အခန်း (၄၅၁-၄၅၂)
Vol. 46 Ch. 451-452
အခန်း(451)
နောက်တစ်နေ့တွင် လင်းရန်နှင့် ချင်းယွင်ကျစ်တို့က ယမန်နေ့ကထက် ဆိုင်သို့ အနည်းငယ် စော၍ ရောက်လာခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ တစ်ညလုံး စဉ်းစားပြီးနောက် လင်းရန်လည်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်နိုင်ပေပြီ။ အကယ်၍ ရှောင်ချီကသာ သူမ၏ တောင်းဆိုမှုကို သဘောတူပြီး လင်းကျန်းအန်းအတွက် ဖိတ်စာတစ်စောင် ပေးနိုင်မည်ဆိုပါက သူမဘက်မှ မငြင်းဆန်တော့ဘဲ သွားမည်ဟု ဆုံးဖြတ်ထားခဲ့သည်။
ထို့ကြောင့် သူမက ယနေ့တွင် ဆိုင်သို့ စောစောလာကာ ရှောင်ချီရောက်လာမည်လားဟု စောင့်ဆိုင်းနေခဲ့လေ၏။
နေ့လယ် ဆယ့်တစ်နာရီခန့်သို့ရောက်လာပြီးနောက် လင်းရန်နှင့် ချင်းယွင်ကျစ်တို့နှစ်ယောက်လုံး အနည်းငယ် စိတ်လှုပ်ရှားနေချိန်တွင်ပင် ရှောင်ချီ၏ ပုံရိပ်ကို ထပ်မံ မြင်လိုက်ရလေ၏။
ရှောင်ချီကို မြင်လိုက်ရသည့် ခဏ၌ လင်းရန်တစ်ယောက် စိတ်အေးသွားရသည်။
သို့သော်လည်း မမျှော်လင့်ထားစွာဖြင့် ရှောင်ချီက ဆိုင်ထဲသို့ ဝင်လာပြီးနောက် သူမဘက်မှ တောင်းဆိုချက်ကို မပြောရသေးမီ တစ်ဖက်လူက ဦးစွာပြောလာခဲ့သည်။
“ရဲဘော်ရှောင်လင်း.. ရင်းနှီးမြှုပ်နှံမှုပြပွဲမှာ ကုမ္ပဏီတွေနဲ့ သူဌေးကြီးတွေ အများကြီး လာကြလိမ့်မယ်၊ ဒီအခွင့်အရေးက စီးပွားရေးလုပ်တဲ့သူတွေအတွက်တော့ တစ်သက်မှာ တစ်ခါပဲရနိုင်မဲ့ အခွင့်အရေးမျိုးပဲ”
“ဒါကြောင့် ရဲဘော်လင်းဘက်ကသာ မကန့်ကွက်ဘူးဆိုရင် ကျွန်တော် ဝင်ခွင့်လက်မှတ်တစ်စောင် ရအောင် လျှောက်ထားပေးပါ့မယ်၊ ရဲဘော်မှာ စီးပွားရေးလုပ်နေတဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေရှိနေမယ်ဆိုရင် ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားလို့ ရတာပေါ့”
ထိုစကားကို ကြားလျှင် လင်းရန်တစ်ယောက် ကြောင်အမ်းသွားရလေ၏။
မဟုတ်သေးဘူး။ ဒီစကားတွေက ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ။
ဤသည်မှာ သူမ ယမန်နေ့ညကမှ စဉ်းစားထားသည့် အချက်များပင်ဖြစ်နေသည် မဟုတ်ပါလား။
ဤစကားများကို သူမကသာ ပြောသင့်ပေ၏။
လင်းရန်ဘက်မှ ပြန်မပြောသောကြောင့် ရှောင်ချီ အနည်းငယ် စိုးရိမ်လာရပြန်သည်။
“ရဲဘော်ရှောင်လင်း.. ဝင်ခွင့်လက်မှတ်က တစ်စောင်ပဲ ရမှာနော်၊ နောက်ထပ်မရနိုင်ဘူး”
သူသည်က ဤလက်မှတ်ကို ရရှိရန်အတွက် အထက်လူကြီးများထံတွင် အထူးတလည် လျှောက်ထားခဲ့ရခြင်း ဖြစ်ပေသည်။
အထက်လူကြီးများက ဤပြပွဲသို့ တက်ရောက်မည့်သူများမှာ နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသူများဖြစ်ပြီး လူတိုင်းကို ကြိုတင်သတ်မှတ်ထားပြီးဖြစ်ကြောင်း ရှင်းပြခဲ့ကြသည်။
အကယ်၍ လက်မှတ်တစ်စောင် ထပ်မံထုတ်ပေးချင်ပါက ရှောင်ချီပြောသော စားဖိုမှူးဘက်မှ ပြပွဲတွင် အလွန်ထူးချွန်ပြောင်မြောက်စွာ ပြသနိုင်ရမည်ဖြစ်ပြီး မည်သည့်အမှားအယွင်းမျှ မရှိစေရဟုပင် ကတိပေးခဲ့ရသည်။
