အခန်း (၉၅၄-၉၅၅)
Vol. 54 Ch. 954-955
Chapter 954
မုန်တိုင်း ၂
“အစ်မမိုနီကာ… ကျွန်မတို့ အနန္တရထားဆီကို တန်းပြန်သွားကြရင် မကောင်းဘူးလား”
ရှားရှားက မိုနီကာကို မေးလိုက်သည်၊၊
“ဒီအကောင်တွေက ပိုပြီး မြန်မြန်ချဥ်းကပ်လာနေတာကို အရင်ဆုံးရှောင်ရမယ်၊၊ ငါတို့မှာ အဲ့ဒီသွေးဆောင်ဖြားယောင်းဆေးရည်တွေ မရှိဘူး၊၊ တကယ်လို့ အမှတ်အသားလုပ်ခံရပြီး အနန္တရထားဆီ ပြန်သွားမိရင် ကိုင်တွယ်ရခက်လိမ့်မယ်”
မိုနီကာက သေချာတွက်ချက်ပြီးသားဖြစ်သည်၊၊ သူမ၏ အသံလှိုင်းစွမ်းအားက လျင်မြန်စွာ ချဉ်းကပ်လာနေသော သတ္တဝါများကို အာရုံခံမိနေသလို ကောင်းကင်ပေါ်က မုန်တိုင်းထဲမှ မမြင်ရသေးသော အန္တရာယ်များကြောင့် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်သည်၊၊
“အခုမှ ညနေ ၃ နာရီတောင် မထိုးသေးဘူး”
တာလို့က ထိုအချိန်တွင် ပြောလိုက်သည်၊၊
“ခဏလောက် စောင့်ကြည့်ကြတာပေါ့၊၊ မုန်တိုင်းက ပြီးသွားနိုင်ပါတယ်”
“ဒီမုန်တိုင်းထဲမှာ ဓာတ်ရောင်ခြည်က အရမ်းမြင့်နေတယ်၊၊ အရင်က တစ်ခါမှ ဒီလိုမျိုး မကြုံဖူးဘူး၊ ဒါက ဘယ်လိုဖြစ်တာလဲ”
ရှားရှားက မိုးပျံမက်မွန်သီးပေါ်ရှိ ကွန်ပျူတာကို ထိန်းချုပ်ရင်း မှောင်မည်းနေသော လေယာဉ်ရုံထဲသို့ ကင်းထောက်ဒရုန်းအချို့ကို လွှတ်တင်လိုက်သည်၊၊
“ဟိုလင်းယုန်အုပ်စုပြောတဲ့ ပင်လယ်ထဲက ကျွန်းမျောကြီး နီးကပ်လာတာများလား”
“ဖြစ်နိုင်တယ်” ရူဂျီက တည်ငြိမ်သောအသံဖြင့် ပြောသည်၊၊
“ဒီမုန်တိုင်းက သက်ရှိတစ်ခုလိုပဲ”
မိုနီကာက မျက်လုံးကို အသာမှိတ်ကာ ဘာမှမပြောဘဲ ပတ်ဝန်းကျင်ကို အသံတိတ် အကဲခတ်နေသည်၊၊
ကျွန်း၏ အနောက်ဘက်ကမ်းခြေ၊ ဂြိုဟ်ပတ်ရထားလမ်း၏ အမိုးခုံးထက်တွင်မူ ချီလီနှင့် ရှုချင်းတို့အဖွဲ့က လေဦးတည်ရာကို စောင့်ကြည့်နေကြသည်၊၊
“လင်းရှန်တို့အဖွဲ့ကို မြင်ကြလား”
အောက်ဘက်ရှိ အနန္တရထားပေါ်တွင် လက်နက်အပြည့်အစုံဖြင့် ရှိနေသော ချန်ဆီရွှမ်က ဆက်သွယ်ရေးစက်မှတစ်ဆင့် မေးလိုက်သည်၊၊
“မမြင်ရသေးဘူး” ရှုချင်းက ပြန်ဖြေသည်၊၊
“ဒီမုန်တိုင်းက အရမ်းထူးဆန်းတယ်၊၊ မီတာရာဂဏန်းလောက်ပဲ ဝေးတာတောင် ဆက်သွယ်ရေးကို အကြီးအကျယ် အနှောင့်အယှက်ဖြစ်နေတယ်၊၊ ဒါက လုံးဝကို ပုံမှန်မဟုတ်ဘူး”
လော့ယန်က လက်ကိုင်ကိရိယာတစ်ခုကို အသုံးပြုကာ ဒရုန်းရာပေါင်းများစွာကို အနိမ့်ပျံသန်းစေပြီး ဆက်သွယ်ရေးလိုင်းများကို ထိန်းချုပ်နေသည်၊၊ သို့သော်လည်း လျှပ်စစ်စနစ်များမှာ အကြီးအကျယ် သက်ရောက်မှု ခံနေရသဖြင့် စွမ်းအားထိုးတက်ခြင်း အချက်ပေးသံများ တောက်လျှောက်မြည်နေသည်၊၊
