တစ္ဆေချီစွမ်းအားကဖိတ်ခေါ်ခြင်း
Vol. 24 Ch. 329
အခန်း (၃၂၉) တစ္ဆေချီစွမ်းအားကဖိတ်ခေါ်ခြင်း
ဆရာဖြစ်သူ၏ မေးခွန်းကို ကြားသည့်အခါ ကျန်းလန် အနည်းငယ် စိတ်ရှုတ်ထွေးသွားသည်။
သူက…
"သူတို့အကြောင်း သိပ်မသိပါဘူး ဆရာ ၊ ကျွန်တော်သိသလောက်ကတော့ သူတို့က ဝိညာဉ်လောကက တစ္ဆေစစ်သည်တော်တွေကို ဆင့်ခေါ်နိုင်တယ်လို့ သိထားတယ် ၊ ပြီးတော့ သူတို့က နည်းနည်းဉာဏ်တုံးတယ်ဆိုပေမယ့် ခန္ဓာကိုယ်တွေကတော့ သံမဏိလိုမာကျောပြီး သတ်ဖြတ်ရခက်လွန်းတယ်"
အပေါ်ယံ အကြမ်းဖျင်းအခြေအနေကိုသာ ကျန်းလန်က ပြောပြလိုက်သည်။
ကျန်ရှိသည်များမှာ နတ်ဘုရားရာထူးနှင့် ပတ်သက်နေသည့်အတွက် ဆရာဖြစ်သူကို ပြောပြရန် အဆင်မပြေလှပေ။ ထိုကိစ္စများနှင့်ပတ်သက်ပြီး မည်သို့ရှင်းပြရမည်ကိုလည်း ကျန်းလန် မသိပေ။
မော့ကျန်းသုန့်က…
"မင်း တစ္ဆေချီစွမ်းအားအကြောင်း သိလား"
ကျန်းလန်က ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ပြောကြတာတော့ အရင်က တစ္ဆေတိုင်းပြည်မှာ သေပြီးသားဝိညာဉ်တွေထွက်ပေါ်လာတယ်လို့ ကြားဖူးတယ် ၊ အဲဒီဝိညာဉ်တွေကို လိုက်ဖမ်းဖို့ တစ္ဆေချီစွမ်းအား ရောက်ရှိလာခဲ့တယ် ၊ နောက်ပိုင်း အဲဒီဒေသကလူတွေက တစ္ဆေချီစွမ်းအားရဲ့ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခံရပြီး အချိန်ကြာလာတဲ့အခါ ယခုလက်ရှိအခြေအနေကို ရောက်လာတာပဲ ၊ တစ္ဆေချီစွမ်းအားက သေမင်းတမန်ချီစွမ်းအားတစ်ခုပဲ ၊ ပြီးတော့ မရဏအငွေ့အသက်တွေနဲ့လည်း ဆင်တူတယ်"
ကျန်းလန်က ဆက်ပြောသည်။
"ပြီးတော့ တစ္ဆေချီစွမ်းအားက အရမ်းအစွမ်းထက်တယ် ၊ လူတစ်ယောက်ရဲ့စိတ်ကိုပျက်စီးစေပြီး အသွေးအသားတွေကိုတော့ ကျောက်သားလို မာကျောစေတယ် ၊ ဒါကြောင့်လည်း တစ္ဆေတိုင်းပြည်ကလူတွေက ဉာဏ်တုံးပြီး ခန္ဓာကိုယ်တွေက သန်မာကြတာ မဟုတ်လား"
မော့ကျန်းသုန့်က ကျန်းလန် အသစ်ပြန်ဆောက်ထားသည့် အိမ်ကို လှမ်းကြည့်ရင်း...
"မင်းရဲ့အိမ်ပြိုကျသွားတာ တစ္ဆေချီစွမ်းအားကြောင့်ပဲ"
ဆရာဖြစ်သူစကားကြောင့် ကျန်းလန် အံ့အားသင့်သွားပြီး...