သို့မဟုတ်လျှင် ထိုဝင်ခွင့်လက်မှတ်မှာ အလွန်ပင် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် ရှောင်ချီသည်လည်း လင်းရန်အား ဤတာဝန်ကို လက်ခံစေရန်အတွက် အပြင်လူများ အလွန်လိုချင်နေကြသော ဝင်ခွင့်လက်မှတ်ကို အသုံးပြုကာ စွန့်စားလုပ်ဆောင်လိုက်ခြင်း ဖြစ်ပေ၏။
လင်းရန်တစ်ယောက် နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့ပြီး သူမ ပြောရန် ကြံစည်ထားသည်များကို ရှောင်ချီဘက်မှ အကုန်ပြောပြီးဖြစ်ကြောင်း သိလိုက်ရသည်။
သို့ဆိုပါက အဖေလင်းအနေဖြင့် ဤရင်းနှီးမြှုပ်နှံမှုပြပွဲသို့ တက်ရောက်နိုင်ပေပြီမဟုတ်ပါလား။
ထိုသို့ဆိုလျှင် သူမ တွန့်ဆုတ်နေစရာ အကြောင်းမရှိတော့ပါချေ။
ထို့ကြောင့် လင်းရန်က ချက်ချင်းပင် ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။
“စိတ်မပူပါနဲ့ ရဲဘော်ရှောင်ချီ၊ ကျွန်မ ဒီတာဝန်ကို အလေးအနက်ထားပြီး အပြီးသတ် ဆောင်ရွက်ပါ့မယ်၊ ရဲဘော်ကို စိတ်မပျက်စေရဘူးလို့လည်း ကျွန်မ ကတိပေးပါတယ်”
ထိုစကားက သဘောတူလိုက်ခြင်းသာ ဖြစ်လေ၏။
ရှောင်ချီက အလွန်ကျေနပ်ပျော်ရွှင်ကာ ချက်ချင်းပင် ရယ်မောလိုက်လေတော့၏။
“ဟားဟား... ကောင်းပြီ၊ ကောင်းပြီ၊ ရဲဘော်ရှောင်လင်း... ဒါဆိုရင် ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ပါစေ”
လင်းရန်က ဤပြပွဲတွင် စားဖိုမှူးအဖြစ် ဆောင်ရွက်မည်ကို အတည်ပြုပြီးနောက်တွင် ရှောင်ချီက တခြားသော သတိထားရမည့် အချက်အလက်များကို လျင်မြန်စွာ ရှင်းပြလိုက်လေသည်။
ယမန်နေ့က အမေချင်း ခန့်မှန်းခဲ့သည့်အတိုင်ပင်။ ဤရင်းနှီးမြုပ်နှံမှုပြပွဲတွင် ဟင်းချက်ရန် ခေါ်ထားသော စားဖိုမှူးမှာ သူမတစ်ယောက်တည်း မဟုတ်ဘဲ တခြားတစ်ဦးလည်း ရှိနေသေးသည်။
သို့သော် ထိုစားဖိုမှူး ပြန်မရောက်သေးသည့်အတွက် လင်းရန်အနေဖြင့် သူနှင့် ဆုံတွေ့ရန် ရက်အနည်းငယ် စောင့်ရဦးမည်ပင်။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးကြားတွင် သက်ရောက်မှု ကြီးကြီးမားမား မရှိပါချေ။
ရှောင်ချီတို့က သူတို့ တစ်ဦးချင်းစီ၏ ကျွမ်းကျင်ရာ ဟင်းလျာများကိုသာ ချက်ပြုတ်စေရန် စီစဉ်ထားခြင်း ဖြစ်လေ၏။ သူတို့အနေဖြင့် နိုင်ငံ၏ အစားအသောက် ယဉ်ကျေးမှုကို စုံလင်မှုကို ပြသလိုခြင်းသာ ဖြစ်သည်။
ထိုစကားကို ကြားလျှင် လင်းရန် စိတ်သက်သာရာရသွားရသည်။
သူမသည်က တခြားလူများနှင့် ရောနှော၍ ဟင်းချက်ရသည်ကို မနှစ်သက်ပါချေ။ ထိုသည်က သူမ၏ ကိုယ်ပိုင် ဖန်တီးနိုင်စွမ်းကို ကန့်သတ်ထားသကဲ့သို့ ခံစားရသည့်အတွက် အသားမကျနိုင်ပေ။
သို့သော် သူတို့နှစ်ဦးကြားတွင် ပူးပေါင်းဆောင်ရွက်ရန် မလိုသော်လည်း ပြပွဲတရားဝင် မစတင်မီ အနည်းဆုံး ဆယ်ငါးရက်ခန့်အလိုတွင် တစ်ဦးနှင့်တစ်ဦး ဆုံတွေ့ကာ သိကျွမ်းထားရန် လိုအပ်ပေသည်။
လင်းရန်က ထိုအချက်ကို နားလည်သည့်အတွက် ကန့်ကွက်ခြင်းမရှိဘဲ ခေါင်းညိတ်လိုက်လေ၏။
ဤကိစ္စများကို ရှင်းလင်းစွာ ပြောဆိုပြီးနောက် ရှောင်ချီက နောက်အပတ်တွင် သူမနှင့် တွေ့ဆုံရန် ချိန်းဆိုလိုက်လေသည်။
