အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
အခန်း (၂၅) - အပြစ်ဝန်ခံလွှာ
"ကိုယ်... ကိုယ်တိုင်အပြစ်ဝန်ခံလွှာ ရေးမယ် ဟုတ်လား”
ရှောင်သယ့်ဇီခမျာ လက်ထဲက မြင်းမြီးယပ်ကိုပင် လွတ်ချလုနီးပါး ဖြစ်သွားလေ၏။
“ ဘုရားရေ…ဒီအပြစ်ဝန်ခံလွှာဆိုတာက စိတ်တိုင်းကျ ရေးလို့ရတဲ့အရာ မဟုတ်ဘူးလေ…”
“ အဲဒါက ဧကရာဇ်မင်းမြတ်တွေ သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့ရတဲ့အချိန် ဒါမှမဟုတ် တိုင်းပြည်မှာ အကြီးအကျယ် အပြောင်းအလဲဖြစ်တဲ့အခါမှသာ နတ်မင်းကြီးတွေနဲ့ ပြည်သူလူထုရှေ့မှာ မိမိရဲ့ အမှားတွေကို ပြန်လည်ဆင်ခြင်တဲ့နေရာမှာ သုံးတာလေ”
"ဟုတ်တယ်၊ အပြစ်ဝန်ခံလွှာပဲ”
ရှောင်ရှန်းသည် ပေါင်ကို ဖြန်းခနဲ ပုတ်လိုက်သည်။
သူသည် နန်းချခံရပြီးနောက် ဝေဟင်ကြီးထဲ လွတ်လပ်စွာ ပျံသန်းတော့မည့် ဘဝသစ်ကို မြင်ယောင်နေမိသည်။
မတော်တဆ လုပ်သမျှအရာတိုင်းက အောင်မြင်မှုတွေ ဖြစ်နေမှတော့၊ ဒါဆို သူ့အနေနဲ့ တမင်တကာ "အဆိုး" တွေကိုပဲ လုပ်ပြရုံပေါ့ ဟုတ်ဘူးလား..
သူသည် ဤအပြစ်ဝန်ခံလွှာဖြင့် သူ့ကိုယ်သူ ရက်ရက်စက်စက် ဝေဖန်ကာ ဆဲဆိုမည်။ ခမည်းတော်နှင့် မှူးမတ်အားလုံးက သူ - ရှောင်ရှန်းသည် ‘အသုံးမကျတဲ့သူ’ မှန်း သိသွားအောင် လုပ်ပေတော့မည်။
"မြန်မြန်၊ ငါကိုယ်တော်အတွက် အကောင်းဆုံး စက္ကူနဲ့ အကောင်းဆုံး မှင်တွေကို ပြင်စမ်း"
ရှောင်ရှန်းသည် အလျင်စလို ညွှန်ကြားလိုက်သည်။ သူ၏ မျက်ဝန်းများသည် ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် တောက်ပနေသည်။
ရှောင်သယ့်ဇီလည်း အငြိမ်မနေရဲတော့ဘဲ စာရေးကိရိယာများကို အမြန် ယူလာပေးလိုက်ရသည်။
ရှောင်ရှန်းတစ်ယောက် သုံးရက်သုံးညတိုင်တိုင် မိမိကိုယ်ကို အရှေ့နန်းဆောင်၏ စာကြည့်ခန်းထဲတွင် ပိတ်လှောင်ထားလေတော့၏။
သုံးရက်သုံးညဟု ဆိုသော်လည်း တကယ်တမ်းတွင် သူသည် အချိန်အတော်များများကို အိပ်စက်ခြင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။
သို့မဟုတ် ပြတင်းပေါက်အပြင်ဘက်ရှိ တိမ်တိုက်များကို ငေးကြည့်ရင်း မိမိကိုယ်ကို မည်သို့ဆဲဆိုပါက ပိုထိရောက်ပြီး လူအများ မခံမရပ်နိုင်အောင် မည်သို့ ရေးသားရမည်ကိုသာ အသည်းအသန် စဉ်းစားနေခဲ့သည်။
"ရပြီကွ”