"ဒါဖြင့် တစ္ဆေတိုင်းပြည်က တိုက်ခိုက်တာလား"
တစ္ဆေတိုင်းပြည်မှ တစ္ဆေချီစွမ်းအား ခွန်လွန်တောင်သို့ ရောက်လာသည်ဆိုလျှင် သူ့ကြောင့် ဖြစ်နိုင်လေသည်။
အရင်က တစ္ဆေတိုင်းပြည်မှ တန်ခိုးစွမ်းအားရှင်တစ်ယောက်က သူ့ကိုတွေ့သွားခဲ့ပြီး သစ်ရွက်အမြင်တန်ခိုးစွမ်းကိုပင် ထိုးဖောက်ကြည့်ခဲ့သေးသည် မဟုတ်လား။
ထိုသို့ဆိုလျှင် တစ္ဆေချီစွမ်အားရောက်လာသည်မှာ သေချာပေါက် သူ့အတွက် ရောက်လာခြင်း ဖြစ်ပေလိမ့်မည်။
အသေးစိတ်အကြောင်းအရာများကိုတော့ သူ မသိရှိပေ။
ထိုအဖြစ်အပျက် ဖြစ်ပျက်ခဲ့သည်မှာ နှစ်ပေါင်း (၃၀) ကြာမြင့်ခဲ့ပြီ ဖြစ်လေရာ ပျက်သုဉ်းတစ်စပြင်လောကကြီး၏အခြေအနေမည်သို့ ရှိသည်ကို သူ မသိရှိပေ။
သူသိရှိသည်မှာ အဋ္ဌမမင်းသားတစ်ယောက် ခွန်လွန်တောင်တွင် ရှိနေဆဲဆိုသည့်အချက်သာ ဖြစ်သည်။
နဂါးများက လုန်မန်ကို ပြန်ခေါ်ရန် လက်လျှော့ထားကြပြန်ပြီထင်၏။
မော့ကျန်းသုန့်က...
"ဒီ အနီးအနားပတ်ဝန်းကျင်မှာ တစ္ဆေချီစွမ်းအားစီးဆင်းနေတဲ့ သဲလွန်စတွေတွေ့ရတယ် ၊ တစ္ဆေချီစွမ်းအားကြောင့် ဝိညာဉ်စွမ်းအားနဲ့ဆိုင်တဲ့အရာတွေ ပျက်စီးနေတယ်"
"ပြီးတော့ ဒီတစ္ဆေချီစွမ်းအားက တစ္ဆေတိုင်းပြည်က တိုင်းပြည်ကံကြမ္မာချီစွမ်းအား ဖြစ်ဖို့များတယ်"
ခဏမျှစဉ်းစားပြီးနောက် မော့ကျန်းသုန့်က ဆက်ပြောသည်။
"သူ ဒီကိုရောက်လာတာက ရည်ရွယ်ချက် ရှိလိမ့်မယ် ၊ သူ့ကို ဆရာတို့တားမှာမဟုတ်ဘူး ၊ ဒါပေမဲ့ မင်းက အင်မော်တယ်ဖြစ်လာတော့မယ်ဆိုတော့ တစ္ဆေချီစွမ်းအားကို လက်တွေ့ကြုံတွေ့ကြည့်ချင်တယ် ၊ အတွေ့အကြုံလိုချင်တယ်ဆိုရင် မင်း သွားပြီး စမ်းသပ်ကြည့်လို့ရတယ် ၊ အဲဒါက မင်းကို ဒုက္ခမပေးနိုင်ပါဘူး ၊ ပြီးတော့ သူရောက်နေတာလည်း ခွန်လွန်တောင်နဲ့ အရမ်းဝေးတဲ့နေရာမှာ မဟုတ်ပါဘူး"
ကျန်းလန် တိတ်ဆိတ်နေ၏။
သို့သော် သူက ဆရာပြောသည့်စကားကို ငြင်းဆန်ခြင်း မပြုပေ။
အများအမြင်တွင် အင်မော်တယ်ဖြစ်လာပြီးသည့်နောက်ပိုင်း တစ်ယောက်တည်းကျင့်ကြံနေခြင်းထက်ဆာလျှင် အတွေ့အကြုံရှာဖွေရန် လိုအပ်ပြီ ဖြစ်သည်။
သို့ရာတွင် သူ လျှို့ဝှက်စွာ အင်မော်တယ်အဆင့်တက်ရောက်ခဲ့ပြီးနောက်ပိုင်း အတွေ့အကြုံများစွာကို ရရှိခဲ့ပြီး ဖြစ်သည်။
အင်မော်တယ်ဖြစ်မလာခင်ကပင် သေရည်ဆိုင်တွင် အင်မော်တယ်တံခါးရှာဖွေရာတွင် တစ်ကြိမ်ကျရှုံးခဲ့ပြီး ရန်သူများနှင့်လည်း တိုက်ပွဲများစွာ ဆင်နွှဲခဲ့ရသည်။
