← Chapters

အခန်း (၄၅၉-၄၆၀)

Vol. 46 Ch. 459-460

အခန်း (၄၅၉-၄၆၀)

Vol. 46 Ch. 459-460

အခန်း(459)

မကြာမီမှာပင် တစ်ဖက်လူက စာချုပ်ကို ယူဆောင်လာခဲ့သောကြောင့် စုန့်စစ်ယွီက သူတို့နှင့်အတူ ဆွေးနွေးလေသည်။ သူမက စာချုပ်ပါ အချက်အလက်အချို့ကို ပြင်ဆင်ရန် လုပ်ခဲ့ကာ သူမအတွက် အကျိုးရှိမည့် အချက်အနည်းငယ်ကိုလည်း ထည့်သွင်းလိုက်လေ၏။

ဥပမာအားဖြင့် နောက်ပိုင်းတွင် သူမသည်က စက်ရုံသို့ အချိန်မရွေး သွားရောက်ကြည့်ရှုစစ်ဆေးခွင့်ရှိရန်နှင့် စက်ရုံ၌အပြောင်းအလဲ သို့မဟုတ် တိုးတက်မှုအသစ်များရှိပါက သူမအား အကြောင်းကြားရန် ဆိုသည့် အချက်များပင် ဖြစ်သည်။

ထိုသို့ပြောဆိုချိန်တွင် စုန့်စစ်ယွီကဤသို့ အကြောင်းပြချက်ပေးခဲ့သည်။

“ကျွန်မ ဒါကို ထည့်ခိုင်းတာက တခြားရည်ရွယ်ချက် မရှိပါဘူး၊ နောက်ပိုင်းမှာ ရှင်တို့ ငွေကြေးအခက်အခဲ ရှိလာရင် ကျွန်မဘက်က အမြန်ဆုံးသိရှိပြီး တတ်နိုင်သလောက် ကူညီပေးနိုင်အောင်လို့ပါ

တကယ်လို့ ရှင်တို့ဘက်က အဆင်မပြေဘူးဆိုရင်တော့ မပြောပြလည်း ရပါတယ်...”

“ရပါတယ်၊ ကျွန်တော်တို့ဘက်က ဘာမှ အဆင်မပြေစရာ မရှိပါဘူး၊ ရဲဘော်စုန့်... ဒါကို ထည့်လိုက်ပါ!”

မျက်နှာချင်းဆိုင်ရှိ လူနှစ်ဦးမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြဆဲဖြစ်သည့်အတွက် စုန့်စစ်ယွီက ဤသို့ပြောဆိုလာသည့်အပေါ် အဆိုးမြင်နိုင်ခြင်းမရှိကြပါချေ။

သူမဘက်မှ သူတို့အတွက် ဤမျှအထိ စဉ်းစားပေးနေသည်ဖြစ်၍ အလွန် ကောင်းမြတ်သောသူအဖြစ်သာ တွေးနေခဲ့ကြသည်။

သူတို့၏ ကျေးဇူးရှင်အပေါ် မကောင်းသော အတွေးများဖြင့် အဘယ်ကြောင့် ခန့်မှန်းဝံ့ပါမည်နည်း။

ဤသို့ဖြင့် တစ်ဖက်လူ၏ ကျေးဇူးတင်လွန်းသော အကြည့်များအောက်တွင် စုန့်စစ်ယွီက သူတို့နှင့် စာချုပ်လက်မှတ်ရေးထိုးလိုက်လေတော့သည်။

ထို့နောက် စုန့်စစ်ယွီ၏ တိုက်တွန်းမှုကြောင့် တစ်ဖက်လူမှာ ထိုနေရာတွင်ပင် ပစ္စည်းများကို သိမ်းဆည်းကာ နေရပ်သို့ တိုက်ရိုက်ပြန်ရန် ပြင်ဆင်ကြလေသည်။

သူတို့ ပစ္စည်းသိမ်းဆည်းနေသည်ကို မြင်ရချိန်တွင် စုန့်စစ်ယွီသည်လည်း တံခါးအထိ လိုက်ပို့ရန် ရည်ရွယ်ချက် မရှိတော့ပေ။ သူမက တခြားလုပ်စရာရှိသည်ဟု အကြောင်းပြကာ “အကူအညီ” လိုအပ်နေမည့် နောက်ထပ်လူတစ်ဦးကို ဆက်လက်ရှာဖွေရန် ထွက်ခွာသွားခဲ့လေ၏။

သို့သော် သူမ ထောက်ပံ့ပေးခဲ့သော လူနှစ်ဦးက သူမ ထွက်ခွာသွားပြီးနောက် လျို့ကျားယို၏ လူများထံတွင် တားဆီးခြင်းကို ခံလိုက်ရသည်ဟူသောအချက်ကိုတော့ သူမ မသိလိုက်တော့ပါချေ။

လျို့ကျားယို၏ လူမှာ ထိုသူနှစ်ဦးအား လိပ်စာကတ်တစ်ခု ပေးအပ်လိုက်ပြီး သူသည်က မစ်စ်စုန့်စစ်ယွီ၏ လုပ်ဖော်ကိုင်ဖက် ဖြစ်ကြောင်း ပြောပြလိုက်လေသည်။

မစ်စ်စုန့်၏ ကိုယ်ပိုင်အစွမ်းအစမှာ မလုံလောက်သည်ကို သိရှိသဖြင့် သူတို့၏ သူဌေးကလည်း သူတို့အား ထပ်မံ၍ ကူညီရန် စီစဉ်ထားကြောင်း၊ ထို့ကြောင့် ဤနေရာတွင် ခေတ္တစောင့်ဆိုင်းရန်နှင့် သူဌေးကိုယ်တိုင် လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း ပြောဆိုလိုက်လေ၏။

