← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉) - ကောင်းကင်ဘုံသို့ ယဇ်ပူဇော်ခြင်းအခမ်းအနား

အရှေ့နန်းဆောင်။

ရှောင်ရှန်းတစ်ယောက် ကုလားထိုင်ပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်ကာ မျက်နှာကျက်ကိုသာ ငေးကြည့်နေမိသည်။

နန်းချခံရရန် မျှော်လင့်ချက်ဖြင့် သူကိုယ်တိုင် ရေးသားခဲ့သော အပြစ်ဝန်ခံလွှာကို ရှောင်သယ့်ဇီသည် တန်ဖိုးကြီးသော စန္ဒကူးသစ်သားဖြင့် ဘောင်ခတ်ကာ စာကြည့်ခန်း၏ အထင်ရှားဆုံး နေရာတွင် ချိတ်ဆွဲထားလေ၏။

ဘေးနားတွင်လည်း စိတ်ကို အေးချမ်းစေသော အမွှေးတိုင်များပင် ထွန်းညှိထားသည်။ ရှောင်ရှန်းခမျာ လူပေါင်းများစွာ ချီးကျူးနေကြသော ထိုအပြစ်ဝန်ခံလွှာကို ကြည့်ရင်း ခေါင်းပင် မူးနောက်လာကာ၊ နံရံနှင့်ခေါင်း ပြေးဆောင့်ပြီး သေပစ်ချင်မိတော့သည်။

ရှောင်ရှန်းတစ်ယောက် မိမိ၏ ဘဝသည် ထာဝရ အမှောင်ကျသွားပြီ ဖြစ်ကြောင်း နှင့် အိမ်ရှေ့စံရာထူးမှာလည်း သူ့ကိုယ်ပေါ်မှာတင် သံမှိုရိုက်ခံလိုက်ရပြီ ဖြစ်ကြောင်း ခံစားနေရချိန်တွင် သူ၏ မျှော်လင့်ချက်မီးလျှံကို ပြန်လည် တောက်လောင်စေမည့် သတင်းတစ်ခု ရောက်ရှိလာခဲ့သည်။

၎င်းမှာ နှစ်ကုန် ကောင်းကင်ဘုံ ဝတ်ပြုကိုးကွယ်မှု အခမ်းအနား ဖြစ်ကာ သာရှမင်းဆက်၏ အခမ်းနားဆုံးနှင့် အလေးအမြတ်ထားသော အခမ်းအနားများထဲမှ တစ်ခုဖြစ်သည်။

ရိုးရာအစဉ်အလာအရ ဧကရာဇ်မင်းကိုယ်တိုင် အခမ်းအနားကို ကိုယ်တိုင်ကြီးကြပ်ပြီး ၊ တိုင်းပြည်အေးချမ်းသာယာရေးနှင့် မိုးလေဝသမှန်ကန်ရေးအတွက် ကောင်းကင်ဘုံတွင် တောင်း‌ဆုပန်ရခြင်း ဖြစ်သည်။

သို့သော် ယခုနှစ်တွင် ဧကရာဇ်မင်း ရှောင်ယွမ်သည် ရုတ်တရက် နာမကျန်းဖြစ်ခဲ့သည်။

ထို့ကြောင့် အမိန့်တော်တစ်စောင် ထွက်ပေါ်လာခဲ့ပြီး၊ ဤသည်မှာ အိမ်ရှေ့စံ ရှောင်ရှန်းအား ခမည်းတော်ကိုယ်စား အခမ်းအနားကို ကျင်းပဆောင်ရွက်စေရန်ပင် ဖြစ်သည်။

"ဗူး—"

ရှောင်ရှန်းတစ်ယောက် သောက်လက်စ လက်ဖက်ရည်များပင် ပြန်အန်ထွက်ကုန်ကာ တဟွတ်ဟွတ် ဆိုးလေတော့၏။

