အခန်း (၄၅၅-၄၅၆)
Vol. 46 Ch. 455-456
အခန်း(455)
“ဟားဟား.. ရဲဘော်လင်းနဲ့ ခင်ပွန်းသည်က ကြည့်လိုက်တာနဲ့တင် တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲပဲဆိုတာသိနိုင်တယ်၊ ရဲဘော်က အလုပ်အထိတောင် လာကြိုတာဆိုတော့ ရဲဘော်လင်းအပေါ် တော်တော်လေး ကောင်းတာပဲ
ခင်ဗျားတို့ နှစ်ယောက် နောင်နှစ်ပေါင်းများစွာအထိ ထာဝရ ချစ်ခင်နိုင်ကြပါစေဗျာ!”
အဘယ်ကြောင့် ရှောင်ချီ၏ လေသံမှာ ရုတ်တရက် မျက်နှာချိုသွေးသည့် ပုံစံမျိုး ပြောင်းလဲသွားသည်ကို လင်းရန် မသိသော်လည်း တစ်ဖက်လူက ဆုတောင်းပေးခြင်းသာ ဖြစ်သောကြောင့် ခေါင်းညိတ်ပြကာ ကျေးဇူးတင်စကား ဆိုလိုက်လေ၏။
“ကျေးဇူးတင်ပါတယ် ရဲဘော်ရှောင်ချီ၊ ဒါဆို ကျွန်မတို့ သွားလိုက်ပါဦးမယ်၊ စားဖိုမှူးယွီ... နောက်မှ ပြန်တွေ့ကြတာပေါ့”
ရှောင်ချီနှင့် စားဖိုမှူးယွီတို့ကို နှုတ်ဆက်ပြီးနောက် လင်းရန်က စုန့်ရှီးယန်၏ လက်မောင်းကို ချိတ်ကာ ပြပွဲနေရာမှ အမြန်ဆုံး ထွက်ခွာခဲ့လေတော့သည်။
အပြင်ဘက်သို့ ရောက်ရှိမှသာ သူမ သက်ပြင်းတစ်ချက်ကို အားရပါးရ ချလိုက်နိုင်ပြီးနောက် စုန့်ရှီးယန်ဘက်သို့ လှည့်ကြည့်လိုက်လေ၏။
ထို့နောက် စုန့်ရှီးယန်၏ မည်သည့် ခံစားချက်မျှ မရှိသော မျက်နှာထားကို တွေ့လိုက်ရလေသည်။
“ရှင် ဘာဖြစ်နေတာလဲ”
သူမ အဘယ်ကြောင့် စုန့်ရှီးယန် စိတ်မကောင်း ဖြစ်နေသည်ဟု ခံစားမိနေရသည်လဲ။ ထို့အပြင် ထွက်လာသည့် လမ်းတစ်လျှောက်လုံးတွင်လည်း စကားတစ်ခွန်းမျှပင် မပြောခဲ့ပါချေ။
စုန့်ရှီးယန်က ထိုစကားကို ကြားချိန်တွင် လင်းရန်အား “မင်း နောက်ဆုံးတော့ သိပြီလား” ဟု ပြောချင်နေမိသည်။ သို့သော် ထိုသို့ ပြောလိုက်လျှင် လင်းရန်သာမက သူကိုယ်တိုင်ပင်လျှင် သူ၏ လေသံမှာ မကျေမနပ် ဖြစ်နေသော အမျိုးသမီးတစ်ဦးနှင့် တူနေလိမ့်မည်ဟု ခံစားမိသဖြင့် လင်းရန်၏ စိတ်ထဲရှိ သူ၏ ခန့်ညားသော ပုံရိပ်ကို ထိခိုက်မည်လည်း စိုးရိမ်မိရလေသည်။
ထို့ကြောင့် စုန့်ရှီးယန်မှာ သူ၏ စိတ်ထဲရှိ မကျေနပ်မှုများကိုသာ ဖိနှိပ်ထားလိုက်ပြီး ခေါင်းခါလျက် လင်းရန်အား လိမ်ညာ၍ပြောလိုက်လေတော့သည်။
“ဘာမှမဖြစ်ပါဘူး”
မဖြစ်ခြင်း မဟုတ်ရုံသာမကဘဲ သူ၏ နှုတ်ခမ်းထောင့်များမှာ တင်းမာနေပြီး မျက်ဝန်းထဲတွင်လည်း “တစ်ယောက်ယောက်ကို ထိုးပစ်ချင်သည်” ဆိုသည့် အဓိပ္ပာယ်များ ရေးသားထားသကဲ့သို့ ရှိနေပေသည်။
လင်းရန်မှာ သူပြောသော စကားကိုသာ ယုံကြည်ခြင်းမရှိပါချေ။
ညစာစားချိန် ကျော်လွန်သွားပြီဖြစ်၍ လင်းရန်လည်း ဗိုက်ဆာနေပြီ ဖြစ်သည်။ သူမအနေဖြင့် စုန့်ရှီးယန်နှင့် အချိန်ဖြုန်းနေရန် စိတ်မပါတော့ပေ။
ထို့ကြောင့် သူမ၏မျက်နှာာ တင်းမာသွားပြီး အေးစက်စွာ ပြောလိုက်လေ၏။
“စကားတွေကို လှည့်ပတ်မနေနဲ့၊ ပြောစရာရှိတာ တည့်တည့်ပြောစမ်းပါ”
သူကသာ သူမကို ဒေါသထွက်အောင် အတင်းအကျပ် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤအမျိုးသားကို အမှန်တကယ်ပင် သည်းခံ၍ မရတော့ပေ။