တခြားသော စိတ်ထားကောင်းသည့် သူဌေးကြီးတစ်ဦးက သူတို့ကို ထပ်မံကူညီမည်ဆိုသည်ကိုကြားလျှင် တစ်ဖက်လူက မယုံကြည်နိုင်သော်လည်း စုန့်စစ်ယွီ၏ လုပ်ဖော်ကိုင်ဖက်ဟုပြောခဲ့သောကြောင့် အဆုံးတွင် သတိလက်လွတ် ယုံကြည်သွားကြတော့သည်။

တစ်ချိန်တည်းမှာပင် ရဲဘော်စုန့်၏ အထက်လူကြီးမှာလည်း သူမကဲ့သို့ပင် စိတ်ထားကောင်းသူ ဖြစ်ရမည်ဟု တွေးတောကာ စိတ်လှုပ်ရှားနေကြလေ၏။

ယနေ့ ရဲဘော်စုန့်နှင့် ဆုံတွေ့ရခြင်းမှာ သူတို့အတွက် အမှန်တကယ်ပင် ကံအကောင်းဆုံး ကိစ္စပင် ဖြစ်ပေလိမ့်မည်။

ထိုသို့ဖြင့် စုန့်စစ်ယွီမှာ မည်သည့်အရာကိုမှ မသိလိုက်ဘဲ သူမကသာ အထည်အလိပ်လုပ်ငန်းရှင်နှစ်ဦး၏ အကျေးဇူးအတင်ဆုံးနှင့် အပြန်အလှန် ကျေးဇူးအဆပ်ချင်ဆုံးသော ကျေးဇူးရှင်နေရာကို ရရှိထားသည်ဟု ထင်မှတ်နေခဲ့သည်။

သို့သော် လျို့ကျားယိုသည်က သူမဘက်မှ သူမကိုယ်တိုင်၏အမည်ဖြင့် ထောက်ပံ့ခဲ့သည်ကို သိရှိသွားပြီးနောက် တစ်ဖက်လူအား စုန့်စစ်ယွီ ထောက်ပံ့သည်ထက် ဆယ်ဆမျှ ပိုမိုသော ပမာဏဖြင့် တိုက်ရိုက် ထောက်ပံ့ပေးလိုက်လေတော့၏။

စက်တစ်လုံးစာမှာပင် ထိုသူနှစ်ဦးကို အံ့အားသင့်စေခဲ့ပြီဖြစ်၍ ယခု လျို့ကျားယိုက စက်ဆယ်လုံးစာအတွက် ရန်ပုံငွေကို တိုက်ရိုက် ထုတ်ပေးလိုက်ချိန်တွင်တော့ သူတို့မှာ ပျော်လွန်းသဖြင့် မေ့လဲလုနီးပါးပင် ဖြစ်သွားကြရသည်။

သူတို့သည်က လျို့ကျားယိုအား နတ်ဘုရားတစ်ပါးကဲ့သို့ပင် ကြည့်နေမိကြတော့၏။

မတိုင်မီက စုန့်စစ်ယွီကိုတော့ ယခုအချိန်တွင် သူတို့ ခေတ္တမျှ မေ့လျော့နေကြလေပြီ။

“ကျေးဇူးတင်ပါတယ်... ကျေးဇူးအများကြီး တင်ပါတယ် သူဌေးလျို့၊ ကျွန်တော်တို့တွေ ကျေးဇူးကို ဘယ်လိုဆပ်ရမှန်းတောင် မသိတော့ပါဘူး!”

လျို့ကျားယိုက အပြုံးတစ်ခုနှင့် မျက်မှောင်ကြုတ်လိုက်လေ၏။

“အဆင်ပြေပါတယ်... ကျွန်တော်က ခင်ဗျားတို့ကို အလားအလာရှိတယ်လို့ ယူဆလို့ပါ၊ အခု ခင်ဗျားတို့ လုပ်ရမှာက စက်ရုံကို ကောင်းကောင်း လည်ပတ်ဖို့ပဲ

နောက်ပိုင်းမှာ တစ်ခုခုလိုအပ်တာရှိရင် ကျွန်တော့်ရဲ့ အတွင်းရေးမှူးဆီ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်၊ ကျွန်တော့် အတွင်းရေးမှူးနဲ့ စုန့်စစ်ယွီက လုပ်ဖော်ကိုင်ဖက်တွေပဲလေ၊ အချိန်တန်ရင် သူက စုန့်စစ်ယွီကို ပြောပြပါလိမ့်မယ်”

ထိုသူနှစ်ဦးသည်ကား ထိုစကားကို ကြားရလျှင် ခေတ္တမျှ တွန့်ဆုတ်သွားသော်လည်း မကြာမီမှာပင် သဘောတူကာ ခေါင်းညိတ်လိုက်ကြလေသည်။

မည်သို့ပင်ဖြစ်စေ သူတို့က ထိုသို့ပြောဆိုနေသည့်အတွက် လိမ်ပြောလိမ့်မည် မဟုတ်လောက်ပေ။

ထို့အပြင် စုန့်စစ်ယွီကိုယ်တိုင်ကလည်း သူမက ဟောင်ကောင်တွင် အလုပ်လုပ်နေကြောင်း ပြောပြခဲ့သည့်အတွက် လျို့ကျားယိုနှင့် စုန့်စစ်ယွီကြားရှိ ဆက်ဆံရေးအပေါ် ထိုသူနှစ်ဦးမှာ အခိုင်အမာ ယုံကြည်သွားကြလေတော့သည်။

ဘာပဲဖြစ်ဖြစ် သူတို့ကို လိမ်ညာဖို့အတွက်လောက်နှင့် စက်အစီးရေ တစ်ဆယ်စာလောက်အထိ ပို့ပေးမယ့်သူဆိုတာ မရှိနိုင်ဘူးမလား။