ရှောင်သယ့်ဇီမှာ လန့်ဖျပ်သွားပြီး သူ့ကျောကို အမြန်ပုတ်ပေးလိုက်ရသည်။

"အရှင့်သား... ဖြည်းဖြည်းလုပ်ပါ၊ ဒါက အလွန်ကြီးမားတဲ့ ဂုဏ်ယူစရာပဲ မဟုတ်လား၊ ခမည်းတော်က အရှင့်ကို အားကိုးလို့ အခုလို ကိုယ်စားလုပ်ခိုင်းတာလေ ဒါဟာ နန်းလျာတစ်ယောက်ပဲ ရနိုင်တဲ့ အခွင့်အရေးပဲ”

ရှောင်ရှန်း၏ မျက်နှာကြီးမှာ နီလာရဲသည်အထိ တဟွတ်ဟွတ် ဆိုးနေသော်လည်း၊ ဦးနှောက်ထဲတွင် လျှပ်တပြတ် ဝင်းလက်သွားသည်။

‘ ပူဇော်ပွဲ ၊ ဒါကကောင်းကင်ဘုံက ပေးတဲ့ အခွင့်အရေးပဲ မဟုတ်လား’

‘ ပူဇော်ပွဲရဲ့ လုပ်ငန်းစဉ်တွေက ဘယ်လောက်တောင် ရှုပ်ထွေးလိုက်သလဲ ၊ စည်းကမ်းတွေကကော ဘယ်လောက် တင်းကျပ်သလဲ…’

‘ သူ့အနေနဲ့ အမှားတစ်ခုလောက် လုပ်လိုက်ရုံပဲ၊ ဆုတောင်းစာကို မှားဖတ်လိုက်တာ ဖြစ်ဖြစ်၊ အမူအရာ မှားယွင်းမိတာပဲ ဖြစ်ဖြစ်၊ နောက်ဆုံး ပူဇော်သက္ကာတွေကို မတော်တဆ ပြုတ်ကျအောက် လုပ်လိုက်လို့ကတော့ ကောင်းကင်ဘုံက အမျက်ထွက်ပြီး နိမိတ်ဆိုးတွေသာ ပြလာခဲ့ရင်…’

‘ခမည်းတော်အနေနဲ့ ဘယ်လိုမှ သည်းခံနိုင်တော့မှာ မဟုတ်ဘူး၊ ဒေါသတကြီးနဲ့ ဒီလို "နိမိတ်မကောင်းတဲ့" အိမ်ရှေ့စံကို ချက်ချင်း ရာထူးက ဖယ်ရှားစေ ဆိုပြီး မိန့်တော်မူနိုင်တယ် မဟုတ်လား’

"ဟားဟား... ဟားဟားဟားဟား”

ရှောင်ရှန်း တစ်ယောက် မအောင့်နိုင်တော့ဘဲ ထရယ်လေတော့သည်။ တွေးလေလေ ဖြစ်နိုင်ချေရှိလေလေဟု ထင်လာမိကာ၊ မှေးမှိန်နေသော သူ၏ မျက်ဝန်းများမှာ ယခုအခါတွင် သားရဲတစ်ကောင်ကဲ့သို့ပင် ဆိုးသွမ်းမှုများဖြင့် ပြည့်နှက်နေလေ၏။

"အရှင့်သား... အရှင့်သား အဆင်ပြေရဲ့လား”

ရှောင်သယ့်ဇီခမျာ သခင်ဖြစ်သူ၏ ငိုတစ်လှည့် ရယ်တစ်လှည့် အမူအရာများကို ကြည့်ပြီး ကြောက်လန့်နေမိသည်။

"ဘာမှမဖြစ်ဘူး၊ ငါကိုယ်တော် အကောင်းကြီးပဲ"

ရှောင်ရှန်းသည် ကုလားထိုင်ပေါ်မှ ဝုန်းခနဲ ထရပ်လိုက်ပြီး တက်ကြွစွာ ဆိုလိုက်သည် ။

"ရှောင်သယ့်ဇီ၊ အခုချက်ချင်း ထုံးတမ်းစဉ်လာဝန်ကြီး နဲ့ နက္ခတ်ဗေဒအရာရှိကို လာခိုင်းစမ်း၊ ငါကိုယ်တော် နတ်ပူဇော်ပွဲ လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်ပြီး အသေးစိတ် အချက်အလက်တွေကို သူတို့ဆီကနေ သင်ယူချင်တယ် “

