်းကြီးများကို ကြည့်နေသည်ကို တွေ့လိုက်ရသည်၊၊ သူက လက်ကို ဖြည်းညှင်းစွာ မြှောက်ကာ တင်းမာသောအမူယာဖြင့် ပြောလိုက်သည်၊၊
“မမြင်ကြရဘူးလား… ဟိုမှာ တစ်ခုခုရှိနေတယ်”
သူပြောလိုက်သည်နှင့် နန်ကျင်းနှင့် လုရှင်းချန်တို့ မော့ကြည့်လိုက်သော်လည်း မုန်တိုင်းအောက်တွင် ဆူပွက်နေသော ပင်လယ်နက်ကြီးမှလွဲ၍ ဘာမျှ မမြင်ရပေ၊၊
“အာရုံစိုက်ထား”
ရှောင်ချင်းက အထက်မှ ဆင်းလာကာ တည်ငြိမ်စွာ ပြောသည်၊၊
“ရှင်တို့ စိတ်စွမ်းအားနဲ့ မုန်တိုင်းရဲ့ နှောင့်ယှက်မှုကို ကာကွယ်ပြီး ကြည့်မှ မြင်ရမှာ”
နန်ကျင်း မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ စိတ်စွမ်းအားကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်သည်၊၊ ထိုအခါ စွမ်းအားဝတ်စုံကို ရိုက်ခတ်နေသော ပင်လယ်လေပြင်းများမှာ စေးကပ်လေးလံလာသလို ခံစားလိုက်ရသည်၊၊ မုန်တိုင်းသံများကြားမှ ပင်လယ်နက်ကြီးကို ပြန်ကြည့်လိုက်သောအခါ သူမ၏ သူငယ်အိမ်များ ကျုံ့သွားကာ ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုကို မြင်လိုက်ရတော့သည်၊၊
ပင်လယ်ပြင်ပေါ်ရှိ တိမ်တိုက်မည်းများအောက်တွင် တောင်တန်းကြီးများကဲ့သို့ ကြီးမားပြီး ဖော်ပြရခက်သော သတ္တဝါကြီး အများအပြား ရှိနေသည်၊၊ ၎င်းတို့သည် အရိုးစုများကဲ့သို့ တွန့်လိမ်နေပြီး ကောင်းကင်တွင် လွင့်မျောလျက် ဦးတည်ချက်တစ်ခုတည်းသို့ တရွေ့ရွေ့ သွားနေကြသည်၊၊ ဧရာမ လက်တံကြီးများမှာ ပင်လယ်ရေပြင်ပေါ်သို့ သစ်ပင်ကြီးများအလား တွဲလောင်းကျနေ၏၊၊
“နေခင်းကြီးကို ကောင်းကင်မှာ လွင့်မျောနေတာ ဘယ်လိုမိစ္ဆာတွေလဲ”
ဤအရာကို မြင်သောအခါ လုရှင်းချန်၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်၊၊ သန္ဓေသားပုံစံအတိုင်း ကွေးနေသော ထိုသတ္တဝါကြီးများက လားရာတစ်ခုသို့ တရွေ့ရွေ့သွားနေပုံနှင့် ကမ်းစပ်ရှိ ဝေလငါးအသေကောင်များမှာ ကမ္ဘာပျက်ကပ်မြင်ကွင်းတစ်ခုအလား အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်၊၊
“ချက်ချင်း ဆုတ်ခွာမှ ဖြစ်မယ်… ဆက်သွယ်ရေးတွေအကုန် ပြတ်တောက်ကုန်ပြီ”
ဘုန်း -
စက်မှုဆိပ်ကမ်းနယ်မြေဘက်မှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်၊၊ တစ်ချိန်တည်းမှာပင် အားဖေးက ဆူပွက်နေသော ရေပြင်ကို ကြည့်ကာ စိုးရိမ်တကြီးပြောလိုက်သည်၊၊
“တစ်ခုခု တက်လာနေပြီ”
နန်ကျင်း မျက်မှောင်ကြုတ်ကာ ဂိုဒေါင်ကြီးတစ်ခုကို ကြည့်ပြီး ပြတ်သားစွာ ပြောလိုက်သည်၊၊
“ဟိုထဲမှာ သွားပုန်းကြမယ်၊၊ ငါတို့ကို အမှတ်အသားရလို့မဖြစ်ဘူး”
ချက်ချင်းပင် လူတိုင်း လျင်မြန်စွာ လှုပ်ရှားကာ ပတ်ဝန်းကျင်မှ ကျယ်လောင်သော ပေါက်ကွဲသံများကြားတွင် ဂိုဒေါင်ထဲသို့ တိုးဝင်ခဲ့ကြသည်၊၊
တစ်ချိန်တည်းမှာပင် ကမ်းခြေစီးပွားရေးဇုန်ရှိ ကုန်တိုက်တစ်ခုတွင် ရှားရှား၏ လေးလံသော စက်ရုပ်ကြီးသည် ပိုမိုဆိုးရွားလာသော မုန်တိုင်းကြောင့် မြေအောက်ခန်းသို့ အရေးပေါ် ဆုတ်ခွာနေရသည်၊၊ ရူဂျီက အမှုန်လှိုင်းများဖြင့် အဖွဲ့ဝင်များ အတွင်းသို့ ဆုတ်ခွာနိုင်ရန် ကာကွယ်ပေးထားသည်၊၊ ကုန်တိုက်ဝင်ပေါက်ရှိ ကွင်းပြင်တွင် ရပ်နေသော မိုနီကာက အော်ပြောလိုက်သည်၊၊
“ငါတို့ ရှာမတွေ့ခင် မြန်မြန်ရွှေ့ကြ”
အဖွဲ့ဝင်များ ဝင်သွားပြီးနောက် သူမသည် ရုတ်တရက် ခေါင်းလှည့်လိုက်ရာ နာနိုမျက်နှာဖုံး ပွင့်သွားပြီး ပါးစပ်မှ မမြင်နိုင်သော အသံလှိုင်းဓားကို အဝေးရှိ အဆောက်အအုံပေါ်မှ လျှပ်စစ်တာဝါတိုင်ဆီသို့ ပစ်လွှတ်လိုက်သည်၊၊ စူးရှသော အသံနှင့်အတူ တာဝါတိုင်မှာ လေပြင်းထဲတွင် ယိုင်လဲကာ မှန်နံရံများနှင့်အတူ တစ်စစီပြိုကျသွားတော့သည်၊၊
ထိုအခိုက်အတန့်တွင် မိုနီကာသည် မုန်တိုင်း၏ ကြမ်းတမ်းသော အသံများက ထိုအဆောက်အအုံဆီသို့ စုပြုံသွားသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်၊၊ ထိုအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ သူမသည် ရူဂျီနှင့်အတူ ကုန်တိုက်မြေအောက်ခန်းရှိ ယာယီခိုလှုံရာသို့ အမြန် ဆုတ်ခွာသွားတော့သည်၊၊