← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃) - ငပျင်းတစ်ယောက်၏ ကံတရား

ဧကရာဇ်မင်း ရှောင်ယွမ်၏ ဖြူလျော့နေသော မျက်နှာမှာ ယခုအခါ ပို၍ မှောင်မည်းသွားခဲ့သည်။

သူသည် ထက်မြက်သော အကြည့်များဖြင့် ရှောင်ရှန်း၏ "အပြစ်ကင်းစင်သော" မျက်နှာကို ခဏတာ အကဲခတ်လိုက်ပြီးနောက်၊

မြေပြင်ပေါ်ရှိ အေးစက်စပြုနေသော လုပ်ကြံသူအလောင်းနှင့် သူ၏ရင်ဘတ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးစိုက်နေသော မင်းသား(၅) ရှောင်ယန်၏ ရွှေခြင်္သေ့ခေါင်းပါ လှံရှည်ကြီးကို လှမ်းကြည့်လိုက်သည်။

‘ အိမ်ရှေ့စံကို ဦးတည်လာတာတဲ့လား’

ဤအတွေးသည် ဧကရာဇ်မင်း ရှောင်ယွမ်၏ စိတ်ကို လှုပ်ခတ်သွားစေခဲ့သည်။ အကယ်၍ ဤသည်မှာ မှန်ခဲ့လျှင်ဖြင့် ၊ ယနေ့ လုပ်ကြံမှုသည် ဧကရာဇ်မင်းကို ရိုးရိုးလုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခြင်း မဟုတ်တော့ဘဲ နန်းလျာလုပွဲနှင့် ပတ်သတ်သော ညစ်ညမ်းသော ကိစ္စရပ်များလည်း ပါဝင်လာခဲ့ပြီ ဖြစ်သည်။

“ လာကြစမ်း”

ဧကရာဇ်မင်း ရှောင်ယွမ်သည် အက်ရှရှအသံဖြင့် မိန့်ကြားလိုက်သည်။

“ဒီသစ္စာဖောက်ရဲ့ အလောင်းကို သယ်သွားပြီး သေချာစောင့်ကြည့်ထား၊ တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့က အခုချက်ချင်း လေ့ကျင့်ရေးကွင်းကို ပိတ်ဆို့လိုက်”

“ ဝင်ထွက်သွားလာသူတိုင်းကို အသေးစိတ် စစ်ဆေး၊ ခြင်တစ်ကောင်တောင် အလွတ်မပေးနဲ့ “

“အမိန့်တော်အတိုင်းပါ”

ကိုယ်ရံတော်တပ်မှူးက အမိန့်ကို နာခံကာ သူ၏ စစ်သည်တော်များကို ချက်ချင်းလက်ငင်း ညွှန်ကြားလေတော့သည်။

တခဏအတွင်းမှာပင် ချပ်ဝတ်တန်ဆာ ပွတ်တိုက်သံများ၊ လက်နက်ချင်း ထိခတ်သံများနှင့် အမိန့်ပေးသံများ ထွက်ပေါ်လာပြီး တော်ဝင်လေ့ကျင့်ရေး ကွင်း တစ်ခုလုံး၏ လေထုမှာ အလွန်အမင်း တင်းမာသွားခဲ့သည်။

ယခုအချိန်တွင် အရှက်ရဆုံးနှင့် စိတ်အပျက်ဆုံး ဖြစ်နေသူမှာ မင်းသား(၅) ရှောင်ယန်ပင်။

မိမိ၏ အချစ်တော် လှံကြီးမှာ လူသေတစ်ယောက်၏ ကိုယ်ပေါ်တွင် ထိုးစိုက်နေပြီး ၊ လှံတွင် တပ်ဆင်ထားသော

ပန်းပွားလေးမှာပင် သွေးများဖြင့် ပေကျံနေသည်ကို ကြည့်ရင်း ကြောင်တောင်တောင် ဖြစ်နေရှာသည်။

သူသည် မူလက သိုင်းပညာ ဖလှယ်ခြင်းကို အသုံးချကာ ရှောင်ရှန်းကို လူအများရှေ့တွင် အရှက်ခွဲပြီး၊ သူ အမြဲ အထင်သေးခဲ့သော ဤ "အသုံးမကျသော" အိမ်ရှေ့စံကို နှိမ့်ချရန် ကြံစည်ခဲ့သည်။