သူ အင်မော်တယ်အဖြစ် အဆင့်တက်ရောက်နိုင်ခြင်းမှာလည်း ဆရာဖြစ်သူပေးအပ်သည့် နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအား၏ အကူအညီဖြင့် မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးရရှိခဲ့သောကြောင့် ဖြစ်သည်။
ယခုအချိန်တွင် မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးရရှိလျှင် တာ့လော်အင်မော်တယ်အဆင့်သို့ တက်ရောက်နိုင်မည်လား ကျန်းလန် သိချင်နေမိသည်။
လက်ရှိတွင် မိုးကောင်းကင်တာအိုက သူ့ကို အသိအမှတ်မပြုသေးပေ။ ဤသည်ကို ကျင့်ကြံခြင်းအကျပ်အတည်းနှင့် ကြုံတွေ့နေရသည်ဟု ပြောနိုင်ပါသလား။
မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးသာ ရရှိလျှင် သူ မဟာတာအိုကို တစ်ရက်အတွင်း နားလည်နိုင်မည်လား။ သို့မဟုတ် မိုးကောင်းကင်အင်မော်တယ်က သူ့ကို ချက်ချင်းအသိအမှတ်ပြုပြီး တာ့လော်အင်မော်တယ်အဆင့်ကို ချက်ချင်း တက်ရောက်သွားနိုင်မည်လား။
မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံး မရှိဘဲ သူ အဖြေကို သိရှိနိုင်မည် မဟုတ်ပေ။
ကျန်းလန်ကို ပြောစရာရှိသည့်စကားများပြောပြီးနောက် မော့ကျန်းသုန့် နေရာမှ ပျောက်ကွယ်သွားသည်။ ကျန်းလန်သည်သာ မှောင်မိုက်နေသည့်ကောင်းကင်ပြင်ကို ငေးမောကြည့်ရင်း ကျန်ရစ်ခဲ့သည်။
တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအားက ညအချိန်တွင့် ကွန့်မြူးရန် အခွင့်အရေး မြင့်မားသည်။ သူ ထိုတစ္ဆေချီစွမ်းအား တည်ရှိရာနေရာသို့ သွားရောက်ခြင်းဖြင့် တစ်စုံတစ်ခု အကျိုးရှိနိုင်ပေလိမ့်မည်။
သို့ဖြစ်ရာ သူ တစ်ချက်လောက် သွားကြည့်ရပေမည်။
"ဆရာနဲ့ အခြားသူတွေက လှုပ်ရှားဖို့ ရည်ရွယ်ချက်မရှိဘူး ၊ ကြည့်ရတာ တစ္ဆေတိုင်းပြည်က တစ္ဆေချီစွမ်းအားရောက်လာတာ ခွန်လွန်တောင်အပေါ် သက်ရောက်မှုမရှိဘူးထင်တယ်"
တွေးရင်းဖြင့်ပင် ကျန်းလန် ဆရာဖြစ်သူပြောပြသည့် နေရာသို့ ထွက်ခွာလာခဲ့သည်။
တစ္ဆေချီစွမ်းအားက တောင်တစ်ခုထက်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။ ထိုတောင်က အဋ္ဌမမင်းသား သားရဲကောင်များ အမဲလိုက်လေ့ရှိသည့် တောင်နှင့်နီးသည်။
အပြင်သို့မသွားခင် ကျန်းလန် ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကို တစ်ချက်ကြည့်လိုက်သည်။ ကျောက်စိမ်းရေကန်တွင် မည်သည့်ပြဿနာမှ မရှိကြောင်း သိရသည့်အခါ ကျန်းလန်စိတ်ထဲ သင်သောင့်သက်သာ ခံစားလိုက်ရသည်။