သူသည် ‘သင်ယူ’ဆိုသော စကားလုံးကို အထူး အလေးပေးကာ ပြောလိုက်ပြီး၊ မျက်နှာပေါ်တွင် လျို့ဝှက်နက်နဲသော အပြုံးတစ်ခု လှစ်ဟသွားလေ၏။

နတ်ပူဇော်ပွဲကို အောင်မြင်စွာ ဖျက်ဆီးနိုင်ရေးအတွက် ရှောင်ရှန်းတစ်ယောက် နောက်ရက်များတွင် ပုံမှန်နှင့်မတူဘဲ "လုံလဝီရိယ" ရှိနေခဲ့သည်။

သူသည် ထုံထမ်းစဉ်လာ အရာရှိများနှင့် နက္ခတ်ဗေဒ အရာရှိများကို ခေါ်ယူကာ အဆင့်တိုင်း၊ အသေးစိတ်တိုင်းကို သေချာစွာ မေးမြန်းလေသည်။ ဆုတောင်းစာ၏ စာလုံးတိုင်းကိုပင် အလွတ်မပေးချေ။

ထုံးတမ်းစဉ်လာဝန်ကြီးသည် ရှေးပညာရှင်တစ်ဦး ဖြစ်ပေရာ၊ အိမ်ရှေ့စံသည် နတ်ပူဇော်ပွဲကို ဤမျှအထိ အလေးထားသည်ကို မြင်လိုက်ရသဖြင့် မျက်ရည်ကျလုမတတ် စိတ်လှုပ်ရှားခဲ့ရပြီး၊ အမှားအယွင်းမရှိစေရန် သူ သိသမျှ အရာအားလုံးကို အိတ်သွန်ဖာမှောက် သင်ကြားပေးလေတော့သည်။

ရှောင်ရှန်းသည် အပေါ်ယံတွင် အလွန် လေးလေးနက်နက် နားထောင်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေသော်လည်း၊ စိတ်ထဲတွင်မူ တိတ်တဆိတ် ရွေးချယ်နေ၏။

‘ အင်း... ဒီအဆင့်က မှားဖို့လွယ်တယ်၊ မှတ်ထားလိုက်မယ်၊ အဲဒီအချိန်ကျရင် ပြောင်းပြန်လုပ်ပစ်မယ်… ဒီဆုတောင်းစာက ဖတ်ရတာ ခက်ပြီး ရှုပ်ထွေးသားပဲ၊ ကောင်းတယ်’

‘အဲဒီအချိန်ကျရင် ရှေ့နောက်လွဲအောင် ဖတ်ပစ်မယ်၊ ဒီပူဇော်သက္ကာတွေ တင်တဲ့နေရာကလည်း စည်းကမ်းကြီးသားပဲ၊ အဲဒါလည်း ကောင်းတာပဲ၊ မတော်တဆဆိုပြီး ခြေထောက်နဲ့ ကန်ချပစ်မယ်’

အထူးသဖြင့် နတ်ပူဇော်ပွဲတွင် အမှားလုပ်မိ၍ ဘေးဒုက္ခကြုံခဲ့ရသော သမိုင်းဝင်သာဓကများရှိမရှိ၊ မည်သည့်အမှားက ကောင်းကင်ဘုံကို အမျက်ထွက်စေနိုင်ဆုံး ဖြစ်သည်ကိုပါ အသေးစိတ် မေးမြန်းခဲ့သည်။

ထုံးတမ်းစဉ်လာ အရာရှိများ နှင့် နက္ခတ်ဗေဒအရာရှိများမှာ ချွေးပြန်သွားကြပြီး၊ အိမ်ရှေ့စံမင်းသားသည် ပွဲအခမ်းအနားအတွက် အလွန်အမင်း သတိကြီးနေသည်ဟု ထင်ကာ နှစ်သိမ့်ပေးရှာသည်။