ဤသို့ဖြင့် လျို့ကျားယိုက စုန့်စစ်ယွီ ထောက်ပံ့ထားသော လူနှစ်ဦး၏ ယုံကြည်မှုကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့လေတော့၏။

တစ်ဖက်တွင်တော့ စုန့်စစ်ယွီက အချိန်အတော်ကြာအောင် လှည့်လည်ကြည့်ရှုပြီးနောက် နောက်ထပ်လူတစ်ဦးကို ထပ်မံတွေ့ရှိခဲ့ပြန်သည်။

သူမက ယခင်နည်းလမ်းအတိုင်းပင် တစ်ဖက်လူကို နှိမ့်ချပြောဆိုပြီးနောက်မှ စာနာနားလည်မှုနှင့် အသိအမှတ်ပြုမှုကို ပြသခဲ့လေသည်။

ရိုက်ပုတ်ပြီးမှ ချော့မြှူသည့် နည်းဗျူဟာကို အသုံးပြုကာ အနည်းဆုံးသော ငွေကြေးပမာဏဖြင့် တစ်ဖက်လူ၏ လုံးဝဥဿုံ ယုံကြည်မှုနှင့် ကျေးဇူးတင်ရှိမှုကို ရယူနိုင်ခဲ့ချေပြီ။

သို့သော် သူမ အရှေ့ခြေလှမ်းဖြင့် ထွက်ခွာသွားသည်နှင့် လျို့ကျားယိုက အနောက်ခြေလှမ်းဖြင့် ရောက်ရှိလာခဲ့ပြန်သည်

ယခုတစ်ခေါက်တွင်တော့ သူကိုယ်တိုင်ပြောရန်ပင် မလိုတော့ဘဲ သူ၏ အတွင်းရေးမှူးများက ယခင်အတွေ့အကြုံများအရ ထိုသူများကို အပိုင်သိမ်းနိုင်ခဲ့ကြလေ၏။

စုန့်စစ်ယွီက နောက်ထပ်လူတစ်ဦးကို ရှာဖွေရန် အစီအစဉ်မရှိတော့ဘဲ သူတို့ထံသို့ ပြန်လာတော့မည်ကို လျို့ကျားယို သိရှိပြီးသည်နှင့် ခပ်လှမ်းလှမ်းသို့ ပြန်လျှောက်သွားကာ စုန့်စစ်ယွီအား စောင့်ဆိုင်းနေသကဲ့သို့ ဟန်ဆောင်လိုက်လေသည်။

ဇာတ်လမ်း ပိုမိုပီပြင်စေရန်အတွက် စုန့်စစ်ယွီက အိမ်သာမှ ပြန်လာသည့်ပုံစံမျိုးဖြင့် လက်များကို ရေစိုလျက် ပြန်လာခဲ့၏။

“လူကြီးမင်းလျို့... ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ အရမ်းကြာသွားတယ်”

လျို့ကျားယိုတို့ထံ ပြန်ရောက်ချိန်တွင် စုန့်စစ်ယွီက အပြစ်ရှိသကဲ့သို့သော မျက်နှာဖြင့် သူ့ကို တောင်းပန်လိုက်လေသည်။

လျို့ကျားယိုကလည်း ပြုံးလျက်သာ အဆင်ပြေကြောင်း ပြောဆိုလိုက်၏။ သို့သော် သူ၏ စိတ်ထဲ၌တော့ အပြင်းအထန် နှာခေါင်းရှုံ့လိုက်မိလေတော့သည်။

အကယ်၍ သူသည်သာ စုန့်စစ်ယွီက တစ်ကွင်းလုံးတွင် ဘေးကင်းကင်းဖြင့် ပတ်သွားနေသည်ကို ကိုယ်တိုင် မမြင်တွေ့ခဲ့ရလျှင် သူမ၏ ပီပြင်လှသော သရုပ်ဆောင်ချက်များကြောင့် အလှည့်စားခံရပေလိမ့်မည်။

ဤစုန့်စစ်ယွီကို အမှန်တကယ်ပင် အထင်သေး၍ မရနိုင်ပေ။ သို့သော် ယခုအချိန်တွင်တော့ သူမကို ထွက်ခွာခွင့်ပေးရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် သူမဘက်မှ သူ့အတွက် နောက်ထပ်လျှို့ဝှက်ချက်နှင့် အခွင့်အရေး မည်မျှအထိ ပေးအပ်နိုင်ဦးမည်နည်းဆိုသည်ကို သူ သိချင်နေသေးသည်။

ထို့နောက်တွင်တော့ စုန့်စစ်ယွီက မည်သည့်အရာကိုမှ သတိမထားမိသည့်အမူအရာဖြင့် လျို့ကျားယို၏နောက်မှ လိုက်ကာ ကွင်းအတွင်း၌ ရိုးသားစွာဖြင့် လှည့်လည်ကြည့်ရှုနေခဲ့သည်။

မနက်ပိုင်းအချိန်မှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး နေ့လယ်စာ စားချိန်သို့ မရောက်မီတွင် စုန့်စစ်ယွီ၊ လျို့ကျားယိုနှင့် တခြားသူများမှာ မွှေးကြိုင်လွန်းသော ရနံ့တစ်ခုကို ရုတ်တရက် ရရှိလိုက်ကြလေ၏။

“ဒါက ဘာအနံ့လဲ၊ အရမ်းမွှေးတာပဲ”

“ကျွန်တော် သိတယ်၊ စီစဉ်သူတွေက အထူးဖိတ်ကြားထားတဲ့ စားဖိုမှူးတွေက ဒီနေ့ နေ့လယ်ကျရင် ဒီနေရာမှာပဲ တိုက်ရိုက်ချက်ပြုတ်ပြမှာလို့ ကြားတယ်၊ သူတို့ရဲ့ လက်ရာတွေက အရမ်းကောင်းတယ်တဲ့”