သေချာပေ၏။ သူမ၏ လေသံပြောင်းသွားသည်နှင့် စုန့်ရှီးယန်မှာ ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။ သူ၏မျက်လုံးများက လှုပ်ရှားနေပြီးနောက် နောက်ဆုံးတွင်မူ မအောင့်အီးနိုင်တော့ဘဲ ချဉ်စူးစူး လေသံဖြင့် မေးမြန်းလိုက်လေ၏။
“ခုနက မင်းဘေးမှာ ရပ်နေတဲ့ ချီလား၊ ထန်လားဆိုတဲ့ တစ်ယောက်က စားဖိုမှူးယွီနဲ့ ဆက်ဆံရေး အတော်လေးကောင်းကြတာလား”
ဒါက ဘာတွေလဲ။
လင်းရန်မှာ ပို၍ပင် မျက်မှောင်ကြုတ်သွားရသည်။
ရှောင်ချီနှင့် စားဖိုမှူးယွီတို့ ဆက်ဆံရေး ကောင်း၊ မကောင်း သူမက မည်သို့သိပါမည်နည်း။ တစ်ယောက်မှာ ယနေ့မှ ပထမဆုံး ဆုံဖူးခြင်းဖြစ်ပြီး နောက်တစ်ယောက်မှာတော့ သူမ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးမျှသာ ဖြစ်သည်။
တစ်ဖက်လူ၏ ပုဂ္ဂိုလ်ရေး ဆက်ဆံရေးကို သူမက အဘယ်ကြောင့် ဂရုစိုက်နေရပါမည်နည်း။
သို့သော် ထိုအချက်ထက် စုန့်ရှီးယန်က အဘယ်ကြောင့် ဤသို့မေးနေသည်ကို သူမ ပို၍ သိချင်မိသည်။
“ ရှင် ဘာလို့ မေးနေရတာလဲ”
စုန့်ရှီးယန်: ဟားဟား... ဘာလို့မေးရတာလဲ ဟုတ်လား၊ စားဖိုမှူးယွီက ရှောင်ချီရဲ့ ညီအစ်ကိုများ ဖြစ်နေမလားလို့ သိချင်တာပေါ့၊ မဟုတ်ရင် သူက ငါ့ရှေ့မှာတင် ဘာလို့ အောင်သွယ်လုပ်ချင်နေရတာလဲ!
အလွန် သိသာထင်ရှားလွန်းသည် မဟုတ်သော်လည်း စုန့်ရှီးယန်ကဲ့သို့ လူတစ်ယောက်က ရှောင်ချီ၏ မျက်လုံးထဲမှ အဓိပ္ပာယ်ကို အဘယ်ကြောင့် မဖတ်နိုင်ဘဲ ရှိပါမည်နည်း။
တစ်ခဏတွင် ရန်ရန်ကို ကြည့်လိုက်၊ နောက်တစ်ခဏတွင် တစ်ဖက်ရှိ စားဖိုမှူးယွီကို ကြည့်လိုက်နှင့် သူ၏မျက်နှာပေါ်တွင် “မင်းတို့နှစ်ယောက် ပေါင်းစပ်လိုက်ကြပါလား” ဆိုသည့် စကားလုံးများကို ရေးသားထားချင်ပုံရလေသည်။
သို့သော် လင်းရန်မှာ ထိုအချက်ကို သတိထားမိပုံမရသည်ကို မြင်လျှင် စုန့်ရှီးယန်မှာလည်း တိုက်ရိုက်ပြောပြလောက်အောင် မိုက်မဲသူ မဟုတ်ပေ။
ထို့ကြောင့် သူက ဟန်ဆောင်၍သာ ရှင်းပြလိုက်၏။
“အိုး... တစ်ဖက်လူနဲ့ သူနဲ့က ရုပ်ချင်းဆင်နေသလားလို့ ထင်မိလို့ပါ”
ဤသည်မှာ စုန့်ရှီးယန်ပြောချင်နေသော စကားအစစ်အမှန် မဟုတ်သည်မှာ သေချာပေသည်။ သို့သော် သူသည် နှုတ်လုံသည့်နေရာတွင် နာမည်ကြီးသူဖြစ်၍ သူကိုယ်တိုင် မပြောချင်သရွေ့ မည်သူမျှ သူ၏ပါးစပ်ကို ဟ၍ မရနိုင်ပေ။
လင်းရန်ကတော့ သည်းခံနိုင်စွမ်း မရှိတော့ပေ။ သူ တည့်တည့်မပြောလိုသည်ကို မြင်သောအခါ စိတ်မရှည်စွာဖြင့် ခေါင်းညိတ်ပြလိုက်ရုံသာ လုပာခဲ့တော့သည်။
“သူတို့ရင်းနှီးလားဆိုတာ ကျွန်မ မသိဘူး၊ ဒါပေမဲ့ ရှင်ကတော့ ကျွန်မနဲ့ ပိုပြီး ရင်းနှီးတာ သေချာတယ်၊ မေးစရာရှိတာ ကျန်သေးရင် အကုန်မေးဖို့ အခွင့်အရေးပေးမယ်၊ ဟုတ်ပြီလား”
စုန့်ရှီးယန်မှာ သူ၏ စိတ်ခံစားမှုကို ပြန်လည် ထိန်းညှိလိုက်ပြီဖြစ်ပေ၏။
လင်းရန်သည်က ထိုစားဖိုမှူးယွီအပေါ် မည်သည့်စိတ်ကူးမျှ မရှိကြောင်း အတည်ပြုပြီးနောက်တွင် သူ စိတ်အေးသွားရလေ၏။
