နဂါးမယ်လေး၏စိတ်ရင်း
Vol. 24 Ch. 328
အခန်း (၃၂၈) နဂါးမယ်လေး၏စိတ်ရင်း
ကျန်းလန် မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့်အခြေအနေကို အကြမ်းဖျင်းနားလည်သွားသည်။
သူက မိုးကောင်းကင်အင်မော်တယ်တစ်ပါး ဖြစ်နေဆဲပင်။ သို့သော် တာအိုနှင့်ပတ်သက်ပြီး သူ၏နားလည်မှုက အံ့အားသင့်စရာ ပြောင်းလဲသွားခဲ့သည်။
သူက တာအိုကိုနားလည်ခြင်းနှင့်ပတ်သက်ပြီး ပြီးပြည့်စုံရန် အခွင့်အလမ်း နည်းပါးခဲ့သည်။ တာအိုကိုနားလည်ခြင်းသာ ပြီးပြည့်စုံပြီဆိုပါက မိုးကောင်းကင်တာအိုသည် သူ၏တာအိုတရားကို အသိအမှတ်ပြုမည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် သူ၏ ကျင့်ကြံခြင်းအရှိန်အဟုန်က ပိုမိုမြန်ဆန်လာပေလိမ့်မည်။
သူ၏ ကျင့်ကြံခြင်းအဆင့်က အလွန်လျှင်မြန်သည်ဆိုသော်ငြား သူ့တွင်ရှိနေသည့်ရင်းမြစ်ပစ္စည်းများအားလုံး ၊ သူ၏နတ်ဘုရားရာထူး ၊ စနစ် ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကားအားလုံးပေါင်းပြီး ကျင့်ကြံသည့်တိုင် နှစ်ပေါင်း (၆၀၀)ခန့်ကြာမြင့်မှသာ တာ့လော်အင်မော်တယ်အဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။
သို့သော် ယခု ဉာဏ်အလင်းပွင့်ခြင်းကို အမှတ်မထင် ကြုံတွေ့လိုက်ရလေရာ နှစ်ပေါင်း (၄၀၀) ခန့်သာ ကြာမြင့်တော့မည် ဖြစ်သည်။
သူ၏တာအိုတရား အသိအမှတ်ပြုခံရရန်တော့ လိုအပ်လေသည်။
မည်သို့ပင်ဖြစ်စေ ဤအရှိန်အဟုန်က မယုံကြည်နိုင်စရာကောင်းလှပေသည်။ ကျင့်ကြံသူအများစုအတွက် မိုးကောင်းကင်အင်မော်တယ်အဆင့်မှ တာ့လော်အင်မော်တယ်အဆင့်ရောက်ရန် နှစ်ပေါင်း (၂၀၀၀) အနည်းဆုံး ကြာမြင့်နိုင်သည်။
သို့တိုင် တာ့လော်အင်မော်တယ်အဆင့်သို့ မတက်ရောက်နိုင်သူများကလည်း ဒုနဲ့ဒေး ရှိသေး၏။
တာ့လော်အင်မော်တယ်အဆင့်တက်ရန်အတွက် အဓိကအချက်မှာ မဟာတာအိုကို နားလည်ခြင်းပင် ဖြစ်သည်။
နဂါးမျိုးနွယ်မှ လုန်ရဲ့က လွန်ခဲ့သည့် ရာစုနှစ်များစွာက မိုးကောင်းကင်အင်မော်တယ်အဆင့် အောင်မြင်သွားခဲ့သည်။ သို့သော် ယနေ့ထိတိုင် တာ့လော်အင်မော်တယ်အဆင့်သို့ မတက်ရောက်နိုင်သေးဘဲ မိုးကောင်းကင်အင်မော်တယ်အဆင့်မှာပင် တစ်နေခဲ့၏။
လုန်ရဲ့က ရွှေခန္ဓာရရှိအောင် ကျင့်ကြံနိုင်ခဲ့ပြီး ဖြစ်သော်လည်း မဟာတအိုကို နားလည်နိုင်ခြင်း မရှိခဲ့ပေ။
