← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇) - သီလနှင့်ပြည့်စုံသော အိမ်ရှေ့စံ၏ ဂုဏ်သတင်း ကျော်ကြားလာခြင်း

"အပြစ်ဝန်ခံလွှာတဲ့လား…အိမ်ရှေ့စံမင်းသားကိုယ်တိုင် ရေးတာလား…”

“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”

မှူးမတ်အရာရှိများမှာ မယုံကြည်နိုင်သော မျက်လုံးများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

နဂါးပလ္လင်ပေါ်ရှိ ဧကရာဇ်မင်း ရှောင်ယွမ်သည်ပင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ကျိုးကျန့်သည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ကာ ၊ သူ တန်ဖိုးထားရသော ရတနာတစ်ခုကဲ့သို့ ထို “အပြစ်ဝန်ခံလွှာ" ကို အသာယာ ဖြန့်လိုက်သည်။

"အရှင်မင်းမြတ်နှင့် အမတ်မင်းအပေါင်းတို့... အိမ်ရှေ့စံမင်းသားရဲ့ နှလုံးသားထဲကနေ လာတဲ့ ဒီအပြစ်ဝန်ခံချက်ကို ကျွန်တော် ဖတ်ပြပါ‌ရစေ”

သူသည် လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး အသံကျယ်ကြီးဖြင့် စတင် ရွတ်ဖတ်ပြလေတော့သည်။

“ပထမအချက် ကျွန်တော်မျိုးသည် ပျင်းရိပြီး တိုးတက်လိုစိတ် မရှိပါ။ ငယ်စဉ်ကတည်းက စာပေပညာကို မုန်းတီးပြီး သိုင်းပညာကိုလည်း ရွံရှာခဲ့ပါသည်။ ရည်မှန်းချက်မရှိ လျှောက်လှမ်းရင်း တော်ဝင်မိသားစုနှင့် ဘိုးဘေးဘီဘင်များကို အရှက်ရစေခဲ့ပါသည်”

ကျိုးကျန့်က ဤနေရာအရောက်တွင် ဝမ်းနည်းပက်လက်ဖြစ်နေသော လေသံဖြင့် ဖြည့်စွက်ပြောလိုက်သည်။

"အရှင်မင်းမြတ်၊ အိမ်ရှေ့စံမင်းသားဟာ မိမိကိုယ်ကို ပြန်လည်သတိပေးနေတာပါ၊ သာမန်ကိစ္စလေးတွေကြောင့် သီလကို အပျက်စီးမခံဘဲ အရှက်တရားမှ ရဲစွမ်းသတ္တိကို မွေးမြူနေတာပါ…”

“ အမှားကို သိပြီး ပြင်နိုင်ခြင်းဟာ ကောင်းသော လုပ်ရပ်ပါပဲ၊ အိမ်ရှေ့စံမင်းသားရဲ့ ဒီလို ဆင်ခြင်တုံတရားဟာ တိုင်းပြည်အတွက် ကံကောင်းခြင်းပါပဲ”

ရှောင်ရှန်း၏ ဗီဇကို သိနေကြသော အရာရှိငယ်အချို့မှာ နှုတ်ခမ်းများ လှုပ်စိလှုပ်စိ ဖြစ်နေလေ၏။

ပျင်းရိတာကတော့ အမှန်ပဲ၊ ဒါပေမဲ့ ဒီအမတ်ကြီး ကျိုးကျန့်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် မြင့်မြတ်သွားရတာတုန်း…

"ဒုတိယအချက် ကျွန်တော်မျိုးသည် အပျော်အပါးကို မက်မောကာ အသုံးအဖြုန်းကြီးသူ ဖြစ်ပါသည်။ ဇိမ်ခံလူနေတန်းစား ဘဝဖြင့် နေထိုင်ကာ ပြည်သူတွေ၏ ဆင်းရဲဒုက္ခကို လျစ်လျူရှုခဲ့ပါသည်။ ဤလုပ်ရပ်မှာ တိရစ္ဆာန်နှင့် ဘာကွာခြားမည်နည်း”