"အရှင့်သား စိုးရိမ်စရာမလိုပါဘူး၊ စိတ်ရင်းမှန်ရင် ကောင်းကင်ဘုံက စောင့်ရှောက်မှာပါ"

ရှောင်ရှန်း၏ စိတ်ထဲမှာတော့ ဤသို့ ကဲ့ရဲ့နေလေ၏။

'ငါကိုယ်တော်က တမင်တကာကို စိတ်ရင်း မမှန်အောင်ကို လုပ်မှာ'

ပူဇော်ပွဲ အခမ်းအနားကျင်းပသည့်နေ့တွင် ရာသီဥတုကလည်း ထူးထူးခြားခြား လိုက်လျောညီထွေ ရှိလှသည်။

မနက်စောစော အချိန်ကတည်းက မိုးကောင်းကင်မှာ အိုးဖင်ကဲ့သို့ မည်းမှောင်နေပြီး၊ တိမ်မည်းများက တစ်ထပ်ပြီးတစ်ထပ် စုဝေးနေလေ၏။

"ကောင်းတယ် အရမ်းကောင်းတယ်၊ ဒီလေထုနဲ့ အရမ်း ပြီးပြည့်စုံတယ်”

ရှောင်ရှန်းသည် အရှေ့နန်းဆောင်၏ ပြတင်းပေါက်နားတွင် ရပ်နေ‌ကာ ဤဆိုးရွားလှသော ရာသီဥတုကို ကြည့်ရင်း စိတ်ထဲတွင် နေသာနေ၏။

‘ ဒါဟာ ကောင်းကင်ဘုံက သူ့ကို "အကြီးအကျယ် လုပ်ဆောင်ဖို့" အရိပ်အယောင် ပေးနေတာပဲ မဟုတ်လား’

သူသည် နန်းတွင်းသူများ ဝတ်ဆင်ပေးသော လေးလံပြီး ရွှေဝါရောင်ဒီဇိုင်း အနားကွပ်များ ပါသည့် ပူဇော်ပွဲအခမ်းအနားဝတ်စုံနက်ကြီးကို လိမ်လိမ်မာမာဖြင့် ဝတ်ဆင်လိုက်သည်။

ခေါင်းတွင်လည်း သရဖူကို ဆောင်းကာ၊ ခါးတွင် ကျောက်စိမ်းပြားတစ်ခုကို ချိတ်ဆွဲလိုက်သည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် စိတ်မရှည်မှု၊ မျှော်လင့်ချက်တို့၏ အရိပ်အယောင်တို့ကို ဖော်ပြနေသည်။

အခန်း(၃၀)

မင်္ဂလာအချိန် ကျရောက်သည်နှင့် ၊ ခေါင်းလောင်းသံနှင့် ဗုံသံများက တပြိုင်နက် ထွက်ပေါ်လာကြသည်။

ရှောင်ရှန်းသည် မှူးမတ်အရာရှိများကို ခြံရံကာ ယဇ်ပလ္လင်ပေါ်သို့ တစ်လှမ်းချင်း တက်လှမ်းသွားသည်။

စင်မြင့်အောက်တွင် ဝတ်စုံအပြည့် ဝတ်ဆင်ထားသော အမတ်မင်းများက အဆင့်အလိုက် ငြိမ်သက်စွာ ရပ်နေကြပြီး၊ မင်းသားများမှာလည်း အတွေးကိုယ်စီဖြင့် ရှေ့တန်းတွင် ရပ်နေကြသည်။

မင်းသား(၃) ရှောင်းကျင်၏ နှုတ်ခမ်းဖျားတွင် လှောင်ပြုံးတစ်ခု ရှိနေပြီး ရှောင်ရှန်း အရှက်ကွဲမည့်အချိန်ကို စောင့်ဆိုင်းနေဟန် ရသည်။