“မရှိတော့ပါဘူး... မရှိတော့ပါဘူး၊ မနက်ပိုင်းကတည်းက အလုပ်ရှုပ်နေရတာဆိုတော့ ဗိုက်ဆာနေပြီမလား၊ ရန်ရန်... အပြင်မှာပဲ စားချင်လား၊ ဒါမှမဟုတ် အိမ်ကိုပဲ တိုက်ရိုက်ပြန်မလား၊ ကိုယ် ကားမောင်းလာတယ်လေ”
ထူးဆန်းလိုက်တာ။
နောက်ဆုံးတွင်တော့ စုန့်ရှီးယန်သည်က စက္ကန့်ပိုင်းအတွင်း အဘယ်ကြောင့် မျက်နှာထား ပြောင်းလဲသွားသနည်းဆိုသည်ကို လင်းရန် စဉ်းစား၍ မရနိုင်တော့သဖြင့် လျစ်လျူရှုထားလိုက်ရတော့၏။
သူမက မွန်းလွဲပိုင်းတွင် လုပ်စရာမရှိသောကြောင့် အိမ်သို့ပြန်မည်ဟူ၍ ပြောခဲ့လေ၏။ သူတို့နှစ်ဦးလုံး စုန့်ရှီးယန် မောင်းနှင်သော ကားထဲသို့ဝင်ကာ ထွက်ခွာသွားကြလေသည်။
သူတို့ ထွက်သွားပြီး မကြာမီမှာပင် စားဖိုမှူးယွီနှင့် ရှောင်ချီတို့လည်း နောက်မှ ထွက်လာခဲ့ကြသည်။ လင်းရန်နှင့် စုန့်ရှီးယန်တို့ ကားဖြင့်ထွက်သွားသည်ကို မြင်ချှင် ရှောင်ချီမှာ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိ၏။
“ရဲဘော်လင်းရဲ့ အမျိုးသားက အတော်လေး အင်အားတောင့်တင်းပုံရတယ်”
ကားမောင်းနိုင်သူဆိုသည်မှာ သာမန်လူတော့ မဟုတ်သည်က သေချာပေ၏။
ဤသို့ ကြည့်မည်ဆိုလျှင် ထိုသူနှင့် လင်းရန်တို့မှာ အလွန်ပင် လိုက်ဖက်ကြပေသည်။ ကံကောင်းစွာဖြင့် လင်းရန်၏ခင်ပွန်းမှာ ရုပ်ဆိုးသူမဟုတ်ပေ။ မဟုတ်လျှင်မူ သူမအတွက် သူ တကယ်ပင် နှမြောမိပေလိမ့်မည်။
စားဖိုမှူးယွီမှာတော့ ထိုစကားကို ကြားလျှင် ထိုဘက်သို့ မသိစိတ်ဖြင့် တစ်ချက်လှမ်းကြည့်ပြီးနောက် အကြည့်လွှဲလိုက်လေသည်။ ရှောင်ချီ၏ မတိုင်မီက စကားများထဲမှ အဓိပ္ပာယ်အချို့ကို သူ သဘောပေါက်မိပေသည်။
သို့သော် သူ၏ စိတ်ထဲ၌ ထိုကဲ့သို့သော အစီအစဉ်မျိုး လုံးဝမရှိပေ။
လင်းရန်၏ အဘက်ဘက်မှ အရည်အချင်းများမှာ အလွန်ကောင်းမွန်ပြီး သူ၏ အိမ်ထောင်ဖက် ရွေးချယ်မှု စံနှုန်းများနှင့် ကိုက်ညီသည်ကို သူ ဝန်ခံသော်လည်း...
တစ်ဖက်လူမှာ အိမ်ထောင်ရှိပြီးသား ဖြစ်နေသည့်အတွက် ထိုကိစ္စကို သူ လုံးဝ ထည့်သွင်း စဉ်းစားတော့မည် မဟုတ်ပေ။
စုန့်ရှီးယန်မှာ ထိုနေ့က ပြပွဲနေရာသို့ လာကြိုခဲ့သည့်အချိန်မှစ၍ နောက်ပိုင်းရက်များတွင်လည်း နေ့စဉ် အချိန်မှန်မှန် တံခါးဝ၌ လာရောက်စောင့်ဆိုင်းနေခဲ့ပြီး တစ်ရက်မျှ ပျက်ကွက်ခြင်း မရှိခဲ့ပေ။
လင်းရန်အနေဖြင့် သူ၏အလုပ်သစ်ကြောင့် အားလပ်ချိန်များစွာ ရရှိလာသည်ဆိုသည့် အချက်ကို လက်ခံထားသော်လည်း ယခုကဲ့သို့ အခြေအနေကိုတော့ အသားမကျသေးပေ။
မည်သို့ပင်ဖြစ်စေ သူမက နေ့တိုင်း လိုက်ပို့၊ လိုက်ကြို လုပ်ပေးရလောက်အောင် အင်အားချည့်နဲ့နေသူ မဟုတ်ပါချေ။
သို့သော် သူမ မည်မျှပင် ပြောဆိုသည်ဖြစ်စေ စုန့်ရှီးယန်က စကားတစ်ခွန်းတည်းကိုသာ ပြောနေခဲ့သည်။
သူ့အနေဖြင့် ယခင်က လင်းရန်အပေါ် အကြွေးများစွာတင်ခဲ့ပြီး သူမကို တစ်ယောက်တည်း အချိန်အတော်ကြာ ပစ်ထားခဲ့မိကြောင်း၊ ယခု အခွင့်အရေး ရရှိချိန်တွင် အတိုးချ၍ ပြန်လည် ပေးဆပ်ရမည် ဖြစ်ကြောင်းသာ ပြောခဲ့လေ၏။