ရှောင်ရှန်းသည် ကိုယ့်နဖူးကို ရိုက်ချလိုက်ပြီး ရေထဲကနေ ခုန်ထွက်လာသော ငါးကြင်းတစ်ကောင်ကဲ့သို့ ထိုင်ခုံကနေ ထထိုင်လိုက်သည်။ ထို့နောက် စုတ်တံတစ်ချောင်းကို ဆွဲယူကာ မင်ထဲ နှစ်လိုက်ပြီး အားပါတရ ရေးချလေသည်။
သူ၏ စာပေအဆင့်အတန်းမှာ ပုံမှန်အားဖြင့် သာမန်သာ ဖြစ်သော်လည်း၊ ယခုအခါတွင်မူ မိမိကိုယ်ကိုယ် ဂုဏ်သိက္ခာချရန်အတွက် ဉာဏ်အလင်းများ ပွင့်နေသကဲ့သို့ အဆက်မပြတ် ရေးနိုင်နေတော့၏။
《အိမ်ရှေ့စံ၏ အပြစ်ဝန်ခံလွှာ》
စာလုံးပေါင်း ထောင်ချီရှိသော ထိုစာလွှာထဲတွင် စာလုံးတိုင်းမှာ နာကျင်စရာကောင်းပြီး ၊ ဝါကျတိုင်းမှာလည်း မိမိကိုယ်ကို အပုပ်ချထားလေသည်။
ရှောင်ရှန်းသည် စာလွှာထဲတွင် သူ၏ "ရှက်စရာကောင်းသော အပြစ်ကြီး (၁၀) ချက်" ကို အသေးစိတ် ဖော်ပြထားသည် -
[ ပထမအချက် ကျွန်တော်မျိုးသည် ပျင်းရိပြီး တိုးတက်လိုစိတ် မရှိပါ။ ငယ်စဉ်ကတည်းက စာပေပညာကို မုန်းတီးပြီး သိုင်းပညာကိုလည်း ရွံရှာခဲ့ပါသည်။ ရည်မှန်းချက်မရှိ လျှောက်လှမ်းရင်း တော်ဝင်မိသားစုနှင့် ဘိုးဘေးဘီဘင်များကို အရှက်ရစေခဲ့ပါသည်]
[ ဒုတိယအချက် ကျွန်တော်မျိုးသည် အပျော်အပါးကို မက်မောကာ အသုံးအဖြုန်းကြီးသူ ဖြစ်ပါသည်။ ဇိမ်ခံလူနေတန်းစား ဘဝဖြင့် နေထိုင်ကာ ပြည်သူတွေ၏ ဆင်းရဲဒုက္ခကို လျစ်လျူရှုခဲ့ပါသည်။ ဤလုပ်ရပ်မှာ တိရစ္ဆာန်နှင့် ဘာကွာခြားမည်နည်း]
[ တတိယအချက် ကျွန်တော်မျိုးသည် လူကြီးမိဘများအပေါ် ရိုသေခြင်းမရှိ မထီမဲ့မြင်ပြုခဲ့ပါသည်။ ခမည်းတော်သည် ကျွန်တော်မျိုးကို နန်းလျာအဖြစ် တင်မြှောက်ခဲ့သော်လည်း ၊ ကျေးဇူးမသိတတ်ဘဲ ခမည်းတော်ကို အကြိမ်ကြိမ် ဆန့်ကျင်ပြီး မောက်မာသော စကားများကို ပြောဆိုခဲ့ပါသည်။
ဤသည်မှာ အကြီးအကျယ် သစ္စာဖောက်မှုဖြစ်ပြီး သေထိုက်သော အပြစ်ဖြစ်ပါသည်။ (ဤသည်မှာ သူ မူးယစ်စဉ်က ပြောဆိုခဲ့သော စကားများကြောင့် အိမ်ရှေ့စံအဖြစ် တင်မြှောက်ခံရခြင်းကို ရည်ညွှန်းထားခြင်း ဖြစ်သည်) ]
[ စတုတ္ထအချက် ကျွန်တော်မျိုးသည် အာဏာရှင်ဆန်စွာ ပြုမှုခဲ့ပါသည် ။ အသေးအဖွဲ ကိစ္စကြောင့် အမတ်မင်းလီမင် ကို ညီလာခံတွင် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကာ ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့ပါသည်။ ဤကဲ့သို့ ရိုင်းစိုင်းသော လုပ်ရပ်မှာ ရှေးယခင်ကတည်းက ယခုထိ မရှိခဲ့ဖူးပါ ]
