← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁) - လက်နက်လွတ်ထွက်သွားရာမှ လုပ်ကြံသူကို နှိမ်နင်းနိုင်ခဲ့ခြင်း

တိုက်မိသံသည် ဗုံတီးလိုက်သကဲ့သို့ပင် လူတိုင်း၏ ရင်ကို တုန်လှုပ်သွားစေသည်။

မင်းသား(၅) ရှောင်ယန်မှာ သူ၏ခါးအောက်ပိုင်း တစ်ခုလုံး ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး၊ တစ်ချိန်တည်းမှာပင် အပ်ပေါင်းများစွာက သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည့်အတိုင်း တစ်ကိုယ်လုံး ထုံကျင်သွားသည်။

သူ အမြဲတမ်း ဂုဏ်ယူခဲ့ရသော အောက်ပိုင်းခွန်အားသည် ဤအခိုက်အတန့်တွင် နည်းနည်းမျှပင် အသုံးမဝင်တော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားကာ လက်မောင်းတွင် ရှိနေသော အားအင်များလည်း ဆုတ်ယုတ်သွားခဲ့လေသည်။

သူ၏အသက်သခင်ကဲ့သို့ တန်ဖိုးထားသော ရွှေခြင်္သေ့ခေါင်းပါ လှံရှည်ကြီးမှာ ထိုအခိုက်အတန့်တွင် ချောကျိနေသော ငါးရှဉ့်တစ်ကောင်အလား လက်ထဲမှ "ရှူး" ခနဲ လွတ်ထွက်သွားတော့၏။

"ဝှစ်—"

လှံရှည်သည် ဖြောင့်တန်းစွာ ပြေးထွက်သွားပြီး ၊ လှံဖျားထိပ်တွင် အေးစက်စွာ တောက်ပနေကာ လေတိုးသံနှင့်အတူ စင်မြင့်ဘေးဘက်ရှိ လူအုပ်ကြီးဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွား၏။

"အား—”

"သတိထားကြ”

စင်အောက်တွင် ချက်ချင်းလက်ငင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ အော်ဟစ်သံများ အစီအရီ ထွက်ပေါ်လာပြီး ၊ ကြောက်တတ်သော နန်းတွင်းသူများနှင့် မိန်းမစိုးအချို့မှာ ကြောက်လန့်တကြားဖြင့် ဖြူဖျော့သွားကာ ခေါင်းကိုလက်ဖြင့် အုပ်၍ အသားကုန် ရှောင်ပြေးလေတော့၏။

ထိုထိန်းမနိုင်သိမ်းမရ လွင့်ထွက်လာသော လှံရှည်ကြီးသည် မိမိတို့၏ ခန္ဓာကိုယ်ထဲသို့ ဖောက်ဝင်လာမည်ကို ကြောက်မိသည်။

လှံ၏ အရှိန်မှာ အလွန်ပြင်းထန်သောကြောင့် လူအုပ်ထဲသို့ ကျရောက်သွားပါက အကျိုးဆက်မှာ မတွေးဝံ့စရာပင်။

မင်းသမီးကြီး ရှောင်နီရှန်း၏ မျက်နှာမှာလည်း ဖြူဖပ်သွားကာ မျက်လုံးများ ပြူးကျယ်လာပြီး နေရာမှ ထရပ်လုနီးပါး ဖြစ်သွားခဲ့သည်။

မင်းသား(၃) ရှောင်ကျင်း၏ မျက်နှာထက်ရှိ နွေးထွေးသော အပြုံးမှာလည်း တောင့်တင်းသွားပြီး ၊ မျက်ဝန်းထဲတွင် ထိတ်လန့်နေသော အရိပ်အယောင်များ ဖြတ်ပြေးသွားလေ၏။

ဤမျှ အရေးကြီးသော အခိုက်အတန့်တွင် မျှော်လင့်မထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