ထိုရှောင်ချီဆိုသူက အောင်သွယ်လုပ်နေဆဲလားဆိုသည်ကို သူ စောင့်ကြည့်ချင်နေသည်ဟူသော အချက်ကိုတော့ သူ လုံးဝ ဝန်ခံလိမ့်မည် မဟုတ်ပေ။
ကံကောင်းစွာဖြင့် ငါးရက်တာ အချိန်မှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး မနက်ဖြန်က ရင်းနှီးမြှုပ်နှံမှုပြပွဲ တရားဝင် ကျင်းပမည့်နေ့သို့ရောက်လာခဲ့သည်။
ဤနှစ်ရက်မျှ ကုန်ဆုံးသွားလျှင် သူ၏ရန်ရန်မှာ ထိုရှောင်ချီနှင့် စားဖိုမှူးယွီတို့နှင့် ထပ်မံ ပတ်သက်စရာ မလိုတော့ဟု တွေးကာ စုန့်ရှီးယန်က မနက်ဖြန်ကို အထူးတလည် မျှော်လင့်နေခဲ့လေသည်။
မနက်ဖြန်ကဲ့သို့ အရေးကြီးသော နေ့ရက်ကို မျှော်လင့်နေသူများမှာ သူတစ်ယောက်တည်း မဟုတ်ပေ။
ဥပမာအားဖြင့် မနက်ဖြန် ရင်းနှီးမြှုပ်နှံမှု အစည်းအ၀ေးသို့ တက်ရောက်ကြမည့်သူများလည်း ပါဝင်ပေသည်။
လျိုကျားယိုနှင့် စုန့်စစ်ယွီတို့က ကွမ်ကျိုးသို့ တစ်ရက်ခန့် ကြိုတင်ရောက်ရှိနေကြပြီး တည်းခိုရန် ဟိုတယ်တစ်ခု ရှာဖွေခဲ့ကြသည်။
ဤဟိုတယ်မှာ မြို့တွင်းရှိ အဆင့်အမြင့်ဆုံးဟိုတယ်ဖြစ်သော်လည်း လျိုကျားယိုအတွက်တော့ အားရကျေနပ်စရာ မရှိပေ။
မနက်ဖြန် ရင်းနှီးမြှုပ်နှံမှုပြပွဲသာ မရှိလျှင် ဤကဲ့သို့ စုတ်ပြတ်နေသော ဟိုတယ်တွင် သူ လုံးဝ တည်းခိုမည် မဟုတ်ပါချေ။
သို့သော် စုန့်စစ်ယွီမှာတော့ အဆင်ပြေစွာ လက်ခံနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ သူမသည်က ယခင်ဘဝက ကျေးလက်ဒေသတွင် နေထိုင်ခဲ့ရပြီး ရွှံ့အိမ်နှင့်ပင် နေခဲ့ဖူးသည် မဟုတ်ပါလား။
ထို့ကြောင့် အိပ်မရလောက်အောင် ဆိုးရွားခြင်း မရှိသရွေ့ သူမအနေဖြင့် ဂရုစိုက်မနေတော့ပေ။
မည်သို့ပင်ဖြစ်စေ သူမသည်က နောက်ပိုင်းတွင် ကောင်းမွန်သော အိမ်ကြီးအိမ်ကောင်းနှင့် နေရတော့မည်ဖြစ်၍ ယခုအချိန်တွင် ဇီဇာကြောင်နေရန် မလိုအပ်ပေ။
ယခု အရေးကြီးဆုံးအချက်မှာ မနက်ဖြန် ကျင်းပမည့် ရင်းနှီးမြှုပ်နှံမှုပြပွဲပင် ဖြစ်၏။
ယခုတစ်ခေါက်တွင် သူမက လျိုကျားယိုနှင့်အတူ လိုက်ပါလာပြီး သူ၏ အခွင့်အရေးကို အသုံးချခဲ့ခြင်းဖြစ်သော်လည်း စုန့်စစ်ယွီက တစ်ဖက်လူ၏ လက်ထောက်တစ်ဦးအနေဖြင့်သာ လိုက်ပါရန် ရည်ရွယ်ချက် မရှိပေ။
သူမတွင် လုပ်ဆောင်စရာ အရေးကြီးသော ကိစ္စကြီးများ ရှိနေသေးသည်။
သူတို့ ရောက်ရှိချိန်မှာ နေ့လယ်ပိုင်း ဖြစ်လေသည်။ လျိုကျားယိုက ဟိုတယ်မှ ကျွေးသော အစားအစာများမှာ အဆင့်အတန်း နိမ့်လွန်းသည်ဟုယူဆသဖြင့် စုန့်စစ်ယွီနှင့် တခြားလက်ထောက်တစ်ဦးကို အပြင်သို့ လိုက်ခဲ့ရန် ခေါ်လိုက်လေသည်။
ယခုအချိန်တွင် လမ်းမများပေါ်တွင် ကိုယ်ပိုင် စီးပွားရေးလုပ်ကိုင်သူများ များပြားလာပြီး စားသောက်ဆိုင်များလည်း ပိုမို ဖွင့်လှစ်လာကြသောကြောင့် အစားအသောက် ရှာဖွေရန်အတွက် နိုင်ငံပိုင် စားသောက်ဆိုင်များကိုသာ အားကိုးနေရန် မလိုတော့ပါချေ။
*
အခန်း(456)
