← Chapters

အိမ်ဆိုတာလား ( ၂ )

Vol. 3 Ch. 39

အိမ်ဆိုတာလား ( ၂ )

Vol. 3 Ch. 39

အချိန်များ တရွေ့ရွေ့ ကုန်လွန်လာခဲ့ပြီး သုံးရက်ဆိုသောအချိန်က မျက်တောင်တစ်ချက်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ထိုသုံးရက်တာအတောအတွင်း နှင်းမုန်တိုင်းက လက်ကျန်အားအင်များကို အရှိန်အဟုန်မြှင့်တင်ကာ အအေးဓာတ်များကို ထုတ်လွှတ်နေပြီး နှင်းပွင့်များ အဆက်မပြတ် ကျဆင်းနေပေသည်။ မြေပြင်ပေါ်ရှိ နှင်းပွင့်ကလေးများသည် အရည်ပျော်ကျမသွားဘဲ နှင်းထုကြီးအဖြစ် စုစည်းသွားလေသည်။

ဆိုးဝါးသော ရာသီဥတုဖြစ်ပါသော်လည်း ရတနာမုဆိုးများအတွက် အသက်ရှင်ရပ်တည်ရေးသည် အအေးဓာတ်ထက် ပို၍အရေးကြီးနေပေသည်။

သို့ဖြစ်ပေရာ စခန်း၌ တားမြစ်နယ်မြေထဲ ဝင်ရောက်သွားကြသည့် ရတနာမုဆိုးများနှင့် ရောဂါကုသရန် ဆေးမြီးတိုများကို ရှာဖွေနေကြသည့်လူများ တဖြည်းဖြည်း များပြားလာပေသည်။

တချိန်တည်းမှာပင် သွေးအရိပ်အဖွဲ့ ခေါင်းဆောင်ပြန်မရောက်လာသည်မှာ ကြာနေပြီဖြစ်၍ ရတနာမုဆိုးများအကြား ပြောစရာသတင်းတစ်ပုဒ်ဖြစ်နေတော့သည်။ မည်သည့်နေရာမှ ကောလာဟလထွက်ပေါ်လာသည် မသိရပါသော်လည်း တားမြစ်နယ်မြေထဲ၌ သွေးအရိပ်အဖွဲ့ လုံးဝချေမှုန်းဖျက်ဆီးခံလိုက်ရသည်ဆိုသော သတင်းစကား ပြန့်နှံ့နေပေသည်။

အစပိုင်း၌ ထိုသတင်းကို ယုံသူများများစားစား မရှိပေ။ ထို့ပြင် သွေးအရိပ်အဖွဲ့ကို လျော့တွက်၍ မရသည် မဟုတ်ပါလား။

အထူးသဖြင့် သွေးအရိပ်အဖွဲ့ခေါင်းဆောင်သည် စခန်း၌ အစွမ်းထက်ဆုံး ရတနာမုဆိုးများအနက် တစ်ယောက်အပါအဝင် ဖြစ်သည်။ ထိုကဲ့သို့လူစားမျိုးက တားမြစ်နယ်မြေထဲသို့ ကြိမ်ဖန်များစွာ သွားလာဖူးသည်ဖြစ်၍ တစ်ဖွဲ့လုံးအမြစ်ဖြုတ်သုတ်သင်ခံလိုက်ရသည်ဆိုသော သတင်းမှာ ဖြစ်နိုင်ချေ နည်းပါးလှပေသည်။

သို့သော်လည်း နှစ်ရက်ကျော်လွန်သွားသည့်တိုင်အောင် သွေးအရိပ်အဖွဲ့ဝင်တစ်ယောက်ယောက်၏ အရိပ်အခြေကိုမှ မမြင်ရသေးချေ။ ယင်းအခြေအနေကြောင့် စခန်းရှိ ရတနာမုဆိုး တစ်ယောက်ပြီးတစ်ယောက် ကောလာဟလများကို ယုံကြည်လာတော့သည်။

ထို့ပြင် ခေါင်းဆောင်လဲ့တစ်ယောက် သတိမေ့မျောကာ ပြန်လာသည့်နေ့ရက်ကို သူတို့ ပြန်မှတ်မိလိုက်ကြသည်။

ထို့ပြင် တစ္ဆေရိုင်းကြီး ပျောက်နေသည့်အချက်နှင့် ဆက်စပ်ကြည့်မိသောအခါ အရာအားလုံးအတွက် အဖြေရှိလာတော့သည်။