ဆိုရလျှင် သူတို့၏ ပြင်ဆင်မှုအားလုံးမှာ နောက်အပတ်တွင် အဆင်သင့် ဖြစ်မည်ဖြစ်၍ ထိုနေ့တွင် ဝန်ထမ်းအားလုံးကို စုစည်းကာ လိုအပ်သည်များကို တစ်ပြေးညီ ရှင်းလင်းပေးလိမ့်မည်။
ထို့နောက်တွင် ရှောင်ချီက ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်ခွာသွားခဲ့လေတော့၏။
ရင်းနှီးမြှုပ်နှံမှုပြပွဲအတွက် ဝင်ခွင့်လက်မှတ်ကိုတော့ မနက်ဖြန်တွင် လင်းရန်ထံ ယူဆောင်လာပေးမည်ဟု ပြောခဲ့သည်။
ထိုအချိန်မှသာ လင်းရန်လည်း ထိုလက်မှတ်ကို ယူ၍ သူမ၏ အဖေကို အံ့အားသင့်စရာ လက်ဆောင်တစ်ခု ပေးနိုင်ပေလိမ့်မည်။
နောက်တစ်နေ့တွင် အချိန်များက လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။
ရှောင်ချီပေးလာသော ဝင်ခွင့်လက်မှတ်ကို ရရှိပြီးနောက် လင်းရန်လည်း လင်းကျန်းအန်းထံ သွားရောက်ကာ ရင်းနှီးမြှုပ်နှံမှုပြပွဲအကြောင်းကို ပြောပြလိုက်လေ၏။
လင်းကျန်းအန်းသည်လည်း ဤအကြောင်းကို သိရှိသွားသောအခိုက်တွင် အလွန်ပင် စိတ်လှုပ်ရှားသွားပြီး မည်သို့ပြောရမည်ကိုပင် မသိတော့ပေ။
သမီးဖြစ်သူ လင်းရန်၏ မျှော်လင့်ချက်များကို အမိအရ ဆုပ်ကိုင်နိုင်ရန် ကြိုးစားခြင်းကသာ လက်တွေ့အကျဆုံး ဖြစ်ပေလိမ့်မည်။
သူသည်က ဤရင်းနှီးမြှုပ်နှံမှုပြပွဲ၏ အခွင့်အရေးကောင်းကို အသုံးချကာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုရရှိအောင် လုပ်ဆောင်ပြီး ဆေးဝါးစက်ရုံကို ပိုမိုတိုးတက်အောင် လုပ်ဆောင်မည်ဟု စိတ်ထဲမှ တိတ်တဆိတ် သစ္စာဆိုလိုက်လေ၏။
ရက်အနည်းငယ်က လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြန်သည်။
တစ်ပတ်အကြာတွင် လင်းရန်က ရှောင်ချီထံမှ အကြောင်းကြားစာရရှိခဲ့သည့်အတွက် အသေးစိတ် စည်းမျဉ်းများနှင့် အစီအစဉ်များကို နားထောင်ရန်ပြပွဲကျင်းပမည့်နေရာသို့ သွားခဲ့ရလေသည်။
ထို့ကြောင့် လင်းရန်က ဖွင့်လှစ်ထားသည်မှာ တစ်လသာ ရှိသေးသော “ဝေ့မီ” ဆိုင်လေးကို ရင်းနှီးမြှုပ်နှံမှုပြပွဲအတွက် ခေတ္တပိတ်ထားလိုက်ရလေတော့၏။
ရှောင်ချီပေးသော လိပ်စာအရ လင်းရန်က ပြပွဲကျင်းပမည့်နေရာသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့ပြီး နေရာမှာ သူမ၏ ဆိုင်နှင့် မဝေးကြောင်းကို သိလိုက်ရသည်။
လင်းရန် ထိုနေရာသို့ ရောက်ရှိချိန်တွင် ဤရင်းနှီးမြှုပ်နှံမှုပြပွဲအတွက် ပြင်ဆင်နေကြသော ဝန်ထမ်းအမြောက်အမြားကို မြင်တွေ့လိုက်ရလေ၏။
သို့သော် လင်းရန်ကို အံ့အားသင့်စေသည့် အချက်မှာ သူမနှင့်အတူ ဟင်းချက်ရမည့် စားဖိုမှူးက ရောက်မလာခြင်းပင် ဖြစ်သည်။ လင်းရန်၏ သံသယကိုမြင်လျှင် ရှောင်ချီက အားနာစွာဖြင့်ပင် ရှင်းပြလိုက်ရလေ၏။
“ကျွန်တော် ဟိုဘက်က လက်ထောက်ကို မေးကြည့်ပြီးပါပြီ. အဲဒီစားဖိုမှူးက အခုတလော မြို့တော်မှာ တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ ပြန်လာဖို့ ရက်နည်းနည်း ထပ်လိုဦးမယ်လို့ ပြောပါတယ်”