“သူမ ဘယ်လိုများ လှီးဖြတ်လိုက်တာလဲ၊ ပဲပြားကို ဒီလောက်အထိ ပါးလွှာတဲ့ အမျှင်လေးတွေဖြစ်အောင် လှီးနိုင်ပြီးတော့ အမျှင်မပြတ်အောင် ဘယ်လိုများ ထိန်းထားနိုင်တာလဲ၊ အံ့ဩစရာပဲ”

“ဘုရားရေ... ငါ သူမရဲ့လက်တွေ လှုပ်ရှားသွားတာပဲ မြင်လိုက်ရတယ်၊ ပဲပြားတွေက ဘာလို့ အမျှင်တွေ ဖြစ်သွားတာလဲ၊ ဘာကို သုံးထားလို့လဲ၊ အထူးပစ္စည်းတစ်ခုခုကိုများသုံးလိုက်တာလား”

“ဒီလို ဓားသုံးစွဲပုံမျိုးကတော့ သေချာပေါက် ဆရာကြီးအဆင့်ပဲ၊ အထူးဖိတ်ခေါ်ထားတဲ့ စားဖိုမှူးဖြစ်ဖို့ ထိုက်တန်တာပဲ”

ဟောင်ကောင်ရှိ နာမည်ကြီးစားဖိုမှူးများစွာ၏ လက်ရာများကို မြည်းစမ်းဖူးပါသည်ဆိုသော လျို့ကျားယိုပင်လျှင် လင်းရန်၏ နည်းစနစ်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရချိန်၌ အလွန်ပင် အံ့အားသင့်သွားရလေသည်။

ဤအမျိုးသမီးစားဖိုမှူးတွင် အမှန်တကယ်ပင် အရည်အချင်းရှိနေသည်ကို သူ ငြင်းဆို၍မရပေ။

ပဲပြား၏အရသာမှာ ပေါ့ပါးသောကြောင့် သူမက ပိုမိုအရသာရှိအောင် မည်သို့ပြုပြင်ဖန်တီးမည်ကိုတော့သူ မသိရှိပါချေ။ မကြာမီမှာပင် လင်းရန်က အနီးတွင်ရှိနေသော မီးဖိုငယ်လေးပေါ်တွင် တည်ထားသော မြေအိုးအဖုံးကို ဖွင့်လိုက်သည်ကို လူတိုင်း မြင်တွေ့လိုက်ရ၏။

အဖုံးကို ဖွင့်လိုက်သည်နှင့် လူတိုင်း ရရှိထားသော မွှေးကြိုင်လိန်းသည့် ရနံ့မှာ ပိုမိုပြင်းထန်လာပြီး လူတိုင်း၏အာရုံကို သိမ်းပိုက်လိုက်လေတော့သည်။

“ခုနကရတဲ့ ရတဲ့ အနံ့က ဒီကလား၊ စွပ်ပြုတ်နံ့နဲ့ တူတယ်နော်”

“အထဲမှာ ဘာတွေပါလဲတော့ မသိပေမဲ့ တစ်ငုံလောက်သောက်ကြည့်ချင်နေပြီ၊ အနံ့က အရမ်းမွှေးတာပဲ!”

မတိုင်မီက လင်းရန်အနေဖြင့် စွပ်ပြုတ် မည်မျှအထိ ဆူပွက်နေပြီဖြစ်ကြောင်းကို သိချင်သောကြောင့် အဖုံးကို ခဏမျှဖွင့်ကြည့်ခဲ့ခြင်းဖြစ်ပေသည်။ စွပ်ပြုတ်က အနေတော်ဖြစ်နေကြောင်းကို သိရှိရချိန်တွင် သူမက ပဲပြားကို စတင်လှီးဖြတ်ခဲ့ခြင်းဖြစ်၏။

ယခုအချိန်တွင်တော့ ပဲပြားကို လှီးဖြတ်ပြီး၍ ဤ ‘ဝမ်းစစ်ပဲပြားဟင်း’အတွက် နောက်ဆုံးတစ်ဆင့်သာ ကျန်တော့သည်။ ထိုအဆင့်မှာ ကြိုတင်ချက်ပြုတ်ထားသော စွပ်ပြုတ်ရည်များကို တခြားအိုးငယ်တစ်ခုထဲသို့ ခပ်ထည့်ကာ ပဲပြားမျှင်လေးများကိုပါ ထည့်၍ အတူတကွချက်ပြုတ်ရန်ပင် ဖြစ်သည်။

အချိန်ခေတ္တမျှကြာပြီးနောက် ပဲပြားမျှင်လေးများ နူးနပ်ကာ စွပ်ပြုတ်ရည်၏ရနံ့နှင့် ပဲပြားတို့ တစ်သားတည်း ဖြစ်သွားချိန်၌ ဟင်းလျာမှာ ပြီးပြည့်စုံသွားခဲ့လေပြီ။

ဟင်းလျာကို အိုးထဲမှ ခပ်ထုတ်ပြီး ပြင်ဆင်လိုက်ချိန်တွင် လူတိုင်းမှာ မသိစိတ်ဖြင့် သွားရည်ကျလာကြရသည်။ စွပ်ပြုတ်ဟင်းရည်မှာ မွှေးကြိုင်လွန်းရုံသာမက အလွန်ပင် လှပလွန်းနေခဲ့သည်။

လင်းရန်က သူမ လှီးဖြတ်ထားသော ပဲပြားမျှင်လေးများကို မည်သို့ စီမံလိုက်သည်မသိရသော်လည်း ယခုအချိန်တွင်တော့ ထိုအမျှင်လေးများမှာ စွပ်ပြုတ်ခွက်ထဲ၌ ပွင့်အာနေသော ဂန္ဓမာပန်းဖြူကြီးတစ်ပွင့်ကဲ့သို့ တည်ရှိနေလေသည်။