အမှန်တော့ ဉာဏ်အလင်းပွင့်ခြင်းအခြေအနေတစ်ခု ကြုံတွေ့ရခြင်းက နှစ်ပေါင်း (၁၀၀၀) ပြင်းပြင်းထန်ထန်ကျင့်ကြံခြင်းထက ်ပိုမိုကောင်းမွန်သည်။
ကျန်းလန် သတိပြန်ဝင်လာပြီးနောက် ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်သည်။ လုန်ယွိ ကျောက်စိမ်းရေကန်တွင် မရှိကြောင်း သူ သတိပြုလိုက်မိ၏။
သူမ တစ်နေရာရာသို့ ထွက်ခွာသွားခြင်း ဖြစ်ပေလိမ့်မည်။
ထို့နောက် သူက ပြုလုပ်ထားသည့် အစီအရင်ကို တစ်ချ်စစ်ဆေးကြည့်လိုက်သည်။ ရုတ်တရက် ဉာဏ်အလင်းပွင့်ခြင်း ကြုံတွေ့လိုက်ရသောကြောင့် အစီအရင်ပြုလုပ်ခြင်း အနည်းငယ် နှောင့်နှေးကြန့်ကြာသွားခဲ့ရသည်။
သို့သော် လုန်ယွိ မိုးကောင်းကင်စမ်းသပ်ခံရမည့်အချိန် လွန်သွားသည်အထိတော့ သူ၏ဉာဏ်အလင်းပွင့်ခြင်းက အချိန်ကြာမြင့်ခြင်း မရှိနိုင်ကြောင်း ကျန်းလန် သိလိုက်သည်။ ဉာဏ်အလင်းပွင့်ခြင်းက အလွန်ဆုံးရှိမှ အနှစ် (၂၀) သာ ကြာမြင့်နိုင်သည် မဟုတ်ပါလား။
ခဏမျှစဉ်းစားပြီးနောက် ကျန်းလန် ကျောက်စိမ်းရေကန်မှ ထွက်ခွာလာပြီး နဝမတောင်ထွတ်သို့ ပြန်လာခဲ့သည်။
သို့သော် ကျန်းလန် ကျောက်စိမ်းရေကန်မှ ထွက်ခွာလိုက်သည်နှင့် လုန်ယွိ သူ့အတွက် ချန်ထားခဲ့သည့် စာလေးတစ်စောင်ကို တွေ့လိုက်ရသည်။
"ကျွန်မ သားရဲဥလေးနဲ့ ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်သွားလောင်းပေးနေတယ်"
စာလေးကိုဖတ်ရင်း ကျန်းလန် တိတ်ဆိတ်သွားသည်။
ထို့နောက် နဝမတောင်ထွတ်သို့ ပြန်လာခဲ့ပြီး သူ ဉာဏ်အလင်းပွင့်ချိန် မည်မျှကြာမြင့်ကြောင်းကို အတည်ပြုလိုက်သည်။
အချိန် (၁၀)နှစ်တိတိ ကြာမြင့်ခဲ့လေသည်။ ယခုဆိုလျှင် ကျန်းလန် ခွန်လွန်တောင်သို့ ရောက်သည်မှာ နှစ်ပေါင်း (၄၃၅)နှစ် ရှိခဲ့ပြီ ဖြစ်၏။
လုန်ယွိ မိုးကောင်းကင်စမ်းသပ်ရခြင်းကို ရင်ဆိုင်ရန် နှစ်ပေါင်း (၃၀) ၊ သို့မဟုတ် နှစ်ပေါင်း (၄၀)ခန့် လိုသေးသည်ဖြစ်ရာ အချိန်များစွာ ရှိသေးသည်။
ယခု ဉာဏ်အလင်းပွင့်ခြင်းအခြေအနေပြီးဆုံးသွားပြီးနောက် သူ၏ ကျင့်ကြံခြင်းအဆင့်ကို မရှိမအာကာသ ၊ နောက်ဆုံးအဆင့်သို့ မြှင့်တင်ရန် အချိန်တန်ပြီ ဖြစ်သည်။
မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့်က တောင်သခင်များနှင့် အကြီးအကဲများ သိမြင်မည့် ကျင့်ကြံခြင်းအဆင့်ဖြစ်ပြီး အခြားသူများအမြင်တွင်တော့ သူ၏ ကျင့်ကြံခြင်းအဆင့်က မရှိမှုအာကာသ ၊ အလယ်ဆင့် ဖြစ်ပေလိမ့်မည်။