မြို့တော်နှင့် ပတ်သက်သည့် ကိစ္စများ ဖြစ်လာတိုင်း တခြားသော ကိစ္စများကို နောက်တန်းသို့ ပို့ထားရတတ်သည်ပင်။
ဤသည်မှာလည်း ထိုသူ၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းက မသေးငယ်လှကြောင်းကို ပြသနေခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် သာမန်စားဖိုမှူးတစ်ဦးက မြို့တော်သို့ သွားရောက်နိုင်ရန် ခက်ခဲပေလိမ့်မည်။
ထိုအချက်ကို တွေးမိလျှင် လင်းရန်တစ်ယောက် ထိုစားဖိုမှူးအပေါ် ပိုမို၍ စူးစမ်းလိုစိတ်ပြင်းပြလာခဲ့သည်။
ရှောင်ချီ၏ လူရွေးချယ်မှု စံနှုန်းအရဆိုလျှင် ဟင်းချက်ကောင်းရုံမျှမကဘဲ တခြားသော ကဏ္ဍများတွင်လည်း ထူးချွန်သူဖြစ်ရမည်မဟုတ်ပါလား။
ဥပမာအားဖြင့် သူမဆိုလျှင် သူမ၏ ရုပ်ရည်နှင့် အသက်အရွယ်င အားသာချက် ဖြစ်နေသည်။ သို့ဆိုလျှင် တစ်ဖက်လူမှာရော မည်သို့ဖြစ်နိုင်မည်နည်း။
သူသည်လည်း ဟင်းချက်ကောင်းသော လူငယ်စားဖိုမှူးတစ်ဦးများလား။
သို့သော် သူမက ရှောင်ချီကို မေးမြန်းသည့်အချိန်၌ “အချိန်တန်ရင် သိရမှာပါ” ဆိုသည့် လျှို့ဝှက်သောအဖြေမျိုးကိုသာ ရရှိခဲ့လေသည်။
ကောင်းပြီလေ။ ဒါဆိုလည်း စောင့်ကြည့်ရုံပဲ ရှိတော့တာပေါ့။
နောက်ပိုင်းရက်များတွင် လင်းရန်က လုပ်ထုံးလုပ်နည်းများနှင့် တခြားသော အချက်အလက်များကို နေသားကျစေရန် နှစ်ရက်တစ်ခါ ပြပွဲနေရာသို့ သွားရောက်ခဲ့ရသည်။
ပြပွဲအတွက် သက်ဆိုင်ရာဝန်ထမ်းအားလုံး လုပ်ငန်းစဉ်များကို နားလည်သွားသည့် အချိန်တွင်တော့ နှစ်ကုန်ပိုင်းသို့ ရောက်ရှိလာခဲ့ပြီးဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုပြပွဲ တရားဝင်စတင်ရန်လည်း ဆယ်ငါးရက်ခန့်သာ လိုတော့သည်။
ပြပွဲကျင်းပမည့်အချိန်မှာ နှစ်သစ်ကူးကာလ၏ ဆယ့်ငါးရက်မြောက်နေ့တွင် ဖြစ်ပြီး နှစ်သစ်တွင် အစကောင်းရန်အတွက် စီစဉ်သူများက ထိုနေ့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။
နှစ်ကုန်ပိုင်း နှစ်ဆယ့်ကိုးရက်နေ့တွင် စီစဉ်သူများက လူတိုင်းကို အားလပ်ရက် ပေးလိုက်ပြီး နှစ်သစ်ကူး ဆယ်ရက်နေ့တွင် ပြန်လာရန် အကြောင်းကြားလိုက်လေ၏။
ဤနှစ်သစ်ကူးမှာ လူများစွာအတွက် အဓိပ္ပာယ် ကြီးမားလွန်းသော်လည်း လင်းရန်မှာတော့ အချိန်မလောက်သောကြောင့် နေရပ်သို့ မပြန်နိုင်ခဲ့ပေ။
သို့သော် သူမ မပြန်နိုင်သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက လက်ဆောင်ပစ္စည်းများကို ဝယ်ယူထားခဲ့ပြီး အဖေလင်းကို အိမ်သို့ ယူသွားခိုင်းကာ လင်းမိသားစုအား ပေးခိုင်းခဲ့လေသည်။
လင်းကျန်းအန်းမှာ ဒီဇင်ဘာ(20)ရက်နေ့ကတည်းက ပြန်သွားခဲ့ခြင်းဖြစ်ပြီး အိမ်သို့ ရောက်ရှိနေခဲ့ချေပြီ။ သူက လင်းရန်ထံ ဖုန်းဆက်ကာ အိမ်မှ အခြေအနေများ အားလုံးက အဆင်ပြေကြောင်း ပြောခဲ့လေ၏။ ထို့အပြင် စုန့်မိသားစုနှင့်အတူ နှစ်သစ်ကူးကိုပျော်ရွှင်စွာဆင်နွှဲပြီး ရင်းနှီးမြှုပ်နှံမှုပြပွဲအတွက် ကောင်းမွန်စွာ ပြင်ဆင်ရန်လည်းမှာခဲ့သေးသည်။
