← Chapters

အခန်း (၄၅၇-၄၅၈)

Vol. 46 Ch. 457-458

အခန်း (၄၅၇-၄၅၈)

Vol. 46 Ch. 457-458

အခန်း(457)

လင်းရန်က သူမ၏ အဝတ်အစားများကို သိမ်းဆည်းကာ ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။ အခုအချိန်တွင် မပြေးလျှင် ခေတ္တကြာလျှင် စားဖိုမှူးယွီနှင့် ဆုံတွေ့မိပြီး အနေရခက်နေမည် မဟုတ်ပါလား။

အဝတ်လဲခန်းမှ ထွက်လာပြီးနောက် လင်းရန်က သူမ၏ နေရာသို့ တိုက်ရိုက်သွားကာ အရှေ့တွင် ရပ်နေလိုက်လေသည်။ သူမ ချက်ပြုတ်မည့် ဟင်းလျာများကို ရှောင်ချီတို့နှင့် ဆုံးဖြတ်ထားပြီး ဖြစ်ပေ၏။

သို့သော်လည်း လင်းရန်မှာ မတော်တဆမှုများ မဖြစ်ပေါ်စေရန်အတွက် လုပ်ငန်းစဉ်များကို သူမ၏ စိတ်ထဲ၌ တစ်ဆင့်ချင်းစီ ထပ်မံ၍ လေ့ကျင့်နေမိသည်။

သူမက လုပ်ငန်းစဉ်များကို အကြိမ်ကြိမ် လေ့ကျင့်ပြီးချိန်တွင်တော့ ရှောင်ချီက သူမထံသို့ ပြေးလာကာ စိုးရိမ်တကြီးဖြင့် ပြောလာခဲ့၏။

“ရဲဘော်လင်း... နောက်နာရီဝက်နေရင် လူတွေအားလုံး ပြပွဲထဲကို စတင် ဝင်ရောက်လာကြတော့မယ်၊ ရဲဘော် အဆင်သင့် ဖြစ်ပြီလား”

လင်းရန်က ခေါင်းညိတ်ပြလိုက်ကာဖြေလိုက်လေသည်။

“အဆင်သင့်ဖြစ်ပါပြီ”

“ကောင်းပြီလေ... ကျွန်တော်တို့ အတူတူ ကြိုးစားကြတာပေါ့၊ တစ်ခုခု လိုအပ်တာရှိရင် ကျွန်တော့်ကိုသာ အော်ခေါ်လိုက်ပါ၊ ကျွန်တော် လုပ်ပေးပါ့မယ်”

လင်းရန်က စားဖိုမှူးယွီကဲ့သို့ ကိုယ်ပိုင်လက်ထောက် ခေါ်မလာခဲ့သဖြင့် ရှောင်ချီက သူမဘက်၌သာ နေ၍ ကူညီရန် ဆုံးဖြတ်လိုက်ရခြင်း ဖြစ်ပေသည်။

လင်းရန်က တခြားသူ၏ အကူအညီ မလိုအပ်ကြောင်းကို အကြိမ်ကြိမ် ပြောဆိုသော်လည်း ရှောင်ချီကတော့ လက်ထောက်အဖြစ် ဆက်လက်ရှိနေရန် ဇွတ်အတင်းပြောဆိုနေခဲ့၍ လင်းရန်လည်း သူ့ကို ကူညီခွင့် ပေးလိုက်ရလေတော့၏။

သို့သော် ယခုအချိန်တွင်တော့ ရှောင်ချီက သူမကို မကူညီနိုင်သေးပေ။

ဆိုရလျှင် သူသည်က တခြားဝန်ထမ်းများနှင့်အတူ ပြပွဲနေရာရှိ သတ်မှတ်ထားသော နေရာများ၌ မုန့်များနှင့် လက်ဖက်ရည်များကို လိုက်လံချထားရသောကြောင့် ဖြစ်ပေသည်။

ဤသည်မှာ တက်ရောက်လာသူများကို ဧည့်ခံရန်အတွက် ဖြစ်ပေ၏။ မည်သို့ပင်ဖြစ်စေ ယနေ့ ရင်းနှီးမြှုပ်နှံမှုအစည်းအဝေးသို့ တက်ရောက်မည့်သူမှာ အမှန်တကယ်ပင် များပြားလှပေသည်။

လူတိုင်းကလမ်းလျှောက်ပြီး၊ စကားပြောနေခဲ့ရသောကြောင့် ပင်ပန်းလာခဲ့လျှင် ဗိုက်ဆာနိုင်သောကြောင့် ထိုမုန့်များနှင့် လက်ဖက်ရည်များကို သုံးဆောင်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ထိုမုန့်များကိုတော့ လင်းရန်နှင့် စားဖိုမှူးယွီတို့က ပြင်ဆင်ခြင်း မဟုတ်ပေ။ သူတို့၏ တာဝန်မှာ ယခုကဲ့သို့ သေးငယ်သော ကိစ္စရပ်များကို လုပ်ဆောင်ရန် မဟုတ်ပါချေ။

နောက်ဆုံးတွင် ရှောင်ချီနှင့် အခြားသူများ၏ ပြင်ဆင်မှုအားလုံး ပြီးဆုံးသွားသည့်အခိုက်တွင် အချိန်ကိုးနာရီသို့ ရောက်ရှိလာခဲ့ပြီး ပြပွဲခန်းမ၏ တံခါးကြီးများကိုလည်း ဝန်ထမ်းအားလုံး၏ မျှော်လင့်တကြီးနှင့် စိုးရိမ်ပူပန်နေသော အကြည့်များအောက်တွင် ဖြည်းညှင်းစွာ ဖွင့်လှစ်လိုက်လေတော့သည်။