နောက် အနှစ် (၁၄၀) ခန့်ဆိုလျှင် သူ အများအမြင်တွင် အင်မော်တယ်အဖြစ် အဆင့်တက်ရတော့မည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် မိုးကောင်းကင်စမ်းသပ်ခြင်းခံရန် အကြောင်းပြချက်ဖြင့် ပြင်ပလောကသို့ သွားရမည် ဖြစ်၏။
သူ ပြန်လာသည့်အခါ လူသားအင်မော်တယ်တစ်ယောက်အဖြစ် ကျင့်ကြံခြင်းအဆင့် ထုတ်ဖော်ပြသရပေလိမ့်မည်။
ထိုအချိန်ရောက်လျှင် သူနှင့် လုန်ယွိသည်လည်း လက်ထပ်ရတော့မည် ဖြစ်သည်။
နဂါးမယ်လေးများသည် လူသားမိန်းကလေးများနှင့်အတူတူပဲလားဟု ကျန်းလန် တွေးမိလေသည်။
တွေးရင်းဖြင့် ကျန်းလန် ခြံဝင်းဆီသို့ ရောက်လာသည်။
သို့သော် ခြံဝင်းထဲမှ အဖြစ်အပျက်ကို တွေ့သည်နှင့် သူ စိတ်ရှုတ်ထွေးသွားပြီး အပြင်ဘက်တွင် မတ်တတ်ရပ်နေမိသည်။
သူနေထိုင်ရာအိမ်သည် ခြံဝင်းထဲတွင် အပုံလိုက် ပြိုကျပျက်စီးနေခဲ့ပြီ မဟုတ်ပါလား။
အပျက်အစီးများကြားတွင် မိန်းကလေးငယ်တစ်ယောက် ရှိနေပြီး သူမက သန့်ရှင်းရေးလုပ်ရန် ကြိုးစားနေဟန်ပင်။
ထိုမိန်းကလေးသည်ကား ရှောင်ယွိမှလွဲပြီး အခြားသူ မဟုတ်ပေ။
ထိုစဉ် ရှောင်ယွိက တစ်စုံတစ်ခုကို အာရုံခံမိပြီး နောက်သို့ လှည့်ကြည့်လာသည်။
ခြံဝင်းအပြင်ဘက်တွင် ရပ်နေသည့် ကျန်းလန်ကို တွေ့သည်နှင့် သူမ ကြက်သေသေသွားသည်။
ချက်ချင်းပင် သူမလက်ထဲတွင်ကိုင်ထားသည့် ကျောက်တုံးကို အဝေးသို့ လွှင့်ပစ်လိုက်ရင်း…
"ဂိုဏ်းတူမောင်လေး ၊ ရှင်ထင်သလို မဟုတ်ဘူးနော်"
ကျန်းလန် : “……”
သူလည်း ဘာမှ မထင်ရသေးပါဘဲ အနှီမိန်းကလေးငယ်သည် မည်သို့ဖြစ်သနည်း။
***
"စောစောက လေပြင်းတိုက်တော့ အိမ်က မခံနိုင်ဘဲပြိုကျသွားတာ"
ရှောင်ယွိက ရုပ်တည်ကြီးဖြင့် ရှင်းပြနေသည်။
ကျန်းလန်က ရှောင်ယွိကို ကြည့်နေပြီး မည်သည့်စကားမှ မဆိုပေ။
ကျန်းလန်က သူမစကားကို မယုံကြည်သောကြောင့် ငြိမ်သက်နေသည်ဟု ရှောင်ယွိအတွေးရောက်သွားသည်။
"တကယ်ပြောတာပါဆို"
ပြောရင်းဖြင့် ကျန်းလန်ကို ကြည့်နေသည့် သူမမျက်ဝန်းများထဲတွင် မျက်ရည်များဖြင့် ပြည့်လျှံလာသည်။
နောက်ထပ် အမူအရာ ထူးထူးဆန်းဆန်းလေးတစ်ခု တွေ့ရပြန်ပြီဟု ကျန်းလန်က တွေးလိုက်၏။