လျို့ကျားယိုက စုန့်စစ်ယွီတို့အား ကိုယ်ပိုင် စားသောက်ဆိုင်များ အများဆုံးရှိသည့် လမ်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ ကံမကောင်းစွာဖြင့် လျို့ကျားယိုမှာ ထိုဆိုင်ငယ်လေးများ၏ နာမည်ကို မြင်ရုံနှင့်ပင် မနှစ်သက်ဘဲ ရှိနေရလေသည်။
“ရှောင်မေ့ စားသောက်ဆိုင်” သို့မဟုတ် “အားမောက် စားသောက်ဆိုင်” ဆိုသည့် နာမည်များမှာ ဒေသအငွေ့အသက်များ ပြင်းထန်လွန်းလွန်းပေသည်။
ထိုကဲ့သို့သော ဆိုင်များမှ အစားအစာများမှာ သူ၏ အရသာနှင့် ကိုက်ညီလိမ့်မည်မဟုတ်ဟု သူ ယူဆလိုက်လေ၏။
သို့သော် တစ်နေရာတွင် “ဝေ့မီ” ဟု အမည်ရသော စားသောက်ဆိုင်တစ်ဆိုင်ရှိနေပြီး ထိုအမည်မှာ အတော်လေး နားဝင်ချိုနေခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုဆိုင်မှာ ပိတ်ထားသည့်အတွက် လျို့ကျားယိုတစ်ယောက် နှမြောစွာဖြင့်သာ ထွက်ခွာခဲ့ရလေတော့၏။
စုန့်စစ်ယွီမှာလည်း မနေနိုင်ဘဲ ဤ “ဝေ့မီ” ဆိုင်ကို တစ်ချက် ပြန်လှည့်ကြည့်လိုက်မိသည်။ ဤဆိုင်ရှင်မှာ ထူးခြားသော ပင်ကိုယ်စရိုက် ရှိပုံရပြီး ဤကဲ့သို့သော အမည်မျိုးကို ပေးနိုင်သည်ဟု သူမ ခံစားမိလေ၏။
ဆိုင်၏ အရသာမှာ မည်သို့ရှိမည်ကိုတော့ သူမ မသိပေ။ နောက်ပိုင်းတွင် အချိန်ရပါက လာရောက် မြည်းစမ်းကြည့်ရမည်ဟု သူမ တွေးတောလိုက်မိသည်။
မည်သို့ပင်ဖြစ်စေ ယခုကဲ့သို့ အချိန်မျိုးတွင် ဆိုင်ဖွင့်ရဲသူများမှာ လက်ရာမညံ့လောက်ပါချေ။
အနည်းဆုံးတော့ ဟောင်းနွမ်းနေသော အလေ့အထများကို စွန့်လွှတ်ကာ ပထမဆုံး စွန့်စားလုပ်ကိုင်သူများဖြစ်ကြသည် မဟုတ်ပါလား။
စုန့်စစ်ယွီနှင့် လျို့ကျားယိုတို့ ထွက်ခွာသွားရန် ပြင်လိုက်ချိန်မှာပင် အသက်ကြီးပိုင်း အမျိုးသမီးနှစ်ဦးသည်လည်း ဤဘက်သို့ လျှောက်လာခဲ့ကြသည်။ သူတို့နှစ်ဦးမှာ လမ်းလျှောက်ရင်း စကားပြောနေကြလေ၏။
“အိုး... ဒီဆိုင်က ဘာလို့ ပိတ်ထားရတာလဲ၊ ဒီဆိုင်က အရသာ အရမ်းကောင်းတယ်လို့ ရှင်ပြောခဲ့တယ်မလား၊ ဘာလို့ နေ့လယ်ပိုင်းကြီးမှာတောင် မဖွင့်ရတာလဲ”
တခြား အမျိုးသမီးကြီးတစ်ဦးက ဆိုင်ကို ကြည့်ကာ မျက်လုံးများ ပြူးသွားပြီး အလွန်အမင်း အံ့အားသင့်နေပုံရလေ၏။
နှစ်စက္ကန့်မျှ ကြာပြီးနောက် ထိုအမျိုးသမီးကြီးက သူမ၏ဦးခေါင်းကို သူမဘာသာ ပြန်ရိုက်လိုက်မိကာ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပုံရလေသည်။
“အို... ကြည့်စမ်း၊ ငါ့မှတ်ဉာဏ်ကတော့ဖြင့်... ဘယ်လိုဖြစ်လို့ ဒါကို မေ့သွားရတာလဲ၊ စားဖိုမှူးရှောင်လင်းက ဒီရက်ပိုင်း တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာပဲ!”
“ဆိုင်တောင် မဖွင့်နိုင်လောက်အောင် ဘာတွေများ အရေးကြီးနေလို့လဲ၊ ပြီးတော့ နင်ပြောတာကို နားထောင်ပြီး ငါ့မှာ ဗိုက်ဆာလွန်းလို့ သေတော့မယ်၊ သူချက်တဲ့ ထမင်းဟင်းကို ငါ ဘယ်တော့မှ စားရမှာလဲ”
“စိတ်မပူပါနဲ့၊ စိတ်မပူပါနဲ့... အလွန်ဆုံး သဘက်ခါပေါ့၊ အားလုံး အဆင်ပြေရင် မနက်ဖြန်ကျရင် ငါ နင့်ကို သူ့ဆီ ခေါ်သွားပေးမယ်၊ ဟဲဟဲ... ငါ့လို အဘွားကြီးက ဘယ်တုန်းက မမှန်တဲ့စကားတွေကို ပြောဖူးလို့လဲ!”