ထိုကောလာဟလက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သွေးအရိပ်အဖွဲ့မရှိတော့သည့်နောက် ယခုအခါ မိုးကြိုးအဖွဲ့သည် စခန်း၌ အစွမ်းထက်ဆုံးအဖွဲ့ ဖြစ်လာသည်။

သို့ဖြစ်၍ ဤရက်များအတွင်း ရွှီချင်း အပြင်ထွက်သည့်အခါ နေရာတိုင်းရှိ ရတနာမုဆိုးများထံမှ လေးစားသည့်အကြည့်များကို သူ မြင်နေရပေသည်။

ထိုလူများက မိုးကြိုးအဖွဲ့ကိုသာ လေးစားခြင်းဖြစ်ကြောင်း သူ သိသည်။ သို့သော် ထိုသည်ကို သူ စိတ်ထဲမထားပေ။ ယခုရက်ပိုင်းအတွင်း မနက်ခင်းစောစော၌ အမြဲ ထွက်သွားတတ်ပြီး ညအခါမှ ပြန်ရောက်လာတတ်သော ခေါင်းဆောင်လဲ့ကြောင့် သူ စဉ်းစားရခက်နေ၏။ မည်သည့်ကိစ္စကြောင့် ခေါင်းဆောင်လဲ့ အလုပ်ရှုပ်နေရသည်ကို သူ မတွေးတတ်အောင် ဖြစ်နေသည်။

သို့သော်လည်း လူတိုင်း လွတ်လွတ်လပ်လပ်နေထိုင်ကြသည်ကို ရွှီချင်း ကောင်းစွာ နားလည်ထားသည်ဖြစ်၍ သူ့ကို နှောင့်ယှက်မနေတော့ပေ။ ထို့ပြင် သူ့မှာလည်း လုပ်စရာကိစ္စများစွာ ရှိနေသေးသည်။ အချိန်အများစု၌ ရွှီချင်းက အခန်းထဲ တစ်ယောက်ထဲ အောင်းနေကာ တိတ်ဆိတ်စွာ ကျင့်ကြံနေသည်။

သူ၏ ဇွဲလုံ့လကြောင့် သူ၏ကျင့်ကြံခြင်းအခြေခံသည် တဖြည်းဖြည်းတိုးတက်လာပြီး သူ၏ခွန်အားနှင့် အမြန်နှုန်းသည်လည်း ပုံမှန်တိုးတက်လာခဲ့သည်။

သူသည် သူ၏အရိပ်ကိုလည်း ကြိမ်ဖန်များစွာ ကြည့်ရှုလေ့လာခဲ့သည်။

သို့သော်လည်း အရိပ်က ဓာတ်နှောများကို စုပ်ယူခြင်းအပြင် ပြောင်းလဲမှုတစ်စုံတရာ မရှိသေးဟန်တူသည်။ အရာအားလုံးက ယခင်အတိုင်း ဖြစ်နေပြီး ရွှီချင်း၏လက်မောင်းပေါ်ရှိ သန္ဓေပြောင်းအမှတ်မှာမူ အစအနရှာမရအောင် ပျောက်ကွယ်သွားပြီဖြစ်သည်။

သူ့ခန္ဓာကိုယ် သန့်စင်နေခြင်းကြောင့် သူ၏ကျင့်ကြံခြင်းက ယခင်ကထက် အဆပေါင်းစွာ မြန်ဆန်နေသည်ဟု သူ ခံစားနေရသည်။

နှစ်ရက်နေ့မွန်းလွဲပိုင်း၌ ရွှီချင်းသည် တင်ပျဉ်ခွေထိုင်လျက် ကျင့်ကြံနေသည်။ သူက ယမန်နေ့ရက်များက သူ၏ကျင့်ကြံခြင်းကို တည်ငြိမ်စေရန် ပြင်ဆင်နေပြီးနောက် တောင်တန်းပင်လယ်ပညာရပ်၏ အဆင့်လေးကို တက်ရန် ကြိုးပမ်းနေသည်။ ထိုစဉ် သူ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး မျက်လုံးများ ပွင့်လာသည်။

အပြင်ဘက်၌ ခွေးရိုင်းများ ဟောင်နေကြပြီး ဝါးတံခါးကို လူတစ်ယောက်က တဒေါက်ဒေါက် ခေါက်နေ၏။