မြောင်လုနှင့် ရှောင်ယွမ်တို့က လက်နက်များကို အသင့်ပြင်ကာ သတိထားနေကြပြီး မာရှောင်ထန်းကမူ တံခါးနားတွင် ပုန်းရင်း အမိုးခုံးအထက်ရှိ မှောင်မည်းနေသော ကောင်းကင်ကို စိုးရိမ်တကြီး ကြည့်နေသည်၊၊ စွန်းယုကျန်းက အဝေးမှ ပျံသန်းရောက်ရှိလာပြီး ချန်ဆီရွှမ်ကို လှမ်းအော်ပြောသည်၊၊
“ဘယ်ဘက်မှာမှ ဘယ်သူ့ကိုမှ မမြင်ရဘူး၊၊ သူတို့ကိုသွားကြိုဖို့ နယ်မြေချဲ့ပြီး ရှာလိုက်ရမလား”
“မလိုဘူး” ချန်ဆီရွှမ်က ချက်ချင်းပင် အော်ပြောလိုက်သည်၊၊
“အခု ပြဿနာက သူတို့နဲ့ တွေ့ဖို့ မဟုတ်ဘူး၊၊ သူတို့ ပြန်မလာသေးဘူးဆိုရင် အခက်အခဲတစ်ခုခုရှိနေလို့ ဖြစ်မယ်၊ အပြင်ထွက်သွားရင် ပိုပြီး ရှုပ်ထွေးကုန်လိမ့်မယ်၊၊ လော့ယန်က စက်ရုပ်တွေ ဒရုန်းတွေနဲ့ ကင်းလှည့်နေရင် လုံလောက်ပြီ”
“ဟုတ်တယ်”
ချီလီက အမိုးခုံးပေါ်မှ ခုန်ဆင်းကာ လုချန်နှင့်အတူ အနန္တရထား၏ အမိုးပေါ်သို့ ဆင်းသက်လိုက်သည်၊၊
“အနန္တရထားကို အခြေစိုက်စခန်းအဖြစ်ထားပြီး စက်ရုပ်တွေကိုပဲ ကင်းထောက်ခိုင်းရအောင်… အမှတ်အသား လုပ်မခံရအောင် သတိထားရမယ်၊၊ ဒီမုန်တိုင်းက ငါ့ကို ပါလ်မားနှင်းတောပြင်ကြီးကို သတိရစေတယ်၊၊ အဲ့ဒီမှာတုန်းက သတ္တဝါတွေ အလုံးအရင်းနဲ့ ရုတ်တရက် ထွက်လာတတ်တယ်၊၊ အဆင့် ၁ အမှတ်အသား အလုပ်ခံရရင်တောင် ငါတို့အတွက် ကိုင်တွယ်ရ ခက်လိမ့်မယ်”
“အားလုံး အထဲဝင်ကြ”
ထိုအချိန်တွင် တင်းကျန်းရီက ရှောင်ယွမ်နှင့် မြောင်လုတို့ နောက်ကွယ်မှ ရုတ်တရက် ပေါ်လာသည်၊၊ သူက ဘာကာကွယ်ရေးဝတ်စုံမှ ဝတ်မထားဘဲ အခြားသူများကို လေးနက်စွာ ပြောလိုက်သည်၊၊
“သွေးကပ်ဘေးပန်းက တုံ့ပြန်နေပြီ၊၊ ပြီးခဲ့တဲ့ အခေါက်က သတ္တဝါနဲ့ အမျိုးအစားတူပဲ၊၊ အပြင်မှာ မနေကြနဲ့တော့”
ချန်ဆီရွှမ် မျက်မှောင်ကြုတ်သွားသည်၊၊
“ကောင်းပြီ၊ တံခါးတွေပိတ်ဖို့ ပြင်ကြ”
“သေစမ်း”
ချီလီသည် အစက အနန္တရထားကို လက်နက်များ တပ်ဆင်ကာ အခြားအဖွဲ့ဝင်များကို စောင့်ကြိုရန် ရည်ရွယ်ထားသော်လည်း တင်းကျန်းရီ၏ စကားကို ကြားသောအခါ ဆဲလိုက်မိပြီး မျက်နှာပျက်သွားသည်၊၊ သူက အမိုးပေါ်တွင် စက်ရုပ်ကို ထိန်းချုပ်နေသော လော့ယန်ကို ချက်ချင်း လှမ်းခေါ်လိုက်သည်၊၊
“မြန်မြန်ဆင်းခဲ့… အထဲဝင်တော့”
“အိုကေ”
ဘန်း ဘန်း ဘန်း
ချက်ချင်းပင် အနန္တရထား၏ သံမဏိတံခါးကြီးများ ပိတ်သွားသည်၊၊ ချန်ဆီရွှမ်သည် သူမ၏ ဧရာမ ညမုဆိုးသေနတ်ကို ကိုင်ထားရင်း တွဲ၏ ဘေးမှန်များမှတစ်ဆင့် အပြင်ဘက်ကို အဆက်မပြတ် စောင့်ကြည့်နေသည်၊၊ တစ်ချိန်တည်းမှာပင် လင်းရှန်ကို ဆက်သွယ်ရန် ကြိုးစားနေ၏၊၊
“လင်းရှန်... ငါပြောတာ ကြားရလား”
“ဂျစ်... ဂျစ်...”