ကျိုးကျန့်၏ အသံထဲတွင် ရှိုက်သံပင် ပါလာ၏။

"အိမ်ရှေ့စံမင်းသားဟာ ကိုယ့်အမှားတွေကို နာကျင်စွာနဲ့ ဖွင့်ဟနေတာပါ…အပျော်အပါးမှာ မနစ်မွန်းဖို့ မိမိကိုယ်ကို သတိပေးနေရင်း တစ်ဖက်မှာလည်း ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို အမြဲ နှလုံးသွင်းနေတာပါ”

“ဒီလို ကရုဏာတရားဟာ ကောင်းကင်နဲ့ မြေကြီးကိုတောင် လှုပ်ခတ်စေနိုင်ပါတယ်”

"တတိယအချက်မှာ... တတိယအချက် ကျွန်တော်မျိုးသည် လူကြီးမိဘများအပေါ် ရိုသေခြင်းမရှိ မထီမဲ့မြင်ပြုခဲ့ပါသည် ၊ ခမည်းတော်ကို … ဆန့်ကျင်ပြီး မောက်မာသော စကားများကို ပြောဆိုခဲ့ပါသည်”

"အရှင်မင်းမြတ်”

ကျိုးကျန့်သည် ရုတ်တရက် ခေါင်းမော့လိုက်သည် ။

"ဒါဟာ အာခံတာ ဘယ်ဟုတ်ပါ့မလဲ ၊ ဒါဟာ အိမ်ရှေ့စံရဲ့ ဖြူစင်တဲ့ နှလုံးသားနဲ့ ပွင့်လင်းရိုးသားမှုပါပဲ … ခမည်းတော်ရဲ့ ကျေးဇူးတရားအပေါ် အားနာစိတ်နဲ့ မိမိကိုယ်ကို ပြန်လည်နှိပ်ကွပ်နေတာပါ”

“ ဒီလို စိတ်ထားမျိုး ကျွန်တော်မျိုးတို့တောင် မမီနိုင်ပါဘူး”

လူအုပ်ထဲတွင် ရပ်နေသော ရှောင်ရှန်းခမျာ ဆွံ့အနေလေ၏။ မျက်လုံးအပြူးသား ပါးစပ်အဟောင်းသားနှင့် ခေါင်းကို မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး ထုံကျင်နေတော့သည်။

‘ဒီ... ဒီအဖိုးကြီး ဘာတွေ ပြောနေတာလဲ?’

‘ ငါက ငါ့ကိုယ်ငါ ဆဲနေတာလေ ၊ ပိုပြီး ဆဲလေလေ နန်းချခံရဖို့ နီးစပ်လေလေပဲလို့ ထင်နေတာလေ…’

‘သူက ဘယ်လိုတွေဖြစ်ပြီး ဒီလိုတွေ အဓိပ္ပာယ် ဖွင့်ဆိုနေတာတုန်း …ဇာတ်ညွှန်းကတော့ မှားနေပြီ၊ ဒီဇာတ်ညွှန်းမှာ သေချာပေါက် ပြဿနာရှိနေပြီ’

အမတ်ချုပ် လင်ပေါ်ရုံ၏ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော မျက်နှာမှာလည်း ဤအခိုက်အတန့်တွင် ရှုပ်ထွေးနေဟန်ရသည်။

ကျိုးကျန့်၏ "အကောင်းမြင်ဝါဒ”များဖြင့် ပြည့်နှက်နေသော အဓိပ္ပာယ်ဖွင့်ဆိုချက်များကို နားထောင်ရင်း၊ လင်ပေါ်ရုံမှာ “ ဤကလေးသည် တိုင်းပြည်ကျဆုံးခြင်း၏ လက္ခဏာ” ဟု ခိုင်မာစွာ ယူဆထားသော ယခင်က သူ၏ ယုံကြည်ချက်ကို ပြင်းပြင်းထန်ထန် တုန်လှုပ်သွားစေခဲ့သည်။

"ဒါမှမဟုတ်... ငါ တကယ်ပဲ လူမှားကြည့်မိတာလား ၊ ဒီကလေးက... သာမန်လူတွေ နားမလည်နိုင်တဲ့ နည်းလမ်းနဲ့ ကိုယ့်စိတ်ဓာတ်ကို အရောင်တင်နေခဲ့တာလား"