ရွှီချင်းက အိမ်အပြင်ဘက်သို့ လျှောက်လာပြီး ခေါင်းဆောင်လဲ့ ပြန်မရောက်နိုင်သေးသည်ကို တွေးမိလိုက်သည်။ ထို့နောက် ဝါးတံခါးလေးအပြင်ဘက်ကို လှမ်းကြည့်လိုက်ရာ ချီတုံချတုံဖြင့် ရပ်နေသော ရတနာမုဆိုးတစ်ယောက်ကို သူ မြင်လိုက်ရသည်။

ထိုလူကို ယခင်က ရွှီချင်း မြင်ခဲ့ဖူးသည်။ ထိုလူသည် တားမြစ်နယ်မြေထဲမှ သူ ကယ်ခဲ့သော ရတနာမုဆိုး ခုနစ်ယောက်၊ ရှစ်ယောက်အနက် တစ်ယောက်ဖြစ်ပေသည်။

ထိုရတနာမုဆိုးသည် ရွှီချင်းကို သတိထားမိလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်၍ ပြောလိုက်သည်။

“ညီလေးကလေး … အစ်ကိုပါ။ အစ်ကို အရိုးဓားလေ ”

“ဘာကိစ္စတုံး ”

ရွှီချင်းက မှင်သေသေဖြင့် ခပ်ပြတ်ပြတ် မေးလိုက်သည်။

“အဲဒါက … ”

အရိုးဓားသည် တုံ့ဆိုင်းသွားပြီးနောက် ခဏအကြာ တွေးတောကာ အံတင်းတင်းကြိတ်၍ ဆက်ပြောလိုက်သည်။

“ညီလေးကလေး၊ အစ်ကို အဖြူရောင်ဆေးလုံးငါးလုံးနဲ့ မင်းရဲ့အာမခံကို ယူချင်လို့ ”

ထို့နောက် သူက သားရေအိတ်ကို ရွှီချင်းထံ ပစ်ပေးလိုက်သည်။

ရွှီချင်းက သားရေအိတ်ကို မဖမ်းဘဲနေလိုက်ပြီး အရိုးဓားကို သံသယမျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။ သို့ဖြစ်၍ အရိုးဓားပစ်ပေးလိုက်သော သားရေအိတ်ကလေးက မြေကြီးပေါ် ကျသွားသည်။ ဘေးရှိ ခွေးရိုင်းများက လှမ်းကြည့်လိုက်ကြပါသော်လည်း အနားမကပ်ဝံ့ကြချေ။

ရွှီချင်း၏ သံသယမျက်လုံးများကြောင့် ဝါးတံခါးအပြင်ဘက်ရှိ အရိုးဓားက သူ့စကား၏အဓိပ္ပာယ်ကို ခပ်သွက်သွက်ရှင်းပြလိုက်သည်။ သူ ပြောသည့်စကားများကို နားထောင်ပြီးနောက် အာမခံဆိုသည့် အဓိပ္ပာယ်ကို ရွှီချင်းနားလည်သွားသည်။

အရိုးဓား၏အဆိုအရ တားမြစ်နယ်မြေတောအုပ်ထဲရှိ အဆိပ်နဂါးနွံအိုင်ထဲမှ သုံးရက်အတွင်း သူ ပြန်ရောက်မလာခဲ့လျှင် ယခင်အတိုင်း သူ့ကို လာကယ်ပေးပါရန် ရွှီချင်းကို တောင်းဆိုခြင်း ဖြစ်သည်။

“ညီလေး ကလေးရေ … တားမြစ်နယ်မြေတောအုပ်ထဲက သန္ဓေပြောင်းသားရဲတွေနဲ့ ပတ်သက်ပြီး အစ်ကို စိတ်မပူပါဘူးကွာ။ သူတို့ပါးစပ်ထဲ အစ်ကို ရောက်သွားလည်း အစ်ကို့ကံကြမ္မာပါပဲ။ ဒါပေမဲ့ အစ်ကို စိတ်ပူတာက ဝင်္ကပါမြူခိုးတွေပဲ။ အဲဒီမြူခိုးတွေထဲမှာ အစ်ကို တကယ် မသေချင်ဘူး ”

ထိုလူက ထိုကဲ့သို့ အကူအညီမျိုး တောင်းခံလာမည်ဟု မမျှော်လင့်ထားသည်ဖြစ်၍ ရွှီချင်း၏မျက်နှာထား တစ်မျိုးဖြစ်သွားသည်။ ထို့ကြောင့် ထိုကိစ္စကို သူ စဉ်းစားလိုက်ပြီး မေးမြန်းလိုက်သည်။