[ ပဉ္စမအချက် ကျွန်တော်မျိုးသည် တာဝန်ကို ပေါ့လျော့စွာ ထမ်းဆောင်ခဲ့ပြီး စစ်တပ်နှင့် တိုင်းပြည်ကို ထိခိုက်နစ်နာစေခဲ့ပါသည်။ ကယ်ဆယ်ရေးငွေများကို သယ်ယူရာတွင် ပေါ့လျော့ခဲ့မိသည့်အတွက် အခိုးခံရလုနီးပါး ဖြစ်ခဲ့ပါသည်။ အကယ်၍ ကံကောင်းခြင်းသာ မရှိခဲ့ပါက ကျန်းကျိုးပြည်သူတို့မှာ အငတ်ဘေးနှင့် ကြုံတွေ့ရနိုင်ပါသည်။ ကျွန်တော်မျိုး၏ အပြစ်မှာ ရေး၍မကုန်နိုင်အောင် များပြားလှပါသည် ]
[ ဆဋ္ဌမအချက် ကျွန်တော်မျိုးသည် နိုင်ငံရေးကိစ္စများကို စည်းမရှိကမ်းမရှိ ပြောဆိုခဲ့ပါသည်။ နန်းတွင်းပွဲတော်တွင် မူးမူးရူးရူးဖြင့် အဓိပ္ပာယ်မရှိသော စကားများကို ပြောဆိုခဲ့သဖြင့် ဘေးဒုက္ခ ဖြစ်လုနီးပါး ဖြစ်ခဲ့ပါသည်။ ဤသည်မှာ အလွန်ပင် မိုက်မဲလှပါသည် ။ ( ပွဲတော်တွင် သူ အရက်မူးပြီး ပြောခဲ့သော စကားများက ကျင့်သုံးရမည့် စည်းမျဉ်းများအဖြစ် ပြောင်းလဲသွားသည်ကို တမင် ရည်ညွှန်းထားခြင်း ဖြစ်သည်)
[ သတ္တမအချက် ကျွန်တော်မျိုး၏ ကိုယ်ကျင့်တရားသည် ဤနေရာနှင့် မထိုက်တန်ဘဲ ကံကောင်းမှုသက်သက်သာ ဖြစ်ပါသည်။ လေ့ကျင့်ရေးကွင်းတွင် ကိုယ့်ကိုယ့်ကိုယ် အရှက်ရအောင် ရည်ရွယ်ထားသော်လည်း မမျှော်လင့်ထားသော အခြေအနေများကြောင့် အစ်ကိုတော်(၅)၏ လက်နက်ကို လွတ်ထွက်သွားစေခဲ့ပြီး လုပ်ကြံသူကို သတ်မိသွားခြင်းသာ ဖြစ်ပါသည်။
ဤသည်မှာ ကျွန်တော်မျိုး၏ အစွမ်းအစမဟုတ်ဘဲ ကံကောင်းမှုသက်သက်သာ ဖြစ်သဖြင့် အလွန်ပင် ရှက်ရွံ့မိပါသည် ]
[ အဋ္ဌမအချက် ကျွန်တော်မျိုးသည် တိုင်းပြည်အရေးကို နားမလည်ဘဲ ပျင်းရိခြင်းကိုသာ သိပါသည်။ ပြည်သူတို့၏ အရေးကို လုံးဝမှ နားမလည်ဘဲ ကိစ္စရှိလျှင် ရှောင်လွှဲတတ်ကာ အေးအေးဆေးဆေး နေချင်စိတ်သာ ရှိပါသည်။ နန်းလျာတစ်ယောက်၏ တာဝန်ယူမှု လုံးဝ (လုံးဝမှ) မရှိပါ။ တိုင်းပြည်အတွက် ခြစားနေသော ကပ်ပါးတစ်ကောင်သာ ဖြစ်ပါသည်]
[ နဝမအချက် ကျွန်တော်မျိုးသည် လူကဲခတ် မကျွမ်းကျင်ဘဲ လူယုတ်မာများကို ယုံကြည်ခဲ့ပါသည်။ ကျွန်တော်မျိုးကို အနီးကပ်ပြုစုနေသော ရှောင်သယ့်ဇီသည် အပြင်ပန်းအားဖြင့် နာခံတတ်သော်လည်း တကယ်တန်းတွင် အာဏာကို အလွဲသုံးစားလုပ်နေမှန်း ကျွန်တော်မျိုး မသိခဲ့ပါ။ ဤသည်မှာ ကျွန်တော်မျိုး၏ ဉာဏ်နည်းမှုကို ပြသနေခြင်းပင် ဖြစ်ပါသည်]
(ရှောင်သယ့်ဇီ : အရှင့်သား... ဒါကြီးက ဟုတ်တေးဝူးလေဗျာ )
[ ဒသမအချက် ကျွန်တော်မျိုး... ကျွန်တော်မျိုး...