“ သူ့ရဲ့ ရူးကြောင်ကြောင် လုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ တကယ်ပဲ နက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေ ရှိနေခဲ့တာလား … ဒီအပြစ်ဝန်ခံလွှာ ဆိုတာက ကိုယ့်ကိုယ်ကို သိက္ခာချတာ မဟုတ်ဘဲ... အစွမ်းကုန် နှိမ့်ချပြီး ကိုယ့်ကိုယ်ကို အမြဲ သတိပေးနေခဲ့တာလား”

လင်ပေါ်ရုံသည် တွေးလေလေ ဤသည်မှာ ဖြစ်နိုင်ချေ ရှိလေလေဟု ထင်လာမိသည်။

ယုတ်ဆွအဆုံး ဘယ်သူကများ ကိုယ့်ကိုယ်ကိုယ် ပိုးစိုးပက်စက် ဆဲမှာတုန်း…

ကျိုးကျန့်ကတော့ စိတ်အားထက်သန်စွာဖြင့် ဆက်လက် ဖတ်ပြနေဆဲပင်။

"သတ္တမအချက်မှာ၊ ကျွန်တော်မျိုး၏ ကိုယ်ကျင့်တရားသည် ဤနေရာနှင့် မထိုက်တန်ဘဲ …. လေ့ကျင့်ရေးကွင်းတွင် ကိုယ့်ကိုယ့်ကိုယ် အရှက်ရအောင် ရည်ရွယ်ထားသော်လည်း မမျှော်လင့်ထားသော အခြေအနေများကြောင့် အစ်ကိုတော်(၅)၏ လက်နက်ကို.. လုပ်ကြံသူကို သတ်မိသွားခြင်းသာ ဖြစ်ပါသည်… ကျွန်တော်မျိုး၏ အစွမ်းအစမဟုတ်ဘဲ ကံကောင်းမှုသက်သက်သာ ဖြစ်သဖြင့် အလွန်ပင် ရှက်ရွံ့မိပါသည်”

ဤနေရာအရောက်တွင် ကျိုးကျန့်သည် စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားသည်။

"အရှင်မင်းမြတ်၊ မှူးမတ်တို့ နားထောင်ကြစမ်း …အိမ်ရှေ့စံမင်းသားဟာ အသက်ကယ်တဲ့ အကျိုးဆောင်မှုကိုတောင် 'ကံကောင်းမှု' လို့ပဲ သတ်မှတ်တယ်…’ကိုယ့်ကိုယ်ကို ရှက်ရွံ့မိတယ်'လို့တောင် ပြောသေးတယ်”

“ဒီလို နှိမ့်ချတဲ့ ကိုယ်ကျင့်တရား၊ ဒီလို ကျယ်ပြန့်တဲ့ စိတ်ထားမျိုးဟာ ရှေးယခင်ကတည်းက အခုထိ ဘယ်နှယောက် ရှိခဲ့ဖူးလို့လဲ”

“ ဒါဟာ ကံကောင်းတာ ဘယ်ဟုတ်ပါ့မလဲ..ဒါဟာ အိမ်ရှေ့စံရဲ့ မေတ္တာတရားက ကောင်းကင်ဘုံကိုတောင် လှုပ်ခတ်စေလို့ ငါတို့ သာရှမင်းဆက်ကို နတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်နေတာပဲ”

"ဗူး—"

မလှမ်းမကမ်းတွင် ရပ်နေသော မင်းသား(၅) ရှောင်ယန်ခမျာ ရင်ထဲတွင် ဆို့တက်လာသော သွေးများကို အတင်း ပြန်မျိုချလိုက်ရသည်။

‘ ဘုရားရေ ၊ ကိုယ့်ကိုယ့်ကို အရှက်ခွဲဖို့ ကြံရွယ်ခဲ့တယ်" ဟုတ်လား…’

‘ အဲဒီနေ့က တကယ်ပဲ တမင် ခြေချော်လဲပြီး အရှက်ကွဲဖို့ လုပ်ခဲ့တာပေါ့လေ..