သို့သော် သူက ရှောင်ယွိပြောသည့်စကားများကို သံသယမရှိ ယုံကြည်လေသည်။
အဘယ်ကြောင့်ဆိုသော် သူနေထိုင်သည့်အိမ်သာမက မက်မွန်တောလေးပါ ပျက်စီးနေခြင်းဖြစ်လေရာ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်က နဝမတောင်ထွတ်ကို ထိုးဖောက်ဝင်ရောက်ခဲ့ဟန် တူသည်။
ဆရာဖြစ်သူမဟုတ်သည်ကတော့ သေချာသည်။
ကျန်းလန်က ရှောင်ယွိရှေ့တွင် လက်ဖဝါးတစ်ဖက်ကို အသာဖြန့်လိုက်ရင်း…
"ကိုယ့်ကိုပေး…"
ရှောင်ယွိက မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သစ်သားဓားလေးကို ကျန်းလန်ဆီ ပေးလိုက်သည်။
ကျန်းလန် : “……”
သူက "ကိုယ့်ကိုပေး" ဟု တောင်းလိုက်ရုံဖြင့် သူတောင်းသည့်အရာက သစ်သားဓားလေးဖြစ်ကြောင်း ရှောင်ယွိ မည်သို့ရိပ်မိပါသနည်း။
ကျန်းလန် တွေးမနေတော့ဘဲ မြက်ခင်းပြင်ထက် တင်ပျဉ်ခွေထိုင်ကာ သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ကို ထည့်သွင်းပေးလိုက်သည်။
သူ အချိန် (၁၀)နှစ်တိုင်ဆိုင် ဉာဏ်အလင်းပွင့်သည့်အခြေအနေတွင် ရှိနေခဲ့သည့်တိုင် ရှောင်ယွိကတော့ နဂါးသုတ်သင်ဓားဝိညာဉ်ကို တစ်လုံးမှ နားလည်ခြင်း မရှိသေးပေ။
သူမသာ နဂါးတစ်ကောင်အသွင်ဖြင့် ဘယ်လက်က ဒိုင်းလွှားတစ်ခုကိုကိုင် ၊ ညာလက်က နဂါးသုတ်သင်ဓားကို ကိုင်ထားပါက မည်သို့ရှိမည်နည်း။
"ပုံစံကတော့ အတော်လေးလန်းမှာပဲ"
ဟု ကျန်းလန် တွေးလိုက်သည်။
ရှောင်ယွိက အပျက်အစီးများဆီသို လှမ်းကြည့်လိုက်ရင်း…
"ဂိုဏ်းတူမောင်လေး ၊ ကျွန်မတို့ ဘယ်တော့လောက် အိမ်ပြန်ဆောက်ကြမလဲ"
ကျန်းလန်က…
"မနက်ဖန်"
အိမ်သစ်တစ်လုံးပြန်ဆောက်ရန် လအတန်ကြာ အချိန်ယူရမည် ဖြစ်သော်လည်း အလျင်လိုစရာတော့ မရှိပေ။
သူက ယခုပင် တာအိုတရားကို နားလည်လာခဲ့သည်။ ထို့ကြောင့် စိတ်တည်ငြိမ်စေရန် အိမ်ဆောက်သည့်အလုပ်ကို အခွင့်အရေးတစ်ခုအဖြစ် အသုံးချရပေမည်။
ရှောင်ယွိက ကျန်းလန်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
သူမက မေးဖျားလေးကို လက်ဖြင့်အသာထောက်ရင်း…
"မိုးကောင်းကင်စမ်းသပ်ခံရခြင်း အစီအရင်က ပြီးဖို့ဘယ်လောက်ကြာဦးမှာလဲ"
ကျန်းလန်က ရှောင်ယွိကို လှမ်းကြည့်ရင်း…
"ဂိုဏ်းတူအစ်မ အင်မော်တယ်အဆင့်တက်ဖို့ အချိန်ဘယ်လောက်လိုသေးလဲ"
သူ့ခန့်မှန်းချက်အရဆိုလျှင် ရှောင်ယွိ အင်မော်တယ်ဖြစ်ရန် နှစ်ပေါင်းသုံးဆယ် ၊ လေးဆယ်ခန့် လိုဦးမည် ဖြစ်သည်။