ဆူညံနေသော လိုင်းနှောင့်ယှက်သံများသာ ပြန်ကြားနေရသည်၊၊
တစ်ချိန်တည်းမှာပင် ကမ်းရိုးတန်းတစ်လျှောက် အရှိန်ဖြင့် ပျံသန်းနေသော လင်းရှန်တို့ သုံးယောက်သည် ရှီဇီ၏ အကြံပြုချက်အရ ခေတ္တလမ်းကြောင်းပြောင်းကာ ကမ်းခြေကျောက်ဆောင်တန်းရှိ ကွယ်နေသော ဂူတစ်ခုထဲတွင် ပုန်းနေကြသည်၊၊
“ရှီဇီ… လေထုထဲမှာ သတ္တဝါတွေရှိနေတာ သေချာလား”
ဂူဝတွင် လင်းရှန်နှင့် ကီကီတို့က တစ်ဖက်စီ ပုန်းနေရင်း အနန္တရထားရှိရာဘက်ဖြစ်သော ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့ပြနယ်မြေကို လှမ်းကြည့်နေကြသည်၊၊ ကီလိုမီတာ ဆယ်ဂဏန်းကျော်သာ ဝေးသော်လည်း ရှီဇီက သူတို့ကို အရေးပေါ် တားဆီးကာ ထိုမိုးကုတ်စက်ဝိုင်းရှိ နိမ့်ဆင်းနေသော တိမ်တိုက်များဘက်သို့ ညွှန်ပြခဲ့ခြင်း ဖြစ်သည်၊၊
“ကြောက်စရာကောင်းတာ တစ်ခုခုလာနေပြီ”
လင်းရှန်နှင့် ကီကီတို့က တိမ်တိုက်မည်းကြီးများဘက်သို့ ကြည့်လိုက်ကြသည်၊၊ အနီရောင်လျှပ်စီးများ လက်နေသည်မှလွဲ၍ ဘာမျှ မမြင်ရပေ၊၊
“ထူးဆန်းလိုက်တာ”
ကီကီလည်း ထူးခြားမှုကို သတိထားမိသည်၊၊ ရှီဇီ၏ အာရုံခံစားမှုက အမြဲတမ်းမှန်ကန်တတ်သော်လည်း သူတို့ ဘာမှ မမြင်ရချေ၊၊
“ဘာလို့ ဒီမုန်တိုင်းက ရုတ်တရက်ကြီး ရောက်လာပြီး တစ်ကျွန်းလုံးကို ချက်ချင်း ဖုံးလွှမ်းသွားရတာလဲ၊၊ ဒါက အရမ်းမြန်လွန်းနေတယ်”
လင်းရှန်က လေးနက်သောအသံဖြင့် ပြောလိုက်သည်၊၊
“ငါ ရိုင်ယန်ရဲ့ စောင့်ကြည့်ချက်တွေကို စစ်ကြည့်ပြီးပြီ၊၊ အဲ့ဒီပင်လယ်ထဲက ကျွန်းမျောကြီးက ပင်လယ်ကျောက်ဆောင်ကျွန်းနဲ့ အနည်းဆုံး ရေမိုင် ၂၀၀ ကျော် ဝေးသေးတယ်၊၊ အဲ့ဒီရွေ့လျားနှုန်းနဲ့ဆိုရင် မုန်တိုင်းက ဒီဒေသကို သက်ရောက်ဖို့ အနည်းဆုံး သုံးရက်လောက် လိုသေးတာ မဟုတ်ဘူးလား”
သမုဒ္ဒရာဆိုသည်မှာ ခန့်မှန်းရခက်သည်ဆိုသော်လည်း ဤကဲ့သို့ ရုတ်တရက် ပြင်းထန်သော ရာသီဥတုဖြစ်ပေါ်လာခြင်းမှာ လူတိုင်းအတွက် မျှော်လင့်မထားသော အရာဖြစ်သည်၊၊ လင်းရှန်၏ စွမ်းအားဝတ်စုံစနစ်သည် လေထုဖိအားကို အာရုံခံကာ ရာသီဥတုကို ခန့်မှန်းနိုင်သည်၊၊ ဤသည်မှာ အဖွဲ့ဝင်အားလုံး ပင်လယ်ပြင်တွင် ဘေးကင်းစေရန်အတွက် ရှင်းဂျီနှင့်အတူ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်၊၊ သို့သော်လည်း ပထမဆုံးကြုံရသော မုန်တိုင်းကပင် Ai ရာသီဥတုစနစ်ကို အလုပ်မလုပ်နိုင်အောင် ဖြစ်စေလိမ့်မည်ဟု မည်သူက သိပါမည်နည်း၊၊
ထိုအချိန်တွင် လင်းရှန်လည်း သိလိုက်သည်မှာ ဤမုန်တိုင်းသည် သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်းမဟုတ်သည်မှာ သေချာနေသည်၊၊
“လင်းရှန်… အစ်မချန်တို့နဲ့ အဆက်အသွယ်ရနိုင်မလား”
“ငါ ကြိုးစားကြည့်မယ်”
လင်းရှန်သည် ကြယ်နက်ပန်းပဲဖိုထဲမှ ကင်းထောက်ဒရုန်း အမြောက်အမြားကို ချက်ချင်း ထုတ်ယူလိုက်သည်၊၊ ဗိုင်အိုလာမရှိသဖြင့် သူကိုယ်တိုင်ပင် ဒရုန်းများကို အနန္တရထားဆီသို့ ဆက်သွယ်မှုရရှိရန်အတွက် လွှတ်တင်ရန် ပြင်ဆင်လိုက်သည်၊၊
ဘုန်း ဘုန်း