စင်မြင့်၏ အစွန်းဘက်တွင် မြားပစ်ပစ်မှတ်များကို သယ်ယူပို့ဆောင်ရန် တာဝန်ကျသော သာမန်အစောင့်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် အမြဲတမ်း ခေါင်းငုံ့ထားသဖြင့် မည်သူမျှ သတိမထားမိခဲ့ကြပေ။

ဤအခိုက်အတန့်တွင်၊ သူသည် ပုန်းအောင်းနေသော တောခွေးတစ်ကောင်အလား ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး၊ သူ၏မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင်များ ရှိနေခဲ့သည်။

သူသည် ခါးကြားမှ တောက်ပြောင်နေသော ဓားတိုတစ်ချောင်းကို ခပ်မြန်မြန် ဆွဲထုတ်လိုက်ပြီး အမြောက်ဆန်ကဲ့သို့ အရှိန်ရှိန်ဖြင့် ပြေးထွက်လာကာ စင်မြင့်အလယ်ရှိ ဧကရာဇ်မင်း ရှောင်ယွမ်ထံသို့ တည့်တည့် ခုန်ဝင်လာခဲ့သည်။

"ခွေးဧကရာဇ်... သေပေတော့”

ကြမ်းတမ်းပြီး အငြိုးအတေးများဖြင့် ပြည့်နှက်နေသော အော်ဟစ်သံသည် လေ့ကျင့်ရေးကွင်း တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

ဤရုတ်တရက် အပြောင်းအလဲကြောင့် လူတိုင်း ကြောင်တောင်တောင်ဖြင့် ရပ်ကြည့်နေမိကြသည်။ လုံခြုံရေး တင်းကျပ်သော ဤတော်ဝင်လေ့ကျင့်ရေး ကွင်းထဲတွင် လုပ်ကြံသတ်ဖြတ်သူတစ်ဦးသည် ဧကရာဇ်မင်းမြတ်နှင့် ဤမျှအထိ နီးကပ်စွာ ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။

ထိုကိုယ်ရံတော်၏ ကိုယ်လက်လှုပ်ရှားမှုသည် လျင်မြန်သွက်လက်ကာ အမူအရာမှာလည်း ရက်စက်လှသဖြင့် ၊ ၎င်းသည် အထူးလေ့ကျင့်ထားသော အသေခံစစ်သည် ဖြစ်သည်မှာ ထင်ရှားသည်။

သူ ရွေးချယ်လိုက်သော အချိန်မှာလည်း အလွန်ကို ပါးနပ်ပေသည်။ လူတိုင်း၏ အာရုံသည် လွင့်ထွက်သွားသော လှံရှည်ဆီသို့ ရောက်နေသည့် အခိုက်အတန့်မှာပင် လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။

ကိုယ်ရံတော်တပ်မှူးနှင့် အနီးကပ် ကိုယ်ရံတော်အချို့မှာ ချက်ချင်းပင် တုံ့ပြန်ခဲ့ကြသော်လည်း အကွာအဝေးကြောင့် တစ်လှမ်း နောက်ကျသွားခဲ့သည်။

ဧကရာဇ်မင်း ရှောင်ယွမ်၏ မျက်လုံးအိမ်များမှာလည်း ကျုံ့ဝင်သွားသည်။ သူသည် လုပ်ကြံသူ၏ ကြောက်မက်ဖွယ်ရာ မျက်နှာနှင့် ဓားမြှောင်ပေါ်မှ ရောင်ပြန်ဟပ်လာသော အေးစက်စက် အလင်းရောင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရပြီ ဖြစ်ရာ ၊ သေခြင်းတရား၏ အငွေ့အသက်များသည် သူ့ကို တခဏချင်းမှာပင် လွှမ်းမိုးသွားလေတော့၏။

သို့သော်လည်း ထိုအခိုက်အတန့်မှာပင် ၊

လုပ်ကြံသူ၏ ဓားမြှောင်သည် ဧကရာဇ်မင်း ရှောင်ယွမ်၏ လည်ပင်းကို ထိတော့မည့်အချိန် ၊ ငွေရောင်အလင်းတန်းတစ်ခုသည် လေထဲမှ ဖြတ်သန်းရောက်ရှိလာခဲ့သည်။

"ဖောက်—!"