တံခါးကြီးများကို ဖွင့်လှစ်လိုက်သည်နှင့် တစ်ပြိုင်နက် ပထမဆုံး တိုးဝှေ့ဝင်ရောက်လာသူများမှာ တခြားသူများမဟုတ်ဘဲ လုပ်ငန်းရှင်ကြီးများထံမှ ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ပံ့မှုများကို ရယူလိုကြသည့် ကုန်သည်ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များနှင့် စက်ရုံပိုင်ရှင်များပင် ဖြစ်လေသည်။

သူတို့သည်က ယခင်ကတည်းက သတ်မှတ်ပေးထားသော ပြခန်းနေရာများသို့ အသီးသီး သွားခဲ့ကြပြီးနောက် သူတို့၏ ထုတ်ကုန်ပစ္စည်းများကို ထုတ်ဖော်ခင်းကျင်းကြတော့၏။ ထို့နောက်တွင်တော့ သူဌေးကြီးများကို စောင့်ဆိုင်းရန်သာ ကျန်တော့ပေသည်။

ရှောင်ချီနှင့် သိကျွမ်းထားမှုကြောင့် လင်းရန်က အဖေလင်းအား မည်သည့်နေရာ၌ သတ်မှတ်ပေးထားသည်ကို ကြိုတင်သိရှိထားပြီး ဖြစ်၏။ ဤသည်မှာ အရေးပေါ် စီစဉ်ပေးလိုက်ရသည့် အခွင့်အရေးတစ်ခု ဖြစ်သည့်အတွက် လင်းကျန်းအန်း ရရှိသည့်နေရာက အလွန်ကောင်းမွန်လှသည်တော့ မဟုတ်ပေ။

ခန်းမကြီး၏ ထောင့်စွန်းလေးတစ်ခုတွင်ဖြစ်ပြီး နေရာမှာလည်း အလွန်ကျဉ်းမြောင်းလွန်းပေသည်။

သို့သော် ဤကဲ့သို့သော အခွင့်အရေးမျိုးရရှိသည်မှာပင် ကောင်းလှပေပြီဟု တွေးမိရလေ၏။ မည်သို့ပင်ဖြစ်စေ အဖေလင်း၏ ဆေးဖက်ဝင်အပင်များကို စုပြုံခင်းကျင်းလိုက်လျှင်ပင် အတော်လေး ပြည့်စုံလုံလောက်ပေသည်။

လင်းရန်က သူမ၏နေရာမှနေ၍ အဖေလင်းရှိရာဘက်သို့ လှမ်းကြည့်လိုက်လျှင် လင်းကျန်းအန်းသည်လည်း သတ်မှတ်ထားသောနေရာသို့ ရောက်ရှိနေပြီဖြစ်ကာ ဆေးဖက်ဝင်အပင်များကို အသေအချာ ထုတ်ယူ၍ စနစ်တကျ ခင်းကျင်းနေသည်ကို မြင်လိုက်ရလေ၏။

သူမရဲ့အဖေ ဒီနေ့မှာ ပူးပေါင်းဆောင်ရွက်သူတွေ အများကြီးတွေ့ပြီး အော်ဒါကြီးတွေ ရပါစေလို့ပဲ ဆုတောင်းရမှာပဲ။

အချိန်ကုန်လွန်လာသည်နှင့်အမျှ လူအမြောက်အမြား ခန်းမထဲသို့ တိုးဝှေ့ဝင်ရောက်လာကြပြီး သူဌေးကြီးအချို့လည်း ဖြည်းဖြည်းချင်း ဝင်လာကြသဖြင့် ခန်းမအတွင်းရှိ လေထုမှာ ရုတ်တရက် တက်ကြွမှုများပြည့်လာခဲ့လေသည်။

လျိုကျားယိုနှင့် စုန့်စစ်ယွီတို့သည်လည်း ဆယ်နာရီခန့်တွင် ရောက်ရှိလာကြ၏။

လျိုကျားယိုက ယခုတစ်ခေါက် ပြပွဲတွင် လူမည်မျှရှိမည်ကို မသိသော်လည်း သူ့ကိုယ်သူတော့ အလွန်ပင် ယုံကြည်မှုရှိနေခဲ့သည်။

ဟောင်ကောင်မှလာသော သူ့ကဲ့သို့ သူဌေးကြီးမျိုးမှာ များစွာရှိမည်မဟုတ်ပေ။ ထို့ကြောင့် သူ့ဘက်မှ အရင်ဆုံး အပြေးအလွှား ဝင်ရောက်ရန် မလိုအပ်ပေ။

မည်သို့ပင်ဖြစ်စေ သူ့ဘက်မှသာ ရွေးချယ်ပိုင်ခွင့်ရှိသည် မဟုတ်ပါလား။

သို့သော် ဟိုတယ်တွင်ရှိနေစဉ်က စုန့်စစ်ယွီသည် သူ့ကို အကြိမ်ကြိမ် တိုက်တွန်းခဲ့လေသည်။ ဤရင်းနှီးမြှုပ်နှံမှုပွဲတွင် ဖွံ့ဖြိုးတိုးတက်မှု အလားအလာ အလွန်ကောင်းသော ပူးပေါင်းဆောင်ရွက်သူနှင့် ဆုံတွေ့နိုင်သည်ဟု ဆိုကာ လက်လွတ်မခံရန် ပြောခဲ့ခြင်း ဖြစ်၏။

လျိုကျားယိုမှာ စုန့်စစ်ယွီထံမှ ထိုစကားမျိုးကို အကြိမ်ပေါင်း မနည်း ကြားဖူးပြီး ဖြစ်ပေသည်။ အစပိုင်းတွင် သူသ့ဘက်မှ စိုးရိမ်စိတ်လှုပ်ရှားစွာဖြင့် သူမ ပြောသောသူ သို့မဟုတ် နေရာသို့ မနားမနေ သွားရောက်ရှာဖွေခဲ့သော်လည်း ယခုအချိန်တွင်တော့ ကျောက်ဆောင်တစ်ခုကဲ့သို့ တည်ငြိမ်နေပြီဖြစ်ကာ အလျင်စလို မလုပ်တော့ပေ။