စွပ်ပြုတ်ဟင်းရည် လှုပ်ခတ်သွားသည်နှင့်အမျှ ပဲပြားမျှင်လေးများဖြင့် ပြုလုပ်ထားသော ပွင့်ဖတ်လေးများသည်လည်း လိုက်ပါလှုပ်ရှားနေပြီး အလွန်ပင်ကြည့်ကောင်းလွန်းနေခဲ့သည်။

ဤသည်မှာ ဟင်းချက်နေခြင်း မဟုတ်ဘဲ အနုပညာလက်ရာတစ်ခုကို ဖန်တီးနေခြင်းသာ ဖြစ်ပေ၏။

*

အခန်း(460)

လင်းရန်ချက်ထားသည့် စွပ်ပြုတ်၏ အချောသတ် လက်ရာကို မြင်တွေ့လိုက်ရချိန်တွင် အောက်ဘက်မှ ကြည့်ရှုနေသူများမှာ လင်းရန် ကိုင်ဆောင်ထားသော စွပ်ပြုတ်ကို စားသုံးချင်စိတ်ဖြင့် အော်ဟစ်အားပေးကြလေတော့သည်။

သို့သော် စွပ်ပြုတ်မှာ တစ်ပွဲတည်းသာဖြစ်ပြီး လူတစ်ဦးတည်းသာ မြည်းစမ်းခွင့် ရရှိပေလိမ့်မည်။

မည်သူက ကံထူးရှင် ဖြစ်လာမည်ကို မသိနိုင်သေးပေ။

လူတိုင်းက လင်းရန်အား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြလေသည်။ လျို့ကျားယိုပင်လျှင် ဤအချိန်၌ မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့၏။

ရှောင်ချီမှာတော့ လင်းရန်၏ စွမ်းဆောင်ရည်မှာ အလွန်ကောင်းမွန်နေပြီး ကြည့်ရှုသူများမှာလည်း အလွန်ကျေနပ်နေကြသည်ကို မြင်လျှင် မည်မျှ ဝမ်းသာနေသည်ကို ပြောပြနိုင်ခြင်းပင် မရှိတော့ပေ။

လင်းရန်သည်က သူ့ကို မည်သည့်အချိန်တွင်မှ စိတ်မပျက်စေကြောင်း သူ သိလိုက်ရလေပြီ။

လူတိုင်း၏ စိတ်အားထက်သန်နေသော အမူအရာများကို မြင်လျှင် ရှောင်ချီက စင်ပေါ်သို့ အလျင်အမြန် တက်လာပြီးနောက် လူတိုင်းကို နှုတ်ဆက်လိုက်၏။

ပထမဦးစွာ သူက စားဖိုမှူး၏ အင်အားမှာ အကန့်အသတ်ရှိပြီး နေရာနှင့် အချိန်မှာလည်း အကန့်အသတ် ရှိနေသောကြောင့် ယနေ့တွင် လူတစ်ဦးတည်းအတွက်သာ တစ်ပွဲတည်းသာချက်ပြုတ်ပေးနိုင်ခြင်း ဖြစ်ကြောင်း တောင်းပန်စကား ပြောလိုက်လေသည်။

ကံထူးရှင်က မည်သူဖြစ်မည်ဆိုသည့်အတွက်ကတော့ တရားမျှတမှုရှိစေရန်အတွက် လူတိုင်း၏ နံပါတ်ပြားများကို ထည့်ထားသော သေတ္တာထဲမှ နံပါတ်တစ်ခုကို မျက်စိမှိတ်၍ ကျပန်းနှိုက်မည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်လေ၏။

မည်သည့်နံပါတ် ထွက်လာသည်ဖြစ်စေ၊ ထိုနံပါတ်ပိုင်ရှင်က စင်ပေါ်သို့ တက်လာကာ အရသာရှိသော အစားအစာကို သုံးဆောင်နိုင်လိမ့်မည်။

အကယ်၍ ထွက်ပေါ်လာသော နံပါတ်ပိုင်ရှင်က ထိုနေရာတွင် မရှိပါက သို့မဟုတ် စင်ပေါ်သို့ မတက်လိုပါက ကိုက်ညီသူရသည်အထိ ဆက်လက် နှိုက်သွားမည်ဖြစ်ပေ၏။

သို့သော် ရှောင်ချီမှာ အောက်ဘက်မှ လူများ၏ စားချင်စိတ်ပြည့်နေသော အမူအရာများကို ကြည့်ရင်း ဤကိစ္စမှာ တစ်ကြိမ်တည်းနှင့်ပင် အောင်မြင်လိမ့်မည်ဟု ခံစားနေရသည်။

သူ ထင်မှတ်ထားသည့်အတိုင်းပင် ပရိသတ်များထံမှ သဘောတူသံများ ချက်ချင်း ထွက်ပေါ်လာလေ၏။

“ကောင်းပြီလေ... နှိုက်လိုက်ပါ”

“ကောင်းပြီ... ကျွန်တော့်တို့ဆီမှာ နံပါတ်ပြား ရှိနေတုန်းပဲ”

ပုံမှန်အားဖြင့်ဆိုလျှင် ထိုနေရာရှိ လူအများစုမှာ ယခုကဲ့သို့ ပျော်ပွဲရွှင်ပွဲမျိုးတွင် ပါဝင်လိုကြမည် မဟုတ်သော်လည်း လင်းရန်၏ အံ့မခန်း နည်းစနစ်များဖြင့် ဤဟင်းလျာကို ဖန်တီးခဲ့သည်ကို သူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။

ထို့အပြင် ဤဟင်းလျာ၏ ရနံ့မှာ မွှေးကြိုင်လွန်းလွန်းသဖြင့် စွပ်ပြုတ်ရည်မှာ အလွန်ပင် အရသာရှိနေလိမ့်မည်။