ထို့ကြောင့် ယခုအချိန်တွင် လင်းရန်အနေဖြင့် စိုးရိမ်စရာ မရှိတော့ဘဲ စုန့်မိသားစုနှင့်အတူ နှစ်သစ်ကူးကို စိတ်အေးလက်အေး ဆင်နွှဲနိုင်နေခဲ့လေပြီ။
နှစ်သစ်ကူး အကြိုနေ့တွင် သူမနှင့် အမေချင်းတို့က အိမ်ကို စတင် သန့်ရှင်းရေး လုပ်ခဲ့ကြလေ၏။
အမေချင်းက ဤမျှစည်ကားသော နှစ်သစ်ကူးမျိုး မရှိခဲ့သည်မှာ ကြာပြီဖြစ်၍ ယခင်နှစ်များက မပြင်ဆင်နိုင်ခဲ့သည်များကို ယခုနှစ်တွင် ပြည့်စုံအောင် ပြင်ဆင်မည်ဟု ပြောခဲ့သည်။
လင်းရန်မှာလည်း လုပ်စရာ မရှိသောကြောင့် အမေချင်းနှင့်အတူ အိမ်တွင် စာတန်းများကပ်ခြင်း၊ ပြတင်းပေါက်များကို အလှဆင်ခြင်း၊ မီးအိမ်များ ချိတ်ဆွဲခြင်းနှင့် အလှစိုက်ပင်များ ဝယ်ယူကာ အိမ်ကို အလှဆင်ခြင်းများတွင် ကူညီပေးခဲ့လေသည်။
*
အခန်း(452)
လင်းရန်က အိမ်တွင် ဟင်းချက်ပေးမည်ဖြစ်ကြောင်း သိလိုက်ရချိန်တွင် အဒေါ်ဖြစ်သူ ချင်းယွင်လျန်ကလည်း ဇနီးမောင်နှံနှစ်ဦးစလုံး နှစ်သစ်ကူးကို လာရောက်ဆင်နွှဲမည်ဟု တိုက်ရိုက်ပင် ပြောလာခဲ့လေသည်။
လူများလေ ပိုစည်ကားလေဟူ၍ နာမည်တပ်ထားသော်လည်း လင်းရန်၏ လက်ရာကို စားချင်၍ဆိုကြောင်းကို မည်သူက မသိဘဲ နေပါမည်နည်း။
အမေချင်းကလည်း ငြင်းပယ်ခြင်း မရှိသည့်အပြင် အနီးအနားရှိ ဆွေမျိုးတချို့ကိုပါ ဖိတ်လိုက်လေ၏။
လင်းရန် အိမ်ထောင်ကျပြီးသည်မှာ နှစ်နှစ်နီးပါး ရှိပြီဖြစ်သော်လည်း လူတိုင်းနှင့် တရားဝင် မဆုံတွေ့ရသေးပေ။ အဒေါ်ဖြစ်သူနှင့် အဖိုးချင်းတို့မှလွဲ၍ ချင်းမိသားစုမှ တခြားလူများမှာ လင်းရန်ကို မတွေ့ဖူးကြသေးသောကြောင့် ယခုနှစ်သစ်ကူးက အခွင့်အရေးကောင်းပင် ဖြစ်လာခဲ့လေ၏။
သို့သော် ဆုံးဖြတ်ချက်မချမီတွင် အမေချင်းသည် လင်းရန်အား ကြိုတင်မေးမြန်းရန်လည်း မမေ့ခဲ့ပေ။
လင်းရန်ဘက်မှ သဘောတူသည့်အချိန်မှသာ အမေချင်းက ဆွေမျိုးများကို ဖိတ်ခဲ့သည်။
ဤသို့ဆိုလျှင် ယခုနှစ်သည်က သူတို့မိသားစုအတွက် လူအစုံလင်ဆုံးသော နှစ်တစ်နှစ် ဖြစ်လာပေလိမ့်မည်။ သို့သော် စုန့်ရှီးယန်ထံမှ မည်သည့်သတင်းကိုမျှ မကြားရသေးသောကြောင့် သူ နှစ်သစ်ကူးမီ ပြန်လာနိုင်မည်လားဆိုသည်ကိုတော့ မသိရသေးပေ။
စိတ်မချရသည့်အတွက်ကြောင့် အမေချင်းသည်လည်း လင်းရန်အား ထိုအကြောင်းကို မပြောရဲခဲ့ပါချေ။
လင်းရန်က စုန့်ရှီးယန်ကို မေ့လျောနေချိန်တွင် သူမဘက်က သတိပေးလိုက်သကဲ့သိုး ဖြစ်သွားမည်ကို စိုးရိမ်မိပေ၏။
တကယ်တမ်းတွင်တော့ စုန့်ရှီးယန်ကို သတိရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အနည်းငယ်တော့ ဝမ်းနည်းစရာ ကောင်းနေပေလိမ့်မည်။
လင်းရန်ဘက်မှ သတိရနေလျှင် သူမ ဝမ်းနည်းရမည် ဖြစ်ပြီး၊ သူမ မေ့နေလျှင်လည်း စုန့်ရှီးယန်က ဝမ်းနည်းရပေလိမ့်မည်။
ညနေ (6)နာရီခန့်တွင် အမေချင်း ဖိတ်ထားသော ဆွေမျိုးများအားလုံး ရောက်ရှိလာကြပြီး လင်းရန်၏ ဟင်းလျာများမှာလည်း အဆင်သင့် ဖြစ်လုနီးပါး ရှိနေလေပြီ။
သို့သော် လူတိုင်းမှာ စားပွဲတွင် ဝင်မထိုင်ကြသေးဘဲ တံခါးဝသို့သာ မျှော်ကြည့်နေကြလေ၏။
သို့သော်လည်း သူတို့ မျှော်လင့်နေသော ပုံရိပ်က ရောက်မလာခဲ့ပါချေ။