အဘယ်ကြောင့်ဆိုသော် သူသည်က အတွေ့အကြုံအချို့ ရရှိထားပြီးဖြစ်သောကြောင့်ပင်။

ဆိုရလျှင် စုန့်စစ်ယွီ ပြောဆိုသောသူများ၊ ဆိုင်များ သို့မဟုတ် ကုမ္ပဏီများကို တခြားမည်သူမျှ မသိရှိကြသေးသည့်အတွက် သူ့ဘက်မှ နောက်ကျ၍ သွားလျှင်တောင် တခြားသူများက ဦးသွားလိမ့်မည် မဟုတ်ပါချေ။

သူ့အတွက် စဉ်းစား၍မရနိုင်သော တစ်ခုတည်းသော မေးခွန်းမှာ: စုန့်စစ်ယွီက အဘယ်ကြောင့် ဤမျှ ထူးခြားသော အမြင်ရှိကာ တခြားသူများ လုံးဝ သတိထားမိသော အရာများကိုရွေးချယ်နိုင်ရသနည်း ဆိုသည့် အချက်ပင်။

အစပိုင်းတွင် လျိုကျားယိုအနေဖြင့် စုန့်စစ်ယွီတွင် ထူးခြားသော ခွဲခြားသိမြင်နိုင်စွမ်းရှိသည်ဟု ထင်ခဲ့ပြီး သူမက ကြိုတင်၍ သုတေသနနှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ထားခြင်း ဖြစ်နိုင်သည်ဟု တွေးခဲ့သည်။

သို့သော် နောက်ပိုင်းတွင်တော့ သူမသည် ကြိုတင်၍ မည်သည့် စုံစမ်းမှုမျှ လုပ်ဆောင်ထားခြင်း မရှိဘဲ သူမ၏ အလိုလိုသိစိတ်အပေါ်၌သာ လုံးလုံးလျားလျား အမှီပြုနေပုံရကြောင်း တွေ့ရှိခဲ့ရလေ၏။

တစ်ခါတရံတွင် စုန့်စစ်ယွီက မသိနားမလည်ဘဲ ရမ်းရော်ပြောဆိုနေသည်ဟုပင် သူ ခံစားရလေသည်။

အဘယ်ကြောင့်ဆိုသော် သူမသည်က သူမပြောသော အရာများအကြောင်းကို အမှန်တကယ် နားလည်ထားခြင်းမရှိဘဲ နောက်ပိုင်းတွင် တိုးတက်လာမည်ဟုသာ သိနေသောကြောင့် ဖြစ်၏။

အဘယ်ကြောင့် အားသာချက်ရှိသနည်းဟု ရှင်းပြခိုင်းလျှင်လည်း သူမ လုံးဝ ရှင်းမပြနိုင်ပေ။

ထို့ကြောင့် လျိုကျားယိုအနေဖြင့် စုန့်စစ်ယွီတွင် လျှို့ဝှက်ချက်တစ်ခုရှိနေသည်ဟူ၍ ယုံကြည်ထားခဲ့လေ၏။

ယခုအချိန်တွင် စုန့်စစ်ယွီက သူ့အတွက် အသုံးဝင်သော အချက်အလက်များနှင့် တန်ဖိုးများကို ပေးအပ်နိုင်ခြင်း မရှိသလောက် နည်းပါးသွားသော်လည်း သူမကို ဘေးနားတွင် ဆက်လက်ထားရှိနေခြင်းမှာ ထိုလျှို့ဝှက်ချက်ကို သူ မသိရှိရသေးသောကြောင့်သာ ဖြစ်ပေသည်။

ပြပွဲကွင်းအတွင်းသို့ ဝင်ရောက်ပြီးနောက် လျိုကျားယိုက ပတ်ဝန်းကျင်ရှိ စက်ရုံများကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် စိတ်ဝင်စားစရာ မတွေ့ရသည့်အတွက် တခြားနေရာသို့ သွားရန် ပြင်လိုက်လေ၏။

ထိုအချိန်မှာပင် နောက်ကွယ်မှ စုန့်စစ်ယွီ၏ အသံကို ကြားလိုက်ရလေ၏။

“မစ္စတာလျို့... ကျွန်မရဲ့ ဗိုက်က ရုတ်တရက် အဆင်မပြေဖြစ်လာလို့ အိမ်သာသွားရဦးမယ် ထင်တယ်၊ ရှင်တို့ အရင်ကြည့်နှင့်ကြဦးနော်၊ ကျွန်မ ပြီးရင် လိုက်လာခဲ့ပါ့မယ်”

သူမက လျိုကျားယိုဘက်မှ “စောင့်နေမယ်” ဟု ပြောမည်ကို စိုးရိမ်နေသကဲ့သို့ပင် အားနာသည့်အမူအရာဖြင့် အလျင်အမြန်ပင် ထပ်မံပြောဆိုလိုက်လေ၏။

“ကျွန်မ ဝမ်းလျှောနေတာ ဘယ်လောက်ကြာဦးမလဲမသိလို့ ကျွန်မကို စောင့်မနေပါနဲ့တော့၊ ကျွန်မ သက်သာမှ လာရှာပါ့မယ်”

လျို့ကျားယိုသည်လည်း စုန့်စစ်ယွီအား ကြည့်လိုက်ပြီးနောက် သူမ၏ တည်ငြိမ်သော အကြည့်များအောက်တွင် ခေါင်းညိတ်ပြလိုက်လေသည်။