မင်းသား(၅) ရှောင်ယန်မှာ မကျေမနပ်ဖြစ်နေပြီး ဤကဲ့သို့ အရေးကြီးသော ပွဲလမ်းအခမ်းအနားကို အဘယ့်ကြောင့် ထိုသကောင့်သားက တတ်ရောက်နေရသနည်း ဟူ၍ တွေးနေသည်။

အမတ်ချုပ် လင်ပေါ်ရုံမှာ အမတ်မင်းအားလုံး၏ ရှေ့ထိပ်ဆုံးတွင် ရပ်နေပြီး၊ မျက်နှာမှာ တင်းမာနေကာ သူ၏ ဖြူဆွတ်သော မုတ်ဆိတ်များမှာလည်း ဆောင်းလေနှင့်အတူ တလှုပ်လှုပ် ဖြစ်နေသည်။

သူ၏ စိတ်ထဲမှာလည်း ရင်တထိတ်ထိတ် ဖြစ်နေမိသည် ။ အိမ်ရှေ့စံသည် ဤအခမ်းအနားကို အောင်မြင်အောင် လုပ်ဆောင်ပြီး တိုင်းပြည်အတွက် ဆုတောင်းပေးနိုင်ဖို့ မျှော်လင့်သလို၊ တစ်ဖက်မှာလည်း အိမ်ရှေ့စံရဲ့ "ဗီဇ" အရ ယနေ့တွင်လည်း ပြသနာထရှာမည်ကို စိုးရိမ်နေမိသည်။

ရှောင်ရှန်းသည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ရင်ထဲက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ကာ ၊ သူ သေချာ ကြံစည်ထားသော "သေတွင်းတူးမည့်" အစီအစဉ်ကို စတင်လေတော့သည်။

လုပ်ငန်းစဉ်အရ ပထမဆုံးအဆင့်မှာ အရက်ပူဇော်ရန် ဖြစ်သည်။

သူသည် မင်္ဂလာအရက်များဖြင့် ပြည့်နေသော ကျောက်စိမ်းခွက်ကို ကောက်ယူလိုက်ပြီး၊

ထုံထမ်းစဉ်လာ အရာရှိ၏ လမ်းညွှန်ချက်အရ သူသည် ထိုအရက်ကို စင်မြင့်အလယ်ရှိ သတ်မှတ်ထားသော နေရာတွင် လောင်းချရမည် ဖြစ်သည်။

ရှောင်ရှန်း၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု လှစ်ဟသွားပြီး လက်ကောက်ဝတ်ကို "မတော်တဆ" စောင်းလိုက်ရာ —

"ဝေါ—"

ပူဇော်မည့်အရက် အများစုမှာ သတ်မှတ်ထားသော နေရာအပြင်ဘက်သို့ တိတိကျကျ ဖိတ်စင်သွားပြီး ၊ အချို့မှာ ဘေးနားရှိ သုံးချောင်းထောက်၏ ခြေထောက်ပေါ်ကိုပင် ကျသွားခဲ့သည်။

"ဟာ—"

စင်မြင့်အောက်တွင် ရှိနေသော လူအုပ်ကြီး၏ အသက်ရှူသံများမှာ ပြင်းထန်သွားကြသည်။

ထုံထမ်းစဉ်လာ အမတ်ကြီး၏ မျက်နှာမှာ ချက်ချင်း ဖြူလျော့သွားပြီး နှုတ်ခမ်းများ တုန်ရီလာကာ ထိုနေရာမှာတင် မေ့လဲလုနီးပါး ဖြစ်ခဲ့ရသည်။

ရှောင်ရှန်းကတော့ စိတ်ထဲတွင် ကြိတ်ဝမ်းသာနေ၏။

‘ အစကောင်းတယ်၊မဆိုးဘူး၊ မဆိုးဘူး’

နောက်တစ်ဆင့်မှာ ဆုတောင်းစာ ဖတ်ကြားခြင်းပင် ဖြစ်သည်။ စာလုံးပေါင်း ထောင်ချီရှိသော ထိုဆုတောင်းစာကို သူသည် "နှလုံးသားထဲအထိ စွဲနေအောင်" ကျက်မှတ်ထားသည်။