ည (7)နာရီထိုးခါနီးပြီး လင်းရန်၏ နောက်ဆုံးဟင်းလျာ ထွက်လာချိန်တွင်လည်း စုန့်ရှီးယန် ပြန်မရောက်လာသေးပေ။ ဟင်းတချို့မှာပင် အေးစက်လုနီးပါး ဖြစ်နေလေပြီ။
အမေချင်းတစ်ယောက် စိတ်မကောင်းဖြစ်မိသော်လည်း စိတ်ကိုထိန်းကာ လူတိုင်းကို ထမင်းစားရန် ဖိတ်ခေါ်လိုက်ရလေတော့၏။
လင်းရန်ကလည်း တံခါးဝသို့ ကြည့်နေသော အကြည့်ကို အေးဆေးတည်ငြိမ်စွာပင် ပြန်လည် ရုပ်သိမ်းလိုက်သည်။ သူမက စုန့်ရှီးယန် နှစ်သစ်ကူးအတွက် ပြန်မလာနိုင်သည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပေ၏။
မည်သို့ပင်ဖြစ်စေ လွန်ခဲ့သော နှစ်လအတွင်း တစ်ဖက်လူသည်က အလွန်အမင်း အလုပ်ရှုပ်နေခဲ့သည် မဟုတ်ပါလား။
သူက တစ်ခါမျှ ပြန်မလာနိုင်ခဲ့သည့်အပြင် ဖုန်းကိုတောင် တစ်ကြိမ်သာ ခပ်မြန်မြန် ဆက်နိုင်ခဲ့သည်။ ထိုဖုန်းခေါ်ဆိုမှုတွင် သူသည်က အလွန်အရေးကြီးသော တာဝန်တစ်ခုကို ထမ်းဆောင်နေရသဖြင့် အချိန်အတော်ကြာအောင် ဆက်သွယ်နိုင်မည် မဟုတ်ကြောင်း၊ သူမဘာသာ ဂရုစိုက်နေထိုင်ရန်နှင့် တစ်ခုခုဖြစ်ပါက မိဘများကို အကူအညီတောင်းရန်သာ မှာခဲ့လေသည်။
စုန့်ရှီးယန်ကိုယ်တိုင်က “အရေးကြီးသော တာဝန်” ဟု ပြောထားသဖြင့် ထိုတာဝန်၏ အရေးပါမှုကို ခန့်မှန်းနိုင်သည်။ ထို့ကြောင့် လင်းရန်က သူ ပြန်မလာနိုင်မည့်အခြေအနေကို ကြိုတင် တွေးထားခဲ့ခြင်းဖြစ်ပေ၏။
ထို့အပြင် သူမဘက်မှ စိတ်ပျက်နေသော အမူအရာကို ပြသနေလျှင် အမေချင်းတို့လည်း သူမအတွက် စိုးရိမ်နေကြမည်ကို သူမ သိရှိပေသည်။
ထို့ကြောင့် နှစ်သစ်ကူး ညစာစားပွဲ ပြီးဆုံးသည်အထိ လင်းရန်၏ မျက်နှာတွင် ထူးခြားသော အရိပ်အယောင်အနည်းငယ်မျှ မတွေ့ရပေ။ ဆွေမျိုးများမှာလည်း လင်းရန်၏ ရှေ့တွင် စုန့်ရှီးယန်အကြောင်းကို မပြောမိအောင် သတိထားကြလေ၏။
သူတို့က လင်းရန်၏ ဟင်းချက်လက်ရာကိုသာ ချီးကျူးစကား ပြောခဲ့ကြပြီး လင်းရန်မှာ ရုပ်ရည်လှပရုံသာမက လိမ္မာယဉ်ကျေးကာ အလုပ်အကျွေး ပြုတတ်သည်ဟူ၍ ချီးကျူးပြောဆိုခဲ့ကြပြီးနောက်တွင် အိမ်သို့ပြန်သွားကြလေ၏။
ဆွေမျိုးများ ပြန်သွားကြချိန်တွင် လင်းရန်၏လက်ထဲ၌ ထူထဲသော စာအိတ်နီများ ကျန်ရစ်ခဲ့လေသည်။
အမှန်အတိုင်းပြောရလျှင် လင်းရန်မှာ ထိုမုန့်ဖိုးများကို လက်ခံရန်ပင် အားနာနေမိ၏။
နောက်ဆုံးဆွေမျိုးတစ်ဦး မုန့်ဖိုးပေးပြီး ထွက်ခွာသွားချိန်၌ အမေချင်းက တံခါးကိုပိတ်ကာ ပင်ပန်းနွမ်းနယ်သော အမူအရာကို ပြသလာခဲ့လေတော့သည်။
ယနေ့ည ဟင်းလျာအမြောက်အမြားကို လင်းရန်က ချက်ပြုတ်ခဲ့ခြင်းဖြစ်သော်လည်း အမေချင်းမှာလည်း အပြင်တွင် ဧည့်သည်များကို ဧည့်ခံရင်း လက်ဖက်ရည်သောက်၊ အစေ့အဆန်စားလိုက်နှင့် စကားပြောနေခဲ့ရကာ အဆက်မပြတ် လှုပ်ရှားနေခဲ့ရသောကြောင့် မလွယ်ကူခဲ့ပါပေ။
သို့သော် မွန်းလွဲပိုင်းကတည်းက ဟင်းချက်နေရသော လင်းရန်က သူမထက် ပို၍ပင် ပင်ပန်းနေပေလိမ့်မည်။
ထို့ကြောင့် အမေချင်းက လင်းရန်အား တိုက်တွန်းလိုက်လေ၏။