မြေပြင်က တုန်ခါလာပြီး ကျောက်ဆောင်ပေါ်မှ ကျောက်တုံးများ တလိမ့်လိမ့်ကျဆင်းလာသည်၊၊ ကမ်းခြေအောက်ဘက်ရှိ ဧရာမ လှိုင်းလုံးကြီးများက ကမ်းစပ်ကို အရှိန်အဟုန်ဖြင့် ရိုက်ခတ်နေသည်၊၊
ဒရုန်းများကို လွှတ်တင်ရန် ပြင်နေစဉ်မှာပင် ကီကီက သူ့လက်ကို ရုတ်တရက် ဆွဲကိုင်လိုက်သည်၊၊
“လင်းရှန်… ဟိုမှာကြည့်”
လင်းရှန်က လုပ်လက်စကို ရပ်ကာ ကီကီညွှန်ပြရာသို့ ငုံ့ကြည့်လိုက်သည်၊၊ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့တစ်ကိုယ်လုံးမှ အမွေးအမျှင်များ ထောင်မတ်သွားပြီး မျက်နှာတစ်ခုလုံး ဖြူလျော်သွားလေသည်၊၊
ထိုအချိန်တွင် အဝေးမှ ကမ်းရိုးတန်းမြို့ပြ၏ ကောင်းကင်ယံထက်တွင် နီရဲသော လျှပ်စီးများ လက်ခနဲ ဖြစ်သွားသောအခါ တိမ်တိုက်မည်းကြီးတစ်ခုလုံးသည် သွေးခဲကြီးကဲ့သို့ နီမှောင်သွားသည်၊၊
လင်းရှန်၏ မျက်လုံးသူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့သွားသည်၊၊ လျှပ်စီးလက်သွားသော ထိုခဏအတွင်းမှာပင် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းထားသော ဧရာမ အရိပ်ကြီးတစ်ခုကို သူ မြင်လိုက်ရသည်၊၊ ၎င်းမှာ တိမ်တိုက်များ မဟုတ်ဘဲ လေထုထဲတွင် ကွေးနေသော ဧရာမ သားရဲကြီး၏ ဦးခေါင်းဖြစ်သည်၊၊
မီးတောင်ပေါက်ကွဲမှုမှ ထွက်လာသော ပြာပူတိမ်တိုက်ကြီးများကဲ့သို့ပင်… ထိုဦးခေါင်းထက်တွင် နီရဲသော လျှပ်စီးများက တောက်လျှောက်လက်နေပြီး ၎င်းမှာ သန္ဓေပြောင်းမွန်းစတားနှင့် မတူဘဲ ရှေးဟောင်းမိစ္ဆာနတ်ဘုရားကြီးတစ်ပါးနှင့် တူနေသည်၊၊ ဦးခေါင်း၏ ထွက်ပေါ်နေသော အစိတ်အပိုင်းတစ်ခုတည်းပင် ကီလိုမီတာ ဆယ်ဂဏန်းမက ကျယ်ဝန်းပြီး တိမ်တိုက်များကြားမှ မြို့ပြပေါ်သို့ ဖြည်းညှင်းစွာ ဖိနှိပ်ဆင်းလာကာ နေရောင်ကို ကွယ်ပျောက်သွားစေသည်၊၊ ဦးခေါင်းနှင့် များပြားလှသော လက်တံကြီးများက မြို့တစ်ခုလုံးနီးပါးကို ဖုံးလွှမ်းထားပြီး အောက်ဘက်ရှိ မြို့ပြအဆောက်အအုံများမှာ ၎င်း၏ ရှေ့တွင် ကစားစရာအရုပ်လေးများအလား သေးငယ်လွန်းစေသည်၊၊
ဤသည်မှာ လင်းရှန် မြင်ဖူးသမျှထဲတွင် အကြီးဆုံးသောသတ္တဝါဖြစ်သည်မှာ သေချာသည်၊၊ အာရုဏ်ဦးမြို့တော်အထက်က ကောင်းကင်သတ္တဝါပင် ၎င်းနှင့် ယှဉ်လျှင် သေးငယ်လွန်းနေသည်၊၊
Chapter 955
သမုဒ္ဒရာနတ်ဘုရား ၁
ဂျိန်း
လျှပ်စီးလက်သံနှင့်အတူ လင်းရှန်၊ ကီကီ နှင့် ရှီဇီတို့သည် ထိုကြောက်မက်ဖွယ် ကမ္ဘာပျက်မြင်ကွင်းကြောင့် တောင့်တင်းသွားကြသည်၊၊ နတ်ဘုရားသဖွယ် သတ္တဝါကြီးက ၎င်း၏ ဧရာမ လက်တံကြီးများကို အထက်တွင် ဖြည်းညှင်းစွာ လှုပ်ရှားနေပြီး ပတ်ဝန်းကျင် လေထုမှာလည်း ဆီကြည်မြှုပ်များအလား အလင်းယိုင်နေသဖြင့် ကီလိုမီတာ ဆယ်ဂဏန်းခန့်ဝေးသော ပင်လယ်ပြင်မှာ ၎င်း၏ ဦးခေါင်းနောက်ဘက်တွင် ထောင်လျက်သားရှိနေသကဲ့သို့ ဟင်းလင်းပြင်သည် ဖရိုဖရဲဖြစ်နေပုံရသည်၊၊
“သောက်ကျိုးနည်း... ဒါက ဘာကြီးလဲ”
လင်းရှန်က ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်၊၊
ကီကီက ဖြူလျော်သော မျက်နှာဖြင့် ရေရွတ်လိုက်သည်၊၊
“S-Class အဆင့်လား၊ မဟုတ်ဘူး၊၊ ဒါက... ကျိအန်းမြို့က လွင့်မျောအလောင်းကြီးထက်တောင် ပိုကြီးနေသေးတယ်၊၊ ဒါက အတိအကျကို...”