လက်နက်တစ်ခုသည် အသားထဲသို့ ထိုးစိုက်ဝင်သွားသော အသံသည် တိတ်ဆိတ်ငြိမ်သက်နေသော လေ့ကျင့်ရေးကွင်းထဲတွင် ရှင်းလင်းစွာ ထွက်ပေါ်လာလေ၏။

လူအုပ်ထဲသို့ ပြေးဝင်သွားသင့်သော ရွှေခြင်္သေ့ခေါင်းပါ လှံရှည်သည် မျက်လုံးများ ပေါက်လာသည့်အလား ထိုလုပ်ကြံသူ၏ ရင်ဘတ်ကို နောက်ကျောဘက်မှနေ၍ တိတိကျကျ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။ လှံဖျားသည် သူ၏ခန္ဓာကိုယ်ထဲမှ ဖောက်ထွက်လာကာ သွေးများ တတောက်တောက် စီးကျလာလေ၏။

ရှေ့သို့ တိုးဝင်လာသော လုပ်ကြံသူ၏ အရှိန်မှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ လက်ထဲမှ ဓားမြှောင်သည် ဧကရာဇ်မင်း ရှောင်ယွမ်၏ လည်ပင်းနှင့် သုံးလက်မသာ ကွာဝေးတော့သော်လည်း၊ ထိုသုံးလက်မမှာ သူ ဘယ်တော့မှ မကျော်ဖြတ်နိုင်တော့မည့် အတားအဆီးတစ်ခု ဖြစ်သွားခဲ့လေပြီ။

သူသည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် မိမိ၏ရင်ဘတ်ကို ဖောက်ထွက်နေသော လှံတံကို ငုံ့ကြည့်နေမိသည်။ မျက်ဝန်းထဲတွင် မကျေနပ်မှု ၊ ဝေခွဲမရမှုများဖြင့် ပြည့်နှက်နေကာ မျက်လုံးပြူးလျက်သား မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျကာ နေရာမှာတင် အသက်ပျောက်သွားလေသည်။

လေ့ကျင့်ရေးကွင်းတစ်ခုလုံး ထူးထူးဆန်းဆန်း တိတ်ဆိတ်သွားပြီး အပ်ကျသံပင် ကြားရလောက်သည်။

မျက်စိတမှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားသော မယုံနိုင်စရာ အပြောင်းအလဲကြောင့် လူတိုင်း ဆွံ့အနေလေ၏။

နောက်အခိုက်အတန့်တွင် မည်သူက အရင် ပြန်သတိကပ်လာလေသလဲ မသိ။ အသားကုန် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အိမ်ရှေ့စံမင်းသားရဲ့ ဘုန်းတန်ခိုး ကြီးမားလှပါပေတယ်”

ဤသို့ဖြင့် ၊ တောင်ပြိုကမ်းပြိုသည့်အလား ကျယ်လောင်သော ဩဘာသံများသည် လေ့ကျင့်ရေးကွင်းတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။

"အိမ်ရှေ့စံမင်းသားဟာ အသက်ကို ကာကွယ်ပေးပြီး အကျိုးဆောင်ခဲ့တယ်”

" ပြောင်မြောက်လှတဲ့ အရည်အချင်း ၊ အိမ်ရှေ့စံမင်းသား တန်ခိုးကြီးမားလှပါပေတယ်”

" သာ့ရှမင်းဆက်ကို ကောင်းကင်ဘုံက စောင့်ရှောက်ပေးထားတာပဲ၊ အိမ်ရှေ့စံမင်းသားဟာ နဂါးစစ်စစ်က‌နေ ဆင်းသက်လာတာပဲ”

အခန်း (၂၂)