“ကောင်းပြီလေ... သွားတော့၊ တကယ်လို့ အရမ်းနေလို့မကောင်းရင် ငါတို့ဆီကို ချက်ချင်း အကြောင်းကြားဦး၊ ဒါမှ ဆေးရုံလိုက်ပို့ပေးလို့ ရမှာ”

စုန့်စစ်ယွီက ချက်ချင်းပင် ပြုံး၍ ကျေးဇူးတင်စကား ဆိုလိုက်ကာ လူအုပ်ကြားထဲသို့ တိုးဝှေ့လျက် လျို့ကျားယိုတို့အနားမှ အလျင်အမြန် ထွက်ခွာသွားလေတော့၏။

ထိုကဲ့သို့ အလောတကြီး ဖြစ်နေပုံမှာ ဝမ်းလျှောနေသည်ဆိုသည့် စကားနှင့် အတော်လေး ကိုက်ညီလှပေသည်။

သို့သော်...

ဟားဟား...

သူမသည်က စောစောကလည်း ဝမ်းမလျှော၊ နောက်ကျမှလည်း ဝမ်းမလျှောဘဲ ယခုအချိန်ကျမှ ဝမ်းလျှောရသည်လား။

လျို့ကျားယို၏ မျက်ဝန်းများ မှေးစက်သွားပြီးနောက် ဘေးနားရှိ လူယုံဖြစ်သူအား တိုးတိုးလေး မှလိုက်လေ၏။

“သူ့နောက်ကို လိုက်သွား! ပြီးတော့ သူ ဘယ်သူ့ဆီကို သွားသလဲဆိုတာကို သေသေချာချာ စောင့်ကြည့်လိုက်”

“ဟုတ်ကဲ့ပါ!”

ထိုလူယုံလည်း စုန့်စစ်ယွီ၏ နောက်သို့ ချက်ချင်း လိုက်သွားလေတော့၏။ ခန်းမထဲတွင်ပြည့်နှက်နေသော လူအုပ်ကြီးကြောင့် သူ၏ ခြေရာကို ဖုံးကွယ်နိုင်ခဲ့သဖြင့် အလွန်သတိကြီးသော စုန့်စစ်ယွီပင်လျှင် နောက်သို့ အကြိမ်ကြိမ် လှည့်ကြည့်သော်လည်း နောက်ယောင်ခံလိုက်သူကို ရှာမတွေ့ခဲ့ပေ။

လျို့ကျားယိုတို့နှင့် ဝေးကွာသွားပြီဟု အတည်ပြုနိုင်ချိန်တွင်တော့ စုန့်စစ်ယွီက ဗိုက်ကို အုပ်ထားသော လက်ကို ဖယ်လိုက်ကာ ကိုယ်ကို မတ်မတ်ဆန့်၍ ဆံပင်များကို သပ်ရပ်အောင် ပြုပြင်လိုက်ပြီး ယခင်အတိုင်း တည်ငြိမ်သော ပုံစံသို့ ပြန်လည်ရောက်ရှိသွားလေသည်။

နောက်ယောင်ခံလိုက်သူမှာ ထိုသည်ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်မိ၏။

ဒီစုန့်စစ်ယွီကတော့ သူဌေးပြောသလို တစ်ခုခု လျှို့ဝှက်ထားတာ အမှန်ပဲ!

စုန့်စစ်ယွီမှာတော့ သူမ၏ အစီအစဉ် ပေါက်ကြားသွားသည်ကို လုံးဝ မသိရှိဘဲ သူမ၏ မှတ်ဉာဏ်ထဲရှိ လုပ်ငန်းရှင်ငယ်လေးများနှင့် စက်ရုံများကိုသာ အားတက်သရော ရှာဖွေနေခဲ့လေသည်။

သူမသည်က ယခင်ဘဝက ကိုယ်တိုင် စီးပွားရေး မလုပ်ခဲ့သော်လည်း ကုမ္ပဏီများစွာနှင့် ထိတွေ့ဖူးခဲ့ပြီး ဝန်ထမ်း တစ်ဦး၊ နှစ်ဦးသာရှိသော အလုပ်ရုံငယ်လေးများမှသည် တစ်နိုင်ငံလုံး သိရှိကျော်ကြားသော ကုမ္ပဏီကြီးများအဖြစ် မည်သို့ ပြောင်းလဲသွားကြသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသူ ဖြစ်ပေသည်။

ယခုအချိန်တွင် သူမ၏ အစိုးရဝန်ထမ်းလမ်းကြောင်းမှာ လုံးဝ ပျက်စီးသွားပြီဖြစ်၍ နောက်ပိုင်းတွင် အောင်မြင်မည့် သူဌေးကြီးများကို ရှာဖွေဖို့တွေးထားသည်။

သူတို့ကို ကြိုတင်၍ကူညီခြင်းဖြင့် ကျေးဇူးကြွေးအတင်ခံကာ တခြားသော လမ်းကြောင်းတစ်ခုကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဤအချိန်တွင် သူမက သိပ်ပြီး လှုပ်ရှားရန်ပင် မလိုအပ်ပေ။ ယုံကြည်မှုနှင့် အကောင်းမြင်စိတ်တို့ဖြင့် သူတို့အား ငွေကြေးအနည်းငယ် ကူညီပေးရုံသာ ဖြစ်၏။

ထို့ကြောင့်ပင် သူမက လွန်ခဲ့သော နှစ်နှစ်အတွင်း ဟောင်ကောင်သို့သွားကာ ငွေများ စုဆောင်းခဲ့ခြင်း ဖြစ်ပေသည်။ ထိုငွေများကို ယခုကဲ့သို့ အချိန်တွင်သုံးပြီး အကျိုးသက်ရောက်မှုများရရှိစေရန် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။