“ကမ္ဘာ့အဆင့်ကပ်ဘေးလား”
လင်းရှန်က ပြန်ပြောလိုက်သည်၊၊
“ဒါ ပစိဖိတ်သမုဒ္ဒရာ ရေနက်ပိုင်းအောက်မှာရှိတဲ့ ဖီးနစ်အဖွဲ့က မှတ်တမ်းတင်ထားတဲ့ သတ္တဝါလား”
ကီကီက မေးလိုက်သည်၊၊
“ဇီဝသတ္တဝါ ၀၄ - ပစိဖိတ်၏ အမည်မသိ တွင်းနက်သတ္တဝါ၊ ၂၀၆၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ပစိဖိတ်သမုဒ္ဒရာ၏ အမှောင်တွင်းနက်ထဲတွင် ပထမဆုံး တွေ့ရှိခဲ့သည်၊၊ ပုံသဏ္ဌာန် မသိရ၊ တွေ့ရှိရသော အရွယ်အစားမှာ ၁၃ ကီလိုမီတာကျော်၊ ဘော်ကျွန်း ဆူနာမီကို ဖြစ်ပေါ်စေခဲ့ဖူးသည်...”
ရှီဇီက ထိုအချိန်တွင် ပြောပြသည်၊၊
“ဖီးနစ်တံဆိပ်ထဲမှာ ဒီမှတ်တမ်း ရှိတာကို ကျွန်မသိတယ်၊၊ ဒါပေမဲ့ ပုံရိပ်တွေတော့ မရှိဘူး၊၊ နာမည်ပေးထားတာပဲ ရှိတယ်၊ အဲ့ဒါက...”
“၀၄ - ဧရာမ သမုဒ္ဒရာနတ်ဘုရား”
လင်းရှန်သည် ဖီးနစ်တံဆိပ်ထဲမှ မှတ်တမ်းကို ပြန်အမှတ်ရသွားသည်၊၊ သူတို့ရှေ့မှ ကြောက်မက်ဖွယ် မြင်ကွင်းကို ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်၊၊
“ဧရာမ သမုဒ္ဒရာနတ်ဘုရား... ငါတို့ ခရီးစထွက်တာနဲ့ ဒါကြီးနဲ့ လာတွေ့ရအောင်အထိ ကံကောင်းနေတာလား...”
“ကမ္ဘာ့အဆင့်လား”
ကီကီက မယုံနိုင်စွာ ထပ်ပြောသည်၊၊
“ဒါကြီးက ဒီကို ဘယ်လိုဖြစ်ပြီး ရုတ်တရက် ရောက်လာရတာလဲ”
“ငါလည်းမသိဘူး...”