ချီးကျူးဂုဏ်ပြုသံများမှာ နားကွဲမတတ်ပင်။ သူတို့၏ အမြင်တွင် အိမ်ရှေ့စံမင်းသား၏ ပြောင်မြောက်လှသော အရည်အချင်းကြောင့်သာ မင်းသား(၅)သည် လှံကို လွတ်ထွက်သွားခဲ့ပြီး၊ ထိုလွတ်ထွက်သွားသော လှံသည်လည်း ‘ နတ်ဘုရားမှ ကူညီသည့်အလား’ လုပ်ကြံသူကို သတ်ဖြတ်ကာ ဧကရာဇ်မင်းမြတ်၏ အသက်ကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ ဘုန်းတန်ခိုးမှလွဲ၍ အဘယ်အရာများ ရှိ‌ဦးမည်နည်း။

ရှောင်ရှန်းမှာ ယခုလေးတင်မှ မျက်နှာလေး ရှုံ့မဲ့ကာ မြေပြင်ပေါ်မှ ထလာရသည်။ စောနက ခြေချော်လဲမှုသည် သူ၏ တင်ပါးကို အတော်လေး နာကျင်သွားစေခဲ့၏။

သူသည် ဝတ်စုံပေါ်မှ ဖုန်များကို ခါရင်း ရှေ့မှ ဖြစ်ပျက်သွားသော မယုံနိုင်စရာ မြင်ကွင်းကို ကြောင်တောင်တောင်ဖြင့် ရပ်ကြည့်နေမိသည်။

လုပ်ကြံသူ၏ နောက်ကျောတွင် စိုက်ဝင်နေသော လှံတံကြီးမှာ လောင်ဝူ(မင်းသား၅)၏ လှံတံပင်။

သရဲတစ္စေကို မြင်လိုက်ရသည့်အလား အူကြောင်ကြောင်နှင့် ပါးစပ်အဟောင်းသား ဖြစ်နေသော မင်းသား(၅) ရှောင်ယန်မှာလည်း နေရာမှာတင် မှင်သက်နေလေ၏။

နဂါးပလ္လင်ပေါ်ရှိ ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ထိတ်လန့်မှု မပြေသေးသော ဖခမည်းတော် ရှောင်ယွမ်မှာလည်း တုန်လှုပ်နေဆဲပင်။

ရှောင်ရှန်းခမျာ မျက်တောင်လေး ပုတ်ကလပ်ပုတ်ကလပ်ဖြင့် ရှုပ်ထွေးနေလေ၏။

"ဒါ... ဒါမျိုးလည်း ရတာပဲလား”

သူသည် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ ဤလေသံမှာ မယုံနိုင်လောက်အောင် ရယ်စရာကောင်းသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

သူ့ခမျာ ခြေချော်လဲပြီး အရှက်ကွဲချင်ရုံတင်ပါ၊ ဘယ်လိုဖြစ်ပြီး ထပ်ပြီးတော့ အကျိုးဆောင်သွားရပြန်တာလဲ …

ဒါကလည်း ဧကရာဇ်မင်းမြတ်ကို ကယ်တင်တဲ့ အကျိုးဆောင်မှုကြီးတဲ့လား …

ဒီငပျင်းတစ်ယောက်ရဲ့ ကံကြမ္မာအကာအကွယ်ပေးမှုကြီးက နည်းနည်းတော့ ပိုလွန်းမနေဘူးလား…

စင်မြင့်ပေါ်တွင် စစ်သေနာပတိချုပ် ချင်ချန်း၏ အမြဲတမ်း ခပ်တည်တည် နေတတ်သော မျက်နှာမှာ ယခု အံ့သြချီးကျူးမှုများဖြင့် ပြည့်နှက်နေလေ၏။

သူသည် ပေါင်ကို ဖြန်းခနဲ ပုတ်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ကောင်းတယ်၊ ကောင်းလိုက်တဲ့ အိမ်ရှေ့စံမင်းသား …ကြည့်ရတာတော့ မတော်တဆ ဖြစ်သလိုလိုနဲ့ တကယ်တော့ အရာရာကို တွက်ချက်ထားတာပဲ”