ထို့နောက် သူ နဝမတောင်ထွတ်မှ ထွက်ခွာလာခဲ့သည်။
တစ္ဆေချီစွမ်းအားရောက်ရှိနေသည့်တောင်ထိပ်တွင် မှောင်မိုက်သည့်အငွေ့အသက်များက လွင့်မျောလျှက် ရှိသည်။
"ကြည့်ရတာတော့ ချောက်ချားစရာကောင်းတာပဲ"
ကျန်းလန် တွေးလိုက်သည်။
သူ တောင်ထိပ်တွင်ရပ်ရန်း တောင်ပေါ်တောအုပ်ကို ကြည့်နေမိ၏။ တောအုပ်က တစ်စုံတစ်ခု မူမမှန်သလို ခံစားလိုက်ရသည်။
သို့သော် သူ အရေးမစိုက်ဘဲ တောအုပ်အတွင်း ဝင်ရောက်သွား၏။
တစ္ဆေချီစွမ်းအားများက က မရဏအငွေ့အသက်များနှင့် ဆင်တူသလိုရှိသော်လည်း တကယ်တမ်းတွင် မတူညီပေ။
ကျန်းလန် တစ္ဆေချီစွမ်းအားကို ထိတွေ့ကြည့်လိုက်သည်နှင့် ထိုအရာက သူ့ကို တိုက်စားပစ်ရန် ကြိုးစားနေကြောင်း ခံစားလိုက်ရသည်။
သို့သော် သူ့ကို အန္တရယ်ပြုနိုင်ခြင်း မရှိပေ။
ကျန်းလန်က သူ၏ မရှိမှုအာကာသအဆင့် တန်ခိုးစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သို့သော် တစ္ဆေချီစွမ်းအားက သူ့ကို တစ်စုံတစ်ရာ ထိခိုက်မှု မဖြစ်စေခဲ့ပေ။
သို့ရာတွင် သက်သောင့်သက်သာတော့ သိပ်မရှိလှဘဲ အနည်းငယ် ခံရခက်သည်။
ကျန်းလန် တောင်ထိပ်တွင် မိုင်အနည်းငယ် လှည့်ပတ်သွားလာနေခဲ့သည်။ ထိုစဉ် ရုတ်တရက် အော်ဟစ်ပြေးလွှားလာသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
တစ္ဆေချီစွမ်းအားဒဏ်ကို ခံစားလာရသည့် သားရဲကြီးတစ်ကောင် ဖြစ်သည်။
ကျန်းလန်က ရိပ်ကနဲ လှုပ်ရှားလိုက်ပြီး ချက်ချင်းပင် သားရဲကောင်ကြီးအနားသို့ ရောက်ရှိလာသည်။ ထို့နောက် သူက ဓားတစ်ချက်ဝှေ့ယမ်းလိုက်လေရာ ဓားဦးချွန်က သားရဲကောင်ကြီး၏ လည်ပင်းကို ထိုးဖောက်ဝင်ရောက်သွားသည်။
"စွပ်…"
သားရဲကြီးမှာ တစ်ချက်တည်းဖြင့် အသက်ပျောက်သွားတော့၏။
၎င်းသားရဲကြီးသေဆုံးသွားသည်နှင့်ခန္ဓာကိုယ်အတွင်းမှ တစ္ဆေချီစွမ်းအားများ ထွက်ပေါ်လာသည်။
"ဘန်း"
သားရဲကောင်အလောင်းကြီးက ချက်ချင်း ပေါက်ကွဲထွက်သွားသည်။
ကျန်းလန် နောက်သို့ အနည်းငယ်ဆုတ်လိုက်၏။
တစ်ချိန်တည်းပင် ဝိညာဉ်ဆန်သည့် ထူးဆန်းသောအသံတစ်သံကို ကြားလိုက်ရသည်။
"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ၊ တောင်စောင်းပေါ်က ကျောက်ဂူထဲမှာ မင်းကို ငါစောင့်နေမယ်"
အသံပျောက်ကွယ်သွားသည်နှင့် တစ္ဆေချီစွမ်းအားများလည်း ပျောက်ကွယ်သွားသည်။
"တစ်ဖက်လူက တကယ်ပဲ ငါ့အတွက် ရောက်လာတာပဲ"
ကျန်းလန် ရင်ထဲအောင့်သွားသည်။
သူ တစ်ဖက်လူကို သွားတွေ့သင့်သလား။
တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအားအနည်းငယ်မျှက အန္တရယ်မရှိနိုင်ဟု ဆရာဖြစ်သူက ဆိုသည်။ သို့သော် တစ်ဖက်လူ၏ တန်ခိုးစွမ်းအားမည်မျှမြင့်မားကြောင်း ကျန်းလန် သံသယာမရှိပေ။
သို့ဖြစ်ရာ သူ အနည်းငယ်သောအမှားလေးလုပ်မိရုံဖြင့် သူ့ဘ၀ အလွန်ဆိုးရွားစွာ အဆုံးသတ်သွားနိုင်သည်။ ထို့ပြင် ကျန်းလန်က တစ်ဖက်လူနှင့်သွားရောက်မတွေ့ဆုံပြန်လျှင်လည်း ထိုသူက ဘာဆက်လုပ်မည်လဲ မသိနိုင်ပေ။
ခဏမျှတုံ့ဆိုင်းနေပြီးနောက် ကျန်းလန် အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွားပြီး သူ ပြန်လည်ထွက်ပေါ်လာသည့်အခါ သစ်ရွက်အမြင်တန်ခိုးစွမ်းအား ထုတ်ဖော်ထားပြီ ဖြစ်နေလေသည်။
ထို့နောက် သူက တစ္ဆေချီစွမ်းအားဝင်ရောက်ခံထားရသည့် သားရဲကောင်များကို ဆက်လက်သတ်ဖြတ်နေခဲ့သည်။
ညဝက်ခန့် အချိန်ဖြုန်းပြီးနောက် ကျန်းလန် တောင်ပေါ်လမ်းတစ်နေရာတွင် မတ်တတ်ရပ်နေခဲ့သည်။
သူ စမ်းသပ်ကြည့်ပြီးပြီ ဖြစ်သည်။
တစ္ဆေချီစွမ်းအားဝင်ရောက်ခံထားရသည့် သားရဲကောင်များကို သတ်ဖြတ်တိုင်း သူကြားရသည့် စကားလုံးများက -
"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ၊ တောင်စောင်းပေါ်က ကျောက်ဂူထဲမှာ မင်းကို ငါစောင့်နေမယ်"
ဆိုသည့် စကားသာ ဖြစ်သည်။
ကြည့်ရသည်မှာ တစ်ဖက်လူက သူပေးချင်သည့် အမှာစကားကို ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား မသိ သိအောင် ကြိုးစားနေဟန် ရှိသည်။
ထို့ပြင် အမှန်တကယ်လည်း တောင်စောင်းပေါ်ရှိ ကျောက်ဂူထဲတွင် သူ့ကို စောင့်နေဟန် ရှိသည်။
အချိန်ကြာမြင့်စွာ စဉ်းစားပြီးနောက် တစ်ဖက်လူပြောသည့် ကျောက်ဂူဆီသို့ သွားရောက်ရန် ကျန်းလန် ဆုံးဖြတ်လိုက်လေတော့၏။
***
"ဘုန်း"
တောင်စောင်းထက်တွင် ခွန်လွန်တောင်မှတပည့်အချို့ တပည့်အချို့ ကြောက်မက်ဖွယ်ရာသားရဲများနှင့် တိုက်ခိုက်နေကြသည်။ သူတို့က မရှိမှုအာကာသအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
တောင်စောင်းထက်တွင ်ကျောက်ဂူတစ်ခု ရှိနေပြီး ထိုကျောက်ဂူထဲတွင် တစ်ခုခုရှိနေသည်ဟု သူတို့ ခံစားနေရသည်။
သို့သော် သူတို့ ကျောက်ဂူအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိပေ။
"ကျောက်ဂူထဲက သားရဲတွေကို မျှားခေါ်ပြီး သတ်ပစ်ရအောင်"
လူရွယ်တစ်ယောက်က ပြောလိုက်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်က မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့် ဖြစ်ပြီး အားလုံးထဲတွင် တန်ခိုးစွမ်းအားအမြင့်မားဆုံး ဖြစ်သည်။