အခုတော့ အဲဒီကိစ္စကိုပါ နှိမ့်ချတဲ့နေရာမှာ သုံးနေသေးတယ် ၊ ဒါက လူသတ်ရုံတင်မကဘဲ နှလုံးသားကိုပါ ဓားနဲ့မွှန်းနေတာပဲ’

မင်းသား(၃) ရှောင်ကျင်၏ မျက်နှာမှာလည်း ပျက်ယွင်းသွားသည်။

ဒီကောင် ရှောင်ရှန်း ပိုပိုပြီး ထူးဆန်းလာတယ်..

ကျိုးကျန့်သည် နောက်ဆုံးတွင် နိဂုံးပိုင်းသို့ ရောက်ရှိသွားသည် ။

“အရှင်မင်းကြီး၊ ကျွန်တော်မျိုးသည် အရည်အချင်း အကန့်အသတ်ရှိပြီး ပညာအရည်အချင်းနိမ့်ကျသဖြင့် အိမ်ရှေ့စံရာထူးနှင့် လုံးဝ မထိုက်တန်ပါ….အိမ်ရှေ့စံရာထူးမှ ဖြုတ်ချကာ ပိုသီလရှိပြီး စွမ်းဆောင်နိုင်သော ဆက်ခံသူကိုသာ ရွေးချယ်ပေးတော်မူပါ။ ကျွန်တော်မျိုး ရှောင်ရှန်း နာကျင်စွာဖြင့် ဦးခိုက်လျှောက်တင်အပ်ပါသည်”

"အရှင်မင်းမြတ်”

ကျိုးကျန့်သည် 'အပြစ်ဝန်ခံလွှာ' ကို ခေါင်းပေါ်သို့ မြှောက်ကိုင်လိုက်ပြီး မျက်ရည်များဖြင့် ရှိုက်ကြီးတငင် လျှောက်တင်လေတော့၏။

"အိမ်ရှေ့စံမင်းသားရဲ့ ဒီလုပ်ရပ်ဟာ ဆုတ်ခွာဖို့ မဟုတ်ဘဲ မိမိကိုယ်ကို တွန်းအားပေးတာပါ…ကျွန်တော်မျိုးတို့ အမတ်တွေကိုလည်း အမြဲ ဆင်ခြင်တုံတရားရှိဖို့၊ တိုင်းပြည်အပေါ် သစ္စာရှိဖို့ သတိပေးလိုက်တာပါပဲ "

အခန်း (၂၈)

“ဒီလို သီလနဲ့ပြည့်စုံတဲ့ အိမ်ရှေ့စံရှိနေမှတော့ ကျုပ်တို့ သာရှမင်းဆက်ပြီး မဖွံ့ဖြိုးမှာကို စိုးရိမ်စရာ မရှိတော့ဘူး”

“ ဒီလို ကိုယ်ကျင့်တရား မြင့်မြတ်တဲ့ အိမ်ရှေ့စံမင်းသားကို ချီးမြှင့်မြှောက်စားပြီး တိုင်းပြည်အတွက် စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပေးဖို့ ကျွန်တော်မျိုး တောင်းဆိုပါတယ် အရှင်မင်း”

ညီလာခံခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

အချိန်အတော်ကြာပြီးမှ နဂါးပလ္လင်ပေါ်ရှိ ဧကရာဇ်မင်း ရှောင်ယွမ်သည် နက်နဲသော ရယ်မောသံကို စတင်ထုတ်ဖော်လိုက်ပြီး၊ နောက်ဆုံးတွင် အားရကျေနပ်သော ရယ်သံအဖြစ် ပြောင်းလဲသွားလေ၏။

"ကောင်းတယ် ၊ သိပ်ကောင်းတယ် အိမ်ရှေ့စံရဲ့ အပြစ်ဝန်ခံလွှာတဲ့လား.. ဟားဟားဟားဟား”

ဧကရာဇ်မင်း ရှောင်ယွမ်၏ အကြည့်မှာ ရှောင်ရှန်းအပေါ်သို့ ကျရောက်သွားပြီး ၊ အကဲခတ်မှုများ၊ ချီးကျူးမှုများ နှင့် ရှုပ်ထွေးသော ခံစားချက်များ ပါဝင်နေခဲ့သည်။

"အိမ်ရှေ့စံမှာ ဒီလို စိတ်ထားမျိုး ရှိတာကို မြင်ရတော့ ငါကိုယ်တော် တကယ်ပဲ စိတ်ချမ်းသာမိတယ် ၊ ငါကိုယ်တော်... တကယ်ပဲ လူမမှားခဲ့ဘူး”

ဝုန်း !