“ရန်ရန် မင်းက မွန်းလွဲပိုင်းကတည်းက အလုပ်များနေရတာ အတော်လေးပင်ပန်းနေလောက်ပြီ၊ အပေါ်တက်ပြီး နားလိုက်တော့နော်၊ ပန်းကန်တွေကို အမေပဲ ဆေးလိုက်မယ်”
ကျန်ရှိသည်များကိုတော့ မနက်ဖြန်ကျမှသာ သိမ်းဆည်းရန် ကြံစည်ထားခဲ့သည်။
လင်းရန် စဉ်းစားကြည့်ပြီးနောက် တခြားအရာများမှာ ပြဿနာမရှိသော်လည်း ပန်းကန်များမှာတော့ အလွန်များပြားလွန်းပေ၏။
အမေချင်းတစ်ယောက်တည်းလုပာနေဆိုလျှင် အချိန်အတော်ကြာနေပေလိမ့်မည်။ ထို့ကြောင့် အတူဆေးကြောရန်သာ ဆုံးဖြတ်လိုက်သည်။
သို့သော် သူမဘက်မှ ကူညီမည်ဟု ပြောလိုက်ချိန်တွင် အမေချင်းက အဓိပ္ပာယ်အပြည့်ရှိသော အပြုံးဖြင့် ပြုံးလိုက်လေ၏။
“အမေ တစ်ယောက်တည်းမှ မဟုတ်တာ၊ စုန့်ကျယ် ရှိတာပဲလေ”
သူမ ထိုသို့ပြောလိုက်သည်နှင့် ခါးစည်းကို ဝတ်ဆင်ပြီးသားဖြစ်သော စုန့်ကျယ်က လင်းရန်၏ရှေ့တွင် ပေါ်လာခဲ့လေသည်။
အဆင်သင့် ဖြစ်နေပြီလား။
လင်းရန်တစ်ယောက် သူမ အတွေး တိမ်သွားသည်ဟု ခံစားလိုက်ရလေတော့၏။ နောက်ဆုံးတွင်တော့ သူမက အပေါ်ထပ်သို့ တက်သွားရန် ဆုံးဖြတ်လိုက်ပြီး မီးဖိုချောင်ကို အမေချင်းနှင့် စုန့်ကျယ်တို့ထံတွင် လွှဲအပ်ခဲ့တော့သည်။
အပေါ်ထပ်သို့ ရောက်ချိန်တွင် လင်းရန်က ညောင်းညာနေသော ပုခုံးများကို နှိပ်နယ်ရင်း ရေချိုးသန့်စင်ရန် တိုက်ရိုက်သွားလိုက်သည်။
ထို့ကြောင့် သူမ အပေါ်ထပ်သို့ တက်သွားပြီး မကြာမီမှာပင် အိမ်တံခါးခေါက်သံကို ကြားခဲ့ရသည်ကို သူမ မသိလိုက်ပေ။
မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော အမေချင်းနှင့် စုန့်ကျယ်တို့မှာ တံခါးခေါက်သံကို ကြားလိုက်ရချိန်တွင် ဆွေမျိုးတစ်ဦးဦး ပစ္စည်းကျန်ခဲ့သဖြင့် ပြန်လာယူသည်ဟုသာ ထင်မှတ်လိုက်ကြသည်။
ထို့ကြောင့် အမေချင်းက စုန့်ကျယ်အား တံခါးသွားဖွင့်ရန် ပြောလိုက်လေ၏။ သူမသည်က ယခုအချိန်တွင် အလွန်ပင် ပင်ပန်းနေသောကြောင့် မည်သည့်စကားကိုမျှ မပြောချင်တော့ဘဲ စုန့်ကျယ်ကိုသာ ဧည့်ခံခိုင်းလိုက်လေ၏။
သို့သော် စုန့်ကျယ် တံခါးသွားဖွင့်ချိန်တွင် တံခါးပွင့်သွားသံကိုကြားရသော်လည်း တစ်ဖက်လူနှင့် စကားပြောသံကိုတော့ မကြားခဲ့ရပေ။
ဘာများ ဖြစ်နေတာများလဲ။
အမေချင်းတစ်ယောက် သိချင်စိတ်ဖြင့် မီးဖိုချောင်တံခါးဝသို့ လျှောက်လာကာ မည်သူရောက်လာသည်ကိုကြည့်လိုက်လေ၏။
ထိုအခိုက်တွင် သူမ၏ လက်ထဲမှ ပန်းကန်မှာ ကြမ်းပြင်ပေါ်သို့ပင် ကျလုနီးပါး ဖြစ်သွားရတော့သည်။
သို့သော် သူမက “ဒီကောင်စုတ်လေး” ဟု အော်ဟစ်တော့မည့်အချိန်မှာပင် မျက်စိလျင်သော စုန့်ရှီးယန်က အမေချင်းအား တိတ်တိတ်နေရန် အချက်ပြလိုက်လေသည်။
အမေချင်းမှာလည်း ချက်ချင်းပင် သဘောပေါက်သွားကာ ဤငတုံးသားမှာ တမင်တကာ အလစ်အငိုက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိလိုက်ရ၏။
သူမက စုန့်ရှီးယန်အား တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် တံခါးဝသို့ သွားကာ အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