*

အခန်း(458)

စုန့်စစ်ယွီ၏အတွေးအရ ယခုအချိန်တွင် ထိုအနာဂတ် သူဌေးကြီးများမှာ ဖျောင်းဖျရလွယ်ကူဆဲဖြစ်ကာ ကျေးဇူးတရားကိုလည်း သိတတ်ကြသူများ ဖြစ်ပေသည်။

ထို့ကြောင့် သူမ၏ ငွေကြေးအနည်းငယ်မှာ နောက်ပိုင်းတွင် အဆပေါင်း သောင်းချီ၊ သိန်းချီသော အကျိုးအမြတ်များကို ပြန်လည် ယူဆောင်လာပေးလိမ့်မည်ဟု သူမ ယုံကြည်ထားလေသည်။

ယနေ့ သူမ လုပ်ဆောင်ရမည့်အရာမှာ ရင်းနှီးနေသော စက်ရုံအမည် သို့မဟုတ် ကုမ္ပဏီအမည် တစ်ခု၊ နှစ်ခုကို ရှာဖွေရန်သာ ဖြစ်ပေ၏။

သို့သော် သူမ သိထားသော သူဌေးကြီးများမှာ ယနေ့ မလာကြ၍လား သို့မဟုတ် တစ်စုံတစ်ခုကြောင့်လား မသိပါချေ။ စုန့်စစ်ယွီတစ်ယောက် အချိန်အတော်ကြာအောင် လမ်းလျှောက်ရှာဖွေခဲ့သော်လည်း ရင်းနှီးသော အမည်တစ်ခုမျှ မတွေ့ရဘဲ ရှိနေသည်။

ထို့အစား သူမ လမ်းလျှောက်နေချိန်အတွင်း လင်းကျန်းအန်းကိုသာ တွေ့လိုက်ရလေ၏။ လင်းကျန်းအန်းမှာ ထောင့်စွန်းလေးတစ်ခုတွင် ရပ်နေခဲ့သည်။

သူ၏ရှေ့တွင်တော့ အခြားသော ထုတ်ကုန်များနှင့် နှိုင်းယှဉ်လျှင် သိပ်ပြီး ထင်ထင်ရှားရှား မရှိလှသော၊ ဆေးဖက်ဝင်အပင် အစုအပုံကြီး ရှိနေသည်ကို သူမ မြင်လိုက်ရလေသည်။

အဆိုပါ ဆေးဖက်ဝင်အပင်များမှာ

မြေကြီးများပင် ပေကျံနေဆဲ ဖြစ်လေ၏။

စုန့်စစ်ယွီသည် သူ့ထံမှ အကြည့်ကို အလျင်အမြန်ပင် လွှဲဖယ်လိုက်ပြီးနောက် အေးစက်စွာဖြင့် လှည့်ထွက်ခဲ့လေသည်။ လင်းကျန်းအန်း၏ စက်ရုံမှာ အလားအလာကောင်းပုံရသော်လည်း သူသည်က လင်းရန်၏ ဖခင်ဖြစ်ပြီး သူမ၏ ရန်သူလည်း ဖြစ်လေ၏။ သူမက အဘယ်ကြောင့် ရန်ပုံငွေနှင့် အကူအညီများ ပေးအပ်ပါမည်နည်း။

ဒုတိယအချက်မှာတော့ လင်းကျန်းအန်း၏ ဆေးဝါးကုမ္ပဏီနာမည်ပင် ဖြစ်၏။ သူမအနေဖြင့် ယခင်ဘဝကို သေသေချာချာ ပြန်လည် စဉ်းစားကြည့်လျှင် ထိုအမည်ဖြင့် ကျော်ကြားသော ဆေးဝါးကုမ္ပဏီကြီးမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ပေ။

သူမ မှတ်မိသမျှ တစ်ခုတည်းသောကုမ္ပဏီတစ်မှာ “အိုက်လုရန်ရန်” ဟု အမည်ရသော သူဌေးကြီး တစ်ဦး၏ ဆေးဖက်ဝင်အပင်ကုမ္ပဏီသာဖြစ်ပြီး လင်းကျန်းအန်း၏ “ချွန်ဖန်းတပ်မဟာ ဆေးဖက်ဝင်အပင်များ စက်ရုံ” နှင့် လုံးဝ ကွဲပြားခြားနားသည်။

ထို့ကြောင့် စုန့်စစ်ယွီသည်က လင်းကျန်းအန်းနှင့် သူ၏ ဆေးဝါးကုမ္ပဏီမှာ နောက်ပိုင်းတွင် ပေါ်ပေါက်လာမည့် တခြားသော ကုမ္ပဏီများ၏ အနိုင်ယူခြင်းကို ခံရကာ သမိုင်းလှိုင်းတံပိုးကြားတွင် ပျောက်ကွယ်သွားခဲ့သူများ ဖြစ်ရမည်ဟု ယုံကြည်လိုက်လေတော့၏။

သို့သော် သူ ဤနေရာသို့ မည်သို့ ရောက်ရှိလာပါသနည်း။ ယနေ့ ရင်းနှီးမြှုပ်နှံမှုပြပွဲမှာ အစိုးရက မျက်နှာသာပေးထားသော ကုမ္ပဏီ သို့မဟုတ် စက်ရုံများသာ တက်ရောက်ခွင့် ရသည် မဟုတ်ပါလား။

မဟုတ်လျှင်တောင် အသိအကျွမ်းရှိသူများသာ ဝင်ခွင့်ရသည် မဟုတ်ပါလား။ လင်းကျန်းအန်းတွင် ဝင်ခွင့်လက်မှတ်ရရှိရန် မည်သည့် ဆက်သွယ်မှုမျိုး ရှိနေသည်လဲ။