ရှောင်ရှန်း၏ ခေါင်းထဲတွင် တစ်စုံတစ်ခု ပေါက်ကွဲသွားသကဲ့သို့ တဝီဝီ မြည်သွားသည်။

‘သူ နားမလည်နိုင်တော့ဘူး၊ လုံးဝကို နားမလည်နိုင်တော့ဘူး…’

‘ဘာလို့လဲ…’

‘ သူ့ကိုယ်သူ ဒီလောက်အထိ ဆဲဆိုပြီး အရှက်ခွဲထားတာကို ခမည်းတော်နဲ့ ဒီအမတ်တွေရဲ့ မျက်လုံးထဲမှာ ဘယ်လိုလုပ်ပြီး "သူတော်စင်" ဖြစ်သွားရတာတုန်း’

‘ ဘယ်လိုဖြစ်ပြီး ကိုယ်ကျင့်တရားက မြင့်မြတ်သွားတာတုန်း ၊ ဘယ်လိုလုပ်ပြီး "မင်းကောင်းမင်းမြတ်ရဲ့ လက္ခဏာ" ဖြစ်သွားရတာတုန်း ‘

‘ ဒီကမ္ဘာကြီးက ရူးသွားပြီလား ဒါမှမဟုတ် ငါတစ်ယောက်တည်းပဲ ပုံမှန်ဖြစ်နေတာလား'

သူ့ခမျာ အံ့အားသင့်မှုကြောင့် အနည်းငယ်

ကြောင်အသွားသည့် သူ့မျက်နှာနှင့် အိမ်ရှေ့စံနန်းတွင်းဝတ်ရုံတို့ကို ပေါင်းစပ်လိုက်သောအခါ၊ လူအများ၏ မျက်လုံးထဲတွင် "ဉာဏ်ကြီးရှင်တို့၏ တည်ငြိမ်မှု" ၊ "ကိုယ့်အစွမ်းအစကို ဖုံးကွယ်ထားသူ" အဖြစ် ပို၍ပင် ထင်မှတ်သွားစေတော့သည်။

" ငါ့အမိန့်တော်ကို ထုတ်ပြန်လိုက်”

ဧကရာဇ်မင်း ရှောင်ယွမ်သည် ဝတ်ရုံလက်စကို ဝှေ့ယမ်းကာ ကျယ်လောင်စွာ မိန့်ကြားလိုက်သည်။

"အိမ်ရှေ့စံ ရေးသားတဲ့ 'အပြစ်ဝန်ခံလွှာ' ကို ဟန်လင်းကျောင်းတော်ကနေ အခုချက်ချင်း အရွက် တစ်ရာ ကူးယူစေပြီး တစ်ပြည်လုံးကို ဖြန့်ဝေစမ်း”

“ငါတို့ သာရှမင်းဆက်ရဲ့ အရာရှိအားလုံး တစ်ယောက်တစ်စောင်စီ လက်ဝယ်ထားပြီး နေ့ညမပြတ် လေ့လာစေ”

“ အိမ်ရှေ့စံမင်းသားရဲ့ မိမိကိုယ်ကို ဆင်ခြင်ခြင်း၊ စည်းကမ်းရှိခြင်းနဲ့ နှိမ့်ချခြင်းဆိုတဲ့ ကိုယ်ကျင့်တရားတွေကို အလေးအနက် သင်ယူစေ”

"ပြီးတော့”

ဧကရာဇ်မင်း ရှောင်ယွမ်သည် စကားကို ခဏရပ်လိုက်ပြီး ပို၍ တောက်ပစွာ ပြုံးလိုက်ရင်း။

"အိမ်ရှေ့စံဟာ စိတ်နှလုံးသား ဖြူစင်ပြီး ကိုယ်ကျင့်တရား မြင့်မြတ်တဲ့အတွက် ဆုလာဘ် ချီးမြှင့်ရမယ်”