“ကောင်းပြီ၊ ဒီတစ်ခါတော့ ငါ နင့်ကို ယုံလိုက်မယ်”
ထိုသို့ ပြောဆိုပြီးနောက် အမျိုးသမီးကြီးနှစ်ဦးက စုန့်စစ်ယွီတို့၏အနားမှ ဖြတ်ကျော်သွားကြလေတော့၏။
စားဖိုမှူးလည်း သူတို့၏ စကားဝိုင်းကို ကြားလိုက်ရသည်နှင့် ထိုစားသောက်ဆိုင်လေးအပေါ် ရုတ်တရက် ပိုမိုစိတ်ဝင်စားသွားမိသည်။ ဧည့်သည်များကိုယ်တိုင် လာရောက်စားသောက်ချင်အောင် ဆွဲဆောင်နိုင်သည်မှာ ထိုဆိုင်၏ အရသာက အမှန်တကယ် မညံ့ကြောင်း သက်သေပြနေခြင်းပင် ဖြစ်ပေသည်။
သူမ၏ ဘေးနားရှိ စုန့်စစ်ယွီမှာတော့ အတွေးနက်နေခဲ့လေ၏။ သို့သော် သူမ၏ အတွေးမှာ စားဖိုမှူးနှင့် မတူပေ။ သူမက ထိုအမျိုးသမီးကြီးတစ်ဦး ပြောသွားသော “ စားဖိုမှူးရှောင်လင်း”ဟူသည့် စကားလုံးကို တွေးနေခြင်းသာဖြစ်လေ၏။
သူမအနေဖြင့် လီပြည်နယ်ရှိ သူမ၏ နေရပ်တွင်ရှိနေချိန်ကလည်း ထိုစကားလုံးကို ကြားဖူးကြောင်း သတိရလိုက်မိသည်။
ထိုစကားလုံးမှာ လူအများက သူမ အမုန်းဆုံးလူဖြစ်သည့် လင်းရန်အား ရည်ညွှန်းခေါ်ဆိုလေ့ရှိသော အမည်ပင် ဖြစ်၏။
စားဖိုမှူးရှောင်လင်းဟုတ်လား။
ဒီနာမည်က တစ်ခါပြန်ပေါ်လာပြန်ပြီလား! ဘယ်နေရာကိုပဲ သွားသွား လင်းရန်နဲ့ ပတ်သက်တာတွေနဲ့ပဲ အမြဲတမ်း ဆုံနေရတာပဲ!
စုန့်စစ်ယွီ၏ မျက်ဝန်းများ အေးစက်သွားသော်လည်း မကြာမီမှာပင် သူမ ပြန်လည်စိတ်တည်ငြိမ်သွားရသည်။ ထိုအမျိုးသမီးကြီးနှစ်ဦး ပြောနေသောသူမှာ လင်းရန် မဖြစ်နိုင်ပေ။
မည်သို့ပင်ဖြစ်စေ လင်းရန်သည်က သူမ၏ နေရပ်ရှိ နိုင်ငံပိုင် စားသောက်ဆိုင်တွင် စားဖိုမှူးအဖြစ် အလုပ်လုပ်နေဆဲသာ ဖြစ်သင့်ပေသည်။
ထိုအလုပ်မှာ အမြင်ကျဉ်းမြောင်းသော လင်းရန်တို့ကဲ့သို့ လူမျိုးအတွက် အလွန်ကောင်းမွန်သော အလုပ်ဖြစ်နိုင်ငည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုအလုပ်မျိုးမှာ အလားအလာ မရှိဆုံးသော အလုပ်ဖြစ်လာမည်ကို သူတို့ မသိနိုင်ကြပေ။
နောက်ပိုင်းတွင် လမ်းဘေးဈေးသည်များပင်လျှင် သူမထက် ငွေပိုရှာနိုင်ကြပေလိမ့်မည်။ လင်းရန်ကဲ့သို့သော လူမျိုးသာလျှင် နိုင်ငံပိုင်ဟိုတယ်တွင် စားဖိုမှူးဖြစ်ရခြင်းမှာ အလွန်ကြီးကျယ်သည်ဟု ထင်နေကြခြင်း ဖြစ်၏။
ဤသို့ တွေးလိုက်မိသည်နှင့် စုန့်စစ်ယွီတစ်ယောက် ဤ “ဝေ့မီ” ဆိုင်မှ စားဖိုမှူးရှောင်လင်းမှာ လင်းရန် လုံးဝ မဖြစ်နိုင်ဟု ခံစားလိုက်ရလေသည်။
လင်းရန်သည်က ဤမျှအထိ အမြော်အမြင်ရှိကာ သူမ၏ နေရပ်ရှိ နိုင်ငံပိုင်ဟိုတယ်မှ စားဖိုမှူးအလုပ်ကို စွန့်လွှတ်ပြီး ဤမျှတိုတောင်းသော ကာလအတွင်း ကွမ်ကျိုးသို့လာကာ ဆိုင်ဖွင့်၍ ကိုယ်ပိုင်စီးပွားရေး လုပ်ဝံ့သူ မဖြစ်နိုင်ပေ။
ထို့အပြင် လင်းကျန်းအန်းက ကွမ်ကျိုးတွင် ရှိနေသည်မှာ မှန်သော်လည်း သူသည်က ဆေးဝါးစက်ရုံလုပ်ငန်းများနှင့် အလုပ်ရှုပ်နေသူဖြစ်၍ လင်းရန်အား ဆိုင်ဖွင့်ရန် ကူညီပေးဖို့ အချိန်ပို ရှိနေစရာ အကြောင်းမရှိပေ။
ဖြစ်နိုင်ခြေအားလုံးကို စဉ်းစားပြီးနောက် စုန့်စစ်ယွီမှာ လုံးဝ စိတ်အေးသွားရတော့၏။
လင်းရန်ဆိုတဲ့တစ်ယောက်က ဒီနေရာမှာ ဘယ်တော့မှ ပေါ်လာမှာ မဟုတ်ဘူး!