သို့သော် ဇာတ်လမ်းသည် သူ တွေးထားသော ဇာတ်ကွက်များကိုပင် လုံးဝ ကျော်လွန်သွားလေ၏။

ဤအမှိုက်ကောင် ရှောင်ရှန်းသည် ခြေချော်လဲရုံနှင့် "တိုက်တိုက်ဆိုင်ဆိုင်" သူ့ကို လာတိုက်မိပြီး မိမိ၏ လက်ထဲက လက်နက်ကို လွင့်ထွက်သွားစေခဲ့သည်။

ပိုပြီး "တိုက်ဆိုင်" သည်မှာ သူ့လက်ထဲကနေ

လွတ်ထွက်သွားတဲ့ လက်နက်သည် ပုန်းအောင်းနေတဲ့ လုပ်ကြံသူကို "တိတိကျကျ" သတ်ပစ်လိုက်နိုင်ပြီး ခမည်းတော်၏ အသက်ကို ကယ်တင်လိုက်နိုင်ခြင်းပင်။

ဒါက ဘာတွေလဲ…

သူ မင်းသား(၅) ရှောင်ယန်က ရှောင်ရှန်းကို အရှက်ခွဲဖို့ နေနေသာသာ၊ ရှောင်ရှန်း၏ "အကျိုးဆောင်မှုကြီး" ကို ထောက်ပံ့ပေးရတဲ့လူ ဖြစ်သွားတဲ့ အပြင် ၊ သူ့ရဲ့လက်နက်ကိုတောင် ကြားထဲကနေ အိတ်စိုက်ပေးလိုက်ရသတဲ့လား…

“ဖူး —”

ရင်ထဲမှ ဆို့တက်လာသော သွေးစများကို ရှောင်ယန်တစ်ယောက် အတင်း ပြန်မျိုချလိုက်ရသည်။

ရင်ထဲတွင် အတော်လေး အောင့်သက်သက် ဖြစ်နေကာ အမြင်များပင် ဝေဝါးလာသည်။ ဒေါသကြောင့် သူ၏ ချောမောသော မျက်နှာမှာ အရောင်ပြောင်းလာပြီး ၊ လက်သီးကို တင်းတင်းဆုပ်ထားသည်မှာ လက်သည်းများတောင် အသားထဲသို့ နစ်ဝင်လုနီးပါးပင်။

သူသည် ဒေါသတကြီး အော်ဟစ်လိုက်ချင်သည်။ ရှောင်ရှန်းကို တည့်တည့် လက်ညှိုးထိုးကာ " ဒါ မင်း တမင်လုပ်တာမလား" ဟု မေးချင်မိတော့သည်။

သို့သော် နဂါးပလ္လင်ပေါ်မှ မျက်နှာမသာမယာ ဖြစ်နေသော ခမည်းတော်နှင့် ၊

"ဪ... ဒါကြောင့်ကိုး" ၊ "အိမ်ရှေ့စံမင်းသားက တကယ်ပဲ ဉာဏ်အမျှော်အမြင် ရှိလှပေတယ်" ဆိုသော အကြည့်မျိုးဖြင့် ကြည့်နေကြသော မှူးမတ်အရာရှိများ၏ အမူအရာများကို ကြည့်ရင်း ၊

ရှောင်ယန်တစ်ယောက် ပြောချင်သော စကားများကို ပြန်မျိုချလိုက်ရတော့သည်။

‘ မုန်းစရာကောင်းလိုက်တာ ၊ တကယ်ကို မုန်းစရာကောင်းတယ်…’

ဧကရာဇ်မင်း ရှောင်ယွမ်၏ အကြည့်က ရှောင်ယန်အပေါ်သို့ ကျရောက်သွားပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

“ လောင်ဝူ... မင်းရဲ့ လှံသိုင်းက

အတော်လေး ကောင်းတာပဲ”

"အတော်လေး ကောင်းတာပဲ" ဆိုသော လေသံထဲတွင် ကဲ့ရဲ့လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသဖြင့် ရှောင်ယန်ခမျာ သွေးအန်လုနီးပါး ဖြစ်ခဲ့ရပြန်သည်။