“အဲဒီသုံးရက်အတွင်း မြူခိုးတွေ မပေါ်လာဘူး၊ ဒါမှမဟုတ် ခင်ဗျားကလည်း စောစောပြန်လာမယ်ဆိုရင်ကော ဘယ်လိုလုပ်မလဲ ”

“ အဲဒါဆိုရင် ဆေးလုံးတွေ အစ်ကို့ကို ပြန်ပေးဖို့မလိုဘူး။ အစ်ကိုက အသက်လုံခြုံရေးအတွက် အဲဒါကို ဝယ်တာလေ ”

အရိုးဓားက ရွှီချင်းကို တဖိတ်ဖိတ်လက်နေသော မျက်ဝန်းများဖြင့် ကြည့်၍ အနည်းငယ်ခါးကိုင်းကာ အရိုအသေပေးလိုက်သည်။

ရွှီချင်းသည် နှုတ်ဆိတ်နေပြီး သားရေအိတ်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ခြေမဖြင့်ညှပ်၍ ဆွဲယူကာ စစ်ဆေးကြည့်လိုက်သည်။

သားရေအိတ်ရှုံ့ထဲ၌ အဖြူရောင်ဆေးလုံးငါးလုံး ရှိနေသည်။ ထိုဆေးလုံးများကို သူ မလိုအပ်ပါသော်လည်း ၎င်းတို့က စခန်း၏ငွေကြေးဖြစ်သည်။ ထို့ကြောင့် အနည်းငယ် စဉ်းစားပြီးနောက် ဤတောင်းဆိုမှုကို လက်ခံသင့်ကြောင်း တွေးမိလာသည်။

ထို့ကြောင့် ရွှီချင်းက ခေါင်းညိတ်ပြလိုက်၏။

ရွှီချင်းက သဘောတူလိုက်သည်ကို မြင်သောအခါ အရိုးဓားက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်သည်။ သူက အလွန်ကျေးဇူးတင်နေပြီး လက်နှစ်ဖက်ကို ဆုပ်၍ နှုတ်ဆက်ကာ ထွက်ခွာသွားသည်။

ရွှီချင်းသည် သားရေအိတ်ကိုသိမ်းဆည်းကာ မျက်လုံးမှေး၍ စဉ်းစားနေသည်။ သူသည် ပုံမှန်အားဖြင့် သတိကြီးသည့်လူစားမျိုးဖြစ်ပြီး တစ်ဖက်သား၏စကားများကို လုံးဝဥဿုံယုံကြည်တတ်သူတစ်ယောက် မဟုတ်ပေ။

သို့သော်လည်း ယင်းက ထောင်ချောက်တစ်ခုဖြစ်နေလိမ့်မည်ဟု သူ မထင်ချေ။

မြူခိုးများသာ ပေါ်မလာခဲ့ပါက သူ့အနေဖြင့် သွားနေစရာ မလိုချေ။ ထို့ပြင် ထိုလူက မြူခိုးများ ပေါ်လာနိုင်သည့်ရက်ကို သုံးရက်အတွင်း ဟု တိကျစွာ ဆိုထားသည်ဖြစ်၍ ထိုသို့ အရည်အချင်းရှိသူတစ်ယောက်က တခြားလူတစ်ယောက်ကို လှည့်ဖြားနေစရာ အကြောင်းမရှိချေ။

သို့တိုင်အောင် ရွှီချင်းသည် သတိကြီးကြီးထားနေပြီး အချိန်ကျမှသာ သွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ထို့ကြောင့် သူက အိမ်ကိုပြန်ကာ ဆက်လက်ကျင့်ကြံလိုက်သည်။ ထိုသို့ဖြင့် ညက တဖြည်းဖြည်း ကုန်လွန်သွား၏။

နောက်တစ်နေ့မနက်ခင်း၌ ရွှီချင်းသည် ကျင့်ကြံခြင်းပြီးစီးသွားပြီဖြစ်၍ ခေါင်းမော့ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုစဉ် အပြင်ဘက်မှ ခွေးဟောင်သံများကို သူ ကြားလိုက်ရ၏။