အဆုံးတွင် နံပါတ်ပြားနှိုက်သည့်ကိစ္စသာ ဖြစ်သောကြောင့် ခေတ္တစဉ်းစားပြီးနောက် လူတိုင်းက ကံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်ကြလေသည်။

လူတိုင်း ပူးပေါင်းဆောင်ရွက်သည်ကို မြင်လျှင် ရှောင်ချီသည်လည်း စိုးရိမ်ပူပန်ခြင်း မရှိတော့ဘဲ ချက်ချင်းပင် မျက်စိမှိတ်ကာ ကံထူးသည့်နံပါတ်ကို စတင်နှိုက်လေတော့၏။

လျို့ကျားယိုသည်လည်း တစ်ခွန်းမျှ ဝင်မပြောသော်လည်း သူ အထဲသို့ဝင်လာချိန်က နံပါတ်ပြားကို လွှင့်မပစ်ခဲ့မိသည်ကို တိတ်တဆိတ် ဝမ်းသာနေမိသည်။

ဤရင်းနှီးမြှုပ်နှံမှုပြပွဲ၏ လူဝင်လူထွက် ထိန်းချုပ်မှုမှာ အတော်လေး တင်းကျပ်လွန်းသောကြောင့် ဝင်လာသူတိုင်းမှာ ဖိတ်စာကို ကိုယ်စားပြုသော နံပါတ်ပြားကို မဖြစ်မနေ ဆောင်ထားရပေသည်။

ထိုနံပါတ်ပြားမှာ အထောက်အထားအဖြစ် ရှိမှသာ အတွင်းသို့ ဝင်ခွင့်ရခြင်း ဖြစ်၏။

အစပိုင်းတွင်တော့ နံပါတ်ပြားမှာ အလွန်ပင် ရိုးစင်းလွန်းလွန်းသည်ဟု ထင်သောကြောင့် ဝင်လာပြီးနောက်တွင် လွှင့်ပစ်မည်ဟု ကြံစည်ခဲ့သော်လည်း နောက်ပိုင်းတွင် စုန့်စစ်ယွီ တိတ်တဆိတ် ထွက်သွားသဖြင့် ထိုကိစ္စကို မေ့လျော့သွားခဲ့ခြင်း ဖြစ်ပေသည်။

ယခုအချိန်တွင်တော့ ဤကတ်ပြားကို ကြိုတင်၍ လွှင့်မပစ်ခဲ့မိသည်က အမှန်တကယ်ပင် ကံကောင်းလွန်းသည်ဟု သူ ခံစားလိုက်ရလေ၏။

သို့မဟုတ်လျှင် ပါဝင်ဆင်နွှဲခွင့် ရလိမ့်မည် မဟုတ်ပေ။

မကြာမီမှာပင် စင်ပေါ်ရှိ ရှောင်ချီက ကံထူးသူနံပါတ်ပြားကို ဆွဲထုတ်လိုက်ကာ နံပါတ်ကို အသံကျယ်ကျယ်ဖြင့် ဖတ်ပြလိုက်လေတော့သည်။

လျို့ကျားယိုမှာ ပထမဂဏန်းအချို့ကို ကြားလိုက်ရချိန်တွင် အလွန်ပင် အံ့အားသင့်သွားကာ သူ ကံအလွန်ကောင်းသောကြောင့် တိုက်ရိုက် အရွေးခံရပြီဟု ထင်မှတ်လိုက်မိ၏။

သို့သော် ရှောင်ချီက နောက်ဆုံးဂဏန်းကို ဖတ်ပြလိုက်ချိန်တွင်တော့ သူ၏မျက်နှာတွင် စိတ်ပျက်မှုများဖြင့်ပြည့်ကာ မျက်မှောင်ကြုတ်သွားရလေတော့သည်။

အဘယ်ကြောင့်ဆိုသော် သူ၏နံပါတ်မှာ (၁၂၃၅)ဖြစ်ပြီး အရွေးခံရသော နံပါတ်မှာ (၁၂၃၈)ဖြစ်နေသောကြောင့်ပင်။

ဂဏန်းတစ်လုံးတည်း ကွာခြားသွားသည့်အတွက် ဤဟင်းလျာကို မြည်းစမ်းခွင့်ရမည့် အခွင့်အရေးနှင့် လွဲချော်သွားလိုက်ရသည်။ လျို့ကျားယိုသည် အနည်းငယ်တော့ မကျေမနပ် ဖြစ်မိပေသည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားလေ၏။ ဤနံပါတ်သည်လည်း သူနှင့် ဆက်စပ်နေပုံရပေသည်။ ထိုသူက သူ၏လက်အောက်မှ တစ်ဦးဦး ဖြစ်နေနိုင်လောက်သည်လား။

မည်သို့ပင်ဖြစ်စေ သူတို့တစ်အုပ်စုလုံးအတွက် နံပါတ်ပြားများကို အတူတူကွ ထုတ်ပေးခဲ့ခြင်းဖြစ်၍ နံပါတ်များမှာလည်း အစဉ်လိုက် ဖြစ်နေသင့်သည် မဟုတ်ပါလား။

ဤသို့ တွေးမိသည်နှင့် လျို့ကျားယိုက ဘေးနားရှိ လူများကို ချက်ချင်း မေးလိုက်လေသည်။

“မင်းတို့ထဲမှာ နံပါတ် (၁၂၃၈) ပါတဲ့သူ ရှိလား”

လက်အောက်ငယ်သား အတော်များများမှာ သူတို့၏ နံပါတ်ပြားများကို အလျင်အမြန် ထုတ်ကြည့်ကြသော်လည်း အားလုံးက နှမြောစွာဖြင့် ခေါင်းခါပြကြလေသည်။

“မရှိပါဘူး”

“ကျွန်တော့်ဟာလည်း မဟုတ်ဘူး”

“မရှိဘူး...”