ဘယ်နေရာတွင် မှားရမည် ၊ ဘယ်နေရာတွင် ရှေ့နောက်လွှဲရမည်ကို သေချာ မှတ်သားထားခြင်းပင် ဖြစ်သည်။

ဤသို့ဖြင့် ခမ်းနားထည်ဝါပြီး ဂုဏ်သိက္ခာရှိသော ယဇ်ပလ္လင်ပေါ်တွင် ရှောင်ရှန်း၏ "ထူးခြားလှသော" ဆုတောင်းသံ ထွက်ပေါ်လာတော့သည်။

"...... ကောင်းကင်ဘုံ နတ်မင်းကြီးနှင့် မြေစောင့်နတ်အပေါင်းတို့...... ယနေ့ ကျွန်တော်တို့ သာရှမင်းဆက် တိုင်းပြည်ကြီး အေးချမ်း...... အဲ...... မိုးလေဝသ မမှန်ကန်၊ မိုးမရွာ...... အဲ မဟုတ်ဘူး၊ မိုးလေဝသ မှန်ကန်...... ကောက်ပဲသီးနှံ...... ကောက်ပဲသီးနှံတွေကတော့...... နည်းနည်း စိုးရိမ်ရတယ်......"

သူသည် စကားများကို ထစ်ထစ်ငေါ့ငေါ့နှင့် ရှေ့နောက်လွဲကာ ဖတ်နေသလို၊ အရေးကြီးသော ဆုတောင်းစာအချို့ကိုလည်း ကောင်းကင်ဘုံကို အပြစ်တင်နေသကဲ့သို့ "ပါးနပ်စွာ" ပြောင်းလဲလိုက်သည်။

စင်မြင့်အောက်ရှိ မှုးမတ်တို့၏ မျက်နှာများမှာ ပြာနှမ်းကုန်ကြပြီး၊ အမတ်ချုပ် လင်ပေါ်ရုံမှာမူ ကိုယ့်မုတ်ဆိတ်ကို အတင်းဆွဲနေမိကာ ရင်တဒိတ်ဒိတ် ဖြစ်နေသည်။

‘ဒီအိမ်ရှေ့စံက အိပ်ချင်မူးတူး ဖြစ်နေတာလား ဒါမှမဟုတ် တမင်လုပ်နေတာလား၊ ဒီလို ဆုတောင်းစာမျိုးက ကောင်းကင်ဘုံကို စော်ကားနေတာပဲ မဟုတ်လား’

မင်းသားအချို့မှာမူ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသဖြင့် ပခုံးများပင် လှုပ်တုတ်လှုပ်တုတ် ဖြစ်နေသည်။

ရှောင်ရှန်းသည် စာတစ်ပိုင်းကို ဖတ်ကြားပြီးနောက် မိုးကောင်းကင်ကို ခိုးကြည့်လိုက်သည်။ တိမ်တိုက်များမှာ ပို၍ နိမ့်ဆင်းလာပြီး လေများလည်း ပို၍ ပြင်းထန်လာကာ မိုးခြိမ်းသံသဲ့သဲ့ကိုပင် ကြားနေရသည်။

"ကောင်းလိုက်တာ၊ မိုးနတ်မင်းကြီး စိတ်ဆိုးနေပြီ”

သူသည် စိတ်ချသွားကာ ဆက်ပြီး ကြိုးစားလေတော့သည်။

နောက်ထပ် ကပြပူဇော်ရမည့် အပိုင်းတွင်လည်း သူသည် ပုံမှန်ထက် ပို၍ စွမ်းဆောင်ပြခဲ့ပြီး၊ တည်ငြိမ်လှပရမည့် ကကွက်များကို နတ်ဆိုးပူးကပ်နေသည့်အတိုင်း ကပြလိုက်ရာ ကြိမ်ပေါင်းများစွာ ချော်လဲလုနီးပါး ဖြစ်ခဲ့သည်။