ခမည်းတော်သည် သူ့ကို သတိပေးနေခြင်းသာ ဖြစ်ပြီး၊ သူနှင့် လုပ်ကြံသူမှာ ပတ်သက်မှု ရှိမရှိ သို့မဟုတ် အနည်းဆုံး သူသည် မိမိ၏ စစ်သည်တော်များကို စနစ်တကျ မအုပ်ချုပ်နိုင်သဖြင့် လုပ်ကြံသူများ ဝင်ရောက်လာနိုင်ခြင်း ဖြစ်သည်ဟု သံသယဝင်နေမှန်း သူ သိလိုက်သည်။

“သားတော်... သားတော် အုပ်ချုပ်မှု မကျွမ်းကျင်လို့ ဖြစ်ရတာပါ၊ အပြစ်ပေးတာကို ခံယူဖို့ အသင့်ပါ”

ရှောင်ယန်သည် အံကြိတ်ကာ ဒူးတစ်ဖက် ထောက်လျက် ခက်ခက်ခဲခဲ လျှောက်တင်လိုက်သည်။

ဧကရာဇ်မင်း ရှောင်ယွမ်သည် သူ့ကို လစ်လျူရှူလိုက်ပြီး စစ်သေနာပတိချုပ် ချင်ချန်းဘက်သို့ လှည့်ပြောလိုက်သည် ။

“ စစ်သည်တော် ချင် ၊ ဒီကိစ္စကို မင်းပဲ အပြည့်အဝ တာဝန်ယူပြီး အမှန်တရား ပေါ်ပေါက်အောင် စုံစမ်းစမ်း…ဘယ်သူပဲ ပါဝင်ပတ်သက်နေပါစေ လုံးဝ မညှာတာနဲ့”

“အမိန့်တော်အတိုင်းပါ”

ချင်ချန်း၏ အသံမှာ ခေါင်းလောင်းသံကဲ့သို့ ဟိန်းထွက်နေပြီး မျက်ဝန်းများက အေးစက်စွာ တောက်ပနေသည်။

တစ်ချိန်တည်းမှာပင်၊ ရှောင်ရှန်းမှာ ဝိုင်းအုံလာကြသော မှူးမတ်အရာရှိများ၏ "ဂုဏ်ပြုစကား" နှင့် "ချီးကျူးစကား" များကြားတွင် နစ်မြုပ်နေလေ၏။

“အိမ်ရှေ့စံမင်းသားက ဘေးဒုက္ခနဲ့ ကြုံတွေ့ချိန်မှာတောင် တည်ငြိမ်စွာနဲ့ ဖြေရှင်းနိုင်တယ်၊ ဉာဏ်ပညာရော ရဲစွမ်းသတ္တိရော ပြည့်စုံလှတာ ငါတို့ သာရှနိုင်ငံတော်ကြီးအတွင် ကံကောင်းခြင်းတစ်ပါးပဲ”

“ဟုတ်တယ်... ဟုတ်တယ်၊ အိမ်ရှေ့စံမင်းသားရဲ့ ပြောင်မြောက်လှတဲ့ အရည်အချင်းကြောင့် မဟုတ်ရင် အကျိုးဆက်ကတော့ မတွေးဝံ့စရာပဲ”

“ကျွန်တော်မျိုးတို့ အိမ်ရှေ့စံမင်းသားရဲ့ နောက်တစ်ကြိမ် အကျိုးဆောင်မှုကို ဂုဏ်ပြုလိုက်ပါတယ်”

အမတ်ချုပ် လင်ပေါ်ရုံ၏ မျက်နှာအိုကြီးမှာလည်း အရေးအကြောင်းများ ပေါ်သည်အထိ ပြုံးဖြီးနေပြီး၊ သူ၏ ဖြူဆွတ်သော မုတ်ဆိတ်မွေးများမှာ တလှုပ်လှုပ် ဖြစ်နေလေ၏။

ရှောင်ရှန်းကို ကြည့်နေသော သူ၏ မျက်လုံးများက "ငါ လူမှားပြီး မကြည့်ခဲ့ဘူး"

ဟူသော အားရကျေနပ်သော အကြည့်များဖြင့် ပြည့်နှက်နေသည်။

ရှောင်ရှန်းမှာ ဤအခြေအနေများကြောင့် ခေါင်းနောက်နေပြီး ငိုမဲ့မဲ့ မျက်နှာဖြင့် အတင်းပြုံးပြနေရရှာသည်။ စိတ်ထဲမှာတော့ ရူးသွပ်မတတ် အော်ဟစ်နေလေ၏။