လျို့ကျားယိုက တစ်ဦးချင်းစီကို လိုက်ကြည့်ရင်း ပို၍ စိတ်တိုလာရသည်။

ငါ့ရဲ့ကံက ဒီလောက်တောင် ဆိုးနေတာလား။

ထိုအချိန်တွင် ဘေးနားရှိ လူတစ်ဦးက ရုတ်တရက် သတိပေးလိုက်၏။

“သူဌေး... မစ်စ်စုန့် ရှိသေးတယ်လေ...”

ထိုစကားကို ကြားသည်နှင့် လျို့ကျားယိုက ချက်ချင်းပင် လှည့်ကြည့်လိုက်လျှင် အစမှအဆုံးထိ တိတ်ဆိတ်နေသော စုန့်စစ်ယွီကို သံသယမျက်ဝန်းများဖြင့် ကြည့်လိုက်လေတော့သည်။

“မစ်စ်စုန့်... မင်းရဲ့ နံပါတ်ပြား ဘယ်မှာလဲ၊ ထုတ်လိုက်.. ကျွန်တော် ကြည့်ဦးမယ်”

သူက မေးမြန်းနေခြင်း မဟုတ်တော့ဘဲ အမိန့်ပေးနေခြင်းသာ ဖြစ်ပေ၏။

စုန့်စစ်ယွီမှာ ဒေါသထွက်လွန်းသဖြင့် ဆဲရေးချင်စိတ်ပင် ပေါက်နေသော်လည်း နောက်ဆုံးတွင်တော့ ယခုမှ သတိရသကဲ့သို့ ဟန်ဆောင်လျက် အိတ်ကပ်ထဲမှ နံပါတ်ပြားကို ထုတ်ပေးလိုက်ရလေသည်။

စင်ပေါ်ရှိ ရှောင်ချီက ထိုရင်းနှီးနေသော နံပါတ်ကို ဖတ်ပြလိုက်သည့် ခဏ၌ သူမအနေဖြင့် အိတ်ကပ်ထဲရှိ နံပါတ်ပြားကို တစ်နေရာရာတွင် လွှင့်ပစ်လိုက်ချင်စိတ် မည်မျှပြင်းပြနေခဲ့သည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။

လူအမြောက်အမြားရှိသည့်အထဲတွင်မှ သူမ၏နံပါတ်က အရွေးခံရလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ အရေးကြီးဆုံးအချက်မှာ လင်းရန် ချက်ပြုတ်သော မည်သည့်အရာကိုမျှ သူမ မစားချင်သကဲ့သို့၊ လင်းရန်နှင့်လည်း မည်သည့် ဆက်ဆံရေးမျိုးမျှ မရှိချင်ခြင်းပင် ဖြစ်ပေ၏။

သူမသည်က လင်းရန်ကို ဤမျှအထိ မုန်းတီးနေပါလျက်နှင့် ဤအဆင့်ကို ပြီးမြောက်အောင် သူမနှင့် မည်သို့လျှင် ပူးပေါင်းဆောင်ရွက်နိုင်ပါမည်နည်း။

ထို့ကြောင့် စုန့်စစ်ယွီက ထိုနံပါတ်မှာ သူမ၏နံပါတ်ဖြစ်ကြောင်း သိနေသော်လည်း ဝန်ခံရန် အစီအစဉ် မရှိခဲ့ပေ။ စင်ပေါ်ရှိလူများက ထိုနံပါတ်ပိုင်ရှင် မရှိကြောင်း သိရှိသွားပြီး တခြားတစ်ဦးကို ထပ်မံနှိုက်မည့်အချိန်ကိုသာ သူမ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။

လျို့ကျားယိုက သူတို့၏ နံပါတ်များကို လိုက်လံမေးမြန်းလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

ယခုတစ်ခေါက်တွင်တော့ စုန့်စစ်ယွီမှာ ဝန်မခံလို့ မရတော့သည့်အတွက် နံပါတ်ပြားကို ထုတ်ပြလိုက်ရလေတော့သည်။

“မစ်စ်စုန့်... မင်းရဲ့ နံပါတ်ပြားက ခုနက ခေါ်လိုက်တဲ့ နံပါတ် ဖြစ်နေတာပဲ၊ ဒါကို ဘာလို့ ဘာမှ ပြန်မပြောတာလဲ”

စုန့်စစ်ယွီ၏ နံပါတ်ပြားကို မြင်လိုက်ရချိန်၌ လျို့ကျားယို၏ မျက်နှာတွင် သံသယဖြစ်သည့် အမူအရာများ ပေါ်ပေါက်လာလေသည်။

စုန့်စစ်ယွီမှာ အံကိုတင်းတင်းကြိတ်လျက်ပင် အတင်းအကြပ်ပြုံးလိုက်ကာ လိမ်ညာ၍ ရှင်းပြလိုက်ရလေ၏။

“ကျွန်မ ခုနက တခြားကိစ္စတွေကို တွေးနေမိလို့ သေချာမကြားလိုက်မိတာပါ၊ ပြီးတော့ နံပါတ်ပြားကိုလည်း သိပ်ပြီး သတိမထားမိဘူးလေ၊ ဒါကို မမှတ်မိတော့ဘူး”

ဤရှင်းပြချက်က ဖြစ်နိုင်ချေရှိသော်လည်း ယခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် လျို့ကျားယို၏ စုန့်စစ်ယွီအပေါ် ယုံကြည်မှုမှာ အလုံးစုံ ပြိုလဲနေခဲ့ပြီပင်။

သို့ဖြစ်၍ သူမ ယခုပြောသမျှကို သူ တစ်ခွန်းမှ မယုံကြည်တော့ပေ။

ဆန့်ကျင်ဘက်အားဖြင့် သူမဘက်မှ ဆင်ခြေပေးလေလေ၊ စုန့်စစ်ယွီက တစ်ခုခုကို လျှို့ဝှက်လုပ်ဆောင်နေသည်ဟု သူ ပို၍ ခံစားရလေလေပင် ဖြစ်၏။