ရှောင်ယွိက…
"ကြာဦးမယ်ထင်တယ်"
သူမက ဆက်ပြောသည်။
"နှစ် (၁၀၀)လောက်လည်း ကြာချင်ကြာနိုင်တယ် ၊ ဒါမှမဟုတ် ဆယ်စုနှစ်နည်းနည်းလောက်လည်း ဖြစ်နိုင်တယ် ၊ ဂိုဏ်းတူမောင်လေးရဲ့အစီအရင်က အချိန်မီမှာမလား"
ကျန်းလန်ကခေါင်းညိတ်ရင်း…
"အင်း မီပါတယ် ၊ အချိန်တွေရှိသေးတာပဲ"
ရှောင်ယွိက အင်မော်တယ်အဆင့်တက်ရောက်ရန် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိဖြင့် အချိန်ဆွဲထားခြင်း ဖြစ်နိုင်သည်။
ဤနှစ်ပိုင်းအတွင်း ကျန်းလန်၏အစီအရင် မပြီးဆုံးခဲ့ပါက သူမက အဆင့်တက်ရန် နှစ်ပေါင်း (၁၀၀)အထိ ရွှေ့ဆိုင်းထားမည် ဖြစ်သည်။
ညဘက်တွင်တော့...
ရှောင်ယွိ ကျန်းလန်နံဘေးတွင်လှဲရင်း ကောင်းကင်ထက်မှ ကြယ်စင်များကို ငေးကြည့်နေလေသည်။
"ဂိုဏ်းတူမောင်လေး"
ရှောင်ယွိက ကျန်းလန်ကို ခေါ်လိုက်သည်။
ကျန်းလန်က ခေါင်းညိတ်ရင်း…
"အင်း…"
"ဂိုဏ်းတူမောင်လေး"
ရှောင်ယွိ ထပ်ခေါ်ပြန်သည်။
ကျန်းလန်က ခေါင်းညိတ်ရင်း…
"အင်း…"
"ဂိုဏ်းတူမောင်လေး"
"အင်း…"
ရှောင်ယွိ ထထိုင်လိုက်ပြီး ကျန်းလန်ကို ကြည့်လိုက်သည်။
"ဟွန့်… အခုတော့ ဂိုဏ်းတူမောင်လေးက ခေါ်တာကို ပြန်ထူးတယ်ဆိုတော့ ထင်သလောက် မရိုင်းဘူးပဲ… ၊ လွန်ခဲ့တဲ့ (၁၀)နှစ်ကတော့ ကျွန်မ ဘယ်လောက်ခေါ်ခေါ် လုံးဝကို ပြန်မထူးတော့ဘူးလေ ၊ အဲဒီလိုအပြုအမူက အရမ်းရိုင်းတယ်ဆိုတာ သိတယ်မလား"
သူမစကားကြောင့် ကျန်းလန် မျက်ခုံးများကို တွန့်ချိုးထားလေသည်။
သူက ရှောင်ယွိကိုကြည့်လိုက်ပြီး ခေါင်းကို အသာငုံ့ရင်း…
"ကိုယ့်ကြောင့် ဂိုဏ်းတူအစ်မ စိတ်အနှောက်အယှက် ဖြစ်သွားရရင် တောင်းပန်ပါတယ်နော်"
ရှောင်ယွိ အံ့အားသင့်သွားပြီး ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။
ပြီးမှ…
"ကျွန်မက ရှင့်ရဲ့ ဂိုဏ်းတူအစ်မပဲလေ"
"သိသားပဲ ၊ ငါလည်း သူ့ကို ဂိုဏ်းတူညီမလေးလို့ တစ်ခါမှ မခေါ်မိပါဘူး"
ကျန်းလန် စိတ်ထဲက တွေးလိုက်သည်။
ရှောင်ယွိက…
"ကျွန်မက ရှင့်ရဲ့ ဂိုဏ်းတူအစ်မပဲလေ ၊ ကျွန်မခေါ်တာကို ရှင်ပြန်မထူးဘူးဆိုလည်း ခွင့်လွှတ်ရမှာပဲပေါ့"
ကျန်းလန် မည်သည့်စကားမှ မဆိုတော့ဘဲ သစ်သားဓားလေးအတွင်းသို့သာ ဓားဝိညာဉ်ကို ထည့်သွင်းပေးနေလေတော့၏။