“ငါ တကယ်ပဲ အတာပဲ၊ ငါ ဘာလို့ သိုင်းပြိုင်ဖို့ သဘောတူလိုက်ရတာလဲ.. ငါ ဘာလို့ ခြေချော်လဲရတာလဲ”

“ မိုးနတ်မင်းကြီးရယ် ခင်ဗျားလေး ကျွန်တော့်ကို ကစားနေတာလား….ဒီဇာတ်ညွှန်းက မဟုတ်သေးပါဘူး”

အခန်း (၂၄)

‘သူ့ခမျာ ခြေချော်လဲပြီး အရှက်တကွဲ ဖြစ်ချင်ရုံတင်ပါ၊ ဘယ်လိုဖြစ်ပြီး ထပ်ပြီးတော့ ဒီလောက်ကြီးမားတဲ့ အကျိုးဆောင်မှုကြီး ရလာပြန်တာတုန်း’

မိမိကိုယ်ပေါ်တွင် ထူးဆန်းသော "ကံတရား" သို့မဟုတ် "ကျိန်စာ" တစ်ခုခု ကပ်ငြိနေသလားဟုပင် စတင် သံသယဝင်လာမိသည်။

ပိုပြီး ပျင်းရိချင်လေလေ၊ အခြေအနေများက သူထိန်းချုပ်လို့မရသည့် "ကောင်းမွန်သော" လမ်းကြောင်းဘက်သို့ ပိုရောက်သွားလေလေ ဖြစ်နေသည်။

နောက်ကွယ်က မမြင်ရသော လက်ကြီးတစ်ဖက်က သူ၏ "နန်းချခံရဖို့အရေး တို့အရေး " ဆိုသည့် ပန်းတိုင်နှင့် ဝေးရာကို အတင်းတွန်းပို့နေသလိုပင်။

ဂိမ်းကစားရာတွင် ဆိုးရွားသော BUG တစ်ခုနှင့် ကြုံတွေ့နေရသကဲ့သို့ သေချင်ပါသော်လည်း သေမရနိုင်ဘဲ ပွိုင့်များ တရိပ်ရိပ် တက်နေသလိုပင်။

လူအုပ်ကြီး၏ အပြင်ဘက်တွင် ရိုးရှင်းသော နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် လူတွေဝိုင်းနေသော ရှောင်ရှန်းကို တိတ်တဆိတ် စိုက်ကြည့်နေသည်။

သူမသည် ဆရာဖြစ်သူ၏ အမိန့်အရ သမားတော်အဖြစ် နန်းတွင်းထဲသို့ ခေတ္တဝင်ရောက်လာသော စူးဝမ်ချင်သာ ဖြစ်သည်။

အမှန်အားဖြင့် သူမတွင် တခြားရည်ရွယ်ချက် တစ်ခု ရှိနေခဲ့ပြီး၊ သူမ၏ ကြည်လင်သော မျက်ဝန်းတစ်စုံ၌ စူးစမ်းလိုသော အရိပ်အယောင်များ ရှိနေခဲ့သည်။

ဤအိမ်ရှေ့စံမင်းသားသည် အတော်လေးကို ထူးဆန်းပေသည်။

မူးယစ်ရမ်းကားပြောဆိုမှုများမှ ယနေ့လို ရယ်စရာကောင်းသော ကယ်တင်မှုကြီးအထိ ဖြစ်ရပ်တိုင်းတွင် ပုံမှန်မဟုတ်သော အစွမ်းအစများကို ထုတ်ဖော်ပြသနေခဲ့သည်။

ဒါဟာ ကံကောင်းတာလား ဒါမှမဟုတ် သူ့ရဲ့ အစွမ်းအစကို ဖုံးကွယ်ထားတာလား….