လင်းရှန်သည် ရေနက်ပိုင်းမှ ကြောက်မက်ဖွယ် သားရဲကြီးကို ကြည့်ကာ လက်သီးကို တင်းတင်းဆုပ်ရင်း ပြောလိုက်သည်၊၊
“ပစိဖိတ်သမုဒ္ဒရာ... ဒါက တကယ့်ကို အိပ်မက်ဆိုးပဲ”
ထိုစဉ်တွင် ရှေ့မှ တိမ်တိုက်များကြား၌ မြင်တွေ့နေရသည့် သတ္တဝါမှာ ဖီးနစ်အဖွဲ့အစည်း၏ သတ်မှတ်ချက်အရ ကမ္ဘာပျက်ကပ်အဆင့် ဘေးအန္တရာယ်ဖြစ်ကြောင်း လင်းရှန် အသေအချာ အတည်ပြုလိုက်နိုင်သည်၊၊
သို့သော် ဤမျှ ကြည်လင်သော နေ့ခင်းပိုင်းအချိန်တွင်ပင် ပင်လယ်ကျောက်ဆောင်ကျွန်း၏ ကောင်းကင်၌ ထိုသို့သော ကြောက်မက်ဖွယ်သတ္တဝါကြီးက ရုတ်တရက် ရောက်ရှိလာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ၊၊
ဘာသတိပေးချက်မှ မရှိဘဲ စိတ်ပျက်အားငယ်မှုတွေက ပေါ်ပေါက်လာခဲ့သည်၊၊
‘’ သတိထား ဟိုမှာ သွားပုန်းကြ ‘’
ဝူး ဝူး ဝေါ
လေပြင်းများက ပြင်းထန်စွာ အော်ဟစ်နေပြီး ဆူနာမီလှိုင်းလုံးကြီးတွေကလည်း သောင်းကျန်းနေကာ ကျွန်းတစ်ခုလုံးနှင့် လေထုပင် တုန်ခါနေသလို သူတို့သုံးဦး ခံစားလိုက်ရသည်၊၊
ထိုအချိန်တွင် ကမ်းခြေနှင့် ဝေးကွာသော မြို့ပြဧရိယာများမှ ထူးဆန်းသော အသံများ ထွက်ပေါ်လာကာ တွင်းနက် အမှတ် ၅ သို့ ပြန်ရောက်သွားသလိုမျိုး လင်းရှန်ကို ဖိအားပေးလာသည်၊၊
“အဲဒါကြီးက ဘာလုပ်မလို့လဲ”
ကီကီ မျက်လုံးများ ပြူးကျယ်သွားပြီး လျှပ်စီးများကြားတွင် ရံဖန်ရံခါပေါ်လာသော အနက်ရောင် အရိပ်ကြီးကို ကြည့်ကာ မယုံနိုင်သလို အော်ဟစ်လိုက်သည်၊၊
“ကျွန်မတို့ဆီကို လာနေတာလား”
သူတို့အနားတွင် ရှိနေသော ရှီဇီသည် အစိမ်းရောင် အလင်းတန်းကို ထုတ်လွှတ်လိုက်ပြီး ပြင်းထန်သော လေပြင်းနှင့် ဓာတ်ရောင်ခြည်ဒဏ်ကို ခံနိုင်ရန် သူတို့နှစ်ဦးကို ဝန်းရံကာ ကာကွယ်ပေးလိုက်ရင်း တုန်လှုပ်စွာဖြင့် ပြောလိုက်သည်၊၊
“အဲဒါကြီးက ကျွန်မတို့ကို သတိထားမိပုံမရသေးဘူးလို့ ကျွန်မခံစားရတယ်”
လင်းရှန်သည် ချက်ချင်းပင် လက်သီးကို တင်းတင်းဆုပ်ကာ ခက်ထန်သော အမူအရာဖြင့် ပြောလိုက်သည်၊၊
‘’ဖာ့ခ်…အဲဒီနေရာက ဂြိုဟ်ပတ်ရထားလမ်း ရှိတဲ့နေရာပဲ...‘’
‘’ဘယ်လိုလုပ်ကြမလဲ ‘’
ထိုစကားကို ကြားသောအခါ ကီကီ၏ မျက်နှာဖြူလျော်သွားပြီး လှည့်ကြည့်ကာ မေးလိုက်သည်၊၊
“အစ်မချန်တို့ အဲဒီမှာရှိနေတယ်”
ဂျိန်းး
မိုးခြိမ်းသံကြီးက ကောင်းကင်ယံမှ ဟိန်းထွက်လာပြီး ကျွန်းတစ်ခုလုံး လှိုင်းလုံးများကြားတွင် ယိမ်းထိုးတုန်ခါသွားသလို ခံစားရသည် ကြောက်မက်ဖွယ် မုန်တိုင်းအောက်တွင် သာမန်လူများဆိုလျှင် မော့ကြည့်ရန်ပင် သတ္တိမရှိနိုင်လောက်တော့ပေ၊၊ လင်းရှန်၏ ရင်ခုန်သံမှာလည်း လျှပ်စီးကဲ့သို့ မြန်ဆန်နေပြီး သူက အံကြိတ်ကာ ပြောလိုက်သည်၊၊
“သူတို့ကို အရင်ကယ်မယ်၊၊ ပြီးမှ ကောင်းကင်အမိုးခုံးရထားနဲ့ ဆုတ်ခွာမယ်”
‘’လင်းရှန် ‘’