စုစုပေါင်း ခွန်လွန်တပည့် (၇) ယောက် ဖြစ်ပြီး ယောကျ်ားလေး (၄)ယောက်နှင့် မိန်းကလေး (၃)ယောက် ဖြစ်သည်။
သူတို့ထဲမှ (၃)ယောက်က သားရဲကောင်ကြီးများကို မျှားခေါ်ရန် စီစဉ်နေကြသည်။
(၂)ယောက်ကတော့ အချိန်မရွေး ကူညီရန် အသင့်ပြင်ထားပြီး ကျန်သူ (၁)ယောက်ကတော့ အခွင့်အရေးရသည်နှင့် ဝင်ရောက်တိုက်ခိုက်ရန် စောင့်ဆိုင်းနေကြသည်။
အဖွဲ့ခေါင်းဆောင်ဖြစ်သည့် လူရွယ်ချိုကျင်းကတော့ သူ့အဖွဲ့မှ လူများကို လမ်းညွှန်ပြသပေးနေသည်။
"မဟုတ်သေးဘူး သူတို့ထွက်မလာကြပါလား"
ရုတ်တရက် မိန်းကလေး ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။
အချိန်အတော်ကြာ ကြိုးစားသည့်တိုင် ကျောက်ဂူထဲတွင် ရှိနေသည့် တစ်စုံတစ်ရာနှင့် သားရဲများကို မျှားခေါ်နိုင်ခြင်း မရှိခဲ့ကြပေ။
"ကျုပ် ဒီကောင်တွေကို ဒေါသထွက်အောင်လုပ်လိုက်မယ်"
ပြောပြီးသည်နှင့် တိုက်ခိုက်ရန်စောင့်နေသည့် တပည့်က ကျောက်ဂူအတွင်းမှ သားရဲများထံသို့ ဓားရှည်ဖြင့် ပစ်ပေါက်လိုက်သည်။
"ဘုန်း"
"ဂရား"
ဒေါသတကြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး ကြီးမားပြင်းထန်သည့် တန်ခိုးစွမ်းအားအတက်အကျများ ကျောက်ဂူအတွင်းမှ ချက်ချင်း ထွက်ပေါ်လာသည်။
"ဘန်း"
သားရဲများကို မျှားခေါ်ရန် ကြိုးစားနေသူ (၃)ယောက်မှာ နောက်သို့ ခြေလှမ်း (၃)လှမ်းခန့် ဆုတ်သွားရပြီး ဓားရှည်ဖြင့် တိုက်ခိုက်လိုက်သူကတော့ အတော်ဝေးဝေးသို့ လွင့်စင်ထွက်သွားသည်။
ချိုကျင်းက...
"ဂိုဏ်းတူညီလေးမြောက် ၊ အထဲက သားရဲတစ်ကောင်တော့ ဒဏ်ရာအပြင်းအထန် ရသွားလောက်တယ် ၊ ခဏလောက် စောင့်ကြည့်ကြတာပေ့ါ ၊ အခုတော့ ကျုပ်တို့တွေ ခဏနားကြမယ် ၊ ပြီးမှ အထဲက သားရဲတွေကို တစ်ကောင်ချင်းမျှားခေါ်ကြမယ် ၊ ကျုပ်တို့ သေချာပေါက် အောင်မြင်မှာပါ"
သူ့စကားကို အခြားသူများက ခေါင်းညိတ်သဘောတူလိုက်ကြသည်။
ဤနည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်မည် ဖြစ်ပြီး ကျောက်ဂူအတွင်းမှ ထူးဆန်းသည့်အရရာကိုလည်း ဆွဲထုတ်ရန် ကြိုးစားနိုင်မည် ဖြစ်သည်။
သို့သော် ချိုကျင်းစကားအဆုံးသတ်သွားသည်နှင့် တည်ငြိမ်အေးဆေးသည့်အသံတစ်သံက သူ့နံဘေးမှ ရုတ်တရက် ထွက်ပေါ်လာသည်။
"ကျုပ်အရင်ဆုံး ကြိုးစားကြည့်ချင်တယ် ၊ ရမလား"