“ ရန်သူကို ကြိုတင်သိမြင်နေတာပဲ…ဒီလောက်ထိ အန္တရာယ်များတဲ့ အခြေအနေမှာတောင် ခုလို ဖြေရှင်းနိုင်တာဟာ အတော်ကို ထူးခြားတဲ့ အစွမ်းအစပဲ”

ချင်ချန်းမှာ ရှောင်ရှန်းကို ကြည့်ရင်း ခန့်မှန်းရခက်သော ခံစားချက်မျိုးကို ခံစားနေမိသည်။ဤတိုက်ခိုက်မှုသည် မတော်တဆ ခြေချော်သွားသည့်ဟန် ထင်ရသော်လည်း၊ မင်းသား(၅)၏ လက်နက်ကို အချိန်ကိုက် လွင့်ထွက်သွားစေပြီး ထိုလက်နက်ကလည်း လုပ်ကြံသူကို တိတိကျကျ သတ်ဖြတ်နိုင်လိမ့်မည်ဟု မည်သူကများ ထင်ထားလိမ့်မည်နည်း။

ဤကဲ့သို့ တွက်ချက်မှု၊ တိကျမှုမှာ အတော်လေးကို အံ့ဩစရာကောင်းပေသည်။ အိမ်ရှေ့စံမင်းသားသည် လုပ်ကြံသူရှိနေမှန်း ကြိုတင် သိရှိထားပြီး၊ မင်းသား(၅) နှင့် သိုင်းပြိုင်ခြင်းကို အခွင့်ကောင်းယူကာ ဤထောင်ချောက်ကို ဆင်ထားခြင်း ဖြစ်မည်ဟုပင် သူ သံသယဖြစ်မိသည်။

ဧကရာဇ်မင်း ရှောင်ယွမ်သည်လည်း အဆုံးတွင် ထိတ်လန့်ရာမှ ပြန်သတိကပ်လာခဲ့သည်။ သူသည် အသက်ပြင်းပြင်းရှူကာ ရင်ထဲမှ မငြိမ်သက်မှုများကို ဖိနှိပ်လိုက်ပြီး၊ သူ၏ စူးရှနက်ရှိုင်းသော အကြည့်များဖြင့် ရှောင်ရှန်းကို စိုက်ကြည့်လိုက်သည်။

ထိုအကြည့်ထဲတွင် သံသယ၊ အကဲခတ်မှုများ၊ စုံစမ်းလိုမှုများနှင့် သူကိုယ်တိုင်ပင် ရှင်းပြရခက်သော ရှုပ်ထွေးသည့် ခံစားချက်များ ရှိနေခဲ့သည်။

သူသည် လေသံကို ထိန်းကာ အေးအေးဆေးဆေး စကားစလိုက်သည်။

"အိမ်ရှေ့စံ... မင်း... ငါကိုယ်တော်ကို နောက်တစ်ကြိမ် ကယ်တင်လိုက်ပြန်ပြီ..."

ဤ "နောက်တစ်ကြိမ်" ဆိုသော စကားလုံးမှာ အဓိပ္ပာယ်နက်နဲလှသည်။

ရှောင်ရှန်းသည် ခမည်းတော်၏ သံသယ နှင့် စုံစမ်းလိုသော အရိပ်အယောင်များ ပါဝင်နေသည့် လေသံကို နားထောင်ရင်း ၊ တစ်ဖန် ဘေးပတ်ဝန်းကျင်ရှိ သူ့ကို မိုးထိအောင် မြှောက်ပင့်ချီးမွမ်းနေကြသော အရာရှိများကို ကြည့်ရင်း ၊ မိမိ၏ ‘ နန်းချခံရဖို့အရေး တို့အရေး’ စီမံကိန်းကြီးမှာ ဝေးကွာသွားပြီဖြစ်ကြောင်း သတိပြုမိကာ တစ်ခေါင်းလုံး ချာချာလည်နေတော့၏။