သူ့စကားပင် မဆုံးသေးခင် ကီကီက ရုတ်တရက် အော်ဟစ်လိုက်သဖြင့် လင်းရှန် မော့ကြည့်လိုက်သည်၊၊ ကောင်းကင်တစ်ခုလုံး မီးတောက်များ လောင်ကျွမ်းနေပြီး မိုးတိမ်များကလည်း အောက်သို့ ဖိကျလာကာ မီတာ ရာချီမြင့်သော ဆူနာမီလှိုင်းလုံးကြီးများက အနောက်ဘက်ကမ်းခြေသို့ ဦးတည်လာသည်၊၊ မိုးတိမ်များအထက်မှ ထိုဧရာမ အရိပ်ကြီးမှာ မိုးခြိမ်းသံများနှင့်အတူ သူတို့ရှိနေသော ကျောက်ဆောင်ပေါ်သို့ ချက်ချင်းဆိုသလို ပေါ်လာသည်၊၊
ခဏအတွင်းမှာပင် ကောင်းကင်နှင့် မြေကြီးကြားရှိ အသံများအားလုံး ခေတ္တမျှ ပျောက်ကွယ်သွားသလို လင်းရှန် ခံစားလိုက်ရပြီး နောက်တစ်စက္ကန့်တွင် နားကြပ်ထဲမှ ရှီဇီ၏ အော်ဟစ်သံကို ကြားလိုက်ရသည်၊၊
“ကျွန်မတို့ဆီကို လာနေပြီ”
ဝူး
ခဏအတွင်းမှာပင် လင်းရှန်၏ နာနိုစွမ်းအားဝတ်စုံမှ တွန်းကန်အားစနစ်များ အပြည့်အဝ အလုပ်လုပ်သွားပြီး ကီကီနှင့် ရှီဇီကို ဆွဲကာ နောက်ဘက်ရှိ ချိုင့်ဝှမ်းထဲသို့ အမြန်ဆုံး ခုန်ဆင်းလိုက်သည်၊၊
‘’အား”
ကီကီ၏ အော်သံတိုလေးတစ်ခု ထွက်ပေါ်လာပြီး ပြင်းထန်သော စိတ်စွမ်းအင်လှိုင်းတစ်ခုက ဖြာထွက်လာသည်၊၊ သူတို့ရပ်နေသော ကျောက်တောင်၏ ထက်ဝက်ခန့်မှာ ချက်ချင်း ပြားချပ်သွားသည်၊၊
ထိုခဏတွင် လင်းရှန်နှင့် ကီကီတို့၏ ပေါင်းစပ်အရှိန်ကြောင့် စွမ်းအားဝတ်စုံ၏ ခံနိုင်ရည်မှာ 12G ကျော်သွားကာ ရှီဇီလည်း မျက်စိထဲ ပြာသွားပြီး နှာခေါင်းနှင့် ပါးစပ်မှ သွေးများ ထွက်လာသည်အထိ မီတာ တစ်ထောင်ကျော်အကွာသို့ လွင့်ပါသွားခဲ့သည်၊၊
သူမ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် ကျောက်တောင်တန်းများကို ကျော်ဖြတ်လာသော ဧရာမ လှိုင်းလုံးကြီးများနှင့် တိမ်မည်းများအောက်မှ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သည့် ဧရာမလက်တံကြီး နှစ်ခုက အောက်သို့ ရိုက်ချလာသည်ကို တွေ့လိုက်ရသည်၊၊
ဝုန်း
နောက်တစ်ခဏတွင် ကျောက်ဆောင်တန်းတစ်ခုလုံး ပြိုကျသွားပြီး လှိုင်းလုံးများနှင့် သဲများမှာ မြေကမ္ဘာကြီး မှောက်ခုံဖြစ်သွားသကဲ့သို့ ကောင်းကင်သို့ လွင့်စင်တက်သွားသည်၊၊
ထိုဖျက်ဆီးမှုမှာ ချက်ချင်းဆိုသလို ဖြစ်ပွားသွားခြင်းဖြစ်ပြီး လင်းရှန်နှင့် ကီကီတို့ အမြန်ဆုံး ဆုတ်ခွာခဲ့သော်လည်း ပေါက်ကွဲထွက်လာသော တုန်ခါမှုလှိုင်းကြောင့် လေထဲသို့ လွင့်ပါသွားကာ တောအုပ်တစ်ခုထဲသို့ ကျဆင်းသွားသည်၊၊
ကီကီ၏ စိတ်စွမ်းအင်ဒိုင်းမှာ မီးတောက်နေသော အလုံးကြီးတစ်လုံးနှင့် တူနေပြီး သူတို့သုံးဦးကို ကာကွယ်ပေးထားကာ တောအုပ်အတွင်း မီတာ တစ်ရာကျော်ရှည်သော မြောင်းကြီးတစ်ခု ဖြစ်သွားသည်အထိ ပွတ်တိုက်သွားသည်၊၊
ဘီဘီဘီ
[စွမ်းအင် လွန်ကဲနေသည်၊၊ စွမ်းအင် လွန်ကဲနေသည်]
လင်းရှန်၏ စွမ်းအားဝတ်စုံ စနစ်မှ သတိပေးချက်များ တဆက်တည်း တက်လာသည်
“လခွမ်း... ဒီကောင်ကြီးက ငါ့ကိုပဲ ရည်ရွယ်ချက်ရှိရှိ လိုက်နေသလိုပဲ”