“ရွှေစင် တစ်ထောင်၊ ပိုးထည် အလိပ် တစ်ရာ၊ အရှေ့ပင်လယ်က ပုလဲ (၁၀) ခြင်းနဲ့အတူ သူတော်စင်တို့ရဲ့ ဂုဏ်ကို ဖော်ကျူးဖို့ ကျောက်စိမ်းရူယိ တစ်ခုကိုပါ ဆုချစေ”

ရှောင်ရှန်းခမျာ အောက်တွင် ရပ်နေရင်း ဝိညာဉ်ပင် လွင့်ထွက်သွားသကဲ့သို့ နေရာမှာတင် ကျောက်ရုပ်ကြီးလို ဖြစ်နေလေ၏။

သူတော့ သွားပြီ…

ဒီဘဝမှာတော့ "နန်းချခံရခြင်း" ဆိုတဲ့ စကားလုံးက ဘိုင်ဘိုင်နဲ့ တူပါရဲ့ ..

ဤ "အပြစ်ဝန်ခံလွှာ" ထွက်ပေါ်လာမှုနှင့်အတူ ၊ ရှောင်ရှန်း၏ "သူတော်စင်" ဆိုသည့် ဂုဏ်သတင်းမှာ ပို၍ ခိုင်မာလာခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ ရက်အနည်းငယ်အကြာတွင် အိမ်ရှေ့စံမင်းသားကိုယ်တိုင် ရေးသားသော "အပြစ်ဝန်ခံလွှာ"သည် တစ်တိုင်းပြည်လုံးသို့ ပျံ့နှံ့သွားလေတော့၏။

ဧကရာဇ်မင်းမြတ်က အထူးချီးကျူးခဲ့ပြီး အရာရှိအားလုံး သင်ယူလေ့လာရန် အမိန့်ပေးခဲ့သော သတင်းမှာ တောမီးသဖွယ် တစ်တိုင်းပြည်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။

တခဏချင်းမှာပင် လက်ဖက်ရည်ဆိုင်များ၊ လမ်းဘေးဝဲယာများတွင် သူတော်စင်အိမ်ရှေ့စံ အကြောင်းကိုသာ ပြောဆိုနေကြသည်။

"ကြားပြီးပြီလား၊ အိမ်ရှေ့စံမင်းသားက ကိုယ်တိုင် အပြစ်ဝန်ခံလွှာ ရေးတာ၊ ကိုယ့်ကိုယ်ကိုယ် ပြင်းပြင်းထန်ထန် ဆဲဆိုထားတာတဲ့”

"ဟုတ်တယ်၊ ဟုတ်တယ်၊ ကြားတာတော့ ဧကရာဇ်မင်းမြတ်တောင် အဲ့စာကို ဖတ်ပြီး အရမ်းစိတ်လှုပ်ရှားသွားလို့ အိမ်ရှေ့စံကို နှစ်ပေါင်းတစ်သောင်းမှ တစ်ယောက်သာ ပေါ်ထွန်းတဲ့ သူတော်စင် လို့တောင် ချီးကျူးလိုက်သတဲ့"

“ အမ်... အရင်ကတော့ အိမ်ရှေ့စံကို အပျော်အပါး မက်တဲ့သူလို့ ထင်ခဲ့တာ၊ လတ်စသတ်တော့ ဒါက ဉာဏ်ကြီးရှင်တွေရဲ့ ကိုယ့်အစွမ်းအစကို ဖုံးကွယ်ထားတဲ့ ပုံစံပဲကိုး”

"ဒါပေါ့၊ အမတ်ကြီး ကျိုးကျန့်ကိုယ်တိုင်တောင် အိမ်ရှေ့စံမှာ ရှေးယခင်က သူတော်စင်တွေရဲ့ အရှိန်အဝါ ရှိတယ်ဆိုပြီး ချီးကျူးခဲ့တာလေ”

ဤသတင်းသည် အိမ်နီးချင်းနိုင်ငံများအထိပင် ပျံ့နှံ့သွားသည်။ ရန်သူနိုင်ငံမှ သူလျှိုများက ထိုသတင်းကို အမြန်ဆုံး ပေးပို့လိုက်ရာ၊ ရန်သူနိုင်ငံမှ ဘုရင်နှင့် မှူးမတ်များမှာလည်း ထို "ထူးခြားသော အပြစ်ဝန်ခံလွှာ" ကို ဖတ်ရှုပြီးနောက် ခေါင်းစားကုန်ကြသည်။