*
နောက်တစ်နေ့ မိုးမလင်းမီမှာပင် လင်းရန်နှင့် စုန့်ရှီးယန်တို့က စစ်တပ်ဝင်းထဲမှ ထွက်ခွာခဲ့ကြလေသည်။
လင်းရန်မှာ ရင်းနှီးမြှုပ်နှံမှုပြပွဲ၏ ဝန်ထမ်းတစ်ဦး ဖြစ်သည့်အတွက် သူမ တာဝန်ယူရမည့် ဆိုင်ခန်းနေရာကို ကြိုတင်သွားရောက် စစ်ဆေးရပေမည်။ ယမန်နေ့က စစ်ဆေးပြီးဖြစ်သော်လည်း ညဘက်တွင် မတော်တဆမှုများ မဖြစ်ပေါ်စေရန် စောစောစီးစီး သွားရောက်စောင့်ကြပ်ခြင်းက ပို၍ စိတ်ချရပေသည်။
စုန့်ရှီးယန်သည်လည်း သူမ တစ်ယောက်တည်း ဤမျှစောစော သွားရမည်ကို စိုးရိမ်သောကြောင့် လင်းရန်အား ပြပွဲနေရာသို့ ကားဖြင့် လိုက်လံပို့ဆောင်ပေးခဲ့လေ၏။
“မြန်မြန်ပြန်တော့လေ၊ ရှင်လည်း ခဏနေရင် အလုပ်သွားရတော့မှာမလား၊ ထူးခြားတာ မရှိရင်တော့ ကျွန်မ ညနေဘက်အထိ အလုပ်ပြီးမှာ မဟုတ်ဘူး”
ဤပွဲမှာလည်း အားလုံး အဆင်ပြေမှသာ ပြီးဆုံးမည့် အချိန်ဖြစ်ပေသည်။
အကယ်၍ ယနေ့ ရင်းနှီးမြှုပ်နှံမှုပြပွဲ အခြေအနေပေါ်မူတည်၍ မနက်ဖြန်တွင်လည်း ထပ်မံ ကျင်းပရနိုင်ချေရှိနေပေသေးသည်။
စုန့်ရှီးယန်က ထိုစကားကို ကြားလျှင် ခေါင်းညိတ်ပြကာ အချိန်ကို ကြည့်လိုက်၏။ ယခု ပြန်လျှင် သူအတွက် အလုပ်ဝင်ချိန်နှင့် အကိုက်ဖြစ်ပေလိမ့်မည်။
“ကောင်းပြီလေ၊ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်၊ အဆင်ပြေရင် ညနေကျရင် ကိုယ် အလုပ်ဆင်းတာနဲ့ လာကြိုပါ့မယ်”
ထိုသို့ ပြောပြီးနောက် စုန့်ရှီးယန်က ကားမောင်း၍ ပြန်သွားခဲ့ကာ လင်းရန်မှာတော့ ပြပွဲနေရာအတွင်းသို့ဝင်ရောက်ခဲ့လေတော့၏။
ပြပွဲနေရာကို နံနက် ကိုးနာရီတွင် တရားဝင် ဖွင့်လှစ်မည်ဖြစ်သော်လည်း ယခုအချိန်တွင် ခုနစ်နာရီခန့်သာ ရှိသေးသည်။
ပတ်ဝန်းကျင်ရှိ လူများမှာ သူဌေးကြီးများနှင့် ဆုံတွေ့ရန် ကံစမ်းလိုကြသော အရောင်းသမားများ သို့မဟုတ် လင်းရန်ကဲ့သို့သော အတွင်းဘက် ဝန်ထမ်းများသာ ရှိနေ၏။
လင်းရန်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး အဖေလင်းကို မတွေ့ရသဖြင့် စိတ်အေးသွားရလေ၏။
အဖေလင်းသည်လည်း ယခုကဲ့သို့ စောစောစီးစီး ရောက်ရှိလာပြီး စောင့်ဆိုင်းနေမည်ကို သူမ အမှန်တကယ်ပင် စိုးရိမ်နေခဲ့သည်။
ထိုသို့ဆိုလျှင် အလွန်ပင် ပင်ပန်းရပေလိမ့်မည်။ ကံကောင်းစွာဖြင့် သူမက အဖေလင်းအတွက် ဝင်ခွင့်လက်မှတ်တစ်စောင် ရရှိထားခဲ့လေ၏
သိုမဟုတ်လျှင်မူ သူသည်လည်း အပြင်ဘက်၌ အမှန်တကယ်ပင် စောင့်ဆိုင်းနေရပေလိမ့်မည်။ ဤသို့ တွေးကြည့်လိုက်ပြီးနောက် လင်းရန်တစ်ယောက် ယနေ့ခရီးစဉ်နှင့် ပတ်သက်၍ အတော်လေးစိတ်ကျေနပ်ခဲ့သည်။
မကြာမီမှာပင် သူမက ပြပွဲကွင်းအတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် သူမလိုအပ်မည့် အရာအားလုံး အဆင်သင့်ရှိ၊ မရှိကို စစ်ဆေးလေသည်။