ဆယ်ခုမြောက်သို့ ရောက်ရှိလာချိန်တွင် ရှောင်ရှန်း တစ်ယောက် ဆက်မစဉ်းစားနိုင်တော့သဖြင့် ခေါင်းကုတ်လိုက်ပြီး ထို့နောက်မှသာ နောက်ဆုံးစာကြောင်းကို ထည့်ဖြည့်လိုက်သည်။
[ အရှင်မင်းကြီး၊ ကျွန်တော်မျိုးသည် အရည်အချင်း အကန့်အသတ်ရှိပြီး ပညာအရည်အချင်းနိမ့်ကျသဖြင့် အိမ်ရှေ့စံရာထူးနှင့် လုံးဝ မထိုက်တန်ပါ။ ခမည်းတော်မင်းမြတ်ကို တောင်းပန်တိုးလျှိုးအပ်ပါသည်။
အိမ်ရှေ့စံရာထူးမှ ကျွန်တော်မျိုးကို ဖြုတ်ချကာ ပိုသီလရှိပြီး စွမ်းဆောင်နိုင်သော ဆက်ခံသူကိုသာ ရွေးချယ်ပေးတော်မူပါ။ ကျွန်တော်မျိုး ရှောင်ရှန်း နာကျင်စွာဖြင့် ဦးခိုက်လျှောက်တင်အပ်ပါသည် ]
ရေးပြီးသွားသောအခါ ရှောင်ရှန်းတစ်ယောက် အသက်ပြင်းပြင်းရှူလိုက်ပြီး၊ စာကို အကြိမ်ကြိမ် ပြန်ဖတ်ကြည့်မိသည်။ ဖတ်တိုင်း ကိုယ့်ကိုယ်ကိုတောင် အတော်လေး သနားလာမိသည်။
"ပြီးပြည့်စုံတယ်…အရမ်းကို ပြီးပြည့်စုံတယ်"
သူက စားပွဲကို ပုတ်ကာ ကျေနပ်စွာ ပြုံးလိုက်သည် ။
"အချက်တိုင်းက ထိမိတယ်၊ ဝါကျတိုင်းက ရင်ထဲကလာတာပဲ… ဒါကိုသာ ခမည်းတော် မြင်သွားရင် သေချာပေါက် ဒေါသထွက်ပြီး ငါ့ကို အသုံးမကျတဲ့ အကောင်လို့ သတ်မှတ်ကာ အိမ်ရှေ့စံ ရာထူးကနေ ချက်ချင်း နုတ်ထွက်ခိုင်းတော့မှာပဲ”
“ ဟားဟားဟား၊ ငါ့ရဲ့ ပျော်စရာကောင်းတဲ့ ဘဝသစ်လေး ရောက်လာတော့မယ်”
သူသည် ထို "အပြစ်ဝန်ခံလွှာ" ကို အဖိုးတန် ရတနာတစ်ခုကဲ့သို့ သေသေချာချာ ခေါက်လိုက်သည်။
"ရှောင်သယ့်ဇီ”
ရှောင်ရှန်းက ခေါ်လိုက်သည်။
"ကျွန်တော်မျိုး ရောက်ပါပြီ”
ရှောင်သယ့်ဇီသည် တံခါးဖွင့်ဝင်လာပြီး သခင်ဖြစ်သူ၏ ‘အလုပ်ကြီး ပြီးမြောက်သွားသည့်အတိုင်း’ ဖြစ်နေသော ပုံစံကို မြင်ပြီး ရင်တထိတ်ထိတ် ဖြစ်နေရှာသည်။
"မင်း..."