ကျန်းလန်က မလှုပ်ရှားဘဲ သစ်သားဓားလေးအတွင်းသို့ ဓားဝိညာဉ်ကို ထည့်သွင်းပေးနေလိုက်သည်။
***
နောက်တစ်နေ့…။
ရှောင်ယွိက ကျန်းလန်နောက် တကောက်ကောက်လိုက်ရင်း ပျက်စီးသွားသည့် အိမ်အဟောင်းအပျက်အစီးများကို သန့်ရှင်းရေး ကူလုပ်ပေးနေသည်။
အမှန်တော့ အရင်ကလိုပင် လိုက်ရှုတ်ခြင်း ဖြစ်၏။
ကျန်းလန်အတွက်တော့ နှစ်ပေါင်း (၁၀၀) ကြာမှ အိမ်တစ်လုံး ပြန်ဆောက်ရခြင်းက ခက်ခဲသည့်အလုပ် မဟုတ်ပေ။
လက်ထပ်ပြီးလျှင် အတူနေနိုင်ရန်အတွက် ပိုကောင်းသည့် ပစ္စည်းများဖြင့် ကြာရှည်တည်တံ့သည့် အိမ်တစ်လုံးဆောက်လုပ်ရန် ကျန်းလန်က ရည်ရွယ်ထားသည်။
ယခုလောလောဆယ်မှာတော့ အိမ်ဆောက်ခြင်းက အတော်လေး စိတ်တည်ငြိမ်စေသည့်အလုပ်တစ်ခုပင်။
အချိန် (၃)လ ကြာပြီးနောက် ကျန်းလန် အိမ်ဆောက်ခြင်းအလုပ် ပြီးစီးသွားသည်။
အိမ်ပုံစံက အရင်ကနှင့်အတူတူပင် ဖြစ်သော်လည်း ခိုင်ခန့်မှုကတော့ အရင်ကနှင့်မတူတော့ပေ။
ယခု အများအမြင်တွင် ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်က မရှိမှုအာကာသ ၊ အလ်ယ်ဆင့် ဖြစ်ပြီး တောင်သခင်များနှင့် အကြီးအကဲများကတော့ မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့်ဟု သိကြပေလိမ့်မည်။
တကယ်တမ်း သူ၏ အစစ်အမှန်ကျင့်ကြံခြင်းအဆင့်မှ မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့် ဖြစ်သည်။
"ဂိုဏ်းတူမောင်လေး ၊ နောက်တစ်ခါအိမ်ဆောက်ရင် ကျွန်မဦးဆောင်ပြီး ဆောက်မယ်နော် ၊ ရှင်က ကျွန်မခိုင်းတာ လုပ်ရမယ်"
ရှောင်ယွိက အိမ်အသစ်လေးအား ကျေနပ်အားရသည့်အကြည့်ဖြင့်ကြည့်ရင်းဆိုသည်။
ထိုအိမ်က သူမအတွက် သီးသန့်ရည်ရွယ်ပြီးဆောက်လုပ်ထားသည့်အိမ်ဟု စိတ်ထဲတွေးနေဟန် ရှိသည်။
အမှန်တော့ ကျန်းလန်ရော ရှောင်ယွိပါ နဝမတောင်ထွတ်မှ အိမ်တွင် နေခဲလှသော်လည်း သူတို့ (၂)ယောက်အတွက် အိမ်လေးတစ်လုံးရှိသင့်သည်ဟု ခံစားနေကြရသည်။
ကျန်းလန်က…
"အင်း… နောက်တစ်ခေါက်ပေါ့"
ပါးစပ်ကသာ ထိုသို့ပြောလိုက်သည် စိတ်ထဲမတော့ “ရှောင်ယွိကိုသာ ဆရာတင်ပြီး အိမ်ဆောက်ခိုင်းမည်ဆိုပါက အိမ်က ရက်ပိုင်းအတွင်း ပြိုကျနိုင်သည်” ဟု တွေးနေမိသည်။
နဂါးများ ထင်ရာစိုင်းတတ်သည်ဆိုသည့် စကားမှာ ဟာသမဟုတ်ပေ။
သူ့ရှေ့မှ နဂါးမယ်လေးနှင့်ပင် ကျန်းလန်အတော်လေး နားလည်သဘောပေါက်နေပြီ ဖြစ်၏။
ညနေခင်းတွင်တော့...