လင်းကျန်းအန်းသည်က ဤကဲ့သို့သော အခွင့်အလမ်းများကို အသုံးချတတ်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ ဤသည်ကို တွေးမိရင်း စုန့်စစ်ယွီမှာ နှာခေါင်းရှုံ့လိုက်မိပြီး သူနှင့် သူ၏ စက်ရုံမှာ နောက်ပုင်းတွင် လူမသိသူမသိ ပျောက်ကွယ်သွားရမည့်သူများသာ ဖြစ်သည့်အတွက် ယခုကဲ့သို့ အားထုတ်နေခြင်းမှာ အချိန်ဖြုန်းခြင်းသာ ဖြစ်သည်ဟု တွေးတောလိုက်လေ၏။

နောက်ဆုံးတွင် စုန့်စစ်ယွီမှာ လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြီးနောက် သူမ သိရှိထားသော အနာဂတ် သူဌေးကြီးများကိုသာ ဆက်လက် ရှာဖွေနေခဲ့လေသည်။

ခေတ္တမျှ လှည့်လည်ကြည့်ရှုပြီးနောက် သူမ မျှော်လင့်နေသောသူကို တွေ့လိုက်ရလေပြီ။

စုန့်စစ်ယွီ တွေ့ရှိလိုက်သူမှာ အထည်အလိပ် လုပ်ငန်းတွင် အလွန်ကြီးကျယ်လာမည့် သူဌေးကြီးတစ်ဦး ဖြစ်ပေသည်။ ယခုအချိန်တွင် ထိုသူဌေးမှာ စက်ရုံလေးကို စတင်ဖွင့်လှစ်ကာစသာ ရှိသေးပြီး သူနှင့် သူ၏ ဆွေမျိုးအနည်းငယ်သာ ရှိကြေသးသည်။

သို့သော် သူတို့၏ ဒီဇိုင်းများမှာ လှပဆန်းသစ်လွန်းသောကြောင့် အော်ဒါများစွာ ရရှိနေခဲ့ခြင်း ဖြစ်၏။

သို့သော် ငွေကြေးအကန့်အသတ် ရှိနေသဖြင့် သူတို့မှာ စက်ပစ္စည်းများကို မဝယ်နိုင်ကြဘဲ အပ်ချုပ်စက် တစ်လုံးနှင့် လက်ဖြင့်သာ ချုပ်လုပ်နေကြရသည့်အတွက် ပစ္စည်းပေးပို့မှုနှုန်းမှာ အလွန်နှေးကွေးနေခဲ့ရသည်။

ထို့ကြောင့် ဖောက်သည်များစွာက မစောင့်နိုင်ကြတော့ဘဲ အော်ဒါများကို ပြန်လည် ပယ်ဖျက်နေကြခြင်း ဖြစ်ပေသည်။

ဤအချက်ကို သိရှိသွားချိန်တွင် ထိုသူဌေးက ရင်းနှီးမြှုပ်နှံမှု ညီလာခံသို့ လာရောက်ကာ သူတို့အပေါ် ယုံကြည်ပြီး ထောက်ပံ့ပေးမည့်သူ၊ စက်ပစ္စည်းကြီးများ ဝယ်ယူရန် ငွေကြေး ကူညီပေးမည့်သူကို ရှာဖွေရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

ထိုသို့ဆိုလျှင် ပစ္စည်းများကို ပိုမိုမြန်ဆန်စွာ ပေးပို့နိုင်မည်ဖြစ်ကာ အော်ဒါပမာဏမှာလည်း တိုးတက်လာပေလိမ့်မည်။

စုန့်စစ်ယွီက သူတို့သို့ လျှောက်သွားကာ တစ်ဖက်လူ၏ စကားအနည်းငယ်ကိုသာ နားထောင်လိုက်လေသည်။ ထို့နောက် သူမအား ပြသရန် ပြင်ဆင်ထားသော အဝတ်အထည်များကိုပင် မကြည့်တော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။

“ရှင်တို့ရဲ့ အခြေအနေကို ကျွန်မ သိပါတယ်၊ ကျွန်မကတော့ ရှင်တို့ကို အတော်လေး အကောင်းမြင်မိပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ရှင်တို့ထက် ပိုပြီး ကျွမ်းကျင်ပြီး နာမည်ကြီးတဲ့ နိုင်ငံပိုင် အထည်စက်ရုံတွေ အများကြီး ရှိနေပြီ၊

တကယ်တော့ ရှင်တို့မှာ စျေးကွက်တစ်ခုလုံးနဲ့ ယှဉ်ရင် ဘယ်လိုယှဉ်ပြိုင်နိုင်စွမ်းမှ မရှိပါဘူး”

တစ်ဖက်လူမှာ စုန့်စစ်ယွီင သူတို့ကို ကူညီရန် လာသည်ဟု ထင်မှတ်ကာ ဝမ်းသာအားရ ဖြစ်နေခဲ့သော်လည်း စုန့်စစ်ယွီ၏ စကားများကို ကြားရချိန်တွင်တော့ စိတ်ဓာတ်များ ရုတ်တရက် ကျဆင်းသွားရလေတော့၏။

ဆိုရလျှင် စုန့်စစ်ယွီ မလာခင်ကတည်းက သူတို့အား လူပေါင်းများစွာက ငြင်းပယ်ခဲ့ကြပြီး ဖြစ်ပေ၏။

တစ်ဖက်လူများက သူတို့၏ အဝတ်အစားများမှာ သာမန်သာ ဖြစ်သည်ဟု ပြောကြကာ သူတို့၏ စွမ်းဆောင်ရည်ကိုလည်း မယုံကြည်ကြပေ။

ယခု စုန့်စစ်ယွီကလည်း ထိုအတိုင်း ထပ်မံပြောဆိုလာပြန်သည့်အတွက် သူတို့ ဆက်လက် ကြိုးစားသင့်သေးသည်လားဟုပင် တွေးတောမိသွားကြသည်။