"ဒီသာရှမင်းဆက်ရဲ့ အိမ်ရှေ့စံက... တကယ်ပဲ ရူးနေတာလား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလား”

" ကိုယ့်ကိုယ်ကို ဒီလောက်အထိ ဆဲဆိုထားတာကို သူ့အဖေက ရတနာတစ်ခုလို တန်ဖိုးထားနေတယ်ဆိုတော့၊ သူ့အဖေ ရူးနေတာမဟုတ်ရင် ဒီအိမ်ရှေ့စံက …လူတွေရဲ့ စိတ်နှလုံးကို ဒီလိုနည်းနဲ့ သိမ်းပိုက်လိုက်တာပဲ ၊ တကယ်ကို ထူးချွန်ပေတယ်”

အပြင်လူတွေ ဘယ်လိုပင် တွေးနေပါစေ၊ ရှောင်ရှန်း၏ "သူတော်စင်" ဆိုသည့် ဂုဏ်သတင်းမှာ သူ့ကိုယ်သူ ကဲ့ရဲ့ရှုတ်ချရန် ရေးသားခဲ့သော စာကြောင့်ပင် မကြုံစဖူး အမြင့်ဆုံးသို့ ရောက်ရှိသွားလေတော့၏။

မင်းသား(၃) အိမ်တော်။

"ခွမ်း!"

တန်ဖိုးကြီးသော ကြွေလက်ဖက်ရည်ခွက်သည် ရှောင်ကျင်း၏ ပစ်ပေါက်မှုကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။

"အသုံးမကျတဲ့သူတွေ၊ အသုံးမကျတဲ့ကောင်တွေ"

ရှောင်ကျင်း၏ နူးညံ့သိမ်မွေ့သော မျက်နှာမှာ ယခုအခါတွင် ခက်ထန်နေလေ၏။

"ငါကိုယ်တော် မယုံဘူး၊ ဒီ ယကောင် ရှောင်ရှန်းမှာ တကယ်ပဲ ယှဉ်နိုင်စရာမရှိတဲ့ ကံကောင်းခြင်းတွေ ရှိနေတာလား ၊ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲတဲ့ စာတစ်စောင်ကတောင် သူ့လက်ထဲမှာ ရွှေဖြစ်သွားရတယ်လို့ “

အကြံပေးအရာရှိများမှာ ကြောက်လန့်စွာဖြင့် ငြိမ်သက်နေကြပြီး အသက်ပင်မရှုဝံ့ပေ။

မင်းသား(၅) အိမ်တော်။

ရှောင်ယန်သည် ခြံထဲတွင် ရူးသွပ်မတတ် လှံသိုင်း လေ့ကျင့်နေပြီး ၊ လှံ၏ လေတိုးသံနှင့်အတူ ဘေးနားရှိ ကျောက်တုံးများမှာ အပိုင်းပိုင်း ကွဲကြေကုန်၏။

"အားး ၊ ဒေါသထွက်လိုက်တာ ….ဒေါသထွက်လိုက်တာ!"

ရှောင်ယန်၏ မျက်လုံးများမှာ နီရဲနေပြီး ရူးသွပ်နေသူတစ်‌ဦးကဲ့သို့ပင်။

" ခွေးကောင်၊ ဒီကောင် ဘာလို့လဲ….ဒီကောင်ကြ ဘာလို့လဲ”

သူတို့ဘက်မှ မည်သို့ပင် အကွက်ဆင်စေကာမူ၊ ရှောင်ရှန်းသည် မည်သို့ပင် အမှားလုပ်စေကာမူ၊ ရလဒ်မှာ ရှောင်ရှန်းအတွက် အမြဲတမ်း ဘေးကင်းရုံတင်မကဘဲ ပိုမြင့်မားသော အဆင့်အတန်းသို့ ရောက်ရှိသွားတတ်သဖြင့် သူတို့အကုန်လုံး စိတ်ပျက်နေကြသည်။

All Chapters