သူမအနေဖြင့် စင်ပေါ်သို့ မတက်ချင်သဆာကြောင့် နံပါတ်ကို မကြားချင်ယောင် ဆောင်နေခြင်း ဖြစ်သည်ဟုသာ ပွင့်ပွင့်လင်းလင်းပြောလိုက်ပါက သူ သံသယဝင်တော့မည် မဟုတ်ချေ။

သို့သော် ဤကိစ္စများကို နောက်မှသာ ဆွေးနွေးရပေမည်။ ယခုတွင်တော့ နံပါတ်ပြားကို ကိုင်ကာ စင်ပေါ်သို့ အမြန်တက်ရန် လိုအပ်သည်။ မဟုတ်ပါက စင်ပေါ်ရှိလူများမှာ နံပါတ်အသစ် ထပ်မံနှိုက်ရန် ပြင်ဆင်နေကြပေပြီ။

ထို့ကြောင့် လျို့ကျားယိုသည် တခြားထပ်မပြောတော့ဘဲ စုန့်စစ်ယွီ၏ လက်ထဲမှ နံပါတ်ပြားကို ယူလိုက်ကာ ချက်ချင်းပင် လက်ထောင်၍ပြောလိုက်လေ၏။

“ဒီမှာပါ”

စင်ပေါ်ရှိ ရှောင်ချီမှာ အကြိမ်ကြိမ် မေးမြန်းနေသော်လည်း ဤနံပါတ်ပိုင်ရှင်ထံမှ တုံ့ပြန်မှု မရရှိသေးသဖြင့် ပထမဆုံးအကြိမ် နံပါတ်နှိုက်ခြင်းမှာ ကျရှုံးလေပြီဟု တွေးနေမိသည်။

ကံကောင်းစွာဖြင့် နောက်ဆုံး စက္ကန့်ပိုင်းအရောက်တွင် နံပါတ်ပိုင်ရှင်က လက်ထောင်ပြလာခဲ့ပေသည်။

ရှောင်ချီမှာ သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး လျို့ကျားယိုအား အမြန်ပင် လာရန် ခေါ်လိုက်လေ၏။

“လူကြီးမင်း... ဒီဘက်ကို ကြွပါဦး”

လျို့ကျားယိုသည်လည်း ရှောင်ချီ၏ လမ်းညွှန်မှုအတိုင်း အမြန်ပင်သွားခဲ့သည်။ စုန့်စစ်ယွီမှာတော့ လျို့ကျားယိုက သူမထံမှ နံပါတ်ပြားကို ယူသွားခြင်းမှာ စူးစမ်းလို၍ မဟုတ်ဘဲ ကိုယ်တိုင် စင်ပေါ်သိုးတက်ချင်၍ ဖြစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။

သူ ဘာဖြစ်သွားတာလဲ။

စုန့်စစ်ယွီ၏ အမြင်တွင်တော့ ဤကဲ့သို့သော အစီအစဉ်မျိုးမှာ အလွန်ပင် ပျင်းစရာကောင်းပြီး အဆင့်မရှိလှပါချေ။

သူက ဘာလို့ ပါဝင်နေရတာလဲ။

အဆိုးရွားဆုံးမှာ လျို့ကျားယိုသည်က လင်းရန် ချက်ပြုတ်ထားသော အစားအစာကို စားသုံးရန် ဝန်မလေးခြင်းပင် ဖြစ်သည်။

လင်းရန်မှာ သူမ၏ ရန်သူတော်ကြီး ဖြစ်သည်မဟုတ်ပါလား။ လျို့ကျားယိုမှာတော့ သူမ၏ စီးပွားဖက် ဖြစ်နေပေသည်။

သူက သူမကို ဘယ်နေရာမှာ ထားနေတာလဲ။

စုန့်စစ်ယွီမှာ လျို့ကျားယို၏ နောက်ကျောကို မကျေမနပ် ဖြစ်နေသော အကြည့်များဖြင့် စိုက်ကြည့်နေမိလေ၏။

လျို့ကျားယိုသည်က သူမနှင့် ဆက်လက် လက်တွဲရန် မသင့်တော်တော့သော စီးပွားဖက်တစ်ဦး ဖြစ်သည်ဟု သူမ ခံစားလိုက်ရသည်။

သူသည်က လင်းရန်နှင့် သူမ၏ ပတ်သက်မှုကို မသိရှိထားသော်လည်း လင်းရန်အပေါ် ကောင်းသော အမြင်ရှိနေခဲ့သည်။

သူမသည်က ဤကဲ့သို့သော လူမျိုးနှင့် ကောင်းစွာလက်တွဲနိုင်မည် မဟုတ်ချေ။

လျို့ကျားယိုထံမှ လမ်းခွဲထွက်ရန် နည်းလမ်းရှာရမည့် အချိန်ရောက်ပြီဟု သူမ တွေးတောမိသွားသည်။

မည်သို့ပင်ဖြစ်စေ သူမ၏လက်ထဲတွင် ငွေများ အတော်လေး စုဆောင်းမိထားပြီးဖြစ်သကဲ့သို့ အလားအလာရှိသော အနာဂတ် သူဌေးကြီး နှစ်ဦးထံတွင်လည်း ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်။ နောက်ပိုင်းတွင် သူမထံ၌ ငွေကြေး လုံးဝ လိုအပ်တော့မည် မဟုတ်ပေ။

ဤသို့ တွေးမိသည်နှင့် စုန့်စစ်ယွီတစ်ယောက် တစ်ဖက်လူနဲ့လမ်းခွဲရန်အတွက် ဆင်ခြေပေးရန် နည်းလမ်းများကို စတင် စဉ်းစားလာခဲ့တော့သည်။

*

All Chapters