စုန့်စစ်ယွီသည် ထိုစကားများကို ပြောပြီးနောက် တစ်ဖက်လူ၏ မျက်နှာကို အကဲခတ်လိုက်လေ၏။ သူမ၏ စကားများကြောင့် တစ်ဖက်လူ၏ မျက်ဝန်းများတွင် မျှော်လင့်ချက် ကင်းမဲ့သွားကာ စီးပွားရေးအပေါ် ယုံကြည်မှု ပျောက်ဆုံးသွားသည်ကို မြင်ရချိန်တွင်တော့ စိတ်သက်သာရာသွားရလေတော့သည်။

တစ်ဖက်လူကို တမင်နှိမ့်ချပြောဆိုပြီး စိတ်ဓာတ်ကို ထိန်းချုပ်လိုက်သည့် သူမ၏လုပ်ရပ်မှာ မကောင်းလှကြောင်းကို သူမ သိသော်လည်း သူမ၏ လက်ထဲတွင် ရှိနေသော ရန်ပုံငွေ အကန့်အသတ်သာ ရှိပေသည်။

ထိုငွေအားလုံးကို တစ်ဦးတည်းအပေါ်တွင် ပုံအောမမြှုပ်နှံလိုသည့်အတွက် တစ်ဖက်လူက သူမကို လုံးဝယုံကြည်အားကိုးလာစေရန်နှင့် ကျေးဇူးတင်ရှိလာစေရန်အတွက် ‘စိတ်ခံစားမှု’ကတ်ကိုသာ အသုံးချခဲ့ခြင်း ဖြစ်သည်။

တစ်ဖက်လူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လုံးဝပျောက်ဆုံးသွားသည့်အချိန်၌ စုန့်စစ်ယွီက သက်ပြင်းတစ်ချက်ကို တမင်တကာ ချလိုက်ပြန်ပြီး စကားလမ်းကြောင်းကို ပြောင်းလိုက်လေ၏။

“ရှင်တို့မှာ အားနည်းချက်တွေ အများကြီးရှိနေတာ မှန်ပေမဲ့ ကျွန်မက စိတ်နှလုံးပျော့ညံ့တတ်တဲ့သူ ဖြစ်နေပြီး၊ ရှင်တို့နဲ့ စကားပြောရတာကလည်း အဆင်ပြေတဲ့အတွက်ကြောင့် ရှင်တို့ ဒီလိုကြီး ကျရှုံးသွားမှာကိုတော့ မကြည့်ရက်နိုင်ဘူး

ဘာပဲဖြစ်ဖြစ် ကျွန်မလည်း ဟောင်ကောင်မှာ စီးပွားရေးစလုပ်တုန်းက ဘယ်လောက်ခက်ခဲတယ်ဆိုတာကို ပြန်တွေးမိတယ်၊ အခု ကျွန်မမှာ တတ်နိုင်တဲ့ အစွမ်းအစရှိလာပြီဆိုတော့ အကူအညီလိုနေတဲ့သူတွေကို တတ်နိုင်သလောက် ကူညီပေးချင်မိတယ်”

“ကောင်းပြီ... ဒီတော့ စက်တစ်လုံးဝယ်ဖို့အတွက်လိုအပ်တဲ့ ရန်ပုံငွေကို ကျွန်မ ထောက်ပံ့ပေးပါ့မယ်၊ ကျွန်မရဲ့ မျှော်လင့်ချက်တွေကို အလကားသက်သက်မဖြစ်စေဘဲ ရှင့်တို့ရဲ့ လုပ်ငန်းကို ကောင်းကောင်း ဆက်လုပ်သွားကြဖို့ မျှော်လင့်ပါတယ်”

ထိုစကားကို ကြားလိုက်ရချိန်တွင် တစ်ဖက်လူက မှင်သက်သွားရလေသည်။ အဘယ်ကြောင့်ဆိုသော် စက္ကန့်ပိုင်းအလိုက စုန့်စစ်ယွီဘက်မှ သူတို့ကို အပြတ်အသတ် ငြင်းပယ်နေခဲ့သော်လည်း ယခုတွင် စက်ပစ္စည်းဝယ်ရန် ငွေထုတ်ပေးမည်ဟု ဆိုလာခဲ့ပြန်သည်မဟုတ်ပါလား။

မည်သည့်အရာများဖြစ်လာသည်ကို မသိသော်လည်း ဝမ်းနည်းဝမ်းသာဖြင့် ငိုချင်စိတ်များပင် ဖြစ်လာရလေသည်။

သူတို့တွင် မည်သည့်မျှော်လင့်ချက်နှင့် အားသာချက်မျှ မရှိကြောင်း သိနေလျက်နှင့်ပင် စုန့်စစ်ယွီက သူတို့ကို ယုံကြည်ပေးနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ ဤယုံကြည်မှုနှင့် ထောက်ပံ့မှုအတွက် သူမကို မည်သို့ကျေးဇူးပြန်ဆပ်ရမည်ကိုပင် သူတို့မသိတော့ပေ။

“ကောင်းပါပြီ ရဲဘော်... စိတ်မပူပါနဲ့၊ ကျွန်တော်တို့ ရဲဘော်ရဲ့ မျှော်လင့်ချက်တွေကို ဘယ်တော့မှ အပျက်မခံပါဘူး၊ သေချာပေါက် ကြိုးစားပါ့မယ်!”