စူးဝမ်ချင်သည် အိမ်ရှေ့စံအပေါ် ပိုပို၍ စိတ်ဝင်စားလာမိသည်။

တစ်ချိန်တည်းမှာပင် ၊ မင်းသား(၃) ရှောင်ကျင်း၏ အိမ်တော်တွင် ။

လေ့ကျင့်ရေးကွင်းတွင် ဖြစ်ပျက်ခဲ့သမျှ ကိစ္စတိုင်းကို လက်အောက်ငယ်သားဆီမှ အသေးစိတ် ကြားသိရပြီးနောက်၊

ရှောင်ကျင်း၏ နူးညံ့သိမ်မွေ့သော မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် မည်းမှောင်သွားသည်။

အကြံပေးအရာရှိက ဦးညွှတ်လျက် ပြောလေသည်။

“အရှင့်သား ဒီရှောင်ရှန်းက... တကယ်ကို ထူးဆန်းလွန်းတယ်၊ အသုံးမကျတဲ့သူ တစ်ယောက်လို ထင်ရပေမယ့် ဘေးဒုက္ခတွေကို အကြိမ်ကြိမ် ကျော်ဖြတ်နိုင်ရုံတင်မကဘဲ အကျိုးဆောင်မှုတွေပါ ပြုလုပ်နိုင်ခဲ့တယ်”

“ ကျွန်တော်မျိုး ထင်တာတော့၊ သူက လူတိုင်းကို လှည့်စားထားနိုင်တဲ့အထိ လိမ္မာပါးနပ်တယ ဒါမှမဟုတ် သူ့ဆီမှာ အတော်လေးကို အံ့သြစရာကောင်းတဲ့ ကံတရား ရှိနေတာပဲ ဖြစ်ရမယ်”

ရှောင်ကျင်းသည် လက်ဖက်ရည်ခွက်ကို မပြီး အပေါ်ယံအမြှုပ်များကို အသာယာ မှုတ်ထုတ်လိုက်သော်လည်း ၊ သူ၏ မျက်ဝန်းတစ်စုံ၌ ရက်စက်မှုများ ရှိနေခဲ့သည်။

“ကံတရား…ဟမ် ၊ ငါကိုယ်တော်က ဒီလို စိတ်ကူးယဉ်ဆန်တဲ့ အရာတွေကို ဘယ်တော့မှ မယုံဘူး”

“တကယ်လို့ ကံတရား ရှိနေတယ်ဆိုရင်တောင် ငါကိုယ်တော်က အဲဒါကို နင်းခြေဖျက်ဆီးပစ်မယ်”

သူသည် လက်ဖက်ရည်ခွက်ကို အသံမြည်အောင် ပြန်ချလိုက်သည်။

“သူ့ဟာသူ ဘာကြီးပဲဖြစ်ဖြစ် သူ့ကို ဖယ်ရှားပစ်ရမယ်…သူ အမြဲတမ်း ဒီလို ကံကောင်းနေလိမ့်မယ်လို့ ငါ မယုံဘူး”

ညရောက်သောအခါ၊ အရှေ့နန်းဆောင်အတွင်း၌။

ရှောင်ရှန်း တစ်ယောက် အားအင်ကုန်ခမ်းစွာဖြင့် ကုလားထိုင်ပေါ်တွင် ပစ်လဲနေပြီး ၊ ရှောင်သ့ယ်ဇီက ဘေးမှနေ၍ ခြေထောက်ကို အသာယာ နှိပ်နယ်ပေးလျက် ရှိသည်။

“အရှင့်သား ဒီနေ့တော့ အရှင့်သားက အရမ်း မိမိုက်တာပဲ ၊ နန်းတွင်းရော နန်းပြင်မှာပါ အရှင့်ရဲ့ ရဲစွမ်းသတ္တိကို ချီးကျူးနေကြတာ ကျွန်တော်မျိုး ကြားခဲ့ရတယ်”

ရှောင်သ့ယ်ဇီက ဝမ်းသာအားရ ပြောနေလေ၏။

ရှောင်ရှန်းကတော့ မျက်ဖြူလှန်ပြနေကာ သူ့ရင်ထဲက ဆင်းရဲဒုက္ခကို သူ၏ကိုယ်ပိုင် မိန်းမစိုးလေးထံ ဖွင့်ပြောမိလေသည်။

“ရှောင်သယ့်ဇီ... ငါ့ကိုယ်ထဲကို တစ်ခုခု ပူးနေတယ်လို့ မင်းမထင်ဘူးလား”

ရှောင်သယ့်ဇီမှာ ကြောင်အမ်းသွားပြီး နှိပ်နယ်နေသော လက်များပင် ရပ်တန့်သွားသည် ။

“အရှင့်သား ဘာတွေပြောနေပြန်ပြီလဲ…အရှင့်သားက နဂါးသွေးသား စစ်စစ်ပဲ၊ ဘာမှ မပူးနိုင်ပါဘူး”