ရှောင်ယွိ ကျောက်စိမ်းရေကန်သို့ ပြန်သွားသည်ကို ကျန်းလန် ငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်။
သူကတော့ နောက် (၂)ရက်ခန့်နေမှ ကျောက်စိမ်းရေကန်သို့ လိုက်သွားရန် ဆုံးဖြတ်ထားသည်။
အစီအရင်ပြုလုပ်ရန် အသုံးပြုထားသည့်သွေးများ ပြဿနာရှိ မရှိ စစ်ဆေးကြည့်ရမည် ဖြစ်သည်။
အစီအရင်မှာ အချိန် (၁၀)နှစ်ကြာ နှောင့်နှေးခဲ့ရသောကြောင့် အသုံးပြုထားသည့်သွေးများက ထိရောက်မှုရှိဆဲလားဆိုသည့်အချက်ကို ကြည့်ရှုရန်လိုအပ်သည်။
ရှောင်ယွိကို လိုက်ပို့ပြီး ခြံဝန်းဆီပြန်လာသည့်အခါ သူ့ကိုစောင့်နေသည့် ဆရာဖြစ်သူကို တွေ့လိုက်ရသည်။
တစ်ခုခု ဖြစ်လို့များလား။
ပုံမှန်ဆိုလျှင် ဆရာဖြစ်သူက သူ့ကိုလာတွေ့လေ့ မရှိပေ။
"ဆရာ"
ကျန်းလန်က ဆရာဖြစ်သူအနားလျှောက်သွားလိုက်ပြီး ဂါရဝပြုရင်းနှုတ်ဆက်လိုက်သည်။
မော့ကျန်းသုန့်က…
"မင်း ကျင့်ကြံခြင်းအဆင့်တက်သွားတာလား"
ကျန်းလန် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ် ဆရာ ၊ ကျောက်စိမ်းရေကန်မှာ အစီအရင်လုပ်နေရင်း ရုတ်တရက် ဉာဏ်အလင်းပွင့်သွားလို့"
မော့ကျန်းသုန့် ကျန်းလန်ကို ကြည့်ရင်း ဘာပြောရမှန်းပင်မသိ ဖြစ်သွားသည်။ သူ့တပည့်က သူမျှော်လင့်ထားသည်ထက် ပိုတော်နေသည် မဟုတ်လား။
မော့ကျန်းသုန့်က…
"ပြဿနာတစ်ခုခုများ ရှိသေးလား"
"ဘာပြဿနာမှ မရှိပါဘူး ဆရာ"
ကျန်းလန် အရင်က ပြောခဲ့ဖူးသည့် ပုံရိပ်ယောင်များနှင့်ပတ်သက်ပြီး မော့ကျန်းသုန့်က မေးမြန်းခြင်း ဖြစ်သည်။
ထိုအချိန်က ကံကြမ္မာအခွင့်ကောင်းရောင်ဝါကြောင့် ကြုံတွေ့ခဲ့ရသည့် ပုံရိပ်ယောင်များကို သူက ဆရာဖြစ်သူထံ သွားရောက် မေးမြန်းခဲ့သည် မဟုတ်လား။ သူလည်း တကယ်မသိသဖြင်း မေးမြန်းမိခြင်း ဖြစ်သည်။
နောက်ဆုံး တစ္ဆေတိုင်းပြည်မှ လူငယ်လေး၏ ဆုတောင်းသံကြောင့် အခြေအနေကို ရှင်းရှင်းလင်းလင်း သိခဲ့ရသည်။
မော့ကျန်းသုန့်က ခေါင်းတညိတ်ညိတ်လုပ်ရင်း…
"ကောင်းတယ် ကောင်းတယ်"
ပြီးမှ သူက ကျန်းလန်ကို ကြည့်ရင်း စကားဆက်ပြောသည်။
"ဒါနဲ့ မင်း တစ္ဆေတိုင်းပြည်အကြောင်း ဘယ်လောက်သိလဲ"