ငါ့ကို အေးအေးလူလူ ပျင်းရိခွင့် မပေးတော့ဘူးလား…

သူ၏ ရင်ထဲတွင် ငိုချင်းချနေသော်လည်း မျက်နှာမှာမူ အူကြောင်ကြောင် ပုံစံကို ဖန်တီးထားရသည်။ စောနက လဲကျထားသော သနားစရာပုံစံနှင့် ပေါင်းစပ်လိုက်လျှင် "ကံကောင်းလို့ အသက်ရှင်သည့်" အပြစ်ကင်းစင်းသော ပုံစံလေးနှင့် တူနေလေ၏။

"ခမည်းတော်”

ရှောင်ရှန်းသည် သတိထားပြီး ရှင်းပြရန် ကြိုးစားလိုက်သည်။

"သားတော်... သားတော် ခုနက တကယ်ပဲ ခြေချော်လဲသွားတာပါ..."

သို့သော် ထိုစကားသည် လူအများ၏ နားထဲတွင် အိမ်ရှေ့စံမင်းသား၏ နှိမ့်ချတတ်သော စကားများအဖြစ် ကြားနေရပြီး ၊ မိမိ၏ အစွမ်းအစကို ဖုံးကွယ်ထားသည် ဟူသော နောက်ထပ် ငြင်းမရသော သက်သေ အထောက်အထားတစ်ခုလိုပင်။

ဧကရာဇ်မင်း ရှောင်ယွမ်၏ မျက်နှာသည် မဲမှောင်သွားပြီး မျက်ဝန်းများမှာ အေးစက်သွားသည်။ ယနေ့ကိစ္စသည် သေချာပေါက် မတော်တဆ မဖြစ်နိုင်ပေ။

သူသည် ရှောင်ရှန်းကို ထပ်မံကြည့်လိုက်ပြီး စူးစမ်းလိုသော လေသံဖြင့် မေးမြန်းလိုက်သည်။

"အိမ်ရှေ့စံ၊ မင်း ဒီကိစ္စအပေါ် ဘယ်လို အမြင်ရှိသလဲ”

ရှောင်ရှန်းတစ်ယောက် ထိုစကားများကို ကြားလိုက်ရချိန်တွင် တစ်ခေါင်းလုံး ထုံထိုင်းသွားသည်။

စိတ်ထဲတွင်တော့ ဤသို့ ရေရွတ်နေလေ၏။

"ငါက ဘာအမြင် ရှိရမှာတုန်း … ငါ့ရဲ့ တစ်ခုတည်းသော အမြင်ကတော့ ငါ့ကံတရားက အရမ်းကို ဆိုးရွားလွန်းနေတာပဲ”

သို့သော်လည်း စကားပြောခါနီးတွင် သူ့ခေါင်းထဲ၌ မနေ့ညက ဖတ်ခဲ့သော ဝတ္ထုတစ်ပုဒ်ထဲမှ ဇာတ်ကွက်ကို ရုတ်တရက် သတိရသွားကာ လွှတ်ခနဲ ပြောလိုက်မိသည်။

"ခမည်းတော်၊ ဒီလုပ်ကြံသတ်ဖြတ်သူက... သားတော်ကို ဦးတည်လာတာလား မသိဘူးနော်”

ရှောင်ရှန်း၏ “ခမည်းတော်... ဒီလုပ်ကြံသတ်ဖြတ်သူက... သားတော့်ကို ဦးတည်လာတာလား မသိဘူးနော်” ဟူသော စကားတစ်ခွန်းသည် ပွက်ပွက်ဆူနေသော ဆီအိုးထဲသို့ ရေခဲတစ်တုံး ပစ်ချလိုက်သကဲ့သို့ ချက်ချင်းဆိုသလို ရုတ်ရုတ်သဲသဲ ဖြစ်သွားလေတော့သည်။

All Chapters