အရာအားလုံး အဆင်သင့်ရှိနေပြီး လိုအပ်ချက်မရှိသည်ကို တွေ့ရှိပြီးနောက် အဝတ်အစားလဲရန်အတွက် အလျင်အမြန် သွားခဲ့လေ၏။
ဤဝတ်စုံအကြောင်း ပြောရလျှင် သူမ အနည်းငယ်လောက်တော့ ရှက်ရွံ့မိပေသည်။
ဆိုရလျှင် ရှောင်ချီနှင့် အခြားသူများက သူမအတွက် လှပသော ဝတ်စုံတစ်စုံ ဝယ်ပေးချင်သည်ဟု ပြောခဲ့ကြလေ၏။
ဤဝတ်စုံမှာ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက သူတို့က ဝါရင့်အပ်ချုပ်ဆရာကြီးတစ်ဦးကို ခေါ်ယူကာ လင်းရန်အတွက် ကိုယ်တိုင်းဖြင့် သီးသန့်ချုပ်လုပ်ပေးခဲ့ကြခြင်း ဖြစ်ပေသည်။
ထို့ကြောင့် ဤစားဖိုမှူးဝတ်စုံသည်က သာမန်စားဖိုမှူးဝတ်စုံများနှင့် မတူနိုင်ပေ။ ဤအထည်ကို ကောင်းမွန်လှပသော အထည်သားများဖြင့် ပြုလုပ်ထားရုံမျှမက အမြင်အားဖြင့်လည်း အလွန်တင့်တယ်လှပသည်။
လင်းရန်အနေဖြင့် ယမန်နေ့က ထိုဝတ်စုံကို ရရှိချိန်တွင် မအံ့သြဘဲ မနေနိုင်ခဲ့ပေ။ စားဖိုမှူးဝတ်စုံပင် ဖြစ်သော်လည်း တိုင်းရင်းသားရိုးရာ အငွေ့အသက်များကို ထည့်သွင်းထားသောကြောင့် ဝတ်စုံတစ်ခုလုံးမှာ သန့်ပြန့်ပြီး အဆင့်အတန်းရှိတေခဲ့သည်။
လင်းရန်တစ်ယောက် ထိုဝတ်စုံကို ယူဆောင်သွားပြီး နောက်ပိုင်းတွင် သူမ၏ အလုပ်ဝတ်စုံအဖြစ်ပင် အသုံးပြုချင်စိတ်ပင် ဖြစ်သွားခဲ့ရလေ၏။
ဝတ်စုံလဲပြီးနောက် မှန်ထဲတွင် ကြည့်လိုက်ချိန်၌ သူမ၏ ထင်ယောင်ထင်မှားဖြစ်မှုလားညမသိသော်လည်း သူမကိုယ်သူမ ပိုမိုတက်ကြွပြီး ခန့်ညားနေသည်ဟု ခံစားလိုက်ရလေ၏။
တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ထူးချွန်သော စားဖိုမှူးတစ်ဦး၏ အရှိန်အဝါများ ထွက်ပေါ်နေပေသည်။ သူမ စက္ကန့်အနည်းငယ်မျှ ကိုယ့်ကိုယ်ကိုယ် သဘောကျနေခဲ့ပြီး လှည့်ပတ်ကြည့်နေမိပြီးမှ သူမဘာသာပင် ရယ်မောချင်သွားရလေ၏။
“ဒီဝတ်စုံက မင်းနဲ့ တကယ်လိုက်ဖက်တာပဲ”
ထိုအချိန်တွင် သူမ၏အနောက်မှ အပြုံးရိပ်များပြည့်နေသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။
လင်းရန်တစ်ယောက် ရှက်ရွံ့စွာဖြင့် ချက်ချင်းပင် လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ကံကောင်းစွာဖြင့် သူမလှည့်ကြည့်လိုက်ချိန်တွင် ရောက်လာသူက စားဖိုမှူးယွီ ဖြစ်နေကြောင်းကို မြင်လိုက်ရပြီး သူမ အနည်းငယ် စိတ်အေးသွားရ၏။
“စားဖိုမှူးယွီ... အဝတ်လဲခန်း သုံးမလို့လား၊ ကျွန်မ ဖယ်ပေးပါ့မယ်”
လင်းရန်မှာ အဝတ်လဲခန်းအပြင်ဘက်ရှိ မှန်ရှေ့တွင် ရပ်နေခြင်းဖြစ်၍ အဝတ်လဲခန်းထဲသို့ ဝင်မည့် လမ်းကြောင်းကို ပိတ်ထားသကဲ့သိုး ဖြစ်နေလေ၏။
သူမက အလျင်အမြန်ပင် ဘေးသို့ တိုးပေးလိုက်ကာ စားဖိုမှူးယွီကို ဖြတ်သွားခွင့် ပေးလိုက်၏။
စားဖိုမှူးယွီက ခေါင်းညိတ်ပြလိုက်သည်။ လင်းရန်မှ သူနှင့် စကားများများ မပြောလိုသည်ကို သတိထားမိသွားသောကြောင့် ကျေးဇူးတင်စကားသာပြောကာ အဝတ်လဲခန်းထဲသို့ ဝင်သွားလေသည်။
*