ရုတ်တရက် ထွက်ပေါ်လာသည့်အသံကြောင့် ချိုကျင်းတို့အဖွဲ့ ထိတ်လန့်သွားကြသည်။
ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်က သူတို့ကို ပစ်မှတ်ထားနေသလို ခံစားလိုက်ကြရပြီး သူတို့အားလုံး တုန်လှုပ်ခြင်းကို ခံစားလိုက်ကြရ၏။
သူတို့အားလုံး ချက်ချင်းပင် ခပ်လှမ်းလှမ်းတစ်နေရာသို့ ဆုတ်ခွာသွားကြပြီး အသံထွက်ပေါ်လာရာနေရာသို့ ကြည့်လိုက်ကြပြီး ဓားများဖြင့် ချိန်ရွယ်ထားလိုက်ကြသည်။
ထိုနေရာတွင် ဝိုးတဝါး ပုံရိပ်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုသူ၏မျက်နှာကို သူတို့အားလုံး ရှင်းရှင်းလင်းလင်း တွေ့မြင်နေကြရသည့်တိုင် ထိုမျက်နှာကို မှတ်မိနိုင်ခြင်းမရှိသလို ခံစားလိုက်ကြရသည်။
"မင်းက ဘယ်သူလဲ"
ချိုကျင်း၏အနောက်ဘက်မှ လန်ဟန်က မေးလိုက်ခြင်း ဖြစ်သည်။
ထိုသူသာ တိုက်ခိုက်မည်ဆိုလျှင် သူတို့ ခုခံနိုင်ပါမည်လား မသေချာပေ။
ကျန်းလန်က နေရာတွင်ပင်ရပ်နေပြီး ကျောက်ဂူရှိရာသို့ လက်ညှိုးထိုးပြလိုက်သည်။
"ကျုပ် အထဲဝင်လို့ ရမလား"
မေးပြီးသည်နှင့် သူ ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။
ဤကျောက်ဂူက တောင်စောင်းတွင်ရှိနေသည့် တစ်ခုတည်းသောကျောက်ဂူ ဖြစ်သည်။
အခြားသူများက တစ္ဆေချီစွမ်းအားဝင်ရောက်နေသည့် သားရဲတစ်ကောင်ကို သတ်ဖြတ်လျှင် တစ္ဆေချီစွမ်းအားမှ သတင်းပို့နေသည့် စကားများကို ကြားနိုင်မည် မဟုတ်ပေ။
တစ္ဆေချီစွမ်းအားမှ ပေးပို့သည့်စကားများသည် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို အသုံးပြုပေးပို့နေခြင်း ဖြစ်လေရာ နတ်ဘုရားရာထူးပိုင်ဆိုင်ထားသူများသာလျှင် ကြားနိုင်မည် ဖြစ်၏။
"တာအိုရောင်းရင်း ၊ အထဲက သားရဲတွေက အရမ်း တန်ခိုးစွမ်းအားမြင့်မားလွန်းတယ် ၊ မင်းတစ်ယောက်တည်း ကျောက်ဂူထဲဝင်သွားရင် အန္တရာယ်ဖြစ်နိုင်တယ်"
ချိုကျင်းစကားဆုံးသည်နှင့် ချက်ချင်းပင် နောက်ထပ်စကားတစ်ခွန်းထပ်ပြောလိုက်သည်။
“ကျုပ်တို့က ဒီနေရာကိုပိုင်တဲ့သူတွေမဟုတ်လို့ မင်း ဝင်ချင်တယ်ဆိုရင် ဝင်လို့ရပါတယ် ၊ ဒါပေမဲ့ အန္တရယ်များတယ်ဆိုတဲ့အကြောင်း ကျုပ်တို့က မင်းကို သတိပေးရုံတင်ပါ"
ထိုအချိန် တစ်ဖက်လူက သူ့ကို စိုက်ကြည့်နသည်ဟု ချိုကျင်း ခံစားလိုက်ရသည်။
ထိုအကြည့်က အလွန်မှ ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
ထိုသူက မရှိမှုအာကာသအဆင့် အောင်မြင်ထားသူတစ်ယောက်များလားဟု ချိုကျင်းတွေးလိုက်မိ၏။