သူတို့ မည်မျှပင် ပင်ပန်းပါစေ စုန့်စစ်ယွီ၏ ယုံကြည်မှုကိုတော့ အချည်းနှီး မဖြစ်စေရဟု ဆုံးဖြတ်လိုက်ကြသည်။

ထိုအချိန်တွင် သူတို့နှစ်ဦးမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် သူတို့၏ မူလပန်းတိုင်ကိုပင် မေ့လျော့နေခဲ့ကြသည်။

တကယ်တမ်းတွင် သူတို့သည်က အနည်းဆုံး စက်သုံးလုံးဝယ်ယူနိုင်ရန် ရင်းနှီးမြှုပ်နှံသူ ရှာဖွေခဲ့ခြင်း ဖြစ်သည်။ စက်သုံးလုံးရှိမှသာ အော်ဒါတက်သည့်နှုန်းကို မှီနိုင်မည်ဖြစ်ကာ လုပ်ငန်းတိုးတက်မှုလည်း မြန်ဆန်မည်ဟု တွက်ချက်ထားခဲ့ခြင်း ဖြစ်လေ၏။

သို့သော် သူတို့အနေဖြင့် အကြိမ်ကြိမ် ငြင်းပယ်ခံခဲ့ရပြီးနောက်တွင်စုန့်စစ်ယွီက စက်တစ်လုံးအတွက် ကူညီမည်ဆိုသည်မှာပင် သူတို့အတွက် လုံလောက်လွန်းလွန်းနေပြီဟု ထင်မြင်နေကြလေသည်။

စုန့်စစ်ယွီသည်လည်း ထိုသူနှစ်ဦးမှာ မျက်ရည်ဝဲသည်အထိ စိတ်လှုပ်ရှားနေသည်ကို မြင်လျှင် သူမ၏မျက်နှာတွင် ရင်းနှီးဖော်ရွေသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်ပြီး တည်ငြိမ်စွာပြောဆိုလိုက်၏။

“အဆင်ပြေပါတယ်... ကျွန်မမှာ အစွမ်းအစရှိရင် ရှင်တို့ကို ပိုပြီး ကူညီပေးချင်တာ၊ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ ငွေအများကြီး မတတ်နိုင်သေးဘူးလေ

စိတ်မပူပါနဲ့... ရှင်တို့သာ ကောင်းကောင်း တိုးတက်အောင် လုပ်ပါ၊ နောက်ပိုင်းကျရင် ကျွန်မဘက်က အမြဲတမ်း ကူညီပေးသွားမှာပါ”

ထိုစကားကို ကြားရလျှင် တစ်ဖက်လူမှာ ပို၍ပင် စိတ်လှုပ်ရှားသွားရလေသည်။

“ကောင်းပြီ... စီစဉ်သူတွေဆီမှာ စာချုပ်သွားယူလိုက်လေ၊ အခုပဲ လက်မှတ်ထိုးကြတာပေါ့၊ ပြီးရင် ရှင်တို့ ငွေယူပြီး စက်သွားဝယ်လို့ ရပြီ

ရှင်တို့ရဲ့ လေယူလေသိမ်းအရဆိုရင် ဒီဒေသက လူတွေမဟုတ်ဘူး ထင်တယ်၊ ပြန်ဖို့လည်း အချိန်အတော်ကြာဦးမှာဆိုတော့ စီးပွားရေးစလုပ်တာကို အချိန်ဆွဲမနေတာ အကောင်းဆုံးပဲ

မဟုတ်ရင် အားတက်နေတဲ့ စိတ်ဓာတ်တွေ ပျောက်ပျက်သွားတတ်တယ်”

“ဟုတ်ကဲ့ပါ ရဲဘော်၊ ခဏလောက် စောင့်ပေးပါဦး၊ ကျွန်တော်တို့ စာချုပ်သွားယူပြီး လက်မှတ်ထိုးလိုက်ပါ့မယ်၊ ပြီးရင် ချက်ချင်းပြန်ပြီး အလုပ်တွေ ဆက်လုပ်ပါ့မယ်၊ ရဲဘော်ကို စိတ်မပျက်စေရပါဘူး!”

ထိုသို့ပြောပြီးနောက် တစ်ဦးမှာ ဝန်ထမ်းများထံသို့ စာချုပ်ယူရန် အပြေးအလွှား သွားလေတော့သည်။

တကယ်တမ်းတွင် သူတို့က ဤမျှအထိ အလျင်စလိုဖြစ်မနေသော်လည်း စုန့်စစ်ယွီက ထိုသို့ပြောဆိုလာသောကြောင့် စောစောပြန်ကာ အလုပ်လုပ်ခြင်းက ပိုကောင်းမည်ဟု တွေးတောမိသွားရလေသည်။

မည်သို့ပင်ဖြစ်စေ သူတို့အခြေအနေနှင့်ဆိုလျှင် စုန့်စစ်ယွီတစ်ယောက်သာ သူတို့ကို ကူညီချင်စိတ်ရှိလိမ့်မည်ဖြစ်ကာ တခြားသူများဘက်မှ ထပ်မံကူညီလိမ့်မည်မဟုတ်ဟု ယူဆထားကြသည်။

ထိုသို့တွေးမိပြီးနောက် စုန့်စစ်ယွီ၏ ပုံရိပ်မှာ သူတို့၏ စိတ်ထဲ၌ ပိုမိုကြီးကျယ် မြင့်မြတ်လာရလေတော့၏။

စုန့်စစ်ယွီမှာတော့ အရာအားလုံးက ဤမျှအထိ ချောမွေ့နေလိမ့်မည်ဟု မထင်မှတ်ထားပေ။ သူမက စာချုပ်ပင် လက်မှတ်မထိုးရသေးသော်လည်း နောက်ပိုင်းတွင် ငွေကြေးများ အဆက်မပြတ် ဝင်ရောက်လာတော့မည်ကို သူမ မြင်ယောင်နေမိခဲ့သည်။

သူမ ချမ်းသာလာခဲ့ပြီ။

*

All Chapters