“မင်း ဘယ်လိုဖြစ်တာလဲ၊ နှစ်သစ်ကူးတောင် ကုန်တော့မယ်၊ အခုမှ ပြန်လာတာလား၊ နောက်နှစ်အထိတောင် ပြန်မလာတော့ဘဲနေတော့မှာလား”
ထိုသို့ပြောပြီးမှ နောက်ထပ် နှစ်နာရီကြာလျှင် နောက်နှစ်သို့ ရောက်တော့မည်ဖြစ်ကြောင်း အမေချင်း တွေးမိသွားခဲ့သည်။ သို့သော် အရေးမကြီးပါချေ။
အဓိကမှာ သူမ၏သားကို ဆူပူရန်သာ ဖြစ်သည်။
“ဒီအတောအတွင်း မင်း ဘာတွေလုပ်နေတာလဲ၊ အိမ်ကို စာတစ်စောင်တောင် မပို့ဘူး၊ ငါသာ ရန်ရန်ကို ကူကြည့်မပေးထားရင် ဟမ့် ... မင်း ရဲ့ဇနီးကိုတောင် ဆက်ထိန်းထားနိုင်ပါ့မလား”
စုန့်ရှီးယန်က လင်းရန် ထွက်သွားမည်ဟု မယုံကြည်သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင် အမေချင်းကို ပြန်လည်ချေပနေလောက်အောင်တော့ တုံးအမိုက်မဲသူ မဟုတ်ပေ။
သူက အသံတိုးတိုးဖြင့်သာ ရှင်းပြလိုက်၏။
“တာဝန်က အထူးတာဝန် ဖြစ်နေလို့ပါ အမေ၊ ဒါပေမဲ့ သတင်းကောင်းရှိတယ်၊ နောက်နှစ်ကစပြီး ကျွန်တော့်ရဲ့ အလုပ်တွေက အတော်လေး ပေါ့ပါးသွားမှာဖြစ်လို့ အဖေ့လိုပဲ အားလပ်ချိန်တွေ အများကြီး ရတော့မှာပါ”
စုန့်ကျယ်မှာ ထိုစကားကို ကြားလျှင် မသိစိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီကောင်စုတ်လေးက သူကို အရမ်းအားနေတယ်လို့ ပြောချင်နေတာလား။
စုန့်ရှီးယန်ကလည်း အဖေဖြစ်သူအား “ဘယ်လိုထင်လဲ” ဆိုသည့် အကြည့်ဖြင့် ပြန်ကြည့်လိုက်လေ၏။
လွန်ခဲ့သော နှစ်နှစ်အတွင်း စုန့်ရှီးယန်မှာ ဖခင်ဖြစ်သူက အားလပ်ချိန်ရတိုင်း မိခင်ဖြစ်သူ၏နောက်သို့ တကောက်ကောက်လိုက်ကာ ဂရုစိုက်ပြနေသည်ကို မြင်တွေ့ခဲ့ရသည်။
ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ယခင်က သူ့အပေါ် မကျေနပ်ခဲ့သော အမေချင်းအား ယခုကဲ့သို့ ချစ်ခင်တွယ်တာလာအောင် လုပ်ဆောင်နိုင်ခဲ့သည် မဟုတ်ပါလား။
စုန့်ရှီးယန်မှာ ဖခင်ဖြစ်သူ၏ လုပ်ရပ်ကို အပေါ်ယံတွင် အထင်သေးသကဲ့သို့ ပြသနေသော်လည်း စိတ်ထဲတွင်တော့ အကြိမ်ကြိမ် အားကျမိခဲ့သည်။
ယခုအချိန်တွင် သူနှင့် လင်းရန်ကြားရှိ ဆက်ဆံရေးမှာ အလွန်အမင်း ရင်းနှီးလှသည် မဟုတ်သေးပေ။
စုန့်ရှီးယန် ခံစားမိပေ၏။
ဤသည်မှာ သူတို့နှစ်ဦးက သံယောဇဉ် မရှိ၍မဟုတ်ဘဲ သူ၏ အားလပ်ချိန် နည်းပါးလွန်းသောကြောင့် လင်းရန်နှင့် အတူရှိချိန် နည်းပါးနေသောကြောင့်သာ ဖြစ်သည်။
ဤသို့ဆိုလျှင် မည်မျှပင် ဆက်ဆံရေးကောင်းသူများဖြစ်ပါစေ စိမ်းသက်သွားနိုင်သည် မဟုတ်ပါလား။
အထူးသဖြင့် သူတို့ကဲ့သို့ တစ်ဦးကိုတစ်ဦး သိကျွမ်းသည်မှာ မကြာသေးသော ဇနီးမောင်နှံများအတွက် ပို၍ပင် ပြောစရာ မလိုတော့ပေ။
ထို့ကြောင့် စုန့်ရှီးယန်အနေဖြင့် ဖခင်ဖြစ်သူ၏ နည်းလမ်းက သိသာထင်ရှားသော ရလဒ်များ ရှိသည်ကို မြင်သောအခါ စိတ်ဝင်စားသွားခဲ့သည်။
ထို့ကြောင့် သူသည်က တာဝန်များကို ဆက်တိုက်ယူကာ နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ပြီးနောက် သူကိုယ်တိုင်အတွက် အားလပ်ရက်များ ပိုမိုရရှိရန် ကြိုးပမ်းခဲ့လေ၏။
ယခုအချိန်တွင်တော့ သူ၏ ဆန္ဒက ပြည့်ဝသွားခဲ့လေပြီ။
*