ရှောင်ရှန်းသည် အသံကို နှိမ့်ကာ လျှို့ဝှက်စွာ မှာကြားလိုက်သည် ။
"ဒီစာကို ခမည်းတော်ရဲ့ စာကြည့်ခန်း တံခါးဝမှာ မတော်တဆ ပြုတ်ကျကျန်သလိုလို လုပ်လိုက် .. ခမည်းတော် ဒါမှမဟုတ် သူ့ရဲ့ လူယုံတော်က ကောက်ရသွားအောင် သေချာ လုပ်ရမယ်၊ နားလည်လား”
အခန်း (၂၆)
“ဒါ... ဒါကိုသာ ဧကရာဇ်မင်းမြတ် မြင်သွားရင် အိမ်ရှေ့စံမင်းသားရဲ့ အသက် ကျန်ပါဦးမလား”
"အရှင့်သား... ထပ်ပြီး စဉ်းစားပါဦး ၊ ဒါ... ဒါက ဧကရာဇ်ကို လှည့်စားတဲ့ အပြစ်ကြီးပဲ”
ရှောင်သယ့်ဇီမှာ ငိုမဲ့မဲ့မျက်နှာဖြင့် တားဆီးရှာသည်။
"ဘာကို ကြောက်နေတာလဲ”
ရှောင်ရှန်းက မျက်လုံးပြူးကြည့်လိုက်သည်။
"လှည့်စားမှာပဲ ၊ ငါ ဘယ်လောက် ဆိုးယုတ်တယ်ဆိုတာ ခမည်းတော်ကို အသိပေးရမယ်.. အခုသွား၊ ကောင်းကောင်း လုပ်နိုင်ရင် ဆုအကြီးကြီး ချီးမြှင့်မယ်”
ရှောင်ရှန်း၏ ဖိအားပေးမှုကြောင့် ရှောင်သယ့်ဇီခမျာ ခေါင်းပြတ်နိုင်သော ထို "အပြစ်ဝန်ခံလွှာ" ကို ရင်ဘတ်ထဲသို့ ထည့်ကာ တုန်တုန်ယင်ယင်ဖြင့် အရှေ့နန်းဆောင်မှ ထွက်ခွာသွားခဲ့လေ၏။
နောက်တစ်နေ့ မနက်ခင်း။
စာကြည့်ခန်း၏ အပြင်ဘက်တွင် အသက်ကြီးသော်လည်း ခန့်ညားဆဲ ဖြစ်သော လူတစ်ယောက်သည် အေးအေးဆေးဆေး လမ်းလျှောက်လာသည်။
ထိုသူမှာ စစ်ဆေးရေးမှူး ကျိုးကျန့်ပင် ဖြစ်သည်။
ကျိုးကျန့်သည် အသက်ခြောက်ဆယ်ကျော်ရှိပြီး ၊ အရာရှိအဖြစ် နှစ်လေးဆယ်ကျော်ကြာ တာဝန်ထမ်းဆောင်ထားသူ ဖြစ်သည်။ သူ၏သမာဓိ၊ အဂတိလိုက်စားမှု မရှိခြင်းနှင့် ဘက်မလိုက်ခြင်းတို့ကြောင့် နာမည်ကျော်ကြားသည်။
သူ့ဘဝတွင် အမုန်းဆုံးမှာ သစ္စာဖောက်များနှင့် ကိုယ့်အလုပ်ကို ကျေပွန်အောင် မလုပ်ဆောင်သော အရာရှိများသာ ဖြစ်သည်။
ကျိုးကျန့်သည် " မူးမူးရူးရူး စကားများ" နှင့် " ကံတရား" ကြောင့် ရာထူးရလာသော အိမ်ရှေ့စံအပေါ် ဘယ်တုန်းကမှ အထင်မကြီးခဲ့ပေ။
သူသည် အိမ်ရှေ့စံ၏ အပြစ်များကို ရေးသားထားသော အစီရင်ခံစာအချို့ကိုပင် တိတ်တဆိတ် ပြင်ဆင်ထားသော်လည်း ၊ သင့်လျော်သော အခွင့်အရေးကို ရှာမတွေ့ခဲ့ပေ။
ယနေ့တွင် သူ စောစောရောက်လာခြင်းမှာ ညီလာခံမစမီ ထိုအစီရင်ခံစာကို ထပ်မံ စစ်ဆေးရန် ဖြစ်သည်။