သူ အပြင်ဘက်သို့ ထွက်ကြည့်လိုက်ရာ ထူးဆန်းသော မြင်ကွင်းကို မြင်လိုက်ရသည်။ ယင်းမှာ ခေါင်းဆောင်လဲ့တစ်ယောက် အထုပ်အပိုးများ ပြင်ဆင်နေသည့်မြင်ကွင်းဖြစ်ပေသည်။ သူက အိတ်ကြီးများနှင့် အိတ်ငယ်လေးများကို ခွေးရိုင်းများ၏ကျောထက်တွင် ချည်နှောင်ပေးနေသည်။ ထိုအိတ်များကြောင့် ခွေးများမှာ လျှာများထွက်ကာ ဟောဟဲလိုက်နေပြီး တချို့ခွေးများမှာ ပစ္စည်းအလေးချိန်ကြောင့် လဲကျလုမတတ်ဖြစ်နေပေသည်။

“မင်း ကျင့်ကြံလို့ပြီးသွားပြီလား။ လာ … ငါ မင်းကို တစ်နေရာ ခေါ်သွားမယ် ”

ခေါင်းဆောင်လဲ့သည် ချွေးများကို သုတ်နေရင်း ပြုံး၍ ပြောလိုက်သည်။ ထို့နောက် ဘေးရှိ ခွေးရိုင်းများကို ပုတ်ကာ ခြံတံခါးကို ဖွင့်လိုက်သည်။ ပြီးသည်နှင့် ရွှီချင်းကို သူ လက်ဝှေ့ယမ်းပြလိုက်သည်။

ရွှီချင်း စိတ်ရှုပ်ထွေးသွားရပြီး ခွေးရိုင်းတန်းကြီးနောက်မှ လိုက်သွားသည်။ ထိုသို့ဖြင့် လူနှစ်ယောက်နှင့် ခွေးတစ်အုပ်က စခန်းကိုဖြတ်၍ သွားလာနေကြ၏။

စခန်းအလယ်ဗဟိုမှ အတွင်းပိုင်းတိုင်အောင် သူတို့

လျှောက်လာကြပြီး ထိုနေရာ၌ ဆေးဆိုင်များစွာနှင့် အုတ်ကြွပ်များဖြင့် ဆောက်ထားသော အိမ်များလည်း ရှိသည်။ ၎င်းတို့အားလုံးက အလွန် ခိုင်ခံစွာ တည်ဆောက်ထားဟန်တူသည်။

သူတို့က သီးခြားတည်ရှိနေသော အုတ်အိမ်လေးအိမ်နှင့် ခြံဝင်းကျယ်ကြီးတစ်ခုကို ရောက်လာကြသည်။ အိမ်တစ်အိမ်စီက ယခင်က ရွှီချင်း နေခဲ့ဖူးသည့် နေရာများထက် အဆပေါင်းများစွာ သာလွန်ပြီး ပို၍ မာကြောခိုင်ခံ့ပေသည်။

ရွှီချင်းသည် ထိုအိမ်များကို ကြည့်၍ ခေါင်းဆောင်လဲ့ဘက်သို့ လှည့်ကြည့်လိုက်သည်။

“အဲဒါက အခုကစပြီး ငါတို့အိမ်အသစ်ပဲ ”

ခေါင်းဆောင်လဲ့က ပြုံး၍ ပြောလိုက်သည်။

“အိမ်အသစ်လား … ”

ရွှီချင်း မှင်သက်သွားပြီး “ အိမ် ” ဆိုသည့်စကားလုံးကို သူ အစိမ်းသက်သက်ခံစားလိုက်ရသည်။

“ ငါ့သက်တမ်းတစ်ဝက်လုံး အလုပ်တွေလုပ်ပြီး ပိုက်ဆံအများကြီး စုခဲ့တာ။ ငါ့ခန္ဓာကိုယ်ကလည်း မကောင်းတော့ဘူးဆိုတော့ ပိုကြီးတဲ့အိမ်ကို ပြောင်းပြီး ပျော်ပျော်ကြီး နေရမယ်လေ ”

ခေါင်းဆောင်လဲ့က တဟားဟား ရယ်မောကာ ရှေ့ဆက်လျှောက်သွားသည်။ ထို့နောက် ခွေးများပေါ်မှ အထုတ်အပိုးများကို ချကာ အလုပ်ရှုပ်နေတော့သည်။