သမုဒ္ဒရာနတ်ဘုရားကြီး၏ လှုပ်ရှားမှုများမှာ ဥက္ကာခဲကျသကဲ့သို့ ပြင်းထန်လှပြီး အနောက်ဘက်ကမ်းခြေ ကျောက်ဆောင်တောင်တန်းကြီး၏ ထက်ဝက်ခန့်ကို ချက်ချင်း အမှုန့်ချေပစ်လိုက်သည်၊၊ လင်းရှန်တို့လည်း ထိုသတ္တဝါကြီးရှေ့တွင် ယင်ကောင်များပမာ အသည်းအသန်ထွက်ပြေးနေရပြီး ထွက်ပေါ်လာသော တုန်ခါမှုလှိုင်းများကပင် စွမ်းအားဝတ်စုံ၏ ခံနိုင်ရည်ထက် ကျော်လွန်နေသည်၊၊
ဆူနာမီနှင့် တောင်ပြိုမှုများ မရပ်တန့်သေးခင်မှာပင် လင်းရှန်က ပျံတက်လိုက်သည်၊၊ သူတို့သုံးဦး၏ စွမ်းအားဝတ်စုံများမှ ပြင်းထန်သော တွန်းကန်အားများ ထွက်ပေါ်လာပြီး ဖုန်မှုန့်များကြားမှ အသံထက်မြန်သော အရှိန်ဖြင့် ပျံထွက်လာခဲ့သည်၊၊
“ကျွန်မတို့ကို အမှတ်အသား လုပ်ထားတာလား မသိဘူး”
လင်းရှန်နှင့် အတူ ပျံသန်းနေသော ကီကီက မေးလိုက်သည်၊၊
“မသိဘူး”
လင်းရှန် ထိုအကြောင်းကို စဉ်းစားနေရန် အချိန်မရှိပေ၊၊ သူက ကောင်းကင်မှ မုန်တိုင်းအရိပ်ကြီးကို အကဲခတ်ရန် ပြင်လိုက်စဉ်မှာပင် အထက်မှ မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် အနက်ရောင် လက်တံကြီးတစ်ခုက မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ မိုးမျှော်တိုက်ကြီးတစ်ခုလို အောက်သို့ ထိုးစိုက်ကျလာသည်၊၊
“သတိထား”
ကီကီက အရင်ဆုံးတုံ့ပြန်လိုက်ပြီး လင်းရှန်နှင့် ရှီဇီကို ဘေးသို့ လွင့်စင်သွားအောင် စွမ်းအင်လှိုင်းဖြင့် တွန်းထုတ်လိုက်သည်၊၊ နောက်တစ်စက္ကန့်တွင် ထိုဧရာမ လက်တံကြီးက အနီရောင် လျှပ်စစ်စွမ်းအင်လှိုင်းများနှင့်အတူ ရိုက်ချလိုက်သဖြင့် ကီကီကိုယ်တိုင်လည်း လွင့်စင်သွားသည်၊၊ ထိုလက်တံကြီးနှင့် ယှဉ်လျှင် သူတို့သုံးဦးမှာ ပိုးကောင်လေးများကဲ့သို့ပင်၊၊
ဝုန်း
ကောင်းကင်မှ ဆင်းသက်လာသော ထိုလက်တံမှာ တောင်ကြောထဲသို့ တိုက်ရိုက်ထိုးစိုက်သွားပြီး မီတာရာချီမြင့်သော တောင်ကုန်းကို ခဏအတွင်းမှာပင် မြေစာပုံဖြစ်သွားစေသည်၊၊
‘’သေစမ်း...‘’
တုန်ခါမှုကြောင့် လင်းရှန် ခေါင်းထဲ မူးနောက်သွားသော်လည်း ရှီဇီ၏ စွမ်းအားဝတ်စုံကို အဝေးသို့ လှမ်း၍ ထိန်းပေးလိုက်သည်၊၊ ထို့နောက် ဆင်းသက်လာသော အနက်ရောင်လက်တံကြီးကို သူ့ညာလက်ဖြင့် လှမ်းဖမ်းလိုက်သည့် အမူအရာလုပ်လိုက်သည်၊၊ သူ့နောက်ကျောမှ စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်း သုံးခုက တစ်လွှာချင်းစီ လင်းထိန်လာပြီးနောက် သူက အော်ဟစ်လိုက်သည်၊၊
“ကလေးမ နောက်ဆုတ်တော့”
ဝှမ်းးး
ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံရှိ အနက်ရောင် ယန္တရားတံခါးကြီး ပွင့်ထွက်သွားပြီး ဗာမီလီယံ၏ ပလာစမာဓားသွားကို ကိုင်ဆောင်ထားသည့် ဧရာမယန္တရားလက်ကြီးတစ်ခု ထွက်ပေါ်လာသည်၊၊ ထိုပြုပြင်ထားသည် ရွှမ်းဝူ၏ ညာဘက်ယန္တရားလက်ပေါ်မှ ရာနှင့်ချီသော အင်ဂျင်များက တဝေါဝေါအော်ဟစ်နေပြီး ဂျက်အင်ဂျင်များ၏ အရှိန်ဖြင့် အနီရောင်စွမ်းအင်ဓားကို ကိုင်ဆောင်ကာ အနက်ရောင်လက်တံကြီးကို ကန့်လန့်ဖြတ်ခုတ်ပိုင်းလိုက်လေသည်၊၊