"ဟင်”
ကျိုးကျန့်သည် စာကြည့်ခန်း တံခါးဝသို့ ရောက်ရှိလာချိန်တွင် လှေကားထစ်အောက်တွင် ပြုတ်ကျနေသည့် စက္ကူလိပ်တစ်ခုကို တွေ့လိုက်ရသည်။
သူသည် ငုံ့ကောက်ပြီး ဖြန့်ကြည့်လိုက်ရာ ချက်ချင်း မျက်မှောင်ကြုတ်သွားလေ၏။
"အိမ်ရှေ့စံရဲ့ အပြစ်ဝန်ခံလွှာတဲ့လား”
ကျိုးကျန့်သည် စိတ်ထဲကနေ ပြစ်တင်ကဲ့ရဲ့လိုက်သည်။
"ဟွန်း... ဟန်ဆောင်နေတာပဲ…ငါကြည့်ရသေးတာပေါ့၊ ဒီကောင်လေး ဘာတွေ လျှောက်ရေးထားလဲဆိုတာ”
သူသည် အပြစ်ရှာလိုသော မျက်လုံးများဖြင့် တစ်လုံးချင်း စတင် ဖတ်ရှုလေတော့သည်။
"ပထမအချက်မှာ ပျင်းရိပြီး တိုးတက်လိုစိတ် မရှိပါ..."
ကျိုးကျန့်တစ်ယောက် ပို၍ မျက်မှောင်ကြုတ်သွားပြီး "ကိုယ့်ကိုယ်ကိုတော့ သိသားပဲ" ဟု တွေးလိုက်မိသည်။
"ဒုတိယအချက်မှာ အပျော်အပါး မက်မောပြီး ရည်မှန်းချက် မရှိပါ..."
ကျိုးကျန့် တစ်ယောက် ခေါင်းညိတ်လိုက်ပြန်သည်။
ဒါကတော့ အမှန်ပဲ…
သို့သော်လည်း "တတိယအချက်မှာ လူကြီးမိဘကို ရိုသေလေးစားမှုမရှိ ခမည်းတော်ကို အာခံမိသည်" ၊ "စတုတ္ထအချက်မှာ အရာရှိများကို ရိုက်နှက်ကာ စည်းကမ်းဖောက်ဖျက်မိသည်" ဆိုသော အချက်များကို မြင်လိုက်ရချိန်တွင် ကျိုးကျန့်၏ မျက်နှာအမူအရာမှာ လေးနက်သွားသည်။
ဤကိစ္စများကို သူ ကြားဖူးသော်လည်း အိမ်ရှေ့စံကိုယ်တိုင် ဤမျှအထိ "ပွင့်ပွင့်လင်းလင်း" ရေးသားထားသောကြောင့် ၊ ယင်းက သူ့ကို အံ့သြသွားစေသည်။
စာကို ဖတ်လေလေ ကျိုးကျန့်၏ မျက်နှာထက်မှ အမူအရာမှာ ပို၍ ရှုပ်ထွေးလာလေလေပင်။
သတ္တမအချက် ဖြစ်သော { ကျွန်တော်မျိုး၏ ကိုယ်ကျင့်တရားသည် ဤနေရာနှင့် မထိုက်တန်ဘဲ ကံကောင်းမှုသက်သက်သာ ဖြစ်ပါသည်။ လေ့ကျင့်ရေးကွင်းတွင် ကိုယ့်ကိုယ့်ကိုယ် အရှက်ရအောင် ရည်ရွယ်ထားသော်လည်း မမျှော်လင့်ထားသော အခြေအနေများကြောင့် အစ်ကိုတော်(၅)၏ လက်နက်ကို လွတ်ထွက်သွားစေခဲ့ပြီး လုပ်ကြံသူကို သတ်မိသွားခြင်းသာ ဖြစ်ပါသည်။
ဤသည်မှာ ကျွန်တော်မျိုး၏ အစွမ်းအစမဟုတ်ဘဲ ကံကောင်းမှုသက်သက်သာ ဖြစ်သဖြင့် အလွန်ပင် ရှက်ရွံ့မိပါသည်} ဆိုသော စာသားကို မြင်လိုက်ရချိန်တွင် ကျိုးကျန့်၏ ခန္ဓာကိုယ်မှာ ဝုန်းခနဲ တုန်လှုပ်သွားလေတော့၏။