ရွှီချင်းသည် နေရာမှာပင် ရပ်နေပြီး ခဏအကြာ အထဲကို တဖြည်းဖြည်း ဝင်သွားသည်။ သူက အုတ်များခင်းထားသော ကြမ်းပြင်နှင့် သူ့ရှေ့ရှိ အိမ်များကိုကြည့်၍ အတွေးများထဲ နစ်မျောသွားသည်။ ခေါင်းဆောင်လဲ့က သူ့ကို အကူအညီလှမ်းတောင်းလိုက်သည့်အချိန်တိုင်အောင် “ အိမ် ” ဆိုသည့်ခံစားချက်နှင့် သူ အသားမကျသေးပေ။

ထိုသို့ဖြင့် နေ့တစ်ဝက်သည် အလုပ်ရှုပ်ရင်းဖြင့် ကုန်လွန်သွားသည်။ ညအချိန် ရောက်လာသောအခါ အပြင်ဘက်မှ လေအေးများ တိုက်ခတ်လာသည်။ နှင်းမုန်တိုင်းများလည်း တိုက်ခတ်နေသေးပြီး ပတ်ဝန်းကျင်တစ်ခွင် လေတိုးသံတရွှီရွှီမြည်နေတော့သည်။ ခေါင်းဆောင်လဲ့နှင့် ရွှီချင်းတို့နှစ်ဦးသည် အိမ်ထဲရှိ မီးလင်းဖိုကြီးဘေးတွင် ထိုင်နေကြသည်။ အပူဓာတ်က သူတို့ထံ ပျံ့နှံ့လာပြီး အခန်းတစ်ခုလုံး ပြည့်ကြပ်သွားသည်။

ထိုအခန်းနံရံ၌ အက်ကွဲကြောင်းများ မရှိသဖြင့် လေအေးများ ဝင်ရောက်လာခြင်း မရှိချေ။ ထိုသည်ကို ရွှီချင်း ချက်ချင်း နားလည်လိုက်ပြီး သူ့ခန္ဓာကိုယ်က သက်တောင့်သက်သာဖြစ်စွာ နွေးထွေးလာသည်ကို ခံစားလိုက်ရသည်။

“မအေးတော့ဘူး၊ ဟုတ်တယ်မလားကွ ”

ခေါင်းဆောင်လဲ့က ပြုံး၍ ပြောလိုက်သည်။

“မအေးတော့ဘူး ”

ရွှီချင်းက ခေါင်းညိတ်ပြလိုက်သည်။ မီးလင်းဖို၏အလင်းရောင်အောက်၌ ခေါင်းဆောင်လဲ့ကို ကြည့်နေသော ရွှီချင်း၏မျက်ဝန်းများထဲတွင် အလင်းဖျော့ဖျော့ ရှိနေဟန်တူသည်။

သူ အမှန်တကယ်ပင် နောက်ထပ် မအေးတော့ချေ။ ထိုအနွေးဓာတ်များကြောင့် ရွှီချင်းသည် ရင်ထဲတလှပ်လှပ်ခုန်လာသည်ကိုပင် ခံစားနေရသည်။

အချိန်အတော်ကြာပြီးနောက် ခေါင်းဆောင်လဲ့က အခန်းပြန်သွားသောအခါ ရွှီချင်းသည် မီးလင်းဖိုဘေးတွင် တစ်ယောက်တည်း ထိုင်နေပြီး တီးတိုးရေရွတ်လိုက်သည်။

“ ဒါက အိမ်လား … ”

ထိုစဉ် ဘေးအိမ်ရှိ အခန်းသို့ ပြန်သွားသော ခေါင်းဆောင်လဲ့၏ မျက်နှာတွင် အပြုံးစများ ရှိနေသည်။ သို့သော်လည်း မကြာခင် သူ့မျက်နှာ နီမြန်းလာ၏။

သူက ပါးစပ်ကိုအုပ်ကာ ချောင်းတဟွတ်ဟွတ်ဆိုးလိုက်သည်။ ခဏအကြာ သူက မျိုချလိုက်ရာ ငံကျိကျိအရသာများက လည်မျိုတစ်လျှောက် စီးဆင်းသွားသည်။ သူက ဟင်းခနဲ သက်ပြင်းချ၍ ပြတင်းပေါက်ဘေးတွင် ရပ်ကာ တားမြစ်နယ်မြေရှိရာအရပ်ကို ခေါင်းမော့ကြည့်လိုက်သည်။ သူ့မျက်ဝန်းများ မှိုင်းညို့သွားပြီး တီးတိုးရေရွတ်လိုက်သည်။

“ အဲဒီကို နောက်ထပ် သွားကြည့်ချင်သေးတယ် … ”

All Chapters