ထို့အပြင် ငြိမ်သက်ရမည့် အပိုင်းတွင် သူသည် ခေါင်းငုံ့ထားရင်း သမ်းဝေလိုက်ရာ မျက်ရည်များပင် ထွက်လာသည်။

"သွားပြီ သွားပြီ၊ ငါတို့ သာရှမင်းဆက်တော့ ပျက်စီးတော့မှာပဲ”

အမတ်အိုကြီးအချို့မှာ ကိုယ့်ရင်ဘတ်ကို ထုရင်း မျှော်လင့်ချက်မဲ့နေကြသည်။

လင်ပေါ်ရုံသည်ပင် ကိုယ့်မုတ်ဆိတ်မွှေးကို ဆွဲနုတ်မိသည်။ စင်မြင့်ပေါ်တွင် "ရမ်းကား" နေသော အိမ်ရှေ့စံကို ကြည့်ရင်း သူ၏ အမြင်များပင် ဝေဝါးလာကာ သွေးဆောင့်တတ်လာသည်။

မင်းသား(၅)ရှောင်ယန်မှာ ဝမ်းသာအားရ တွေးနေသည်။

"ခမည်းတော်တော့ အခုမှ ဒီကောင်ရဲ့ ဗီဇအမှန်ကို မြင်ရတော့မယ် ၊ ခဏနေရင် မိုးကြိုးပစ်ချပြီး သေသွားပါစေတော်”

မင်းသား(၃) ရှောင်းကျင်မှာ မျက်မှောင်ကြုတ်လျက် ။

"ဒီရှောင်ရှန်း တကယ်ပဲ ရူးနေတာလား၊ ဒါမှမဟုတ် တစ်ခုခု ကစားနေတာလား.. ဒီလောက် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကို ခမည်းတော်က မမြင်ဘဲ နေပါ့မလား"

ရှောင်ရှန်းကတော့ စိတ်ထဲတွင် အလွန်ဝမ်းသာနေပြီး "အောင်မြင်တော့မယ်" ဟု ထင်မှတ်နေသည်။ ခခမည်းတော်၏ အမိန့်တစ်ခွန်းနှင့်အတူ "နတ်ဘုရားကို စော်ကားသူ" အဖြစ် နန်းချခံရပြီးသည်နှင့်၊

သူသည် အထုတ်အပိုးပြင်ကာ လောကအနှံ့ လျှောက်သွားပြီး သူ အလိုချင်ဆုံး ငပျင်းတစ်ယောက်၏ ဘဝကို ပိုင်ဆိုင်နိုင်ပေတော့မည် ။

သို့သော်လည်း အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

"ဝုန်း!”

နားစည်ကွဲမတတ် ပြင်းထန်သော အသံတစ်သံသည် ကောင်းကင်ယံမှ ဆင်းသက်လာသကဲ့သို့ ၊ သို့မဟုတ် မြေပြင်အောက်မှ ပေါက်ကွဲထွက်လာသလိုမျိုး မြည်ဟည်းသွားခဲ့လေသည်။

ယဇ်ပလ္လင် တစ်ခုလုံး တုန်ခါသွားသည်။

စင်မြင့်အောက်ရှိ မှူးမတ်များမှာ ကြောက်လန့်တကြားဖြင့် အမူအရာများ ပျက်ယွင်းကုန်ကြပြီး၊ ကောင်းကင်ဘုံမှ အမျက်ထွက်ပြီ ဟု ထင်မှတ်ကာ ချက်ချင်းဆိုသလို ဝပ်တွား၍

" မိုးနတ်မင်းကြီး အမျက်‌တော် ဖြေတော်မူပါ’ ဟူ၍ တစာစာ အော်ဟစ်လေတော့သည်။

ရှောင်ရှန်းလည်း လန့်သွားသော်လည်း ဝမ်းသာစိတ်က ပိုများသည်။

"လာပြီ လာပြီကွ ၊ ငါ့ကို မိုးကြိုးပစ်ချလိုက် သေအောင်..... အယ် မဟုတ်သေးဘူး တစ်ဝက်လောက် သေသွားရင်လည်း ရပါတယ်”

All Chapters