လေ့ကျင့်ရေးကွင်း ဖြစ်ရပ်တွင် သူကိုယ်တိုင်လည်း ရှိနေခဲ့ပြီး ၊ အိမ်ရှေ့စံ၏ ချော်လဲမှုမှာ တိုက်ဆိုင်လွန်းသည်ဟု ခံစားခဲ့ရသည်။ ယခုကြည့်ရသည်မှာ အိမ်ရှေ့စံမင်းသား ကိုယ်တိုင်က ဤသည်မှာ ကံကောင်းမှုသက်သက်ပါဟု ယူဆနေပြီး၊ ထိုအတွက်ပင် ရှက်ရွံ့နေသတဲ့လား။
နောက်ပိုင်းတွင် မိမိကိုယ်ကို အသုံးမကျသောသူအဖြစ် ဖော်ပြထားကာ၊ သူ့ကိုယ်ပိုင်အစေခံ၏ အမှားကိုတောင် မိမိအပေါ်သို့ ပုံချထားပြီး၊ နောက်ဆုံးတွင် "နာကျင်စွာဖြင့် ဦးခိုက်ကာ" အိမ်ရှေ့စံရာထူးမှ နုတ်ထွက်ခွင့်ပေးရန် တောင်းဆိုထားသည်ကို မြင်လိုက်ရချိန်တွင် ၊
အပြစ်ဝန်ခံလွှာကို ကိုင်ထားသော ကျိုးကျန့်၏ လက်များမှာ တုန်ယင်လာလေတော့သည်။
လောကကြီးကို ထိုးထွင်းသိမြင်နိုင်သော သူ၏ မျက်ဝန်းများသည်ပင် ယခုအခါတွင် မျက်ရည်များဖြင့် စိုစွတ်နေလေ၏။
"ကောင်းကင်ဘုံက အမြဲကြည့်နေတာပဲ”
ကျိုးကျန့်သည် ကောင်းကင်ကို မော့ကြည့်ကာ အားရပါးရ သက်ပြင်းချလိုက်သည်။ သူ၏ လေသံထဲတွင် စိတ်လှုပ်ရှားမှုနှင့် ရှိုက်သံများ ရောယှက်နေခဲ့သည်။
"အိမ်ရှေ့စံမင်းသား... အရှင့်သားမှာ ဒီလောက်အထိ နက်နဲတဲ့ ဆင်ခြင်တုံတရား ရှိနေတာပဲ ၊ ဒီလောက်အထိ ပွင့်လင်းတဲ့ စိတ်ထားမျိုး ရှိနေတာလား…”
“ဒီလို ကိုယ်ကျင့်တရား၊ ဒီလို အရှိန်အဝါမျိုးဟာ သာရှမင်းဆက်အတွက် တကယ်ကို ကောင်းချီးတစ်ခုပါပဲလား”
မူလက ဤအိမ်ရှေ့စံမင်းသားသည် ကံကောင်းမှုနှင့် ဧကရာဇ်မင်းမြတ်၏ မျက်နှာသာပေးမှုကြောင့်သာ ယနေ့လိုအခြေအနေကို ရောက်ရှိလာသော အသုံးမကျသူအဖြစ် မှတ်ယူထားခဲ့သည်။
သို့သော် ယခုကြည့်ရသည်မှာ ၊
သူ မှားသွားခဲ့ပြီ၊ သူ အကြီးအကျယ် မှားသွားခဲ့ပြီ…
ဤအပြစ်ဝန်ခံလွှာသည် မိမိကိုယ်ကို ကဲ့ရဲ့ရှုတ်ချသော စာလွှာမဟုတ်ဘဲ မိမိကိုယ်ကို အစွမ်းကုန် နှိမ့်ချကာ သတိပေးထားသော လေးနက်သော ဖော်ပြချက်တစ်ခုပင် ဖြစ်သည်။
မိမိ၏ အားနည်းချက်များကို ရှင်းရှင်းလင်းလင်း နားလည်ထားသည်မှာ ရိုသေလေးစားဖွယ်ရာ ကောင်းလှပေသည်။