“ဒါပေမဲ့ ငါ မကောင်းတာတစ်ခုခု လုပ်တိုင်း…ငါ့ကိုယ်ငါ ကံဆိုးအောင် လုပ်တိုင်း ဘာလို့ မအောင်မြင်ဘဲ ကောင်းတဲ့ဘက်ကိုပဲ ရောက်သွားရတာလဲ”

ရှောင်ရှန်းသည် ဘဝကြီးကို လက်လျှော့ထားသည့် မျက်နှာပေးဖြင့်။

“ဒီနေ့ကိုပဲ ကြည့်လေ၊ ငါ့က ခြေချော်လဲပြီး ခမည်းတော်ရဲ့ အထင်သေးတာကို ခံချင်တာ၊ ရလဒ်က ဘယ်လိုဖြစ်သွားတုန်း “

“ လုပ်ကြံသူက သေသွားပြီး ငါက အကျိုးဆောင်လိုက်သတဲ့လား ဒါက ဘာတွေလဲ”

ရှောင်သယ့်ဇီမှာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အရှင်သခင်၏ စကားများကို နားလည်အောင် ကြိုးစားရင်း နှစ်သိမ့်စကားများကိုသာ ပြန်ပြောနိုင်ခဲ့သည်။

“ဒါဟာ အရှင့်သားက ကံထူးသူဖြစ်လို့ ကောင်းကင်ဘုံက စောင့်ရှောက်နေတာပေါ့…ဒါဟာ တကယ့်ကို ကြီးမားတဲ့ ကံကောင်းခြင်းပဲလေ”

“ကံကောင်းခြင်း ဟုတ်လား၊ ငါ့အတွက်တော့ ဒါဟာ ကံဆိုးခြင်းပဲ”

ရှောင်ရှန်းက အော်ဟစ်လိုက်မိသည်။

မိမိ၏ ဘဝသည် သူ လုံးဝမသွားချင်သော လမ်းကြောင်းပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ပြေးတင်ခံနေသလိုပင်။

သူသည် ကုလားထိုင်ပေါ်မှ ရုတ်တရက် ထရပ်လိုက်ပြီး မျက်ဝန်းထဲတွင် ပြတ်သားမှုတစ်ခု လှစ်ဟသွားလေ၏။

‘ မရတော့ဘူး …ဒီအတိုင်း ထိုင်ကြည့်နေလို့ မဖြစ်တော့ဘူး’

‘မတော်တဆ လုပ်မိတဲ့အရာတိုင်းက အောင်မြင်မှုတွေ ဖြစ်နေမှတော့၊ ဒါဆိုလည်း သူ့အနေနဲ့ တမင်တကာ "အဆိုး" တွေချည်း လုပ်ပြရုံပေါ့ ‘

သူ့ကိုယ်သူ အသရေဖျက်မည် ၊ ခဖမည်းတော် သည်းမခံနိုင်တော့ဘဲ သူ့ကို နန်းချပစ်တဲ့အထိ အကြီးအကျယ် အသေရေဖျက်ပေတော့မည်။

“ရှောင်သယ့်ဇီ”

ရှောင်ရှန်း၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု လှစ်ခနဲ့ ဖြတ်ပြေးသွားသည်။

“ငါ့အတွက် စာရေးကိရိယာတွေ ပြင်စမ်း”

ရှောင်သယ့်ဇီမှာ နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည် ။

“အရှင့်သား... ဘာလုပ်မလို့လဲ”

ရှောင်ရှန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူရဲကောင်းတစ်ယောက်လို ပြတ်သားသော ပုံစံဖြင့် ပြန်ပြောလိုက်သည်။

“ငါကိုယ်တော် ‘ ကိုယ်တိုင် အပြစ်ဝန်ခံလွှာ’ ရေးမလို့…”

“ ကောင်းတာလုပ်ရင် ဆိုးကျိုးသက်ရောက်တတ်တာမို့ ၊ ငါ့ကိုယ်ငါ အကြီးအကျယ် ရှုတ်ချပြီး ရေးသားထားတဲ့ အပြစ်ဝန်ခံလွှာကို ရေးမယ် ၊ ခမည်းတော် ငါ့ကို မုန်းတီးသွားစေရမယ်”

All Chapters