အိမ်ရှေ့စံမင်းသားသည် ဤနည်းလမ်းဖြင့် မိမိကိုယ်ကို တွန်းအားပေးကာ ဝီရိယရှိအောင် လုပ်ဆောင်နေခြင်းသာ ဖြစ်ရမည်။
"ဒါဘယ်လောက်တောင် သီလရှိလိုက်လဲ.. အိမ်ရှေ့စံမင်းသားဟာ ရှေးယခင်က သူတော်စင်တွေလိုပဲ”
ကျိုးကျန့် တစ်ယောက် မျက်ရည်များပင် ကျဆင်းလာတော့သည်။
သူသည် ထို "အပြစ်ဝန်ခံလွှာ" ကို အင်္ကျီလက်ထဲသို့ သေသေချာချာ ထည့်သိမ်းလိုက်ပြီး ၊ သူ၏ မျက်ဝန်းထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်များ ရှိနေခဲ့သည်။
ညီလာခံ စတင်ချိန်တွင် အရာအားလုံးမှာ ပုံမှန်အတိုင်းပင်။
လူတိုင်းက ယနေ့လည်း ပုံမှန်အတိုင်း ပြီးဆုံးသွားမည်ဟု ထင်နေချိန်တွင်၊ စစ်ဆေးရေးမှူး ကျိုးကျန့်သည် သူ၏ ရာထူးတံဆိပ်ကို ကိုင်ဆောင်ကာ ရှေ့သို့ တက်လာခဲ့သည်။
"ကျွန်တော်မျိုး စစ်ဆေးရေးမှူး ကျိုးကျန့်၊ လျှောက်တင်စရာ ရှိပါတယ်"
ကျိုးကျန့်၏ အသံမှာ ကျယ်လောင်ပြီး စိတ်အားထက်သန်နေကာ ပုံမှန် တည်ငြိမ်မှုနှင့် ဆန့်ကျင်ဘက်ပင်။
ဧကရာဇ်မင်း ရှောင်ယွမ်သည် မျက်ခုံးတစ်ချက်ပင့်ကာ ကြည့်လိုက်သည်။
“ အမတ်မင်း ကျိုး၊ ဘာကိစ္စရှိလို့လဲ”
"အရှင်မင်းမြတ်”
ကျိုးကျန့်သည် မြေပြင်ပေါ်သို့ ဝုန်းခနဲ ဒူးထောက်ချလိုက်ပြီး စက္ကူလိပ်ကို ခေါင်းပေါ် မြှောက်ကိုင်ကာ ရှိုက်ကြီးတငင် လျှောက်တင်လေတော့၏။
"ကျွန်တော်မျိုး မနေ့က စာကြည့်ခန်း အပြင်ဘက်မှာ အိမ်ရှေ့စံမင်းသား ကိုယ်တိုင်ရေးသားထားတဲ့ “အပြစ်ဝန်ခံလွှာ” တစ်စောင်ကို ကောက်ရခဲ့ပါတယ်”
“ ကျွန်တော်မျိုး ပထမတော့ အိမ်ရှေ့စံက ကိုယ့်ကိုယ်ကို သိက္ခာချပြီး ရေးသားထားတာလို့ ထင်ခဲ့မိပေမယ့်၊ သေသေချာချာ ဖတ်ကြည့်ပြီးတဲ့အခါမှာတော့ အိမ်ရှေ့စံမင်းသားဟာ ဘယ်လောက်အထိ စိတ်ထားမြင့်မြတ်လဲ…”
“ မိမိကိုယ်ကို ဘယ်လောက်အထိ ဆင်ခြင်သုံးသပ်ထားလဲဆိုတာ သိလိုက်ရပါတယ်၊ ဒီစာထဲမှာပါတဲ့ စကားလုံးတွေက တကယ်ကို စိတ်ရင်းမှန်လှပါတယ်”
“ဒါဟာ ကျွန်တော်တို့ သာရှမင်းဆက်မှာ နှစ်ပေါင်းတစ်သောင်းမှာ တစ်ကြိမ်သာ ကြုံတွေ့ရမယ့် မင်းကောင်းမင်းမြတ်တစ်ပါးရဲ့ လက္ခဏာပါပဲ”